Thursday, December 31, 2009

၂၀၁၀ တွင် ဖြစ်လာနိုင်သော



၂၀၁၀



ဘာပဲဖြစ်ဖြစ် နှစ်တစ်နှစ်ကတော့ကုန်ဆုံးသွားခဲ့ပါပြီ ။
၂၀၁၀ ဆိုတာ ကို ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ
ရောက်လာတော့မှာပါ ။ တကယ်တော့ ကျ နော်တို့ လူ့ဘ၀ဆိုတာ
ဗလာ အခေါင်းနဲ့ဆပ်ပြာ ပူပေါင်းတွေပါပဲ ။
အဲဒီဆပ်ပြာပူပေါင်း ကို သက်တန့်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ.......
လို့ ဆုတောင်းလိုက်ပါတယ် ။
အားလုံးအတွက် အကောင်းဆုံးသော နှစ်သစ်ဖြစ်ကြပါစေ..။

Wednesday, December 30, 2009

သာဌေယျ(သို့) ယုတ်ညစ်သော ဟန်ဆောင်ကောက်ကျစ်မှု


အကုသိုလ်တရား လွှမ်းမိုးရာ ပုထုဇဉ်လောက၌ အကုသိုလ်ထိုက်သည့် ဟန်ဆောင်မှုတို့
ပြည့်နှက်နေ၏။ ကိစ္စရပ်တိုင်းကို ကောင်းမကောင်း ဆုံးဖြတ်ရာ၌ အကြောင်းရင်း ရည်ရွယ်ချက်နှင့်
အကျိုးရလဒ်တို့ကို ကြည့်ရသည်။ အကြောင်းနှင့် အကျိုးကို ကြည့်၍ ဟန်ဆောင်မှုကိုလည်း အပြစ်
ကင်းမကင်း နှစ်မျိုးခွဲခြား သတ်မှတ်နိုင်ပေသည်။လောကသားတို့ ဟန်ဆောင်ကြရာ၌ 'မုသားမပါ လင်္ကာမချော'
ဆိုသကဲ့သို့ ဝန်းကျင်လောကနှင့် သဟဇာတဖြစ်အောင် ဟန်ဆောင်ရသည်လည်း ရှိ၏။ ရှင်းရှင်းဘွင်းဘွင်း ပြောဆို
ပြုမူလိုက်လျှင် သက်ဆိုင်ရာ ပတ်ဝန်းကျင်၌ ပေါက်ကွဲမှု တုန်လှုပ်မှုတို့ ဖြစ်ပွား လာနိုင်သောကြောင့်
အခြေအနေကို ထိန်းသည့်အနေဖြင့် ဟန်ဆောင် ဖုံးဖိလိုက်ရသည်လည်း ရှိ၏။ ပတ်ဝန်းကျင်ကို
မသမာသော နည်းဖြင့် အနိုင်ယူ လွှမ်းမိုးရန် ကောက်တကျစ် ဟန်ဆောင်ကြသည်လည်း ရှိ၏။
ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ တစ်ဦးတစ်ယောက်အတွက် အထိုက်လျောက် အကျိုး
ဖြစ်ထွန်းစေနိုင်သော ဟန်ဆောင်မှု၊ လိမ်ညာမှုတို့ကို အနောက်ယဉ်ကျေးမှု၌ 'မုသားဖြူ'ဟု ချစ်စနိုး
ကင်းပွန်းတတ်ကြ၏။ ထိုသို့သော ဟန်ဆောင်မှုမျိုးကို ခွင့်လွှတ်နိုင်သည့်သဘော လက်ခံနိုင်သည့်
သဘောပင်ဖြစ်သည်။အကုသိုလ်ထိုက်သည့် ယုတ်ညစ်သော ဟန်ဆောင်ကောက်ကျစ်မှုကို ပါဠိစာပေ၌
'သာဌေယျ'ဟု ခေါ်ဝေါ်သုံးစွဲ၏။ ဂုဏ်အရည်ချင်း တကယ်မရှိဘဲ ရှိလေဟန်ဆောင်ခြင်း၊ ကြွားဝါခြင်း
အသန္တဂုဏသမ္ဘာဝန သဘော၊ အဝိဇ္ဇမာနဂုဏပကာသန သဘောတို့သည် သာဌေယျမည်၏။
ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားမှုကို ရလိုသောကြောင့် ဂုဏ်အရည်အချင်း တကယ်မရှိဘဲ
ရှိလေဟန်ကြွားဝါခြင်းပင် ဖြစ်သည်။သီလမရှိဘဲ ရှိဟန်ဆောင်ခြင်း၊ အကျင့် မကောင်းဘဲ ကောင်းဟန်ဆောင်ခြင်း၊
အမျိုးမမြတ်ဘဲမြတ်ဟန်ဆောင်ခြင်း၊ ဗဟုသုတ မရှိဘဲ ရှိဟန်ဆောင်ခြင်း၊ ပစ္စည်းဥစ္စာ မရှိဘဲ ရှိဟန်ဆောင်ခြင်း
အစရှိသော ဟန်ဆောင်ကြွားဝါမှု မှန်သမျှသည် သာဌေယျမည်၏။ အဘိဓမ္မာ တရားကိုယ်အားဖြင့်
တဏှာလောဘပင် ဖြစ်ပေသည်။ လောကစီးပွား အောင်မြင်ရေးအတွက် ဖြတ်လမ်းနည်းလည်း
ဖြစ်ပေသည်။ယုတ်မာသော ဟန်ဆောင်မှုသည် မထိုက်တန်သော ကိုယ်ကျိုးစီးပွားကို မမှန်ကန်သော
နည်းလမ်းဖြင့် ရယူရန် ကြိုးစားသောကြောင့် ဖြစ်ပေါ်လာရ၏။ ယုတ်နိမ့် အောက်တန်းကျ
သူတို့သည် ဟန်ဆောင်မှု ကြွားဝါမှု အလိမ်မပေါ်မချင်း သာဌေယျသုံး၍ လောက၏ အထင်ကြီး
လေးစားမှုကို ရယူနိုင်ကြ၏။ ပူဇော်ချီးမြှောက်မှုကို ခံယူနိုင်ကြ၏။ လောကီစီးပွား အမြတ်
ထွက်နိုင်ကြ၏။ဟန်ဆောင်ကြွားဝါ၍ မတရားသော နည်းလမ်းဖြင့် ခံယူ ရရှိထားသော လောကအောင်မြင်မှု
များကို ကျေနပ်သာယာမိလျှင် ရိုးသားဖြောင့်မတ်မှု လမ်းကြောင်းမှန်သို့ ရောက်ရန် မလွယ်တော့ပေ။
တရားသော နည်းလမ်းဖြင့် ရရှိထားသည်ဖြစ်စေ မတရားသော နည်းလမ်းဖြင့် ရရှိထားသည်ဖြစ်စေ
လောကီစီးပွား လောကီအောင်မြင်မှုမည်သည် တွယ်မက်စေတတ်သော သဘောရှိ၏။
ဟန်ဆောင်ကြွားဝါသူ ကိုယ်တိုင်က ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားခံရမှု, အများ၏
ပူဇော်ချီးမြှောက်မှုတို့ကို တွယ်မက်နေခြင်း၊ အတွင်းသိ အစင်းသိ နီးစပ်သူတို့ကပါ ကူညီ ပံ့ပိုး၍
ကြွားဝါပေးခြင်း, တွန်းပင့်ပေးခြင်းတို့ကြောင့် သာဌေယျဖြင့် ကောက်ကျစ်သူတို့သည် လက်ရှိဘဝ၌
လောကီစီးပွား ရရှိနိုင်ကြ၏။ ယုတ်နိမ့်အောက်တန်းကျသူ သာဌေယျသမားသည် ဆင်ခြင်နိုင်စွမ်း
ဥာဏ်ရည်နိမ့်သူတို့ကို လွှမ်းမိုးနိုင်၏။ ဆင်ခြင်တုံကင်းသူတို့၏ အကန်းလောက၌ သာဌေယျသမား
သည် ပညာရှိလည်း ဖြစ်နိုင်၏။ သူတော်ကောင်းလည်း ဖြစ်နိုင်၏။
သာဌေယျဖြင့် လိမ်ညာ ကောက်ကျစ်သူတို့၏ လွှမ်းမိုးမှုကို ခံရသူ လူညံ့တို့သည်လည်း
ယုတ်မာမှု စက်ကွင်းမှ လွယ်လွယ်နှင့် မလွတ်မြောက်နိုင်တော့ပေ။
ဟန်ဆောင်မှုကို အထင်ကြီးကာ သာဌေယျသမားတို့၏ လိမ်ညာမှု စက်ကွင်းသို့ တိုးဝင်
မိသူသည် မိမိ၏ မိုက်မဲနုံအမှုကို လူသိ မခံချင်သောကြောင့် ဖြစ်စေ၊ အတန်အသင့် အသိဥာဏ် ရှိ၍
လူကဲခတ်တတ်သူပင် ဖြစ်သော်လည်း မိမိအထင်ကြီးမိသူ သာဌေယျသမား၏ အရှိန်အဝါကို
မတော်လှန်နိုင်သောကြောင့် ဖြစ်စေ ဟန်ဆောင်မှုကို သိသည့်တိုင်အောင် ဆက်လက်၍ အညာခံ
နေရ တတ်၏။ထို့ကြောင့် တွေ့ရာလူကို မဆင်မခြင် အထင် မကြီးမိအောင် ချင့်ချိန်စူးစမ်းမှုကို လေ့ကျင့်
ထားသင့်၏။ စိတ်ဓာတ်အင်အား ပညာ သုတ သိုမှီးထားသင့်၏။ လောက၌ ဖြူစင်ဖြောင့်မတ်မှု
ထွန်းကား ပြန့်ပွားရေးအတွက် ဟန်ဆောင်ကောက်ကျစ်မှုကို နှိပ်ကွပ်ရန် သတ္တိမွေးသင့်၏။ အင်အား
စုဆောင်းသင့်၏။ရုန်းမထွက်သာအောင် လွှမ်းမိုးချုပ်နှောင် တတ်သည့် သာဌေယျသမားတို့သည် ဝေးဝေး
ရှောင်ရမည့်သူများ ဖြစ်ပေသည်။ ပေါင်းသင်းဆက်ဆံရမည့် မိတ်ဆွေများ မဟုတ်ကြပေ။ ကြည်ညို
ပူဇော်ရမည့် ဆရာသမားများလည်း မဟုတ်ကြပေ။
ဟန်ဆောင်ကောက်ကျစ်သူကို သွေရှောင်ရမည် ဖြစ်သော်လည်း ဟန်ဆောင်ကြွားဝါမှုကို
လွယ်လွယ်နှင့် မသိနိုင်ပေ။ ဟန်ဆောင်သူကို အချိန်ကြာကြာ နီးနီးကပ်ကပ် ပေါင်းသင်းကာ
ဥာဏ်နှင့်ဆင်ခြင် လေ့လာ၍ ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်ကြည့်နိုင်မှ ထင်ထင်ရှားရှား သိနိုင်၏။
ကောက်ကျစ်မှု တစ်မျိုးဖြစ်သော ဟန်ဆောင်လိမ်ညာခြင်းကို ဥာဏ်ရှိသူတို့ အကဲခတ် နားလည်
နိုင်သော်လည်း ဟန်ဆောင်ကောက်ကျစ်သူကို အပြစ်ဆို စွပ်စွဲရန် မလွယ်ကူပေ။
အဘယ်ကြောင့်ဆိုသော် ထိုထို လူယုတ်တို့သည် မိစ္ဆာဥာဏ် အရာ၌ ထူးချွန် ထက်မြက်
ကြသောကြောင့် ဖြစ်၏။ ပိပိရိရိ အကွက်ဆင်၍ သပ်သပ်ရပ်ရပ် ဟန်ဆောင်ကောက်ကျစ် နိုင်ကြ
သောကြောင့်ဖြစ်၏။တစ်ဘက်သား၏ အထင်ကြီး လေးစားမှုကို ရယူနိုင်သည့် သေသေသပ်သပ်
ဟန်ဆောင်ကြွားဝါမှု ကျကျနန အကွက်ဆင် လိမ်ညာမှု သာဌေယျသဘောကို ဓမ္မဓဇဇာတ်၌ အထင်အရှား
တွေ့နိုင်ပေသည်။
ဓမ္မဓဇဇာတ်
ရှေးအခါက ဘုရားလောင်းသည် ငှက်မျိုး၌ ဖြစ်၏။ ငှက်မင်းသည် သမုဒ္ဒရာအလယ် ကျွန်း
ငယ်၌ ငှက်အပေါင်း ခြံရံလျက် နေလေ၏။ ထိုစဥ် လမ်းညွှန်အဖြစ် ဒိသာကာကကျီးကို ယူဆောင်၍
သမုဒ္ဒရာသို့ ခရီးထွက်ခဲ့ကြသော ကုန်သည်တို့သည် ရေလယ်၌ လှေပျက်၍ ဒုက္ခရောက်ကြ၏။
ထိုအခါ ခရီးလမ်းညွှန်အဖြစ် ဆောင်ယူခဲ့သော ကျီးသည် ဘုရားလောင်းငှက်တို့ နေရာ ကျွန်းငယ်သို့
ရောက်သွား၏။ထိုကျီးသည် ငှက်တို့ထံ ချဉ်းကပ်ကာ အံ့ဖွယ်သရဲ အထူးအဆန်း ဟန်ဆောင်ကျင့်ပြ၍
ငှက်တို့၏ ယုံကြည်မှုကို ခံယူကာ ငှက်ဥတို့ကို လည်းကောင်း၊ ငှက်ငယ်တို့ကို လည်းကောင်း ခိုးစား
လေ၏။ ဟန်ဆောင်ကောက်ကျစ်သော ကျီးယုတ်ကြောင့် ငှက်တို့ ပျက်စီးကြရ၏။
ထိုကျီးသည် ခြေတစ်ချောင်းထောက် ရပ်၍ ပါးစပ်ကို ဖွင့်ဟထား၏။ အပြုအမူ ထူးဆန်း
သောကျီးကို ငှက်တို့က မေးမြန်း စုံးစမ်း စပ်စုကြ၏။ မြေကြီးက ခံဆောင် မထားနိုင်သောကြောင့်
ခြေတစ်ဘက်သာ ထောက်၏။ လေကိုသာ စားသောကြောင့် ပါးစပ် ဖွင့်ထား၏ဟု ကျီးက ဖြေသည်။
ထို့ပြင် သုစရိုက်ကို ကျင့်သုံးရန်နှင့် ဒုစရိုက်ကို ရှောင်ကြဉ်ရန်လည်း ငှက်တို့ကို တရားဟောလိုက်
သေး၏။ ငှက်တို့သည် ကျီး၏ ဟန်ဆောင်မှုကို ယုံကြည်သွားကြ၏။ အယောင်ဆောင်ကျီးကို
ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုကြ၏။ အထင်ကြီးကြ၏။ ကြည်ညို လေးစားကြ၏။ အကြောင်းရင်း
မမှန်ကန်သော သဒ္ဓါတုကြောင့် ငှက်တို့ ပျက်စီးကြရ၏။တစ်နေ့သော် ငှက်တို့သည် ငှက်ဥနှင့် ငှက်ငယ်တို့ကို
စောင့်ရှောက်ရန် ကျီးကို ယုံယုံကြည်ကြည် တာဝန်ပေး၍ အစာရှာ ထွက်သွားကြ၏။ ထိုစဉ် အယောင်ဆောင်
ကျီးယုတ်သည်ငှက်ဥနှင့် ငှက်ငယ်တို့ကို ခိုးယူ စားသောက်လေ၏။ ထို့နောက် ခြေတစ်ချောင်းထောက်၍ ရပ်ကာ
ပါးစပ်ဖွင့်ထားရင်း ရှေးနည်းအတိုင်း ဟန်ဆောင်နေလိုက်၏။
ကျီးယုတ်က ပိရိစွာ ဟန်ဆောင်ကောက်ကျစ် နိုင်သောကြောင့် ငှက်ဥနှင့် ငှက်ငယ်တို့ ပျောက်
ဆုံးမှုအတွက် ငှက်တို့က ကျီးကို သံသယမရှိကြပေ။ အထင်ကြီးမြဲ လေးစားမြဲ ရှိကြ၏။
''ဤကျီး ရောက်လာမှ အန္တရာယ်ဖြစ်သည်''ဟု စဉ်းစားမိသော ဘုရားလောင်း ငှက်မင်းသည်
ကျီးကို မသင်္ကာ၍ အမှုကိုစုံစမ်း၏။ ဘုရားလောင်းသည် အခြားငှက်တို့နှင့် အတူ အစာရှာ
ထွက်မည်ဟု ဆိုကာ ကျီးကို စောင့်ကြည့် နေခဲ့၏။ ထို့ကြောင့် ကျီး၏ယုတ်မာမှုကို သိရ၏။ ထိုအခါ
ငှက်တို့သည် ကျီးယုတ်ကို ဝိုင်းအုံ ထိုးသုတ်၍ သတ်ပစ်လိုက် ကြ၏။
ဤဇာတ်တော်၌ အဓမ္မသမားဖြစ်သော အယောင်ဆောင် ကျီးယုတ်သည် ဓမ္မတာအရ
နောက်ဆုံး၌ ရှုံးနိမ့်ပျက်စီးရသော်လည်း ဟန်ဆောင်လိမ်ညာ၍ ငှက်တို့ကို ပညာသားပါပါ
လွှမ်းမိုးနိုင်ခဲ့၏။ ဟန်ဆောင်ကောက်ကျစ်၍ ပူးသတ်နိုင်ခဲ့၏။
ကျီး၏ ယုတ်မာမှုကို ဖော်ထုတ်ခဲ့သော အလောင်းတော် ငှက်မင်း၏ အရည်အသွေးကား
လေးစားအားကျဖွယ်ဖြစ်၏။ တိရစ္ဆာန်ပင်ဖြစ်သော်လည်း အခြေအနေမှန်ကို သုံးသပ်နိုင်ခြင်း၊ အမှု
မှန်ကို ဖော်ထုတ်ရာ၌ ဆန့်ကျင်ဘက်ကို အသားလွတ် စွပ်စွဲခြင်း မဟုတ်ဘဲ အများလက်ခံနိုင်အောင်,
ဆန့်ကျင်ဘက်ကပင် ပြန်မငြင်းနိုင်အောင် စနစ်တကျ ဆောင်ရွက်နိုင်ခြင်းတို့မှာ သာမာန်ဥာဏ်ရှိသူ
တို့ပင် နားလည်ကြည်ညိုနိုင်သော ဘုရားလောင်းတို့၏ ဝိသေသဂုဏ်ရည်များ ဖြစ်ပေသည်။
ဘုရားလောင်း ငှက်မင်းကို အတုယူ၍ ဟန်ဆောင်ကောက်ကျစ်သူ သာဌေယျသမားကို
နှိပ်ကွပ်သင့်၏။ လောက၌ ဖြူစင်ရိုးသားမှု ပြန့်ပွားအောင် ဆောင်ရွက်သင့်၏။ မိမိပတ်ဝန်းကျင်၌
သာဌေယျသမားတို့ မင်းမမူနိုင်အောင် ဆောင်ရွက်ခြင်းသည် ပညာရှိ သူတော်ကောင်းတို့၏ မြင့်မြတ်
သော တာဝန်တစ်ရပ် ဖြစ်ပေသည်။သာဌေယျသမားကို နှိပ်ကွပ်ရန် လောက၌ မည်သို့သော တရားဥပဒေများ
သတ်မှတ်ပြဌာန်းထားလေသည် မသိ။ သာသနာတော်၌ကား ဘုရားရှင်သည် သာဌေယျသမားကို နှိပ်ကွပ်ရန်အတွက်
အပြင်းထန်ဆုံး ဥပဒေဟု ဆိုနိုင်သော ပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော် မူခဲ့၏။ ပစ္စည်း လာဘ်
လာဘနှင့် ထင်ပေါ်ကျော်ကြားမှုကို ရလိုသောကြောင့် တရားထူး မရဘဲ ရလေဟန် ဟန်ဆောင်
ကြွားဝါသော ရဟန်းသည် ပါရာဇိကကျ၏။ပါရာဇိကကျခြင်း ဟူသည်မှာ ရဟန်းများအတွက် အကြီးမားဆုံးသော
ဆုံးရှုံးမှု ဖြစ်၏။ပါရာဇိကကျသော ရဟန်းသည် ဘုရားသားတော် ရဟန်းစစ် မဟုတ်တော့ပေ။ သာသနာတော်မှ
အပြီးအပိုင် ထွက်ခွာရ၏။ လည်ဆစ်ပြတ်သော ထန်းပင်သည် ပြန်လည်၍ မရှင်သန်နိုင်တော့
သကဲ့သို့ သာသနာတော်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် မရှိတော့ပေ။
မည်မျှပင် နှိပ်ကွပ်သော်လည်း သာဌေယျသည် အရေထူ၏။ အသက်ပြင်း၏။ သုတ်သင်ဖို့
မလွယ်ပေ။ ဟန်ဆောင်ကောက်ကျစ်မှု သာဌေယျ ဟူသည်မှာ သတ္တဝါတို့ သန္တာန်၌ ဘဝ
အဆက်ဆက် ကိန်းဝပ်လာသော သံသရာဝဋ်ဖြစ် အကုသိုလ် လောဘစေတသိတ်သာ ဖြစ်သော
ကြောင့် အကုသိုလ်မကင်းနိုင်သူ လောဘမသိမ်းနိုင်သူ လူမည်သည်မှာ အနည်းနှင့်အများ ဟန်
ဆောင် တတ်ကြသည်သာတည်း။ ကောက်ကျစ်တတ်ကြသည်သာတည်း။ မိမိသန္တာန်၌ သာဌေယျ
အရိပ်အရောင် တွေ့ရသည်နှင့် ရှင်သန်ကြီးထွားခွင့် မပေးဘဲ သတိနှင့် သုတ်သင်ကြရုံသာ
ရှိတော့သည်။လောဘပတ်ဝန်းကျင်နှင့် ဆက်စပ် နေရသောကြောင့် ဟန်ဆောင် ကောက်ကျစ်သူတို့၏
လွှမ်းမိုးမှုကို အတိုင်းအတာ တစ်ခုအထိကား ခံကြရနိုင်သည်သာတည်း။ ထို့ကြောင့် မိမိထံသို့
သာဌေယျသမား၏ ယုတ်မာမှုဂယက် ရိုက်ခတ်လာသည်နှင့် မိမိနှင့် မိမိပတ်ဝန်းကျင်၏ ပစ္စုပ္ပန်စီးပွား
သံသရာစီးပွားကို မထိပါးရလေအောင် သတိထားကြရုံသာ ရှိတော့သည်။
အကုသိုလ်ကို အမြစ်ပြတ် မသုတ်သင်နိုင်မီ၊ အကုသိုလ် လောကကို မလွန်မြောက်နိုင်မီ
ဟန်ဆောင် ကောက်ကျစ်မှု နည်းနိုင်သမျှ နည်းအောင် ကြိုးစား၍ ပိပိရိရိ ဟန်ဆောင် ကောက်ကျစ်
တတ်သော လူယုတ်တို့ကို သွေရှောင်နိုင်ရန်နှင့် ရှောင်မရလောက်အောင် ထိပ်တိုက် တွေ့ရသည့်
အဆုံး သာဌေယျသမားကို စွမ်းနိုင်သောနည်းဖြင့် သတိကြီးကြီးထား၍ နှိပ်ကွပ်ကြရုံသာ ရှိတော့
သည်။ သံသရာအထိ ဆိုးကျိုးပေးနိုင်သော ဟန်ဆောင်ကောက်ကျစ်မှု သာဌေယျအန္တရာယ်မှ
ကင်းဝေးကြပါစေ။
ရှင်အာစာရ

Tuesday, December 29, 2009

8888 Calendar

8888 Calendar

သူငယ်ချင်းတို့အတွက်(၂)







လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေ



"ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ" ဆိုတဲ့ မေးခွန်းကို
အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ
မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း
အပြောခံနေရတယ်။

ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့
ထင်ခဲ့တာ။ "မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား" လို့
အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။
"မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ်
စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်"

နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။

ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။
ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက "မေမေ၊ အမြင်အာရုံက လူတိုင်းအတွက်
အင်မတန် အရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ
ဖြစ်ရမယ်"
မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
"သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။
လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့" လို့
ပြန်ပြောသွားတယ်။

ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့
ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့
လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ
ကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့
အားပေးစကားက မပြောင်းလဲခဲ့ဘူး။
"မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး
တွေးတတ်ခေါ်တတ်လာတာပဲ"

တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။
အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော်
ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို
နှစ်ခါပဲ မြင်ဖူးသေးတာ။

အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက်
အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော
အမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို
လှမ်းပြောလိုက်တယ်။
"အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား"

ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။
အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း
ဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့
ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက
"ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက်
နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က
အစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း
မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့်
ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှ
ဖြစ်မယ်။"

မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး
ကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့
ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။
"သား ... မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက
မင်းရဲ့ ပုခုံးတွေပဲ"

"ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ"
"မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ်
ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့
ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း
တစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊
သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို
အချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့်
သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်"

Monday, December 28, 2009

နှစ်သစ်ဆုတောင်း







Happy New Year

Happy New Year
Happy New Year

အဲဒီလို အားရပါးရ အော်ပစ်လိုက်စေချင်ပါတယ် မြန်မာပြည်သူအပေါင်းကိုပါ ။
ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ ၈ဝရာခိုင်နှုန်းလောက်က ဆင်းရဲတွင်းနက်နေ
ကြတယ် ။အခြားအခြားသော နိုင်ငံသားတွေလို
New Yearကို ဘယ်မှာ
ကျင်းပမယ် ၊ ဘယ်လိုပျော်ပွဲရွှင်ပွဲတွေလုပ်မယ် စသည်ဖြင့်ကျင်းပစေချင်ပါတယ် ။
ဒါပေမယ့် ပကတိ အရှိတရားကတော့ မနက်ဖြန်မှာ ထမင်းစားရဖို့အရေး ၊
သားကျွေးမှု၊ မယားကျွေးမှု ...မှု...မှု အရေးတွေကိုတွေးပူရင် နှစ်သစ်ပြောင်းလည်း
ဘဝအသစ်မပြောင်းနိုင်ခဲ့ပါဘူး။ ရေပေါ်ဆီ အသိုင်းအဝိုင်းတွေ ၊ ဂုတ်သွေးဆုတ်နေတဲ့
ဖက်ဆစ်အသိုင်းအဝိုင်းတွေ ကတော့ သူတို့ကျင်းပနိုင်ပါလိပ်မယ်..။
ကျနော်တို့ခေါင်းဆောင်၊လူထုခေါင်းဆောင်က နေအိမ်အကျယ်ချုပ်မှာ ၊ တိုင်းပြည်အတွက်
ပေးဆပ်သူများက ထောင်တွေထဲမှာ၊ ပြည်သူတွေကစားဝတ်နေရေး သံသရာထဲမှာ ၊
ကျောင်းသားမျိုးဆက်သစ်တွေက အနာဂတ်မဲ့တဲ့ ပညာရေးသံသရာထဲမှာ၊ ဘွဲ့ရတွေက
အလုပ်လက်မဲ့သံသရာထဲမှာ၊ဆင်းရဲသားကလေးသူငယ်တွေက အမှိုက်ပုံထဲမှာ ဝမ်းစာ
ရှာနေရတဲ့သံသရာထဲမှာ ..မှာ....မှာ....။
၂ဝ၁ဝ မှာ ဘာတွေဖြစ်လာမယ်၊ ညာတွေဖြစ်လာမယ် ဆိုပြီး မျှော်လင့်ချက်မရှိခဲ့ပါဘူး၊၊
ကျနော်တို့တွေ သေချာတာကတော့ ဘာမှဖြစ်လာမယ် မထင်ဘူး။ မကြိုးစားပဲ ၊
အားမထုတ်ဘဲ။ မြန်မာလူထုဟာ လက်အိပ်စွတ်ထားတဲ့ကြောင်တွေလိုပါပဲ။
ကြွက်မခုတ်နိုင်ခဲ့ပါဘူး ။ ဒါကြောင့်နှစ်သစ်မှာ
ကျနော်တို့ကို အစွပ်ခံထားရတဲ့
လက်အိတ်တွေကို ချွတ်ပစ်နိုင်အောင်ကြိုးစားရမယ်။
ကျနော်တို့ အားလုံးညီညွှတ်မှုရှိမှသာ ဘာမဆိုဖြစ်နိုင်မှာပါ။
ဘယ်ပြတင်းပေါက်က ဝင်ဝင် အလင်းဟာ အလင်းသာ ဖြစ်ပါတယ် ၊
ငါ့ပြတင်းပေါက်ကဝင်တာမှ အလင်းလို့ယူဆတဲ့စိတ်ဓာတ်တွေကိုပြုပြင်ရပါမယ်။
ပြည်သူအားလုံး ကို ကိုယ်စားပြုပြီး ပြည်သူ့အတွက် ရဲရင့်ရပါမယ် ။
တကယ်တော့နှစ်သစ်ဆိုတာ ရှေ့မှာ ကာထားတဲ့ ကန့်လန့်ကာ တစ်ခုပါ
ငရဲ ရှိလား ၊နိဗ္ဗာန်ရှိလား မသေချာပါဘူး။
ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲရဲ ဆွဲဖွင့်ပစ်ရပါမယ်။
အစေ့ချရင် အပင်ပေါက်တဲ့နိုင်ငံတစ်ခုမှာ ပြည်သူတွေဆင်းရဲတွင်းနက်နေတာ၊ ကျနော်တို့ခံယူထားသလို ကံ၊ ကံ၏ အကျိုးတော့မဖြစ်နိုင်ဘူးဆို တာ အားလုံးနားလည်သဘောပေါက်စေချင်ပါတယ်..။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဗျာလေးက
အားအင်များစွာပေးစွမ်းနိုင်
ပါလိပ်မယ်ထင်ပါတယ်.။
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။ လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ် ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။ သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။ သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။ (ဗိုလ်ချုပ်အောင်ဆန်း)
အားလုံးအတွက် ကြိုးစားမှုရလဒ်ကိုခံစားနိုင်သော
နှစ်သစ်ဖြစ်ကြပါစေ...။
အားလုံးမော်ဖူးရခြင်းမှ
ကင်းဝေးနိုင်ကြပါစေ…။
ငါသာ ငါလျှင်
ငါ့ဘ၀၏
ဖန်တီးရှင်များဖြစ်နိုင်ကြပါစေ…..။

Sunday, December 27, 2009

Flying Butterflys

Flying Butterflys

ဒေါ်အောင်ဆန်းစုကြည်ပြောသော ပြည်ထောင်စုစိတ်ဓာတ်



ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဘယ်လိုစိတ်ဓာတ်မျိုးပါလဲတဲ့၊ အလံတော်ကို အလေးပြုရုံနဲ့
ပြည်ထောင်စုကြီးခိုင်မြဲ သွားပြီလား၊ ပြည့်စုံသွားပြီလားဆိုတာ ရှင်းပြပေးပါတဲ့။
အလံတော်ကို အလေးပြုတဲ့အခါမှာ ကိုယ့်စိတ်ထဲမှာဘယ်လိုရှိသလဲဆိုတာ ဒါက အရေးကြီး
တာပဲ၊ အလံတော်ကို အလေးပြုဆိုလို့ ပြုလိုက်ပြီးတော့၊ စိတ်က ဟိုရောက်ဒီရောက်ဆိုလို့ရှိရင် အလ
ကားပဲ၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အတွင်းကလာတာပါ။ ပြည်ထောင်စုစိတ်ဓာတ်လို့ဆိုတာနဲ့
စိတ်ဓာတ်ဆိုတော့ အတွင်းကလာတာပေါ့။ အပြင်ပသင်္ကေတဖြစ်တဲ့ အလံတွေ ဘာတွေဆိုတာ
အထိုက်အလျောက်တော့ အရေးကြီးတာပဲ၊ ဒါပေမယ့် ပြည်ထောင်စုစိတ်ဓာတ်ဆိုတော့ အတွင်းက
လာရမှာဖြစ်ပါတယ်။ ကျမတို့ကတော့ ပြည်ထောင်စုစိတ်ဓာတ်ကို ပင်လုံစိတ်ဓာတ်လို့ ဒီလိုပဲ ကျမတို့
ယူဆပါတယ်။ ပင်လုံစိတ်ဓာတ်ဆိုတာ အတိုချုံးပြီးပြောရမယ်ဆိုလို့ရှိရင် ပြည်ထောင်စုသားများအား
လုံး တန်းတူညီတူရှိရေးနဲ့ အဲဒီလို တန်းတူညီတူရှိရေးအပေါ်မှာ အခြေခံတဲ့ ပြည်ထောင်စုကို ကျမပြော
တာပါ။
ကျမတို့ပြန်ပြီးတော့ရှင်းပြရမယ်ဆိုလို့ရှိရင် ပြည်ထောင်စုစိတ်ဓာတ်ဆိုတာဟာ ပင်လုံစိတ်ဓာတ်
ပဲ။ ပင်လုံစိတ်ဓာတ် ဆိုတာဟာ ပြည်ထောင်စုသားများအားလုံးရဲ့တန်းတူညီတူရေးနဲ့ ဒီတန်းတူညီတူ
ရေးပေါ်မှာ အခြေခံတဲ့ ညီညွတ်ရေးဖြစ်တယ်။ တန်းတူညီတူမှု ရှိလို့ရှိရင် ညီညွတ်ရေးကို ထိခိုက်မှာ
မဟုတ်ဘူး။ သူ့ကိုတော့ နှစ်ကျပ်ပေးတယ်၊ တို့ကိုတော့ တစ်ကျပ်ပဲပေးတယ်ဆိုရင် စိတ်ထဲက ဘယ်
ကျေနပ်မလဲ။ ဒီတော့ အဲဒီကတည်းက ညီညွတ်မဆိုတာ မရှိနိုင်တော့ဘူး။ ဒါကြောင့်မို့ ကျမတို့နိုင်ငံမှာ
ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးဖြစ်ဖို့ဆိုတာဟာ အားလုံးက ကျေနပ်ရမယ်။ တိုင်းရင်းသားလူမျိုး
အားလုံးက ငါတို့အားလုံးဟာ တန်းတူညီတူအခွင့်အရေးရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ယုံကြည်မရှိမှသာလျှင်
ကျမတို့ပြည်ထောင်စု တည်တံ့ခိုင်မြဲနိုင်မှာဖြစ်ပါတယ်။ အလံကတော့ ဘယ်နှစ်ခါပဲ အလေးပြု အလေး
ပြု စိတ်ထဲမှာ ငါတို့ဟာ ဒီနိုင်ငံမှာတန်းတူညီတူအခွင့်ရေးရှိတာမဟုတ်ဘူး။ ဒီနိုင်ငံမှာ ငါတို့ဟာ ဒုတိယ
တန်းစားနိုင်ငံသားများ ဖြစ်နေတယ်ဆိုတဲ့စိတ်တွေ ရှိနေသေးတယ်ဆိုရင်တော့ ကျမတို့နိုင်ငံဟာ တည်
တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုကြီးဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကျမတခုသတိပေးချင်တာဟာ
ကျမတို့ ဗမာလူမျိုးတွေကတော့ လူမျိုးစုကြီးတော့ဖြစ်တာပဲ၊ လူမျိုးစုကြီးဖြစ်တဲ့အလျောက် ကျမတို့မှာ
တာဝန်အထူးရှိတယ်ဆိုတာ ငြင်းနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့်လည်း ကျမတို့ တိုင်းရင်းသား
ညီအကိုမောင်နှမများအနေနဲ့ ကျမတို့ဗမာလူမျိုးတွေမှာလည်း စိုးရိမ်ချက်တွေ၊ မျှော်လင့်ချက်တွေရှိ
တယ်ဆိုတာလည်း မမေ့ပါနဲ့လို့ ကျမတို့က မေတ္တာရပ်ခံချင်တယ်။ ကျမတို့အားလုံးဟာ ကိုယ့်စိုးရိမ်
ချက်တွေနဲ့ ကိုယ့်ရဲဥနမျှော်မှန်းချက်တွေ ရှိကြတာချည်းပဲ။ ဒါကို တယောက်နဲ့တယောက်နားလည်ရမယ်၊
တယောက်နဲ့တယောက်ကြင်နာရမယ်၊ တကယ်တော့ ဒီလို တယောက်ကိုတယောက် ကြင်နာတဲ့စိတ်
ဓာတ်၊ တယောက်ကိုတယောက်ယုံကြည်တဲ့စိတ်ဓာတ်ကို အခြေခံပြီးတော့ ညီညွတ်မှုကို ရနိုင်မှာပါ။
အဲဒီလို ညီညွတ်မှုကသာ ပြည်ထောင်စုကြီးကို တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။
(၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလခြံရှေ့လူထုဆွေးနွေးပွဲမှ)

Saturday, December 26, 2009

အားလုံးအတွက် သိစေချင်သော

သိချင်လို့ပါ

ရာဇ၀င်ရိုင်းတဲ့သား

aung san oo

ရွက်လှေများ



ရွက်လှေများ
ဂျူး
တကယ်တော့လည်း ကျမတို့ လူဘဝဆိုတာ ကမ်းမမြင် လမ်းမမြင်သည့် ပင်လယ်သမုဒရာပြင်ကျယ်ကြီးမှာ ကိုယ်တိုင်ထိန်းချုပ်ပဲ့ကိုင်သော ရွက်လှေတစ်စင်းစီဖြင့်ခရီးနှင်နေကြရခြင်းပဲမဟုတ်လား။
ဟိုးငယ်ငယ်ကလေးဘဝအရွယ်တုန်းကတော့ ရေပြင်ကိုမြင်လျှင် လှေလွှတ်ချင် စိတ်
တွေပဲရှိခဲ့၏။ကျမငယ်စဉ်က ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းက ရွာကြီးတစ်ရွာတွင် ခေတ္တ
သွားရောက် နေထိုင်ခဲ့ရဖူးသည်။ ခြံဝင်းကြီးမှ အကျယ်ကြီး၊ စတုရန်းပေပေါင်းနှစ်သောင်းလောက်တော့ ရှိမည်ထင်သည်။ အဲသည်ခြံကြီး၏ ပတ်ပတ်လည်မှာမြင့်မား၍အရွက်အရိပ်စိပ်သော မန်ကျည်းပင်များစီတန်း၍ ရှိနေသေးသည်။ ခြံရှေ့က သုံးပေလောက်ကျယ်သော ရေမြောင်းသည် နွေရာသီမှာ ရေမစီးသော်လည်း
မိုးရာသီနှင့် မြောင်းရေလွှတ်သည့် ကာလများတွင် ဒူးဆစ်ထိမြင့်သောရေဖြင့်ချောင်းကလေးတစ်ခုအဖြစ် စီးဆင်းနေကျဖြစ်သည်။အိမ်ခြံဝင်းတံခါးပေါက်နှင့် ရှေ့က တာလမ်းကို ဆက်သွယ်ထားသော သစ်လုံးခင်းတံတားပြင်ကလည်း တော်တော်ကျယ်သည်။ ထိုတံတားပြင်ပေါ်မှာ ရေမြောင်းထဲသို့ခြေချ၍ ထိုင်သည့်အခါ ရေက ကျမ၏ ခြေမျက်စိထိ နစ်နေလေ့ရှိသည်။ တစ်ခါတစ်ခါ မြောင်းကြီးမှ ရေလွှတ်များသည့်အချိန် တံတားသစ်လုံး၏ အစပ်ထိပင်ရေမြင့်သည့်အခါ ကျမခြေသလုံးအပေါ်ပိုင်းအထိ ရေမြုပ်တတ်၏။ ရေစီး၏တိုးတိုက်မှုကို အဆန်းတကြယ်ခံယူရင်း ကျမအမြဲစိတ်ကူးပေါ်လေ့ရှိသည်က စက္ကူလှေ
လုပ်ဖို့။စက္ကူလှေသည် ကလေးတိုင်းလုပ်ဖူးနေကျ လက်မှုအနုပညာဖြစ်သလို စက္ကူလှေ
လွှတ်ခြင်းသည် ကလေးတိုင်း ဆော့ကစားဖူးနေကျ ကစားနည်းဖြစ်လိမ့်မည်။စက္ကူလှေကိုချိုးသည့်အခါ ရိုးရိုးစင်းစင်းစက္ကူလှေနှင့် တက်မ ပါသော စက္ကူလှေရယ်လို့ နှစ်မျိုးရှိ၏။ ကျမကတော့ ရိုးရိုးစင်းစင်း စက်ကူလှေကလေးသာ ချိုးတတ်သည်။ထိုစက်ကူလှေကလေးကို မြောင်းရေထဲတွင် ကျမချလိုက်လျှင် လှေကလေးသည်ရေစီးအတိုင်း လျှင်မြန်စွာ ပြေးလေသည်။ ထိုလှေကလေး မျက်စိအောက်မှ
ပျောက်သွားသည်အထိ (ကိုယ့်ခြံဝင်းရှေ့က ရေမြောင်းထဲမှာ အနှောင့်အယှက်မရှိတစ်ဖက်ခြံကျော်သည်အထိ) တရွေ့ရွေ့ ရွက်လွှင့်သွားတာကို မြင်ရလျှင် ဘယ်လိုပျော်မှန်းမသိ ပျော်မိ၏။ ထိုလှေကလေး တာလွှတ်ပြီး ဘယ်လောက်မှမကြာခင်ဟိုငြိသည်ငြိ ငြိပြီး ကမ်းစပ်မှာ သောင်တင်နေလျှင် တုတ်ချောင်းကလေးဖြင့်
ထိုးကော်ကာ ထပ်သွားစေဖို့ ကြိုးစားမိသေး၏။ တကယ်တော့လည်း ငြိပြီးလဲပြိုနစ်စဉ်ကတည်းက စက္ကူကရေစိုစွတ်ပြီးပြီ။ ဤလှေသည် ပြန်လည်ထောင်မတ်ပြီး ခရီးနှင်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပေ။ ရေစိုချပ်ပြားကလေးအဖြစ် တုံးလုံးပက်လက်လဲရင်း မျောဖို့သာ ရှိတော့သည်။အဲသည်တုန်းက စက္ကူလှေကလေးတစ်စင်း နစ်နေပြီဆိုလျှင်၊ နောက်စက္ကူ တစ်ရွက်ဖြုတ်ပြီး အလျှင်အမြန် နောက်တစ်စင်း ချိုးနိုင်၏။ ရေမှာချပြီး လွှတ်နိုင်သေး၏။ဒါကြောင့်လည်း ကလေးဘဝဟာ ပျော်စရာကောင်းခဲ့ခြင်း ဖြစ်မှာပေါ့။
အသက်နည်းနည်းပိုကြီးလာလို့ ပန်းချီရေးဆွဲဖို့ ဝါသနာပါလာသောအခါမှာလည်းကျမသည် ရေပြင်ကို ရေးဆွဲတိုင်း လှေတစ်စင်းထည့်ဖို့ ကြိုးစားလာခဲ့သည်။ဘာကြောင့်လဲတော့ မသိ။ ရေပြင်ဆိုတာ လှေကလေးရှိနေမှ ပြည့်စုံသည်ဟုထင်ခဲ့ပုံရသည်။ ဆွဲလိုက်သည့် လှေကလည်း ရွက်လှေ ဖြစ်တတ်သည်။
ရွက်တိုင်မှာ အဝတ်စကို ရွက်လွှင့်ထားသည့် မြန်မာဆန်ဆန် ရွက်လှေလား၊ပြိုင်ပွဲဝင် ရွက်လှေ ပေါ့ပေါ့ကလေးတွေလား၊ ကျမ မမှတ်မိပါ။ လေ၏ ထိန်းကျောင်းမှုအောက်မှာ ကိုယ့်လှေကို ကိုယ်သွားလိုရာသို့ ပဲ့ကိုင်ပြီး ခရီးနှင်နိုင်သည့်ဘဝမျိုးကတော့ တော်တော်အားကျစရာကောင်းလှသည်။တကယ့်လက်တွေ့မှာတော့ ကျမ လှေမစီးရဲပါ။မြစ်ပြင်ကျယ်မှာ လှေဖြင့် စုန်ဆန်သွားလာနေကြသူများကို အားကျပါရဲ့။ သူတို့
နေရာမှာ ကိုယ်က စိတ်ကူးဖြင့် ဝင်ရသည်က တော်တော်ကျေနပ်ဖို့ ကောင်းသည်။တကယ် ကိုယ်တိုင် လှေပေါ်မှာ လိုက်ပါစီးနင်းဖို့၊ ထို့ထက်ပို၍ ထိုလှေကို ပဲ့ကိုင်လှော်ခတ်ဖို့၊ ရွက်လွှင့်ဖို့ ဆိုတာ ဘယ်လိုမှ သတ္တိမွေးယူလို့မရသည့် အဖြစ်တွေ။ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို မယုံကြည်လို့ပေါ့။ ကိုယ့်အစွမ်းသတ္တိ ကိုလည်း ကိုယ်မယုံ။ ကံကြမာဆိုတာကိုလည်း မယုံ။ ကိုယ့်ရွက်လှေကို လေထန်သည့် မုန်တိုင်းက ဆွဲနှစ်ပစ်မှာလည်း ပူပင်ရသေးသည်။ ဒါကြောင့် လှေမှန်သမျှ၊ရေမှန်သမျှကို ဘေးကကြည့်ပြီး အားကျရုံပဲ သာယာခဲ့မိ၏။ ကိုယ်တိုင် ပါဝင်ဖို့ဘယ်တုန်းကမှ စိတ်ကူးခဲ့သည်မဟုတ်။သို့သော် ကျမမတွေးမိသည့် အချက်မှာ ကျမသည် ဘဝ၏ ကိုယ်ပိုင်ရွက်လှေဖြင့်ခရီးနှင်နေခဲ့ပြီးပြီ ဆိုတာပဲ။ကျမ၏ရွက်လှေက ဘယ်လောက် ခိုင်ခံ့သလဲ၊ ဘယ်လောက်လုံခြုံသလဲ ကျမမသိ။ဘယ်သူမှလဲ မသိ။ ကိုယ့်လှေကို လှပအောင်၊ ဆွဲဆောင်မှုရှိအောင် ကျမတို့
ဆေးခြယ်ရင်း .. အောင်မြင်သူတွေရှိမည်။ မအောင်မြင်ခဲ့သူတွေလည်း ရှိမည်။လှပနိုင်သူ သစ်လွင်နိုင်သူတို့က ဂုဏ်ယူစွာ ရွက်လွှင့်နေချိန်တွင် မအောင် မြင်သူတွေက အစုတ်အပြဲ အဖာအထေးရွက်တို့ဖြင့် မွဲနွမ်းသော လှေကိုယ်ထည်ဖြင့်နာနည်ကြည်းကြည်း ရွက်လွှင့်နေကြလိမ့်မည်။ ကိုယ့်လှေကို ခိုင်ခံ့သည်ထက်ခိုင်ခံ့အောင်၊ တာရှည်ခံသည်ထက် ခံအောင် ကြိုးစားပြင်ဆင်လိုသူတွေလည်းရှိမည်။ ကံစီမံရာပဲဟု ကံကြမာအပေါ် ယုံပြီး ပုံအပ်ထားသူတွေလည်း ရှိမည်။မုန်တိုင်းဗဟိုနှင့် နီးသူတွေ ရှိမည်။ အဖျားအနားပဲ ထိသူတွေရှိမည်။ အချိန်မတိုင်မှီနစ်သူတွေ ရှိမည်။ (အချိန်တိုင်ခြင်း၊ မတိုင်ခြင်းကိုရော ဘယ်သူကဆုံးဖြတ်ပေးမလဲ)
ကျမတို့ခရီးနှင်ရာ၏ အဆုံးပန်းတိုင်က ဘာလဲ၊ အမှန်အတိုင်းပြောရလျှင် ကျမမသိပါ။ နှစ်မြုပ်ခြင်းသည် ခရီးဆုံးလား၊ မနစ်မြုပ်ဘဲ ခရီးဆက်ခွင့်သာ ရခဲ့လျှင်ဟိုဘက်မှာ ဘာရှိသလဲ၊ ဘာကို မျှော်လင့်ပြီး ကျမတို့ ရွက်လွှင့်နေကြတာလဲ။မေတ္တာတရားအတွက်လား၊ ဗြဟ္မစိုရ်တရား အတွက်လား၊ ဒါမှမဟုတ် နိဗ္ဗာန် ဟု
စကားအရသာသိပြီး တကယ်လက်တွေ့ ကျမ မသိမြင်နိုင်သော စိတ်အခြေအနေတစ်ခုစီသို့လား။ သီးသန့် နေရာ တစ်ခုဆီသို့လား။ရော့ဒ်စတူးဝပ်၏ ရွက်လွှင့်ခြင်းကို နားထောင်ရစဉ်ကတော့ ဦးတည်ရာရှိသူ၏
ရွက်လွှင့်ခြင်းတစ်ခုအပေါ် အားကျပြီး မုဒိတာပွားခဲ့ရဖူးသည်။ ဘုရားသခင်နှင့်နီးရာ၊ အရှင်သခင်ရှိရာ အရပ်ဆီသို့ ဦးတည် ၍ ရွက်လွှင့်နေခြင်း ဖြစ်နိုင်သည်။ဘယ်လောက် အဓိပ္ပာယ်ရှိလိုက်တဲ့ ဘဝ ဖြစ်မလဲ။
ကျမကရော ဘယ်ကိုဦးတည်ပြီး ရွက်လွှင့်နေခဲ့ပါသလဲဟု ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်သောအခါ ကျမ တော်တော်လန့်သွားသည်။ ဘာကို ဦးတည်မှန်းသာမသိပေမယ့် ခရီးကတော့ အတော်ပေါက်ခဲ့ပြီးလေပြီ။ ကျမ၏ရွက်လှေပေါ်မှာလည်းလိုချင်၍သယ်ယူခဲ့သော ပျော်ရွှင်မှုများ၊ မလိုချင်ပါဘဲနှင့် လက်ခံယူခဲ့သည့် အမှား
များ၊ လွှင့်ပစ်လို့ရလျှင် ချက်ခြင်း လွှင့်ပစ်လိုက်ချင်သော နောင်တများ.. စသည်ဖြင့်ကုန်စည်ပစည်းများလည်း အသင့်အတင့် စုံခဲ့ပြီ။ကျမ ဘယ်ကိုရောက်မှာလဲ ဆိုတာကိုလည်း သိချင်လာပြီ။ မုန်တိုင်းကြောင့်
(သို့မဟုတ်) ကျမ၏ ပဲ့ကိုင်ထိန်းချုပ်ခြင်းအတတ် ညံ့ဖျင်းမှုကြောင့် လှေကလေးနစ်သွားလေမလားဟုလည်း စိုးရိမ်ပူပန်လှပြီ။ ဘယ်သူကမှ အာမခံပေးလို့ မရသည့်ဟောသည် သမုဒရာပြင်ကျယ်ကြီးထဲမှာ မင်းရဲ့လှေ ဘာမှဖြစ်မှာ မဟုတ်ပါဘူးဟူသော ဖျောင်းဖျနှစ်သိမ့်အားပေးမှုကိုလည်း တစ်ဖက်က ကြားချင်နေပြန်သည်။
ကိုယ်တောင် ဘယ်အချိန် နစ်မလဲဟု မသိနိုင်သည့်ခရီးမှာ သူများလှေတွေ နစ်လုမတတ်ဖြစ်တာ၊ နစ်သွားတာတွေကို သူရဲကောင်းဆန်ဆန် ကယ်တင်နိုင်လေမလားဟုလည်း ကိုယ့်ကိုယ်ကို ဘဝင်မြင့်ခဲ့ပြီးပြီ။ ကိုယ့်လှေခိုင်ခံ့အောင်၊လုံခြုံအောင် ပြုပြင်တည်ဆောက်မည့်အစား အပေါ်ယံဆေးခြယ်မှုကို ပို၍ ဦးစား
ပေးခဲ့မိသည့် ကာလကလည်း တော်တော်ရှည်ကြာခဲ့ပြီ။ရှေ့ဆက်ပြီး ကျမ၏လှေ ခိုင်ခံ့ဖို့သာ ကြိုးစားရတော့မည်။ အချိန်တော့ နောက်မကျသေးဟု မျှော်လင့်ရပါသည်။ ကျမ၏လှေထဲမှာသယ်ယူခဲ့သည့်ပျော်ရွှင်ခြင်းဆိုတာတွေက အခုအချိန်မှာ ပြန်လည်သုံးလို့မရတော့သည့် တစ်ခါသုံးပစ္စည်းတွေ၊ စွန့်ပစ်အမှိုက်တွေသာ ဖြစ်တော့သည်။ လူ့ဘဝမှာ တကယ်လိုအပ်
သည်က ပျော်ရွှင်ခြင်းမဟုတ်၊ သတ္တိသာ ဖြစ်သည်ဟု ကျမ တွေးတောစ ပြုလာပြီ။ကျမက ကျမလိုအပ်သည့်အရာမှာ ပျော်ရွှင်မှုဟု ထင်ခဲ့ဖူး၏။ ငွေကြေးဥစ္စာ ဟုထင်ခဲ့ဖူး၏။ အောင်မြင်ကျော်ကြားမှုဟု ထင်ခဲ့ဖူး၏။ အဲဒါတွေကို ရမှဖြစ်မည်ဟုထင်ကာ မနိုင်မနင်း သယ်ယူခဲ့ပြီးပြီ။ ကျမလိုအပ်သာ ဒါမဟုတ်ဘူးဟု သိသလိုလိုရှိလာချိန်မှာ ဒါတွေကို လွှင့်ပစ်ဖို့လည်း မဖြစ်နိုင်။ အဲသည်အရာတွေနှင့် ကျမက
တော်တော်ကြီး ပေါင်းစပ်ငြိတွယ် နေခဲ့ပြီးပြီ မဟုတ်လား။ လှေကလေးပေါ့အောင်
ကိုယ်ထိန်သိမ်းတိုင်း လိုရာရောက်အောင်က အဲဒါတွေကို ပစ်ချခဲ့မှ ရမည်
ထင်ပါရဲ့။အခုတော့ ကျမ ရွက်လည်း လွှင့်နေဆဲ။ လေးလံသော အပိုပစည်းများကိုလည်း
လွှင့်ပစ်ဖို့ ကြံရွယ်ရင်း တွယ်ဖက်နေဆဲ။ လှေကလေး ခိုင်ခံ့ဖို့ ပြုပြင် တည်ဆောက်
မှဖြစ်မည် ဟူသော အသိတရားကလေး ရေးရေးပေါ်လာပြန်တော့ အလုပ်စတင်ဖို့
တွန့်ဆုတ်နေဆဲ။အဲသည်လိုနှင့် သည်လှေ၏ သက်တမ်းက လှေတစ်စင်း၏ ယေဘုယျသက်တမ်း
ထက်ဝက်ပင်ကျော်ခဲ့ပြီ။ ရှေ့မှာ ခရီးက မိုင်ပေါင်းများစွာ ရေပြင်ကြီး ။ ဘာကမ်း..
ဘာသောင်မှ မမြင်ရသေးသည့် ရေပြင်ကျယ်ကြီး..။ သည်လှေနှင့် သည်ခရီး
မျှတပါရဲ့လား ကျမ မသိ။
ကျမ ....ဘာမှ.... မသိပါ..။

Friday, December 25, 2009

ဗိုလ်ချုပ်မှူးကြီး၏ Xmas လက်ဆောင်


ကာတွန်း-ဟန်လေး (ဧရာဝတီ)

Xmas စကားလက်ဆောင်

၁) ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ဆနဲ့ ပေါင်းထားတာဖြစ်တယ်။ Edison

၂) အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင်တယ်။ ပြင်သစ်စကားပုံ

၃) ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို လျှစ်လျှူရှူတတ်ရမယ်။

၎) အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။

၅) သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင် ခုတ်လဲနိုင်တယ်။ ရှိတ်စပီးယား

၆) ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ... ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ်ကျနိုင်ပါဘူး။

၇) ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး(ရှင်သန်)မှ အဲဒီသင်ခန်းစာကို သင်နားလည်မယ်။

၈) အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေအတွက်ပဲ ဖြစ်တယ်။

၉) ရှင်ခြင်းနဲ့သေခြင်းကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ "အချစ်" ဖြစ်တယ်။

၁ဝ) ကြောက်ရွံ့ခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို လုပ်ဖို့ ခွန်အားရမယ်၊ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေရမယ်။

၁၁) ကိုယ့်မှာ ရှိတဲ့ပစ္စည်း၊ အသိဥာဏ်တွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

၁၂) လူတစ်ယောက်က ဥစ္စာပစ္စည်းတွေ၊ အချစ်တွေ ဆုံးရှုံးလို့ရတယ်။ ဒါပေမယ့် ရဲရင့်ခြင်း၊ သတ္တိတွေ ဆုံးရှုံးလို့ မရဘူး။ ဘဝဆိုတဲ့ တလင်းပြင်မှာ သတ္တိတွေဆုံးရှုံးခဲ့ရင် အရာအားလုံးကို ဆုံးရှုံးတာနဲ့ အတူတူပဲ။

၁၃) ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ တစ်ခြားလူရဲ့ စကားတစ်ခွန်းနဲ့ ခလုတ်တိုက် လဲမချလိုက်ပါနဲ့...

၁၄) ဘာလုပ်လုပ် စဉ်းစားပြီးမှ လုပ်ပါ။ အပြေးမြန်ရင် လဲတတ်ပါတယ်။ ရှိတ်စပီးယား

၁၅) တစ်ချက်လေး ချော်လဲတာပါပဲ... သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ။ လင်ကွန်း

၁၆) ဖိနပ်ချုပ်သူတွေ ဖိနပ်အချုပ်တော်ရတာက သူတို့ဟာ တစ်ခြားအလုပ်ကို မလုပ်ဘဲ ဖိနပ်ပဲ ချုပ်နေခဲ့လို့ပဲ။ Ralph Waldo Emerson

၁၇) သင့်ရဲ့ အပြုံးတစ်ပွင့်၊ ပုခုံးကို အသားလေးပုတ်ပြီး သင်အားပေးရုံနဲ့ မျှော်လင့်ချက်မဲ့သူ တစ်ယောက်ကို သင်ကယ်တင်နိုင်လိမ့်မယ်။

၁၈) လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က "စစ်မှန်တဲ့ ဂရုစိုက်မှုတွေ" ဖြစ်တယ်။

၁၉) တောင်းပန်တယ်ဆိုတာ လူတွေမှာ ရှိသင့်တဲ့ ယဉ်ကျေးမှုဖြစ်တယ်။

၂ဝ) ကောင်းမှုလုပ်တာ လူသိခံဖို့မဟုတ်ဘူး။ ဒါပေမယ့် ဘာမှမဟုတ်တဲ့ ကောင်းမှုလေးတစ်ခုက သင့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးလာနိုင်တယ်။
အားလုံးပျော်ရွှင်သော Xmas ဖြစ်ကြပါစေ..........

သူငယ်ချင်းတို့အတွက် (၁)



အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံအစည်းအဝေးက လူ့အ ခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြုကြေညာလိုက်ရာ ထိုကြေညာစမ်းတမ်းကြီး၏စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ ရာဇ၀င်တွင်မည့်ကြေညာချက်ကိုပြုလုပ်ပြီး နောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအား ထိုကြေညာစာတမ်း ကြီး၏စာသားကို အများပြည်သူတို့ကြားသိစေရန် ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင် နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိက အားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှစေရန်၊ မြင်သာအောင်ပြထားရန် ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းချက်များ ဖော်ပြစေရန် ဆောင်ရွက်စေရမည့်အကြောင်းကိုလည်း ဆင့်ဆိုညွှန်ကြားလိုက်သည်။

စကားချီး.....

လူခပ်သိမ်းတို့၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများ ကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့် လည်းကောင်း၊

လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည် ကောင်း၊ လွတ်လပ်စွာဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာသက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်း တို့မှကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခုပေါ်ပေါက်လာရန်အရေး ကို လူခပ်သိမ်းတို့က မိမိတို့၏အထက်သန်ဆုံး လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့်ေ

လူခပ်သိမ်းတို့သည် တရားလက်လွတ်နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှင်းပန်းမှုတို့ကို နောက် ဆုံးမလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ကာတော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူ့အခွင့်များကို ဥပ ဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊

နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကိုပိုမိုတိုးတက်စေရန် ကြံဆောင်ရမည်ဖြစ်သော ကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့်အရေးများကိုလည်းကောင်း၊ လူ ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့်အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍အတည်ပြုပြီးသည့်အပြင် လူမှုဘ၀ကြီးပွားတိုးတက် ရေးနှင့် ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့နေမှုဘ၀ အဆင့်အဆန်းကိုမြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ် သောကြောင့်လည်းကောင်း၊

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူ့အခွင့်အရေးများကို လည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာ့တ၀ှမ်းလုံးတွင် ရိုသေ လေးစားကျင့်သုံး စောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊

ထို့ကြောင့် အထွေထွေညီလာခံကြီးမှ

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း၊ အဖွဲ့အစည်းတိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြ စေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထို နိုင်ငံတို့၏အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန်၊ ပြည်တွင်း ပြည်ပဆိုင်ရာ တိုးတက်သောဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီး လျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်ကြစိမ့်သောငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။

အပိုဒ် ၁

လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သောအခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်သည်။

အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံ ရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူ နေမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစစေ၊ အခြားအဆင့် အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။

ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ် စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု ၍သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့ တည်းမဟုတ် ကုလသမဂ္ဂမှထိန်းသိမ်စောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်အာဏာတို့ကို တစိတ်တဒေသလောက်သာရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသောအကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ မရှိစေရ။

အပိုဒ် ၃

လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။

အပိုဒ် ၎

မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်းခိုင်းစေခြင်း မပြုရ၊ လူ ကို ကျွန်သဖွယ် အဓမ္မခိုင်းစေခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော လုပ်ငန်းဟူ သမျှကို ပိတ်ပင်တားမြစ်ရမည်။

အပိုဒ် ၅

မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေ သော ဆက်ဆံမှုမပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပိုဒ် ၆

လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင် ခွင့်ရှိသည်။

အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေ ပဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကိုဖီဆန်၍ ခွဲခြားခြင်းမှလည်း ကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံ စားပိုင်ခွင့်ရှိသည်။

အပိုဒ် ၈

ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်၊ အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက်ပေး ထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်ဖျက်ဆီးသောပြုလုပ်မှု ကြောင့်ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိ ရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။

အပိုဒ် ၉

မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ် စေ မခံစေရ။

အပိုဒ် ၁၀

အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၁

(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရ သည့်အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ယူဆခြင်းခံထိုက်သည့် အခွင့် အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ် သောအခွင့်အရေးများကို ထိုသူအားပေးပြီးဖြစ်စေရမည်။

(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်းမပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန် စဉ်အခါက ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက်ပိုမိုကြီးမားသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေ ရ။

အပိုဒ် ၁၂

မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏မိသားစုကို သော်လည်းကောင်း၊ မိမိ၏နေအိမ်အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်း ကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃

(၁) လူတိုင်းတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်း၍ လွတ်လပ်စွာသွားလာရွှေ့ပြေင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိ သည်။

(၂) လူတိုင်းတွင် မိမိနေထိုင်ရာတိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင် မိမိတိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ် ၁၄

(၁) လူတိုင်းညှင်းပန်းနှိပ်စက်ခံနေရခြင်းမှလွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာခိုလှုံနေ နိုင်ခွင့်ရှိသည်။

(၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ရည်ရွယ်ချက်နှင့် သ ဘောတရားမူများကိုဖီဆန်သော အမှုများမှသော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် ၁၅

(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(၂) ဥပဒေအရမဟုတ်လျှင် မည်သူုမျှ မိမိ၏နိုင်ငံသားအဖြစို စွန့်လွှတ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

အပိုဒ် ၁၆

(၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ် ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ကန့်သတ်ခြင်းမရှိ ဘဲ ထိမ်မြားနိုင်ခွင့်နှင့် မိသားစုထူထောင်ခွင့်ရှိသည်။ အဆိုပါယောက်ျားနှင့်မိန်းမတို့သည် လင်မယားအ ဖြစ်ပေါင်းသင်းနေစဉ်အချိန်အတွင်း၍သောလည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌သော်လည်းကောင်း၊ လက်ထပ်ပေါင်းသင်းအိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အ ရေးများကို ရရှိထိုက်သည်။

(၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သောသဘောဆန္ဒရှိမှသာလျှင် လက်ထပ် ထိမ်းမြားခြင်းကိုပြုရမည်။

(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိ သားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် ၁၇

လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်း ဥစ္စာတို့ကိုပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ။

အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက် ၀င်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အ ခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ် ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ် လပ်စွာသင်ပြနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉

လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟပြောပြနိုင်ခွင့်ရှိသည်။ အဆိုပါအ ခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ် နိမိတ်များကိုထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့်သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၂၀

(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။

(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကျပမပြုရ။

အပိုဒ် ၂၁

(၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့်ကိုယ်စား လှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

(၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌၀င်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။

(၃) ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အ ချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

အပိုဒ် ၂၂

လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံ ရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုသူ၏ ဂုဏ်သိက္ခနှင့်စရိုက်လက္ခဏာ လွတ်လပ် စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၃

(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှုအလုပ်အကိုင်ကို လွတ် လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်း ကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။

(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသောအခကြေးငွေ ရနိုင်ခွင့် ရှိသည်။

(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေ ထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှလူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။

(၄) လူတိုင်းအတွက် မိမိအကျိုးခံစားခွင့်ကိုကာကွယ်ရန် အလုပ်သမားအစည်းအရုံးများဖွဲ့စည်းခွင့်၊ ပါ ၀င်ဆောင်ရွက်ခွင့် ရှိသည်။

အပိုဒ် ၂၄

လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ကို ခံစား ပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၅

(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာအေးချမ်းစွာ နေ ထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌ သော်လည်း ကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော် လည်းကောင်း၊ အသက်အရွယ်အိုမင်းသောအခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စား သောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။

(၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရ ခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသော ကလေးအားလုံး သည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

အပိုဒ် ၂၆

(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံအဆင့်အတန်းများ တွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရပညာရေးဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသောအခွင့်အရေး ရရှိစေရမည်။

(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အ၀တိုးတက်မှုအပြင်၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရ မည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှါ ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကို လည်း ဖြစ်မြောက်အောင် အားပေးရမည်။

(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအ ခွင့်အရေးရှိသည်။

အပိုဒ် ၂၇

(၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာ ရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ် စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိ သည်။

(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင်ဥာဏ်ဖြင့် ကြံစည် ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူနိုင်ရန်အခွင့်အရေးအတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။

အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့် အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးအခြေအနေတို့၏ အ ကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။

အပိုဒ် ၂၉

(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသောလူ့အသိုင်းအ၀န်း အတွက် လူတိုင်း၌တာဝန်ရှိသည်။

(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေ စီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။

(၃) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည် ရွယ်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။

အပိုဒ် ၃၀

ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ ပျက်စီးရာပျက်စီးကြောင်းတို့ကို ရည်ရွယ် ၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော် လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော် လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း မရှိစေရ။
*********************
Posted by HKO at 9:02 AM 0 comments

လူ့အခွင့်အရေး၏အခြခံအချက်များ

၁။ လူ့အခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါအခွင့်အရေးဖြစ်သည်။ လူ့အခွင့်အရေးကို ၀ယ်ယူ၍ မရ၊ လွဲပြောင်း၍မရ လူတိုင်းသည် လူသားဖြစ်နေသော အချက်ကြောင့် လူ့အခွင့်အရေးကို ရယူပိုင် ဆိုင်ခွင့်ရှိသည်။

၂။ လူ့အခွင့်အရေးသည် လူသားအားလုံးနှင့်သက်ဆိုင်သည်။ အသားရောင်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာ သာ နိုင်ငံရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွေး လူ့အခွင့်အရေးသည် လူသားအားလုံး အပေါ် တန်းတူညီမျှမှုရှိသည်။ လူသားအားလုံး မွေးဖွားလာ သည်မှစ၍လွတ်လွပ် ပြီးတန်းတူညီမျှ သော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။

၃။ လူ့အခွင့်အရေးကိုမည်သူကမှယူဆောင်သိမ်းပိုက်၍မရ။ လူ့အခွင့်အရေးကို မည်သူကမှ ယူဆောင် သိမ်းပိုက်ခွင့်မရှိ၊ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးကို ထိုသူ၏နိုင်ငံတော် အစိုးရနှင့်ဥပဒေ များက အသိအမှတ်မပြုသည့်တိုင် ထိုလူတွင် လူ့အခွင့်အရေးခံစားခွင့်ရှိသည်။ ထိုသို့အသိအမှတ် မပြုခြင်းသည် ထိုလူအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။

၎။ လူအခွင့်အရေးများသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်ဆက်စပ်နေသည်။ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်အသက်ရှင်နုင်ရန်အတွက် လူသားတိုင်းလွတ်လွပ်ခွင့် လုံခြုံခွင့်ရှိသလို လုံလောက်သော လူနေမှုဘ၀များကို လိုက်လျောညီထွေစွာခံစားခွင့်ရှိသည်။ မည်သည့်အခွင့်အရေးကိုမှ အခြားအခွင့် အရေးထက် ပို၍အရေးကြီးသည်ဟု ပြော၍မရ၊ လူ့အခွင့်အရေးတခု ချိုးဖောက်ခံရခြင်းသည် အခြား အခွင့် အရေးများကိုပါထိခိုက်စေသည်။

Thursday, December 24, 2009

မြန်မာပြည်တွင် မြင်တွေ့ခွင့်မရှိသောစာအုပ်များ

ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး ဖွင့်ဆိုချက်များ
ဗမာ့အောင်ဆန်း

လူသားဆန်သော ဖြစ်တည်မှု



> ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
> ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
> ဩော်…
> ဒီနေ့ ငါ့မွေးနေ့ပဲလေ…
>
> ငါဘာလုပ်ရင်ကောင်းမလဲ
> ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
> ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း
> ၁၉ နှစ်တောင် ရှိရော့ပေါ့
> ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး
> ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.
> ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ
> ရှိစေချင်လိုက်တာ
> ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.
> ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
> အခွင့်သာရင်တော့
> ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ.
> အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…
> ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…
>
> တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.
> လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ
> ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.
> အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ
> အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ
> အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ
> ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ
> အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ
>
> အို….
> ငါသိပ်လွမ်းတယ်သိလား…
> ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…
>
> ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ.
> ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက
> လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.
> အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့
> မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
> မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့
> ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
> အိမ်မှာ လူတွေများလာလို့
> အို…
> ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး
> ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား
> ငါဘာမှနားမလည်ခဲ့ဘူး
> အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
> ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့
> ငါချစ်တဲ့ ငါ့ဖေဖေ
> အဲဒီ့နေ့က ပြန်မလာခဲ့ဘူး
> မျှော်လိုက်ရတာ ဖေဖေရယ်..
>
> နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
> ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
> လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.
> အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.
> ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
> ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
> ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
> ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
> ဖေဖေရယ်..
> ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
> ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
> သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
> ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
> လွှမ်းမိုးနေခဲ့တယ်
> ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…
>
> ၁၉၆၀ ခုနှစ်
>
> မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ် .
> အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
> ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့
> မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့
> ပြောတယ်.
> ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့
>
> မေမေတို့ပြောင်းရတော့မယ် သမီးလေး..
> ဘယ်ကိုလဲဟင်..
> နယူးဒေလီကို
> ဘယ်မှာလဲဟင်
> နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
> မေမေက ဘာသွားလုပ်မှာလဲဟင်
> ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
> လိုက်ခဲ့ရမှာလေ.
> သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
> ဟင်းဟင်းဟင်း…
> ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
> အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
> အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
> သွားပြောပေးရမှာလေ.
>
> ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
> သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
> လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
> သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
> ၀ယ်ထားပေးမယ်.
>
> ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
> ပြေးဝင်ခဲ့တယ်.
> မေမေက သိပ်တော်တာပဲနော်.
> ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်
> မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်…
> မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
> စံနမူနာထားလို့
> သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…
>
> ၁၉၆၄ ခုနှစ်
>
> ငါပျော်လိုက်တာ…
> အောက်စဖို့တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
> ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
> မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
> I'm proud of you, honey! လို့
> ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
> မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…
> မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
> ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
> အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်.
> အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
> သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့
> ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့
> ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…
>
> အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ
> လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
> Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
> စကားတစ်ခွန်းပြောတယ်.
> I believe in you! တဲ့.
> ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
> မေမေ၀မ်းနည်းနေတာ ငါသိတယ်.
> ဒါပေမယ့် မေမေမငိုခဲ့ဘူး
> လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
> ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး
> ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်
> ၀င်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်
> ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့
> ငါ့ဘ၀ရဲ့ အောင်မြင်မှုပထမခြေလှမ်းသစ်အတွက်
> ငါဂုဏ်ယူနေလို့ပါ
> ငါပျော်နေလို့ပါ
> ငါပီတိဖြစ်နေလို့ပါ
>
> တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်
> ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.
> သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်
> သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီး
> ရင်းနှီးခဲ့ရတယ်.
> သူက တိဗက်လူမျိုးတွေအကြောင်းလေ့လာေ နတဲ့ ကျောင်းသားတစ်ယောက်ပဲလေ.
> တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့
> ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…
>
> ၁၉၆၉ ခုနှစ်
>
> နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်.
> ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
> မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်.
> သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
> အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
> ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ
> မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့  လျှောက်လွှာတင်ခဲ့တယ်
> ငါအလုပ်ရခဲ့တယ်.
> Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.
> ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
> မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.
> ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer
> ၀င်လုပ်ခဲ့တယ်
> ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့
> ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.
> ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.
> နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
> ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..
>
> ၁၉၇၂ ခုနှစ်
>
> မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.
> သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
> မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
> ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
> Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.
> ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ
> ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို
> လုပ်ဆောင်ခွင့်ရခဲ့တယ်.
> အဲဒီ့ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…
>
> မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.
> ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..
> သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.
> ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့ တာ
> ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား
> မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
> မေမေကတော့ ထုံးစံအတိုင်းပဲပေါ့
> I trust you… တဲ့
> တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့
> ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ
> ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…
> ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…
>
>
> ၁၉၇၃ ခုနှစ်
>
> အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
> ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
> အဲလက်စ်ကို ငါမွေးခဲ့တယ်.
>
> ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..
> အဲဒီ့နေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.
> မေမေရယ်လေ.
> ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး
> မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
> ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
> မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်ေ လ…
>
> ၁၉၇၄ ခုနှစ်
>
> မိုက်ကယ်အလုပ်ရတယ်.
> အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့
>
> ၁၉၇၇ ခုနှစ်
>
> ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့
> ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ
> ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး
> ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်
> ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့
> မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.
>
> ၁၉၈၅ ခုနှစ်
>
> ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ
> လုပ်ဆောင်ချက်တွေကို
> စာတမ်းပြုစုခဲ့တယ်.
> ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
> ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.
>
> ၁၉၈၆ ခုနှစ်
>
> ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.
> အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့
> ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်
> ကြည်နူးလိုက်တာ.
> ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.
> မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
> ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..
>
>
>
> ၁၉၈၇ ခုနှစ်
>
> ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
> မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်.
> အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
> မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.
> စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
> ငါ့ရဲ့ Advanced Degree အတွက်
> London School of Oriental and African Studies မှာ
> စာရင်းပေးခဲ့တယ်
>
> ၁၉၈၈ ခုနှစ် မတ် ၃၁
>
> တယ်လီဖုန်းသံမြည်လာခဲ့တယ်.
> ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်
> ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး
> မေမေလေဖြတ်သွားတယ်တဲ့
> နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်
> ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.
> မေမေရယ်…
> မှတ်တောင်မမှတ်မိတော့ဘူး
> မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
> ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ
> ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ
> တော်တော်ကိုပြောင်းလဲသွားခဲ့တာ ပဲနော်…
>
> ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
> အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ပြည့်နှ က်နေတယ်
> ၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
> စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ
> ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.
> သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့
> တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်
> ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…
>
> စက်တင်ဘာ ၁၈ ရက်
> စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့
> ငါဘာလုပ်ရမလဲ
> ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
> ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက်
> ငြိမ်းငြိမ်းချမ်းချမ်းနေလို့ ရတယ်.
> ဒါပေမယ့် သေချာတယ်
> ငါလိပ်ပြာမလုံဘူး
>
> ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်.
> သူတို့ကို ငါရှက်တယ်.
> ငါမပြန်ဘူး
> ငါဒီမှာနေမယ်
> ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
> သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်.
> ဟုတ်တယ်
> ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး
> ငါဒီမှာနေမယ်
> ငါမပြန်တော့ဘူး
> ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့
> ငါ့ဖေဖေအတွက်
> ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.
> လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်ေ အာင် ငါကြိုးစားမယ်
> ဟုတ်တယ်
> ဒါငါပဲ.
>
> NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
> အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်
> ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ
> ဒါကို ငါအသုံးချခဲ့တယ်
> စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက်အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်.
> ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့ တဲ့
> သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ
> တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်
>
> င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
> သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.
> သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို
> လူထုကြီးက
> ဟေးးးးးးးးးးးးးးးးးးးးးးး
> ဆိုပြီး
> တခဲနက်အားပေးလိုက်ကြတာ
> ငါ့မှာ ကြက်သီးတွေတောင်ထလို့…
>
> ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်
>
> မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..
> ကောင်းရာသုဂတိလားပါစေ မေမေရယ်..
> မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
> ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.
>
> ၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်
> မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.
> မေမေ့ကို မြင်စေ့ချင်လိုက်တာ.
> မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
> ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး
> ဆောင်ရွက်ခဲ့ကြတယ်.
> ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
> သမီးသေသည်ထိပေါ့…
>
> ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
> ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်.
> အရှက်မရှိလိုက်ကြတာလေ.
> ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်
> ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.
> ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်
>
> အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့
> နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်..
> ငါ့အပေါ်ရက်စက်လိုက်ကြတာ.
> ကိုယ်ချင်းမစာလိုက်ကြတာ
> ပြောရက်လိုက်ကြတာ
> သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ
> နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့
> လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့
> ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး
> ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်
> ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..
>
> ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်း ကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့
> ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.
> ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..
> မေမေဂုဏ်ယူပါတယ် သားကြီးရယ်…
> မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး
> မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ
> ခုချိန်ထိပဲလေ.
> မေမေက ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ
> သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူး
> သားတို့ကို သိပ်ချစ်တာပေါ့
> သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့
> ဒါပေမယ့်သားတို့ရယ်
> သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို
> မေမေပိုချစ်မိတယ်.
> ဒါကို သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…
> သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
> အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်…
>
> ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်
>
> ရက်စက်လိုက်ကြတာကွယ်
> ရက်စက်လိုက်ကြတာ
> မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး
> သတ်ဟေ့သတ်ဟ
> ချဟေ့ချဟ
> ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ
> တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ…
> အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.
> ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..
> သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ
> ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ 
> မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
> ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့…
>
> အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.
> ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
> ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း
> နွမ်းလျလှပါပြီ
> မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
> အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ
>
> နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ
> ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ
> ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ
> ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
> ငါ့မှာတော့…
> ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့…
> ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
> သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ….
>
> ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်
> အပြင်မှာ နေခြည်တွေဖြာနေပြီနော်
> ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
> ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
> ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
> ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..
>
> ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး
> အခန်းပြတင်းကိုဖွင့်လိုက်တယ်.
> ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်.
> မကြောက်ပါနဲ့သားရယ်
> ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
> ငါ့ကို ဦးညွှတ်တယ်.
> သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.
>
> ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူး
> တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်
> အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.
> ဒီသစ္စာစကားမှန်ရင်
> ငါချစ်တဲ့
> မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
> ကြိုဆိုနိုင်ပါစေသား…
>
> ငါရှင်သန်နေဦးမှာပါ.
> မသေမချင်းပေါ့…
>
> နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး
> ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
> အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာ
> ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား…
> မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
> ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား…
> မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…
>
> ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
> ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ…
> အမျှအမျှအမျှ…..
>
> သာဓု..သာဓု..သာဓု……
>
>
>
> ဒီိနေရာကhttp://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html

>>အချက်အလက်လေးတွေကို အခြေခံပြီး ခံစားရေးဖွဲ့ထားပါတယ်...
>
> ရေးသူ - အမည်မသိ.

မျောက်ပုံပြင်



************

သူငယ်ချင်းတို့ရေ....စမ်းသပ်ချက်တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅
ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။

ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး
လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့ကွယ်။

တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို
တက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို
(မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ
ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။

ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့
ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ
နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို
ရပ်နားထားလိုက်တော့သတဲ့ကွယ်။

အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင်
အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး
လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။

ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို
လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့
လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့
(မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့
ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ
သူ့ကို ၀ိုင်း "သမ" ကြသတဲ့။
(ကွိကွိ...ကွကွ...ကွိကွ...ခွေးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)

အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ
ဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို
စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့
ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း
ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။

ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး
ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ
စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ
သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို
တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ
ဝါသနာပါပုံရတယ်။)

အဲသလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နေရာမှာ
အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။
စတုတ္ထမျောက်အသစ်တကောင်ထပ်လဲထည့် တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။
နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို
နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။
**************************************************************?
သယ်ချင်းတို့ရေ.....အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့
မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။
သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။
ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့
ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့်
အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ
မသိကြရှာဘူးတဲ့ကွယ်...

ကဲ.....ပုံပြင်လေးကတော့ ဒါပါဘဲ....

သူငယ်ချင်းတို့ရေ……အဲဒီ မျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို ကျွန်တော်တို့ရဲ့
လူ့အဖွဲ့အစည်း အတွင်းမှာရော တွေ့ဘူးကြုံဘူး ပါသလား...ကျွန်တော်တို့တွေဟာ ကိုယ်ကိုယ်တိုင်ကော အဲ့ဒီမျောက်တွေထဲက မျောက်တစ်ကောင်လိုပြုကျင့်ခဲ့ဘူးလား/ပြုကျင့်မိနေလားဆိုတာကိုလည်း ပြန်ဆန်းစစ်ကြည့်ကြဦးစို့နော်.................။ ။

Wednesday, December 23, 2009

အမှတ်ရစေ မွေးရပ်မြေ



ဒီအချိန်မှာဆို ရွှေရောင်တွေဖြာ
နေခြည်မှာ လင်းလဲ့
ရွှန်းလဲ့တဲ့ကျက်သရေ
တို့ပြည်က ဆံတော်ရှင်
ပြည်သူတွေနဲ့စည်ကား
တောင်ပေါ်ခရီးကို အတူသွားလို့
ပျော်ပျော်ပါးပါးဦးခိုက်မှာကို အတွေးမှာမြင်ယောင်နေရင်း
နောင်ခါတစ်နေ့နေ့
တို့တွေအတူဖူးစို့
မမေ့ကြနဲ့သူငယ်ချင်း......

ဘ၀အတွက် စိတ်ဓာတ်အင်အား

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …

ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …

'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …

ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..........။ ။



အားလုံး...အားလုံး **နေ့သစ်ကို စိတ်သစ်နဲ့လျှောက်လှမ်းနိုင်ကြပါစေ**

ကိုဇာဂနာဖတ်ဖို့ ဟာသ ခရစ်စမတ်ကဒ် လက်ဆောင်



ပျော်တော်ဆက် သာဂိ
ဒီဇင်ဘာ ၂၃၊ ၂၀၀၉

ကိုဇာဂနာခင်ဗျား … အကိုမဖတ်ရမယ့် စာရေးလိုက်ပြန်ပြီ။ မဖတ်ဘဲ နေလို့ရပေမယ့် မရေးဘဲ မနေနိုင်တော့ ရေးရတာပေါ့ အကို။ နယ်စွန် နယ်ဖျား အနှံ့ ထောင်ကျနေသူတွေဆီကို ဘယ်လိုနည်းနဲ့ ကျေးစေတမာန် လုပ်ရမယ်မှန်း မသိတဲ့အချိန်မှာ တိုင်းပြည်က မင်းဆိုးမင်းပုပ်တွေက အမြော်အမြင်ကြီးစွာနဲ့ ၂၀၁၀ အတွက် ခြေလှမ်းတလှမ်း လှမ်းလိုက်ပြန်ပြီဆိုတော့ အားအလွန် ရှိသွားတယ် ခင်ဗျာ။ အလို ဘာတဲ့ အကျဉ်းဦးစီးဌာနက နရသိန် ဆိုတဲ့ ထောင်မဂ္ဂဇင်း ထုတ်တော့မယ် ဆိုပဲ။
မြန်မာပြည်ရဲ့ အကျဉ်းထောင်တွေအကြောင်း ဗဟုသုတ ရစေချင်သော အကျိုးငှာ ထုတ်ဝေရပါတယ် ဆိုတော့ မြန်မာပြည်က သန်း ၅၀ သော လူထုပရိသတ်ကြီးကို ထောင်ထဲပဲ ထည့်ထားလေတော့လေမလားလို့ ခေါင်းနပန်း ကြီးရပါရဲ့။ ပွဲမ၀င် အပြင်က ကျင်းပဆိုသလို ထောင်ထဲ မထည့်ခင်မှာ ရင်းနှီးမှုရအောင်၊ မစိမ်းကြရလေအောင် စေတနာ ပလဗွနဲ့ စီမံလိုက်ပုံရတယ်ဗျ။ အင်းလေ မစည်ကားအပ်သော အရပ်ထဲမှာ သူတို့ပါတယ် ဆိုပေမယ့် အဲသည်လိုအရပ်ကနေ မဂ္ဂဇင်း မထုတ်ရဘူုးလို့မှ သူတို့ အခြေခံဥပဒေထဲ ရေးမှ မထားဘဲလေ။
အားကိုး ရှိလို့ မဂ္ဂဇင်း ထုတ်ရဲလေတာပဲလို့လည်း တဖက်က တွေးမိတယ် ကိုဇာဂနာရေ။ အခုလိုမျိုး နိုင်ငံရေးအကျဉ်းသား ထောင်နဲ့ချီပြီး ထောင်ထဲ ထည့်ထားချိန်မှာ ထောင်ထဲမှာက ပညာတတ်တွေ၊ အနုပညာသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ လူရွှင်တော်၊ အဆိုတော်၊ ဇာတ်ဆရာ စသည်ဖြင့် အကောင်းစားတွေ၊ လူလိမ္မာတွေ “အထဲ” ရောက်နေချိန်ဆိုတော့ ဧကန္တ ခင်ဗျားတို့ အားကိုးနဲ့ သူတို့ မဂ္ဂဇင်းထုတ်တာ ဖြစ်ပုံရသဗျ။ ခင်ဗျားတို့က အထဲကနေ စာတွေရေး၊ သူတို့က စာတွေထည့်ပြီး မဂ္ဂဇင်းထုတ်၊ အပြင်က မိသားစုတွေ ဆွေမျိုးသားချင်းတွေက ၀ယ်ဖတ်၊ ပြီးတော့ ပေးစာ ပြန်စာ ကဏ္ဍတွေလည်း ထည့်ပေါ့ဗျာ။
ထောင်ပြင်က ဇနီးသည်က ထောင်တွင်းက ခင်ပွန်းသည်ထံသို့ မွေးနေ့ဆုတောင်း ပေးလိုက်ပါတယ် တို့။ ထောင်တွင်းက အနှစ် ၃၅ နှစ် ထောက်သက်ရှိ ကိုဘယ်သူက ၀ဲတွေ အလွန်ပေါက်ပြီး အဟာရချို့တဲ့နေလို့ ဘယ်ဆေးမြီးတိုလေးကို လာဘ်ထိုးပြီး သွင်းရင် ကောင်းမလဲလို့ အမေးရှိလိုက်ပါတယ် ဦးဦးထောင်ပဟေဠိကြီး ဖြေပါ တို့ … ဒါတွေ ကျနော်တို့ ဖတ်ကြရတော့မှာပေါ့ခင်ဗျာ။
အလွန်ပညာရှိပြီး ရှေ့ရေးကို ကြိုမြင်တဲ့ ခြေလှမ်းကြီးပဲ လို့ ရင်သပ်ရှုမော ဖြစ်ရပါတယ် ကိုဇာဂနာရေ။ ခင်ဗျားတို့တတွေ လာမည့် ၂၀၁၀ နှစ်သစ် လွတ်လပ်ရေးနေ့မှာ တပ်မတော်ကြီးရဲ့ စိတ်ဆိုးစိတ်ယုတ်တွေကို ထင်ဟတ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တို့ ဘာတို့ မမျှော်နဲ့တော့ဗျ။ “ထောင်” မဂ္ဂဇင်း ထုတ်ပြီဆိုမှတော့ ခင်ဗျားတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးတော့မလား။ ဦးနှောက်ကလေးများရှိရင် နဲနဲလောက် လွှာသုံးပြီး စဉ်းစားမှပေါ့လို့ ပြည်ထဲရေးဝန်ကြီးက ပြောနေမှာပေါ့ အကိုရေ …။
နောက်ဆိုရင် ထောင်ထဲကနေပြီး မဂ္ဂဇင်းတင်မကဘူး တဲ့။ အင်းစိန်ထောင် FM တို့၊ မြစ်ကြီးနား ပူတာအိုထောင် FM ရေဒီယိုလိုင်းတွေလည်း ထောင်အုးံမတဲ့။ ခင်ဗျားတို့ကို ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းပမာ စတာတွေ ရိုက်ပြီး မြန်မာ့အသံနဲ့ အပြိုင် “ထောင်မြန်မာ” ရုပ်သံလိုင်းတွေ အခွေတွေ ထုတ် ရောင်းစားဦးမတဲ့ဗျ။ သတင်းတွေ ကြားတာ ပြောပါတယ်။ ဒါကြောင့် ဟိုတေးရေးဆရာတွေက ကွက်ကျော်မြင်ပြီး သူတို့သီချင်းတွေကို “လုပ်မစား” ရဆိုပြီး ကမန်းကတန်း စာထုတ်တာ ပြောတယ်။ တော်ကြာ ထောင်ထဲက အနုပညာသမားတွေကို ကာရာအိုကေအခွေ ရိုက်ထုတ်ပြီး စစ်အစိုးရက လုပ်စားသွားမှာကို မလိုလားလို့ ဆိုပဲ။ အင်း နောက်ဆိုရင် ခင်ဗျားတို့ကို ထောင်ထဲမှာ ထားပြီး အလဟသ အရည်အချင်းတွေ ပါရမီတွေ မပျောက်ပျက်သွားရအောင် သူတို့တွေ ခိုင်းစားလာတာ များလာရင်တော့ အပြင်က ကျနော်တို့ကလည်း အဓမ္မလုပ်အားပေးတွေကို တိုင်နေရာကနေ အဓမ္မအနုပညာသည်တွေ ဆိုပြီး အိုင်စီစီတို့ ဘာတို့မှာ တိုင်ရ တောရ အလုပ်တော့ ရှုပ်အုံးတော့မှာပဲနော်။
ဟဲ ဟဲ … ခင်ဗျားတို့ကတော့ ဒီစစ်အစိုးရကြီးက တယ်ပြီး ပညာရှိပြီး လုပ်တတ်လှချည်လားလို့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဖြစ်နေပြီမဟုတ်လား သည်သတင်းကြားလိုက်တဲ့ ခဏမှာ။ သူတို့ ဦးခေါင်းထဲက ဉာဏ်နဲ့ ဒါမျိုးတွေ ထွက်နိုင်ပါ့မလား ကိုဇာဂနာရယ် …။ စီးပွားရေးနိုဘယ်ဆုရထားတဲ့ စီးပွားရေးပညာရှင်ကြီးတယောက် မြန်မာပြည်ကို တလောက လာသွားတယ် အကိုရဲ့။ စစ်အစိုးရလက်အောက်က မြန်မာပြည်ကြီး နည်းမျိုးစုံနဲ့ ဖွံဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ဆိုပြီး အကြံကြီး ဉာဏ်ကြီးတွေ ပေးဖို့ လာသွားတယ်လေ။ အဲဒီ ဆတ်လဇိ ဆိုလား အဲသည်ပညာရှင်ကြီး ပေးသွားတဲ့ အကြံကြီးတွေထဲက တခုနေမှာပေါ့လေ။
အင်း … အဲသည် ဆတ်လဇိ ဆိုတဲ့လူကြီးက ဘယ်လို အကြံပေးလေသလဲ ဆိုတာ အသေးစိတ်တော့ မသိသော်ငြား အနောက်အုပ်စုက လုပ်ငန်းကြီးတွေကို အကြံပေးသလိုမျိုး မပေးမှာကတော့ အမှန်အကန်ပဲ။ ဟိုမှာက လုပ်ငန်းတွေ အရှုံးပြရင် စီအီးအိုတွေ ဒါရိုက်တာတွေက အလုပ်ကနေ နှုတ်ထွက်ရတာဆိုတော့ မြန်မာပြည်ကြီးက ဘက်ပေါင်းစုံက သည်လောက် အရှုံးပြ ချွတ်ခြုံကျနေတာ “ ဟဲ့ မောင်သန်းရွှေနဲ့ အပေါင်းအပါတွေ … နင်တို့ ထွက်ပေးလိုက်” လို့ ဆိုတဲ့ ကလေးကအစ အရူးအဆုံး တရေးနှိုးထမေးရင်တောင် ဖြေနိုင်တဲ့ အဖြေကို သွားပေးလိမ့်မယ်လို့ မထင်ရဲပေါင်ပါ ခင်ဗျား။
ဆတ်လဇိကြီးခင်ဗျာ ရှုဒေါင့်ပေါင်းစုံကနေပြီး ကောင်းတာလေးတွေ ရှာဖွေပြီး ကုတ်ကုတ်ကတ်ကတ် တွေးခေါ် ကြံစည်လို့ ကြံဖန်ပြီး စာတမ်းတွေ၊ ထုတ်ပြန်ကြေညာချက်တွေ လုပ်လာဦးမှာ သေချာပါတယ် အကိုဇာဂနာရေ … ခင်ဗျားတို့ ထောင်မဂ္ဂဇင်းထဲမှာ ဆောင်းပါးလေး ဘာလေး ပါတဲ့တနေ့ ဖတ်သာ ကြည့်ပေတော့။
အခုလိုမျိုး ကမ္ဘာတလွှားမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့၊ စိမ်းလန်းစိုပြေရေးတို့၊ ကာဗွန်ခြေရာတွေ လျော့ချရေးတို့ အလွန်အရေးကြီးပြီး အသည်းအသန်ခေတ်စားနေချိန်မှာ မြန်မာပြည်ကို ဆတ်လဇိကြီး ရောက်သွားတဲ့အခါ ရင်သပ်ရှုမော သာဓုအနုမောဓနာ ခေါ်တော့တာပဲလို့ သတင်းပြန်ကြားရတယ် လို့ အလွန်လုံခြုံစိတ်ချရတဲ့ ထောင်မဂ္ဂဇင်းက အတွင်းသတင်းထောက်က ဖေ့စ်ဘွတ်ကနေ လှမ်းပြီး သာဂိကို မတ်စိပို့လိုက်တယ်လေ။
မြန်မာပြည်မှာ မော်တော်ကားတွေကို အလွန်ချွေတာတယ်တဲ့။ ဘတ်စကားတွေကို လူ အပြည့်အသိပ် တင်ပြီးမှ မောင်းတဲ့အတွက် စက်သုံးဆီချွေတာရာ အလွန်ကျသတဲ့။ ဘတ်စကားအချောင်ကြီးတွေ လမ်းမပေါ်မှာ ဥဒဟို မတွေ့ရတာကို သူ သိပ်ကျေနပ်သွားပါတယ် တဲ့။
ပြီးတော့ နေ့ နေ့ ည ည လူတွေဟာ လျပ်စစ်မီးတွေကို လုံးဝ မသုံးဘဲ နေနိုင်ကြသတဲ့။ တနေ့တာ လျှပ်စစ်မီးအလုပ်တွေကို အချိန်ဆွဲ ဖြန့်ကျက်ပြီး မလုပ်ကြဘဲ မီးလာတဲ့ ရက်ရဲ့ နာရီပိုင်းအတွင်းမှာ ရေချိုး၊ အီးပါ၊ အ၀တ်လျှော်၊ ထမင်းချက်၊ ရေသောက်၊ အလုပ်တွေ တလစပ်ပြီးအောင် အပြတ်လုပ်နိုင်ကြတာတွေ၊ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး လုပ်နိုင်ကြတာကိုလည်း အလွန် အံ့သြ ဂုဏ်ယူမိပါသတဲ့။
တိုင်းပြည်ရဲ့ သယံဇာတတွေကိုလည်း ပြည်တွင်းမှာ သုံးဖြုံးမပစ်ဘဲ ပြည်ပကို အကုန်လုံး ထုတ်ပို့ ရောင်းစားနိုင်တာဟာလည်း တိုင်းပြည်ခေါင်းဆောင်တွေရဲ့ အမျော်အမြင် ကြီးမားမှု၊ တိုင်းသူပြည်သားတွေရဲ့ ရောင့်ရဲကျေနပ်မှုကို တပြောင်ပြောင် တလင်းလင်း ပြသနေတာကို တွေ့ရတော့ သူတို့တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ပြီးတော့ မနာလိုတောင် ဖြစ်မိပါရဲ့ တဲ့။
မြန်မာပြည်သူတွေဟာ သူများတိုင်းပြည်ကလူတွေလို တဖြုံးတည်းဖြုံးနေတဲ့၊ အလေအလွင့်တွေများနေတဲ့ မဆင်မခြင်တိုင်းပြည်ကြီးမဟုတ်တဲ့အတွက် အလွန် ၀မ်းသာကြည်နူးမိပြီး မျက်ရည်မိုးများ ဖြိုင်ဖြိုင်ကျ ရ ရှာတယ် တဲ့။
ဆန်လက်တဆုပ်ကို ပြုတ်၊ ဆန်ပြုတ်လုပ်သောက်၊ နေ့ဖို့ညစာကို ချန်။ အိုးကပ်ကျန်တာလေးကို အိမ်က ကြောင်တွေ ခွေးတွေကို မျှဝေပြီး ကျွေး၊ ကြွပ်ကြွပ်အိပ်တို့ သတင်းစာတို့ စာစောင်စာရွက် အဟောင်းတွေကို စုဆောင်းပြီး ပိသာချိန်နဲ့ ရောင်း၊ ပုလင်းတွေ ဖန်ခွက်တွေကအစ လွှင့်မပစ်ဘဲ ပြန်သုံး၊ နွားနို့တို့ အရက်တို့ ဆီတို့ ဓာတ်ဆီတို့ကို ရေတွေ ဘာတွေ ရောပြီး သုံးခြင်း၊ ပြန်လည် ရောင်းချခြင်းများနဲ့ နေထိုင်၊ စစ်သားများကလည်း ကျည်ဆံတတောင့် အသက်တချောင်းဖြစ်အောင် သုံးစွဲတဲ့အပြင် တခါတရံ ကျည်ဆံချွေတာတဲ့ အနေနဲ့ ရွာလုံးကျွတ် မီးတိုက်တာ တို့ ဘာတို့လုပ်ပြီးတော့ ချွေချွေတာတာ စိစိကုတ်ကုတ် သုံးစွဲနေကြတွေဟာ ပြည်ပက နိုင်ငံကြီးသားတွေအတွက် ရှက်ဖွယ်လိလိ ဖြစ်စေတဲ့အတွက် သူများပြည်တွင်းရေး လိုက်စွက်ဖက်မယ့်အစား အတုခိုးကြဖို့တောင် ကောင်းပါသတဲ့။
အောင်မယ်လေး ကိုဇာဂနာရေ … နိုဘယ်ဆုရှင် ဆတ်လဇိကြီး ပါးစပ်လေး ဟောင်းလောင်းနဲ့ မြန်မာပြည်က မင်းဆိုးမင်းယုတ်များနဲ့ ကျောမွဲပြည်သူလူထုကြီးကို တဖက်သတ်ကြီး ကြည်ညိုသွားလိုက်ပုံများကတော့ ကိုဇာဂနာကို မြင်စမ်းစေချင်ပါရဲ့ ။
ဒါတောင် မြန်မာတွေဟာ ငွေစက္ကူအသစ်တွေ ဟောကနဲ ဟောကနဲ စက္ကူတွေ ဖြုန်းပြီး ရိုက်ထုတ်နေမယ့်အစား လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ငွေစက္ကူလေးတွေကို ပလတ်စတစ်လောင်းပြီး သုံးနေတာတွေ၊ ပီကေတို့ သကြားလုံးတို့နဲ့ လဲပြီး စားနေတာတွေ၊ တိုင်းပြည်ရဲ့ ငွေစက္ကူတွေကိုတောင် မသုံးစွဲတော့ဘဲနဲ့ အမေရိကန်ဒေါ်လာတို့၊ ထိုင်းဘတ်တို့၊ စင်္ကာပူ ဒေါ်လာတွေကိုပဲ တိုက်ရိုက် ကိုင်တွယ်သုံးစွဲနေတော့တာမြင်ရင် ဆတ်လဇိကြီးခင်ဗျာ ရင်ဘတ်စည်တီး ငိုကြီးချက်မနဲ့ ခေါင်းပေါ်က ရှိစု မဲ့စု ဆံပင်တွေကို ဆွဲနုတ်၊ မုတ်ဆိတ်မွေးကြီးကို ဆွဲချွတ်၊ လူးလိမ့် ငိုယို ပြီးတော့ကာ နေပြည်တော်မှာ အခုမှ အသစ်ချတ်ချွတ် ဖွင့်လှစ်တော့မယ့် သန်းရွှေအင်ဒေါတား စီးပွားရေးအကယ်ဒမီကျောင်းတော်ကြီးမှာ မူကြိုတန်းက စပြီး တက်ရောက် သင်ကြားပါတော့မယ် လို့ တောင်းတောင်းပန်ပန်နဲ့ ဗီဇာလျောက်နေတော့မှာ မြင်ယောင်နေမိပါသေးတော့ဗျာ။
ကဲ … စာလည်း ရှည်သွားပြီ။ လက်ရေးသီးခံပါ။ ကောင်းသော ခရစ်စမတ်ပါ ကိုဇာဂနာ။
အာမင် …
www.moemaka.blogspot.com မှကူးယူဖော်ပြပါသည်။