Wednesday, November 24, 2010

ပြည်သူတွေ လုပ်ရဲကိုင်ရဲ ရှိလာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူတွေဟာ အရင်က နဲ့မတူဘဲ နိုင်ငံရေး ကိစ္စတွေမှာ လုပ်ရဲကိုင်ရဲ ရှိလာတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပါတီ ရပ်တည်ခွင့် တရားဝင်လာအောင် ဆက်လက် ကြိုးပမ်းသွားမယ့် အကြောင်း၊ ပြည်သူ အများရဲ့ ထောက်ခံမှု ရလာအောင် ဆက်လက် ကြိုးပမ်းရမှာ ဖြစ်သလို တဖက်မှာ အရင် နေအိမ် အကျယ်ချုပ် လွတ်မြောက်စဉ် တွေတုန်းကလို မတူဘဲ လူငယ်တွေ အများကြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်တရက် နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်း ပြောဆိုနေစဉ်။ ဓါတ်ပုံ - RFA
NLD ပါတီ ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး ပါတီ အထွေထွေ အတွင်းရေးမှူးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို တရားစွဲဆို အမှုဖွင့်ခဲ့ရာမှာ အမူကို ဗဟို တရားရုံးချုပ်က လက်ခံကြားနာခဲ့ပေမဲ့ ဆက်လက် ကြားနာဖို့ကို မနေ့က ပယ်ချခဲ့ပါတယ်။

ရင်းမြစ်။ ။ RFA

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သားငယ် ကိုထိန်လင်း(ခ)ကင်မ်အဲရစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာ


ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
   မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၃ ရက် နေ့ နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။  
    ကိုထိန်လင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့သည်။ သားအမိနှစ်ဦး ယခုတွေ့ဆုံမှုမှာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလက နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။
    အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ကိုထိန်လင်း (ခ) ကင်မ်အဲ ရစ်သည် ဒေါ်အောင်ဆန်းစုကြည် ၏သားနှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
   ၎င်းသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့် နှစ်ပတ်ရရှိခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။
   သားကြီးဖြစ်သူ ကိုမြင့်ဆန်းအောင် (ခ) အလက်ဇန်းဒါးအဲရစ် အသက်(၃၈)နှစ်မှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။    
   သားငယ် မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အရမ်းဝမ်းသာမိကြောင်း သတင်းထောက်များ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြောကြားခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။
  ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီး ၁၀ ရက်အကြာတွင် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်နှင့် ယခုကဲ့သို့ ပြန်လည်တွေ့ ဆုံခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

www.first-11.com