Sunday, April 4, 2010

ဗီယက်နန်-မြန်မာ စီးပွားကုန်သွယ်စာချုပ်များ ချုပ်ဆို

ဗီယက်နန်ဝန်ကြီးချုပ် ငုရင်တန်ဒေါင်းဟာ မြန်မာနိုင်ငံကို သုံးရက်ကြာခရီး လာရောက်ပြီး သောကြာနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ တခြား အဆင်မြင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုလာရောက်ခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗီယက်နန်-မြန်မာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံရင်းနဲ့ ခရီးသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဗီယက်နန်အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။               

နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာမှာ လက်မှတ်ရေးထိုးခဲ့တဲ့အထဲမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ တခြား စီးပွားရေးလုပ်ငန်းဆိုင်ရာတွေ ပါဝင်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဘဏ်လုပ်ငန်းဆိုင်ရာ ထဲမှာ ဗီယက်နန်ဘဏ်တွေ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ချပေးဖို့နဲ့ မြန်မာနိုင်ငံတွင်းမှာ ဖွင့်ခွင့်ပေးဖို့အတွက် တောင်းဆိုထားပြီး ဗီယက်နန်-မြန်မာ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲဖို့ပါ ပါဝင်ပါတယ်။

ဗီယက်နန်နဲ့ မြန်မာ နှစ်နိုင်ငံဟာ မကြာခင်နှစ်တွေအတွင်း ဆက်ဆံရေးတိုးမြှင့်မှုတွေ လုပ်ဆောင်လာပြီး နှစ်နိုင်ငံ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖို့အတွက် သဘောတူလက်မှတ်ရေးထိုးမှုတွေပါ ရှိလာခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေး ဟာလည်း ၂၀၀၈ ခုနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၁၀၈ သန်းအထိ ရောက်လာတာကို တွေ့ရပါတယ်။

ဗီယက်နန်နိုင်ငံဟာ ရှေ့သီတင်းပတ်ထဲမှာ အာဆီယံ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမှာဖြစ်ပြီး အခုအစည်းအဝေး မတိုင်ခင် ရက်ပိုင်းအတွင်းမှာ ၀န်ကြီးချုပ်က မြန်မာနိုင်ငံခရီးကို သွားရောက်ခဲ့တာပါ။

အာဆီယံခေါင်းဆောင်တွေဟာ မြန်မာစစ်အစိုးရ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ ကန့်သတ်မှုတွေနဲ့ ဒီနှစ်ထဲမှာ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ မျှော်လင့်ရပါတယ်။ ဒီဥပဒေတွေကနေ အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလုပ်ဆောင်သူတွေ ပါဝင်ခွင့်မရှိဘဲ တရားမျှတမှု မရှိတာကြောင့် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ က မှတ်ပုံမတင်ဘူးလို့ ကြေညာခဲ့ပါတယ်။


ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-04-voa1.cfm?rss=topstories

မြို့တော်သစ်ရှိ လွှတ်တော်အဆောက်အအုံ

စတင် တည်ဆောက်ချိန် - ၂၀၀၂ ခုနှစ်
ပြီးစီးမည့် အချိန် - ၂၀၁၀ ဇူလိုင်၊ သြဂုတ်
ဆောက်လုပ်ရေးကုမ္ပဏီ - ACE
အနုပညာလက်ရာများ - ပုဂံခေတ်
ပါဝင်သည့် အဆောက်အအုံများ

သမ္မတနားနေဆောင်၊
ဒုတိယသမ္မတနားနေဆောင်၊
ဝန်ကြီးချုပ်အဆောင်၊
ပြည်ထောင်စုလွှတ်တော်အဆောင်၊
အမျိုးသားလွှတ်တော်အဆောင်၊
ပြည်နယ်နှင့် တိုင်းအလိုက်အဆောင် ပင်မအဆောင်၊
အစည်းအဝေးခန်းမဆောင်၊
ဧည့်ကြိုဆောင်၊
စားသောက်ဆောင် စဖြင့် အဆောက်အအုံ ၃၁ လုံး

[ ကိုးကား - Voice ဂျာနယ်၊ ဧပြီ ၅ ]

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ရွေးကောက်ပွဲ မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်ချက် အပေါ် ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ အမြင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ၂၀၁၀ ခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ဗဟို ဦးစီး အဖွဲ့ အထူး အစည်းအဝေး တစ်ရပ် ပြုလုပ်ပြီး ဗဟို ဦးစီး အဖွဲ့ဝင် များ၏ ဆွေးနွေး ချက်များ အရ ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ က ထုတ်ပြန်သော ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် တရား မျှတမှု လုံးဝ မရှိပါ သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို နိုင်ငံရေး ပါတီ အဖြစ် ထမ်မံ မှတ်ပုံတင်မည် မဟုတ်ကြောင်း အများသဘောတူ ကန့်ကွက်သူမရှိ ဆုံးဖြတ်ကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည့် နှင့် တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက် မရှိ ပြန်လည် လွှတ်ပေးရန် တောင်ဆိုကြောင်း အထူးကြေငြာချက်အမှတ် - ၄/၀၃/၁၀ ဖြင့် ၂၀၁၀ ခုနှစ် ၊ မတ်လ (၃၀) ရက်နေ့ တွင့် တရားဝင်ထုတ်ပြန်ခဲ့ပါသည် ။ ထိုသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ရွေးကောက်ပွဲ မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်ချက် ချမှတ် ထားတဲ့ အပေါ် ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာ နိုင်ငံ ၏ အမြင်ကို ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာ နိုင်ငံ ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး တစ်ဦး ဖြစ်သူ ကိုရွှေစင်ထွန်းအား ဟံသာဝတီမှ ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်ချက် ချမှတ် ထားတဲ့ အပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ဆိုတာ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးက မွေးဖွား ပေးလိုက်တဲ့ နိုင်ငံရေး ပါတီကြီး တခုပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး ကို ဆောင်ကျဉ်း ပေးနိုင်မယ့် တပ်ဦး ပါတီကြီး အဖြစ် လူထု ကလဲ အပြည့်အ၀ ထောက်ခံခဲ့ ကြပါတယ်။ နိုင်ငံရေး အဖွဲ့အစည်း တွေကလဲ တညီ တညွတ်တည်း ၀န်းရံ ပေးခဲ့ ကြပါတယ်။ အခု ဒီမိုကရေစီ နည်းလမ်း မကျတဲ့ ရွေးကောက်ပွဲကို စစ်အုပ်စုက ကျင်းပဖို့ ပြုလုပ်တဲ့ အခါမှာ လူထုကို ကိုယ်စားပြုတဲ့ တပ်ဦး ပါတီကြီး တခု ပီသစွာပဲ ရွေးကောက်ပွဲကို မှတ်ပုံ မတင်ဖို့ ပါတီ ခေါင်းဆောင် တွေက ဆုံးဖြတ်ခ ကြတယ်။ ဒါဟာ စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်ရေး ပေါ်မှာ အခြေတည် ထားတဲ့ အာဏာရှင် ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်တာပဲ ဖြစ်ပါတယ်။ တနည်း ဆိုရင် အာဏာရှင် စနစ်ကို လူထု ရှေ့က ရပ်တည်ပြီး တိုက်ရိုက် စိန်ခေါ် လိုက်တာလို့ မြင်ပါတယ်။ ဒါကိုလဲ နိုင်ငံရေး အဖွဲ့အစည်း တွေနဲ့ ပြည်သူ လူထု တရပ်လုံးက ၀န်းရံ ပေးဖို့ လိုအပ် တယ်လို့ မြင်ပါတယ်။


မေး။ ။ ဒီလို စိန်ခေါ် မှုတွေ စတင် လာချိန်မှာ ပြည်တွင်း ပြည်ပ နိုင်ငံရေး အဖွဲ့ အစည်းတွေ အနေနဲ့ ဘာတွေ လုပ်ဆောင်ဖို့ လိုမယ်လို့ သုံးသပ် မိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ အနေနဲ့ ကတော့ Manifesto မှာ ကြေငြာပြီး ဖြစ်တဲ့ အတိုင်း အကြမ်း ဖက်မှု နဲ့ ဖိနှိပ် မှုကို အုပ်ချုပ်ရေး ယန္တရား အနေနဲ့ အသုံးပြု တာကို ပြင်းပြင်း ထန်ထန် ကန့်ကွက် ပါတယ်။ ဒါကြောင့် နိုင်ငံရေး အဖွဲ့ အစည်း တခု အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ သပိတ် မှောက်ပွဲ၊ အာဏာရှင် စနစ် ဆန့်ကျင် စိန်ခေါ်ပွဲ တွေကို အပြည့် အ၀ ၀န်းရံ သွားမှာ ဖြစ်ပါတယ်။ ဒီလို ၀န်းရံတဲ့ နေရာမှာ အာဏာရှင် စနစ် ဆန့်ကျင်ရေး လှုပ်ရှား မှုရဲ့ အခြေခံ လုပ်ငန်း တာဝန်တွေ ဖြစ်တဲ့ သမဂ္ဂ အသင်း အဖွဲ့ ဖော်ဆောင်ရေး၊ ကွန်ယက် ချိတ်ဆက်ပြီး တပ်ပေါင်းစု သဏ္ဍာန် ချိတ်ဆက် ပြင်ဆင်ရေး၊ ကျစ်လျစ် ခိုင်မာအောင် တည်ဆောက်ရေး၊ အခြေ အနေနဲ့အညီ ချိန်ကိုက် လှုပ်ရှား နိုင်ရေး စတာတွေကို အကောင် အထည် ဖော်ဆောင်ဖို့ လိုအပ် မယ်လို့ မြင်ပါတယ်။
ပြီးတော့ လှုပ်ရှားမှု လမ်းကြောင်း တခုပေါ်မှာ နိုင်ငံရေး အင်အား စုတွေ အားလုံး ပေါင်းစည်း လှုပ်ရှား လာနိုင်ရေး၊ အလုပ်သမား သပိတ်၊ ကျောင်းသား သပိတ်၊ ဘာသာရေး လှုပ်ရှားမှု၊ မြို့ပြ လူထု လှုပ်ရှားမှု၊ လယ်သမား လှုပ်ရှားမှု စတဲ့ တိုက်ပွဲ တွေကနေ တဆင့် တိုင်းပြည် တခုလုံးရဲ့ လူထူ လူတန်းစား အလွှာ အသီးသီး ပါဝင်လာတဲ့ ညီညွတ်ရေးကို ဖော်ဆောင် နိုင်ရေး၊ အဲဒီကနေ တဆင့် တိုက်ပွဲ ကာလမှာ အခြေ အနေ၊ အချိန် အခါနဲ့အညီ အုပ်ချုပ်ရေး ယန္တရားသစ် အစားထိုး လာနိုင်ရေး စတာတွေ အတွက် ပြင်ဆင် ချက်တွေ ရှိရမယ်လို့ ယူဆ ပါတယ်။


မေး။ ။ ပြည်တွင်း ပြည်ပ လူထုကြီး အနေနဲ့ကော ဘယ်လို ပါဝင် လှုပ်ရှား နိုင်မယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ပြည်သူ လူထုကြီး အနေနဲ့ လှုပ်ရှားမှုကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ပူးပေါင်း ပါဝင် ထောက်ခံ လို့ ရပါတယ်။ စိတ်ပိုင်း ဆိုင်ရာ အရ ထောက်ခံမှု (Moral Support) နိုင်ငံရေး အရ ထောက်ခံမှု (Political Support) ၊ ရုပ်ဝတ္ထု ပစ္စည်း ပံ့ပိုးမှု (Material Support) နဲ့ အခြေစိုက်နေရာ ဒေသ ပံ့ပိုးပေးမှု (Sanctuary Support) စတာ တွေကို ပြုလုပ်လို့ ရပါတယ်။ သက်ဆိုင်ရာ ကျေးလက်၊ မြို့ရွာအလိုက်၊ ကျောင်းအလိုက်၊ စက်ရုံ၊ အလုပ်ရုံ၊ ရုံးတွေအ လိုက် အာဏာရှင် စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု အစု အဖွဲ့လေးတွေကို ကိုယ့်ဘာသာကိုယ် စုစည်း ထားကြဖို့ လိုအပ် ပါမယ်။ အဲဒီကနေ အထွေထွေ သပိတ်ကြီး စတင် လာတဲ့ အခါ နိုင်ငံရေး အင်အား စုတွေနဲ့ အချိန်နဲ့ တပြေးညီ ချိတ်ဆက် လှုပ်ရှား နိုင်ရေးကို ကြိုးပမ်း ဖော်ဆောင် ရမှာ ဖြစ်ပါတယ်။

ရင်းမြစ်။ ။http://www.htwd.info/2010/04/nldncum.html

ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ


ဗမာပြည်မှာ နှစ်ပေါင်း ၂၀ ကြာ စစ်အစိုးရ စစ်အာဏာရှင် အုပ်စိုးလာပြီး အခုမှ  “အများသဘောကျ ရွေးကောက်ပွဲ လုပ်တော့မယ်လို့ ကြေညာတယ်။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာတယ်။ နိုင်ငံခြားတိုင်းပြည်တွေကရော၊ ဗမာပြည်ထဲက အချို့နိုင်ငံရေးသမားဟောင်း များကရော၊ နိုင်ငံရေးသမားအသစ်စက်စက်များကရော ကိုယ့်ရှု့ထောင့်နဲ့ကိုယ် ရွေးကောက်ပွဲဝင်ဖို့သင့်ကြောင်း ပြောလာကြပါတယ်။
          နိုင်ငံခြားသားတွေကတော့ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ အစိုးရတို့ ခြားနားချက်ဟာ “ရွေးကောက်ပွဲ လို့ပဲ မြင်တယ်။ နှစ်ပေါင်း ၂၀ ကြာမှ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ၀မ်းသာကြတယ်။ ရွေးကောက်ပွဲဆိုတာ “၀င်ရမှာပေါ့ လို့ပဲ မြင်တာဟာ သဘာဝကျပါတယ်။ ပြည်တွင်းက “၀င်ကြပေါ့ လို့ ပြောကြတာဟာလဲ အမြင်အမျိုးမျိုးပါပဲ။
(၁) ရိုးအီငြီးငွေ့နေရာက “အပြောင်းအလဲတခု ဖြစ်သွားလို့၊
(၂) တခြား “ထွက်ပေါက် မရှိလို့၊
(၃) အရွေးခံရပြီး လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာကို တဖြည်းဖြည်း အရေးဆိုပြီး ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်လို့၊
(၄) သူများတွေ မ၀င်ချင်တဲ့အချိန်၊ ကိုယ် ၀င်လိုက်ရရင် “ငါတို့တော့ အချောင်အမတ် ဖြစ်ရချေသေးရဲ့ မျှော်လင့်လို့ စသဖြင့် “၀င်အမြင် အမျိုးမျိုးရှိကြောင်း သိရပါတယ်။
“မ၀င်အမြင် ရှိကြတဲ့ နိုင်ငံရေးသမားများက အထက်ပါ “၀င်အမြင်အားလုံးကို သဘောမတူကြဘူးလို့ ကြားသိရပါတယ်။ ဆန့်ကျင်ကြပါတယ်။

(၁) အငြီးပြေ အပြောင်းအလဲတခု ဖြစ်သွားခြင်း
အခုလို နှစ်ပေါင်း ၂၀ လောက် အာဏာရှင်လက်အောက် နေရတာဟာ ပြည်သူတွေအဖို့ ငြီးငွေ့တာတော့ အမှန်ပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ ဘာမှ မတိုးတက်ဘဲ “တနိုင်ငံလုံး အကျဉ်းသားဘ၀ နဲ့ ထိတ်လန့်တကြားနေလာကြရတာ ကြာခဲ့ပြီကိုး။
“အပြောင်းအလဲ လိုချင်တယ်ဆိုရင် မှန်တာပေါ့။ တိုးတက်တဲ့ အပြောင်းအလဲ လား။ “ဗြိစုံ ဗြုံစိ အပြောင်းအလဲ လား။ ပိုဆိုးမယ့် အပြောင်းအလဲ လား။ ဆုတ်ယုတ်မယ့် အပြောင်းအလဲ လား။ ဒါကို စဉ်းစားဖို့လဲ လိုပါတယ်။ ဆုတ်ယုတ်မှာလား၊ တိုးတက်မှာလား၊ အရင်အတိုင်းလားဆိုတာ ကြို ပြောမရတာလဲ ရှိ၊ ကြို ပြောလို့ရတာလဲ ရှိပါတယ်။
ခု ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေဟာ စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ နိုင်ငံတော်အခြေခံဥပဒေကို အမှီပြုပြီး ထုတ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီတော့ အခြေခံဥပဒေကို ပြန်ကြည့်ပြီး ပြောမှသာ အပြာင်းအလဲ “ဖြစ်၊ မဖြစ် ဆိုတာ ပေါ်လွင်ပါတယ်။ ရှေ့ကိုလဲ မျှော်မှန်းကြည့်လို့ ရတန်သလာက် ရပါတယ် တဲ့။
အခြေခံဥပဒေဆိုတာ ဘယ်သူတွေက ဘယ်လိုအခွင့်အရေးနဲ့ ရွေးဆွဲတာလဲ။ “ဘယ် အခွင့်အာဏာ နဲ့ ရေးဆွဲတာလဲဆိုတာ အလွန် အရေးကြီးပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ရဲ့ အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းအရ အများသဘောကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲမှသာ သဘာဝကျပါမယ်။ အဓိပ္ပါယ်က ပြည်သူတွေက အာဏာအပ်နှင်းခံရတဲ့ ပုဂ္ဂိုလ်များက အခြေခံဥပဒေကို ရေးဆွဲရပါမယ်။
ခုဟာက စစ်အာဏာရှင် ဗိုလ်ချုပ် (တွေ) ကပဲ ရေးဆွဲတာဖြစ်ပါတယ်။ စစ်အာဏာရှင်ဟာ တရားဝင်အစိုးရမဟုတ်ပါ။ ပိုဆိုးတာက တရားဝင် ရွေးကောက်ထားတဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြု၊ စစ်အာဏာရှင်တစုရဲ့ အကျိုးအခွင့်ကိုသာ ကာကွယ်ပြီး စစ်အာဏာရှင်ကသာ ထင်ရာစိုင်းပြီး ရေးဆွဲထားတဲ့ဥပဒေ ဖြစ်ပါတယ်။
အများသိပြီးဖြစ်တဲ့အတိုင်း စစ်အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်း (တမတ်သား) ဟာ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များသာ ဖြစ်ရမယ် တဲ့။ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များ ဖြစ်ရမယ် တဲ့။ ပို ဆိုးတာက ဒီ ကိုယ်စားလှယ်များကို သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ ထိပ်ဆုံးက အကြီးဆုံးရာထူးတွေကိုသာ ပေးအပ်ရမယ် တဲ့။ ၂၅ ရာခိုင်နှုန်းနဲ့ ကျန် ၇၅ ရာခိုင်နှုန်းတို့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်းက များတာပေါ့လို့ ထင်စရာ ပဲ။ ဒါပေမဲ့ တကယ့်အာဏာတွေက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
          အဲဒီ စစ်ဗိုလ်တွေဟာ မှားယွင်းမှု ရှိခဲ့ရင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးစလုံးအတွက် လွှတ်တော်က (နိုင်ငံတော်က) အရေးယူခွင့် မရှိစေရ တဲ့။ အရေးယူစရာရှိရင် စစ်တပ်ကသာ အရေးယူရမယ် တဲ့။ အဲဒီမှာပဲ “နိုင်ငံတော်ရဲ့အာဏာ”  က “ပဲ့ သွားခဲ့ပါပြီ။ “စစ်ဗိုလ်တွေသာလျှင် ဆိုတဲ့ သဘော ဆောင်သွားပါပြီ တဲ့။
အခြေခံဥပဒေနဲ့တကွ အခြား အပြောင်းအလဲတခုခု လုပ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ် (အမတ်) ၇၅ ရာနှုန်းက ထောက်ခံရမယ် တဲ့။ ဒီ ၇၅ ရာနှုန်းဟာ စစ်ဗိုလ်ချုပ် ၂၅ ရာနှုန်းရဲ့ အတိုက်အခံတွေချည်း မဟုတ်နိုင်ပါဘူး။ စစ်တပ်ကထဲ့ထားတဲ့ စစ်တပ်လက်အောက်ခံ ပါတီအဖွဲ့အစည်း (ဥပမာ ကြံ့ဖွံ့) က အမတ်တွေလဲ ပါနိုင်ပါတယ်။ အမတ်တယောက်လျှော့သွားရင် ၇၅ ရာနှုန်း မပြည့်တော့ပါဘူး။
ဒီမိုကရေစီလွှတ်တော်မှာ “စစ်တပ်ကိုယ်စားလှယ် လို့ သီးခြား၂၅ ရာနှုန်း (တမတ်သား) တောင်းစရာ မလိုပါ။ ဒီလိုဆိုရင် စာရေးဆရာတွေကလဲ တမတ်သား၊ လယ်သမား တမတ်သား၊ အလုပ်သမား တမတ်သား၊ ရဲက တမတ်သား၊ ကျောင်းဆရာ တမတ်သား၊ ဆရာဝန် တမတ်သားဆိုပြီး အားလုံးကပဲ တမတ်သားစီ တောင်းခွင့် ရှိရပေမှာပေါ့။ စစ်တပ်တခုတည်းကသာ ဘာ့ကြောင့် “တမတ်သား တောင်းထားရသလဲ။ ထိပ်ဆုံးက ဘာ့ကြောင့် နေခွင့်ယူထားရသလဲ။ ဒီလိုဆိုရင် ဗိုလ်နေ၀င်းရဲ့ ဦးနေ၀င်း အရပ်သားအစိုးရနဲ့ ဘာ ထူးသလဲ။ ဗိုလ်သန်းရွှေနဲ့ ဦးသန်းရွှေ၊ ငရဲမင်းနဲ့ ယမမင်း၊ ဂ ကောက်ကောက်နဲ့ ကွေးကွေး၊ ဘာများပြောင်းလဲသွားမှာလဲ တဲ့။ နိုင်ငံရေး ဝေဖန်သူတွေက မေးကြပါတယ်။ ဆိုလိုတာက ဒီ ရွေးကောက်ပွဲ ပြီးသွားရင်လဲ ဘာမှ ပြောင်းလဲမှု မရှိ။

(၂) ထွက်ပေါက်တခု ပေါ်လာခြင်း
ထွက်ပေါက် နဲ့ ပတ်သက်ပြီး ဗမာ ပြောရိုးပြောစဉ်မှာ “ရှေ့ပေါက်၊ “နောက်ဖေးပေါက်၊ “မလွယ်ပေါက်၊ “ခွေးတိုးပေါက် စတဲ့ စကားတွေ ရှိပါတယ်။ ခု စစ်အာဏာရှင်ပေးတဲ့ ထွက်ပေါက်ကို ဘယ်လို နာမယ်ပေးချင်ပါသလဲ မသိပါ။
တခြား ထွက်ပေါက် မရှိဘူးဆိုတာ အမှန်ပဲလား။ အာဏာရှင်က ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ ပြည်သူ ထွက်ချင်တဲ့ ထွက်ပေါက် ဟုတ်ပါရဲ့လား။ ပြည်သူက ဒီ ထွက်ပေါက်မျိုးကပဲ ထွက်ချင်သလား။ တခြား ထွက်ချင်တဲ့ ထွက်နိုင်တဲ့ ထွက်ပေါက် မရှိတော့ဘူးလား။ ဘာလား၊ ညာလား စသဖြင့် အမျိုးမျိုး တွေးကြ ရေးကြပါတယ်။
ကောင်းပါပြီ။ ဒီ ထွက်ပေါက်ကပဲ ထွက်ကြမယ်ဆိုပါတယ်။ ဒီ ထွက်ပေါက်က ဘယ်ရောက်မှာလဲ။ အတိုဆုံး ပြောရရင် စစ်တပ် ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ စစ်အာဏာရှင်ရဲ့ စစ်ဖိနစ်အောက်ကိုပဲ ပြန်ရောက်မှာပါ တဲ့။ ဒီ ထွက်ပေါက်ကို ခွင့်တာဟာ “မလိမ့်တပတ် မဟုတ်တာ မဟုတ်။ “ဗြောင် လုပ်တာပါပဲ။ ဒီလိုလုပ်တဲ့အတွက် ဘာ အကျိုးရှိသလဲ။
 ပြည်သူအဖို့ အကျိုးမထူး။ စစ်အာဏာရှင်အဖို့ အကျိုးထူးပါတယ် တဲ့။ ဒီလို ဝေဖန်ကြပါတယ်။
ဒီ ရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် အရင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ ဖျက်သိမ်းပြီးသား ဖြစ်သွားမယ်။ ပြည်သူ ရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလဲ လွှတ်တော် မဖြစ်မြောက်လိုက်ဘဲ ဖယ်ရှားပြီးသား ဖြစ်သွားမယ်။ နှစ်ပေါင်း ၂၀ ကျော်လောက် တရားမ၀င် “အာဏာရ စစ်အစိုးရ လဲ တရားဝင် ဖြစ်သွားပြီး သူတို့က ကြိုက်သလို (ဆွဲခွင့် မရှိဘဲ ဆွဲထားတဲ့) အခြေခံဥပဒေလဲ အတည် ဖြစ်သွားမယ်။ ဒါ့ကြောင့် ဘယ်သူ့အတွက ထွက်ပေါက် လဲ။ ပြည်သူအတွက် ထွက်ပေါက် လုံးဝ မဟုတ်။ အာဏာရှင်အတွက် တရားဝင်ဖြစ်အောင် လုပ်ထားတဲ့ “ထွက်ပေါက် ဖြစ်ပါတယ် တဲ့။
တခြားဖြစ်နိုင်တဲ့ထွက်ပေါက်ကို အဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်နဲ့ “သော့ လုပ်ထားပါတယ်။ အကျပ်အတည်းက လွတ်အောင်လို့ပါပဲ။ အာဏာရှင်တွေ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ တူအောင် နည်းနည်းလေးပဲ ပြင်ပေးပါ၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပါ၊ တွေ့ဆုံ ဆွေးနွေးပါ စသည်ဖြင့် ဖြစ်ပါတယ်။ အာဏာရှင်ဘက်က တခုမှ လိုက်လျောခြင်း မရှိသလောက်ပါ ပဲ။ (ဦးတင်ဦး လွတ်လာတာလေးက လွဲလို့)။
ဒါ့ကြောင့် ရွေးကောက်ပွဲ နိုင်ခဲ့လို့ အများစု ထောက်ခံမှုရတယ်လို့ အများက ယူဆတဲ့ အဖွဲ့ချုပ်ရဲ့ တလေးတစား တောင်းဆိုမှုကို ငြင်းပယ်ခံရတဲ့ “ရွှေဂုံတိုင်ရွှေသော့ နဲ့ ဖွင့်နိုင်မယ့် ထွက်ပေါက်က ထွက်လို့ မရတော့ပါ။    
တခြားနည်းကတော့ “ပြည်သူစွမ်းအား ဆိုတဲ့ သော့နဲ့ ဖွင့်ဖို့ ရှိပါတော့တယ် တဲ့။ ဒီလိုဆိုတော့ ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတဲ့သေဘာက အားသားရင် မျှော်လင့်ရတဲ့ ထွက်ပေါက်က “ပြည်သူစွမ်းအား ထွက်ပေါက် ပါပဲ တဲ့။

(၃) လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာ ပြုပြင်သွားနိုင်ခြင်း
ဒါမျိုးကို ကိုလိုနီလက်ထက်ကစပြီး ဗမာတွေ အတွေ့အကြုံရှိခဲ့ပါပြီ။ ဂျီစီဘီအေခေတ်က “ပူးသတ်ဝါဒနဲ့ ကြွေးကြော်ပြီး ဘုရင်ခံရဲ့ အစိုးရအဖွဲ့ထဲ ပူးပေါင်း ၀င်ရောက်သွားတဲ့ ၀ံသာနုဂိုဏ်းကလို ပါပဲ တဲ့။ “ပူးသတ် ဆိုပေမဲ့ ကိုယ်ပဲ “ပူးသတ် ခံရပြီ ကိုယ်ပဲ ဘုရင်ခံနဲ့အတူ “ပူး သေ“ သွားရတာပါပဲ တဲ့။ သူများဖွဲ့တဲ့ အစိုးရအဖွဲ့ထဲဝင်ရင် သူများအောက်ကပဲ ရောက်ရမှာ မလွဲပါဘူး တဲ့။

(၄) အချောင်အမတ် ဖြစ်ခြင်း
ဒါကတော့ အမတ် ဖြစ်လိုသူများအတွက်တော့ မှန်နေတာပါပဲ။ သူတို့အတွက် “ထွက်ပေါက် ပါ ပဲ တဲ့။ ပြည်သူ့အတွက် မဟုတ်ပါဘူး တဲ့။
ခု ရွေးကောက်ပွဲဥပဒေကထွက်လာတာ အချိန် နောက်ကျပါတယ်။ ပါတီတွေ ဖွဲ့ဖို့လဲ နောက်ကျပါတယ်။ ပြည်သူ့အသံကို ကိုယ်စားပြုရမယ့်ပါတီတရပ်ဟာ တပြည်လုံးကို အချိန်ယူ စည်းရုံးရပါအုံးမယ်။ ပါတီက ခုမှ ဖွဲ့ရမှာပါ။ ပါတီရဲ့လမ်းစဉ်ကလဲ ခုမှ ရေးဆွဲ၊ ခုမှ ကြေညာရမှာပါ။ အသစ်ဖွဲ့မယ့် ပါတီက ၀ါဒလမ်းစဉ်ကို တင်ပြရင် ရွေးကောက်ပွဲကော်မရှင်အသစ်ကလဲ မှတ်မု့တင်ခွင့် ပြုပါ့မလား။ ဥပမာ “စစ်အာဏာရှင် အမြစ်ဖြုတ်ရေး လမ်းစဉ် ကို တင်ပြ ကြေညာခွင့် ရမှာလား တဲ့။ ပါတီ ဖွဲ့ဖို့၊ စည်းရုံးဖို့ တနှစ်တောင် အချိန် မပေးတဲ့အပြင် ဖွဲ့စည်းပြီးသား ပါတီများလဲ ထပ်မံပြီး ပါတီသစ်တွေလိုပဲ မှတ်ပုံတင်ရအုံးမတဲ့။ အဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကြာမှ ထပ်ပြီး မှတ်ပုံတင်ရအုံးမယ့် သဘော ပါ။
ပါတီဖွဲ့ပြီးရင် အနည်းဆုံး၃နေရာကယှဉ်ပြိုင်ရမယ်။ မပြိုင်ရင် ပါတီ ပယ်ဖျက်မယ် တဲ့။ ရွေးကောက်ပွဲ ၀င်ရင် အခြေခံဥဒေကို (စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ ဥပဒေ ကို) အကာအကွယ် ပေးပါ့မယ်လို့လဲ လက်မှတ်ထိုးရအုံးမှာ တဲ့။ လွှတ်တော်ထဲရောက်မှ “အခြေခံဥပဒေကို ပြင်ချင်ပါတယ် လို့ ပြောလို့ မရတော့ဘူး ပေါ့။ အစကတည်းက “မီးသေအောင် အာဏာရှင်က လုပ်ထားတော့ ရွေးကောက်ပွဲ ၀င်မယ့် အမတ်လောင်း (ပါတီကိုယ်စားလှယ်တွေ) က “မီးငြှိမ်း ပြီးမှ “၀င် လို့ရမယ့် အဓိပ္ပါယ် ပါပဲ။
“သဘောကွဲလွဲခွင့် မရှိရင် ရွေးကောက်ပွဲ လုပ်နေစရာ မလိုတော့ပါဘူး တဲ့။
အားလုံးကို ခြုံလိုက်ရင် အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေဟာ အာဏာရှင်အလိုကျ ရွေးကောက်ပွဲသာ ဖြစ်မှာပါ တဲ့။ ဗိုလ်သန်းရွှေက တောင်ရှည်ပုဆိုးကြီး ၀တ်ပြီး ဦးသန်းရွှေ ဖြစ်လာတာကလွဲလို့ ဘာမှ ထူးမှာ မဟုတ်ပါဘူး တဲ့။
ဗြိစုံနဲ့ ဗြုံစိ၊ အရာကြီးနဲ့ ဘာဘူကြီး၊ ဗိုလ်ရွှေနဲ့ ဦးရွှေ၊ ငရဲမင်းနဲ့ ယမမင်း သာ။
မစိုးရိမ်ဆရာတော်ကြီးက မိန့်တော်မူဖူးတယ်။ သံဃာတောင် သတ်တဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ “ဥပဒေ နဲ့ “ရွေးကောက်ပွဲ ကို ဖတ်ဖို့ မလို၊ စဉ်းစားဖို့ မလို၊ ထောက်ခံဖို့ မလို။ သူတို့ကို သံဃာတွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ထားတယ်။ သူတို့ ကံကြီးထိုက်ကြမယ်။ သူတို့ကို ထောက်ခံသူများလည်း ကံကြီးထိုက်နိုင်တယ် တဲ့။ ကံကြီးထိုက်မယ့် အပြုအမူကို ရှောင်ကြပါစို့။

မောင်စွမ်းရည် ၂၀၁၀ မတ် ၂၇
(Burma Today က ဖော်ပြပြီးသည်ကို ပြန်လည်ဖော်ပြပါတယ်။)

နိုင်ငံရေးပါတီတချို့ ရွေးကောက်ပွဲအတွက် မဟာမိတ်ဖွဲ့မည်

ရွေးကောက်ပွဲဝင်လိုတဲ့ ဒီမိုကရေစီအင်အားစုတွေ နိုင်ငံရေးပါတီတွေအကြား ပါတီတရပ်တည်း ဖြစ်လာအောင် အခု ဆွေးနွေးမှုတွေ စည်းရုံးမှုတွေရှိနေပါတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်က လာမယ့်ရွေးကောက်ပွဲမှာ ညီညွတ်တဲ့ အင်အားစုတရပ်ဖြစ်လာစေဖို့ ရည်ရွယ်တယ်လို့ ကြိုးပမ်းသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။                       

ရှမ်းအမျိုးသားနိုင်ငံရေးသမားကြီး ဦးရွှေအုံး ဦးဆောင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်နဲ့ ၈၈ ကျောင်းသားဟောင်းတချို့ ဦးဆောင်တဲ့ လူထုဒီမိုကရေစီပါတီတို့ မူလပါတီတွေကို ဖျက်သိမ်းပြီး ပါတီသစ်တခု ဖွဲ့စည်းဖို့ စတင်ကြိုးပမ်းလိုက်ကြတာပါ။ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ယုံကြည်လိုလားတဲ့ ဒီမိုကရက်တစ်ပါတီတွေကို ပေါင်းစည်းဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ စည်းရုံးလှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ရှင်းပြပါတယ်။

"ဘယ်လိုအဖွဲ့အစည်းမျိုးတွေကို ကမ်းလှမ်းသလဲဆိုတော့ ဒီမိုကရက်တစ်အင်အားစု သီးသန့်ရပ်တည်နေတဲ့ အဖွဲ့အစည်း တွေကို ကျနော်တို့ ကမ်းလှမ်းပါတယ်။ ကိုအေးလွင်တို့လို အဖွဲ့အစည်းတွေကိုတော့ ကျနော်တို့ မကမ်းလှမ်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဖွဲ့အစည်းတွေက ပုံစံတခုနဲ့ အဲန်အယ်လ်ဒီကို တိုက်ခိုက်တယ်၊ ဒီမိုကရက်တစ် အင်အားစု တွေကို တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေ ရှိတဲ့အတွက် အဲဒီလို အင်အားစုတွေကိုတော့ ကျနော်တို့က ညီညွှတ်ရေး မတည်ဆောက်ခဲ့ပါဘူး။ ကျနော်တို့ ညီညွတ်ရေး တည်ဆောက်နေတယ်ဆိုတာက ဒီဘက် ဒီမိုကရက်တစ်အင်အားစု အဖြစ် ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေကိုပဲ ကျနော်တို့ ညီညွတ်ရေး တည်ဆောက်နေတာပါ။"

နောက်ထပ် တခြား နိုင်ငံရေးပါတီတွေရော ဒီလိုပူးပေါင်းဖို့အတွက် ကမ်းလှမ်းဖို့ သဘောထားမျိုးတော့ ရှိလား။ -

"ကျနော်တို့ နောက်ထပ် တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဆွေးနွေးညှိနှိုင်းဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ပါတီ မှတ်ပုံတင်လုပ်ဖို့ကိုတော့ ဧပြီလ ပထမအပတ်ထဲမှာ ကျနော်တို့လုပ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ register လုပ်ရေး ကိစ္စ ကလည်း တဘက်က အချိန်အကန့်အသတ်တခု ရှိနေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီ register ကိစ္စကိုလည်း လုပ်ရင်းနဲ့ တဘက်က ညီညွတ်ရေးကိုလည်း ဆက်ပြီးတော့ လုပ်သွားမှာပါ။"

ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးကတော့ ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ အခြေခံရှိတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်း မှန်သမျှ ကို စုစည်းသွားမယ်လို့ ပြောပါတယ်။

"တယောက်စီလုပ်တာထက်ကို နှစ်ယောက်လုပ်တာက ပိုပြီးတော့အားရှိတယ်ဆိုပြီး ပေါင်းတာပေါ့လေ။ ရည်ရွယ်ချက် လည်း တူတယ်။ လုပ်ငန်းစဉ်ချင်းလည်း တူတယ်။ ဒါကြောင့် ပေါင်းလုပ်တာပေါ့။ ကျနော်တို့က နောက်ထပ် အဖွဲ့ထဲမှာ တိုးချဲ့ဖို့ စီစဉ်ထားတာလည်း အများကြီး ရှိပါတယ်။ ကျနော်တို့က တကွဲတပြားစီ လုပ်တာနဲ့စာရင် ပေါင်းလုပ်တာ ပိုလုပ် တာ ပိုပြီးတော့အားရှိတယ်ဆိုပြီးတော့ ၀ါဒချင်းတူတာ ပေါင်းတာပဲလေ။ မူလ ကျနော့်အဖွဲ့က ပြည်ထောင်စု ဒီမိုကရေစီ အဖွဲ့၊ ပြည်နယ် ၇ ခုက လူမျိုးစုတွေကို အဓိကထားပြီး ဖွဲ့ထားတာ။ နောက်တော့ ကျနော်တို့ချည်း လုပ်လို့မရဘူး။ မြန်မာ အမျိုးသားတွေနဲ့လည်း ပေါင်းပြီး လုပ်ရမယ်ဆိုပြီးတော့ ၈၈ မျိုးဆက်သစ် ကျောင်းသားတွေ ရှိတယ်။ သူတို့လည်း ပါတီ ထောင်ဖို့လုပ်နေတယ်။ ဆိုတော့ သူတို့နဲ့ ကျနော်တို့နဲ့ ပေါင်းပြီးတော့လုပ်လို့ရှိရင် အားပိုရှိမယ်ဆိုပြီးတော့ ကျနော်တို့က စလုပ်တာပါ။ ကျနော်တို့လည်း ပြည်ထောင်စုစနစ်ကို လိုချင်တယ်။ သူတို့လည်း ပြည်ထောင်စုစနစ်ကို လက်ခံတယ်။ ဆန့်ကျင်တိုက်ခိုက်ရေး (confrontation) ကို ကျနော်တို့ မကြိုက်တော့ဘူး။ cooperation ပူးပေါင်းဆောင်ရွက်ရေး သွားချင်တယ်။ သူတို့လည်း အဲဒီမူကို လက်ခံတယ်။ သွားမယ့် ပန်းတိုင်ချင်းလည်း တူတယ်။ လုပ်နည်းလုပ်ဟန်ချင်းလည်း တူတယ်။ နောက်ပြီးတော့ မြန်မာပြည်ထောင်စုစိတ်ဓါတ်ကိုလည်း တကယ်ရှိတာ။ ဒါကြောင့် ကျနော်တို့က အဲဒါဆိုရင် ပေါင်းပြီးတော့လုပ်ကြမယ်ဆိုပြီးတော့ အဲဒါ စပေါင်းတာပဲ။"

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးသုဝေကတော့ အားလုံးပူးပေါင်းလုပ်နိုင်တဲ့ အခြေအနေအတွက် အချိန်တခု စောင့်ဆိုင်းဖို့ လိုတယ်လို့ ဆိုပါတယ်။ သူတို့ပါတီအနေနဲ့တော့ နေပြည်တော်မှာ မှတ်ပုံတင်ထားပြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုမိန့်ကို စောင့်နေရတယ်လို့ ပြောပါတယ်။

"သူတို့ ဖိတ်စာပို့ပါတယ်။ အခုကတော့ ကိုယ့်အတွက်ကို လုပ်တုန်းပေါ့နော်။ ကိုယ့်အတွက်ချည်းပဲတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့က အဓိက ကတော့ ကိုယ့်ဟာကိုယ် လုပ်မှာပေါ့။ သို့သော်လည်းပဲ ပေါင်းလုပ်တဲ့အခါလည်း လုပ်ရမှာ ပေါ့။ ဒါပေမဲ့ ပေါင်းလုပ်ဖို့အချိန် မကျသေးဘူးထင်လို့ မလုပ်တာပါ။"

စစ်အစိုးရဗိုလ်ချုပ်ဟောင်းတွေပါဝင်တဲ့ နိုင်ငံရေးပါတီတွေ၊ ကြံ့ခိုင်ရေးလို စစ်အစိုးရနောက်ခံ အင်အားစုတွေဖွဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ယှဉ်ရင်တော့ တကယ်တမ်းတော့ ဒီမိုကရေစီလိုလားတဲ့င်အားစုတွေက ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အားနည်းနေတုန်းပဲလို့ ဆိုရမှာပါ။ လွှတ်တော် ၃ ရပ်အတွက် အမတ်နေရာ ၁,၀၀၀ ကျော် အပြည့် ၀င်ပြိုင်နိုင်မယ့် အလားအလာလည်း မရှိကြပါဘူး။

ဒါကြောင့်လည်း အခုလို တပါတီချင်းထက် နီးစပ်ရာ စုဖွဲ့ဖို့ ကြိုးပမ်းနေတယ်လို့ ယူဆရပါတယ်။ အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ်နဲ့ အခြားတိုင်းရင်းသားပါတီတွေကတော့ ဒီရွေးကောက်ပွဲကို လက်မခံဘဲ၊ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။


ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-02-voa4.cfm