Thursday, March 18, 2010

ရတခတိုင်းမှူးနှင့် မွန်ပြည်သစ် ဒု-ဥက္ကဋ္ဌအဖွဲ့ တွေ့ဆုံ

 အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် မွန်ပြည်သစ် ဒု-ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့တို့သည် မတ်လ (၁၆) ရက်၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

“တိုင်းမှူးဘက်ကတော့ မွန်ပြည်သစ်ဆီက နောက်ဆုံး အဆုံးအဖြတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ နယ်ခြားစောင့်တပ်ကိစ္စရယ်၊ ပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်မယ့်ကိစ္စရယ်၊ နောက်ဆုံး သဘောထား တောင်းထားတယ်လို့ ကျနော်သိရတယ်” ဟု မွန်ပြည်သစ် ခရိုင်ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

တွေ့ဆုံရာတွင် ဒု-ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်မှုဆောင်များဖြစ်သော စစ်ဦးစီးချုပ် နိုင်ဇေယျ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ နိုင်ထာဝရ၊ နိုင်တလညီတို့ ပါဝင်ကြသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် အရေးကြီးနေ၍ လာမည့်ရက်ပိုင်းအတွင်း ဗဟိုကော်မတီဝင်အစည်းအဝေး ကျင်းပပြီးမှ အကြောင်းပြန်ကြားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ရေးချောင်းဖျားရှိ မွန်ပြည်သစ် ဗဟိုဌာနချုပ်တွင် အရေးပေါ်အစည်းအဝေးတရပ် ခေါ်နိုင်ရန် မွန်ပြည်သစ်ပါတီက စီစဉ်လျက်ရှိကြောင်း ပါတီဗဟိုဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

၎င်းက “ကျနော်တို့ အရာရှိအများစု ဌာနချုပ်ကို ရောက်နေကြပါပြီ။ ဒီကိစ္စကို ဘယ်လိုတုံ့ပြန်မလဲ။ ဘာဆက်ဖြစ်မလဲဆိုတာ အစည်းအဝေးမှာ ဆုံးဖြတ်မှဖြစ်မယ်။ တဦးတယောက်ရဲ့ သဘောထားက ပါတီရဲ့ သဘောထားမဟုတ်သေးဘူးဆိုတော့ ဆုံးဖြတ်ချက် ကျလာမှ ပြောပါရစေ။ ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ မွန်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်မှာပါ” ဟု ပြောကြားသည်။

မွန်ပြည်သစ်ဥက္ကဋ္ဌ နိုင်ထောမွန်က “ကျနော်တို့ မွန်ပြည်သူတွေက ပါတီအနေနဲ့ ဒီနယ်ခြားစောင့်တပ်ဖွဲ့ဖို့ လက်မခံဘူးလို့ ကျနော်တို့ကို ပြောထားတယ်။ အဲဒီအကြောင်းကို နအဖဆီ ကျနော်တို့ ပြောထားပြီးသားပါ” ဟု ဇန်နဝါရီလ မွန်အမျိုးသားနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၎င်းတို့၏ ဆုံးဖြတ်ချက်ဖြစ်သော “နယ်ခြားစောင့်တပ် လက်မခံကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အားလုံးပါဝင်နိုင်သော ဆွေးနွေးပွဲတရပ် ကျင်းပ၍ အဖြေရှာသွားရန်” စသည့်အချက်များ ပါဝင်သော တောင်းဆိုချက်များကို ပြီးခဲ့သည့် ဇွန်လကတည်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ အကြောင်းကြားထားကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီတွင် ဗဟိုကော်မတီဝင် (၃၂) ဦးရှိပြီး လာမည့် အစည်းအဝေးသည် မွန်ပြည်သစ်၏ ရှေ့ရေးအတွက် ဆုံးဖြတ်ရန် အခက်အခဲဆုံး အခြေအနေတွင် ရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေးလေ့လာသူတဦးက ဆိုသည်။

၎င်းက “မွန်ပြည်သစ်က အပစ်ရပ်ထားတဲ့ (၁၅) နှစ်တာကာလမှာ အင်အား စုစုစည်းစည်းနဲ့ ဆက်သွားနိုင်ဖို့ အများကြီး ထိန်းကြောင်းလာခဲ့ရတယ်။ ဒါပေမယ့် ဒီနယ်ခြားစောင့်တပ်၊ ရွေးကောက်ပွဲ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့ အခုချိန်မှာ သူတို့အနေနဲ့ ဒီအတိုင်း ဆက်သွားလို့ မရတော့တဲ့အခြေအနေ ရောက်နေတယ်။ ဘာလို့လဲဆိုတော့ ဒီ့ထက် ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့မှ ပါတီရဲ့ ရှေ့ဆက်ရပ်တည်ရေးအတွက် လမ်းကြောင်းသစ်တွေ ဖြစ်လာမှာလေ။ သူတို့ပါတီကို သူတို့မခွဲလည်း နအဖက တဖဲ့ရရ၊ တဆုတ်ရရ ဝင်ခွဲမှာပဲ ဆိုတော့ ဒီအစည်းအဝေးက သူတို့ပါတီအတွက်ရော ပြည်သူအတွက်ပါ အရေးကြီးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသည့် မွန်ပြည်သစ်ပါတီသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုလည်းကောင်း၊ ရွေးကောက်ပွဲဝင်ရန်အတွက်လည်းကောင်း အကြိမ်ကြိမ်ငြင်းဆန်ထားသည်။

မြန်မာစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်တွင်းစစ်ဖြစ်ရန် အလားအလာများ ရှိနေသော်လည်း မွန်ပြည်သစ်အနေဖြင့် ယင်းကဲ့သို့ မဖြစ်ပွားရန် တတ်နိုင်သမျှ ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း မွန်ပြည်သစ် ထိပ်ပိုင်းခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ ပြောခဲ့ဖူးသည်။

နယ်ခြားစောင့်တပ် လက်မခံကြောင်း မွန်ပြည်သစ် အကြောင်းပြန်ပြီးနောက်ပိုင်း ၎င်းထိန်းချုပ်ရာ ဒေသတချို့သို့ မြန်မာ စစ်အစိုးရတပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်မှုများ ရှိလာသော်လည်း အခြေအနေ တင်းမာခြင်း မရှိသေးချေ။

ဝီရ/ ၁၈ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment