ကော်ဖီမှုန့်တွေ စိတ်တိုင်းမကျ ဖြစ်နေခိုက်မှာ ပြင်ဦးလွင်က လူကြုံနဲ့ လက်ဆောင်ပါးလိုက်တဲ့ အိမ်လုပ် ကော်ဖီမှုန့်စစ်စစ် ရောက်လာလို့ ၀မ်းသာသွားရတယ်။ ခေတ်ပေါ် အသင့်ဖျော် ကော်ဖီထုပ်တွေ မကြိုက်တဲ့အတွက် ချက်ချင်း စက်နဲ့ကြိတ်ပေးတယ်ဆိုတဲ့ ကော်ဖီမှုန့်ကိုပဲ ၀ယ်သောက်မြဲ ဖြစ်တယ်။ ဘာမှုန့်တွေ ရောမှန်းမသိ ရှေးနှစ်ပေါင်းများစွာ ကတည်းက ၀ယ်သုံးလာခဲ့တာ အဆင်ပြေနေပေမယ့် အခုနောက်ပိုင်းကျတော့ သိပ်ပြီး မဟုတ်ချင်တော့ဘူး။ ဟိုဟာဒီဟာတွေ ရောနှောလာကြတယ်။ ကော်ဖီသောက်လို့ ကုန်ခါနီးရင် ခွက်ထဲမှာ ကော်ဖီနှစ်တွေ အနယ်ထိုင်နေ တာ တွေ့ရတယ်။ ကော်ဖီမှုန့်စစ်စစ်က ဒီလို အနယ်မထိုင်ပါဘူး။ ဘာမှုန့်တွေ ရောထားမှန်းမှ မသိတာ။ ဦးကြီး ရွှေဥဒေါင်းရဲ့အမျိုးမို့လား မသိဘူး အစားအသောက်နဲ့ ပတ်သက်ရင် နည်းနည်း ဇီဇာကြောင်တတ်တာကြောင့် ရှေးခေတ်ကတည်းက ကော် ဖီစေ့ကို ချက်ချင်းကြိတ်ပေးတဲ့ မေမြို့ (ပြင်ဦးလွင်)က ဘီတီဘရားသား ကော်ဖီမှုန့်ကိုသာ သုံးခဲ့တယ်။ ပြည်သူ့ဆိုင်ခေတ် ရောက်သွားတော့လည်း ကိုယ်တိုင်ကြိတ်ရောင်းတဲ့ အိမ်ဆိုင်လေးတွေ တွေ့အောင်ရှာပြီး ၀ယ်သုံးခဲ့တယ်။ မသတီဘူး အခုနောက်ပိုင်း ရောက်တော့ တယ်မဟုတ်တော့ဘူး။ ဘယ်ဆိုင်ပြောင်းဝယ်ဝယ် အရောအနှောတွေ လွတ်တယ်လို့ကို မရှိတော့ဘူး။ နိုင်ငံခြား ကော်ဖီမှုန့်တွေ ဒီခေတ်မှာ ပေါပေမယ့် မကြိုက်ဘူး။ လတ်လတ်ဆတ်ဆတ် ကော်ဖီစေ့ကို လှော်ပြီး ကြိတ် ထားတဲ့ ကော်ဖီမှုန့်ကို စွဲခဲ့တဲ့လျှာက တခြားကော်ဖီတွေကို အရသာသိပ်မတွေ့ဘူး။ လူအတုဖန်တီးဖို့ ဘာတတ်နိုင်မှာလဲ။ ရှိတာကိုပဲ 'ရသေ့စိတ်ဖြေ' သဘောထားပြီး သောက်နေရတယ်။ ဒီခေတ်မှာ အစစ်ဆိုတာက အရှားသား မဟုတ်လား။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် အတုတွေချည်းပဲ။ သကြားတုတို့၊ အသားတုတို့ဆိုတာလောက်ကို စာဖွဲ့မနေနဲ့ လူကိုတောင် ပုံတူပွားပြီး လူတုဖန်တီးဖို့ ကြံဆောင်နေကြတဲ့ ခေတ်လေ။ ပန်းသီးဆိုပြီး စားကြည့်လိုက်။ အရသာက ပန်းသီးအရသာလိုလို၊ သစ်တော်သီး အရသာလိုလိုနဲ့ ဘာသီးလို့ ခေါ်ရမှန်း မသိဘူး။ သစ်တော်သီးတု ပန်းသီးလား၊ ပန်းသီးတု သစ်တော်သီးလား။ အလားတူပဲ ဇီးသီး(ဆီးသီး)ဆိုပြီး စားလိုက်တာ စိမ်းစားဥ စားရသလို ဖြစ်နေတယ်။ သစ္စာပန်း အနီဆိုပြီး ပန်းအိုးထိုးလိုက်တာ ရေတွေပါအနီ ဖြစ်ကုန်တော့မှ ဆေးဆိုးထားတဲ့ အနီတုကြီးမှန်း သိရတယ်။
ငတေမာပြီးရောစိတ်ဓာတ် အတုတွေထဲမှာ အဆိုးဆုံးကတော့ အစားအစာနဲ့ ဆေးဝါးတုတွေပဲ။ အရောင်လှအောင် ချည်ဆိုးဆေးတွေ သုံးတဲ့သူက သုံးကြတယ်။ကလေးတွေတိုက်တဲ့ နို့မှုန့်ထဲကို မယ်လမင်းတွေ ရောထည့်ကြသတဲ့။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ လူယုတ်မာစိတ်ဓာတ်တွေ တစ်နေ့တခြား ကြီးထွားသထက် ကြီးထွားလာနေကြတယ်။ တိုင်းရင်းဆေး တံဆိပ်ကပ်ပြီးရောင်းတဲ့ ဆေးတွေထဲမှာ အင်္ဂလိပ်ဆေးတွေရောပြီး ထည့်ထားကြောင်း သက်ဆိုင်ရာက ကြေညာတာတွေ လည်း မကြာခဏ ဖတ်နေရတယ်။ နယ်စပ်တွေက၀င် မြန်မာနိုင်ငံမှာ စစ်ဆေးခံပြီး မှတ်ပုံတင်မထားတဲ့ နိုင်ငံခြား ဆေးဝါးများကိုလည်း ဆိုင်ရာက ခဏခဏ ကြေညာပေးနေရတယ်။ အားလုံးလိုလိုဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေက တရားမ၀င် လမ်းကြောင်းက ၀င်ရောက်လာတာတွေ ဖြစ်တယ်။ အဲဒီ အိမ်နီးချင်းနိုင်ငံတွေဟာ ဆေးဝါးအတု ထုတ်လုပ်ရောင်းချတဲ့နေရာမှာ ကမ္ဘာ့အကြီးဆုံး စာရင်းဝင်နိုင်ငံတွေ ဖြစ်ကြတယ်။ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေရတာ အင်မတန် ကံဆိုးတယ်လို့တောင် ပြောရမလို ပါပဲ။ အစားအစာအတုနဲ့ ဆေးဝါးအတု လုပ်တာဟာ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ထိထိရောက်ရောက် တားဆီးကာကွယ်ဖို့ လိုပါတယ်။ လူထုကိုယ်တိုင်ပါမှ ဒီကိစ္စမျိုးဟာ အစိုးရတွေချည်း လုပ်လို့မအောင်မြင်နိုင်ပါဘူး။ ပြည်သူလူထုကိုယ်တိုင် ပါဝင်တဲ့ စားသုံးသူ ကာကွယ်ရေး(Consumer Protection) အဖွဲ့အစည်းတွေ ဖွဲ့စည်းဆောင်ရွက်ဖို့ လိုပါတယ်။ မြို့တိုင်းရွာတိုင်း လိုလိုမှာ ဒီလို အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး မသမာတဲ့ စီးပွားရေးသမားတွေကို ဖော်ထုတ်ရပါမယ်။ အစိုးရတွေက ထိရောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းသတ်မှတ်ပြီး ပြည်သူလူထုက ဖော်ထုတ်တိုင်တမ်းတဲ့ ကိစ္စရပ်တွေကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရပါ မယ်။ ပြည်သူလူထုကိုယ်တိုင် ပါဝင် ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ မပါဘဲနဲ့ ဘယ်နည်းနဲ့မှ အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အတုယူစရာ ဂျာမနီနိုင်ငံမှာ Green Party စတင် ပေါ်ပေါက်လာမှုနဲ့ အမေရိကန် နိုင်ငံမှာ စားသုံးသူကာကွယ်ရေး လှုပ်ရှားမှု စတင် ပေါ်ပေါက်လာမှုများကို အတုယူသင့်ကြတယ်။ ၆၀ ခုနှစ်များ အတွင်းက ဂျာမနီနိုင်ငံမှာ အဏုမြူလက်နက် ဆန့်ကျင်ရေး လူငယ်တစ်စုက စတင်ပြီး သူတို့နိုင်ငံမြေပေါ်မှာ အဏုမြူလက်နက်တွေ ထားရှိတာကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှု စတင် လုပ်ဆောင်ခဲ့ကြတယ်။ အစက ပါတီရယ်လို့ မထောင်ပါဘူး။ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ခု အဖြစ်သာ လုပ်ခဲ့ကြတာပါ။ နောက်တော့ ဂျာမနီက မြို့ကြီးတွေမှာပါ ဆန့်ကျင် ကန့်ကွက်မှုတွေ ပေါ်ပေါက်လာခဲ့တယ်။ တဖြည်းဖြည်း အင်အားကြီးမားလာတဲ့အခါကျမှ ပါတီအဖြစ် တည်ထောင်ခဲ့ကြတာ ဖြစ်တယ်။ ဂရင်းပါတီ ပါတီရယ်လို့ ထောင်ခဲ့ပေမယ့် သမားရိုးကျ နိုင်ငံရေးလုပ်ငန်းတွေ မလုပ်သေးပါဘူး။ ပင်မရေစီး နိုင်ငံရေးပါတီများ လုပ်ရကောင်းမှန်း မသိတဲ့ အဏုမြူလက်နက် ဆန့်ကျင်ရေး လုပ်ငန်းတွေကို ဇောက်ချလုပ်ပါတယ်။ ဂျာမနီကနေပြီး တခြား ဥရောပနိုင်ငံ များကို ပြန့်ပွားသွားတော့ အင်အား တော်တော်ကြီးမားသွားပါတယ်။ အဲဒီအခါကျတော့ အဏုမြူလက်နက် တင်ဆောင်ထားတဲ့ စစ်သင်္ဘောကြီးတွေ နိုင်ငံတစ်ခုခုကို ဆိုက်ကပ်မယ်ဆိုရင် ၀င်လို့မရအောင် 'ဂရင်းပါတီ' အလံလွှင့်ထူထားတဲ့ သင်္ဘောလေးတွေနဲ့ ပိတ်ဆို့တားဆီး ကန့်ကွက်ကြပါတယ်။ အဲဒီကတစ်ဆင့်တက်တော့ အဏုမြူလက်နက် စက်ရုံတွေနဲ့ စစ်စခန်းတွေကိုဝိုင်းပြီး ဆန္ဒပြ ကန့်ကွက်တာတွေ လုပ်ပါတယ်။နောက်ပိုင်းကျတော့ အဏုမြူလက်နက် ဆန့်ကျင်ရေးသာမက ဝေလငါးဖမ်းဆီးရေးကို တားဆီးကန့်ကွက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အထိ တိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်။ စားသုံးသူကာကွယ်ရေး ဒီကနေ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန် ကြီးကြီးမားမားနဲ့ လုပ်ဆောင်လာခဲ့ကြတာဟာ အစိုးရတွေက စတင် လုပ်ဆောင်ခဲ့ကြတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂကြီးက စခဲ့တာလည်း မဟုတ်ပါဘူး။ ဂရင်းပါတီ ဆိုတဲ့ လူငယ်လေးတွေက စတင်လိုက်တဲ့ လှုပ်ရှားမှုက မွေးဖွားပေးလိုက်တာ ဖြစ်ပါတယ်။ စားသုံးသူကာကွယ်ရေးဆိုတဲ့ စကားကလည်း ၁၉၆၀ ပြည့်နှစ် မတိုင်ခင်နှစ်များက ပြောတဲ့သူ မရှိပါဘူး။ ၁၉၆၀ ပြည့်နှစ်များ အတွင်းရောက်မှ အမေရိကန်နိုင်ငံ မှာစပြီး ကျယ်ကျယ်လောင်လောင် ကြားလာရတာ ဖြစ်တယ်။ Ralph Nader ဆိုတဲ့ ရှေ့နေတစ်ယောက်က စားသုံးသူဘက်ကနေပြီး ကုမ္ပဏီတွေကို တရားစွဲဆိုတာ အစိုးရဌာနဆိုင်ရာများကို တရားစွဲတာတွေ လုပ်ပေးပါတယ်။ တဖြည်းဖြည်း သူနာမည်ရလာတော့ စားသုံးသူ ကာကွယ်ရေး အဖွဲ့ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ပါတယ်။ နောက်တော့ အင်အားကြီးမားသထက် ကြီးမားလာပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အဖွဲ့အစည်းကြီးတစ်ရပ် ဖြစ်သွားပါတယ်။ သမ္မတ၀င်အရွေးခံခဲ့ ရပ်ဖ်နဒါရဲ့ အဖွဲ့အစည်း ဘယ်ထိ အင်အားကြီးမားလာခဲ့သလဲ ဆိုရင် လွှတ်တော်က စားသုံးသူကာကွယ်ရေး ဥပဒေအမျိုးမျိုး ပြဋ္ဌာန်းပေးတဲ့အထိ ဖြစ်လာပါတယ်။ ရဖ်နဒါကိုလည်း လွှတ်တော်က ခေါ်ယူပြီး တင်ပြဆွေးနွေးစေပါတယ်။ သမ္မတအိမ်တော်က ဆောင်ရွက်တဲ့ စားသုံးသူ ကိစ္စများမှာလည်း ရပ်ဖ်နဒါကို ခေါ်ယူတိုင်ပင်ပါတယ်။ နောက်ဆုံးကျတော့ နဒါဟာ သမ္မတ ရွေးကောက်ပွဲတိုင်းမှာ တစ်သီးပုဂ္ဂလအဖြစ် မနိုင်မှန်း သိပေမယ့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ စားသုံး သူကာကွယ်ရေး ကိစ္စကို အစိုးရ အဆက်အဆက် အလေးထားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ နှိုးဆော် အမေရိကန်က စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းတွေနဲ့ ဂရင်းပါတီ လှုပ်ရှားမှုတွေရဲ့ ကျေးဇူးကြောင့် ဒီနေ့ ကမ္ဘာတစ်ခုလုံးမှာ စီးပွားရေးသမားတွေရဲ့ မသမာမှုမျိုးစုံကို တားဆီးကာကွယ်တဲ့ ဥပဒေတွေ အများအပြား ပေါ်ပေါက်လာခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ အရှိန်အဟုန်ကြီးကြီးမားမား ပေါ်ထွက်လာခဲ့ရတာ ဖြစ်တယ်။ အဲဒီနှစ်ခုစလုံးဟာ အစိုးရတွေက လုပ်ရကောင်းမှန်းသိလို့ စလုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ပြည်သူလူထု တစ်ရပ်လုံးပါဝင်တဲ့ လှုပ်ရှားမှုတွေကြောင့် ပေါ်ထွက်လာခဲ့ရတာ ဖြစ်တယ်။ အဲဒါကြောင့် အစားအစာတု၊ ဆေးဝါးတုတွေ ကာကွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိစ္စများကို ပြည်သူတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း နှိုးဆော်လိုက်ရပါတယ်။ Written by လူထုစိန်ဝင်း |
Monday, February 28, 2011
အစာတု၊ ဆေးတုများရဲ့ အန္တရာယ်
Subscribe to:
Posts (Atom)