Wednesday, February 17, 2010

ပြင်ဆင်ကြစို့


မတရားမှုသည်
ဥပဒေ
ဖြစ်လာသောအခါ
တော်လှန် ပုန်ကန်ခြင်းကား
တာဝန်တရပ်
ဖြစ်လာသည်။

အာဏာရှင်စနစ်သည်
ပြည်သူလူထုကို
ဖိနှိပ်သောအခါ
ဆန့်ကျင်ရေး
လှုပ်ရှားမှုများကား
မလွဲမသွေ
ပေါ်ပေါက်လာသည်။

စီးပွားရေးရာ
မူဝါဒများသည်
အဖိနှိပ်ခံ
အလုပ်သမား
လယ်သမား
နင်းပြားများ၏
ဘ၀ရပ်တည်ရေးကို
မဆောင်ကျဉ်းပေးသောအခါ
အလုပ်သမား
လယ်သမား
သပိတ်များကား
မလွဲဧကန်
ပေါ်ပေါက်လာသည်။

အလုပ်သမား
သပိတ်များမှသည်
လယ်သမားသပိတ်
ကျောင်းသားသပိတ်
သံယာတော်သပိတ်
ပြည်သူ့ဝန်ထမ်းသပိတ်
မျိုးချစ်တပ်မတော်သား သပိတ်
အထွေထွေသပိတ်များဆီသို့
ကူးဆက်သွားသောအခါ
အာဏာရှင်စနစ်ကား
ဧကန်မုချ
ပြိုကျပေမည်။

ပြင်ဆင်ကြစို့
ရဲဘော်တို့။

အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု



အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှုဒီအချက်ဟာ မကြာမီက အောက်ခြေစစ်မှုထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို လာစာငွေနှစ်သောင်း ဆောင်းပေးခဲ့တာနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပေမဲ့ တကယ်တော့ ဒီအကြောင်းအချက်တခုတည်းကြောင့် ဆန္ဒပြပွဲက ပိုပြင်းလာတာလို့ ပြောလို့မရပါဘူး။ မူလကပင် အလုပ်သမားတွေမှာ ခါးသီးလှတဲ့ အခြေအနေတွေက ရှိနေခဲ့ပြီး တစထက်တစ ပိုဆိုးရွားလာတာကို အခြေခံတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ မြန်မာစစ်အစိုးရလက်အောက်မှာရှိတဲ့ အစိုးရပိုင်စက်ရုံတွေအပါအဝင် နိုင်ငံခြားဖက်စပ် စက်ရုံတွေမှာရော ပုဂ္ဂလိက စက်ရုံတွေမှာပါ အလုပ်သမားအခွင့်အရေးအတွက် ရပ်တည်ပေးမဲ့ အလုပ်သမားသမဂ္ဂဆိုတာမျိုး လုံးဝမရှိခဲ့တာမို့ မြန်မာစက်ရုံအလုပ်သမားတွေရဲ့ ဘဝဟာ အလုပ်ရှင်က ခိုင်းစေသမျှကို ရသမျှလုပ်အားခနဲ့ ကျေနပ်နေခဲ့ကြရတာပါ။ ပြီးတော့ အခြေခံလုပ်အားခံ အလွန်နဲနဲအပေါ်မှာ အိုတီကြေးလို့ အလုပ်သမားတွေခေါ်ဆိုတဲ့ အချိန်ပိုအားခကိုသာ အားထားပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတာမို့ သူတို့ရဲ့ဘဝဟာ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နံနက်မိုးလင်းက အိပ်ယာဝင်ချိန်အထိကို လုပ်ကိုင်နေကြရတာပါ။

ဥပမာအားဖြင့် အစိုးရပိုင်စက်ရုံတရုံဖြစ်တဲ့ ရွှေတောင်အထည်စက်ရုံမှာ ဆိုရင် စက်ရုံမှူးဗိုလ်မှူးဆိုသူက အလုပ်သမားများရဲ့ လုပ်အားကို တလ ရက် ၃၀မှာ ရက် ၃၀ လုံး နားရက်မပေးဘဲ ည ၁၀ နာရီထိ အချိန်ရှည်ဆင်းစေပြီး အချိန်ပိုလုပ်အားခကိုတော့ တနေ့လျှင် ၂၀၀ ကျပ်သာပေးခဲ့တယ်လို့ဆိုကြပါတယ်။

ဒါ့အပြင် စက်ရုံအလုပ်သမားများရဲ့ လုပ်အားနဲ့ သူပိုင်မြေယာတွေ ရှင်းလင်းဖေါ်ထုတ်ပေးရတာမျိုး ခေါင်းပုံဖြတ် စေခိုင်းမှုတွေလည်း ရှိနေခဲတာပါ။ စက်ရုံအများစုရဲ့ စက်ရုံမှူးတွေဟာ စစ်တပ်ကလာတဲ့ စစ်ဗိုလ်တွေဖြစ်လို့ အလုပ်သမားတွေအဖို့ အလုပ်သမားအခွင့်အရေးတောင်းဆိုနိုင်ဖို့ မဆိုထားနဲ့။ မကျေနပ်ချက်ကို ပြန်ပြောမိရင် အကြောင်းမရှိအကြောင်းရှာ အလုပ်ဖြုတ်ခြင်း၊ ချောက်တွန်းဖမ်းဆီးချုပ်နှောင်ခံရတာမျိုး မဖြစ်အောင် ဆင်ခြင်နေထိုင်ကြရတာပါ။

ဒီအခြေအနေဟာ ရွှေပြည်သာ၊ လှိုင်သာယာတို့လို စက်မှုဇုံတွေမှာရှိတဲ့ နိုင်ငံခြားဖက်စပ်စက်ရုံတွေမှာ ပိုလို့တောင်ဆိုးရွားနေပါသေးတယ်။ အုပ်ချုပ်သူအများစုက စစ်တပ်နဲ့ လည်းကောင်းတို့နဲ့ အလွမ်းသင့်သူအသိုင်းအဝန်းကလာကြာတာမို့ လစာငွေအပေါ် အလုပ်အားအပေါ် အလုပ်ချိန်အပေါ် နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ခံနေကြရပါတယ်။ အလုပ်ချိန်ဟာ နံနက် ၇း၀၀ နာရီက ည ၁၁း၀၀ နာရီထိ ရှည်လျားနေတတ်ပါတယ်။ နေ့လည်ထမင်းစားချိန်ကို နာရီဝက်ဘဲ ခွင့်ပြုပါတယ်။ အလုပ်ချိန်ရှည်လျားလွန်းတော့ မြန်မာပြည်က စက်ရုံအလုပ်သမားတယောက်ဟာ မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ အလုပ်ကိုသွား၊ အလုပ်က အိမ်ပြန်ရောက်တာနဲ့ အိပ်ယာဝင်၊ ဒီလိုနဲ့ မိသားစုနဲ့ ပျော်ပျော်ပါးပါးနေထိုင်ချိန်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ တွေ့ဆုံချိန်၊ စာပေဗဟုတုတလေ့လာချိန်၊ တီဗွီ/ဗီဒီယိုကြည့်ရှုလေ့လာချိန်၊ ဘာသာတရားကိုးကွယ်ဆည်းကပ်ချိန် ဆိုတဲ့ လူတယောက်ရဲ့ သာမန်ဘဝတခုမှာ ရရှိသင့်ချိန်တွေတောင် ပျောက်ကွယ်နေကြပါပြီ။

အလုပ်ခွင်မှာလည်း အလုပ်သမားကြီးကြပ်သူတွေက ဟိုဟိုဒီဒီခေါင်းလှည့်ကြည့်တာကိုတောင် စည်းကမ်းဖောက်ဖျက်စာရင်းသွင်းပြီး လစာဖြတ်တောက်တာမျိုးလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။ သိုးမွေးထိုးစက်ရုံလို စက်ရုံမျိုးမှာဆိုရင် သိုးမွေးထိုးအပ်ကလေး ချည်ပေါက်ထဲဝင် မဝင်ကို နေ့စဉ်အချိန်ပြည့်ကြည့်ရှုနေရတဲ့ အဖြစ်မှာ မျက်လုံးတွေကိုက်ခဲနေလို့ မျက်စိဆရာဝန်ပြဖို့ အချိန်မပေးနိုင်ကြပါဘူး။ ပြစရာငွေလည်း မရှိကြပါဘူး။ တကယ်တော့ လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက်ပြည့်ပြည့်စုံစုံ ရှိသင့်ပါတယ်။ စက်ရုံတွေမှာ ဆေးပေးခန်းဆိုတဲ့ မည်ကာ မတ္တ ဆေးပေးဌာနတွေရှိနေတတ်ပေမဲ့ လက်တွေ့မှာတော့ ခေါင်းကိုက်လို့ ကိုယ်လက်ကိုက်ခဲလို့ ပါရာစီတမောတလုံးသောက်ချင်တာမျိုး လွယ်ကူစွာမရနိုင်သလို အလုပ်ခွင်အတွင်း သာမန်ထိခိုက်ပွန်းပဲမှုမျိုးအတွက် တင်ချာအိုင်အိုဒင်းနဲ့ (၃၀ိ) တန်ပတ်တီးတလိပ်ရရှိဖို့တောင် အလွန်ခက်ခဲကြပါတယ်။ အမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့်ဆိုတာမျိုး သီးသန့်ခံစားခွင့် ရရှိသင့်ပေမယ့် အမျိုးသမီးအလုပ်သမားအများစုက လခစားအမြဲတမ်းဝန်ထမ်းမဟုတ်ဘဲ နေ့စားအလုပ်သမားများဖြစ်ကြတဲ့အတွက် အလုပ်မလုပ်နိုင်လို့ အလုပ်မဆင်းရင် လုပ်အားခံမရဘဲ ဘဝတွေပါ။
`
ဒီလိုအခြေအနေမျိုးမှာ လစဉ်ရရှိကြတဲ့ လုပ်အားခဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ လုံးဝမလုံလောက်ကြလို့ အလုပ်သမားအားလုံးလိုလိုဟာ ကြွေးပင်လယ်ထဲမျောနေကြသူတွေချည်းပါပဲ။ အကယ်၍ အလုပ်သမားတယောက်က ကြွေးကင်းသူဆိုရင် မြန်မာပြည်က စက်ရုံအလုပ်သမားစစ်ရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင် လကုန်ရက်ဟာ ငွေစာရင်ရုံးပေါ်က လစာရင်း၊ စက်ရုံဝင်းထဲမှာ ကြွေးရှင်နဲ့ စာရင်းရှင်းဆိုတဲ့ (ရှင်းပြီးခြင်း ရှင်းနေ့)လို့တောင် ပြောရလိုဖြစ်နေတာကြာပါပြီ။ စစ်အစိုးရက ချမ်းသာကြွယ်ဝပြီးသား လုပ်ငန်းရှင်၊ သူတို့နဲ့ပတ်သက်သူတွေကို ၁ % အတိုးနှုန်းလောက်နဲ့ သိန်းပေါင်းထောင်သောင်းချီချေးငှားပေးပေမဲ့ များစွာသော အောက်ခြေက အလုပ်သမားတွေအတွက် လုံလောက်မျှတတဲ့ ချေးငွေစနစ်မျိုးမရှိပါဘူး။ ဒါကြောင့် သာရေးနာရေးကိစ္စတွေ မလွဲမရှောင်သာ ကြုံလာတဲ့အခါ အလုပ်သမားတွေ ချေးငှားသုံးစွဲရတဲ့ အတိုးနှုန်းထားဟာ ၁၀ % မှာ ၅၀ % ထိတောင်ရှိနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာဝန်းကျင်က စက်ရုံအလုပ်သမားတွေရဲ့ မိသားစုတွေနေထိုင်တဲ့ ရပ်ကွက်တွေကို သွားရောက်လေ့လာကြည့်ရင် ကြွေးရှင်နဲ့ နပန်းလုံးနေရတဲ့ ငြီးတွားသံတွေကို ကြားသိရမှာပါ။ ငယ်ရွယ်နုပျိုတဲ့ မိဘကို လုပ်ကြွေးမွေးမြူနေသူ အလုပ်သမလေးတချို့ဆိုရင် လကုန်လို့ ကြွေးရှင်နဲ့ စရင်းရှင်းရရင် ရှင်းစရာငွေမကျန် မရှိတော့လို့ (သတ်သာသေလိုက်ချင်တော့တယ်) ဆိုတဲ့ အသံမျိုးကိုတောင် ကြားရနိုင်ပါတယ်။ ဘဝဝမ်းစာအခက်အခဲမျိုးစုံကြုံနေရတဲ့ အထည့်ချုပ်အလုပ်သမလေးတချို့ဆိုရင် စက်ရုံက ဗိုလ်မှူးဆိုသူတွေရဲ့ မြူဆွယ်မှု၊ စည်းရုံးသိမ်းသွင်းမှုနဲ့ ဘဝပျက်ရသူတွေလည်း ရှိနေပါတယ်။ ဒါတွေဟာ လူမှုရေးပြဿနာလို့ ရုတ်တရက် ယူဆချင်ယူဆနိုင်ပေမဲ့ တကယ်ကတော့ စစ်အစိုးရလက်အောက်မှာ အလုပ်သမားအခွင့်အရေးကို အာမခံပေးနိုင်မဲ့၊ တောင်းဆိုပေးနိုင်မဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ မရှင်သန်နိုင်လို့ ဖြစ်နေရတဲ့ ပြဿနာတွေလို့ ပြောနိုင်ပါတယ်။

အမေရိကန်နဲ့ အနောက်ဥရောပလို နိုင်ငံတွေမှာ အလုပ်သမားသမဂ္ဂတွေဟာ အလွန်သြဇာရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်လို အာဏရှင်နိုင်ငံတခုမှာတော့ အလုပ်သမားသမဂ္ဂဆိုတာ အိမ်မက်မက်ဖို့ မဆိုထားနဲ့ ကြားတောင်ကြားဘူးသူ နဲမယ်ထင်ပါတယ်။ ဒါကြောင့် အလုပ်သမားအများစုဟာ ကိုယ်အခွင့်အရေးကိုယ် မသိနိုင်ဖြစ်နေကြပါတယ်။ ပြောရရင်တော့ လက်ရှိအခြေအနေမှာ အလုပ်သမားတွေရဲ့ ဘဝဟာ အလုံပိတ်စက်ရုံတွေထဲမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ဘဝနဲ့ သိပ်မထူးလှပါဘူး။ ဒီအတွက် မကြာသေးမီကာလက စစ်အစိုးရခေါင်းဆောင် ဗိုလ်သန်းရွှေရဲ့ စက်မှုနိုင်ငံတော်ကြီးတည်ထောင်မယ်လို့ဆိုတဲ့ ကြွေးကြော်သံကို မေးခွန်းထုတ်ရမှာက အကျဉ်းထောင်ထဲမှာ စက်ရုံဆောက်ပြီး စစ်ဗိုလ်စက်ရုံမှူး ထောင်ဝါဒါတွေနဲ့ အကျဉ်းသားတွေကို မဝရေစာကျွေးပြီး ဆထက်ထမ်းပိုးတိုး အလုပ်ကြမ်းခိုင်းစေဖို့ ကြံရွယ်နေသလားဆိုတာပါဘဲ။

အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာပြည်က အလုပ်သမားတွေရဲ့ ဘဝတွေ ဆင်းရဲမွဲတေမှုကလွတ်မြောက်ပြီး မျှတတဲ့ အခွင့်အရေးတွေ ခံစားနိုင်ဖို့ ဦးဆောင်ဦးရွက်ပြုပေးမဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။

အလုပ်သမားသမဂ္ဂ အသင်းအဖွဲ့တွေ ဖွဲ့နိုင်၊ ရှင်သန်နိုင်ဖို့ကလည်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ စစ်အာဏာရှင်စနစ်တွေ မှန်သမျှကို ဖယ်ရှားပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံရေး ပုံစံသစ်တခုကို ရရှိအောင် အားလုံးက ဝိုင်းဝန်းကြိုးစားနိုင်မှသာ အလုပ်သမားတွေရဲ့ ဘဝကလည်း တိုးတက်ကောင်းမွန်လာမှာပါ။

လက်ရှိအနေအထားအတိုင်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ မကြာမီကာလက တွေ့မြင်ခဲ့ရတဲ့ အသက် ၁၅ နှစ်နဲ့ ၄၀ ကြား နုနယ်ပျိုမြစ်တဲ့ မိန်မသားအလုပ်သမလေးများကို ထောင်နဲ့ချီတဲ့ စစ်ဗိုလ် စစ်သား၊ လုံထိန်း၊ ရဲ၊ မီးသတ်တပ်ဖွဲ့တွေက သေနတ်တကားကားနဲ့ ခြိမ်းခြောက်နေတဲ့ မဖွယ်မရာ စက်ဆုတ်ဖွယ်မြင်ကွင်း မျိုးတွေတွေကို ILO အဖွဲ့ကြီး အပါအဝင် ကမ္ဘာအလုပ်သမား မိသားစုတွေနဲ့ ကျန်ကမ္ဘာသားတွေ အားလုံးစိတ်မချမ်းမြေ့ဖွယ် ရှုမြင်နေရဦးမှာ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

× × × × ×

မမခင်
မြန်မာပြည်
(၁၁. ၂. ၂၀၁၀)
မူရင်း ။ ။ yoma3

တိမ်အညို


တချို့ကပြောတယ်

အဲ့ဒါ မှန်တချပ်

တချို့ကျ သုံးဘက်မြင်။


အဖြေသိပ်များတဲ့ ပုစ္ဆာ

အခါခါတွက်မိနေမှတော့

ငါ့ဘယ်ဘက်ရင်ဘတ်ထဲက

ဆူးတချောင်းနဲ့နှုတ်ခမ်းတစုံ

အပြစ်တင်စရာ အကြောင်းလဲမရှိ။

ဒီည

အလွမ်းရောင်ဖွဖွ

ရွာအချ

သစ်...မှောင်

နက်...စို

တိမ်လွယ်နက်လွယ်

ပင်လယ်ဟောင်းတစင်းအပြည့်



ယုံလား

မင်းပြုံးရင်

ဟောဟိုတောင်တန်းကြီးတွေ

ငါ့နှင်းဆီခင်းကလေးဆီပြိုကျ

ငါ့နှင်းဆီဆူးကလေးတွေ အလိုလိုခါချပစ်တတ်တယ်ဆိုတာကို။


ဒီလိုနဲ့

၂၀၀၇၊၂၀၀၈၊၂၀၀၉၊၂၀၁၀

စတုတ္ထမြောက်ဂီတသံ

ငြိ...တိုက်...လွင့်....နွယ်

မျက်လွှာမချမီ

တကယ့်ကိုသီသီကလေး

ဝိရောဓိအထပ်ထပ်နဲ့

ဟော့ဒီနှုတ်ခမ်းတွေ

ဒီတခါလဲ

ဒီတခါနောက်ဆုံးပါ”လို့

အခါခါရွတ်ဆိုမိပြန်ပြီ။


ကောင်းကင်တခုစာမက

ဝေးလွန်းတဲ့ညမှာ

အလင်းကိုအမှောင်နဲ့ ငြိမ်းမိသလား

အမှောင်ကိုအလင်းနဲ့ငြိမ်းမိသလား

ဒါ...သူ့မြစ်ကမ်းနံဘေးမှာ

ကျမအဆိုချင်ဆုံးတေး

.........့တရံရောအခါများမှာ

ဝါလွယ်စိမ်းလွယ်တတ်သော

သစ်ရွက်ကလေးဖတ်ဖို့ပါ။

မွန်ဒရာ

ဖေဖော်ဝါရီ ၁၇၊ ၂၀၁၀

A (H1N1) ရှိသူ ၅၁ ဦး ထပ်တွေ့ဟု WHO ပြော



ယခုလ ၂ ရက်နေ့မှ ယနေ့အထိ WHO က လက်ခံရရှိသော စာရင်းများအရ ၅၁ ဦးတွင် A (H1N1) ပိုး တွေ့ရှိခဲ့ပြီး အများစုမှာ ရန်ကုန်တိုင်းရှိ ဝေဘာဂီ၊ မြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်း စံပြဆေးရုံတို့တွင် ကုသမှုခံယူနေရသည်။

“ဒီရောဂါက ဒီဇင်ဘာ ၁၂ ရက်နေ့ကစပြီး မဖြစ်တော့ဘူး။ အခုလ ၂ ရက်နေ့က ပြန်တွေ့တယ်။ ဘာကြောင့် အခုလို တကျော့ပြန် ပြန်ဖြစ်လာတယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး” ဟု WHO အရာရှိတဦးက ပြောသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ကျေးရွာတခုတွင် A (H1N1) ပိုးရှိသူ ၄ ဦးကို ယခုလ ၅ ရက်နေ့တွင် တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဆက်လက်တွေ့ရှိကြောင်း ယခုလ ၁၃ ရက်နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့အလင်းသတင်းစာက ဆိုသည်။

စစ်ဆေးကြည့်မှသာ ရောဂါရှိမည်ကို သိနိုင်သဖြင့် ကူးစက်နေမှုများ ရှိနေနိုင်ပြီး A (H1N1) ပိုးရှိသူများ ထပ်တွေ့လာနိုင်ကြောင်း WHO အရာရှိက ပြောဆိုသည်။

“ရောဂါက ဘယ်လိုတွေပျံ့နေမလဲ ကျနော်တို့ မသိနိုင်ဘူး။ ဒါကြောင့် ပိုးရှိတဲ့သူတွေ ထပ်တွေ့ လာနိုင်သေးတယ်။ အခုထက်ထိ ထောက်လှမ်းစစ်ဆေးတဲ့ အလုပ်တွေ ဆက်လုပ်နေဆဲပါပဲ” ဟု သူက ပြောသည်။

၂ဝဝ၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ လေကြောင်းဖြင့် ပြန်လာသည့် ၁၃ နှစ်အရွယ် ကျောင်းသူ တဦးထံမှ A (H1N1) ပိုးကို ပထမဦးဆုံး တွေ့ရှိခဲ့သည်။

အမေရိကားတိုက် မက္ကဆီကိုနိုင်ငံတွင် ၂ဝဝ၉ ခုနှစ် ဧပြီလအတွင်းက ဝက်များတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် မျိုးစိတ်အသစ် ပေါက်ဖွားကာ လူသို့ ကူးစက်ခဲ့သည့် A (H1N1) (ထိုစဉ်က ဝက်တုပ်ကွေး) ရောဂါသည် ကမ္ဘာ့ဒေသ အနှံ့အပြားသို့ ပျံ့နှံ့ကူးစက်ခဲ့ပြီးနောက် ဇွန်လအတွင်း WHO က ကမ္ဘာ့ကပ်ရောဂါ (အမြင့်ဆုံး အဆင့်) အဖြစ် သတ်မှတ်ခဲ့သည်။

A (H1N1) ကြောင့် နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ လူဦးရေ အနည်းဆုံး ၁၅၁၇၄ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း WHO က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။
ဆလိုင်း ဟံသာစန်း | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၁၅ မိနစ်

လူ့အခွင့်အရေးကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခွင့်ရ

မြန်မာနိုင်ငံသို့ (၅) ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းရှိ စစ်တွေအကျဉ်းထောင်သို့ သွားရောက်လေ့လာခွင့် ရရှိခဲ့ပြီး နိုင်ငံရေး အကျဉ်းသားအချို့နှင့် တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်သို့ လိုက်ပါသွားသူ ကုလသမဂ္ဂရုံး ရန်ကုန်ရှိ ပြန်ကြားရေးဌာနမှ ဦ်းအေးဝင်းက “စစ်တွေထောင်မှာ နိုင်ငံရေးအကျဉ်းသား (၄) ယောက်နဲ့ မစ္စတာကင်တားနား တွေ့ခဲ့ပါတယ်။ ဦးကြည်သန်း၊ ပြည့်ဖြိုးလှိုင်၊ ဇော်ထွန်းမြင့်နဲ့ ဦးဇင်းတပါးတို့ကို တွေ့ခွင့်ရခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

စစ်တွေထောင်တွင် တွေ့ခွင့်ရခဲ့သူ ဦးကြည်သန်း (ခေါ်) ဦးသန်းတင်သည် အစာအိမ် အချဉ်ပေါက်သည့်ဝေဒနာ၊ အရေပြား ယားယံသည့်ဝေဒနာ ခံစားနေရသူတဦးဖြစ်ပြီး အသေးလေး (ခေါ်) ပြည့်ဖြိုးလှိုင်သည်လည်း တီဘီရောဂါကြောင့် ဆေးရုံတင်ခဲ့ရဖူးသူဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPPB က ဆိုသည်။

မစ္စတာ ကင်တားနားသည် လာမည့်မတ်လ ကုလသမဂ္ဂ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ အစီရင်ခံ တင်ပြရန်ရှိပြီး နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ၎င်း၏ခရီးစဉ် မစတင်မီ ရက်ပိုင်းတွင် စစ်အစိုးရအား တောင်းဆိုခဲ့သည်။

ရန်ကုန်မြို့မှ မိုင် (၆၀၀) ခန့်ဝေးကွာသော ဘူးသီးတောင် အကျဉ်းထောင်သို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်သည် ယနေ့သွားရောက်ရန်ရှိသည့်အတွက် နိုင်ငံရေးအကျဉ်းသမားအချို့နှင့် တွေ့ခွင့်ရလိမ့်မည်ဟု AAPPB က မျှော်လင့်နေသည်။

AAPPB ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က “ဘူးသီးတောင်ထောင်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ်တို့၊ တိုင်းရင်းသားခေါင်းဆောင် ဦးထွန်းညိုတို့လို အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်။ သူတို့နဲ့ တွေ့ခွင့်ရခဲ့ရင်တော့ ထောင်တွင်းမှာ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ၊ ပြီးတော့ ဥပဒေရေးရာလမ်းကြောင်းက ဘယ်လိုချိုးဖောက်ခံနေရသလဲ ဆိုတာတွေ ကင်တားနား ကြားရမှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဘူးသီးတောင်အကျဉ်းစခန်းရှိ နိုင်ငံရေးအကျဉ်းသား (၂၀) ကျော်အနက် စည်သူမောင် (လိပ်ခေါင်း)၊ ကိုဌေးကြွယ် (အစာအိမ်နာနှင့်သွေးတိုး)၊ ကိုအောင်ဇော်ဦး (နှလုံးရောဂါ)၊ မိုးနိုင်စိုး (ဆီးချို၊ ဒူလာရောဂါ)၊ အရှင် အိန္ဒရိယ (Nervous Tension) စသည့် ရောဂါဝေဒနာ ခံစားနေရသူများ ပါရှိသည်။

ကိုတိတ်နိုင်က “ကင်တားနား တွေ့ခွင့်ရတဲ့အပေါ် အကျဉ်းသားလွတ်မြောက်ရေးအတွက် လုပ်မပေးနိုင်ပေမယ့် အကျဉ်းထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ကိစ္စ တချို့တော့ အောင်မြင်မှု ရနိုင်မယ်လို့ထင်တယ်။ ပြီးတော့ စစ်အစိုးရက တောက်လျှောက် ငြင်းလာနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူး ဆိုတဲ့ကိစ္စဟာလည်း ဒီလို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုအောက်မှာ တင်းခံလို့မရတော့ဘဲ အလိုလို လက်ခံလာမယ့် အခြေအနေကောင်းတွေ ဖြစ်လာမှာပါ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား (၂,၁၉၅) ဦးရှိပြီး ကျန်းမားရေး ချို့တဲ့နေသူ (၁၂၈) ဦးရှိကြောင်း AAPPB မှတ်တမ်းများအရ သိရသည်။

မစ္စတာ ကင်တားနားသည် ၎င်း၏ခရီးစဉ်အတွင်း အင်းစိန်အကျဉ်းထောင်သို့လည်း သွားရောက်မည်ဟု သိရသည်။

လူ့အခွင့်အရေး ကိုယ်စားလှယ်သည် ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီးနောက် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံး၌ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားသံရုံးများမှ သံတမန်အဖွဲ့ဝင် (၃၆) ဦး၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ ခရိုင်တရားသူကြီးများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

နောက်ဆုံးရက် သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စစ်အစိုးရထံ တင်ပြထားပြီး နေပြည်တော်ရှိ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံရန်ရှိသည်။

ဝီရ/ ၁၇ ဖေဖော်ဝါရီ ၂ဝ၁ဝ
မူရင်း ။ ။ ခေတ်ပြိုင်