Friday, December 31, 2010

လာပြန်ပြီ နောက်ဖုန်းတစ်မျိုး




b34002
McWill မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုမှုကို နမူနာ ပြသစဉ်
အင်တာနက် အသုံးပြုနိုင်မည့် McWill အမည်ရှိ 3.5G မိုဘိုင်း ဖုန်းလိုင်းသစ်များ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်း ရောင်းချပေးမည် ဖြစ်ကြောင်း McWill ဖုန်းများ ရောင်းချမည့် ကုမ္ပဏီတာဝန်ရှိသူများထံမှ သတင်း ရရှိပါသည်။ အဆိုပါ မိုဘိုင်း ဖုန်းအား ဖုန်းလိုင်းအနေဖြင့် သီးသန့် အသုံးပြုနိုင်ပြီး အင်တာနက်ပါ ပူးတွဲ အသုံးပြုနိုင်ကြောင်း သိရှိရသည်။
McWill ဖုန်းလိုင်းမိသည့် မည့်သည့် နေရာတွင်မဆို အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ အင်တာနက်မြန်နှုန်း အနေဖြင့် 128KB, 256KB, 512KB နှင့် 1M ဟူ၍ လေးမျိုး ခွဲခြားပေးထားမည် ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းဖုန်းလိုင်း အနေဖြင့်သာ သီးသန့် အသုံးပြုမည် ဆိုပါက ကျပ် ၄၅၀၀၀၀ သာ ပေးသွင်းရမည် ဖြစ်ပြီး အင်တာနက် ပူးတွဲ အသုံးပြုမည် ဆိုပါက ကျပ် ၅၀၀၀၀၀  ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းဖုန်းမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင် ယူဆောင် အသုံးပြုနိုင်မည် ဖြစ်ပြီး ဖုန်းပြောခ အနေဖြင့် တစ်မိနစ်လျှင် ပုံသေ ကျပ် ၅၀ နှုန်း ဖြစ်ကြောင်း သိရသည်။
အင်တာနက် အသုံးပြုခ အနေဖြင့် အသုံးပြုမည့် မြန်နှုန်းအလိုက် ဈေးနှုန်း ခွဲခြားသတ်မှတ်ထားကြောင်း၊ 128KB မြန်နှုန်းဖြင့် အသုံးပြုမည်ဆိုပါက တစ်နာရီကျပ် ၁၂၀၊ 256KB မြန်နှုန်းဖြင့် သုံးမည်ဆိုပါက တစ်နာရီ ကျပ် ၁၈၀၊ 512KB ဖြင့် အသုံးပြုမည် ဆိုပါက တစ်နာရီ ကျပ် ၃၆၀၊ 1M ဖြင့်သုံးမည် ဆိုပါက တစ်နာရီ ကျပ် ၄၈၀ ကျသင့်မည် ဖြစ်သည်ဟု သတင်းရရှိပါသည်။
''ဖုန်းသီးသန့်ပဲ သုံးမယ်ဆိုရင် ကျပ် ၄၅၀၀၀၀ ပဲ ကျသင့်တယ်။ အင်တာနက်နဲ့ဖုန်း နှစ်မျိုးစလုံး သုံးမယ်ဆိုရင် ကျပ် ၅၀၀၀၀၀ ကျသင့်တယ်။ ဇန်န၀ါရီလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြင်ဦးလွင်မှာရှိတဲ့ ရတနာပုံ ဆိုက်ဘ်ဘာစီးတီးမှာ ကျင်းပမယ့် န၀မအကြိမ်မြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ်မှာ အလုံးရေ ၆၀၀၀ ၀န်းကျင်စပြီး ရောင်းပေးမယ်။ 400 MHz လိုင်း အမျိုးအစား ဖြစ်ပါတယ်''ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
''ပြပွဲမှာ အလုံး ၆၀၀၀ ပဲ ရောင်းပေးမယ် ဆိုပေမယ့် ပြပွဲ ပြီးသွားရင်လည်း လုံလောက်အောင် ထပ်ရောင်းပေးမှာပါ။ လျှောက်လွှာတင်ပြီး ၀ယ်ယူလို့ ရပါတယ်။ ၀ယ်ယူလို့ရမယ့် နေရာတွေကို ထပ်ပြီး ကြေညာပေးသွားပါမယ်''ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ထပ်မံ ရှင်းပြခဲ့သည်။
''3.5 Generation ဖုန်းလိုင်း အမျိုးအစားလို့ပဲ ပြောရမှာပါ။ ဖုန်းလိုင်းမိတဲ့ ဘယ်နေရာမှာမဆို လက်တော့ပ်နဲ့ ချိတ်ဆက်ပြီး အင်တာနက် သုံးနိုင်တယ်။ ဖုန်းနဲ့လက်တော့ပ်ကို ချိတ်လိုက်တာနဲ့ အင်တာနက်က ချက်ချင်းတက်လာတဲ့ စနစ် ဖြစ်ပါတယ်။ လက်တော့ပ်မှာတော့ ဖုန်းမှာပါတဲ့ ဆော့ဝဲလ်ကို Install လုပ်ထားရမှာ ဖြစ်ပါတယ်။ မြန်နှုန်းအနေနဲ့ကတော့ လေးမျိုး ခွဲခြားထားတယ်။ ကိုယ်သုံးတဲ့ မြန်နှုန်းအလိုက်ပဲ ကျသင့်မှာပါ။ တစ်နာရီကို ကျပ် ၁၂၀ ကနေ ကျပ် ၄၈၀ အတွင်းမှာပဲ ကျသင့်မှာပါ။ အင်တာနက်ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ သုံးလို့ရပြီ။ ဖုန်းလိုင်းသီးသန့် ဆိုရင်တော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြင် ချင်းတွင်းမြစ် အထက်ပိုင်း တစ်လျှောက်ပါ သုံးစွဲလို့ ရနေပါပြီ။ ကုတ်နံပါတ်က ရန်ကုန်ဆိုရင် ၀၁၀-၃---နဲ့ စပါမယ်။ ဘယ်ဖုန်း အမျိုးအစားကမဆို McWill ဖုန်းကို SMS ပို့လို့ရပါတယ်။ McWill ဖုန်းကနေ ပြန်ပို့မယ်ဆိုရင်တော့ McWill ဖုန်းအချင်းချင်းပဲ ပို့လို့ ရပါသေးတယ်။ SMS ပို့ခကတော့ တစ်စောင် ၂၅ ကျပ်ပါ''ဟု ၎င်းက ဆက်လက် ရှင်းပြခဲ့သည်။
3.5 Generation ဖုန်းအမျိုးအစား ဖြစ်သည့်အတွက် နည်းပညာအရ ဖုန်းလိုင်းမိသည့် မည်သည့် နေရာတွင်မဆို အင်တာနက် သုံးစွဲနိုင်မည် ဖြစ်ပြီး သတ်မှတ်ထားသည့် မြန်နှုန်းအတိုင်း သုံးစွဲခွင့် ရရှိရန် လိုအပ်သည်ဟုလည်း ကျွမ်းကျင်သူများက ဆို ပါသည်။
''3.5G ဆိုရင်တော့ ဒါက မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပါပဲ။ ဒီနည်းပညာအရဆိုရင် သူ့ Network မိတဲ့ ဘယ်နေရာမှာ မဆို အင်တာနက် သုံးနိုင်တယ်။ ဒီဖုန်းကို လက်တော့ပ်နဲ့လည်း ချိတ်သုံးနိုင်ရမယ်။ ဥပမာ ဘတ်စ်ကားပေါ် ရောက်နေလည်း ဖုန်းနဲ့လက်တော့ပ် ချိတ်ပြီး အင်တာနက် သုံးလို့ရပြီ။ ဘယ်နေရာရောက်ရောက် ဖုန်းလိုင်းမိနေသမျှ ကိုယ့်လက်တော့ပ်နဲ့ ချိတ်ပြီး အင်တာနက် သုံးရုံပါပဲ။ အခု ကြေညာထားတဲ့ အင်တာနက် မြန်နှုန်းအတိုင်း အပြည့်အ၀ အသုံးပြုခွင့်ရဖို့တော့ လိုတာ ပေါ့။ ဘာလို့လည်းဆိုတော့ မိနစ်အလိုက် ငွေကျသင့်နေမှာ ဖြစ်လို့ပါပဲ။ ကြာနေမယ်ဆိုရင် ငွေက တက်နေမှာပဲ''ဟု အဆိုပါ နည်းပညာ လေ့လာထားသူ တစ်ဦးကလည်း သုံးသပ် ပြောကြားခဲ့သည်။
အခြား ကျပ်ငါးသိန်းတန် ဖုန်းများကဲ့သို့ပင် ကြိုတင်ငွေဖြည့်ကတ် စနစ် ဖြစ်ကြောင်း၊ ဟန်းဆက်အနေဖြင့်မူ McWill ဟန်းဆက်ဖြင့်သာ အသုံးပြုရမည် ဖြစ်ပြီး McWill ဟန်းဆက်မှာ တစ်လုံးလျှင် ကျပ်တစ်သိန်းဝန်းကျင် ကျသင့်မည်ဟု သိရသည်။ ဖုန်းပြောခ အပါအ၀င် အင်တာနက် အသုံးပြုခများ အားလုံးကို ကြိုတင်ငွေဖြည့်ကတ်မှပင် ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကမှ ဆက်သွယ်ရေးကဏ္ဍသို့ ၀င်ရောက်လာပြီးနောက် မြန်မာနိုင်ငံတွင် ဖုန်းလိုင်း အမျိုးမျိုး ဈေးအမျိုးမျိုး သုံးစွဲရပုံ အမျိုးမျိုးဖြင့် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ယခုအခါတွင် ကျပ်ငါးသိန်းဖုန်း အမျိုးအစား၌ပင် CDMA 800MHz, CDMA 450MHz ဟူ၍ ကွဲပြားနေပြီး ယခုအခါ 400 MHz တစ်မျိုး ထပ်မံ ပေါ်ပေါက်ပါက သုံးမျိုးရှိလာမည် ဖြစ်သည်။
အင်တာနက်သုံးစွဲမှု ကျသင့်နှုန်းထားများ
မြန်နှုန်း ကျသင့်ငွေ(တစ်မိနစ်) ကျသင့်ငွေ(တစ်နာရီ)
128 KB ၂ ကျပ် ၁၂၀ ကျပ်
256 KB ၃ ကျပ် ၁၈၀ ကျပ်
512 KB ၆ ကျပ် ၃၆၀ ကျပ်
1M ၈ ကျပ် ၄၈၀ ကျပ်
မှတ်ချက်။    ။ ကျသင့်ငွေကို မိနစ်အလိုက်သာ ကောက်ယူသွားမည် ဖြစ်သည်။ ဖုန်းသီးသန့် ဆိုပါက ဖုန်းပြောခ အဖြစ် တစ်မိနစ် ကျပ် ၅၀ ကျသင့်သည်။
ကြိုတင်ငွေဖြည့်ကတ် အမျိုးအစားနှင့် နှုန်းထားများ
  • ကျပ် ၁၀၀၀၀ တန်ကတ်
  • ကျပ် ၃၀၀၀၀ တန်ကတ်
  • FEC 20
  • FEC 50
sources : : www.first-11.com

Tuesday, December 28, 2010

မြန်မာပြဿနာ အဖြေရှာရေး လူငယ်တွေ ပါဝင်ဖို့ ဒေါ်စု တိုက်တွန်း


NLD ရုံးချုပ်တွင် ကျင်းပသည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။
NLD ရုံးချုပ်တွင် ကျင်းပသည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ ဒီဇင်ဘာ ၂၈၊ ၂၀၁၀။ 
လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ မပါလို့ မဖြစ်ဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူထုအကျိုးပြု လူမှုရေး လုပ်ငန်းတွေကို လက်ရှိ လုပ်ဆောင်နေကြတဲ့ NLD မဟုတ်တဲ့ လူငယ် အယောက် ၅၀၀ လောက်နဲ့ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ လူငယ်တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့အတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ အနေနဲ့ အသိပညာ၊ အတတ်ပညာတွေ တိုးတက်အောင် လုပ်ဆောင်ပြီး တိုင်းသူပြည်သားတွေရဲ့ အကျိုးကို ဒီထက်ပို လုပ်ဆောင်နိုင်ဖို့နဲ့ တယောက်နဲ့တယောက် အတွေ့အကြုံ အမြင်ချင်း ဖလှယ်နိုင်ကြဖို့ ရည်ရွယ်ပြီး ဒီတွေ့ဆုံပွဲကို ပြုလုပ်ခဲ့တာပါ။
တိုင်းပြည်အတွင်း လတ်တလော ကြုံတွေ့နေရတဲ့ လူမှုရေး၊ နိုင်ငံရေး အကျပ်အတည်းတွေဟာ အားလုံး ဆက်စပ်နေတာကြောင့် NLD ရယ်၊ ဘယ်သူရယ်လို့ ခွဲခြားမနေဘဲ အားလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ကျမတို့ ဒီလို ဆွေးနွေး တွေ့ဆုံပွဲ လုပ်ရတဲ့အခါ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေမှာ လူငယ်တွေ မပါရင် မဖြစ်ဘူးဆိုတာ အားလုံး အသိအမှတ် ပြုတဲ့အနေနဲ့ ဖြစ်ပါတယ်။ လူငယ်တွေဆိုတာ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်တွေတင် မဟုတ်ပါဘူး၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှာမှ မပါတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ် ကျမတို့က အားလုံးကို ဖိတ်ခေါ် ကြိုဆိုပါတယ်။
“ဒီနိုင်ငံမှာလုပ်ရမယ့် လူမှုရေး၊ နိုင်ငံရေး ကိစ္စတွေဟာ အားလုံး သက်ဆိုင်နေတယ် ဆိုတာကိုလည်း ကျမတို့ နားလည်ဖို့ လိုပါတယ်။ အဲဒါကြောင့် ဒီလို ဆွေးနွေးပွဲ လုပ်တာပါ။ အဓိကအားဖြင့်တော့ ကျမရဲ့ အခြေအနေတွေ၊ ကျမရဲ့ အတွေးအခေါ်တွေကို ပြောပြဖို့ မဟုတ်ပါဘူး။ ကျမတို့ လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာရှိတယ်၊ ဘယ်လိုနည်းတွေနဲ့ ကျမတို့နိုင်ငံ တိုးတက်အောင် လုပ်နိုင်မယ်လို့ လူငယ်တွေက ထင်လဲ၊ ကျမတို့နိုင်ငံအတွက် အားနည်းချက်တွေဟာ ဘာတွေလဲ၊ ဒီအားနည်းချက်တွေကို ဘယ်လို ကျမတို့က ပြုပြင်နိုင်မလဲ ဆိုတဲ့ လူငယ်တွေရဲ့ အတွေးအမြင်တွေကို ကျမတို့ သိချင်လို့ပါ။”
သူ့အနေနဲ့လည်း နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ အချိန်ကစလို့ လူငယ်တွေဟာ တက်တက်ကြွကြွနဲ့ ထောက်ခံ အားပေးနေကြတာကို တွေ့ရတဲ့အတွက် အားရမိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ကျမ နိုဝင်ဘာလ ၁၃ ရက်နေ့ အကျယ်ချုပ်က ထွက်လာတဲ့ အချိန်ကစပြီး ပြည်သူတွေရဲ့ အသံကို ကျမ ကြားချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီ ထွက်လာတဲ့နေ့ကပဲ ကျမ သတိထားမိတာကတော့ ကျမတို့ရဲ့ လှုပ်ရှားမှုထဲမှာ ထောက်ခံနေတဲ့ ပုဂ္ဂိုလ် အများစုဟာ တော်တော်ငယ်တဲ့ လူငယ်တွေ ဖြစ်ပါတယ်။ အဲဒါကို ကျမ အင်မတန်မှ သဘောကျပါတယ်။ ဒီလို လူငယ်တွေရဲ့ အင်အား ရှိမှသာလျှင် ကျမတို့ရဲ့ အနာဂတ်အတွက် ကျမတို့ လုံခြုံမှု ရနိုင်မှာပါ။”
ဒါကြောင့် လူငယ်တွေကသာ တိုင်းပြည်ကို တိုးတက် ပြောင်းလဲစေချင်တယ် ဆိုတဲ့ စိတ်ဆန္ဒရှိရင် တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိတ်ချရပြီလို့ ဆိုပါတယ်။
“လူငယ်တွေဟာ တကယ်ပဲ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်၊ လူမှုရေး ဖြစ်စဉ်တွေမှာ စိတ်ပါဝင်စားတယ်၊ ဒီတိုင်းပြည်ကို ပြောင်းလဲဖို့ဟာ လူငယ်တွေက မိမိတို့ရဲ့တာဝန် ဖြစ်တယ်ဆိုတဲ့ အစွဲ ရှိပြီဆိုရင် ကျမတို့ တိုင်းပြည်အတွက် စိတ်ချရပါပြီ။ ဒီလို အခြေအနေ မရှိရင်တော့ မနက်ဖြန် ဒီမိုကရေစီ ရလို့ရှိရင်တောင်မှ စိတ်ချရဦးမှာ မဟုတ်ပါဘူး။ အနာဂတ်ကို ထိန်းသိမ်းသွားရမှာ လူငယ်တွေရဲ့တာဝန် ဖြစ်ပါတယ်။ အဲဒါကြောင့် လူငယ်တွေ အနေနဲ့ ဒီတာဝန်ကို ဘယ်လိုမြင်လဲ၊ ဒီတာဝန်ကို ဘယ်လိုထမ်းဆောင်မယ်လို့ စိတ်ကူးလဲ ဆိုတာ ကျမတို့ သိဖို့ အများကြီး လိုပါတယ်။ ဒီတော့မှ ကျမတို့ အတူတူ လက်တွဲပြီး လုပ်လို့ရမယ်။ ကျမတို့ အနေနဲ့ ပံ့ပိုးသင့်တဲ့ နေရာက ပံ့ပိုးပေးလို့ ရမှာ ဖြစ်ပါတယ်။”
လူငယ်တွေဘက်ကလည်း မိမိတို့မှာရှိတဲ့ စိတ်ကူး အကြံဉာဏ်တွေကို ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။
“လူငယ်တွေ အနေနဲ့လည်း ကျမတို့ရဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေ၊ လူမှုရေး လုပ်ဆောင်မှုတွေမှာ ပိုပြီးတော့ အင်အား များလာအောင်လို့၊ ပိုပြီးတော့ အားရှိလာအောင်လို့၊ ပိုပြီးတော့ ပီပြင်လာအောင်လို့ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အကြံဉာဏ်တွေ ရှိတယ်ဆိုရင်လည်း ကျမတို့ အနေနဲ့ ဖိတ်ခေါ်ပါတယ်။ အကြံဉာဏ်သစ်တွေကို ကျမတို့ အမြဲပဲ လိုနေပါတယ်။ အကြံဉာဏ်သစ်ဆိုတာလည်း ကြောက်စရာ မဟုတ်ပါဘူး။ အားလုံးကနေပြီးတော့ အကြံဉာဏ်သစ်ဆိုတာ၊ တခါတလေလည်း လက်ခံလို့မရတာ ရှိတာပေါ့၊ ရှိတဲ့အခါကြတော့ အလုပ်မဖြစ်ဘူးပေါ့။ အလုပ်မဖြစ်ဘူး ဆိုရင်လည်း ကျမတို့ အနေနဲ့ အလုပ်မဖြစ်ဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ မြင်နိုင်ရမယ်။
“ဒါကတော့ အကြံ အဟောင်းတွေရော၊ အကြံ အသစ်တွေရော၊ လုပ်နည်းလုပ်ဟန် အဟောင်းတွေရော၊ လုပ်နည်းလုပ်ဟန် အသစ်တွေရော အလုပ်မဖြစ်ဘူးဆိုရင် ကျမတို့က ပြောင်းလဲနိုင်တဲ့သတ္တိ ရှိရမယ်။ ဘယ်လိုပြောင်းလဲမလဲ ဆိုတာ ဆုံးဖြတ်နိုင်တဲ့ ပညာ ရှိရမယ်။ အဲဒါကြောင့် လူငယ်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြကြပါ။ ရဲရဲရင့်ရင့်နဲ့ တင်ပြကြပါ၊ ကျမတို့ ဆွေးနွေးတယ် ဆိုတာဟာ၊ စိတ်သဘောထားတွေ၊ အမြင်တွေကို ဖလှယ်တယ် ဆိုတာဟာ တယောက်နဲ့တယောက် တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ တယောက်နဲ့တယောက် အပြစ်ရှာဖို့လည်း မဟုတ်ဘူး၊ တယောက်ကိုတယောက် ကူညီ မစပေးဖို့လို့ ကျမက ဒီအမြင်နဲ့ပဲ လုပ်စေချင်ပါတယ်လို့ ပြောပါရစေ။”
အခုလို လူငယ်တွေ့ဆုံပွဲ လုပ်ပေးတာဟာ လူငယ်တွေ အချင်းချင်း အတွေ့အကြုံ အမြင်ချင်း ဖလှယ်နိုင်ပြီး လူငယ်ကွန်ယက် ပေါ်ပေါက်ဖို့ ပိုပြီး နည်းစပ်လာတာကြောင့် အများကြီး အကျိုးရှိပါတယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်တဦးက ပြောပြပါတယ်။
“အကျိုးရှိပါတယ်၊ အများကြီး အကျိုးရှိပါတယ်။ အကျိုးဖြစ်ထွန်းလာပါတယ်၊ အကုန်လုံးအတွက်။ လူငယ်တွေ အမြင်လည်း ကျယ်လာပါတယ်။ လူငယ်တွေ တော်တော်များများက၊ တချို့နေရာက လူငယ်တွေ၊ ရန်ကုန်တိုင်းက လူငယ်တွေ၊ မသိတဲ့သူ တော်တော်များများ ကျနော်တို့ ဒီမှာ တွေ့ခဲ့ရတယ်။ လူငယ်ကွန်ယက်ပေါ့၊ ပြောရမယ်ဆိုရင်တော့။
“အန်တီပြောပုံအရ လူငယ်ကွန်ယက်ကို ကျနော်တို့ တော်တော်များများ ဒီမှာ စာရင်းပေးခဲ့တယ်။ တယောက်နဲ့တယောက် လုပ်ကိုင်ချင်တဲ့လူနဲ့၊ ပြီးတော့ စာမတတ်တဲ့ လူတွေကို စာတတ်ဖို့၊ တင်ပြနေတဲ့ လူတွေကို တင်ပြနေတဲ့ ဟာလေးတွေ၊ အဲဒီအဖွဲ့တွေ ပြီးသွားတဲ့ အချိန်မှာ ကျနော်တို့ တယောက်နဲ့တယောက် ဖလှယ်ကြတာပေါ့။ ဖုန်းနံပါတ်တွေ ဘာတွေ၊ ဘယ်လိုဆက်သွယ်ရမယ် ဆိုတဲ့ဟာတွေ၊ ဒါက တိုးတက်တဲ့ အမြင်တခုကို ရခဲ့တာပဲ၊ ကျနော်တို့အတွက် ရခဲ့တာပေါ့။
“ကျနော်တို့လိုပဲ ကျန်တဲ့ လုပ်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ရှိနေတဲ့အတွက် ဒီလို အန်တီနဲ့ တွေ့ဆုံတဲ့ အချိန်မှာ သူကလည်းလုပ်တယ်၊ ငါကလည်းလုပ်တယ်၊ ပိုပြီးတော့ ကျနော်တို့က ၀မ်းလည်း ၀မ်းသာတယ်။ လုပ်အားလည်း ပိုပြီးတော့ တက်ကြွတာပေါ့။ လုပ်ရတာ ပိုအဆင်ပြေတယ်ပေါ့။ ဟိုတုန်းက ကိုယ့်ရင်ထဲက ရှိတဲ့ဟာတွေ၊ ခံစားချက်တွေ အကုန်လုံး တယောက်နဲ့တယောက် ဖလှယ်ခဲ့ရပါတယ်။”
ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်တဦး ပြောပြခဲ့တာပါ။
လူငယ်တွေအကြား အသိပညာ တိုးပွားလာအောင် NLD အနေနဲ့ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပြူတာ နည်းပညာသင်တန်း ပို့ချပေးနိုင်ဖို့ စီစဉ်နေသလို နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ဟောပြောပွဲတွေကိုလည်း အခါအားလျော်စွာ ကျင်းပသွားမယ်လို့ တက်ရောက်လာကြတဲ့ လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

sources: : VOA

ကချင့်အရှေ့မြောက် အအေးလှိုင်း ဖြတ်ဖွယ်ရှိဟု ဦးထွန်းလွင် ပြော

နယူးဒေလီ (မဇ္ဈိမ) ။      ။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာများတွင် ရေခဲမှတ်အောက် ရောက်နေကာ လာမည့်လ ပထမပတ်အတွင်း အအေးလှိုင်း ဖြတ်သန်းဖွယ်ရှိကြောင်း ရန်ကုန်ရှိ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် ခန့်မှန်းချက်အရ သိရသည်။

ကချင်ပြည်နယ် အရှေ့မြောက်ဖျားရှိ ဆွမ်ပရာဘွန်မြို့တွင် ရေခဲမှတ်အောက် အေးနေရာမှ အင်အား အသင့်အတင့်ရှိ အအေးလှိုင်းတခု ဝင်လာနိုင်သည်ဟု ဦးထွန်းလွင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။

“မြန်မာပြည် မြောက်ပိုင်းစွန်းလေး၊ ကချင်ပြည်နယ်
weather
photo :: www.tunlwin.com
အရှေ့မြောက် ထိပ်လေးလောက်မှာ ကျတယ်။  ရေခဲမှတ်ထိရောက်အောင် အေးနေတဲ့ အပူအချိန်ကို တွေ့ရပါတယ်။ ရေခဲမှတ်အောက် ရောက်နေကြတဲ့ အပူချိန်ကတော့  ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းပါ။ အင်အားအသင့်အတင့်ရှိတဲ့ အအေးလှိုင်း ဝင်ချင်တဲ့ သဘောပေါ့နော်“ ဟု ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။ 

အအေးလှိုင်း စီးဆင်းမှုမှာ ဒေသတခုချင်းအတွက်ရှိ ပျမ်းမျှအပူချိန်ထက် အပူချိန် လျော့နည်းလာခြင်းဖြစ်ပြီး ထိုအပူချိန်ထက် ၁၂ မှတ်အောက် ကျဆင်းပါက အပြင်းထန်ဆုံး ဖြစ်သည်ဟု သူက ဆိုသည်။

ယခင်က မြန်မာနိုင်ငံသို့ အအေးလှိုင်းဖြတ်သန်းရာတွင် အနောက်ဘက် အိန္ဒိယလေစီးကြောင်းနှင့် အရှေ့ဘက် တရုတ်လေစီးကြောင်းကသာ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ယခုနှစ် ကချင်ပြည်နယ်အတွင်း အအေးပြင်းထန်လာမှုမှာ မြန်မာပြည်အပေါ်ဘက် ဟိမဝန္တာတောင်တန်းတွင် ဖြစ်ပေါ်သော လေစီးကြောင်းကြောင့် ဖြစ်ကြောင်းနှင့် ယခုလေစီးကြောင်းသည် ကချင်မြောက်ပိုင်း သာမက  အချို့ဒေသများတွင်ပါ အအေးပိုလာနိုင်ရာ ရေခဲမှတ်အောက်အထိ ရောက်ရှိလာနိုင်ကြောင်း ဦးထွန်းလွင်က ဆက်လက်ခန့်မှန်းသည်။

သူက “စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊  ရှမ်းပြည်နယ် မြောက်ပိုင်း တွေဟာလောလောဆယ်မှာ ဒုတိယ အအေးဆုံးပါ။ ပထမ အအေးဆုံးက  ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း၊ ရခိုင်ပြည်နယ်ရယ်၊ မန္တလေးရယ်၊ မကွေးရယ်၊ ရှမ်းတောင်ရယ်၊ ကယားရယ်၊ ပဲခူး၊ ဧရာဝတီလည်း ပါတယ်။ အဲဒါတွေက တတိယမြောက်ပေါ့“ ဟု ဆိုသည်။

အအေးမြင့်မား မှုမှာ ယခင်နှစ်များထက် စောလျင်စွာ ဖြစ်ပေါ်နေပြီး ယခုထက် မြင့်မားလာပါက ကလေးနှင့် သက်ကြီးရွယ်အိုများအပေါ် အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ဦးထွန်းလွင်က ပြောဆိုလိုက်သည်။

Saturday, December 25, 2010

မြန်မာဗိုလ်ချုပ်များ ခုံရုံးတင် မခံနိုင်ကြောင်း အမေရိကန် လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား

ထိပ်ပိုင်း မြန်မာဗိုလ်ချုပ်တွေအားလုံး လိုချင်နေတာက မလွှဲမရှောင်သာလို့ ကိုယ့်သဘောနဲ့ကိုယ် ရာထူးကနေ ဆင်းပေးရမယ်ဆိုရင် သူတို့နဲ့ သူတို့မိသားစု အားလုံး ပိုင်ဆိုင်မှုတွေကို ဆက်လက်ထိန်းထားပြီး တရားစွဲ အရေးယူမခံရဘို့ ဆိုတဲ့ အာမခံချက်မျိုးပဲ ဖြစ်တယ်လို့ မကြာခင်က ပေါက်ကြားခဲ့တဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ လယ်ရီ-ဒင်ဂါး ရေးသားတဲ့ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(Photo: AFP)
နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတခုတွင် တက်ရောက်သော ဗိုလ်ချုပ်ကြီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
၂၀၀၉ ခု ဧပြီလဆန်းပိုင်းမှာ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ မစ္စတာ ဒင်ဂါးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အင်ဒိုနီးရှားသမတ မစ္စတာ ယူဒိုယိုနို အပါအဝင် နိုင်ငံခြားဧည့်သည်တချို့နဲ့ တွေ့ဆုံ ဆွေးနွေး စကားပြောရာမှာ သူ့အနေနဲ့ နိုင်ငံတကာ ခုံရုံးမျိုး အရောက် မခံနိုင်ဘူးဆိုတာ ပြောပြခဲ့ဘူးတယ်လို့ ကြားသိရကြောင်း၊ လက်ရှိ မြန်မာဗိုလ်ချုပ်တွေဟာ အသက်အရွယ် ထောက်လာပြီ ဖြစ်ပေမဲ့၊ ပြည်သူတွေအပေါ် သူတို့ကျုးလွန်ခဲ့တယ်လို့ ပြင်ပကမ္ဘာ ယူဆထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ သူတို့ မယူဆကြကြောင်း မစ္စတာ ဒင်ဂါးက ရေးသားထားပါတယ်။
မြန်မာခေါင်းဆောင်တွေအတွက် အနားယူတယ်ဆိုတာ ရွေးချယ်စရာလမ်းတခု မဟုတ်ကြောင်း၊ သမိုင်းကို ကြည့်ရင် မြန်မာဘုရင်တွေ၊ ဗိုလ်ချုပ်တွေ သူတို့နဲ့ နီးစပ်သူတွေ သွားရာလမ်းက ရာထူးရှိနေတုန်း သေသွားတာမျိုး၊ လုပ်ကြံခံရတာမျိုး၊ ဒါမှမဟုတ် ပြည်နှင်ဒဏ်ခံရ၊ ထောင်သွင်း အကျဉ်းချခံရတာမျိုးပဲ ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သိပ်မဝေးတဲ့ အနာဂတ်မှာ အချက်အချာကျတဲ့ နိုင်ငံရေးကိစ္စတွေအတွက် သိသိသာသာ တိုးတက်မှုရမယ်လို့ မျှော်လင့်မထားသင့်ကြောင်း၊ စစ်အစိုးရအနေနဲ့ သူတို့ရေးဆွဲထားတဲ့ ဒီမိုကရေစီ Road Map ကို နောက်ကြောင်းပြန်လှည့်ဖို့ လမ်းမမြင်သလို ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စ ပြန်နွှေးတာမျိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တရပ်ကို ပြန်လုပ်ဖို့ အလားအလာလည်း မရှိကြောင်း သံရုံး လျှို့ဝှက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

sources: : RFA

ပျံကျဈေးသည်များ မြို့တော်ဝန်ကို ဈေးနေရာတောင်း

သီရိမင်္ဂလာဈေးမှ ပျံကျဈေးသည်များက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို ဈေးရောင်းစရာ နေရာ စီစဉ်ပေးရန် အသနားခံတောင်းဆိုခဲ့ကြသော်လည်း လျစ်လျူရှုခံလိုက်ရသည်။

thirimingala-opening-ceremony1
ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းအနီးရှိ သီရိမင်္ဂလာဈေးသစ် ဆိုင်းဘုတ်တင်ဖွင့်ပွဲအပြီး လုပ်သားနှစ်ဦးက သိမ်းဆည်းမှုများလုပ်နေကြသည်ကို သောကြာနေ့ ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၁၀ ပြည့်နှစ်က တွေ့ရစဉ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်လည်းဖြစ်သော ဦးအောင်သိန်းလင်း ရန်ကုန် လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာဈေးသစ်ဖွင့်ပွဲသို့ တက်လာရာ ပျံကျဈေးသည် ၇၀၀ ကျော်က ဈေးရောင်းစရာ နေရာစီစဉ်ပေးဖို့ အော်ဟစ်တောင်းဆိုခဲ့သည်။

မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရောက်လာသော မြို့တော်ဝန်ကို ဈေးသည်များက ” ဈေးရောင်းမယ့်နေရာ လုပ်ပေးပါ” ဟု သံပြိုင်အော်ကြသည်။

မျှော်လင့်မထားသော တောင်းဆိုမှုအပြီး ဖွင့်ပွဲကို အတိုချုံးကာ ဖဲကြိုးဖြတ်ပြီးသည်နှင့် ပြန်ထွက်လာသော ဦးအောင်သိန်းလင်းကားရှေ့တွင် ဈေးသည်အမျိုးသမီးနှစ်ဦး ၀မ်းလျားမှောက်အိပ်ပြီး ဆိုင်ခန်းစီစဉ်ပေးရန် ငိုယိုအသနားခံကြပြန်သည်။ စည်ပင်ဝန်ထမ်းများက ထိုဈေးသည်နှစ်ဦးကို ဆွဲခေါ်ထုတ်သွားကြသည်။

သီရိမင်္ဂလာဈေးဟောင်းတွင် ရောင်းစရာ နေရာရခဲ့ကြသော်လည်း ယခုဈေးသစ်တွင် မရသည့်အတွက် တောင်းဆိုကြသည်ဟု ဈေးသည်များက ဆိုသည်။

မြို့တော်ဝန်အလာကို နေပူထဲက ဈေးသည်များ စောင့်နေခဲ့ကြပြီး အချို့ မနက်စောစောကတည်းကပင် ရောက်နေခဲ့ကြသည်။

ဈေးသစ်သို့ ပြောင်းလိုက်ပြီဖြစ်သော်လည်း အဆောက်အဦးဆောက်လုပ်မှုများ မပြီးပြတ်သေးပေ။

ဈေးသစ်မှာ တထပ်ဈေးဖြစ်ကာ ဆိုင်ခန်း ၂၀၉၃ ခန်းပါဝင်ပြီး ဈေးဟောင်းထက် ဆိုင်ခန်း ၁၀၃ ခန်း လျော့သည်။

ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ နိုင်ခဲ့သည်။ အတိုက်အခံများအပေါ် သဘောထားတင်းမာသူဟု နာမည်ဆိုးထွက်ပြီး အငြင်းပွားဖွယ် ကြိုတင်မဲများဖြင့် မဲနိုင်သွားသည်ဟု ပြိုင်ဘက်များက စွပ်စွဲခံရသူဖြစ်သည်။

မဇ္ဈိမသတင်းဌာန

ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရ

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း သံလွင်မြစ်ပေါ်က ရေကာတာဆောက်လုပ်ရေး စီမံကိန်းတခုကို သွားရောက် တဲ့ ယာဉ်တန်းတခုကို ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကယားပြည်နယ် ဖရူးဆိုးမြို့နယ် အတွင်းမှာ မနေ့က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။ တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ ကရင်နီ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဘာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။ သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာဆောက်လုပ်မှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံတိုင်းရင်းသားအဖွဲ့တွေက ကန့်ကွက်ပြောဆိုနေကြချိန် အခု နောက်ဆုံး တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ လိုက်ပါလာပြီး မြန်မာစစ်တပ် အစောင့် အကြပ်နဲ့ မောင်းနှင်လာတဲ့ ယာဉ်တန်းရှည်တခုကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP) အဖွဲ့ကနေ သောကြာနေ့ နေ့လည်ပိုင်းက ကယားပြည်နယ်၊ ဖလူးဆို မြို့နယ် အတွင်းမှာ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှာလိုက်ပါလာတဲ့ တရုတ် နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးခဲ့တယ်လို့ KNPP အတွင်း ရေးမှူး-၁ ခူးဦးရယ်က ဗွီအိုအေကို အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။
“ကျနော် ခန့်မှန်းချိန်ကတော့ နေ့လည် ၁၂ နာရီလောက် ဖြစ်ပါလိမ့်မယ်။ အဲ့ဒီမှာ နိုင်ငံခြားကုမ္ပဏီ တခုက ၀န်ထမ်းတွေနဲ့ အင်ဂျင်နီယာတွေပါတဲ့ အစီး ၂၀ လောက်ပါတဲ့ ယာဉ်တန်းကို ကျနော်တို့တပ်က ဖရူးဆိုးမြို့နယ်မြောက်ပိုင်း ၃ မိုင်လောက်အကွာပဲ ရှိပါလိမ့်မယ်။ အဲ့ဒီလောက်နေရာကနေပြီးတော့ ချုံခို ဖြတ်ပြီးတော့ တိုက်ခိုက်တာတော့ ဒါ အမှန်အကန်ပဲ ဖြစ်ပါတယ်။”
ဒါ့အပြင် အခု ကရင်နီလက်နက်ကိုင်အဖွဲ့ KNPP က တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ပဲ ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ တာဝန်ခံ ကိုသော်ရာကလည်း အခုလို ပြောပြပါသေးတယ်။
“ဒေသက ဖရူးဆိုးမြို့နယ်ထဲက တီပေါဆို ရွာကို မရောက်ခင်လေးမှာဖြစ်တာ။ တရုတ် အလုပ်သမား တွေက ၇၀၊ ၈၀ ၀န်းကျင်မှာရှိမယ်။ တရုတ်အလုပ်သမားတွေ အဲ့လောက်အများကြီးနဲ့ ဆင်းလာတယ် ဆိုတာ ဒီတခေါက် ပထမဆုံးပဲဖြစ်တယ်။ ယာဉ်တန်းက တရုတ်ဆောက်လုပ်ရေး ၀န်ထမ်းတွေလည်း ပါတယ်ဆိုတာကို သူတို့ကြိုသိထားတဲ့ပုံနဲ့ သွားပြီးတော့မှ စောင့်တယ်လေ။ သူတို့ ဆင်းလာတဲ့အခါ ၀င်တိုက်တယ်လေ။ သူပစ် ကိုယ်ပစ်ဖြစ်မှာပေါ့။ စစ်သားတွေလည်း လုံခြုံရေးပါလာတယ် ယာဉ်တန်း ထဲမှာလေ။ သူတို့လည်း ပြန်ပစ်မှာပဲ။ သေချာတယ်။ အဲ့လို ပစ်တဲ့အထဲမှာ ကား ၁ စီးတော့ သေချာ တယ်။ မှောက်သွားတယ်။ ဒဏ်ရာတွေ သေတာတချို့ရှိတယ်လို့တော့ ကြားတယ်။ ဘယ်လောက် ဒဏ် ရာရတယ်။ ဘယ်လောက် သေဆုံးတယ်ဆိုတာတော့ အသေးစိတ် မသိရဘူး။”
KDRG ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ တာဝန်ခံ ကိုသော်ရာ ပြောသွားတာပါ။ KNPP အတွင်းရေးမှူး - ၁ ခူးဦးရယ်ကတော့ တရုတ်နိုင်ငံသား ဆောက်လုပ်ရေး လုပ်သားတွေအပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပြီး အခုလို တိုက်ခဲ့တာဟာ ကယားပြည်နယ်တွင်း သံလွင်မြစ်ပေါ်မှာ ရေကာတာဆောက်လုပ် မှုကို မကြိုက်လို့ ကန့်ကွက်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။
“အနည်းဆုံးတော့ ဒီ ရေကာတာတည်ဆောက်မယ့် ကုမ္ပဏီက ၀န်ထမ်းတွေ လုပ်သားတွေ ၃ ယောက် လောက်တော့ သေဆုံးတယ်လို့တော့ ကျနော်တို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတော့ လောလောဆယ် ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ကတော့ သံလွင်တကျောမှာ ရေကာတာတည် ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ လက်မခံနိုင်တဲ့ အကြောင်းအရင်းကတော့ ကရင်နီမှာ တည်ဆောက်မယ်ဆိုရင် ရှမ်းပြည်မှာနေတဲ့လူထုရော၊ ကရင်ပြည်မှာနေထိုင်တဲ့ လူထုရောအပါအ၀င် ဒီရေကာတာရဲ့ အထက်နဲ့ အောက်မှာ နေထိုင်တဲ့ လူတွေအားလုံးကတော့ အနည်းနဲ့ အများကတော့ အတိဒုက္ခရောက်မယ့် အခြေအနေမှာရှိတယ်။
“ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ကလည်း ပျက်ဆီးဆုံးရှုံးမယ့် အနေအထားတွေရှိသလိုပဲ တောရိုင်းတိရစ္ဆာန်တွေလည်း သေကျေပျက်ဆီးမယ့် အနေအထားတွေ အများကြီးရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ရေကာတာ တည်ဆောက်မယ့်ကိစ္စ ဘယ်လိုအနေအထားမျိုးနဲ့ပဲ တည်ဆောက် ဆောက် ကျနော်တို့က လက်မခံဘူးဆိုတဲ့ အနေအထားပေါ်မှာ အခြေခံပြီးတော့ တောက်လျှောက် တိုက်သွားမယ်။ နိုင်ငံတကာသိအောင်လည်း ကျနော်တို့ ဖော်ထုတ်သွားမယ်ဆိုတဲ့ အခြေခံအောက်မှာ ကျနော်တို့ ဒီတိုက်ခိုက်မှုကို လုပ်ခဲ့ရတာဖြစ်ပါတယ်။”
KNPP အတွင်းရေးမှူး-၁ ခူးဦးရယ် ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒီလို သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာတည်ဆောက်ရေး စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက ကန့်ကွက်နေကြတာဖြစ်ပါတယ်။ အခုနောက်ဆုံး ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရှမ်းသဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့နဲ့ ရှမ်းအမျိုးသမီးရေးရာ အဖွဲ့တို့ရဲ့ ပူးတွဲအစီရင်ခံစာထဲမှာ ဒီရေကာတာစီမံကိန်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာနေထိုင်တဲ့ ဒေသခံ ၁ သိန်း ၆ သောင်းကျော်ဟာ ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒီမြစ်ကို မှီခို အားထားပြီး လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတွေဟာလည်း မြစ်ရေရဲ့ အတက်အကျ မတည်ငြိမ်မှု ကြောင့် လုပ်ကိုင်စားသောက်လို့ မရတော့ဘူးလို့ ရေးသားထားပါတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကလည်း ပတ်ဝန်းကျင်ပျက်ဆီးပြီး တောရိုင်း တိရစ္ဆာန်တွေ ပျက်ဆီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး တောက်လျှောက် ကန့်ကွက်နေကြတာပါ။ ဒီလို အကြီးအကျယ်ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် သန်းပေါင်း ၁ သောင်းတန် ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ တရုတ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကနေ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

sources : : VOA

ရုရှားသံအမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံစဉ်မှာ ဆွေးနွေးတဲ့အကြောင်းအရာ တွေကို အတိအကျ မသိရသေးပေမဲ့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ  စစ်အစိုးရဘက်ကနေ အမြဲတမ်း အကာအကွယ်ပေးနေတဲ့ ရုရှားနိုင်ငံက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို လာတွေ့တာက ထူးခြားနေပါတယ်။ အဲဒီလိုတွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။ “ဗုဒ္ဓဟူးနေ့မနက်ပေါ့ဗျာ။ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက သံအဖွဲ့ဝင်တဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာကို နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာခြင်း မပြုပါဘူး။”
အရင်တုန်းက ရုရှားက ဒီလိုမျိုးလာပြီးတွေ့တာတွေ သိပ်မရှိတော့ အခုလာတွေ့တဲ့အပေါ်မှာ အဲန်ကယ်လ်တို့ ဘယ်လိုမြင်မိလဲခင်ဗျ။ -
“ဟုတ်ပါတယ်။ ခင်ဗျားပြောတဲ့အတိုင်းပါပဲ။ ရုရှားဟာ ကျနော်တို့ အရင် အဖွဲ့ချုပ်က နိုင်ငံရေး အခမ်းအနားတွေ လုပ်တဲ့အခါမှာဖိတ်ပါတယ်။ ပထမတုန်းက မလာတာများပါတယ်။ လာလေ့မရှိပါဘူး။ လုံးဝ မလာဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အခု ဒီတခါ လွတ်လာပြီးမှာတော့ လွတ်တဲ့နောက် တရက်နှစ်ရက်မှာ လာပြီးတော့ နုတ်ဆက်ပါတယ်။ ၀မ်းမြောက်ကြောင်း ပြောပါတယ်။ အခုကိုယ်တိုင်လာပြီးတော့ ချိန်းဆိုပြီးတော့ တွေ့တာဖြစ်ပါတယ်။ အဲဒီတော့ သံတမန် protocol အခြေအနေကို ကြည့်ရရင်တော့ နည်းနည်းတော့ ရွေ့လာတဲ့ သဘောပေါ့ဗျာ။ ပြောင်းလာတဲ့သဘောလို့ ပြောလို့ရပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံတဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောသွားတာပါ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ အခုတကြိမ်တွေ့ဆုံတာဟာ (၃) ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးတင်တရားစစ်ဆေးတုန်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့တင်ပြတဲ့အခါတိုင်းမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၅ နိုင်ငံထဲက ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး အမြဲတမ်း ကန့်ကွက်ပယ်ချလေ့ရှိပါတယ်။

sources : : VOA

Friday, December 24, 2010

မတရားအသင်းဟု ဆိုခြင်းပေါ် ဒီဗီဘီပယ်ချ

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဓာတ်ပုံသတင်းထောက် ကိုစည်သူဇေယျကို ထောင်ချခဲ့သော အမှုတွင် ရဲက တရားမဝင်အသင်းဟု နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံကို ရည်ညွှန်းခဲ့မှုအပေါ် ဒီဗီဘီ တာဝန်ရှိသူများက ပယ်ချလိုက်သည်။

လူ ၉  ယောက်သေဆုံးသော ရိုးရာသင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်ကွင်းကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခဲ့သော ကိုစည်သူဇေယျကို မင်္ဂလာတောင်ညွှန့်တရားရုံးက ဒီဇင်ဘာ (၂၁) ရက်နေ့တွင် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံဘက်သို့ နယ်စပ်မှ ခိုးကူးဖြတ်သန်းမှု လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁)  ထောင်ဒဏ် (၃) နှစ်နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ ၁၇ (၁) တို့ဖြင့် ထောင် (၅) နှစ်ချကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ရဲက တရားလိုပြုလုပ်သော အမှုတွင် ကိုစည်သူဇေယျမှာ ထိုင်းတွင် သတင်းသင်တန်းတခု တက်ရောက်ခဲ့သလို ဒီဗီဘီအတွက် သတင်းပေးပို့ခဲ့သည်ဟု ပါရှိသည်။

နော်ဝေ ဥပဒေအရ မှတ်ပုံတင်ထားသည့် တရားဝင် မီဒီယာ ဖောင်ဒေးရှင်းဖြစ်၍ ဒီဗီဘီနှင့် ဆက်သွယ်ခြင်းကို မတရားအသင်းနှင့် ဆက်သွယ်ခြင်းဟု ပြောဆိုခြင်းမှာ မှားယွင်းသည်ဟု ဒီဗီဘီလက်အောက် အယ်ဒီတာချုပ် ဦးခင်မောင်ဝင်းက ပြောသည်။

“ ဒီဗီဘီ သတင်းထောက်တွေ၊ ဒီဗီဘီနဲ့ ဆက်သွယ်တဲ့သူတွေကို မတရားအသင်းနဲ့ ဆက်သွယ်တယ်လို့ နအဖက အရင်က စွတ်စွဲခဲ့တာတွေလဲ ရှိပါတယ်” ဟု သူက ပြောသည်။

ကိုစည်သူဇေယျ၏ ရှေ့နေ ဦးအောင်သိန်းက တရားရုံးဆုံးဖြတ်ချက်မှာ ဥပဒေနှင့် ညီညွတ်မှုမရှိဟု ကန့်ကွက်ပြောဆိုသည်။

’’တရားခံကို စစ်ကြောရေး ပြုလုပ်တဲ့ ထွက်ဆိုချက်တွေ၊ တခြားတရားခံတွေရဲ့ အမှုတွေက ထွက်ဆိုချက်တွေပေါ်မှာ မူတည်ပြီးတော့ အမှုကို တည်ဆောက်ပြီး တရားစွဲဆို စီရင်ချက်ချတာပါ။ ဒါဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ပဲ ပြောရမှာပါ’’ ဟု ဦးအောင်သိန်းက ပြောသည်။

“ သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိဘူး။ သို့သော်လည်း သူတို့က ဒီဟာကို ပေါ်လစီတရပ်အနေနဲ့ ထောင်ချတယ်။ ’’ သူက ထပ်ပြောသည်။

သားဖြစ်သူအတွက် ကိုယ်တိုင် ထွက်ဆိုချက်ပေးခဲ့သည် မိခင် ဒေါ်ရီရီတင့်က တရားရုံးဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိဟု ပြောသည်။

“ သတင်းသမားတယောက် အနေနဲ့ အပြစ်မရှိဘူးလို့ ပြောလို့ရပါတယ်’’ ဟု သူက ပြောသည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးရှိ ရေကစားမဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲပြီးနောက် ဓာတ်ပုံရိုက်နေသော ကိုစည်သူဇေယျာကို ဖမ်းဆီးပြီး နောက်တရက်တွင်သူ၏ဖခင် ဦးမောင်မောင်ဇေယျကိုလည်း ရဲက ထပ်မံဖမ်းဆီးခဲ့သည်။

ဦးမောင်မောင်ဇေယျကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထားပြီး တရားဆိုင်နေရဆဲ ဖြစ်သည်။

ကိုစည်သူဇေယျနှင့် သူ၏ဖခင် ဦးမောင်မောင်ဇေယျတို့သည် ဒီဗွီဘီ၏ သတင်းထောက်များဖြစ်ကြောင်း  ဒီဗီဘီသတင်းတရပ်၌ ရေးသား ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုလက်သည်များမှာ စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များ၏ လက်ချက်ဖြစ်သည်ဟု ရဲချုပ်ခင်ရီက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သည်။

Thursday, December 23, 2010

နိုင်ငံခြား သတင်းဌာနများ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံ

နာမည်ကျော် Forbes မဂ္ဂဇင်းနဲ့ New Yorker မဂ္ဂဇင်းတွေ အပါအဝင်၊ စပိန်နိုင်ငံ ရုပ်မြင်သံကြားဌာနတခုကလည်း NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ လာရောက် တွေ့ဆုံ မေးမြန်းကြကြောင်း NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
(Photo: AFP)
နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
“ဒီနေ့က မနက်ပိုင်း US က Forbes မဂ္ဂဇင်းနဲ့ New Yorker မဂ္ဂဇင်း အဲ အဲဒီက ပုဂ္ဂိုလ်တွေ ဒေါ်စုနဲ့ လာတွေ့တယ်။ နောက် ယိုးဒယားက မဂ္ဂဇင်းက အမျိုးသမီးလေး သုံးယောက် ဒေါ်စုနဲ့ လာတွေ့တယ်။ ဆိုတော့ သူတို့ သိချင်တာတွေ မေးကြတာပေါ့ဗျာ။ နောက် စပိန် တီဗီက ဒီနေ့ လာပါတယ်။ သတင်းသမားတွေချည်းပဲ ရုံးမှာပဲ လက်ခံတွေ့တယ်။”
NLD ပါတီက လုပ်ဆောင်နေတဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ရေး ကိစ္စနဲ့ ပတ်သက်တာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို ကူညီရေး ကိစ္စတွေကိုလည်း NLD ပါတီတွင်း တာဝန်ယူထားသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုဆွေးနွေးမှုတွေ ရှိကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးနဲ့ ပတ်သက်လို့ NLD ပါတီ ခေါင်းဆောင်တွေကြား မကြာခင် ရက်ပိုင်း အတွင်း ဆွေးနွေးပွဲတခု လုပ်ဖို့ရှိကြောင်း စုံစမ်းသိရပါတယ်။

sources: :RFA

Monday, December 13, 2010

မြန်မာ့အရေး ဆွေးနွေး ဖြေရှင်းစေချင်ဟု တရုတ်ကပြောကြောင်း ဝီကီလိခ် ဖွင့်ချ

မဇၹ်ိမ။     ။ တရုတ် နိုင်ငံခြားရေးဌာန ပညာရှင်များက "နိုင်ငံသားများဘဝ တိုးတက်စေရန် မြန်မာအစိုးရသည် လူမျိုးစုများ အပါအဝင် ဒီမိုကရေစီ လိုလားသော အင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် အမျိုးသား ရင်ကြားစေ့ရေးရအောင် ကြိုးစားသည်ကို တရုတ်အစိုးရက မြင်လိုကြောင်း" အမေရိကန် အထက်လွှတ်တော်နှင့် ဟားဗတ် ပညာရှင်များ အဖွဲ့ကို ၂ဝဝ၈ ဇန်နဝါရီ ၁ဝ ရက်က ထုတ်ပြောကြောင်း ဝီကီလိခ်က ဆိုသည်။

မြန်မာအစိုးရက တိုင်းပြည်ကို အပေါ်ယံသာ ထိန်းချုပ်ထားပြီး ဒုက္ခပေါင်းစုံ ဖြစ်လာနိုင်သည့် အလားအလာရှိဆဲ ဟုလည်း တရုတ် နိုင်ငံခြားရေးဌာန အာရှရေးရာ အတိုင်ပင်ခံ ယန်ကျင်းက ဆိုသည်။ နိုင်ငံရေး ပြဿနာများ ပြေလည်သည့်တိုင် စီးပွားရေး ဘေးဒုက္ခများကြောင့် တိုင်းပြည် ပျက်နိုင်သည်ဟုလည်း သူက သတိပေးသည်။

မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ "မြန်မာ့မိတ်ဆွေ နိုင်ငံများ" ဆိုသည့်အဖွဲ့ကို သဘောမကျကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကိုလည်း သဘောမကျကြောင်း၊ မြန်မာအစိုးရက ၄င်း၏ ပထမ ခရီးစဉ်အတွင်း သူ့အကြံပြုချက်များကို လက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ပိုသိက္ခာကျစရာသာ ရှိခဲ့၍ ဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။ သို့သော် တရုတ်က ဂမ်ဘာရီ၏ လုပ်ငန်းစဉ်များကို ဆက်ထောက်ခံသွားမည်ဟု ဆိုသည်။

၂ဝဝ၇ က တရုတ်နှင့် ရုရှားသည် မြန်မာပြည်နှင့် ပတ်သက်သည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာနှင့် ပယ်ချခဲ့ပြီး နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင် တန်ကျိဆန် (Tang Jiaxuan) ဖေဖေါ်ဝါရီလက မြန်မာပြည်သွားကာ မြန်မာဗိုလ်ချုပ်များကို ပြည်တွင်းရေးနှင့် နိုင်ငံတကာ အခြေအနေ တိုးတက်လာအောင် အကြံပေးခဲ့ကြောင်းလည်း ယန်ကျင်းက ဆက်လက် ပြောဆိုသည်။

တရုတ် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ပညာရှင်ဇန်ကလည်း အမေရိကန် အနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် "လက်နှစ်ဖက်ဖြင့် ကစားသင့်ကြောင်း"၊ လိုအပ်ပါက တရုတ်အစိုးရက တဆင့် မြန်မာ စစ်ခေါင်းဆောင်များကို ဒီမိုကရေစီ အပြောင်းအလဲတွင် ၄င်းတို့ အသက်အန္တရာယ်ကိုမထိခိုက်ရန် အာမခံသည့် သတင်းပေးဖို့ လိုကြောင်း ပြောဆိုသည်။

"အမေရိကန်နှင့် မြန်မာတို့ တိုက်ရိုက် စကားပြောဆိုမှုများကိုလည်း ဆက်ထောက်ခံသွားမည်" ဟု ၄င်းပညာရှင်များက ပြောသည်။

၂ဝဝ၈ ဇန်နဝါရီ ၁၇ က အမေရိကန်သံရုံး နေ့လယ်စာ စားပွဲတွင် တရုတ်သံအမတ်ကြီး ဂွမ်မူးက မြန်မာ စစ်ဗိုလ်ချုပ်များကို ခုခံကာကွယ် မပြောရုံသာမက "စစ်ခေါင်းဆောင်များက အခြေအနေ ပိုဆိုးအောင် လုပ်ခဲ့သည်" ဟု မှတ်ချက်ပေးကြောင်း အမေရိကန် သံရုံးလျှို့ဝှက် အစီရင်ခံစာကို ဝီကီလိခ်က ဖွင့်ချခဲ့သည်။

အမေရိကန် သံအရာရှိများက တရုတ် သံအမတ်ကြီးကို မြန်မာစစ်ခေါင်းဆောင်များ နိုင်ငံရေး တွေ့ဆုံမှု စတင်ရန် နိုင်ငံတကာက တသံတည်းထွက်ရေး ဆွေးနွေးရာတွင် ထိုသို့ပြောကြားကြောင်း သံရုံးအစီရင်ခံစာတွင် ဖော်ပြသည်။ "မှတ်တမ်းတင်လောက်သော ရလဒ်ကောင်းများ မထွက်လာသော်လည်း တရုတ်ပြည်သည် မြန်မာ စစ်ခေါင်းဆောင်များကို အပြောင်းအလဲ ဖြစ်အောင် တွန်းအားပေးနိုင်သော အခန်းတွင် ရှိနေပြီး အပြောင်းအလဲအတွက် အမေရိကန်တို့နှင့် ပူးတွဲလုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း"လည်း ထိုအစီရင်ခံစာက ဆိုသည်။

"အာဏာလက်မဲ့ဖြစ်ပြီး စီးပွားရေး အကျိုးအမြတ်များ ဆုံးရှုံးမည်ကို စိုးရိမ်မှုသည် စစ်ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်း မရောက်လာစေသည့် အတားအဆီးများ ဖြစ်နိုင်သည်" ဟုလည်း တရုတ် သံအမတ်ကြီးက ပြောကြောင်း ပါရှိသည်။ အမေရိကန် သံရုံးတာဝန်ခံက "စစ်ခေါင်းဆောင်များ၏ စီးပွားရေး ပိုင်ဆိုင်မှုနှင့် အသက်အန္တရာယ် မထိခိုက်ဖို့ သေချာမည်ဆိုလျှင် ဗိုလ်ချုပ်များ အာဏာ ချုပ်ကိုင်ထားမှုကို တဖြည်းဖြည်းချင်း လျှော့ချပေးသွားရမည်သာ ဖြစ်ကြောင်း" ပြန်လှန် ဆွေးနွေးထားချက်လည်း ပါဝင်သည်။

"အဲဒီထဲမှာပါတဲ့ ဖင့်လေးမနေဘဲ ဆိုတဲ့ ဝေါဟာရအရ အမှန်အတိုင်းပြောရရင် သူတို့ အချင်းချင်းကြောက်တာ ပိုများနေတယ်၊ လူထုကို သေနတ်နဲ့ပစ် ဖြေရှင်းလို့ရတယ်လို့ သူတို့မြင်တယ်၊ အာဏာလွှဲဖို့ကလဲ သူတို့လက်ထဲမှာ သေနတ်ရှိနေသ၍ သူတို့သဘောလေ၊ အဓိက က ကိုယ့်အလှည့်ပြန်ရောက်မှာ ကြောက်နေကြတယ်၊ စစ်ဗိုလ်တွေ တယောက်မှ ဇာတ်သိမ်းကောင်းခဲ့တာ မဟုတ်ဘူးလေ" ဟု ပြည်ပရောက် နိုင်ငံရေးသမားတဦးက သုံးသပ်သည်။

ထို့ပြင် ၂ဝဝ၈ စက်တင်ဘာ ၂၃ နေ့စွဲပါ အခြားသတင်းတပုဒ်တွင်လည်း "ရန်ကုန် အမေရိကန် စစ်သံရုံးသို့ မြန်မာနိုင်ငံသားတဦး လာဆက်သွယ်ကာ အနုမြူလက်နက် ထုတ်လုပ်နိုင်သည့် စွမ်းအားရှိသော ယူရေနီယမ် (-၂၃၈) ဒြပ်စင်ဟုယူဆရသည့် နမူနာတခုကို ပြသ၍ ရောင်းချရန် ကြိုးစားခဲ့ကြောင်း"ဖော်ပြသည်။

မလာမီ(၈)ရက်ခန့်က ကြိုတင်ဆက်သွယ်ခဲ့ပြီး ပုလင်းထက်ဝက်ခန့်ပါသော သတ္တုမှုန်များနှင့်အတူ တရုတ်ပြည် တက္ကသိုလ်တခုက ဓာတ်ခွဲ စမ်းသပ်ထားသည့် အထောက်အထား မှတ်တမ်း မိတ္တူလည်း ပါလာသည်ဟု ဆိုသည်။ မိတ္တူတွင် ထိုသတ္တုမှုန်များတွင် ရေဒီယို သတ္တိကြွ သဘာဝရှိသည်ဟုလည်း ထောက်ခံ ရေးသားထားပြီး မေးမြန်းစုံစမ်းရာ၌ အဆိုပါ ဓာတ်သတ္တုကို ကီလိုဂရမ် (၂ဝဝဝ) ထိရောင်းရန် အသင့်ရှိကြောင်း၊ "အကယ်၍ အမေရိကန် အစိုးရ စိတ်မဝင်စားလျှင် အခြားနိုင်ငံများကို ရောင်းချမည်" ဟု ထိုကုန်သည်က ပြောကြောင်းပါရှိပြီး "ပထမ ဦးစားပေးက ထိုင်းနှင့် အခြားနိုင်ငံများ ဖြစ်မည်" ဟု ဆိုသည်။

"ဒီကိစ္စတွေက ကျနော်တို့ ဟိုအရင် (၁၉၉၅, ၁၉၉၆) လောက်ကထဲက ကြားနေရတယ်၊ သိရသလောက်တော့ သပိတ်ကျင်း၊ မိုးကုတ်၊ မိုင်းရှူးတို့ဘက်မှာ ကျောက်တူးကြရင်း အဲလို ယူရေနီယမ်တွေ့တယ် ဆိုပြီးဖြစ်လာတော့ နဝတက စီမံကိန်းချပြီး တူးလာတာ တွေ့ရတယ်၊ သူတို့ တူးခိုင်းတာက စစ်သားလေး တွေဆိုတော့ အဲဒီ စစ်သားကနေ နည်းနည်းပါးပါး နားလည်တတ်သိတဲ့ ကုန်သည်တွေကို ရောင်းတာတို့ ဘာတို့ ရှိလာခဲ့တယ်လေ" ဟု နိုင်ငံရေး အကဲခတ် ဦးအောင်သူငြိမ်းက မဇ္ဖျိမကို ပြောကြားသည်။

ယခု ယူရေနီယမ် သန့်စင်ထားမှု အဆင့်မြင့်သည် မမြင့်သည်ကိုတော့ မည်သို့မှအကဲဖြတ်၍ မရနိုင်သေးကြောင်းလည်း သူက ဆက်လက် ပြောကြားသည်။ ထိုသို့သတင်းများ ထွက်ပေါ်ပြီးနောက်ပိုင်း စစ်အစိုးရက သိပံ္ပနှင့် နည်းပညာဌာန လက်အောက်၌ အနုမြူစွမ်းအင်ဆိုင်ရာ ဌာနခွဲတခု တိုးချဲ့ဖွင့်လှစ်ကာ အဆိုပါ နည်းပညာနှင့် ပတ်သက်၍ ပါရဂူဘွဲ့ထိ ပေးရန် ကြံရွယ်ခဲ့သေးသည်ဟုလည်း သူကပြောသည်။

မြောက်ကိုရီးယား-မြန်မာ အနုမြူ ပဟေဠိ

ရန်ကုန်ရှိ သြစတြေးလျ သံအမတ်ကို မြန်မာ အစိုးရ အရာရှိတဦးက `မြန်မာနဲ့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံ (မြောက်ကိုရီးယား) တို့ ဆက်သွယ် ဆောင်ရွက်မှုတွေဟာ သမရိုးကျ လက်နက် သက်သက်အတွက် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကြာရှည် ကြုံတွေ့နေရတဲ့ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဘို့ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရေးလဲ ပါဝင်တယ်´ ဟု ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက ၂ဝဝ၉ သြဂုတ်လတွင်း ဝါရှင်တန်သို့ ပေးပို့ခဲ့သည့် သံတမန်ကြေးနန်း တခုတွင် ဖော်ပြထားသည်။

ဝီကီလိခ်တွင် ထွက်လာသော ကြေးနန်းအရ ဤမယုံနိုင်ဖွယ် ပြောကြားချက်ကို သံအမတ် မစ်ချန်း က `မြန်မာ-ရုရှ ငြိမ်းချမ်းစွာ အနုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ရေး သဘောတူညီချက်ကို ရည်ညွှန်းပြီး တုံ့ပြန်ပြောဆိုသော် အဆိုပါ မြန်မာအရာရှိက ရုရှနှင့်ရရှိ ထားသော သဘောတူညီချက်သည် `ဆော့ဖ်ဝဲနှင့်သင်တန်း´ အတွက်သာဖြစ်ပြီး မြောက်ကိုရီးယားနှင့် သဘောတူညီချက်မှာမူ `ဟာ့ဒ်ဝဲ´ ဒုကြီးဒယ်ကြီး ပစ္စည်းများအတွက်ဟု ပြောသွားကြောင်း ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြထားသည်။ မြန်မာ အရာရှိအမည်ကို ဝီကီလိခ်က မဖော်ပြဘဲ လျှို့ဝှက်ထားသည်။ ယင်းကြေးနန်းနောက် ၂ဝ၁ဝ နိုဝင်ဘာက ပေးပို့ခဲ့သော ကြေးနန်းတွင်မူ ချန်းက အမည် မဖော်ပြသည့် မြန်မာ အစိုးရအရာရှိနှင့် နိုဝင်ဘာ ၉ ရက်က ထပ်တွေ့ရာတွင် ထိုသူက နေပြည်တော်တွင် သူစစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ သူယခင်ပြောခဲ့သော စကားများမှာ`နားလည်မှုလွဲခြင်း´ သာဖြစ်ပြီး (အသေးစိတ်များကို ဖျက်ထားသည်) မြန်မာအစိုးရနှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံတို့ အကြောင်း ပြောကြားချက်များသည် `စမ်းတဝါးဝါး´ ပြောခြင်းများသာ ဖြစ်သည်ဟု ဆိုပြန်ကြောင်း ပါရှိသည်။

ကြေးနန်းက ဆက်လက် ဖော်ပြထားရာတွင် `(အမည်ဖျောက်ထား) က မည်သည့် တိုက်ရိုက် အနုမြူ ပူးပေါင်းဆောင်ရွက်မှုကိုမျှ အတည်မပြုနိုင်ကြောင်း၊ (အသေးစိတ်ကို ဖျောက်ထားသည်) မည်သို့ဖြစ်စေ၊ ကင်နန်း ၁ အရေးအခင်းနှင့် ဇူလိုင်လ အတွင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဖူးခက်တွင် ပြောကြားခဲ့သော မှတ်ချက်စကားတို့ကြောင့် `အားလုံးကိုရပ်ဆိုင်းထားသည်´ ဟု ဆိုသည်။ ကင်နန်း ၁ ဆိုသည်မှာ ၂ဝဝ၉ ဇွန်လအတွင်း အမည်မသိ ကုန်ပစ္စည်းများ တင်ဆောင်ပြီး မြန်မာနိုင်ငံသို့ ခုတ်မောင်း လာနေသည်ဆိုသော သင်္ဘောဖြစ်ပြီး နိုင်ငံတကာမှ ဝိုင်းဝန်း ကန့်ကွက်မှုကြောင့် ပြန်လှည့်သွားခဲ့ရသည်။ ဖူးခက်တွင် ၂ဝဝ၉ ဇူလိုင်လ အတွင်း ကျင်းပခဲ့သော နိုင်ငံတကာ ထိပ်သီး အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန်က မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေးအကြောင်း ကြားရသည့်အတွက် စိုးရိမ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

အဆိုပါ အရာရှိ၏ ရှေ့နောက် ပြောင်းပြန်ပြောကြားမှုကို အဆိုပါကြေးနန်းကို ရေးသားသူ သံတမန်က မှတ်ချက်ပေးရာ၌ `မြန်မာနိုင်ငံမှ ကိစ္စ အများအပြားလိုပင် (နာမည်ဖျောက်ထား)၏ ယခင်ပြောကြားချက်နှင့် မကြာခင် ပြန်ပြင်ပြောချက်များကြား အဖြစ်မှန်နှင့် နောက်ကွယ်က ဖြစ်နိုင်ဖွယ် အကြောင်းရင်းများကို ဖော်ထုတ်ရန် မလွယ်ပါ´ ဟုဆိုထားသည်။

အဆိုပါ အမေရိကန် သံတမန်က `ကျနော်တို့အဖို့မူ (အမည်ဖျောက်ထား) ၏ ပြန်ပြင်ပြောကြားချက်သည် ယခင်ပြောကြားချက်ကို လုံးဝငြင်းပယ်ရန်ထက် ယခင် သုံးသပ်ချက်ကို အကဲဖြတ်ရန် လိုသဖြင့် ပြန်ပြင်ပြောခြင်းက ပို ဖြစ်ဖွယ်ရှိသည်´ ဟု သူ့အမြင်ကိုမှန်းဆပြောခဲ့သည်။

ဒုတိယကြေးနန်းကိုရေးသားသူ အမေရိကန်သံတမန်က သူ့ကြေးနန်းကိုနိဂုံးချုပ်ရာတွင် `လိုရင်းအချက်။ မြန်မာအစိုးရနှင့်မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှု အတိအလင်းမရှိသေး။ တခုခုဖြစ်နေသည်မှာ သေချာသည်။ ထို တခုခုထဲတွင် `အနုမြူလက်နက်´ ပါ မပါ ဆိုသည်က မရှင်းမလင်း အဖြေမထွက်သေးသည့် ကိစ္စဖြစ်ပြီး သံရုံးအတွက် အထူးဦးစားပေး စုံစမ်းရမည့်ကိစ္စ´ဟု ရေးသားထားသည်။

ဝီကီလိခ် ဝက်ဆိုက်မှ ဖွင့်ချခဲ့ပြီး ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြခဲ့သော နောက်ထပ် အမေရိကန် ကြေးနန်းတစောင်တွင် `မြောက်ကိုရီးယား အလုပ်သမားများ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ထုတ်လုပ် တပ်ဆင်နေကြသည်ဟု သိရှိရကြောင်း၊ မကွေးတိုင်းအတွင်း စစ်တပ်ပိုင် နယ်မြေ၌လည်း မြေအောက် စက်ရုံတခု တည်ဆောက်နေကြောင်း´ သတင်းများ အမေရိကန် သံရုံးမှ လက်ခံရခဲ့သည်ဟု ဆိုသည်။

အဆိုပါ မကွေးတိုင်းက စက်ရုံတွင် မြောက်ကိုရီးယား အလုပ်သမား ၃ဝဝ မျှ အလုပ်လုပ်နေသည်ဆိုသည့် မြန်မာသတင်းရင်းမြစ်၏ ပြောဆိုချက်ကိုမူ အမေရိကန် သံတမန်များက သံသယ ရှိကြောင်း ၂ဝဝ၄ သြဂုတ်လအတွင်း ပေးပို့ခဲ့သော သံရုံးကြေးနန်းတွင် ဆက်လက်ရေးသားထားသည်။

အစောပိုင်း၂ဝဝ၄ ဇန်နဝါရီက ပို့ခဲ့သော ကြေးနန်းတွင်မူ ပြည်ပရောက် မြန်မာ စီးပွားရေးသမား တဦးက သံရုံးကို ပြောကြားသည့် စကားကို ကိုးကားကာ `အလွန်ကြီးမားသော´ တွဲသင်္ဘောကြီးပေါ်မှ အလွန် အရွယ်အစားကြီးသည့် ပေါင်းအိုးကြီးတလုံး ချနေသည်ကို သူတွေ့ခဲ့ရကြောင်း၊ ဤသို့သော ပစ္စည်းများ မကြာခဏ သယ်ယူနေကြသည်ကို တွေ့ရသည်ဟု ဒေသခံများက သူ့ကို ပြောပြကြောင်း သူက အမေရိကန် သံတမန်များကို ရှင်းပြခဲ့သည်ဆိုသည်။ အဆိုပါ ပေါင်းအိုးမှာ အရွယ်အစား အလွန်ကြီးနေသဖြင့် စက်ရုံအတွက် မဖြစ်နိုင်ကြောင်း၊ မကွေးတိုင်း မင်းဘူးမြို့အနီး တည်ဆောက်နေသည်ဟု ကောလဟလ ထွက်နေသည့် အနုမြူစက်ရုံအတွက် ပိုဖြစ်နိုင်ဖွယ် ရှိကြောင်း အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ယုံကြည်သည်။

မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟူသည့် သတင်းများအပေါ် ဤကြေးနန်းရေးသားသူက `ဤသို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟူသည့် အချက်အပေါ် တိုက်ရိုက် အထောက်အထား မရှိသော်လည်း အနုမြူ ဓာတ်ပေါင်းဖိုတလုံး တည်ဆောက်နေသည်ဟူသော ကောလဟလများ ဆက်ထွက်နေပြီး အံ့အားသင့်စရာ ကောင်းအောင် တသမတ်တည်း တူညီနေခြင်း ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော လှုပ်ရှားမှုများအပေါ် စောင့်ကြည့် လေ့လာနေမှုများလည်း တိုး၍သာ လာသည်။ မြန်မာနိုင်ငံအတွင်း မြောက်ကိုရီးယား `ပညာရှင်များ´ တွေ့နေရသည်ဟူသည့် အပြောမျိုးဖြစ်သည်´ဟု ကောက်ချက်ချသည်။

မြန်မာ့ ယူရေနီယံအကြောင်း ယခုထိ ပေါ်ထွက်ပြီးသမျှ နောက်ထပ် ကြေးနန်းနှစ်စောင် ရှိသေးသည်။ မည်သူမည်ဝါမှန်း မသိရသည့် မြန်မာလူမျိုးတဦးက အမေရိကန် သံတမန်များထံ ချဉ်းကပ်ပြီး ယူရေနီယံ ရောင်းလိုကြောင်း ကမ်းလှမ်းခဲ့သည် ဟု ၂ဝဝ၈ အတွင်းပေးပို့ခဲ့သော ကြေးနန်းတွင် ရေးသားထားသည်။ ယူရေနီယံဟု သူကဆိုသော ကရင်နီပြည်နယ်မှ ယူဆောင်လာသည့် သတ္တုနမူနာကို ထိုသူက ပေးကာ ထိုနေရာတွင် ယူရေနီယံသတ္တု ခိုအောင်းနေသည့် ကျောက်တုံး ကီလို ၂ဝဝဝ မျှရှိသေးသည်ဟု ဆိုသည်။ အဆိုပါနမူနာကို ဆက်လက် စစ်ဆေးစမ်းသပ်ရန် သံတမန် ချောအိတ်ဖြင့် အမေရိကသို့ ပေးပို့ခဲ့သည်။ နမူနာတွင် မည်သည့် သတ္တုများပါသည်နှင့် အဆိုပါ မြန်မာအမျိုးသားသည် ကြေးနန်းရေးသားသူ ထင်သလို မြန်မာအစိုးရ ထောက်ချောက်ဆင် ဖမ်းလိုသည့် အလုပ်တွင် ကူညီ ဆောင်ရွက်နေသူဟုတ် မဟုတ် ဆိုသည်ကိုမူ မသိရသေးပါ။

၂ဝဝ၇ တွင် ပို့ခဲ့သော ကြေးနန်း တစောင်တွင်မူ အမေရိကန်သံရုံး နှင့် အဆက်အသွယ်ရှိသော သင်္ဘောလုပ်ငန်း လုပ်နေသူတဦး အပြောအရ မြန်မာစစ်အစိုးရသည် `သတ္တုရိုင်းအရော´ ၁၁၂ မက်ထရစ်တန်ကို တရုတ်နိုင်ငံသို့ စင်္ကာပူမှတဆင့် ဇန်နဝါရီ ၂၅ က ပို့ခဲ့သည်ဟု ဆိုသည်။ `အာဏာပိုင်များ ဤကုန်စည်များကို အထူးဂရုပြု ကိုင်တွယ်နေသည်ကို သူတို့ သတိထားမိကြောင်း၊ ထိုအထဲတွင် ယူရေနီယံပါသည် ဟု သံသယဖြစ်မိကြောင်း အဆိုပါ မြန်မာအမျိုးသားက အမေရိကန် သံတမန်များကို ပြောကြားခဲ့သည်။

အမေရိကန် သံရုံး အဆက်အသွယ်များ၏ ပြောကြားချက်အရ သတ္တုရိုင်းများ မြန်မာပြည်မှ ပို့ရာတွင် `လုံခြုံရေးခါတိုင်းထက် ပိုချထားကြောင်း၊ အစောင့် အကြပ်လဲ ထူထပ်ကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းနှင့် သင်္ဘောတင်ရာတွင် အာဏာပိုင်များ ကိုယ်တိုင် အထူး သတိထား ကိုင်တွယ်နေကြောင်း´ ပြောကြားခဲ့သည်။ သတ္တုများပို့ရာတွင် သာမန်အားဖြင့် ဘလောက်တုံးများ အနေဖြင့်သာ ပို့လေ့ရှိသော်လည်း ယခုမူ မြေမှုန့်များနှင့် ရွှံ့များကို အိတ်ဖြင့်သွတ်ပြီး ပို့ခဲ့ကြောင်း အဆိုပါ သံရုံး သတင်းရပ်ကွက်များက ပြောသည်။ အဆိုပါ ရောနှော သတ္တုရိုင်းများ မော်ချီးက ထွက်ပြီး ထိုဒေသတွင် ယူရေနီယံလည်း ထွက်သည်ဟု သူတို့ကပြောသည်။
sources: : www.mazzimaburmese.com

Friday, December 10, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဒုလက်ထောက်ဝန်ကြီးတို့ စီးပွားရေးပိတ်ဆို့မှုကိစ္စ ဆွေးနွေး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းဟာ ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီကျော်ကြာ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

Photo: AFP
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း (ယာ) တို့ ဒီဇင်ဘာ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီဆွေးနွေးပွဲဟာ မိမိတို့ ပါတီအတွက် အရေးပါတဲ့ ဆွေးနွေးပွဲတခု ဖြစ်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ပြည်သူလူထုကို သူပြောထားပြီး ဖြစ်တဲ့အတိုင်း ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်တယ် ဆိုတဲ့အကြောင်း ဟိုဖက်က လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ကလည်းပဲ အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ဆက်လက်ပြီးတော့ ကောင်းမွန်ဖို့အတွက် သူကြိုးစားဖို့ ရှိတဲ့အကြောင်း၊ သူတို့ကတော့ အမေရိကန် နိုင်ငံကတော့ ခုထိ နှစ်လမ်းသွား two track ပေါ်လစီကိုပဲ ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တဲ့အကြောင်း သူတို့ဖက်ကလည်း တင်ပြပါတယ်။”
ဒီကနေ့ ဆွေးနွေးကြတဲ့အထဲမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု ကိစ္စတွေလည်း ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ဖော် မပြောပါဘူး။
မိမိတို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း၊ မိမိတို့နဲ့ အမေရိကန် ပြည်ထောင်စုအကြား ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့တာတွေဟာ အလွန် အကျိုးရှိကြောင်းနဲ့ ဒီဆွေးနွေးပွဲ ကနေ အများကြီး လေ့လာ သိရှိခွင့် ရခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
မစ္စတာ ဂျိုးဇက်ယွန်းဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက် လာရောက် တွေ့ဆုံတဲ့ ပထမဦးဆုံး အမေရိကန် အဆင့်မြင့် သံအရာရှိဖြစ်ပါတယ်။
ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
အဲဒီကြေညာချက်မှာ မစ္စတာဂျိုးဇက်ယွန်းရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက အရေးပါတဲ့ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ ရွေးကောက်ပွဲအလွန် လက်ရှိ အနေအထားတွေနဲ့ ပတ်သက်ပြီး သာမန် ပြည်သူတွေရဲ့ အမြင်တွေကို သိရှိနိုင်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။
မစ္စတာဂျိုးဇက်ယွန်းဟာ အခု ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရအပြင် လူမျိုးစုတိုင်းရင်းသားတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
စစ်အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံရာမှာ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စတွေကို ပြောဆိုခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ ဖြစ်ထွန်းလာဖို့အတွက် တိုက်ရိုက် တွေ့ဆုံဆွေးနွေးဖို့ တံခါး ဖွင့်ထားကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီဝင်တွေနဲ့ အချိန်ယူ တွေ့ဆုံခဲ့ချိန်မှာလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းသာယာပြီး ကြွယ်ဝတဲ့ “ဒီမိုကရက်တစ် မြန်မာနိုင်ငံ” ပေါ်ထွန်းရေးကို လိုလား ကြောင်း အလေးအနက် ပြောဆိုခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ထွန်းဖို့အတွက် အတွေးအမြင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာဂျိုးဇက်ယွန်းဟာ အခုနှစ် မေလက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ပြီးရင် အဆင့်အမြင့်ဆုံး အမေရိကန်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

sources: : RFA

လူ့အခွင့်အရေးနေ့ နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် NLD ဆွေးနွေး

ချင်းမိုင်(မဇ္စျိမ)။      ။ ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ၆၂ ကြိမ်မြောက် အထိမ်းအမှတ် ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

“အမြင်ကွဲတာတွေ ပေါင်းဖက် စစ်ပွဲတွေကို အဆုံးသတ် ငြိမ်းချမ်းရေးကို ဖော်ဆောင်”ဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် ယနေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

dasskspeaksဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုဦးစီးကော်မတီဝင်များ၊ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်များ၊ ဗဟိုလူမှုအဖွဲ့ဝင်များ တက်ရောက်ရာ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက အကျဉ်းသားအခက်အခဲများနှင့် အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရမှုများကို တင်ပြခဲ့သည်ဟု ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“ထူးခြားစွာ ထွက်လာတာက ထောင်ထဲမှာ  အကျဉ်းသားတွေရဲ့ မပြည့်စုံတဲ့ အခြေအနေတွေ၊ အကျဉ်းသားတွေကို ပံ့ပိုးကူညီမှု အများကြီး လိုနေသေးတာတွေ။ အိုင်စီအာစီက ခုနောက်ပိုင်း ထောင်ထဲမှာ ဝင်မစစ်နိုင်တော့ အကျဉ်းသားတွေ ခံစားရတာတွေ ပိုပြီးကြီးမားလာတယ်ဆိုတာ ပေါ်လွင်လာတယ်။ ဒီဆွေးနွေးပွဲမှာ ဖော်ပြလိုက်နိုင်တယ်ခင်ဗျ”ဟု သူကမဇ္စျိမကို ပြောသည်။

အကျဉ်းသားမိသားစုဝင် ၁၅ဝ ခန့် တက်ရောက်ခဲ့ပြီး အကျဉ်းသားများ၏ ကျန်းမာရေးချို့တဲ့မှုများကို စစ်အစိုးရ မဆောင်ရွက်ပေးမှုများ၊ ထောင်ဝင်စာတွေ့ရန် ထောက်ပံ့ကြေးမလုံလောက်ခြင်း၊ ခရီးဝေးလံမှုစသည့် အခက်အခဲများ ဆွေးနွေးတင်ပြခဲ့သည်ဟု အကျဉ်းကျ ၈၈ မျိုးဆက်ကျောင်းသား ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အားပေးစကားနှင့် ဥပဒေကြောင်းအရ အကျဉ်းသား ရပိုင်ခွင့်များကို ရှေ့နေ ဦးဉာဏ်ဝင်းက ရှင်းလင်းတင်ပြချက်၊ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့ဝင် ဦးနိုင်းနိုင်း၏ အကျဉ်းသားမိသားစုများ ကူညီထောက်ပံ့မှုအကြောင်း တင်ပြချက်များက ခွန်အားဖြစ်စေကြောင်း ဒေါ်ညွန့်ညွန့်ဦးက ဆက်ပြောသည်။

“ဒေါ်စု ခေါ်တွေ့တယ်ဆိုကထဲက အားရှိစရာကောင်းပါတယ်။ ဒေါ်စုပြောတဲ့စကားတွေက စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ ဒေါ်စုကတော့ သူ့အနေနဲ့ အတတ်နိုင်ဆုံး နည်းလမ်းတွေနဲ့ ကူညီမယ့်အကြောင်း၊ အခက်အခဲတွေကို ဥပဒေအရ အာဏာပိုင်တွေဆီ တင်ပြဖို့ NLD မှာ တိုင်ပင်ပြီး လုပ်သွားဖို့ ပြောပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းသားမိသားစုများ တင်ပြချက်များကို မှတ်တမ်းပြုစေပြီး အားပေးစကား ပြောကာ အကျဉ်းသား မိသားစုများအနေဖြင့် အကျဉ်းသား လက်စွဲ ဥပဒေစာအုပ်များဖတ်ပြီး ကိုယ့်ရပိုင်ခွင့်များကို ဥပဒေကြောင်းအရ စစ်အစိုးရထံ တောင်းဆိုရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

ရန်ကုန် အလုံမြို့နယ်ရုံးတွင်လည်း လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို အဖွဲ့ဝင်များနှင့် ပြည်သူ ၃ဝဝ ခန့် တက်ရောက်ကာ စာပေဟောပြောပွဲလုပ်ခဲ့သည်ဟု အကြမ်းမဖက် အမျိုးသားရေး လူငယ်လှုပ်ရှားမှု ဦးဆောင်သူ အလုံ NLD လူငယ် ကိုလူမော်လတ်က ပြောသည်။

“ကုလသမဂ္ဂရဲ့ နေ့ထူးနေ့မြတ်တွေနဲ့ ပတ်သက်တဲ့ စာရွက်တွေ၊ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းတွေ ဝေတယ်။ ပြည်သူတွေ လူ့အခွင့်အရေး နားလည်လာအောင် ကြိုးစားပြီး လူထုလုပ်ငန်းအနေနဲ့ လုပ်ခဲ့တာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ကဗျာဆရာ ဖျာပုံ နီလုံဦးက လူ့အခွင့်အရေးပါကြေညာစာတမ်းနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးအခြေအနေများ နှိုင်းယှဉ်ကာဟောပြောခဲ့ပြီးနောက် ကဗျာဆရာ သူရိဇံက လူ့အခွင့်အရေးနေ့အတွက် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေမှုများကို သူကိုယ်တိုင် ရေးစပ်ထားသည့်ကဗျာကို ရွတ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် မရှိခြင်း၊ အကျဉ်းသာgivedasskflowersး အခွင့်အရေး ချိုးဖောက်ခံနေရခြင်း၊ နယ်စပ်ဒေသများတွင် စစ်ပွဲကြောင့် ပြောင်းရွှေ့ခံနေရခြင်း၊ ကလေးစစ်သား အရေး၊ လယ်ယာမြေများ သိမ်းယူခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံမှုများနှင့် ကြုံတွေ့နေရသည်။

လက်ရှိ နိုင်ငံရေး အကျဉ်းသားများထဲမှ ၈၈ မျိုးဆက် တဦးဖြစ်သူ မနီလာသိန်း သရက်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေပြီးယခုလ ၆ ရက်က မိသားစု ထောင်ဝင်စာ သွားတွေ့သည်ကိုလည်း ပိတ်ခံထားရသည်။

၂ဝဝ၇  သြဂုတ် ၂၂ ရက်က လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာမှ ခင်ပွန်းဖြစ်သူ ကိုဂျင်မီနှင့်အတူ စစ်အစိုးရက ဖမ်းဆီးကာ ၆၅ နှစ်စီ ထောင်ဒဏ် ချမှတ်ခဲ့သည်။

အလားတူ ယခုလ ၈ ရက်က နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့(CPJ) က ၁၉၉၆နောက်ပိုင်း  ၂၈ နိုင်ငံအနက် မြန်မာက သတင်းသမားများ အကျဉ်းချမှုတွင် စတုတ္ထ အဆိုးဆုံးနေရာတွင် ရှိနေကြောင်း ထုတ်ပြန်ထားသည်။

၂ဝ၁ဝ အတွင်း တကမ္ဘာလုံးတွင် ဖမ်းဆီးခံရသူ သတင်းသမား ၁၄၅ဦးအနက် မြန်မာနိုင်ငံတွင် ၁၃ ဦး ရှိပြီး တရုတ်နှင့် အီရန်တို့က ၃၄ ဦးစီ ဖမ်းထားသဖြင့် တကမ္ဘာလုံး၏ ထက်ဝက်ခန့် ဖြစ်နေပြီး အဆိုးဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၉၄၈ ဒီဇင်ဘာ ၁ဝ ရက်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ချမှတ်ခဲ့ပြီး ထိုနေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

ဝီကီလိစ် ထောက်ခံသူများ ဆိုက်ဘာစစ်ပွဲ စတင်

ဝီကီလိစ် (WikiLeaks) ကို ထောက်ခံသည့် ဟက်ကာ တက်ကြွလှုပ်ရှားသူ (Hacktivist) များက အကြွေးဝယ်စနစ် (Credit) ကတ် ကုမ္ပဏီများ ဖြစ်သည့် မာစတာကတ်နှင့် ဗီဇာကတ်ကုမ္ပဏီများ၏ ၀က်ဘ်ဆိုဒ်များကို ဒီဇင်ဘာလ ၈ ရက်နေ့က တိုက်ခိုက်လိုက်ခြင်းဖြင့် ဆိုက်ဘာစစ်ပွဲ (Cyberwar) ကို စတင်လိုက်သည်။

Under_Attacksထိုတိုက်ခိုက်မှုကို လက်တုံ့ပြန်မှု စစ်ဆင်ရေး (Operation Payback) ဟု အမည်ပေးထားကြောင်း၊ အဆိုပါ ခရက်ဒစ်ကတ် ကုမ္ပဏီများသည် အမေရိကန်အစိုးရနှင့် ပူးပေါင်းပြီး ၀ီကီလိစ်ကို ဖိအားပေးခဲ့သည့်အတွက် ဖြစ်ကြောင်း၊ ထို့အပြင် အင်တာနက်ငွေပေးချေရေး ကုမ္ပဏီများဖြစ်သည့် PayPal နှင့် အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးဖြစ်သည့် Amazon တို့ကိုပါ တိုက်ခိုက်ခဲ့သည်။

မကြာသေးမီက အဖမ်းခံခဲ့သည့် ၀ီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း (Julian Assange) အပ်နှံထားသည့် ငွေများကို ထုတ်ယူခွင့်ပိတ်လိုက်သည့် ဆွစ်ဇာလန်နိုင်ငံရှိ PostFinance ဘဏ်နှင့် ၎င်းအား မုဒိန်းမှုဖြင့် စွပ်စွဲ အမှုတင်ခဲ့သည့် ဆွီဒင်နိုင်ငံအခြေစိုက် ရှေ့နေများရုံးရှိ အင်တာနက် ၀က်ဘ်ဆိုဒ်များလည်း DDoS စနစ်ဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ယင်း လက်တုံ့ပြန်မှု စစ်ဆင်ရေးကို ၎င်းတို့ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဝီကီလိစ်ကို ထောက်ခံသူ Hacktivist များက အင်တာနက်လူမှုကွန်ရက် တခုဖြစ်သော တွစ်တာ (Twitter) မှတဆင့် ကြေညာခဲ့ပြီး ၀ီကီလိစ်၏ “ရန်သူများ” ကို ဆက်လက် တိုက်ခိုက်မည်ဟုလည်း ပြောဆိုထားသည်။

ဝီကီလိစ် ဝက်ဘ်ဆိုဒ်နှင့် ဆိုဒ်ကိုယ်ပွားများသည်လည်း ဝီကီလိစ်ကို ဆန့်ကျင်သည့် အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဆိုဒ်ခွဲပေါင်း ၁၃၀၀ အထိ တိုးချဲ့ထားရကြောင်း တွေ့ရသည်။

ဝီကီလိစ်သည် အမေရိကန်အစိုးရ၏ အီရတ်စစ်ပွဲအတွင်း လျှို့ဝှက်ချက်များ၊ စစ်ဘက်ဆိုင်ရာ ပင်တဂွန်စစ်ဌာနချုပ်၏ လျှို့ဝှက်ချက်များ၊ အာဖဂန်နစ္စတန် စစ်ပွဲအတွင်းက ဖမ်းဆီးရမိခဲ့သည့် အစွန်းရောက် အယ်လ်ကိုင်ဒါး အဖွဲ့ဝင်များကို အမေရိကန်အစိုးရ အာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှုများကို လွန်ခဲ့သည့် အောက်တိုဘာလကတည်းက ဖွင့်ချလာခဲ့ရာ ပြီးခဲ့သည့်လအတွင်းမှ စပြီး နိုင်ငံတကာ ခေါင်းဆောင်များ၏ အတွင်းရေးများ၊ သံတမန်ရေးရာ လျှို့ဝှက်ပေးစာများ၊ နိုင်ငံရေးလျှို့ဝှက်ချက်များ ပါဝင်လာခြင်းဖြစ်သည်။

နိုင်ငံတကာရှိ အမေရိကန်သံရုံးများက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် လျှို့ဝှက် အစီရင်ခံစာများ၊ အာဖဂန်နစ္စတန် စစ်ပွဲနှင့် ပတ်သက်သည့် အမေရိကန်နှင့် တခြားသော ကမ္ဘာ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အတွင်း လျှို့ဝှက်ပြောကြားချက်များ၊ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ကုလသမဂ္ဂရှိ ၎င်း၏ ၀န်ထမ်းများကို ကုလသမဂ္ဂအတွင်း စုံစမ်းထောက်လှမ်းရန် ညွှန်ကြားမှုများကိုပါ ဝီကီလိစ်က ဖွင့်ချခြင်းဖြင့် ပိုမိုပြင်းထန်လာသည်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲက အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်လာသည့်အတွက် အခြေခံဥပဒေကို ပြုပြင်၍ ၀ီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းအား အရေးယူအပြစ်ပေးရန် တောင်းဆိုခဲ့သည်။

ဂျူလီယန် အက်စ်ဆန်းသည် သြစတြေးလျ နိုင်ငံသားဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုမှု၊ ဖြားယောင်း သွေးဆောင်မှုများဖြင့် ဆွီဒင်အစိုးရကလည်း အလိုရှိနေသည့်အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်က ဖမ်းဝရမ်း ထုတ်ထားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ အက်စ်ဆန်းက လန်ဒန်မြို့တော်ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းမှု ပြုလုပ်ပြီး အဖမ်းခံခဲ့သည်။

သြစတေးလျ နိုင်ငံခြားရေး ၀န်ကြီး ကီဗင် ရပ်ဒ်က ထိုသို့ သံတမန်ရေးဆိုင်ရာ အချက်အလက်ပေါင်း ၂ သိန်း ၅ သောင်း ပေါက်ကြားမှုတွင် ၎င်း၏ နိုင်ငံသား ဂျုလီယန် အက်စ်ဆန်း၌ အပြစ်မရှိကြောင်း၊ အမေရိကန်အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဝီကီလိစ်မှ ပေါက်ကြားလာသည့် သံတမန်ရေးဆိုင်ရာ အချက်အလက်များတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက်ပေါင်း ၁၈၆၄ ခု ရှိ ကြောင်း၊ ထိုအချက်အလက်များတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာယူနိုက်တက်အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသည် အာဆီယံအတွင်းမှ လျှို့ဝှက်ချက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချနေခြင်း စသည့် အကြောင်းများ ပါဝင်သည်။

မြန်မာ စစ်အစိုးရ သတင်းစာများတွင် ယခင်က အမေရိကန်နိုင်ငံနှင့် ပတ်သက်လျှင် အသေးစိတ် ဖော်ပြခဲ့သော်လည်း ဂျူလီယန် အက်စ်ဆန်း အဖမ်းခံရသည့် သတင်းကို ဖော်ပြသည်မှအပ အမေရိကန်အစိုးရနှင့် ၀ီကီလိစ်၏ ပြဿနာများကိုမူ ဖော်ပြခြင်းမရှိသေးပေ။

sources: ; ဧရာဝတီ

Thursday, December 9, 2010

ဒေါ်အောင်ဆန်းစုကြည်၏အလှူသို့ သံဃာတော် ၇၅၀ ကျော် ကြွရောက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ NLD အဖွဲ့ဝင်တွေက သံဃာတော်တွေနဲ့ သီလရှင်တွေကို သင်္ကန်းနဲ့ ဝတ္ထုငွေတွေ ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ဆက်ကပ်လှူဒါန်းရာမှာ သံဃာတော် အပါး ၇၅၀ ကျော် ကြွရောက် အလှူခံတယ်လို့ သိရပါတယ်။

(Photo: AFP)
ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၈ ရက်နေ့က သံဃာများနှင့် သီလရှင်များကို ဒေါ်အောင်ဆန်းစုကြည် (အလယ်) သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရွှေဂုံတိုင်လမ်းအဖွဲ့ချုပ်ရုံးရှေ့မှာ ဒီကနေ့ မနက် ၈ နာရီက စတင် လှူဒါန်းတဲ့ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“သင်္ကန်းဆက်ကပ်လှူဒါန်းဖို့ ဆောင်ရွက်ရတဲ့ ကိစ္စကတော့ ဒေါ်စု ထောင်ကျနေစဉ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ အင်္ဂါနေ့တိုင်း အဖွဲ့ချုပ် ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲ့ကနေပြီးတော့ ဆွမ်းလောင်းလှူပွဲ လုပ်ခဲ့တယ်။ အဲဒီ ဆွမ်းလောင်းလှူပွဲမှာ လာရောက်ပြီးတော့ ချီးမြှင့်တော်မူတဲ့ သံဃာတော်တွေကို ရည်ရွယ်ပြီးတော့ သင်္ကန်း လှူဒါန်းတာ ဖြစ်တယ်၊ သင်္ကန်းတစုံစီ။” “နောက်ပိုင်းမှာ ကြွရောက်တဲ့ သံဃာတော်တွေက များလာတဲ့အခါကျတော့ နောက်ပိုင်း တချို့သံဃာတွေကိုတော့ ဝတ္ထုငွေပဲ လှူဒါန်းနိုင်တော့တယ်။ အလှူခံတဲ့ သံဃာတော် ခုနစ်ရာနဲ့ ငါးဆယ့်ရှစ်ပါး၊ အဲ သံဃာတော်တွေ ပြီးတဲ့အခါကျတော့ သီလရှင် ဆရာလေးတွေကိုလည်းပဲ မျက်နှာသုတ် တဘက်တွေ ဆက်ကပ်လောင်းလှူတယ်။ အဲဒီမှာလည်း သီလရှင်ဆရာလေး တရာ တဆယ့်နဲ့ ကိုးပါး လှူဒါန်းခဲ့တယ်။ သံဃာတော်တွေကလည်း အလွန် ကြည်နူးဝမ်းမြောက်ကြပြီးတော့ ဆုတောင်းမေတ္တာ ပို့သကြတယ်။”
သံဃာတော်တွေကို သင်္ကန်းကပ်လှုပွဲကို ကြိုတင် ရောက်ရှိနေတဲ့ Paris Match ဆိုတဲ့ မဂ္ဂဇင်းက ဓာတ်ပုံရိုက်ယူခဲ့တဲ့အပြင် မဂ္ဂဇင်းသတင်းထောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် သက်ရှိထင်ရှား ရှိနေတဲ့ ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ဓာတ်ပုံတွေကို စာအုပ်ထုတ်ဝေဖ စီစဉ်နေတဲ့ ဂျပန်ဓာတ်ပုံဆရာ မစ္စတာ အူဆုအိဆိုသူက အလှူပွဲ ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံရိုက်ပြီးနောက် ၁၀ မိနစ်ကြာ တွေ့ဆုံစကားပြောခဲ့ပါတယ်။

source: ; RFA

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ


အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။
ဓာတ်ပုံ By Men Kimseng, VOA Khmer
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။

မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) က ဒီနေ့ ဒုတိယမြောက်နေ့မှာ နေပြည်တော်ကို ရောက်ရှိနေပါတယ်။ မစ္စတာ ဂျိုးဇက် ယွန်းက အမေရိကန် အစိုးရ အနေနဲ့ နောက်တက်လာမယ့် အစိုးရကို ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်သလို လက်ရှိ ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ဆက်လက် ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ မြန်မာစစ်အစိုးရ အကြားက ထိတွေ့ ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ မြန်မာနိုင်ငံကို ၄ ရက်ကြာ ရောက်ရှိနေတဲ့ မစ္စတာယွန်းက မနေ့က ခရီးရောက်မဆိုက်ဘဲ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၈ ခုနဲ့ တွေ့ဆုံတဲ့အချိန် အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရနဲ့ အမေရိကန် အစိုးရကြား ထိတွေ့ ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ရော တိုင်းပြည်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာဖို့ အတွက်ပါ မြန်မာနိုင်ငံကို ရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၈ ခုက ခေါင်းဆောင်တွေနဲ့ မနေ့ နေ့လယ်ပိုင်းက တနာရီကျော်ကြာ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တာပါ။
အဲဒီလို တွေ့ဆုံတဲ့နေရာမှာ အဓိကအားဖြင့်တော့ သူ့ဘက်က သိချင်တာတွေကို မေးမြန်းခဲ့ပေမဲ့ အမေရိကန် အစိုးရရဲ့ သဘောထား တချို့ကိုလည်း ပြောပြခဲ့တဲ့အကြောင်း ဂျိုးဇက် ယွန်းနဲ့ တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး တဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။
“သူတို့အစိုးရ အနေနဲ့ တက်လာတဲ့ အစိုးရကိုလည်း ဆက်ဆံမယ်။ ပြီးတော့ Sanction ကိုလည်း ဆက်ပြီးတော့ ကျင့်သုံးမယ်လို့ ပြောပါတယ်။ သူက အိုဘားမားကို ပြန်ပြောပါ့မယ်တဲ့၊ လောလောဆယ် သူတို့ကလည်း Action တခုခု လုပ်ဖို့ဆိုတာ အကြီးအကျယ် ဆုံးဖြတ်ပြီးမှ လုပ်ရတဲ့အတွက် မလွယ်ဘူးလို့ ပြောပါတယ်။”
မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက လက်ရှိ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုဟာ ထိရောက်မှု မရှိတဲ့ အကြောင်းနဲ့ ဒီအပေါ် အခြေခံပြီး နှစ်ဘက် အပြန်အလှန် အတိုးအလျှော့ လုပ်သင့်တာလုပ်ပြီး အမျိုးသား ရင်ကြားစေ့ရေး ကိစ္စအတွက် ပြောဆိုဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရင် ကောင်းမယ်ဆိုတာကို အကြံပြုခဲ့တယ်လို့ ဒီတွေ့ဆုံမှုမှာ ပါဝင်သူ နောက်တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။
“Sanction ကိစ္စပေါ့၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ကိစ္စနဲ့ ပတ်သက်လို့တော့ ဒါဟာ ကျနော်တို့ ဆွေးနွေးတာကတော့ အမေရိကန် အစိုးရပေါ့၊ အခုလောလောဆယ် လက်ရှိ အိုဘားမား အစိုးရ အနေနဲ့ တက်ခါစကတည်းက ပြောထားပြီးပြီ။ ဒီ Sanction ဟာ ထိရောက်မှုလည်း မရှိဘူးဆိုတာ သူတို့ ၀န်ခံပြီးသားပဲလို့။ အဲတော့ ဒီဟာရှိနေခြင်းအားဖြင့် ကျနော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမှာ အထောက်အကူ မဖြစ်တဲ့အပြင် အဟန့်အတားတောင်မှ ဖြစ်နိုင်တယ်။
“နောက်တခုက တကယ်တမ်း ရေရှည်မှာ စီးပွားရေး ထိခိုက်တာကတော့ အောက်ခြေ လူထုပဲလို့။ အဲဒါကြောင့် ဒါကိုတော့ ပြန်ပြီး စဉ်းစားသင့်တယ်။ Sanction ကိစ္စကို အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နောက်ခံနဲ့ ပြန်စဉ်းစားသလိုပဲ လက်ရှိ အာဏာပိုင်တွေ အနေနဲ့ကလည်း နိုင်ငံရေး အကျဉ်းသားများ ဆက်ပြီးတော့ အခုလို ထိန်းသိမ်းထားခြင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဟန့်အတား ဖြစ်စေတဲ့ အတွက်ကြောင့် ဒါကိုလည်းပဲ ပြန်ပြီးတော့ စဉ်းစားသင့်တယ်။
“အဲဒီလို သူ့ဘက် ကိုယ့်ဘက် ပြန်စဉ်းစားပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို အတူတူတက်မယ် ဆိုရင်တော့ ရှေ့ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ဟာ ဒီ့ထက်ပို ကောင်းမွန်လာနိုင်ပါတယ်လို့ ကျနော်ကတော့ အဲဒီလို ဆွေးနွေးပါတယ်။”
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စ အပါအ၀င် မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကိစ္စတွေကိုလည်း ဂျိုးဇက် ယွန်းနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။
ဒေါ်ချိုချိုကျော်ငြိမ်းကတော့ ဂျိုးဇက် ယွန်းဟာ မြန်မာနိုင်ငံအကြောင်း အတော်လေး သိထားပုံရတယ်လို့ သုံးသပ်ပါတယ်။ နောက် အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အစီအစဉ် ရှိပေမဲ့ အကူအညီပေးမယ့်သူတွေ မြန်မာနိုင်ငံထဲလာဖို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်တဲ့နေရာမှာ အခက်အခဲ ရှိတာတွေကိုလည်း ဂျိုးဇက် ယွန်းက ပြောပြခဲ့တယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။
“အမေရိကန်ကနေ မြန်မာပြည်ကို အကူအညီတွေလည်း ပေးဖို့ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ပြည်သူတွေကို ထပ်ကူဖို့၊ Humanity အကူအညီတွေ ပေးဖို့ သူက ကြိုးစားတယ်။ ဒါပေမဲ့ အခုလောလောဆယ် မြန်မာပြည်မှာ ဗီဇာခက်တဲ့အတွက် နောက်ထပ်တိုးဖို့ လူတွေ ဗီဇာရဖို့ သူကြိုးစားရမယ်လို့ ပြောပါတယ်။ ဒါကို သူတွေ့တဲ့ပုဂ္ဂိုလ်တွေ၊ ဘယ်ဝန်ကြီးနဲ့ပဲ တွေ့ရတွေ့ရ သူ ဒီဟာကို ဆွေးနွေးမယ်လို့ ပြောသွားပါတယ်။”
မနေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ဂျိုးဇက် ယွန်းဟာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအ၀င် နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို ခရီးဆက်သွားတယ်လို့ ဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ရော စစ်အစိုးရ အရာရှိတွေနဲ့ပါ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့တဲ့ အမေရိကန် အဆင့်မြင့် အရာရှိကတော့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဖြစ်ပါတယ်။
နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီးနောက်မှာတော့ ဂျိုးဇက် ယွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပါအ၀င် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့လည်း အခုလ ၁၀ ရက်၊ သောကြာနေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

source: ; VOA

Sunday, December 5, 2010

ဒေါက်တာသန်းထွန်းရဲ့ နောက်ဆုံးနှစ် နောက်ဆုံးနေ့ထဲက နောက်ဆုံး သမိုင်းစကားတွေ


Written by မောင်နွေထက်   
b33623''ကျွန်တော့်ရဲ့ အစွဲအလန်းတစ်ခုက ရှေးဟောင်း မြန်မာသမိုင်း သုတေသန ဖြစ်တယ်။ ဒီလမ်းကို ငါလျှောက်တယ်။ စွန့်သင့်သလောက် စွန့်ပါတယ်။ အသက်အရ ပြောရရင်တော့ နေ၀င်ချိန်ပေါ့။ ဒါပေမဲ့ သုတေသနမှာတော့ ရှင်သန်လျက်။ ခုထိ တက်ကြွနေသေးတယ်''
သန်းထွန်း
မြန်မာအထွေထွေရေးရာသမိုင်း
အမှာစာ

၃၀ နိုဝင်ဘာ ၂၀၀၅ မနက် ၂း၂၄ နာရီမှာ ကွယ်လွန်ခဲ့တာပါ။ ဆရာသန်းထွန်း ကွယ်လွန်တော့ အသက် ၈၂ နှစ် ရှိရှာပါပြီ။ ဆရာဟာ မကွယ်လွန်မီ တစ်ရက်အလို ၂၉ နိုဝင်ဘာ ၂၀၀၅ မနက်ခင်းမှာ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၉၀ ပြည့် မွေးနေ့ပွဲ ရောက်လာခဲ့တာပါ။ အဲဒီနေ့က သေခြင်းကင်းရာ မြို့ကလေးလို့ အမည်တွင်တဲ့ အမရပူရ မြို့ကလေးထဲ (တောင်မြို့)က တောင်သမန်အင်းဇောင်းက တောင်လေးလုံး ကျောင်းကလေးရဲ့ စက္ကူပန်းရုံအောက်က ကြိမ်ကုလားထိုင်ပေါ်မှာ အဖြူရောင်၊ အပြာစင်း၊ အနီပတ် အနွေးထည်နဲ့ ထိုင်ပြီး စတီးတုတ်ကလေးကိုင်ပြီး မိန့်မိန့်ကြီး ထိုင်နေတဲ့ ဆရာသန်းထွန်း။
စာရေးဆရာမကြီး လူထုဒေါ်အမာ ၉၀ ပြည့် မွေးနေ့ကျင်းပတော့ အမှာစကာွးေပြောကြ၊ ငြိမ်းချမ်းရေး ချိုးငှက်ကလေးတွေ လွှတ်ကြ။ လူထုဒေါ်အမာက ၅ ကောင် လွှတ်ပါတယ်။ ၅ ကောင်စလုံး ကောင်းကင်ပေါ်တက်လို့။ မဟာကဗျာဆရာကြီး ဒဂုန်တာရာက သုံးကောင် လွှတ်ပါတယ်။ ကောင်းကင်ပေါ် ချိုးကလေးတွေ ပျံတက်လို့။ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့။ မြန်မာ့သမိုင်းပညာရှင် ဆရာသန်းထွန်းက ငြိမ်းချမ်းရေး ချိုးဖြူကလေးတစ်ကောင်ကို သူ့ညာ လက် အစုံပေါ်ကနေ လွှတ်လိုက်တော့ ဆရာသန်းထွန်း လွှတ်လိုက်တဲ့ ချိုးကလေးက ဆရာနဲ့တစ်လံလောက်အကွာ သူဌေးရင်ပြင်ထဲက မွေးနေ့ပွဲ တက်ရောက်လာတဲ့ ပရိသတ်တွေကြား ဖုတ်ကနဲ ကျသွားရှာတယ်။ ပရိသတ်တွေရဲ့ အသံတွေက ဟာခနဲ ဟင်ခနဲ၊ အာမေဠိတ် အသံတွေ လွှမ်းသွားရှားတယ်။ ဒါ ဆရာ့နောက်ဆုံးနေ့အတွက် နောက်ဆုံး နိဂုံးနိမိတ် ဖြစ်နေတယ်ဆိုတာ ဘယ်သူမှ သတိမထားမိကြပါ။

ဆရာသန်းထွန်းဟာ သူနှစ်ပေါင်းများစွာ သမိုင်းသုတေသန တာဝန် ထမ်းဆောင်ခဲ့တဲ့ သမိုင်းပါမောက္ခ စားပွဲပေါ်ကနေ သမိုင်းထဲက ဒီဇိုင်း ဆိုတဲ့ စာမျက်နှာ ၂၁၁ မျက်နှာရှိတဲ့ စာအုပ်ကို ပရုကိုယ်တိုင် ဖတ်ပြီး စာပြင်ပေးရှာပါသေးသတဲ့လေ။ ဒါ ဆရာ နောက်ဆုံးဖတ်ခဲ့တဲ့ ပရုဆိုရင် မမှားတန်ရာပါဘူး .  .  .
စာရေးဆရာမကြီး လူထုဒေါ်အမာက ''၂၉ နိုဝင်ဘာ ၂၀၀၅ နေ့က ကျွန်မ အသက် ၉၀ ပြည့်မွေးနေ့ကို ဆရာက လာရှာတယ်။ တောင်လေးလုံးမှာ တက်လာရှာတယ်။ ကျွန်မနဲ့အတူတူ ငြိမ်းချမ်းရေး ချိုးငှက်ကလေးကို ၀င်လွှတ်ပေးတယ်။ ဒီမွေး နေ့ကလည်း စည်လိုက်တာ။ လူတွေကလည်း ကျိတ်ကျိတ်တိုး။ ဆရာ့ကို ကျွန်မ စကားမပြောလိုက်ရဘူး။ဒါနဲ့သာ လူချင်းခွဲကြရော အဲဒီနေ့ညက ဆရာ တက္ကသိုလ်သမိုင်းဌာနမှာ အိပ်သတဲ့။ ၃၀ ရက်နေ့ မနက်လင်းအားကြီး ၂း၂၄ မိနစ်မှာ ဆရာ ရုတ်တရက် အနိစ္စ ရောက်သွားရှာသတဲ့''လို့ ဆိုပြီး ၂၀၀၆ ခုနှစ် ဧပြီလထုတ် ကလျာမဂ္ဂဇင်းမှာ 'လွမ်းလို့ မဆုံးနိုင်ပါလား ဆရာရယ်'ဆိုပြီး ဆို့ဆို့နင့်နင့် ကြေကြေကွဲကွဲနဲ့ မော်ကွန်းထိုးခဲ့ပါတယ်။
ဆရာဟာ မဆုံးခင် တစ်ရက်အလိုမှာ လူထုဒေါ်အမာရဲ့ ၉၀ ပြည့် မွေးနေ့ပွဲကို တကူးတကလာပြီး ဒေါ်အမာက ''ကျွန်မစကားမပြောလိုက်ရဘူး'' ဆိုတဲ့ စာစကားအရ၊ စကားတစ်ခွန်းတစ်ပါဒမှ မပြောလိုက်ကြရတာ ထင်ရှားပါတယ်။ ဆရာသန်း ထွန်းဟာ တောင်လေးလုံးက မွေးနေ့ပွဲအပြီးမှာ ၈၄ လမ်းနဲ့ ၃၃လမ်းထောင့် ဂုန္တာန်ဝင်းထိပ်က လူထုတိုက်ကို သူတပည့်တွေနဲ့ အတူ ရောက်ပါသေးတယ်။ ဒါပေမယ့် စာရေးဆရာမကြီး လူထုဒေါ်အမာက ၉၀ ပြည့် မွေးနေ့ဆိုတော့ ဧည့်သည်တွေနဲ့ စည် ကားနေလို့ ဆရာက မတွေ့တော့ပဲ တပည့်တွေနဲ့အတူ ထွက်သွားရှာပါတော့တယ်။
တကယ်တမ်း ဆရာတည်းခိုရမှာက ၃၂ နဲ့ ၃၃ လမ်းကြား ၈၃ လမ်းပေါ်က 'Silver Swan' တည်းခိုခန်းမှာ ဖြစ်ပါတယ်။ ဒီတည်းခိုခန်းမှာ နိုဝင်ဘာ တန်ဆောင်မုန်း ဆောင်းတွင်းမို့ အနွေးခန်းနဲ့ ပြင်ဆင်ထားတဲ့ တည်းခိုခန်းပါ။ ဆရာက  ဒီတည်းခိုခန်းကို မတည်းခိုဘဲ သူ ၁၇ နှစ်နီးပါး ပါမောက္ခတာဝန်ကို တာဝန်ကျေကျေ ထမ်းဆောင်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ထဲက သမိုင်းဌာနကို သွားတည်းရှာတာပါ။ အဲဒီနှစ် အဲဒီနေ့က ထူးထူးခြားခြား မန္တလေးမှာ အအေးလှိုင်းကျနေတဲ့ အချိန်ပေါ့။ ဆရာဟာ သစ်ရိပ်တွေနဲ့ အေးချမ်းပြီး အေးမြလှတဲ့ မန္တလေးတက္ကသိုလ် ၀င်းထဲက သမိုင်းဌာနမှာ သွားတည်းရှာတာ။
ဆရာသန်းထွန်းဟာ သူနှစ်ပေါင်းများစွာ သမိုင်းသုတေသန တာဝန် ထမ်းဆောင်ခဲ့တဲ့ သမိုင်း ပါမောက္ခ စားပွဲပေါ်ကနေ သမိုင်းထဲကဒီဇိုင်းဆိုတဲ့ စာမျက်နှာ ၂၁၁ မျက်နှာရှိတဲ့ စာအုပ်ကို ပရုကိုယ်တိုင်ဖတ်ပြီး စာပြင်ပေးရှာပါသေးသတဲ့လေ။ ဒါ ဆရာနောက်ဆုံး ဖတ်ခဲ့တဲ့ ပရုဆိုရင် မမှားတန်ရာပါဘူး။ ဒီသမိုင်းထဲက ဒီဇိုင်းစာအုပ်ဟာ ဆရာကွယ်လွန်ပြီး သိပ်မကြာ ၂၀၀၆ ဇန်န၀ါရီလထဲမှာ ထွက်ရှိလာပါတော့တယ်။
သမိုင်းထဲက ဒီဇိုင်းစာအုပ်မှာ အမှာစာဆိုပြီး ၈ မျက်နှာ အမှာစာ တိုတိုကလေး ပါပါတယ်။ ဒီ အမှာစာဟာ ဆရာသန်းထွန်းရဲ့ နောက်ဆုံး အမှာစာ ဖြစ်နေရှာပါတယ်။
မြန်မာရှေးဟောင်းသမိုင်းကို အထူးပြုပြီး ရေးနိုင်ဖို့ အထောက်အထားရှာတဲ့အခါ ကျောက်စာကို အရင်းမူလထားပါတယ်။
ကျောက်စာကို ခေတ်ပြိုင်မှတ်တမ်းဆိုပြီး အကောင်းစား အထောက်အထားစာရင်းမှာ သွင်းပေမယ့် သတိထားပြီး အသုံးပြုဖို့ လိုပါတယ်။ ပြီးတော့ ကျောက်စာကို အားကိုးချင်လို့ စစ်ဆေးတယ် ဆိုရာမှာ ဘာကို အခြေခံပြီး စစ်သလဲလို့ မေးရင်ဖြေဖို့ ခပ် ခက်ခက်ပါ။ ဖြေနိုင်သလောက် ဖြေပါမယ်။ 'ခေတ်ပြိုင်ကျမ်းစာအုပ်တွေ ရှိတယ်။ အဲဒီခေတ်ပြိုင် မှတ်တမ်းမှာ မင်းဆက် မပျက်မကွက်ပါမယ်။ အဲဒါတွေနဲ့ တိုက်ဆိုင်ပြီး ကြွားတဲ့စကား၊ ညာတဲ့စကား မပါစေရအောင် ရှင်းရပါတယ် အဲဒီလိုဖြစ်အောင် ကျွန်တော် ကြိုးစားဆောင်ရွက်ပါတယ်'။
ဆရာသန်းထွန်း ဆုံးပါးခဲ့ပေမယ့် ၂၀၀၅ ခုနှစ်မှာ ဆရာ့ရဲ့ စာအုပ်တွေ ထွက်လာပါတယ်။ နောက်ဆုံးနှစ်ထဲက နောက်ဆုံးမတိုင်မီ ထွက်ခဲ့တဲ့ ဆရာ့စာအုပ်တွေက
- ၂၀၀၅ မတ် - မြန်မာအထွေထွေရာရာသမိုင်း၊ ဒေါက်တာသန်းထွန်း ၈၂ နှစ်ပြည့်မွေးနေ့။ (၆ ဧပြီ ၂၀၀၅) အမှတ်တရ။၂၀၀၅ ဇူလိုင်
- ပုဂံခေတ် နိုင်ငံရေးသမိုင်း။၂၀၀၅ သြဂုတ်
- ပုဂံခေတ် လူမှုရေး၊၂၀၀၅ အောက်တိုဘာ
- လူကျော် (မြန်မာပြန်) စတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။
၆ ဧပြီ ၂၀၀၅ သန်းထွန်း ၈၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်၊ အမှတ်တရ ထုတ်ဝေတဲ့ (၂၀၀၅ ခု မတ်လက ထုတ်ဝေခဲ့တဲ့ 'မြန်မာအထွေထွေရာရာသမိုင်း' စာအုပ်ထဲက အဖွင့်စကားနဲ့ အမှာစာ-၁ 'မွေးနေ့ပွဲ' အမှာစာ-၂ 'ပွဲတွေ့အမှား' စာတွေဟာ ထူးခြားနေပါတယ်။ ဒီစာအမှာတွေကို ဆရာသန်းထွန်း သက်ရှိထင်ရှားရှိစဉ်၊ နောက်ဆုံးနှစ်မှာ နောက်ဆုံးနေ့ မတိုင်မီ ထွက်ရှိခဲ့တဲ့ စာအုပ်တွေထဲက စာအုပ်မို့ ထူးခြားပါတယ်
'' 'လ' ကိုကြည့်စမ်းပါ။ လ ပြည့်ဆိုတာတောင် ကိုယ့်ဘက်က တစ်ခြမ်းပဲ မြင်ရတာ။ နောက်ဘက်ခြမ်းကို မြင်ကြရတာ မဟုတ်ပါ။ ဖြည်းဖြည်းမြင်ရာက တဖြည်းဖြည်း လျော့နည်းပြီး လုံးဝ ပျောက်ကွယ်သွားတယ်။ နောက် တရေးရေးပေါ်လာပြီး ကြီးလာတော့ အကုန်မြင်ရပြီလို့ စိတ်ကထင်ပေမယ့် ထက်ခြမ်းပဲ မြင်ကြရတယ်''
''ဒီလိုပဲ မြန်မာသမိုင်းကိုလည်း ငါတို့ သိလှပြီလို့ ထင်တဲ့အခါမှာတောင် ထက်ဝက်လောက်ပဲ သိတယ်။ လုံးဝမသိလိုက်တဲ့ သမိုင်းကလည်း အများကြီးရှိသေးတယ်''
''အဲဒီလို မြန်မာ့သမိုင်း ပညာရှင်ကြီး တစ်ယောက်က ပြောဖူးတယ်'' 'မွေးနေ့ပွဲ'ဆိုတဲ့ အမှာစာ ၁ ထဲက ဘာကြောင့် မွေးနေ့ကျင်းပရသလဲ ဆိုတဲ့ အမှာစကားကို ထုတ်ပြပါရစေ။
''ကျွန်တော့် ၈၁ နှစ်ပြည့် မွေးနေ့ ၆ ဧပြီ ၂၀၀၄ ကို အမရပူရ တောင်လေးလုံးမှာ လုပ်တယ်။ ကျောင်းဆရာသက် အနှစ် ၆၀ ဆိုတော့ နယ်အရပ်ရပ်က လူအမျိုးမျိုး လာကြတယ်''
''သွားရမည့် ခရီးကား ဝေးသေး၏။ ခြေသာလျင် ယာဉ်ရှိကုန်၏ ဆိုတဲ့အတိုင်း ကျွန်တော်လျှောက်တဲ့ခရီးက အများကြီး ကျန်သေးတယ်။ အသက် ၈၁ နှစ်ဆိုတော့ အလုပ်လုပ်ချိန် နည်းလာပြီ။ အဲဒီအခါမှ ကုန်းကြောင်း လျှောက်နေရင် ခရီးမထွင် တော့ပါ။ အဲဒါကြောင့် RELEIGH ကစားသလို ငါ့ဝန်ကို မင်းတို့ ဆက်သယ်ပေးပါလို့ ပြောချင်တာနဲ့ မွေးနေ့ပွဲလုပ်တာ ဖြစ်ပါတယ်။
'ပွဲတွေ့အမှား'ရဲ့ ခေါင်းတပ်ထားတဲ့ စာရေးသူရဲ့ အမှာစာ - ၂ မှာတော့ ''သမိုင်းသုတေသန လုပ်တဲ့သူက ဘယ်သူ့ကိုမှ မစော်ကားပါ။ ရန်မလုပ်ပါ။ သမိုင်းဟာ သင်ခန်းစာ ဖြစ်တယ်''
''သမိုင်းကို ကောင်းကောင်းလေ့လာရင် အမှားကို ရှောင်တတ်မယ်။ အမှန်ကို တွေ့တတ်တယ်''
''သမိုင်းမှာ ဘာတစ်ခုမှ အထောက်အထား မရှိဘဲ ဗလာမခွပ်ဘူး။ ဆရာဇော်ဂျီ ခဏသုံးတဲ့ ဒါမျိုးတော့ ဖြစ်နိုင်စရာ ရှိပါတယ်။ ယူသော်ရ၏။ ဆိုတဲ့အသုံးကိုတောင် ငှားမသုံးဘူး။ တစ်ကြောင်းမျဉ်းပဲ။ ဒီလမ်း တည့်တည့်လျှောက်သွားရင် နင် ချောက်ထဲကျရင် မာလကီးလိမ့်မယ်လို့ ကာတွန်းဘဂျမ်းလို ထင်ထင်ရှားရှား မြင်သာအောင် အရုပ်ဆွဲပြတယ်''
''အကောင်းအဆိုးခွဲတာ သမိုင်းရဲ့အလုပ် ဖြစ်ပါတယ်''
စာအုပ်မွေးနေ့ဆိုတဲ့ စာအုပ်မွေးနေ့ အကြောင်း ပြောထားတဲ့ သုတေသန နည်းသစ်တစ်ခုကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါတယ် 'စာအုပ်မွေးနေ့' ဆိုတဲ့ ဆရာသန်းထွန်းရဲ့ အမှာစကားကို ဖော်ပြလိုက်ပါတယ်။
'' 'စာအုပ်မွေးနေ့' ကိုလည်း ကျွန်တော်တို့ ဂရုစိုက်တတ်တယ်။ တက္ကသိုလ်က ပထမဘွဲ့ရပြီး ဆက်ပညာရှာမှ သိလာတယ်။ ဆိုလိုတာက ဥပမာ ပုဂံအကြောင်း စာအုပ်တစ်အုပ် ရတဲ့အခါ ဘယ်ရက်က ရေးတာလဲ ဆိုတာ မသိသိအောင် ရှာရတယ်။ ဘာပြုလို့လဲ ဆိုတော့ မြန်မာရှေးဟောင်း သုတေသနမှာ ပုဂံအကြောင်း ရေးတဲ့စာအုပ်ကို အသုံးပြုတယ်ဆိုရင်
၁။ ဘယ်သူရေးတာလဲ။
၂။ ဘယ်တုန်းကရေးသလဲဆိုတာ သိရမယ်။ မသိလို့မဖြစ်ပါ။ ဥပမာနဲ့ ပြောပါရစေ။ ရှေးဟောင်းမြန်မာသမိုင်းမှာ နာမည်ကြီးတဲ့ ပါမောက္ခဂျီအိပ်ခ်ျလုစ် (G H Luce) ရေးတဲ့ ပုဂံသမိုင်း စာအုပ်ဆိုရင် ဒီစာအုပ်ကောင်းတယ်လို့ သိတယ်။ ဒါပေမယ့် ၁၉၆၈ က ရေးပြီးတယ်ဆိုရင် အနှစ်လေးဆယ် ခေတ်နောက်ကျတယ်။ မပြည့်စုံသေးလို့ ယူဆမယ်။ သုတေသနလုပ်တဲ့ သူတွေက ဘာမဆို နောက်ဆုံးအသိကိုပဲ လိုချင်တယ်။ ပြဿနာတစ်ရပ်မှာ အရင်အနှစ် ၅၀ က သိတဲ့အဖြေထက် အခုအဖြေက ပိုပြီးကောင်းတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ သုတေသနဘက်က အမြဲ တိုးတက်နေပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ခေတ်မီအောင် အမြဲကြိုးစားရပါတယ်။ ထပ်ပြောပါရစေ။ စာအုပ်ရဲ့ မွေးနေ့ကိုတော့ အမြဲသိအောင်လုပ်ပါ''လို့ သုတေသနနဲ့ ပတ်သက်တဲ့ ဆရာသန်း ထွန်း ရေးခဲ့ပါတယ်။
ဆရာသန်းထွန်းဟာ မြန်မာသမိုင်း နိဒါန်းစာအုပ်ရဲ့ စာမျက်နှာ ၈၃ နဲ့ ၈၄ မှာ (သမိုင်းရဲ့သမိုင်း အခန်း ၇ မှာ) ''ဦးကုလား ၁၇၁၅ လောက်ကရေးတဲ့ မဟာရာဇ၀င် ပဏာမစကားမှာ ရှင်ဘုရင်ကို မြှောက်မပြောဖူးဆိုတာကို ထင်ရှားအောင် မဟာ သမ္မတမင်း၊ မန္ဓာတ်မင်း၊ ဓမ္မာသောကမင်းတို့သည် ကြီးသော အာနုဘော် ရှိကုန်။ ထိုသို့သော မင်း စင်လျက်လည်း ပျက်ခြင်းကုန်ခြင်းသို့ ရောက်ခဲ့၏ ဟူ၍ ဆိုသောစကားသည် အနိစ္စ အစရှိသော ကမ္မဋ္ဌာန်းနှင့် ယှဉ်၍ ဆိုလတံ္တသည် ဖြစ်၍ သူတော် ကောင်းတို့သည် များသော အစီးအပွား ဖြစ်လတံ္တ ကောင်းစွာ မှတ်ကုန်နာကုန်ရာ၏။(ကုလား-၁ ၁၉၆၀-၄)
''သမိုင်းရဲ့သဘော သမိုင်းရဲ့ သမ္ဘာကို မေးလို့သာ ဖြေရတာ။ ကိုယ့် ကိစ္စမဟုတ်လို့တောင် ထင်ပါတယ်။ ဘာပြုလို့လဲဆိုတော့
(၁)လူတိုင်း သမိုင်း သိတယ်လို့ထင်တယ်။ သူ့ ဘာသာ ဘ၀င်မြင့်နေတာ။ ကိုယ်က အနေသာကြီးပါ။
(၂) အဲဒီလူတွေက သမိုင်းကို ကိုယ်လိုရာ ဆွဲသုံးတာ။
(၃)ကျွန်တော်တို့က အကျိုးနဲ့အကြောင်း ဆက်စပ်ပြတယ်။ ရလဒ်ကို ဝေဖန်ပိုင်းခြားပြီး စကြာဝတေးမင်းလည်း သေတာပဲဆိုပြီး ကမ္မဋ္ဌာန်းစာလို ဖတ်တာ ဖြစ်တယ်။ ဘယ်လိုလုပ်ရင် ပိုကောင်းမယ်ဆိုတာကိုလည်း တတ်နိုင်သလောက် ဖော်ထုတ်တယ်။ (၄) ဂတိမလိုက်ဘူး။ အားမနာဘူး။ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ မသိလို့၊ အတိုးအဆုတ် မလုပ်ဘူး။ သိတဲ့အတိုင်း ပြောတယ်။ အဲဒီလို ရိုးသားရမယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ ရေးသာရေးတယ်။ အလင်းမ၀င်တဲ့ စာလည်း ရှိတယ်။ ကြိုးစားပြီး သူများမသိတာကို ဖော်ထုတ်တယ်။ သူများ မှားတာကို ပြင်ပေးတယ်။ အဲဒါကို နားမထောင်ရင် မထောင်တဲ့ လူမှာသာ နစ်နာမှာဖြစ်တယ်။
ဒါ ဆရာသန်းထွန်း မကွယ်လွန်မီက ပြောသွားတဲ့ ဆရာသန်းထွန်းရဲ့ သမိုင်းသုတေသန၊ သမိုင်းဒသနတွေပဲ ဖြစ်ပါတယ်။ ၃၀ နိုဝင်ဘာ ၂၀၁၀ မှာ ဆရာသန်းထွန်း ကွယ်လွန်ခဲ့ရှာတာ ငါးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ကျွန်တော့်ရင်ထဲမတော့ မနေ့တနေ့ကလိုပဲ ထင်နေမိပါတော့တယ်။
၂၀၀၄ ဒီဇင်ဘာလက ထုတ်ဝေခဲ့တဲ့ 'သမိုင်းနဲ့စကားပြောခြင်း'ဆိုတဲ့၊ စာအုပ်၊ စာမျက်နှာ ၈ မှာပါတဲ့၊ 'သမိုင်းနဲ့သမိုင်းစကား'က ပဲ့တင်ထပ်လို့။''ကျွန်တော်ဘယ်တော့မှ အငြိမ်းစား မယူဘူး။ လုပ်လက်စ၊ မြန်မာ့သမိုင်း သုတေသန လုပ်ငန်းတွေကို ဆက်လုပ်မယ်''။

source:  : www.first-11.com

Friday, December 3, 2010

မျှော်လင့်ချက်နဲ့ လာခဲ့တဲ့ ခရီးကြမ်း

နယူးဒေလီ (မဇ္ဈိမ)။     ။ HIV နဲ့ အတူနေသူ အသက် ၄ဝ နှစ်အရွယ် ဒေါ်မိငယ် (အမည်ရင်းမဟုတ်) က “ဆေးမကုသနိုင်ဘဲ မြန်မာပြည်နေတုန်းက တအား စိတ်ဓာတ်ကျတယ်၊ စိတ်ဆင်းရဲတယ်။ ဒါပေမဲ့ ဒီရောက်ပြီး ဆေးကုသနိုင်တော့ ကိုယ့်ကိုယ်ကို အားတက်လာတယ်။ မျှော်လင့်ချက်လည်း ရှိလာတယ်’’ လို့ ပြောပါတယ်။

သူဟာ ကလေးနှစ်ယောက် မိခင်ပါ။ စစ်ကိုင်းတိုင်း ကလေးမြို့မှာ နေရင်းကနေ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲက Churachandpur မြို့မှာ အခမဲ့ ပြုစုစောင့်ရှောက်နေတဲ့ Happiness အမည်ရ အိမ်လေးဆီ ရောက်လာသူပါ။

တရက်မှာ ကလေးမြို့က ထွက်၊ တမူးမှာ တညအိပ်ပြီးနောက် နယ်ခြားတဖက် မိုရေးမြို့ကနေ Happiness ရှိရာ Churachandpur ဆီ ခရီးဆက်ခဲ့ပါတော့တယ်။

“ကျမတို့အတွက် ART ဆေးစားရင်နေကောင်းမယ် ပေါ့နော်။ ကိုယ့်မှာ သားသမီးတွေ ရှိတယ်။ သားသမီးတွေက အသက်ငယ်သေးတယ်ဆိုတော့ သူတို့အတွက် မျှော်လင့်ချက်ရှိအောင် ဒီဆေးက မှန်မှန်စားဖို့ လိုတယ်။ ဆရာဝန်တွေကလည်း ညွှန်ကြားထားတယ်။ ဆေးကို မပြတ်အောင်စားပြီးမှ အချိန်နဲ့ မှန်မှန်စားရင် ဒီရောဂါက ဘာမှ ကြောက်စရာ မလိုဘူးဆိုပြီး ကျမတို့ကို အားပေးတယ်”

မဏိပူပြည်နယ်က စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို ထိစပ်နေတာ။ ဒီပြည်နယ်ထဲကမှ Churachandpur ကို ရောက်ဖို့ မိုရေးကနေ ၆ နာရီလောက် ကားစီးရတာ။ နိုင်ငံခြားသားမို့ အလွယ်တကူ ဖြတ်သန်းသွားလာခွင့် မပြုပါဘူး။

“စစ်သားတွေနဲ့ တွေ့ရင် မြန်မာပြည်က လူမှန်းသိရင် ပြန်ခိုင်းတယ်။ ပြန်ရင် လမ်းစရိတ်က ကားလက်မှတ်ဖြတ်ထားတဲ့ ၃၅ဝ က အလကားရှုံးတယ်။ မြန်မာနိုင်ငံသားအတွက် တအားအခက်အခဲရှိတယ်။ နေမကောင်းတဲ့ သူအတွက်တော့ မိုးလေးကနေ စထွက်ကတည်းက နှလုံးခုန်တွေတောင် တအားမြန်လွန်းလို့ တကယ်ကြောက်စရာကောင်းတယ်။ မိန်းကလေးအနေနဲ့ တအားပင်ပန်းတယ်။ စစ်သားတွေက မိန်းကလေးတွေကို တကိုယ်လုံး စစ်ဆေးရှာတာ။ တအား စိတ်ပင်ပန်းတာ”

Happiness မှာ ဒေါ်မိငယ်လိုပဲ HIV နဲ့ အတူနေသူတွေနဲ့ AIDS ဝေဒနာသည် မြန်မာနိုင်ငံသား ၅ဝ လောက်လောက် ရှိပါတယ်။ ဒီထဲကမှ ၁၅ ယောက်က ၁၃ နှစ်အောက် ဝေဒနာသည် ကလေးငယ်တွေပါ။ ဒါ့အပြင် နောက်ထပ် ၁ဝ ယောက်လောက်ကတော့ HIV/AIDS နဲ့ပဲ မိဘတွေက ဆုံးပါးသွားလို့ တွယ်ရာမဲ့ ကလေးတွေ။

ချင်းပြည်နယ် ဒေသတချို့အပြင် စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့နယ်ကနေ ရောက်လာသူက အများစုပါ။

’’ဒီကိုလာတဲ့ မြန်မာပြည်သား ဝေဒနာသည်တွေက အုတ်ခဲစက်ရုံမှာလည်း အလုပ်လုပ်တယ်။ နန့်ဖာလုံဈေးကနေ ငါးတို့၊ အဝတ်အထည်တို့ ယူရောင်းကြတဲ့လူလည်း ရှိတယ်။ ကောက်စိုက်တဲ့အချိန် ကောက်ဝင်စိုက်။ စပါးရိတ်ချိန်ကျတော့ စပါးရိတ်ပေါ့။ ကြုံရာကျပမ်း လုပ်ကြတာပါပဲ’’ လို့ HIV နဲ့ အတူနေသူဖြစ်တဲ့ ကိုစွမ်းမောင် (အမည်ရင်းမဟုတ်) က ရှင်းပြပါတယ်။

ကိုစွမ်းမောင်က စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းဒေသခံတယောက် ဖြစ်ပါတယ်။

’’ဒီမှာ ဆေးကုတာ တအားကောင်းပါတယ်။ ဆရာဝန်တွေလည်း ပြောစရာမလိုဘူး။ သူနာပြုတွေဆိုလည်း ဂရုစိုက်ကြတယ်။ ကျနော့်မှာ ဒီရောဂါရှိမှန်း သိတာက ၅ နှစ်ကျော်ပြီ’’

Happiness ဂေဟာက စောင့်ရှောက်မှုပေးနေတဲ့ ခရစ်ယာန် တရားဟောဆရာ Rama က “ဒီမှာ ဆေးကုရင် စစ်ဆေးတယ်၊ ဆေးစားတယ်၊ စာထုတ်တာနဲ့ အနည်းဆုံး ၆ လ နေရတယ်။ အခြေအနေ နည်းနည်းကောင်းလာရင် ၁ လ၊ ၂ လခြား ဆေးထုတ်လို့ ရတယ်ဆိုတော့ ပြန်သွားကြတယ်။ သူတို့ရဲ့ ဆေးတွေကို ရတဲ့အချိန်မှာ သွားထုတ်ပေးတယ်၊ သူတို့ရဲ့ နေရပ်ရင်းသို့ ပို့ပေးတယ်” လို့  ရှင်းပြပါတယ်။

Happiness ကို ကူညီနေတဲ့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ဝင် ဒေါ်သီတာဦးက “မြန်မာပြည်ကလာတဲ့ သူတွေက တည်းစရာခိုစရာလည်း မရှိဘူး။ အဲဒါကို တရားဟောဆရာက သူ့ရဲ့ နေအလွတ်မှာ ဖြစ်သလိုလေး ဆောက်ပေးတယ်။ အခုတော့ မဆိုးပါဘူး၊ Happiness ကို ကူညီသူတွေများလို့ ကောင်းကောင်းမွန်မွန် နေလို့ရတယ်” လို့ ပြောပါတယ်။

“လူမျိုးတွေကတော့ ချင်းတိုင်းရင်းသားတွေ များတယ်။ ဗမာတွေကတော့ ဒီဘက်လာရတာ စကားလည်း မတတ်၊ ကြောက်တာနဲ့ သိပ်မလာရဲကြသေးဘူး”

ပုဂ္ဂလိက စေတနာရှင်တွေကလည်း လှူတန်းတာတွေရှိပါတယ်။ အလှူငွေ၊ ဆန်၊ ဆီ ရိက္ခာတွေ၊ အဝတ်အစား၊ တခါသုံးအပ်တွေကိုပေါ့။ ၁၃ နှစ်အောက် ကလေးငယ်တွေကို ပညာသင်ပေးတာရှိတော့ စာရေးကိရိယာတွေ ပေးလှူပါသေးတယ်။ ဝေဒနာသည်တချို့ကလည်း လက်မှုလုပ်ငန်းတွေနဲ့ တဖက်တလမ်းကနေ ဝင်ငွေရှာပါသေးတယ်။ ဒါ့အပြင် Churachandpur ဆေးရုံနဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF ကလည်း ဆေးဝါးထောက်ပံ့ပါတယ်။

မြန်မာဘက်ခြမ်းကနေ ART ဆေးကို တလတကြိမ်ဆိုသလို လာယူသူတွေရှိသလို၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ၂ လ၊ ၃ လ တကြိမ်မျိုး လာထုတ်သူတွေလည်း ရှိပါတယ်။

ဒီကနေ့လို ကမ္ဘာ့ AIDS နေ့မျိုးဆို ဟောပြောပွဲရှိတတ်လို့ မြန်မာနယ်စပ်နေ ဒေသခံတွေ လာနားထောင်တတ်ပါတယ်။

ရဲဌာန၊ ခရိုင်ကော်မရှင်ရုံးနဲ့ ဥပဒေထိန်းချုပ်ရေး အရာရှိရုံး တာဝန်ရှိသူတွေ၊ ဆရာဝန်တွေနဲ့ ဆေးရုံဝန်ထမ်းတွေ၊ အစိုးရမဟုတ်တဲ့ NGO တွေ၊ ခရစ်ယာန်အသင်းတော် လူကြီးတွေ၊ Happiness ဝေဒနာသည်တွေ အပါအဝင်နဲ့ လူပေါင်း ၁ဝဝဝ လောက်ဟာ ကသည်းလူငယ်အသင်း ဌာနချုပ် ခန်းမမှာ ဒီကနေ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ဟောပြောပွဲနဲ့ ပညာပေး အစီအစဉ်တွေ ကျင်းပခဲ့ပါတယ်။

မဏိပူပြည်နယ်မှ မဟုတ်ပါဘူး။ HIV/AIDS ဝေဒနာသည်တွေကို လူသားချင်းစာနာတဲ့ စောင့်ရှောက်မှုကို မီဇိုရမ် ပြည်နယ်မှာပါ ပေးနေတာပါ။

“အခု အိုက်ဇော (ပြည်နယ်မြို့တော်) ပြည်သူ့ဆေးရုံမှာ (အောအာရ်တီ) ဆေးဝါးတွေကို အခမဲ့ပေးနေပါတယ်။ ဗမာပြည်သားတွေလည်း ရတယ်။ လူမျိုးရေး မခွဲခြားဘူး။  ရောဂါရှိရင် ဘယ်လိုဆေးဝါးယူရမယ်ဆိုတာကို ပြောတယ်” လို့ ကျန်းမာရေးလုပ်သား မမီးမီးက မဇ္ဈိမကို ပြောပြပါတယ်။

CHURACHANDPUR သည် မဏိပူပြည်နယ် မြို့တော်အင်ဖား၏ အရှေ့တောင်ဘက် ကီလိုမီတာ ၇ဝ (၄၃ မိုင်ကျော်) တွင် တည်ရှိသည်။
ဒါပေမယ့် မြန်မာပြည်သားတွေနဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးတဲ့ အသင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ရန်ပုံငွေ ပြတ်လပ်လာလို့ ရပ်ဆိုင်းလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“အရင်ကတော့ အိုင်ဇောမှာ စနေအသင်းရယ်၊ ဒွတ်တလန်း ဆေးရုံနဲ့ ဘာသာရေးအသင်းတွေ ရှိတယ်။ သူတို့ကနေ HIV ကူးစက်ခံရတဲ့ လူနာတွေကို အခမဲ့ ကုပေးတယ်။ စနေအသင်းမှာဆိုရင် လူနာတွေအတွက် သီးသန့်ဆေးခန်း ရှိခဲ့တယ်။ အခု ဘတ်ဂျက်တွေ မရှိတာကြောင့် ရပ်သွားပြီ။ ပညာပေး အဖွဲ့တွေလောက်ပဲ ရှိတော့တယ်” ဟု မမီးမီးက ပြောပါတယ်။

မီဇိုရမ်ပြည်နယ် AIDS ထိန်းချုပ်ရေးအဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ဖော်ပြချက်အရ လူဦးရေ ၃၃၃၃ ကို သွေးစစ်ကြည့်ရာမှာ ၉၄ ယောက်ဟာ HIV နဲ့ နေထိုင်သူ၊ ၁၆ ယောက်က AIDS ရှိသူအဖြစ် တွေ့ရှိထားပါတယ်။

’’ပြည်တွင်းထဲမှာ ပိုက်ဆံမရှိလို့ မကုသနိုင်တဲ့လူတွေ အများကြီးရှိနေပါတယ်။ အဲဒီအကြောင်းပြောရင် ဝမ်းနည်းလွန်းလို့ ကြက်သီးတောင် ထမိတယ်။ ပိုက်ဆံမရှိဘဲနဲ့ ဒီကိုလာတာ။ တပတ်နှစ်ပတ်လောက် အလုပ်လုပ်ပြီး ဆေးကုတယ်။ ကိုယ်ထူကိုယ်ထ ဝမ်းစာရှာပြီး ဆေးကုရတာပေါ့နော်။ အခုဆို ဆောင်းတွင်းဝင်ပြီ။ အနွေးထည်တွေ၊ စောင်တွေမရှိတဲ့ ဝေဒနာသည်တွေ အများကြီးရှိတယ်’’ လို့ ကိုစွမ်းမောင်က လတ်တလော လိုအပ်ချက်ကို ဆိုလာပါတယ်။

ဒေါ်မိငယ်ကတော့ “ကျမတို့လို့ မြန်မာပြည်ထဲမှာ ရောဂါသည်တွေ အများကြီးရှိတယ်။ ကိုယ့်နယ်မှာ ဒီလိုမျိုးရှိရင် ရောဂါသည်တွေအတွက် သိပ်ကောင်းမှာ။ လူဆိုတာ တနေ့နေ့ သေမယ့်လူတွေကြီးပဲ။ ဒီကမ္ဘာမှာ ဘယ်သူမှ မသေမယ့်လူ မရှိဘူး။ ဒါပေမဲ့ ဒီရောဂါက အချိန်မှန်၊ စနစ်တကျနဲ့ မျှော်လင့်ချက်ရှိအောင် ကုသနိုင်ရင်တော့ သိပ်ကောင်းမှာပဲလို့ မြန်မာပြည်က လူတွေအတွက် တွေးမိတယ်” လို့ ပြောရင်း အသံတိုးဝင်သွားပါတော့တယ်။


HIV/AIDS
HIV ဆိုသည်မှာ Human Immunodeficiency Virus ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပြီး AIDS ဆိုသည်မှာ HIV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါလက္ခဏာ စု (Acquired Immuno-Deficiency Syndrome) ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းရဲ့ အစောပိုင်းရောဂါ လက္ခဏာတွေက ကူးစက်သူ အများစုမှာတော့ ခံစားရလိမ့် မရှိတတ်ပါဘူး။ တချို့တလေမှာတော့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံရပြီး ၃ ပတ်ကနေ ၆ ပတ် အတွင်းမှာ တုပ်ကွေးရောဂါနဲ့ ပုံစံတူတဲ့ ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဲဒါကိုတော့ Acute HIV Syndrome လို့ ခေါ်ပါတယ်။

သူရဲ့လက္ခဏာ တွေကတော့
၁)ကိုယ်ပူခြင်း၊
၂) ခေါင်းကိုက်ခြင်း၊
၃) လူနုံးနေတတ်ခြင်း၊
၎) ပျို့အန်ခြင်း
၅) ဝမ်းလျောခြင်း၊
၆) လည်ပင်း ချိုင်း ၊ပေါင်ခြံ တို့တွင် အကျိတ်များ ကြီးခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။
အေအိုင်ဒီအက်စ် ရောဂါရဲ့ အဓိက လက္ခဏာများ
၁) မိမိရှိရင်း ကိုယ်အလေးချိန်ရဲ့ ၁ဝ% ထက်ပိုပြီး လျော့ကျသွားခြင်း (ဥပမာ။ ။ အစက ကိုယ်အလေးချိန် ပေါင် ၁ဝဝ ရှိတဲ့သူက အခု ပေါင် ၉ဝ အောက်ကို လျော့နည်း သွား ခြင်း)
၂) တလထက် ပိုပြီး ဆက်တိုက် ဝမ်းလျှောခြင်း
၃) တလထက်ပိုပြီး အဖျားဆက်တိုက်တက်ခြင်း (ကိုယ်ပူနေခြင်း) တို့ ဖြစ်ပါတယ်။
အေအိုင်ဒီအက်စ် သာမညလက္ခဏာများး
၁) တလထက်ပိုပြီး ချောင်းဆိုးနေခြင်း
၂) ခန္ဓာကိုယ်အနှံ့ ရေယုန်များ (ဆင်ရေယုံများ) ပေါက်နေခြင်း၊
၃) အကျိတ်များ တကိုယ်လုံး အနှံ့အပြား ထွက်နေခြင်း
၎) လျှာ ၊ ပါးစပ် လည်ချောင်း ထဲတွင် မှက္ခရု များ ထွက်နေခြင်း
၅) တကိုယ်လုံး အရေပြား ယားယံ ယောင်ရမ်းခြင်း
၆) အရေပြား ပေါ်နှင့် အရေပြား အောက် ၊ပါးစပ် နှာခေါင်း အတွင်း တို့တွင် အနီရောင် ၊အညိုရောင် ၊ပန်းရောင် ၊ ခရမ်းရောင် စတဲ့ အစက် များ ပေါ်နေခြင်း
၇) မှတ်ဥာဏ် ချို့ယွင်းအားနည်း လာခြင်း ၊ စိတ်ဓာတ် ကျဆင်းခြင်း နှင့် အခြားသော ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားရခြင်း စသည်တို့ တို့ဖြစ်ပါတယ်။
ရောဂါကူးစက်နည်းများ
HIV ရောဂါပိုးဟာ သွေး၊ သုက်ရည်နဲ့ မိန်းမအင်္ဂါကနေထွက်တဲ့ အရည်တွေထဲမှာ ပမာဏများများ နေကြပါတယ်။ တံတွေး၊ မျက်ရည်၊ နို့ရည်၊ ကျဉ်ငယ်ရည်တွေ ထဲမှာလည်း ပမာဏ အနည်းငယ် ပါတတ်ပါတယ်။ ဒါပေမယ့် တံတွေးတို့ မျက်ရည်တို့ကနေ ရောဂါကူးတဲ့နှုန်းက မကူးစက်သလောက် နည်းပါတယ်။ ကူးစက်တာလည်း မတွေ့ရပါဘူး။ AIDS ရောဂါ ကူးစက်ပုံ ကတော့ အမျိုးမျိုး ရှိပါတယ်။
၁။ လိင်မှတဆင့်ကူးဆက်ခြင်း (Sexual Transmission)
- လိင်တူဆက်ဆံခြင်း homosexual
- လိင်ကွဲဆက်ဆံခြင်း heterosexual
- လိင်ဆက်ဆံတဲ့ အဖော်များလေကူးစက်ဖို့ ရာခိုင်နှုန်းပိုများလေ ဖြစ်ပါတယ်။
- တစ်ခြား လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ (Syphilis, Gonorrhoea, Herpes) နဂိုကတည်းက ရှိနေတာက HIV ပိုးကူးစက်ဖို့ အန္တရာယ်ပိုများစေပါတယ်။ - ရောဂါလက္ခဏာမပြသေးတဲ့ HIV positive တွေဆီကလည်း ရောဂါကူးစက်နိုင်ပါတယ်။
၂။ Parenteral Transmission
- မသန့်ရှင်းတဲ့၊ ရောဂါပိုးပါတဲ့ သွေးသွင်းမိခြင်း
- မသန့်ရှင်းတဲ့၊ ပိုးသေချာမသတ်ထားတဲ့ အပ်၊ ခွဲစိတ်ကိရိယာတွေကို သုံးစွဲမိခြင်း (ကျန်းမာရေး ဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ရောဂါကူးစက်ခံရတာ ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်)
- ဆေးသမားတွေ ရောဂါကူးကြရတာဟာလည်း ဒီ အပ်တွေကို မျှဝေသုံးကြလို့ပဲဖြစ်ပါတယ်။
- သွားတိုက်တံတွေ ၊ ဘလိတ်ဓားတွေ မျှဝေသုံးစွဲရင်လည်း ကူးနိုင်တာကိုလည်း သတိပြုပါ။
၃။ မိခင်မှ ကလေးကိုကူးစက်ခြင်း (Trans-placental Transmission) (Vertical Transmission)
- အမေမှာရောဂါရှိရင် ၁၃% ကနေ ၄ဝ% အထိကလေးကို ကူးနိုင်ခြေရှိပါတယ်။
- ကလေးမွေးနေတုန်း ဒါမှမဟုတ် နို့တိုက်ရင်းကနေ ကူးနိုင်ပါတယ်။ (ဒါပေမယ့် ချွင်းချက်တော့ရှိပါတယ်။

HIV ပိုးဟာ ဒီလိုနည်းတွေနဲ့ ကူးနိုင်တယ်ဆိုပေမယ့် ကူးစက်ဖို့ ဟာ တစ်ခြားရောဂါပိုးတွေလောက် မလွယ်ကူပါဘူး။ ဥပမာ Hepatitis B အသည်းရောင်အသားဝါ B ပိုးဟာ ပိုးအကောင်ရေ နည်းနည်းလေးဝင်သွားတာနဲ့ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။

ဒါပေမယ့် HIV ပိုးဟာ ကူးစက်ပြီးရောဂါပေးဖို့ ပိုးကောင်ရေအများကြီး လိုအပ်ပါတယ်။ ကိုယ်ခန္ဓာ ထဲကိုပိုးကောင်ရေ အများအပြားဝင်သွားမှ ရောဂါပေးတာပါ။ သတ်မှတ်ထားတဲ့ ပိုးအရေအတွက် အောက် လျော့ဝင်သွားရင် ရောဂါမကူးဘူးလို့ ဆိုရမှာပေါ့။ ဒါကြောင့် HIV ပိုးဟာ လွယ်လွယ်နဲ့ မကူးစက်နိုင်တဲ့ ပိုးမျိုးဖြစ်ပါတယ်။)
၃။ကာကွယ်ခြင်း နှင့် ကုသခြင်း
ကာကွယ်ဆေးကတော့ မပေါ်ပေါက်သေးပါဘူး။ ဘာလို့လဲဆိုတော့ HIV ပိုးမှာပါတဲ့ gene တွေဟာ mutation (gene တွေ ပုံပြောင်းတာ) ဖြစ်တာမြန်ပါတယ်။ ဆေးတွေကလည်းပြောင်းတဲ့ gene ပေါ်လိုက်ပြီး မတီထွင်နိုင်တဲ့အတွက် ကာကွယ်ဆေးကို အောင်မြင်အောင် မထုတ်နိုင် သေးပါ။ ကိုယ်ဝန် ဆောင်မိခင်ကနေ ကလေးဆီကို မကူးအောင် ကာကွယ်နိုင်တဲ့ ဆေးတွေတော့ ရှိတယ်။ ၁ဝဝ%တော့ မကာကွယ်နိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ၁၄ ပတ် ကိုယ်ဝန်ကနေ စပြီး မွေးတဲ့ အချိန်အထိ Zidovudine ဆိုတဲ့ ဆေးကို တစ်နေ့ကို 600mg သောက်ပေးရပါမယ်။ မွေးနေတဲ့ အချိန်မှာလည်း ဒီဆေး 2mg/kg ကို အကြောဆေး ထိုးပေးရပါမယ်။ အဲဒီနောက် 1mg/kg ကို မမွေးမချင်း အချိန်အပိုင်းအခြားတစ်ခု ထားပြီး ထိုးပေးရပါမယ်။

မွေးလာတဲ့ ကလေးကိုလည်း ဆေးတွေ ထိုးရ၊ တိုက်ရဦးမှာပါ။ သိပ်တော့မလွယ်လှတဲ့ အလုပ်တစ်ခုပါ။ အမေရော ကလေးပါ ဆေးဒဏ်ခံရမှာပါ။ ဒီလိုသောက်ထားတာတောင်မှ ကလေးကို ကူးစက် နိုင်ခြေက ၉% ပဲလျော့တာပါ။ နောက်တစ်ခုက တီဗွီက ကြေညာတဲ့အတိုင်း ပြန်ပြောပါမယ်။ လိင်ကိစ္စကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ မရှောင်နိုင်ရင် condom ကို စနစ်တကျသုံးပါ။ ကိုယ့်ရဲ့ ဇနီး/ခင်ပွန်းကို သစ္စာရှိကြပါ။ အားလုံးပဲဒီအချက်တွေကို ရှောင်နိုင်ကြမယ် ထင်ပါတယ်။

Score - ဒေါက်တာသိန်းဝင်း - ခုခံအားကျဆင်းသော ရောဂါ (HIV/AIDS)
http://www.drwinthein.com/2009/10/hiv-aids.html
HIV နှင့် ပတ်သက်သည့် သိသင့်သည့်အချက်များ (၂) - Myanmar Homosexual society
http://www.myanmargay.socialgo.com/magazine
မက်ပ်ဖောင်ဒေးရှင်းမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်များ

ဒေါ်စုနဲ့ အကျိုးရှိမယ့် ဆွေးနွေးမှု ပြုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် မျှော်လင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီရေး ဖော်ဆောင်ရာမှာ ထိုင်းအစိုးရ အနေနဲ့ မြန်မာစစ်အစိုးရနဲ့တင် မဟုတ်ဘဲ သူတို့နဲ့ပါ ထိတွေ့ ဆက်ဆံသွားဖို့ ပြောဆိုခဲ့ပြီးနောက်မှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကို ဒေါ်အောင်ဆန်းစုကြည်က မကြာခင်မှာ တယ်လီဖုန်းကနေ တဆင့် စကားပြောဆိုဖို့ ရှိတယ်လို့ ထိုင်းပြောခွင့်ရပုဂ္ဂိုလ်က ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံဟာ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်း တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှာ တိုးတက်တဲ့ အရိပ်လက္ခဏာတွေကို ထိုင်းနိုင်ငံ အနေနဲ့ ဆက်လက် မြင်တွေ့လိုပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ Thai-Asean News Network နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းတခုမှာ ထိုင်းအစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ဖော်ဆောင်တဲ့ နေရာမှာ လက်ရှိ အုပ်ချုပ်နေတဲ့ မြန်မာစစ်အစိုးရနဲ့တင် မဟုတ်ဘဲ တိုင်းပြည်မှာ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေဖြစ်တဲ့ သူမတို့နဲ့ပါ ထိတွေ့ဆက်ဆံဖို့ကို ပြောဆိုခဲ့ပါတယ်။

အဲဒီလို ပြောဆိုခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ တယ်လီဖုန်း ခေါ်ကောင်း ခေါ်လိမ့်မယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ရုံးကို အကြောင်းကြားထားကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ၀ပ်ထနာယာဂွန် (Panitan Wattanayagorn) က ပြောပါတယ်။ ဒါကြောင့် ထိုင်းအစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးရှိမယ့် ဆွေးနွေးမှုမျိုးတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ပန်နိတန်က အခုလို ပြောခဲ့ပါတယ်။

“သိပ်မကြာခင် တချိန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်း ခေါ်ကောင်းခေါ်လိမ့်မယ်လို့ ကျနော်တို့ ၀န်ကြီးချုပ်ရုံးကို အကြောင်းကြားထားပါတယ်။ ကျနော်တို့ ၀န်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးရှိမယ့် ဆွေးနွေးပြောဆိုမှုမျိုးတွေ လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။ မနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌ အနေနဲ့ ၀န်ကြီးချုပ် အဘီဆစ်က မြန်မာပြည်သူတွေ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ဦးတည်တဲ့ လုပ်ရပ်တွေ လုပ်ဖို့ အသင်းရဲ့ ရပ်တည်ချက်ကိုလည်း ထောက်ခံခဲ့တာပါ။

“ကျနော်တို့ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ ရှေ့တိုး ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့က လေးစား လက်ခံပါတယ်။ မြန်မာပြည်တွင်း ပြဿနာတွေကို မြန်မာနိုင်ငံသားတွေကပဲ ဦးဆောင် ဖြေရှင်းရပါလိမ့်မယ်။ ဒါပေမဲ့ မကြာခင်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် ဖလှယ်မှုတွေကလည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ အာဆီယံ အသင်းကြီးနဲ့အတူ ဒီမိုကရေစီရေး ထောက်ခံမှုတွေ အမြဲတမ်း လုပ်ဆောင်နေတဲ့ နိုင်ငံတခု ဖြစ်တဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှု မှန်သမျှကို အားပေး ထောက်ခံသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ပန်နိတန်က အခုလို ပြောခဲ့ပါသေးတယ်။

“ထိုင်းနိုင်ငံဟာ ပွင့်လင်းလွတ်လပ်တဲ့ တိုင်းပြည်ပါ။ ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်စေမယ့် လုပ်ရပ်မှန်သမျှကို ထိုင်းအစိုးရက ထောက်ခံပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထိုင်းနိုင်ငံက အားပေးထောက်ခံတယ် ဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆောင်ရွက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေကို ကြည့်နိုင်သလို တဘက်မှာလည်း မူရင်း တိုင်းပြည်တွေ၊ အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေရဲ့ အခွင့်အရေးကိုလည်း လေးစား လိုက်နာရပါတယ်။ ဒီ ၂ ခုကြားမှာ မျှတအောင် ဆောင်ရွက်နိုင်ဖို့လည်း ကျနော်တို့ ကြိုးစားနေပြီး ရှေ့လျှောက် မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ တွေ့ရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

တခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Thai-Asean News Network နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာပဲ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေအပေါ် ထိုင်းနိုင်ငံ အနေနဲ့ သနားကြင်နာစိတ် ထားဖို့ ပြောဆိုခဲ့ပါတယ်။ ဒီအပေါ်မှာလည်း မစ္စတာ ပန်နိတန်က …

“ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံဟာ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ နှစ်စဉ် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမား အရေအတွက်ဟာ သန်းနဲ့ချီရှိပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပါအ၀င် ဒီလူတွေ အားလုံးကိုလည်း တရားဝင် ရပ်တည် အလုပ်လုပ်ခွင့်ရအောင် ထိုင်းနိုင်ငံက အလုပ်သမား မှတ်ပုံတင်တွေ ထုတ်ပေးနေတာပါ။ မှတ်ပုံတင် လုပ်ဖို့ကိုလည်း သူတို့ကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။”

လက်ရှိ ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ် ထိုင်းအစိုးရက တောက်လျှောက် စောင့်ကြည့်နေပြီး အဲ့ဒီမှာရှိတဲ့ အစိုးရရုံးတွေကနေလည်း နေ့စဉ် အစီရင်ခံစာတွေ ပေးပို့နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီစစ်ပွဲအတွင်း ထွက်ပြေးလာကြတဲ့ စစ်ပြေး ဒုက္ခသည်တွေကိုလည်း ထိုင်းအစိုးရက ကောင်းကောင်းမွန်မွန် လက်ခံထားပြီး ဒီတိုက်ပွဲ အခြေအနေတွေ တည်ငြိမ် အေးဆေးသွားတဲ့အခါ သူတို့အားလုံးကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်တယ်လို့လည်း မစ္စတာ ပန်နိတန်က ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းကလည်း မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာမျိုးလို တိုးတက်မှု လက္ခဏာတချို့ကို မြင်တွေ့ခဲ့ပါတယ်။ ဒီလိုပဲ ရှေ့လျှောက် တိုးတက်မှု ရှိမယ်လို့လည်း ထိုင်းအစိုးရ အနေနဲ့ မျှော်လင့်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးပြောဆို သွားကြတာကသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်မယ်လို့ ယူဆကြောင်းလည်း ထိုင်းပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ၀ပ်ထနာယာဂွန်က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ရင်းမြစ်။ ။  VOA

Thursday, December 2, 2010

ရွေးကောက်ပွဲပြီးသော်လည်း မြန်မာများ ထိုင်းနယ်စပ်မှာ ခိုလှုံရာရှာနေရဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး မရတဲ့အပြင် မြန်မာပြည်သူတွေဟာ မကြာခင်က ဖြစ်ခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရင်း ခိုလှုံစရာ အမိုးအကာ ရှာဖွေနေရဆဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် နယ်စပ်ဒုက္ခသည် ကူညီရေး TBBC အဖွဲ့က ဒီဇင်ဘာ ၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ် ။

(Photo: AFP)
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က ယာယီ တဲစခန်းများတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
DKBA တပ်ဖွဲ့နဲ့ စစ်အစိုးရတပ်ကြား တလောက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ဒုက္ခသည် နှစ်သောင်းကျော် ထွက်ပြေးလာခဲ့ရပြီး ၊ အဲဒီထဲက ဒုက္ခသည် ၈၀၀ မှ ၁၀၀၀ နီးပါးဟာ အခုချိန်ထိ လုံခြုံစိတ်ချရမဲ့ ခိုလှုံစရာ နေရာကို ရှာဖွေနေဆဲဖြစ်တယ်လို့ TBBCအဖွဲ့က ဆိုပါတယ် ။
အဲဒီဒုက္ခသည်တွေဟာ မွန်ပြည်နယ် ဘုရားသုံးဆူဒေသနဲ့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ထဲက နေရာအမျိုးမျိုးမှာ ခိုလှုံစရာ ရှာဖွေနေကြတာ ဖြစ်ကြောင်း သိရပါတယ်။
နယ်စပ်အခြေအနေဟာ ရွေးကောက်ပွဲမတိုင်ခင်ထက် ပိုပြီး မတည်မငြိမ် ဖြစ်နေတယ်လို့ ပြောနိုင်ကြောင်း TBBCအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး Ms. Sally Thompson က RFA ကို ပြောပါတယ် ။ လတ်တလော ထိုင်း-မြန်မာ နယ်စပ်အခြေအနေဟာ တည်ငြိမ်မှု လုံးဝမရှိဘူးလို့ ထင်ပါတယ် ၊ ဒီလိုအခြေအနေတွေ ဖြစ်နေရတာဟာ စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေး ဆောင်ရွက်နေတဲ့အပေါ် မူတည်ပြီး ဖြစ်လာတယ် ထင်ပါတယ်လို့ Ms. Thompson ပြောဆိုသွားပါတယ်။
လက်ရှိ အခြေအနေမှာတော့ TBBC အဖွဲ့နဲ့ UNHCR အဖွဲ့တို့ ပူးပေါင်းပြီး စစ်ပြေးဒုက္ခသည်တွေအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ သောက်ရေသန့် ၊ အမိုးအကာ ရွက်ဖျင် ၊ စောင်နဲ့ ခြင်ထောင် ၊ အရေးပေါ်ဆေးဝါး စတာတွေကို ကူညီနေရကြောင်း သိရပါတယ် ။

ရင်းမြစ်။ ။RFA

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကြောင့် ဘဏ်က ငွေမချေး

စစ်အစိုးရ၏ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် အင်းဝဘဏ်လီမိတက်က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ မိသားစုကို ငွေထုတ်မချေးတော့ကြောင်း သတင်းရရှိသည်။

မကြာသေးမီ လပိုင်းအတွင်းက သခင်သိန်းဖေ၏ မိသားစုဝင်များသည် လုပ်ငန်းအတွက် ငွေချေးရန် နေအိမ်ပိုင်ဆိုင်မှု အထောက်အထားများ၊ မရမ်းကုန်းမြို့နယ်ရှိ ကြိုးထုတ်လုပ်သည့် စက်ရုံပိုင်ဆိုင်မှု အထောက်အထားများဖြင့် အင်းဝဘဏ်လီမီတက်တွင် ငွေကျပ်သိန်း ၂၀၀ ချေးငှားရန် တင်ပြခဲ့ကြောင်း၊ ဘဏ်မှ တာဝန်ရှိ စစ်အရာရှိများက နေအိမ်နှင့် စက်ရုံကို လာရောက်စစ်ဆေးရာ စက်ရုံရုံးခန်းအတွင်း ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို စစ်အရာရှိများက မြင်တွေ့သွားပြီး ချေးငွေ ယူမည်ဆိုပါက ဓာတ်ပုံကို ဖြုတ်ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သခင်သိန်းဖေနှင့် နီးစပ်သူ နိုင်ငံရေးသမားတဦးက ရှင်းပြသည်။

“ကျနော်က ၂၀၀၅ ခုနှစ် ထောင်ကလွတ်တော့ နေစရာမရှိလို့ သခင်သိန်းဖေအိမ်မှာ နေဖြစ်တော့ အိမ်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို သိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖြုတ်မပေးလို့ ချေးငွေ သိန်း ၂၀၀ မရခဲ့ဘူး။ ရုံးခန်းက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံက သိန်း ၂၀၀ တန်ဓာတ်ပုံ အလိုလိုနေရင်း ဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် သခင်သိန်းဖေ မိသားစု ချေးငွေ မရရှိခဲ့သည့် အကြောင်းကို သခင်သိန်းဖေ၏ နေအိမ်တွင် ယနေ့ ကျင်းပပြုလုပ်သော နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် အဆိုပါ နိုင်ငံရေးသမားက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သခင်သိန်းဖေ၏ မိသားစုဝင်များက ချေးငွေမရပါကလည်း ကိစ္စမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖြုတ်ပေးမည်မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

သခင်သိန်းဖေအိမ်တွင် ကျင်းပပြုလုပ်သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ပါတီဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ သတင်းမီဒီယာများ၊ နိုင်ငံရေးသမားများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး အရပ်ဝတ် ရဲသတင်းပေးများ၊ ရဲများက အိမ်တွင်းသို့ ၀င်ရောက် ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သည်။

ရင်းမြစ်။ ။ဧရာဝတီ

Wednesday, December 1, 2010

ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။
Daw_Su_and_His_Son_at_BG_market
ယနေ့တွင် သားဖြစ်သူ ကင်မ် အဲရစ္စနှင့်အတူ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Getty Images)
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို အတွေးအခေါ်သမား ၁၀၀ အနက် အဆင့် ၇၅ တွင် ထည့်သွင်းဖော်ပြထားသည်။

ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းကြီးသို့ ဗီဒီယိုမှတဆင့် ဂုဏ်ပြု အမှတ်တရ ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူနေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ကမ္ဘာကြီးသည် ပြောင်းလဲလာကြောင်းနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ပြောသွားသည်။

ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ကျမဘဝဟာ ကာလအပိုင်းအခြား နှစ်ခုအတွင်း ကျင်လည်နေခဲ့ပါတယ်။ တွေးတောပြီး အပြန်ပြန်အလှန်လှန် သုံးသပ်ခြင်း ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ လုပ်စရာတွေ များလွန်းလို့ ပြေးလွှားနေတဲ့ အတွေးတွေကို ဆုပ်ကိုင်ဖို့ အချိန်မရနိုင်တဲ့ ကာလအပိုင်းအခြားပါပဲ” ဟု ဆိုသည်။

“ဒါပေမယ့် ဒီနှစ်တွေထဲမှာ အတွေးတခု ဝင်နေတာက ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် တိုးတက်မှုတခုရဖို့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ဆောင်ကြရမယ် ဆိုတာပါပဲ။ ဒါက လူသားဖြစ်တည်မှုနဲ့အတူ မွေးဖွားလာတဲ့ အတွေးအခေါ်ပါ။ အများနဲ့ လုပ်တာ အကျိုးရှိပါတယ်။ တဦးကိုတဦး ကူညီရိုင်းပင်းကြဖို့ ကြိုးစားကြရပါမယ်။ ဒါဟာ ဘယ်တော့မှ အိုမင်းဟောင်းနွမ်းသွားမယ့် အတွေးအခေါ် မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြောင်းလဲနေသော အခြေအနေသစ်ကို တွေ့ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျမကို လာရောက် အားပေးသူတွေ၊ နှုတ်ဆက်ဖို့ လာတဲ့ သူတွေနဲ့ ကျမတို့ လုပ်ဆောင်နေတာကို ဆက်လက်ယုံကြည်ကြောင်း ပြသသူတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာက ကျမ အလုပ် တွဲလုပ်ခဲ့ဖူးသူတွေထက် ပိုပြီး ငယ်ရွယ်နေကြပါတယ်။ တကယ့်ကို မျိုးဆက်သစ်တွေပါ။ မျိုးဆက်သစ်ပေါင်း များစွာလို့ ကျမပြောပါရစေ။ ကျမတို့နဲ့ ပူးပေါင်းလာတယ်။ တကယ့်ကို နုပျိုနေတဲ့ ကမ္ဘာသစ်ပါပဲ” ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တချိန်တည်းတွင် ထိုလူငယ်မျိုးဆက်များသည် သတင်းနည်းပညာ တော်လှန်ရေးသစ်၌ ပို၍ အကျွမ်းတဝင်ဖြစ်နေသည့် ထူးသည့် ကမ္ဘာသစ်ဖြစ်ကြောင်း၊ သူ့ကို ပျော်ရွှင်စေ၊ အားတက်စေ၊ လန်းဆန်းစေခဲ့ကြောင်း၊ သတင်းနည်းပညာသည် ကွဲပြားသည့် လူအမျိုးမျိုး၊ ကွဲပြားသည့် မျိုးဆက်များကြားတွင် ပိုမိုကောင်းမွန်သော ကူးလူးဆက်ဆံမှုကို ဖြစ်ပေါ်စေကြောင်း သုံးသပ် ပြောကြားသွားသည်။ 

“ကမ္ဘာကို ထိပ်တန်း အတွေးအခေါ်သမားအဖြစ် ဘာတွေ ပြောပေးနိုင်မယ်ဆိုတာ မသိပါဘူး။ ပြောနိုင်တာကတော့ ကျမဟာ ပြန်လည်မျှဝေပေးဖို့၊ အတွေးအခေါ်သစ်တွေ သင်ယူဖို့၊ လူငယ်တွေဆီက သင်ယူလေ့လာဖို့၊ ကျမ အကျယ်ချုပ်ကျခံနေရတဲ့ ကာလအတွင်း ဖြတ်သန်းခဲ့သူတွေဆီကနေ ဘာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို သင်ယူဖို့၊ ထပ်ဆောင်း ဆင်ခြင်မှုတွေကို သင်ယူဖို့ အသင့်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆင်ခြင်တွေးခေါ်ခြင်းသည် ပြီးဆုံးသည်၊ အဆုံးသတ်သွားသည်ဟူ၍ မရှိကြောင်း၊ ဤသည်မှာပင် စိတ်ဓာတ်နှင့် နှလုံးသား၏ အဆုံးမရှိ ခရီးဆက်နေသော လူ့သဘာဝ၏ အလှတရားဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အုပ်စိုးမှုအပြောင်းအလဲထက် “အရည်အသွေး တန်ဖိုး အပြောင်းအလဲ” အတွက် ရှေရှည်ပြုပြင်ပြောင်းလဲမှုကို ဆော်သြခဲ့ကြောင်း Foreign Policy မဂ္ဂဇင်းကြီးက ရေးသားထားသည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) က လုပ်စရာရှိတာတွေ စလုပ်နေပါပြီ။ သူ့ရဲ့ ပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဆက်လက် ရပ်တည်ရေးအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်တယ်၊ မကြာသေးမီက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ကတိပြုတယ်။ လွတ်လွတ်ချင်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ 'ကျမတို့ လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်' ဆိုတဲ့အတိုင်းပါပဲ” ဟု  Foreign Policy မဂ္ဂဇင်းကြီးက မှတ်ချက်ပေးထားသည်။

ကမ္ဘာ့ အတွေးအခေါ်သမား ၁၀၀ အနက် ထိပ်ဆုံးတွင် ဘီလျံနာ သူဌေးကြီးများဖြစ်သော စီးပွားရေးရင်းနှီးမြှုပ်နှံသူ ဝါရင်း ဘတ်ဖတ် နှင့် မိုက္ကရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ် ဂိတ်တို့ရှိနေပြီး အမေရိကန် သမ္မတ အိုဘားမားက တတိယဖြစ်သည်။

ဂျာမန် အဓိပဓိဖြစ်သူ အင်ဂလာ မာကယ်က အဆင့် ၁၀ တွင်ရှိနေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အဆင့် ၁၃ ဖြစ်သည်။

သတင်း ။ ။ဧရာဝတီ