Saturday, October 2, 2010

ဂွာတီမာလာ စမ်းသပ်မှု အမေရိကန် တောင်းပန်

ဘီဘီစီ သတင်းဌာန
 ထိတ်လန့်တုန်လှုပ်ဖွယ် သုတေသနအကြောင်း စုံစမ်း ဖွင့်ချသူ ပါမောက္ခ စူဇန် ရီဗာဘီ
လွန်ခဲ့တဲ့ နှစ် ၆၀ က ဂွာတီမာလာ နိုင်ငံသားတွေကို သူတို့ သဘောတူညီမှု မပါဘဲ အမေရိကန် ဆရာဝန်တွေက ကာလသားရောဂါ အတွက် စမ်းသပ်မှု လုပ်ခဲ့မှုပေါ် အမေရိကန် သမ္မတနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့က ဒီကနေ့ တောင်းပန်စကား ပြောခဲ့ပါတယ်။
          ဆေးရုံ တင်ထားရတဲ့ စိတ်ရောဂါ ဝေဒနာသည်တွေ အပါအဝင် ဂွာတီမာလာ နိုင်ငံသား ၇၀၀ လောက်ကို အမေရိကန် အစိုးရရဲ့ သုတေသန ပညာရှင်တွေက လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနိုးရီးယားနဲ့ ကာလသား ရောဂါတွေကို ကာယံကံရှင်တွေရဲ့ သဘောတူညီမှု မပါဘဲ ကူးစက်ဖြစ်ပွားအောင် လုပ်ဆောင်ခဲ့ပါတယ်။
          ဒီစမ်းသပ်မှု လုပ်ဆောင်ခဲ့တာကို ဝက်လက်စလီ ကောလိပ်က ပါမောက္ခ တယောက်က ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ကာလသား ရောဂါဟာ အသက်သေဆုံးတဲ့ထိ အန္တရာယ် ပေးနိုင်ပြီး အမေရိကန် သုတေသန ပညာရှင်တွေဟာ ဒီရောဂါအတွက် စမ်းသပ်မှုတွေကို သူတို့နိုင်ငံထဲမှာ လုပ်ဆောင်နိုင်မှာ မဟုတ်တာကို အဲဒီအချိန်က သိရှိထားပါတယ်။ ပင်နီစီလင်ဆေးဟာ ကာလသား ရောဂါကို ကုသနိုင်ပေမဲ့ ကြိုတင် ကာကွယ်နိုင်ခြင်း ရှိမရှိ သိချင်နေပါတယ်။
          အဲဒီမှာ သူတို့က ဂွာတီမာလာ နိုင်ငံသားတွေကို ပထမ ပြည့်တန်ဆာတွေနဲ့ ထိတွေ့စေပြီး နောက်ပိုင်းမှာ ရောဂါရအောင် ကြိုးစား လုပ်ဆောင်ခဲ့ပါတယ်။
          ဒီစမ်းသပ်မှုကို ဂွာတီမာလာမှာ လုပ်ခဲ့တဲ့ အကြောင်းရင်းတခုကတော့ အဲဒီတုန်းက ပြည့်တန်ဆာ လုပ်ငန်းဟာ ဂွာတီမာလာမှာ တရားဝင် လုပ်လို့ရလို့ ဖြစ်တယ်လို့ ဝက်လက်စလီ ကောလိပ်က ပါမောက္ခ စူဇန် ရီဗာဘီက ပြောပါတယ်။
          ပထမ စမ်းသပ်မှုလူတွေကို ပြည့်တန်ဆာတွေနဲ့ ထိတွေ့ ဆက်ဆံအောင် လမ်းကြောင်းပေးပြီး အဲဒီကနေ ကိုယ်လိုချင်တဲ့ အဖြေမရတဲ့အခါမှာ ရောဂါပိုးကို ဒီလူတွေရဲ့ ကိုယ်ထဲကို တိုက်ရိုက် ထည့်ပေးတာကို လုပ်ခဲ့ပါတယ်လို့ ပြောပြခဲ့ပါတယ်။
          ရောဂါ ကူးစက်ခံရတဲ့ လူတွေကို နောက်ပိုင်းမှာ ဆေးကုသပေးပေမဲ့ ဒီကုသမှုတွေဟာ လုံလောက်မှု ရှိမရှိ သေချာ မသိရပါဘူး။
          အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဒီစမ်းသပ်မှုဟာ ကျင့်ဝတ်နဲ့ မညီဘူးလို့ ပြောပြီး အိမ်ဖြူတော် ပြောခွင့်ရ တာဝန်ခံ ရောဘတ်ဂိတ်စကလည်း ဒါဟာ ထိတ်လန့် တုန်လှုပ်စရာ ကောင်းတဲ့၊ ကြေကွဲဖွယ် ကောင်းတဲ့၊ ရွံမုန်းစရာကောင်းတဲ့ လုပ်ရပ်ဆိုတာ ထင်ရှားပါတယ်၊ ဒီစမ်းသပ်မှုကြောင့် ထိခိုက်ခဲ့သူတွေ အားလုံးကို အမေရိကန် အစိုးရက တောင်းပန်ပါတယ်လို့ ပြောခဲ့ပါတယ်။
          အမေရိကန် အစိုးရက တောင်းပန်စကား ပြောခဲ့ပေမဲ့လည်း ဒါနဲ့တင် လုံလောက်မယ့်ပုံ မရှိပါဘူး။ ထိခိုက်ခဲ့သူတွေကို နစ်နာကြေး ပေးမယ်လို့တော့ မပြောသေးပေမဲ့ အမေရိကန် အစိုးရက ဒါကို စုံစမ်းစစ်ဆေးမှု လုပ်ပေးမယ်လို့ ပြောပါတယ်။
          အဲဒီတုန်းက ဂွာတီမာလာ အစိုးရက ဒီစမ်းသပ်မှု အတွက် ခွင့်ပြုချက် ပေးခဲ့ပြီး ကနေ့အချိန်မှာတော့ ခုကိစ္စမှာ အမေရိကန် အစိုးရရဲ့ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်လာမှုကို ကြိုဆိုတယ်လို့ ဂွာတီမာလာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။