Thursday, March 4, 2010

ရန်ကုန်မြစ်ဘေးရှိ လုပ်ငန်းတချို့ကို ဗိုလ်ချုပ်များအတွက် သိမ်းပြီ


ရန်ကုန်မြစ်ကမ်းနဘေးရှိ တန်ဖိုးကြီး မြေနေရာအချို့ကို နအဖနှင့် နီးစပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများထံ လွှဲပြောင်းပေးနိုင်ရန် အတွက် ထိုမြေနေရာများရှိ လုပ်ငန်းများ ရပ်ဆိုင်းရတော့မည်ဟု သိရသည်။
          ရန်ကုန်မြို့ ကြည့်မြင်တိုင် စံပြငါးဈေးကြီးတွင် တည်ရှိသည့် ဌေးမြန်မာ ရေထွက် ပစ္စည်း အအေးခန်းကို ယခုလမကုန်မီတွင် လုပ်ငန်းများ ရပ်ဆိုင်းပေးရန် အာဏာပိုင်တို့က ညွှန်ကြားလာကြောင်း အဆိုပါ ကုမ္ပဏီမှ အမည် မဖော်လိုသည့် အင်ဂျင်နီယာတဦးက ပြောသည်။
          ပြီးခဲ့သည့် လကုန်ပိုင်းက ရောက်လာသည့် အမိန့်စာတွင် ရက်ပေါင်း ၃၀အတွင်း ရပ်ဆိုင်းရန်၊ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း အကြောင်းကြားရန် တို့ကို ဖော်ပြထားသည် ဟု သူက ပြောသည်။
          အနောက်ကြို့ကုန်း ငါးလုပ်ငန်း ဦးစီးဌာနပိုင်မြေတွင် ဆိပ်ခံတံတားနှင့် ရေလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ တခု၊ ရွှေပြည်သာ စက်မှုဇုန်ရှိ ရေထွက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတခု တို့သည်လည်း အလားတူ ညွှန်ကြားချက်များ ရရှိထားသည်ဟု  ရေထွက်ပစ္စည်း တင်ပို့သည့် လုပ်ငန်းရှင်တဦးက ပြောဆိုသည်။
          ထိုကုမ္ပဏီများ လျော်ကြေးရရှိဖွယ် မမြင်ကြောင်း၊ လုပ်ငန်းအဆင်မပြေမှုကြောင့် စာချုပ်အရ ပြည်ပ လုပ်ငန်းရှင်များကို လျော်ကြေးပေးရမည် ဆိုလျှင်လည်း အစိုးရနှင့် မသက်ဆိုင်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။
          သို့သော်လည်း ထိုသို့သော ရေထွက်လုပ်ငန်းများ လုပ်ကိုင်နေသည့် ဗိုလ်ချုပ်ကြီးတို့၏ လုပ်ငန်းကြီးများမှာ ပုံမှန်လည်ပတ်လျက်ရှိသည်။ ၎င်းတို့အနက် ကြည့်မြင်တိုင် ငါးဈေးကြီး အတွင်းရှိ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ ငွေပင်လယ် အအေးခန်း၊ စံပြရွှေငါး ဆိပ်ခံတံတား၊ မြန်မာမန်း ရေထွက်ပစ္စည်း အအေးခန်းတို့ ပါဝင်သည်။
          ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြစ်ကမ်းနဘေး သဲကွင်းမှတ်တိုင်နှင့် စံပြငါးဈေး မှတ်တိုင် အကြား ပုဂ္ဂလိကပိုင် ဆိပ်ခံတံတား အသစ်များ ထပ်မံ ဆောက်လုပ် လျက်ရှိသည်ကိုလည်း တွေ့မြင်နေရသည်။
          နအဖအစိုးရက ယခုနှစ်အတွင်း ပြုလုပ်ပေးမည်ဟု ထပ်ခါတလဲလဲ ကြေညာနေသည့် ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ မြေနေရာများ၊ စက်ရုံများ၊ စီးပွားရေးလုပ်ပိုင်ခွင့် အခွင့်အလမ်းများကို ဗိုလ်ချုပ်ကြီးများနှင့် အကျိုးတူစီးပွားရေး လုပ်ကိုင်လျက် ရှိသည့် ကုမ္ပဏီကြီးများအား အမြန်ဆုံး လွှဲပြောင်းနေသည်ကို သတင်းစာ ကြော်ငြာများ အရ သိရသည်။
          ထိုအခွင့်ထူးများ ရရှိသည့် ကုမ္ပဏီများတွင် ဦးတေဇ၏ ထူး၊ ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ်၊ ဦးဇော်ဇော်၏ မက်စ်မြန်မာ၊ ဗိုလ်ချုပ်ကြီးရွှေမန်း၏ သား ပိုင်ဆိုင်သည့် ဧရာရွှေဝါ၊ ဦးခင်ရွှေ၏  ဇေကမ္ဘာ၊ ဦးဌေးမြင့်နှင့် ညီအစ်ကိုများ၏ ယုဇနတို့ ပါဝင်သည်။

မိုးမခအထောက်တော်၊ ရန်ကုန်
မတ် ၄၊ ၂၀၁၀

အန်အယ်လ်ဒီ ရှေ့လုပ်ငန်းစဉ်များလုပ်ဆောင်ရန် ဗဟိုဦးစီးအဖွဲ့ ဖွဲ့ပြီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ဝင်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သည့် ဗဟိုဦးစီးအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၂၀) ဦး၊ တိုင်းနှင့်ပြည်နယ် အသီးသီးတို့မှ (၁၀၀) ဦးနှင့် အရန်ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့အပါအ၀င် စုစုပေါင်း (၁၂၈) ဦး ပါဝင်သည်။

ဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် အကျဉ်းကျနေသည့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်(၁) ဦးနှင့် ပြည်နယ်စည်းရုံးရေးအဖွဲ့ဝင် (၁) ဦးတို့ကိုလည်း ကြေညာချက်တွင် ထည့်သွင်းထားသည်။

“အကျဉ်းကျတွေထဲမှာ တချို့လည်း ကျန်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တချို့လည်း ကျန်ခဲ့တာ ရှိပါတယ်။ အကျဉ်းမကျခင်က သူတို့ဆောင်ရွက်ခဲ့တဲ့ပေါ်မှာ မူတည်ပြီးတော့ ရွေးတာပါ။ ဘယ်လောက်စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သလဲ ဆိုတဲ့ပေါ်မှာ ရွေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီခေါင်းဆောင်အားလုံးက အကျဉ်းကျလို့ ဖယ်ထားတယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတဲ့ သဘောထား ရှိကြပါတယ်” ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦဟံသာမြင့်က ပြောသည်။

အန်အယ်လ်ဒီရုံးချုပ်၌ ဖေဖော်ဝါရီ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ဗဟိုဦးစီးအဖွဲ့ဝင်များ ရွေးချယ်ရေးအတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်ပါဝင်တက်ရောက်သည့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီးနောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း တခုချင်းအလိုက် သက်ဆိုင်ရာကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကာ ယခုကဲ့သို့ ဗဟိုဦးစီးအဖွဲ့ဝင်စာရင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အရန်အဖွဲ့ဝင် (၈) ဦးမှာမူ တိုင်းနယ်ပြည်နယ်မှ တက်လာသူများဖြစ်ပြီး ၎င်းတို့မှာ ဗဟိုဦးစီးအဖွဲ့အစည်းဝေးတက်ခွင့်၊ ဆွေးနွေးခွင့်များရှိသော်လည်း မဲပေးပိုင်ခွင့်တခုသာမရှိကြောင်း ဦးဟံသာမြင့်က ရှင်းပြသည်။

မတ်လ (၃) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့်ကြေညာချက်တွင် ဗဟိုဦးစီးအဖွဲ့ဝင်များ ဖွဲ့စည်းရခြင်းမှာ အဖွဲ့ချုပ် ကျစ်လျစ်ခိုင်မာတောင့်တင်းရန်၊ ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် အဖွဲ့ချုပ်၏မူဝါဒသဘောထားများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ဦးဟံသာမြင့်က “အခြေအနေအားဖြင့် ကျနော်တို့က အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစုံတရာကို ချရတော့မယ့် အနေအထားမှာ လှုပ်ရှားနေတဲ့ တိုင်းနယ်ပြည်နယ် အားလုံးကနေ ပေးတဲ့ input အားလုံးကို လိုချင်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဆိုတာက ကျနော်တို့ အများကြီး စဉ်းစားရမှာတွေ ရှိပါတယ်။ ရွေးကောက်ပွဲ ဥပဒေတို့၊ ပါတီမှတ်ပုံတင်ရေးဥပဒေတို့ဟာ တောက်လျှောက်လာမှာပါ။ ဒီလိုပေါ်လာရင် စဉ်းစားပါမယ်ဆိုတဲ့ကိစ္စကိုလည်း ကျနော်တို့ ရွှေဂုံတိုင်ကြေညာစာတန်းမှာ အတိအလင်းဖော်ပြထားပြီးဖြစ်ပါတယ်။ ဒီလိုစဉ်းစားပြီး ဆုံးဖြတ်တဲ့အခါကျရင် အဖွဲစည်းတခုလုံးက တပြည်လုံးမှာရှိတဲ့ အဖွဲ့ဝင်အားလုံးကို ကိုယ်စားပြုတဲ့ အကြံဉာဏ်များကို လိုချင်ပါတယ်” ဟု ပြောသည်။

အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် အန်အယ်လ်ဒီသည် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ကြေညာထားသည်။

 NEJ/ ၄ မတ် ၂ဝ၁ဝ

ရွှေပြည်သာဆန္ဒပြပွဲ သဘောတူညီမှုရရှိ



နယူးဒေလီ (မဇ္ဈိမ)။      ။ ရန်ကုန် ရွှေပြည်သာမြို့နယ် စက်မှုဇုန်များရှိ စက်ရုံ ၃ ရုံတွင် လုပ်ခလစာ တိုးရေးနှင့် အခြားရပိုင်ခွင့်များအတွက် ယမန်နေ့တွင် အလုပ်သမားများ တောင်းဆိုဆန္ဒပြခဲ့ရာ အလုပ်ရှင်များက လိုက်လျောမှုများ ပြသဖြင့် ယနေ့တွင် လုပ်ငန်းခွင်သို့ ပြန်ဝင်နေကြကြောင်း သိရသည်။

စက်မှုဇုန် ၃ ရှိ Grand Royal အရက်ချက်စက်ရုံ၊ စက်မှုဇုန် ၁ ရှိ Super Garment နှင့် ကောင်းချီးမင်္ဂလာ အထည်ချုပ်စက်ရုံများတွင် လုပ်သားများ ဆန္ဒပြခဲ့ရာမှ ယမန်နေ့ နေလည်ပိုင်းတွင် လိုက်လျောမှုများ ရရှိသဖြင့် ပြန်လည်အလုပ်ဆင်းနေကြောင်း အလုပ်သမား အသိုင်းအဝိုင်းနှင့် ဒေသခံများက ပြောဆိုသည်။

“လစာကို ၁၈ဝဝ တိုးသောင်းတယ်။ အဲဒါကို မပေးဘူး။ အရင်က ရက်မှန်ကြေး ၆ဝဝဝ ထဲကို တသောင်း ထပ်တိုးပေးတယ်။ ၂ ရက်ပျက်ကွက်ရင် ရက်မှန်ကြေး မရဘူး။ သင်္ကြန်ပိတ်ရက်အတွက် ဘောက်ဆူး တသောင်း ပေးမယ်။ အဲဒါကို အလုပ်ရှင်က ညှိလို့ အလုပ်သမားတွေက ကျေနပ်ပြီး ဒီနေ့ အလုပ် ပြန်ဆင်းတယ်။ မနေ့က ညနေ့မှာ ရုံးက ဖယ်ရီကားတွေနဲ့ အိမ်တိုင်ရာရောက် လိုက်ပို့ပေးတယ်” ဟု  Grand Royal အရက်ချက်စက်ရုံမှ အလုပ်သမားတဦး၏ ဖခင်ဖြစ်သူက မဇ္ဈိမကို ပြောသည်။

ရွှေပြည်သာမြို့နယ် ဦးရွှေရိုးလမ်းရှိ Grand Royal မှ အလုပ်သမား ၁ဝဝဝ ကျော်က လစာတိုးပေးရန်၊  အများ ပြည်သူရုံးပိတ်ရက်များတွင် ပိတ်ပေးရန်နှင့် အချိန်ပိုကြေး တိုးပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Super Garment အထည်ချုပ်စက်ရုံရှိ အလုပ်သမား ၂ဝ ကျော်က အလုပ်သမား ရပိုင်ခွင့်များအတွက် နံနက် ၈ နာရီမှ စတင်၍ ဆန္ဒပြတောင်းဆိုခဲ့ရာ ညနေ ၄ နာရီကျော်တွင် အာဏာပိုင်များဘက်က ဝင်ရောက်ရှင်းပေးသဖြင့် ဖြေလည်မှုများ ရရှိခဲ့သည်။

အလုပ်ရှင်နဲ့ ညှိနှိုင်းပြီးတော့ မနေ့က ညနေပိုင်းမှာ ပြေလည်မှု ရသွားတယ်။ အချိန်ပိုကြေးနဲ့ ရှားပါးစရိတ်တွေ ပေးဖို့ အလုပ်သမားတွေ တောင်းတယ်။ ပထမပိုင်းက အလုပ်ရှင်တွေ တိုးမပေးဘူး။ နောက်ပိုင်းမှာ အာဏာပိုင် အဖွဲ့အစည်းတွေ ရောက်လာမှာ အလုပ်ရှင်နဲ့ ညှိနှိုင်းပြီး  ညနေ ၄ နာရီကျော်မှာ ပြေလည်မှု ရခဲ့တယ်။ ဒီနေ့ အလုပ်သမားအားလုံး လုပ်ငန်းခွင် ဝင်တယ်” ဟု အလုပ်သမားများနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

Super Garment တွင် အလုပ်သမား ၁ဝဝ ခန့်ရှိပြီး အလုပ်သမားများ၏ တလ ဝင်ငွေမှာ ၃ သောင်းကျော် ရှိပြီး၊ ကုန်ဈေးနှုန်း ကြီးမြင့်လာသဖြင့် အချိန်ပိုကြေးနှင့် ရှားပါးစရိတ်များ ပေးရန် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ကောင်းချီးမင်္ဂလာ အထည်ချုပ်စက်ရုံ၌လည်း ယမန်နေ့ နေခင်းပိုင်းမှ စတင်ဆန္ဒပြရာ ညပိုင်းတွင် အချို့တဝက်ကို အလုပ်ရှင်ဘက်က လိုက်လျောသဖြင့် ပြေလည်မှု ရရှိခဲ့သဖြင့် ယနေ့တွင် အလုပ်ပြန်ဆင်းနေကြကြောင်း ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် လအတွင်း ရန်ကုန်တွင် ၁ဝ ကြိမ်ထက်မနည်း အလုပ်သမား သပိတ်များ ဖြစ်ပွားခဲ့ရာ အလုပ်သမား ထောင်ပေါင်းများစွာ ပါဝင်ဆန္ဒပြခဲ့ကြသည်။

မြင့်မောင် | ကြာသပတေးနေ့၊ မတ်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်

ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး၊ အထ အထိုင်


ယခုနှစ်တွင် ဖြစ်ပေါ်လာမည်ဟု ဆိုသည့် ရွေးကောက်ပွဲ အတွက် အနည်းဆုံး ရှိသင့် ရှိသင့်ထိုက်သော ပြင်ဆင်ခွင့် ပြုရမည့် အချိန်မှာ အနည်း ငယ်သာ ကျန်တော့သည်။ ထိုအချက်ကပင် ရွေးကောက်ပွဲ၏ ဖြစ်လာလတ္တံ့သော သရုပ်သကန်ကို ဖော်ပြနေသယောင် ရှိသည်။ သို့သော် ဤအခြေအနေမှာပင် ကွဲပြားခြားနားသော အထိုင်ပေါ်မှနေ၍ ရွေးကောက်ပွဲသို့ ဝင်ရေး၊ မဝင်ရေး ဘက်နှစ်ဘက်မှာလည်း အကြောင်းပြချက် ကိုယ်စီဖြင့် ပြင်ဆင်နေကြသည်။ အပြန်အလှန် ဝေဖန် စောကြောနေကြသည်။ မည်သို့သော အခြေခံ ကွဲပြားချက်ပေါ်မှ ပြင်ဆင်ကြသနည်းဟု သုံးသပ်ကြည့်ရန် ရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခင်တပတ်က  ၇ ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံ ကျင်းပရာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တခု ပါဝင်ခဲ့ပြီး အကြိတ် အနယ် ရှိခဲ့သည်။ ဝင်ရေး ဘက်တွင် မကြာသေးမီက ပေါ်ပေါက် လာသည့် ဒီမိုရက်တစ် ပါတီမှ ဦးသုဝေနှင့် မြန်မာနိုင်ငံရှိ NGO တခုမှ ဒေါက်တာ ခင်ဇော်ဝင်းတို့က ရပ်တည် ပြောဆိုခဲ့ ကြပြီး မဝင်ရေး ဘက်တွင် ပြည်ပ အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) မှ ဦးမောင်မောင်က ပြောဆိုသည်။ ယင်းသို့ ဝင်ရေး မဝင်ရေး ဘက် နှစ်ဘက် အပြင် နယ်ပယ် မျိုးစုံမှ လာသော ပရိသတ်များ၏ မေးခွန်းများ၊ ဝေဖန်မှုများ၊ စကားစစ်ထိုး မှုများသည် အနည်းနှင့် အများဆိုသလို မြန်မာ့နိုင်ငံရေး ဝန်းကျင်၏ စရိုက် လက္ခဏာကို ရောင်ပြန်ဟပ် ဖော်ပြနေ သယောင် ရှိသည်။

ရွေးကောက်ပွဲ ဝင်ရေး၊ အထ
ရွေးကောက်ပွဲဝင်ရေးဆိုရာ၌ ပြည်တွင်းနိုင်ငံရေးအင်အားစုတချို့၏ ခြေလှမ်းကို ဆိုလိုပါသည်။ အစဉ်အလာ ရှိခဲ့သည့် ဝါရင့် နိုင်ငံရေးသမား တချို့၊ ယင်းတို့၏ ပါတီများ၊ ရွေးကောက်ပွဲကို ထွက်ပေါက်ဟု သဘောထား ပေါ်လွင်စွာ ဖော်ပြလာသော ပြည်တွင်း မီဒီယာများဟု ထည့်သွင်း ရေတွက်နိုင်သည်။ သူတို့အဖို့ ကာလရှည်ကြာစွာ မလူးမလွန့်သာသည့် အနေအထားမှ ရွေ့လျား လိုလာသော သဘောကို ထင်ဟပ်သည်။ လှုပ်ရှားစရာ 'ခွင်' မရှိသည့် အချိန်တွင် ရွေးကောက်ပွဲကို ကောက်ရိုးတမျှင် အဖြစ် ယူဆလာသည်။ လွှတ်တော်တွင် အလိုအလျောက် နေရာရမည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဟူသော ပြဌာန်းချက်ဖြင့် ချည်တုပ်ထားသည့်တိုင် လတ်တလောတွင် ဘောင်အတွင်းမှ လှုပ်ကြည့်ကြမည့်၊ လွှတ်တော်ကိုလည်း 'စင်' တခု အဖြစ် မြင်ယောင်ကြည့်နေကြသည့် သဘောကို တွေ့ရသည်။

ဝင်ရေးဘက်မှ ရပ်တည် ပြောဆိုရန် ညီလာခံ တက်ရောက်လာသည့ှ် ဦးသုဝေနှင့် ဒေါက်တာခင်ဇော်ဝင်းတို့က အထက်ပါ အတိုင်းပင် ရည်ညွှန်း ပြောဆိုခဲ့ကြသည်။ စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အကာအကွယ်ယူ၍ တပ်ဆုတ်သည်ဟု ဦးသုဝေက ယူဆသလို၊ နိုင်ငံရေးသမားများ မလှုပ်ဘဲနေကြလျှင် မြန်မာပြည် အခြေအနေ ပိုဆိုးသွားမည် ဟုလည်း ဒေါက်တာခင်ဇော်ဝင်းက ထောက်ပြသည်။ သူတို့က ရွေ့လျားမရသည့် အနေအထားတွင် စစ်အစိုးရ ဖွင့်ပေးလာသည့် ကန့်သတ်ချက် လမ်းကြောင်းအတွင်းမှ မျှောလိုက်ကြည့်ကြမည်ဟု သဘောရသည်။

ဤ ဝင်ရေးဘက်ကို သုံးသပ်ကြည့်လျှင် အလျှော့အတင်းနှင့် ကစားနေရသည့် အဖြစ်ကို မြင်ရသည်။ ရသည့် အောက်ခြေကို တဆင့် တိုးကြည့်မည်၊ 'ထ' ကြည့်မည်။ သူတို့အတွက် လွှတ်တော်နှင့် လွှတ်တော်ရောက်မှ မီးစင်ကြည့်ကရေးသည် ဒုတိယ အစီအစဉ် ဖြစ်နေသည်။ အောက်မှ အထက်သို့ မျှော်ကြည့်သည့် စနစ်ဟု မြင်ရသည်။ သို့သော် ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ ဖြစ်မည်လား၊ လှုပ်ကြည့်မှ မြုပ်မည်လား ဆိုသည်က စောင့်ကြည့်ရန်သာ ရှိသည်။

ရွေးကောက်ပွဲ မဝင်ရေး၊ အထိုင်
မဝင်ရေး အထိုင်တွင် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၊ ပြည်ပ မီဒီယာတချို့တို့ ပါဝင်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ဝင်ရေး မဝင်ရေးကို ရွှေဂုံတိုင်ကြေညာချက်ဖြင့် စည်းသတ်ထားသည်။ လိုက်လျောလျှင် ရွေးကောက်ပွဲဝင်မည်၊ မလိုက်လျောလျှင် မဝင်ဟု လမ်းကြောင်းပေးထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်သူများ အနေဖြင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်သည်။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုသူက တောင်းဆိုသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံဆော်သြသူက ဆော်သြသည်။ ၉၀ ရွေးကောက်ပွဲ ရလဒ်မှ အစချီ၍ စစ်အာဏာပိုင်များ၏ ကတိကဝတ်၊ လုပ်ထုံး လုပ်နည်းများကို လုံးဝမယုံကြည်ဟု ငြင်းဆိုသည်။ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ စစ်အစိုးရက ရွေးကောက်ပွဲကို ဆက်လုပ်လျှင် တိုက်ပွဲ ဆက်ဝင်မည်ဟု ဦးမောင်မောင်က ဦးသုဝေ၊ ဒေါက်တာခင်ဇော်ဝင်းတို့ ရှေ့မှောက်မှာပင် ပြောခဲ့သည်။

မဝင်ရေးဘက်မှ သုံးသပ်ရမည်ဆိုလျှင် လျှော့ရန်လည်း မရှိသလို၊ အချော့လည်း မခံဟူသော ခံယူချက်ကို ထင်ဟပ်ပြသည်။ ဝင်ရေး 'အထ' အဖွဲ့နှင့် မတူဘဲ အထက်ပိုင်း ပေါ်လစီဖြစ်သော ၂၀၀၈ အခြေခံဥပဒေပိုင်းမှ စတင် ကိုင်တွယ် ပြင်ဆင်လိုပြီး ကျန်ကိစ္စက ဒုတိယ အစီအစဉ်ဖြစ်သည်။ အထက်မှ အောက်သို့ တဆင့်ချင်း သွားရန် စဉ်းစားသည့် စနစ် ဖြစ်သည်။ ကမ္ဘာ့မိသားစု အဖွဲ့အစည်းများကို ဆွယ်တရားဟောမည်ဖြစ်သည်။ အထိုင်အနေနှင့် 'ယိုင်' ဖို့ မရှိဟု သုံးသပ်ရသည်။

အဓိကအားဖြင့် နှစ်ဘက်စလုံး၏ ဦးတည်ရာ လမ်းကြောင်းတို့မှာ ရသလောက် စပြီး ပေါ်လစီကို တက်ပြင်ရေး၊  ပေါ်လစီ အပေါ်ပိုင်း ပြင်ပြီးမှ အသေးစိတ် ဆက်သွားရေး ဟူ၍ ပြောင်းပြန် ဖြစ်နေကြသည်။ အတွင်းက 'ဘောင်'ကို ကန့်သတ်ချက် အနေနှင့် လက်ခံပြီး ကစားသည်၊ အပြင်က 'ဘောင်'ကို ဖျက်သိမ်းပစ်ရေး အရင် တောင်းဆိုသည်။ တနည်းအားဖြင့် ဝင်ရေး အပိုင်းက အပျော့ထည် သုံးပြီး မဝင်ရေးက အမာထည်ကို ကိုင်စွဲသည်။

တဖက်တွင် စစ်အစိုးရက တွေ့ဆုံ ဆွေးနွေးရေးကို မသိကျိုးကျွံ ပြုလျက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် ပြည်တွင်း အတိုက်အခံ အင်အားစုကို ချည့်နဲ့အောင် လုပ်ထားဆဲ ဖြစ်သည်။ ခါးပိုက်ဆောင်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ခြေလှမ်း သွက်လာခြင်း၊ စစ်ဝတ်စုံ ချွတ်ရန် ပြင်ဆင်ခြင်း၊ ပုဂ္ဂလိကပိုင် ခေါင်းစဉ်အောက်မှ စီးပွားရေး လုပ်ငန်းများကို လွှဲပြောင်းယူလာခြင်း စသည့် မူမမှန်သော ခြေလှမ်းများကို တွေ့နေရသည်။

အာဏာပိုင်တို့က ရွေးကောက်ပွဲအတွက် လုံလောက်သည့် ပြင်ဆင်ခွင့် မပေးသေးခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့မှာ ရွေးကောက်ပွဲကို လက်ခံလိုသူ၊ ဝင်လိုသူများအတွက်ပင် ထိခိုက်စေသော အချက်များဖြစ်သည်။ ယင်းအချက်သည်ပင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများ အဖို့ ခိုင်မာသော အကြောင်းပြချက်လည်း ဖြစ်လာစေသည်။ ဝင်ချင်သူများအဖို့ သေချင်သည့်ကျား တောပြောင်း ဖြစ်မည်လော၊ အစဉ်တစိုက် ဆန့်ကျင်သူများအဖို့ရော မည်မျှ အထိုင် ညောင်းဦးမည်လဲ ဆိုသည်မှာ မကြာမီ ထွက်ရှိလာမည်ဟုမျှော်လင့်ရသော ရွေးကောက်ပွဲဥပဒေအပြင် ရှေ့တလှမ်းတိုးသွားမည့် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပေသည်။     ။

ရင်းမြစ် ။  ။ ဧရာဝတီ

အာလူးစားသူတွေရဲ့ ပညာရေး

ကျမတို့ ခပ်ငယ်ငယ်က ကျမရဲ့အဖေက ကျူရှင်သင်ပါတယ်။ ငါးတန်းကနေ ရှစ်တန်းအထိ တဘာသာကို ၅ ကျပ်ပဲ ယူပါတယ်။ မောင်နှမ ၂ ယောက်တက်ရင် တဦးကို မယူပါဘူး။ ကျမ ထင်ပါတယ်၊ အဲဒီအချိန်က ကျူရှင်အားလုံးရဲ့လခဟာ အဲဒီလောက်ပဲ ရှိမှာပါ။

၉ တန်း ၁ဝ တန်းကျတော့ တဘာသာချင်းယူရင် ၇ ကျပ်၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပ၊ ဓာတု၊ ဇီဝ ငါးဘာသာလုံးယူရင်တော့ ၂၅ ကျပ်ပဲ ကျပါတယ်၊ အဲဒီခေတ်က ကျောင်းတွေမှာ သင် ပြတဲ့ပုံစံကြောင့် ကျောင်းသားအားလုံး ကျူရှင်ယူဖို့ မလိုပါဘူး။ စာအတော်မလိုက်နိုင်တဲ့ သူတွေနဲ့၊ သူများထက် ပိုသာချင်တဲ့လူတွေပဲ ကျူရှင်ယူကြပါတယ်။ ကျူရှင်ယူတယ်ဆိုတာ လူနည်းစုပါ။

ကျမတို့ အလယ်တန်းအထိ ကျူရှင်ယူဖို့ မလိုပါဘူး။ ကျမက အတော်စားထဲမှာလဲ မပါသ လို၊ သိပ်အညံ့စားထဲမှာလဲ မပါပါဘူး၊ သာမန်အလယ်အလတ်တန်းစားပါ၊ အိမ်စာဆိုတာ လဲ သိပ်အများကြီး ပေးလေ့မရှိပါဘူး၊ စနေ တနင်္ဂနွေ ပိတ်ရက်ရှိနေတဲ့ သောကြာလို နေ့ မျိုးဆိုရင်တော့ အိမ်စာများများပေးတာပါ။

ကျမတို့ ၉ တန်းရောက်မှ ကျူရှင်ယူဖြစ်တာပါ။ ကျမ ၉ တန်းရောက်တော့ ကျူရှင်လခက တဘာသာကို ၁ဝ ကျပ်ပေးရပါတယ်။ တချို့ ရပ်ကွက်ထဲက ကျူရှင်တွေဆိုရင် အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ လေးဘာသာလုံးပေါင်းမှ ၃ဝ ကျပ်ပဲ ကျပါတယ်။ ကျောင်းလခဆိုရင်လဲ တလကို ၆ ကျပ်ပဲ ပေးရပါတယ်၊ ဒါတောင် ဝန်ထမ်းသားသမီးတွေဆိုရင် ကျောင်း လခလွတ်ငြိမ်းခွင့်ကို လျှောက်လို့ရပါတယ်။ ကျမ ဆိုရင် ၉ တန်းကနေ ဘွဲ့ရတဲ့အထိ ကျောင်းလခ လွတ်ငြိမ်းခွင့်နဲ့ ကျောင်းတက်လာ ပါတယ်။

ကျမတို့ ၁ဝ တန်းရောက်တော့ မြို့ထဲက နာမည်ကြီး ကျူရှင်ဆရာတွေဆီမှာ တက်တာခေတ်စားလာပါတယ်၊ နာမည်ကြီး ကျူရှင် ဆရာတွေက တဘာသာချင်းစီပဲ သင်ကြပါတယ်။ တဘာသာကို ၁ဝ ကျပ် ပေးရပါတယ်၊ ကျောင်းမှာ တချို့ဆရာတွေသင်တာကို နား မလည်ပါဘူး။ ဒါကြောင့် ကျူရှင်ဆိုတာကလဲ မယူမဖြစ်ဆိုတာ ဖြစ်လာပါတယ်။ ဒါကြောင့် သင်္ကြန်မှာ သံချပ်ထိုးတဲ့သူတွေက ကျူရှင် တွေကို လှောင်ပြောင်ပြီး သံချပ်ထိုးတဲ့ အခြေအနေအထိ ရောင်လာပါတယ်။

အဲဒီအခြေအနေမှာ ဝိုင်းကျူရှင် စပြီးခေတ်စားလာပါတယ်။ ကျူရှင်ကြီးတွေမှာ သင်တန်းချိန်တချိန်ကို အနည်းဆုံး လူအယောက် ၃ဝ လောက် စုပေါင်းတက်ရပေမဲ့ ဝိုင်းကျူရှင်ကတော့ စာသင်ချိန်တချိန်မှာ အများဆုံး လူ ၁ဝ ယောက်ပဲ တက်ရပါတယ်၊ တဘာသာချင်း စီဆို ၁ဝဝ ကျပ် ကျပြီး၊ ဘာသာစုံ စုပေါင်းတက်ရင်တော့ ကျပ် ၆ဝဝ၊ ၇ဝဝ လောက်ပဲ ကျပါတယ်။ ဒါပေမဲ့ ဝိုင်းကျူရှင်ကို လူတိုင်း မ တက်နိုင်ပါဘူး၊ အခြေခံဝန်းထမ်းတယောက်ရဲ့လစာက ၃၂၅ ကျပ်ပါ၊ အပြင်မှာ ကျပန်းလုပ်သူတွေရဲ့ဝင်ငွေဟာ တနေ့ ၆ ကျပ် ၅ဝ ပြားဆိုတော့ အခြေခံဝန်းထမ်းနဲ့ ဆင်းရဲသား အရပ်သား တွေအဖို့ ဘယ်လိုမှ မတက်နိုင်တဲ့ ကြေးပါ၊ အခြေခံဆင်းရဲတဲ့ သူတွေဆိုရင် တဘာသာ ၁ဝ တန်ကိုတောင် ဘာသာစုံ မတက်နိုင်ကြပါဘူး။

ကျမ ၁ဝ တန်းအောင်ပြီးချိန် ၁၉၈၇ ခုနှစ်မှာ ကျူရှင်ဥပဒေဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ ကျူရှင်ဥပဒေကြောင့် ၁ဝ ကျပ်တန်ကျူရှင်တွေ ပိတ်ကုန်ကြပါတယ်၊ ၁ဝ ယောက်တဝိုင်းနဲ့ ဝိုင်းကျူရှင်ခေတ်ကို အော်တိုမစ်တစ် ရောက်သွားကြပါတယ်၊ ကျောင်းသားတွေအတွက် ပြဿနာက ကျောင်းမှာသင်ကြားပုံနည်းစနစ်ဟာ စာမေးပွဲဖြေနိုင်ဖို့အတွက် မလုံလောက်ပါဘူး။ ကျူရှင်မ တက်ရင် စာလိုက်နိုင်ဖို့ခက်ခဲ့ပါတယ်။ မိဘတွေအတွက် အခက်အခဲက ကျူရှင်လခတွေ အဆမတန် ဈေးတက်သွားတယ် အလယ် အလတ်တန်းစား မိသားစုအတွက် ကျူရှင်လခဟာ ဝန်ထုပ်ဝန်ပိုးတခုဖြစ်သွားပြီး အခြေခံလူတန်းစားရဲ့ သားသမီးတွေ ပညာရေး အတွက် ကျူရှင်လခဟာ မဟာတံတိုင်းကြီး ဖြစ်သွားပါတယ်။

အဲဒီအချိန်က ၉ တန်း ၁ဝ တန်းမှာ ဘာသာအတော်များများကို အင်္ဂလိပ်လိုသင်ရတဲ့ စနစ်သစ်ရဲ့ ပထမဦးဆုံးနှစ်မို့လို့ ကျောင်းသား တွေခင်မျာ သင်ခန်းစာတွေကို နားလည်ဖို့တောင်မလွယ်တဲ့ အခြေအနေ ဖြစ်သွားပါတယ်။ ၁ဝ တန်းအောင်ချက်ဟာလည်း ရာခိုင်နှုန်း အလွန်တရာ နိမ့်ကျသွားပါတယ်။

၁၉၉ဝ ခုနှစ် ကျောင်းတွေပြန်ဖွင့်ချိန်ဟာ ၂ လပဲ ကြာမြင့်တာမို့လို့ ကျူရှင်တွေဟာလည်း ပြောစမတ်မကျန်ခဲ့ပါ။ အဲဒီနှစ်က ၁ဝ တန်းအောင်ချက် ရာခိုင်နှုန်းလဲ အတော်ကောင်းခဲ့ပါတယ်။ ကျမ ထင်တယ်၊ စာခိုးချတဲ့စနစ်ဟာ အဲဒီနှစ်က စတာဖြစ်လိမ့်မယ်။

တဖြည်းဖြည်းနဲ့ ကျူရှင်ခတွေဟာ ရာဂဏန်းကနေ ထောင်ဂဏန်း အထိ ရောက်လာပါတယ်၊ အခြေခံလူတန်းစားနဲ့ ပိုက်ဆံတတ်နိုင် တဲ့ လူတန်းစားတွေရဲ့ကြား ပညာရေးအခြေအနေ ကွာခြားလာပါတယ်။ ၁ဝ တန်းအောင်ပြီးသူတွေအနေနဲ့ ငွေကြေးတတ်နိုင်ရင် တက် စရာ သင်တန်းတွေ များလာပါတယ်။ ငွေကြေးမတတ်နိုင်သူတွေအတွက် ဘွဲ့လက်မှတ်တရွက်ကိုကိုင်ပြီး ကုမ္ပဏီရဲ့ အောက်ခြေဝန် ထမ်းဖြစ်ခွင့်ရရေးကို အထူးကြိုးစားကြရပါတယ်။

၂၀၀၁ ခုနှစ် ကျမ အပြင်လောကနဲ့ ထိစပ်ခွင့်ရတဲ့အချိန်မှာ ဈေးအပေါဆုံးကျူရှင်က ၁ဝ တန်းကို ဘာသာစုံကျပ် ၇ဝဝဝ ကျပါတယ်။ ကျူရှင်မယူဘဲ စာမေးပွဲအောင်ဖို့ဆိုတာ အိပ်မက်တခုဖြစ်သွားပါပြီ။ ပိုဆိုးတာက မူလတန်း၊ အလယ်တန်းတွေက အတန်းပိုင် ဆရာ မဆီမှာ ကျူရှင် မဖြစ်မနေ တက်ကြရပါတယ်။ အတန်းပိုင်ဆရာမထံမှာ ကျူရှင်မတက်တဲ့လူဟာ အတန်းထဲမှာ ဖိနှိပ်ခံရပါတယ်။ ဆ ရာ၊ ဆရာမတွေလဲ စေတနာမပါတော့ဘဲ ငွေအဿပြာနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြပါတယ်။

ဒါကြောင့် ခပ်လောင်လောင်ကျောင်းသားတွေက “ပီတိကိုစား၊ အားရှိပါ၏” ဆိုတဲ့ ဆောင်ပုဒ်အစား “ပိုက်ဆံကိုစား၊ အားရပါ၏” ဆိုပြီး ဆရာတွေနောက်ကွယ်မှာ လှောင်ပြောင်ကုန်ကြပါတယ်။ အဲဒီနှစ်ပိုင်းကိုရောက်တော့ အစိုးရကျောင်းတက်တဲ့သူတွေဟာ အခြေခံလူ တန်းစားနဲ့ အလယ်အလတ်တန်းစားတွေပဲဖြစ်ပြီး၊ ပိုက်ဆံတတ်နိုင်သူတွေက ကျောင်းလခ တလကို ၁ သိန်းခွဲ ဝန်းကျင်ပေးရတဲ့ I.L.B.C လို Y.I.EC လို ကျောင်းမျိုးတွေမှာ ပညာသင်ယူကြပါတယ်။ အဲဒီ ကျောင်းတွေမှာ စာသင်ခန်းတခန်းမှာ လူ ၁၅ ယောက်က အများ ဆုံးပါ၊ စင်္ကာပူက သင်ရိုးညွှန်းတန်းကိုယူပြီး၊ စင်္ကာပူ သင်ကြားနည်းအတိုင်း သင်ကြားပေးပါတယ်။

ကွန်ပျူတာချိန်၊ အနုပညာချိန်၊ ကိုယ်လက်လှုပ်ရှားမှုအချိန်တွေကို ထည့်သွင်းသင်ကြားပေးပါတယ်။ အတန်းထဲမှာ သူငယ်ချင်းအချင်း ချင်း အင်္ဂလိပ်လိုပဲ ပြောခွင့်ရပါတယ်။ စစ်အစိုးရအသိုင်းအဝိုင်းနဲ့ သူတို့နဲ့ပတ်သက်တဲ့ စီးပွားရေးသမားအသိုင်းအဝိုင်းက ကလေးတွေ က International schools တွေမှာ ကျောင်းတက်ပြီး 12 Grades အောင်ရင် စင်္ကာပူက တက္ကသိုလ်တွေမှာ သွားတက်ကြပါတယ်။

အစိုးရကျောင်းတွေမှာ ဆရာ၊ ဆရာမတွေဟာ စေတနာထားသင်ကြားသူ အနည်းငယ်သာရှိပြီး၊ ကျောင်းဆင်းချိန်မှာသင်တဲ့ ကျူရှင် ကိုပဲ ဦးစားပေးသင်ကြားပါတယ်။ ကျောင်းတွင်းမှာ ကျောင်းသားတွေအပေါ် ခွဲခြားဆက်ဆံတတ်ကြပါတယ်။ အတန်းထဲမှာ သင်မပေး ဘဲ ကျူရှင်မှာ စာမေးပွဲမေးခွန်းတွေကို တိုက်ရိုက်ချသင်တာမျိုး လုပ်လေ့ရှိပါတယ်။ ကျောင်းသားတွေရဲ့ အရည်အချင်းကလဲ လွန်စွာမှ ကျဆင်းလာပါတယ်။ စာမေးပွဲကျတယ်ဆိုတဲ့ စနစ်ကလည်းမရှိတော့ဘဲ စာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ တနှစ်တတန်း တက်သွားကြပါတယ်။

အပြင်မှာ ဘော်ဒါဆောင်တွေ ခေတ်စားလာပါတယ်။ ၂၀၀၁ ခုနှစ်က မေမြို့ရဲ့နာမည်ကြီး စိုးစံဆိုတဲ့ ဘော်ဒါက ကျောင်းသားတဦး တ နှစ်လုံးအတွက် ငွေကျပ် ၃ သိန်း ကုန်ကျပါတယ်။ ၂၀၀၆ ခုနှစ်ကျတော့ ကျောင်းသားတဦးအတွက် ငွေကျပ် ၁ဝ သိန်း ကုန်ကြပြီး၊ ၂၀၀၈ ခုနှစ်မှာ ငွေကျပ် ၁၂ သိန်း ကုန်ကြပါတယ်။ိ

ငွေကြေးမတတ်နိုင်သူတွေအတွက် ရိုးရိုးကျူရှင်ယူဖို့တောင် အနိုင်နိုင်ဖြစ်နေပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ သာမာန်ကျူရှင်တွေက တဦးကို ကျပ် ၂ သောင်း ကုန်ကျတာက အနိမ့်ဆုံးကုန်ကျစရိတ်ပါ။ အစိုးရကျောင်းနဲ့ ကျူရှင်တွေဟာ သင်ရိုးညွန်းတမ်းတွေကို အလွတ်ကျက် ခိုင်းတဲ့ စနစ်နဲ့ သင်ကြားကြပါတယ်။ ကျောင်းတွေမှာ ကွန်ပျူတာဖိုးကို မိဘတွေဆီက နှစ်စဉ်အလှူခံခဲ့ပေမဲ့ ဘယ်ကျောင်းသားမှ ကွန် ပျူတာကိုင်ခွင့် မရှိပါဘူး။ နာမည်ကြီးကျောင်းဖြစ်တဲ့ အ.ထ.က (၁) ဒဂုံမှာတော့ ကလေးတွေကို ကွန်ပျူတာသင်ပါတယ်။ ကျန်တဲ့ ကျောင်းတွေက ကလေးတွေက ဆရာမကြီးရုံးခန်းထဲက ကွန်ပျူတာကို တခါတရံ မြင်ဖူးယုံပဲရှိပါတယ်။

၂ဝဝ၈ ခုနှစ် ကျမသားလေး သူငယ်တန်းတက်ပါတယ်။ သူ့အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ပြန်ယူရပါတယ်။ ကျူရှင်လခကတယောက် ကို ၅ဝဝဝ ကျပ်ပါ။ တနေ့တနေ့ပေးလိုက်တဲ့ အိမ်စာတွေကလဲ စာမျက်နှာ ၅ မျက်နှာ ၆ မျက်နှာရှိပါတယ်။ ကလေးတွေ ကျောင်းမှာ ဆော့ကစားခွင့် မရှိပါဘူး။ သိတ်ကစားတဲ့ ကလေးတွေ အရိုက်ခံရပါတယ်။ ကျမသားဟာ ကျောင်းကြောက်တဲ့ ရောဂါရလာပါတယ်။ ဒါပေမဲ့ ဆရာမကျူရှင်မှာတက်တော့ အမြဲတမ်း ပထမဆင့်ရပါတယ်။ သူတို့ အခန်းထဲမှာ ပထမဆင့်ရတဲ့ ကလေးတွေက ၁၅ ယောက် လောက်တော့ရှိပါတယ်။ ဒီတော့ စာမေးပွဲကြီးမှာ ကိုယ့်ကလေး ဆုရဖို့အတွက် ကျောင်းအုပ်ဆရာမကြီးနဲ့ အတန်းပိုင်ဆရာမကို ထိုက် ထိုက်တန်တန် ကန်တော့ရပါမယ်။ ကျမတို့ စိတ်လျော့ထားပါတယ်။ ဒီပညာရေးစနစ်မှာ ဆုရဖို့ဆိုတာ အရေးမကြီးတော့ပါဘူး။ ဆုရ သည်ဖြစ်စေ မရသည်ဖြစ်စေ စာမတတ်တာကတော့ သေချာပါတယ်။

အခုခေတ်မှာ သူငယ်တန်းမတက်ခင် မူကြိုဘဝထဲက စာကြိုသင်ကြရပါတယ်။ သူငယ်တန်းတက်ဖို့ ကျောင်းသွားအပ်ရင် ကျောင်းအုပ်ဆရာမကြီးက ရုံးခန်းထဲမှာ ကကြီး၊ ခခွေး၊ A၊ B၊ C၊ D ကိုရေးခိုင်းပါတယ်။ မရေးတတ်ရင်တော့ ကျောင်းကလက်မခံပါဘူး။

ကျမတို့ငယ်ငယ်က သူငယ်တန်းတက်မှ ‘ဝ’ လုံးကစပြီး အရေးသင်ပါတယ်။ အခုတော့ ခေတ်ကြီးကပြောင်းပြန်ဖြစ်နေပြီး ကလေးတွေ လဲ အမှန်တကယ်စာမတတ်ပါဘူး။ ပညာသင်စရိတ်ကလဲ အရမ်းမြင့်မားလာပါတယ်။ ဒါကြောင့် ကျောင်းနေရွယ်၊ ကျောင်းမနေနိုင်တဲ့ ကလေးသူငယ်တွေများလာပါတယ်။ ကလေးလုပ်သားတွေလည်း တနေ့တခြား များလာပါတယ်။

သာမာန်ပြည်သူတွေအတွက် ပညာသင်စရိတ်ဟာ သိတ်ကိုခက်ခဲနေပေမဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ လက်တဆုပ်စာလူနဲစုအတွက် တော့ ပညာရေးရွှေခေတ်ကို မျှော်ကိုးပြီး ပြည်ပနိုင်ငံတွေမှာ ပညာသင်ကြားဖို့အတွက်ကလေးတွေကို international schools တွေမှာ ငွေကုန်ကြေးကျခံပြီး သင်ကြားပါတယ်။

အခုစစ်အစိုးရနဲ့ ပတ်သက်သူတွေက ကျောင်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် လုပ်ပိုင်ခွင့် ပေးလိုက်ပါတယ်။ မြန်မာပြည်ရဲ့ ပညာရေးဟာ ပိုကောင်းလာဖို့ထက်ကို ငွေကြေးတတ်နိုင်သူတွေနဲ့ ငွေကြေးမတတ်နိုင်သူတွေကြား ပညာရေးအဆင့်ကွာခြားမှု အခုထက် ပိုမြင့်မား သွားဖို့ပဲ ရှိပါတယ်။

ခင်ငြိမ်းသစ်

photo by: http://www.unicef.org.nz/article/840/AnewschoolelectrifiesavillageinMyanmar.html
ရင်းမြစ် ။  ။ နေ့သစ် 

လောကနီတိမှ နိုင်ငံရေးသဘောတရားများ

ထိန်လင်း
မတ် ၄၊ ၂၀၁၀
          နိုင်ငံရေးစာပေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါ စကားပြေနဲ့ရေးသားထားတဲ့ မျက်မှောက်ခေတ် စာပေတွေကိုသာ မဟုတ်ဘဲ ပျို့ကဗျာ၊ ပြဇာတ်၊ နီတိ အစရှိတဲ့ ရှေးခေတ်စာပေတွေကိုပါ ထည့်သွင်းရမှာဖြစ်ပါတယ်။ အထူးသဖြင့် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၊ တသွေးတသံတမိန့် ဘုရင်စံနစ် လက်အောက်မှာ ပေါ်ထွန်းခဲ့တဲ့ စာပေတွေ ဖြစ်ပေမယ့် မျက်မှောက်ကာလနဲ့ လိုက်လျောညီထွေဖြစ်မှုတွေ၊ အတုယူလိုက်နာစရာတွေ ရှိနေတဲ့အကြောင်း ဆက်စပ်စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။
          အခုတပတ်မှာတော့ အများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ‘လောကနီတိ’က နိုင်ငံရေးဆိုင်ရာ အဆိုအမိန့်များ အကြောင်း ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။
          မြန်မာပြည်မှာ နီတိစာပေခေတ် ရှိခဲ့ပြီး အဲဒီအထဲမှာ ထင်ရှားတဲ့ နီတိကျမ်း ၅ ကျမ်းရှိခဲ့ပါတယ်။ အဲဒီကျမ်းတွေက တကျွန်းနီတိ၊ လောကနီတိ၊ ရာဇနီတိ၊ ဓမ္မနီတိ နဲ့ မဟာရဟနီတိ တို့ ဖြစ်ပြီး နီတိကျမ်းကျော် ၅ ကျမ်းလို့ ခေါ်ဆိုကြပါတယ်။ နီတိဆိုတာ ‘လမ်းညွှန်’လို့ အဓိပ္ပာယ်ရတဲ့အတွက် လောကနီတိ ဆိုတာ လောက လူသားတို့ လိုက်နာကျင့်ဆောင်အပ်တဲ့ လူမှုစည်းကမ်း၊ လူမှုကျင့်ဝတ်များ လို့ ဆိုရမှာဖြစ်ပါတယ်။
          မူရင်း ‘လောကနီတိ’ကျမ်းကို ပင်းယခေတ် မြန်မာသက္ကရာဇ် ၇၁၄ ခုနှစ် လေးစီးရှင်ကျော်စွာ ဘွဲ့ခံ သီဟသူမင်း လက်ထက်မှာ ပညာရှိ ‘သီရိမဟာ စတုရင်္ဂဗလ’ အမတ်ကြီးက ပါဠိဘာသာနဲ့ ပြုစုခဲ့တာဖြစ်ပါတယ်။ လောကနီတိကျမ်းကို ဗုဒ္ဓွစာပေ၊ မြန်မာကျမ်းတွေနဲ့ မာဂဓဘာသာတို့နဲ့ ပေါ်ထွန်းခဲ့တဲ့ ရှေးဟောင်းနီတိကျမ်းတွေက ကောင်းနိုးရာရာတွေကို စုစည်းပြုစုထားတယ်လို့ သိရပါတယ်။
          လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝဝ ကျော်က ရေးသားခဲ့တဲ့ ဒီပါဠိကျမ်းကို ဘကြီးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၉၆ ခုနှစ်မှာ ဆရာတော်ဦးဗုဓ်က မြန်မာဘာသာ ပြန်ဆိုခဲ့ပြီး အခုအခါမှာတော့ မြန်မာပြန်ဆိုပြီး မူကွဲအမျိုးမျိုးနဲ့ အဖွင့်ကျမ်းတွေလည်း ရှိနေပါပြီ။ စတုရင်္ဂဗလ အမတ်ကြီး ပြုစုခဲ့တဲ့ လောကနီတိကျမ်းမှာ ဂါထာပုဒ်ရေပေါင်း ၁၆၇ ပုဒ် ပါဝင်ပြီး ပဏ္ဍိတကဏ္ဍ၊ သုဇနကဏ္ဍ၊ ဗာလဒုဇ္ဇနကဏ္ဍ၊ မိတ္တကဏ္ဍ၊ ဣတ္ထိကဏ္ဍ၊ ရာဇကဏ္ဍ၊ ပက္ဏိကကဏ္ဍ ဆိုပြီး အခန်း ၇ ခု ခွဲခြားထားပါတယ်။
          အဲဒီအခန်း ၇ ခုမှာ မင်းဧကရာဇ်တို့နဲ့ ပတ်သက်တဲ့ ‘ရာဇကဏ္ဍ’တစ်ခုတည်းသာ နိုင်ငံရေးနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ယူဆနိုင်ပေမယ့် ကျန်တဲ့အခန်းတွေက နီတိတွေဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်တွေးတောလို့ ရနိုင်ပါတယ်။ ဥပမာအားဖြင့်
          “ခြင်္သေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက် သစ်ရွက်ကိုမူ မစား။ ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏။” ဆိုတဲ့ နီတိ၊
          “မြင့်မြတ်သော မျိုးနွယ်ကို စောင့်သူသည် ဆင်းရဲခြင်းသို့ရောက်သော်လည်း ယုတ်ညံ့သောအမှုကို မပြု။” ဆိုတဲ့နီတိ၊
          “သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ်ညှဉ်းဆဲခြင်း ပြုလို၏။” ဆိုတဲ့နီတိ၊
          “အနောက်က နေထွက်ရာ၏။ မြင်းမိုရ်တောင် ယိုင်ညွတ်ရာ၏။ ငရဲမီး အေးရာ၏။ တောင်ထိပ်၌ ကြာပွင့်ရာ၏။ သူတော်ကောင်း စကားသည်ကား တရံတဆစ်မျှ မဖောက်ပြန်ရာ။”ဆိုတဲ့ နီတိတွေဟာ သူတော်ကောင်းတွေနဲ့ ဆက်စပ်တဲ့အခန်းမှာ ပါဝင်နေပေမယ့် နိုင်ငံရေးအခြေအနေတွေပေါ်မှာ ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ယှဉ်တွဲကြည့်နိုင်ပါတယ်။
          ရာဇကဏ္ဍ မှာတော့ တိုင်းပြည်ဆိုတာ အုပ်ချုပ်တဲ့ အစိုးရ၊ မင်းဧကရာဇ် ရှိဖို့လိုအပ်ကြောင်း၊ ပြည်သူတို့အနေနဲ့ ကိုယ့်ရဲ့အရှင်သခင်ကို အားကိုးသင့်ကြောင်း ဖော်ပြထားသလို အခြားတဖက်မှာတော့ မိမိတို့ရဲ့ အသက်ကိုပါ ရန်ရှာနိုင်တဲ့အတွက် မင်းဧကရာဇ်တို့ကို မထိမပါး ရှောင်ရှားသင့်တယ်လို့ လမ်းညွှန်ထားပါတယ်။ ဒါကြောင့် အကောင်းအဆိုး ၂ မျိုးစလုံး ဖော်ပြထားတယ်လို့ ဆိုရပါလိမ့်မယ်။ ရာဇကဏ္ဍ တခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ ပြည့်ရှင်မင်း ဒါမှမဟုတ် အစိုးရအနေနဲ့ ဘယ်လိုအရည်အချင်းတွေ ရှိရမယ်၊ ဘာတွေကို လိုက်နာရမယ်ဆိုတာတွေကို ညွှန်ပြထားတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သည်းခံခြင်း၊ နိုးကြားခြင်း၊ ထကြွလုံ့လရှိခြင်း၊ ဝေဖန်ပိုင်းခြားတတ်ခြင်း၊ သနားကြင်နာခြင်း၊ အမြော်အမြင်ကြီးခြင်း ဆိုတဲ့ နာယကဂုဏ် ၆ ပါးနဲ့ ပြည့်စုံသင့်တယ်လို့ လမ်းညွှန်ထားသလို တိုင်းသူပြည်သား မကောင်းရင် မင်းအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။
          တိုင်းပြည်အုပ်ချုပ်သူတွေအနေနဲ့ တိုင်းပြည်အကျိုးအတွက် ဘယ်လောက်လုံ့လထုတ်သင့်တယ် ဆိုတာနဲ့ပတ်သက်လို့ လမ်းညွှန်ရာမှာတော့
          “မင်းအစိုးရမည်သည် တိုင်းပြည်၏ အခွန်အတုတ် ရမရ၊ မျိုးရိက္ခာ ပြည့်စုံခြင်း ရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏။ အမှုထမ်းများ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင် ပြုရာ၏။ နှိမ့်ချ အရေးယူထိုက်သူများကို နှိမ့်ချ အရေးယူ၍ ချီးမြှင့်မြှောက်စားထိုက်သူများကို ချီးမြှင့်မြှောက်စားရာ၏။”လို့ ဆိုထားသလို
          “ဖုန်းတောင်းယာစကာများအဖို့ နေ့ရောညပါ အိပ်စက်ကြစေကာမူ၊ သာမန် ရပ်သူရွာသားများအဖို့ ညဥ့်သုံးယာမ်စလုံး အိပ်စက်ကြစေကာမူ၊ မှူးမတ် ပညာရှိများသည်ကား ညဥ့်သုံးယာမ်တွင် နှစ်ယာမ်သာလျှင် အိပ်စက်ရာ၏။ ပြည့်ရှင်မင်းသည်ကား ညဥ့်သုံးယာမ်တွင် တစ်ယာမ်သာလျှင် အိပ်စက်ရာ၏။” လို့ဆိုထားပါတယ်။
          အမူအကျင့်တွေနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်များမှာလည်း
          “စကားကို ဗလောင်းဗလဲ မပြောမဆိုရာ။ ဟုတ်တိုင်းမှန်ရာ တည်ကြည်စွာလျှင် တသမတ်တည်း ပြောဆိုရာ၏။ မင်းသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း၊ ပညာရှိ သူတော်ကောင်းတို့သည်လည်းကောင်း ဖြောင့်မှန်စွာလျှင် တသမတ်တည်းသာ စကားဆိုကြကုန်၏။” လို့ ဆိုထားသလို
          “အိမ်ယာထောင်ထား အကြင်ယောက်ျားသည် ပျင်းရိမူ မကောင်း။ ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်း မရှိမူ မကောင်း။ မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိမူ မကောင်း။” လို့ ဆိုထားပြန်ပါတယ်။
မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ ပြန်ဆိုထားတဲ့ လောကနီတိ အဆိုအမိန့်တွေကို စစ်အစိုးရထုတ် သတင်းစာတွေမှာ ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့က စပြီး နေ့စဉ်ဖော်ပြခဲ့တာမို့ အုပ်စိုးသူတွေအပါအဝင် သိန်းပေါင်းများစွာသောသူတွေက အကြိမ်ကြိမ် ဖတ်မိကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေအတွက် ရည်ညွှန်းလို့ ဘယ်သူတွေက လိုက်နာကြသလဲ ဆိုတာကတော့ စဉ်းစားစရာဖြစ်ပါတယ်။
          အဖွဲ့အစည်း အသင်းအပင်းတွေမှာ ဦးဆောင်သူတွေ ဆင်ခြင်သင့်တဲ့ အချက်တစ်ခုကိုလည်း ရာဇကဏ္ဍ ထဲမှာ တွေ့ရပါတယ်။ အဲဒါကတော့
          “အကြင်အရပ်၌ နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာ များအံ့။ နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာ များအံ့။ နှိမ့်ချသူမရှိ၊ အကြီးအမြတ်ဖြစ်လိုကြသူချည်းသာ ဖြစ်အံ့။ ထိုသူတို့ လုပ်သမျှ ကိစ္စအဝဝသည် ပျက်စီးရ၏။” ဆိုတဲ့ အဆိုအမိန့် ဖြစ်ပါတယ်။
          တကယ်တော့ လူ့ဘောင်ကောင်းစားရေးအတွက် ရည်ရွယ်ထားတဲ့ နိတိတွေ၊ လမ်းညွှန်ချက်တွေဆိုတာ တကယ်ပဲ လိုက်နာနိုင်သူတွေရှိပါမှ ပိုပြီး တန်ဖိုးရှိမှာဖြစ်သလို အဲဒီလို လိုက်နာသူတွေ များပြားပါမှ လောကလူ့ရွာ သာယာမှာလည်း ဖြစ်ပါတယ်။      ။

          ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၂ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
မိုးမခ

တကယ်ပျော်ရတော့မှာလားမြန်မာ့လျှပ်စစ်ရယ် ....?

ရဲရွာမှလျပ်စစ်ဓာတ်အား စတင်ထုတ်ယူနိုင်ပြီးနောက် ရန်ကုန်မြို့တွင် တစ်ရက်လျင် ၁၈ နာရီနှုန်း မီးပေးနိုင်ကြောင်းသိရ



 
ရဲရွာရေအားလျပ်စစ်စီမံကိန်းလုပ်ငန်းခွင်တစ်နေရာ
   ယခင်က ရန်ကုန်နေအများပြည်သူမှာ တစ်ရက်လျင် မီးအများဆုံးရရှိသည့်အချိန်မှာ ၁၂ နာရီသာရှိပြီး မီးလာချိန်တွင် မကြာခဏ ပြတ်တောက်မှုလည်းများပြားခဲ့သော်လည်း ရဲရွာရေအားလျပ်စစ်စီမံကိန်းတွင် တပ်ဆင်နေသည့် တာဘိုင်လေးလုံးမှ စက်တစ်လုံးကို စတင်လည်ပတ်ပြီးနောက်ပိုင်း ရန်ကုန်လျပ်စစ်မီးမှာ တစ်ရက်လျင် ၁၈ နာရီအထိ လျပ်စစ်ဓာတ်အားပေးနိုင်ကြောင်း သိရသည်။
    ''ရဲရွာက တာဘိုင်တစ်လုံးစလည်နေပြီ။ ဓာတ်အားတွေကိုလည်း ဖြန့်ဖြူးပေးနိုင်တဲ့ အတွက် မီးပိုပေးတာပါ။ လက်ရှိ အများပြည်သူ ကို တစ်ရက်မှာ ၁၂ နာရီတောက်လျောက် မီးတစ်ကြိမ်ရမယ်၊ ကြားထဲမှာ ခြောက်နာရီ ပျက်မယ်၊ ခြောက်နာရီပျက်ပြီးရင် ၁၂ နာရီ တောက်လျောက်ပြန်ရမယ်''ဟု မြို့နယ်လျပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။ ရဲရွာရေအားလျပ်စစ်စီမံကိန်းတွင် စက်တပ်ဆင်အားတစ်လုံးလျင် ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်ရှိသော တာဘိုင်နှင့်ဂျင်နရေတာ လေးလုံး တပ်ဆင်ထား၍ စုစုပေါင်း မဂ္ဂါဝပ် ၇၉၀ ထုတ်ယူနိုင်စွမ်းရှိကြောင်း၊ လက်ရှိ တွင် တာဘိုင်အမှတ်(၁) တစ်လုံးစတင်လည် ပတ်နိုင်ပြီး ထွက်ရှိလာသည့်ဓာတ်အားများကို ဓာတ်အားဖြန့်ကွန်ရက်စနစ်သို့ ပို့လွှတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
    ''ရဲရွာက စထုတ်နိုင်လို့ မီးအချိန်ပိုရတာလို့ မြို့နယ်ရုံးက ပြောတယ်။ အရင်ဘယ်လိုပဲပျက်ပျက် အခုပိုရတာလည်း ကျွန်တော်တို့ အတွက်တော့ဝမ်းသာစရာပဲ။ အခုလို လာနေတာလေးပြန်လျော့မသွားဖို့ ဆုတောင်းတယ်''ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ရှင်းပြခဲ့သည်။
    ''တော်သေးတယ်ဗျာ။ အခုမှ နည်းနည်းစိတ်အေးသွားတယ်။ ရေက မလာ မီးကမမှန်နဲ့ ပထမလတွေ တုန်းကဆို ရေလာတာနဲ့မီးလာတာ မကိုက်လို့ အိပ်ရေးပျက်တာဆိုတာ ပြောမနေနဲ့။ အခုမီးက ပိုရတော့ ရေ ရတဲ့အချိန်နဲ့ပါ ပြန်ကိုက်သွားတယ်။ အရင်လကဆိုရင် အခုတောင်ဒီလို ဖြစ်နေတာ တစ်နွေလုံး ဒီထက်ပိုဆိုး နိုင်တယ်ဆိုပြီး တွေပြီးစိတ်ပျက်နေတာ။ အခုမှပဲ နည်းနည်းစိတ်အေး သွားတယ်''ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
    ရေအားလျပ်စစ်မှ ထုတ်ယူရသည့် ဓာတ်အားများဖြစ်၍ ရေအခြေအနေပေါ်တွင်မူတည်ကြောင်း၊ ရွှေလီနှင့် ရဲရွာမှ ယခုဓာတ်အား အတိုင်း ထုတ်လွှတ်ပေးနိုင်သမျ လက်ရှိအတိုင်း မီးရရရှိနိုင်ကြောင်း လည်း သိရသည်။
    ''၂၀၀၉ ခုနှစ်တုန်းက ရွှေလီ နဲ့ ကျိုင်းတောင်းကို အပြီးသတ်ခဲ့တယ်။ အဲဒီနောက် မြန်မာနိုင်ငံမှာ တည်ဆောက်ပြီး ဓာတ်အားပေးနေ တဲ့ရေအားလျပ်စစ်က ၁၆ ခု၊ ၁၇ ခု လောက်ရှိလာတယ်။ ပြောချင်တာ က ရဲရွာကမရခင်တုန်းက ရွှေလီကလာတဲ့ဓာတ်အားကလည်း အားထား ရတဲ့အနေအထားမှာ ရှိတယ်လေ။ အရင်ကပေးနေတဲ့ ဓာတ်အားနဲ့ ရဲရွာ က အခုရတဲ့ဓာတ်အားပေါင်းပြီး အခုလို မီးပေးနိုင်တာလို့သိရတယ်။ ဒီတော့ ရွှေလီကရတဲ့ ဓာတ်အားနဲ့ ရဲရွာကရတဲ့ဓာတ်အား အခုအတိုင်း ပုံမှန်ရှိမယ်ဆိုရင်တော့ လက်ရှိရနေတဲ့ တစ်ရက် ၁၈ နာရီနှုန်းထက်လျော့မှာ မဟုတ်တော့ဘူး''ဟု လျပ်စစ်ဓာတ် အားလိုင်းသစ်များ တည်ဆောက်လျက် ရှိသည့်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ရှင်းပြခဲ့သည်။
    ရန်ကုန်မြို့တွင်သာ မဟုတ်ဘဲ နယ်မြို့များတွင်လည်း မီးရရှိချိန် အနည်းငယ်တိုးမြင့်လာကြောင်း၊ မီးရရှိသည့်သတင်းနှင့်အတူ မီတာခ နှင့် ပတ်သက်သည့်သတင်းအချို့ ထွက်ပေါ်လာမှုကြောင့် ပြန်လည် စိတ်ပျက်ရကြောင်းလည်း အများ ပြည်သူကဆိုပါသည်။
    ''ကျွန်မတို့ ပုသိမ်မှာလည်း မီး ရတာ အချိန်ပိုလာတယ်။ ၁၀ တန်း စာမေးပွဲနီးလို့ လာနေတာလို့ထင်နေ တာ။ နောက်မှ ပိုရတာလို့သိရတော့ ၀မ်းသာတာပေါ့။ ကျွန်မတို့နယ်မြို့တွေက ရန်ကုန်လိုမဟုတ်ဘူး။ အရင် ကတည်းက မီးရချိန်က အရမ်းနည်းတယ်လေ။ အခုလို နည်းနည်းလေး ပိုရတာပဲ ၀မ်းသာပါတယ်။ မီးလေး ပိုရလို့ ၀မ်းသာရသလို မီးရပြီးတဲ့နောက် မီတာခသတင်းကြားရတော့ ပြန်ပြီး အားလျော့သွားတယ်''ဟု ပုသိမ်မြို့နေပြည်သူတစ်ဦးကလည်း ရှင်းပြခဲ့သည်။
    တည်ဆောက်ဆဲ ရေအားလျပ် စီမံကိန်းများထဲတွင် ရဲရွာမှ မဂ္ဂါဝပ် ၇၉၀၊ ဖြူးချောင်းမှ မဂ္ဂါဝပ် ၄၀၊ ကျွန်းချောင်းမှ မဂ္ဂါဝပ် ၆၀၊ ရွှေကျင် မှ မဂ္ဂါဝပ် ၇၅ ရရှိရန်၏ မျော်မှန်းထားကြောင်းလည်း သိရသည်။
 
ရင်းမြစ် ။  ။ www.first-11.com

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ သုံးနိုင်ငံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ဘင်္ဂလားဒေ့ရှ်သဘောတူ

မြန်မာ့သဘာဝဓာတ်ငွေ့ကို အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်းဒေသသို့ ပို့ဆောင်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းတည်ဆောက်မည့် သုံးနိုင်ငံ သဘာဝဓာတ်ငွေ့ပိုက် လိုင်းတည်ဆောက် ရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာအစိုးရကသဘောတူညီလိုက် ပြီဟုသိရသည်။

တည်ဆောက်မည့် ပိုက်လိုင်း အရှည်မှာ ၉၀၀ ကီလိုမီတာရှိမည်ဟု ဆိုသည်။ ပိုက်လိုင်းတည်ဆောက်ရေး နှင့်ပတ်သက်၍ နှစ်အတန်ကြာလိပ်ခဲ တည်းလည်းဖြစ်နေခဲ့သော်လည်း ၂၀၀၉ ခုနှစ် ဇန်န၀ါရီလက ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အိန္ဒိယ နှင့်ချစ်ကြည်ရင်းနှီးသော ဟာဆီနာ အစိုးရအနိုင်ရရှိပြီးသည့်နောက်တွင် ဘင်္ဂလားဒေ့ရှ်၏ရပ်တည်ချက်ပြောင်း လဲခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်သီတင်းပတ်က ဘင်္ဂ လားဒေ့ရှ်သို့ အိန္ဒိယစွမ်းအင်အတွင်းဝန် အိပ်ခ်ျအက်စ်ဘရမာ လာရောက်ခဲ့ စဉ်အတွင်းဘင်္ဂလားဒေ့ရှ်အစိုးရက သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု မီဒီယာ များကဖော်ပြခဲ့သည်။ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာသည် အိန္ဒိယသို့ ဇန်န၀ါရီလက အလည်အပတ်သွားရောက်ခဲ့သည်။

မြန်မာ့သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး၌ပါဝင်နေသော အိန္ဒိယကုမ္ပဏီများတွင် GAIL ၊ Essar Oil ၊ ONGC ၊ IOC  တို့ပါဝင်သည်ဟုသိရသည်။ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သိုက် ၈၉ ဒသမ ၇၂ ထရီ လီယံကုဗပေရှိသည့်အနက် ၁၈ ဒသမ ၀၁ထရီလီယံ ကုဗပေကို အလွယ်တကူထုတ်ယူနိုင်သည်ဟု သိရသည်။

ရင်းမြစ် ။  ။ www.first-11.com

ရန်ကုန်က စုံတွဲ၊ မြောက်ကိုရီးယား၊ ကလေးစစ်သား


  ကန်တော်ကြီးမှ စုံတွဲတတွဲ (ဓာတ်ပုံ - wsj.com)
ရန်ကုန်က စုံတွဲတို့အတွက် သတင်းဆိုး
အာဏာပိုင်တို့က ရန်ကုန်မြို့က ပန်းခြံလိုမျိုးနေရာတွေမှာ “မြန်မာ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသော အမြင် မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ယခုလဆန်း ပိုင်းမှ စတင်၍ အရေးယူသွားရန် စီစဉ်လျက် ရှိကြောင်း” သတင်းရတယ်လို့ WEEKLY ELEVEN ဂျာနယ် အင်တာနက် စာမျက်နှာမှာ ရေးထားတာ တွေ့ရပါတယ်။
          ဒီအတွဲတွေကို ချောင်းမြောင်းကြည့်ရှုတဲ့သူတွေကို ဘယ်လို အရေးယူမယ်ဆိုတာတော့ မဖော်ပြထားပါဘူး။ ချောင်းကြည့်တာဟာ ဥပဒေနဲ့ လွတ်ကင်းပုံ ရပါတယ်။
          အရေးယူတော့မယ် ဆိုတော့ စုံတွဲတွေဟာ ရုပ်ရှင်ရုံလိုမျိုး နေရာတွေကို ရွေ့သွားကြဖွယ် ရှိတယ်လို့ ယူဆပါတယ်။
          အရေးယူမယ့် ပုံစံက ဒီလိုပါ။ “ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူမေးမြန်း၍ သက်ဆိုင်ရာမိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည်ဖြစ်ကြောင်း - - - နောက်တစ်ကြိမ် ထပ်မံ တွေ့ရှိပါက ဓာတ်ပုံများအား ဂျာနယ်နှင့် သတင်းစာများတွင် ရေးသား ဖော်ပြသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း” လို့ ဆိုပါတယ်။
          ဂျာနယ်ထဲ ပါချင်တဲ့ စုံတွေတွေအတွက်တော့ အခွင့်အလမ်းတွေ ရပြီပေါ့ခင်ဗျာ။

မြောက်ကိုရီးယား ခရေဇီ
ဒီတခါတော့ လေးလေးပင်ပင် နိုင်ငံရေးအကြောင်း ပြောပါရစေ၊ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီက တရုတ်ပြည်ကို အလည်သွားမယ်လို့ ဂျပန်ပြည်ထုတ် မာအိနိချိ သတင်းစာက ဒီကနေ့ ရေးလိုက်ပါတယ်။ တရုတ်ပြည်ရောက်တုန်း သိပ်မဝေးတဲ့ နေပြည်တော်ကို မသွားဘူးလို့ ဘယ်သူပြောနိုင်မလဲ။ နေပြည်တော်က ဗိုလ်ချုပ်ကြီးများကလည်း ရင်ခုန်နေရောပေါ့ခင်ဗျာ။
          ပြီးခဲ့တဲ့လ ၁၄ ရက်နေ့က မြောက်ကိုရီးယားရဲ့ ဗိုလ်ချုပ်မှူးကြီး ကင်မ်ဂျုံအီ မွေးနေ့ကို ရန်ကုန်မှာ လုပ်တယ်၊ နေပြည်တော်က နံပတ် ၅ အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးတယောက်အပါဝင် ခေါင်းဆောင်တချို့ တက်ခဲ့တယ်လို့ ရန်ကုန်မြို့က မိုးမခ အထောက်တော် တယောက်က သတင်းပို့ပါတယ်။ (သိပ်တော့ အထင်မကြီးနဲ့လေ၊ သူက သတင်းစာဖတ်ပြီး ပြန်ပြောပြတဲ့ သဘောပါ)။
          နေပြည်တော်က လမ်းမကြီးတခုကိုတောင် ကင်မ်ဂျုံအီ လို့ နာမည်ပေးထားမယ် ထင်ပါရဲ့။

နိုင်ငံတော်နဲ့ ကလေးစစ်သား
ကလေးတွေကို မြန်မာ့တပ်မတော်ထဲမှာ တာဝန်တွေ ပေးနေပြီလို့ သတင်းတွေမှာ ကြားရပါတယ်။ သတင်းဌာနတွေဟာ အဆိုးမြင်ဝါဒီတွေလို့ ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့က စွပ်စွဲတာဟာ မှန်နေပြီပေါ့။ ဒီလို နိုင်ငံတော်က တာဝန်ပေးတာကို သတင်းဌာနတွေက “ကလေးစစ်သား”တွေ ရှိတာ မကောင်းဘူးလို့ ဆိုကြလေရဲ့။
          သတင်းဌာနတွေနဲ့ နိုင်ငံတော်နဲ့ဟာ ဘယ်တော့မှ အမြင်တူကြတော့မယ် မထင်ပါဘူး။ နိုင်ငံတော်က ကောင်းစေချင်လို့ လုပ်ပေးနေတဲ့ထဲမှာ တပ်မတော်ထဲက ကလေးတွေကိစ္စလည်း ပါတာပေါ့။ ကလေးတွေက စစ်တိုက်တမ်း ကစားရတာကို ၀ါသနာပါတယ် မဟုတ်လား။ ဒီအချက်ကို သိတဲ့ ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့က ကလေးတွေကို စစ်ထဲ ထည့်လိုက်တာပေါ့။
          ကလေးတွေနဲ့ သင့်တော်တဲ့ သေနတ်တွေတောင် စီစဉ်ပေးထားသေးတယ်၊ မနှစ်တုန်းက သတင်းတွေမှာ ပါတယ်မဟုတ်လား၊ မြန်မာ့တပ်မတော်မှာ စစ်သားတွေကိုင်တဲ့ သေနတ်တွေဟာ လေးလံရှည်လျားတဲ့ သေနတ်တွေ မဟုတ်တော့ဘူး၊ ပိုပြီးပေါ့ပါး ပိုပြီး သေးငယ်သွားပြီ ဆိုပဲ။ ဒါဟာ ကလေးတွေအတွက် အင်မတန် အဆင်ပြေစေတာပေါ့။

အဝေးကြည့်မှန်ပြောင်း
မတ် ၃၊ ၂၀၁၀
မိုးမခ 

ခက်တယ်


ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။
ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။
ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။
ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။
ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်

အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။
ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။
ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။

( ကောင်းကင်ကို ၏ “ မကျွတ်သေးတဲ့တစ္ဆေ ကဗျာ စာအုပ်မှ“