Thursday, April 8, 2010

တိုင်းရဲမှူး အပြောင်းအလဲကြောင့် ရန်ကုန် အနှိပ်ခန်းများ ယာယီ ပိတ်


ရန်ကုန်တိုင်း ရဲမှူး အပြောင်းအလဲ ကာလတွင် ရန်ကုန်ရှိ အနှိပ်ခန်းအများစု လုပ်ငန်း ခေတ္တ ရပ်နားထားရန် ခရိုင်ရဲများ၊ မြို့နယ် ရဲစခန်းများက ညွှန်ကြားထားကြောင်း အနှိပ်ခန်း လုပ်ငန်းရှင်များထံမှ သိရသည်။
ရဲတချို့ကလည်း ရန်ကုန်တိုင်း ရဲမှူးကြီးအဖြစ် ရဲမှူးကြီးအောင်ဒိုင်း တာဝန်ယူပြီးနောက် အဖမ်းအဆီးတချို့ ပြုလုပ်ပြနေသည် ဟုဆိုသည်။

ရဲမှူးအပြောင်းအလဲ ကာလတွင် ဖြစ်တတ်သည့် ထုံးစံအတိုင်း ဥပဒေပြင်ပမှ လုပ်ငန်းများ ဖြစ်သော ဆိုင်းဘုတ် မတင်ထားသည့် အနှိပ်ခန်းများ အလှပြင်ဆိုင် အမည်ခံ အနှိပ်ခန်းများ အားလုံး နီးပါး ခေတ္တ ရပ်နားရပြီး အသစ် ရောက်ရှိလာသည့် ရဲမှူးကြီးနှင့် ညှိနှိုင်း နားလည်မှု ရပြီး နောက်တွင် ပြန်လည် လုပ်ကိုင်ကြသည်ဟု ရဲအသိုင်းအ၀န်းနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
လောင်းကစား လုပ်ငန်းများ ဖြစ်သည့် တစ်လုံး၊ နှစ်လုံး၊ သုံးလုံးနှင့် ဘောလုံးဒိုင်များလည်း သတိဖြင့် လုပ်ကိုင်နေကြသည်။ အချို့မြို့နယ်များတွင် အဖမ်းအဆီး ရှိနိုင်ကြောင်း ယခင် ဆက်ကြေး ကောက်ခံပြီး တာဝန် ယူထားသူ ရဲများက လောင်းကစားဒိုင်များအား သတိပေးထားသည်ဟု ဆိုသည်။
ယခင် ရဲမှူးကြီး အောင်နိုင်သူအား မန္တလေးတိုင်းသို့ ပြောင်းရွှေ့သွားရသည်။
သူ၏ နေရာတွင် ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့လာသော၊ စစ်ဘက်တွင် အမှုထမ်းဖူးသော ရဲမှူးကြီးအောင်ဒိုင်းနှင့် အစားထိုးခဲ့သည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို ရဲဝန်ထမ်းမှ ရာထူး တက်လာသူထက် စစ်တပ်မှ ပြောင်းရွှေ့လာသူအား အုပ်ချုပ်စေလိုသည့် အချက်ကြောင့် ရဲမှူးကြီးအောင်နိုင်သူသည် လောင်းကစားမှုများနှင့် မှုခင်းနှိမ်နှင်းရာတွင် နာမည်ရသော်လည်း မန္တလေးသို့ ပြောင်းရွှေ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ရန်ကုန်မြို့ တခွင်တွင် အနှိပ်ခန်းပေါင်း အနည်းဆုံး ၃၀၀၀ ကျော် ရှိလိမ့်မည်ဟု ပြီးခဲ့သည့် လများက မဇ္ဈိမသတင်းဌာန၏ သတင်း တပုဒ်တွင် ဖော်ပြခဲ့ဖူးပြီး၊ လက်ရှိ ကာလတွင်လည်း အလှပြင်ဆိုင် အမည်ခံ အနှိပ်ခန်းများ မှန်မှန် တိုးပွားလျက် ရှိသည်ကို တွေ့မြင်နေရသည်။
လမ်းတိုင်းတွင် အလှပြင်ဆိုင် အမည် ခံထားသည့် အနှိပ်ခန်းများကို မြင်တွေ့နိုင်သည်။ ထို လုပ်ငန်းများတွင် ညလည် သန်းခေါင်ချိန်အထိ မိန်းကလေးငယ်များ အလုပ် လုပ်ကိုင်လေ့ရှိသည်။ လျှပ်စစ်မီးမလာသည့် အချိန်များတွင် မီးစက်များ နှိုးထားသည့်အတွက် အနှိပ်ခန်း လုပ်ငန်း ကိုပါ တွဲဖက် လုပ်ကိုင်နေသည့်ဟု ကောက်ချက် ချနိုင်ကြောင်း ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
လူနေအိမ်များအကြား အနှိပ်ခန်းဖွင့်လှစ် ထားခြင်းကြောင့် ညသန်းခေါင် အနှိပ်ခန်း လာသူ အ၀င်အထွက်ဖြင့် အနီးအနား ပတ်ဝန်းကျင်တွင် နေထိုင်သူများ အနှောက် အယှက် ဖြစ်ခြင်း၊ သောက်စားမူးယစ်သူ အနှိပ်ခန်း ဖောက်သည်များကြောင့် အိမ်နီးနားချင်းတွင် နေထိုင်သူ မိန်းကလေးများ ကာယိနြေ္ဒ ပျက်အောင် ပြောဆို ခံရခြင်းများ ကိုလည်း ကြားသိနေရသည်။
သို့ရာတွင် အနှိပ်ခန်း စီးပွားရေးမှာ ရဲ၊ ရယကနှင့် အခြားသော ထောက်လှမ်းရေး အဖွဲ့များ၏ ဘေးပန်းဝင်ငွေရရာ နေရာတခု ဖြစ်သည်။
သတင်း အချက် အလက်များ စုဆောင်းလိုသည့် ရည်ရွယ်ချက်ဖြင့်လည်း အဆိုပါ တရားမ၀င် လုပ်ငန်းများအား လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရင်းမြစ်။ ။မိုးမခ

တရားဥပဒေကြောင်းနှင့်အညီ ဆောင်ရွက်ပေးရန် တရားသူကြီးချုပ်ကို အန်အယ်လ်ဒီ အကြောင်းကြား

မြန်မာ့အဓိက နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရပေါ် တရားစွဲဆိုခဲ့ခြင်းကို တရားရုံးချုပ်က အကြောင်းပြချက်မပေးဘဲ ငြင်းဆန်ခဲ့သည်အတွက် တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တရားရုံးချုပ် တရားသူကြီးထံ ယနေ့ အကြောင်းကြားစာ ပေးပို့လိုက်သည်။

ပြီးခဲ့သည့် မတ် (၂၃) ရက်၌ အန်အယ်လ်ဒီက စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများတွင် တရားမျှတမှု မရှိခြင်းကြောင့် ပါတီ၏ထိခိုက်နစ်နာမှုများအတွက် စစ်အစိုးရကို အရေးယူပေးပါရန် ဗဟိုတရားရုံးချုပ်ကို ဦးတိုက်လျှောက်ထားချက်ကို အကြောင်းပြချက်မပေးဘဲ တရားရုံးချုပ်က လက်မခံခဲ့ခြင်းဖြစ်သည်။

“အရင်တခါ ကျနော်တို့ ဦးအောင်ရွှေကိုယ်တိုင် တရားရုံးချုပ်မှာ နအဖကို တရားစွဲဆိုတာကို သွားတင်တယ်။ အဲဒီတင်တဲ့အခါမှာ တရားရုံးက လက်မခံဘူး၊ မှတ်ပုံမတင်ဘူး။ အဲဒီကိစ္စက ဥပဒေပြဋ္ဌာန်းချက်အရ မှားနေတယ်။ ဥပဒေပြဋ္ဌာန်းချက်မှာ ဘယ်လို ရှိတယ်ဆိုတာကို အကျိုးအကြောင်းဖော်ပြပြီး တရားသူကြီးချုပ်ကို ကျနော်တို့ ဒီနေ့ စာတိုက်ကနေ စာတစောင်ပို့လိုက်တယ်။ ဦးအောင်ရွှေ လက်မှတ်ထိုးပြီးတော့” ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

စစ်အစိုးရအား တရားစွဲဆိုချက်ကို ဗဟိုတရားရုံးချုပ် ၀န်ထမ်းက “ကျမတို့တွင် စီရင်ပိုင်ခွင့်မရှိပါ” ဟုသာပြောပြီး တရားစွဲဆိုချက်ကို လက်မခံခဲ့သည့်အတွက် တရားဥပဒေကြောင်းအရ ဤသို့ ငြင်းခွင့်မရှိကြောင်း အန်အယ်လ်ဒီက တင်ပြခြင်းဖြစ်သည်။

“ဥပဒေပြန်ဋ္ဌာန်းချက်တွေ တရားရုံးလက်စွဲမှာ ဘယ်လိုရှိတယ်။ ဒီဥစ္စာ ဒီလို ငြင်းခွင့်မရှိဘူး။ ငြင်းမယ်ဆိုရင်လည်း အကျိုးအကြောင်း ဖော်ပြပြီး ငြင်းရတယ်။ အဲတော့ ဒီဟာနဲ့ ပတ်သက်ပြီး လိုအပ်သလို ဆောင်ရွက်ပေးပါဆိုပြီး အကြောင်းကြားတာပါ ” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ယခုကဲ့သို့ စစ်အစိုးရအား တရားစွဲဆိုမှုကို ဆက်လက်လုပ်ဆောင်သွားရန် ဆွေးနွေးနေကြောင်းလည်း သိရသည်။

ထို့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပြင်ခွင့်အတွက်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဦးစီးဌာနသို့ ဦးအောင်ဆန်းဦး၏ တရားရုံးအမိန့်စာနှင့် အတူတွဲပြီး ယနေ့ ဧပြီ (၈) ရက်တွင် တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုကို ရပ်တန့်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပြီးဖြစ်သဖြင့် ယင်းအမိန့်စာနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဦးစီးဌာနသို့ ပြန်လည် တင်ပြလိုက်ခြင်းဖြစ်ပြီး အိမ်ပြန်လည်ပြင်ဆင်ရန် စည်ပင်ခွင့်ပြုချက်သာ လိုတော့ကြောင်း သိရသည်။

စိုးမိုး
      ရင်းမြစ်။ ။ခေတ်ပြိုင်

သိန်းပေါင်းများစွာတန်ဖိုးရှိ မှောင်ခိုပစ္စည်းများ စစ်ကားတန်းများတွင် ဖမ်းမိ

ပြီးခဲ့သည့် မတ်လအတွင်း တရုတ်ပြည်ဘက်မှ တင်သွင်းလာသည့် စစ်ကားများပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် တရုတ်နိုင်ငံလုပ် ကုန်ပစ္စည်းများကို စစ်ဆေးတွေ့ရှိသဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် တပ်ထိန်းအဖွဲ့က သိမ်းဆည်းခဲ့သည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ လားရှိုးမြို့သို့ မောင်းယူလာသည့် စစ်ထရပ်ကား (၁ဝဝ) ခန့်အား လားရှိုးမြို့အဝင် အေးရှားဝေါလ်တိုးဂိတ်၌ တပ်ထိန်းအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့ရာ သိန်း (၂ဝ,ဝဝဝ) ကျော် တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် လားရှိုးဒေသခံက ပြောသည်။

၎င်းက “အဲဒီကားတွေကို ဗိုလ်မှူးတယောက်က တာဝန်ခံပြီး သယ်ယူနေတာ။ အခုသယ်တဲ့ကားက ကားအစီး (၄ဝဝ) ရှိတယ်။ ကားသမား အားလုံးကလည်း ထောက်ပို့တပ်ကတွေချည်းပဲ။ အသုတ်လိုက်ခွဲပြီး မူဆယ်ကနေ သယ်နေတာ။ ကားတွေ သယ်ရင်းနဲ့ ကုန်သည်တွေဆီက ကယ်ရီပစ္စည်း လက်ခံခဲ့တာ။ အဲဒီလို ဖမ်းမိတော့ ကားတွေတော့ ဆက်ပြီး ထွက်သွားရတယ်။ ကုန်ပစ္စည်းတွေအားလုံး လားရှိုးမှာ ချထားခဲ့ရတယ်။ တာဝန်ရှိသူတွေကို အရေးယူဖို့ ရှိတယ်လို့တော့ ပြောတယ်” ဟု ရှင်းပြသည်။

အဆိုပါ စစ်ကားပေါ်မှ သိမ်းဆည်းရရှိသည့် ကုန်ပစ္စည်းများတွင် တရုတ်လုပ် လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း စသည့်ပစ္စည်းမျိုးစုံပါဝင်ပြီး ကယ်ရီခယူကာ သယ်လာသဖြင့် ကုန်သည်များက အပ်နှံခဲ့ကြကြောင်း တရုတ်-မြန်မာနယ်စပ် ကုန်သည်တဦးက ပြောသည်။

၎င်းက “အဲဒီကားတွေကို တရုတ်ပြည်၊ ကျယ်ဂေါင်ကနေ ယူလာပြီး မူဆယ်လေယာဉ်ကွင်းမှာ ခဏထားတာ။ အဲဒီတုန်းက စစ်သားတွေ ပစ္စည်းလိုက်ရှာတာ ခြေချင်းလိမ်နေတာပဲ။ ကယ်ရီခက ပုံမှန် (၁) သိန်းကျမယ့်ဟာ (၂) သောင်း၊ (၃) သောင်း လောက်နဲ့ သယ်ပေးနေတာဆိုတော့ ကုန်သည်တွေလည်း တွက်ခြေကိုက်တယ်ဆိုပြီး အပ်ကြတယ်။ ကျနော်ကတော့ သူတို့နဲ့ မပတ်သက်ချင်တာနဲ့ မလုပ်လိုက်ဘူး။ ဒီက ကုန်သည် တော်တော်များများရဲ့ ပစ္စည်းတွေ ပါနိုင်တယ်။ အဲလိုကိစ္စကျတော့ လူသိခံလို့မဖြစ်တော့ ကိုယ်မပါသလို နေကြတယ်” ဟု ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအား ပုံမှန်ကုန်သွယ်ရေးဖြစ်စေရန် ဆောင်ရွက်နေချိန်တွင် လာဘ်ပေး၊ လာဘ်ယူမှုအား နှိမ်နင်းပြီး မှောင်ခိုကုန်သွယ်မှုကို တိုက်ဖျက်သွားရေးအတွက် နအဖက ကြွေးကြော်နေသော်လည်း မှောင်ခိုကုန်သွယ်မှုမှာ ယနေ့အချိန်အထိ ဆက်လက်ရှိနေဆဲဖြစ်သည်။

ခိုင်လင်း
ရင်းမြစ်။ ။ခေတ်ပြိုင်

NLD အလံ မလှဲဟု ဆို


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက လာမည့် မေလ (၇) ရက်နေ့ နောက်ပိုင်း ပါတီ ဆိုင်းဘုတ်များကို ဖြုတ်မည် မဟုတ်ကြောင်း မကြာသေးခင်က ဆုံးဖြတ်ချက်ချ မှတ်ခဲ့သည်ဟု ပါတီ သတင်း ရပ်ကွက်များမှ သိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က NLD ရုံးချုပ်တွင် ပါတီလုပ်ငန်းများ လုပ်ကိုင်နေသော အဖွဲ့ဝင်တချို့ကို တွေ့ရစဉ်(ဓာတ်ပုံ - Reuters)
“ပါတီ ခေါင်းဆောင် တွေက မေလ ၇ ရက်နေ့ ကျရင် ဆိုင်းဘုတ် တွေကို ဖြုတ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အာဏာပိုင် တွေက လာဖြုတ် ရင်တော့ အသာ တကြည် လက်ခံမယ်”ဟု ပါတီ သတင်း ရပ်ကွက် များက ဆိုသည်။

စစ်အစိုးရ ထုတ်ပြန်သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တည်ဆဲ နိုင်ငံရေး ပါတီ များသည် ဥပဒေ ထွက်ရှိသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံ တင်ရမည် ဖြစ်သည်။ ပါတီ မှတ်ပုံတင်ခြင်း မပြုပါက တရားဝင် ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။

NLD က ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် NLD သည် ရက်ပေါင်း ၆၀ ပြည့် သော မေလ ၇ ရက်နေ့ နောက် ပိုင်းတွင် ပါတီ ရုံးခန်းများ အပိတ်ခံရရန်နှင့် ပါတီ ဆိုင်းဘုတ်များ ဖြုတ်ချခံရရန် အလားအလာ ရှိသည်။ ပါတီ လုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများလည်း ရပ်ဆိုင်းရဖွယ် အခြေအနေရှိသည်။

NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိသောကြောင့် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ NLDသည် ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသဖြင့် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရပါက ပါတီပိုင် ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန်အတွက် စီမံခန့်ခွဲရေး ကော်မတီတရပ်ကို ပြီးခဲ့သည့် တနင်္လာနေ့က ဖွဲ့စည်းခဲ့သည်။ ယင်း အဖွဲ့ကို ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဦးဆောင်၍ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သော NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ“ဒေါ်အောင်ဆန်းစုကြည်မှာ ဘာလုပ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ အများကြီး ရှိပါတယ်၊ ဒါပေမယ့် ခက်တာက ဆက်လက် အကျဉ်းကျနေဆဲ ပဲ”ဟု ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲ ၀င်ခြင်းအားဖြင့် မြန်မာ ပြည်သူလူထုကို မျှော်လင့်ချက် အမှားတွေ မပေးချင်ဘူး”ဟုလည်း ၎င်းက  ဆက်လက် ပြောဆိုသည်။

NLD ပါတီ မှတ်ပုံမတင်ရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရှေ့နေများ ဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က ယမန်နေ့တွင် သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ သွားရောက် တွေ့ဆုံခဲ့ရာတွင် ပါတီ မှတ်ပုံတင်ခြင်း မပြုရန် နှင့် ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် NLD က ဆုံးဖြတ်လိုက် သည့် အတွက် ၀မ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယမန်နေ့က ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင်  ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်ရေး၊ နေအိမ် အကျယ်ချုပ် အတွက် အယူခံ ၀င်ရောက်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

NLD ရှေ့၌ ဘာဆက်လုပ်မည်နည်းဟု မေးခွန်းများ ထွက်ပေါ်နေချိန်တွင် ၎င်းတို့ နိုင်ငံရေး ဆက်လုပ်မည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေးကို ဖော်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် NLD အနေဖြင့်  နိုင်ငံ တ၀န်းလုံးရှိ ထောက်ခံသူများကိုလည်း ကြေညာချက်ထုတ်၍ တောင်းပန်ခဲ့သည်။

သို့သော်လည်း NLDက ထောက်ခံသူများကို ဘယ်သောအခါမှ ကျောခိုင်းသွားမည် မဟုတ်သကဲ့သို့ ဒီမိုကရေစီ ရည်မှန်းချက် အောင်မြင်သည် အထိ အကြမ်းမဖက်သော နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟု ဖော်ပြပါရှိသည်။

အလားတူပင် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့(UNA)ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

UNA က ကုလသမဂ္ဂမှ ထုတ်ပြန်ထားသော အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး စသော နိုင်ငံရေး အကျဉ်းသားများ အားလုံကို ခြွင်းချက် မရှိ လွှတ်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ အခြေခံ ဥပဒေတွင် ဒီမိုကရေစီနှင့် ဆန့်ကျင်နေသော အချက်များကို ပြန်လည် သုံးသပ်ပြင်ဆင်ပေး ရန် စသည့် အချက်များကိုလည်း ၎င်းတို့က တောင်းဆိုထားသည်။

UNA အဖွဲ့သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိင်ခဲ့သော တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသော မဟာမိတ် အဖွဲ့ဖြစ်သည်။

UNA ပါတီတွင် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် အဖွဲ့များပါဝင်ကြောင်း သိရသည်။

ရင်းမြစ်။ ။ဧရာဝတီ 

ရန်ကုန်ရှုခင်း ဧပြီ ပထမပတ် ၂၀၁၀

လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဧပြီ ၈၊ ၂၀၁၀
ဒုက္ခတောထဲမှ ၂၀၁၀ သင်္ကြန် (စည်းကမ်းလိုက်နာရမယ့် သင်္ကြန်)
ဒီနှစ် သင်္ကြန်ကို နအဖ အစိုးရက စည်စေချင်တဲ့နေရာ စည်စေ၊ မစည်ကားစေချင်တဲ့နေရာ မစည်ကားရအောင် စည်းကမ်းအမျိုးမျိုးထုတ် နေတာကို မြင်ရကြားသိနေရပါတယ်။ သင်္ကြန်နဲ့ နိုင်ငံရေး လို့ဆိုရမလိုပါပဲ။ သင်္ကြန်ကိုလည်း နိုင်ငံရေး ရှုထောင့်ကကြည့် ပြီးစီမံခန့်ခွဲနေပါတယ်။ ဒါကြောင့် ပေါက္ခရ၀ဿ သင်္ကြန်လို့ တင်စားလိုက်တာပါ။ ရွာစေချင်တဲ့နေရာ ပေးရွာမယ့် သင်္ကြန်ပါ။
နအဖ အစိုးရအနေနဲ့ ၂၀၀၅ ခုနှစ်အကုန် ရန်ကုန်မှ နေပြည်တော် ပျဉ်းမနားသို့ ပြောင်းရွှေ့ပြီးနောက် ၅နှစ်မြောက် ကျသည့် သင်္ကြန်တွင် ရန်ကုန်ထက် နေပြည်တော်ကို သိသိသာသာ စည်ကားစေဖို့ရာ နည်းအမျိုးမျိုးဖြင့် ပိတ်ကာဆီးကာ လုပ်ဆောင်နေတဲ့ အချက်ကို ယခင်နှစ်များနှင့် မတူသည့် စည်းကမ်းများထုတ်ပြန်တာကို ကြည့်ခြင်းအားဖြင့် ရန်ကုန်နဲ့ မြန်မာနိုင်ငံ ပြည်သူတွေ သဘောပေါက်ကြပါတယ်။
ဒီနှစ် ထုတ်ပြန်လိုက်တဲ့ စည်းကမ်းတွေထဲ ပထမဆုံးကတော့ ရန်ကုန်မှာ ရေအပေါဆုံးနဲ့ စင်၊ မဏ္ဍပ် ဆောက်ဖို့ မြေနေရာလည်း အဆင်ပြေဆုံး လမ်းတွေဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်း၊ အင်းလျားလမ်းတို့မှာ မဏ္ဍပ်ဆောက်ခွင့် မပြုလို့ ဆိုလိုက်တာပါပဲ။ 
ဘာအကြောင်းကြောင့် ရယ်လို့တိတိကျကျ မရှိပဲ ဆောက်ခွင့်မပြုလို့ဘဲ စည်းကမ်းချက် ထုတ်ခဲ့ပါတယ်။ နောက်တခါ ခွင့်ပြုတဲ့ နေရာတွေမှာလည်း ရေသွယ်တဲ့အခါ တကျပ်ပိုက်လုံးတစ်လုံးကို ကျပ်ဘယ်နှစ်သောင်းဆိုပြီး ကုန်ကျစရိတ်များအောင် လုပ်ပါတယ်။ ဒါ့အပြင် ပြည်လမ်းမှာ ယခင်ဆောက်လုပ်ခွင့်ရ ခဲ့တဲ့နေရာတွေမှာလည်း ကုမ္ပဏီကြီးတွေကို မဆောက်လုပ်စေဘဲ အဆိုပါ ကုမ္ပဏီတွေကို နေပြည်တော်နဲ့ မန္တလေးမှာဆောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါကြောင့် ယခင်နှစ်တွေ အင်းလျားကန် ရှေ့ ပြည်လမ်းမှာ ဆောက်နေလုပ်နေကြ အယ်လ်ပိုင်းတို့ အဲပုဂံတို့ မရှိတော့ပဲ အခြားသော ကုမ္ပဏီများ၊ ပုဂ္ဂလိက တဦးချင်းတွေကိုပါ  အဲဒီနေရာတွေမှာ ဆောက်လုပ်ခွင့် မပြုတော့ပါဘူး။
         ယခင်နှစ်စဉ် နှစ်တိုင်း အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းကို ပိုက်ဆံချမ်းသာတဲ့ သားသမီးနဲ့ လူကြီးသားသမီးတွေ ပေါင်းပြီးလိုင်စင်လျှောက်၊ မဏ္ဍပ်မှာ ရေကစားဖို့ အခကြေးငွေယူပြီး စီးပွားရေး လုပ်ငန်းသဖွယ်လုပ်ခဲ့ကြတာပါ။ တယောက်ကို တရက်ထဲဆို တစ်သောင်းခွဲ ၀န်းကျင်၊ ၄ရက်လုံးဆို ၄သောင်း၊ ၅သောင်း ပေးကြရပါတယ်။ မဏ္ဍပ်စီးပွားရေးလို့လည်း ခေါ်ကြပါတယ်။ အရက်၊ ဘီယာကုမ္ပဏီတွေထံမှ ကြော်ငြာကပ်ဖို့ ငွေကြေးရတာနဲ့ တဦးချင်းရေကစားသူတွေ ထံမှ ရတာပေါင်းလိုက်ရင် မြတ်သူကမြတ်၊အချို့က အရင်းနဲ့ ကစားရတာပဲ အမြတ်ဆိုပြီး ကစားခဲ့ကြတာပါ။
         အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်  မိုဒယ်တွေကို နေပြည်တော်၊ မန္တလေး၊ တောင်ကြီး အသီးသီးခေါ်ထားငှားထားလိုက်လို့ သူတို့ထဲက ရန်ကုန်မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ရစ်မှာပါ။ အဆိုတော်တွေ၊ သရုပ်ဆောင်တွေဆိုတာ နအဖ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌါနနဲ့ နအဖသူဌေးကြီးတွေကို မလွန်ဆန်နိုင်ကြတာမို့ နေပြည်တော်ကို အများဆုံး သွားဖြေဖျော်ကြရမယ့် သဘောရှိပါတယ်။
ဒီနှစ်တော့ အင်းလျားကန်ရေကို မပေးသုံးပဲ ကန်တော်ကြီး ပတ်ပတ်လည်မှာ မဏ္ဍပ်အချို့ ဆောက်ခွင့် ပေးလိုက်တာမို့လို့ စိမ်းပုပ်ပြီး ညစ်နေတဲ့ကန်တော်ကြီးရေကို ဘယ်လိုလုပ်သုံးပြီးပက်ကြမလဲ မတွေးတတ်ပါ။ ဒီအချက်ကိုလည်း ရန်ကုန် မြို့တော်စည်ပင်က ကုမ္ပဏီတခုကို ဓါတုပစ္စည်းတွေသုံးပြီး ရေသန့်စင်အောင် လုပ်ခိုင်းထားလို့ အခုတော့ စိမ်းပုပ်ရောင်ကနေ ကြံရည်ရောင် ဖြစ်နေပြီလို့ ဂျာနယ်တွေမှာ ဖေါ်ပြကြပါတယ်။
အင်းလျားရေကို သွယ်ထားပြီးသား ပိုက်တွေနဲ့ ကန်တော်ကြီးထဲကို ပို့ပေးဦးမယ်လို့လဲ ပြောပါတယ်။ ကန်ုတော်ကြီးက ရေညစ်ညစ်တွေနဲ့ ဘယ်လို သင်္ကြန်ကစားကြမလဲဆိုတာတော့ စောင့်ကြည့်ကြရမှာပါ။
 မြန်မာ့ ယဉ်ကျေးမှု ထိန်းသိမ်းမယ့် သင်္ကြန်
ယခုနှစ်ရန်ကုန် သင်္ကြန်မှာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ရာရည်ရွယ်တာလား စပေါ်ငွေ သိန်း ၃၀ ကို ပြန်မပေးရအောင် ရည်ရွယ်တာလားတော့ မပြောတတ်ပါ။ လိုက်နာဖို့ ခက်ခဲတဲ့ စည်းကမ်းသတ်မှတ် ချက်တွေကို မဏ္ဍပ်ဆောက်ခွင့်ပေးသူတွေ သိရှိနားလည်ကြောင်း လက်မှတ်ထိုးထားရပါတယ်။
အကယ်၍ အဆိုပါစည်းကမ်းချက်ဖောက်ဖျက်ရင် စပေါ်ငွေ သိန်း ၃၀ကို ပြန်မပေးဘူးဆိုတဲ့သဘောပါ။ ယခု ဧပြီလ ပထမပတ် သိရှိရတဲ့စာရင်းအရ မဏ္ဍပ်လတ် နဲ့ အကြီး ၁၀၀ ကျော်ရှိနေပြီဆိုတော့ သိန်း ၃ထောင် ကျော်ရထားပြီဆိုတဲ့သဘောပါ။
အဆိုပါစည်းကမ်းချက်တွေမှာ မဏ္ဍပ်တိုင်း မြန်မာသင်္ကြန်ပီသအောင် အနည်းဆုံးတရက်တော့ ငွေဖလားနဲ့ အမွှေးနံ့သာရည် ပက်ဖျန်းတဲ့ ရေကစားခြင်း လုပ်ဆောင်ရန်၊ (ရေရှားလို့လည်း ဖြစ်နိုင်ပါတယ် ဖလားနဲ့ဆိုတော့ ရေသိပ်မကုန်ဘူးဆိုတဲ့သဘော)  ၊ မဏ္ဍပ်တွေ၊ ရေကစားသူတွေမှာ နိုင်ငံခြားအမှတ်တံဆိပ် မသုံးရ၊ နိုင်ငံခြားအလံ မသုံးရ၊ ကားကို မဏ္ဍပ်ရှေ့ ကြာရှည်စွာ မရပ်ရ၊ နောက် ဒိထက် လိုက်နာဖို့ ခက်ခဲတဲ့ စည်းကမ်းကတော့ အမျိုးသမီးများရဲ့ ၀တ်စားဆင်ယင်မှုပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေ ၀တ်စားဆင်ယင်မှုကို တင်းကြပ်စွာ တားမြစ်မယ်လို့ ဆိုပြီး ဘော်လီကြိုးတချောင်း မ၀တ်ရ၊ ချက်ပေါ်၊ ဗိုက်ပေါ် အကျီမ၀တ်ရ၊ ပါးလွှာပြီး ရေစိုရင် အမြင်မတော်တဲ့ အဖြူရောင် ဘောင်းဘီ မ၀တ်ရလို့ဆိုပြီး မဏ္ဍပ်ရဲ့စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က အဆိုပါအချက်တွေကို လိုက်နာအောင် ကြည့်ကြပ်ရမယ်၊  သင်္ကြန်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့နဲ့လည်း ပူးပေါင်းကူညီရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်စုနီးပါးကြာ ရန်ကုန်သင်္ကြန်မှာ မိန်းကလေးတွေ အထက်ကလိုဝတ်ဆင် ရေကစားတာကို ခွင့်ပြုခဲ့ပြီးမှ ယခုနှစ်မှာဘာကြောင့် တားမြစ်သလဲ မပြောတတ်ပါ။ ဒါပေမယ့် သင်္ကြန်မတိုင်ခင် ထွက်ရှိတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာတော့ အမျိုးသမီး အနုပညာရှင်တွေ ၀တ်ဆင်တာကို ကြည့်ရင် အထက်က စည်းကမ်းချက်တွေနဲ့ တခုမှ မညီပါဘူး။ အဲလို ဂျာနယ်တွေကြော်ငြာတွေမှာ ၀တ်ခွင့်ရှိမှတော့ သင်္ကြန်မှာ ဘယ်လိုလုပ် တားမြစ်မလဲ ဆိုတာ စဉ်းစားစရာပါ။
နောက်စည်းကမ်းချက် တခုကတော့ ဘယ်မဏ္ဍပ်မှာမှ အရက်၊ ဆေးလိပ်၊ ဘီယာ ကြော်ငြာ မကြော်ငြာရ ဆိုတာပါ။ ယခင်နှစ်တွေက မြန်မာဘီယာ၊ ဒဂုံဘီယာနဲ့ အရက်ကုမ္ပဏီတွေရဲ့ ကြော်ငြာကို လုပ်မဏ္ဍပ်မှာ ချိတ်ဆွဲခြင်းဖြင့် အသုံးစရိတ်ရဲ့ ရာခိုင်နှုန်းအတော်များများ ကျေသွားတယ်လို့ဆိုပါတယ်။ ဒီနှစ်တော့ ဘယ်မဏ္ဍပ်မှ မသုံးရလို့ ဆိုပါတယ်။ ဒါပေမယ့် မဏ္ဍပ်ဘေးတလျောက်၊ လမ်းတလျောက်မှာ အရက်၊ ဘီယာ၊ စီးကရက်ရောင်းနေကြတာကို မြင်တွေ့ရမှာပါ။ ရန်ကုန်ရော မန္တလေးမြို့မှာပါ သင်္ကြန်မဏ္ဍပ်တွေ တ၀ိုက် အရက်၊ ဘီယာရောင်းသူတွေကို မမြင်ချင်မှ အဆုံးဖြစ်ပါတယ်။ လက်ညှိုးထိုးမလွဲလောက်အောင် ရောင်းနေမှတော့ ကြော်ငြာစရာ မလိုဘူးဆိုတဲ့ သဘောလားတော့ မပြောတတ်ပါ။

ရေဒုက္ခနဲ့ မီးဒုက္ခ များထဲမှ သင်္ကြန်
သင်္ကြန်ကို ရေကစားမဏ္ဍပ်တွေ ရာနဲ့ချီဆောက်ဖို့ လျှောက်ထားနေကြတဲ့အချိန်မှာပဲ ရန်ကုန်မြို့ရဲ့ လမ်းမတော် မြို့နယ်မှာပဲ သုံးရေမလုံလောက်လို့ ရေသန့်ဗူးကြီးတွေကို ၀ယ်ပြီးသုံးရေ အဖြစ်သုံးနေရတာပါ။ ၂၀ လစ်တာ တဗူးကို ၃၀၀၊ ၄၀၀ ကျပ်နဲ့ပေးဝယ်ပြီး သုံးနေကြရပါတယ်။ လျှပ်စစ်မီးမလာ၊ လျှပ်စစ်မီးလာတဲ့အချိန်မှာ ရေပိုက်ထဲ ရေစုပ်စရာမရှိတဲ့ အဖြစ်ကြောင့် သုံးရေ မလုံလောက်တော့တာပါ။ ယခင်နှစ်တွေထက် ပိုမိုပူလောင်တဲ့ နှစ်လို့ ရန်ကုန်ရော မြန်မာနိုင်ငံအခြားမြို့ကြီးတွေမှာ နေထိုင်သူတွေက ညည်းညူနေကြစဉ်မှာပဲ သုံးစရာ ရေမရ၊ လျှပ်စစ်မီးမရနဲ့ ဒုက္ခတောထဲ ရောက်နေကြတာပါ။
ယုဇန ဥယျာဉ်မြို့တော်မှာဆို တွန်းလှည်းနဲ့ လိုက်ရောင်းတဲ့ ရေကိုဝယ်သုံးကြရတယ်လို့ ဂျာနယ်တွေမှာ ဖေါ်ပြလျက်ရှိပါတယ်။ ရေတစည်ကို အနည်းဆုံး ၁၀၀၀ကျပ်မှ အထပ်မြင့်ရင် ၁၄၀၀ ကျပ်အထိ ဈေးအသီးသီးမြင့် တက်သွားပါတယ်။ မြန်မာလူထုက ဒုက္ခတွေ ကြားထဲမှ တနှစ်မှာ တကြိမ်သာကျတဲ့ သင်္ကြန်ကိုကြံဖန်ပြီးပျော်ကြရမှာကတော့ ၂၀၁၀ ခုနှစ်ပါပဲ။

(ဂျာနယ်ထဲက ဓာတ်ပုံများ - ခန့်စည်သူ၊ သီရိရှင်းသန့်နဲ့ အယ်လ်ကိုင်ရာတို့၏ ၂၀၁၀ သင်္ကြန်စတိုင်။ မနှစ်က သင်္ကြန်မဏ္ဍပ်တခုရဲ့ အရက်ကြော်ငြာ။ စစ်အစိုးရ၏ ၂၀၁၀ သင်္ကြန်ဥပဒေများ)

ရင်းမြစ်။ ။မိုးမခ

ကောက်ရိုးတမျှင်လောက်ဖြစ်ရရင်လည်း...ကျေနပ်တယ်


စိတ်ကူးခင်တန်းမှာ
မျှော်လင့်ခြင်း အမျှင်လေးတစ
လမ်းလျှောက်ထွက်မိတဲ့ ညတိုင်းပေါ့…

လရောင်ရဲ့ လေးညှို့ကိုင်းကွေးမှာ
ရင်ငွေ့ထွေးလှုံဖို့
ကြယ်စင်တွေကို
ကောင်းကင်တခွင်မှာ စိုက်ပျိုးကြည့်ဖို့
အိပ်မက်တွေကို
အိပ်မက်တွေနဲ့ မျှားယူခူးဆွတ်ပြီး
လက်တွေ့ဘဝရဲ့ ကြိုးနဲ့ သီခဲ့မိဖူးပါတယ်...

ဒါပေမယ့်..
ရှိသမျှအင်အားတွေနဲ့
ဝင်းမြဖို့ကြိုးစားနေရတဲ့
အဲဒီညတွေထဲက အမှန်တရားက
ငါ့ ဆောင်းတွင်းမီးဖိုလေးလောက်တောင်
အေးစက်တဲ့အမှောင်ကို အံတုဖို့
လင်းပျပျဥတုကို မပေးနိုင်ခဲ့သေးဘူး...

အင်အားကလည်း
အမှန်တရားဆိုတဲ့
မီးစာမခမ်းတခမ်း မီးလင်းဖိုရဲ့နှုတ်ခမ်းဝမှာ
သစ်တောအုပ်ပျိုပေါ်
မီးထတောက်တော့ မလိုလိုနဲ့
ကောက်ရိုးခြောက် တမျှင်စာလောက်
လောင်မြိုက်နေခဲ့ရတာပေါ့...

ငါ့အမှန်တရားက
ရေနစ်သူကို ကူထိုးပေးနိုင်မယ့်
ဝါးလုံးတလုံး မဖြစ်ခဲ့သေးရင်တောင်မှ
ဘဝမှာ…
တစုံတရာသော အင်အားတို့ဖြင့်
ရေနစ်နေသူအတွက်
ရှင်သန်ရာရှင်သန်ကြောင်း
ကောက်ရိုးကောင်းတမျှင်လောက်တော့ ဖြစ်ခဲ့ချင်တယ်…။    ။


ဆောင်းယွန်းလ
ဧပြီ ၈၊ ၂၀၁၀

စိတ်ကူးယဉ်မနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်

အခုအခါမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး/မ၀င်ရေးဆိုတဲ့ ပြဿနာကို မြန်မာ့နိုင်ငံရေးအင်အားစုအားလုံး စဉ်းစားကြရမှာ ဖြစ်သလို အန်အယ်လ်ဒီအနေနဲ့လည်း အဆုံးအဖြတ်ပေးရတော့မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အဓိကရွေးချယ်ရမှာက ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်ခံမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ချထားနိုင်ဖို့ပါပဲ။ ဒါ နိုင်ငံရေးပါတီတိုင်း အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ ကြုံရတတ်တဲ့ ပါတီတွင်း အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲသာဖြစ်ပါတယ်။

ဒီအတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲအတွင်းမှာ အပြုသဘောဆောင်တဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုန်ကြရင်း ပါတီအတွက် လမ်းစဉ် လုပ်ငန်းစဉ်တွေ ပီပြင်စွာချမှတ်နိုင်ရင် ရှေ့လုပ်ငန်းစဉ်တွေပါ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ပါတီတွင်း လမ်းစဉ်နှစ်ရပ်တိုက်ပွဲကို ဒီမိုကရေစီနည်းကျစွာ စည်းလုံးမှုရှိစွာ ဆင်နွှဲနိုင်မှ ပါတီတွင်းညီညွတ်ရေးကို တဆင့်တိုး တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ပါတီစည်းလုံးညီညွတ်မှုရှိမှလည်း ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီထဲမှာ အခုလို လမ်းစဉ်ဆိုင်ရာ အမြင်ကွဲလွဲမှုတွေ ဘာကြောင့်ရှိလာတာလဲ၊ ဘယ်လိုသဘောထားနဲ့ ကျော်လွှားကြမှာလဲ။ ခြုံပြောရရင် အမြင်ကွဲလွဲမှုတွေ ရှိလာတာဟာ နအဖက သွေးခွဲသပ်လျှိုရေးသဘောထားကို ကျင့်သုံးပြီး နိုင်ငံရေးအရ ထိုးနှက်မှုနဲ့ စည်းရုံးရေးအရ ဖြိုခွဲမှုတွေ လုပ်ဆောင်လာတာကြောင့်လို့ အဓိက ကောက်ချက်ချကြရမှာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နအဖရဲ့လုပ်ရပ်တွေကြောင့် ပါတီတွင်းမှာ ဖြစ်ပေါ်လာနေတဲ့ နိုင်ငံရေးအရ တွေဝေယိမ်းယိုင်မှုတွေ၊ စိတ်ကူးယဉ်မှုတွေကိုတော့ ပြတ်ပြတ်သားသား တွေးခေါ်မှုတိုက်ပွဲ ဆင်နွှဲသွားကြရပါလိမ့်မယ်။

အန်အယ်လ်ဒီပါတီထဲမှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အတွေးအခေါ်တိုက်ပွဲကတော့ ပါတီရပ်တည်ရေးဆိုတာအတွက် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ အမြင်နဲ့ ဒီမိုကရေစီလည်းမကျ တရားမျှတမှုလည်းမရှိတဲ့ ရွေးကောက်ပွဲကို မ၀င်ရောက်ရေးဆိုတဲ့ အမြင် (၂) ရပ်တိုက်ပွဲပါပဲ။ ဒီအမြင် (၂) ရပ်ရဲ့ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ဖို့ နအဖက ထုတ်ပြန်တဲ့ အမိန့်ဥပဒေ ပြဋ္ဌာန်းချက်တွေကို သုံးသပ်စိတ်ဖြာပြရုံနဲ့တော့ မလုံလောက်ပါဘူး။ အန်အယ်လ်ဒီပါတီ ဖြတ်သန်းခဲ့တဲ့ အနှစ် (၂၀) ခရီးကိုပါ ပြန်ပြောင်းသုံးသပ် အကဲဖြတ်ဖို့ လိုပါလိမ့်မယ်။

တကယ်တော့ အန်အယ်လ်ဒီပါတီဟာ အနှစ် (၂၀) ဖြတ်သန်းခဲ့ရတယ်ဆိုပေမယ့် ပါတီတရပ်အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရခဲ့တာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ ပတ်ဝန်းကျင်လေးလောက်ပဲ ရှိခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးချိန်ကတည်းက န၀တဟာ ဥပဒေအမိန့်အမျိုးမျိုးထုတ်ပြီး အန်အယ်လ်ဒီပါတီကို ဖျက်ဆီးချေမှုန်းဖို့ တလျှောက်လုံး လုံးပန်းတိုက်ခိုက်ခဲ့တာပါ။ န၀တရဲ့ အဓိက ဦးတည်ချက်က အန်အယ်လ်ဒီခေါင်းဆောင်မှုကို ဖြိုခွဲဖို့ပါ။ အဓိက ပစ်ကွင်းကတော့ တတ်သိပညာရှင်များအင်အားစု ဖြစ်ပါတယ်။

ဒါကြောင့်လည်း တတ်သိပညာရှင်များအဖွဲ့ထဲက ဒေါ်အောင်ဆန်းစုကြည်ကအစ ဦးဝင်းတင်တို့အထိ ပုဒ်ထီးပုဒ်မတပ်ပြီး နှစ်ရှည်ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြတယ်။ ဆရာမောင်သော်ကတို့လို ညှဉ်းပန်းနှိပ်စက်ခံရပြီး အာဇာနည်ဖြစ်သွားသူတွေလည်း မနည်းလှဘူး။ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် ကိုယ်ကျိုးစွန့်ဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ဦးတင်ဦး၊ ဦးကြည်မောင်တို့လို မျိုးချစ်ပုဂ္ဂိုလ်တွေကိုလည်း တတ်သိအင်အားစုတွေလိုပဲ ဖမ်းဆီးနှိပ်စက် ကာလရှည်ထောင်ချခဲ့ကြတာပါပဲ။ အန်အယ်လ်ဒီ အဖွဲ့ထဲမှာ န၀တအပေါ် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ် ရိုကျိုးမယ်ဆိုတဲ့ ယူနီဖောင်းချွတ်တချို့နဲ့ နိုင်ငံရေးဇာတ်ပျက်တချို့ပဲ ခေါင်းဆောင်အဖြစ် ကျန်ရစ်ခဲ့ပါတော့တယ်။

ဒါကြောင့် ခြုံပြောရရင် အန်အယ်လ်ဒီပါတီမှာ ဆိုင်းဘုတ်သာရှိပြီး နိုင်ငံရေးမရှိတော့တာ ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ကာလ တလျှောက်လုံး အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ နအဖရဲ့ ဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေကို အကောင်အထည် ဖော်ပေးခဲ့ရတာပဲ များပါတယ်။ နအဖ အလိုမကျ မျက်မာန်တော်ရှပြီဆိုရင် ဆုတောင်းပွဲလုပ်နေတဲ့ နော်အုံးလှတို့လို ပါတီဝင်တွေကအစ အန်အယ်လ်ဒီခေါင်းဆောင်များက သိမ်းကျုံးထုတ်ပစ်တတ်ကြပါတယ်။ ဒါလည်း သိပ်တော့မဆန်းလှပါဘူး။ နအဖ ကျင်းပတဲ့ အမျိုးသားညီလာခံ တက်ခွင့်ရချင်တော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေကိုတောင် ပါတီက ထုတ်ပစ်တဲ့ ခေါင်းဆောင်ကြီးတွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။

ပိုဆိုးတာကတော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းအရေးအခင်းနဲ့ လုပ်ကြံဖို့ ကြိုးစားပြီးနောက်ပိုင်းမှာ နအဖက ပါတီဆိုင်းဘုတ်တွေဖြုတ်ဖို့ ညွှန်ကြားတာကို တစုံတရာ မဆန့်ကျင် မတွန်းလှန်ဘဲ အလွယ်တကူ လက်ခံလိုက်ကြတာပါပဲ။ အဲဒီအချိန်မှာ နအဖက ဆိုင်းဘုတ်ပဲ ဖြုတ်ခိုင်းတာပါ။ အန်အယ်လ်ဒီခေါင်းဆောင်တွေက တပြည်လုံးမှာရှိတဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားခဲ့တာ ၂၀၀၉ ခုနှစ် ရွှေဂုံတိုင်အစည်းအဝေးအထိပါပဲ။ ဒီတော့လည်း အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ အခါကြီး ရက်ကြီးတွေရောက်ရင် အုတ်လမ်းမှတ်တိုင်က ရုံးမှာ လူလေးငါးဆယ်လောက် အခမ်းအနား ပြင်ဆင်ကြ၊ မိန့်ခွန်းပြောကြ၊ ကြေညာချက်ထုတ်ကြတာလောက်ပဲ ရှိပါတော့တယ်။ ဒါကြောင့်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက သူ့ရဲ့မိန့်ခွန်းတခုမှာ “အန်အယ်လ်ဒီပါတီကို ကြောက်စရာမရှိသလို ဂရုစိုက်စရာလည်း မလိုပါဘူး။ ဒါပေမယ့် သူ့နောက်မှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂရှိနေလို့သာ သတိထားနေရတာ” လို့ မှတ်ချက်ချထားတာ ဖြစ်ပါလိမ့်မယ်။ နအဖအနေနဲ့ကတော့ အန်အယ်လ်ဒီကို အဆိပ်မရှိတော့တဲ့ ရေမြွေလို သဘောထားနေခဲ့ပုံရပါတယ်။

တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် အန်အယ်လ်ဒီပါတီအပေါ် မျှော်လင့်ချက်ထားနေကြတာ အုတ်လမ်းမှတ်တိုင်မှာ ရုံးထိုင်နေကြတဲ့ နိုင်ငံရေး ခေါင်းဖြူစွယ်ကျိုး ခေါင်းဆောင်တွေအပေါ် ယုံကြည်အားထားနေကြလို့ မဟုတ်ပါဘူး။ အန်အယ်လ်ဒီပါတီအတွက် သဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ အောက်ခြေက အပယ်ခံတွေ ပါတီဝင်တွေ၊ ထောင်ထဲမှာ စွန့်လွှတ်ပေးဆပ်နေကြတဲ့ ရဲဘော်တွေ၊ ပြည်ပက အသွင်အမျိုးမျိုးနဲ့ ထောက်ခံအားပေးနေကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကြောင့်သာ မြွေဟာ ခေါင်းကျိုးနေပေမယ့် ခန္ဓကိုယ်က လူးလွန့်လှုပ်ရှားနေခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းကျိုးနေမှတော့ နိုင်ငံရေးခန္ဓာအိမ်ဟာ တွန့်လိမ်နေတာကလွဲလို့ လိုရာကို မရောက်နိုင်တော့ပါဘူး။

၂၀၀၇ ခုနှစ် သံဃာအရေးအခင်းမှာဆို ပွဲကြည့်ပရိသတ်လုပ်နေကြတဲ့ နိုင်ငံရေးခေါက်ရိုးကျိုး သက်ကြားအိုကြီးတွေကို ‘ခေတ်သစ်နီရိုး’ တွေလို့တောင် ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြသူများက စိတ်နာနာနဲ့ နာမည်ပေးခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ အန်အယ်လ်ဒီခေါင်းဆောင်မှု ဖြုတ်ချရေး၊ ကွဲအက်ရေး၊ ခွဲထွက်ရေးလေသံတွေ ပါတီတွင်းမှာ ဆူညံစွာ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ သဘာဝကျစွာ ထွက်ပေါ်တဲ့ ဒီအသံတွေကို ဆူညံတယ်ဆိုပြီး အဓမ္မဖိအားသုံး ပိတ်ပင်ထားမယ်ဆိုရင် ပေါက်ကွဲလွင့်စင်သွားနိုင်ပါတယ်။ ဒီမိုကရေစီ နည်းကျစွာ စည်းရုံးရေးဘောင်အတွင်းမှာ အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ်တိုက်ပွဲကို စနစ်တကျ ဆင်နွှဲသွားဖို့သာ လိုပါလိမ့်မယ်။

တကယ်တော့ ယက်တောအမှုဆိုတာ ဒီပဲယင်းအရေးအခင်းလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် စီမံထားတဲ့ နိုင်ငံရေးလုပ်ကြံမှုတခုပါပဲ။ ဒါပေမယ့် ဒီကိစ္စဆိုးထဲကပဲ အကျိုးရှိတဲ့ ကိစ္စကောင်းတချို့ ထွက်ပေါ်လာခဲ့ပါတယ်။ အနည်းဆုံး ဒီအမှုကိစ္စကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ တစုံတရာ ဆက်သွယ်ညှိနှိုင်းခွင့်တွေ ရလာခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ နိုင်ငံတကာဖိအားတွေကို လျှော့ချနိုင်ဖို့ ဦးဝင်းတင်နဲ့ အန်အယ်လ်ဒီပါတီဝင်အချို့ကို ထောင်က လွှတ်ပေးလိုက်ရတယ်။ နောက်ပိုင်းမှာ အချုပ်ရက်စေ့နေတဲ့ ဦးတင်ဦးကိုလည်း လွှတ်ပေးရပြန်တယ်။ ဒီလိုအကြောင်းအချက်တွေအောက်မှာ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေး ပြန်လည်ရှင်သန်ထမြောက်ရေးလှုပ်ရှားမှုတွေ နိုးကြားအားကောင်းလာခဲ့တယ်။ တိုင်းစည်း၊ မြို့နယ်စည်းတွေ ပါဝင်တဲ့ အစည်းအဝေးတရပ် ကျင်းပပြီး ‘ရွှေဂုံတိုင်ကြေညာစာတမ်းကြီး’ ကို ထုတ်ပြန်နိုင်ခဲ့တယ်။

ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန်ထမြောက်လာမှုနဲ့အတူ ပါတီစည်းရုံးရေးဘ၀ကိုလည်း ပြန်လည်စုစည်း တည်ဆောက်လာနိုင်ခဲ့တယ်။ အန်အယ်လ်ဒီပါတီရဲ့ စီအီးစီကို ပြန်လည်တိုးချဲ့ဖွဲ့စည်းနိုင်ရုံမျှမက တိုင်းအသီးသီး ကိုယ်စားလှယ် (၁၂၀) ပါဝင်တဲ့ ဗဟိုဦးစီးကော်မတီကိုပင်လျှင် အသစ်ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန် ထမြောက်လာခြင်းဟာ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ပါ မှန်ကန်တဲ့ နိုင်ငံရေးသဘောထားတွေအောက်မှာ အသက်ဝင် ရှင်သန်လာခဲ့ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ‘နိုင်ငံရေးသေနေရင် ပါတီလည်း သေလိမ့်မယ်’၊ ‘နိုင်ငံရေးရှင်သန်ရင် ပါတီလည်း ရှင်သန်လှုပ်ရှားနေလိမ့်မယ်’ လို့ ကောက်ချက်ဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။

ဒီလို အန်အယ်လ်ဒီပါတီ နိုင်ငံရေးအရ ပြန်လည်နိုးကြား အားကောင်းလာမှုကို ထိုးဖောက်ဖြိုခွဲဖို့ နအဖကလည်း ရွေးကောက်ပွဲဥပဒေဆိုတဲ့ ချိန်ကိုက်ဗုံးတလုံးကို ဖောက်ခွဲလိုက်ပုံရပါတယ်။ နအဖရဲ့ ရည်ရွယ်ချက်ဟာ တစုံတရာ ထိရောက်တယ်လို့ ဆိုရမလိုပါပဲ။ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အသံကြားလိုက်တာနဲ့ စင်ထိုးပေးရင် ကွေးနေအောင် တက်ပြီး ကချင်တဲ့ နိုင်ငံရေး ကျားအို ကျားသေတွေ၊ အပေါက်ကောင်းကို ချောင်းနေတဲ့ အခွင့်အရေးသမားတွေ အုံကျင်းဖွဲ့ပြီး ထွက်လာခဲ့ကြပါပြီ။ ဒီလို စည်သံ၊ ဗျောသံတွေကြားမှာ ခေါင်းပေါင်းစ တလူလူနဲ့ ညီလာခံဝင်ဖို့ တောင်ရှည်ပုဆိုးပြင်နေတုန်း၊ ဗြုန်းဆို အင်းစိန်တောရထဲ ၀င်သွားခဲ့ကြရတဲ့ ပုဂ္ဂိုလ်တချို့လည်း အမတ်ဖြစ်ချင်စိတ်တွေ တလိပ်လိပ် တက်လာနေကြမှာ အသေအချာပါပဲ။ တကယ်တော့ ဒီစိတ်ကူးတွေဟာ ‘မသာကုတင်ကို ရာဇပလ္လင်’ ထင်နေကြတဲ့ နိုင်ငံရေး နလပိန်းတုံးတွေရဲ့ အရူးအိပ်မက်တွေပါ။

၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲလို ဖြစ်မယ်လို့ ထင်နေကြတာ အရူးချီးပန်း စိတ်ကူးယဉ်နေကြတာပါ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်တော့မှ ၁၉၉၀ လို အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း စစ်အာဏာရှင်စနစ် အဓွန့်ရှည်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို (၁၅) နှစ်ကြာအောင် အသေးစိတ် အချိန်ယူ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်နဲ့ ဖိနပ်ကိုင်တွေ သေချာပေါက် အနိုင်ရအောင် အာဏာ၊ အသပြာ၊ စည်းရုံးရေးနဲ့ မက်လုံးမျိုးစုံပေးပြီး ပြင်ဆင်လာခဲ့တာ (၃) နှစ်လောက် ရှိခဲ့ပါပြီ။ ‘နိုင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်’ ဆိုတဲ့ ၁၉၆၁ ခုနှစ်က တည်မြဲဖဆပလရဲ့ ကြွေးကြော်သံဟာ လေလုံးထွားရုံလောက်ပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နအဖက ‘မနိုင်လည်း နိုင်အောင်’ လုပ်မှာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါကြောင့် အမတ်ဖြစ်ဖို့ စိတ်ကူးယဉ်နေတဲ့ ပုဂ္ဂိုလ်မှန်သမျှ ၂၀၁၀ နိုင်ငံရေးသတ်ကွင်းထဲမှာ ကားစင်တင် တံကျင်လျှိုခံရပါလိမ့်မယ်။ စိတ်ကူးယဉ်စရာ ဘာမှမရှိပါဘူး။ တပြည်လုံး ‘ဘွိုင်းကောက်ဋီကာ’ ရွတ်ပြီး No ဟစ်ကာ ဆန့်ကျင်ကန့်ကွက် တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ်။ ။

ကျော်ဗလ (သုံးသပ်ချက်)
ရင်းမြစ်။ ။ခေတ်ပြိုင်

အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးဖို့ လွှတ်တော်အမတ် ၁၀၀ ကျော် ဖိအားပေး

မနက်ဖြန် ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေကို ဆွေးနွေးပြီး အာဆီယံ အသင်းကြီး အနေနဲ့ ထိရောက်တဲ့ အရေးယူ ကိုင်တွယ်မှုမျိုး လုပ်ဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတယ်။ မြန်မာစစ်အစိုးရဟာ အာဆီယံ အသင်းကြီးကို ပေးထားတဲ့ ကတိက၀တ်တွေ ချိုးဖောက်ခဲ့တယ်လို့ AIPMC ခေါ် မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ကလည်း ပြောပါတယ်။ မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း အာဆီယံက မြန်မာ့အရေးကို ကိုင်တွယ် ဆောင်ရွက်ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အာဆီယံ အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ အပြုသဘော ဆက်ဆံရေးဟာ အောင်မြင်မှု မရတာကြောင့် မြန်မာ့နိုင်ငံရေး တိုးတက်လာဖို့ရာ အာဆီယံ အသင်းကြီး အနေနဲ့ ထိထိရောက်ရောက် အမြန်ဆုံး အရေးယူ ကိုင်တွယ်သွားဖို့ အာဆီယံနိုင်ငံတွင်း လွှတ်တော်အမတ် ၁၀၀ ကျော်က ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်မယ့် အာဆီယံခေါင်းဆောင် အားလုံးကို လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲမှာ အားနည်းချက်တွေ ရှိသလို ရွေးကောက်ပွဲ ဥပဒေမှာလည်း ဒီမိုကရေစီ နည်းမကျတာတွေ ပါဝင်တဲ့အတွက် အခု ရွေးကောက်ပွဲ ရလဒ်ကို အာဆီယံအနေနဲ့ နိုင်ငံရေးအရရော သိက္ခာကျင့်ဝတ် အရပါ လက်ခံလို့ မဖြစ်နိုင်ဘူးလို့ အာဆီယံ လွှတ်တော်အမတ်တွေက ထောက်ပြထားပါတယ်။

ဒီအတွက်ကြောင့် အာဆီယံ လွှတ်တော်အမတ်တွေ အနေနဲ့ အာဆီယံထဲမှာ မြန်မာနိုင်ငံ ဆက်ပြီး ရှိနေတဲ့အပေါ်မှာ စိတ်မသက်မသာ ဖြစ်ရတယ်လို့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ AIPMC ရဲ့ အတွင်းရေးမှူး၊ မလေးရှားနိုင်ငံ လွှတ်တော်အမတ် မစ်စ် ထရီဆာ ကော့ခ် (Ms. Teresa Kok) က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်ပြီးကတည်းက တိုင်းပြည်အတွင်း လူ့အခွင့်အရေး တိုးတက်လာအောင် ဆောင်ရွက်ပါ့မယ်ဆိုတာ ပြောခဲ့တဲ့ ကတိအတိုင်း လိုက်နာဆောင်ရွက်ခဲ့တာ မရှိပါဘူး။ အခုဆို မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မကြာခင် လုပ်ပါတော့မယ်။ ဒါပေမဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ ဒီရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရကြပါဘူး။

“ဒါဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးတရားတွေနဲ့ လုံးဝ မကိုက်ညီပါဘူး။ ရွေးကောက်ပွဲကိစ္စ အပြင် မြန်မာနိုင်ငံတွင်းမှာ အခြား အခြေအနေ အကြောင်းရပ်တွေ ပြောစရာ ဆိုစရာလည်း အတော်များများ ရှိပါတယ်။ ဒီအတွက် အာဆီယံထဲမှာ မြန်မာနိုင်ငံ ဆက်ပြီး ပါဝင်နေတာကို အာဆီယံ လွှတ်တော်အမတ်တွေ အတွက် မသက်မသာ ဖြစ်ရပါတယ်။”

အာဆီယံအသင်း အနေနဲ့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆုံးဖြတ်ချက်တွေ၊ တောင်းဆိုချက်တွေ မကြာခဏ ချမှတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အခုလုပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခွင့် ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အသင်းကြီးရဲ့ တောင်းဆိုချက်၊ ဖျောင်းဖျမှုတွေအပေါ် တောက်လျှောက်လိုလို လျစ်လျူရှု နေတာတွေကို ကြည့်ခြင်းအားဖြင့် အာဆီယံ အသင်းကြီးရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ အပြုသဘော ဆက်ဆံရေး မူဝါဒ မအောင်မြင်ဘူးဆိုတာ ထင်ရှားတယ်လို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ စင်ကာပူက လွှတ်တော် အမတ် ၁၀၀ ကျော်က ထောက်ပြပါတယ်။ အထူးသဖြင့်တော့ အာဆီယံ အသင်းကြီးကို ပေးထားတဲ့ ကတိက၀တ်တွေကိုပင် ဖောက်ဖျက်တာ ဖြစ်တယ်လို့ မစ်စ် ထရီဆာ ကော့ခ်က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းပြမြေပုံနဲ့ သွားနေပါတယ်လို့ ပြောတာဆိုတာ ဆယ်စုနှစ်တခု ကျော်ပါပြီ။ ဒါပေမဲ့ အခုဖြစ်လာတာက ဒီမိုကရေစီ လုံးဝမကျတဲ့ ရွေးကောက်ပွဲလုပ်ဖို့ အဖြေပဲ ပေါ်လာပါတယ်။ ဒါဟာ အာဆီယံ ခေါင်းဆောင်တွေ၊ အာဆီယံ တိုင်းပြည်တွေနဲ့ နိုင်ငံတကာ မိသားစုကို သူတို့ပေးထားတဲ့ ကတိက၀တ်အတိုင်း မလုပ်ဘူး၊ ဆန့်ကျင်တယ်ဆိုတာ ပြနေတာပါ။ ဒီအခြေအနေကြီးကို လုံးဝ လက်ခံလို့ မရပါဘူး။”

အခုလို AIPMC အပါအ၀င် ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အာဆီယံ အနေနဲ့ မြန်မာနိုင်ငံအပေါ် လက်တွေ့ကျကျ ထိရောက်တဲ့ အရေးယူမှုမျိုးတွေ လုပ်ဖို့ တိုက်တွန်းနေသလို မြန်မာနိုင်ငံတွင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ သံဃာ့တပ်ပေါင်းစုနဲ့ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း အာဆီယံ အတွင်းရေးမှူးချုပ်ဆီကို မြန်မာ့အရေး ကိုင်တွယ်ဖို့ တိုက်တွန်းစာတစောင် ပေးပို့ခဲ့ပါတယ်။ စာပါ ကိစ္စတွေနဲ့ ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ် ပြောခွင့်ရသူ ကိုဇာနည်ကို မေးမြန်းထားပါတယ်။

“တကယ် ဖိအားပေးစေချင်တယ်။ တနိုင်ငံနဲ့ တနိုင်ငံ ဆက်စပ်နေတယ်။ တနိုင်ငံရဲ့ အကျိုးသက်ရောက်မှုက နောက်တနိုင်ငံမှာ သွားပြီး ထိခိုက်စေတယ်။ အဲဒီအခါမျိုးကျတော့ ဒီဟာတွေက ဘယ်လိုပဲဖြစ်နေနေ ကျနော်တို့ အနေနဲ့ ၀ိုင်းဝန်းကူညီ ပံ့ပိုးဖို့ တာဝန်ရှိပါတယ်။ တကယ်လို့ ကျနော်တို့နိုင်ငံက မဟုတ်ဘဲနဲ့ အာဆီယံ တနိုင်ငံက ဒီလိုမျိုး ဖြစ်ခဲ့မယ် ဆိုရင်လည်း ကျနော်တို့ နိုင်ငံက ၀ိုင်းဝန်း ပံ့ပိုးပေးရမယ့် အနေအထားမျိုးတွေ ရှိပါတယ်။”

အကယ်၍ မြန်မာနိုင်ငံဘက်က ဒီလိုဆောင်ရွက်မှု မရှိလို့ရှိရင် အာဆီယံထဲက မြန်မာနိုင်ငံကို ထုတ်ပစ်ဖို့ ဆိုတဲ့ဟာလည်း တွေ့ပါတယ်၊ ကိုဇာနည်တို့ စာထဲမှာ။ တကယ်တမ်း ဒါက ထိရောက်မယ့် နည်းလမ်းလို့ ယူဆလို့ ရပါ့မလား၊ ကိုဇာနည် ဘယ်လိုထင်ပါသလဲ။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်ပစ်လိုက်ရင် အာဆီယံနဲ့ ပို မဝေးသွားနိုင်ဘူးလား၊ နိုင်ငံတကာနဲ့ ပိုပြီး မဝေးသွားနိုင်ဘူးလား။

“ဒီဟာက သံခင်းတမန်ခင်း နည်းလမ်းတွေကို အသုံးပြုတာ ကြာခဲ့ပါပြီ။ အဲဒီတော့ သံခင်း တမန်ခင်း နည်းက ဒီလိုပဲ ကျနော်တို့ကို နားလှည့်ပါးရိုက်နဲ့ ဖြေရှင်းခဲ့တာ ကြာပြီလေ။ အဲတော့ ဒီဥစ္စာနဲ့ ပတ်သက်ပြီး ကျနော်တို့က ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်မှုမျိုးကို လုပ်စေချင်တာပါ။”

မြန်မာနိုင်ငံတွင်း လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိစေဖို့ ဆိုပြီး အာဆီယံအတွင်းက အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း အစိုးရတွေက သူတို့ စိုးရိမ်ချက်တွေကို ဒီမတိုင်ခင် ထုတ်ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ယခင် အာဆီယံ အသင်း အစည်းအဝေးတိုင်းလိုလိုမှာ တကယ်တမ်း ခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ကြပြီ ဆိုရင်တော့ သံတမန်ရေး ဆန်ဆန်ပဲ ပြောတာဆိုတာ များပါတယ်။ အာဆီယံအနေနဲ့ လက်တွေ့ အရေးယူ ကိုင်တွယ်နိုင်ဖို့ ဆိုတဲ့ အခြေအနေတော့ မတွေ့ရဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လတ်တလောအားဖြင့် လူ့အခွင့်အရေး စံနှုန်းစံထား တစိတ်တပိုင်း ဖော်ပြထားတဲ့ အာဆီယံ ပဋိညာဉ် ရှိနေတာမို့ မြန်မာ့အရေး ဆွေးနွေးမှုမှာ အားရစရာရှိပေမဲ့လည်း တကယ်တမ်း အာဆီယံ ပဋိညာဉ်ပါ အခြေအနေတွေကို အကောင်အထည် ဖော်ဖို့ကို အာဆီယံ အတွင်းမှာပဲ အခက်အခဲမျိုးစုံ ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-07-voa5.cfm

ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ……. ဖြေပါ…..။

 
              
  ၁။ စစ်အစိုးရ၏ တို့တာဝန်အရေး(၃)ပါးမှ    တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဒို့အရေးဆိုသည့်အချက်အတိုင်း.. စစ်အစိုးရမှ   တိုင်းရင်းသား ညီညွတ်ရေး ကိုအမှန်       တကယ်လုပ်ဆောင်နေပါသလား….
 ၂။ ယခုစစ်အစိုးရအဖွဲ့နှင့် စစ်ဗိုလ်ချုပ်များထဲတွင် တိုင်းရင်းသား ဘယ်နှစ်ီးမျှပါဝင်ပါသနည်း။
၃။ ယခုစစ်အစိုးရမှထုတ်ပြန်သောရွေးကောက်ပွဲဥပဒေများထဲမှကန့်သတ်ချူပ်ချယ်မှုများသည်          
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် မတရား ထောင်သွင်းအကျဉ်းကျ ခံနေရသော (သို့) ယုံကြည်ချက်ဖြင့် က်ျးကျခံနေရသော နိုင်ငံရေးင်အားစုများကီုးတည် ကန့်သတ်မှုဖြစ်ပါသလား
  ၄။ တပ်မတော်၏ စစ်သားအရင့်အမာကြီး များဖြစ်သော လက်နက်ကိုင်စစ်ဗိုလ်ချူပ်ကြီး များအနေဖြင့် မည်သည့်အတွက်ကြောင့်   ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီAဖွဲ့ချုပ်နှင့် တိုက်အခံနိုင်ငံရေးအင်အားစုများအပေါ်အလွန်ကြောက်ရွံရပါသလဲ။

 ၅။စိတ်တိုင်းကျရေးဆွဲထားသော၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လေးပုံတပုံသောလွတ်တော်ကိုယ်စားလှယ်များကိုစစ်တပ် မှနေရာယူ အကျော ရ ထားပြီး ရိုးသားသောနည်းတရားမျှတသောနည်းလမ်း တို့ဖြင့် ဒေါ်အောင်ဆန်စုကြည်၏အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်အပါအ၀င်နိုင်ငံရေးအင်အား စုများနှင့် မည်သည့်အတွက်ကြောင့် စစ်အစိုးရသည်လိပ်ပြာသန့်စွာမယှ်ပြိုင်ဝံ့ပါသလဲ
  ၆။ လူမိုက်ဂိုဏ်းဆန်သောစွမ်းအားရှင်လက်ပါးစေကြံဖွတ်အဖွဲ့ တို့်ကို မည်ကဲ့သို့အသုံးချရန်အတွက် ဖွဲ့စည်းခဲ့ပါသလဲ
  ၇။ ဒီပဲယင်းအရေးအခင်း (၃၀-မေ-၂၀၀၃) ၏ အဓိကတရားခံ မှာမည်သူဖြစ်ပါသနည်း
 ၈။နိုင်ငံတကာမျက်နှာစာတွင်နိုင်ငံရေးအင်အားစုအားလုံးပါဝင်နိုင်သောလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပပေးမည်ဟူ၍၄င်း၊ အမျိုးမျိုးကတိပေးပြောကြားခဲ့ပြီးအကြိမ်ကြိမ်ကတိဖျက်နေခြင်းသည်၎င်း၊မြန်မာနိုင်ငံတွင်နိုင်ငံရေးအက်ျးသားမရှိဟု၎င်း မျက်နှာပြောင်ပြောင်ဖြင့်ဗြောင်ငြင်းဆန်နေခြင်းတို့သည်လူကြီးလူကောင်းဆန်သည်ဟုအာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများယူဆပါသလား

၉။ ပြည်ပအားကိုးပုဆိန်ရိုး-အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကျဟူ၍ပြည်သူ့သဘောထားတွင်ပါရှိပါသည်။ တရုတ်၊ ရုရှားနှင့်နံမည်ပျက် လူမိုက်စာရင်းဝင် မြောက် ကိုးရီးယားတို့ကိုအားကိုးဖားယားဆက်ဆံနေရသူများမှာပြည်ပအားကိုးသောပုဆိန်ရိုးများဟုတ်ပါ၏လော.။
 ၁၀။ ၄င်းပြည်ပအားကိုး ပုဆိန်ရိုးများမှာမည်သူများဖြစ်ပါသနည်း။
 ၁၁။ မြန်မာသမိုင်းအစဉ်အလာတွင် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီးစောမောင်နှင့်  နိုင်ငံရေးအရှိန်အ၀ါအင်အားကြီးထွားလာသော ဗိုလ်ချူပ်ကြီးခင်ညွန့်  အစရှိသည့် တိုင်းပြည်ခေါင်းဆောင် (ခေါ်) အာဏာရှင်များနှင့် ၄င်းတို့၏အပေါင်းအပါ များသည် မည်သူတဦး တယောက်မျှအစဉ်အ လာမကောင်းခဲ့ပါ.၊ယခုအာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့်ထိပ်တန်းစစ်ဗိုလ်ချူပ်ကြီးများ၏ရှေ့အနာဂါတ် ရေးကောင်းမည်ဟုယူဆပါသလား။ 
 ၁၂။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အနေဖြင့် မိမိ၏အတ္တနှင့် အာဏာရရှိတည်မြဲရေးအတွက် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီး  စောမောင်တို့အပေါ် သစ္စာစောင့်သိခဲ့ပါသလား..။
 ၁၃။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပေါ် နောင်လာနောင်သား စစ်ဗိုလ်ချူပ်များ မိမိအပေါ် ထာဝရသစ္စာ စောင့်သိနေမည်ဟု ယုံကြည် ယူဆပါသလား
 ၁၄။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့် အသက်အရွယ်ရပြီးထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် နောင်မည်မျှကြာအောင်အာဏာ ကိုဆက်လက်ချုပ် ကိုင် ထားနိုင်မည်ဟုယူဆထားပါသနည်း။

 ၁၅။ လူတဦးတယောက်၏ မွေးရာပါ လူ့အခွင့်အရေး..လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့်..အစရှိသည်တို့ကို လက်နက်- အာဏာတို့ဖြင့် ကန့်သတ်ချူပ်ချယ်ထား မှုကိုစည်းကမ်းပြည့်ဝသောဒီမိုကရေစီ ဟုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသလား..။
 ၁၆။ အနှစ်(၂၀)ကျော် ဥပဒေ၏အထက်မှ ရာဇ၀တ်မှုမကင်းသော လုပ်ရပ်များဖြင့် မတူညီသောအမြင်ရှိသူ ရဟန်း-ရှင်လူ- ပြည်သူ- ကျောင်းသား-သတင်းသမား များ ပြုမှုဆက်ဆံနေခြင်းသည် ပဒေနှင့်အညီ တရားမျှတသောလုပ်ရပ်ဖြစ်ပါသလား
 ၁၇။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစဉ်အလာရှိ နံမည်ရ အနာဂါတ် နိုင်ငံရေး အင်အားစုများအား မတရားဖမ်းဆီး ချုပ်နှောင်၍  သန်း ၆၀ နီးပါးသော ရဟန်း၊ရှင်လူ ပြည်သူလူထုအပေါင်းတို့၏ မွေးရာပါလူအခွင့်အရေးတို့ကိုပိတ်ပင်ခံရကာအကျဉ်းသားသဖွယ်ာဏာရှင်များ၏ ရက်စက်ယုတ်မာမှုကို ခံစားနေရ ပါသည်။ ပြည်သူများအခွင့်အရေးတခုရလျှင် အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ ပါအ၀င် အပေါင်းအပါ စစ်ဗိုလ်ချူပ်များအပေါ်မည်ကဲ့သို့ တုန့်ပြန်မည်ဟု ထင်မြင်ပါသနည်း

 ၁၈။ အတိုက်ခံ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ၍ ငြိနှိုင်းကြည့်ခြင်းအားကို ပြည်သူလူထုအပါအ၀င် နိုင်ငံတကာမှပင်မြင်တွေ့လိုသော ကောင်းသော ဆန္ဒ အရင်းခံဖြစ်ပါသည်၊ လက်နက် အာဏာကိုလက်ကိုင်ပြု၍ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစ်ကို   ဥပေက္ခာပြုနေခြင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်ပါ သနည်း။
 ၁၉။ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သော၂၀၁၀ရွေးကောက်ပွဲကိုနိုင်ငံတကာနှင့်ပြည်သူများကသိမှတ်ပြုယုံကြည်မည်ဟုအာဏာရှင်ကြီးယုံကြည်ပါသလား…. 
၂၀။ တကိုယ်ကောင်းစိတ်ဖြင့် အာဏာကိုငန်းငန်းတက် ရူးသွပ်နေတာမရှက်ဘူးလား……
                                                                                                                               freeburma.mm@gmail.com
ရင်းမြစ်။ ။ဟစ်တိုင်

ဘန်ကောက်မှ ဂျပန်စားသောက်ဆိုင်တွင် စားပွဲထိုး စက်ရုပ်များ အသုံးပြု


bangkokpost.com

(နော်အဲ ဘာသာပြန်သည်)
စားပွဲထိုးစက်ရုပ်နှင့်အတူ ဓာတ်ပုံအရိုက်ခံနေသော ဆိုင်ပိုင်ရှင် အမျိုးသမီးက ဂျပန်ဝတ်စုံ ၀တ်ထားသည်။ (ဓာတ်ပုံများ - Reuters )
ဘန်ကောက်မှာရှိတဲ့ ဟဂျမီ ရိုဘော့ ဂျပန်စားသောက်ဆိုင်က စက်ရုပ် စားပွဲထိုးများရဲ့အကူညီနဲ့ ဆိုင်စဖွင့်တဲ့ နှစ်မှာ ရောင်းအား အနည်းဆုံး ဘတ်သန်း ၆၀ အထိ ရောင်းအား ရဖို့ မျှော်လင့်ထားပါတယ် တဲ့။
 
လုပ်ငန်း တိုးတက်မှုတွေဟာ သန့်ရှင်းမှုကို တစိုက်မတ်မတ် အထူးလေးထား ကြိုးစားမှုရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်လို့ ပိုင်ရှင်ဖြစ်တဲ့ Lapassarada Thanaphantက ပြောပါတယ်။ အမှတ် ၃ ရာမာလမ်း (Rama III) မှာ ရှိတဲ့ ဒီစားသောက်ဆိုင်ကို ဘတ်သန်း ၃၀ သုံးပြီး ပုံဖော် တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ရောင်းအား ၁၀ ရာခိုင်နှုံး ကိုလည်း ဈေးကွက် အတွက် ရေဒီယို၊ သတင်းစာ၊ မဂ္ဂဇင်းကြော်ငြာတွေမှာ သုံးစွဲမယ်လို့ ဆိုပါတယ်။
“ကျမတို့ မတ်လ ၁၉ရက်နေ့ ဆိုင် စဖွင့်ကတည်းက ဖောက်သည်တွေဆီက လှိုက်လှိုက် လှဲလှဲ ကြိုဆိုမှုတွေ ရခဲ့ပါတယ်။ အထူးသဖြင့် ကျမတို့ဆိုင် အကြောင်းကို ရုပ်သံအစီစဉ် တချို့က ထုတ်လွင့်ပြီးတဲ့ နောက်မှာပေါ့ရှင်။ ပန်းသတင်း လေညှင်းဆောင်တာရယ်၊ လိမ္မာ ပါးနပ်တဲ့ စက်ရုပ်တွေကြောင့်ရယ် ကျမတို့ဆိုင် ရောင်းအား တက်ခဲ့တာပါ” လို့ ဆိုင်ရှင်က ပြောပါတယ်။

စားပွဲထိုးနေတဲ့ စက်ရုပ်

ဆိုင်က စိတ်ဝင်စားသူတွေကို ဆွဲဆောင်ထားတာကတော့ အစားအသောက် စာရင်း (Menu) နဲ့ ဆိုင်အတွက် ပြည်ပကနေ မှာယူထားတဲ့ ကုန်ပစ္စည်းတွေ အပြင် ခေတ်မှီ နည်းပညာ နဲ့ တီထွင်ထားတဲ့ စက်ရုပ်တွေပါပဲ လို့ သူက ထပ်ပြောပါတယ်။

ဂျပန် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံမှာ ပရိုဂရမ် ထည့်ထားတဲ့ စက်ရုပ် လေးရုပ် ဒီစားသောက်ဆိုင်မှာ ရှိပါတယ်။

လက်နှစ်ဖက်နဲ့ ဒီစက်ရုပ်တွေဟာ စားပွဲထိုးနိုင်တဲ့ အပြင် စိတ်ခံစားမှုကို ဖော်ပြနိုင်တယ်၊ ကပြတတ်တယ်၊ စားပြီးသား ပန်းကန်ကိုလည်း အလို အလျောက် သွားရောက် သိမ်းဆည်းတတ်ပါတယ် တဲ့။

ဖောက်သည်တွေက မိမိမှာ လိုရာ အစားအသောက်တွေကို စားပွဲမှာ ရျိတဲ့ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ နှိပ်ပြီး မှာယူရမယ်၊ မှာထားတဲ့ အစားအစာတွေကို စက်ရုပ်တွေက စားသုံးသူတွေရဲ့ စားပွဲပေါ် အရောက် ပို့ပေးပါတယ်။

မီတာ ၄၅၀ ပတ်လည် ကျယ်ဝန်းတဲ့ ဒီ စားသောက်ဆိုင်ဟာ အမှတ်၃ ရာမာလမ်းပေါ်မှာ ရှိတဲ့ မိုနိုပိုလိုင်ပတ် ဆိုတဲ့ ကုန်တိုက်ရဲ့ တတိယထပ်မှာ ဖွင့်ထားပါတယ်။ 
 
ရင်းမြစ်။ ။မိုးမခ