Sunday, April 11, 2010

“ ရေမြေခြားအလွမ်း ”

              
              တနယ်တကျေးရောက်ကာ
                           ဝေးနေပေမယ့်လည်း
                           ဒီအချိန်ဒီလကိုရောက်တိုင်း
                           နှစ်စဉ်အမြဲသတိရနေတယ့့်  ။
                           တချိန်တုန်းကဆို
                           ဒီအချိန်ကိုရောက်တိုင်း
                           ရွှဲစိုအောင်ရေတွေလောင်းပက်ပါလို့
                           အပေါင်းအဖေါ်များနဲ့
                           အပျော်ကြီးပျော်ခဲ့ အဲ့ဒီသင်္ကြန်ရက့့်  ။
                           ရေမြေခြားသင်္ကြန်ပွဲမှာတော့
                           အမိမြေမှာလိုမပျော်လည်း
                           ကပိုကရိုရွှဲစိုပြီး
                           အပြုံးမပျက်အလှမပျက်အောင်ပဲ
                           ရသေ့စိတ်ဖြေနည်းနဲ့ဆင်နွဲ
                           အဲ့ဒီနှစ်သစ်ကူးတဲ့ သင်္ကြန်ပွဲ့  ။
                           တချိန်တုန်းကဆိုရင်ပေါ့
                           အမေမွေးတဲ့အသာမြေမှာ
                           ကွမ်းတောင်ကိုင်ဆယ်ကျော်သက်ကိုလည်း
                            ဦးဦးဖျားဖျားရေလောင်းခဲ့ဖူးတယ်
                            တိုက်ဆိုင်မှုတွေရှိနေတိုင်း
                            ရေမြေခြားနေပေမယ့်
                            အမိမြေကိုလွမ်းစိတ်ကပိုကဲ့  ။
                            ဒီအချိန်ကိုရောက်ရင်တော့
                            ရေဖလားလေးနဲ့ရေပက်တာကိုလည်း
                            ထာဝစဉ်အမြဲ လွမ်းရစမြဲ
                            တနှစ်မှာတခါသာပွင့်တဲ့
                            သင်းပျံတဲ့ပိတောက်တွေကိုလည်းလွန်းရမြဲ့  ။
                                                
ပေးပို့သူ -  ဇာနည်မောင်

ထိုင်းဆန္ဒပြပွဲ နှိမ်နှင်းမှု ၁၅ ယောက်သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေမှာ စနေနေ့ကတော့ ရဲနဲ့ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၅ ယောက် သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၀ အတွင်း သေကြေမှု အများဆုံး နိုင်ငံရေး အဓိကရုဏ်း ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသတင်းထောက် တဦးနဲ့ စစ်သားတွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူအယောက် ၆၈၀ ကျော်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ သေကြေ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် အထူး ကြေကွဲရပါတယ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ က စနေနေ့ညက ရုပ်မြင်သံကြားကနေ ပြောသွားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစိုးရက စုံစမ်းပေးပါမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ဒါပေမဲ့ သူ ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆိုထားတာကိုတော့ သူက ပယ်ချသွားပါတယ်။

ဘန်ကောက်မြို့တော်က အဓိက နေရာတွေကို ပိတ်ဆို့ထားတဲ့ အင်္ကျီအနီဝတ် ဆန္ဒပြသူ ထောင်ပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့နောက်မှာတော့၊ ကျင်းပနေတာ တလကြာလာပြီးဖြစ်တဲ့ ဆန္ဒပြပွဲတွေ အခုလို ကြမ်းတမ်းလာတာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ တကယ့် ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်တာတောင်မှ လူစုကွဲမသွားခဲ့ပါဘူး။ ဆန္ဒပြသူတွေက ကျောက်ခဲတွေ၊ ဓါတ်ဆီပုံးတွေနဲ့ ပြန်လည် ပစ်ပေါက်ပြီးတော့ သေနတ်တွေနဲ့လည်း ပြန်ပစ်ခဲ့ကြပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-11-voa1.cfm?rss=topstories

NLD ၏ နောက်ဆုံးနေ့များ

 
NLD ရုံးရှေ့ သစ်ပင်ရိပ်အောက်မှ မော့ကြည့်လိုက်ရာ အောက်ခံ ဆေးအနီရောင်ပေါ်တွင် အဖြူရောင် စာလုံးဝိုင်းများဖြင့် ရေးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟူသော ဆိုင်းဘုတ်ကို တွေ့ရသည်။ ဒီဆိုင်းဘုတ်က မကြာခင် ဖြုတ်ချခံရဖွယ် ရှိနေသည်။

ရုံးဝင်ပေါက်နှင့် မလှမ်းမကမ်းတွင် အမျိုးသမီး အဖွဲ့ဝင်များကို တိတ်တိတ် ဆိတ်ဆိတ် တွေ့ရသည်။ ရုံးသို့ လာရောက်ကြသော အဖွဲ့ဝင်များကို နေ့လယ်စာ ကျွေးရန် တိတ်တိတ် ဆိတ်ဆိတ်ပင် ပြင်ဆင်နေကြသည်။

NLD သည် ပြည်သူ လူထု အများအပြား အနှစ် ၂၀ ကျော် ထောက်ခံခဲ့သော နိုင်ငံရေး ပါတီကြီး ဖြစ်သည်။ သို့သော်လည်း ပါတီကြီး တည်ရှိရန် ရက်ပေါင်း ၂၀ ကျော်သာ လိုတော့သည်။

တရားဝင် ဆက်လည် တည်ရှိရန်  NLD သည် မေလ ၆ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီ မှတ်ပုံတင်ရမည်ဟု အစိုးရက အကျပ်ကိုင်ထားသည်။ မှတ်ပုံတင်ခြင်း မပြုပါက “နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်”ဟု စစ်အစိုးရထုတ်ပြန်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေတွင် ပါရှိသည်။

NLD က မတ်လ ၂၉ ရက်နေ့တွင် အနယ်နယ်မှ ဗဟိုဦးစီးအဖွဲ့ဝင်များ စည်းဝေးကြပြီး မှတ်ပုံတင်ခြင်း မပြုရန် တညီတညာတည်း ဆုံးဖြတ်ပြီး ဖြစ်သည်။

ဤသို့သော အခြေအနေများအောက်တွင် NLD ရုံးသို့ ရောက်လာသူများမှာ ယခင်နှင့်မတူတော့ပေ။  အများစုမှာ မတ်လ ၂၉ ရက်နေ့တုန်းက တွေ့မြင်ခဲ့ရသလို တက်တက်ကြွကြွ၊ ရွှင်ရွှင်လန်းလန်း  မဟုတ်ကြတော့၊ လေးလေး နက်နက် တွေးဆနေဟန်ဖြင့်  အတွေး ကိုယ်စီ ရှိနေကြသည်ကို တွေ့မြင်ရသည်။

စာကြည့်တိုက်မှ အမျိုးသမီးငယ်၂ဦးကလည်း တိတ်တိတ် ဆိတ်ဆိတ်နှင့် စာရင်း လုပ်နေကြသည်။

NLD အမျိုးသမီးအဖွဲ့မှ ဒေါက်တာ မေ၀င်းမြင့်က “လာမယ့် မေလ ၄ ရက်နေ့အထိ ရုံးရှေ့မှာ သံဃာတွေကို ဆွမ်းလောင်းမယ်လို့ ဆုံးဖြတ်ထားတယ်၊ နောက်ကျရင်တော့ ကိုယ့်ရဲ့ ရည်မှန်းချက် အတိုင်းတော့ လုပ်မှာပေါ့နော်။ ရုံးရှေ့မှာတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့” ဟု အေးအေးဆေးဆေး ပြုံးပြီး ရှင်းပြသည်။

သူက ဆက်လက်ပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဝတ်ပြု ဆုတောင်းပွဲတွေကိုလည်း အပတ်စဉ် အင်္ဂါ နေ့တိုင်း ပြုလုပ်သွားမယ် လို့တော့ စိတ်ကူး ရှိပါတယ်”ဟု ပြောသည်။

ဤရက်ပိုင်းအတွင်း ရုံး အောက်ထပ်တွင်တော့ လူစည်ကားမြဲ ဖြစ်သည်ကို တွေ့မြင်ရသည်။ အဖွဲ့ဝင်များက သုံးလေးယောက် တ၀ိုင်း ၀ိုင်းထိုင်နေကြသည်။

သူတို့သည် NLD ရုံးသို့ ပုံမှန် လာရောက်ကာ တာဝန်များကို အနှစ် ၂၀ ကျော်ကြာ လစာမရ အခမဲ့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ တခါတရံ အစိုးရက သူတို့ကို ထောင်ထဲ ထည့်လိုက်သည်။ ထောင်မှ ထွက်လာပြီး နောက်တွင်လည်း NLD ရုံးသို့ ပြန်လည် ရောက်ရှိလာသူများ ဖြစ်သည်။ ဤသို့ဖြင့် NLD ရုံးက စည်ကားနေသည်။

ရုံး အောက်ထပ်တွင် နွမ်းနွမ်းပါးပါး အ၀တ် အစားနှင့် ခပ်ပိန်ပိန် လူငယ် အမျိုးသားတဦး၊ အမျိုးသမီး တဦးတို့ ထိုင်နေကြသည်။သူတို့ ၂ ဦးက NLD အဖွဲ့ဝင်မဟုတ်ဟု ဆိုသည်။ သူတို့ ၂ ဦး ရုံးဝင်ပေါက်ဘက်ကို ငေးကြည့်နေကြသည်။ မဖြူဖြူသင်းကို ငေးမျှော်နေတာ ဖြစ်မည် ထင်ရသည်။ မဖြူဖြူသင်း၊ ကိုရာဇာ စသည့် လူငယ်များက အနယ်နယ်မှ HIV ပိုး ကူးစက်ခံရ သူများ၊ တီဘီ ရောဂါသည်များ စသဖြင့် အားကိုးတကြီး ရောက်လာသော လူနာ မှန်သမျှ၏ ဆေးဝါးကုသရေး၊ နေထိုင် စားသောက်ရေး တို့ကို ဆောင်ရွက်ပေးကြသူများ ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများအား ထောက်ပံ့ကြေးငွေ ပို့ပေးသူ ရခိုင် အမျိုးသားကြီး တဦးကိုလည်း ရုံးတွင် တွေ့ရသည်။ အကျဉ်းကျ တဦး၏ ဇနီးက အကျဉ်းသားများအား ထောက်ပံ့ရေး၊ ပညာသင် ထောက်ပံ့ကြေးတို့ ဆက်ပေးဦးမည်လောဟု မေးခဲ့ကြောင်း သူက ပြောပြသည်။

“NLDက ဘာမှ မပြောသေးတဲ့ အတွက် မသိရသေးဘူး လို့ပဲ ပြန်ဖြေလိုက်ရတယ်”ဟု သူက ဆိုသည်။

NLD က လစဉ် ထောက်ပံ့ပေးသော ငွေသည် နိုင်ငံရေး အကျဉ်းသားများ အတွက် ကောက်ရိုးတမျှင်ပဲ ဖြစ်ဖြစ် အထောက်အကူ ပြုလျက် ရှိသည်ကတော့ အမှန်ပင်။  နိုင်ငံရေးအကျဉ်းသားများကို တဦးလျှင် တလ ကျပ် ၅၀၀၀ မှ ၈၀၀၀ နှုန်း လစဉ်ထောက်ပံ့ ခဲ့သည်မှာ ၁၀ နှစ် ရှိပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် အကျဉ်းကျနေသော နိုင်ငံရေးသမား၂၀၀၀ ကျော် ရှိသည်ဟု ဆိုသည်။

HIV/ AIDS လူနာများအား ထောက်ပံ့ပေးခြင်း၊  ဆေးဝါး ကုသပေးခြင်း စသည်တို့ကို ၂၀၀၂ ခုနှစ်ကတည်းကစပြီး ယနေ့ထိတိုင် ပြုလုပ်ခဲ့ပြီး နာဂစ် ဒေသတွင် ရေတွင်းများ တူးဖော် ပေးခြင်း တို့ကိုလည်း လုပ်ဆောင်နေကြသည်။ ခက်ခက်ခဲခဲ လုပ်ကိုင်ရသော ဤလုပ်ငန်းများက နောက်ပိုင်းတွင် ပိုမို ခက်ခဲလာမည်ဟု ရခိုင် အမျိုးသားကြီးက ရှင်းပြသည်။

သူ့ထံသို့ လာရောက်ပြီး မေးမြန်းကြသူများကို “ပါတီ မရှိတော့ပေမယ့်လည်း ကျနော်တို့ ဒီမိုကရေစီ အရေးအတွက် ဆက်လက် တိုက်ပွဲ ၀င်သွားမှာပါ၊ နိုင်ငံရေးလှုပ်ရှားမှုကတော့ ရှိနေမှပါ” ဟု ပြန်ဖြေနေရသည်ဟု သူက ဆိုသည်။

ရင်ထဲ လေးလံနေကြောင်း၊ စိတ်ဖိစီးနေကြောင်းလည်း သူက ပြောပြသည်။

ခေါင်းဆောင် တဦးကလည်း “အားလုံး ဆုံးဖြတ်ပြီးသား ဖြစ်နေတာကို ပြန် ပြင်ဆင်ဖို့ စိတ်ကူး မရှိပေမယ့် ဒီစွန့်စားမှုက ပြင်းထန်တော့ ပါတီကို ဖျက်ပစ်လိုက်သလို ဖြစ်မှာကိုတော့ စိတ်ပူနေတာ အမှန်ပဲ”ဟု သူက ခံစားချက်ကို ပြောပြရင်း သက်ပြင်းမော ချသည်။

အဖွဲ့ချုပ်ပိုင် ပစ္စည်းများ ဆက်လက်သိမ်းရေး အတွက်လည်း  ဆောင်ရွက်နေကြသည်။ ပါတီ ဖျက်သိမ်းပြီးပါက အဖွဲ့ဝင်များ စုစုစည်းစည်း တွေ့ဆုံကြရန် အခက်အခဲ ရှိလာနိုင်ကြောင်း အဖွဲ့ဝင်တဦးက ပြောသည်။

“တရားဝင် ပါတီ အနေနဲ့ ရပ်တည်တာတောင် ကျနော်တို့ကို ဖမ်းဟယ်၊ ဆီးဟယ် လုပ်နေတာ ပါတီ မရှိတော့လို့ ခင်ဗျားတို့ ကျနော်တို့ တနေရာမှာ တွေ့ကြမယ်ဗျာ၊ နိုင်ငံရေးကြောင့် မဟုတ်ဘဲ လူမှုရေးအရ တွေ့ကြမယ် ဆိုရင်ကော အတားအဆီး အနှောင့် အယှက် ကင်းမယ် ထင်လား၊ ဘယ်လို တွေ့ဆုံကြမလဲ”ဟု မန္တလေးတိုင်း လူငယ်အဖွဲ့ဝင်တဦးက ၀င်ပြောသည်။

ထို့ပြင် ထောင်မှ ထွက်လာသော နိုင်ငံရေးသမား အများစုမှာ ထောင်မှထွက်ပြီး စုရပ်အဖြစ် အဖွဲ့ချုပ်ရုံးသို့ လာရောက်ကြကာ ပါတီ တာဝန်ထမ်းဆောင်ရင်း စိတ်ဓာတ် အင်အား ပြန်လည်မွေးမြူကြသော ဖြစ်ရပ်တချို့လည်း ပျောက်ဆုံးသွားနိုင်ကြောင်း သူက ရှင်းပြသည်။

ပဲခူးတိုင်းမှ ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးကလည်း ၎င်းတို့ကို စစ်ထောက်လှမ်းရေးက NLD မှ ထွက်ရန် အဆက်မပြတ် စည်းရုံးခဲ့ကြောင်း၊ ထွက်မည်ဆိုပါက ငွေကြေး(သိန်း ရာဂဏန်း)အထိ ထောက်ပံ့ပေးမည်ဟု ဆိုကာ မက်လုံးပေးခဲ့ကြောင်း ပြောပြသည်။

ကိုယ်စားလှယ် အများစုက “မထွက်ဘူး၊  ထောင်ချချင်ချ” ဟု တင်းခံကာ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ သည် အစိုးရဧည့်ဂေဟာ ဟုခေါ်သော နေရာများ၊ အကျဉ်းထောင်များတွင် နှစ်ရှည် နေထိုင်ခဲ့ရသည်ဟု သူက ပြောသည်။

၎င်းတို့၏ မိသားစုများက နောက်ကွယ်မှ နှစ်ပေါင်းများစွာ အထောက်အကူပြုသဖြင့် နိုင်ငံရေး ဆက်လက် လုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။  ပါတီ ဖျက်သိမ်းရမည်ဆိုပါက သူ့ကို နှစ် ၂၀ကျော် ကြာ ပံ့ပိုးခဲ့ရသည်မှာ အလဟဿ ဖြစ်ကုန်ပြီဟု သူ့မိသားစုဝင်များက ဝေဖန်နေကြောင်း ပြောပြသည်။

“တသက်လုံး ကျနော် နိုင်ငံရေး လုပ်နေတဲ့ ကာလ တလျှောက်လုံး မိသားစု တာဝန်ကို ဇနီးက ထမ်းခဲ့တယ်၊ အခုလို ပါတီ ဖျက်သိမ်း ခံရမှာကို သူက မလိုလားဘူးလို့ ပြောနေတယ်”ဟု သူက စိတ် မသက်သာဟန်ဖြင့် ပြောပြသည်။

လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစိန်လှဦးကတော့ မတ်လ ၂၉ ရက်နေ့ အစည်း အဝေးတွင် ပါတီ ဖျက်သိမ်းခံရပါက သူ၏ အသည်းတခြမ်း ထုတ်ပေးလိုက်ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက“နှစ်ပေါင်း ၂၀ ကျော်လုပ်လာတဲ့ အဖွဲ့ အစည်းတခုကို မလွှဲ မရှောင်သာဘဲ လုပ်လိုက်ရလို့ စိတ်ထဲကတော့ မကောင်းဘူး ပေါ့လေ၊  လူ့သဘော သဘာဝ အရ စိတ်မကောင်း ဖြစ်ရတာ ရှိတာပေါ့၊  တဘက်ကလည်း ဒီလို ဆုံးဖြတ်လိုက်ရတဲ့ အတွက် အင်မတန် သိက္ခာရှိတယ်၊ စိတ်ထဲမှာ ဂုဏ်ယူနေပါတယ်”ဟု စိတ်မကောင်းဟန် တ၀က်၊ မာန်တင်းသံ တ၀က်ဖြင့် ပြောဆိုသည်။

NLD သည် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပင် ပါတီ ဖျက်သိမ်းခံရသည်မှာ ပါတီပျက်ခြင်း မဟုတ်၊ ဒီမိုကရေစီ တိုက်ပွဲ ဆက် လက် ၀င်နေဦးမည်။ ပါတီဆိုင်းဘုတ် မရှိလျှင်လည်း လှုပ်ရှားမှုကတော့ ဆက်လက်ရှိနေဦးမည်ဟု သူက ရှင်းပြသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ဆက်လက် လှုပ်ရှားသွားမည်ဟု ဆိုသည်။

“မှတ်ပုံမတင်ရင် NLD က UG (မြေအောက်အဖွဲ့) ပုံစံ လုပ်လာမယ်လို့ ပြောကြတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့က ငြိမ်းချမ်းသောနည်း၊ အကြမ်းမဖက်သော နည်းနဲ့ ဆက်လုပ်သွားမယ်”ဟု ဦးဝင်းတင်က ပြောသည်။

မကြာသေးမီက ထုတ်ပြန်သော NLD၏ ပြည်သူ လူထုသို့ ပန်ကြားသည့် ကြေညာချက်တွင်လည်း ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရည်မှန်းချက်များ အောင်မြင်သည် အထိ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် စနစ်တကျ ဆက်လက် ကြိုးပမ်းသွားမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

မည်သူ့ကို မေးမေး သူတို့ ဆုံးဖြတ်ချက်အတွက် နောင်တ မရကြောင်း၊  ဂုဏ်ယူကြောင်း ပြောဆိုကြပါသည်။ သို့သော်လည်း တချို့က မျက်ရည် ကျနေကြသည်။ စိတ်ထိခိုက်နေကြသည်။ တချို့၏ မျက်ဝန်းတွင် ကြောင့်ကြရိပ်ကို ထင်ထင်ရှားရှား တွေ့ရလေသည်။ 

ကြည်ဝေ
ရင်းမြစ်။ ။ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် အဲန်အယ်လ်ဒီ တရားစွဲဆိုချက် ဗဟိုတရားရုံး လက်မခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တရားစွဲဆိုခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့တဲ့အတွက် ဒါဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဲန်အယ်လ်ဒီက ဆိုပြီး တရားရုံးကို ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ ဒီလို ပယ်ချမှုဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မတ်လ ၂၃ ရက်နေ့က အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုးပြီး ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေနဲ့ ၁၈၈၇ ခုနှစ် သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅)၊ (၅၄) တွေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရန်ကုန်တရားရုံးချုပ်မှာ တရားစွဲဆိုခဲ့ပေမဲ့ တာဝန်ရှိသူတွေက အမှုကို လက်မခံတဲ့အတွက် ဒါဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

"လက်မခံလို့ရှိရင် လက်မခံတဲ့အကြောင်းကို အကြောင်းပြရမယ်လေ။ အဲဒီအကြောင်းပြချက်မပါဘဲနဲ့ လက်မခံဘူးဆိုတာ မမှန်ကန်ဘူး။ ဘာကြောင့် လက်မခံဘူးဆိုတာ အကြောင်းပြချက် ပါရမယ်။ ဒီလို ပါးစပ်နဲ့ လက်မခံဘူးဆိုပြီး ပြန်ပေးလို့ မရဘူး။ သူတို့က အခု စာရွက်ကိုယူတယ်။ သက်ဆိုင်ရာ အကြီးအကဲတွေဆီ ပို့တယ်။ အပေါ်ကနေ လက်မခံတဲ့အပေါ် စာရွက်ကို ဒီအတိုင်း ပြန်ပေးလိုက်တာပေါ့။ ဆိုတော့ ကျနော်တို့က မေးတယ်။ ကောင်းပြီ၊ လက်မခံရင် လက်ခံတဲ့ရုံးကို ဘယ်လိုပြောပြီး သွားပေးရမလဲဆိုတော့လည်း ကျမတို့မှာ ကျနော်တို့မှာ ပြောခွင့်မရှိဘူးတဲ့။ ဆိုတော့ ကျနော်တို့ ဆက်ပြီးတော့ လုပ်စရာရှိတာကတော့ လက်မခံတဲ့အကြောင်း ပြရမယ်လေ။ ကျနော်တို့ပြောတာက high court ကို၊ တရားရုံးချုပ်ကို ပြောတာကိုး။ အဲတော့ အဲဒါ မပြဘူးဆိုရင် ဒါ မဟုတ်ဘူးပေါ့။ ဒါကို ကျနော်တို့က စောဒကတက်ပြီးတော့ ကန့်ကွက်တာပေါ့ဗျာ။ အရေးယူတာပါပဲ။"

ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော ဘာများ ထပ်ပြီးပြောတာမျိုးရှိပါသေးလဲ။ -

အခုလောလောဆယ်တော့ အချက်အလက်တွေတော့ ဥပဒေကြောင်းခြင်းရာအရ ဘယ်လို အချက်အလက်တွေ အရေးယူရင်ကောင်းမလဲ၊ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အရွေးခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဒီအပေါ်မှာလည်း အသိအမှတ်ပြုခြင်း မရှိတဲ့အပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ လုပ်နိုင်မလဲဆိုတာကို သင်္ကြန်ရက်အတောအတွင်းမှာ ကျနော်တို့ ညှိနှိုင်းပြီး လုပ်ကြမှာပဲလေ။"

အမှုကို လက်မခံတဲ့အတွက် အဲန်အယ်လ်ဒီအဖွဲ့ချုပ်က ကြာသပတေးနေ့မှာ မကျေနပ်ကြောင်း တရားသူကြီးချုပ်ဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။ အခုလို ဥပဒေပြဌာန်းချက်နဲ့ မညီဘဲ လုပ်ဆောင်နေမှုတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်နေတာမို့ အနာဂတ် မြန်မာနိုင်ငံရဲ့  တရားစီရင်ရေးအတွက် မကောင်းတဲ့ လက္ခဏာ ဖြစ်နေတယ်လို့ အာရှလူ့အခွင့်အရေး အဖွဲ့ (AHRC) က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

"တရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ တရားမမှုတွေကို စတင်လက်ခံရတဲ့ တရားရုံးဝန်ထမ်းတွေ အနေနဲ့ ဒီအမှုက အမှုဖြစ်အကြောင်းအရာ ပေါ်ပေါက်ခြင်း ရှိမရှိ၊ ကာလအကန့်အသတ် ကျော်လွန်ခြင်း ရှိမရှိ၊ အမှုတန်ဖိုးနဲ့အညီ တံဆိပ်ခေါင်းအခွံ ကပ်ထားခြင်း ရှိမရှိ စတဲ့အချက်အလက်တွေကို စစ်ဆေးပြီးတော့ အမှုကို လက်ခံရမှာဖြစ်တယ်။ တကယ်လို့ ငြင်းပယ်မယ်ဆိုလို့ရှိရင်လည်း သက်ဆိုင်ရာ တရားစီရင်ရေးအဖွဲ့ကနေပြီးတော့ ဘာကြောင့် ငြင်းပယ်တယ် ဆိုတဲ့ သတ်မှတ်ချက်နဲ့ ငြင်းပယ်ရမှာဖြစ်တယ်။ လက်ခံရင်လည်း ဘာအချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ လက်ခံတယ်ဆိုတာကို အမှုတင်တဲ့ တရားလိုကို အသိပေး အကြောင်းကြားရမှာဖြစ်တယ်။ သို့သော်လည်း ယခု အဲန်အယ်လ်ဒီကနေပြီးတော့ တင်သွင်းတဲ့လျှောက်လွှာအပေါ်မှာ လက်ခံခြင်းမရှိဘဲနဲ့ စီရင်ပိုင်ခွင့် မရှိဘူး။ မရှိတဲ့အတွက် ပြန်ပေးလိုက်တဲ့ကိစ္စက ကျနော်တို့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ကျူးလွန်ဖောက်ဖျက်ရာ ရောက်တယ်။ တရားရုံးများ လက်စွဲပါ ပြဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အလွယ်တကူ စီမံဆုံးဖြတ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာ ကျနော်တို့ အနာဂတ် မြန်မာနိုင်ငံ တရားစီရင်ရေးအတွက် လွန်စွာမှပင် ရင်လေးစရာ ကောင်းတဲ့အချက်တွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ယနေ့ ထုတ်ဖော်ပြီးတော့ ပြောကြားရခြင်းဖြစ်ပါတယ်။"

ရွေးကောက်ပွဲ မကျင်းပမီမှာပဲ ဒီလို တရားရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ကြုံနေရတဲ့အပြင် အခု ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ ဥပဒေတွေထဲမှာလည်း တရားရေးမူအရ မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်ကိုသာ စစ်ဆေးစီမံခွင့် အပြည့်အ၀ ပေးထားတာမို့ ဒီကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု လုံးဝရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

"အခုကျင်းပမယ့်ရွေးကောက်ပွဲက တရားစီရင်ရေးစနစ်တွေ၊ တရားဥပဒေ ပြဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲနဲ့ စစ်ဆေးစီမံဆောင်ရွက်နိုင်တဲ့ ကော်မရှင်ရဲ့ လက်အောက်ကသာ နိုင်ငံရေးပါတီတွေအနေနဲ့ ဆက်လက်ပြီးတော့ သွားရမယ်ဆိုလို့ရှိရင် ဒါက မျှတတဲ့ ရွေးကောက်ပွဲမဖြစ်ဘူးဆိုတာကို ကျနော်တို့ အတိအလင်း ပြောနိုင်တယ်။ ဒီကော်မရှင်က ကန့်သတ်တဲ့နည်းဥပဒတွေအောက်မှာ နိုင်ငံရေးပါတီတွေက အသင်းအပင်းဖွဲ့စည်းတာတွေ၊ အသင်းဝင် လက်ခံတာတွေ လုပ်ရမယ်ဆိုတဲ့ကိစ္စကလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အတိအလင်း ကျူးလွန်ဖောက်ဖျက်ရာ ရောက်တယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေ ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးတော့ ပါဝင်လုပ်ဆောင်နိုင်ခွင့်တွေ၊ ကော်မရှင်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေကြောင့် အကန့်အသတ် အတားအဆီးတွေ အများကြီး ရှိနေတယ်ဆိုတာကို ကျနော်တို့အနေနဲ့ ပြောရခြင်းဖြစ်တယ်။"

အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။ 
ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-10-voa1.cfm?rss=topstories