Thursday, February 3, 2011

သူတို့က ”တင်“ လို့ သူတို့ က ”မြှောက်“

ဦးသိန်းစိန်နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သော ဒုတိယသမ္မတကိုမူ မသိရှိရသေး   
        ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဦးသိန်းစိန်နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရှိရပါ သည်။

        ဒုတိယသမ္မတလောင်းများ အဖြစ်အဆိုပြုတင်သွင်းထားသည့် ဦးသိန်းစိန်၊ ဦးစောသိန်းအောင်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒေါက်တာအေးမောင်တို့အနက် ၎င်းတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဦးသိန်းစိန်နှင့် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးစောသိန်းအောင်တို့အား ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအေးမောင်တို့အား ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့က ဒုတိယသမ္မတလောင်းများအဖြစ် အဆိုပြုတင်သွင်းထားခဲ့ခြင်း ဖြစ်ပါသည်။

        သို့သော် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သော ဒုတိယသမ္မတကိုမူ မသိရှိရသေးပေ။

        နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သည့် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့က အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးအတွက် အစုအဖွဲ့အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

        ယင်းအရ ဦးသိန်းစိန်အား ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ဒေါက်တာစိုင်းမောက်ခမ်းအား ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့က ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။

        လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယသမ္မတလောင်းအမည်စာရင်း တင်သွင်းရာ၌ ဒုတိယသမ္မတလောင်း တစ်ဦး ထက်ပို၍ ပါရှိလျှင် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်းကို ဆန္ဒမဲ လက်မှတ်ပုံစံ (၃)ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ရာ ယင်းအရ လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ရာတွင် ဦးသိန်းစိန်က ထောက်ခံမဲ ၂၇၆ မဲ၊ ဦးစောသိန်းအောင်က ထောက်ခံမဲ ၃၈ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲမှာ ၁၁ မဲ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါက်တာစိုင်းမောက်ခမ်းက ထောက်ခံမဲ ၁၄၀၊ ဒေါက်တာအေးမောင်က ထောက်ခံမဲ ၂၇ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲမှာ တစ်မဲဖြစ်ကြောင်း သိရသည်။

        သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦး အနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်ရမည်ဖြစ်ကြောင်း သိရသည်။

        နိုင်ငံတော်သမ္မတကို သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း၊ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဖြင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း၊  ယင်းအစုအဖွဲ့တို့မှာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်ခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေ ခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ ဖော်ပြပါလွှတ်တော်နှစ်ရပ် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။

        နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည်  ငါးနှစ်ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရဟု သိရသည်။

        ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်လို့ www.first-11.com မှာ ဖော်ပြထားပါတယ်..။


အမေရိကန်မူဝါဒ အပြောင်းအလဲ မြန်မာအစိုးရသစ်အပေါ် မူတည်

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ လက်ရှိ တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ ရလဒ်ကောင်း မရသေးဘဲ စိတ်ပျက်စရာတွေ ရင်ဆိုင်နေရပေမဲ့ နောက်တက်လာမယ့် မြန်မာအစိုးရသစ်ရဲ့ တုံ့ပြန်မှုကိုတော့ စောင့်ကြည့်သွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ လက်ရှိ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် မူဝါဒဟာ မြန်မာအစိုးရသစ်အတွက် စမ်းသပ်ချက် ဖြစ်တယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ဘဲလ် (Kurt Campbell) က ၀ါရှင်တန်ဒီစီ နိုင်ငံခြား သတင်းထောက်များ အသင်းတိုက်မှာ ပြောသွားတာပါ။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားရောက် ယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ အခု ၂၀၁၁ ခုနှစ်အတွင်း မျှော်မှန်းထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှဆိုင်ရာ မူဝါဒတွေကို အာရှ၊ ပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ဘဲလ်က ရှင်းလင်းသွားရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လက်ရှိ မူဝါဒတွေ ရလဒ်ကောင်း မထွက်တဲ့အပေါ် စိတ်ပျက်ရတယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း လာမယ့် အစိုးရသစ် အနေနဲ့ အမေရိကန် ပြည်ထာင်စုက ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာကိုတော့ အရေးတယူ စောင့်ကြည့်သွားမယ် ဆိုတာကို အသေအချာ ပြောသွားပါတယ်။
“တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒ တခုလုံးအရ ရလဒ်တွေဟာ စိတ်ပျက်စရာတွေချည်း ဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒီမူဝါဒကို သမ္မတ အိုဘားမား အစိုးရက ချမှတ်ပြီး နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မနှစ်တုန်းက ရေးဆွဲခဲ့တာပါ။ မြန်မာအစိုးရက ဘယ်လို ဆောင်ရွက်နိုင်မလဲ၊ ပြီးတော့ ကျနော်တို့ဘက်က ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန် ဆောင်ရွက်မလဲဆိုတဲ့ လုပ်နိုင်ချေအဆင့် ရှင်းရှင်းလင်းလင်းဖြစ်အောင် ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် အခြေအနေ အားလုံးကို ခြုံကြည့်ရင်တော့ ကျနော်တို့ စိတ်ပျက်ရပါတယ်။”
တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ အခြေခံအားဖြင့် အလုပ်မဖြစ်သေးဘူး ဆိုတာ ၀န်ကြီး ကာ့တ် ကမ့်ဘဲလ်က ၀န်ခံ ပြောခဲ့ပေမဲ့ အခြားတဘက်မှာတော့ ဒီမူဝါဒဟာ အစိုးရသစ်အတွက် စမ်းသပ်မှု ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
“ဒါပေမဲ့လည်း တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ တစိတ်တပိုင်း အားဖြင့်တော့ ဒေသတွင်း မူဝါဒ အတွက်ရော အမေရိကန် ပြည်ထောင်စု အတွက်ပါ အကောင်းဆုံး အကျိုးစီးပွား ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အနည်းဆုံးတော့ လာမယ့် အစိုးရသစ်ကို စမ်းသပ်မယ့် အခွင့်အလမ်းတခု ဖြစ်ပါတယ်။ အစိုးသစ် အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြန်ဆက်စပ်နိုင်အောင် ဘာတွေလုပ်မလဲ၊ အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နိုင်အောင် အစိုးရသစ် အနေနဲ့ ဘာတွေ လက်တွေ့ ဆောင်ရွက်မလဲ၊ အခွင့်အလမ်းတွေ ပေးထားပါတယ်။”
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံကို ယခင်က ပိတ်ဆို့အရေးယူမှု တခုတည်းကနေ မနှစ်တုန်းက မူဝါဒပြောင်းပြီး ပိတ်ဆို့အရေးယူမှုရော အစိုးရနဲ့ တိုက်ရိုက်ထိစပ် ဆက်ဆံမှုရော နှစ်ခုလုံးကို ကျင့်သုံးလာတာပါ။ မြန်မာအစိုးရ အနေနဲ့က အပြောင်းအလဲတွေအတွက် ပြည်တွင်းကပဲ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ နိုင်ငံတကာကို ကတိပေးပြီး ဖွဲ့စည်းပုံဆွဲ၊ ရွေးကောက်ပွဲလုပ်၊ အခုနောက်ဆုံး လွှတ်တော်တွေပါ ခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ဒီကြိုးပမ်းချက်တွေမှာ အားနည်းမှုတွေ ရှိတယ်လို့ မြင်တဲ့အကြောင်း မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ မတိုင်မီ အာဏာပိုင်တွေရဲ့ ပြင်ဆင် ဆောင်ရွက်ချက်တွေ အပေါ်မှာ စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဖြေရှင်းရမယ့် ပြဿနာရပ် အတော်များများရှိတယ် ဆိုတာကိုလည်း မစ္စတာ ကမ့်ဘဲလ်က ထောက်ပြသွားပါတယ်။
“မြန်မာနိုင်ငံမှာ ပြဿနာ အတော်များများ ကြုံနေရတယ်လို့ အမေရိကန် ပြည်ထောင်စုက အသိအမှတ်ပြု နားလည်ထားပါတယ်။ အဓိကကျတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ တွေ့ဆုံညှိနှိုင်းတာမျိုးတွေ မရှိပါဘူး။ နိုင်ငံရေး အကျဉ်းသား အတော်များများ မလွတ်မြောက်သေးပါဘူး။ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ လုပ်ကိုင် ဆောင်ရွက်မှုမှာလည်း အခက်အခဲ ကြီးကြီးမားမားကို ရှိနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် အရေးပါတဲ့ လက်နက်ပြန့်ပွားမှု ကိစ္စတွေမှာ ဆက်လက်ပါဝင် ပတ်သက်နေတာတွေ ရှိပါတယ်။”
အမေရိကန် ပြည်ထောင်စု အနေနဲ့ တိုက်ရိုက်ထိစပ်ရေးမူကြောင့် ရလဒ်ကောင်းတွေ မတွေ့ရသေးပေမဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးကတည်းက ပြည်တွင်းရော ပြည်ပမှာပါ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ ပြောဆို တိုက်တွန်းမှုတွေကတော့ ပိုများလာပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ အာဆီယံ တိုင်းပြည်တွေက မြန်မာအပေါ် ပိတ်ဆို့ အရေးယူတာတွေကို ရုပ်သိမ်းပေးဖို့ အနောက်နိုင်ငံတွေကို တိုက်ရိုက် တိုက်တွန်းလာပါတယ်။
မစ္စတာ ကမ့်ဘဲလ်ကတော့ အခုလို အရေးယူမှုတွေ ပြန်လည်ရုပ်သိမ်းဖို့ ကိစ္စဟာ အချိန်စောသေးတယ်လို့ မြင်ပါတယ်။ အခုနကလိုပဲ လာမယ့် အစိုးရသစ်ရဲ့ ဆောင်ရွက်ပုံကို စောင့်ကြည့်ချင်တဲ့သဘော တွေ့ရပါတယ်။
“ပြီးခဲ့တဲ့ ဒေသတွင်း ခရီးစဉ်ရဲ့ ရည်မှန်းချက်တခုက အရှေ့တောင်အာရှ ဒေသက ကျနော်တို့ မိတ်ဆွေတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်ဖို့ပါ။ အရှေ့တောင်အာရှနိုင်ငံ အတော်များများက အခုအချိန်မှာ ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းဖို့ အချိန်ရောက်နေပြီလို့ ပြောကြဆိုကြပါတယ်။ ဒါပေမဲ့လည်း အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်ကာလ စောလွန်းတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အစိုးရသစ်တရပ် ပေါ်လာပြီး အစိုးရသစ်ရဲ့ မူဝါဒတွေကို ချမှတ်တဲ့အခါမှာ ဘယ်လို သိသာထင်ရှားတဲ့ ခြေလှမ်းတွေ လှမ်းမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်နေပါတယ်။”
အခြားတဘက်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ အခြားနိုင်ငံတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ထဲထဲဝင်ဝင် တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေး အတွက်လည်း အာဏာပိုင်တွေကို ဆက်ပြီး ဖိအားပေး တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။ လာမယ့် အစိုးရသစ် အနေနဲ့ အကြောင်းရပ် အတော်များများကို ဘယ်လို သဘောထားမယ်၊ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကို အခွင့်အလမ်းပေး စောင့်ကြည့်လိုတယ် ဆိုတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တသဘောတည်း ဖြစ်တယ်လို့ ပြောသွားပါတယ်။

sources: :VOA