Thursday, November 11, 2010

အာဆီယံနှင့် ကမ္ဘာကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုတစ်ရပ်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးဖြစ်ကြောင်း အိုဘားမားပြောကြား၊ မြန်မာ့ဒီမိုကရေစီရေးတွင် အင်ဒိုနီရှား၏ အခန်းကဏ္ဍကို မျှော်လင့်နေဟုဆို

    အာရှနိုင်ငံများသို့ ခရီးထွက်နေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် အိန္ဒိယသို့ရောက်ရှိခိုက် မြန်မာရွေးကောက်ပွဲကို ဝေဖန်ခဲ့ပြီးနောက် အင်ဒိုနီးရှားသို့ ရောက်ရှိလာသောအခါတွင်လည်း မြန်မာ့ဒီမိုကရေစီအရေးကိုထပ်မံ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။ အိုဘားမားက အာဆီယံနှင့် ကမ္ဘာကြီးရင်ဆိုင်နေရသော စိန်ခေါ်မှုတစ်ရပ်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးပင်ဖြစ်ကြောင်း အိုဘားမားက သုံးသပ်ခဲ့သည်။

        နိုဝင်ဘာလ ၉ ရက်နေ့က အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုနှင့် အစည်းအဝေးအပြီး  ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက ၂၀၁၁ တွင် အာဆီယံ ဥက္ကဋ္ဌဖြစ်လာမည့် အင်ဒိုနီးရှား၏ မြန်မာပြည်ဒီမိုကရေစီအရေးတွင် ပါဝင်မည့် အခန်းကဏ္ဍကို အမေရိကန်ပြည်ထောင်စုက စောင့်မျှော်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

        "အာဆီယံနဲ့ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ရပ်က မြန်မာပါပဲ။ မြန်မာနိုင်ငံနဲ့ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ကာကွယ်ပေးဖို့ အင်ဒိုနီးရှားက ဘယ်အခန်းကဏ္ဍက ရပ်တည်မယ်ဆိုတာ ကျွန်တော်စောင့်မျှော်နေပါတယ်"ဟု အိုဘားမားကပြောကြားခဲ့သည်။

        "မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲဖို့နဲ့ လူ့အခွင့်အရေး ကာကွယ်ပေးမှု သေချာစေဖို့ ဆက်လက်လှုံ့ဆော်တိုက်တွန်းရပါမယ်" ဟုအိုဘားမားကပြောကြားခဲ့သည်။

        မြန်မာနိုင်ငံ ဆက်လျှောက်ရမည့်အဓိကခြေလှမ်းတစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေးဖြစ်ကြောင်း အိုဘားမားက သုံးသပ်သည်။ ယူဒိုယိုနိုကမူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေး အောင်မြင်မည်ဟု ဆက်လက်ယုံကြည်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref; AFP, Waiting To See Indonesia’s Role For Myanmar Democratisation