Thursday, March 18, 2010

ရွေးကောက်ပွဲ နည်းဥပဒေတွင် စစ်သား လွှတ်တော်အမတ်များ အကျုံးမ၀င်

     ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် လွှတ်တော်အသီးသီးအတွက် နည်းဥပဒေများ ထုတ်ပြန်လိုက်သည့်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးကောက်တင်မြှောက်မည့် စစ်သားလွှတ်တော်အမတ်များ အကျုံးမ၀င်ကြောင်း သိရသည်။

ယခုလ (၁၁) ရက်နေ့က စစ်အစိုးရ ရွေးချယ်ဖွဲ့စည်းလိုက်သည့် ဗိုလ်ချုပ်ဟောင်းတဦး ဦးဆောင်သည့် အဖွဲ့ဝင် (၁၇) ဦးပါ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်များနှင့် နိုင်ငံရေးပါတီများအတွက် နည်းဥပဒေကို မတ်လ (၁၇) ရက်တွင် ထုတ်ပြန်လိုက်သည်။

“ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပြီး အမည်စာရင်းတင်သွင်းမယ့်သူက ဒါတွေ မလိုဘူးလေဗျာ။ သူတို့က ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့မှ မလိုဘဲနဲ့။ သူက အလိုလို အမည်စာရင်းတင်သွင်းမှာ။ ကော်မရှင်တို့ ဘာတို့က မကန့်ကွက်ဘူး ဆိုလို့ရှိရင် အခြားလူတွေက ကန့်ကွက်စရာ အကြောင်းမပေါ်ပေါက်ဘူးဆိုရင် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသူက အတည်ဖြစ်တာကိုး။ သတ်မှတ်ထားတဲ့ အရည်အချင်းတွေသာ တူချင်တူမယ် ဥပဒေ မလိုဘူးလေ၊ သူက အော်တို ၀င်ခွင့်ရထားပြီးသားကို” ဟု ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်းက ပြောသည်။

အရပ်သား လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအနေဖြင့် ယခုထုတ်ပြန်သည့် နည်းဥပဒေများအရ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားရန် လိုအပ်ပြီး စစ်သား လွှတ်တော်အမတ်များအတွက် မှတ်ပုံတင်ရန် မလိုအပ်ခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ နည်းဥပဒေနှင့် မတူကွဲပြားသည့် အဓိကအချက်အဖြစ် စစ်သား လွှတ်တော်အမတ်များအတွက် အခန်းကဏ္ဍ တခုတိုးလာခြင်းဖြစ်ပြီး နည်းဥပဒေပါ အချက်အလက်များလည်း ပိုများလာသည်ဟု ဦးအောင်သိန်းက ပြောသည်။

“အရင် ရွေးကောက်ပွဲ နည်းဥပဒေက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပဲ ပါတာကိုးဗျ။ တိုင်းဒေသကြီးတို့ ဘာတို့မပါဘူးလေ။ အဲဒါလေးတော့ ကွာတာပေါ့။ နောက်တခါ position ယူထားတဲ့ (၂၅) ရာခိုင်နှုန်း ရှိလာတာက သူတို့ ရွေးကောက်ပွဲဝင်မယ့် ပုံစံတွေ ပေါ်လာတာပေါ့ဗျာ။ မှတ်ပုံတင်ရမယ့် အချက်အလက်ကိုက တော်တော်လေးများလာတယ်။ ဟိုတုန်းက အဲလောက် မများဘူးခင်ဗျ။ အဲလိုတော့ ကွာခြားချက်ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

စစ်အစိုးရက ယခုလ (၉) ရက်နေ့ကစပြီး ရွေးကောက်ပွဲဥပဒေများကို စတင်ထုတ်ပြန်လိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်း၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်အတွက် နည်းဥပဒေ ပြဋ္ဌာန်းခြင်းများ ပြုလုပ်နေသော်လည်း ရွေးကောက်ပွဲရက်ကို အတိအကျ မထုတ်ပြန်သေးပေ။

မတ် (၁၇) ရက်တွင် ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများတွင် ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်သည့်ပါတီများ နိုင်ငံရေးပါတီအဖြစ်မှ အလိုလျောက်ပျက်ပြယ်ခြင်း၊ သတ်မှတ်ချက်မညီပါက ကော်မရှင်မှ မှတ်ပုံတင်ခွင့်မပြုခြင်း၊ မှတ်ပုံတင် ပယ်ဖျက်ခြင်း၊ ပါတီတခု ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းခံရပါက အစိုးရက ပါတီပိုင် ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ပါတီမူဝါဒများကို ကော်မရှင်က ကြီးကြပ်ခြင်းတို့ကို ဖော်ပြထားသည်။

ရွေးကောက်ပွဲ ပါဝင်လိုသည့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေထုတ်ပြန်ပြီး ရက်ပေါင်း (၆၀) အတွင်း ရွေးကောက်ပွဲကော်မရှင်ထံ ယခုနည်းဥပဒေအတိုင်း မှတ်ပုံတင်ကြေး ကျပ် (၃) သိန်း ပေးသွင်းမှတ်ပုံတင်ရမည် ဖြစ်သည်။

မှတ်ပုံတင်ခွင့်ပြုပြီး ရက် (၉၀) အတွင်း သတ်မှတ်ပါတီဝင်အရေအတွက် ပြည့်မီအောင် စည်းရုံးပြီး ပါတီဝင်များ၏ အသေးစိတ် အချက်အလက်များကို တင်ပြရမည်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်များအနေဖြင့် တဦးလျှင် မဲဆွယ်စရိတ် ကျပ်သိန်း (၁၀၀) သုံးစွဲခွင့်ပြုမည်ဖြစ်ပြီး ယင်းရသုံးစရိတ်များ အသေးစိတ်ကို ကော်မရှင်သို့ တင်ပြရမည်။

နိုင်ငံရေးပါတီအဖြစ်မှ ကိုယ်တိုင် ဖျက်သိမ်းခြင်း၊ ကော်မရှင်မှ ဖျက်သိမ်းခြင်းများ ပြုလုပ်ပါက ပါတီပိုင်ပစ္စည်းများကို အစိုးရသို့ အပ်နှံရမည်ဟု ဖော်ပြပါရှိသည်။

စိုးမိုး/ ၁၈ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

မှတ်ပုံတင်ရေး မတင်ရေး NLD တွင် သဘောထား ကွဲလွဲ




နှစ်ပေါင်းများစွာ ပိတ်ပင်ခံထား ရပြီးနောက် မကြာသေးမီက လုပ်ငန်းများ စတင် လည်ပတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရုံးခွဲ (ဓာတ်ပုံ - AP)
ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ်ရေး သို့မဟုတ် ပါတီကို အဖျက်သိမ်း ခံရေး လမ်းတခုခုကို ရွေးရန် အခက် ကြုံနေရသော NLD အတွင်း ပါတီမှတ်ပုံ တင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးကိစ္စ များနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် နေကြောင်း သိရသည်။ ရွေးကောက်ပွဲ ဥပဒေသည် အထိန်းသိမ်း ခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး ပါတီများ၌ မပါဝင်နိုင်ရန် ကန့်သတ် ထားသည်။

“ဦးအောင်ရွှေက ပါတီ မှတ်ပုံ တင်ချင်တယ်၊ ရွေးကောက်ပွဲ ဝင်ချင်တယ်လို့ ပြောတယ်။ ဒေါ်စုကတော့ ဘာမှ ဆုံးဖြတ်ချက် မပေးသေးဘူး၊ ပါတီက ဆုံးဖြတ်တာကိုပဲ နာခံသွား မယ်လို့ ပြောတယ်” ဟု  ပါတီနှင့် နီးစပ်သည့် အမည် မဖော်လိုသူ ထိပ်တန်း နိုင်ငံရေးသမားတဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနှင့်ပတ်သက်၍ မည်သည့် ဆုံးဖြတ်ချက်မျှ ချမှတ်ထားခြင်း မရှိကြောင်း၊ မတရားသည့် ဥပဒေများကို ဥပဒေကြောင်းအရ ပြန်လည် တုံ့ပြန်ရန် နောက်ဆုံး တွေ့ခဲ့စဉ်က မှာကြားခဲ့သည်ဟု သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက အင်္ဂါနေ့တွင် ဧရာဝတီကို ပြောသည်။

တနင်္လာနေ့ NLD အစည်းအဝေးတွင် မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး တို့နှင့် ပတ်သက်၍ သဘောထား ပျော့ပြောင်းသူ အတန်အသင့် ရှိကြောင်း သိရသည်။ မှတ်ပုံ မတင်ရေးအတွက် အပြင်းအထန် ဆန့်ကျင်သူများမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးဝင်းတင်၊ ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဟံသာမြင့်တို့ ဖြစ်ကြောင်း သိရသည်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးကမူ ဂုဏ်သိက္ခာရှိသည့် ပါတီတရပ်သည် ဒီမိုကရေစီ ခေါင်းဆောင်များ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး ကဲ့သို့သောသူများကို ဖယ်ကျဉ်ထားသည့် ဥပဒေကို လက်ခံလိမ့်မည် မဟုတ်သော်လည်း မတ်လ ၂၉ ရက်နေ့တွင် စတင်မည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ အများသဘောတူ ဆုံးဖြတ်ချက်များကို လက်ခံသွားမည်ဟု ဧရာဝတီသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ထိုအစည်းအဝေးတွင် အဖွဲ့ဝင် ၂၀ ပါ ဗဟိုအလုပ်မှုဆောင် အဖွဲ့၊  တိုင်းနှင့်ပြည်နယ် အနှံ့အပြားမှ လာရောက်မည့် မကြာခင်က ဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် အဖွဲ့ဝင် ၉၀ ခန့်တို့ သည် ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို မျက်နှာစုံညီ စည်းဝေး ဆုံးဖြတ်သွားမည် ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် NLDက တောင်းဆိုခဲ့ကြောင်း၊ ပါတီမှတ်ပုံတင်ပါက NLD သည် ထို အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရတော့မည် ဖြစ်ကြောင်း ဦးဝင်းတင်က ထောက်ပြသည်။

“အများစု မှတ်ပုံတင်ရေးအတွက် ထောက်ခံမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ကျနော် နားတော့မယ်။ ကျနော့် ကျန်းမာရေးလည်း သိပ်ကောင်းတော့တာ မဟုတ်ဘူး” ဟု  NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းတင်က ပြောကြားသည်။

ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ပါက သူ့အနေဖြင့် ပါတီမှ အနားယူဖွယ် ရှိကြောင်း ဦးဝင်းတင်က ပြောသည်။ သီးခြား ပါတီ ထောင်ခြင်း၊ တခြားသော နိုင်ငံရေး အဖွဲ့များနှင့် ပူးပေါင်းခြင်း တို့ကို ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးနှင့် ပတ်သက်၍  ဝေဖန်သွားမည်ဟု ဆိုသည်။

မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို ထောက်ခံသူ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက “အန်ကယ်တို့ ရပ်တည်ချက်ကတော့ ပါတီ မပျက်အောင် ဆက် ထိန်းသွားမယ်၊ ရွေးကောက်ပွဲ ဝင်တာက စစ်အစိုးရကို ခေါင်းငုံ့ခံတာ မဟုတ်ဘူး၊ မတရားတဲ့ အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲဖို့ စိုက်လိုက်မတ်တတ် ကြိုးစားဖို့ သန္နိဋ္ဌာန် ချထားပါတယ်” ဟု ပြောကြားသည်။

ဦးခင်မောင်ဆွေသည် ယခင်က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၌ ဘူမိဗေဒပညာရှင် အဖြစ် ဆောင်ရွက်ခဲ့ဖုးသည်။ ၁၉၉၀ တွင် စမ်းချောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ ယင်းနောက် ထောင် ၁၄ နှစ် ကျခဲ့ပြီး ဦးဝင်းတင်နှင့် မရှေးမနှောင်း ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

“ပြည်သူလူထုကို မစွန့်လွှတ်ချင်ဘူး၊ နှစ်ပေါင်း ၂၀ လောက် အိုးပစ်အိမ်ပစ်၊ မိသားစု အစွန့်ခံပြီး ပါတီကို ရပ်တည်လာခဲ့ကြတဲ့ အဖွဲ့ဝင်တွေကို တကွဲတပြား မဖြစ်စေချင်ဘူး” ဟု ဦးခင်မောင်ဆွေက ဆက်လက် ပြောကြားသည်။

ဦးခင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ရွေးကောက်ပွဲ၌ အခြေအနေအရ မပါဝင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ၁၉၉၁ တွင် စစ်အစိုးရ ဖိအားပေးမှုကြောင့် ပါတီမှ ထုတ်ပယ်ခံခဲ့ရကြောင်း၊ သို့သော် NLD ပါတီသည် ဆက်လက် တည်ရှိခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်လည်း ခေါင်းဆောင်အဖြစ်ဆက်လက်တည်ရှိနေခဲ့ကြောင်း၊ နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလျှင် ပါတီ၌ ပြန်လည် ပါဝင်နိုင်ကြောင်း ပြောကြားသည်။

ဦးတင်ဦးက NLD သည် ၁၉၉၀ တွင် နုနယ်သည့် ပါတီတခု ဖြစ်ပြီး ယနေ့တွင် ခိုင်မာသည့် အဖွဲ့အစည်းတရပ် ဖြစ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာလည်း တကမ္ဘာလုံးက သိသည့် ခေါင်းဆောင်တယောက် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဦးအေးသာအောင်က NLD ပါတီသည် မှတ်ပုံတင်ရေးကို ဆုံးဖြတ်မည် ဆိုပါက သူ၏ ပါတီဝင်များကို ဆင့်ခေါ်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော့် တဦးတည်း အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလဲရင် မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို စဉ်းစားမှာ မဟုတ်ဘူး၊ ဒါပေမယ့် NLD ပါတီက ဝင်ဖို့ အတွက် ဆုံးဖြတ်မယ် ဆိုရင်တော့ ကျနော့် ပါတီဝင်တွေကို ရန်ကုန်ကို ဆင့်ခေါ်ပြီး ပါတီ မှတ်ပုံတင်ရေး ဆွေးနွေးသွားမယ်” ဟု ဖျက်သိမ်းခြင်း ခံထားရသော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

ဘကောင်း Thursday, March 18, 2010 
ရင်းမြစ်။ ။http://www.irrawaddy.org/bur/index.php/news/1-news/2822---nld---

ကိုညီညီအောင် ပြန်လွတ်ပြီ



ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်တွင် စောင့်ဆိုင်းနေသော သတင်းထောက်များနှင့် ကိုညီညီအောင် တွေ့ဆုံနေပုံ (ဓာတ်ပုံ - Getty Images)
“နေ့လယ် ၁၂ နာရီမှာ အဒေါ်တို့ တွေ့ရတယ်၊ ၁ နာရီမှာ သူလက်မှတ် ထိုးတယ်၊ တခါတည်း လေဆိပ်ကို တန်းဆင်းတယ်၊ အခု လေဆိပ် ထဲဝင်သွားပြီး ၂ နာရီ ၄၀ မှာ လေယာဉ် ထွက်မယ် ဘန်ကောက် ကနေတဆင့် အမေရိကန်ကို သွားမယ်”ဟု ၎င်းက ပြော သည်။

ယင်း လွတ်မြောက်ရေး အတွက် အမေရိကန် သံရုံးမှ တာဝန် ရှိသူများက ဆောင်ရွက် ပေးခဲ့သည် ဟုလည်း ဒေါ်ခင်ခင်ဆွေက ဆို သည်။

ကိုညီညီအောင်သည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် မင်္ဂလာဒုံ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်း သည်။

သူ အဖမ်းခံရပြီး ၃ ပတ်အကြာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများအတွက် တာ ၀န်ရှိသည်ဟုလည်း အစိုးရ သတင်းစာတွင် စွပ်စွဲခဲ့သည်။

ထို့နောက်ပိုင်းတွင် စစ်အစိုးရက ကိုညီညီညီအောင်ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားအတု ကိုင်ဆောင်မှု ပုဒ်မ (၄၆၈)၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁)၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်း နယ်စပ် သို့ရှောင်တိမ်းလာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)တွင် ခေတ္တပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။ ကိုညီညီအောင်၏ မိခင် အပါအဝင် မိသားစုဝင် ၅ ဦးသည်လည်း နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။

အလားတူပင် ၂၀၀၉ ခုနှစ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက် မှုဖြင့်ထောင် ၇ နှစ် ပြစ်ဒဏ်ချ မှတ်ခံထားရသော အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ၏ တောင်းဆိုမှုအရ ပြန်လည် လွှတ်ပေးခဲ့သည်။

သန်းထိုက်ဦး Thursday, March 18, 2010 
ရင်းမြစ်။ ။http://www.irrawaddy.org/bur/index.php/news/1-news/2819-2010-03-18-08-18-36

မြန်မာ့ရွေးကောက်ပွဲ ဥပဒေ ဖိလစ်ပိုင် ဘ၀င်မကျ

မြန်မာပြည်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အဖမ်းအဆီး ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်တွေနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံက စိုးရိမ်မကင်း ဖြစ်နေတဲ့အကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမြူလို (Alberto Romulo) က မနေ့တုန်းကပဲ မြို့တော် မနီလာမှာ ပြောခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ အခု ကျင်းပနေတဲ့ ဘက်မလိုက်နိုင်ငံများ ညီလာခံမှာ ဦးဉာဏ်ဝင်းကို သီးသန့် ပြောဆိုခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ ပြောဆိုမှုကို ကျေနပ်မှု မရှိဘူး၊ ဦးဉာဏ်ဝင်းဘက်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး သိပ်လည်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်က ရွေးကောက်ပွဲ ဥပဒေသစ်တွေထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး ပါတီဝင်တွေဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိသလို နိုင်ငံရေး ပါတီထဲမှာ အကျဉ်းချခံထားရသူ ရှိနေရင်လည်း ပါတီမှာ ပါဝင်ခွင့် မရှိလို့ ဆိုထားပါတယ်။ အခုချိန်ထိ ဘယ်နေ့ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာကိုလည်း မြန်မာစစ်အစိုးရက မကြေညာသေးပါဘူး။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-18-voa2.cfm?rss=topstories

ရတခတိုင်းမှူးနှင့် မွန်ပြည်သစ် ဒု-ဥက္ကဋ္ဌအဖွဲ့ တွေ့ဆုံ

 အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် မွန်ပြည်သစ် ဒု-ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့တို့သည် မတ်လ (၁၆) ရက်၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

“တိုင်းမှူးဘက်ကတော့ မွန်ပြည်သစ်ဆီက နောက်ဆုံး အဆုံးအဖြတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ နယ်ခြားစောင့်တပ်ကိစ္စရယ်၊ ပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်မယ့်ကိစ္စရယ်၊ နောက်ဆုံး သဘောထား တောင်းထားတယ်လို့ ကျနော်သိရတယ်” ဟု မွန်ပြည်သစ် ခရိုင်ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

တွေ့ဆုံရာတွင် ဒု-ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်မှုဆောင်များဖြစ်သော စစ်ဦးစီးချုပ် နိုင်ဇေယျ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ နိုင်ထာဝရ၊ နိုင်တလညီတို့ ပါဝင်ကြသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် အရေးကြီးနေ၍ လာမည့်ရက်ပိုင်းအတွင်း ဗဟိုကော်မတီဝင်အစည်းအဝေး ကျင်းပပြီးမှ အကြောင်းပြန်ကြားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ရေးချောင်းဖျားရှိ မွန်ပြည်သစ် ဗဟိုဌာနချုပ်တွင် အရေးပေါ်အစည်းအဝေးတရပ် ခေါ်နိုင်ရန် မွန်ပြည်သစ်ပါတီက စီစဉ်လျက်ရှိကြောင်း ပါတီဗဟိုဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

၎င်းက “ကျနော်တို့ အရာရှိအများစု ဌာနချုပ်ကို ရောက်နေကြပါပြီ။ ဒီကိစ္စကို ဘယ်လိုတုံ့ပြန်မလဲ။ ဘာဆက်ဖြစ်မလဲဆိုတာ အစည်းအဝေးမှာ ဆုံးဖြတ်မှဖြစ်မယ်။ တဦးတယောက်ရဲ့ သဘောထားက ပါတီရဲ့ သဘောထားမဟုတ်သေးဘူးဆိုတော့ ဆုံးဖြတ်ချက် ကျလာမှ ပြောပါရစေ။ ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ မွန်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်မှာပါ” ဟု ပြောကြားသည်။

မွန်ပြည်သစ်ဥက္ကဋ္ဌ နိုင်ထောမွန်က “ကျနော်တို့ မွန်ပြည်သူတွေက ပါတီအနေနဲ့ ဒီနယ်ခြားစောင့်တပ်ဖွဲ့ဖို့ လက်မခံဘူးလို့ ကျနော်တို့ကို ပြောထားတယ်။ အဲဒီအကြောင်းကို နအဖဆီ ကျနော်တို့ ပြောထားပြီးသားပါ” ဟု ဇန်နဝါရီလ မွန်အမျိုးသားနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၎င်းတို့၏ ဆုံးဖြတ်ချက်ဖြစ်သော “နယ်ခြားစောင့်တပ် လက်မခံကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အားလုံးပါဝင်နိုင်သော ဆွေးနွေးပွဲတရပ် ကျင်းပ၍ အဖြေရှာသွားရန်” စသည့်အချက်များ ပါဝင်သော တောင်းဆိုချက်များကို ပြီးခဲ့သည့် ဇွန်လကတည်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ အကြောင်းကြားထားကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီတွင် ဗဟိုကော်မတီဝင် (၃၂) ဦးရှိပြီး လာမည့် အစည်းအဝေးသည် မွန်ပြည်သစ်၏ ရှေ့ရေးအတွက် ဆုံးဖြတ်ရန် အခက်အခဲဆုံး အခြေအနေတွင် ရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေးလေ့လာသူတဦးက ဆိုသည်။

၎င်းက “မွန်ပြည်သစ်က အပစ်ရပ်ထားတဲ့ (၁၅) နှစ်တာကာလမှာ အင်အား စုစုစည်းစည်းနဲ့ ဆက်သွားနိုင်ဖို့ အများကြီး ထိန်းကြောင်းလာခဲ့ရတယ်။ ဒါပေမယ့် ဒီနယ်ခြားစောင့်တပ်၊ ရွေးကောက်ပွဲ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့ အခုချိန်မှာ သူတို့အနေနဲ့ ဒီအတိုင်း ဆက်သွားလို့ မရတော့တဲ့အခြေအနေ ရောက်နေတယ်။ ဘာလို့လဲဆိုတော့ ဒီ့ထက် ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့မှ ပါတီရဲ့ ရှေ့ဆက်ရပ်တည်ရေးအတွက် လမ်းကြောင်းသစ်တွေ ဖြစ်လာမှာလေ။ သူတို့ပါတီကို သူတို့မခွဲလည်း နအဖက တဖဲ့ရရ၊ တဆုတ်ရရ ဝင်ခွဲမှာပဲ ဆိုတော့ ဒီအစည်းအဝေးက သူတို့ပါတီအတွက်ရော ပြည်သူအတွက်ပါ အရေးကြီးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသည့် မွန်ပြည်သစ်ပါတီသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုလည်းကောင်း၊ ရွေးကောက်ပွဲဝင်ရန်အတွက်လည်းကောင်း အကြိမ်ကြိမ်ငြင်းဆန်ထားသည်။

မြန်မာစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်တွင်းစစ်ဖြစ်ရန် အလားအလာများ ရှိနေသော်လည်း မွန်ပြည်သစ်အနေဖြင့် ယင်းကဲ့သို့ မဖြစ်ပွားရန် တတ်နိုင်သမျှ ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း မွန်ပြည်သစ် ထိပ်ပိုင်းခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ ပြောခဲ့ဖူးသည်။

နယ်ခြားစောင့်တပ် လက်မခံကြောင်း မွန်ပြည်သစ် အကြောင်းပြန်ပြီးနောက်ပိုင်း ၎င်းထိန်းချုပ်ရာ ဒေသတချို့သို့ မြန်မာ စစ်အစိုးရတပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်မှုများ ရှိလာသော်လည်း အခြေအနေ တင်းမာခြင်း မရှိသေးချေ။

ဝီရ/ ၁၈ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

၂၀၁၀ ရွေးကောက်ပွဲဥပဒေကို အကောင်းဘက်က မြင်ကြည့်ခြင်း

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်ပွင့်လို့ ပြောလို့ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကတော့ အခုထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပါပြီ။

မြန်မာ့နိုင်ငံရေးရဲ့ အဓိကပြဿနာဟာ နအဖစစ်အုပ်စုက သူတို့ပေးထားတဲ့ ကတိအတိုင်း ၁၉၉၀ ရလဒ်ကို အကောင်အထည် ဖော်မပေးဘဲ လျစ်လျူရှုထားခြင်းပါ။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင် အဲဒီ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လက်နက်အဖြစ် ကိုင်စွဲပြီး အစိုးရဖွဲ့စည်းရေး၊ အာဏာလွှဲပေးရေး ပြောဆိုရမယ့်အစား အမျိုးသားညီလာခံကို တက်ခဲ့ရပါတယ် (ဘယ်သူမှားတယ်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အခုချိန်မှာ နောက်ကြောင်းပြန် စောကြောရမယ့်အချိန် မဟုတ်တော့ပါဘူး)။

နှစ် (၂၀) နီးပါးမျှကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အတုအယောင် အမျိုးသားညီလာခံ၊ ပါတီဆိုင်းဘုတ် မပြုတ်ကျရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံ ဒီချုပ်ပါတီဝင်များ ပြန်လွှတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ … စတဲ့ နအဖ ဖန်တီးထားတဲ့ မှော်ရုံတောပေါ်မှာ တောင်းဆိုချက်၊ ကြေညာချက်တွေ တပွေ့တပိုက် သယ်ဆောင်ရင်း တ၀ဲလည်လည် လိုက်ပါမျောနေရာက အခု ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်လိုက်ချိန်မှာတော့ နိုင်ငံရေးလမ်းဆုံ၊ လမ်းခွသို့ တွန်းပို့ခံလိုက်ရပါပြီ။

ပါတီဆက်လက်ရပ်တည်ရေးအတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်၊ အရင်က ကိုင်စွဲထားတဲ့ ယုံကြည်ချက်တွေ မူလမ်းစဉ်တွေကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲဝင်မလား၊ ဒါမှမဟုတ် အနိုင်ရပါတီ ဂုဏ်သိက္ခာနဲ့ လူထုအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အရ ပြတ်ပြတ်သားသား တိုက်ပွဲဝင်မလားဆိုတာ ဆုံးဖြတ်ချက်ချရပါတော့မယ်။ အချိန်ကန့်သတ်ချက်ထားတာမို့ အရင်ကာလတွေလို ဖြတ်သန်းလို့ မရတော့ပါဘူး။

ဒီတော့ နအဖ အခုလို ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေကို ကြိုဆိုဖို့ မသင့်သော် ငြားလည်း အနှစ် (၂၀) ကာလ ဟိုမရောက်၊ ဒီမရောက် ရပ်တည်လာရတဲ့ အခြေအနေကို အဆုံးသတ်ပေးလိုက်တာဖြစ်တယ်လို့ အကောင်းမြင်ကြည့်မိပါတယ်။ ဒါ့အပြင် အခုရွေးကောက်ပွဲဥပဒေတွေဟာ ဘယ်လိုမှ လက်မခံနိုင်စရာဖြစ်နေတဲ့ ကန့်သတ်ဘောင်များ ပါရှိနေလို့ အတိုက်အခံအင်အားစုတွေအတွက် တူညီသော ဆုံးဖြတ်ချက်နဲ့ စည်းလုံးညီညွတ်မှုကို ပိုရနိုင်မှာလည်း ဖြစ်ပါတယ်။

တကယ်လို့သာ ရွေးကောက်ပွဲဥပဒေထဲမှာ ထောင်ကျသူတွေ ၀င်ရောက်အရွေးခံခွင့် ရှိတယ်၊ ပါတီဝင် ဖြစ်ခွင့်ရှိတယ်ဆိုပြီး ပါလာမယ်၊ တပြိုင်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ၀င်နိုင်ပါ့မလား။ ရွှေဂုံတိုင်ကြေညာချက်ပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်ကို နအဖဘက်က မလိုက်လျောပေးသရွေ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံဖို့ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဖြစ်နိုင်ပါဘူး။ ဖြစ်လည်းမဖြစ်သင့်ပါဘူး။

ဒါပေမယ့် ပါတီရပ်တည်ရေးအတွက် ယှဉ်ပြိုင်သင့်တယ်၊ လွှတ်တော်ထဲမှာ ဆက်လက်တိုက်ပွဲဝင်မယ်ဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ လေသံအချို့ ထွက်နေချိန်မှာ အဲလိုရွေးကောက်ပွဲဥပဒေကြောင့် ပါတီတောင် ကွဲနိုင်ပါသေးတယ်၊ မကွဲရင်တောင် အချို့ခွဲထွက်ပြီး အရွေးခံမယ့်လူတွေ ပေါ်လာနိုင်ပါတယ်။ (အရင် အမျိုးသားညီလာခံကနေ ဒီချုပ် နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း လွှတ်တော်အမတ်အချို့ ပါတီက စွန့်ခွာမှုမျိုးပါ)။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခိုင်းတဲ့အပေါ် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကလည်း နအဖ ရွေးကောက်ပွဲဥပဒေကို ကြိုဆိုချီးကျူး ထောပနာပြုမှုတွေတောင် လုပ်လာကြမှာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံကြောင့် ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေမျိုးတောင် ဆိုင်ရောက်နိုင်ပါသေးတယ်။

အခုတော့ နအဖဘက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့အထိ ရည်ရွယ်ပြီး ပြတ်ပြတ်သားသား စစ်ကြေညာတဲ့ ဥပဒေဖြစ်လို့ ရွေးကောက်ပွဲဆန့်ကျင်ရေး တွန့်ဆုတ်နေသူတွေ၊ ပါတီဆိုင်းဘုတ် မဖျက်ခံရရေးအတွက် ရွေးကောက်ပွဲ ၀င်ချင်သူတွေအနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချနိုင်လောက်ပါပြီ။

တကယ်လို့သာ ရွေးကောက်ပွဲဝင်မိရင်လည်း လူထုက မဲမပေးဘဲ ဒဏ်ခတ်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူထုက ယုံကြည်ကိုးစားထားတဲ့ ပါတီကနေ ဖောက်ပြန်လာတဲ့သူတွေ၊ တောခိုပြီးမှ လက်နက်ချလာသူတွေကို မြန်မာပြည်လူထုက ဆေးဖော်ကြောဖက် မလုပ်ကြလို့ပါဘဲ။ ဒါကိုလည်း သတိချပ်သင့်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မကြာမီကာလအတွင်း ပြတ်သားတဲ့ ဆုံးဖြတ်ချက် မလွှဲမသွေ ချရပါတော့မယ်။ ဒီချုပ်ခေါင်းဆောင်တွေအနေနဲ့လည်း ပါတီရဲ့သမိုင်းတလျှောက်လုံးမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက် ချရတော့မှာဖြစ်ပါတယ်။ သေချာတာတခုကတော့ အဲဒီဆုံးဖြတ်ချက်နဲ့အတူ ထွက်ပေါ်လာမယ့် ကြေညာချက်ဟာ ဒီချုပ် စတင်ဖွဲ့စည်းစဉ်ကတည်းက ထုတ်ပြန်ပြီးသမျှ ကြေညာချက်တွေထဲမှာ လူအများ စိတ်ဝင်စားမှုအဖြစ်ဆုံး ဖြစ်ပါလိမ့်မယ်။

တပြိုင်တည်းမှာပဲ လူထုတရပ်လုံးကလည်း မိမိတို့ ထောက်ခံအားပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကျဉ်းအကျပ်ထဲ ရောက်နေချိန်မှာ နောက်ဆုံး ဆုံးဖြတ်ချက်အပေါ် ဘယ်လို ၀န်းရံလိုက်ပါ ဆောင်ရွက်သွားမလဲဆိုတာ ပြင်ဆင်ထားရတော့မယ့် အချိန် ကျရောက်နေပါပြီ။ ကိုးကွယ်ဆည်းကပ်ရာ ဘုရားသားတော် သံဃာတွေ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း သွေးမြေကျခဲ့တုန်းက တကြိမ်၊ မိမိတို့ သားစဉ်မြေးဆက်တခုလုံးကို စစ်ကျွန်ဘ၀သွတ်သွင်းမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲမှာ အလိမ်ခံလိုက်ရတုန်းက တကြိမ် ခေါင်းဆောင်ပျောက်နေလို့ နအဖ လုပ်သမျှကို ကြိတ်မနိုင်ခဲမရ တအုံ့နွေးနွေး ခံစားနေရတဲ့ လူထုအနေနဲ့ မကြာတော့တဲ့ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ ဆုံးဖြတ်ချက်နဲ့အတူ လက်တွဲဝန်းရံ ပါဝင်ရပါလိမ့်မယ်။ ဒါကလည်း မျက်မှောက်ခေတ်သမိုင်းရဲ့ တောင်းဆိုချက်အရ ထမ်းဆောင်ရွက်ရမယ့် တာဝန်တွေပါ။

မီဒီယာတွေမှာ အချို့သော နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းက လူပုဂ္ဂိုလ်အချို့က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကတော့ဖြင့် ရွေးကောက်ပွဲကျင်းပမယ့် ဘယ်နေ့၊ ဘယ်ရက် အချိန်ကာလ မပါဘူးဆိုတဲ့ အရေးမကြီးတော့တဲ့ ဟာလေး ဆုပ်ကိုင်ပြောဆို နေရုံဖြင့် မပြီးပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ တကယ့်အာဏာက စစ်တပ်လက်ထဲမှာသာရှိတာမို့ အာဏာကော တကယ်လွှဲပေးမှာလား ဆိုတဲ့ သံသယတွေလည်း မထားသင့်တော့ပါ။ အဲဒါတွေက နအဖလုပ်ရပ်ကို ရှုတ်ချပြောဆိုတာထက် မပိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးမလား၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးမလား၊ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ် ပါတီရဲ့မူတွေ စွန့်လွှတ်ပြီး သိက္ခာမဲ့စွာဖြင့် ၀င်ရောက်အရွေးခံရင်ကော လူထုလက်ခံမှာတဲ့လား၊ လက်မခံလို့ မြောင်းထဲရောက်တာထက်စာရင် ဘယ်လိုတိုက်ပွဲဝင်မလဲ စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သေရေးရှင်ရေးကိစ္စတွေ ဆွေးနွေးရမယ့်အချိန်မှာ ရှုတ်ချနေရုံနဲ့ ပြဿနာကို မကျော်လွှားနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ တကယ့်လက်တွေ့ပြဿနာက ဖွဲ့စည်းပုံအကျပ်အတည်း ဖြစ်လို့ပါပဲ။

တိုက်ဆိုင်မှုတခုကတော့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်မခံနိုင်တဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ဆက်လက်ရပ်တည်ရေး ပြဿနာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် … စတဲ့ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေရဲ့ ပါတီဆက်လက်ရပ်တည်ရေး ပြဿနာတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက် ပြဿနာအပေါ်မှာ အခြေခံတည်ရှိနေတာမို့ ပြိုင်တူတွန်းလျှင်တော့ ရွေ့နိုင်ကောင်းပါတယ်။ ။
ရွှေမောင်းသစ်
၁၈/ မတ် ၂၀၁၀
ရင်းမြစ်။ ။ခေတ်ပြိုင်

စိတ်ကူးမယဉ်ကြဖို့

စိတ်ကူးမယဉ်ကြဖို့
အောင်ဒင်
မတ် ၁၈၊ ၂၀၁၀
နအဖ စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်၊ ရွေးကောက်ပွဲကော်မရှင် ကိုဖွဲ့စည်းပြီး၊ အဲဒီ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ ထုတ်ပြန်နေပါပြီ။
         နအဖ က ရွေးကောက်ပွဲ ဥပဒေများ နဲ့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်လိုက်တဲ့ အပြင် သူတို့ အားလုံးကို ပါတီထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်တွေပါ ပိတ်ပင်လိုက်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလာဒ် ကိုလည်း ဖျက်သိမ်းလိုက်တဲ့ အပြင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ ရက် ၆၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေကြသူ တွေအားလုံးကို ပါတီက ထုတ်ပစ်ပြီး ပါတီကို ကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဖိအားပေးနေပါတယ်။
အဲဒီလို မလုပ်ခဲ့ရင်ပါတီဟာ အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်မယ်လို့ ခြိန်းချောက်နေပါတယ်၊ ဒါကြောင့်မို့ အဖွဲ့ချုပ်ဟာ မကြာမီ အချိန်အတွင်းမှာ အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချရတော့မှာ ဖြစ်ပါတယ်။
ဒီလို အချိန်မျိုးမှာ မတရားမှုတွေကို သိသိကြီးနဲ့ ခေါင်းငုံ့ခံဖို့ တိုက်တွန်းနေကြတဲ့ အသံတွေကြားနေရပါတယ်။ ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် နအဖ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပါတီကို ပြန်လည်မှတ်ပုံတင်သင့်တယ်၊ လူထုကို ရွေးချယ်စရာ အခွင့်အရေးပေးနိုင်ဖို့ အတွက် ရွေးကောက်ပွဲဝင်သင့်တယ်လို့ အကြောင်းရှာနေကြတာလည်း ကြားရပါတယ်။ အဲဒီ အတွေးအခေါ်တွေကို တုန့်ပြန်ဖို့ ဒီစာစုကို ရေးပါတယ်။
(၁) ပြည်တွင်းက ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ က ပြောပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ်က စနစ်တကျ နိုင်ငံရေးနယ်ပယ်က နောက်ဆုပ်တာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကို ဝင်ရမယ်လို့ ဆိုပါတယ်။ ဒီသဘောတရားကိုပဲ အခွင့်ထူးခံ စာနယ်ဇင်းသမားတစ်စု နဲ့ အလံနီဟောင်းတွေက တွင်တွင်ကြီး ဝါဒဖြန့်ချိနေတာ ကြာပါပြီ။
လုံးဝမှားပါတယ်။ တကယ်က စစ်တပ်က နိုင်ငံတော်အာဏာကို ထာဝရ ဆုတ်ကိုင်နိုင်ဖို့ စနစ် တကျ ရှေ့တိုးလိုက်တာပါ။ မြန်မာနိုင်ငံမှာ ထာဝရ စစ်အာဏာရှင်စနစ်ကို တည်ဆောက်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်တာပါ။
နအဖ ရဲ့ အကြံအစည် က သူတို့ရဲ့ ဘိုးတော်ကြီး ဦးနေဝင်း ရဲ့ အကြံအစည် နဲ့အတူတူပါပဲ။ ကွဲပြားတာက လက်ရှိ စစ်အာဏာရှင်တွေက ဦးနေဝင်း ရဲ့ အားနည်းချက်လို့ သူတို့ယူဆတာတွေကို ပြင်ဆင်ထားတာပါပဲ။
ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းပြီး ၁၉၆၄ မှာ မဆလ ပါတီထောင်တယ်။
တစ်ပါတီ အာဏာရှင်စနစ် ဖွဲ့စည်းပုံဆွဲပြီး ၁၉၇၃ မှာ အတည်ပြုတယ်။
၁၉၇၄ က စပြီး ၄ နှစ် တစ်ကြိမ်ရွေးကောက်ပွဲတွေလုပ်တယ်။
နအဖ က ၁၉၈၈ မှာ အာဏာကို မဆလ အစိုးရထံကနေ လွှဲပြောင်းယူတယ်။
၁၉၉၃ ကနေ ၂၀၀၇ အထိ ၁၃နှစ်ကျော်ကြာ ထာဝရ စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံကို ရေးဆွဲတယ်။
၂၀၀၈ မှာ အဓမ္ဓအတည်ပြုတယ်။
အခု ၂၀၁၀ မှာ စစ်တပ်နှင့် လက်အောက်ခံပါတီများ ပါတီစုံရွေးကောက်ပွဲကို လုပ်ဖို့ ပြင်ဆင်နေတာပါ။
ဦးနေဝင်းက စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ မဆလပါတီ ထောင်ပြီး နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ခဲ့ပေမည့် အဲဒီ စစ်တပ်ပါတီထောင်ရေးကို အားနည်းချက်လို့ နအဖ ကမြင်ပုံရပါတယ်။ ဦးနေဝင်းက စစ်တပ်ကို အခြေပြုပြီး ပါတီထောင်တဲ့ အခါ အရပ်သားတွေကိုလည်း ပါတီထဲဖိတ်ခေါ်ရတယ်။ ဆိုရှယ်လစ်ဟောင်းတွေ၊ ကွန်မြူနစ်ဟောင်းတွေ၊ ပမညတ ဟောင်းတွေ က ဦးနေဝင်းရဲ့ မဆလ ပါတီထဲဝင်ပြီး ဦးနေဝင်းကို ပါတီခေါင်းဆောင်အဖြစ်က ဖယ်ရှားဖို့ကြိုးစားတာကို ကြုံခဲ့ရဖူးပါတယ်။ တပ်တွင်းမှာလည်း ပါတီဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေနဲ့ ပါတီမဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေအကြား အမိန့်ပေးစနစ် ဖရိုဖရဲ ဖြစ်တာလည်း ရှိခဲ့ပါတယ်။ ၁၉၇၄ အစပိုင်းလုပ်တဲ့ ရွေးကောက်ပွဲတွေမှာလည်း လူထုထဲက ယှဉ်ပြိုင်ရွေးကောက်ခံသူတွေပေါ်လာပြီး ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အနိုင်ရသွားတာတွေလည်း ရှိခဲ့ပါတယ်။
နအဖ က အဲဒီလို ပြန်အဖြစ်မခံတော့ပါဖူး၊ ဒီတခါတော့ စစ်တပ်ကိုယ်တိုင်က ပါတီမထောင်တော့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်ပေးထားခြင်းဖြင့် စစ်တပ်ရဲ့ ရာသက်ပန်အာဏာပိုင်စိုးမှုကို စိတ်ချရအောင် ဖန်တီးထားလိုက်ပါတယ်။
ဦးနေဝင်းရဲ့ တစ်ပါတီစနစ်ကို ပြန်မသွားတော့ပဲ စစ်တပ် လက်အောက်ခံပါတီများကို စစ်ဗိုလ်ဟောင်းများ၊ မဆလဟောင်းများ၊ ကြံ့ဖွံ့များ၊ လက်နက်ချပြီး ဖြစ်တဲ့ တိုင်းရင်းသားများ၊ အလိုတော်ရိစီးပွါးရေးသမား များနဲ့ ဖန်တီးပြီး  စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံပါတီများရဲ့ ပါတီစုံစနစ်ကို တီထွင်ဖော်ထုတ်လိုက်တာပါ၊
ဒါကိုပဲ စစ်တပ်က နိုင်ငံရေးနယ်ပယ်ကနေ စနစ်တကျ ဆုတ်ခွါနေတာဖြစ်တယ်လို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။
(၂) တချို့က လည်း နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးထားတာမို့ ဒီ ဥပဒေ ကိုထောက်ခံသင့်တယ်၊ ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောကြပါတယ်။
ဒါလည်း မှားပါတယ်၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ လူမျိုးစု ၆ စု အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနဲ့ တိုင်း တစ်ခု ဖန်တီးပေးထားပေမည့် အဲဒီ လူမျိုးစုတွေ တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြတာ မဟုတ်ပါ၊ သူတို့ရဲ့ ဒေသဦးစီး အဖွဲ့တွေ နဲ့ တိုင်းဦးစီး အဖွဲ့တွေကို ဖွဲ့စည်းတဲ့ အခါမှာ စစ်တပ်က ခန့်အပ်တဲ့ စစ်ဗိုလ်တွေက ဦးစီးအဖွဲ့ရဲ့ ၂၅% ကိုနေရာယူထားမှာပါ။
ဦးစီးအဖွဲ့ရဲ့ အမြင့်ဆုံး ဥက္ကဌရာထူးကိုလည်း နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပြီး သူတို့ဖာသာ ရွေးချယ်ခွင့် မရှိပါ။
အဲဒီ ဦးစီးအဖွဲ့တွေမှာလည်း စစ်တပ်ကိုယ်စားလှယ်တွေကသာ လုံခြုံရေး နဲ့ နယ်စပ်အရေးကိစ္စတွေကို တာဝန်ယူကွပ်ကဲမှာပါ၊ ဦးစီးအဖွဲ့ ရှိနေပေမည့် တကယ်တမ်း အုပ်ချုပ်ရေး ကိစ္စတွေကို မြန်မာပြည်မ က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ယူဆောင်ရွက်မှာပါ။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသတာဝန်ခံက ဦးစီးအဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ကို ယူပြီး တကယ်အုပ်ချုပ်မှာပါ။
တခါ ပြည်မက သမ္မတ က ခန့်အပ်တဲ့ တရားသူကြီးတွေက အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသတွေ၊ တိုင်းတွေ ရဲ့ တရားစီရင်ရေးကို တာဝန်ယူမှာ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့က ဒေသလုံခြုံရေးကို တာဝန်ယူမှာပါ။
ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တယ်လို့ ဆိုထားပေမယ် တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်စရာ ဘာမှ မကျန်တော့ပါ၊ စစ်တပ်ကပဲ အားလုံးကို အုပ်ချုပ်မှာပါ၊ ဒါကိုမှ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသား အခွင့်အရေးတွေ အများကြီးပေးထားတယ်လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊
(၃) တချို့က ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်သင့်တယ်၊ အဖွဲ့ချုပ် သာရွေးကောက်ပွဲရင် သေချာပေါက်နိုင်မှာပါ လို့ ပြောနေကြတာလည်း ကြားရပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကျဉ်းကျပါတီဝင်တွေ ကို ပါတီက ခဏထုတ်ပယ်၊ ပြန်ပြီး အသစ်မှတ်ပုံတင်၊ ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ပြီးမှ ထုတ်ထားတဲ့ ပါတီဝင်တွေ ကို ပြန်လက်ခံကြတာပေါ့လို့ စဉ်းစားနေကြသူတွေလည်း ရှိကြပါတယ်။
လုံးဝ မှားပါတယ်၊ နအဖ က ရွေးကောက်ပွဲကို သန့်ရှင်းမျှတ စွာကျင်းပပေးမှာ မဟုတ်ပါ။ တဖက်သတ်ရေးဆွဲပြီး အဓမ္မအတည်ပြုထား တဲ့ဖွဲ့စည်းပုံ၊နိုင်ငံတကာ အစိုးရတွေရဲ့ တောင်းဆိုချက်တွေကို ဂရုမစိုက်ပဲ ထုတ်ပြန်လိုက် တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ နအဖ ဝန်ကြီးတွေ၊ ကြံ့ဖွံ့ခေါင်းဆောင်တွေ ရဲ့ ပြည်သူ့ဘဏ္ဏာတွေသုံးပြီး လုပ်နေတဲ့ ကြိုတင်မဲဆွယ်မှုတွေ၊ အလိုတော်ရိ စီးပွါးရေးသမား တွေကို ရန်ကုန်မြို့ကြီးက အဆောက်အအုံတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ ခွဲဝေပေးနေတာကို ကြည့်ရင် သိလောက်ပါရဲ့။
နအဖ ရဲ့ ဖိအားပေးမှုကို ခံပြီး ပါတီ ကို ပြန်မှတ်ပုံတင်ရင်တောင်မှ နအဖ က အဖွဲ့ချုပ်ကို အကြောင်းပေါင်းစုံ နဲ့ လိုအပ်ရင် ဖျက်သိမ်းလို့ ရအောင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌန်းထားချက်တွေ ရှိပါတယ်။
အဲဒီ ပြဋ္ဌန်းချက်တွေ အရ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်ကို မတရားသင်း အဖွဲ့တွေ၊ သူပုန်တွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ နဲ့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဆက်သွယ်တယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။
ဒါမှမဟုတ်လည်း နိုင်ငံခြား အစိုးရ များ၊ အဖွဲ့အစည်း များကနေ ထောက်ပံ့ငွေ၊ ပစ္စည်းတွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ယူတယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။
ဒါမှမဟုတ်လည်း အဖွဲ့ချုပ်ဟာ  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌန်းထားချက်တွေကို မလိုက်နာဘူး၊ ဖောက်ဖျက်တယ် လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။
ဒါမှ မဟုတ်လည်း နအဖ က အဖွဲ့ချုပ်ကို မတရားသင်း အဖြစ် ကြေညာပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဘယ်လိုမှ ပြေးမလွတ်ပါဘူး။ ဒီတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီးရင် ဆက်လက်ရပ်တည်ခွင့်ရလိမ့်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊
ပြီးတော့လည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း များများစားစား တင်သွင်းခွင့် ရမှာ မဟုတ်ပါ။ နအဖ က ခေါင်းခေါက်ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်က တင်သွင်းမည့် ကိုယ်စားလှယ်လောင်း အများစုကို အကြောင်းအမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခွင့် ငြင်းပယ်ပါလိမ့်မယ်။
နအဖက အဖွဲ့ချုပ်ကို သူ့ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ က အသိအမှတ် ပြုရေးအတွက် လုံလောက်ရုံမျှ စတိလောက်သာ ဝင်ပြိုင်စေချင်တာ ဖြစ်တဲ့ အတွက် အဖွဲ့ချုပ်ဟာ အလွန်ဆုံး ကိုယ်စားလှယ် ၂၀ လောက်ပဲ ယှဉ်ပြိုင်ခွင့် ရပါလိမ့်မယ်။ ယှဉ်ပြိုင်ခွင့် ရတဲ့ ကိုယ်စားလှယ်အနည်းငယ်တောင် နိုင်ချင်မှ နိုင်ပါလိမ့်မယ်။ နိုင်ရင်တောင် ကော်မရှင်က အနိုင်ရလာဒ်ကို ပယ်ဖျက်နိုင်ပါသေးတယ်။
ဒီတော့ ရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ ယှဉ်ပြိုင်ခွင့် ရလိမ့်မယ် လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊
လူထုကို လည်းလျှော့ မတွက်သင့်ပါ။ အနှစ် ၂၀ ကျော်အတွင်းမှာ အဖွဲ့ချုပ်ဟာ လူထုက ရွေးချယ်တင်မြှောက်ခံထားရပေမည့် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါ။ လူထု အတွက် ဒီမိုကရေစီ ကို မတည်ဆောက်ပေး၊ မဆောင်ကျဉ်းပေး နိုင်ခဲ့တဲ့ အပြင် နအဖ ရဲ့ အထုအထောင်း၊ အတိုက်အခိုက် တွေကိုသာ ခါးစည်းခံခဲ့ရတာပါ။ ဒါပေမည့်လည်း လူထုက သူတို့ကိုယ်စား တိုက်ပွဲဝင်နေတယ်လို့ ယုံကြည်လက်ခံထားကြပြီး လူထုရဲ့ ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုထားတုံးပါ။
အဲဒါကိုမှ ဒီလောက် အရေးကြီးလှတဲ့အချိန်၊ နအဖ က သူ့ရဲ့ ထာဝရ စစ်အာဏာရှင်စနစ် တည်ဆောက်ရေးလုပ်ငန်းကြီးကို အပြီးသတ်တော့မည့် အချိန်မှာ၊ အဖွဲ့ချုပ်က နအဖ ဖိနှိပ်သမျှ လိုက်လျောပြီး ဒေါ်အောင်ဆန်းဆုကြည်နဲ့ အကျဉ်းကျ ပါတီဝင်များကို ပါတီက ထုတ်ပယ်၊ သူတို့ကိုယ်တိုင် ကြေညာထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကြီးကို လွှင့်ပစ်၊ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါ့မယ်၊ ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ ကတိကဝတ် တွေပြုပြီး ကော်မရှင်မှာ ပြန်မှတ်ပုံတင်၊ ရွေးကောက်ပွဲ ဝင်ရင်ဖြင့် ပြည်သူလူထုက ဒီပါတီကို သူတို့ကိုယ်စားပြု ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထောက်ခံမှာ မဟုတ်တော့ပါ။
လူထုကို သစ္စာဖောက်တဲ့ပါတီ၊ စစ်တပ်ရဲ့ လက်ဝေခံပါတီ၊ စစ်တပ်အလိုကျ ရပ်တည်ရတဲ့ ပါတီအဖြစ် ပဲ သတ်မှတ်ပါလိမ့်မယ်။
စစ်တပ်အလိုကျ ရပ်တည်နေရတဲ့ နိုင်ငံရေးပါတီဟာ လူထုကို အကျိုးပြုနိုင်ဖို့ ဝေလာဝေး ဆိုတာ လူထုက ကောင်းကောင်းသိကြပါတယ်။ ဒီတော့ ငါတို့ ရွေးကောက်ပွဲဝင်ရင် အသေအချာ နိုင်မှာပဲ၊ လူထုက ထောက်ခံနေမှာပဲလို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။
“ငါတို့ ရွေးကောက်ပွဲ မဝင်ရင် လူထုမှာ ရွေးချယ်စရာ အခွင့်အလမ်းမရှိတော့ဖူး၊ ဒါဆို နအဖ လူတွေပဲ နိုင်သွားလိမ့်မယ်၊ ဒါကြောင့် လူထု ရွေးချယ်စရာရှိနိုင်ဖို့ ငါတို့ ရွေးကောက်ပွဲဝင်ရမယ်” လို့ ဆင်ခြေပေးနေသူတွေလည်းရှိပါတယ်၊ လုံးဝ မမှန်ပါ။
 လူထုကို လျှော့မတွက်သင့်သလို အထင်လည်းမသေးသင့်၊ အသုံးလည်းမချသင့်ပါ။ လူထုက သူတို့ မယုံကြည်သူကို မဲပေးမှာမဟုတ်ပါ။ သူတို့ယုံကြည်ခဲ့သူက မှားတဲ့ဖက်ရောက်သွားရင်လည်း သည်းခံမှာ မဟုတ်ပါ။ သူတို့အတွက် ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဖူးဆိုတာ ကောင်းကောင်းသိကြသူတွေပါ။
ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အစိုးရတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရတဲ့ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဖူး၊ အသိအမှတ် ပြုခံရမှာ မဟုတ်ဖူးလို့ ခဏခဏပြောနေတာပါ။
အခု နအဖ က ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်အပြီးမှာ ဒီအသံတွေ က ပိုပြီး ကျယ်လောင်လာပါတယ်။
ဘယ်အစိုးရကမှ နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေတွေကို သဘောမတူပါ။ ဒီပုံစံအတိုင်း နအဖ က ရွေးကောက်ပွဲ ဆက်လုပ်မယ်၊ အဖွဲ့ချုပ်ကလည်း မပါဝင်ဖူး ဆိုရင် ရွေးကောက်ပွဲက ထွက်လာတဲ့ ရလာဒ်ကို နိုင်ငံတကာအစိုးရတွေက အသိအမှတ်ပြုဖို့၊ လက်ခံဖို့ အတော်ခက်ပါလိမ့်မယ်။
အဲဒါဆို နအဖ က အသေအလဲ လိုချင်တောင့်တနေတဲ့ တရားဝင်အသိအမှတ်ပြုခံရမှု (Legitimacy) နဲ့ အလှမ်းဝေးနေဦးမှာပါ။
အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်လိုက်ရင်ဖြင့် နိုင်ငံတကာအစိုးရတွေက ရွေးကောက်ပွဲရလာဒ်ကို မလွှဲမရှောင်သာ အသိအမှတ်ပြုရတော့မှာပါ။ဒီတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ စစ်တပ်အုပ်စိုးမှု တရားဝင်ပြုရေး အထူးစီမံကိန်းကြီး ရဲ့နောက်ဆုံးအဆင့်မှာ အဖွဲ့ချုပ်က နောက်ဆုံး အုတ်တစ်ချပ် စီဖြည့်ပေးသူ မဖြစ်စေချင်ပါ။
“နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂ ကလည်း ဘာတွေပဲပြောပြော နောက်ဆုံးကျတော့ အဖျားရှူးသွားတာပါပဲ “ လို့ ထင်ရင်လည်း ထင်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အစိုးရတွေရဲ့ အားနည်းမှုက ပါတီ ပြန်မှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်အတွက် အကြောင်းပြစရာ မဖြစ်သင့်ပါ။ အဖွဲ့ချုပ် တည်ထောင်တုန်းကလည်း နိုင်ငံတကာ တောင်းဆိုချက်ရ ထောင်တာမဟုတ်ခဲ့ပါဘူး၊ လူထုရဲ့ တောင်းဆိုမှုကြောင့်ပါ။ အခုလည်း လူထု မျက်နှာကိုပဲ ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။
(၄) နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အပြောင်းအလဲ တစ်ခုကတော့ ကျနော်တို့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ပေါ်လာတော့မှာပါ။ ပြီးခဲ့တဲ့ ၂၁ နှစ်လုံး ကျနော်တို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အလံထောင်ပြီး တိုက်ပွဲဝင်ခဲ့တာပါ။
မကြာခင်မှာ ကျနော်တို့ဟာ ထာဝရ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေး လှုပ်ရှားမှုအသွင် ကူးပြောင်းရပါတော့မယ်။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်။
တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါမှာ ကျနော်တို့ အားလုံး ရည်ရွယ်ချက်တစ်ခုတည်း အတွက် ညီညီညွတ်ညွတ် ဆက်တိုက်ကြရမှာပါ။
အဲဒီလို နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အသစ်ကို မပြောင်းခင် နောက်ဆုံးအချိန်ပိုင်းကလေးမှာ ကျနော်တို့ အားလုံး နအဖရဲ့ ရွေးကောက်ပွဲကို တခဲနက် ဆန့်ကျင်ကြဖို့ နဲ့၊ ရွေးကောက်ပွဲရလာဒ်ကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်မပြုအောင် တောင်းဆိုဖို့ ရှိသမျှအားတွေ အကုန်သုံးပြီး လှုပ်ရှားကြရမှာပါ။
အဲဒီလို နအဖ ရဲ့ ရွေးကောက်ပွဲ ရလာဒ်ကို နိုင်ငံတကာက အသိအမှတ် မပြုအောင် စွမ်းဆောင်နိုင်မှ နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန်အသစ်ကို ကျနော်တို့ အားကောင်းမောင်းသန် ဆက်ပြီး တိုက်ပွဲဝင်နိုင်မှာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ ရေး လှုပ်ရှားမှူကြီးဟာ မပြီးဆုံးသေးပါဘူး။ ဆက်ပြီး ခရီးဆက်ရပါဦးမယ်။
ရှေ့ဆက်ရမည့် ခရီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ လူထုနဲ့ အတူ ဆက်ရှိနေမှာလား ? လူထုကို ကျောခိုင်းသွားကြမှာလား?
ရင်းမြစ်။ ။http://moemaka.com/index.php?option=com_content&task=view&id=6065&Itemid=1

စစ်အစိုးရလက်ထက် တိုးတက်နေပါသည်ဆိုသော လမ်း၊တံတားများ (သို့မဟုတ်)ရင်လေးစရာပြည်သူတို့၏ဘ၀တစ်စိတ်တစ်ပိုင်း

ပုသိမ်-ချောင်းသာကားလမ်းရှိ ကျောက်ချောင်းကြီးတံတား ပြိုကျမှုဖြစ်ပွားခဲ့



ပြိုကျမှုဖြစ်ပွားခဲ့သည့် ပုသိမ်-ချောင်းသာကားလမ်းရှိ 
ကျောက်ချောင်းကြီးတံတား        ပုသိမ်မှ ချောင်းသာသို့ သွားသည့် လမ်းပေါ်ရှိ ကျောက်ချောင်း ကြီးတံတားမှာ မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါတံတားမှာ ချောင်းသာ ဘက်မှလာသော ဘတ်စ်ကားတစ်စီး ဖြတ်ပြီးနောက် ကုန်ကားတစ်စီးထပ်မံ ဖြတ်သန်းချိန်တွင် ပြိုကျမှုဖြစ်ပွားခဲ့ ခြင်းခဲ့ခြင်းကြောင့်ကုန်ကားမှာချောင်း ထဲသို့ပြုတ်ကျသွား ခဲ့ကြောင်းမျက်မြင် တွေ့ကြုံခဲ့ရသူတစ်ဦးကဆိုပါသည်။
        ''ချောင်းသာကို အသွားပြန်လုပ်တဲ့ ကားတိုင်း ကျောက်ချောင်းကြီး တံတားကိုဖြတ်ရပါတယ်။ ကျွန်တော်တို့ ချောင်းသာက မတ်လ ၁၆ ရက် နေ့ကပြန်အလာကျောက်ချောင်းကြီး တံတားဖြတ်မလို့ စောင့်နေတုန်းမှာ ကျွန်တော်တို့ ကားရှေ့က ဖြတ်သွား တဲ့ကုန်ကားကြီးနဲ့အတူတံတားကြီး တစ်ခြမ်းပြိုကျသွားပါတယ်။ တံတား ကသစ်သားတံတားဖြစ်ပြီး တံတား အဟောင်းပါ။ တံတားပြိုကျသွား တော့ ကုန်ကားကြီးက ချောင်းထဲကို ကျသွားပါတယ်။ပထမတံတားတစ် ခြမ်းပြိုကျပြီးနောက်ထပ်မိနစ် ၂၀ အ ကြာမှာနောက်ထပ်တံတားတစ်ခြမ်း ကထပ်ပြီး ပြိုကျသွားပါတယ်။ မြင်ရ တဲ့ မြင်ကွင်းကတော့ ထိတ်လန့်စရာ ပဲ။ တော်သေးတယ်လူတွေဘာမှ မ ဖြစ်ဘူး''ဟု မတ်လ ၁၅ ရက်နေ့တွင် ချောင်းသာမှ ပြန်လာသူတစ်ဦးက သူ ၏ တွေ့ကြုံရမှုများကို ပြောပြခဲ့ သည်။
        ကျောက်ချောင်းကြီးတံတားမှာ တံတားအရှည် ၃၃၀ ပေရှိပြီး တံတား ခံနိုင်ဝန်မှာ ယာဉ်နှင့် ကုန်အပါအ၀င် ၈ တန်ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ်။ ။http://www.first-11.com/index.php?option=com_content&view=article&id=2355:2010-03-17-19-19-51&catid=42:2009-11-10-07-36-59&Itemid=112

လူသတ် တရားခံကို ဖေါ်ထုတ်ရန် စစ်တွေ တက္ကသိုလ် ကျောင်းသားများ တောင်းဆြိုပီ





မတ်လ ၁၄ ရက်နေ့က အသတ်ခံခဲ့ရသော စစ်တွေ တက္ကသိုလ်ကျောင်းသူ မဖြူဖြူ အမူကို အမြန်ဆုံး ဖေါ်ထုတ် ပေးရန်နှင့် မဖေါ်ထုတ် ပေးပါက စစ်တွေ တက္ကသိုလ်တွင် ဆန္ဒပြပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်တွေ တက္ကသိုလ် ကျောင်းသားများက ယမန်နေ့က ရာဇသံပေး တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

စစ်တွေ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား တဦးက “အခု မဖြူဖြူကို ဘယ်သူ သတ်သလဲဆိုတာ ခုအချိန်ထိ တိတိကျကျ မသိရသေးဘူး။ မဖြူဖြူ သေဆုံးရတာနဲ့ ပတ်သက်ပီး ကျောင်းသား ကျောင်းသူတွေ ကြားမှာ အထူး မကျေနပ်မူတွေ တိုးပွားနေတယ်။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ မနေ့က စစ်တွေ တက္ကသိုလ် ၀င်းထဲ ကျွန်တော်တို့ တောင်းဆိုမူတွေ ပြုလုပ်ခဲ့ပါတယ်” ဟုပြောသည်။

အဆိုပါ တောင်းဆိုမူများ ပြုလုပ်ပြီးနောက် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်သောင်းအေးသည် စစ်တွေ တက္ကသိုလ်သို့ ရောက်ရှိလာပြီး လူသတ် တရားခံကို အမြန်ဆုံး ဖေါ်ထုတ်ပေးမည် ဖြစ်ကြောင်း ကျောင်းသားများသို့ ပြောကြားသွားသည်ဟု သတင်း ရရှိသည်။

“ အခု အခြေအနေက ဘယ်လို ဖြစ်လာမလဲဆိုတာ မသိသေးဘူး။ လုံခြုံရေးတွေကိုတော့ အာဏာပိုင်တွေဘက်က တိုးမြှင့်ချထားပါတယ်။ စစ်တွေ တက္ကသိုလ် အပါအ၀င် အနီးတ၀ိုက်က အရေးကြီးတဲ နေရာတွေမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခုအခါ တိုင်းမှူးသောင်းအေး အပါအ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်တွေ တက္ကသိုလ်မှ တာဝန်ရှိသူများသည် မဖြူဖြူ သေဆုံးမူကြောင့် ကျောင်းသား ကျောင်းသူများ အကြား မကျေနပ်မူ တိုးပွားနေခြင်းကို မည်သို့ ဖြေရှင်းရမည်ကို တိုင်ပင် ဆွေးနွေးလျှက်ရှိသည်ဟု စစ်တွေက လာသော သတင်းတွင် ဖေါ်ပြသည်။

မဖြူဖြူမှာ မောင်တောမြို့ ဝေသာလီ ကျေးရွာမှ ဖြစ်ပြီး စစ်တွေ တက္ကသိုလ်တွင် စာရင်းကိုင် ပညာဖြင့် နောက်ဆုံးနှစ် တက်ရောက်နေစဉ် မသမာသူများ၏ အနိုင်ကျင့် သတ်ဖြတ်မူကို ခံခဲ့ရသည်။

သူမ အသုဘအား ယမန်နေ့က စစ်တွေ မန်ဇီသချိုင်းတွင် ချခဲ့ရာ ကျောင်းသား ကျောင်းသူ ထောင်ချီပြီး တက်ရောက်ခဲ့ကာ ကျောင်းသား ကျောင်းသူများအကြား ရုန်းရင်းဆန်ခတ်မူများ ပေါ်ပေါက်ခဲ့သည်။

မဖြူဖြူ သေဆုံးမူကြောင့် ကျောင်းသားကျောင်းသူများ အကြား အထူး မကျေနပ်မူများတိုးပွားနေကာ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာမည်ကို အာဏာပိုင်များက အထူးစိုးရိမ်နေသည်ဟု စစ်တွေမြို့ခံများက ပြောကြားသည်။

ရင်းမြစ်။ ။http://www.narinjara.com/detailsbur.asp?id=2390

ကိုယ်စားလှယ် လောင်းများ ကျပ်သိန်းတရာ သုံးနိုင်



နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို ဧရာဝတီ သတင်းဌာနက လက်ခံရရှိ ထားသည်။ ယင်းဥပဒေကို မနက်ဖြန်တွင် အသေးစိတ် ထုတ်ပြန်မည်ဖြစ်ကြောင်း စစ်အစိုးရ မီဒီယာများက ယနေ့ ညနေပိုင်းတွင် ကြေညာထားသည်။

ယင်း ဥပဒေ၏ ပုဒ်မ ၇ တွင် “မှတ်ပုံတင်ကြေး ငွေကျပ် သုံးသိန်း ကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများ အတိုင်း ပေး သွင်းရမည် ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မိမိတို့ ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ကော်မရှင်သို့ လျှောက်ထားရမည်”ဟု ပါရှိသည်။

ထို့အပြင် ပုဒ်မ ၂၁ တွင် “ပါတီ တခုသည် လွှတ်တော် သက်တမ်း တရပ်စီ အတွက်၊ ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ တရပ်စီ အတွက်၊ မိမိပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်း တဦးအတွက် ရွေးကောက်ပွဲ အသုံး စရိတ် ငွေကျပ် သိန်းတရာ အထိသုံး စွဲနိုင်သည်”ဟု ဆက်လက် ဖော်ပြထားသည်။  

အဆိုပါ ရွေးကောက်ပွဲ အသုံးစရိတ်ငွေကို ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း၏ တရားဝင်ရရှိသော ငွေမှ လည်းကောင်း၊ တရားဝင် ရရှိထားသည့် ပါတီရန်ပုံငွေမှ လည်းကောင်း ကျခံသုံးစွဲနိုင်သည်ဟု ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများကို သုံးခွင့်ပြုခဲ့သော မဲဆွယ် စည်းရုံးရေး အသုံးစရိတ်သည် ကျပ်ငွေ ၇၀၀၀၀ ထက် ပိုပြီးသုံးခွင့် မပေးကြောင်း သိရသည်။

စစ်အစိုးရက ပြီးခဲ့သည့် အပတ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ထုတ်ပြန်ခဲ့ရာ ထို ဥပဒေအရ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံ တင်ရမည် ဖြစ်သည်။

မှတ်ပုံတင်ခြင်း မပြုလျှင် NLD ပါတီသည် ဖျက်သိမ်းခြင်းခံရမည် ဖြစ်သည်။ NLDသည် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ယခု လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမည်ဟု သိရသည်။

 သန်းထိုက်ဦး 
ရင်းမြစ်။ ။http://www.irrawaddy.org/bur/index.php/news/1-news/2814-2010-03-17-12-03-43

အလေးထားရမည့် သူတို့အရေး

ထိုင်းနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ထောင်ပေါင်း များစွာသော ရွှေ့ပြောင်း အလုပ် သမားများသည် ၄င်းတို့ ပတ်ဝန်းကျင်ရှိ ဆင်းရဲ မှုများနှင့် ကြုံတွေ့ နေရခြင်းများ အတွက် ပြည်ပတွင် ချမ်းသာ ကြွယ်ဝသည့် ဘဝ တည်ဆောက် နိုင်ရန် ဆိုသည့် မျှော်လင့် ချက်များဖြင့် ထိုင်းနိုင်ငံသို့ လာရောက် အလုပ် လုပ်ကိုင် ခဲ့ကြသည်။ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံ တို့မှ ရွှေ့ပြောင်း အလုပ်သမား အစုအဝေးသည် ထိုင်းနိုင်ငံ၏ လုပ်ငန်းခွင်များ၌ သိသာထင်ရှားသော လူအဖွဲ့အစည်း ဖြစ်နေသည်။ခန့်မှန်းခြေ အားဖြင့် (၁.၈) သန်းမှ (၃) သန်း ထက်မက (၅-၁ဝ) ရာခိုင်နှုန်းခန့် ဖြစ်သည်။ လုပ်ငန်းခွင် ဆင်းကြသည့် အခါ မမျှော် လင့်သည့် အခြေ အနေ ဆိုးများတွင် အလုပ် ဆင်းရသည့် အဖြစ်များ နှင့် ကြုံကြ ရသည်။ ထို အသက် အန္တရာယ်နှင့် နီးသည့် အလုပ်ခွင်မှ ပြောင်းရွှေ့ လျှင်လည်း ၄င်းအလုပ်များ နှင့် အလား တူသော အလုပ်ခွင်၌ပင် လုပ်ကြ ရပြန် သည်။ တစ်ခါ တစ်ရံ ယခင် အလုပ်ထက်ပင် ပို၍ ဆိုးသည့် အဖြစ်နှင့် ကြုံရ ပြန်သည်။ ထို အလုပ်သမားများ၏ ဖြစ်ရပ်များကို လေ့လာ ကြည့်လျှင် ထိုင်းနိုင်ငံ၏ ရဲတပ်ဖွဲ့ ဝင်များ၊ တပ်မတော်သားများ၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း များနှင့် ဌာနဆိုင်ရာ ဝန်ထမ်း အချို့၏ ခြိမ်းခြောက် ခံရခြင်း၊ ရုပ်ပိုင်း ဆိုင်ရာ အန္တရာယ်ပြု ခံရခြင်း၊ မတရား ငွေတောင်းခံမှု စသည့် ဖြစ်စဉ် များကို တွေ့ရသည်။ အချုပ် အနှောင် ဘဝဖြင့် အလုပ် လုပ်ကြသူများ အဖို့မှာမူ ရိုက်နှက် ခံရခြင်းနှင့် အခြား မဟား တရား ပြုကျင့် ခံရခြင်း များပင် ကြုံတွေ့ ကြရသည်။ ထိုခံစား ကြရ မှုများသည် အထောက် အထား ရှိသူဖြစ်ခြင်း၊ အထောက် အထား မရှိသူ ဖြစ်ခြင်းတို့ နှင့် မသက်ဆိုင်ပေ၊ ရွှေ့ပြောင်း အလုပ်သမား များအားလုံး လိုလို ရင်ဆိုင် ရလေ့ရှိသည့် အဖြစ်ဆိုး များဖြစ်သည်။ ထိုင်း အာဏာပိုင်များ စုံစမ်း စစ်ဆေးရန် တုံ့ဆိုင်း မှုများ ရှိသည့် ဖြစ်လေ့ ဖြစ်ထ ရှိသော ပြစ်မှုများ (မုဒိမ်းမှု၊ လုယက်မှု၊ လူသတ်မှု) လည်း ကျူးလွန် ခံကြရသည်။ တစ်ခါ တစ်ရံ ထိုတာဝန် ရှိသူများ ကိုယ်တိုင် ပြစ်မှု ကျူးလွန် ရာတွင် ပါဝင် ပတ်သက် မှုများ ရှိကြသည်။

နယ်စပ်ဒေသတွင် လူများတရားမဝင်သယ်ဆောင်နေကြရာ တစ်ခါတစ်ရံ လမ်းခရီးတွင်အသတ်ခံရမှုများ မကြာခဏဖြစ်ပွားလေ့ ရှိသော်လည်း အသတ်ခံရသည့်အချို့မိသားစု များသည် လူကုန်ကူးသူများ၏ ပြန်လည်လက်တုံ့ပြန်မည့်ရန်ကိုကြောက်ရွံ့သဖြင့် သက်ဆိုင် ရာသို့ သတင်းမပို့ကြသည်လည်းရှိသည်။ (၂ဝ၁ဝ)ပြည့်နှစ် ဇန်နဝါရီလကမဲဆောက်မှ ဗန်ကောက်သို့အသွားတောလမ်းတွင် မြန်မာလူမျိုး (၉)ဦးအသတ်ခံရမှု၌ ထိုင်းရဲတပ်ဖွဲ့မှ ရဲအရာခံဗိုလ်တစ်ဦး ပါဝင်ပတ်သက်ခဲ့သည်။ သို့ကြောင့် သူ့ကိုယ်သူနောက်ဆုံးတော့ အဆုံး စီရင်သွားသည့်ဖြစ်ရပ်ရှိခဲ့သည်။ ထိုအလုပ်သမားများအပေါ် မတရားပြုကျင့်မှုများစွာရှိရာ ထိုအထဲတွင်လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ခြင်းကဲ့သို့ စည်းကျပ်မှု များအား ဒေသန္တရအမိန့်များ၊ ဥပဒေများတွင် ထည့်သွင့်ထားခြင်း(သို့) တာဝန်ရှိအရာရှိများမှ ငွေညှစ်တောင်းခံခြင်းကဲ့သို့ ပြစ်မှု ကျူးလွန်ခြင်းတို့ပါဝင်သည်။ ယေဘုယျအားဖြင့် ခရိုင်အရာရှိများနှင့် အလုပ်ရှင်များထံမှ ခွင့်ပြုချက်မရှိဘဲ အလုပ်ခွင်မှ ထွက်ခွာခြင်း မပြုနိုင်ချေ။ ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း နှင့် ကိုင်ဆောင်ခွင့်များခွင့်မပြုကြပေ။

သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရသည့်အမိန့် ရုတ်သိမ်းပြီးနောက်ပိုင်း Phang Nga, Phuket, Surat Thani, Ranong နှင့် Rayong ပြည်နယ်များတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံအခွင့်အရေးဖြစ်သော မိုဘိုင်းဖုန်းပိုင်ဆိုင်ခွင့်၊ ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်ခွင့်၊ အလုပ်ခွင်နှင့် နေထိုင်ရာတို့မှ ထွက်ခွာသွားလာခွင့် ပိတ်ပင်တားမြစ်ထားခဲ့သည်။ (၂ဝဝ၉)ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ကုန်းလမ်းပို့ဆောင်ရေးဌာနမှ မှတ်ပုံတင် ထားပြီးသော ရွှေ့ပြောင်းအလုပ်သမားများကို မော်တော်ဆိုင်ကယ်ပိုင်ဆိုင်ရန်အတွက် လျှောက်ထားခွင့် ခွင့်ပြုခဲ့သည်။ သို့သော်အစိုးရမှ ထိုပြည်နယ်များ၏ အမိန့်များ၊ မူဝါဒ အသစ်များကိုတရားဝင်ပြဋ္ဌာန်းပေးခြင်းမရှိသေးပေ။

သို့ကြောင့်လည်း အာဏာပိုင်များမှ စိတ်ကူး ပေါက်သလို ထင်ရာမြင်ရာ ရပ်တန့်စစ်ဆေးမှုများ၊ ရဲအယောင်ဆောင်ပြီးရှာဖွေ စစ်ဆေး မှုများရှိလာသည်။ ထို့အပြင် အလုပ်သမားများ၏ မော်တော်ဆိုင်ကယ်များနှင့် ဆဲလ်ဖုန်းများ၊ အဖိုးတန်ပစ္စည်းများပါ သိမ်းဆည်းမှုများရှိလာသည်။ ရဲအယောင်ဆောင်ပြီး အဓမ္မပြုကျင့်နေသည့်ဂိုဏ်းကို (၂ဝဝ၉)ခုနှစ် ဒီဇင်ဘာလ အတွင်းက ဖော်ထုတ်ခဲ့ရာ ထိုဂိုဏ်းသည်နုံ ထဘူရီ၊ ပထုံဋ္ဌာနီ၊ နကပထုံ၊ အယုဒယ၊ ခြုံဘူလီနှင့် နခွံနယု စသည့်မြို့များတွင် လိုက်လံအဓမ္မပြုကျင့်နေသူများဖြစ်ကြသည်။ ထိုကဲ့သို့ ¤င်းတို့ကျူးလွန်ခဲ့သည့် အဓမ္မပြုကျင့်ခဲ့သောအမှုပေါင်း(၅ဝ)ကျော်ရှိခဲ့သည်။ မြန်မာအလုပ် သမားများရှိတတ်သည့် ပန်းရန်အလုပ်ခွင်များသို့ ညအိပ်ချိန်တွင် သွားရောက်ပြီး၊ ရဲအယောင် ဆောင်ကာ မိန်းကလေးများအား နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရှိ/မရှိ မေးမြန်း ပြီး ¤င်းတို့ကား အနီးသို့ခေါ်ဆောင်၍ အဓမ္မပြုကျင့်လေ့ရှိကြသည်ဟု သိရသည်။

တာဝန်ရှိသူများသည် ရွှေ့ပြောင်းအလုပ် သမားများအပေါ် သာမာန်ကျူးလွန်ခံရသည့် ပြစ်မှုများကို တက်ြ<ွကစွာစုံစမ်းစစ်ဆေးမှု ပြုလုပ်လေ့မရှိ၊ အာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင်ဖြစ်သည်။ အလုပ်သမားများ၏ မှတ်ပုံတင်မှုလုပ်ငန်းစဉ်မကြာခဏပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံ တွင် အထောက်အထားရှိသည့် ရွှေ့ပြောင်း အလုပ်သမားများထက် အထောက်အထားမဲ့ သူက ပိုများသည်။ အထောက်အထားရှိကြသည့် အလုပ်သမားများသည်လည်း အလုပ်ရှင် များက တရားဝင်အသိအမှတ်ပြုကတ်များကိုပါ သိမ်းဆည်းထားလေ့ရှိကြသဖြင့် မဟားတရားပြုကျင့်ခံရခြင်း၊ ဖမ်းဆီးခံရမှုမှ လွတ်မြောက်ရန်အလို့ငှာ ငွေညှစ်ခံရခြင်းနှင့် မတရားဖမ်းဆီးခံရခြင်းတို့၏ အန္တရာယ်နှင့် ကြုံတွေ့ရန်အခွင့်လမ်းများရှိနေဆဲဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့များက ထိုင်းနိုင်ငံ တစ်ဝှမ်းလုံး ဖြစ်ပွားနေသော အာဏာပိုင် များ၏ ရွှေ့ပြောင်း အလုပ်သမား များအပေါ် တမင်တကာ အနိုင်ကျင့်မှု၊ လူ့အခွင့် အရေး ချိုးဖောက်မှု များဟု စွပ်စွဲ ချက်များကို ဘက်လိုက်မှု ကင်းကင်း၊ သမာ သမတ် ကျကျ စုံစမ်း စစ်ဆေး နိုင်မည့် အဖွဲ့တစ်ဖွဲ့ ထူထောင် ဆောင်ရွက် သင့်ကြောင်း၊ ထိုအဖွဲ့သည် မျက်မြင် သက်သေ များကို ဆင့်ခေါ် နိုင်ခွင့် အာဏာ၊ သက်သေ အထောက် အထားများ ရယူခွင့် နှင့် ပြည်သူသို့ အသိပေး သတင်း ထုတ်ပြန်မှုများ ရှိရမည် ဖြစ်ကြောင်း၊ ထို အလုပ် သမားများ နှင့် ပတ်သက်သည့် မူဝါဒများ၊ ဥပဒေများ နှင့် လုပ်ထုံး လုပ်နည်းများကို အကျိုး သက်ရောက် စေမည့် အကြံပြုချက်ပေး ပိုင်ခွင့်လည်း ပေးထား ရမည်ဖြစ်ကြောင်း၊ Phang Nga, Phuket, Ranong, Rayong နှင့် Surat Thani ပြည်နယ် များရှိ အလုပ် သမားများကို ကန့်သတ် ထားမှုများအား အလျင် အမြန် ရုတ်သိမ်းဖို့ လိုကြောင်း ကိုပါ တိုက်တွန်း ထားသည်။ ထို့အပြင် ပြည်နယ် အုပ်ချုပ်ရေးမှုး များကပါ ရွှေ့ပြောင်း အလုပ်သမား များ၏ အခြေခံ အခွင့် အရေးများကို လေးစားမှု ပြုကြ ရသည့်အခါ အထောက် အထား ရှိသူရော၊ အထောက် အထားမဲ့သူ အလုပ်သမားများပါ အကျုံးဝင် သင့်ပေသည်။
ဝင်းနိုင်ထွန်း
ရင်းမြစ်။ ။http://www.nfacforburma.info/2010/03/15032010_6323.html

ကျိုင်းတုံတွင် MIG (29) များရောက်ရှိကာ နအဖ စစ်ရေးပြ


ယခုလ (၁၃) ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့လေဆိပ်တွင် ရုရှနိုင်ငံလုပ် MIG (29) တိုက်လေယာဉ်များ ရောက်ရှိကာ ညအိပ်ရပ်နားခဲ့သည်။

ကျိုင်းတုံတွင် MIG (29) တိုက်လေယာဉ် အဆင်းအတက်များ ယခုလအစောပိုင်းက လုပ်ခဲ့ပြီး ယခုလ (၁၃) ရက်နေ့က ညအိပ်ရပ်နားသည်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းလားဒေသခံတဦးက ပြောသည်။

၎င်းက “ဒီလအစောပိုင်းက ခဏလာတာရှိတယ်။ အခုလ (၁၃) ရက်က ညနေဘက် ရောက်လာတာ (၇) စင်း ရှိတယ် ပြောတယ်။ ညအိပ်သွားသေးတယ်၊ အခုတော့ ပြန်သွားကြပြီ” ဟု ပြောသည်။

မတ်လ (၁၅) ရက်မတိုင်မီ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပျက်ကွက်ပါက မတရားအသင်း ကြေညာသွားမည်ဖြစ်၍ တရုတ်အစိုးရအနေဖြင့် ပြောဆိုသိမ်းသွင်းပေးရန်နှင့် မတ် (၁ဝ) ရက်နေ့မတိုင်ခင် ဝတပ်ဖွဲ့နှင့် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နအဖ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က တရုတ်ယူနန်အစိုးရထံ မတ် (၃) ရက်နေ့က စာရေးခဲ့ပြီးသည့်နောက်ပိုင်း အပစ်ရပ်နယ်မြေအနီးတွင် စစ်လေယာဉ်များ အဆင်းအတက် ပြုလုပ်ခြင်းဖြစ်သည်ဟု အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အပစ်ရပ်အဖွဲ့တွေနားမှာ လေယာဉ်လာထားတယ်ဆိုတာ တမင် လာခြိမ်းခြောက်တာပေါ့။ ပြီးတော့ တရုတ်ဘက်ကိုလည်း ဝကို ဖျောင်းဖျဖို့ ပြောထားတဲ့ကြားကနေ လာလုပ်ပြတာ။ (၁ဝ) ရက်နေ့ မတိုင်ခင် ထပ်တွေ့မယ်ဆိုပြီး ပြောထားပေမယ့် လာပြီး ဆက်သွယ်တာ မလုပ်ခဲ့ဘူး။ အမှန်ကတော့ အပစ်ရပ်တွေကော တရုတ်ကိုပါ ကလေးကလား ဆန်ဆန် လုပ်တာပေါ့။ တကယ်တိုက်မယ်ဆိုရင် မိတ္ထီလာကနေ လာပြီး တိုက်လို့ရတာပဲ။ ဒီမှာ ဘာလာထားစရာလိုလဲ။ အပစ်ရပ်အဖွဲ့က အရင်စ မလုပ်မှန်းသိတော့ အနားမှာ လာဟန်ရေးပြတာပေါ့” ဟု ပြောသည်။

ကျိုင်းတုံ၏ အရှေ့မြောက်ဘက်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့နှင့် မြောက်ဘက်တွင် ဝတပ်ဖွဲ့ထိန်းချုပ် နယ်မြေများရှိနေပြီး အဆိုပါ (၂) ဖွဲ့လုံးသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောမတူနိုင်ဘဲ ဖြစ်နေသည်။

နအဖက ၂ဝဝ၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း (၁၃ဝ) တန်ဖိုးရှိ ရုရှနိုင်ငံလုပ် MIG (29) တိုက်လေယာဉ် (၁ဝ) စီးကို ဝယ်ယူခဲ့သည်။

ပေါက်ပေါက်/ ၁၇ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

ရွေးကောက်ပွဲကြောင့် ဆယ်တန်းမေးခွန်း လွယ်ကူ

        ရွေးကောက်ပွဲ ရှိနေခြင်းကြောင့် ၂ဝဝ၉-၂ဝ၁ဝ စာသင်နှစ်အတွက် ယခုကျင်းပနေသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် လွယ်ကူသည့် မေးခွန်းများသာ ပြုစုထုတ်ပြန်ပေးခဲ့ရကြောင်း မေးခွန်းပြုစုရာတွင် ပါဝင်သူ ပါမောက္ခတဦးက ပြောသည်။

၎င်းက “ဒီနှစ် တက္ကသိုလ်ဝင်တန်းတွေအတွက် မေးခွန်း ထုတ်တော့မယ်ဆိုကတည်းက အဖွဲ့ခေါင်းဆောင်က ပြောတယ်။ လူကြီးတွေရဲ့ ညွှန်ကြားချက်အရ မေးခွန်းတွေကို ကလေးတွေ အားလုံး ဖြေနိုင်အောင်ထုတ်ပါ။ ရွေးကောက်ပွဲလုပ်မယ့်နှစ်မှာ
ဘာပြဿနာရှိတာမှ မကြားချင်ဘူးလို့ ဒု-ဝန်ကြီးက ညွှန်ကြားချက်ပေးထားတယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ ဘာသာရပ်အလိုက် မေးခွန်းထုတ်တဲ့သူတိုင်း ကလေးတွေ ဖြေနိုင်အောင် လွယ်တာတွေကိုပဲ ရွေးချယ်ထုတ်ခဲ့တယ်” ဟု ပြောသည်။

စစ်အစိုးရ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ဖြေဆိုသူ မည်မျှရှိရှိ၊ ဖြေနိုင်သူ မည်မျှရှိရှိ၊ အအောင်ပေးလိုသည့် ကျောင်းသား အရေအတွက်ကိုလိုက်ပြီး အောင်မှတ်များကို သတ်မှတ်ခြင်းဖြစ်ကြောင်း၊ အချို့ မေးခွန်းခက်သည့်နှစ်များတွင် အမှတ် (၂ဝ) အောက် ရသူကိုပင် အအောင်ပေးကြောင်း၊ ယခုနှစ်တွင်မူ အောင်မှတ်မြင့်မည်ဖြစ်ကြောင်း မကြာမီ ပုဂ္ဂလိက စာသင်ကျောင်း ဖွင့်လှစ်မည့် ဆရာတဦးက ပြောသည်။

၎င်းက “စစ်အစိုးရဟာ ပညာရေးကို ပညာရေးလို မမြင်ဘဲ နိုင်ငံရေးကိစ္စတခုအဖြစ် ရှုမြင်ခဲ့တာ ကြာပြီ။ အခုလုပ်ရပ်ကတော့ ကလေးတွေအနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကြောင်းပြုပြီး မကျေမနပ် မဖြစ်ရလေအောင် နိုင်ငံရေးအရ ဆောင်ရွက်ချက်တခုမို့ ပညာရေးနဲ့ ဘယ်လိုမှ မပတ်သက်ဘူး” ဟု ပြောသည်။

ယခုနှစ်တွင် စစ်အစိုးရက ရွေးကောက်ပွဲ လုပ်မည်ဟု ကြေညာထားခြင်းကြောင့် အောင်စာရင်းထွက်သည့်အခါ ယခင်နှစ်များ ကထက် ပိုမို အောင်ချက်များနိုင်ကြောင်း ဆရာများက ဝေဖန်သုံးသပ်နေကြသည်။

ပုံမှန်အားဖြင့် ယခင်နှစ်များက ဘိုင်အို၊ ရူပဗေဒ၊ ဓာတုဗေဒ မေးခွန်းတို့တွင် အခက်အခဲ ကြုံရလေ့ရှိကြောင်း၊ ယမန်နှစ်က ရူပဗေဒဘာသာရပ်တွင် မော်ဒန်ဆိုသည့် အပိုင်း၌ (၁၆) မှတ်တန် (၂) ပုဒ်ပါပြီး ဖြေနိုင်သူအလွန်နည်းကာ သာမန်ကလေးများ မဖြေကြသဖြင့် အခြားရွေးချယ်စရာ နည်းသွားခဲ့ကြောင်း၊ ယခုနှစ်တွင် ဂုဏ်ထူးမှန်းထားသည့် ကလေးများပင် (၃) နာရီစာ ဘိုင်အိုမေးခွန်းကို (၁) နာရီခွဲ (၂) နာရီအတွင်း ပြီးအောင်ဖြေနိုင်ကြကြောင်း စာကျက်ဝိုင်းတခုမှ တာဝန်ခံ ဆရာမကြီးတဦးက
ပြောသည်။

ရန်ကုန်မြို့ နာမည်ကြီးဘော်ဒါဆောင်တခုမှ ဆရာကြီးတဦးကလည်း “ကျနော့်ဆီမှာ သင်္ချာသင်တဲ့ ဆရာက ပြောတယ်။ အခုနှစ် သင်္ချာမေးခွန်းဟာ ၂ဝဝဝ ပြည့်နှစ်က စတွက်ရင် (၁ဝ) နှစ်အတွင်း အလွယ်ဆုံးမေးခွန်းပဲလို့တောင် ပြောတယ်” ဟု ဆိုသည်။

အလားတူ ပြီးခဲ့သည့်နှစ်က စာမေးပွဲ ကျရှုံးပြီး ယခုနှစ်ပြန်ဖြေသူ ကျောင်းသားဟောင်းများကလည်း ယခင်နှစ်ကနှင့် မတူဘဲ မေးခွန်းများလွယ်၍ အားလုံးဖြေနိုင်ကြောင်း ပြောကြသည်။

မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် တနှစ်လျှင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူပေါင်း (၅) သိန်း ဝန်းကျင်ခန့်ရှိပြီး စစ်အစိုးရက ကျောင်းသား (၁) သိန်းကျော်ခန့်ကို အအောင်ပေးလေ့ရှိသည်။ ယခုနှစ် စာမေးပွဲများကို မတ်လ (၁ဝ) ရက်နေ့က စတင်စစ်ဆေးခဲ့သည်။

မျိုးချစ်သူ/ ၁၇ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်