Thursday, March 25, 2010

အာဆီယံဒေသ စစ်ရေးခေါင်းဆောင်များ ဗီယက်နမ်တွင် ဆွေးနွေး


ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် ကျင်းပသော အာဆီယံနိုင်ငံများ၏ စစ်ရေးခေါင်းဆောင်များ ဆွေးနွေးပွဲ ကျင်းပလျက်ရှိသည်။ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (အပေါ်ပုံ) ကိုလည်း ထိုဆွေးနွေးပွဲတွင် တွေ့ရသည်။ ၇ ကြိမ်မြောက် ASEAN Chief of Defence Forces Informal Meeting ဟု အမည်ပေးထားသော ထိုဆွေးနွေးပွဲကို မတ်လ ၂၄ မှ ၂၇ အထိ ပြုလုပ်မည်ဖြစ်သည်။ (ဓာတ်ပုံများ - Reuters)
ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် တွေ့ရသော ဗီယက်နမ် ဗိုလ်ချုပ် Nguyen Khac Nghien 
 
ရင်းမြစ်။ ။မိုးမခ

ဝါးအစည်းပြေသလို မဖြစ်စေချင်ပါ

လာမည့် မတ်လ ၂၉ ရက်နေ့သည် ပြည်သူလူထုက စိတ်ဝင်တစား စောင့်ကြည့်ကြရမည့် နေ့ရက်ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲဥပဒေများ ထွက်ပေါ်အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ ဝင်ပြိုင်သင့်သည် မသင့်သည်၊ ဆုံးဖြတ်ချက် မည်သို့ချမှတ်မည်၊ မည်သို့ ချမှတ်သင့်သည်ကို အယူအဆအမျိုးမျိုးဖြင့် လူထုအကြားတွင် ပြောဆိုလာခဲ့ကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင်မူ ပါတီခေါင်းဆောင်များအကြား ကွဲလွဲသည့် သဘောထား၊ ရပ်တည်ချက်များ ပေါ်လာသည့်အခါ ပြည်သူများ၏ စိုးရိမ်စိတ်နှင့် ခံစားချက် ရေချိန်သည် ပိုမို၍ မြင့်တက်လာခဲ့ရသည်။

ပါတီသက်တမ်း ၂ဝ ခန့်အကြာ ပြီးခဲ့သည့်နှစ် ဧပြီလနှောင်းပိုင်းတွင် ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လိုလားသူများက ကြိုဆိုလက်ခံခဲ့သော   ရွှေဂုံတိုင် အမည်ရ ကြေညာစာတမ်းအား NLD က ထုတ်ပြန်ခဲ့သည်။ ထိုရွှေဂုံတိုင် ထွက်ပေါ်လာပြီးနောက် NLD အပေါ် ပြည်သူအများအပြားက အားရကျေနပ်စွာ ထောက်ခံအားပေးခဲ့ကြသည်။ ရွှေဂုံတိုင်သည် စစ်အာဏာရှင်စနစ်အား အံတုစိန်ခေါ်ရန် အင်အားတရပ်အဖြစ် မျှော်လင့်ခဲ့ကြသည်။ သို့သော် ရွှေဂုံတိုင်ဖြင့် ရပ်တည်မည်ဟု ပြောဆိုခဲ့သော NLD ခေါင်းဆောင်အချို့သည် စစ်အစိုးရ၏ ရက် ၆ဝ အတွင်း ပါတီမှတ်ပုံတင်ရေး ဥပဒေထုတ်ပြန်မှုအပြီး ပါတီမှတ်ပုံတင်သင့်ကြောင်း ပြောဆိုလာခဲ့သည့်အခါ ပါတီပြိုကွဲမည့်အရေးအတွက် ပြည်သူများ စိုးရိမ်လာရခြင်း ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ပေးလိမ့်မည်ဟု ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီကို ယုံကြည်အားကိုးကာ ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲပုံပေးခဲ့သည်။ ထိုပါတီကြီးက စစ်အစိုးရ အာဏာတည်မြဲရေး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအတိုင်း ကျင်းပပေးမည့်၊ ကန့်သတ်ချုပ်ချယ်မှုများဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားလာကြသည်မှာ အာဏာရှင်များ၏ အောင်ပွဲအတွက် လည်စင်းပေးမည့်လုပ်ရပ် ပြည်သူ အများက သဘောထားမည်မှာ အသေအချာဖြစ်သည်။

ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိသော်လည်း ပါတီရပ်တည်ရေးတခုကိုသာ ရှေးရှု၍ တိုင်းပြည်နှင့် လူမျိုးကို စစ်အာဏာရှင် ကျွန်ဇာတ်သွင်းမည့် ခရီးရှည်ထဲ ဆွဲခေါ်မည်ကို လက်ခံဖွယ် မရှိပါ။

ထိုအထဲမှ အံ့သြစရာကောင်းနေသည့် အချက်တခုမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရာမှ ပြန်လွတ်လာသည့် ပုဂ္ဂိုလ်များကပါ ပါတီရပ်တည်ရေးအတွက်သာ ကြည့်ရှု၍ မိမိတို့လိုပင် ထောင်ဒဏ်ကျခံနေရသည့် ပါတီဝင်များကို ကျောခိုင်းကာ လာနေသည့် အချက်ပင်ဖြစ်သည်။ ဤအကြောင်းအချက်ကလည်း နအဖ၏ အကွက်ချ အစီအမံ ဖြစ်နိုင်မလားဟူ၍ သံသယဖြစ်စရာပင်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ပုဂ္ဂိုလ်များနှင့်အတူ မူလဘူတ မူဝါဒများကို အသေအကျေ ဆုပ်ကိုင်သည့် NLD ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်အား တပြိုင်တည်း လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပါတီအား ပြန်လည်မှတ်ပုံတင်လိုက်ပါက နေအိမ်တွင် အထိန်းသိမ်းခံထားရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းစံ NLD အမတ်များ၊ ပါတီဝင်များအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရဦးမည်ဖြစ်သည်။ ယခုအခါ စစ်အစိုးရ အလိုကျ ရွေးကောက်ပွဲကို အကြောင်းပြုကာ NLD ခေါင်းဆောင်ပိုင်းအကြား အပြင်းအထန် အငြင်းပွားဖွယ်ရာပင် ဖြစ်လာရပြန်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာက စစ်အစိုးရ ရွေးကောက်ပွဲဥပဒေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေချိန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစုအားလုံး ရွေးကောက်ပွဲတွင် ပါဝင်စေလိုသည့်အချိန်၊ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ်အပေါ် တရားမျှတမှု မရှိနိုင်ဟူ၍ ပြစ်တင်ဝေဖန်နေသည့် အချိန်မျိုးတွင် NLD ပါတီ ခေါင်းဆောင်မှုအတွက်ပါ ခေါင်းခဲစရာ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ထိုအခြေအနေများကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲလမ်းကြောင်းအတိုင်း  လျှောက်လှမ်းချင်သည့် NLD ခေါင်းဆောင်အချို့၏ လုပ်ရပ်သည် မြန်မာ့အရေး လေ့လာစောင့်ကြည့်နေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် မျက်စိလည်စရာတော့ မဖြစ်နိုင်ပါ။ ထိုခေါင်းဆောင်အချို့သာ စစ်အစိုးရ ထောင်ထားသည့် ထောင်ချောက်အတွင်း ၎င်းတို့ဘာသာ ဆင်းသက်လိုက်ခြင်းသာ အဖတ်တင်ပါလိမ့်မည်။

NLD သည် ၁၉၈၈ လူထုအရေးတော်ပုံကြီးမှ ပေါက်ဖွားလာသည့် ပါတီဖြစ်ပါသည်။ ပါတီရှိမှ နိုင်ငံရေး လုပ်နိုင်မည် မဟုတ်ပါ။ မိမိပါတီနှင့်အတူ ရပ်ခံနေသည့် ပြည်သူလူထုကြီး ရှိနေသရွေ့ နိုင်ငံရေးမပျောက်ပါ။ နှစ် ၂ဝ လုံးလုံး ပါတီတည်မြဲရေးကို ကျားကန်ပေးခဲ့သည့် အောက်ခြေ ပါတီဝင်များ၊ ခေါင်းဆောင်များသည် အဖိနှိပ်ခံ၊ အဖမ်းဆီးခံရင်း ဒီမိုကရေစီခရီးကို ဆက်ခဲ့ကြ၊ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့ကြသည်။ ၎င်းတို့၏ တိုက်ပွဲဝင်မှု၊ အာခံမှုများဖြင့် NLD သည် ရပ်တည်ချက် ခိုင်မာခဲ့သည်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ လှိုင်းတံပိုးကို ဆက်လက်၍ သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ခေါင်းဆောင်မှုပိုင်းအနေဖြင့် နှစ် ၂ဝ လုံးလုံး အာဏာရှင်စနစ် တည်ရှိမှုအား ခြိမ်းခြောက်နိုင်သည့် ဦးဆောင်မှုမျိုး မပြုလုပ်နိုင်ခဲ့ပါ။ ဒီမိုကရေစီခရီး သက်တမ်းတလျှောက် ၄ ပုံ ၃ ပုံခန့် အထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများ၊ ဦးဆောင်ဆုံးဖြတ်ချက်များကြောင့် NLD သည် အကျည်းမတန်ဘဲ ဆက်လက်၍ ရပ်တည်နိုင်ခဲ့သည်မှာလည်း အရေးပါသော အချက်ဖြစ်သည်။ စစ်အစိုးရက ဘက်ပေါင်းစုံမှနေ၍ ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှု အမြောက်အမြား ရှိခဲ့လင့်ကစား မှန်ကန်တည့်မတ်စွာ လျှောက်လှမ်းခဲ့သည့်အပေါ် ပြည်သူများနှင့် နိုင်ငံတကာက ဂရုဏာသက်စွာ အားပေးထောက်ခံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပါတီမရှိလျှင်လည်း အာဏာရှင်စနစ်အား တိုက်ဖျက်မည့်၊ ရပ်တည်ချက် တူညီသည့် အင်အားစုများ၊ ပြည်သူများကို ဦးဆောင်မှုပေးနိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဤအချက်သည် ဒေါ်အောင်ဆန်းစုကြည် ရပ်တည်ချက် မပြောင်းမချင်း တည်ရှိနေမည့် အရာပင် ဖြစ်သည်။

လူထုက ပေးအပ်ခဲ့သည့် လုပ်ပိုင်ခွင့်အာဏာကို ဆုပ်ကိုင်ကာ လက်တွေ့ကျကျ အကောင်အထည် မဖော်နိုင်ဘဲ တရားမျှတမှု မရှိသော၊ စစ်အစိုးရက အောက်လိုင်းချပေးလိုက်သော ရွေးကောက်ပွဲတွင် နောက်တကြိမ် ဝင်ရောက်လိုက်ပါက ပြည်သူလူထုက မည်ကဲ့သို့ သဘောထားပါတော့မည်နည်း။ လူထုခေါင်းဆောင်က ရွေးကောက်ပွဲဝင်မည်ဆိုပါက လက်မခံဟု သူ၏ သဘောထားပေးခြင်း၊ ပါတီဗဟိုခေါင်းဆောင်အများကလည်း ထိုသို့သော သဘောထား ရှိနေလင့်ကစား ရွေးကောက်ပွဲဝင်ရေးကိုသာ မဖြစ်မနေ စိုင်းပြင်းမည်ဆိုလျှင် လူထု၏ ယုံကြည်ကိုးစားမှုကို မည်သူမျှ ရရှိနိုင်မည် မဟုတ်ပါ။

ပြည်သူများက ၎င်းတို့အပေါ် သစ္စာစောင့်သိပြီး ဦးဆောင်နိုင်စွမ်းရှိသူကိုသာ ခေါင်းဆောင်အဖြစ် တင်မြှောက်လေ့ရှိသည်။ တချိန်တခါက ကျောင်းသားပြည်သူတို့ သွေးချွေး၊ အသက်များဖြင့် နိုင်ငံရေးစင်မြင့်ပေါ် ပုခုံးထမ်းတင်ပေးခဲ့ရသည်ကို ပြည်သူလူထုက မေ့နေမည် မဟုတ်ပါ။ ထို့ကြောင့် NLD ၏ ဆုံးဖြတ်ချက်များသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့တိုက်ပွဲကိုသာ ရှေးရှုသင့်ပါသည်။ စစ်အစိုးရက ၎င်းတို့ သက်ဆိုးရှည်ရေးအတွက် အကွက်ချစီမံခဲ့သော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အသက်သွင်းမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပြည်သူ ခေါင်းဆောင်အများအပြား ပါဝင်မည်မဟုတ်ပါ။

NLD အနေဖြင့် ရွေးကောက်ပွဲဝင်ခြင်းဖြင့် မိမိတို့ အနိုင်ရခဲ့သည့် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မစတေးသင့်ပါ။ ယခုရွေးကောက်ပွဲတွင်ရော အနိုင်ရပါဦးမည်လား။ ပြည်သူများက လက်ဖြင့် ရေးထိုးခဲ့သော NLD ၏ ရပ်တည်ချက်၊ ဂုဏ်သိက္ခာ၊ သမိုင်းကြောင်းကို ခြေဖြင့် ဖျက်ပစ်ရာပင် ရောက်သွားပါမည်။

NLD ခေါင်းဆောင်မှုအတွင်း သဘောကွဲလွဲမှု အက်ကြောင်းများကြောင့် ရွေးကောက်ပွဲအတွက် တူညီသော အသံများ မရှိခဲ့လျှင် စစ်အစိုးရ၏ နိုင်ငံရေးထိုးနှက်ချက် အောင်မြင်မည်ဖြစ်ကာ၊ အာဏာရှင် ဗိုလ်ချုပ်ကြီးများ ပျော်မဆုံး တပြုံးပြုံးဖြစ်မည့် အနေအထားကို ရှောင်ရှားစေလိုပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်စမ်းသပ်လိုသူ NLD ခေါင်းဆောင်များအနေဖြင့် အခြားပါတီများတွင် ဝင်ရောက်ပူးပေါင်းခြင်း၊ ပါတီသစ်တရပ် တည်ထောင်ခြင်းတို့ဖြင့် NLD ၏ သမိုင်းကြောင်းကို အစွန်းအထင်းမခံရာ ရောက်ပေမည်။ ထို့ထက် ပိုမိုကောင်းမွန်သည်ကား ရွေးကောက်ပွဲ မဝင်ဘဲ ပါတီခေါင်းဆောင်အားလုံး တစုတဝေးတည်း ကြံ့ကြံ့ခံ ရပ်တည်သင့်လှပေသည်။

စစ်အစိုးရ ထုတ်ပြန်သည့် တဖက်သတ် ဥပဒေကြောင့် ပါတီဖျက်သိမ်းခံရမည် ဖြစ်သော်လည်း ပါတီသမိုင်းကြောင်းကို ဖျောက်ဖျက်၍ မရနိုင်ပါ၊ ဤသည်မှာ ပြည်သူလူထု၏ သမိုင်းကြောင်းလည်း ဖြစ်ပါသည်။ ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲဖြင့် ဖြစ်ပေါ်လာမည့် အစိုးရအသစ်၏ တရားဝင်မှုသည်လည်း နိုင်ငံတကာ မျက်နှာစာတွင် ပြက်ရယ်ပြုဖွယ်ရာပင် ဖြစ်ပါလိမ့်မည်။

ယခုအခါသည် ပြည်သူလူထုကိုယ်စားပြု ပါတီတရပ်အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်ခြင်း မပြုဘဲ၊ ပြည်သူလူထုအကျိုးအတွက် မှန်ကန်တည့်မတ်သော ဆုံးဖြတ်ချက်များကိုသာ တညီတညွတ်တည်း ချမှတ်၍ စစ်အာဏာရှင် တိုက်ဖျက်ရေး လမ်းစကို ဖော်ထုတ်ရမည့် အချိန်ဖြစ်ပါသည်။

NLD ခေါင်းဆောင်ပိုင်းအကြား ဝါးအစည်းပြေသလို မဖြစ်စေလိုပါ။ ဤသည်မှာ လူထုဆန္ဒပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲအား ဆန့်ကျင်ကြပါစို့ …

ရဲလင်း (မြန်မာပြည်) 
  ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=5004:2010-03-25-13-15-00&catid=3&Itemid=4

ကျောင်းသားခေါင်းဆောင်ဟောင်းက ပါတီထောင်ရန်ပြင်

ချင်းမိုင် (မဇ္ဈိမ) ။    ။ ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ဖူးသူ  ကိုဖြိုးမင်းသိန်းက ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေရာ အသစ်ထူထောင်မည့် ပါတီကို ” လူထုဒီမိုကရေစီပါတီ” ဟု အမည်ပေးထားသည်။

“တခြားနိုင်ငံရေးပါတီတွေနည်းတူ ရွေးကောက်ပွဲမှာ ကျနော်တို့လည်း ဖြတ်သန်းဖို့ လိုလိမ့်မယ်လို့ ထင် တယ်။ ဘာလို့လည်းဆိုတော့ လူထုအတွက် ရွေးချယ်စရာတွေ ပေးနိုင်ဖို့အတွက်ပေါ့နော်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့၏ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကိုဖြိုးမင်းသိန်း က မဇ္ဈိမကို ပြောသည်။

၁၉၈၈ ခု၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌဖြစ်ခဲ့ဖူးသူ ကိုညိုထွန်းလည်း ပါတီ၏ ဖွဲ့စည်းရေးလုပ်ငန်းကော်မတီတွင် ပါဝင်မည်ဟု သိရသည်။

ပါတီအလံသည် အပြာ၊ အနီ၊ အဝါ သုံးရောင်ခြယ်ဖြစ်ပြီး ဖွဲ့စည်းရေးလုပ်ငန်းကော်မတီကို ကိုညိုထွန်း၊ ကိုဖြိုးမင်းသိန်း၊ ကိုသိန်းတင်အောင်၊ ကိုမင်းလွင်၊ ကိုလူသစ်၊ ကိုသိန်းဌေး၊ ကိုမျိုးမင်းထွန်း စသည့် ၇ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသည်။ ပါတီ၏ ဆောင်ပုဒ်မှာ လွတ်လပ်၊ ညီမျှ၊ ချစ်ကြည်၊ လူထုဒီမိုကရေစီပါတီ ဟုလည်းဆက်ပြောသည်။

ပါတီမှတ်ပုံတင်ခြင်းနှင့် ပါတီ၏ လမ်းစဉ်မူဝါဒများ သတ်မှတ်ခြင်းကို ၂၉ ရက်နေ့ နောက်ပိုင်းမှသာ ဆောင်ရွက်ဖြစ်မည်ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်ဖြစ်သော ဦးခွန်ထွန်းဦးတို့ ပါဝင်ခွင့် ရရှိရေးကိုလည်း ကြိုးစားသွားမည်ဟုလည်း သိရသည်။

ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရန် အဆင်သင့်ဖြစ်နေသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် သိပံ္ပနည်းကျ အမျိုးသားနိုင်ငံရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်၊ ရခိုင်ပြည်နယ်အမျိုးသားနိုင်ငံရေးအင်အားစု၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ၊ ကချင်ပြည်နယ်တိုးတက်ရေးပါတီ၊ ဝံသာနု NLD၊ ၈၈မျိုးဆက်သစ်ကျောင်းသားများ ယူနိုက်တက်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားနိုင်ငံရေးအဖွဲ့တို့ဖြစ်ကြကြောင်း လေ့လာသိရှိရသည်။

ယခုလ ၂၂ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့သော နိုင်ငံရေးပါတီတို့မှာ ကိုအေးလွင် ဦးဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့ ဖြစ်ကြသည်။

ရွေးကောက်ပွဲဥပဒေကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာ ပါတီမှတ်ပုံတင်ရေး-မတင်ရေး ကို ယခုလ ၂၉ ရက်နေ့တွင် ရန်ကုန်ဌာနချုပ်၌ ဗဟိုအလုပ်အမှုဆောင် များနှင့် ဗဟိုဦးစီးအဖွဲ့ဝင်များ စည်းဝေးဆုံးဖြတ်ကြမည်ဖြစ်သည်။

စိုင်းဇွမ်ဆိုင်း   

ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ

အန်အယ်လ်ဒီ နိုင်ငံရေးလမ်းဆုံး ရောက်ပြီလား၊ ဒါမှမဟုတ် နအဖစစ်အစိုးရကော နိုင်ငံရေး ဆူးခင်းလမ်းပေါ် နင်းမိပြီလား၊ ယနေ့ အဲဒီအဖြေနှစ်ခုကို စဉ်းစားကြည့်ကြရအောင်။

အားလုံးက တမျှော်ထဲ မျှော်နေကြတဲ့ နအဖရဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်ဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို မတ်လ (၈) ရက်နေ့စွဲနဲ့ အစိုးရသတင်းစာကြီးတွေမှာ အချပ်ပိုအနေနဲ့ ထည့်သွင်းထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။

နိုင်ငံရေးစိတ်ဝင်စားသူတိုင်း (ပြည်သူတချို့) နှင့် နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားများ ဖတ်မိကြပြီး တအံ့တသြဖြစ်ကုန်ကြရတာ တွေ့ရတယ်။

တူညီတဲ့အသံတခုကတော့ နအဖစစ်အစိုးရက အာဏာလက်ကိုင်ထား အပေါ်စီးအနေနဲ့ အန်အယ်လ်ဒီအဖွဲ့ကို စနစ်တကျ အကွက်ချပြီး နှစ်ခြမ်းကွဲအောင်နှင့် ပျက်စီးပြိုကွဲသွားအောင် ဥပဒေတွေနဲ့ ဖန်တီးလုပ်ကြံလိုက်တာပါပဲလို့ ကွင်းကွင်းကွက်ကွက် ရှင်းရှင်းလင်းလင်း အထင်းသား မြင်တွေ့နေကြ၊ ပြောဆိုနေကြတာတွေကို ကြားမြင်နေရတာပါပဲ။ အဓိက အကျပ်အတည်း တွေ့ရတာကတော့ အန်အယ်လ်ဒီပါပဲ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်သန်းရွှေနဲ့အပေါင်းအပါ (လူမိုက်ကြီးများ) က ကောက်ကျစ်ယုတ်မာမှု သရဖူဆောင်းလောက်အောင် မီးကုန်ယမ်းကုန် ကြမ်းလိုက်တာပါပဲ။

အဲဒီမှာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ပါတီများ မှတ်ပုံတင်ခြင်းဥပဒေများ တိုက်ရိုက်ထိတွေ့ ၀ိရောဓိဖြစ်လာတာတွေ့ရပြီး အန်အယ်လ်ဒီက မိမိရေးဆွဲထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပစ်ပယ်မှာလား၊ နအဖရဲ့ သံခြေကျင်းခတ် ဒရွတ်တိုက်ဆွဲခေါ်သွားမယ့် ရွေးကောက်ပွဲ တင်းကုပ်ထဲကို လိုက်ပါခံမလား၊ မိမိပါတီအဖွဲ့အစည်းရဲ့ အဓိက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်း ရဲဘော်ရဲဘက် တွေကို အကျဉ်းခံဘ၀ထဲက မျက်နှာတွေကို မထောက်ဘဲ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပြီး နအဖရဲ့ ကြိုးဆွဲရာကရမယ့် ရုပ်သေးရုပ် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင် ပါတီမှတ်ပုံတင်ကြမှာလား။

အန်အယ်လ်ဒီသည် ၉၀ ပြည့်နှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ တရားဝင် အနိုင်ရရှိထားသော (ပြည်သူတို့ရဲ့ သဘောထားဆန္ဒအမှန်) Mandate ကို နအဖရဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၁၆) အပိုဒ် (၉၁) အရ ဖျက်သိမ်းတာကို သဘောတူလက်ခံလိုက်ပြီလား။

အန်အယ်လ်ဒီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ဒီမိုကရေစီ ကျင့်စဉ်နှင့် မညီညွတ်သော အချက်များကို Preview ညှိနှိုင်းပြင်ဆင်ပေးရန် တောင်းဆိုကမ်းလှမ်းထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါအချက်ကို မျက်ကွယ်ပြု သစ္စာဖောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အပိုဒ် (၆) (ဂ) မှ အသက်မ၀င်သေးသော (တရားမ၀င်သေးသော) ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့်အချက်ကို မျက်စိမှိတ် ခေါင်းညိတ်ဝန်ခံကတိပေး လက်မှတ်ထိုးကာ ပါတီမှတ်ပုံတင်တော့မှာလား။

နအဖထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါအချက်များမှ တချို့မှာ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ပစ်မှတ်ထား ရေးဆွဲထားတဲ့အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခက်အခဲ အကျပ်အတည်းနှင့် တွေ့ရပြီး ရှေ့တိုးလျှင်လည်း ပါတီဖျက်သိမ်းခံရမယ်၊ နောက်ဆုတ်ပြန်ရင်လည်း မိမိတို့ရဲ့ ဆုပ်ကိုင်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များ၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်ရဲဘော်ရဲဘက်များ အားလုံးအပေါ် သစ္စာဖောက်ရာကျမယ်၊ ဂုဏ်သိက္ခာကျဆင်းမယ်၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမယ်၊ ဖိအားပေးဝိုင်းဝန်းနေကြတဲ့ ကမ္ဘာ့နိုင်ငံကြီးများ၊ အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ပေးမှုများလည်း လျော့ကျပျက်စီးသွားနိုင်မယ်။

အခုလို ဥပဒေတွေ ထုတ်ပြန်လိုက်ခြင်းဟာ အန်အယ်လ်ဒီရဲ့ အနှစ် (၂၀) ကျော် နိုင်ငံရေးလှုပ်ရှားမှုသက်တမ်း အနားသပ်ဖို့အတွက် Do (or) Die ပါပဲ။ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အချိန်ရောက်ပြီ။ ၂၉-၀၃-၂၀၁၀ နေ့မှာ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှာ ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး မဲခွဲဆုံးဖြတ်မယ်လို့ ကြားရပါတယ်။ အဲဒီမှာ အများဆန္ဒကို အနည်းစုက လိုက်လျောရပါလိမ့်မယ်။ အန်အယ်လ်ဒီရဲ့ နောက်ဆုံး စွန့်စားမှုတခုလို့ ဆိုရပါတော့မယ်။

နအဖကတော့ အပေါ်စီးကနေ ငါလုပ်ချင်တာလုပ်လို့ရပြီ။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့အတွေးနဲ့ မိန်းမောနေမယ်ဆိုရင် ခပ်ရိုင်းရိုင်းဥပမာနဲ့ပဲ ပြောလိုက်ပါရစေ။ ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးဟာ မိမိထွက်ပေါက်အတွက် အသေခံပြီး ပြန်ကိုက်တတ်တယ်ဆိုတာ နအဖဗိုလ်ချုပ်ကြီးတွေ သိထားဖို့ကေင်းပါတယ်။

အဲဒီဥပမာအတိုင်းပါပဲ။ အန်အယ်လ်ဒီဟာ ချောင်ပိတ်ခံနေရပေမယ့် ဒု-ဥက္ကဋ္ဌကြီး ဦးတင်ဦးပြောသလို ကျနော်တို့မှာ ထွက်ပေါက်ရှိပါသေးတယ်ဆိုတဲ့အတိုင်း အန်အယ်လ်ဒီရဲ့ ထွက်ပေါက်က အချိန်တန်တော့ နပိန်ကန်လာတော့မှာပါ။ အန်အယ်လ်ဒီဟာ နိုင်ငံရေးလမ်းမဆုံးသေးပါဘူး။ ပါတီမရှိပေမယ့် ပြည်သူရှိရင် အန်အယ်လ်ဒီရှိတယ်။ အန်အယ်လ်ဒီနောက်မှာ ပြည်သူဟာ ထပ်ချပ်မကွာ တော်လှန်ရေးစိတ်ဓာတ်နဲ့ အမြဲပူးကပ်နေမှာပါ။

နိုင်ငံရေးဆူးခင်းလမ်းပေါ် နင်းမိနေတဲ့ နအဖကတော့ ကိုယ်သွားနေတဲ့လမ်းဟာ အဖြောင့်လား၊ အကောက်လား မသိသလို ကိုယ်စီးတဲ့ မြင်းဟာလည်း အထီးမှန်း အမမှန်း မသိဖြစ်နေတာ သနားစရာ ကောင်းလှပါတယ်။

ဟန်တလုံး ပန်တလုံးနဲ့ ကြေညာချက်တွေ (မှတ်ပုံတင်ဥပဒေ) ထုတ်ပြန်လိုက်တယ်။ ဟုတ်လှပြီမှတ်လို့ ပြည်တွင်းကရော၊ ပြည်ပအင်အားစုတွေ၊ အာဆီယံနိုင်ငံတွေ၊ အီးယူ၊ ဗြိတိန်၊ သြစတြေးလျ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကပါ ၀ိုင်းကန့်ကွက်ကြလို့ မကြာမီ ကုလသမဂ္ဂမှာ မြန်မာ့မိတ်ဆွေနိုင်ငံများ (၁၄) နိုင်ငံခေါ်ပြီး အစည်းအဝေးကျင်းပရတော့မယ်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းကလည်း မြန်မာ့အရေးဆွေးနွေးဖို့ ကုလသမဂ္ဂအရေးပေါ်အစည်းအဝေး အမြန်ဆုံးခေါ်ယူ ကျင်းပပေးဖို့ ကုလအတွင်းရေးမှူးဆီ တင်ပြထားတာ မကြာမီခေါ်ယူဖို့ စီစဉ်နေကြောင်း ကြားရပါတယ်။

အာဆီယံ နိုင်ငံများကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာအရေးဆွေးနွေးဖို့ အာဆီယံအရေးပေါ် အစည်းအဝေး ကြားဖြတ်ခေါ်ယူကျင်းပပေးရန် အာဆီယံအလှည့်ကျ အတွင်းရေးမှူး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုတင်ပြထားပါတယ်။

ဒါက နအဖရဲ့ ပြင်ပကမ္ဘာရဲ့ သဘောထားတွေပါ။ ဒါတောင် မကြာမီ (လကုန်ပိုင်း) လာမယ့် တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြမ်းပေါင်ကလည်း ဘာတွေ လာဆွေးနွေးဦးမယ်ဆိုတာ မသိနိုင်သေးဘူး။

ကောင်းပြီ။ ပြည်တွင်းက နယ်ခြားစောင့်တပ်ထားရှိရေးကိစ္စနဲ့ကော တိုင်းရင်းသားအဖွဲ့တွေနဲ့ အဆင်ပြေရဲ့လား။ နအဖစစ်တပ်အစိုးရဟာ ပြည်တွင်းက ငြိမ်းချမ်းရေးယူထားတဲ့ ၀၊ ကိုးကန့်၊ မိုင်းလား၊ ကချင် (ကေအိုင်အို)၊ ရှမ်း (အက်စ်အက်စ်အေ)၊ ကရင်၊ မွန် တိုင်းရင်းသားတွေနဲ့ အခုတော့ ပြဒါတလမ်း သံတလမ်းဖြစ်နေပြီ။ နအဖအဖို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်။

နိုင်ငံရေးမှာလည်း အန်အယ်လ်ဒီက သူဖြစ်ချင်သလို ဖြစ်မလာ၊ နယ်ခြားစောင့်တပ် ပြည်တွင်းကိစ္စမှာလည်း သူလုပ်ချင်သလို လုပ်မရတာ၊ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း သူ့လုပ်ရပ်အပေါ် မကျေနပ်မယုံကြည်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်လားခိုက်လား လုပ်လာရင် ပြည်တွင်းစစ်က မလွဲဧကန် ဖြစ်မှာ သေချာတယ်လို့ ပြောကုန်ကြပြီ။

အတိုက်အခံအင်အားစု၊ ပြည်တွင်းအင်အားစု၊ အဝေးရောက်ဒီမိုကရေစီအင်အားစု၊ ကမ္ဘာ့နိုင်ငံကြီးများအင်အားစု …. ရန်သူပတ်ခြာဝိုင်းရံလျက်ရှိတဲ့ နအဖစစ်အစိုးရ ဆူးခင်းလမ်းပေါ်မှာ နင်းရင်း နင်းရင်း ကိုယ့်ရှူးကိုယ့်ပတ်၊ ကိုယ့်အတတ်နဲ့ ကိုယ်စူး၊ အရူးမီးဝိုင်းဘ၀နဲ့ ကိုယ်ထောင်လိုက်တဲ့ ထောင်ချောက်ထဲ ကိုယ်ပြန်နင်းမိနေလို့ သနားတယ်…သနားတယ် သွပ်…သွပ်…သွပ်။ (အီကြာကွေး စကားလုံး ယူသုံးမိလို့ တမလွန်က ခွင့်လွှတ်ပါ ဆရာကွေးရေ…)

မောင်သြ
ရင်းမြစ်။ ။ခေတ်ပြိုင်

ဓူဝံကြယ်ပမာ ရှိနေမည်

မျှော်လင့်တုန်း ကြော့ဆုံး ရောက်လာတာတော့ မဟုတ်ပါဘူး။ “တောင့်တတုန်းအခါ ပေါ်ထွက်လာ သတ္တ၀ါဓလေ့ စိတ်ချမ်းမြေ့” ဆိုတဲ့ သံပေါက်နဲ့ တင်စားဖို့ကတော့ ‘ဝေးစွခြောက်ပါး’ ပါပဲ။

ဒါပေမယ့် မြန်မာပြည်ကို ချစ်မြတ်နိုးသူအားလုံး စိတ်မချမ်းမြေ့စွာ စောင့်ဆိုင်းနေခဲ့ကြရတဲ့ ကပ်ဘေးဆိုးကြီးဟာ နောက်ဆုံးမှာတော့ အမှန်တကယ်ကိုပဲ ကျရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ အတ္တ၀ါဒီ အာဏာရှင်စစ်ဗိုလ်တစုဟာ ပဲ့ကိုင်နေရာ သူတို့အဓမ္မတက်ယူထားတဲ့ သင်္ဘောကြီးကို ဧရာမ ကျောက်ဆောင်ကြီးနဲ့ ၀င်ဆောင့်ပစ်လိုက်ကြပါပြီ။

မြန်မာပြည်သူလူထု အများစုကြီးရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်များ ထင်ဟပ်နေတဲ့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ပါ တောင်းဆိုချက်များအပြင် ဒီပဲယင်းလူသတ်ပွဲကြီး အပါအ၀င် န၀တ/နအဖတို့ရဲ့ ရက်ရက်စက်စက် လုပ်ဆောင်ခဲ့သမျှ အားလုံးကို သင်ပုန်းချေပြီး နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးပါရစေဆိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုကျိုးနှိမ့်ချတဲ့ တောင်းဆိုချက်ကိုပါ လုံးဝဥပက္ခာပြု လျစ်လျူရှုပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို တဖက်သတ် ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြင့် နအဖဟာ မြန်မာပြည်သူလူထုကြီးတရပ်လုံးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အပြီးသတ် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ပြီဖြစ်ပါတယ်။ တနည်းပြောရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြော်အမြင်ကြီးမားစွာ ချပြခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းနှစ်လမ်းအနက် နအဖက ဒုတိယလမ်းကို ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

လုံးလုံးလျားလျား မျှော်လင့်မထားတာ မဟုတ်တဲ့အတွက် နအဖရဲ့ အဲဒီလုပ်ရပ်ဟာ မြန်မာနဲ့ ကမ္ဘာ့ပြည်သူတွေကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့တဲ့ လုပ်ရပ်တခုတော့ မဟုတ်ပါဘူး။ နှိုင်းယှဉ်ကြရမယ်ဆိုရင်တော့ အတိုင်းတိုင်း အပြည်ပြည်က မလုပ်ဖို့ အတန်တန် မေတ္တာရပ်ခံ တောင်းပန်နေတဲ့ကြားက ပါကစ္စတန်နိုင်ငံမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ၀န်ကြီးချုပ် အလီဘူတိုကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ဇီယာအူလ်ဟတ်က ကြိုးပေးကွပ်မျက်လိုက်တဲ့အခါ၊ နိုက်ဂျီးရီးယားနိုင်ငံမှာ ကမ္ဘာသိ ပြဇာတ်ရေးဆရာတဦး အပါအ၀င် အတိုက်အခံ (၁၀) ဦးကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာက ကွပ်မျက်စီရင်လိုက်တဲ့အခါ၊ ကမ္ဘာ့ပြည်သူတွေ ခံစားခဲ့ကြရတဲ့ ကြေကွဲဝမ်းနည်းမှုမျိုးနဲ့ ဒီကနေ့ ဗမာစစ်အာဏာရှင်တစုရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာ့ပြည်သူတွေ ခံစားရတဲ့ ကြေကွဲဝမ်းနည်းမှု ဆင်တူနေမှာ သေချာပါတယ်။

နအဖရဲ့ ကြေညာချက်တွေနဲ့ မရှေးမနှောင်းမှာ ထွက်ပေါ်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေမှာ အဲဒီခံစားချက်ကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မှတ်သားစရာကောင်းတာတခုက ဗိုလ်ချုပ်ကြီး ဇီယာအူလ်ဟတ်ရော ဗိုလ်ချုပ်ကြီးဆန်နီအဘာချာပါ သက်တမ်းစေ့မနေရဘဲ သေဆုံးသွားခဲ့ကြရတဲ့အဖြစ်ပါ။ ပါကစ္စတန် ဗိုလ်ချုပ်ကြီးက လေယာဉ်ပေါက်ကွဲပျက်ကျမှုတခုမှာ သေဆုံးသွားခဲ့ပြီး နိုက်ဂျီးရီးယား ဗိုလ်ချုပ်ကြီးကတော့ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးသွားတယ်လို့ သူ့နိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘာပဲပြောပြော နအဖကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ မျက်ကန်းတစ္ဆေမကြောက် သူလုပ်စရာရှိတာကို လုပ်လိုက်ပါပြီ။ အဲဒီတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လူသားစင်စစ် ဧကန်ဖြစ်မှုအတွက် အရေးအပါဆုံးသော အင်္ဂါရပ်များအဖြစ် သဘောထားကြတဲ့ မြန်မာပြည်သူများနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း စိတ်မချမ်းမြေ့မှုများ၊ ကြေကွဲဝမ်းနည်းမှုများနဲ့ မကျေနပ်မှုများကို ခွန်အားအဖြစ်သို့ ပြောင်းလဲထုတ်လုပ်ပြီး ကိုယ်လုပ်စရာရှိတာကို လုပ်ကြရတော့မှာပဲဖြစ်ပါတယ်။

ဘောလုံးကတော့ ကွင်းရဲ့ကိုယ့်ဘက်အခြမ်းကို နောက်တကြိမ် ရောက်လာပြန်ပြီလို့ ဆိုရပါလိမ့်မယ်။ နောက်တကြိမ်လို့ ပြောရတာက ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ခဲ့ချိန်ကစလို့ အခုအထိ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ဘောလုံးဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ကွင်းဘက်အခြမ်းကို အကြိမ်ကြိမ် ရောက်လာခဲ့ဖူးပြီးဖြစ်လို့ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်က အရေးတော်ပုံကြီးရဲ့ အရှိန်အဟုန် အမြင့်ဆုံးအချိန်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက လူထုလှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင်တွေဟာ ကိုယ့်ခြေထဲရောက်နေတဲ့ ဘောလုံးကို ဂိုးအဖြစ် အချိန်မီ မပြောင်းလဲနိုင်ခဲ့ကြတဲ့အတွက် စစ်အာဏာရှင်တွေက စက်တင်ဘာ (၁၈) အာဏာသိမ်းပွဲနဲ့ ဘောလုံးကို လုယူသွားခဲ့ကြပါတယ်။

ဒုတိယတကြိမ်က အရေးတော်ပုံကြီးရဲ့ အရှိန်အမြင့်ဆုံးကာလမှာ တောင်းဆိုခဲ့တဲ့ ကြားဖြတ်အစိုးရ တောင်းဆိုချက်ကို ဆက်လက်ကိုင်စွဲမလား ဒါမှမဟုတ် န၀တ ချပေးတဲ့ ပါတီတွေ ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ရေးလမ်းကြောင်းကို လိုက်မလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုအနက် တခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါမှာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း လူထုလှုပ်ရှားမှုခေါင်းဆောင်တွေဟာ န၀တလမ်းကြောင်းအတိုင်း လိုက်ပါလျှောက်လှမ်းဖို့ ရွေးချယ်လိုက်ကြခြင်းဖြင့် ကိုယ့်ခြေထဲက ဘောလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘဲ န၀တ စစ်အာဏာရှင်တွေရဲ့ ကွင်းဘက်အခြမ်းကို ရောက်သွားစေခဲ့ပြန်ပါတယ်။

တတိယအကြိမ်က ဂန္ဓီခန်းမညီလာခံပါ။ ဒီအချိန်မှာ ရွေးကောက်ပွဲ ပြီးသွားပြီ ဖြစ်တဲ့အတွက် အဲဒီရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ (၈၀) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီဟာ လူထုခေါင်းဆောင် လူထုတပ်ဦးပါတီ ဖြစ်နေပါပြီ။ ဒါကြောင့် ရွေးကောက်ပွဲအပြီး ပထမဆုံးကျင်းပတဲ့၊ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်တဲ့ ဂန္ဓီခန်းမညီလာခံဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ သိပ်ကိုအရေးပါပါတယ်။ ဒါပေမယ့် အဲဒီညီလာခံမှာလည်း လူထုခေါင်းဆောင်တွေဟာ ကိုယ့်ခြေထဲမှာရှိနေတဲ့ ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတဲ့အတွက် ဘောလုံးဟာ န၀တ စစ်အာဏာရှင်တွေရဲ့ ကွင်းဘက်အခြမ်းကို ပြန်ရောက်သွားခဲ့ရပြန်ပါတယ်။

အဲဒီအကြိမ်နဲ့ မရှေးမနှောင်း လူထုခေါင်းဆောင်တွေရဲ့ ကွင်းဘက်အခြမ်းကို စတုတ္ထအကြိမ် ဘောလုံးရောက်လာပြန်တဲ့ အဖြစ်အပျက်က ဂန္ဓီခန်းမညီလာခံမှာ အန်အယ်လ်ဒီခေါင်းဆောင်တွေ တစုံတရာကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆုံးဖြတ်ကြေညာလိုက်မှာကို အကြောက်ကြီးကြောက်သွားတဲ့ န၀တ ကမူးရှူးထိုးရေးပြီး ကသောကမြော ထုတ်ပြန်လိုက်တဲ့ (၁/၉၀) ကြေညာချက်ကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီတကြိမ်မှာလည်း အန်အယ်လ်ဒီ ခေါင်းဆောင်တွေဟာ ကိုယ့်ဘက်အခြမ်းရောက်လာတဲ့ ဘောလုံးကို ဖြုန်းတီးပစ်ခဲ့ကြပြန်ပါတယ်။

ပဉ္စမအကြိမ်က ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် ဒီမိုကရေစီရေးအတွက် အတက်ကြွဆုံး လှုပ်ရှားနေသူတွေကို နအဖက ပါတီထဲက ထုတ်ခိုင်းတဲ့ ကိစ္စဖြစ်ပြီး ဆဋ္ဌမအကြိမ်က နအဖရဲ့ အမျိုးသားညီလာခံတက်မလား၊ မတက်ဘူးလား ဆိုတာကို ရွေးချယ်ရတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီနှစ်ကြိမ်စလုံးမှာလည်း အန်အယ်လ်ဒီခေါင်းဆောင်တွေဟာ ကိုယ့်ကွင်းဘက်အခြမ်း ရောက်လာတဲ့ ဘောလုံးတွေကို အကျိုးရှိရှိ အသုံးမချနိုင်ဘဲ နအဖ ခြေထောက်ထဲကိုပဲ ပြန်ကန်ပို့ခဲ့ပါတယ်။

၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာခဲ့ပြီးတဲ့နောက်မှာတော့ အန်အယ်လ်ဒီဟာ ဒေါ်စုအပါအ၀င် ခေါင်းဆောင် (၃) ဦးကို ပါတီထဲပြန်ထည့်ခြင်း၊ နအဖ အမျိုးသားညီလာခံက နုတ်ထွက်ခြင်းတို့ဖြင့် မိမိရဲ့ကစားကွက်အမှားကို စတင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အမျိုးသားညီလာခံကို ပြန်တက်မလား၊ မတက်ဘူးလားဆိုတဲ့ လမ်းဆုံလမ်းခွနဲ့အတူ ဘောလုံးကိုယ့်ကွင်းဘက် အခြမ်း ရောက်လာပြန်တဲ့အခါမှာတော့ အန်အယ်လ်ဒီဟာ ကစားကွက်ကောင်းကောင်းနဲ့ ကစားပြီး နအဖကို အကျပ်အတည်း ကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်။ အန်အယ်လ်ဒီပေးတဲ့ အဲဒီအကျပ်အတည်းကြောင့်ပဲ နောက်ပိုင်းမှာ နအဖဟာ သူ့ရဲ့ မူလဗီဇ ဘီလူးရုပ်ကို လုံခြုံအောင် ဖုံးအုပ်ထားနိုင်စွမ်းမရှိတော့ဘဲ ဆက်ကာဆက်ကာ ဖွင့်လှစ်ဖော်ထုတ် ပြသလာခဲ့ရတော့တာ ဖြစ်ပါတယ်။

ဒီတကြိမ် အန်အယ်လ်ဒီရဲ့ ကွင်းဘက်အခြမ်းကို ဘောလုံးပြန်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီရော၊ နအဖရော၊ မြန်မာပြည်သူတွေရော၊ နိုင်ငံတကာရော အားလုံး အသေအချာ သိထားကြဖွယ်ရှိတဲ့ အချက်ကတော့ ဒါဟာ နောက်ဆုံးအကြိမ် ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို လုံးဝဂရုမစိုက်တဲ့ ပုံဖမ်းပြီး နအဖက ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေကို တဖက်သတ် ထုတ်ပြန်ကြေညာလိုက်တာဟာ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက် ပြည်သူတွေ ဘ၀တွေ အသက်တွေ အဆင့်ဆင့် စတေးပေးဆပ် ရုန်းကန်တိုက်ပွဲဝင်လာခဲ့ကြရပြီး ၁၉၉၀ ရွေးကောက်ပွဲနဲ့ အထွတ်အထိပ် ရောက်သွားခဲ့တဲ့ ပြည်သူတွေရဲ့ဆန္ဒတွေ၊ အာသီသတွေ၊ မျှော်မှန်းချက်တွေ ထည့်ထားတဲ့ ခေါင်းတလားအဖုံးရဲ့ နောက်ဆုံးသံချက်ကို ရိုက်သွင်းဖို့ စစ်အာဏာရှင်တွေက အသေအချာ နေရာယူပြင်ဆင်လိုက်တာဖြစ်လို့ပါပဲ။

ဗိုလ်မောင်မောင်၊ ဗိုလ်နေ၀င်းတို့ မွေးဖွားပြုစုပျိုးထောင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ နွားအိုနောက်ကျသား နအဖစစ်အုပ်စုဟာ သူတို့ဆယ်စုနှစ်ခုကြာ ညတိုင်းမက်လာခဲ့ရတဲ့ တရားဝင်မှု Legitimacy အိပ်မက်ဆိုးကို ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပယောဂကုထုံး အသုံးပြုပြီး အပြီးတိုင် ဖယ်ရှားပစ်ဖို့ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်လိုက်ပြီဖြစ်လို့ပါပဲ။ ဒါကြောင့် အခြေအနေကတော့ မြန်မာစစ်အာဏာရှင်တွေဟာ ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်လမ်းကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်ပြီဆိုတဲ့အချက်ဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပြီ။

အဲဒီတော့ မြန်မာပြည်သူလူထုကြီးရဲ့ တပ်ဦးမှာရှိနေတဲ့ အန်အယ်လ်ဒီပါတီအနေနဲ့လည်း ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ဖို့ပဲရှိပါတော့တယ်။ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်းက ပေါ်ပေါက်ခဲ့တဲ့ အရေးတော်ပုံပါတီတရပ်အတွက် အခုလိုအချိန်မျိုးမှာ ရွေးစရာလမ်းနှစ်သွယ် မရှိအပ်တော့ပါဘူး။ လျှောက်စရာ တလမ်းပဲ ရှိတော့တယ်လို့ မြင်မိပါတယ်။ နအဖရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါတီတရပ်အဖြစ် တည်ရှိလိုတယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ရမယ်လို့ ပါပါတယ်။ ဒီအချက်ဟာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကြောင့် ဒီအချက်တခုတည်းနဲ့တင် အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်မှုမပြုရေး ဆုံးဖြတ်ဖို့ လုံလောက်နေပါပြီ။

ဒါပေမယ့် နအဖက ဒါနဲ့တင် အားမရသေးပါဘူး။ ဒီမိုကရေစီရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ ထောင်ဒဏ်ကျခံနေကြရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သူရဲကောင်း နိုင်ငံရေးအကျဉ်းသားအားလုံးကိုပါ ပါတီထဲက ထုတ်ပစ်မှ ပါတီဆက်လက်ရပ်တည် ရှင်သန်ခွင့်ရှိမယ်လို့ နိုင့်ထက်စီးနင်း ပြောဆိုထားပါသေးတယ်။ ဒီဖော်ပြချက်ရဲ့ တောင်းဆိုမှုအစစ်အမှန်က ဘာလဲ။ အန်အယ်လ်ဒီကို သူ့လက်ထဲက ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးအလံတော်များကို လွှင့်ပစ်ခိုင်းရုံတင်မက ဒူးထောက်ပြီး သူတို့ရဲ့ စစ်ဖိနပ်ကိုပါ လျှာနဲ့ ကုန်းလျက်ဖို့ စစ်အာဏာရှင်တွေက အမိန့်ပေးလိုက်တာပဲဖြစ်ပါတယ်။ အကာအရံ အဆင်တန်ဆာတွေ ဖယ်ပြီးကြည့်ရင် အဲဒီပကတိအရှိတရားကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ် စူးရှတဲ့ အမှန်တရားတခုကတော့ အတိတ်ဖြစ်ရပ်တွေအရ တကယ်လို့ အန်အယ်လ်ဒီက အဲဒီအတိုင်း လုပ်ခဲ့မယ်ဆိုရင်တောင် နအဖရဲ့လုပ်ရပ်က အဲဒီလောက်မှာတင် ရပ်တန့်ပြီးဆုံးသွားခြင်းမရှိမှာ သေချာနေတဲ့ အချက်ပါပဲ။ မြန်မာစစ်အာဏာရှင်တွေရဲ့ အဘိဓာန်ထဲမှာ Fair Play ဆိုတဲ့ ဝေါဟာရမရှိပါဘူး။ ‘စစ်သုံ့ပန်းမလိုချင်ဘူး’ ဆိုတဲ့ မြန်မာစစ်ဗိုလ်တချို့က အောက်ခြေအဆင့်ဆင့်ကို တရားမ၀င်ပေးထားတဲ့ သဘောထားတခုကိုကြည့်ရင် မြန်မာစစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝကို သဘောပေါက်နိုင်ပါတယ်။

မြန်မာပြည်သူတွေဘက်က ကြည့်ရင်တော့ အန်အယ်လ်ဒီဟာ ၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့ချိန်ကစပြီး အခုအချိန်အထိ ခြုံပြောရရင် ပြည်သူတွေကို မှန်မှန်ကန်ကန် ဦးဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူလူထုကြီးရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ သုံးပါးစလုံးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ အခုလိုအချိန်မျိုးမှာ အန်အယ်လ်ဒီဟာ မြန်မာပြည်သူတွေကို ဆက်လက်ပြီး မှန်မှန်ကန်ကန် ဦးဆောင်သွားလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။

ရှေ့မှာ အန်အယ်လ်ဒီဟာ ဘောလုံး ကိုယ့်ကွင်းဘက်အခြမ်း အကြိမ်ကြိမ်ရောက်ခဲ့ပြီး အကြိမ်အတော်များများမှာ အကျိုးရှိအောင် အသုံးမချနိုင်ခဲ့တာကို ပြည်သူတွေက ချင့်တွက်ဖြည့်တွေးပြီး နားလည်ခွင့်လွှတ်ပေးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် မထောက်မညှာတမ်း ပြောရမယ်ဆိုရင်တော့ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုအပိုင်းနဲ့ ပတ်သက်ပြီး (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်နိုင်ခွင့်မရှိတဲ့ အချိန်တွေမှာ) မြန်မာပြည်သူတွေကြား မကြေလည်တာတွေ၊ အားမလိုအားမရဖြစ်တာတွေ၊ အားကိုးအားထားပြုချင်စိတ် လျော့ပါးတာတွေ ရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း အန်အယ်လ်ဒီကို မလေးစား ရိုသေမှုမရှိလို့ နအဖက အခုလို ထင်တိုင်းကြဲနေတာဖြစ်တယ်။ အန်အယ်လ်ဒီကလည်း နအဖ လေးစားရိုသေ ခန့်ညားအောင်လုပ်ပြနိုင်တဲ့ အရည်အချင်းမရှိတဲ့ ပါတီဖြစ်တယ်။ အန်အယ်လ်ဒီဟာ နိုင်ငံရေးပါတီတခုထက် သက်ကြီးရွယ်အိုတွေရဲ့ ဆွံ့အနားမကြားကျောင်းတခုနဲ့ ပိုပြီးတူနေပြီ …. စတဲ့ ဝေဖန်ချက်တွေမှာ အနည်းဆုံး အမှန်တချို့တော့ ပါဝင်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ အဲဒီခံစားချက်တွေဟာ အတန်အသင့် သဘာဝကျပြီး တစုံတခုသော အတိုင်းအတာအထိ ကြောင်းကျိုးဆီလျော် ခဲ့တယ်ဆိုရင် အန်အယ်လ်ဒီခေါင်းဆောင်တွေအတွက် မိမိတို့ရဲ့ ချွတ်ယွင်းအားနည်းချက်များကို ပြင်ဆင်ဖို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက မိမိတို့ကို ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ကြောင်း ပြသဖို့ အခုအချိန်ဟာ အကောင်းဆုံးအချိန်၊ အခုအခွင့်အလမ်းဟာ အကောင်းဆုံး အခွင့်အလမ်းပါပဲ။

ဒီအခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်နိုင်ဖို့အတွက် အန်အယ်လ်ဒီမှာ လမ်းညွှန်မူအဖြစ် ရွှေဂုံတိုင်ကြေညာချက်ရှိနေပါပြီ။ ဒီကြေညာချက်ပါ လမ်းညွှန်အခြေခံမူများကို ပြတ်ပြတ်သားသား ကိုင်စွဲပြီး ပန်းတိုင်ရောက်တဲ့အထိ ရွပ်ရွပ်ချွံချွံ ဦးလည်မသုန် ဦးဆောင်ချီတက်သွားနိုင်ရေး မျှော်မှန်းဖွဲ့စည်းခဲ့တာဖြစ်ဖို့ သေချာသလောက်ရှိတဲ့ တိုးချဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟိုဦးစီးအဖွဲ့တို့လည်း စုံစုံညီညီရှိနေပါပြီ။

ရှေ့အဖို့မှာ မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်မှုကို ရမရဆိုတာကတော့ အန်အယ်လ်ဒီအတွက် မသေချာပါဘူး။ လက်ရှိအခြေအနေ အရပ်ရပ်အရ မရဖို့ များပါတယ်။ လာမယ့် တိုက်ပွဲမှာလည်း သမိုင်းတလျှောက် ရဲဝံ့ပြတ်သားစွာ ဦးဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်နိုင်ရင် ပိုကောင်းမှာဖြစ်ပေမယ့် သူကိုယ်တိုင် လူထုရှေ့ကရပ်ပြီး ဦးမဆောင်နိုင်ရင်လည်း အလုပ်မလုပ်နိုင်လောက်အောင်တော့ ပြဿနာမရှိပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဘာကိုပြသခဲ့ကြသလဲ။ အဲဒါဟာ အန်အယ်လ်ဒီအတွက် လမ်းညွှန်အခြေခံမူပါပဲ။ လတ်တလောအခြေအနေမှာ အဲဒါကို ကိုယ်စားပြုတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ အန်အယ်လ်ဒီရဲ့ လမ်းညွှန်အခြေခံမူပါပဲ။ နောက်ပြီး ၁၉၈၈ ကစလို့ အခုအထိ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပြောဆိုပြုမူ ရပ်တည်ရှင်သန်ခဲ့သလဲ။ အဲဒါဟာ အန်အယ်လ်ဒီအတွက် အခြေခံမူပဲဖြစ်ပါတယ်။

ကမ္ဘာတလွှား နိုင်ငံအတော်များများမှာ ပြည်သူ့အာဏာလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ရာမှာ နိုင်ငံအားလုံးလိုလိုက လှုပ်ရှားမှုတွေဟာ မြန်မာပြည်က လှုပ်ရှားမှုလောက် ခက်ခဲကြမ်းတမ်းခြင်းမရှိ၊ ရှည်ကြာခြင်းမရှိဘဲ အဆုံးအဖြတ် အောင်ပွဲတွေ ရရှိသွားခဲ့ကြပါတယ်။ မြန်မာပြည်သူတွေကတော့ အခုအထိ ပင်ပန်းဆင်းရဲကြီးစွာ ဆက်လက်ရုန်းကန် တိုက်ပွဲဝင်နေကြရဆဲ ဖြစ်ပါတယ်။

အဲဒါဘာကြောင့်လဲ။ မြန်မာပြည်က စစ်အာဏာရှင်စနစ်ဆိုတဲ့ တောင်ဟာ အနိုင်နိုင်ငံက တောင်တွေထက် ပိုမတ်စောက်ပြီး ပိုမြင့်လို့ဖြစ်ပါတယ်။ မြန်မာပြည်က စစ်အာဏာရှင်စနစ်ဆိုတဲ့ ပင်လယ်ဟာ အနိုင်နိုင်ငံက ပင်လယ်တွေထက် ပိုကျယ်ပြီး လှိုင်းပိုကြမ်းလို့ဖြစ်ပါတယ်။ ဒါကို သဘောပေါက်ကြရပါလိမ့်မယ်။ တချိန်တည်းမှာ ဘယ်လောက်မြင့်တဲ့ တောင်ပဲဖြစ်ဖြစ် တနေ့နေ့ တချိန်ချိန်မှာ လူသားရဲ့ခြေဖ၀ါးအောက် ရောက်ရစမြဲဖြစ်တယ်။ ဘယ်လောက်ကြမ်းတမ်းတဲ့ လှိုင်းပဲဖြစ်ဖြစ် တနေ့နေ့ တချိန်ချိန်မှာ လူသားရဲ့ လှေအောက် ရောက်ရစမြဲဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း သဘောပေါက်ကြရပါလိမ့်မယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးကြီးနေပါပြီ။ နိုင်ငံသမိုင်းတလျှောက် ပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ သွေး ချွေး မျက်ရည်တွေအတွက်၊ အနာဂတ်မျိုးဆက်တွေအတွက်၊ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် မြတ်နိုးလေးစား တန်ဖိုးထားကြတဲ့ ကမ္ဘာ့ပြည်သူတွေအတွက်၊ ခြုံပြောရရင် ယဉ်ကျေးတဲ့ လူသားမျိုးနွယ်တရပ်ရဲ့ အနာဂတ်အတွက် သိပ်ကိုအရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေရဲ့ ပခုံးပေါ်မှာကျရောက်နေတဲ့ တာဝန်ရဲ့ပမာဏကို မှန်းဆကြည့်ပြီး စာနာစိတ်ပေါ်ပေါက်ကြမှာဖြစ်သလို အဲဒီတာဝန်ကြီးကို ထမ်းဆောင်အောင်မြင်ခဲ့ရင် ရရှိမယ့် ဂုဏ်ဒြပ်ရဲ့ ကြီးမြတ်ခမ်းနားမှုကို မှန်းဆကြည့်ပြီးတော့လည်း အားကျစိတ် ပေါ်ပေါက်နိုင်ကြမှာဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ ဒီလိုအချိန်မျိုးမှာ လူထုကိုဦးဆောင်မှုပေးရတော့မယ့် တပ်ဦးပါတီတရပ်ရဲ့ ညီညွတ်ရေးဟာ ကျောက်သားကျောက်စိုင်လို ခိုင်မာနေဖို့ပါပဲ။ မြို့နယ်ပါတီရုံးတွေ ပြန်ဖွင့်ခွင့်ပေးတာမျိုးနဲ့ ရုပ်သေးကြားဖြတ်အစိုးရ ဖွဲ့တာမျိုးတွေ အပါအ၀င် လာလတ္တံ့သော နအဖရဲ့ အပေါစား မျက်လှည့်ပြကွက်မျိုးတွေမှာ စိတ်ဝမ်းမကွဲကြဘဲ ကိုယ်လျှောက်ရမယ့် ရှေ့ခရီးကို မျက်ခြည်မပြတ်ကြဖို့ လိုပါတယ်။

အရေးကြုံရင် သက်လုံကောင်းပြီး အရေးကြီးတဲ့ အလှည့်အပြောင်း အကွေ့အချိုး အခိုက်အတန့်တိုင်းမှာ သွေးစည်းညီညွတ် စည်းကမ်းသေ၀ပ်စွာ၊ ရဲရင့်ပြတ်သား ခိုင်မတ်တက်ကြွစွာ တိုက်ပွဲဝင်နိုင်စွမ်းရှိသူများဖြစ်ကြောင်း သမိုင်းတလျှောက် အကြိမ်ကြိမ် သက်သေပြခဲ့ကြပြီးဖြစ်တဲ့ မြန်မာပြည်သူများဘက်ကတော့ အမြဲတမ်း အဆင့်သင့်ပါပဲ။ အခုအချိန်မှာ သူတို့အလိုအပ်ဆုံး အရာဟာ ငွေလည်းမဟုတ်၊ လက်နက်လည်းမဟုတ်၊ နိုင်ငံခြားစစ်တပ်လည်းမဟုတ်၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်လည်း မဟုတ်ပါဘူး။ သူတို့ရဲ့တပ်ဦးပါတီ အန်အယ်လ်ဒီရဲ့ မှန်ကန်ခိုင်မာ ရဲဝံ့ပြတ်သားတဲ့ ဦးဆောင်မှုဖြစ်ပါတယ်။

အခုဆိုရင် အန်အယ်လ်ဒီဟာ ဒီလ (၁၅) ရက်နေ့ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ နအဖရဲ့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီး လက်မခံနိုင်ဘူးဆိုတဲ့ သဘောထားအမြင်ကို ယေဘုယျချမှတ်နိုင်ခဲ့ပြီး (၂၉) ရက်နေ့ ပြုလုပ်မယ့် ဗဟိုဦးစီးအဖွဲ့ စုံညီအစည်းအဝေးမှာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ဖို့ သဘောတူထားကြပြီမို့ အဲဒီနေ့မှာ ပြည်သူတရပ်လုံးရဲ့ဆန္ဒကို ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ပြည်သူ့ဆန္ဒနဲ့ နအဖရဲ့ ဆန္ဒတို့ဟာ ပြဒါးတလမ်း၊ သံတလမ်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြတာမို့ အန်အယ်လ်ဒီက ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီးနောက် မကြာခင်မှာ နအဖဟာ ထုံးစံအတိုင်း လက်နက်အားကိုးပြီး အန်အယ်လ်ဒီအပါအ၀င် ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တွေကို နှိပ်ကွပ်ချေမှုန်းပါလိမ့်မယ်။ အန်အယ်လ်ဒီပါတီအပါအ၀င် ဒီမိုကရေစီဘက်တော်သား ပါတီတွေဟာလည်း နအဖရဲ့ သတ်မှတ်ချက်အရ တရားဝင်ပါတီအဖြစ်က ရပ်ဆိုင်းသွားကောင်း သွားနိုင်ကြဖွယ်ရှိပါတယ်။ ပြည်သူကို ရဲရဲဝံ့ဝံ့ ဦးဆောင်မှုပေးခဲ့တဲ့ လူထုခေါင်းဆောင်တွေဟာလည်း အကျဉ်းထောင်တွေထဲ ရောက်သွားကောင်းသွားနိုင်ကြပါတယ်။ ခြုံပြောရရင် ဒီတိုက်ပွဲမှာ ဒီမိုကရေစီဘက်တော်သားတွေဟာ (သာမန်အားဖြင့် အများနားလည်ထားကြတဲ့ စံသတ်မှတ်ချက်တခုအရ) ရှုံးနိမ့်ကောင်း ရှုံးနိမ့်သွားနိုင်ပါတယ်။

ဒီနေရာမှာ ပညာရှိတဦးရဲ့ အဆိုအမိန့်တခုက မှတ်သားစရာပါ။ သူက “အနိုင်ခံလိုက်ရခြင်းဟာ ယာယီအခြေအနေတရပ်သာ ဖြစ်တယ်။ အဲဒါကို ထာဝရအခြေအနေတရပ်ဖြစ်သွားအောင် ပြုလုပ်တဲ့အရာကတော့ လက်လျှော့အရှုံးပေးလိုက်ခြင်းပဲဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါကြောင့် ဒီတကြိမ်မှာ အနိုင်ခံလိုက်ရတယ်ဆိုရင်တောင် ဒီမိုကရေစီအင်အားစုတွေဘက်က အရှုံးမပေးသမျှ ကာလပတ်လုံး ဘယ်တော့မှ မရှုံးပါဘူး။ ဓမ္မနဲ့ အဓမ္မအကြား ဆင်နွှဲတဲ့ စစ်ပွဲမှာ အဓမ္မက အပြီးသတ် အောင်ပွဲဆင်သွားနိုင်တယ်ဆိုတာ၊ ပြည်သူနဲ့ အာဏာရှင်စနစ်အကြား ဆင်နွှဲတဲ့စစ်ပွဲမှာ အာဏာရှင်စနစ်က အပြီးသတ် အောင်ပွဲဆင်သွားနိုင်တယ်ဆိုတာ ဘယ်ဒေသ ဘယ်နိုင်ငံ ဘယ်ခေတ် ဘယ်ကာလမှာမှ မရှိခဲ့ဖူးပါဘူး။ ထုံးစံလည်းမရှိပါဘူး။

ဒါကြောင့် ဒီတပွဲမှာ စစ်အာဏာရှင်စနစ်ဘက်က အသာစီးရသွားတယ်ဆိုရင်တောင် ဒီပွဲဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးတော်ပုံခရီးမှာ အချည်းနှီးဖြစ်သွားမှာ မဟုတ်ပါဘူး။ ၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက ပေါက်ဖွားလာခဲ့ပြီး မတရားမှုကို ဆန့်ကျင်အန်တုရာမှာ စံပြဖြစ်တဲ့ ခွပ်ဒေါင်းပုံရိပ်ကို အလံမှာ ထည့်သွင်းရိုက်နှိပ်ထားတဲ့ ပါတီတခုဟာ သမိုင်းတကွေ့မှာ ပြည်သူတွေ အပ်နှင်းထားတဲ့ တာဝန်ကို အပြောင်မြောက်ဆုံး ဦးလည်မသုန် ထမ်းဆောင်သွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းက ဓူဝံကြယ်သဖွယ် ကောင်းကင်မှာ ထာဝရတည်ရှိနေပြီး တော်လှန်တဲ့ အနာဂတ်မျိုးဆက်တွေကို လမ်းညွှန်မှုပေးနေမှာ အသေအချာဖြစ်ပါတယ်။ ။

ဘွဲ့ဖြူ
ရင်းမြစ်။ ။ခေတ်ပြိုင်

၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နိုင်



မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ နောက်ပိုင်း ဖြစ်လာမယ့် မတည်ငြိမ်မှုတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ့်ကိစ္စ ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်က ပြောလိုက်ပါတယ်။ မတ်လ ၂၄ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲတခု အပြီးမှာ ဗြိတိန်သံအမတ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအားလုံးက ဒီသဘောထားအတိုင်း ရှိနေကြတာတော့ မဟုတ်ပါဘူး။ အဲဒီ မတူကွဲပြားနေတဲ့ သဘောထားတွေကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
မတ်လ ၂၄ ရက်နေ့က လုပ်ခဲ့တာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambia) က မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့တာပါ။
ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ ကိစ္စကို ဗြိတိန်ဝန်ကြီးချုပ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ စာရေးသား တောင်းဆိုခဲ့ပြီးတဲ့နောက် အခုလို ဆွေးနွေးဖြစ်တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဗြိတိန်နိုင်ငံရဲ့ သဘောထားကတော့ ရှင်းလင်း ပြတ်သားတယ်လို့ ဆိုရပါလိမ့်မယ်။
“အပြစ်အနာအဆာတွေနဲ့ ပြည့်နေတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြောင့် ဖြစ်လာမယ့် မတည်မငြိမ်မှုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစီအစဉ်တွေထဲမှာ ထည့်သွင်း ဆွေးနွေးရေးဆိုတဲ့ ကိစ္စဟာ လုံးဝကို မှန်ကန်တဲ့ကိစ္စ ဖြစ်ပါတယ်။”
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ် ဆာ မာ့ခ် ဂရန့်တ် (Sir Mark Grant) ပြောသွားတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပတာဟာ နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာပိုင်ကိစ္စ သက်သက်ပဲဖြစ်ပြီး ဒါကို လေးစားသင့်ကြောင်းနဲ့ မြန်မာနိုင်ငံ ကိစ္စဟာလည်း ဒီအချက်နဲ့ အကျုံးဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က ပြောတဲ့အပေါ် ဗြိတိန်သံအမတ်က အခုလို တုံ့ပြန် ပြောကြားသွားတာပါ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ဝေဖန်ပြောဆိုဖို့၊ တနည်းနည်းနဲ့ ပါဝင်ပတ်သက်ဖို့တွေမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍ မရှိဘူးလို့ တရုတ်သံအမတ်က ပြောခဲ့ပါတယ်။
ဗြိတိန်သံအမတ်ကတော့ မိမိတို့အနေနဲ့ ဒါကို သဘောမတူကြောင်း၊ မြန်မာ့အရေးဟာ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရမယ့် အစီအစဉ်တွေထဲမှာ ရှိနေကြောင်း၊ ဆွေးနွေးတာလည်း ရှိခဲ့ကြောင်း၊ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းထုတ်ပြန်ချက်တွေ ရှိခဲ့ဖူးကြောင်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်တာကြောင့် ဒီလိုနိုင်ငံမျိုးမှာ ရွေးကောက်ပွဲတွေ ကျင်းပရတဲ့ ကိစ္စဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူးလို့လည်း တရုတ်သံအမတ်က ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အထောက်အကူ ပြုစေမယ့် အပြုသဘောဆောင်ပြီး ခိုင်မာ အားကောင်းတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုး ဖန်တည်းနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂတို့က ကူညီ လုပ်ဆောင်ပေးဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။”
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် လီ ဘောင်ဒေါင်း (Li Baodong) ပြောသွားတာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ အဆင့်ထိ ရောက်နေဖွယ်ရှိပြီး နိုင်ငံတကာ ရာဇ၀တ်တရားခုံရုံး (ICC) မှာ တင်ပြီး စစ်ဆေးဖို့ အထောက်အထား အခိုင်အလုံ ရှိတယ်လို့ သူယုံကြည်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အစီရင်ခံ တင်ပြထားပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံတခု မဟုတ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တဆင့်သာ ဒီကိစ္စကို လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဒီလိုကိစ္စမျိုး ဖြစ်လာဖို့ လုံခြုံရေးကောင်စီထဲမှာ လုံလောက်တဲ့ သဘောတူညီချက် ရှိတယ်လို့ သူ မထင်ကြောင်း ဗြိတိန်သံအမတ်က ပြောပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီကိစ္စမျိုးကို ထောက်ခံမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် မာ့ခ် ဂရန့်တ်က ပြောသွားပါတယ်။
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ယာယီ အကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားက လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့တာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတာကို ပယ်ချလိုက်တဲ့ကိစ္စ၊ မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာကိစ္စ၊ မကြာသေးခင်ကမှ ထုတ်ပြန်ကြေညာခဲ့တဲ့ ရွေးကောက်ပွဲဥပဒေ ၅ ခုကိစ္စတို့ ဖြစ်တယ်လို့ ဗြိတိန်သံအမတ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ပြီးကတည်းက ဆိုရင် အခုတကြိမ်ဟာ ပထမဆုံး ပြန်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။
မတ်လ ၂၅ ရက်၊ ကြာသပတေးနေ့ကျရင်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေး ကျင်းပဖို့ အတွင်းရေးမှူးချုပ်က အကြောင်းကြား ခေါ်ယူထားပါတယ်။ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေး၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီနဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ပါတယ်။
မတ်လ ၂၄ ရက်နေ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအများအပြားက မြန်မာ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုကို ဖော်ပြ ပြောဆိုခဲ့ကြတယ်လို့ ဗြိတိန်သံအမတ်က ပြောပါတယ်။ ဒါပေမဲ့လည်း ကောင်စီထဲမှာကိုက မြန်မာ့အရေးအပေါ် သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့အတွက် မြန်မာနိုင်ငံ ပြဿနာတွေ ပြေလည်သွားအောင် လုံခြုံရေးကောင်စီက  တကယ်တမ်း ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်နိုင်မှာလား ဆိုတာကတော့ ခုချိန်ထိ အဖြေမထွက်သေးတဲ့ မေးခွန်းတခုအဖြစ်ပဲ ဆက်ရှိနေပါသေးတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-25-voa1.cfm?rss=topstories

ခေါင်းဆောင်မှု ကျင့်စဉ်






  • ဖြစ်နိုင်တာတွေနဲ့ စတင်ပါ။

  • ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ အောင်ပွဲပဲ။

  • အချိန် မည်မျှကြာအောင် ကြိုးစားခဲ့ခြင်းသည် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မှု သည်သာ အဓိက ဖြစ်သည်။ အချိန် ကြာကြာတိုက်ရင် ဓားတုံးတယ်။ ဓားထက်တုန်းမှာ အချိန်မဆွဲပါနဲ့။

  • ဆုပေး၊ ဒဏ်ပေး စနစ် ဆိုတာ နေရာ ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခု။

  • လက်အောက် ငယ်သားတွေကို လူမမာ တစ်ယောက်ကဲ့သို့ သဘောထားပြီး ကြည့်ရှုပေးပါ။ သင်ချောက်ထဲ ဆင်းလျှင် လိုက်ဆင်း ကြပါလိမ့်မယ်။ သင့်အတွက် အသက်စွန့်ဖို့ အသင့် ရှိနေ ကြပါလိမ့်မယ်။

  • သေသေချာချာ အကွက်ချ ပြင်ဆင်လေ အောင်ပွဲရဖို့ ပိုမိုနီးစပ်လေပဲ။ ပြင်ဆင်မှု အားနည်းရင် အောင်မြင်မှု ဆိုတာ မသေချာဘူး။ ဘာမှ ပြင်ဆင်တွက်ဆမှု မရှိဘူးဆိုရင် တော့ စဉ်းစား သာကြည့်တော့။ ဒီတစ်ခုကိုကြည့်ပြီး အောင်မြင်မလား၊ ရှုံးနိမ့်မလား အတိအကျ ပြောနိုင်တယ်။

  • ပက်ဝန်းကျင်ကို လေ့လာပါ။ မိမိ ကိုယ်ကို သဘောပေါက်ပါ။ ဒါဆိုရင် အောင်မြင်မှုနဲ့ မလွဲပါဘူး။

  • အောင်မြင်မှုကို ကြိုပြီး သိနေတဲ့ သူဟာ အောင်ပွဲရဖို့ ၁၀၀% သေချာတယ်။ စစ်မရောက်ခင် မြား ကုန်နေရင် တော့ အောင်ပွဲနဲ့ဝေးဖို့ ကျိန်းသေပဲ။

  • ရှေ့ရေးကိုတွေးပါ၊ ဥာဏ်ကို လွှာသုံးပါ အခက်အခဲ ဟူသမျှကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

  • နေရာတကာ လိုက်ကာကွယ်နေရင် နေရာတိုင်းက ပျော့ကွက်ဖြစ်နေလိမ့်မယ်။

  • နာမည်လိုချင်စိတ်ကိုရှောင်ပါ၊ အကဲ့ရဲ့ခံရမှာကို မကြောက်နဲ့။

  • ခေါင်းဆောင်ကောင်း တွေဟာ မိမိမှာရှိတဲ့ အားသာချက်၊ အားနည်းချက်တွေကို အမြဲ တွက်ဆနေတယ်။ အားသာချက်တွေကို စဉ်းစားပြီး စီမံချက်ကို အသက်ဝင်အောင် လုပ်တယ်။ အားနည်းချက်ကို စဉ်းစားပြီး ဆင်ခြင်နိုင်ဖို့ ကြိုးစားတယ်။

  • ရောက်ရာအရပ်မှာ မိတ်ဆွေဖွဲ့ပါ။ သဘာဝနဲ့ ကိုက်ညီအောင် နေထိုင်ပြောဆိုပါ။ သဘာဝနဲ့ ဆန့်ကျင်နေသော အရာများကို အထူးဂရုပြုပါ။

  • အချိန်ဆွဲတတ်ခြင်းက အဆိုးဆုံးပြဿနာ။

  • ထွက်ပေါက်မရှိတော့တဲ့ လူတွေဟာ ဖြစ်သလို ခံချတတ်တယ်၊ ရွေးစရာလမ်း ပိတ်နေသူတွေဟာ ကြောက်စိတ်ပျောက်ပြီး မိုက်ရူးရဲ ဖြစ်သွားတတ်တယ်။

  • လူတိုင်းဟာ အမှားနဲ့ မကင်းပါဘူး။ အမှားနည်းအောင်၊ အမှားများများ မလုပ်မိအောင်ပဲနေပါ အောင်မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။

  • အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲပါ။ အရာရာတိုင်းကို မူသေ ဘယ်တော့မှ တွက်မထားပါနဲ့။

  • ဖြစ်ပေါ်လာမယ့် အခြေအနေ အားလုံးကို အဆိုးဆုံးထိ တွက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ အဆိုးဆုံး အတွက် အစဉ်သင့် မဖြစ်လျှင် ဖရိုဖရဲနဲ့ ဇာတ်သိမ်းရလိမ့်မည်။

  • တစ်စုံတစ်ယောက်က ကိုယ့်ကို အချိန်မရွေး ကန်ချနိုင်တယ်။ အခြေခိုင်အောင် လုပ်ထားပါ။

  • မြှောက်ပင့်မှုမှာ မသာယာမိစေရန် သတိထားပါ။ ဖွဲတစ်ဆုပ် မ နိုင်သူဟာ ခွန်အားကြီးသူမဟုတ်။ နေတွေ လတွေမြင်သူဟာ အမြင်စူးရှသူမဟုတ်၊ မိုးခြိမ်းသံကို ကြားသူဟာ နားပါးသူမဟုတ်။

  • ကိုယ်ချင်းစာ ညှာတာတတ်ပါ။ စည်းကမ်း ကိုတော့ တင်းတင်းကိုင်ပါ။

  • ကိုယ်တိုင် စည်းကမ်းလိုက်နာပါ။ ဖောက်ဖျက်သူကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးပါ။

  • အောင်မြင်မှုကို အရှည်တည်တန့်ဖို့ အဓိကလိုအပ်တာတွေက
    1. ခံယူချက်၊
    2. ဥာဏ်ပညာ၊
    3. အမြော်အမြင်ကြီးမှု၊
    4. စိတ်ထားကောင်းမွန်မှု၊
    5. ကြင်နာတတ်မှု၊
    6. သတ္တိ ဗျတ္တိ နဲ့
    7. ပြက်သားမှု ။
    ရင်းမြစ်။ ။http://www.meepyatite.com/2010/03/blog-post.html

ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ဦးပိုင်သို့လွှဲပြောင်းပေးမည်

ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ဦးပိုင်သို့လွှဲပြောင်းပေးမည်
ဝင်းမြတ်
ရန်ကုန်၊ မတ် ၂၅၊ ၂၀၁၀
ရန်ကုန်ဆိပ်ကမ်းရှိ ဗိုလ်အောင်ကျော် ဆိပ်ခံတံတားကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ယခုလ ၂၆ ရက်တွင် လွှဲပြောင်း ပေးအပ်သွားမည်ဟု သိရှိရသည်။ ဇန်န၀ါရီလကုန်ပိုင်းမှ စတင်၍ နိုင်ငံပိုင် ဆိပ်ကမ်းများအား ပုဂ္ဂလိကသို့လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်ဟု သတင်းထုတ် ပြန်ခဲ့ပြီးနောက်ပိုင်း ၄င်းဆိပ်ကမ်းသည် အစိုးရမှ စစ်တပ်ပိုင် ဦးပိုင်လီမိတက်သို့ ပထမဆုံး လွှဲပြောင်းပေးသည့် ဆိပ်ကမ်းဖြစ်သည်။
၎င်းဆိပ်ကမ်းသည် အစိုးရပိုင်ဆိုင်သည့် တစ်ခုတည်းသော ကုန်သေတ္တာ တင်ချနိုင်သည့် ဆိပ်ကမ်းဖြစ်ပြီး မြောက်ကိုရီးယားမှ လက်နက်တင် သင်္ဘောများဝင်ရောက်ဆိုက်ကပ် ကုန်တင်ချပြုလုပ်လေ့ရှိသည့် ဆိပ်ကမ်းဖြစ်သည်။
ဆိပ်ကမ်းအတွက် သုံးစွဲရန်လျာထားသည့် အစိုးရဘတ်ဂျက် ငွေများဖြင့် အကောင်းဆုံးပြင်ဆင်ပြီးမှ စစ်ဗိုလ်ချုပ်များ ဦးစီးလုပ်ကိုင်နေသည့် ဦးပိုင်လီမိတက်သို့ လွှဲပြောင်းပေးခဲ့ရခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာရှိကြီး တစ်ဦးကပြောသည်။
ဆိပ်ကမ်းလွှဲပြောင်းရယူရန် နိုင်ငံတော်သို့ တန်ဖိုးမည်မျှ သတ်မှတ်ကာ ပေးသွင်း ခဲ့ရသည်ကိုမူ မသိရကြောင်း ဌါနဆိုင်ရာ အရာရှိက ပြောဆိုသည်။
ရန်ကုန်ဆိပ်ကမ်းကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရာတွင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ ဦးတေဇနှင့် ဦးဇော်ဇော်(Max) တို့သုံးဦးသာ လုပ်ပိုင်ခွင့် အသီးသီးရရှိထားသည်ဟုသိရသည်။
ယခင်ကပုဂ္ဂလိကဆိပ်ကမ်းများအဖြစ် Myanmar International Terminal Thilawah(MITT) ၊ Myanmar Integrated Port Limited (MIPL) ၊ Myanmar Industrial Port (MIP) နှင့် Asia World Port Terminal (AWPT) တို့ကို တည်ဆောက် လုပ်ကိုင် လွှဲပြောင်းစနစ်(BOT) ဖြင့်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
(ဓာတ်ပုံ - ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ၀င်ရောက်ဆိုက်ကပ်ခဲ့သော မြောက်ကိုရီးယားသင်္ဘော MV DU MAN GANG အား  ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်းကတွေ့ရစဉ် - မိုးမခ)

ပါတီမှတ်ပုံတင်လျှင် ၂၄ မြို့နယ် ကန့်ကွက်မည်






ချင်းမိုင် (မဇ္ဈိမ)။     ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း ၃ တိုင်းမှ ၂၄ မြို့နယ်က ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းမှ အင်းစိန်၊ ပဲခူးတိုင်းမှ ၁၉ မြို့နယ်နှင့် မန္တလေးတိုင်းမှ ၄ မြို့နယ်တို့က မှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် “ရွှေဂုံတိုင် ကြေညာစာတမ်း” ကိုသာ ဆက်လက်၍ ဆုပ်ကိုင်သွားရန် တိုက်တွန်းကြောင်း မြို့နယ်စည်း တာဝန်ရှိသူများထံမှ သိရခြင်း ဖြစ်သည်။

“(ပဲခူး) တိုင်းအနေနဲ့ကတော့ ၁၈ ရက်နေ့က ကန့်ကွက်တယ်။ ကျန်တဲ့ တောင်ငူခရိုင်က ၄ မြို့နယ်၊ ပဲခူးခရိုင်က ၇ မြို့နယ်၊ သာယာဝတီခရိုင်က ၈ မြို့နယ်လည်း ပြီးပြီ။ အဲဒီသဘောထားပဲ။ မြို့နယ်တွေ ကျန်နေသေးတော့ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုကို တင်မယ်” ဟု NLD ပဲခူးမြို့နယ် ဥက္ကဋ္ဌ ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်းစည်း ဆုံးဖြတ်ချက်၌ ရွှေဂုံတိုင်ကြေညာချက်ကို သွေဖီယိမ်းယိုင်၍ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအား NLD အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆိုထားသည်။

အလားတူ မန္တလေးတိုင်းရှိ ရမည်းသင်း၊ မိတ္တီလာ၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များကလည်း ပါတီ မှတ်ပုံတင်ခြင်းအား ကန့်ကွက်ကြောင်း ဆုံးဖြတ်ပြီးကြပြီဟု NLD မိတ္တီလာမြို့နယ် ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါတ်တာသိန်းလွင်က ပြောသည်။

ဒေါ်အောင်ဆန်းဆုကြည် သဘောတူညီမှု မပါဘဲ မှတ်ပုံတင်ခဲ့လျှင် မိမိတို့အနေနှင့် လုံးဝ လက်မခံကြောင်း ဆုံးဖြတ်ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်းသာ ခိုင်မာစွာ ရပ်တည်ကြပါရန် ဗဟိုအလုပ်မှုဆောင်အဖွဲ့အား တိုက်တွန်းကြောင်း ဆုံးဖြတ်ကြသည်ဟု သူက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် မပါရင် လက်မခံနိုင်ဘူးဆိုတာတော့ NLD ဟာ ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပဲလေ”  ဟု ဒေါက်တာသိန်းလွင်က ဆက်ပြောသည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဆုံးဖြတ်ချက်ထဲတွင်မူ “ရွှေဂုံတိုင်ကြေညာစာတမ်း” ပါ  “၂ဝဝ၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ပြင်ဆင်ရေး”၊ “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး”၊ “တွေ့ဆုံဆွေးနွေးရေး”  စသည့် တောင်းဆိုချက်များအား လိုက်လျောခြင်း မရှိသည့်ပြင် ထွက်လာသည့် ရွေးကောက်ပွဲဥပဒေသည်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးမတည်သဖြင့် ကန့်ကွက်ရကြောင်း မြို့နယ်စည်းအဖွဲ့ဝင် ရှေ့နေဦးခင်မောင်ရှိန်က ပြောသည်။

မကွေးတိုင်း NLD အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေး ကလည်း မကွေးတိုင်းရှိ ကျေးလက်ဒေသများသို့ NLD ပါတီ မှတ်ပုံတင်/မတင်ကိစ္စ ကို လိုက်လံစာရင်း ကောက်ယူခဲ့ရာတွင် အားလုံးက ကန့်ကွက်ခဲ့ကြကြောင်း ပြောသည်။

“ကျမတို့ ရေနံချောင်း၊ ချောက်မြို့နယ်တွေက ကျေးလက်တွေမှာဆိုရင် NLD ကသာလျှင် လူထုအတွက် ရှေ့တန်းကနေ တိုက်ထားတဲ့အတွက်ကြောင့် NLD ကို အားကိုးနေတဲ့အခါမှာ NLD ကနေပြီးတော့ နအဖရဲ့ လက်အောက်ကို ဝင်သွားမှာကို ကန့်ကွက်တာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။

မကွေးတိုင်းစည်း အစည်းအဝေးကို လာမည့် ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဟုလည်း သိရသည်။ ရေနံချောင်း မြို့နယ်စည်း အစည်းအဝေးကိုမူ ယနေ့ပြုလုပ်မည်ဖြစ်ပြီး မှတ်ပုံတင်ရေးကို ထောက်ခံမည့် မြို့နယ်စည်းအချို့ ရှိနိုင်ကြောင်း ဒေါ်ခင်စောဋ္ဌေးက ပြောသည်။

မြို့နယ်စည်းနှင့် တိုင်းအစည်းအဝေးများမှ ထိုကန့်ကွက်စာများကို ယခုလ ၂၉ ရက်နေ့မတိုင်မီ ၂၇ ရက်နေ့အတွင်း ဗဟိုသို့ အရောက်ပို့ကြမည်ဟု ပြောဆိုကြသည်။

ယခုလ ၂၉ ရက်နေ့တွင် ပါတီဗဟိုအလုပ်ဆောင်ကော်မတီနှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ အဖွဲ့ဝင်များ ရန်ကုန် ဗဟိုရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်သွားမည်ဖြစ်သည်။

နေအိမ်တွင် အထိန်းသိမ်းခံထားရသည့် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ တရားမျှတမှုမရှိဘဲ၊ တဖက်သတ်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများအရ ပါတီမှတ်ပုံတင်မည်ကို လုံးဝ လက်မခံကြောင်း သူမ၏ ရှေ့နေများနှင့် ယမန်နေ့က တွေ့ဆုံစဉ် သဘောထားပေးခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ကမ်းမမြင်ရတဲ့ မနက်ဖြန်များစွာ

 

ရန်ကုန်ရဲ့ အချက်အချာကျ နေရာတခုဖြစ်တဲ့ လှည်းတန်း မီးပွိုင့်မှာ ကိုယ်ပိုင်ကားတွေ၊ လိုင်းကားတွေ၊ သွားလာနေကြတဲ့ လူတွေနဲ့ ရှုပ်ရှက်ခတ် နေတယ်။

ပညာမသင်ရဘဲ သီချင်းဆို တောင်းရမ်းနေရတဲ့ တောင်ဒဂုံက ကလေးမောင်နှမ (ဓာတ်ပုံ - ဧရာဝတီ)
မီးပွိုင့် စိမ်းလိုက်တာနဲ့ ရပ်နေတဲ့ ကားတွေက စက်ရှိန်မြှင့်ပြီး မီးပွိုင့်ကို ဖြတ်ကျော် ကြပါတယ်။ အရှိန်ဟုန် ပြင်းပြင်း မောင်းနှင်နေတဲ့ ကားတွေ ကြားမှာ အမျိုးသမီးငယ် တဦးကတော့ အန္တရာယ်ကို ဂရုမမူဘဲ လသား အရွယ် ရင်ခွင်ပိုက် ကလေးငယ် တဦးကို ချီလို့ လူးလာခေါက်ပြန် လမ်းလျှောက် နေတယ်။

ကလေးငယ်ရဲ့ ခြေထောက် တချောင်းက ဒူးဆစ်ကနေ ပြတ်နေပြီး ပတ်တီး တစနဲ့ ချည်နှောင်ထားတယ်။ ကလေးငယ်က အမျိုးသမီးရဲ့ ရင်ခွင်ကြားမှာ ဘောင်းဘီ၊ အင်္ကျီမပါ ကိုယ်တုံးလုံးနဲ့ အိပ်ပျော် နေပါတယ်။ အမျိုးသမီး ကတော့ စုတ်ပြတ်နေတဲ့ အနက်ရောင် တီရှပ်နဲ့ အ၀ါရောင် ခပ်ညစ်ညစ် ထဘီကို ၀တ်ဆင်ထားတယ်။ ပြဲစုတ်နေတဲ့ နီညိုရောင်လွယ်အိတ်တလုံးကိုလည်း သူ့ ပခုံးပေါ်မှာ စလွယ်သိုင်း အနေအထားနဲ့ တွေ့ရတယ်။

“ကိုကို၊ မမတို့ရယ် ကျမတို့သားအမိ ခိုကိုးရာမဲ့လို့ ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနား ကြပါ” လို့ အော်နေတဲ့ အမျိုးသမီးရဲ့ အသံကို ကားစက်သံတွေ ကြားကနေ ကြားနိုင်ပါတယ်။

သူ တကယ်ပဲ ခိုကိုးရာမဲ့လို့ တောင်းရမ်းနေတာလား၊ ဒါမှမဟုတ် ကလေးငယ်ကို ဗန်းပြ လိမ်ညာတောင်းရမ်း စားသောက် နေတာလား ဆိုတာ သေချာမသိနိုင်ပေမယ့် လမ်းသွား လမ်းလာတွေက သူ့ကို အရေးတယူ သတိထားခြင်းမရှိသလို၊ သနားကြင်နာ ကရုဏာသက်တဲ့ အမူအရာမျိုးလည်း မမြင်ရပါဘူး။ ဒီလို တောင်းရမ်း စားသောက်နေကြရတဲ့ မြင်ကွင်းတွေက ရန်ကုန်သူ ရန်ကုန်သားတွေအတွက် နေ့စဉ်မြင်နေကျ၊ မရိုးတော့တဲ့ မြင်ကွင်းတွေပါ။

တနေ့တခြား ကျပ်တည်းလာတဲ့ စားဝတ်နေရေး အခက်အခဲအတွက် မငတ်အောင် ရုန်းကန် နေရသူတွေ အများစုနေထိုင်ရာ ရန်ကုန်မှာ တောင်းရမ်းစားသောက်သူ အရေအတွက် တိုးပွားနေတာကို မြင်ရပါတယ်။

လှိုင်မြို့နယ် အတွင်းက ကတ္တရာလမ်းမကြီး တခုပေါ်မှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အသက် ၈ နှစ် အရွယ်ကောင်လေးတို့ ၂ ဦးဟာ ငုတ်တုတ်ထိုင်ပြီး သူတို့လည်ပင်းကြောတွေ ထောင်လာတဲ့အထိ သီချင်းတွေ ဟစ်အော်နေပါတယ်။

ခေါင်းကိုမော့၊ မျက်လုံးလေးတွေ မှိတ်ပြီး သီချင်းကိုသီဆိုနေတဲ့ မိန်းကလေးငယ်ရဲ့လက်မှာ ကိုင်ထားတဲ့ ၀ါးကျည်တောက် အတို၊ အရှည်နှစ်ခုကို ကတ္တရာလမ်းမပေါ် ဆောင့် ဆောင့် တီးခေါက်လို့ စည်းချက်ညီညီ စူးရှတဲ့ အသံလေးတွေနဲ့ သီဆို နေကြတယ်။
သူတို့ရှေ့မှာ အစိမ်းရောင် ပလတ်စတစ် ခွက်ကလေး တလုံးချထားတယ်။ သီချင်းဆိုပြီး ပိုက်ဆံ လိုက်လံ တောင်းရမ်းနေတဲ့ ကလေးငယ်လေးတွေပါ။

“…. ချိုပြုံးရွှင်သော နှမပျိုငယ်၊ တကိုယ်လုံးပင်ချော အလှပိုတယ်။ မြို့မနဲ့ တမိတည်း ဖွားလို့ ဆိုတော့မယ်ကွယ်….” အစရှိတဲ့ နာမည်ကျော် မန်းတောင်ရိပ်ခို သင်္ကြန်သီချင်းက ကလေးငယ်နှစ်ဦးရဲ့ နှုတ်ခမ်းဆီကနေ
ပျံ့လွင့်လာနေတယ်။ ပျော်ရွှင်စရာ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန် သီချင်းဖြစ်ပေမယ့် ကလေးငယ်တွေ သီဆိုနေပုံက ကြားရသူတိုင်း ၀မ်းနည်းစရာ ကောင်းလှပါတယ်။

“သမီးအဖေက သေသွားပြီ။ အမေက ဟိုးအဝေးကြီးမှာနေတယ်။ သမီး ကျောင်းမနေဖူး ပါဘူး။ သမီးတို့ မောင်နှမအားလုံး ငါးယောက်ပါ။ အဘွားနဲ့နေတယ်။ အဘွားဆိုတာ သမီးအမေရဲ့ အမေပေါ့။ အဘွားက ဟင်းရွက်ရောင်းတယ်။ အခုအဘွား နေမကောင်းဘူး” လို့ မိန်းကလေးက ပြောပြတယ်။

ဒီ ကလေးနှစ်ဦးဟာ နေ့စဉ် တောင်ဒဂုံကနေ မနက် ၈ နာရီကတည်းက ထွက်လာပြီး ရန်ကုန်မြို့ နေရာအနှံ့ လှည့်လည်၊ သီချင်းဆို တောင်းရမ်းကြပါတယ်။ သူတို့ အိမ်ပြန်ရောက်တဲ့ အချိန်က ပုံမှန်မရှိ ပါဘူး။ ကလေးငယ်နှစ်ဦးရဲ့ နေ့စဉ်တောင်းရမ်းလို့ရတဲ့ ၀င်ငွေက ကျပ် ၂၀၀၀ ကျော်ဆိုပေမယ့် သူတို့အားလုံးအတွက် လုံလောက်တဲ့ ဝင်ငွေမဟုတ်ဘူးလို့ ဆိုပါတယ်။

ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံ အရပ်ရပ်မှာ ပုံစံအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်နေရတဲ့ ကလေးတွေ၊ အရွယ်နဲ့မမျှအောင် အလုပ်ကြမ်း လုပ်ကိုင် စားသောက်နေရတဲ့ ကလေးတွေ၊ လမ်းမတွေပေါ်မှာ လေလွင့်ရင်း လမ်းပျောက်နေရတဲ့ ကလေးတွေ မြောက်မြားစွာ ရှိနေပါ တယ်။ အဲဒီလို ကလေးတွေအပြင် လမ်းမတွေပေါ်မှာ သနားစရာ၊ ကြေကွဲစရာ ဘ၀ဇာတ်လမ်းတွေနဲ့ ပုံစံ အမျိုးအမျိုး တောင်းရမ်း စားသောက်နေကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဒုက္ခိတတွေလည်း မနည်းလှပါဘူး။

ခက်ခဲကြမ်းတမ်းစွာ အသက်မွေး ၀မ်းကြောင်းနေရတာကြောင့် သက်ကြီးရွယ်အိုတွေကို သားသမီး၊ ဆွေမျိုးတွေနဲ့ မိသားစုဝင်တွေက ဂရုမစိုက်နိုင် ကြတော့သလို သက်ကြီးရွယ်အိုတွေ လမ်းမတွေပေါ်မှာ တောင်းရမ်း စားသောက် နေကြတာကိုလည်း လမ်းသွား လမ်းလာတွေက ဖေးမကူညီတာမျိုး အရင်ကထက် နည်းပါးလာပါတယ်။

အလုပ်ရှားပါးပြီး မိသားစုတိုင်း အဆင်မပြေကြတာ အများစုမို့ မြန်မာ ပြည်သူတွေအနေနဲ့ တောင်းရမ်းသူတွေကို သနားဖို့ မတတ်သာတဲ့ အခြေအနေမှာ ဆိုက်ရောက် နေတယ်လို့ဆိုရင် မမှားပါဘူး။

“တောင်းတဲ့ သူတွေက နေရာတိုင်းမှာရှိနေတာ။ ဒါတွေကို လိုက်ပြီး ငွေထည့်ရမယ်ဆိုရင် စည်းစိမ်သာ ပြုတ်သွားမယ်။ ပြီးတော့ အကြွေကလည်း တအားရှားတယ်။ တကယ်ကို တောင်းရမ်းသူတွေကို ငွေလှူချင်ရင် တထောင်တန်၊ ငါးရာတန် လှူရမလို ဖြစ်နေတယ်။ ကိုယ်တောင် အနိုင်နိုင် ရုန်းကန်နေရတာ ငါးရာ၊ တထောင်လည်း မလှူနိုင်ဘူး” လို့ ရန်ကုန်သား တဦးက ဆိုတယ်။

မြန်မာနိုင်ငံသားတွေက တောင်းရမ်းသူတွေကို မပေးနိုင်ကြတော့ဘူး ဆိုတဲ့အခြေအနေမှာတောင် တနေကုန် နေရာအနှံ့ ခြေတိုအောင် လှည့်လည် တောင်းရမ်းရင် အနိမ့်ဆုံး နေ့စားဝန်ထမ်းတယောက်ရဲ့ လုပ်ခထက်တော့ ပိုရနေသေးတယ်လို့ တောင်းရမ်းစားသောက် သူတွေဆီက ကြားသိရပါတယ်။

ရန်ကုန်မြို့မှာ တောင်းရမ်းစားသောက် သူတွေ ပပျောက်အောင် မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စည်ပင်မှာ အလုပ်ပေးမယ်၊ နေစရာပေးမယ် ဆိုတာမျိုးတွေ ပြောခဲ့ပါတယ်။ ဒါပေမယ့် စည်ပင်အလုပ်ရဲ့ ဝင်ငွေက တောင်းစားတဲ့ ဝင်ငွေကို မမီလို့ လုပ်ချင်သူတွေ နည်းပါးတယ်လို့ သိရတယ်။ တောင်းရမ်း စားသောက် သူတွေကို ဖမ်းဆီးတာမျိုး လုပ်နေပေမယ့်လည်း ပပျောက်မသွားပါဘူး။

“သူတောင်းစားတွေ တိုးလာတာက အစိုးရမှာ အဓိက တာဝန်ရှိတယ်။ လူတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်၊ ပညာတတ်အောင် သင်ပေးရမယ်၊ အိုမင်းမစွမ်းတော့တဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရမယ်။ ဒါတွေ အားလုံးက အစိုးရတရပ် လုပ်ရမယ့် တာဝန်တွေ။ အစိုးရက ဒီတာဝန်တွေပျက်ကွက်လို့ လမ်းတွေပေါ်မှာ တောင်းရမ်းတဲ့ ကလေးတွေ၊ မသန်စွမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ပြည့်တန်ဆာတွေ များလာတာပါပဲ” လို့ ပြည်တွင်း သတင်းစာ ဆရာကြီး တဦးက ပြောပါတယ်။

လှည်းတန်း မီးပွိုင့်မှာ တောင်းရမ်းနေတဲ့ သားသည်မိခင် အမျိုးသမီး၊ တောင်ဒဂုံက သီချင်းဆို ပိုက်ဆံ တောင်းရမ်းတဲ့ ကလေး မောင်နှမ၊ သားသမီးတွေက မထောက်ပံ့နိုင်လို့ လမ်းပေါ်မှာ တောင်းစားနေရတဲ့ အိုမင်းမစွမ်းသူတွေနဲ့ လမ်းမပေါ်မှာ လေလွင့်နေရတဲ့ မြန်မာနိုင်ငံသားပေါင်း မြောက်မြားစွာဟာ မနက်ဖြန်များစွာကို အလင်းရောင်မဲ့၊ မျှော်လင့်ချက်မဲ့ ဘ၀နဲ့ပဲ ဆက်လက် ရှင်သန်နေရဦးမယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့၊ လက်တွေ့ကျတဲ့ အမှန်တရားတခုပါ။

အောင်သက်ဝိုင်း 

ရင်းမြစ်။ ။http://www.irrawaddy.org/bur/index.php/articles/2-articles/2858-2010-03-24-10-29-12

အဖွဲ့တွင်း ပဋ္ဋိပက္ခများအား စီမံခန့်ခွဲခြင်း

နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ်၊ ဘ၀အရေးမှာပဲ ဖြစ်ဖြစ် အပြောင်းအလဲ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒီအခြေအနေတွေမှာ လူတွေရဲ့ စိတ်တွေေ၀၀ါးရှုပ်ထွေးမှုတွေ ဖြစ်လာတတ်ပါတယ်။ ပဋ္ဋိပက္ခတွေ ဖြစ်လာတတ်ပြီး ကွဲပြားတဲ့ အတွေးအမြင်တွေ၊ ပြိုင်ဆိုင်မှုတွေကနေ အကွဲအပြဲတွေလဲ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေတွေကို စနစ်တကျ ကိုင်တွယ်စီမံနိုင်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းရေးရာရှုထောင့်က ကြည့်မယ်ဆိုရင် အဖွဲ့တွင်း ပြောင်းလဲမှုတွေ၊ ကွဲပြဲမှုတွေကို ဦးတည်စေတဲ့ ပဋ္ဋိပက္ခအခြေအနေတခု ဖြစ်လာတတ်တာမျိုးတွေ ရှိပါတယ်။ ဒီလို dysfunctional conflict ထွက်ပေါ်လာတဲ့အခါမှာ ဆုံးဖြတ်ချက်ချမှတ်မှု ခက်ခဲခြင်း၊ ခံစားချက်နှင့် ပေါက်ကွဲခြင်း စတာတွေကနေ ပဋ္ဋိပက္ခဖြစ်သူတွေအချင်းချင်း အပြိုင်အဆိုင် စစ်ကစားခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
အဖွဲ့တွင်း ပဋ္ဋိပက္ခများ ဖြစ်ထွန်းစေတတ်သော အကြောင်းရင်းများ

အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးကို လေ့လာသူပညာရှင်တွေကတော့ အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခကို ဖြစ်ထွန်းစေတဲ့ conflict triggers တွေကို ရှစ်မျိုးခွဲခြားပြီး ဖော်ပြခဲ့ပါတယ်။ ပထမတမျိုးကတော့ အလုပ်တာဝန်သတ်မှတ်ချက် ရှုပ်ထွေးမှု ဖြစ်ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်း တခုမှာဆိုရင် ယေဘုယျအားဖြင့် ဥက္ကဌတာဝန်၊ အတွင်းရေးမှူးတာဝန်၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ၊ ဗဟိုကော်မတီတာဝန် ခွဲဝေမှုတွေ ရှိပါတယ်။ ဒီတာဝန်တွေနဲ့ တွဲပြီး တိကျတဲ့ အလုပ်သတ်မှတ်ချက်ရှိရပါမယ်။ ဒီလိုမရှိရင် အဖွဲ့တွင်းက အရင်းအမြစ်နှင့် အဖွဲ့ကို ချုပ်ကိုင်နိုင်တဲ့ ပါဝါအပေါ်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်လာတတ်ပါတယ်။

ဒုတိယ တမျိုးကတော့ အရင်းအမြစ်နဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေပါ။ အရင်းအမြစ်ဆိုတာမှာ အဖွဲ့ကိုချုပ်ကိုင်နိုင်တဲ့ ပါဝါအပြင် ငွေအင်အား၊ လူအင်အားနဲ့ တန်ဖိုးကြီးတဲ့ သတင်းအချက်အလက် ဆိုတာလဲ ပါပါတယ်။ လူ့စိတ်ဆိုတာက မျောက်စိတ်လိုပဲ တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ်တွေရှိမှ ပန်းတိုင်ကို ရောက်တာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အဖွဲ့ဝင်တွေအကြားမှာ ပါဝါအာဏာပြိုင်မှုတွေ ဖြစ်လာပြီဆိုရင် အဖွဲ့ပြိုကွဲဖို့ ဦးတည်နေပြီဆိုတာ သိဖို့ လိုအပ်ပါတယ်။

တတိယတမျိုးကတော့ ဆက်ဆံရေးပြိုလဲမှုပါ။ လူတော်တော်များများဟာ အလုပ်ကြီးအကိုင်ကြီးတွေကို လုပ်ကိုင်ပြီး ဟန်ရေးပြလိုတတ်ကြပေမယ့် ဒီအလုပ်နဲ့ တန်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုကို ပြင်ဆင်ထားလေ့ မရှိကြပါဘူး။ စကားပြောရင် ငါ့စကားနွားရ ပြောတတ်သူတွေ၊ အစည်းအဝေးခန်းတွေထဲမှာ သူများတွေ လုပ်သမျှ အဖျက်သဘောနဲ့ လိုက်ပြောနေတတ်သူတွေ၊ အပြန်အလှန် ငြင်းခုန်ဆွေးနွေးမှုကနေ ပြဿနာကို အဖြေရှာတဲ့ အဆင့်မရောက်တော့ပဲ မိတ်ဆွေပျက်တဲ့အထိ ဖြစ်နေတတ်သူတွေ၊ မူအရ ပေါင်းစပ်လို့ မရတာကြောင့် ကွဲပြဲတာမျိုး မဟုတ်ပဲ တယောက်နဲ့ တယောက် ဝေဖန်ပုတ်ခတ်တာနဲ့တင် ထစ်ခနဲရှိ အဖွဲ့သစ်ထောင်နေသူတွေ၊ သူပြောတာမှ လက်မခံရင် ကိုယ်ပြောတာလဲ လက်မခံဆိုပြီး လုပ်တတ်သူတွေ၊ ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင်ပင် ထမ်းဆောင်နိုင်ခြင်း မရှိသေးပဲ တခြားပိုကြီးတဲ့ လုပ်ငန်းတာဝန်တွေကို တစာစာ တောင်းနေတတ်သူတွေ၊ နေရာယူ ငုပ်တုတ်ထိုင်၊ ဘေးထိုင်ဘုပြော လုပ်တတ်သူတွေ၊ အဖွဲ့ထဲက လူတွေရဲ့ စကားတွေကို ဟိုစကားဒီပို့၊ ဒီစကားဟိုပို့နဲ့ စကားအရောင်းအ၀ယ် လုပ်နေတတ်သူတွေဟာ လူ့လောကကြီး ထဲမှာ ရှိကိုရှိနေတတ် ပါတယ်။ ဒီလို စိတ်ဓာတ်မရင့်ကျက်သူတွေ အဖွဲ့အစည်းတွေထဲမှာ များလာတဲ့အခါ အဖွဲ့ဝင်တွေ အချင်းချင်း ဆက်ဆံရေးကို ထိခိုက်ပါတယ်။ ကြာရင် ပြိုလဲတတ်ပါတယ်။

နောက်တမျိုးကတော့ အချိန်အတိုင်းအတာတခုရဲ့ ဖိအားပါ။ လူတွေမှာ ရေရှည်လုပ်ငန်းတာဝန်တွေမှာ ပိုမိုအားသာချက်ရှိပြီး ရေတိုအချိန်သတ်မှတ်တာနဲ့ စိတ်ဖိစီးမှုဖြစ်ပြီး ကသောင်းကနင်းလုပ်တတ်သူတွေ ရှိပါတယ်။ အချိန်သတ်မှတ်ချက် တခုအတွင်းမှာ လုပ်ငန်းဆောင်တာတခုကို ပြီးမြောက်ရတော့မယ်လို့ ပြင်ပပတ်ဝန်းကျင်အခြေအနေက ဖိအားပေးလာတဲ့အခါမှာ ဒါကို အေးအေးဆေးဆေး စီမံခန့်ခွဲနိုင်သူတွေ ရှိသလို၊ တောင်ပြေးမြောက်ပြေး ဖြစ်နေတတ်သူတွေလဲ ရှိတတ်ပါတယ်။ စာမေးပွဲတခုကို နက်ဖြန်စစ်တော့မယ်လို့ ရှောင်တခင် ကြေညာလိုက်တဲ့အခါ ရေရှည်ပြင်ဆင်ထားသူတွေနဲ့ ရေတိုပြင်ဆင်ထားသူတွေအကြားမှာ ကွဲပြားတဲ့ တုန့်ပြန်မှုတွေ ဖြစ်တတ်ပါတယ်။ ရေရှည်ပြင်ဆင် ထားပြီးမှ သွေးအေးအေးနဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို ရွေးနှုတ်လေ့လာသူ၊ ရေရှည်ပြင်ဆင်ထားပေမယ့် ကြောက်စိတ်ဝင်လာပြီး ဟိုစာအုပ်ကိုင်ရမလို၊ ဒီစာအုပ်ကိုင်ရမလို ဖြစ်တတ်သူ၊ ပြင်ဆင်ထားတာ မဟုတ်ပေမယ့်လဲ သွေးအေးအေးနဲ့ အရေးကြီးမယ်ထင်တဲ့ စာကိုပဲ ကောက်ဖတ်နေသူနဲ့ ပြင်ဆင်ထားတာလဲမရှိ၊ သွေးအေးအေးနဲ့ ဘယ်လို ကိုင်တွယ်ရမှန်းလဲ မသိဖြစ်ပြီး တောင်ပြေး၊ မြောက်ပြေးဖြစ်နေတတ်သူတွေ ပေါ်ထွက်လာစမြဲပါပဲ။ ကြောက်စရာအကောင်းဆုံးက အဲဒီတောင်ပြေး၊ မြောက်ပြေး လုပ်တတ်သူတွေပါ။ ပထမငါးမိနစ်မှာ စာမေးပွဲဖြေမယ်ပြောလိုက်၊ ဒုတိယငါးမိနစ်ရောက်ရင် မဖြေတော့ဘူးပြောလိုက်၊ စာအုပ်ကောက်ကိုင်လိုက်၊ ပြန်ချလိုက်နဲ့ စိတ်ဂနာမငြိမ်မှုတွေဖြစ်ပြီး အနီးအနားမှာ ရှိနေသူတွေကို တော်တော်ဒုက္ခပေးတတ်သူတွေပါ။ သူ့ကိုသာ လိုက်ကြည့်နေရင် ဘေးက လူတွေလဲ အရူးမလင်လုပ်ရသလို ဖြစ်လာမှာ အသေအချာပါပဲ။

အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခတွေ ဖြစ်စေတတ်တဲ့ နောက်ထပ် အကြောင်းတခုကတော့ အခြေအနေနဲ့ သင့်လျော်မှန်ကန်မှု မရှိတဲ့ စည်းမျဉ်းတွေ၊ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်တာမျိုး ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုတာ ကိုယ့်အဖွဲ့ရဲ့ အခြေအနေကို သိရပါတယ်။ ငါ့စကားနွားရ၊ တသွေးတသံ တမိန့်တွေက နေရာတိုင်းမှာ ကျင့်သုံးလို့ မရပါ။ ဦးနှောက်နဲ့ ဆင်ခြင်တုံတရားကို အမိန့်ဆိုတာနဲ့ သင်းကွပ်ခံထားရတဲ့ စစ်တပ်လို အဖွဲ့အစည်းမျိုးတွေမှာတောင် တခါတရံမှာ တပ်တွင်းပုန်ကန်မှုဆိုတာ ဖြစ်လာတတ်သေးရင် တခြားအဖွဲ့အစည်းတွေမှာဆို ပိုဆိုးပါတယ်။

နောက်ထပ်တမျိုးကတော့ ကိုယ်ရည်ကိုယ်သွေး ကွဲပြားမှုပါ။ လူတဦးချင်းစီရဲ့ ကိုယ်ရည် ကိုယ်သွေးတွေက ကွဲပြားခြားနားပါတယ်။ လူသဏ္ဍာန်ကိုကြည့်ပြီး အကဲခတ်ဖို့ဆိုတာ အလွန်ခဲယဉ်း ပါတယ်။ တချို့က ပျော့ပျော့ပျောင်းပျောင်းလေးပေမယ့် စိတ်ဓာတ်ကျတော့ အရမ်းကြံ့ခိုင် ပါတယ်။ တချို့က ဗလတောင့်တောင့်ပေမယ့်လဲ တုတ်တချက်ဝင့်တာနဲ့ ကြောက်ဒူးတုန် တတ်ပါတယ်။ ငယ်စဉ်ကလေးဘ၀ အတွေ့အကြုံ၊ ဘ၀ဖြတ်သန်းမှု၊ မိသားစုအခြေအနေ၊ အတွေးအခေါ်၊ အယူဝါဒ၊ စိတ်နေစိတ်ထား စတာတွေက လူတဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးကို လွှမ်းမိုးမှုရှိပါတယ်။ အရေးပေါ် အခြေအနေတွေမှာမှ ထွက်လာတတ်တဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းတွေကလဲ ရှိပါသေးတယ်။ တချို့က မိုက်ရူးရဲလုပ်တတ်သလို တချို့ကကျတော့လဲ ကြောက်ပြိး အညံ့ခံတတ်ပါတယ်။ ကမ္ဘာ့နာမည်ကြီး ထောက်လှမ်းရေးအဖွဲ့ကြီးတွေမှာ စပိုင်တွေ ရွေးတဲ့အခါ နှိပ်စက်ညှဉ်းပမ်းပြီးလဲ ရွေးချယ်စစ်ဆေးလေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ခံနိုင်ရည်ကို ဆန်းစစ်တာပါ။ ခံနိုင်ရည်ဆိုတာက အလွန်အရေးကြီးတာပါ။ လူတိုင်းမှာ အားနည်းချက်ရှိပေမယ့် ဒီလိုအားနည်းချက်ကို တဘက်ရန်သူက အသာစီးယူသွားနိုင်စေမယ့် တာဝန်မျိုးကို အစကတည်းက မပေးပဲ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ သဘောသဘာဝအရ စစ်တိုက်ရမယ့် အဖွဲ့အစည်းရဲ့ တပ်မှူးကို သေနတ်သံကြားတာနဲ့ ၀ပ်ကျင်းထဲ သွားပုန်းနေတတ်သူကို ပေးလို့ မရပါဘူး။ သက်သတ်လွတ်စားနေသူကို မုဆိုးတာဝန်သွားပေးလို့ မရပါဘူး။ သွေးဆာနေသူကို အကျဉ်းသားထိန်းသိမ်းရေး တာဝန်သွားပေးလို့ မရပါဘူး။ အကုန်လုံး သေကုန်ပါလိမ့်မယ်။ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်ရမယ့် တာဝန်ကို မဆွတ်ခင်က ညွတ်ပြီး အပေးအယူပဲ လုပ်ချင်နေတဲ့ လူမျိုးကို သွားပေးလို့ မရပါဘူး။ မဟာမိတ်ဆက်ဆံရေး တာဝန်မျိုးကို ထစ်ခနဲရှိ ရန်ဖြစ်ချင်သူကို သွားပေးလို့ မရပါဘူး။ အလုပ်တာဝန်နဲ့ လူရဲ့ ကိုယ်ရည်ကိုယ်သွေး ကိုက်ညီဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေထဲမှာ အဲဒီလို မကိုက်ညီမှုတွေ ဖြစ်လာရင် တစတစ ပျက်သုဉ်းတော့တာပါပဲ။

နောက်ထပ်တမျိုးကတော့ အဖွဲ့ဝင်တွေရဲ့ ရာထူးအဆင့်သတ်မှတ်ချက်ပါ။ အဖွဲ့ဆိုတာရှိရင် hierarchy ဆိုတာရှိပါတယ်။ တာဝန်ယူမှုဆိုတာရှိရပါတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ သားအဖပဲဖြစ်ဖြစ် အဖွဲ့ရဲ့ ရာထူးသတ်မှတ်ချက်အရ အဆင့်ဆင့်ပေးအပ်လာတဲ့ တာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ တာဝန်ပေးအပ်သူကလဲ မှန်ကန်ဖြောင့်မတ်တဲ့ တာဝန်တွေကို ပေးဖို့ လိုအပ်ပါတယ်။ ဒီလို တာဝန်ပေးအပ်သူတွေကိုလဲ တာဝန်ခံမှုနဲ့ ဖြောင့်မတ်မှုအတွက် ထိန်းချုပ်မှုယန္တရား လဲ ရှိရမှာဖြစ်ပါတယ်။ ငါခေါင်းဆောင်ဆိုပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တတ်သူတွေလဲ လောကမှာ ရှိတတ်စမြဲပါပဲ။ အဖွဲ့ခေါင်းဆောင်ဆိုတာ အဖွဲ့တာဝန်ကို ထမ်းဆောင်ဖို့ ခေါင်းဆောင်သာ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုပြီး ဟန်ရေးတပြပြလုပ်နေဖို့၊ အဖွဲ့ဝင်တွေကို အဖွဲ့နဲ့ မဆိုင်တဲ့ လုပ်ငန်းတာဝန်တွေ သွားပေးပြီး ခိုင်းစေဖို့၊ ငါပြောရင် မှန်တယ်၊ ငါလုပ်ရင် မှန်တယ်ဆိုပြီး လုပ်ဖို့ မဟုတ်ပါဘူး။

နိုင်ငံရေးအဖွဲ့အစည်းတခုသာ ဖြစ်မယ်ဆိုရင် အဖွဲ့တခုရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပြီးစီး တာတွေကိုလဲ ကော်မတီတွေအလိုက် အစီရင်ခံရပါမယ်။ ဗဟိုနဲ့ အောက်ခြေ တသားတည်း ရှိနေရပါမယ်။ သာမန်အဖွဲ့ဝင်တယောက်ပင်ဖြစ်စေကာမူ အတွေးအခေါ်တွေ၊ ခံစားချက်တွေကို တလေးတစား နားထောင်ပေးရပါမယ်။ အဖွဲ့ဝင်တယောက်ချင်းစီကို တန်ဖိုးထားတတ်ရပါမယ်။

အဲဒီလို မဟုတ်ပဲ အဖွဲ့ဝင်တွေကို ဟိုခိုင်း၊ ဒီခိုင်း၊ ဟိုညွှန်၊ ဒီညွန်လုပ်ဖို့ လောက်ပဲ သတိရပြီး ဆက်ဆံရေး အဆက်ပြတ်မှု (ဆက်ဆံရေးဆိုတာမှာ လူချင်းတွေ့ပြီး ထမင်းအတူစားနေတာကို ဆိုလိုခြင်း မဟုတ်ပါ) ရှိနေမယ်ဆိုရင်၊ အပြန်အလှန်လေးစားတန်ဖိုးထားမှု လျော့နည်းလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ နောက်ပါအင်အားတွေ လျော့လာမှာ ဖြစ်ပါတယ်။ မဖြစ်သာလို့ လက်တွဲနေရရင်တောင် ဒီလိုခေါင်းဆောင်မှုအောက်မှာ ရေရှည်နေလိုစိတ် ရှိကြမည် မဟုတ်ပါ။

နောက်ထပ် အဖွဲ့အစည်းတွေ ပြိုကွဲတတ်တဲ့ အချက်တခုကတော့ ကြိုတင်မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပါတယ်။ လူတွေဆိုတာက လူအမျိုးမျိုး၊ စိတ်အထွေထွေပါ။ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်အဖြစ် ၀င်လာသူတွေမှာ ကြိုတင်မျှော်မှန်းချက်တွေ ရှိတတ်ကြပါတယ်။ တချို့က နေရာယူလိုလို့ပါ။ တချို့က ဘယ်လို အခွင့်အရေးများရမလဲဆိုတဲ့ မျှော်မှန်းချက်နဲ့ပါ။ တချို့က ကိုယ့်ယုံကြည်ချက်နဲ့ အဖွဲ့ရဲ့ ဦးတည်ချက်တွေ ကိုက်ညီတယ်လို့ ယူဆမှုကြောင့်ပါ။ တချို့ကကျတော့ အခြေအနေအရ ပူးပေါင်းပါဝင်ဝန်းရံပေးဖို့ သက်ဆိုင်ရာ မိခင်အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက် ကြောင့်ပါ။ တချို့ကျတော့ အများစု ပါတာမို့ လိုက်ပါတာပါ။

နိုင်ငံရေး ပညာရှင်တွေကတော့ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်လာတဲ့ အဖွဲ့ဝင်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ ဥစ္စာ၊ ရာထူးအဆင့်အတန်း၊ ယုံကြည်ချက်တူညီမှု၊ အစုအဖွဲ့နဲ့ ရပ်တည်လိုမှုစတဲ့ ကြိုတင်မျှော်မှန်းချက်နဲ့ ၀င်လာသူတွေသာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလိုကြိုတင်မျှော်မှန်းချက်တွေနဲ့ ၀င်လာပြီးမှ ထင်သလို မဖြစ်တဲ့အခါ အဖွဲ့အပေါ်မှာ ယုံကြည်ကိုးစားမှုတွေ ပျက်လာတတ်ပါတယ်။ အဲဒီအခါမှာ အဖွဲ့ပြိုကွဲတတ်ပါတယ်။

အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ပြိုကွဲရေးအထိ ဦးတည်တဲ့ ဒီလိုပဋ္ဋိပက္ခတွေ ထွက်ပေါ်လာတဲ့အခါ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံရေးကို လေ့လာတဲ့ ပညာရှင်တွေကတော့ ဒီလိုကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းတွေကို ဖော်ထုတ်ပေးထား ကြပါတယ်။ တချို့က ပြောတတ်ကြပါတယ်။ ပညာရှင်တွေဆိုတာက စာအုပ်ထဲက စာတွေ ပြောကြ၊ သီအိုရီတွေ ဖော်ထုတ်ကြ၊ ကိုယ့်နိုင်ငံ ကိုယ့်သမိုင်းနဲ့ မကိုက်ညီနိုင်မယ့် နည်းစနစ်တွေကို ပြောကြနဲ့မို့ သူတို့ ပြောစကားတွေကို ဂရုစိုက်ဖို့ မလိုဘူးလို့ ဆိုလေ့ရှိကြပါတယ်။

တကယ်တော့ ငါ့စကားနွားရ ပြောတတ်တဲ့ စိတ်ဖောက်ပြန်နေတဲ့ ပညာရှင် မဟုတ်ရင် ဘယ်ပညာရှင်ကမှ သူပြောတာတွေကို လိုက်လုပ်ကြဖို့၊ ဂရုစိုက်ကြဖို့ မရည်ရွယ်ကြပါဘူး။ လိုအပ်မယ်ထင်တာကို သူပညာကို အသုံးပြုပြီး ထုတ်ဖော်ပြောကြားတာ၊ အကြံပေးတာတွေပဲ လုပ်ကြပါတယ်။ ကိုက်ညီတာလဲ ရှိနိုင်ပါတယ်၊ မကိုက်ညီတာလဲ ရှိနိုင်ပါတယ်။ ဘာသာတရား ကိုးကွယ် ယုံကြည်မှုမှာတောင်မှ ဘုရားဟောဆိုတိုင်း အားလုံးက လက်ခံကြတာ မဟုတ်လို့ ဘာသာတရားတွေ အများအပြား ရှိနေကြတာပဲ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ကြတာပဲ ဖြစ်ပါတယ်။

ပညာရှင်တွေဆိုတာကလဲ တန်ခိုးရှင်တွေမဟုတ်။ သူတို့တတ်သိထားတဲ့ အသိပညာ၊ အတတ်ပညာ လေးတွေကို အသုံးချပြီး လူ့လောကကြီးအတွက် အကျိုးကျေးဇူးရှိမယ်ထင်တဲ့ စာတမ်းလေးတွေကို ရေးကြ၊ သုတေသနလေးတွေကို လုပ်ကြရင်း ပျော်မွေ့နေသူတွေသာ ဖြစ်ပါတယ်။ လိုတာကိုယူပြီး၊ မလိုတာကို ပယ်ရုံပဲ ရှိပါတယ်။ အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခနဲ့ ပတ်သက်ပြီးတော့လဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းငါးသွယ်ကို ပညာရှင်တွေက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။

အဖွဲ့တွင်း ပဋ္ဋိပက္ခဖြေရှင်းရေး နည်းလမ်းငါးသွယ်

အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခတွေ ပေါ်ထွက်လာတဲ့အခါ ခေါင်းဆောင်တွေအနေနဲ့ နည်းလမ်းငါးသွယ် သုံးပြီး ဖြေရှင်းနိုင်ကြောင်း ပညာရှင်တွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ပထမနည်းလမ်းကတော့ ပြဿနာဖြေရှင်းခြင်း (Problem solving) နည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာ ပြဿနာကို စတင်ဖြစ်ပွားစေတဲ့ အကြောင်းအချက်တွေ၊ မီးပွားကို မီးတောက်ဖြစ်အောင် တွန်းတင်နေတဲ့ လူတွေနဲ့ သတင်းအချက်အလက်တွေ၊ ပြင်ပ တွန်းအားနဲ့ ဖိအားတွေကို အရင်လေ့လာပြီးတော့မှ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စဉ်းစားဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကောင်းမွန်ပေမယ့် အချိန်အလွန်ကြာတာကြောင့် အရေးပေါ် အခြေအနေတွေမှာ ဒီနည်းလမ်းကို စနစ်တကျ အသုံးပြုနိုင်ဖို့ အချိန် နည်းပါးတတ်ပါတယ်။

နောက်ထပ်နည်းလမ်းတခုကတော့ Superordinate Goals များ ချမှတ်မှုပဲ ဖြစ်ပါတယ်။ အရမ်းတန်ဖိုးရှိပြီး လူတဦးတယောက်တည်း၊ တစုတည်းက မဖော်ဆောင်နိုင်ပဲ အများက ပူးပေါင်းဆောင်ရွက်ရမယ့် ရည်မှန်းချက်တွေ ချမှတ်ဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ ချမှတ်ပြီးတဲ့ အခါကျမှ “တို့အားလုံးဟာ ဒီရည်မှန်းချက်တွေကို အတူတူ အကောင်အထည်ဖော်ရမယ့် သူတွေဖြစ်တယ်။ ဒါကြောင့် ကွဲပြားခြားနားမှုတွေကို မေ့လိုက်ပြီး ဒီရည်မှန်းချက်တွေကို ဦးတည်ဆောင်ရွက်ကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကောင်းမွန်ပေမယ့် ပြဿနာအရင်းခံကို ဖြေရှင်းထားတာ မဟုတ်တဲ့အတွက် ပဋ္ဋိပက္ခတွေက အချိန်မရွေး ပြန်ပြီး ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ ရေတိုပြဿနာ ဖြေရှင်းနည်း အတွက်တော့ အလွန်ပဲ အသုံးဝင်ပါတယ်။

နောက်ထပ်နည်းလမ်းတခုကတော့ အပေးအယူပြုလုပ်ခြင်း (compromise) လုပ်တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းမျိုးက ပဋ္ဋိပက္ခဖြစ်တဲ့ နှစ်ဘက်စလုံးက နိုင်သလို၊ နှစ်ဘက်စလုံးလဲ ရှုံးပါတယ်။ ညှိနှိုင်းမှုနဲ့ အပေးအယူပြုမှုပေါ်မှာ အခြေခံထားတာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လဲ တကယ် မှန်ကန်လျော်ညီတဲ့ အပေးအယူ ဖြစ်ဖို့ လိုအပ်ပါတယ်။ အပေးအယူဆိုတာမှာကလဲ လုပ်လို့ရတာ ရှိပါတယ်။ လုပ်လို့ မရတာလဲ ရှိပါတယ်။ အပေးအယူဆိုတဲ့ စကားလုံးကို သုံးပြီး တဘက်စောင်းနင်း အနိုင်ယူတာ မခံရအောင်ကလဲ သတိရှိဖို့ လိုအပ်ပါသေးတယ်။ ဒီနည်းလမ်းဟာ ရေရှည်မှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် အသုံးဝင်တာမှန်ပေမယ့် ရေတိုအရေးပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါမှာတော့ မလျော်ကန်လှပါဘူး။

နောက်ထပ်နည်းလမ်းတခုကတော့ ပြေလည်ချောမွေ့စေခြင်း (smoothing) နည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ “အားလုံး စိတ်ခံစားမှုတွေကို လျှော့ချကြဖို့၊ မုန်တိုင်းထန်နေတုန်းမှာ လှေကို မလှုပ်ခါကြဖို့” ပြောကြားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းက ပဋ္ဋိပက္ခအပြင်းထန်ဆုံး ဖြစ်နေတဲ့ အခြေအနေမှာ ယာယီ ထိန်းသိမ်းနိုင်ပေမယ့် အချိန်အကန့်အသတ်နဲ့ ဆုံးဖြတ်ချက် ချမှတ်ရမှုတွေ၊ ရေရှည်စီမံချက်ချမှတ်ရမှုတွေမှာတော့ အသုံးသိပ်မ၀င်ပါဘူး။

နောက်ထပ်နည်းလမ်းတခုကတော့ အင်အားသုံးဖြေရှင်းခြင်း (Forcing) နည်းလမ်းပဲ ဖြစ်ပါတယ်။ အချိန်အကန့်အသတ်အပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာတဲ့အခါ အခြားလူတွေက အကြံပေးနည်း၊ ဆန္ဒဖော်ထုတ်နည်း၊ တွန်းအားပေးနည်းတွေကို အသုံးပြုပြီး ပဋ္ဋိပက္ခဖြစ်နေတဲ့ နှစ်ဘက်စလုံးကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ အတွေးအခေါ်တွေဆီကို တွန်းတင်ပေးမှုပါ။ ဒါကို လုပ်တဲ့အခါ ကြားဝင်ပေးသူတွေရဲ့ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ အင်အားတောင့်တင်းမှု၊ ရပ်တည်ချက်ဆိုတာတွေက အရေးပါပါတယ်။ သူများ ပြဿနာဖြစ်တာမှာ ကြားဝင်တိုင်းလဲ ကောင်းတာ မဟုတ်ပါ။ ရပ်ကွက်အဆင့်မှာ ရန်ဖြစ်တာကို ကြားဝင်မိပြီး ဓားထိုးခံရလို့ အသက်ဆုံးရှုံးသူတွေ ဒုနဲ့ ဒေးပါပဲ။ နိုင်ငံတကာ အဆင့်မှာလဲ သူများတွေ ဖြစ်သမျှ ၀င်ပြောနေလို့ ငပွကြီး ဖြစ်နေတဲ့ နိုင်ငံတွေလဲ ရှိတာပါပဲ။ မလိုအပ်ပဲ ဒီနည်းလမ်းကို သုံးလွန်းတာများရင် အဖွဲ့အစည်းတွေ အကြားမှာလဲ ငပွကြီးအမည်တွင်ကျန်တာလောက်ပဲ ဖြစ်မှာပဲ။ ပြဿနာနဲ့ ပတ်သက်ပြီး အကျိုးရှိစေနိုင်မယ့် အဆင့်ရှိမှ သူများကိစ္စမှာ ကြားဝင်ပါပြီး တွန်းအားပေးတဲ့ နည်းလမ်းတွေ သုံးလို့ရမှာ ဖြစ်ပါတယ်။

ဒီလို နည်းလမ်းငါးသွယ်ထဲက ဘယ်လို နည်းလမ်းတွေကို အသုံးပြုရင်ပဲဖြစ်ဖြစ် organization iceberg ဆိုတာကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေမှာ မြင်သာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ (Visible Features) တွေဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်၊ မူဝါဒ၊ စီမံချက်၊ နည်းလမ်း၊ အလုပ်တာဝန်ခွဲဝေမှု၊ နည်းပညာ၊ အဖွဲ့တွင်းအာဏာနဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်၊ ဆက်ဆံရေး လမ်းကြောင်း၊ လုပ်ဆောင်မှု စတာတွေ ရှိသလို၊ အတွင်းမှာပဲ ပုန်းကွယ်နေတဲ့ သွင်ပြင်လက္ခဏာ (Hidden Features) တွေဖြစ်တဲ့ အဖွဲ့ဝင်တွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ ခံစားချက်၊ တန်ဖိုးထားမှု၊ အဖွဲ့တွင်းနိုင်ငံရေး၊ အုပ်စုဖွဲ့မှု၊ အုပ်စုချင်း ပဋ္ဋိပက္ခ၊ ခေါင်းဆောင်ချင်း ပဋ္ဋိပက္ခ၊ ဆက်ဆံရေး ပွင့်လင်းမှု မရှိခြင်း၊ အချင်းချင်း ပြိုင်ဆိုင်ဆွဲချခြင်း၊ ပြုမူဆောင်ရွက်မှုဆိုင်ရာ ပြဿနာများ၊ စာရိတ္တရေချိန် နိမ့်ပါးမှု၊ ကိုယ်ကျင့်တရားပျက်ယွင်းမှု စတာတွေ လဲ ရှိပါတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါတွေကို မသိပဲ ဘယ်လိုအဖွဲ့အစည်းမျိုးရဲ့ ပဋ္ဋိပက္ခကိုမှ ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ပါ။

အဖွဲ့တွင်း ပဋ္ဋိပက္ခတွေကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းပြီး အဖွဲ့အစည်းတရပ် မပြိုကွဲရေးကို ကြိုးပမ်းဖော်ဆောင်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့်လဲ တခါတရံမှာ အဖွဲ့အစည်းတရပ်ဟာ ဘယ်လိုမှ ထိန်းကျောင်းလို့ မရတော့ပဲ ပြိုကို ပြိုကွဲတတ်တာတွေလဲ ရှိပါတယ်။

အဖွဲ့ပြိုကွဲမှုအား ထိန်းကျောင်းခြင်း

လောကမှာ အရာအားလုံးဟာ အချိန်အတိုင်းအတာ တခုအထိပဲ တည်မြဲခိုင်ခံ့ပါတယ်။ ဖြစ်ခြင်း၊ ပျက်ခြင်းဆိုတဲ့ သဘောတရားဟာ အရာအားလုံးအတွက် မှန်ကန်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းဆိုတာကလဲ သတ္တ၀ါတွေ စုစည်းထားတာပဲ ဖြစ်တဲ့အတွက် တချိန်မှာ ပျက်စီးမှာ ပါပဲ။ ဖြစ်လိုက်ပျက်လိုက်၊ အောင်မြင်လိုက်၊ ဆုံးရှုံးလိုက်နှင့် လောကနိယာမကို ဘယ်သူမှ မတားဆီးနိုင်ပါ။ ရှိနေတုန်းသာ အတတ်နိုင်ဆုံးကောင်းအောင် ကြိုးပမ်းလုပ်ကြရမှာပါ။ ဘယ်လိုမှ မတားဆီးနိုင်တော့တဲ့ အဖွဲ့ပြိုကွဲမှုတွေကလဲ ဖြစ်လာတတ်ပါတယ်။

အဖွဲ့အစည်းတိုင်းမှာ ရပ်တည်ချက်၊ လမ်းစဉ် ရည်မှန်းချက် ပန်းတိုင်ဆိုတာတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အဖွဲ့တွင်းမှာ ကွဲလွဲမှု ဖြစ်လာပြီဆိုရင်တော့ အများသဘောဆန္ဒနဲ့အညီ မျှမျှတတ ဆုံးဖြတ်ချက် ချရင်ချ၊ မချနိုင်ရင်တော့ ရပ်တည်ချက် မတူသူတွေ လမ်းခွဲဖို့ပဲ ရှိပါတယ်။ လောကမှာ အပေးအယူနဲ့ ညှိနှိုင်းမှုတွေ ရှိရတယ်ဆိုတာမှန်ပေမယ့် ဘယ်လိုမှ ညှိနှိုင်းလို့၊ လျှော့ပေးလို့ မဖြစ်နိုင်တဲ့ အရာတွေလဲ ရှိပါတယ်။ ဥပမာ- မူးယစ်ဆေးဝါး ကုန်ကူးမယ်ဆိုတဲ့ လင်ယောက်ျားနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို သိမြင်တဲ့ ဇနီးမယားနှစ်ယောက် ဘ၀ခရီးကို အတူဆက်လျှောက်လို့ မရပါ။ ဇနီးသည်က လင်ယောက်ျားကို မူးယစ်ဆေးဝါး ကုန်မကူးအောင် တားနိုင်ရင်တား၊ လင်ယောက်ျားက ဇနီးသည်ကို မူးယစ်ဆေးဝါးကုန်ကူးမှုကြောင့် ရနိုင်မယ့် အကျိုးအမြတ်တွေနဲက မက်လုံးပေးပြီး ဆွယ်နိုင်ရင်ဆွယ်ပြီး ညှိနှိုင်းကြဖို့ကတော့ ပထမအဆင့်ပါ။ ဒါမှ မရရင်တော့ လင်ယောက်ျားဖြစ်သူကလဲ သူ့ကိုယ်ကျိုးအတွက် သူလုပ်ချင်တဲ့ လမ်းကြောင်းကို ဆက်လုပ်ဖို့နဲ့ ဇနီးသည်ကလဲ တမျိုးသားလုံး အရေးအတွက် သူရှောင်ရမယ့် အန္တရာယ်ကို ရှောင်ဖို့ လမ်းခွဲကြရုံပဲ ရှိပါတယ်။ တယောက်က ကိုယ်ကျိုးစီးပွား၊ တယောက်က အမျိုးသားရေး ကို စဉ်းစားတဲ့ လူနှစ်ယောက်မှာ ဘုံရည်မှန်းချက်ဆိုတာ မရှိလာတော့တဲ့အတွက် မိသားစု မပြိုကွဲအောင် ထိန်းသိမ်းရေးဆိုတာကလဲ လုပ်လို့ မရတော့ပါ။ ဒါပေမယ့် မိသားစု တခုလုံး အစိတ်စိတ်၊ အမြွာမြွာ မပြိုကွဲအောင်တော့ ထိန်းကျောင်းကြရပါမယ်။ အဖခြေရာကို ဆက်နင်းမယ့် သားသမီးနဲ့ အမိခြေရာကို ဆက်နင်းမယ့် သားသမီးတွေကို မိဘနဲ့ အတူရှိနေဖို့တော့ ကြိုးပမ်းမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ။ အဖွဲ့အစည်းတွေ ပြိုကွဲတဲ့အခါမှာလဲ အစိတ်စိတ်အမြွာမြွာနဲ့ သူတလူငါတမင်း မဖြစ်ရလေအောင် ပြိုကွဲမှုကို စနစ်တကျ ထိန်းကျောင်းပေးဖို့ လိုပါတယ်။ နိုင်ငံရေးရာမှာ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကက နိုင်ငံရေးအဖွဲ့အစည်းတွေဟာ ဥရောပ အဖွဲ့အစည်းတွေ ထက်စာရင် ပိုပြီး fragile ဖြစ်ပါတယ်။ ကွဲအက်လွယ်ပါတယ်။ ကိုလိုနီကျွန်စနစ်နဲ့ အာဏာရှင် ကျွန်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေလာကြရတာဖြစ်တဲ့အတွက် ကျွန်စိတ်က မျိုးဆက်တွေအလိုက် အသွေးထဲ အသားထဲမှာ နစ်ဝင်ပုန်းလျှိုးနေတတ်ပါတယ်။ ဒီကျွန်စိတ်က တော်ရုံတန်ရုံ အချိန်တွေမှာဆို မထွက်လာပါဘူး။ ဒါပေမယ့် နိုင်ငံအရေးအခြေအနေ အပြောင်းအလဲကာလတွေ၊ စစ်မက်သင့်တဲ့ ကာလတွေမှာဆို ထွက်ပေါ်လာတတ်ပါတယ်။

ကျွန်မတို့ မြန်မာ့နိုင်ငံရေး သမိုင်းမှာလဲ ဒီလိုကျွန်စိတ်တွေ ပေါ်ထွက်လာတတ်တဲ့ အခြေအနေလေးတွေ ရှိခဲ့ဖူးပါတယ်။ မြန်မာလူမျိုးတွေဟာ ကိုလိုနီလက်အောက်ခံ ကျွန်သဘောက် ဘ၀ မရောက်ခင်တုန်းက သက်ဦးဆံပိုင်ဘုရင်တွေရဲ့ တသွေးတသံ တမိန့်အောက်မှာ နေခဲ့ရပါတယ်။ လူမှုရေးကျင့်ဝတ်တွေအရ မိသားစုတွင်းမှာလဲ အာဏာရှင်စနစ်က အမြစ်တွယ်နေပါတယ်။ အိမ်တအိမ်မှာ ဖခင်ရဲ့ သြဇာနဲ့ သားသမီးရဲ့ ကိုယ်ပိုင်အတွေးအခေါ် ထိပ်တိုက်ဖြစ်လာခဲ့ရင် ဖခင်ရဲ့ အာဏာကို မလွန်ဆန်ရဲတော့ပါဘူး။ ရွာတရွာမှာ သူကြီးရဲ့ သြဇာအာဏာကို မလွန်ဆန်ရဲကြပါဘူး။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငုံ့ခံကြပါတယ်။ မတရားလုပ်ခံရရင်တောင် ဘ၀ကံအကြောင်းတရားပါလာလို့ ဆိုပြီးတော့ပဲ ဖြေသိမ့်တွေးတတ်ကြပါတယ်။

မခံနိုင်လွန်းမှသာ ယမ်းပုံမီးကျ ဒေါသအိုး ပေါက်ကွဲတတ်ကြတာပါ။ ဒါကလဲ ကောက်ရိုးမီးလို တခဏပဲ တောက်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးထိရင် မချိအောင်နာတဲ့ စိတ်ရင်းခံလေး တခုကတော့လဲ ရှိနေခဲ့ပါတယ်။ နယ်ချဲ့တွေ ကျူးကျော်လာတော့ ဒီစိတ်ရင်းခံနဲ့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ကြတာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ တော်လှန်ရေးစိတ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်က သွတ်သွင်းပေးထားတဲ့ ကျွန်စိတ်ကလဲ တွဲပါနေပါတယ်။ မင်းနေပြည်တော်က အမိန့်ပေးမှ၊ စစ်သူကြီးတွေက ဦးဆောင်မှဆိုတဲ့ ခေါင်းဆောင်တွေအပေါ် မှီခိုအားကိုးမှုက ရှိနေပြန်ပါတယ်။ ဒီကျွန်စိတ်တွေက ဘယ်လောက်တောင် လွှမ်းမိုးသွားလဲဆိုရင် မန္တလေး နေပြည်တော်ကို သေနတ်တချက်တောင်မဖောက်ရပဲ ဘုရင်ကို ကြက်လေး၊ ငှက်လေးလို နယ်ချဲ့ကျူးကျော်သူတွေက ဖမ်းနိုင်သွားတဲ့ အဆင့်အထိပါပဲ။

နယ်ချဲ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် မိမိတို့ရဲ့ ရပ်တည်ရှင်သန်ခွင့်တွေ၊ ရာထူးတွေ ဆုံးရှုံးမှာ ကြောက်ကြတဲ့ နေပြည်တော်က သက်ကြီးရွယ်အို အဖိုးအိုများရဲ့ စကားကို ကာယ၊ ဥာဏ ပြည့်စုံတဲ့ တပ်မှူးဗိုလ်ပါ အပေါင်းက ကျွန်စိတ်နဲ့ နာခံခဲ့ကြပါတယ်။ စုဖုရားလတ်က “ဘိုးဘိုးတို့ ကြောက်ရင် ထမီဝတ်ထားကြပါလား။ စုဖုရား ကိုယ်တိုင် နန်းတွင်းသူတွေနဲ့ ထွက်ပြီး ခုခံမယ်” လို့ ပြောခဲ့ရတဲ့ အထိ မြန်မာ့သမိုင်းဟာ အကျည်းတန်ခဲ့ပါတယ်။ ကျွန်စိတ်မရှိလို့ သခင်စိတ်နဲ့ နယ်ချဲ့ကို တွန်းလှန်ခဲ့ကြတဲ့ မြန်မာတပ်မှူးအပေါင်းမှာလဲ မြန်မာမင်းနေပြည်တော်က အလိုတော်ရိ လက်ပါးစေတွေနဲ့ ကုလားဖြူ စစ်တပ်တွေကြောင့် အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။ သခင်စိတ်တွေ အညွန့်ချိုးခံခဲ့ရပါတယ်။

ဒီလိုနဲ့ နယ်ချဲ့ကျွန်ဘ၀မှာ နှစ်ပေါင်းများစွာနေခဲ့ရပြီး၊ အမျိုးသားရေးစိတ်ဓာတ်တွေ ပြန်ပြီး နိုးကြားလာချိန်ကြတော့လဲ မြန်မာတမျိုးသားလုံးကို ကိုယ်စားပြုနေတဲ့ ဂျီစီဘီအေ အသင်းကြီးဟာ နယ်ချဲ့ရဲ့ ရာထူး၊ အာဏာ မျက်စပစ်မှုဒဏ်ကို မခံနိုင်ပဲ အစိတ်စိတ်အမြွာမြွာ ကွဲခဲ့ရပြန်ပါတယ်။ ခေါင်းဆောင်ကြီးတွေဆီမှာ ကျွန်စိတ်တွေ ပေါ်လာပြန်ပြီး၊ နယ်ချဲ့ လက်အောက်ခံ အစိုးရရဲ့ အမတ်မင်းများ ဖြစ်ဖို့အရေး ကြိုးပမ်းပြီး လူထုကို မျက်စိလည်လာစေပြန်ပါတယ်။ “လူကြီးတွေ လုပ်တာဆိုရင် မှန်တယ်။ လူကြီးတွေကို ပြန်အာမခံနဲ့” ဆိုတဲ့ ထုံးတမ်းစဉ်လာတွေအကြားမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆ၊ ဦးဆောင်နိုင်မှု အရည်အချင်းတွေကို သင်းကွပ်ခံထားရ သူတွေကလဲ “တောင်ကျရေ၊ နွားနှစ်ကောင်မ၀သလိုပ၊ မောင်ဘဘေ ငါးထောင်မရသော်ကြောင့်” ဆိုတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာထဲကလို ကျွန်စိတ်နဲ့ အမတ်ရူးရူးနေကြတဲ့ ခေါင်းဆောင်ကြီးများကို ထောက်ခံကြပြန်ပါတော့တယ်။

အမျိုးသားရေးစိတ်၊ သခင်စိတ်ရှိတဲ့ သခင်ဘသောင်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့လို လူငယ်တွေသာ အဲဒီအချိန်တုန်းက မပေါ်ထွက်ခဲ့လျှင် မြန်မာပြည်ကြီးလဲ အိန္ဒိယအုပ်ချုပ်ခံ ပြည်နယ်တခုအနေနဲ့ ဖြစ်ကျန်ခဲ့မည်လားပင် မသိပါ။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းဆိုတာကလဲ မင်းလောင်းတွေ မျှော်လိုက်၊ ခေါင်းဆောင်တွေကို အားကိုးလိုက်၊ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေက နိုင်ငံရေးလှိုင်းလုံးတွေကို ပြန်ပုတ်ချလိုက်၊ ပြိုလိုက်ပျက်လိုက်၊ ကွဲလိုက်ပြဲလိုက်၊ အချင်းချင်းချလိုက်၊ မရှိတဲ့ အာဏာကို စိတ်ကူးနဲ့ ရူးပြီး လုလိုက်၊ အာဏာရှင်တွေဆီကို ကျွန်သွားခံလိုက်ဖြင့် နှစ်ပေါင်းများစွာ ကျွန်စိတ်များ စိမ့်ဝင်ပျံ့နှံ့နေခဲ့သော ကျွန်နိုင်ငံရေး သမိုင်းကြီးအဖြစ်သာ အဖတ်တင် ကျန်ရစ်ခဲ့ပါတော့တယ်။ နောက်ဆုံးကျတော့ မြန်မာအချင်းချင်း ကျွန်ပြန်ပြုတဲ့ စစ်ကျွန်ဘ၀ကို ရောက်ရှိသွားပါတယ်။

မြန်မာတင်မဟုတ်ပါ။ စိတ်ဓာတ်နဲ့ အတွေးအခေါ်များကို မပြင်ဆင်နိုင်သေးတဲ့ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတချို့တွေမှာလဲ ဒီလို ကျွန်နိုင်ငံရေး ခရီးကြမ်းကြီး ဆက်လှမ်းနေကြရဆဲပါ။ ကျွန်သံသရာကနေ ဖောက်ထွက်ဖို့ ကြိုးစားခဲ့ကြတဲ့ နိုင်ငံတွေမှာတော့ နိုင်ငံရေးအဖွဲ့အစည်းတွေထဲက အဖွဲ့ဝင်တွေဟာ သခင်စိတ်ကို မွေးထားခဲ့ကြပါတယ်။ နိုင်ငံရေးအကူးအပြောင်းကာလတွေမှာ ကျွန်စိတ်ဝင်နေသူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို လက်ခံလေ့မရှိကြပါဘူး။ အဖွဲ့အစည်းက တရားဝင် မြေပေါ် အဖွဲ့ ဖြစ်နေတဲ့အခါ ကျွန်ခံမယ့် ခေါင်းဆောင်တွေနဲ့ ကျွန်ပြုမယ့်သူတွေက တသားတည်း ဖြစ်သွားတတ်ပါတယ်။ ကျွန်ခံမယ့် ခေါင်းဆောင်တွေရဲ့ အာဏာကို ဖီဆန်တဲ့ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေကို ကျွန်ပြုမယ့်လူတွေက ၀င်ပြီး နှိပ်ကွပ်ဖမ်းဆီးလေ့ရှိကြပါတယ်။ အဲဒီလိုအခါမျိုးမှာ နိုင်ငံရေး အဖွဲ့အစည်းဟာ ကျွန်ခံမယ့် ခေါင်းဆောင်တွေလက်ထဲကို လုံးလုံးလျားလျား ကျသွားပြီး၊ နောက်ထပ် အဖွဲ့အစည်းတရပ် ထပ်မထွက်လာမချင်း နိုင်ငံရေး သေတတ်ပါတယ်။

ဒီလိုတွေဖြစ်လာရင် တော်လှန်ရေး ကြာရှည်တတ်ပါတယ်။ ဒါကြောင့် သခင်စိတ်နဲ့ ခေါင်းဆောင်တွေ၊ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေဟာ အဖွဲ့တွင်း ပဋ္ဋိပက္ခပြေလည်ရေးကို ဘယ်လိုမှ လုပ်လို့ မဖြစ်တော့ တဲ့အခါ အဖွဲ့ပြိုကွဲမှုကို စနစ်တကျ ထိန်းကျောင်းနိုင်ရေးအတွက် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ မြေပေါ်အဖွဲ့ဖြစ်ရင် မြေအောက်ဆင်းရပါမယ်။ မြေအောက်ဆင်းတဲ့အခါ စီအိုစီ ဖွဲ့စည်းရပါမယ်။ ဒီစီအိုစီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရွေးထားရပါမယ်။ လူထုထဲကို လှေကားချပြီး လျှို့ဝှက်စည်းရုံးမှုတွေ လုပ်ရပါမယ်။

ဒီ ပြောရေးဆိုခွင့် ရှိသူဟာ ကျွန်စိတ်ရှိသူတွေက အဖွဲ့အစည်းအမည်ကို အလွဲသုံးစားလုပ်ပြီး ကျွန်သက်တမ်းရှည်ဖို့ ကြိုးပမ်းမှုတွေ၊ ကျွန်ပြုမယ့်သူတွေက ဒါကို အသုံးချပြီး လူထုကြီးရဲ့ သခင်စိတ်ကို ချိုးနှိမ်ဖို့ ကြိုးစားမှုတွေကို ကန့်ကွက်ဆန့်ကျင်ရပါမယ်။ နေရာဒေသအသီးသီးမှာ လူထုစည်းရုံးရေး အစုအဖွဲ့များ ဖွဲ့ထားပြီး မိမိတို့ရဲ့ မြေအောက်အဖွဲ့အစည်းနဲ့ ပြည်သူလူထုအကြား ကွင်းဆက်မပြတ်အောင် ကြိုးပမ်းရပါမယ်။ အဖွဲ့ကို တိုက်ပွဲဝင်အဖွဲ့အစည်း တရပ်အနေနဲ့ စနစ်တကျ ပြန်လည်ပြင်ဆင် တည်ဆောက်ပြီး ကျွန်စနစ် ဆန့်ကျင်ရေးတိုက်ပွဲကို လူထုကြီးနဲ့အတူ ပူးပေါင်းဆင်နွှဲရပါမယ်။ ကျွန်ပြုသူတွေရဲ့ အုပ်ချုပ်ရေးယန္တရား ပြိုကျတာနဲ့ ချက်ချင်းအစားထိုးနိုင်မယ့် ယာယီအုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

နိဂုံး

တဦးတယောက်တဲ့ ပိုတဲ့အခါ အစုအဖွဲ့ဆိုတာရှိလာပါတယ်။ အစုအဖွဲ့ဆိုတာရှိလာရင် ပဋ္ဋိပက္ခဆိုတာ ရှိလာပြန်ပါတယ်။ ပဋ္ဋိပက္ခဆိုတာရှိလာရင် ပြေလည်အောင် ဖြေရှင်းဖို့ စနစ်တကျ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကြိုးစားနေရင်း မတူညီနိုင်တဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်တွေကြောင့် ရှိပြီးသား အစုအဖွဲ့တွေ ပြန်ပြီး ပြိုကွဲတယ်ဆိုတာလဲ ရှိပါတယ်။ အဲဒီအခါမှာလဲ အစိတ်စိတ်၊ အမြွာမြွာ မဖြစ်ရလေအောင်၊ ရည်မှန်းချက်ပန်းတိုင်ကို ပြန်ပြီး အာရုံစိုက်နိုင်အောင် စနစ်တကျ ထိန်းကျောင်းမှုဆိုတာ ရှိလာရမှာ ဖြစ်ပါတယ်။ တွေဝေမှုဟာ လူပေါင်းများစွာရဲ့ ဘ၀တွေကို ရှင်ရက်နဲ့ သေစေနိုင်ပါတယ်။ နယ်ချဲ့ကျွန်၊ ဖက်ဆစ်ကျွန်၊ စစ်ကျွန် စတဲ့ ဘယ်လိုကျွန်စနစ်ပဲ ဖြစ်ဖြစ် လူတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်စီမံ ဖန်တီးခွင့်တွေ ပျောက်ဆုံးနေမှာပါပဲ။ လူတွေရဲ့ အနာဂတ်တွေေ၀၀ါးနေစေမှာပါပဲ။ မိမိထက် ဂုဏ်ကြီးဝါကြိး၊ အတွေ့အကြုံ ပိုများသူတွေရဲ့ ဆုံးဖြတ်ချက်တိုင်း မှန်ပါတယ်လို့ ဘယ်သူမှ မဆိုနိုင်ပါ။ ရေမြင့်မှသာ ကြာတင့်ပါတယ်။ တမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်မှသာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဂုဏ်သိက္ခာတွေ တက်လာမှာ ဖြစ်ပါတယ်။ စစ်ကျွန်ဘ၀ သက်ဆိုးရှည်ရေးကို ဖော်ဆောင်ပေးတဲ့ အဖွဲ့အစည်းတွေကို မလွဲသာလို့ ပုလ္လင်ပေါ် တင်ပေးထားရရင်တောင် လူထုရဲ့ မျက်လုံးထဲမှာတော့ ပလ္လင်ပေါ်က မျောက်တွေအဖြစ်သာ မြင်ယောင်နေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၄၊ ၃၊ ၂၀၁၀)