Friday, October 15, 2010

မြို့တော်ဝန်ကို လူငယ် နိုင်ငံရေး အကျဉ်းသားဟောင်း စိန်ခေါ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည် ၃၅ နှစ်အရွယ် လူငယ် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် တသီးပုဂ္ဂလိကအမတ်လောင်း ကိုကောင်းမြင့်ထွဋ်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရနေသည်။

kaungmyinthtut ကိုယ်စားလှယ် နှစ်ဦးစလုံးသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင် ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက်  ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အခုရွေးကောက်ပွဲက ကျနော်တို့ မြင်တွေ့လိုတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူး”ဟု ကိုကောင်းမြင့်ထွဋ် က ဆိုသည်။

“ဒါပေမယ့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒါမှမဟုတ် တစည(တိုင်းရင်းသား စည်းလုံးညီညွတ်ရေး) ပါတီက စစ်အရာရှိဟောင်း ကိုယ်စားလှယ်တွေအစား အစားထိုးရွေးချယ်စရာတခုတော့ လူထုကို ပေးသင့်တယ်လို့ ကျနော်ထင်တယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

ဗီဒီယိုထုတ်လုပ်သူတဦးဖြစ်သည့် ကိုကောင်းမြင့်ထွဋ်သည် ပြီးခဲ့သည့် မတ်လတွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရန် ခွင့်ပြု ခဲ့စဉ်က မြန်မာ့ ဒီမိုကရေစီ ကွန်ဂရက်အမည်ဖြင့် ပါတီတည်ထောင်ရန် အားထုတ်ခဲ့ဖူးသည်။ သို့ရာတွင် ဘဏ္ဍာငွေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပါတီဝင် စုဆောင်းရာ၌ အခက် အခဲများရှိသောကြောင့် ပါတီတည်ထောင်မည့် အစီအစဉ် မဖြစ်ခဲ့ဟု သိရသည်။

ကိုကောင်းမြင့်ထွဋ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့မှုကြောင့် အသက် ၁၃ နှစ် အရွယ်တွင် အဖမ်း ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် နှင့် ၁၉၉၀ ခုနှစ်အကြားတွင် သုံးကြိမ်ဆက်တိုက် အဖမ်းခံခဲ့ရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ရသည်ဟု သိရသည်။

အကျဉ်းကျနေဆဲ ၁၉၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ၎င်း ရွေးကောက်ပွဲတွင် ပါဝင်ရသည့် အကြောင်းအရင်းကို နားလည်ကြလိ့မ်မည်ဟု မျှော်လင့်ကြောင်းလည်း ကိုကောင်းမြင့်ထွဋ်က ပြောသည်။

ကိုကောင်းမြင့်ထွဋ်၏ ပြိုင်ဘက်ဖြစ်သည့် ဦးအောင်သိန်းလင်း၏ နောက်ခံသမိုင်းကြောင်းမှာမူ ၎င်းနှင့် လွန်စွာကွဲပြား ခြား နားသည့် စစ်တပ် အသိုင်းအ၀န်းမှလာသူဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ခမရ ၁၀၁ ၏ တပ်ရင်းမှူးဖြစ်လာခဲ့သည်။

ထို့နောက် စက်မှု (၂) ဒု ၀န်ကြီးဖြစ်လာကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ၏ အလုပ်အမှုဆောင်တဦး လည်း ဖြစ်ခဲ့သည်ဟု သိရသည်။ ကြံ့ဖွံ့အသင်းကို ဧပြီလတွင် ကြံ့ဖွံ့ပါတီ အဖြစ် အသွင်ပြောင်းခဲ့သည်။ ဦးအာင်သိန်းလင်း သည် ၂၀၀၃ ခုနှစ်၌ ရန်ကုန် မြို့တော်ဝန် ဖြစ်လာခဲ့သည်။

ပါတီ အရေခြုံထားသော်လည်း စစ်အစိုးရင့် ကြံ့ဖွံ့အသင်းတွင် ပါဝင်နေသည့်အတွက် ဦးအောင်သိန်းလင်း အနေနှင့်  လူထုထောက်ခံမဲ အလွယ်တကူရနိုင်သည့် အနေအထားမရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် ၁၇ နှစ်တာ ကာလအတွင်း ကြံ့ဖွံ့ အသင်းသည် လူထုအမြင်၌ မကောင်းသတင်းဖြင့် ကျော်ဇောခဲ့ခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုသည်။

အကယ်၍ ကြံ့ဖွံ့ပါတီ မဲမလိမ်ပါက ဦးအောင်သိန်းလင်းသည် ၎င်း၏ အဓိက ပြိုင်ဖက်ဖြစ်သော ကိုကောင်းမြင့်ထွဋ်ကို အနိုင်ရရန် အခက်အခဲရှိနိုင်သည်ဟု ၎င်းတို့က ထင်ကြေးပေးကြသည်။

“မြို့တော်ဝန်ရဲ့ နိုင်ငံရေးနောက်ခံနဲ့ ကိုကောင်းမြင့်ထွဋ်ရဲ့ နိုင်ငံရေးနောက်ခံက လားလားကြီး ဆန့်ကျင်နေတာပါ။ ဦးအောင်သိန်းလင်းက ဗိုလ်ချုပ် ပြီးတော့ ကြံ့ဖွံ့အသင်းဝင်၊ ကိုကောင်းမြင့်ထွဋ်က စစ်တပ်ရဲ့ မတရားမှုတွေကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးအတွက် ဦးလည်မသုံရပ်တည်နေတဲ့ ဆယ်ကျော်သက် နိုင်ငံရေးအကျဉ်းသားဟောင်း”ဟု တောင်ဥက္ကလာပ နေ အမည်မဖေါ်လိုသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ဒီမဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ရဲ့ ကိုယ်စားလှယ်ကလည်း လူငယ်ပါပဲ။ ဒါပေမယ့် သူ့ရဲ့ မဲဆွယ်ကြေညာချက်ကို ဖတ်ကြည်တော့ အဲ့ဒီ အမျိုးသမီးမှာ နိုင်ငံရေးနောက်ခံ မရှိတာ တွေ့ရတယ်။ ဒါကြောင့် ကိုကောင်းမြင့်ထွဋ်က ပိုပြီးအလားအလာကောင်းတဲ့ ကိုယ်စားလှယ်လို့ ကျနော်ထင်ပါတယ်”ဟု ၎င်းက ဆက် ပြောသည်။

သို့ရာတွင် ဦးအောင်သိန်းလင်းသည် အစိုးရရာထူး၊ နိုင်ငံတော်ပိုင် ပစ္စည်း၊ လုပ်ငန်းများနှင့် နိုင်ငံတော်ပိုင် မီဒီယာ ကို မဲဆွယ်ပွဲအတွက် အသုံးပြုနိုင်သောကြောင့် ယင်းမဲဆန္ဒနယ်မြေတွင် တခြားကိုယ်စားလှယ်များထက် အဆမတန် အသာစီး ရ နေသည် ဟုလည်း သိရသည်။

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ နိုင်ငံပိုင်သတင်းစာများတွင် ဦးအောင်သိန်းလင်းနှင့် တခြားသော ကြံ့ဖွံ့ပါတီ ခေါင်း ဆောင်များက နိုင်ငံပိုင် ဆောက်လုပ်ရေး လုပ်ငန်းများအား သွားရောက်စစ်ဆေးနေသည့် ဓာတ်ပုံများကို မကြာခဏ ထုတ်ဖော် ပြသနေသည့်အပြင် ၎င်းတို့အား ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များဟု မသုံးနှုန်းဘဲ အစိုးရအရာရှိများအဖြစ် ဖေါ်ပြနေ သည်။

အောက်တိုဘာလ အတွင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းသန်းနှင့်အတူ ၎င်း၏ မဲဆန္ဒနယ်မြေ အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ ဦးအောင်သိန်းလင်း တက်ရောက်ဖွင့်လှစ်ပေးသည့်ပုံကို နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြခဲ့သည်။

“ကျနော်ဝင်ပြိုင်မယ့် အမတ်နေရာမှာ သေချာပေါက် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးတင်ထွန်းဦး ထုတ်ဝေသော မြန်မာတိုင်းမ်စ် အပတ်စဉ်စာစောင်၏ သတင်းဆောင်းပါး တပုဒ် တွင် ဦးအောင်သိန်းလင်းက ပြောဆိုခဲ့သည်။

“တောင်ဥက္ကလာပမှာ ကျနော်အနိုင်ရတယ်ဆိုရင် ကျနော့် မဲဆန္ဒနယ်အတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တခြားရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တွေလည်း အလားတူ လုပ်ဆောင်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟုလည်း ဦးအောင်သိန်းလင်းက ယင်း ဆောင်းပါး၌ ဆိုခဲ့သည်။

ဦးအောင်သိန်းလင်းသည် အင်အားကြီးသော ပြိုင်ဖက်တဦးဖြစ်သည့်တိုင် ၎င်းအနေနှင့် အလားအလာကောင်းသည်ဟု ယူဆကြောင်း ကိုကောင်းမြင့်ထွဋ်က ဧရာဝတီသို့ ပြောပြသည်။

“ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေက အစိုးရ၀န်ကြီးတွေ အရာရှိကြီးတွေ ဖြစ်နေကြတော့ တခြားကိုယ်စားလှယ်တွေထက် မဲဆွယ်တဲ့နေရာမှာ ပိုပြီးအခွင့်အရေး ရကြပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေ တကယ်ရှာနေကြတာက သူတို့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ အခြေခံ အခွင့်အရေးတွေ အတွက် စည်းရုံးလှုံ့ဆ်ာပေးမယ့် လူမျိုး ကိုပါ”ဟု ကိုကောင်းမြင့်ထွဋ်က ဆိုသည်။

“ဒါကြောင့် ဦးအောင်သိန်းလင်းနဲ့  ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေအစား ကျနော်အပါအ၀င် တခြားကိုယ်စားလှယ်တွေကို ပြည်သူလူထုကြီးက မဲပေးကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ရင်းမြစ်။ ။ဧရာဝတီ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်များ ဆေးနီပက်ခံရ

သာယာဝတီမြို့နယ်တွင်းမှာ ရှိတဲ့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တွေမှာ သင်္ဘောဆေးနီတွေနဲ့ ကြံ့ဖွံ့မကျေနပ်ဖူး ဆိုတဲ့ စာသားတွေနဲ့ ဆေးနီပက်ဖျန်းတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ မနက် ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ သာယာဝတီမြို့ခံတဦးက RFA ကို ပြောပါတယ်။
(Photo: AFP)
မြန်မာစစ်အစိုးရက အားပေး ထောက်ပံ့ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်မြို့ရှိ မြို့နယ်ရုံးခွဲတခု ဖြစ်ပါသည်။ (Photo: AFP)
“ခရိုင်ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်းဘုတ်တွေပေါ်မှာကော နောက် အုတ်နံရံ တံတိုင်းတွေပေါ်ကော နောက် ကားဘေးတွေ ကားရပ်ထားတဲ့ ကားဘေးတွေမှာကော လိုက်ပြီးတော့ စာရေးကြတာ၊ ကြံ့ဖွံ့မကျေနပ်ဘူးပေါ့၊ တချို့နေရာတွေကျတော့ မမှီတဲ့နေရာတွေကျတော့ ကြံ့ဖွံ့ဆိုင်းဘုတ် အကြီးကြီးတွေ ရှိတဲ့နေရာတွေကျတော့ အကုန်လုံး ဒီ ဆေးနီတွေနဲ့ ပက်ပစ်လိုက်တာပေါ့၊ နေရာတော်တော်များတယ် အကို၊ ခုနစ်နေရာ ရှစ်နေရာလောက် လုပ်ပစ်လိုက်တာ သူတို့။”
ဒီ ဆေးနီပက်ဖျန်းမှုတွေကို လှုပ်ရှားဆောင်ရွက်ခဲ့ကြသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရှိရပေမဲ့ သာယာဝတီမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေး ဆိုပြီး ပါတီအတွက် အတင်းအဓမ္မ စည်းရုံးပြောဆိုနေမှုတွေကို မကျေနပ်ကြတဲ့ လူငယ်တွေ ဆောင်ရွက်ခဲ့တာ ဖြစ်နိုင်ကြောင်း ဆက်ပြောပါတယ်။
“သူတို့ ဒီဖက်မှာက ကြံ့ခိုင်ဖွံ့ဖြိုးရေးက ထင်တိုင်းကျဲနေကြတာကိုး၊ ထင်တိုင်းကျဲနေတော့ လူငယ်တွေက သိပ်ပြီး မကျေနပ်တာနဲ့ လုပ်လိုက်ကြတယ်ထင်တယ်၊ ထင်တိုင်းကျဲတယ်ဆိုတာ ဒီ့ပြင်ပါတီတွေ ဆိုလို့ရှိရင် သွားလို့ရှိရင် ခွင့်ပြုချက်တွေဘာတွေ ယူရတယ် သူတို့ဆိုရင် ခွင့်ပြုချက်ယူစရာ မလိုတဲ့အပြင် ဥက္ကဋ္ဌ က လူစုပေးရတယ် ရယက ဥက္ကဋ္ဌက။ ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးက သူတို့ ပါတီတွေအပေါ်မှာ လုပ်တဲ့အပေါ်မှာ မကျေနပ်တဲ့ လူငယ်တွေက လုပ်တယ်လို့တော့ ထင်တာပဲ။”
ဒီနေ့မနက် ၇ နာရီလောက်မှာတော့ ဆေးနီတွေ ပက်ဖျန်းထားတဲ့ နေရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲဝန်ထမ်းတွေက လိုက်လံဖျက်နေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ရင်းမြစ်။ ။RFA