Friday, December 11, 2009

အကယ်၍်

ရုဒ်ရပ်ဒ်ကစ်ပလင်း
ဘာသာပြန် - အောင်ဆန်းစုကြည်
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ….
ဒါမှမဟုတ်
မင်းဘ၀ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်…..
အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်….
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်….
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…..
အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်….
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်း မုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်…
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင်….
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်….
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်…
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို
ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် …
အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးကကြွဘူးဆိုရင်….
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်….
အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇU်တွေ ထားမနေဘူးဆိုရင်….
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…..
ငါ့သားရေ …
မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုတ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်း တယောက်ပဲပေါ့….။ ။
IF
If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:
If you can dream and not make dreams your
master;
If you can think and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two imposters just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build’ em up with worn-out tools:
If you can make one heap of all your winnings
And risk it on one turn of pitch-and –toss.
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: “ Hold on:!”
If you can talk with crowds and keep your virtue,
Or walk with Kings-nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And which is more - you’ll be a Man, my son!
RUDYARD KIPLING
(1865 – 1936)
FRIDAY, 17 JULY 2009
လွမ်းနေမိသော ငယ်ငယ်တုန်းက ဇူလိုင်လ
ငယ်ငယ်တုန်းကဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆိုဇူလိုင်လ၀င်လာပြီဆိုတာနဲ့သတင်းစာတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကို အမြဲတွေ့ရတယ်။ အမြဲဖတ်ရတယ်။ ငယ်ငယ်တုန်းကဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လထဲမှာ ၀င်လာပြီ ဆိုတာနဲ့ မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားမှာ အာဇာနည်နေ့ အမှတ်တယသီချင်းတွေ နဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေအမြဲကြည့်ရ၊ ကြားရတယ်။ ငယ်ငယ်တုန်းကဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆိုဇူလိုင်လထဲမှာအာဇာနည်နေ့နီးလာပြီဆိုတာနဲ့ကျောင်းမှာအာဇာနည်နေ့နဲ့ပတ်သက်တဲ့ဟောပြောပွဲတွေနားထောင်ရတာ၊ဆရာမတွေကအတန်းထဲမာ အာဇာနည်နေ့ အကြောင်းတွေပြောပြကြတယ်။ ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လမှာ ထုတ်တဲ့မဂ္ဂဇင်းတွေမှာအာဇာနည်နေ့နဲ့ပတ်သက်တဲ့ဆောင်းပါးတွေ၊အာဇာနည်ခေါင်းဆောင်တွေရဲ့အကြောင်းတွေကိုဖတ်ရတာဖတ်လို့ကိုမ၀ဘူး။ ငယ်ငယ်တုန်းကဇူလိုင်လလေးတွေကိုလွမ်းမိတယ်။အာဇာနည်နေ့ရောက်ပြီဆိုရင် ကစားနေ ရင်းနဲ့ဥသြဆွဲသံ၊ဟွန်းသံတွေကိုနားစွင့်နေရင်း ဥသြဆွဲသံကြားတာနဲ့ ကစားတာတွေကိုရပ်ပြီး အလေးပြုခဲ့ကြတာတွေကိုမှန်မိနေတယ်။ ခုတော့ အရင်တုန်းကနဲ့ မတူတဲ့ ဇူလိုင်လ တွေကိုပဲ ကိုယ်ပိုင်ဆိုင်နေရတယ်။ အာဇာနည်စိတ်ဓါတ်ကို ကျောင်းသားလူငယ် တွေဆီ လက်ဆင့်ကမ်းပေးတာလည်း မတွေ့ရတော့ဘူး။ အာဇာနည်နေ့ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်ခြင်း၊ အနစ်နာ ခံခြင်း၊ တိုင်းပြည်အတွက် ပေးဆပ်ခြင်းဆိုတဲ့ အရာတွေကိုလည်း ကလေးတွေ မသိဘူး၊
မကြားဘူးကြတော့ဘူး။ ခု ကလေးတွေက အာဇာနည်နေ့ရဲ့ အနှစ်သာရကို သိဖို့ ဆိုမထားနဲ့ အာဇာနည်နေ့ ဆိုတာ ဘာနေ့လည်း၊ အဲဒီနေ့ကို ဘာဖြစ်လို့ အားလပ်ရက်အဖြစ် သတ်မှန်ကြတာလည်း၊ အဲဒီနေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်တွေက ဘယ်နှစ်ယောက် လည်း၊ ဘယ်သူတွေလည်း၊ သူတို့က ဘာတွေလုပ်ခဲ့လို့ အာဇာနည်လို့ ခေါ်တာလဲ….. လဲ….. လဲ…. လဲ ပေါင်းများစွာကို မသိကြတော့ဘူး။ ရင်နာဖို့ကောင်းလိုက်တာ။ ကိုယ်နဲ့ ရင်းနှီးခဲ့တဲ့ လေးစားချစ်ခင်ရတဲ့ အကိုတစ်ယောက်ကတော့ ပြောခဲ့ဘူးပါတယ်… ကိုယ်လုပ်တာတွေ ကောင်းရင်၊ ကိုယ်လုပ်တာကို သူများက ချီးကျူးရင် ကိုယ့်အတွက်ကိုယ် ဂုဏ်မယူပါနဲ့ အဲဒါ ကိုယ်တော်တာမဟုတ်ဘူး။ ကိုယ့်ကို ပြုစု ပျိုးထောင်ပေး၊ အသိပညာတွေပေးခဲ့တဲ့ ကိုယ့်အထက်က၊ ကိုယ့်အရင်က လူတွေ တော်ခဲ့တာ။ ကိုယ်တော်လား မတော်လားဆိုတာကို ကိုယ့်နောက်က ကိုယ်လက်ဆင့် ကမ်းပေးရမယ့် လူငယ်လေးတွေရဲ့ လုပ်ဆောင်မှုနဲ့ တိုင်းရတယ်။ ကိုယ့်နောက်က လူငယ်လေးတွေ မတော်ရင် ကိုယ်မတော်တာပဲ။ ကိုယ့်အနောက်က လူငယ်လေးတွေ ညံ့ရင် ကိုယ်ညံ့တာ ပဲ တဲ့။ ဒီလိုဆို ခုခေတ် လူငယ်လေးတွေ အာဇာနည်နေ့အကြောင်းကို မသိကြတော့တာ ဘယ်သူတွေညံ့လို့လည်း။ ကိုယ်ကတော့ ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကိုပဲ ပြန်လွမ်းနေမိတယ်။ ခုခေတ် လူငယ်လေးတွေကို ငယ်ငယ်တုန်း က ဇူလိုင်လမှာ ထုတ်တဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ ပေးဖတ်ချင်တယ်။ ငယ်ငယ်တုန်းက ကျောင်းမှာ ဟောပြောခဲ့တဲ့ ဆရာမကြီးတွေရဲ့ ဟောပြောပွဲတွေကို ပြန်နားထောင်စေချင်တယ်။ ငယ်ငယ်တုန်းက ဇူလိုင်လမှာ လွှင့်ခဲ့တဲ့ အာဇာနည် နေ့သီချင်းတွေကို ပြန်နားထောင်စေချင်မိတယ်။ ငယ်ငယ်တုန်းကလို အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးချိန်မှာ ဆွဲလာမယ့် ဥသြသံကို နားစွင့်နေမိတယ်။ ကိုယ်လေ ကိုယ့်နောက်က နောင်လာနောက်သားတွေကို အာဇာနည်နေ့ဆိုတာ ကတော့ ဒီလိုပဲဟေ့ဆိုပြီးပြောပြချင်နေမိတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ….. ကိုယ်… ငယ်ငယ်တုန်းကကိုယ်ကြုံတွေ့ခဲ့ရတဲ့၊ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဇူလိုင်လလေးတွေကိုတော့လွမ်းနေမိပါတယ်။ မေမင်းဆက်။
မျက်ရည်အိုင်သောနေ့

(အာဇာနည်နေ့သို့)

(၁)

နီတျာတျာလျှင်......
သွေးဖြာလွှမ်းရစ် ၊ သမိုင်းသစ်လော့။

(၂)

မိုးပြာပြာတွင်....
တိမ်လွှာဖယ်ပစ်၊ သင်တိုင်းလှစ်လော့။

(၃)

လွမ်းဗျာပါလျှင်.....
မျက်နှာမှိုင်းညို ၊ ပါးမို့မို့နှင့်
သျှင်တို့နေပြည် ၊ လွမ်းမောစည်စွ
ကြုံလည်းနှောင်းခေတ် ၊ လွမ်းလှိုင်းနစ်လော့။

(၄)

ညစ်မှောင်မှုန်လွှမ်း၊ မိုးပြည့်ပြွမ်းသည်
ယမ်းငွေ့နှင့်ယှက် ၊ တိမ်ညိုခက်တို့
ထက်သက်စုန်ဆန် ၊ လူးလာပြန်အောင်
ဒေါမာန်ရိုက်ခတ်၊ ဟူးဟူးလွှတ်၍
သူသတ်သမား၊ ညစ်ထွားထွားတို့
မျိုးသားထွတ်ခေါင် ၊ ပြည့်ခေါင်းဆောင်ကို
လူ့ဘောင်ခမ်းဝါ ၊ သိမ့်သိမ့်ခါမျှ
ပစ်လှာမစဲ ၊ ကျည်ဆန်ဝဲသော်
သေပွဲသေပန်းပွင့်သတည်း။

(၅)

မြို့နှင့်ရွာဆက်၊ အုန်းအုန်းကျွက်တည့်
ပွက်ပွက်ထန်ထန်၊အော်ဟစ်ပြန်ရင်း
ဗြောင်းဆန်ကြေကွဲ၊ငိုသည့်ပွဲတည့်
ကျိုးကျဲဆံဖြူ၊ နားအူအူနှင့်
ဖျင်ထူလက်လျှို၊ အမေအိုလည်း
ငို၍မဆုံး၊ခါးကုန်းကုန်းနှင့်
တောလုံးဆူညံ၊လေဝယ်ပျံခဲ့။

(၆)

တောင်သူယာလုပ်၊ ဓားမခုတ်နှင့်
ပုတ်ပြတ်နေ့စား ၊ လယ်သမားတို့
ယောက်ျားဂုဏ်ရည်၊ တန့်မဆည်နိုင်
မကြည်မသက်၊ မျက်ရည်စက်ဖြင့်
လက်ခမောင်းခတ်၊ ပြေးသွားလတ်၏
ထေရ်မြတ်စံပျော်၊ရွာကျောင်းတော်သို့
ဟစ်အော်သံဝါတို့၊ ငိုသံပါနှင့်
လျှောက်ရှာသည်ကား 'ဘုန်းဘုရား'........။

(၇)

'လွတ်လပ်ရေးအတွက်၊ မျိုးမာန်တက်စွ
ပြည်သက်အားထား၊ ရွှေတောင်လားသို့
မားမားခံ့ခံ့၊ သတ္တိဟန့်နှင့်
မဆန့်ဂုဏ်အင်၊ပြည့်စုံလင်သော
ပြည်တွင်ကဲလုပ်၊ လွန်ကြိုးကုပ်သူ
ဗိုလ်ချုပ်အောင်ဆန်း၊စည်းဝေးခန်းတွင်
ယုတ်ကန်းဆိုးဝါး၊သူသတ်များသို့
ကျည်းအားသွန်မွှေ့၊ လုပ်ကြံရွေ့ကြောင့်
ရင်ပွေ့ယိုင်လဲ၊ သွေးအိုင်ထဲဝယ်
ပြိုကွဲနားညည်း၊ ပွဲချင်းပြီးပင်
ဝန်ကြီးများနှင့် ၊သေပန်းပွင့်ပေါ့'
ရင်နင့်ဗျာဝေ၊တင်လျှောက်လေသော်
ထေရ်ဝါမြတ်လည်း၊တက်ခေါက်ကျည်းဘိ။


(

ကြုံသည့်ဖြစ်အင်၊မပြောချင်တော့
မြေပြင်တုန်လျက်၊ငိုသံအက်နှင့်
ဆက်ငိုရင်းသာ ၊ငိုကြပါခဲ့
တစ်ခါတစ်ခေတ်၊သမိုင်းသစ်လွင်
ဖြစ်တောင့်ဖြစ်ခဲ၊မကြုံရဲတော့
ရှောင်လွှဲနိုင်က၊သြော်.....ကောင်းစွရှင့်။

(၉)
ညအိမ်မက်ဆိုး၊ လက်တွေ့တိုးသို့
ညှိုးငယ်မျက်နှာ၊ မသာယာကြ
ကြမ္မာဖိစီး၊ ရှားမီးကျီးဝယ်
ရင်လှီးဖောက်ဖြတ်၊ ဝါးညှပ်ပိတ်သော
သည်းပွတ်နှလုံး၊မီးကင်အုံးသို့
ယူကျုံးမနိုင်၊ သောကလှိုင်စွ
ရင်ဆိုင်တူရူ၊အောင်ပွဲယူသော
ရန်သူအို......သေမင်း၊ စစ်မခင်းရလေ
လူချင်းဖြစ်က၊ ယှဉ်ပြိုင်ကြအံ့
စိတ်မှခဲခဲ၊ အံကြိတ်မဲရင်း
ပုလဲတစ်လုံး၊ရွဲတစ်လုံးပင်
သွေးဖုံးမျက်ရည်၊ စီးရစ်လည်သော်
ဇာနည်မော်ကွန်း၊ ညစ်ထပ်စွန်းဘိ
ဥဒါန်းကမ္ဘာ မကြေသာတကား။

ထီလာစစ်သ
ပြန်ကြားရေးဝန်ကြီး သည်.. နိုင်ငံ အဝန်းဖွံဖြိုးတိုးတက်ရေး နှင့်ပတ်သတ်၍ ထုတ်ဖော်ပြောကြားခဲ့သည်..

ကျနော်တို့ အစိုးရက.. မြို့ ကြီးတွေ.. နယ်စပ်ဒေသတွေ.. ကျေးရွာတွေကို.. တန်းတူဖြစ်စေရန်.. နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ အညီ .. စီမံကိန်းတွေချပြီး တစိုက်မတ်မတ်ဆောင်ရွက်နေတယ်..

အရင်က ကျေးရွာတွေမှာ.. ကားတွေသွားလို့ မရဘူး.. အခု မြို့ တွေမှာ ဆို နီုင်ငံတော်အစိုးရရဲ့ဆောင်ရွက်မှု့ နဲ့ လမ်းတွေပျက်ကာကားတွေမသွားနိုင်တော့ဘူး..

အရင်ကဆို ရွာတွေမှာ ညအခါလရောင်တွေကိုဘဲ အားကိုးနေတော့တယ်.. အခုဆို မြို့တွေမှာ.. မီးမရှိတော့ဘူး.. လအလင်းရောင်ကို တန်းတူညီတူ.. အားကိုးနေရတော့တယ်..

အရင်ကဆို ရွာတွေမှာ.. မိုးရွာရင် ရေတွေလျှံမှာ ကြောက်နေရတယ်.. အခု မြို့ တွေမှာ.. မိုးရွာရင် ရေတွေတက်လာတာ ပြည်သူတွေ မျက်ဝါးထင်ထင်မြင်တွေ့ နိုင်ပြီ ဖြစ်တယ်..

ဒီလို ကျေးလက်ပြည်သူတွေ နဲ့ မြို့ ပေါ်နေပြည်သူတွေ အဆင့်တန်းတူတူ နေထိုင်နိုင်အောင် ကျနော်တို့ ကဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်..

ကျွန်

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

(ကောင်းကင်ကို)

ကျောင်းသားအတ္ထုပ္ပတ္တိ

"ကျောင်းသားအတ္ထုပ္ပတ္တိ"

(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ

မှတ်ချက်***
ရွှေဘုန်းလူသည် ကွယ်လွန်သူ ဆရာတာရာမင်းဝေ၏ ကျောင်းသားဘ၀က ကလောင်အမည်ဖြစ်ပါသည်။
ဆရာတာရာမင်းဝေသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ကျောင်းသားခေါင်းဆောင်တဦးအနေဖြင့်
အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်ခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)
ခေါင်းဆောင်တဦးလည်းဖြစ်ပါသည်။နောက်ပိုင်းတွင် အာဏာပိုင်များ၏မတရားဖမ်းဆီးမှုကိုခံခဲ့ရကာ ၅နှစ်
အကျဉ်းချခံခဲ့ရပြီး၊ ပြန်လည်လွတ်မြောက်လာသည့်နောက်ပိုင်းတွင် တာရာမင်းဝေအမည်ဖြင့် မော်ဒန်နှင့်
ပို့စ်မော်ဒန် ကဗျာများ၊၀တ္ထုများရေးသားထုတ်ဝေခဲ့ပါသည်။ သူ၏စာပေလက်ရာများမှာယနေ့ခေတ်လူငယ်
များအား ကြီးမားစွာလွှမ်းမိုးမှုရှိနေသော်လည်း၊ ယခင်ကဆောင်ရွက်ခဲ့သော လူငယ်ကျောင်းသားဘဝ
အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများကို လူငယ်များကြားသိရှိနည်းလျက်ရှိနေပါသည်။

ခံစားမိရာ

မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ
လူ့အခွင့်အရေး ပြည့်ဝသော
ဒီမိုကရေစီထွန်းကားသော လူ့အဖွဲ့အစည်းတစ်ခုမှာ
ရှင်သန်နိုင်ကြပါစေလို့ ဆုတောင်းမိတယ်....