Friday, January 29, 2010

ဟီးရိုးမှ ဇီးရိုးသို့ ( ရဲဘော်ကျော်သန်း )


ကျုပ်တို့ ဗမာတောသားတွေအတွက်တော့ အပေါင်းဖော်တွေနဲ့ မိုးဦးကျမှာ ဖားရိုက် ထွက်ရတာ ဘ၀အရသာတခုပဲ၊ အဆိုတော် ကိုထွန်းရွှေက “တအားရိုက်မလေ ဖားမိုက်တွေ အရီးတုတ်ရဲ့တဲနဘေးမှာ ချက်ပြုတ်စားကာ ဆိုကြကကြ ပျော်သလိုနေနိုင်ကြပေ” လို့စပ်ဆိုခဲ့တာ အတော် အောင်မြင်ခဲ့တာပဲ၊ အခုထိလဲ မရိုးနိုင်သေးဘူး။
ဖားရိုက်တယ်ဆိုလို့ သိပ်တော့လွယ်တယ် မထင်နဲ့၊ သူ့မှာလည်း ပညာနဲ့သတိ ရှိဖို့လို တယ်။ ပေါ့ပေါ့သွားလုပ်ရင် ကောက်ကွေးသွားမယ်။ ဖားတွေရဲ့သဘာဝနဲ့ အထာကို သိဖို့လို တယ်။ ပြီးတော့ ဖားတွေကိုကြိုက်တတ်တဲ့ မြွေတွေရဲ့ အန္တရာယ်ကိုလည်း သတိရှိဖို့ လိုတယ်။ ဒါကြောင့်လည်း မိုးဦးကျဆိုရင် မြွေကိုက်ခံရတဲ့ ဖားရိုက်သမားတွေ နည်းမှမနည်းပဲ။
ဖားတွေရဲ့သဘာဝက တော်လှန်ရေးတံဆိပ်ကပ်ထားတဲ့ ဆူလွယ်နပ်လွယ် လုပ်စား တွေနဲ့ တူတယ်ဆိုရင် မှားမယ်မထင်ဘူး။ သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တ၀ါ မှန်ပေမယ့် ရေမရှိရင်မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝ တရားက သူ့ကိုမျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာကိုသိတယ်၊ ရေခန်းတော့မှာကို သိတယ်၊ ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိတယ်၊ ဒါကြောင့် ဗမာတောသား လယ်သမားတွေက ဖားအော်သံကို နားထောင်ပြီး မိုးလေကို တွက်ချက်ကြရတာပဲ။

ဖားဆိုတာကလဲအမျိုးမျိုးရှိတယ်၊ အွန်အွန်နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း အော်တတ်တဲ့ နှစ်ချို့စားဖားကြီးတွေရှိတယ်၊ ‘အုံအိုင် အုံအိုင်’ နဲ့ ဆက်တိုက်အော်လိုက် ခဏနားလိုက် ပြန်အော်လိုက်နဲ့ ဖားအိုင်းတွေရှိတယ်၊ ‘ကက်ကက် ကက်ကက်’ နဲ့ အော်တတ်ပြီး ရေအ၀သောက် မြေထဲယက်ပြီး ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိတယ်၊ တနေရာထဲမှာ အငြိမ်မနေ ဟိုခုန်ဒီလူးနဲ့ ဖားပေါင်စင်းအသေးစား ကျော်စံကေးဆိုတာရှိတယ်၊ အဲဒါအပြင် ဖားရိုက်သမားတွေကို ဒုက္ခအပေးဆုံးကတော့ ဖားလတက်ပဲ။ အရွယ်ကလေးက လက်မ လောက်နဲ့ တကွင်းလုံးဆူညံနေအောင် အော်နိုင်စွမ်းတယ်။ စားလည်းမစားလောက် တုတ် လည်းမရိုက်လောက်၊ ဒါပေမဲ့ ဆူညံနေတဲ့ သူတို့အသံကြောင့် ဖားရိုက်သမားတွေ တခြား စားလောက်သောက်လောက် ဖားကြီးတွေရဲ့အသံကို ဖမ်းရအတော်ခက်စေတယ်။
ဖားဆိုပေမဲ့ လျော့တော့မတွက်နဲ့ သူလည်းအသားစားသတ္တ၀ါ၊ သူထက်ငယ်တဲ့ သူနိုင်တဲ့ အကောင်မှန်သမျှ အကုန်စားတယ်။ တချို့နှစ်ချို့စားဖားကြီးတွေဆိုရင် ငါးပုစွန် တွေသာမက တော်တော့အရွယ် ပုတ်သင်တို့ ငှက်တို့ကိုတောင် ဖမ်းစားနိုင်တယ်။ ပြီးတော့ သိပ်အကင်းပါးတယ်၊ တနေရာအခြေအနေမဟန် တနေရာ အပြောင်းမြန်တယ်။ အခြေဟန် မည့်နေရာတွေ့လို့ကတော့ သူများတွင်း (ပုစွန်လိုဟာမျိုး) လည်း အဓမ္မ လုယက်နေထိုင် တတ်တယ်။
ပြောပါပကော ဖားတွေရဲ့သဘာဝက ကျုပ်တို့တော်လှန်ရေးတံဆိပ်ကပ် လုပ်စားတွေနဲ့ တူပါတယ်လို့။ ဒါကြောင့်လည်း ဗမာနိုင်ငံရေးဝေါဟာရတွေထဲမှာ ဖားနဲ့ပတ်သက်တဲ့ စကားလုံး တွေ အတော်များများ ရှိနေတာပဲ။ “ တုံးအောက်ကဖား” “အထက်ဖား အောက်ဖိ” “ဖော်လံဖား” “ စားဖားနိုင်ငံရေး” “ နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” “ ဖားစည်းငါးစည်း” ဆိုပြီး များမှများ။ ကျုပ်တို့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတောင် “ စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့ ကြောက်လန့်တကြား မိန့်ခွန်းထဲ ထည့်ပြောခဲ့ရသေးတာပဲ။
ဖားအကြောင်း ပြောရင်းနဲ့ ကာတွန်းချစ်ဆွေရဲ့ စကားတခုက ပေါ်လာပြန်တယ်။ သူပြောတာက “ စားဖားတွေ စားဖားတွေ၊ စားဖားတွေကို ဖားစားသူတွေ သိပ်ကြိုက်တယ်” တဲ့။ သူ့စကားအတိုင်းဆိုရင် နိုင်ငံရေးဆိုတာ အဖိနှိပ်ခံလူထုကို ဗန်းပြပြီး စားဖားတွေနဲ့ ဖားစားသူတွေ ပေါင်းပြီးလုပ်စား နေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ ပြောရမလိုပါပဲ။ အားလုံးတော့မဟုတ်ပါဘူး အဓိကခေါင်းဆောင်ပိုင်းနဲ့ ပညာကို သိသာသိပြီး တတ်လည်း မတတ် ဉာဏ်လေးကောင်းပါရဲ့နဲ့ ပညာရှိဖြစ်ဖို့လဲ အလားလာမရှိတဲ့ လူတတ်ဆိုသူတွေ၊ ကျွမ်းကျင်သူ ဆိုသူတွေပေါ့။ ထောင်သောင်းချီတဲ့ အောက်ခြေရဲဘော်ထုနဲ့ တကယ့် လူထုခေါင်းဆောင်တွေကတော့ ဘာအကျိုးကိုမှ မမျှော်ကိုးပဲ ဘ၀တွေ အသက်တွေ ပေးဆပ်ပြီး အကျဉ်းထောင်တွေထဲ၊ တောတောင်တွေထဲမှာ တိုက်ပွဲဝင်နေကြဆဲပါ။ ဒီရဲဘော်တွေ အကျအဆုံးများပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလေ ခေါင်းဆောင်စားဖားတွေ ဂွင်ကြလေပဲ အတော်ကို ရင်နာစရာလည်းကောင်း၊ ရွံစရာလည်းကောင်းပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေါက္ခရ၀ဿမိုးကြီး ရွာတော့မလိုလို မိုးခြိမ်းသံပေးကာ ရှိသေး ဖားမျိုးစုံတို့ အကုန်ညီ ပလုံစီအောင် အော်နေလိုက်ကြတာ တလောကလုံးကို ဆူညံ ပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့သော မကျက်တကျက် ( Half Baked) သတင်းသမားတွေ ဖွတာလဲ ပါသပေါ့။ သူတို့ကသာ အမေရိကန်ဘောပွဲက ဖင်လေးတွန့်လိမ်တွန့်လိမ်နဲ့ (Cheer Leader) တွေလို ရွေးကောက်ပွဲကြီးကို ခုန်ပေါက်ချီးပ ရွှေကြိုလုပ်နေကြပေမဲ့ ပြိတ္တာကြီးသန်းရွှေက ခုထိ ရွေးကောက်ပွဲ ဥပဒေတို့ အချိန်တို့ကို မကြေငြာသေးဘူး။ ပုဆိုးထဲ မိုးကြိုသေးပေါက်တဲ့သူလို လူထုကြားမှာ စောက်ရှက်ကွဲကြမှာ မြင်ယောင်မိပါသေးတယ်။
တကယ်တော့ ဘယ်ချိန် ဘယ်ကာလမှာ ဘယ်လိုလုပ်မယ်မှန်းမသိတဲ့ ရွေးကောက်ပွဲ ကို မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအုံအိုင်အိုင်နဲ့ ချီးပ ရွှေ ကြိုလုပ်နေကြသူအားလုံးဟာ တချိန်ကတော့ သူရဲကောင်း ဟီးရိုးတွေပေါ့။ လွတ်လပ်ရေး တိုက်ပွဲခေတ်ကနေ ဒီနေ့ခေတ် (၈၈) ဒီမိုကရေစီ တိုက်ပွဲကာလအထိ ဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ရေးအတွက် လုပ်ခဲ့ကြတဲ့ တိုက်ခဲ့ကြတဲ့ တချိန်ကဟီးရိုးတွေပေါ့။ ကာလတွေ ကြာလာတော့ လူထုကို ဗန်းပြပြီး ကိုယ်ကျိုးရှာချင်တဲ့ ဉာဉ်တွေ၊ ပေါချောင်ကောင်းနဲ့ သူရဲကောင်းဖြစ်ချင်တဲ့ ဗီဇတွေ၊ အချောင်သမားဇာတိတွေ၊ ဖုံးမရ ဖိမရပေါ်လာကြပြီ။ ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ဖားရင်းယားရင်းနဲ့ ဇီးရိုး ( ဖိုးသုည ) တွေ ဘ၀ကို ရောက်သွားကြရှာပြီ။ ဇီရိုးမှ အနုတ်လက္ခဏာမည်းမည်းကြီး ထိပ်ပိတ်ထားတဲ့ ဇီးရိုး၊ ကျန်တဲ့ ဇီးရိုးတွေနဲ့မတူဘူး။ ရူပဗေဒ သင်ဖူးသူတိုင်းသိတယ်၊ ရိုးရိုးဇီးရိုးက တစ်နောက်မှာထား လိုက်ရင် တစ် ဆယ်လုံးရဲ့အဓိပ္ပါယ် တဆယ်ဖြစ်ပေမဲ့ အနုတ်လက္ခဏာနဲ့ ဇီးရိုးကတော့ သူ့ရှေ့မှာ ကိန်းဂဏန်းတွေ ကြိုက်သလောက်ဖြည့် တစ် တောင်ဖြစ်မလာဘူး။
အဟောသိကံ အနန္တပဲ။
လူထုကို နှိပ်စက်ရုံမက ဘုရားရွှေခွာ ဌာပနတိုက် ဖေါက်နေတဲ့ ပုဂံခေတ်က စကား နဲ့ပြောရရင် ငရဲမှာ သစ်ငုတ်ဖြစ်မဲ့ စစ်အုပ်စုကို အတ္တအကျိုးအတွက် ဖားရင်းနဲ့ ဒီဘ၀ရောက်သွားကြတာပေါ့။
အဲဒီအထဲမှာ စစ်အုပ်စုရဲ့ သံခြေချင်းဝတ် ပရောဟိတ်လိုလို သုခမိန်လိုလို မောင်စူးစမ်း တို့ သခင်တင်မြတို့ ထိပ်ဆုံးကပေါ့၊ လွတ်လပ်ရေးတိုက်ပွဲဝင် ဟီးရိုးဘ၀ကနေ ပျက်ရွေ့သွားတဲ့ ဇီးရိုးအကြီးစားကြီးတွေပေါ့ ကြောက်တတ်ရင် အခါခါသေတယ်ဆိုတဲ့ စကားလို ဘ၀မှာ အကြိမ်ကြိမ် သေနေရတဲ့သူတွေ။ ဖဆပလ၊ မဆလ ခေတ်တွေကနေ ဒီနေ့ခေတ် န၀တ/ နအဖစတဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို မှောက်ချီလှန်ချီ အသုံးတော်ခံ နေကြရတဲ့ သူတွေပေါ့။
အနှီဇီးရိုးကြီးတွေက အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးရင် ဖြစ်ထွန်းလာမယ့် နိုင်ငံရေးအခင်းအကျင်းသစ်မှာ သူတို့စကားအတိုင်းပြောရရင် Space (နေရာ) ရှိသတဲ့။ အရပ်သားပါတီ (လူထု) တွေအတွက် နှီးပြားတထောက်စာတောင် နေရာမရှိတဲ့ ဖွဲ့စည်းပုံတကျ စစ်အာဏာရှင်စနစ်ကို စစ်အုပ်စုအတွက် ဗြောင်လိမ်ပေးနေကြတယ်၊ ဖားတာပေါ့။ သူစကားသူနင်း တနေရာကျပြန်တော့ ဒီရွေးကောက်ပွဲဟာ တခြားပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲတွေနဲ့မတူဘူး၊ နိုင်တဲ့ပါတီ အစိုးရဖွဲ့ဖို့ မဟုတ်ဘူးဆိုပြန်တယ်။ အဲဒီအခင်းအကျင်းသစ်မှာ Institution သုံးခုပေါ်လာမယ်၊ အဲဒါတွေက တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီများဆိုပဲ။ တိုင်းပြည်ကို တကယ်စီမံအုပ်ချုပ်မဲ့ အစိုးရ ဖွဲ့စည်းရေးကျတော့ ဆက်မပြောတော့ဘူး။ ဘယ်ပြောတော့မလဲ အဲဒီထဲမှာ လူထု (ပါတီ) တွေရဲ့ အခန်းကဏ္ဍမှ မပါတော့ဘဲ။ သူတို့ အကြောင်းတော့ အထူးဝိတ္တာချဲ့စရာမလိုပါဘူး၊ ဒီဇီးရိုးကြီးတွေဟာ ပီသုံးလုံး (PPP= Professional Political Prostitute) တွေဆိုတာ အများကသိပြီးသားပါ။
နောက် ပီသုံးလုံးပိုင်ရှင် နှစ်ချို့စားဖားကြီးကတော့ ပြည်ပက ဟန်ညောင်ရွှေပါ။ စစ်အာဏာရှင်အလိုကျ အောင်ဆန်းစုကြည်နှမလေး ကိုစိတ်ဒုက္ခမျိုးစုံပေးနေတဲ့၊ ဂုဏ်သရေ ကြီးမြတ်တဲ့ အမိအဖတွေရဲ့ မျိုးဆက်မပီ သွေးဆိုးပြည်ပုပ် သားယုတ်အောင်ဆန်းဦးနဲ့ ပိန်မသာလိမ်မသာ၊ ဗမာပြည် ပထမဆုံး သမ္မတကြီးစ၀်ရွှေသိုက်ရဲ့ သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပဲလှော်နဲ့လဲစားနေတဲ့သူပေါ့။ အပြင်ပန်း အတော်လယ်ဝယ် ရည်မွန်တယ်၊ စနစ်ကျတယ်၊ လုပ်စားတာလဲ ကြာခဲ့ပြီကိုး။ သူရဲ့ကမ္ဘာ ပတ်လည် ရိုက်စားလုပ်ငန်းကြီးကို စားဖားနဲ့ ဖားစားသူတွေရဲ့ သီးသန့်အင်ပါယာ (Exclusive Class) ဖြစ်အောင် ထူထောင်ထားတယ်။ ဘယ်တော်လှန်ရေးသမားမှ ကပ်လို့မရဘူး၊ လက်ရှိမှာတော့ များစွာသော သူရဲ့အင်ပါယာတွေထဲမှာ အဓိက အင်ပါယာက အီးဘီအို (EBO= Euro-Burma Office) ဆိုတာပေါ့။ အဲဒီထဲမှာ ဗမာဆိုလို့ သူတယောက်ပဲ ဟုတ်ဟုတ် ငြားငြားရှိတယ်။ ကျန်တာ နိုင်ငံတကာ စားဖားတွေ ဖားစားသူတွေနဲ့ ဖွဲ့ထားတယ်။ ကျုပ်တို့ အိန္ဒိယဘက် ဒေလီမှာတောင် အဲဒီအီးဘီအိုရုံးတခု လာဖွင့်ထားသေးတယ်၊ ဗမာတစ်ယောက် မှ မပါဘူး။ ဒေလီမှာ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ ရုံးခန်းတောင် တူတူတန်တန်မဖွင့်နိုင်တဲ့ အခြေအနေမှာ အီးဘီအို ရုံးခွဲကတော့ ဒေလီမြို့ရဲ့ ဈေးအကြီးဆုံးဆိုတဲ့ (South Extension) မှာ အကျအနဖွင့်ထားတယ်။ ကုလားအရာရှိတွေတောင် မမှန်းနိုင်တဲ့ လခစား ၀န်ထမ်းတွေနဲ့ပေါ့။ ဒေလီက နိုင်ငံရေးစားဖားတချို့ကလွဲရင် ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ အဆက်အဆံ မလုပ်ဘူး။
ဟိုတလောကတောင် ဟန်ညောင်ရွှေနဲ့ အသင်းအပင်း စားဖားတသိုက် ဒေလီကို ခိုးကြောင်ခိုးဝှက် ရောက်လာပြီး ဒေလီက လက်သင့်ရာတသိုက်နဲ့ သူတို့ရဲ့ ရိုက်စား ရွေးကောက်ပွဲရွှေကြိုအလုပ်တွေ လုပ်သွားကြသေးတယ်။ သူတို့က လာမယ့်ရွေး ကောက်ပွဲ ဟာ ပကတိ အခြေအနေ (Reality) မှန်ဖြစ်တယ်၊ ဗမာပြည်သူတွေအတွက် အခွင့်အလမ်းတခု ( Opportunity ) ဖြစ်လို့ ထောက်ခံကြောင်း ကုလားဧည့်သည်တွေကို မျက်စိထဲ သဲပက် သွားခဲ့ကြတယ်။ ဟိုတုန်းက သူတို့ပဲ ဗမာပြည်ရဲ့ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာ လို့ပြောခဲ့ကြပြီး အခုတော့ စစ်အုပ်စုရဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံက ပြဿနာမဟုတ် တော့ဘူးတဲ့။ ပြဿနာက မဲဆန္ဒရှင် ပြည်သူတွေရဲ့ နိုင်ငံရေးအသိပညာ( Voter Education) ကသာ အဓိကပြဿနာတဲ့။ Voter Education ကို အဓိကလုပ်ရမယ်တဲ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ပြီး မဲဆန္ဒရှင်တွေကို နိုင်ငံရေးအသိပညာ ပေးရမယ်၊ သူတို့အနေနဲ့ ရွေး ကောက်ပွဲဝင်မယ့် အင်အားစုတွေကိုလဲ ငွေကြေးကအစ ကူညီထောက်ပံ့သွားမယ်လို့ ပြောသွားကြတယ်ဆိုပဲ။ အဲဒါတွေလုပ်နိုင်ဖို့ လူထုလူတန်းစားအဖွဲ့အစည်း (Civil Society) လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်ဆိုပါလား။ နွားပြာကြီးအကြောင်းသိထားတော့ ဒါဟာ လာမည့် ပေါက္ခရ၀ဿမိုးကြီးကို တွက်ပြီး စားခွက်သစ်ထွင်လိုက်ပြန်ပြီဆိုတာ လူတွေက သိကြပါတယ်။ ဖားစားသူတွေကတော့ စားရနိုးနဲ့ မပြောတာ၊ စားလက်စလေးတွေ ကျေးဇူးနဲ့ မပြောကြတာ။ တချို့ကျတော့ အင်ဂျီအိုနဲ့သူတို့ကြားက “ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဆက်ဆံရေး” ကိုသိပြီး ပြောလည်းမထူးမှန်းသိလို့ မပြောကြတာပါ။
နောက် နှစ်မချို့တချို့ စားဖားလား ဖားစားလား မကွဲပြားတဲ့ ကျော်ဝင်းတို့လို ပညာရှင်ဘွဲ့ခံ ဇီးရိုးတွေပေါ့။ သူတို့ကတော့ ရွေးကောက်ပွဲကို ကျောခိုင်းမယ်ဆိုရင် NLD ဟာ သမိုင်းတရားခံဖြစ်တော့မယောင် တောင်တလုံးမြောက်တလုံး အင်္ဂလိပ်စကားတွေ ညှပ်ညှပ်ပြီး တောခြောက်သံပေးကြတယ်၊ သူတို့ထဲက တယောက်ဆိုရင် ကိုယ့်အမြင်ကို ပြောမိတဲ့ အပြစ်နဲ့ လူနှစ်ထောင်ကျော်ကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်နေတဲ့ စစ်အုပ်စုကိုတော့ မျက်မွှေးထော် လော်လို့မှ မကြည့်ဝံ့ပဲ၊ ကြံ့ဖွံ့လိုစွမ်းအားရှင်လို လက်ကိုင်တုတ်တွေကတောင် မထင်မထင် သလို ရိုက်နှက်သတ်ဖြတ် ခြိမ်းခြောက်ခံနေရတဲ့ NLD ပါတီကိုပဲ ခေါင်းမာသလိုလို၊ လက်တွေ့မကျသလိုလို ဝေဖန် အပုတ်ချ သတ္တိပြနေကြတယ်။ ဒါပေမဲ့ NLD နဲ့ဒေါ်စု နောက်မှာရှိတဲ့ လူထုအားကိုတော့ သိပုံရတယ်၊ ကြောက်ပုံရတယ်။ သူက စစ်အုပ်စုကိုယ်စား အလံရှုးလုပ်တာက NLD ဟာ တကယ့်အမျိုးသား ရင်ကြားစေ့ရေး လုပ်ချင်ရိုးမှန်ရင် လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၅၀) ရာခိုင်နှုန်းထက်မကျော်ဘဲ ရွေးကောက်ပွဲ ၀င်သင့်သတဲ့၊ ဒါဆို အာဏာမမက်ဘူးဆိုတာ ပေါ်လွင်ပြီးတော့ နိဂုံးသိပ်လှသွားမယ် ဆိုပါလား။ ၀မ်းရေစပ်ခံ မွေးထုပ်ခဲ့တဲ့ သူ့မွေးသမိခင်ရဲ့ ကျေးဇူးဂုဏ်ကိုမှ မထောက် အော့နှလုံးနာလောက်အောင် ဖောက်ပြန်တဲ့ ဦးနှောက်ပါပဲ၊ ဘယ်တရားနဲ့ သံဝေဂယူရမှန်းတောင် မသိတော့ဘူး။
နောက်တမျိုးကတော့ တကွင်းလုံးဆူအောင် အော်နေတဲ့ ၈၈ ထွက် ဟီးရိုးပျက် ဖားလတက် တွေပေါ့။ သူတို့ကတော့ စစ်အုပ်စုမျက်နှာရဖို့ဆိုရင် ဘုရားခန်းလဲ သေးပန်းမယ် ဆိုတဲ့ ဇီးရိုးဖားလတက်တွေ။ စေ့စေ့ငုငု ပြောရရင် အထဲမှာ တတိယအုပ်စုလိုလို ၈၈ လိုလို ပုံမှားရိုက်နေတဲ့ အင်အားစုတွေနဲ့ အပြင်မှာ ဟိုကျောင်းဒီကျောင်းတွေက ခွေးဝင်စားဘွဲ့လေး တွေကိုင်ထားပြီး လူတတ်လုပ်နေကြတဲ့ လူတွေပေါ့။ ညှိပြီး တိုင်ပင်ကိုက်နေသလား၊ တိုင်ပင် ကိုက်လို့ ညီနေသလားတော့ မသိဘူး။ အတွင်းအပြင်ကွဲပေမဲ့ အလုပ်တာ့ ညီကြတယ်။ သူတို့က ရွေးကောက်ပွဲ ဆန့်ကျင်တယ်လို့ ယူဆရတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက် ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ လူထုဦးစိန်ဝင်းတို့လို ဖက်ဆစ်စစ်အုပ်စုနဲ့ သူတို့ရဲ့ငရဲခန်းတွေကို မကြောက်မရွံ့ဘဲ မူပေါ်မှာ ကြံ့ကြံ့ခံနေတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်ကြီး တွေကို ကျားကိုခွေးဟောင်သလို ဟောင်နေကြတယ်။
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ဟီးရိုးပျက် ဇီးရိုးဖားလတက်တွေနဲ့ အဖြစ်တူ ငါးရာငါးဆယ်ဇာတ်တော်ထဲက ၀က်တကောင်အကြောင်း ပြောရအုံးမယ်၊ ဇာတ်တော်ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး။ သဘောသွားကတော့ တခါက တောအုပ်တခုမှာ ၀က် တကောင် ရွှံ့လူးနေတယ်။ အပုပ်ကြိုက်တဲ့ သတ္တ၀ါဆိုတော့ ရွှံ့ပုပ်ပဲနေမှာပေါ့။ ဒီအချိန်မှာပဲ ခြင်္သေ့တကောင် သူရှိရာကို ဗြုန်းကနဲ ရောက်လာတယ်။ ၀က်လဲ အတော်လန့်သွားတယ်။ ဒါပေမဲ့ ခြင်္သေ့က ၀က်ကိုဂရုမစိုက်ဘဲ ဒရောသောပါး ၀က်အပါးက ခွာသွားတယ်၊ ဒါကို ငရွှေဝက်က ခြင်္သေ့ကြီးက သူ့ကိုကြောက်လို့ ပြေးသွားတယ်လို့ ထင်သွားတယ်။ အသိခေါင်းပါး မိုက်မဲတဲ့ ဒီဝက်ဟာ အခြောက်တိုက်ဘ၀င်မြင့်ပြီး၊ ခြင်္သေ့ကြီးကို ဘယ်လိုမှ နားဝင်ပီယံ လည်းမဖြစ် သြဇာလည်းကင်းတဲ့ သူ့အသံနဲ့ ဟိန်းဟောက်သတဲ့၊ စိန်ခေါ်လေသတဲ့။ အခုဖားလတက် များလိုနေမှာပေါ့။ ဒီတော့ ခြင်္သေ့ကြီးက အသင်ဝက် ရှိနေတာကို ငါသိလည်းမသိ၊ မြင်လည်း မမြင်၊ ဂရုလည်းမစိုက်။ အခုချိန်မှာ ငါဂရုစိုက်နေတာ တောအုပ်တဖက်က ဆင်ရိုင်းတအုပ်ပဲလို့ ပြောသတဲ့။ ဒါတောင် ၀က်အန္ဓက ခြင်္သေ့ကြီးကို တကောင်ချင်းတိုက်ဖို့ စိန်ခေါ်ပြန်သတဲ့။ ဒီတော့ခြင်္သေ့ကြီးက အိုကေပေါ့။ အခုတော့အချိန်မရှိလို့ ဘယ်နေ့ဘယ်နေရာမှာ တိုက်ကြ မယ်လို့ပြောပြီး ထွက်သွားတယ်။
ဒီတင် ဘ၀င်ရူးဝက်အန္ဓဟာ ခြင်္သေ့ကြီးသူ့ကို ကြောက်ပြီး ပြေးသွားကြောင်း၊ ဘယ်နေ့မှာ တကောင်ချင်းတိုက်ဖို့ ချိန်းထားကြောင်း ကြွားလုံးထုတ်တော့ တာပေါ့။ မသိတဲ့ သတ္တ၀ါတွေကတော့ ၀က်အန္ဓကို အထင်ကြီးသွားကြတယ်၊ ခြင်္သေ့ကြီးကိုတောင် စိန်ခေါ် တယ်ပေါ့။ ဒါပေမဲ့ ဘုရားလောင်းပညာရှိ ယုန်မင်းနဲ့တွေ့တော့ ယုန်းမင်းက ခြင်္သေ့တွေရဲ့ အစွမ်းသတ္တိကို ပြောပြတယ်။ တချက်ချင်း ပြောပြောပြီး၊ မင်းမှာကောရှိသလား လို့မေးတယ်။ မရှိဘူး မရှိဘူးနဲ့ နောက်ဆုံးတော့ ခြင်္သေ့အစွမ်းသတ္တိကို သိပြီး အကြောက်ကြီး ကြောက်လာတယ်။ ယုန်မင်းကိုပဲ ကယ်ပါကူပါ ပူဆာတယ်။ ဒါနဲ့ ယုန်မင်းလည်း ဒီဝက်အန္ဓကို ငါကယ်မှဖြစ်မယ်ဆိုတဲ့ ဂရုဏာနဲ့ အကြံတခု ပေးလိုက်တယ်။ ၀က်အန္ဓလည်း ယုံမင်းပေးတဲ့ အကြံအတိုင်း ချိန်းတဲ့နေ့မှာ ခြင်္သေ့ကြီးနဲ့ သွားရင်ဆိုင်လေသတဲ့။ ဒါပေမဲ့ ခြင်္သေ့ကြီးက အဲဒီ ၀က်အန္ဓကို အနားတောင် ကပ်မခံဘူး ၀က် သူ့အနား ချဉ်းကပ်လာရင်ပဲ ရှောင်ခွာသွားတော့ သတဲ့။ အကြောင်းရင်းကတော့ ယုံမင်းပေးတဲ့အကြံက ကေသရာဇာခြင်္သေ့မင်းတို့ဟာ မစင်ဘင်ပုပ်ကို အလွန်စက်ဆုတ်ရွံရှာတယ်၊ ဒါကြောင့်ဝက်ကို မစင်ဘင်ပုပ်တွေ ကိုယ်လုံးပြည့်လူသွားဖို့ အကြံပေးတယ်။ ဒီလိုနဲ့ ၀က်အန္ဓလည်း သူတို့အကြိုက် မစင်ဘင်ပုပ် လူးသွားတာနဲ့ အသက်ချမ်းသာရာ ရသွားသတဲ့။ အခုလည်း ဖားလတက်ဇီးရိုးတွေ မစင်ဘင်ပုပ်ကျင်းတွေ ရှာထားဖို့ အကြံပေး လိုက်ပါတယ်။
ဇီးရိုးတွေ အထူးသဖြင့် အတွင်းအပြင်က လူတတ်လိုလို ပညာရှင်လိုလိုတွေ သိဖို့က ဗမာလူထုဟာ ဇီးရိုးဖားအပေါင်းလောက် နိုင်ငံရေးမညံ့ပါဘူး၊ အကင်းပါးပါတယ်။ ဟိုကျောင်း ဒီကျောင်းတွေမှာ ဖုံတက်စာအုပ်ကြီးတွေဖတ်ပြီး ဖီလစ်ပိုင်ကဘယ်လို၊ တောင်အာဖရိကတုံးက ဘယ့်နှယ်၊ အင်ဒိုနီးရှားမှာ ဘယ်သို့နဲ့ ကိုယ်နားလည်သလောက် သဘောတရား အတိုအစ လေးတွေနဲ့ မကိုက်တိုင်း လူထုက နိုင်ငံရေးစိတ်မ၀င်စားဘူး ကြောက်သလေးဘာလေး ပုတ် ခတ်မနေပါနဲ့ သမိုင်းတဖြတ်တည်းကို ကြည့်ပြီး မနှိုင်းယှဉ်ပါနဲ့။ ဗမာလူထုဟာ အိမ်နီးချင်း တိုင်းပြည်တွေထဲက ကြိုက်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးရေချိန် နှိုင်းယှဉ်နိုင်ပါတယ်။ ဘယ်ခေတ် မှာကြည့်ကြည့် သူခေတ်နဲ့သူ တာဝန်သိခဲ့ကြတယ်၊ တာဝန်ကျေခဲ့ကြတယ်။ နယ်ချဲ့ဆန့်ကျင် ရေးခေတ်၊ အမျိုးသားလွတ်မြောက်ရေးခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ကြည့်မလား၊ ဒေသတွင်းမှာ ထိပ်ဆုံးကရှိနေ ပါတယ်။
ပြဿနာရဲ့ အရင်းမူလဘူတက ဦးဆောင်အခန်းကဏ္ဍ ခြစားပျက်စီးမှုပဲ၊ ကိုလိုနီခေတ် ကစလို့ ဒီနေ့ခေတ်အထိ ဦးဆောင်မှု အခန်းကဏ္ဍကို စားဖားတွေနဲ့ ဖားစားသူတွေကပဲ ပုံစံအမျိုးမျိုးနဲ့ ကြီးစိုးချယ်လှယ် နေခဲ့ကြတယ်။ ပယောဂပူးကပ်တာလဲ ပါတာပေါ့။ ကျန်တာ မကြည့်နဲ့ အနီးကပ်ဆုံး ကျုပ်တို့ ပြည်ပလှုပ်ရှားမှုကိုပဲကြည့်။ ခေတ်သစ် မစ်ရှင်နရီ (Missionary) လို့ဆိုရမဲ့ အင်ဂျီအိုမြှောက်စားသူက သြဇာပေါက် ခေါင်းဆောင်ဖြစ်၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ ကိုက်ကိုက် မကိုက်ကိုက် အထက်ဆရာကြီးတွေရဲ့ ဖော်နည်းကား မျိုးစုံနဲ့ တခုမဟန် တခုကြံ ရမ်းကုအပ်ပုန်းတွေလို ဗမာပြည်ပြဿနာကို အဖြေရှာ ကုစားရင်း အနှစ်၂၀ ကျော် ကုန်ခဲ့တယ်။ လက်တဆုပ်စာတော့ သူဌေးဖြစ်သွား ကြပြီး လူထုကတော့ ပိုတောင်ဖွတ်သထက်ညစ်သွားခဲ့ရတယ်။
ဗမာလူထုဟာ အင်္ဂလိပ်လို အပျော့ဆွဲ ပါးပါးလှီးတဲ့ ကိုလိုနီအောက်မှာလည်း နေဖူးတယ်၊ အတုံးအတစ်လိုက် ခုတ်ထစ်တဲ့ ဂျပန်ဖက်ဆစ်အောက်မှာလည်း နေဖူးတယ်၊ နောက် ကယ်တင်ရှင်တဖြစ်လဲ အသွင်မတူ ရန်သူဆိုတဲ့ ဖဆပလ ဆိုရှယ်လစ်တွေ အောက်မှာ လည်း နေဖူးတယ်။ အခုနောက်ဆုံး အကြမ်းဆုံး အရမ်းဆုံး အယုတ်ကန်းဆုံး စစ်အုပ်စု အောက်မှာ နေနေရတယ်။ အတွေ့အကြုံတွေ များလှပေါ့။
ဘယ်ခေတ်မှာ ကြည့်ကြည့် လူထုဟာ သူ့ကဏ္ဍရောက်လာရင် တာဝန်ကျေခဲ့ကြတယ်၊ ဖေါက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ကို ရဲရဲရင့်ရင့် အကင်းပါးပါးနဲ့ ဆုံးမခဲ့ကြတယ်။ ဗမာလူထုရဲ့နိုင်ငံရေး အကင်းပါးမှုကို ၁၉၆၀ပြည့်နဲ့ ၁၉၉၀ပြည့် ရွေးကောက်ပွဲတွေကြည့်ရင် သိနိုင်တယ်။ စစ်ဝါဒကို တိုက်ဖို့ ၁၉၆၀မှာ ဦးနုကို မဲပေးခဲ့ကြပေမဲ့ ၁၉၉၀ကြတော့ စစ်အုပ်စုကို တကယ်တိုက်နိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတယ်။ ၆၀ခု သူရဲကောင်း ဦးနုကို မဲမပေးကြတော့ဘူး၊ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ၁၃၅၀ ပြည့် (ရှစ်လေးလုံး) အရေးတော်ပုံတွေက ဗမာလူထုရဲ့ သမိုင်းတာဝန်သိမှုနဲ့ ကျေပွန်မှုကို သက်သေထူနေတယ်။ လူထုဟာ တိုင်းပြည်နဲ့လူမျိုးကို ချစ်ပြီး စေတနာမှန်တဲ့ ခေါင်းဆောင်တွေနောက်ကို လိုက်ဖို့ဝင်မလေးပါဘူး။ ၂၀၀၂/၂၀၀၃ တုန်းက ဒေါ်စုရဲ့ပြည်တွင်းစည်းရုံးရေးခရီးစဉ်တွေမှာ အထင်အရှားပြခဲ့တယ်။ ဒါတွေကို မမြင်နိုင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့အမြင်ဟာ အတ္တ လောဘတွေ၊ မောဟတွေ ပိတ်ဖုံးနေတာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အဲဒီပုဂ္ဂိုလ်ရဲ့ အရိုးအရေတွေထဲမှာ ငပိဓာတ် ကုန်ခန်းပြီးတော့ ထောပတ်လေချဉ် တက်တာပဲ ဖြစ်ပါလိမ့်မယ်။
ဟီးရိုးပျက် ဇီးရိုးအပေါင်းကို ဗမာလူထုရဲ့ သမိုင်းနဲ့ချီပြီး ဆုံးမတတ်တဲ့ နိုင်ငံရေးကို ပြောရအုံးမယ်။ ဗမာလူထုဟာ ပြည်သူကို အကျိုးပြုခဲ့တဲ့ စေတနာထားခဲ့တဲ့ ခေါင်းဆောင် သို့မဟုတ် အုပ်ချုပ်သူတွေ၊ ပြည်သူပေါ်မှာ ရက်စက်ကြမ်းကြုတ် အမြတ်ထုတ်ခဲ့သူတွေကို ကောင်းရင် ကောင်းတဲ့အလျောက် ဆိုးရင်ဆိုးတဲ့အတိုင်း နောက်နှောင်းလူတွေအထိ သိအောင် တံဆိပ်ကပ်ပြီး ချီမွန်းခြေကျောက် ဆုံးမတတ်တယ်။ ပြည်သူအပေါ်မှာ အကျိုးပြုခဲ့တဲ့ အနော်ရထာကို နော်ရထာစောလို့ ခေါ်သလို ကျန်းစစ်သားကို မင်းကျန်စစ် လို့ ချစ်ကြည်လေးမြတ်ခေါ်တယ်၊ ဦးအောင်ဇေယျကို အလောင်းမင်းတရားရယ်လို့ တံဆိပ်ကပ် ချီးမြှောက်ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နရသူကိုတော့ ကုလားကျ သို့မဟုတ် စလေငခွေးလို့ တံဆိပ်ကပ် ခြေကျောက်တယ်။ ညံ့ဖျင်းတဲ့ သီပေါကိုတော့ မဒရပ်ပါမင်းလို့ ကဲ့ရဲ့သမုတ်ကြတယ်။ ဒီလိုပဲ နိုင်ငံလုံးမကျော်ပေမဲ့ လူထုအကြားမှာ စွဲထင်နေတဲ့ ဟီးရိုးနဲ့ ဇီးရိုးပုံရိပ်တွေဟာ ဗမာပြည်အနှံ့ ဒေသတိုင်းမှာ ရှိနေတယ်။ ကြုံကြိုက်တဲ့ အခါတိုင်းမှာလည်း ဟီးရိုးတွေကို ချီးမြှောက်လို့ ဇီးရိုးတွေအကြောင်း ကဲ့ရဲ့ခြေကျောက် နေကြတယ်။ မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်း သွားကြအုံးမှာလည်း ဖြစ်တယ်။
ကျုပ်တို့ခေတ်နဲ့ အနီးဆုံး နမူနာကတော့ ပမညတခေါင်းဆောင် သခင်ချစ်မောင် ဖြစ်တယ်။ သူ့အဖြစ်ကတော့ လူတယောက်ထဲရဲ့လုပ်ရပ်ကိုပဲ လူထုက အကောင်း အဆိုးအလိုက် ချီးမွမ်းခြေကျောက် ကြတာပါ၊ ၁၉၅၈ ၀င်ဒါမီယာ အာဏာသိမ်းမှုကြီးကို ဦးနုက ပါလီမန်မှာ တင်တော့ သခင်ချစ်မောင်က ၀ိဒူရဇာတ်တော်နဲ့ ပမာဆောင်ပြီး အာဏာသိမ်းမှုကို ကန့်ကွက်ပါတယ်။ ပါလီမန်မှာ သူရှုံးပါတယ်၊ လူထုနှလုံးသားကိုတော့ အောင်နိုင်ပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူ့ရဲ့ကောင်းမှုကို လူထုက ၀ိဒူရသခင်ချစ်မောင် ရယ်လို့ ဘွဲ့တပ် ချီးမြောက်ကြပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကိုကြတော့ သခင်ချစ် မောင်က ဆိုရှယ်လစ်စနစ်ကိုသာ သွားမယ်ဆိုရင် ခွေးကတက်ကပဲ လိုက်ရလိုက်ရလို့ ထောက်ခံမိတဲ့အတွက် ၀ိဒူရဘွဲ့ပျောက်ပြီး ခွေးကတက်ချစ်မောင်လို့ ကဲ့ရဲ့တံဆိပ်ကပ်ပြီး လူထုက ခြေကျောက်ကဲ့ရဲ့ဆုံးမလိုက်ပါတယ်။
ဒါ သတိချပ်စရာ သိမှတ်ဖွယ်ရာ ဗမာပြည်သူတွေရဲ့ လူထုနိုင်ငံရေး အကြောင်း တစေ့ တစောင်းပါပဲ။ အခုချိန်မှာ စားဖားလား ဖားစားသူလား မကွဲပြားတော့တဲ့ ဟီးရိုးပျက် ဇီးရိုးများသိဖို့က ဖားတွေရဲ့လားရာဟာ နှစ်လမ်းပဲ ရှိပါတယ်။

တလမ်းက တုတ်စာ။
တလမ်းက မြွေစာ။
ဒါပဲ။

ရဲဘော်ကျော်သန်း
၂၉.၁.၂၀၁၀။
Kyaw_than2004@yahoo.com
Kyaw_t@hotmail.com
မှတ်ချက်။ ။ http://www.rathavimutti.com.au.pn/မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခု

Denmark is a big shame.

ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။

The sea is stained in red and it’s not because of the climate effects of nature.

သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။


It's because of the cruelty that the human beings (civilised human) kill hundreds of the famous and intelligent Calderon dolphins.

လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။


This happens every year in Feroe iland in Denmark . In this slaughter the main participants are young teens. WHY?
To show that they are adults and mature.

ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။



In this big celebration, nothing is missing for the fun. Everyone is participating in one way or the other, killing or looking at the cruelty “supporting like a spectator”

ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။


Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship

လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။


They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child.

သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။


But he suffers and there’s no compassion till this sweet being slowly dies in its own blood

ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။


Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read.

ဒီလောက်ဆို တော်လောက်ပါပြီ။ ဖတ်ရုံ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။


Take care of the world, it is your home!
Assine contra essa crueldade:

ကမ္ဘာဟာ မင်းရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။

ဘ၀အတွက် စိတ်ဓာတ်အင်အားလေးတွေပါ


• ကြိုးစားသူအတွက် နေရာအမြဲရှိတယ်ဆိုပေမဲ့ ကြိုးစားတဲ့နည်းစနစ် မှန်ကန်ဖို့ လိုအပ်တယ်။
• သူငယ်ချင်း --- အမှောင်ထဲမှာ အရိပ်ရှာနေတာမျိုး မဖြစ်ပါစေနဲ့။
• အကောင်းဆုံးဆိုတာ အဆိုးဆုံးတွေကို စဉ်းစားဆင်ခြင်မှုမှ ဖြစ်ပေါ်လာတဲ့အဖြေပါပဲ။
• သူတစ်ပါးထက် နောက်မကျချင်ဘူးဆိုရင် ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို အမြဲတံခါးဖွင့်ထားဖို့
လိုပါတယ်။
• အဝေးတစ်နေရာမှ ပညာသင်ဖို့လာခဲ့ပေမဲ့ အပျော်အပါးနဲ့ မိတ်ဖွဲ့ရင်တော့ အချိန်ကုန်ပြီး အကျိုးမဲ့
သွားလိမ့်မယ်။
• အချိန်ကိုဖြုန်းတီးမိသူသည် တစ်ချိန်တွင် အချိန်လိုအပ်နေလိမ့်မည်။
• သင်၏ဘ၀အတွက်ကြိုးစားအားထုတ် ခြင်းသာလျှင် အကောင်းဆုံး အရည်အသွေးပါ။
• လူဆိုတာ ကိုယ့်အတွေ့အကြုံ နဲ့ လုပ်ရပ်ပေါ်မူတည်ပြီးဝမ်းနည်း စမ်းသာ ဖြစ်ရတာပါ။
• လူတိုင်း ကောင်းအောင် နေချင်ကြတယ် ။ ဒါပေမယ့် လူတိုင်း ကောင်းအောင် မလုပ်ချင်ကြဘူး ။
* ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
* ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
* သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
* အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
* လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
* ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။
* ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
* အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
* မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
* သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
* အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။
* ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
* အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။