Sunday, September 12, 2010

စာနယ်ဇင်းသမား ရွေးကောက်ပွဲဝင်လျှင် နိုင်ငံရေးနှင့် မီဒီယာ ကဏ္ဍ ရောထွေးနိုင်


ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည့် စာနယ်ဇင်းသမားများ အနေဖြင့် နိုင်ငံရေးနှင့် မီဒီယာ ကဏ္ဍ ရောထွေးမှုများ ရှိလာနိုင်ကြောင်း သတင်းစာဆရာ အသိုင်းအ၀ိုင်းက ပြောသည်။

နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမည့် စာနယ်ဇင်းသမား တချို့သည် လက်ရှိတွင် မီဒီယာ လုပ်ငန်းများ လည်းပိုင်ဆိုင်ထားလျက်ရှိရာ ၎င်းတို့ပိုင် မီဒီယာ လုပ်ငန်းများအပေါ် နိုင်ငံရေးသြဇာ လွှမ်းမိုးမှုများရှိလာနိုင်သည်ဟု သတင်းစာ ဆရာ မောင်ဝံသ က ပြောဆိုသည်။


“နိုင်ငံရေးသမား လုပ်မယ်ဆိုရင် သတင်းစာသမား မလုပ်နဲ့၊ အကယ်၍ လုပ်မယ် ဆိုရင်လည်း မိမိနဲ့ သက်ဆိုင် ပတ်သက်နေတဲ့ စာစောင်တွေ၊ မီဒီယာတွေ ပိုင်ဆိုင်ထားမယ် ဆိုရင်လည်းပဲ ၀င်မစွက်ဖက် သင့်ဘူး၊ နိုင်ငံရေးကို ရေးတဲ့အခါမှာ အစိုးရကို ဝေဖန် တာတွေ၊ ထောက်ပြ တာတွေ ရေးရင်လည်း ဘာမှ ၀င်မစွက်သင့်ဘူး၊ သီးခြား လွတ်လပ်တဲ့ မီဒီယာ ဖြစ်နေဖို့ လိုတယ်” ဟု မောင်ဝံသ ဧရာဝတီကို ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ ၀င်ရန် ပြင်နေကြသည့် သတင်းစာဆရာများတွင် ဂျာနယ် မဂ္ဂဇင်း အများအပြားထုတ်ဝေနေသော သုတ စွယ်စုံ မီဒီယာ ဂရု(ပ်) ပိုင်ရှင် နှင့် မြန်မာတိုင်းမ် စာစောင်၌ ထုတ်ဝေသူအဖြစ် ပါဝင်ထားသူ ဒေါက်တာ တင်ထွန်းဦး သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု၍ ရန်ကုန်တိုင်း ပုစွန်တောင် မြို့နယ် မဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော်မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာတင်ထွန်းဦးသည် ကြံ့ဖွံ့ပါတီ မှ အရွေးခံမည်ဖြစ်ပြီး အနိုင်ရလာပါက သူပါဝင်ထားသော မြန်မာတိုင်းမ် စာစောင် မှာ ကြံ့ဖွံ့ပါတီ ၏ မူဝါဒများ၊ ဒေါက်တာ တင်ထွန်းဦး၏ အာဘော်များသာ လွှမ်းမိုးလာနိုင်ပြီး သြဇာကြီးစိုး လာနိုင်သည်ဟု စာနယ် ဇင်း သမားများက ပြောဆိုနေကြသည်။

ဒေါက်တာ တင်ထွန်းဦးနှင့် နီးစပ်သည့် သတင်းစာဆရာ တဦးက“သူက အရင်ကလည်း အစိုးရလူပဲ၊ နောင်လည်း တက်လာ မယ့် အစိုးရ ရဲ့ရုပ်သေးဖြစ်နေဦးမှာပဲ၊ စာပေစိတ်ဓာတ်ထက် စီးပွားရေးပဲ အလေးထားတဲ့လူဖြစ်နေတော့ မီဒီယာ လုပ်ငန်းတွေ ကို ဘယ်တော့မှလက်လွှတ်မှာ မဟုတ်ဘူး”ဟု ဆိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဒေါက်တာတင်ထွန်းဦး ကို ဧရာဝတီက ဆက်သွယ်၍ မရခဲ့ပါ။

ဒေါက်တာ တင်ထွန်းဦးသည် နိုင်ငံရေး စိတ်ဝင်စားသူ တဦးမဟုတ်သည့်အပြင် သူဦးစီးထုတ်ဝေနေသော စာစောင်မဂ္ဂဇင်းများ
တွင်လည်း နိုင်ငံရေးအသားပေးစာပေများ၊ အစိုးရ ဝေဖန်ထောက်ပြစာများကို ရှောင်ရှားရေးသားပြီး စစ်အစိုးရ အလိုကျ ၀ါဒ ဖြန့် စာပေများကိုသာ ရေးလေ့ရှိသည့် စစ်အစိုးရနှင့်နီးစပ်သူဟု သတင်းစာဆရာများက ပြောဆိုကြသည်။

ဒေါက်တာ တင်ထွန်းဦးနှင့်အတူ ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ ရွေးကောက်ပွဲ ၀င်ရောက်မည့် စာနယ်ဇင်း သမားများမှာ စာပေ နှင့် စာနယ်ဇင်း အဖွဲ့မှ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး တင်ခ (တက္ကသိုလ် တင်ခ)၊ ဗဟိုကော်မတီဝင် ဦးအောင်ငြိမ်းနှင့် ညွှန်ကြား ရေးမှူး ဟောင်း အငြိမ်းစားဗိုလ်မှူး လှထွန်း (လှထွန်း-တွံတေး) တို့ ဖြစ်ကြောင်းလည်း သိရသည်။

“ဒီလူတွေက သတင်းစာဆရာ တွေလို့သာ ပြောနေတာ အစိုးရ အလိုကျ ခိုင်းတာရေးပေး နေတဲ့လူတွေ၊ ဖော်လံဖား လုပ်နေ
တဲ့လူတွေပါ၊ သူတို့ကို စာနယ်ဇင်း အသိုင်းအ၀ိုင်းက သတင်းစာသမားရယ်လို့ အသိအမှတ် ပြုမထားပါဘူး”ဟု သတင်းစာ ဆရာ  ဦးသာဘန်းက ပြောသည်။

ဦးသာဘန်းက“သတင်းစာ ဆရာ လုပ်မယ်ဆို နိုင်ငံရေးမလုပ်နဲ့ နိုင်ငံရေး လုပ်တော့မယ်ဆိုရင်လည်းပဲ သတင်းစာ ဆရာ မလုပ်နဲ့ တော့၊ သတင်းစာ သမားဆိုတာ သတင်းစာ ကျင့်ဝတ်ကို လိုက်နာရမယ်၊ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုရမယ်၊ အစိုးရ ရဲ့ မကောင်းတာကို စောင့်ကြည့် ရေးသား နေရမယ်”ဟုလည်း ဆက်လက်ပြောဆိုသည်။

နိုင်ငံရေးသမား ဦးဆောင်ထုတ်ဝေမည့် စာစောင်စာပေ များသည် ပြည်သူများကို အကျိုးပြုမည် မဟုတ်ဘဲ ၎င်းတို့၏ မူဝါဒ
လွှမ်းမိုးနေပြီး လွတ်လပ်သောစာစောင် ဖြစ်လာမည် မဟုတ်သည့်အပြင် ရေရှည်လည်းမရပ်တည်နိုင်ကြောင်း ဦးသာဘန်း က ဆိုသည်။

မြန်မာ့နိုင်ငံရေး လောကတွင် သတင်းစာဆရာဘ၀မှ နိုင်ငံရေးလောက သို့ရောက်သွားသူများ လွတ်လပ်ရေး မရမီ နှင့် လွတ်လပ်ရေးရပြီး ကာလများတွင် ရှိ ခဲ့ကြောင်းသိရသည်။

မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည်ပင် နိုင်ငံရေးသမားတဦးမဖြစ်မီ သတင်းစာဆရာ တဦးဖြစ်ခဲ့
ပြီး အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာအနေနှင့် နယ်ချဲ့ဆန့်ကျင်ရေး စာပေများကို ရေးသားခဲ့သည်။

နိုင်ငံရေးသမားတဦးသည် သတင်းစာစောင်များ၊ မဂ္ဂဇင်းများ၊ မီဒီယာလုပ်ငန်းများ၊ ပိုင်ဆိုင်ထားသူတဦး ဖြစ်ပါက သူ၏
လုပ်ငန်းများအပေါ် အနည်းနှင့်အများ သြဇာ သက်ရောက်လာသည်မှာ သေချာကြောင်း၊ ထိုအဖြစ်မျိုး ယခင်ကလည်း
ရှိခဲ့ကြောင်း၊ သို့သော် သက်ဆိုးမရှည်ခဲ့ကြကြောင်းလည်း မောင်ဝံသ က ပြောဆိုသည်။

“လွတ်လပ်ရေး မရခင်က သူရိယ သတင်းစာဟာ အတော်အောင်မြင်ခဲ့တယ်၊ နောက်ပိုင်းမှာ ဂဠုန် ဦးစော လက်ထဲလည်း
ရောက်သွားရော စာစောင်တခုလုံးက သူ့ရဲ့နိုင်ငံရေး သြဇာလွှမ်းမိုးမှု၊ သူ့ရဲ့နိုင်ငံရေး အတက်အကျအပေါ်မှာပဲ မူတည်သွား
တော့တယ်၊ ရေရှည်လည်း မခံခဲ့ဘူး”ဟု မောင်ဝံသက ဆိုသည်။

ယင်း သူရိယ သတင်းစာအား ဦးလှဖေ၊ ဦးဘဖေ၊ ဆရာကြီး ရွှေဥဒေါင်း စသည့် သတင်းစာ ဆရာကြီးများက စတင် တည် ထောင်ခဲ့ကြောင်း သိရသည်။

ထိုဆရာကြီးများသည် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ပြည်သူ့အကျိုး ပြုစာပေများကိုသာ တစိုက် မတ်မတ် ရေးသားခဲ့ကြ၍ သူရိယ သတင်းစာမှာ ပြည်သူများ၏ လေးစားမှုကိုရရှိ ခဲ့သော်လည်း နိုင်ငံရေးသမား ဦးစော၏ လက်
ထဲတွင် ကျဆင်းသွားကြောင်းလည်း မောင်ဝံသ က ပြောသည်။

“လူထုကို ဆန့်ကျင်ရင်၊ လူထုက မထောက်ခံ တော့ရင် ဒီစာစောင်က ကျဆုံးမှာပဲ”ဟုလည်း မောင်ဝံသ ကဆိုသည်။

သတင်းစာ ဆရာ အဖြစ် ကျော်ကြားရုံမက နိုင်ငံရေးလောကတွင်လည်း နာမည်ကျော်ခဲ့သူ စာရေးဆရာ သိန်းဖေမြင့် သည် လည်း နိုင်ငံရေးသမား ဘ၀တွင် ဗိုလ်တထောင် သတင်းစာကို လုပ်ကိုင်ခဲ့ပြီး ၎င်း၏ နိုင်ငံရေး အာဘော်များကို ရေးသားခဲ့ ကြောင်း၊ ၁၉၆၂ တွင် စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ ပေါ်ပေါက်ပြီး နောက်ပိုင်းတွင်လည်း အာဏာရှင် ဦးနေ၀င်း ၏ မြန်မာ့ ဆိုရှယ်လစ် စနစ်ကို ထောက်ခံရေးသားပေးမှုများ ရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့အပြင် အာဏာရှင် စနစ်အား ဆန့်ကျင်လှုပ်ရှားနေသည့် ကျောင်းသားများကို ဝေဖန်ရေးသားလာ၍ နောက်ပိုင်းတွင် လူထု ထောက်ခံမှု ပိုမိုကျဆင်းသွားကြောင်း မောင်ဝံသက ပြောသည်။

စာနယ်ဇင်း သမားများသည် နိုင်ငံရေးလောကသို့ ကူးပြောင်းမည် ဆိုပါက စာနယ်ဇင်းများ အပေါ် သြဇာလွှမ်းမှု လုံးဝ မယူသင့် ကြောင်း သတင်းစာ ဆရာများက ပြောဆိုကြသည်။

ရင်းမြစ်။ ဧရာဝတီ

ပြည်နယ်လွတ်တော်တွေ လုပ်ပိုင်ခွင့် ပိုရဖို့ တိုင်းရင်းသားပါတီတွေ လိုလား

တိုင်းရင်းသားပါတီတွေ အနေနဲ့ ပြည်နယ် လွှတ်တော်တွေမှာ နေရာအတော်များများရဖို့ မျှော်လင့်ပေမဲ့ ပြည်နယ် လွှတ်တော်တွေဟာ တကယ်တော့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် ဖွံဖြိုးတိုးတက်မှုတွေကို အပြည့်အ၀ အာမခံပေးနိုင်မှု မရှိဘူးလို့ တိုင်းရင်းသား ပါတီတွေက ပြောပါတယ်။ တိုင်းရင်းသားပါတီတချို့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက အပြည့်စုံ တင်ပြထားပါတယ်။

ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်နဲ့ ချင်းပြည်နယ်တွေက ပြည်နယ်လွှတ်တော်တွေမှာ ဒီမိုကရက်တစ် တိုင်းရင်းသားပါတီတွေ နေရာအတော်များများ ရနိုင်တယ်လို့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်သူတွေကတော့ သုံးသပ်နေပါတယ်။

တိုင်းရင်းသား ပါတီတွေကို ဆက်သွယ် မေးမြန်းကြည့်တော့ ဒီအခြေအနေကို သူတို့ မျှော်လင့်ကြပေမဲ့ တကယ်တမ်း ဒေသခံ တိုင်းရင်းသားတွေရဲ့  ဖွံဖြိုးတိုးတက်မှုနဲ့ နိုင်ငံရေးအရ ရပိုင်ခွင့်တွေအတွက်ဆိုရင်တော့ ဒီ ပြည်နယ်လွှတ်တော်တွေက အာမခံ မပေးနိုင်ဘူးလို့ ပြောကြပါတယ်။ တကယ်တော့ တိုင်းရင်းသား ရပိုင်ခွင့်တွေအတွက် လက်ရှိ ဖွဲ့ည်းပုံကို ပြင်ဆင်နိုင်ဖို့ ဆိုတာကလည်း ပြည်ထောင်စုလွှတ်တော်တွင်းမှာ ဒီမိုကရက်တစ် အများစု နေရာရဖို့ လိုနေပါတယ်။ ဒီ ပြည်ထောင်စုလွှတ်တော်ကနေ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ပြည်နယ်လွှတ်တော်ဖက်ကို မျှဝေဖို့ လိုအပ်နေတယ်လို့ ရခိုင်အမျိုးသား ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့ တိုင်းရင်းသား တခြား ပါတီတွေ၊ ပြည်မထဲက ဒီမိုကရေစီကို အားပေးတဲ့ပါတီတွေနဲ့ ပူးပေါင်းပြီး ဥပဒေပြုခွင့်တွေဘာတွေ ပြန်လုပ်ပေးရမှာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ကျနော်တို့ ဥပဒေပြုခွင့်က တိုင်းဒေသ ၈ ခုကိုပဲ ပေးခဲ့တာကိုး။ ပြည်ထောင်စုလွှတ်တော်မှာတော့ အများကြီး ပေးထားတယ်လေ။ အဲဒီတော့ လက်ရှိပေးထားတဲ့ ပြည်နယ်တိုင်း ဒေသတွေကိုပေးတဲ့ ဥပဒေပြုခွင့် ၈ ခုနဲ့ လက်ရှိ အခြေအနေတိုင်း ဖွံ့ဖြိုးဖို့ မလုံလောက်ဘူးလို့ပဲ ကျနော်တို့က သုံးသပ်တာကိုး။ ဆိုတော့ ပြည်ထောင်စုအစိုးရ ဆိုတာက ပံ့ပိုပေးရမယ့်ဟာပဲ ရှိတယ်။ ပြည်ထောင်စုအစိုးရရဲ့ ရပိုင်ခွင့်ရှိတယ်လေ။ ဆိုပါစို့၊ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ပတ်သက်လို့ရှိရင် ပေးထားတဲ့ဟာတွေက နည်းတာကိုး။ ပြည်ထောင်စုအစိုးရဆီက ယူထားတဲ့ဥစ္စာတွေကို အခြေအနေအတိုင်း မျှပေးနိုင်အောင် ကျနော်တို့က တွန်းအားပေးရမယ့်သဘော။”

ဒီမိုကရက်တစ် တိုင်းရင်းသားပါတီတွေ အနေနဲ့ အခုလို ဖွဲ့စည်းပုံပြင်ရေးကို လိုလားပေမဲ့ အခု ခန့်မှန်းရတဲ့ အခြေအနေအရ ဆိုရင်တော့ ဒီ ၅ နှစ်သက်တမ်း အတွင်းမှာတော့ လုပ်နိုင်ချေမရှိဘူးလို့ ရှမ်းအမျိုးသား ဒီမိုကရက်တစ် ပါတီက စိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော်တို့ ပြင်ချင်တဲ့ဟာတွေလည်း ရှိတာပဲလေ။ ကျနော်တို့ အနေအထားနဲ့တော့ အခုလောလောဆယ် ဒီမိုကရေစီအင်အားစုက အခုကျနော် ပေါင်းကြည့်တာ။ စုစုပေါင်းက နေရပ်က ၁,၀၀၀ ကျော်ဗျာ။ အခုဝင်ပြိုင်နိုင်တာက ၆၀၀ ကျော်ပဲလေ။ သိပ်အပြည့်မပြိုင်နိုင်ဘူးလေ။ ကျနော် ထင်တာပေါ့နော် ဒီ ၅ နှစ်သက်တမ်းမှာတော့ ဒီအခြေခံဥပဒေကို ချက်ချင်းပြင်ဖို့ဆိုတာ မလွယ်နိုင်သေးဘူးထင်တယ်။”

အခုလို နောက်ပိုင်းမှာ ဖွဲ့စည်းပုံပြင်ရေး ဖြစ်လာနိုင်မယ့် ယူဆပေမဲ့ တကယ်တမ်း စစ်တပ်က လေးပုံတပုံရှိပြီး၊ စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက အားကောင်းနေတဲ့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်နိုင်ရေးက လက်တွေ့ဖြစ်နိုင်ပါ့မလား ဆိုတာကတော့ သံသယတော့ ဖြစ်စရာပါ။ စိုင်းအိုက်ပေါင်း ကတော့ အကောင်းမြင်ပါတယ်။

“ခောတ်မမှီတော့တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့၊ တိုင်းပြည်ကောင်းဖို့အတွက် ဥပဒေအသစ်တွေ ပြဌာန်းဖို့ဆိုတာ ကျနော်ထင်တာ အားလုံးကတော့ ဆန္ဒတူညီမယ်လို့ ထင်တယ်လေ။ စစ်တပ်ကလည်း သူတို့လည်း မြင်လာမှာပဲလေ။ လွှတ်တော်ထဲရောက်သွားပြီဆိုရင် ကျနော်ထင်တာ နိုင်ငံသားတိုင်းမှာ ဆန္ဒရှိမှာပဲ ထင်တယ်ဗျ။ အဲဒီတော့ ခေတ်မမှီတော့တဲ့ဟာတွေ အများရဲ့ ဆန္ဒဖြစ်အောင်တော့ ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ဓါတ်တော့ ပေါ်လာမယ်ထင်တယ်။ အခုဟာက တယောက်နဲ့တယောက် မခင်မင်၊ အမြင်ချင်းမဖလှယ်ရသေးတော့ ပြောရတာခက်သေးတာပေါ့နော်။ အမြင်ချင်း ဖလှယ်လိုက်ရင် ပိုပြီးတော့ သဘောပေါက်လာမယ်။ ညှိနှိုင်းလို့လွယ်သွားမယ်လို့ ကျနော်တို့ မျှော်လင့်တယ်လေ။”

လက်ရှိ ၂၀၀၈ ဥပဒေအရ ဆိုရင် ပြည်နယ်လွှတ်တော်ရဲ့  ဥပဒေပြု လုပ်ပိုင်ခွင့်တွေထဲမှာ အသေးစား ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေလောက်သာ ထည့်ထားပြီး ပြည်နယ်နဲ့ပတ်သက်လို့ စီမံခန့်ခွဲခွင့်၊ ပြည်နယ်တွင်းက အရင်းအမြစ်တွေကိုတောင် အပြည့်အ၀ စီမံခန့်ခွဲနိုင်ခွင့်တွေ ဘာမှပေးမထားဘူးလို့ သိရပါတယ်။

ရင်းမြစ်။ ။VOA

ဥပဒေအရ စစ်ဆေးရန် ရခိုင်ဆရာတော်ကြီးများ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။     ။ ရခိုင်ပြည်နယ်မှ ထင်ရှားသော သက်တော်ဝါတော်ကြီး ဆရာတော်ကြီးများက ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို သွေးစည်းခိုင်မာမှု ပြသသည့်အနေဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးထံ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုထားသော မေတ္တာရပ်ခံစာကို ပေးပို့ခဲ့သည်။

စစ်တွေ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းရှိ ဘုန်းကြီးကျောင်း ၁၅ ကျောင်းမှ ကျောင်းထိုင် ဆရာတော်များက ဦးပညာစာရကို  စစ်ဆေးရာတွင် ဥပဒေဘောင် အတွင်းကသာ ဆောင်ရွက်ရန် လက်မှတ်ရေးထိုး တောင်းဆိုသော မေတ္တာရပ်ခံစာကို ယခုလ ၇ ရက်နေ့တွင် တိုင်းမှူးထံ လိပ်မူ၍ ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးမှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“ဦးပညာစာရ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဥပဒေဘောင်အတွင်းက တရားစီရင်မှုတခု ဖြစ်နိုင်အောင်လို့၊ ပြီးတော့ သူ အခုလို ကြုံနေချိန် ဆရာ၊ တပည့် သာသနာ့ ညီအကိုချင်း လုပ်သင့်တယ်ထင်လို့ ဒီလို စာပို့တာပါ” ဟု လက်မှတ်ထိုး တောင်းဆိုရာတွင် ပါဝင်သည့် အမည်မဖ်ာလိုသော စစ်တွေမြို့မှ ဆရာတော် တပါးက မဇ္ဈိမကို မိန့်တော်မူသည်။

အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော၊ အရာရာကို သီးခံခွင့်လွှတ်ခြင်း စသော လူသာမန်တို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့်အလုပ်ကို လုပ်ဆောင်ခြင်းတို့ကြောင့်  မတော်မတရား အလွယ်တကူ စွပ်စွဲခြင်းကြောင့် ဗုဒ္ဓဘာသာ ရဟန်းတပါးကို တိုင်းတပါး ဘာသာခြားတို့ အထင်အမြင် မသေးရအောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရေးအတွက် မေတ္တာရပ်ခံပါသည်ဟု စာထဲတွင် ရေးထားသည်။

“ဦးပညာစာရမှာ အပြစ်ရှိမရှိကိုတော့ ဦးဇင်းတို့ မသိနိုင်ဘူး။ တနှစ်လောက် အလုပ်လုပ်တဲ့ NGO လည်း မသိနိုင်၊ ကာယကံရှင်တို့ပဲ အသိဆုံး ဖြစ်ပါတယ်။ အခု စစ်ဆေးတဲ့ အခါမှာလည်း မမှန်တဲ့အကြောင်း ငြင်းဆိုချက်တွေ ထွက်လာနေပါပြီ” ဟု စစ်တွေ ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ကျောင်းတိုက် ၁၅ တိုက်တွင် မင်းပြားမြို့နယ်မှ ရွှေဖောင်တင် ပရိယတ္တိစာသင်တိုက်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ငပြောက်ဆည်ကျောင်းတို့အပြင် စစ်တွေမြို့နယ်မှ သုစိတ္တာရာမ၊ ဝေသာလီ ဓမ္မရတနာ၊ နိဂြောဓာရုံ၊ ဥဿာလင်း၊ ဓမ္မပါလနှင့် ပုသိမ် ကျောင်းတိုက် အပါအဝင် ကျောင်းတိုက်ပေါင်း ၁၃ တိုက် ပါဝင်သည်။

ဘုန်းတော်ကြီး ကျောင်းတိုက်များက ယခုလို မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မပခ တိုင်းမှူးထံမှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ဆရာတော် အမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ဦးရေ ၂ဝ ခန့် စစ်ဆေးမည်ဖြစ်ပြီး၊ ၄ ဦးသာ စစ်ဆေးရန် ကျန်ရှိကြောင်းနှင့် အမှု အခြေအနေမှာလည်း ဆရာတော်ဘက်က အားသာမှု ရှိလာကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။

“မာတုကာမနဲ့ ဖောက်ပြားတယ်ဆိုတဲ့ အချက်ကို တရားလိုပြ သက်သေတွေဖြစ်တဲ့ ဒေါ်မာလာနဲ့ မသန်းနွယ် ၂ ဦးလုံးက ငြင်းဆိုလိုက်ကြပါတယ်။ ဖောက်ပြားတာကို မြင်ပါတယ်ဆိုတဲ့ သက်သေကိုလည်း လုပ်ကြံစွပ်စွဲမှု ဖြစ်ကြောင်း  ရှေ့နေ ဒေါ်အေးနုစိန်က ပေါ်လွင်အောင် မေးနိုင်ခဲ့တယ်လို့ သိရပါတယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

ဆရာတော် ဦးပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က စစ်တွေ အာဏာပိုင်များက မာတုကာမနှင့် ဖောက်ပြားသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး လိမ်လည်မှု (ပုဒ်မ ၄၂ဝ)၊ သာသနာတော် ညှိုးနွမ်းစေမှု (၂၉၅၊ ၂၉၂)၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု (၄ဝ၆)၊ အစိုးရကို အကြည်အညို ပျက်စေသော စာရွက်စာတမ်းများ လက်ဝယ် ထားရှိမှု (၅ဝ၅ - ခ)၊ စည်ပင်အက်ဥပဒေ (၆၈ - ဂ)၊ နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ (၂၄ - ၁) တို့ဖြင့် ယခုလ ၁ဝ ရက်နေ့မှစ၍ စစ်တွေခရိုင် တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်သည်။

ယခုလ ၁ ရက်နေ့မှစ၍ တပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း ရုံးတင်စစ်ဆေးသည်။ ယနေ့တွင်လည်း စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့သေးသည်။

ဆရာတော်သည် ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲဇာတိ ဖြစ်သော်လည်း မြောက်ပိုင်းမြို့ စစ်တွေတွင် သီတင်းသုံးကာ ပရဟိတလုပ်ငန်း လုပ်ကိုင်နေသည့်အပြင် ရှေးရခိုင်စာပေ သမိုင်းအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းသူဖြစ်ကြောင်းနှင့် ဖမ်းဆီးလိုက်ခြင်းသည် ရခိုင်ပြည် တောင်ပိုင်းနှင့် မြောက်ပိုင်း နေထိုင်သူတို့ကို အာဏာပိုင်များက သွေခွဲခြင်းနည်းလမ်း ဖြစ်သည်ဟု ဆရာတော်နှင့် နီးစပ်သည့် တကာတဦးက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

ဆရာတော် ဖမ်းဆီးခံရပြီးနောက် ဆရာတော် ပြုစုစောင့်ရှောက်ခဲ့သော ကလေးငယ် ၁ဝဝ နီးပါးခန့်ကို အာဏာပိုင်များက ဝေးလံသည့် မြန်မာပြည် အလယ်ပိုင်းဒေသများသို့ ပို့ဆောင်လိုက်ပြီး အချို့မှာ စစ်တွေမြို့၌ ကျန်ရှိသည်။

“အခု ကျန်ခဲ့တဲ့ ၇ တန်း၊ ၈ တန်း ကျောင်းသားတချို့ကို စစ်တွေ အရံရဲတပ်ဖွဲ့မှာ ထားတယ်။ သူတို့လေးတွေ တချို့က ကျောင်းမသွားဘဲ ရည်ရွယ်ချက်မရှိ ဖြစ်နေတယ်။ သူတို့လေးတွေကို ဆရာတော် ရှိတုန်းကလိုပဲ ပုံမှန်ဖြစ်စေချင်တယ်” ဟု RNDP ပါတီ အတွင်းရေးမှူး ခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

RNDP က ရပ်ဝေးသို့ ပို့ဆောင်ထားသည့် ကလေးသူငယ်များကို မူလနေရာတွင် ပြန်လည်ထားရှိရန် ကြေညာချက် ထုတ်ပြန်ခဲ့သလို၊ ဦးပညာစာရ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ပြည်ပရောက် ရခိုင်အဖွဲ့အစည်းများနှင့် ရခိုင်လူမျိုးများက ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။