Sunday, December 5, 2010

ဒေါက်တာသန်းထွန်းရဲ့ နောက်ဆုံးနှစ် နောက်ဆုံးနေ့ထဲက နောက်ဆုံး သမိုင်းစကားတွေ


Written by မောင်နွေထက်   
b33623''ကျွန်တော့်ရဲ့ အစွဲအလန်းတစ်ခုက ရှေးဟောင်း မြန်မာသမိုင်း သုတေသန ဖြစ်တယ်။ ဒီလမ်းကို ငါလျှောက်တယ်။ စွန့်သင့်သလောက် စွန့်ပါတယ်။ အသက်အရ ပြောရရင်တော့ နေ၀င်ချိန်ပေါ့။ ဒါပေမဲ့ သုတေသနမှာတော့ ရှင်သန်လျက်။ ခုထိ တက်ကြွနေသေးတယ်''
သန်းထွန်း
မြန်မာအထွေထွေရေးရာသမိုင်း
အမှာစာ

၃၀ နိုဝင်ဘာ ၂၀၀၅ မနက် ၂း၂၄ နာရီမှာ ကွယ်လွန်ခဲ့တာပါ။ ဆရာသန်းထွန်း ကွယ်လွန်တော့ အသက် ၈၂ နှစ် ရှိရှာပါပြီ။ ဆရာဟာ မကွယ်လွန်မီ တစ်ရက်အလို ၂၉ နိုဝင်ဘာ ၂၀၀၅ မနက်ခင်းမှာ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၉၀ ပြည့် မွေးနေ့ပွဲ ရောက်လာခဲ့တာပါ။ အဲဒီနေ့က သေခြင်းကင်းရာ မြို့ကလေးလို့ အမည်တွင်တဲ့ အမရပူရ မြို့ကလေးထဲ (တောင်မြို့)က တောင်သမန်အင်းဇောင်းက တောင်လေးလုံး ကျောင်းကလေးရဲ့ စက္ကူပန်းရုံအောက်က ကြိမ်ကုလားထိုင်ပေါ်မှာ အဖြူရောင်၊ အပြာစင်း၊ အနီပတ် အနွေးထည်နဲ့ ထိုင်ပြီး စတီးတုတ်ကလေးကိုင်ပြီး မိန့်မိန့်ကြီး ထိုင်နေတဲ့ ဆရာသန်းထွန်း။
စာရေးဆရာမကြီး လူထုဒေါ်အမာ ၉၀ ပြည့် မွေးနေ့ကျင်းပတော့ အမှာစကာွးေပြောကြ၊ ငြိမ်းချမ်းရေး ချိုးငှက်ကလေးတွေ လွှတ်ကြ။ လူထုဒေါ်အမာက ၅ ကောင် လွှတ်ပါတယ်။ ၅ ကောင်စလုံး ကောင်းကင်ပေါ်တက်လို့။ မဟာကဗျာဆရာကြီး ဒဂုန်တာရာက သုံးကောင် လွှတ်ပါတယ်။ ကောင်းကင်ပေါ် ချိုးကလေးတွေ ပျံတက်လို့။ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့။ မြန်မာ့သမိုင်းပညာရှင် ဆရာသန်းထွန်းက ငြိမ်းချမ်းရေး ချိုးဖြူကလေးတစ်ကောင်ကို သူ့ညာ လက် အစုံပေါ်ကနေ လွှတ်လိုက်တော့ ဆရာသန်းထွန်း လွှတ်လိုက်တဲ့ ချိုးကလေးက ဆရာနဲ့တစ်လံလောက်အကွာ သူဌေးရင်ပြင်ထဲက မွေးနေ့ပွဲ တက်ရောက်လာတဲ့ ပရိသတ်တွေကြား ဖုတ်ကနဲ ကျသွားရှာတယ်။ ပရိသတ်တွေရဲ့ အသံတွေက ဟာခနဲ ဟင်ခနဲ၊ အာမေဠိတ် အသံတွေ လွှမ်းသွားရှားတယ်။ ဒါ ဆရာ့နောက်ဆုံးနေ့အတွက် နောက်ဆုံး နိဂုံးနိမိတ် ဖြစ်နေတယ်ဆိုတာ ဘယ်သူမှ သတိမထားမိကြပါ။

ဆရာသန်းထွန်းဟာ သူနှစ်ပေါင်းများစွာ သမိုင်းသုတေသန တာဝန် ထမ်းဆောင်ခဲ့တဲ့ သမိုင်းပါမောက္ခ စားပွဲပေါ်ကနေ သမိုင်းထဲက ဒီဇိုင်း ဆိုတဲ့ စာမျက်နှာ ၂၁၁ မျက်နှာရှိတဲ့ စာအုပ်ကို ပရုကိုယ်တိုင် ဖတ်ပြီး စာပြင်ပေးရှာပါသေးသတဲ့လေ။ ဒါ ဆရာ နောက်ဆုံးဖတ်ခဲ့တဲ့ ပရုဆိုရင် မမှားတန်ရာပါဘူး .  .  .
စာရေးဆရာမကြီး လူထုဒေါ်အမာက ''၂၉ နိုဝင်ဘာ ၂၀၀၅ နေ့က ကျွန်မ အသက် ၉၀ ပြည့်မွေးနေ့ကို ဆရာက လာရှာတယ်။ တောင်လေးလုံးမှာ တက်လာရှာတယ်။ ကျွန်မနဲ့အတူတူ ငြိမ်းချမ်းရေး ချိုးငှက်ကလေးကို ၀င်လွှတ်ပေးတယ်။ ဒီမွေး နေ့ကလည်း စည်လိုက်တာ။ လူတွေကလည်း ကျိတ်ကျိတ်တိုး။ ဆရာ့ကို ကျွန်မ စကားမပြောလိုက်ရဘူး။ဒါနဲ့သာ လူချင်းခွဲကြရော အဲဒီနေ့ညက ဆရာ တက္ကသိုလ်သမိုင်းဌာနမှာ အိပ်သတဲ့။ ၃၀ ရက်နေ့ မနက်လင်းအားကြီး ၂း၂၄ မိနစ်မှာ ဆရာ ရုတ်တရက် အနိစ္စ ရောက်သွားရှာသတဲ့''လို့ ဆိုပြီး ၂၀၀၆ ခုနှစ် ဧပြီလထုတ် ကလျာမဂ္ဂဇင်းမှာ 'လွမ်းလို့ မဆုံးနိုင်ပါလား ဆရာရယ်'ဆိုပြီး ဆို့ဆို့နင့်နင့် ကြေကြေကွဲကွဲနဲ့ မော်ကွန်းထိုးခဲ့ပါတယ်။
ဆရာဟာ မဆုံးခင် တစ်ရက်အလိုမှာ လူထုဒေါ်အမာရဲ့ ၉၀ ပြည့် မွေးနေ့ပွဲကို တကူးတကလာပြီး ဒေါ်အမာက ''ကျွန်မစကားမပြောလိုက်ရဘူး'' ဆိုတဲ့ စာစကားအရ၊ စကားတစ်ခွန်းတစ်ပါဒမှ မပြောလိုက်ကြရတာ ထင်ရှားပါတယ်။ ဆရာသန်း ထွန်းဟာ တောင်လေးလုံးက မွေးနေ့ပွဲအပြီးမှာ ၈၄ လမ်းနဲ့ ၃၃လမ်းထောင့် ဂုန္တာန်ဝင်းထိပ်က လူထုတိုက်ကို သူတပည့်တွေနဲ့ အတူ ရောက်ပါသေးတယ်။ ဒါပေမယ့် စာရေးဆရာမကြီး လူထုဒေါ်အမာက ၉၀ ပြည့် မွေးနေ့ဆိုတော့ ဧည့်သည်တွေနဲ့ စည် ကားနေလို့ ဆရာက မတွေ့တော့ပဲ တပည့်တွေနဲ့အတူ ထွက်သွားရှာပါတော့တယ်။
တကယ်တမ်း ဆရာတည်းခိုရမှာက ၃၂ နဲ့ ၃၃ လမ်းကြား ၈၃ လမ်းပေါ်က 'Silver Swan' တည်းခိုခန်းမှာ ဖြစ်ပါတယ်။ ဒီတည်းခိုခန်းမှာ နိုဝင်ဘာ တန်ဆောင်မုန်း ဆောင်းတွင်းမို့ အနွေးခန်းနဲ့ ပြင်ဆင်ထားတဲ့ တည်းခိုခန်းပါ။ ဆရာက  ဒီတည်းခိုခန်းကို မတည်းခိုဘဲ သူ ၁၇ နှစ်နီးပါး ပါမောက္ခတာဝန်ကို တာဝန်ကျေကျေ ထမ်းဆောင်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ထဲက သမိုင်းဌာနကို သွားတည်းရှာတာပါ။ အဲဒီနှစ် အဲဒီနေ့က ထူးထူးခြားခြား မန္တလေးမှာ အအေးလှိုင်းကျနေတဲ့ အချိန်ပေါ့။ ဆရာဟာ သစ်ရိပ်တွေနဲ့ အေးချမ်းပြီး အေးမြလှတဲ့ မန္တလေးတက္ကသိုလ် ၀င်းထဲက သမိုင်းဌာနမှာ သွားတည်းရှာတာ။
ဆရာသန်းထွန်းဟာ သူနှစ်ပေါင်းများစွာ သမိုင်းသုတေသန တာဝန် ထမ်းဆောင်ခဲ့တဲ့ သမိုင်း ပါမောက္ခ စားပွဲပေါ်ကနေ သမိုင်းထဲကဒီဇိုင်းဆိုတဲ့ စာမျက်နှာ ၂၁၁ မျက်နှာရှိတဲ့ စာအုပ်ကို ပရုကိုယ်တိုင်ဖတ်ပြီး စာပြင်ပေးရှာပါသေးသတဲ့လေ။ ဒါ ဆရာနောက်ဆုံး ဖတ်ခဲ့တဲ့ ပရုဆိုရင် မမှားတန်ရာပါဘူး။ ဒီသမိုင်းထဲက ဒီဇိုင်းစာအုပ်ဟာ ဆရာကွယ်လွန်ပြီး သိပ်မကြာ ၂၀၀၆ ဇန်န၀ါရီလထဲမှာ ထွက်ရှိလာပါတော့တယ်။
သမိုင်းထဲက ဒီဇိုင်းစာအုပ်မှာ အမှာစာဆိုပြီး ၈ မျက်နှာ အမှာစာ တိုတိုကလေး ပါပါတယ်။ ဒီ အမှာစာဟာ ဆရာသန်းထွန်းရဲ့ နောက်ဆုံး အမှာစာ ဖြစ်နေရှာပါတယ်။
မြန်မာရှေးဟောင်းသမိုင်းကို အထူးပြုပြီး ရေးနိုင်ဖို့ အထောက်အထားရှာတဲ့အခါ ကျောက်စာကို အရင်းမူလထားပါတယ်။
ကျောက်စာကို ခေတ်ပြိုင်မှတ်တမ်းဆိုပြီး အကောင်းစား အထောက်အထားစာရင်းမှာ သွင်းပေမယ့် သတိထားပြီး အသုံးပြုဖို့ လိုပါတယ်။ ပြီးတော့ ကျောက်စာကို အားကိုးချင်လို့ စစ်ဆေးတယ် ဆိုရာမှာ ဘာကို အခြေခံပြီး စစ်သလဲလို့ မေးရင်ဖြေဖို့ ခပ် ခက်ခက်ပါ။ ဖြေနိုင်သလောက် ဖြေပါမယ်။ 'ခေတ်ပြိုင်ကျမ်းစာအုပ်တွေ ရှိတယ်။ အဲဒီခေတ်ပြိုင် မှတ်တမ်းမှာ မင်းဆက် မပျက်မကွက်ပါမယ်။ အဲဒါတွေနဲ့ တိုက်ဆိုင်ပြီး ကြွားတဲ့စကား၊ ညာတဲ့စကား မပါစေရအောင် ရှင်းရပါတယ် အဲဒီလိုဖြစ်အောင် ကျွန်တော် ကြိုးစားဆောင်ရွက်ပါတယ်'။
ဆရာသန်းထွန်း ဆုံးပါးခဲ့ပေမယ့် ၂၀၀၅ ခုနှစ်မှာ ဆရာ့ရဲ့ စာအုပ်တွေ ထွက်လာပါတယ်။ နောက်ဆုံးနှစ်ထဲက နောက်ဆုံးမတိုင်မီ ထွက်ခဲ့တဲ့ ဆရာ့စာအုပ်တွေက
- ၂၀၀၅ မတ် - မြန်မာအထွေထွေရာရာသမိုင်း၊ ဒေါက်တာသန်းထွန်း ၈၂ နှစ်ပြည့်မွေးနေ့။ (၆ ဧပြီ ၂၀၀၅) အမှတ်တရ။၂၀၀၅ ဇူလိုင်
- ပုဂံခေတ် နိုင်ငံရေးသမိုင်း။၂၀၀၅ သြဂုတ်
- ပုဂံခေတ် လူမှုရေး၊၂၀၀၅ အောက်တိုဘာ
- လူကျော် (မြန်မာပြန်) စတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။
၆ ဧပြီ ၂၀၀၅ သန်းထွန်း ၈၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်၊ အမှတ်တရ ထုတ်ဝေတဲ့ (၂၀၀၅ ခု မတ်လက ထုတ်ဝေခဲ့တဲ့ 'မြန်မာအထွေထွေရာရာသမိုင်း' စာအုပ်ထဲက အဖွင့်စကားနဲ့ အမှာစာ-၁ 'မွေးနေ့ပွဲ' အမှာစာ-၂ 'ပွဲတွေ့အမှား' စာတွေဟာ ထူးခြားနေပါတယ်။ ဒီစာအမှာတွေကို ဆရာသန်းထွန်း သက်ရှိထင်ရှားရှိစဉ်၊ နောက်ဆုံးနှစ်မှာ နောက်ဆုံးနေ့ မတိုင်မီ ထွက်ရှိခဲ့တဲ့ စာအုပ်တွေထဲက စာအုပ်မို့ ထူးခြားပါတယ်
'' 'လ' ကိုကြည့်စမ်းပါ။ လ ပြည့်ဆိုတာတောင် ကိုယ့်ဘက်က တစ်ခြမ်းပဲ မြင်ရတာ။ နောက်ဘက်ခြမ်းကို မြင်ကြရတာ မဟုတ်ပါ။ ဖြည်းဖြည်းမြင်ရာက တဖြည်းဖြည်း လျော့နည်းပြီး လုံးဝ ပျောက်ကွယ်သွားတယ်။ နောက် တရေးရေးပေါ်လာပြီး ကြီးလာတော့ အကုန်မြင်ရပြီလို့ စိတ်ကထင်ပေမယ့် ထက်ခြမ်းပဲ မြင်ကြရတယ်''
''ဒီလိုပဲ မြန်မာသမိုင်းကိုလည်း ငါတို့ သိလှပြီလို့ ထင်တဲ့အခါမှာတောင် ထက်ဝက်လောက်ပဲ သိတယ်။ လုံးဝမသိလိုက်တဲ့ သမိုင်းကလည်း အများကြီးရှိသေးတယ်''
''အဲဒီလို မြန်မာ့သမိုင်း ပညာရှင်ကြီး တစ်ယောက်က ပြောဖူးတယ်'' 'မွေးနေ့ပွဲ'ဆိုတဲ့ အမှာစာ ၁ ထဲက ဘာကြောင့် မွေးနေ့ကျင်းပရသလဲ ဆိုတဲ့ အမှာစကားကို ထုတ်ပြပါရစေ။
''ကျွန်တော့် ၈၁ နှစ်ပြည့် မွေးနေ့ ၆ ဧပြီ ၂၀၀၄ ကို အမရပူရ တောင်လေးလုံးမှာ လုပ်တယ်။ ကျောင်းဆရာသက် အနှစ် ၆၀ ဆိုတော့ နယ်အရပ်ရပ်က လူအမျိုးမျိုး လာကြတယ်''
''သွားရမည့် ခရီးကား ဝေးသေး၏။ ခြေသာလျင် ယာဉ်ရှိကုန်၏ ဆိုတဲ့အတိုင်း ကျွန်တော်လျှောက်တဲ့ခရီးက အများကြီး ကျန်သေးတယ်။ အသက် ၈၁ နှစ်ဆိုတော့ အလုပ်လုပ်ချိန် နည်းလာပြီ။ အဲဒီအခါမှ ကုန်းကြောင်း လျှောက်နေရင် ခရီးမထွင် တော့ပါ။ အဲဒါကြောင့် RELEIGH ကစားသလို ငါ့ဝန်ကို မင်းတို့ ဆက်သယ်ပေးပါလို့ ပြောချင်တာနဲ့ မွေးနေ့ပွဲလုပ်တာ ဖြစ်ပါတယ်။
'ပွဲတွေ့အမှား'ရဲ့ ခေါင်းတပ်ထားတဲ့ စာရေးသူရဲ့ အမှာစာ - ၂ မှာတော့ ''သမိုင်းသုတေသန လုပ်တဲ့သူက ဘယ်သူ့ကိုမှ မစော်ကားပါ။ ရန်မလုပ်ပါ။ သမိုင်းဟာ သင်ခန်းစာ ဖြစ်တယ်''
''သမိုင်းကို ကောင်းကောင်းလေ့လာရင် အမှားကို ရှောင်တတ်မယ်။ အမှန်ကို တွေ့တတ်တယ်''
''သမိုင်းမှာ ဘာတစ်ခုမှ အထောက်အထား မရှိဘဲ ဗလာမခွပ်ဘူး။ ဆရာဇော်ဂျီ ခဏသုံးတဲ့ ဒါမျိုးတော့ ဖြစ်နိုင်စရာ ရှိပါတယ်။ ယူသော်ရ၏။ ဆိုတဲ့အသုံးကိုတောင် ငှားမသုံးဘူး။ တစ်ကြောင်းမျဉ်းပဲ။ ဒီလမ်း တည့်တည့်လျှောက်သွားရင် နင် ချောက်ထဲကျရင် မာလကီးလိမ့်မယ်လို့ ကာတွန်းဘဂျမ်းလို ထင်ထင်ရှားရှား မြင်သာအောင် အရုပ်ဆွဲပြတယ်''
''အကောင်းအဆိုးခွဲတာ သမိုင်းရဲ့အလုပ် ဖြစ်ပါတယ်''
စာအုပ်မွေးနေ့ဆိုတဲ့ စာအုပ်မွေးနေ့ အကြောင်း ပြောထားတဲ့ သုတေသန နည်းသစ်တစ်ခုကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါတယ် 'စာအုပ်မွေးနေ့' ဆိုတဲ့ ဆရာသန်းထွန်းရဲ့ အမှာစကားကို ဖော်ပြလိုက်ပါတယ်။
'' 'စာအုပ်မွေးနေ့' ကိုလည်း ကျွန်တော်တို့ ဂရုစိုက်တတ်တယ်။ တက္ကသိုလ်က ပထမဘွဲ့ရပြီး ဆက်ပညာရှာမှ သိလာတယ်။ ဆိုလိုတာက ဥပမာ ပုဂံအကြောင်း စာအုပ်တစ်အုပ် ရတဲ့အခါ ဘယ်ရက်က ရေးတာလဲ ဆိုတာ မသိသိအောင် ရှာရတယ်။ ဘာပြုလို့လဲ ဆိုတော့ မြန်မာရှေးဟောင်း သုတေသနမှာ ပုဂံအကြောင်း ရေးတဲ့စာအုပ်ကို အသုံးပြုတယ်ဆိုရင်
၁။ ဘယ်သူရေးတာလဲ။
၂။ ဘယ်တုန်းကရေးသလဲဆိုတာ သိရမယ်။ မသိလို့မဖြစ်ပါ။ ဥပမာနဲ့ ပြောပါရစေ။ ရှေးဟောင်းမြန်မာသမိုင်းမှာ နာမည်ကြီးတဲ့ ပါမောက္ခဂျီအိပ်ခ်ျလုစ် (G H Luce) ရေးတဲ့ ပုဂံသမိုင်း စာအုပ်ဆိုရင် ဒီစာအုပ်ကောင်းတယ်လို့ သိတယ်။ ဒါပေမယ့် ၁၉၆၈ က ရေးပြီးတယ်ဆိုရင် အနှစ်လေးဆယ် ခေတ်နောက်ကျတယ်။ မပြည့်စုံသေးလို့ ယူဆမယ်။ သုတေသနလုပ်တဲ့ သူတွေက ဘာမဆို နောက်ဆုံးအသိကိုပဲ လိုချင်တယ်။ ပြဿနာတစ်ရပ်မှာ အရင်အနှစ် ၅၀ က သိတဲ့အဖြေထက် အခုအဖြေက ပိုပြီးကောင်းတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ သုတေသနဘက်က အမြဲ တိုးတက်နေပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ခေတ်မီအောင် အမြဲကြိုးစားရပါတယ်။ ထပ်ပြောပါရစေ။ စာအုပ်ရဲ့ မွေးနေ့ကိုတော့ အမြဲသိအောင်လုပ်ပါ''လို့ သုတေသနနဲ့ ပတ်သက်တဲ့ ဆရာသန်း ထွန်း ရေးခဲ့ပါတယ်။
ဆရာသန်းထွန်းဟာ မြန်မာသမိုင်း နိဒါန်းစာအုပ်ရဲ့ စာမျက်နှာ ၈၃ နဲ့ ၈၄ မှာ (သမိုင်းရဲ့သမိုင်း အခန်း ၇ မှာ) ''ဦးကုလား ၁၇၁၅ လောက်ကရေးတဲ့ မဟာရာဇ၀င် ပဏာမစကားမှာ ရှင်ဘုရင်ကို မြှောက်မပြောဖူးဆိုတာကို ထင်ရှားအောင် မဟာ သမ္မတမင်း၊ မန္ဓာတ်မင်း၊ ဓမ္မာသောကမင်းတို့သည် ကြီးသော အာနုဘော် ရှိကုန်။ ထိုသို့သော မင်း စင်လျက်လည်း ပျက်ခြင်းကုန်ခြင်းသို့ ရောက်ခဲ့၏ ဟူ၍ ဆိုသောစကားသည် အနိစ္စ အစရှိသော ကမ္မဋ္ဌာန်းနှင့် ယှဉ်၍ ဆိုလတံ္တသည် ဖြစ်၍ သူတော် ကောင်းတို့သည် များသော အစီးအပွား ဖြစ်လတံ္တ ကောင်းစွာ မှတ်ကုန်နာကုန်ရာ၏။(ကုလား-၁ ၁၉၆၀-၄)
''သမိုင်းရဲ့သဘော သမိုင်းရဲ့ သမ္ဘာကို မေးလို့သာ ဖြေရတာ။ ကိုယ့် ကိစ္စမဟုတ်လို့တောင် ထင်ပါတယ်။ ဘာပြုလို့လဲဆိုတော့
(၁)လူတိုင်း သမိုင်း သိတယ်လို့ထင်တယ်။ သူ့ ဘာသာ ဘ၀င်မြင့်နေတာ။ ကိုယ်က အနေသာကြီးပါ။
(၂) အဲဒီလူတွေက သမိုင်းကို ကိုယ်လိုရာ ဆွဲသုံးတာ။
(၃)ကျွန်တော်တို့က အကျိုးနဲ့အကြောင်း ဆက်စပ်ပြတယ်။ ရလဒ်ကို ဝေဖန်ပိုင်းခြားပြီး စကြာဝတေးမင်းလည်း သေတာပဲဆိုပြီး ကမ္မဋ္ဌာန်းစာလို ဖတ်တာ ဖြစ်တယ်။ ဘယ်လိုလုပ်ရင် ပိုကောင်းမယ်ဆိုတာကိုလည်း တတ်နိုင်သလောက် ဖော်ထုတ်တယ်။ (၄) ဂတိမလိုက်ဘူး။ အားမနာဘူး။ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ မသိလို့၊ အတိုးအဆုတ် မလုပ်ဘူး။ သိတဲ့အတိုင်း ပြောတယ်။ အဲဒီလို ရိုးသားရမယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ ရေးသာရေးတယ်။ အလင်းမ၀င်တဲ့ စာလည်း ရှိတယ်။ ကြိုးစားပြီး သူများမသိတာကို ဖော်ထုတ်တယ်။ သူများ မှားတာကို ပြင်ပေးတယ်။ အဲဒါကို နားမထောင်ရင် မထောင်တဲ့ လူမှာသာ နစ်နာမှာဖြစ်တယ်။
ဒါ ဆရာသန်းထွန်း မကွယ်လွန်မီက ပြောသွားတဲ့ ဆရာသန်းထွန်းရဲ့ သမိုင်းသုတေသန၊ သမိုင်းဒသနတွေပဲ ဖြစ်ပါတယ်။ ၃၀ နိုဝင်ဘာ ၂၀၁၀ မှာ ဆရာသန်းထွန်း ကွယ်လွန်ခဲ့ရှာတာ ငါးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ကျွန်တော့်ရင်ထဲမတော့ မနေ့တနေ့ကလိုပဲ ထင်နေမိပါတော့တယ်။
၂၀၀၄ ဒီဇင်ဘာလက ထုတ်ဝေခဲ့တဲ့ 'သမိုင်းနဲ့စကားပြောခြင်း'ဆိုတဲ့၊ စာအုပ်၊ စာမျက်နှာ ၈ မှာပါတဲ့၊ 'သမိုင်းနဲ့သမိုင်းစကား'က ပဲ့တင်ထပ်လို့။''ကျွန်တော်ဘယ်တော့မှ အငြိမ်းစား မယူဘူး။ လုပ်လက်စ၊ မြန်မာ့သမိုင်း သုတေသန လုပ်ငန်းတွေကို ဆက်လုပ်မယ်''။

source:  : www.first-11.com

0 comments:

Post a Comment