ပေးသလောက် ရသလောက်ကိုပဲ ဒူးကလေးထောက်ကာ ခံယူ
ကျော်သာ
မတ် ၁၉၊ ၂၀၁၀
ခေါင်းစဉ်ပေးတာ ရင့်သီးလွန်းသွားတယ်လို့ထင်ရင် ခွင့်လွှတ်ကြစေချင်ပါတယ်။ ဒီလိုခေါင်းစဉ်ပေးမှလည်း သူတို့ပြောဆိုနေတာတွေနဲ့က ကွက်တိဖြစ်မှာမို့လို့ပါ။
သူတို့ဆိုတာ “၂၀၁၀ ရွေးကောက်ပွဲ”ကို အားတက်သရော ဆင်ကာဝင်ကာနွှဲမယ်လို့ အားခဲနေတဲ့ ပြည်တွင်းက လူတစုကို ရည်ညွှန်းလိုက်တာပါ။ ပြည်ပမှာလည်း အဲသလို ဝင်ကာဆင်ကာနွှဲချင်သူတွေရှိပါတယ်။ မပြောပလောက်ဘူးထင်လို့ ပြည်ပကသူတို့ကိုတော့ ထည့်မပြောတော့ပါဘူး။ သူတို့ခမျာလည်း “၁၀ နှစ်မျှ တဆက်တည်းနေထိုင်သူ ဖြစ်ရမယ်” ဆိုတဲ့ ပုဒ်မကြောင့် စိတ်အပျက်ကြီး ပျက်ကြရ တယ်ထင်ပါတယ်။
သူတို့အသံကို မကြားရတော့ဘူး။ ဒါတွေထားလိုက်တော့။
ပြည်တွင်းက သူတို့ကိုကြည့်ရအောင်။
ဘဘဦးရွှေအုံး
သက်ကြီး ဝါကြီးမို့လေးစားပါတယ်။ ဒီအသက် ဒီအရွယ်အထိ (အိုပေမယ့် စွမ်းနေဆဲ) ဒီမိုကရေစီအရေးနဲ့စစ်မှန်တဲ့ပြည်ထောင်စု ပေါ်ပေါက်ရေးလုပ်ငန်းစဉ်မှာဇွဲမာန်မလျော့ပဲပါဝင်နေဆဲမို့ ပိုပြီးလေးစားပါတယ်။
နိုင်ငံရေးမှာသက်ကြီးဝါကြီးတွေအခုလိုပါဝင်နေတာ မြန်မာပြည် ရဲ့ထူးခြားချက်တစ်ခုလို့ထင်ပါတယ်။
မီဒီယာအင်တာဗျူးတွေမှာ ဘဘဦးရွှေအုံး ပြောဆိုနေတာတွေကြားရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မကြိုက်ဘူး၊ ဒါပေမယ့် အခြေခံဥပဒေကို ဆန့်ကျင်တိုက်ဖျက်တဲ့အခြားနည်းလမ်းတွေဖြစ်တဲ့ လူထုတိုက်ပွဲနည်းလမ်း/ လက်ကိုင် တော်လှန်ရေးနည်းလမ်း တွေကို သူ့အနေနဲ့မလုပ်နိုင်ဘူး။ သူလုပ်နိုင်တဲ့နည်းလမ်းဖြစ်တဲ့ ရွေးကောက်ပွဲ ဝင်ပြီး အခြေခံဥပဒေထဲကမကြိုက်တာတွေပြင်ဆင်နိုင်ဖို့တိုက်ပွဲဝင်မယ်လို့ဆိုပါတယ်။
“ဒီမိုကရေစီနိဗ္ပာန်” မရောက်ခင်စပ်ကြား “စစ်အာဏာရှင် စနစ်သံသရာငရဲ”မှာ “ဇွတ်ဆွဲလို့နေမယ် သေပေစေခင်ရဲ့” ဆိုပြီး တေးထပ်ပဲ ရေးစပ်ရမယ့် သဘောမျိုးပါ။
မချစ်သော်လည်း အောင့်ကာနမ်းမယ်ဆိုပါတော့။ မချစ်ပေမယ့်အောင့်ကာနမ်းရတဲ့အဖြစ်တွေမှာ မိအေး ၂ ခါနာရတာမျိုး မဖြစ်ဖို့ တော့ သတိပြုကြရမယ်။ သတိရှိကြရမယ်ထင်ပါတယ်။
တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့ “ရှမ်းပြည်အတိုင်ပင်ခံကောင်စီကိစ္စ” နဲ့ နောက်တွဲဖြစ်ရပ်တွေကိုသတိရမိလို့ပါ။
ဒီကိစ္စတွေ နဲ့ဆက်စပ်ပြီး နောက်ဆက်တွဲရလဒ်ကတော့ အပစ်ရပ်(SSA)နာယကကြီးဗိုလ်ချုပ်ဆေထင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်ညွန့်လွင်တို့နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပါတယ်။ မိသားစုနဲ့ဝေးတဲ့ နယ်ထောင်တွေ ဆီပို့ထားခြင်းခံရပါတယ်။
အဲဒီကာလမှာ ဘဘဦးရွှေအုံးလည်း နေအိမ်အကျယ်ချုပ်ခေတ္တ ခံခဲ့ပါတယ်။ မျိုးဆက်သစ်ရှမ်း လူငယ် ခေါင်းဆောင် အယ်ဖြူ (ခ)ကိုမြင့်သန်း ထောင်တွင်းနှိပ်စက်မှုများကြောင့် ရခိုင်ပြည်နယ်၊ သံတွဲအကျဉ်းထောင်မှာကွယ်လွန်ခဲ့ရပါတယ်။
ဒီလိုနောက်ဆက်တွဲဖြစ်ရပ်တွေဟာ “စိုင်းမင်းလွင်” ရေးသားချက်အရဆိုရင် ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ ကိုအေးလွင်တို့ စနက်မကင်းဘူးလို့ဆိုပါ တယ်။ (စိုင်းမင်းလွင် အနေနဲ့ ဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်တိတိကျကျထပ်ရေးသင့်ပါတယ်)
၁၉၆၂ မှာ စစ်အုပ်စုက အာဏာသိမ်းတော့ ကျနော်တို့ကျောင်းသားတွေ သွေးမြေကျခဲ့ရသလို သမ္မတကြီးစဝ်ရွှေသိုက်ရဲ့ သားအငယ် ဆုံး စစ်တပ်ကပစ်ခတ်လိုက်တဲ့ကျည်ဆန်ကြောင့်ရေတိမ်နစ်ခဲ့ရတယ်။
(နအဖ) စစ်အုပ်စု အကြမ်းဖက်ဗိုလ်ကျနေတဲ့ ဒီနေ့ခေတ်မှာတော့ ရှမ်းခေါင်းဆောင်တွေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး လူငယ် ခေါင်းဆောင်တစ်ဦး အကျဉ်းထောင်အတွင်းမှာကွယ်လွန်ခဲ့ရပါပြီ။ ဒီလိုဖြစ်ရပ်ဆိုးတွေဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ရတဲ့ ရာဇဝတ်မှုတွေဖြစ်ပါတယ်။ စစ်အုပ်စုအာဏာသက်တမ်းရှည်နေသရွေ့ ဒီလိုဖြစ်ရပ်ဆိုးတွေ ကြုံနေ ကြား နေဖြစ်နေပါလိမ့်ဦးမယ်။
ဒါ့ကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀ဂ) ကို မကြိုက်ဘူး။ ဒါပေမယ့် … … … ဆိုတဲ့ စဉ်းစားချက်နဲ့ အောင့်ကာနမ်းလိုက်မယ်ဆိုတိုင်း … …. … ”
အထက်မှာတင်ပြခဲ့တဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးတွေကို မှတ်မှတ်ထင်ထင်သတိရနေဖို့ သိပ်ကိုအရေးကြီးပါတယ်။
မတ်လ (၈) နေ့က (နအဖ) စစ်အစိုးရကထုတ်ပြန်လိုက်တဲ့ ဥပဒေ (၅) ခု /ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တို့နဲ့ပတ်သက်ပြီး (အာအက်ဖ်အေ) သတင်းဌာနသို့ပြောကြားရာမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်မခံဘူး/ ရွေးကောက်ပွဲဝင်ဖို့လည်း မစဉ်းစားဘူး” ဆိုတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ပြောကြားတဲ့ သဘောထားနဲ့ရပ်တည်ချက်ဟာ ရဲရင့်ပြတ်သားပြီး လေးစားဂုဏ်ယူဖွယ်ကောင်းလှပါတယ်။ အပြည့်အဝလည်းထောက်ခံပါတယ်။
ဒီလိုရဲရင့်ပြတ်သားတဲ့ပြောဆိုချက်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အပါအဝင် တိုင်းရင်းသားပါတီတွေက စတင် ပြောကြားတယ်ဆိုတဲ့အချက်ကိုလည်း မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။
ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်သန်းသန်းနု
လူတွေနိုင်ငံရေးကိုစိတ်ပါဝင်စားတာ၊ ကိုယ်ထိလက်ရောက် ပါဝင်လာတာတွေကို ကျနော်သဘောကျပါတယ်။ ကြိုဆိုပါတယ်။ အုံနဲ့ ကျင်းနဲ့အားလုံးပါဝင်လာအောင် ဝိုင်းကြဝန်းကြ နှိုးဆော်သမှု ပြုကြရမှာပါ။ (နအဖ) စစ်အစိုးရထုတ်ပြန်လိုက်တဲ့ ဥပဒေတွေမှာပါသလို ဘယ်သူပဲပါရမယ် ဘယ်သူမပါရ … လို့ ကန့်သတ်တားမြစ်ထားလို့ မရပါဘူး။ ကန့်သတ်ထားမြစ်ထားတဲ့ ဥပဒေမှန်သမျှ တာဝန်အရဖီဆန်ဖြိုချဖျက်သိမ်း ပစ်ရမှာပါ။
ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်သန်းသန်းနု တို့ နိုင်ငံရေးထဲဝင်လာကြပါပြီ၊ ပြောဆိုလာနေကြပါပြီ။
“ပြည်သူလူထုမျက်နှာပဲကြည့်ပါတယ်။ပြည်သူလူထုအတွက်လုပ်နေတာပါ” ဆိုတဲ့ စကားကို ဦးသုဝေ က မကြာခဏ ပြောကြားတယ်လို့ ၅ ကြိမ်မြောက် မြန်မာမီဒီယာညီလာခံ (BMA) ခမ်းမထဲကနေ (ဘီဘီစီ)သတင်းထောက် က သတင်းပို့တာကို ရေဒီယိုကနေကြားလိုက်ရပါ တယ်။
ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်သန်းသန်းနု တို့အသံတွေ ဒီအရင်က အခုလို မကြားခဲ့ရပါဘူး။ ဘယ်သွားပြီး ဘာတွေလုပ်နေလို့လဲ။ ကုန်လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်း ပြည်သူလူထုအတွက် ဘာတွေများ လုပ်ဆောင်နေခဲ့ကြပါသလဲ။
“ ၂၀၁၀ ရွေးကောက်ပွဲ … ” ဆိုတဲ့ ဒိုးသံလည်း ကြားရော နတ်ကတော်များလို ယိမ်းထိုးလှုပ်ရှား ပွဲထွက်လာကြပါတယ်။ “ရွေးကောက်ပွဲ ကျမတို့ဝင်မပြိုင်ရင် တကောင်ထဲပြေးတဲ့ မြင်းလို ဖြစ်လိမ့်မယ်တဲ့”
ဥပဒေအားလုံးမှာ ပြဋ္ဌာန်းထားတာကိုက အားလုံးကို အဘက်ဘက်က ကန့်သတ်တားမြစ်ထားပြီး တစ်ကောင်ထဲပြေးဖို့ပြိုင်ဖို့လုပ်ထားတာပဲ မဟုတ်ပါလား။
ဒေါ်သန်းသန်းနုကတော့ ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်းထဲမှာ “မြသန်းသန်းနု” ဆိုတဲ့ ကလောင်နဲ့ လေပြေထိုးနေကတည်း က “၂၀၁၀ ရွေးကောက်ပွဲတော်ကြီး” အတွက် ဆိုင်းဆင့်နေမှန်း အားလုံးသိကြပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲ”ကို ဝင်ကြမယ်လို့ဆိုကြတဲ့သူချင်းအတူတူမှာ သူတို့နဲ့ ဘဘဦးရွှေအုံး မတူပါဘူး။ ခြားနားပါတယ်။
သူတို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ အခြားနည်းလမ်း ၂ ခုဖြစ်တဲ့လူထုတိုက်ပွဲနည်းလမ်း/ လက်နက် ကိုင်တော်လှန်ရေးနည်းလမ်း ဆိုတာတွေကို လက်ခံဖို့ဝေးစွ၊ ထုတ်ဖော်လို့ပင်မပြောဆိုရဲပါဘူး။ ဒါကလည်း သူတို့ ဒီမိုကရေစီအခွင့်အရေးအရ သူတို့မယုံကြည်လို့ မလုပ်တာပါလို့ယူဆရင်လည်း ရသလို၊ အဲဒီနည်းလမ်းမျိုးတွေကို သူတို့ မပြောရဲ/ မလုပ်ဝံ့ ၊ မလုပ်ရဲဘူးလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
ဘဘဦးရွှေအုံးနဲ့ကွာတာ အဲဒီအချက်မှာပါပဲ။
ဘဘဦးရွှေအုံးက သူမလုပ်နိုင်ပေမယ့် အခြားနည်းလမ်း (၂) ခုနဲ့ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တိုက်ပွဲဝင်နိုင်တယ် (ပြင်ဆင်နိုင်တယ်) ဆိုတာကို အသိအမှတ်ပြုထားပါတယ်။ သူတို့ကအဲဒီလိုအသိအမှတ်မပြုဝံ့သူတွေ ဖြစ်ပါတယ်။
နောက်ထပ်သူတို့နဲ့မတူတဲ့ တပင်တိုင်မင်သားကြီးတပါး ရှိသေးတယ်။
လွန်ခဲ့တဲ့နှစ်ကာလများလောက်ဆီက မီဒီယာတွေမှာ ပြောနေဆိုနေတဲ့ အမျိုးသားနိုင်ငံရေးသမားကြီး ဦးဝင်းနိုင် ဖြစ်ပါတယ်။ အခုတလော ဦးဝင်းနိုင်အသံ မကြားရတာပါပဲ။
ဦးဝင်းနိုင်ဟာ ဦးဝင်းတင်နဲ့ “ဝင်း”ချင်းတူပေမယ့်။ ရပ်တည်ချက်ခြင်းကသိပ်ကိုခြားနားပါတယ်။
တခြားမကြည့်ပါနဲ့ ထောင်နဲ့ပတ်သက်တဲ့သဘောထားပဲနှိုင်းယှဉ်ကြည့်လိုက်ပါ။ ဦးဝင်းတင် က ရက်ပေါင်း (၇၀၀၀) ထောင်ကျော် ထောင်ထဲနေခဲ့သူပါ။ ထောင်မကြောက်ဖူးလို့ ဘာမထီ ကြွေးကြော်ဝံ့သူဖြစ်ပါတယ်။ အမျိုးသားနိုင်ငံရေးသမားကြီးက ထောင်လေး တလလောက်ကျတာကို တော်ပါ တန်ပါ ဆိုပြီး နိုင်ငံရေးက နားမယ်လို့ ပြောဆို အသည်းငယ်ရှာသူပါ။
ဒါပေမယ့်နိုင်ငံရေးဆိုင်းသံ ဗုံသံကြားတော့လည်း “သူလည်းလေလောကီသားပေမို့” ဆိုတဲ့ထုံး နှလုံးမူရပေမပေါ့။ အခုတလောတော့ အမျိုးသားရေးဦးဝင်းနိုင် အသံမကြားရပါ။
နောက်ထပ်အသံမကြားရသေးတဲ့ အုပ်တစ်အုပ်ရှိပါသေးတယ်။ သူတို့က မီဒီယာတွေမှာ အသံထုတ်မပြောဘူး၊ သူတို့ကဘုတ်အုပ်တွေ ဂျာနယ်တွေထဲမှာပဲရေးတယ်။
ဒိုင်မင်းရှင်းတို့၊ ပါရာဒိုင်းတို့၊ ဘာလင်တံတိုင်းတို့ ၊ ပါဝါအပျော့တို့၊ စပွန်ဆာတို့၊ စပေ့တို့ တစ်ခါက ကျနော်ယဉ်ပါးခဲ့ဖူးသော … စတဲ့ စတဲ့ စကားလုံးများနဲ့ မျက်လှည့်ပြတတ်ကြတဲ့ ဆရာကြီး ဆရာလတ်တွေ “အုပ်” ပဲဖြစ်ပါတယ်။
သူတို့အနေနဲ့လည်း မတ်လ(၈) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဥပဒေ(၅) ရပ်ရဲ့ ဝိရောဓိတွေ၊ သမူဟတွေ၊ ဝိဝါဒတွေ၊ ပတိရူပတွေ နဲ့ စပေ့အသီးသီးရဲ့ မြေညီကွင်းအနေအထားတွေ အကြောင်းကို ဦးနှောက်မုန်တိုင်းဆင်တာလုပ်ပြီး လားရာနဲ့တူရူချက်တွေကို ပြည်သူများ (ခေတ်လူငယ်များ) သိအောင်ရေးကြသားကြစေချင်ပါတယ်။ သူတို့ရေးတာသားတာ မတွေ့ရ မဖတ်ရသေးပါဘူး။
(WAVES_1/10/Feb_2010) ထဲမှာတော့ ရောက်တတ်ရာရာ “အီလစ်ကိုရင်တာကြီး” ရေးထားတာတော့ ဖတ်ရသား။
ဒါပေမယ့် သူတို့တတွေအသံလည်း အခုတလောတိုးတိတ်လွန်းလှတယ်။
အရိုးပဲများများ၊ ချေးပဲခါးခါး ၊ ပေးသလောက် ရသလောက်ပဲယူလိုက်ကြတော့မလား။
ရင်းမြစ်။ ။မိုးမခ