Tuesday, February 8, 2011

နွေရာသီ ရေအားနည်းလာချိန်တွင် လျှပ်စစ်မီးပုံမှန် ပေးနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့နှင့် ရေနွေးငွေ့ဓာတ်အားပေး စက်ရုံများ စွမ်းအားပြည့် ပုံမှန်လည်ပတ်နိုင်ရန် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မည်


61910 နွေရာသီရေနည်းလာချိန်တွင် သဘာဝဓာတ်ငွေ့နှင့် ရေနွေးငွေ့ဓာတ် အားပေးစက်ရုံများ စွမ်းအားပြည့်ပုံမှန် လည်ပတ်နိုင်ရန် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဓာတ်ငွေ့/ရေနွေးငွေ့စက်ရုံများနှင့် မဟာဓာတ်အားလိုင်းများတွင် အသုံးပြုနေသော စက်အရန်ပစ္စည်းများနှင့် စက်အစိတ်အပိုင်းများ ပြသပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဝေရာတွင် အရေးပါသည့် ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ၊ ရေနွေးငွေ့ဓာတ်အားပေးစက်ရုံများ စွမ်းအားပြည့်ပုံမှန်လည်ပတ်နိုင်ရန် ထိန်းသိမ်းခြင်းနှင့် ပြုပြင်မှုများအတွက် ပြည်ပ မှ စက်အရန်ပစ္စည်းများကိုသာ ၀ယ်ယူအသုံးပြုနေရကြောင်း၊ထို့ကြောင့် ပြည်ပမှဝယ်ယူအသုံးပြုနေရသည့် စက်အရန်ပစ္စည်းများကို ပြည်တွင်း ပုဂ္ဂလိကပိုင်းမှအဆင့်မီစွာ ထုတ်လုပ် နိုင်ရန်လိုကြောင်း၊ အရည်အသွေးမီ ထုတ်လုပ်နိုင်သည့် ပြည်တွင်းဖြစ်များကို ဓာတ်အားပေးစက်ရုံများ၌ အသုံးပြုခွင့်ပေးရန်ရှိကြောင်း၊ လတ်တလောပြည်တွင်း၌ မထုတ်လုပ်နိုင်သေးသည့် အရည်အသွေးမြင့်အထူး Spare Parts များကိုလည်း ခွဲခြားရွေးချယ်စီမံ အသုံးပြုနိုင်ရန် ပုဂ္ဂလိကပိုင်း နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
"သဘာဝဓာတ်ငွေ့သုံးဓာတ် အားပေးစက်ရုံတွေနဲ့ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံမှာ အသုံးပြုနေတဲ့ တာဘိုင်တချို့ကြံ့ခိုင်မှုမပြည့်တာကြောင့် မလည်ပတ်နိုင်တာတွေ ရှိပါတယ်။ သဘာဝဓာတ်ငွေ့သုံး တာဘိုင်တွေ စက်စွမ်းအားပြည့် လည်ပတ်နိုင်ခဲ့ရင် မဂ္ဂါဝပ်စုစုပေါင်း ၇၀၀ ကျော်အထိ ထုတ်လုပ်လာနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းနွေရာသီရောက်လို့ ရေးအားနည်းလာတဲ့အချိန်မှာ ဒီတာဘိုင်တွေစွမ်းအားပြည့် လည်ပတ်နိုင်ဖို့ ပုဂ္ဂလိကပိုင်းကို ဖိတ်ခေါ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်" ဟု ဓာတ်ငွေ့/ရေနွေးငွေ့စက်ရုံများ နှင့် မဟာဓာတ်အားလိုင်းများတွင် အသုံးပြုနေသော စက်အရန်ပစ္စည်း များနှင့် စက်အစိတ်အပိုင်းများပြသပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နွေရာသီရေနည်းချိန်တွင် Gas Turbineနှင့် Steam Turbine ဓာတ်အားပေးစက်ရုံများသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အဓိက အားထားရာဖြစ်ပြီး အဆိုပါ ဓာတ်အားပေးစက်ရုံများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိပါက လျှပ်စစ်မီးပေး ဝေရာတွင်လျော့ကျသွားလေ့ရှိကြောင်း၊ ထို့ကြောင့်လိုအပ်သော လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနိုင်ရန်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများနှင့် အတူ သဘာဝဓာတ်ငွေ့နှင့်ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံများ ကွန်ရက်ချိန်ဆက်ပူးပေါင်း လည်ပတ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်မှာ တစ်နှစ်လျှင် ၁၀ ရာ ခိုင်နှုန်းဝန်းကျင် တိုးလာကြောင်း၊ ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံများ၊ အထပ်မြင့် အဆောက်အအုံများနှင့် လျှပ်စစ်စွမ်းအင်ကို အဓိကအသုံးပြု ကြသော မြို့နေပြည်သူများကြောင့် စွမ်းအင်လိုအပ်ချက်မှာ တိုးလာရခြင်း ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိဓာတ်အားစနစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ် အားအပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ်ဖြစ်သည်။
မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၁၅ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံနှင့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၅ ရုံ၊ စုစုပေါင်း ဓာတ်အားပေး စက်ရုံ ၃၁ ရုံမှ စုစုပေါင်းစက်တပ်ဆင်အား ၃၀၄၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

sources: : www.first-11.com