Friday, June 10, 2011

စာပေစိစစ်ရေးမတင်ရတဲ့အမျိုးအစားတွေက ထီပေါက်စဉ်လိုဟာမျိုးတွေတဲ့ဗျို့

ပြောင်းလဲကျင့်သုံးလိုက်သည့် စာပေစိစစ်ရေး မူဝါဒများအရ လာမည့် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ စာပေအမျိုးအစား ငါးမျိုးမှ ဂျာနယ်၊ မဂ္ဂဇင်း ၁၇၈ စောင်နှင့် အထွေထွေ စာပေအချို့ကို စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ စာမူကြမ်းများ ကြိုတင်စရာမလိုဘဲ ထုတ်ဝေခွင့် ရရှိတော့မည် ဖြစ်သည်။ အဆိုပါ မူဝါဒ ပြောင်းလဲကျင့်သုံးမှုကို ဇွန်လ ၈ ရက်နေ့က ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း ရုံချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတင့်က ပြောခဲ့ပြီး မူဝါဒ အပြောင်းအလဲကြောင့် လက်ရှိ ထုတ်ဝေနေသည့် ဂျာနယ်၊ မဂ္ဂဇင်းများအနက် ထက်ဝက်ခန့်က လွတ်လပ်စွာ ပုံနှိပ် ထုတ်ဝေနိုင်မည်ဟု ဆိုသည်။ “ဂျာနယ်၊ မဂ္ဂဇင်းတွေကို အုပ်စု နှစ်ခု ခွဲထားပါတယ်။ အုပ်စု (၁)မှာ ပါဝင်တဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက လာမယ့် သောကြာနေ့ကစပြီး စာပေစိစစ်ရေး ကြိုတင်စရာမလိုဘဲ ထုတ်ဝေခွင့်ရပါပြီ။ အုပ်စု (၂) အတွက်တော့ အရင်က ကျင့်သုံးနေတဲ့ စိစစ်ရေးတင်ပြီးမှ ထုတ်ဝေတဲ့စနစ်ကိုပဲ ကျင့်သုံးသွားမှာပါ” ဟု ဦးရဲတင့်က ပြောသည်။ အုပ်စု (၁)တွင် အနုပညာ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာနှင့် အားကစားတို့နှင့် ဆိုင်သည့် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများ၊ ပုံပြင်၊ ရုပ်ပြစာမူနှင့် ထီပေါက်စဉ်များ ပါဝင်ပြီး အုပ်စု (၂)တွင် သတင်းဂျာနယ်များ၊ နိုင်ငံရေး၊ ဘာသာရေး (ဂမ္ဘီရ အပါအဝင်) စီးပွားရေး၊ ပညာရေးနှင့် မှုခင်းဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာပေများ၊ ဝတ္ထုစာမူများ ပါဝင်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲနေခြင်းဖြစ်ပြီး အုပ်စု (၂)မှ စာပေအမျိုးအစားများ လွတ်လပ်စွာ ထုတ်ဝေခွင့် ရရှိရေးသည် ယခု ပထမအဆင့်အနေဖြင့် ခွင့်ပြုလိုက်သည့် အုပ်စု (၁)မှ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာမူများ ပုံနှိပ်ခွင့် ပြောင်းလဲလိုက်သည့် ရလဒ်အပေါ် မူတည်သည်ဟုလည်း ၄င်းကဆိုသည်။ အဆိုပါ မူဝါဒ ပြောင်းလဲမှုအရ အုပ်စု(၁)မှ ပုံနှိပ် ထုတ်ဝေသူများ၊ အယ်ဒီတာများ အနေဖြင့် မိမိတို့ ပုံနှိပ်ထုတ်ဝေမှုကြောင့် ဖြစ်လာသည့် ပြဿနာအားလုံးကို တာဝန်ယူရမည်ဖြစ်ပြီး စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တိုင်တန်းမှုများ ရှိလာပါက အရေးယူ ဆောင်ရွက်သွားမည်ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဆိုသည်။ အဆိုပါ အုပ်စု နှစ်စုစလုံးကို စိစစ်သွားရန် အဖွဲ့နှစ်ခု ဖွဲ့စည်းထားပြီး ၄င်းအဖွဲ့များမှ တင်ပြလိုက်သည့် ပြဿနာများကို စိစစ်သုံးသပ်တင်ပြရေးအဖွဲ့ ရှိနေမည်ဟုလည်း ၄င်းကဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိထုတ်ဝေနေသည့် ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၃၅၈ စောင်ရှိပြီး အဆိုပါ မူဝါဒ အပြောင်းအလဲကြောင့် ဂျာနယ် ၈၂ စောင်၊ မဂ္ဂဇင်း ၉၆ စောင်နှင့် အထွေထွေ စာမူများမှာ လွတ်လပ်စွာ ထုတ်ဝေနိုင်ပြီဖြစ်ပြီး ၄င်းထုတ်ဝေခွင့်တွင် ပုံပြင်၊ ရုပ်ပြစာမူများနှင့် ထီပေါက်စဉ်တို့လည်း ပါဝင်ကြောင်း ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Wednesday, June 8, 2011

ပြည်မြန်မာ ကုန်တိုက်တွင် ဆိုင်ခန်း ဖွင့်လှစ် သူများ နစ်နာကြေး တောင်းဆို


ရန်ကုန် မြို့တော်တွင် လူ အစည်ကားဆုံး နေရာ တစ်ခုတွင် ပါဝင်သည့် လှည်းတန်း လမ်းဆုံရှိ ပြည် မြန်မာ ကုန်တိုက်တွင် ဆိုင်ခန်း ဖွင့်လှစ် ထားသူများ စုပေါင်း၍ အစိုးရဌာန အသီး သီးသို့ အကြောင်း ကြားစာများ ပေးပို့ကာ နစ်နာကြေး ပြန်လည်ရရှိရန် တောင်းဆိုထားကြောင်း အငှားဆိုင်ရှင်များက ဇွန် ၁ ရက်နေ့တွင် The Voice Weekly သို့ ပြောကြား သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဧပြီ ၃ ရက်နေ့တွင် ဆိုင်ခန်းငှားရမ်းခြင်းကို ရပ်ခဲ့ပြီး မေလ ၃၁ ရက်နေ့တွင် နောက်ဆုံးထား ဖယ်ပေးရန် လွန်ခဲ့သည့် နှစ်ပါတ်ခန့်က အကြောင်း ကြားခဲ့ခြင်းကြောင့် အငှားဆိုင်ရှင်များက ယင်းသို့ ပြန်လည်တောင်းဆိုကြခြင်း ဖြစ်သည်။
"အဲဒီတည်းက စောင့်နေတာ ဘာလုပ်ပေးမလဲလို့၊ ကျွန်တော်တို့က ငွေကြေးဖြစ်ဖြစ် နေရာဖြစ်ဖြစ် စီစဉ်ပေးမယ် ထင်ခဲ့တာ ခုတော့ ချက်ချင်း ပြောင်းခိုင်းတယ်၊ သက်ဆိုင်ရာကို စောင့် ဆိုင်းဖို့ စာတင် တော့လဲ စာက ပြန်ကျမလာဘူး" ဟုမြေအောက်ထပ် မှ အငှားဆိုင်ခန်းရှင်အချို့က ပြောကြ သည်။
ယင်းကုန်တိုက်နှင့် ဝင်းအတွင်းမှ ဆိုင်ခန်းများ အားလုံးအား ဇွန် ၁ရက်နေ့မှ စတင်ချိတ်ပိတ်ထားပြီး ဆိုင်ခန်းပေါင်း ၉၈ ခန်းတွင် ငွေကြေးတတ်နိုင်သူ အချို့သာ အခန်းအနည်းငယ် ပြန်လည် ငှားရမ်း နိုင်ပြီး အများစုမှာ ပြန်လည် ငှားရမ်းခြင်း မပြုနိုင်ပဲ ဆိုင်ပိတ်ထားရခြင်း၊ ယင်းအခြေ အနေကြောင့် အနီးနားရှိ ဆိုင်ခန်းဈေးများလည်း မြင့်တက်လျက် ရှိခြင်း၊ ယခင်က ဆိုင်ခန်းဆောက်ရာတွင် အငှား ဆိုင်ရှင်များ၏ ငွေကြေးဖြင့် ဆောက်သော်လည်း ဖယ်ခိုင်းရာတွင် မည်သည့်ပစ္စည်း တစုံတရာမှ ဖြုတ် ယူခွင့် မရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း အငှားဆိုင်ခန်းရှင်များက ပြောကြားသည်။ အထက်ပါ အကြောင်းရင်းများကြောင့် ဇွန်လ ၂ရက်နေ့ နံနက်တွင် ဆိုင်ခန်း ပေါင်း ၆ဝကျော်က အငှားဆိုင်ခန်းရှင်များ သဘောတူ လက်မှတ်ထိုးကာ နေ့လည်၂နာရီတွင် စီးပွားကူးသန်းမှ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးနှင့် သွားရောက် တွေ့ဆုံလျက်ရှိကြောင်း ၎င်းတို့ ယာယီဖွဲ့စည်းထားသည့် ပြည်မြန်မာ ကုန်တိုက် ဆိုင်ခန်းများ သာယာရေးကော်မတီ အဖွဲ့ဝင်များက ရှင်းပြသည်။ ယင်းကုန်တိုက်အား AA အုပ်စုနှင့် MMRD (Myanmar Marketing Research Development) တို့က လေလံအောင် ခဲ့ကြသည်ဟု အငှားဆိုင်ရှင်များထံမှ သိရသည်။ လေလံအောင်ခဲ့သည့် AA အုပ်စုမှ ဥက္ကဌ ဦးမြတ်သင်းအောင်အား ဇွန်၂ရက် နေ့လည်ပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ 'ကျွန်တော်တို့က မသိဘူးလေ၊ အစိုးရဆီက ဝယ်တာလေ၊ လွှဲပေးတဲ့နေ့ ယူရမှာပဲလေ' ဟု ပြန်လည် ဖြေကြားသည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ ဘားလမ်းတွင် အလုပ်ခန်း ဖွင့်ထားသည့် အထက်တန်း ရှေ့နေတစ်ဦးအား ဆက်သွယ်မေးမြန်းရာ "အစိုးရဆီက ငှားရင် စာချုပ်ရှိမှာပဲ ငှားရမ်းသူအနေနဲ့ နစ်နာကြေး တောင်းခံခွင့် ရှိတယ်၊ ဒါပေမဲ့ စာချုပ်မှာ ရောင်းရင် ဖယ်ပေးရမယ် ဆိုတဲ့အချက်ပါရင် လျော်ကြေး တောင်းလို့ မရဘူး၊ နစ်နာတာတွေ တင်ပြပြီး ယာယီအစားထိုး နေရာဖြစ်ဖြစ် လုပ်ပေးဖို့ တောင်းဆိုနိုင်တယ်၊ လူမှုရေး ရှုထောင့်အရပေါ့၊ ဒါမှမဟုတ် လေလံရသွားတဲ့ ကုမ္ပဏီကိုလည်း ပြောပြပြီး ညှိနှိုင်းတောင်းဆိုပေါ့၊ ဆိုင်ခန်း အရေအတွက်ရဲ့ တဝက်ပါရင် စာတင်လို့ရပြီ၊ ကျူးကျော်တွေတောင် ဖယ်ရင် နေရာ ပြန်ပေးတာပဲလေ" ဟု ၎င်းက ဥပဒေ နည်းလမ်းနှင့်အညီ ရှင်းပြသည်။ တောင်းဆိုထားသူ တစ်ဦးဖြစ်သည့် အငှားဆိုင်ခန်းရှင် ဦးစိုးမြင့်အောင်နှင့် အခြား ဆိုင်ခန်းရှင်များက "စာချုပ်ထဲမှာ ဝန်ကြီးဌာနက ရောင်းရင်ဖြစ်ဖြစ် တစ်ခုခု လုပ်ရင်ဖြစ်ဖြစ် ဖယ်ပေးရမယ်ဆိုတဲ့ သဘောမျိုး ပါပါတယ်၊ ကျွန်တော်တို့က ဆိုင်ခန်း ဆောက်ခဲ့ရတာတွေနဲ့ အခု အလုပ်အကိုင် ပျက်ရတာမျိုး တခြား နစ်နာတာတွေအတွက် တောင်းဆိုတာပါ၊ လေလံအောင်ရင် ဖယ်ပေးရမယ် ဆိုတာတော့ သိပါတယ်" ဟု ပြောဆိုကြသည်။ ယင်း ပြည်မြန်မာ ကုန်တိုက်အဆောက်အဦးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၉၈ ခန်းနေရာများအား ၁၉၉၈ - ၉၉ မှ စတင်ငှားရမ်းထားပြီး ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လေလံတင်ခဲ့ခြင်း ဖြစ်ကြောင်း အငှားဆိုင်ခန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

sources: : the voice journal

Saturday, June 4, 2011

နောက်ဆုံးတော့လဲ သူကပိုဆိုးသေး(အင်တာနက် ဆိုင် အချို့ ပိတ်သိမ်းရန် စဉ်းစား)

news
ရန်ကုန်မြို့တော် အခြေစိုက် အင်တာနက် ကဖေး အချို့ ပိတ်သိမ်းရန် စဉ်းစား လာရကြောင်း ရန်ကုန် မြို့လယ်ရှိ အင်တာနက် ကဖေး လုပ်ငန်းအချို့ထံမှ စုံစမ်း သိရှိရသည်။
“ဂိမ်းဆိုင်သက်သက် ပြောင်းဖွင့်မယ်"ဟု ကျောက်တံတား မြို့နယ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာ ဂိမ်းဆိုင် တွဲဖက် ဖွင့်လှစ်ထားသည် အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦးက ဆိုသည်။
အဆိုပါ စည်းကမ်းချက်များကို မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခင် ထုတ်ပြန် ခဲ့ဖူးသော အချက်များကို စုပေါင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (ဆညန) နှင့် အင်တာနက် ဆိုင်များထံမှ စုံစမ်း သိရှိရ သည်။
မေလ ဒုတိယပတ် အတွင်း ဆညန ရုံး၌ PAC သက်တမ်းတိုး လာရောက် လျှောက်ထားသည့် အလုံ မြို့နယ်ရှိ အင်တာနက်ဆိုင်ရှင် အမျိုးသား တစ်ဦးက "သက်တမ်းတိုးဖို့ လာတာပါ။ PAC လိုင်စင် အ တွက်ပါ။ စည်းကမ်းချက် ၁၂ ချက်က ဒီစာရွက်နောက်မှာ ပါပါတယ်။ ဘာမှတော့ မပြောသေးပါဘူး" ဟု ပြောဆိုသည်။
အင်တာနက်ဆိုင်များသို့ လာရောက် သုံးစွဲသူများ၏ အမည်၊ မှတ်ပုံတင် နံပါတ်၊ နိုင်ငံခြားသား ဖြစ်လျှင် နိုင်ငံကူးလက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာများ ရယူထားရန် အချက် အပါအဝင် အင်တာနက်ကဖေး (PAC) များ လိုက်နာရန် စည်းကမ်းချက် ၁၂ ချက် ထပ်မံ ထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်း မရှိပါက လိုင်စင်ပိတ်သိမ်း အရေးယူသွားမည် ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက PAC များကို အသိပေး ကြေညာသွားသည်။ ယင်းမှတ်တမ်းကို တစ်လတစ်ကြိမ် ပေးပို့ရမည် ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိသော ဆော့ဖ်ဝဲများ၊ ပရိုဂရမ်များ မသုံးစွဲရန်လည်း ညွှန်ကြားထားပြီး ကွန်ပျူတာများတွင် Drive များနှင့် USB Port များ မတပ်ရန်လည်း ညွှန်ကြားထားကြောင်း PAC များသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက်စစ်ဆေးခွင့် ရှိကြောင်းလည်း အသိပေး ဖော်ပြထားသည်။
Drive များကို မူလကတည်းကပင် တပ်ဆင်ထားခြင်း မရှိဘဲ စီဒီခုတ်ချင်ပါက Server Computer ဖြင့်ပင် ခုတ်ပေးကြောင်း၊ သို့သော် မှတ်ပုံတင် နံပါတ်နှင့် လူနာမည် ရယူထားရန် အခက်အခဲ ရှိကြောင်း ယုဇနဥယျာဉ် မြို့တော်တွင် ဖွင့်လှစ်ထားသည့် အင်တာနက်ကဖေး လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ဒီအတိုင်းဆို လူ ဘယ် ဝင်ပါတော့မလဲ”ဟု ၎င်းက ဆိုသည်။ IT ကုမ္ပဏီ တစ်ခု၏ အသက် ၃၀ ကျော် အမျိုးသား ဒါရိုက်တာ တစ်ဦးကလည်း “တချို့က အွန်လိုင်းကနေ လူကုန်ကူးတာ မျိုးတွေရှိလို့ ပိတ်ချင် တာ ဖြစ်မှာပါ” ဟု သုံးသပ်၍ ပြောကြား သည်။
ရန်ကုန် ဆညနရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးကမူ “ဥပဒေက ထုတ်ပြီးသားပဲ၊ လိုက်နာရမှာပေါ့” ဟု ဆိုသည်။ အချို့ စည်းကမ်းချက်များမှာ ခေတ်စနစ်၏ လိုအပ်ချက်နှင့် မကိုက်ညီ ပါက ပြောင်းရန် လိုအပ်ကြောင်းနှင့် အဆိုပါ PAX ဆိုင်များ ဖွင့်လှစ်ခွင့် ချပေးရသည့် ရည်ရွယ်ချက်မှာ ကွန်ပျူတာ နည်းပညာ ဖွံ့ဖြိုးရေး ဥပဒေပုဒ်မ ၃၀ ကြောင့် ဖြစ်ကြောင်း အင်တာနက် သုံးစွဲသူများက ပြောဆိုကြသည်။ အဆိုပါ စည်းကမ်းချက်များအား PAC လုပ်ငန်း လုပ်ကိုင်ခွင့် ရှိသူများကို မြန်မာအင်ဖိုတက်ခ် (MIT) တွင် လျှောက်ထားရာမှ ယခုနှစ် သင်္ကြန်အပြီးတွင် ဆညနသို့ လွှဲပြောင်းလိုက်ပြီးနောက် ထုတ်ပြန်လာခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော်ရှိ ဆညန ရုံးထံမှ စုံစမ်း သိရှိရသည်။
ယင်းသို့ စည်းကမ်းချက် အသစ်များ ထုတ်ပြန်လိုက်ခြင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ကန့်ကွက် ထားကြောင်းလည်း Online သတင်းများအရ သိရှိရသည်။ အဆိုပါ စည်းကမ်းချက် အသစ်များ မထုတ်ပြန်မီကလည်း CCTV များ တပ်ဆင်ရန်နှင့် အင်တာနက်ဖုန်းများ မသုံးရန် ညွှန်ကြားချက်များလည်း ထုတ်ပြန်ခဲ့ သည်။ ရန်ကုန်မြို့ တော် တွင် PAC ပေါင်း ၅၀၀ ကျော် ရှိကြောင်း Myanmar Info-Tech ကော်ပိုရေးရှင်းမှ စုံစမ်း သိရှိရသည်။
sources: :http://www.yoyarlay.com/localnews/local-news/lower-myanmar/7791-2011-06-03-08-58-49

Friday, June 3, 2011

ပြည်နယ်ဝန်ကြီး တချို့ အလုပ် လက်ကိုင်မရှိ ဖြစ်နေ

ချင်းပြည်နယ် အစိုးရမှာ ၀န်ကြီးနေရာတွေ ရရှိထားကြတဲ့ ချင်းပါတီ (၂) ခုက ၀န်ကြီးတွေဟာ ဌာန အလုပ် လုပ်ကိုင်ခွင့် မရသေးသလို တချို့ဟာ တာဝန်ယူရတဲ့ ဌာနဆိုင်ရာတွေနဲ့ မသက်ဆိုင်တဲ့ ဌာနတွေ ထည့်သွင်းထားတယ်လို့  သိရပါတယ်။

(RFA Map)
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
ချင်းအမျိုးသားပါတီ CNP က ရွေးချယ်ခံရတဲ့ ပူးရာမာန် ကို စီးပွားရေး ၀န်ကြီးအဖြစ် တာဝန်ပေးထားပေမဲ့ သူရဲ့ဌာနအောက်မှာ ဘာမှ မသက်ဆိုင်တဲ့ အား ၊ကာ ခေါ် အားကစားဌာန ကို ထားရှိထားတယ်လို့  RFA ကိုပြောပါတယ်။ " အော်၊ စီးပွါးရေးပါ။ အဲဒီအောက်မှာတော့ သမ၀ါယမရယ်၊ အားကာရယ်၊ အားကစားတွေပါဘဲ၊ ဘာမှ မရှိပါဘူး။ ချင်းပြည်နယ်မှာတော့ မရှိပါဘူး။ ကျနော်တို့က အခု လေ့လာတုန်း အဆင့်မှာဘဲ ရှိပါတယ်။ ချင်းပြည်နယ်က စီးပွါးရေးလုပ်ငန်းပိုင်းဆိုရင် နဲနဲ အားနဲတယ်လေ။" ဒါ့အပြင် ချင်းပြည်နယ် အစိုးရမှာ နောက်ထပ် ချင်းပါတီတခု ဖြစ်တဲ့ CPP ခေါ် ချင်းတိုင်းရင်းသား တိုးတက်ရေးပါတီကနေ ရွေးချယ်ခံရတဲ့ ပူကျော်ငြိမ်း က သူအနေနဲ့  ဌာနလေးခု တာဝန်ယူရတဲ့ ၀န်ကြီး ဖြစ်ပေမဲ့ အဲဒီ ၀န်ကြီးဌာနတွေကို အခုအထိ ဗဟိုအစိုးရက ချုပ်ကိုင်ထားတယ်လို့  RFA ကိုပြောပါတယ်။ "စွမ်းအင်ရယ်၊ လျှပ်စစ်ရယ်၊ သတ္တုရယ်၊ သစ်တောရယ်ပါ။ ဒီမှာ ချင်းမှာကျတော့ စွမ်းအင်နဲ့ သတ္တုက မရှိဘူး။ အဓိကက လျှပ်စစ်နဲ့ သစ်တောဘဲ ရှိတာကိုး။ ပြည်ထောင်စုအစိုးရက အခု ကျတော်တို့ လောလောဆယ် ၆ လ တာဝန်ယူထားတယ်လေ။ ၆ လပြီးရင် ပြည်နယ်အစိုးရကို အပြီးအပိုင်ပေးမယ်လို့ ပြောထားတာ။ အခုလောလောဆယ်မှာ ရံပုံငွေတွေ ဘာတွေ ချမပေးသေးဘူး။ ပြည်ထောင်စုဘဲ ကိုင်ထားသေးတယ်။ အဲဒါကတော့ ဘယ်လိုမှ ကျတော်တို့ ဘာမှ ပြောလို့မရသေးဘူးလေ။" ချင်းပြည်နယ်မှာ အဲဒီ ချင်းပါတီ ၂-ခုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ် အင်အား အများဆုံး ရရှိပေမဲ့ ကြံခိုင်ရေးပါတီ က ၂၅-ရာခိုင်နှူန်း တပ်မတော် ခွဲတန်းနဲ့  ပေါင်းပြီး အစိုးရဖွဲ့ ခဲ့တာ ဖြစ်ပါတယ်။
sources: :www.rfa.org