Wednesday, May 26, 2010

နအဖခေါင်းဆောင်ကို သရော်သူ ကဗျာဆရာ လွတ်မြောက်

 ချင်းမိုင် (မဇ္ဈိမ) ။      ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာရူးကြီးဟု သရော်သဖြင့် ထောင်ဒဏ် ၂ နှစ် ချခံခဲ့ရသော လူ့အခွင့်အရေးဆုရှင် ကဗျာဆရာ စောဝေ ယနေ့ လွတ်မြောက်လာပြီဟု သူ၏ ဇနီးဖြစ်သူက ပြောသည်။

ဦးစောဝေ (၅ဝ နှစ်) ၏  “ဖေဖော်ဝါရီ ဆယ့်လေး” ဟူသော ကဗျာတွင် ထိပ်စီးစာလုံးများကို အစဉ်လိုက် ဖတ်ပါက ̓အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ်ထွက်သဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ကျခဲ့ပြီး မန္တလေးတိုင်း ရမည်းသင်းထောင်မှ လွတ်လာခြင်း ဖြစ်သည်။

“ဒီမနက် ၉ နာရီခွဲလောက်မှာ ရမည်းသင်းကနေ လွှတ်ပြီလို့ သူ ဖုန်းဆက်လာတယ်” ဟု ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးက မဇ္ဈိမကို ပြောသည်။

အကျဉ်းဦးစီးဌာနက ဦးစောဝေကို နေပြည်တော်သို့ ပို့ဆောင်ပေးခဲ့ပြီး ယခုအခါ နေပြည်တော်မှ ကားဖြင့် ပြန်လာနေရာ ယနေ့ည သန်းခေါင်ခန့်တွင် ရန်ကုန်နေအိမ်သို့ ရောက်ရှိမည်ဖြစ်သည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ဖိနှိပ်ချုပ်ချယ်မှုများကြားမှ မိမိ၏ အမြင်ကို ရဲဝံ့စွာ ရေးသားထုတ်ဖော်နိုင်သူ ဦးစောဝေကို ၂ဝဝ၉ ခုနှစ်တွင် Hellman/Mammett Award ဆု ချီးမြှင့်ခဲ့သည်။

ကဗျာကို ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်တွင် ထည့်သွင်းဖော်ပြရာ စာပေစိစစ်ရေးက မတွေ့မြင်လိုက်ဘဲရှိကာ ဟိုးလေးတကျော် ဖြစ်သွားပြီး ရဲက ဖမ်းဆီးခဲ့သည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

ပျောက်ကွယ်တော့မည့်မြန်မာပြည်

အရှေ့ တောင်အာရှရဲ့စပါးကျီ
ဒါ …
တခေတ်တခါဆီက
သားတို့မြန်မာပြည်လား
ကလေးတွေအကုန်လုံး
ငါ့ကို တချိန်လုံးမေးကြတယ်။

မဟုတ်လို့မဆို
ဒါတွေအားလုံးပြိုလို့
အခုဆိုယိုင်လဲ
ငါတို့ပြိုင်လဲ
အထောက်အကန်မရ
ပျောက်ကွယ်ရတော့မယ့်မြန်မာပြည်ပါကွယ်။

သန်းငါးဆယ်သောမြန်မာပြည်
မှန်းရမခက်သောအချိန်အခါဆီမှာ
ဘယ်ရောက်ဘယ်မှောက်
အလိုလို သမိုင်းပျောက်တော့မယ်။

ရဟန်းကိုသတ်
မိစ္ဆာာကိုဖက်လို့
သာသနာချွတ်ယွင်း
ကမ္ဘာမှာ ကျွန်တွင်းဆင်းရတယ်။

စာသင်ကျောင်းသား
ဝေဒနာများလို့
လွယ်အိတ်ကိုစွန့်
နှုတ်ကို တွန်ခဲ့ ရတော့တယ်။

စစ်သည်ငါးသိန်း
အခုသာထိန်းနိုင်ပေမယ့်
နောင်လာမယ့်ဆယ်နှစ်
အခွံကြီးသာကျန်ရစ်
မျိုးဆက်အသစ်တခု
မင်းတို့မပြုစုနိုင်
တရားမှ မခိုင်ပဲကွယ်။

ကျေးလက်ဒေသအပျိုမ
လူလိုဘဝဖြစ်ဖို့
အမိမြေကိုစွန့်
အသိတွေကိုအဖော်ပြုလို့
မျိုးဆက်ကိုရှာ
အဲဒါ
သူများ မြေမှာလေ။

နိုင်ငံ့ခွန်အား
တို့လုပ်သားလည်း
ထမင်းမဝ
ခါးမလှ
ကုန်ထုတ်စွမ်းအား ကျခဲ့ပြီ။

သမိုင်းကိုသိ
အမှားအမှန်ကိုမိတဲ့
တို့ရဲ့ဘိုးဘွား
သူတို့အားလည်း
အကုန်လုံးပျက်သုဉ်း
ဒီခေတ်မှာ ဆုံးခဲ့ပြီ။

အလင်းတန်ဆောင်
ကလောင်ကိုင်များလည်း
ဟိုဒီဖိနှိပ်
ဒီလိုအမိန့်နဲ့
ညာဏ်ရိပ် တိုးတိတ်ခဲ့ရပြီ။

တို့ရဲ့ထမင်းရှင်၊ ကျေးလက်သခင်
ဦးကြီးတို့လဲ
မိုးခေါင်ရေပြောင်၊ ခေတ်အမှောင်ကျ
ဒီလိုဘဝထဲ
သားသမီးတွေ ခွဲသွားကြပြီ။

ဘွဲ့ရပညာတတ်
စာတကယ်မှတ်သလား
ကမ္ဘာမှာ သူများမေးကြပြီ။

တိုင်းစွန့်ပြည်စွန့်
ဒီလူညွှန့်တွေ
ဘယ်အခါပြန်မတုန်း
ငါတချိန်လုံးစဉ်းစားတယ်။

“ထိုင်းမှာကလေးမွေး
သူတို့အခွင့်အရေး
ဘာတွေပေးသလဲ”
ငါ့ကိုမေးနေကျ
ဘယ်လိုဖြေရပါ့။

“တောင်ပေါ်သားလက်မှတ်
အမောင်ဆောင်ထားတသက်
ဒါ …
နောင်အတွက်စိတ်အေး
မောင်တို့ရင်သွေးအတွက်လည်းပါတယ်” တဲ့။

“ကျနော်တို့တရွာလုံး
ဒီကိုအကုန်လုံးပြောင်းလာတာ
အော် … နှစ်များစွာကြာပေါ့” တဲ့။

“မြန်မာပြည်ဆိုတာ
ဖေဖေတို့ နေခဲ့တဲ့အိမ်
သမီး အိပ်တောင်မမက်
ဒီတသက် …” တဲ့။

“ရွာကိုပြန်သွားတော့
အမေတို့ကိုသနားမိပေါ့
ဒါပေမယ့် …
ဒီမှာပဲ ခေါင်းချ
ဘဝက ပြောင်းမှမရပဲ” တဲ့။

“ဒုက္ခသည်ခံယူကြ
တချိန်ချိန်ကြ
ဘဝဟာလှပ
ကွယ် …
နှစ်များစွာကြာပလေ့စေဟယ်” တဲ့။

ဒီလိုနဲ့ …
လူသားမျိုးဆက်ပျက်တုံး
အဲဒီလို …
ခေတ်အဆိုးဆုံးမှာ
ကလေးတွေ အမေး
ငါ အမြဲ ရင်လေးနေရတယ်
တခါတခါလဲ ဘဝအေး သေသွားတယ်။

အရှေ့ တောင်အာရှရဲ့စပါးကျီ
ဒါ  …
တခေတ် တခါဆီက
သားတို့မြန်မာပြည်လား
ကလေးတွေအကုန်လုံး
ငါ့ကို တချိန်လုံး မေးကြတယ်။

မဟုတ်လို့ မဆို
ဒါတွေ အားလုံးပြိုလို့
အခုဆိုယိုင်လဲ
ငါတို့ ပြိုင်လဲ
အထောက်အကန်မရ
ပျောက်ကွယ်ရတော့မယ့်မြန်မာပြည်ပါကွယ်။

၀၀း၃၀ နာရီ (မေ ၅။ ၂၀၁၀)
သက်ခိုင်
ရင်းမြစ်။ ။မိုးမခ

Sunday, May 23, 2010

မိသားစု

အဆင်မပြေမှုက ဝင်ရိုးစွန်းချင်းတူကြတယ်
လက်တွေ့ ဘဝမှာ ဟာသမရှိဘူး
ထမင်းကိုစားရတာ
ဟာမိုနီမဖြစ်တဲ့ သီချင်းလို လည်ပင်းမှာ တစ်̗ လို့ 
နေ့လည်စာ ပြီးပေမယ့်
ညစာဆိုတာ မမျှော်လင့်ရဲတဲ့ အိပ်မက်ပေါ့
လူမှုဆက်ဆံရေးတွေမှာ
အိပ်ကပ်လေး ကျန်းမာရေးချို့တဲ့နေခဲ့တာ ကြာပြီ
ကျွန်တော်တို့မှာ အပမ်းဖြေဖို့ ရုပ်ရှင်ရုံမရှိဘူး
အပျင်းပြေလျှောက်လည်ဖို့ ခေတ်မီပန်းခြံ မရှိဘူး
နေထိုင်မကောင်းဖြစ်ဖို့ အားလပ်ချိန်မရှိဘူး
မိသားစုဆိုတာ
အကုန်တက် အကုန်ဆင်း
ကစားနေရတဲ့ ဘောလုံး အသင်းတစ်သင်း။ ။

ညီခ(လမ်းမတော်)
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၀၆၊ ဧပြီ

မြန်မာအမျိုးသမီးများ နိုင်ငံခြားသားနှင့် လက်မထပ်ရ

မြန်မာအမျိုးသမီးများကို နိုင်ငံခြားသားနှင့် လက်ထပ်ထိမ်းမြားခွင့် မပေးရန် တရားရေး ဝန်ထမ်းများအား အာဏာပိုင်များက ညွှန်ကြား ထားသောကြောင့် မြန်မာ အမျိုးသမီးတချို့မှာ နိုင်ငံခြားသားများ၏ အငယ်အနှောင်း၊ တရားမ၀င်ဘ၀ဖြင့် အသိအမှတ် အပြု မခံရသည့် အခြေအနေများ ဖြစ်လာနေကြောင်း သိရသည်။

“တဖက်က လူကုန်ကူးတဲ့ ပုံစံမျိုးတွေနဲ့ အရှုပ်အရှင်းတွေဖြစ်လာမှာကို တားဆီးကြောက်ကန်ကန်ပြီး လုပ်ပေမယ့်လည်း တကယ် နှစ်သက်လို့ မှန်မှန်ကန်ကန်နဲ့ တရားဝင် လက်ထပ်ပေါင်းသင်းမှာကို ဆောင်ရွက်မပေးဘူးဆိုရင် သူတို့ရဲ့ အခွင့်အရေးကို တားဆီး ကန့်သတ် ပိတ်ပင်ရာကျပါမယ်”ဟု ဥပဒေ အတိုင်ပင်ခံ တဦးဖြစ်သူ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

အဆိုပါ ကိစ္စရပ်မှာ တရားမျှတမှု မရှိကြောင်းလည်း ၎င်းက သုံးသပ်သည်။

ယခင်က နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ လက်ထပ်မည်ဆိုလျှင် ပထမဦးစွာ တိုင်းတရားရုံးသို့သွားရောက်၍ မှတ်ပုံတင် ရပြီး ၂၁ ရက် ကြိုတင် အသိပေးကာ ၎င်း ၂၁ ရက်အတွင်း ကန့်ကွက်သူ မရှိလျှင် တရားရုံးက လက်ထပ်ပေးသည့် ဥပဒေ ရှိခဲ့ ကြောင်း ဦးအောင်သိန်းက ဆိုသည်။

“အဲဒီ ဥပဒေကိုတော့ အခုထက်ထိ မပယ်ဖျက်သေးဘူး၊ ဥပဒေအရ တားမြစ်ထားတာလည်း မရှိသေးဘူး၊ ဒါပေမယ့် ညွှန်ကြားချက် နဲ့ ရပ်ဆိုင်းထားတယ်၊ တားထားတယ်ဆိုပြီး လက်ထပ်ခွင့်မပေးဘူး”ဟု သူကပြောသည်။

ယင်းကဲ့သို့ ညွှန်ကြားချက်ဖြင့် ရပ်ဆိုင်းထားသည်မှာ လွန်ခဲ့သော ၅ နှစ်ဝန်းကျင် ကာလများက စတင်ခဲ့သည်ဟုလည်း သူကဆို သည်။

လွန်ခဲ့သော ၅ နှစ်ဝန်းကျင်က မြန်မာအမျိုးသမီးငယ် တဦးအား မိဘများက နိုင်ငံခြားသားတဦးဖြင့် အတင်းအကျပ် လက်ထပ်ပေး ခဲ့သည့်အတွက် အဆိုပါ အမျိုးသမီးငယ်မှာ ၎င်း၏ ချစ်သူဖြင့် ထွက်ပြေး၍ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သဖြင့် ယင်း ညွှန်ကြားချက် ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေတဦးဖြစ်သူ ဦးကျော်ဟိုးက ပြောပြသည်။

“အဲဒီတုန်းက ဥပဒေ အရာရှိတယောက်က လက်ထပ်ပေးလိုက်တာ၊ အဲဒီကတည်းက နိုတြီလုပ်တဲ့ ရှေ့နေကအစ၊ ဥပဒေ အရာရှိ အကုန်လုံး နိုင်ငံခြားသားနဲ့ လက်ထပ်တဲ့ကိစ္စကို လုံးဝ လုပ်မပေးရဘူးဆိုပြီး စာထုတ်ထားခဲ့တာ”ဟု သူက ဆက်ပြောသည်။

မြန်မာ အမျိုးသမီး၊ အမျိုးသားအချင်းချင်း လက်ထပ်ပေါင်းသင်းကြလျှင် အကောင်းဆုံးဖြစ်သော်လည်း အခြေအနေ အကြောင်း ကြောင်း ကြောင့် နိုင်ငံခြားသားနှင့် လက်ထပ်မည်ဆိုပါက ကာယကံရှင်များ၏ ဆုံးဖြတ်ချက် အခွင့်အရေးသာ ဖြစ်သင့်ကြောင်း၊ မတားကောင်းသည့် အရာဖြစ်ကြောင်း မန္တလေးမြို့တွင် နေထိုင်သည့် စာရေးဆရာ တဦးက သုံးသပ်သည်။

“လူကုန်ကူးတာမဟုတ်ဘူး ၊ မရိုးမသား မဟုတ်ဘဲ ရိုးရိုးသားသားနဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမယ်၊ နောက်ပြီး ကာယကံ ရှင် များကလည်း သဘောတူ ကြည်ဖြူကြပြီး တကယ်မြတ်မြတ်နိုးနိုးနဲ့ ပေါင်းဖက်ကြတာဆိုရင် ကန့်ကွက်ဖို့မရှိပါဘူး”ဟု အဆိုပါ စာရေးဆရာက ဆိုသည်။

ထို့အပြင် နိုင်ငံခြားသားနှင့် လက်ထပ်သည် ဆိုရာတွင်လည်း အနောက်နိုင်ငံသား၊ တရုတ်၊ အိန္ဒိယ စသဖြင့် လူမျိုး ကွဲပြားကာ လူမျိုး တမျိုးနှင့် တမျိုး မြန်မာအမျိုးသမီးများအပေါ် ထားသည့် သဘောထားချင်း မတူညီနိုင်သောကြောင့် မည်သည့် လူမျိုးအား ရည်ရွယ်၍ ထုတ်ပြန်ထားသော ဥပဒေ ဖြစ်ကြောင်း စဉ်းစားစရာဖြစ်နေသည်ဟု မန္တလေးမြို့ခံ စာရေးဆရာက ပြောသည်။

တချို့မှာ ဗမာ့ဓလေ့ထုံးစံတွင် တရားရုံးလက်ထပ်မှ တရားဝင်သည် မဆိုနိုင်သောကြောင့် ထုံးတမ်း အစဉ်အလာများအတိုင်း ဘုန်ကြီး ရဟန်းရှေ့မှောက်တွင် ဆွမ်းဖိတ်ကျွေး တရားနာယူကာ အသိအမှတ်သဘောဖြင့် လက်ထပ်ထိမ်းမြားသွားသည် များ လည်းရှိကြောင်း ရှေ့နေ ဦးအောင်သိန်းကဆိုသည်။

နိုင်ငံရပ်ခြားတွင် မွေးဖွားကြီးပြင်းရသည့် မြန်မာအမျိုးသမီးများ အနေဖြင့်လည်း အကောင်းဆုံး အိမ်ထောင်ဖက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ရန်ကုန်အခြေစိုက် မြန်မာ့အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ တာဝန်ရှိသူ အမျိုးသမီး တဦးက ပြောဆိုသည်။

“ဘယ်လူမျိုးရယ်လို့မဟုတ်ဘူး၊ ကိုယ့်အပေါ်မှာ ဘယ်လို လူစားမျိုးလဲ၊ ကိုယ့်ကို အသုံးချနေတာလား ဆိုတာကို မိန်းကလေး တယောက်အနေနဲ့ ရွေးချယ်နိုင်မယ်၊ သူ့ရဲ့ဘ၀ပေး ကုသိုလ်လည်းကောင်းမယ်ဆိုရင် သူ့အတွက်ကတော့ ဘယ်သူပဲဖြစ်ဖြစ် လက်ထပ်ယူနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်လိုက်သည်မှာ အိမ်ထောင်သက် ၁၁ နှစ်ရှိပြီဖြစ်သော ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီး တဦး ကလည်း“ကျမလည်း ဒီလို နိုင်ငံခြားသားနဲ့ လက်ထပ်ဖြစ်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး၊ ဒါပေမယ့် သူရဲ့ဖူးစာ၊ ကံတရားနဲ့လည်း ဆိုင်ပါတယ်၊ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာမျိုးမှ မဟုတ်ပါဘူး၊ ကိုယ့်အပေါ်မှာ နားလည်မှုရှိရှိနဲ့ သစ္စာရှိဖို့ အရေးကြီး ပါတယ်၊ ကိုယ့်လူမျိုးချင်း၊ ကိုယ့်ဘာသာချင်းယူပြီး အဆင်မပြေကြတာတွေလည်း အများကြီးပါပဲ”ဟု ဆိုသည်။

ထိုကဲ့သို့ ဥပဒေနှင့်အညီ လက်ထပ်ခွင့်ရရန် ကြိုးပမ်းကြရသည့် မြန်မာအမျိုးသမီးများအနေဖြင့် အခက်အခဲအများအပြားနှင့် ရင်ဆိုင် ဖြေရှင်းကြရကြောင်း၊ ထိုသို့ နိုင်ငံခြားသားများနှင့် လက်ထပ်ပြီး အိမ်ထောင်ရေး အဆင်မပြေသူများလည်း ရှိသကဲ့သို့ အမှန်တကယ် ချစ်မြတ်နိုး၍ သစ္စာရှိရှိပေါင်းသင်းကြသူများလည်း ရှိကာ မိမိ၏ ကံတရားနှင့်လည်း သက်ဆိုင်ကြောင်း ၎င်း၏ အတွေ့ အကြုံအရ ပြောပြသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာကြသည့် နိုင်ငံခြားသားများအနက် တချို့သောနိုင်ငံခြားသားများသည် မြန်မာနိုင်ငံရှိ လူပွဲစားများနှင့် ဆက်သွယ်၍ မြန်မာအမျိုးသမီးများကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင် နေကြကြောင်း ၂၀၁၀ ပြည့်နှစ် မေလ ၁၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ရေးသားထားသည်။

မြန်မာ နဲ့ အမေရိကန်

ဗမာ စစ်အစိုးရကို ဒဏ်ခတ်အရေးယူပေမယ့် မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်မလာတဲ့အတွက် ဗမာ စစ်ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံတဲ့နည်းကိုပါ အမေရိကန်အစိုးရက အသုံးပြုလာတာ (၇) လ ရှိသွားပါပြီ။ ထူးခြားမှုမရှိတဲ့အတွက် ဒဏ်ခတ်အရေးယူတဲ့ သက်တမ်းကို တနှစ်ထပ်တိုးလိုက်ပါတယ်။ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေ သက်တမ်းဟာ တနှစ်သာ ရှိတာမို့ မြန်မာပြည်မှာ အခြေအနေကောင်းလာရင် သက်တမ်းမတိုးဘဲ တားလိုက်ရုံပါ။ ဒါပေမဲ့ တိုးတက်မှုမရှိတဲ့အတွက် နှစ်စဉ်သက်တမ်း တိုးနေရတာ ဖြစ်ပါတယ်။ ပိုပြီးပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ တောင်းဆိုတဲ့ ကွန်ဂရက်လွှတ်တော်အမတ်တွေလည်း ရှိပေမယ့် အခုအချိန်အထိတော့ အကောင်အထည် မပေါ်သေးပါဘူး။

ဗမာစစ်အစိုးရကလည်း ဒီနှစ်ထဲမှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရင် သူကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြည်တွင်းပြည်ပက ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပုံရပါတယ်။ ဧပြီလ (၂၉) ရက်နေ့ထုတ် ကွန်ဂရက်လွှတ်တော် သုတေသနဌာနရဲ့  (၁၉) မျက်နှာ စာတမ်းဟာ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းကို သီးသန့်ရေးထားတဲ့ စာတမ်းဖြစ်ပါတယ်။ နိုင်ငံရေးအရ ချုပ်ကိုင်မှုတွေ လုပ်ထားပေမယ့် ဗမာစစ်အစိုးရဟာ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ပြီး ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေ မျှော်လင့်သလို ဖြစ်လာမယ်ဆိုရင် ဒဏ်ခတ်မှုကို လျှော့ပေးဖို့ အိုဘားမား အစိုးရကနဲ့ ကွန်ဂရက်လွှတ်တော် အမတ်အချို့ က တောင်းဆိုလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မတရား လုပ်ရင်တော့ ကွန်ဂရက်လွှတ်တော်ဟာ ဒဏ်ခတ်မှုကို တိုးမြှင့်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ဒ် ကမ်ဘလ် လာရောက်စဉ်က ဗမာဝန်ကြီးတွေက ပြောပါတယ်။ မြန်မာနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေတဲ့ အမေရိကန် မူဝါဒသစ်ကို ကြိုဆိုကြောင်း နှစ်နိုင်ငံ ဆက်ဆံရေးကို ရေတိုမဟုတ်ဘဲ ရေရှည်အတွက်ပါ မျှော်မှန်းစေလိုကြောင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ အမေရိကန်ရဲ့  ဒဏ်ခတ်အရေးယူမှုကြောင့် မြန်မာ-အမေရိကန် ဆက်ဆံရေး အားနည်းနေရကြောင်း နိုင်ငံခြားရေး ဝန်ကြီးဦးဥာဏ်ဝင်းနဲ့ သိပ္ပံနည်းပညာ ဝန်ကြီးဦးသောင်း တို့က ပြောပါတယ်။ မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့  စိုးရိမ်ပူပန်မှုကို မစ္စတာ ကမ်ဘလ် ပြောတဲ့အခါမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၇၁၈) နဲ့ (၁၈၇၄) ကို အပြည့်အဝ လိုက်နာမယ်လို့ အတိအလင်း ကြေညာထားပြီးဖြစ်ကြောင်း ဦးသောင်း က ပြောပြီး နိုင်ငံတော်အာဏာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ကလည်း ရှိနေသေးတယ်ဆိုတဲ့ ခြွင်းချက်ကိုပါ ထည့်ပြောသွားပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေဟာ မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူထားတာဖြစ်ပြီး လက်နက်အရောင်းအဝယ် မလုပ်ဖို့လည်း ပိတ်ပင်ထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံဖြတ်ချက် အမှတ် (၁၇၁၈) ကို ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ အားလုံး သဘောတူချက်နဲ့ ချမှတ်ခဲ့ပါတယ်။ (၂) နှစ်ကြာတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့ လျှို့ဝှက်စစ်ကော်မရှင်အဖွဲ့က ၂၀၀၈ ခုနှစ် နိုဝင်ဘာလနှောင်ပိုင်းမှာ မြောက်ကိုရီးယားကိုသွားပြီး စစ်ရေးအကူအညီ တောင်းပါတယ်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ မြောက်ကိုရီးယား လျှို့ ဝှက်စစ်ရေး ဆက်ဆံမှုကို အန္တရာယ်လို့ အမေရိကန်က ယူဆပါတယ်။

ဗမာကိုယ်စားလှယ်တက်တဲ့ အာဆီယံအဖွဲ့အစည်းအဝေးတွေကို အမေရိကန်ကိုယ်စားလှယ် တက်ပေမယ့် ဒဏ်ခတ်အရေးယူမှုကိုတော့ လျှော့မပေးပါဘူး။ အာဆီယံ အမေရိကန်ဆက်ဆံရေးမှာ ဗမာကို ဝိုင်းပယ်ထားမယ့် သဘောပါ။ အာဆီယံ အမေရိကန် အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရယူတဲ့အခါမှာ ဗမာကို ကွက်ပြီးချန်ထားဖို့ ကွန်ဂရက်လွှတ်တော်က လိုလားပါတယ်။ သဘောကတော့ ဗမာမပါဘဲ အာဆီယံ (၉) နိုင်ငံနဲ့သာ ကုန်သွယ်ရေးလုပ်ဖို့ ဖြစ်ပါတယ်။ မြန်မာနဲ့ လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ဖို့ ကုလသမဂ္ဂက ဆုံးဖြတ်တာကိုလည်း ကွန်ဂရက်လွှတ်တော်က လိုလားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး NLD နဲ့ ဆွေးနွေးဖို့ အမေရိကန် တိုက်တွန်းတာကို ဗမာစစ်အစိုးရက ဂရုမစိုက်ပါဘူး။ NLD ပါတီ မရှိတော့တာဟာ NLD ကို ထောက်ခံတဲ့ အစိုးရတွေ ဆက်လုပ်နိုင်ဖို့ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုဆိုရင် ကွန်ဂရက်လွှတ်တော်က ဘယ်လို ဆက်လက် အရေးယူနိုင်တယ်ဆိုတာကို ကွန်ဂရက် သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ မြန်မာ့အရေးမှာ အပြည်ပြည်ဆိုင်ရာ အသိုသ်အဝိုင်းမှာ သဘောထားကွဲလွဲနေသလို ကွန်ဂရက်လွှတ်တော်မှာလည်း ကွဲလွဲတဲ့ အမြင်တွေ ရှိနေတာကို အကဲခတ်ဖို့လည်း လိုတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း မြန်မာ့အခြေအနေနဲ့ ပတ်သက်တဲ့ ကြားနာမှုတွေ ကွန်ဂရက်ကော်မတီတွေမှာ ဆက်လုပ်ပြီး ထပ်မံအရေးယူဖို့ ကိစ္စကို ဆွေးနွေးနိုင်ပါတယ်။

အမေရိကန်ကို ဝင်ခွင့်ပေးဖို့ ပိတ်ပင်တားမြစ်ခံရတဲ့ စစ်အစိုးရအဖွဲ့ဝင်နဲ့ ကြံ့ခိုင်အဖွဲ့ဝင်စာရင်းကို ထုတ်ပြန်ကြေညာဖို့ နဲ့ အရေးယူခံရတဲ့ ဗမာအရာထမ်း အမည်တွေကို ဖော်ပြဖို့ အမေရိကန်အစိုးရမှာ တာဝန်ရှိပေမယ့် အခုထက်ထိ မဖော်ပြသေးတာကို ဖော်ပြဖို့ ကွန်ဂရက်လွှတ်တော်က တိုက်တွန်းနိုင်ပါတယ်။ လိုအပ်တယ်လို့ ယူဆရင် ဒဏ်ခတ်အရေးယူမှုကို တိုးမြှင့်နိုင်ပါတယ်။ ဗမာစစ်အစိုးရနဲ့ ပတ်သက်တဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေကို အရေးယူတဲ့နည်းလည်းရှိကြောင်း တင်ပြထားပါတယ်။

By ဦးအောင်ခင် + မညိုညိုလွင် စနေ, 22 မေ 2010 VOA

ထက်ထက်မိုးဦးနှင့်ဧရာဝတီအင်တာဗျူး

"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်"

    နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။
    ထက်ထက်မိုးဦးသည် ယမန်နှစ်က ဗီဒီယို သရုပ်ဆောင်  ဇူးမြတ်ထက်နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သားတဦး ဖွားမြင်ခဲ့သည်။ သို့သော်လည်း ထိုသားငယ်မှာ မီးတွင်းမှာပင် သေဆုံးခဲ့သည်။
    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင်  ရန်ကုန်မြို့အခြေစိုက် 7Day ဂျာနယ်မှ စာနယ်ဇင်းသမားတဦးက ထိုအကြောင်းအရာများကို မေးမြန်းရာ အကယ်ဒမီ ထက်ထက်မိုးဦးက ဒေါသထွက်ပြီး စာနယ်ဇင်းသမားကို ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
    ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ထက်ထက်မိုးဦးကို ယနေ့ ဆက်သွယ်ပြီး ပဋိပက္ခဖြစ်ခဲ့ပုံအား မေးမြန်းထားပါသည်။
  
မေး ။   ။ မထက်နဲ့ သတင်းထောက် တယောက်နဲ့ ဆီဒိုးနား ဟိုတယ်မှာ ပဋိပက္ခ ဖြစ်သွားတဲ့ ကိစ္စဟာ ပြည်တွင်း သတင်း လောကမှာ တော်တော်လေး ပျံ့နှံ့နေတယ်လေ။ အဲဒီအချိန်မှာ မထက်ရဲ့စိတ်ခံစားမှုက ဘယ်လိုများ ရှိနေခဲ့တာလဲဗျ။

ဖြေ ။    ။ အနုပညာသမားနဲ့ စာနယ်ဇင်းသမား ဆိုတာ ဖေးမ လက်တွဲလို့ အတူတူ လျှောက်ရတာပဲလေ။ မဖြစ်ခင်မှာ သူတို့ တင်ပေး၊  ဖြစ်လာတဲ့အခါမှာလည်း တယောက်နဲ့ တယောက် ကြည်ကြည်ဖြူဖြူနဲ့ သူတို့ လိုအပ်တဲ့ပုံတွေ ရိုက်ပေးခဲ့ကြတာပဲလေ။ ထက်ထက်   ကိုယ်ဝန် ၅ လ ခွဲမှာပေါ့ ELEVEN ဂျာနယ်က အင်တာဗျူး လှမ်းလုပ်တဲ့ အခါမှာ ထက်ထက် နေမကောင်းသေးလို့ ခဏလေး စောင့်ပါဦး ဆိုတာကို စိတ်ဆိုးသွားပြီးတော့ ရေးလိုက်တယ်ပေါ့နော်။ ရေးလိုက်တာက မြန်မာပြည်မှာ အိမ်ထောင်ဆက် များတဲ့ မင်းသမီး ဆိုပြီး ရေးလိုက်တဲ့ အခါမှာ ထက်ထက် စာပေ စိစစ်ရေးကို စာ သွားတင်လိုက်တယ်လေ။ ဒီ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပတ်သက်ပြီး မထည့်စေချင်ဘူးလို့ တင်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက်ရဲ့ကိုယ်ရေးကိုယ်တာ ပြီးခဲ့တာတွေက ပရိသတ်က သိလည်း သိကြပါတယ်။ တတိုင်းပြည်လုံးက ထက်ထက် ဘယ်လို အနေအထားမှာ ရှိလဲ ဆိုတာကို။ ဒါတွေက လိမ်ညာလို့ ရတာတွေလည်း မဟုတ်ဘူး။ ထက်ထက် ကိုယ်တိုင်လည်း ပရိသတ်ကို လိမ်ညာပြီး ဘာမှ မလုပ်ခဲ့ဖူးဘူးလေ။
    အဲဒီတော့ ELEVEN သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို စာ သုံးခါ သွားတင်တယ်။ တင်တော့ စိစစ်ရေးကလူကြီးက ပါပြီးပြီပဲ ဘယ်တတ်နိုင်မလဲ တဲ့။ သူက အဲဒီလို ပြောလိုက်တော့ ကိုယ်လည်း စိတ်အားငယ် စိတ်မကောင်းဖြစ်ရုံပဲ ရှိတာပေါ့လေ။ တော်တော်လေးကို စိတ်မကောင်း ဖြစ်တယ်။ ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဆိုတော့  စိတ်ထဲမှာ တမျိုးကြီးပဲ။ ဒီ ကိုယ်ဝန်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ခံစားနေရတာ တမျိုး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ခံစားနေရတာ တမျိုးနဲ့ အကြောင်းတွေက အများကြီး စုပြီး စိတ်မကောင်း ဖြစ်နေရတာ။
    စာပေစိစစ်ရေးကို စာသုံးခါ တင်ပြီးတဲ့ အချိန်မှာကို နောက်လ IDEA မဂ္ဂဇင်းမှာ ထပ်ပြီး ပါခဲ့တယ်။ အိမ်ထောင် ဆက်တွေက ဘယ်သူ ဘယ်သူတွေပါပေါ့။ သူတို့ နံပါတ်စဉ်တွေနဲ့ တပ်ပြီး ပါလာခဲ့တော့ ထပ်ပြီး စိတ်ထဲမှာ ခံစားရပြန်တယ်ပေါ့။ ခံစားရတယ် ဆိုတာက ထက်ထက် တယောက်တည်း ကိုယ့်အတွက်ကို ခံစားရတာမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ ထက်ထက်ဘေးမှာ ထက်ထက်ကို ကြည့်ရှု ပေးနေတဲ့ ထက်ထက်ရဲ့အမျိုးသားနဲ့ ယောက္ခမကို ထက်ထက် မစော်ကားချင်ဘူးလေ။ ပြဿနာတွေ ထပ် မဖြစ်ချင်ဘူး။ သူတို့လည်း လက်ခံနိုင်လို့ ခွင့်လွှတ်နိုင်လို့ အခုချိန်မှာ အေးအေးချမ်းချမ်း လျှောက်လှမ်းနေကြတာလေ။ သိပြီးသား ကိစ္စကို ဘာဖြစ်လို့ ခဏ ခဏ ထပ် လုပ်နေကြမှာလဲ။
    အခုကိစ္စမှာလဲ အရင်ဦးဆုံး ထက်ထက်ကို အင်တာဗျူး လုပ်ချင်လို့ပါ ဆိုတော့ အင်း ... လုပ်ချင်ရင် လုပ်ပေးမယ်လေဆိုပြီး 7Day ရဲ့အင်တာဗျူးကို လက်ခံလိုက်တာ။ ဓာတ်ပုံလည်း ရိုက်ပေးမယ် အင်တာဗျူးလေး လုပ်ပေးမယ် ဆိုတဲ့ ဟာကို လက်ခံလိုက်တာ။ ဒါပေမယ့် အဲဒီ ဆီဒိုးနားမှာ ပွဲအကြီးကြီးလုပ်နေတဲ့အချိန်မှာ ဖြစ်သွားတဲ့ကိစ္စ။ ဒါဟာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ နားထောင်တဲ့သူတိုင်း၊ သိတဲ့သူတိုင်းက ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ရှင်းမှာပါ။ ကိုယ်မှန်တယ်လို့လည်း မပြောချင်ဘူး။ ကျမကို ဒီလိုလုပ်လို့ ကျမက ဒီလိုလုပ်တာလို့လဲ မပြောချင်ဘူး။
    အဲဒီပွဲမှာ ကိုယ်စင်ပေါ်တက်ပြီးပြောရမယ့် စကားတွေ ခေါင်းထဲမှာ စဉ်းစားနေတဲ့အချိန်မှာ  VIP လို့ ရေးထားတဲ့ ၀ိုင်းမှာ ဘေးမှာ (သရုပ်ဆောင်) မယ်လိုဒီ လည်း ရှိတယ်။ နောက် မယ်လိုဒီက ဓာတ်ပုံ ရိုက်စရာ ရှိလို့ ဆိုပြီး ထပြန်သွားတဲ့ အချိန်မှာ သူက ၀င်လာပြီး ကျန်းမာရေး ကိစ္စက စမေးတယ်။ အခု ကောင်းသွားပြီလို့ ထက်ထက်ဖြေတယ်။ နောက်ဆက်မေးတာက မိခင်တယောက်အနေနဲ့  သားသမီး ဆုံးသွားတော့ ဘယ်လို ခံစားရလဲ တဲ့။   ဒီမေးခွန်း မေးသင့်လား မမေးသင့်လား ဆိုတာ မေးတဲ့သူရော မေးခိုင်းတဲ့သူရော စဉ်းစားရမယ်လေ။

မေး ။    ။ စင်ပေါ်တက်ပြီး စကားပြောရမယ့် အချိန်ဆိုတော့ အဲဒါမှာက ဘာပွဲ ကျင်းပနေလို့လဲ။

ဖြေ ။    ။ ကုန်စည် မိတ်ဆက်ပွဲပါ။

မေး ။    ။ စကားပြောရမယ် ဆိုတာက ကုန်စည်မိတ်ဆက်စကားမျိုးလား။

ဖြေ ။    ။ ဟုတ်ကဲ့။ ဒီပစ္စည်းတွေကို မင်းသမီးတယောက် အနေနဲ့ ဘယ်လို သုံးခဲ့လဲ ဆိုတာကို ရှင်းပြရမှာပါ။ ဒီပွဲ လုပ်တာကလည်း ထက်ထက်ကို အဓိက ထားပြီးတော့ လုပ်တာလိုမျိုး ဖြစ်နေတယ်လေ။ ဒါကြောင့် ပြောရမယ့် စကားတွေကို သေချာ စဉ်းစားနေရတဲ့ အချိန်ပါ။

မေး ။    ။ အခု သတင်းထောက်ဘက်က ရန်ကင်း တရားရုံးမှာ အမှုဖွင့်ထားပြီလို့ ကြားနေရတယ်။ မထက်ဘက်ကရော ဘယ်လို ပြင်ဆင်ထားပြီလဲ။

ဖြေ ။    ။ ဘာမှ မပြင်ဘူးရှင့်။

မေး ။    ။ တရား ရင်ဆိုင်ဖို့ကို ပြောတာပါ။

ဖြေ ။    ။ တရား ရင်ဆိုင်မယ် လို့လည်း မဟုတ်ဘူး။ ရင်မဆိုင်ဘူးလည်း မဟုတ်ဘူး။ ထက်ထက် စိတ်ထဲမှာ ဘာမှ မရှိဘူး။

မေး ။    ။ ရန်ကင်း တရားရုံးကရော မထက်ကို အကြောင်းကြားတာ ရှိပြီလား။

ဖြေ ။    ။ မရှိပါဘူး။

မေး ။    ။ အခုချိန်ထိ မရှိသေးဘူးပေါ့နော်။

ဖြေ ။    ။ ဟုတ်။ မရှိပါဘူး။

မေး ။    ။ မထက်ဘက်က အခုဒီကိစ္စနဲ့ ပတ်သက်ပြီး စာပေ စိစစ်ရေးကနေ နောက် စာနယ်ဇင်းတွေကို ဖော်ပြခွင့်မပေးပါနဲ့ဦး ဆိုပြီး ပုဂ္ဂိုလ်ရေးရာ အရ တင်ပြ တောင်းဆိုထားတာ ရှိနေတယ် လို့ ကြားရပါတယ်။ စာပေစိစစ်ရေးက ဘယ်လို အကြောင်း ပြန်ပါသလဲ။

ဖြေ ။    ။ တင်ပြထားတယ် ဆိုတာ အရင်တခေါက် ထက်ထက် ကိုယ်ဝန်ရှိနေတုန်းက စာ ၂ ခါ ၃ ခါ သွားတင်လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာသမားနဲ့ စာနယ်ဇင်းသမား ဆိုတာ သူတို့လည်း သူတို့အလုပ် လုပ်ကြသလို ပရိသတ် တွေကလည်း မင်းသမီး၊ မင်းသားတွေကို ချစ်ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အားလုံးဟာ ကိုယ့်ဘ၀ကို ကောင်းတာပဲ ဖြစ်ချင်တာပဲ။ ဆိုးတာတော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ လူတိုင်း လူတိုင်း ဒီလိုပဲ။ ဒါပေမယ့် သူတို့က မေးတယ် ဆိုတာကလည်း စည်းမျဉ်း စည်းကမ်းလေး ရှိသင့်တာပေါ့။ ပြီးတော့ VIP ၀ိုင်းမှာ သူများအလုပ်လုပ်နေတဲ့အချိန်မှာ ၀င်မေးတယ် ဆိုတာက လာ နှောင့်ယှက်တာနဲ့ အတူတူပဲလေ။

မေး ။    ။ အဲဒီပွဲမှာ တွေ့ဆုံဖို့ကို မထက်က ချိန်းဆိုလိုက်တာလို့ ကြားပါတယ်။

ဖြေ ။    ။ ဟုတ်တယ်။ အဲဒီမှာ တွေ့ဖို့ ပြောလိုက်တာ။ ဒါပေမယ့် အဲဒီပွဲဝိုင်းထဲမှာ မေးဖို့အတွက် VIP ၀ိုင်းမှာ လာထိုင်ဖို့ အတွက် သူ့ကို မခေါ်ဘူး။

မေး ။    ။ အခုပဋိပက္ခကို စာနယ်ဇင်းတွေမှာ မဖော်ပြဖို့ တင်ပြထားတဲ့ အပေါ် စိစစ်ရေးက ဘယ်လို တုံ့ပြန်လဲဗျ။

ဖြေ ။    ။ ဘာမှတော့ အကြောင်း မပြန်ဘူး။ ဒါပေမယ့် သတင်းကြားတာ VOICE ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ။

မေး ။    ။ စိစစ်ရေးကို ဘယ်ရက်ပိုင်းက တင်ပြခဲ့တာလဲဗျ။

ဖြေ ။    ။ တင်ပြတာကတော့ ထက်ထက်က အမြဲ လိုလိုကို ပြောထားပါတယ်။ လူကြီးတွေကိုလေ။ မလိုလားအပ်ဘဲနဲ့ကတော့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ၊ ကိုယ်မှ မဟုတ်ဘူး တခြား မင်းသမီး၊ မင်းသားတွေ အတွက်လည်း မဖော်ပြစေချင်ဘူး။ ထက်ထက် အခုချိန်မှာ ခေါင်းတွေလည်း ခြောက်နေတယ်။ အေးအေး ဆေးဆေးပဲ နေချင်တယ်။ အဲဒီ ပြဿနာတွေလည်း လုပ်ခဲ့တာတော့ လုပ်ခဲ့တာပေါ့။ သူတို့လုပ်လို့ ကိုယ် ဒီလိုမျိုး တုံ့ပြန်မှုက မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်။ ဒါပေမယ့် နောက်ဆက်ပြီး ဘာပြဿနာမှ ထက်ထက် မဖြစ်ချင်တော့ဘူး။

မေး ။    ။ တကယ်လို့  ရန်ကင်းတရားရုံးက ဆင့်ခေါ်တာမျိုး ရှိလာရင် ဘယ်လို ရင်ဆိုင်မယ်လို့ စီစဉ်ထားလဲ။

ဖြေ ။    ။ ဘယ်လို ရင်ဆိုင်မလဲ ဆိုတော့ ကိုယ်က သူများကို မဟုတ်တာ လုပ်ခဲ့တာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ ချောင်းရိုက်တာလည်း မဟုတ်ဘူးလေ။ ဒီလိုမျိုး လုပ်လို့ ဒီလိုမျိုး ဖြစ်ရတယ်ဆိုတာ အကြောင်းရှိလို့ အကျိုး ဖြစ်လာတယ် ဆိုတာကို နားထောင်ကြည့်တဲ့ တရားရုံးကလည်း သိမှာပါ။

မေး ။    ။ ရှေ့နေတွေ ငှားဖို့ရော ပြင်ထား ပြီးပြီလား။

ဖြေ ။    ။ မပြင်ပါဘူး။ ဘာမှ မပြင်ဘူး။

Saturday, May 22, 2010

ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေကိုယ်တိုင် နေပြည်တော်သွားမည်

ပါတီများမှတ်ပုံတင်တဲ့ သတ်မှတ်ရက်ကျော်လွန်ရင် NLD ပါတီရပ်တည်ခွင့် ပျက်ပြယ်ရ မယ်ဆိုတဲ့ သဘောဖြစ်နေတာမို့ ဒါကို တရားရုံးချုပ်အနေနဲ့ တားမြစ်ပေးဖို့ လျှောက်လဲ တာကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ပယ်ချလိုက်တာဟာ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကို ချော စာပို့ လျှောက်ထားခဲ့ပေမဲ့ အခုအချိန်အထိ တစုံတရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးတဲ့အတွက်မို့ နေပြည်တော်ကို ရှေ့နေတယောက် စေလွှတ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က အကျိုးဆောင်ရှေ့နေတွေကို ညွှန်ကြားလိုက်ပါတယ်။  ဒီအခြေအနေ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အစိုးရကထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေတွေအရ သူတို့သတ်မှတ်ထားတဲ့ ပါတီများ မှတ်ပုံတင်တဲ့ သတ်မှတ်ရက် ကျော်လွန်ရင် NLD ပါတီ ရပ်တည်ခွင့် ပျက်ပြယ်ရမယ့်သဘောဖြစ်နေတာမို့ ဒါကို တရားရုံးချုပ်အနေနဲ့ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ၅ ရက် နေ့မှာ ရန်ကုန်တိုင်း တရားရုံးချုပ်က ပယ်ချခဲ့တာပါ။

ဒါပေမယ့် အဲဒီလို ပယ်ချတဲ့အကြောင်း ရန်ကုန်တိုင်း တရားရုံးချုပ်ရဲ့ တရားသူကြီးက စီရင်ချက်ချ ဆုံးဖြတ်ပေးခဲ့တာမဟုတ်ဘဲ တရားရုံးချုပ် ၀န်ထမ်းတစ်ဦးကသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေကို ခေါ်ယူအသိပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ခေါ်ယူ အကြောင်းကြားတဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ညီညွတ်ခြင်းမရှိဘူး ဆိုပြီးတော့ နေပြည်တော်ကို ချောစာပို့ပြီး အကျိုးဆောင်ရှေ့နေတွေက
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ အကြောင်းကြားခဲ့ကြတာပါ။

ဒါပေမဲ့ အဲဒီချောစာကို အာဏာပိုင်တွေဘက်က ခုချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိ သေးတဲ့အတွက် အခု နေပြည်တော်ကို ရှေ့နေတယောက် လူကိုယ်တိုင်စေလွှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေပါဝါ လွှဲပေးလိုက်တယ်လို့ ဒီကနေ့ နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းကပြောပါတယ်။

“တရားဝင် ရှေ့နေ တဦးတယောက်ပေါ့နော်။ ကိုယ်စားလှယ်အနေနဲ့ သွားရောက် ဆောင်ရွက်ဖို့ ဒီနေ့ ညှိနှိုင်းပါတယ်။ မကြာခင် လာမယ့်အပတ်ထဲမှာ ကျနော်တို့ လုပ်ပါမယ်။”

အကျိုးဆောင်ရှေ့နေကြီးတွေဖြစ်ကြတဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ တောင်ဥက္ကလာပလွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်း NLD လွှတ်တော်ဥက္ကဋ္ဌ လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးလည်းဖြစ်တဲ့ သခင်စိုးမြင့် ကွယ်လွန်တာနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတာက NLD ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာ။ ဒါဟာ တော်လှန်ရေးတခုပဲ။ စနစ်ပြောင်း တော်လှန်ရေးတခုပဲ။ ဒီစနစ်ပြောင်းတော်လှန်ရေးမှာ အန်ကယ်လ် သခင်စိုးမြင့်ဟာ ယုံယုံကြည်ကြည်နဲ့ ကွယ်လွန်ချိန်အထိ ဆောင်ရွက်သွားတာအတွက် သူ လေးစားဂုဏ်ယူပါတယ်တဲ့။ နောက်တခုက ဒီမိုကရေစီရေးတိုက်ပွဲမှာ သခင်စိုးမြင့်ဟာ မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လနဲ့ ဆောင်ရွက်ခဲ့တာကို အသိအမှတ်ပြုတယ်။ လေးစားပါတယ်။ ဒီအတွက် အများကြီး လည်း နှမျောပါတယ်တဲ့။ အဲသလို ပြောပါတယ်။”

ဒါ့အပြင် အဖွဲ့ချုပ်အနေနဲ့ စေတနာရှေ့ထားပြီး လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာကို ကြားသိရတဲ့အတွက် စိတ်ကြည်နူးမိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“အဖွဲ့ချုပ်ရဲ့ နာဂစ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်၊ နောက်တခုက ဗဟိုအမျိုးသမီး အဖွဲ့ဝင်များ၊ NLD အဖွဲ့ဝင်များ၊ ဒီအဖွဲ့ဝင်တွေဟာ သောက်သုံးရေ အခက်အခဲဖြစ်တဲ့ နေရာတွေကို ကိုယ်တိုင်သွားရောက်ပြီးတော့ ကူညီဆောင်ရွက်တဲ့လုပ်ငန်း၊ နောက်တခု က မဖြူဖြူသင်းခေါင်းဆောင်တဲ့လူငယ်များက အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာ တွေကို စေတနာအပြည့်နဲ့ ကူညီဆောင်ရွက်နေခြင်း ဒါတွေဟာ NLD အဖွဲ့ချုပ်ရဲ့ လူထုအပေါ်ထားတဲ့ စေတနာတွေပဲဖြစ်တယ်တဲ့။ ဒါကြောင့် ဒီဆောင်ရွက်မှုတွေအတွက် အထူးပဲ ၀မ်းသာကြည်နူးရပါတယ်လို့ ဒီနှစ်ခု ပြောလိုက်ပါတယ်။”

ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်နေတာကို တားမြစ်ပေးဖို့ ရန်ကုန်တိုင်း တရားရုံးမှာ လျှောက်ထားခဲ့တဲ့ အမှုကို တိုင်းတရားရုံးက ပယ်ချလိုက်တဲ့ အတွက် အဲဒီအမှုကို တရားရုံးချုပ်မှာ ဦးအောင်ဆန်းဦးက အယူခံဝင်ထားတဲ့အတွက် ဒါကို တုန့်ပြန်ဖို့အတွက်လည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရင်းမြစ်။ ။http://www1.voanews.com/burmese/news/nld_legal_entity-94655389.html

ထက်ထက်မိုးဦး သတင်း ဖေါ်ပြသည့် ဂျာနယ်များအား စိစစ်ရေးမှ အရေးယူမည့် သတင်းထွက်ပေါ်

Saturday, 22 May 2010
ထင်ရှားသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် ကြော်ငြာ မင်းသမီး ထက်ထက်မိုးဦးက ဆဲဗင်းဒေးစ် ဂျာနယ်မှ မိန်းကလေး သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်သဖြင့် တရားစွဲသည့် သတင်းကို ယနေ့ထုတ် The Voice သတင်းဂျာနယ် နှင့် First ဂျာနယ်တို့တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ သတင်းကို ပြည်တွင်းထုတ်ဂျာနယ်များတွင် ဖေါ်ပြရန် စာပေစိစစ်ရေးသို့ တင်ပြခဲ့ကြသော်လည်း မည်သည့် ဂျာနယ်ကိုမျှ စိစစ်ရေးက ဖေါ်ပြခွင့် မပေးခဲ့ဟု သိရှိရသည်။ အဆိုပါ သတင်းသည် ထက်ထက်မိုးဦး နှင့်ပတ်သက်သည့်အတွက် လူထုအများ စိတ်ဝင်စားသည့် အပြင် ပြည်တွင်းဂျာနယ်လောကမှ သတင်းထောက်များအားလည်း စော်ကားသည့် အသုံးအနှုန်းဖြစ်၍ ဂျာနယ်များမှ ဖေါ်ပြလိုကြသော်လည်း စာပေစိစစ်ရေးက တားမြစ်ခဲ့သည်။
ယခုကဲ့သို့ ထက်ထက်မိုးဦးအား တရားစွဲသည့် သတင်း ဖေါ်ပြသည့် ဂျာနယ်နှစ်စောင်ကို တစ်ပတ်နားရမည် ဆိုသည့် သတင်းထွက်ပေါ် နေသော်လည်း ယနေ့ညနေပိုင်းထိ သက်ဆိုင်ရာ တိုက်ကို တရားဝင်အကြောင်းကြားခြင်း မရှိသေးဟု သိရသည်။
စာပေကင်ပေတိုင်ဟု တင်စားခေါ်ဝေါ်ကြသည့် စာပေစိစစ်ရေးသည်  အစိုးရ၏ ပေါ်လစီ၊ နအဖ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများကို ထိခိုက်စေမည့် အရေးအသားများကို တားမြစ်ပိတ်ပင်သည့် ယန္တရား တစ်ခုဖြစ်ရုံသာမက ယခုလို အနုပညာသည်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပျက်သည့် ကိစ္စရပ်များတွင်လည်း အဖြစ်အပျက်ကို သတင်းစာမျက်နှာပေါ် တက်မလာစေရန် တားမြစ်ခွင့်ရှိသည့် အဖွဲ့အစည်းလည်း ဖြစ်နေသည်။ ထိုသို့သော ကိစ္စများတွင် ငွေကြေးလာဘ်လာဘ ယူပြီးတားမြစ်ပေးခြင်းမျိုး၊ သို့မဟုတ် နအဖ အစိုးရထဲမှ အာဏာရှိသူ တဦးဦး၏ အကူအညီယူပြီး တဦးချင်းအကျိုးစီးပွားကို ကာကွယ်ပေးခြင်းမျိုး ဖြစ်သည်ဟု စာပေအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းက သရုပ်ဆောင် ပြေတီဦး၏ မွေးနေ့ပွဲတွင် သတင်းထောက်အချို့ ၀င်ခွင့်မရခြင်းနှင့် ပတ်သက်ပြီး ပြေတီဦးနှင့် သတင်းထောက်များအကြား အဖုအထစ် ဖြစ်ခဲ့ပြီး ထိုအဖြစ်ကို ရေးသားဖေါ်ပြခွင့် မရစေရန် ပြေတီဦးက စာပေစိစစ်ရေးကို လာဘ်ပေးပြီး တားမြစ်ခိုင်းခဲ့သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့ကြောင်း ထိုအဖြစ်ကို ကြုံခဲ့ရသည့် သတင်းထောက်များက ပြောဆိုသည်။
ယခုအဖြစ်အပျက်သည် ပြည်တွင်းသတင်းဂျာနယ်များ အနေဖြင့် ကိုယ်ထိလက်ရောက် စော်ကားခံရသော သတင်းထောက်၏ အဖြစ်အပျက်ကို စာဖတ်သူတင်ပြလိုခြင်းနှင့် ထင်ရှားသည့် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်သည့် ကိစ္စဖြစ်သဖြင့် စာဖတ်ပရိသတ် စိတ်ဝင်စားသည့် သတင်းဖြစ်သဖြင့် ရေးသားဖေါ်ပြလိုကြခြင်း ဖြစ်သည်။
ပြည်တွင်း သတင်းထောက်တဦးက``အခုသတင်းဖေါ်ပြထားတာက သတင်းထောက်အနေနဲ့ တရားစွဲဖို့ လျှောက်ထားတဲ့အကြောင်း အဖြစ်အပျက်ညက အမေးအဖြေတွေကို ရေးသားဖေါ်ပြထားတာပဲ ရှိတယ်။ ထက်ထက်မိုးဦးကို ပုတ်ခတ်ရေးသား ထားတာလည်းမဟုတ်သလို အစိုးရနဲ့လည်း ဘာမှ မသက်ဆိုင်ဘူး။ ဒီလိုအဖြစ်အပျက်တွေမှာတောင် စိစစ်ရေးက လိုက်ဝင်စွက်ဖက်နေရင် မြန်မာနိုင်ငံရဲ့ မီဒီယာဟာ ဘယ်တော့မှ စိစစ်ရေးလောင်းရိပ်အောက်က ထွက်ရမှာ မဟုတ်တော့ဘူး။ သူတို့ဖြစ်စေချင်တဲ့ပုံစံ ရေးစေချင်တဲ့ ပုံစံပဲရေးရမယ်။  ပုဂ္ဂလိက မီဒီယာအနေနဲ့ ကိုယ့်ရဲ့ တာဝန်၊ ကျင့်ဝတ်၊ နိုင်ငံမှာ ပြဌါန်းထားတဲ့ ဥပဒေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ရေးသားလုပ်ဆောင်နိုင်အောင် မဆိုင်တဲ့ ကိစ္စတွေမှာ စိစစ်ရေးက ၀င်မစွက်ဖက်သင့်ဘူးလို့ ထင်ပါတယ်´´ဟုပြောသည်။
မြန်မာနိုင်ငံတွင် မည်သည့်ဂျာနယ် မဂ္ဂဇင်းမဆို ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေးသို့ စာသား၊ ရုပ်ပုံ၊ မည်သည့်စာမျက်နှာတွင် ဖေါ်ပြမည်ဆိုသည် အထိတင်ပြကြရပြီး အပတ်စဉ်ထုတ်ဂျာနယ်ဆိုပါက ၂ရက်မှ ၃ရက်၊ လစဉ်ထုတ် မဂ္ဂဇင်းဆိုပါက တစ်ပတ်ဝန်းကျင် ကြာမြင့်လေ့ရှိပြီး ခွင့်မပြုသည့် ရုပ်ပုံစာသား တို့ကို ပုံမနှိပ်မီဖြတ်တောက် ဖယ်ရှားပေးရသည်။
      ပုဂ္ဂလိက မီဒီယာများဖြစ်သည့် အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ် ဂျာနယ် မဂ္ဂဇင်း အမျိုးအစား နှစ်ရာကျော် သုံးရာနီးပါး ခွင့်ပြုထားသော်လည်း ထိုသို့စိစစ်ရေး၏ ဖြတ်တောက် ဖယ်ရှားရန် အမိန့်ပေးနေခြင်းကြောင့် သတင်း မလတ်ဆတ်ခြင်း၊ သတင်းဆောင်းပါး၊ ၀တ္တု၊ကဗျာတို့ ပုံပျက်ခြင်း၊ ရည်ရွယ်ချက် လွဲချော်သွားခြင်း အစဉ်ဖြစ်ပေါ်လျက်ရှိသည်ဟု အယ်ဒီတာ၊  သတင်းထောက်နှင့် စာရေးဆရာများက ပြောဆိုကြသည်။ 
(ဓာတ်ပုံ - ထက်ထက်မိုးဦးသတင်းဖော်ပြထားသည့် - the first Journal စာမျက်နှာ)
 
ရင်းမြစ်။ ။မိုးမခ

Friday, May 21, 2010

ထက်ထက်မိုးဦးသတင်း အင်တာနက်သုံးသူများကြားတွင် ဖြန့်ဝေ


 ထက်ထက်မိုးဦး တရားစွဲခံရကြောင်း ရေးသားထားသည့် သတင်းတပုဒ်။ ဤသတင်းတွင် ထက်ထက်နှင့် တရားစွဲသူ သတင်းထောက်အကြား အပြန်အလှန် ပြောဆိုပုံကို ဖော်ပြထားသည်။ တရားစွဲခံရကြောင်း ရေးသားကြသည့် သတင်းများ ယခု ရက်ပိုင်းအတွင်း ထွက်ပေါ်လာရာ အင်တာနက် အသုံးပြုသူများကြားတွင် ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရသည်။ (ပုံကြီးချဲ့ ဖတ်နိုင်ရန် ပုံပေါ်ကို နှိပ်ပါ)
 
ရင်းမြစ်။ ။မိုးမခ

စေတနာနဲ့ လုပ်တာဆိုတော့ ထိရောက်တယ်၊ အောင်မြင်တယ်


မြန်မာပြည်အနှံ့အပြား ရေပြတ်လပ်မှု ပြဿနာများ၊ ရေအခက်အခဲများ လတ်တလော ရင်ဆိုင်နေရသည့်အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှလည်း ပြည်သူလူထု သောက်သုံးရေ ရရှိရေးအတွက် ကူညီလုပ်ကိုင်ပေးလျက်ရှိသည်။ ယင်းသို့ အန်အယ်လ်ဒီအနေဖြင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဦးဆောင် ပါဝင်သူတဦးဖြစ်သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်နှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။  ။ ယခုလောလောဆယ် ပြည်သူတွေကြုံတွေ့နေရတဲ့ ရေပြဿနာပြေလည်အောင်  အန်အယ်လ်ဒီက ဆရာတို့အနေနဲ့ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ သိပါရစေ။

ဖြေ။  ။ ကျနော်တို့ လုပ်ဆောင်နေတဲ့  ရေရှားပါး ပြတ်လပ်မှုက နှစ်ပိုင်းပေါ့ဗျာ။ ပထမပိုင်းက ကျနော်တို့ နာဂစ်မုန်တိုင်းသင့်ဒေသ။ အဲဒီဒေသမှာ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေ ဖြစ်တယ်။ နာဂစ်ဒေသ ဧရာဝတီတိုင်း မြို့နယ်ပေါင်း (၉) မြို့နယ်က ဘိုကလေးမြို့နယ်မှာ၊ မော်ကျွန်းမြို့နယ်တို့မှာ အ၀ီစိတွင်းတွေ တူးပြီး ရေပြဿနာကို ဖြေရှင်းပေးတယ်။ ဘိုကလေးမြို့နယ်မှာ တူးပြီးသားရေတွင်း (၈) တွင်း၊ မော်ကျွန်းမြို့နယ်မှာ ရေတွင်း (၂) တွင်း။ ကျနော်တို့မှာရှိတဲ့ ရန်ပုံငွေပေါ် မူတည်ပြီး  သောက်သုံးရေကို ဆက်ပြီးတော့ ကူညီဖြေရှင်းသွားမယ်လို့ ဇောက်ချပြီး ဆောင်ရွက်နေတယ်။ ၂၀၀၈၊ ၂၀၀၉  ထဲမှာပေါ့။ လပွတ္တာမြို့နယ်မှာတော့ အ၀ီစိတွင်းတို့ သောက်သုံးရေတွင်းတို့ တူးလို့မရဘူး။ သူကရေငန်ဒေသ။ ဒါကြောင့် ဒေသမှာ အားထားနေရတဲ့ မိုးရေလှောင်ကန်ပေါင်း (၁၂၀) ကို ကျနော်တို့က အမှိုက်သရိုက်နဲ့  နွံတွေကို သန့်ရှင်းပေးခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ်လို့ လုပ်နေတဲ့ နာဂစ်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မူလလုပ်ငန်းပေါ့ဗျာ။

အဲဒီတုန်းမှာ ဒီနှစ်ထဲမှာ ထူးထူးခြားခြား ရာသီဥတုက ပူပြင်းလာတယ်။ သင်္ကြန်လွန်ပြီးတဲ့ထိ ကဆုန်လပြည့်ကျော်တဲ့အထိ မိုးကမရွာဘူး။ အဲတော့ ယခင်သောက်သုံးရေ ပြဿနာမရှိတတ်တဲ့ ဒေသတွေမှာ ပဲခူးတိုင်းက သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်တို့မှာ ရေကန်တွေက အကုန်ခန်းခြောက်ကုန်တယ်။ နောက်ရေတွင်းတွေလည်း ခန်းခြောက်ကုန်တယ်။ အဲဒီဒေသတွေက မိုးရေလှောင်တဲ့ကန်တွေကိုပဲ သောက်သုံးရေအတွက် သုံးနေကြတာ။ ဒီနှစ်ရာသီဥတုက မမျှော်လင့်ဘဲ ပူပြင်းလာတဲ့အခါကျတော့ မိုးကလည်းမရွာတော့ အလျဉ်မမီတော့ဘူး ဖြစ်သွားတာပေါ့ဗျာ။ သူတို့မှာ ဒီလိုအခက်အခဲ ကြုံရလေ့မရှိဘူးပေါ့ဗျာ။ နောက် ရန်ကုန်တိုင်းထဲက ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ အဲဒီဘက်တွေအထိ ရေအခက်အခဲတွေ ဖြစ်ကုန်တယ်။ နောက် ရန်ကုန်မြို့သစ်တွေဖြစ်တဲ့ ဒဂုံမြို့သစ်တို့မှာလည်း ရေရှားပါးပြတ်လပ်မှုတွေ ကြုံကုန်တယ်။

ဒါကြောင့် ကျနော်တို့က နာဂစ်မှာလုပ်နေတုန်းက အစီအစဉ်တွေကို လုပ်ရင်းကပဲ ဒီဘက်မှာ အရေးပေါ်ဖြစ်လာတဲ့ ရေရှားပါးပြတ်လပ်မှုကို ကူညီဖြေရှင်းရတာ ဖြစ်ပါတယ်။ ပဲခူးတိုင်းထဲက ပဲခူးမြို့၊ သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်ထဲက ရွာတွေကို ကျနော်တို့သောက်သုံးရေ သွားပြီးတော့ တတ်နိုင်သလောက် ကူညီခဲ့ပါတယ်။ မေ (၁၉) ရက်နေ့ကဆို ဒလနဲ့ သုံးခွ၊ ကော့မှူးမြို့နယ်တွေကို သွားပြီးတော့ သောက်သုံးရေ အကူအညီပေးနေပါတယ်။

မေး။  ။ ဆရာတို့အနေနဲ့ အန်အယ်လ်ဒီပါတီ မှတ်ပုံမတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း ပြည်သူ့အကျိုးပြု  လူမှုရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်လာတဲ့သဘောလား။

ဖြေ။  ။ အခုကျနော်တို့ လူမှုရေးလုပ်ငန်းက လုပ်လက်စအားဖြင့် (၃) ခုရှိပါတယ်။ ကျနော်ကတော့ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းပေါ့။ အဲဒါကလည်း လုပ်မယ်ဆို လုပ်သလောက် လုပ်စရာတွေက အများကြီးပါ။ နောက်လုပ်နေတဲ့ လုပ်ငန်းတခုကတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့မိသားစုတွေကို ကူညီစောင့်ရှောက်တဲ့လုပ်ငန်းပေါ့။ အဲဒါလည်း ကျနော်တို့က အရင်ကတည်းက ဒီကိစ္စကို တာဝန်ယူဆောင်ရွက်နေတာပါ။ ကျနော်တို့ အန်အယ်လ်ဒီပါတီဝင်မှရယ် မဟုတ်ဘူး။ တခြားဘယ်နိုင်ငံရေးပါတီက ဘယ်အင်အားစုကဖြစ်ဖြစ် ထောင်ကျတယ်ဆိုရင် ကျနော်တို့က မိသားစုကိုရော သူတို့ကလေးတွေရဲ့ ပညာရေးကိုရော တတ်နိုင်သလောက် အကူအညီပေးပါတယ်။ အဲဒီလုပ်ငန်းကိုလည်း ဆက်ပြီးဆောင်ရွက်နေပါတယ်။ နောက်တခုကတော့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနဲ့ ကုသပေးရေးပေါ့။ ဝေသနာသည်တွေကို စေတနာထားပြီး ကုသပေးရင်းကနေ ဒီရောဂါ မြန်မာနိုင်ငံမှာ လုံးဝ ပပျောက်သွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့၊ ကျနော်တို့ စေတနာနဲ့ ကူညီနေတဲ့လုပ်ငန်းရှိတယ်။ အဲဒီလုပ်ငန်း (၃) ခုကို ဇောက်ချပြီးတော့ လုပ်နေတာပဲ။

အဲဒီလို လုပ်ငန်းလုပ်နေရင်းကနေ တိုက်တိုက်ဆိုင်ဆိုင်ပေါ့ဗျာ။ မေလ (၆) ရက်နေ့မှာ ကျနော်တို့က ဒီနေ့ကျမှပဲ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုရေးလုပ်ငန်းတွေ၊ ဆိုလိုတဲ့သဘောကတော့ ပြည်သူလူထုကို ကူညီမယ်ဆိုတဲ့ စိတ်ဓာတ်ပါ။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ကျနော်တို့ ထက်ထက်သန်သန်ပေါ့၊ နိုင်ငံရေးလုပ်တဲ့ စေတနာမျိုးနဲ့ပဲ ကျနော်တို့ လုပ်မယ်ဆိုတာကို မျက်နှာမူလိုက်တဲ့အခါမှာ တိုက်တိုက်ဆိုင်ဆိုင် ရေပြဿနာ လာကြုံရတာပေါ့ဗျာ။ ဒါကြောင့် ရေပြဿနာကို စလုပ်တာပေါ့။ 

မေး။  ။ ရှေ့ဆက်လက်ပြီး တခြား လူမှုရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်သွားဖို့ ရှိပါသလား။

ဖြေ။  ။ ရေပြဿနာလုပ်ရင်းကပဲ ပြည်သူလူထုထဲရောက်သွားတော့ ပြည်သူလူထု လိုအပ်ချက်တွေကတော့ အများကြီးပဲဗျ။ ရေပြဿနာကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးပြဿနာပေါ့။ ကလေးတွေရဲ့ပညာရေး၊ သူတို့ရဲ့သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး စတဲ့ ပညာပေးလုပ်ငန်းတွေကတော့ လုပ်မယ်ဆို လုပ်စရာတွေ အများကြီးပါပဲ။ နောက် ကျနော်တို့မှာ လုပ်တဲ့အင်အားလည်း တောင့်တင်းလာမယ်၊ ပံ့ပိုးနိုင်တဲ့ စွမ်းအားတွေလည်း ပံ့ပိုးလာမယ်ဆိုရင် သူတို့ရဲ့စီးပွားရေးဘ၀တွေကို ကူညီပြုပြင်ပေးဖို့တောင်မှ အများကြီးလုပ်စရာတွေရှိနေတယ်။ ပြည်သူလူထုကတော့ ၀င်သွားလိုက်ရင် အားကိုးတကြီးပဲ အကူအညီတောင်းတာပဲဗျ။ ကျနော်တို့ အဲလိုနဲ့ပဲ လုပ်ငန်းတွေ ချဲ့ချဲ့ပြီး လုပ်ကြမှာပါ။

အရင်လုပ်ခဲ့တဲ့ လုပ်ငန်းတွေအပြင် အခုဟာကတော့ နိုင်ငံရေးစေတနာနဲ့ပါပေါ့ဗျာ။ အဲဒီလို အခြေခံလုပ်တဲ့အခါကျတော့ ပြည်သူလူထုကလည်း ကျနော်တို့ကို ပိုပြီးတော့ အားကိုးလာသလို သူတို့ရဲ့အခက်အခဲတွေ ပိုပြီးတော့တင်ပြလာတယ်။ သူတို့ရဲ့ဘ၀အခြေအနေတွေကို ကျနော်တို့ကိုယ်တိုင် မြင်လိုက်ရတဲ့အခါကျတော့ ဘယ်နေရာတွေကတော့ ကျနော်တို့အရေးပေါ် ကူညီရမယ့်နေရာတွေ၊ ဘယ်နေရာတွေကတော့ဖြင့် ရေရှည်တဖြည်းဖြည်း ပြုပြင်ကူညီသွားရမယ့် ကိစ္စတွေဆိုတာ ကျနော်တို့မြင်လာတာပေါ့။ အဲလိုပဲ ကျနော်တို့ဟာ ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ဒီလုပ်ငန်းတွေ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ 

မေး။  ။ အခုလို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် လူမှုရေးလုပ်ငန်းတွေ လက်တွေ့ကွင်းဆင်းလုပ်နေတဲ့  ဆရာ့အတွေ့အကြုံကို သိပါရစေ။

ဖြေ။  ။ ကျနော်ကတော့ အရင်နာဂစ်တုန်းကလည်း အတွေ့အကြုံရှိဖူးတယ်ဗျ။ ကျနော်ကတော့ ဒီလုပ်ငန်းတွေဟာ ပါတီအဖြစ်နဲ့ မှတ်ပုံတင်တာ မတင်တာနဲ့ ပတ်သက်ပြီးတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲတဲ့အခြေအနေမရှိဘူး။ ကျနော်တို့က စေတနာထားပြီး လုပ်နိုင်သလောက် လုပ်တာ။  ဒါတွေက ပြည်သူကလည်း အကျိုးရှိတယ်၊ ပြည်သူ့အားကိုးမှုလည်း ရတယ်လို့ ယုံကြည်တယ်။ ဥပမာ နာဂစ်တုန်းကလည်း ကော်မတီဖွဲ့ပြီး ကျနော်တို့ သွားရောက်ကူညီတယ်။ ကျနော်တို့ အန်အယ်လ်ဒီ အလံကြီးကို လွှင့်ပြီး အန်အယ်လ်ဒီဆိုပြီး ကြွေးကြော်ကူညီခဲ့တာ မဟုတ်ဘူး။ သူတို့ကို ကူညီမယ်ဆိုတဲ့ စေတနာရှင်တယောက်အနေနဲ့ပေါ့။ ဒါပေမယ့် သူတို့က သိနေတာပါ။ ကျနော်တို့ကို တွေ့တဲ့အခါ ပြည်သူလူထုက အားကိုးတကြီးဗျ၊ နိုင်ငံရေးသမားနဲ့ ပြည်သူလူထုဆိုတာ အဲဒီလိုပဲဗျ။ ကျနော်တို့က အုပ်ချုပ်သူ မဟုတ်ဘူးလေဗျာ။ ဒါကြောင့် သူတို့က ကျနော်တို့ကို ထိတ်လန့်ကြောက်ရွံ့မနေဘူး။ သူတို့ရဲ့အခက်အခဲတွေ၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်းပြောတယ်၊ တင်ပြတယ်၊ သူတို့ဖြစ်ချင်တာတွေကို သူတို့က တရင်းတနှီးပြောတယ်၊ ကျနော်တို့နဲ့ သူတို့နဲ့က တကယ့်ကို ဆွေမျိုးသားချင်းတွေ တွေ့သလို  တွေ့ကြတာကိုးဗျ။ အဲလိုဆိုတော့ ကျနော်ကတော့ ပိုပြီးတော့ ထိထိရောက်ရောက် ကူညီနိုင်တယ်လို့ ထင်တယ်။

မေး။  ။ အခုဆရာတို့ ရေပြဿနာအခက်အခဲ ပြေလည်အောင် ဆောင်ရွက်နေရာမှာ ဘယ်လိုပုံစံနဲ့ ပြည်သူလူထုကို  ကူညီဆောင်ရွက်ပေးနေတာပါလဲ။ 

ဖြေ။  ။ အဲဒီမှာ ကျနော်တခုတော့ ပြောချင်တယ်။ ကျနော်တို့ဟာ အန်အယ်လ်ဒီ မဟုတ်တော့ဘူးဆိုတဲ့ အကြောင်းလည်း မပြောဘူး၊ အန်အယ်လ်ဒီလို့လည်း ကျနော်တို့ မပြောပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကသိနေတာပဲဗျာ။  ဒါကတော့ ဒီလိုရှိတယ်။ ကျနော်တို့ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံမတင်ဘူး။ နိုင်ငံရေးဟန်ဖြစ်တဲ့၊ လုပ်နည်းလုပ်ဟန်တွေဖြစ်တဲ့ အစည်းအဝေးထိုင်တာတို့၊ ညွှန်ကြားချက်ထုတ်တာတို့၊ သဘောထားပေးတာတို့ ဆိုတာတွေမလုပ်တော့ဘူးလို့ ကျနော်တို့ ပြောပြီးတဲ့နောက် ကျနော်တို့ ပြည်သူ့ အကျိုးပြုတဲ့လုပ်ငန်းတွေ လုပ်မယ်လို့ ပြောတာ။ အဲလို ပြောတဲ့အတွက်ကြောင့် အန်အယ်လ်ဒီရဲ့ ရည်မှန်းချက်တွေကတော့ လုံးဝ လျော့သွားတာမဟုတ်ဘူး။ အန်အယ်လ်ဒီရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ လူ့အခွင့်အရေးအစစ်အမှန်ရရှိရေး၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ထူထောင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဖြေရှာရေးဆိုတာတွေဟာ ကျနော်တို့ ရင်ထဲမှာရှိနေပြီးသား၊ ဒါတွေကို အောင်မြင်အောင် ဆက်ဆောင်ရွက်သွားမယ်လို့ ကျနော်တို့အားလုံးက သန္နိဋ္ဌာန်ချထားပြီးသား။ အဲတော့ အခိုက်အတန့်အဖြစ် အခုလို ပါတီအဖြစ်နဲ့ မှတ်ပုံမတင်သော်လည်းဘဲ ကျနော်တို့ယုံကြည်တဲ့၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုကို ခံယူတဲ့ ကျနော်တို့ တရားတွေကတော့ ဒီအတိုင်းပဲ ရှိနေတာဗျ။

ကျနော်ဆိုရင် ကျနော် ဘာဆိုတာ ပြောနေစရာမလိုဘူး။ ကျနော်ဘယ်သူဆိုတာသိတယ်။ ဘာလုပ်နေတာဆိုတာ သိတယ်။ ကျနော်ဘာရည်ရွယ်တယ်ဆိုတာသိတယ်။ ထို့အတူ နယ်ရောက်သွားတဲ့အခါ မြို့နယ်စည်းရုံးရေး ကော်မတီဝင်တို့၊ တိုင်းစည်းရုံးရေး ကော်မတီဝင်တို့ ဆိုတဲ့သူတွေကလည်း ကျနော်တို့ ရင်ထဲမှာတော့ အတူတူပဲ။ ကျနော်တို့မှာ ဘာမှပါတီဆိုတာ ပျက်သွားတာ မရှိဘူး။ ကျနော်တို့ ပါတီက မပျက်ဘူး။ ကျနော်တို့က မှတ်ပုံတင်ထားပြီးသားပါတီ။ နောက်ထပ်ထွက်လာတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ကျနော်တို့က ဘယ်လိုမှ တရားမျှတမှုမရှိလို့ မှတ်ပုံမတင်တာသာ ဖြစ်ပေမယ့်လို့ ကျနော်တို့ဟာ တကယ့်အခိုင်အမာ ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဖွဲ့ထားတဲ့ အင်အားစုကြီးဖြစ်တယ်။ အဲဒီလို အင်အားစုကြီးဖြစ်တဲ့အတွက် ကျနော်တို့အချင်းချင်းလည်း အသိအမှတ်ပြုနေတယ်။ ကျနော် ခံစားချက်ပြောရရင် ပြည်သူလူထုကလည်း အသိအမှတ်ပြုနေသေးတယ်။ ကျနော်တို့ကို ဟာ ဒီပါတီက မရှိတော့ဘူးလို့ ပြည်သူလူထုက မေးလည်းမမေးဘူး၊ အရိပ်အကဲလည်းမပြဘူး။ ကျနော်တို့ကို အရင်က အန်အယ်လ်ဒီကလူတွေလို့ပဲ သူတို့သိနေတုန်းပဲ။ အဲလိုသိနေရင် ကျနော်တို့နဲ့ ပြည်သူကြားမှာ ဘာမှ ပြောင်းလဲသွားချက်တွေ မရှိတော့ဘူးဗျ။ အဲလိုနည်းနဲ့ ကျနော်တို့ ကူညီတာတွေကို ဆောင်ရွက်နိုင်တာပါ။

အခုလို ရေအခက်အခဲဖြစ်နေတယ်ဆိုရင် ကျနော်က နယ်ကရဲဘော်တွေကို အခြေအနေမေးရတာပေါ့။ ဘယ်လိုဖြစ်နေလဲပေါ့။ နောက်တခုကလည်း အခြေအနေမှန်တွေကို ရပ်ကျေးက အဖွဲ့ဝင်တွေကလည်း သိနေပါတယ်။ ဘယ်လိုအခြေအနေ ရှိတယ်၊ ဘယ်လောက်အခက်အခဲ ဖြစ်နေတယ်၊ ကူညီမှဖြစ်မယ်ဆိုတာမျိုးတွေ ညှိနှိုင်းပြီးလုပ်တာပါ။

မေး။  ။ ဒေသခံအာဏာပိုင်တွေက ဆရာတို့ အကူအညီပေးမှုတွေကို တစုံတရာ နှောင့်ယှက်ဟန့်တားတာမျိုး ရှိပါသလား။

ဖြေ။  ။ ကျနော်တို့ ပဲခူးတိုင်း သနပ်ပင်မြို့နယ်ထဲမှာ (၁၀) မိုင်လောက်ဝေးတဲ့ ခလပ်ဆိုတဲ့ကျေးရွာကို ကျနော်ကိုယ်တိုင် စေတနာရှင်လုပ်ဖော်ကိုင်ဖက်တွေ ဒေါ်မေ၀င်းမြင့်တို့၊ ဒေါ်အေးအေးမာတို့၊ ဒေါ်ခင်စောမူတို့၊ ဦးကြည်ဝင်းတို့ပါ ပါပါတယ်။ ကျနော်တို့သွားပြီး ကူညီခဲ့တယ်။ ကျနော်တို့ကို လိုက်လံပြီးတော့ ကြည့်တာတွေတော့ ရှိတယ်လို့ ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့ကိုလာပြီး မေးတာမြန်းတာတွေတော့ မလုပ်ဘူး။ ကျနော်တို့ လုပ်ငန်းတွေကို နှောင့်ယှက်ဟန့်တားတာတွေ မရှိပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက ကျနော်တို့ ရွာကိုဆိုင်ကယ်နဲ့သွားတဲ့အခါ အဲဒီဆိုင်ကယ်နဲ့သွားတဲ့ အုပ်ထဲမှာတောင် သူတို့ပါလာတယ်ဆိုတာ သိတယ်။

မေး။  ။ ပြည်သူတွေအနေနဲ့ ဆရာ့တို့ကူညီတဲ့အပေါ် တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ ပြည်သူတွေကတော့ အခက်အခဲကြုံနေရတာကိုးဗျာ။ အကူအညီလာပေးတာကို တကယ့်ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲပေါ့။ ပြည်သူတွေကလည်း သိဖူးကျွမ်းဖူးတဲ့ပုံစံမျုးဗျ။ အဲလိုပဲ သိဟောင်းကျွမ်းဟောင်းလို လက်ခံပြီး ဆက်ဆံကြပါတယ်။ ကျနော်တို့ လူမှုရေးလုပ်ငန်းလုပ်တာကို ပြည်သူတွေကလည်း မပြောဘဲနဲ့သိနေတယ်။ ကျနော်တို့က စေတနာနဲ့ လုပ်တာဆိုတော့ ထိရောက်တယ်၊ အောင်မြင်တယ်လို့ ပြောချင်ပါတယ်။

မေး။  ။ ပြည်သူကို မျက်နှာမူတဲ့၊ နိုင်ငံရေးအခြေခံတဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်သွားမယ်ဆိုတဲ့ ဆရာတို့ရည်းမှန်းချက် အထမြောက် အောင်မြင်တယ်လို့ ဆိုလိုတာပါလား။

ဖြေ။  ။ ကျနော်ကတော့ ထိရောက်တယ်၊ အောင်မြင်တယ်လို့ ယူဆတယ်။ ပြည်သူလူထုရဲ့ နေ့စဉ်စားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းတာဟာ နိုင်ငံရေးပဲလို့ ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြောဖူးပါတယ်။ နိုင်ငံရေးဆိုတာ အဲဒါပဲတဲ့။ အဲဒါကို မွန်မြတ်တဲ့စေတနာနဲ့ လုပ်ကြတဲ့။ ကျနော်တို့လည်း အဲလိုခံစားတယ်။ ကျနော်တို့ အဲဒီလိုလုပ်တဲ့အခါကျတော့ ပြည်သူလူထုက ကျနော်တို့ကို အားကိုးတာပေါ့။ သူတို့အခက်အခဲ လာကူညီဖြေရှင်းပေးတဲ့သူ တကယ်စေတနာနဲ့လုပ်ရင် အားကိုးတာပေါ့။ ကျနော်တို့က အမိန့်အာဏာသုံးပြီးတော့ စီစဉ်တာမဟုတ်ဘူး။ ကျနော်တို့က တကယ့်ကို ပင်ပန်းဆင်းရဲခံပြီးတော့ သူတို့ဆီ ဖြစ်အောင်လာတယ်။ သူတို့အခက်အခဲကို တွေ့ပြီးတော့ မေးတယ်။ အဲဒါကိုက ကျနော်တို့လုပ်ငန်း တ၀က်အောင်မြင်နေပြီ။ အဲလိုမှ ပြည်သူလူထုက နိုင်ငံရေးသမားဆိုတာကို အားကိုးမှာ။ နိုင်ငံရေးသမားဆိုတာ ဘာလဲဆိုတာ ပြည်သူလူထုက သူ့ဖာသာသူ ရင်ထဲက နားလည်မှာ။ နိုင်ငံရေးသမားဟာ ဒီမိုကရေစီရရှိရေးအတွက် ဘယ်လိုဆေင်ရွက်ရမယ်ဆိုတာကို စည်းရုံးသိမ်းသွင်း ဆွဲခေါ်တဲ့အခါမှာ ပြည်သူလူထုက သူတို့ရဲ့ တကယ့်ခေါင်းဆောင် အစစ်အမှန်ကို ရွေးတင်ပြီးတော့ အဲဒီမှာ ဒီမိုကရေစီစနစ် ဆိုတာကို လက်တွေ့ရောက်မှာကိုးဗျ။ ကျနော်တော့ အဲလို မြင်ပါတယ်။

မေး။  ။ အခု ဆရာတို့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ထံက တစုံတရာ အမှာစကားပါးတာများ ရှိပါသလား ဆရာ။

ဖြေ။  ။ ကျနော် ဦးဉာဏ်ဝင်းက တဆင့်ပေါ့လေ။ ကျနော့်ဆီကို ပါးလိုက်တဲ့ လုပ်ငန်းကတော့ ရေအခက်အခဲလုပ်ငန်းတွေကို  ဆက်ပြီးတော့ ကြိုးစားဆောင်ရွက်ပါတဲ့။ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အကျိုးပြုနိုင်အောင်လည်း ကြိုးပမ်းပြီး ဆောင်ရွက်ပါတဲ့။ လူငယ်တွေရော၊ အမျိုးသမီးတွေရော အကုန်လုံး အင်အားပြည့် ဆောင်ရွက်နိုင်အောင် ကြိုးစားပါတဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုမှာပါတယ်။

မေး။  ။ ဆရာ့အနေနဲ့ ပြည်သူလူထုထံ ခေတ်ပြိုင်ကတဆင့် ဘာများ အထူးအမှာစကားပြောကြားလိုပါသလဲ။

ဖြေ။  ။ အထူးပြောစရာတော့မရှိပါဘူး။ ကျနော်တို့ကတော့ နိုင်ငံရေးရည်မှန်းချက်ရှိတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်တာဟာလည်း တကယ်တော့ ကျနော်တို့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ရမယ်လို့ ယုံကြည်စွာ ဆောင်ရွက်နေတာပါ။

အခု ကျနော်တို့ထဲကနေ ခွဲထွက်သွားတဲ့လူတွေက ကျနော်တို့လူမှုရေးလုပ်တာပဲ ဒါဟာ နိုင်ငံရေးအဆင့်ကျသွားပြီလိုလို ပြောနေတာတွေ ရှိပါတယ်။ ဒါတွေဟာ လုံးဝမဟုတ်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်ငန်းဟာ နိုင်ငံရေးလုပ်ငန်းပဲလို့ ကျနော်ပြောချင်တာတခု။ နောက်တခုက နယ်မှာ ကျနော်တို့  ကြားနေရတယ်၊ တချို့သူတွေက မေးတယ်။ ထင်ယောင်ထင်မှား ကိုယ်ပွားပါတီဆိုလား ဘာလားဆိုတာ။ မဟုတ်ဘူးဆိုတဲ့အကြောင်းလည်း ကိုယ့်ရဲဘော်တွေကို ကြုံတဲ့အခါ ပြောရသေးတယ်။ အန်အယ်လ်ဒီဆိုတာ ကျနော်တို့ကိုယ်တိုင်က မှတ်ပုံမတင်ဘဲ ဘာလို့ထပ်ပြီးတော့ ကိုယ်ပွားပါတီလို့ ဖွဲ့မလဲ။ မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းရတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ခေါင်းဆောင်ပဲ ဆိုတာမျိုး ပြောတာမျိုးတွေပေါ့ဗျာ။ နယ်တွေမှာပေါ့ဗျာ၊ ရင်းနှီးတဲ့သူတွေကနေ မေးတာမျိုးတွေ ရှိတယ်။ အဲဒါတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူး ပြောထားပြီးပြီလေ။

နိုင်ငံရေးသမားတွေဟာ သိက္ခာရှိရှိ ကိုယ့်ကိုယ်ကိုယ် ပြတ်ပြတ်သားသား ဆောင်ရွက်သင့်တယ်။ ဒါမှပဲ ပြည်သု့အကျိုး တကယ်ဆောင်ရွက်တဲ့ နိုင်ငံရေးသမားကောင်းတွေ ဖြစ်မယ်၊ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်မယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။

ရင်းမြစ်။ ။ခေတ်ပြိုင်

လိုင်လာ ဆိုင်ကလုံးမုန်တိုင်း စစ်တွေသို့ ဝင်ရောက်ဖွယ်ရှိ

ချင်းမိုင် (မဇ္ဈိမ) ။      ။ ဘင်္ဂလားပင်လယ်အော် တောင်းပိုင်းမှ စခဲ့သည့် လိုင်လာ ‘Laila’ ဆိုင်ကလုန်း မုန်တိုင်းသည် နောက်ထပ် ၃ ရက် အကြာတွင် မြန်မာနိုင်ငံ စစ်တွေမြို့ဘက်သို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင် က ပြောသည်။

ယင်းမုန်တိုင်းသည် ယခုအခါ အိန္ဒိယနိုင်ငံ ကမ်းရိုးတမ်းတလျောက်ရှိ ကုန်းပိုင်းဒေသတွင် ၁ နာရီ လျင် ၁၄၀ ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်လျက်ရှိပြီး နောက်ထပ် ၇၂ နာရီအကြာတွင် စစ်တွေမြို့ဘက်သို့ ဦးတည် ဝင်ရောက်ဖွယ်ရှိသည်ဟု ဆိုသည်။

“ကျနော်တို့တွက်လိုက်တဲ့ အခါမှာ ရခိုင်ပြည်နယ် မြောက်အစွန်းဘက်ကို ဝင်နိုင်တာပေါ့နော်။ ကုန်းပိုင်းအတိုင်း တောက်လျောက်သွားမယ်ဆိုရင်တော့ မုန်တိုင်းက အားပျော့သွားနိုင်ပါတယ်။ မိုးသဲသဲထန်ထန်ရွာလောက်ရုံပဲ ဖြစ်မှာပါ။ ရေထဲကနေဖြတ်ပြီး ဝင်မယ်ဆိုဆိုရင်တော့ ပြန်ပြီး အားပြင်းသွားနိုင်ပါတယ်” ဟု ဦးထွန်းလွင်က မဇ္ဈိမ ကို ပြောသည်။

မုန်တိုင်းသည် လတ်တလော အိန္ဒိယနိုင်ငံကုန်းပိုင်းဒေသများတွင် ၁ နာရီလျင်မိုင် ၁၄ဝ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေသော်လည်း ရခိုင်ပြည်နယ်သို့ ဝင်ရန် နောက် ၃ ရက်ကြာဦးမည်ဖြစ်သဖြင့် တိုက်နှုန်းအား အတိအကျကို ကြိုတင်ပြောဆိုနိုင်ခြင်း မရှိသေးဟု သူက ပြောသည်။

“အိန္ဒိယကုန်းပိုင်းဒေသတွေကို ဝင်နေပါတယ်။ တော်တော်လေး ပြင်းတယ်လို့ သိရပါတယ်။ အမှန်ကတော့ မိုးတွင်းကာလမှာ အနောက်မြောက်ကို ဆက်သွားရမှာပါ။ အခု မုတ်သုန်က မဝင်သေးတော့  အဲဒီအနောက် မြောက်ဘက်ကို သွားလို့မရတော့ဘူးပေါ့။ အဲဒီတော့ ဒီဘက်ကို ကွေ့လာတာပေါ့” ဟု သူကပြောသည်။

ယင်း လိုင်လာ ဆိုင်ကလုန်းသည် ယခုလ ၁၇ ရက်နေ့က ဘင်္ဂလားပင်လယ်တောင်ပိုင်း လေဖိအားနည်း ရပ်ဝန်းမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ၁၈ ရက်နေ့တွင် မုန်းတိုင်းငယ်အဖြစ်သို့ အင်းအားကြီးထွားလာခဲ့ကာ “လိုင်လာ” ဟု အမည် တပ် နိုင်လောက်သည့် အားကောင်းသော အဝါရောင်အဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

စင်္ကာပူအခြေစိုက် ရေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာတင်ထွန်းမြင့်ကမူ မုန်တိုင်းသည် အိန္ဒိယနိုင်ငံမှ တဆင့် ဘင်္ဂလားဒေရှ့်နယ်စပ်နှင့် ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်နိုင်သော်လည်း စိုးရိမ်ဖွယ်ရာအဆင့်တွင် ရှိတော့မည် မဟုတ်ဟု သုံးသပ်သည်။

“မြန်မာနိုင်ငံဘက်ကို လည်သွားမယ်ဆိုရင် အဲဒီအချိန်ကျလို့ရှိရင် ရေမိုင်က တနာရီကို ၂၅ မိုင်ကနေ ၃ဝ အကြားပဲ ရှိတော့မယ်။ စိုးရိမ်စရာအဆင့် မရှိတော့ပါဘူး။ သူ လိုချင်တဲ့ ရေငွေ့ မရတော့တဲ့အတွက် ကုန်းပိုင်းဒေသမှာတင် ပျော့ကျသွားပါလိမ့်မယ်” ဟု ဒေါက်တာတင်ထွန်းမြင့်က ပြောသည်။

“မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်” များ ပါဝင်သည့် ယနေ့ထုတ် သတင်းစာ၌မူ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ Laila သည် အားကောင်းသည့်အဆင့် ရောက်နေသော်လည်း မြန်မာနိုင်ငံသို့ ဝင်မည် မဟုတ်ဟု ဖော်ပြထားသည်။

မုန်တိုင်း၏ “အမြင့်ဆုံး လေတိုက်နှုန်း” မှာ တနာရီ ၇၅ မိုင်ခန့် ရှိသည်ဟုလည်း ဆိုထားသည်။
မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး တခါတရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးပြီး လေပြင်း တိုက်စဉ် “ရေပြင်မြေပြင်” လေသည် တနာရီ မိုင် ၄ဝ အထိရှိမည်ဟု ရေးသားထားသည်။

ဆိုင်ကလုန်းမုန်တိုင်းအမည် "Laila" သည် ပါကစ္စတန်နိုင်ငံက အကြံပြုထားသည့် အမည်ဖြစ်ပြီး ယခု မုန်တိုင်းပြီး နောက်တကြိမ် မုန်တိုင်းဖြစ်လျင် သီရိလင်္ကာနိုင်ငံက အကြံပြုထားသော "Bandu" ဟု သတ်မှတ်မှာဖြစ်သည်။

Thursday, May 20, 2010

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှု လက်မခံတဲ့ကိစ္စ ဝေဖန်

မြန်မာနိုင်ငံမှာ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအဆင့်မီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် နိုင်ငံတကာက စောင့်ကြည့်သူတွေကို လက်ခံပြီးတော့ မီဒီယာလွတ်လပ်ခွင့် ပေးသင့်တဲ့အကြောင်း ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေသူတွေက ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာက လေ့လာစောင့်ကြည့်မယ့် သူတွေကို လက်မခံဘူးလို့ ပြောဆိုလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ခုလို တုံ့ပြန်ပြောဆိုသံတွေ ထွက်ပေါ်လာတာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပါမယ်။

ရွေးကောက်ပွဲမှာ နိုင်ငံတကာက  အဖွဲ့အစည်းတွေ လေ့လာသူတွေကို လက်ခံပြီး စောင့်ကြည့်ခွင့်ပေးမယ်ဆိုရင် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ပိုပြီး ရနိုင်မယ်ဆိုပြီး ပြည်တွင်းနိုင်ငံရေးအင်အားစုတွေက ပြောဆိုနေပါတယ်။ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက သူ့သဘောထားကို ခုလို ပြောပါတယ်။

“တသီးပုဂ္ဂလ လူပုဂ္ဂိုလ်တွေ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲကို လာရောက်စောင့်ကြည့်ခြင်းဖြင့် International Legitimacy ဖြစ်ရေးကိစ္စပေါ်မှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုကို နိုင်ငံတကာက ဘယ်လောက် အတိုင်းအတာအထိ အသိအမှတ် ပြုနိုင်သလဲဆိုတဲ့ဟာကို သူတို့ မှတ်ကျောက်တင် ခံသင့်ပါတယ်။ အဲလိုမှ မဆောင်ရွက်ဘူးဆိုရင် အခုကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ Mr. Campbell ပြောသလိုပဲ International Legitimacy ဖြစ်ရေးအတွက်တော့ တအား အားနည်းသွားနိုင်တယ်ဆိုတဲ့ သဘော ရှိနေပါတယ်။”

ရွေးကောက်ပွဲအခြေအနေတွေကို နိုင်ငံတကာနဲ့ ပြည်သူတွေ သိနိုင်ဖို့ မီဒီယာ လွတ်လပ်ခွင့်လည်း လိုအပ်တယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

"လေ့လာစောင့်ကြည့်သူတွေမပေးရင်တောင် မီဒီယာ လွတ်လပ်ခွင့်တော့ အနည်းဆုံး ခွင့်ပြုသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါမှသာလျှင်  မီဒီယာတွေကနေပြီးတော့ ရွေးကောက်ပွဲမှာ ဘယ်လောက်တရားမျှတတယ်ဆိုတဲ့ အခြေနေတရပ်ကို ပြည်ပမှာ ရှိနေတဲ့ မီဒီယာတွေ ၀င်ရောက်လာမှသာလျှင် ဒီအခြေနေဟာ မြန်မာနိုင်ငံမှာ ပေါ်လွင်ထင်ရှားမှုတခု ဖြစ်လာမှာပါ။ နို့မို့ဆိုရင် မြန်မာနိုင်ငံအတွင်းမှာပဲ ဒီမြန်မာနိုင်ငံ စာပေစိစစ်ရေးက ခွင့်ပြုနေတဲ့ ဂျာနယ်တွေလောက်ရဲ့ သဘောထားလောက်နဲ့ပဲဆိုရင်တော့ ဒီအခြေအနေမှန်တွေကို နိုင်ငံတကာက မသိနိုင်သလို နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့အတွက်လည်း ဝေးသွားနိုင်ပါတယ်။"

လက်ရှိအနေအထားဟာ ပေးထားတဲ့ အခြေနေပေါ်ကနေပြီး အကောင်းဆုံးဖြစ်အောင် ရွေးချယ် လုပ်ကိုင်နေရတာ ဖြစ်တဲ့အကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ ၁၉၉၀ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်အစိုးရဘက်က နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို လက်မခံခဲ့ပေမဲ့ စစ်အစိုးရအနေနဲ့ ဒိုင်လူကြီးတယောက်အနေနဲ့ သမာသမတ်ဖြစ်အောင် ကျင်းပပေးခဲ့တဲ့ အကြောင်း အဲဒီအချိန်က ကျောက်တန်းမြို့နယ်က ရွေးချယ်ခံခဲ့ရတဲ့ လက်ရှိ ဒီမိုကရေစီအင်အားစုပါတီက ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။ ဒါပေမဲ့လည်း အခုတကြိမ် ရွေးကောက်ပွဲမှာတော့ ၁၉၉၀ခုနှစ်တုန်းကလောက် မမျှော်လင့်နိုင်ဘူးလို့ သူက ဆိုပါတယ်။

မမျှော်လင့်ဘူး။ မမျှော်လင့်ဘူးဆိုတာက အခြေအနေတွေက အများကြီး ကွာခြားသွားပြီ။ အထူးသဖြင့် ဒီရွေးကောက်ပွဲဟာ ဘယ်လောက်ထိ လွတ်လပ်မလဲ၊ ဘယ်လောက်ထိ တရားမျှတမလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ၉၀ခုနှစ်ရွေးကောက်ပွဲလောက်အထိ တရားမျှတမယ်၊ လွတ်လပ်မယ်ဆိုရင်တော့ အနည်းဆုံး အဲဒီ ၉၀တုန်းကလောက်ထိ ဖြစ်မှာပေါ့။ အားလုံးဟာ အဲဒီအပေါ်အများကြီး မူတည်ပါတယ်။

ဒေါက်တာသန်းငြိမ်း ပြောပြသွားတာပါ။ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွေ့အကြုံ ရှိပြီးသားဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေအရ၊ နည်း ဥပဒေအရ ပြဋ္ဌာန်းချက်တွေ သေချာ ချမှတ်ထားသလိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ သေချာတဲ့အတွက် နိုင်ငံတကာအဖွဲ့တွေ လာရောက်ဖို့ မလိုဘူးလို့ ပြောဆိုပါတယ်။ ရန်ကုန်မြို့ခံတချို့ကတော့ ဒီပြောဆိုချက်အပေါ် ခုလို တုံ့ပြန်ပါတယ်။

“စောင့်မကြည့်ဘူးဆိုရင်တော့ လုပ်ချင်ရာ လုပ်ချလိုက်မှာပဲ။ ဒါပေမဲ့ လုပ်ပြီဆိုကတည်းက ဒါ မတရားဘူးဆိုတာကြီးက လူတိုင်း သိနေတဲ့ ဟာကြီးပဲ”

“စောင့်ကြည့်မယ့်သူတွေ မပါဘူးဆိုရင် တရားမျှတမှုမရှိဘူးပဲ၊ အရင်ကတည်းကလည်း သူတို့က လုပ်ချင်ရာ လုပ်ထားတာပဲ၊ ဘာမှန်းလဲ မသိဘူး၊”

“ခုနပြောသလိုပဲ၊ အမှားလည်း အမှန်လုပ်လိုက်မှာပဲ၊ အမှန်လည်း အမှန်လုပ်လိုက်မှာပဲ၊ ဒါကြောင့် ဒီမဲကိစ္စကို လုံးဝ စိတ်ဝင်စားမှုမရှိဘူး။”

မြန်မာစစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူ တွေကို လက်မခံဘူးလို့ ပြောဆိုထားတာနဲ့ လက်ရှိအခြေအနေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေအပေါ် ရန်ကုန်မြို့ခံတွေရဲ့ သဘောထားအမြင်တွေပါ။

ရင်းမြစ်။ ။http://www1.voanews.com/burmese/news/2010-election-react-05-19-10-94347279.html

၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတကာက မြန်မာများ ကျင်းပကြမည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီအား ထောက်ခံမှု ပြသည့် သဘောဟု ဆို


လာမည့် ဇွန်လ ၁၉၊ ၂၀၁၀ သည် မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၁၉၈၉မှ စ၍ ယခု ၂၀၁၀ အထိ၊ အနှစ် ၂၁ နှစ် တိုင်တိုင် စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဖိနှိပ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းများကို ကြံ့ကြံ့ခံပြီး သူမကဲ့သို့ စစ်အာဏာရှင်စနစ်၏ ချုပ်နှောင်မှုအောက် ကျရောက်နေသော မြန်မာပြည်ကြီးနှင့် မြန်မာပြည်သားများကို ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးသို့ ရဲရဲရင့်ရင့် ဦးဆောင်မှုပေးနေသော အမျိုးသား ခေါင်းဆောင်တဦးလည်း ဖြစ်သည်။
          ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာတ၀ှမ်းရှိ မြန်မာများနှင့် မြန်မာပြည်ချစ်သူများက အခမ်းအနားများ ကျင်းပကြရန် စီစဉ်လျက်ရှိသည်ဟု ကြားသိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ အနှစ် ၂၀ ကျော် ချီတက်လျက်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - အင်န်အယ်ဒီ ပါတီကိုလည်း အများပြည်သူတို့က ဆက်လက် ထောက်ခံ ၀န်းရံလျက်ရှိကြောင်း ထုတ်ဖော်ပြသသည့် သဘောပင်ဖြစ်သည်ဟု အခမ်းအနားကျင်းပရန် စီစဉ်နေသူတို့က မိုးမခသို့ ပြောကြားသည်။
          လက်ရှိ အတည်ပြုထုတ်ပြန်သော မွေးနေ့အခမ်းအနားတခုမှာ - အယ်လ်အေမြို့ အခြေစိုက် - အယ်အေသြဂနိုက်ဇာဖော်ဘားမား အဖွဲ့၏ အခမ်းအနားဖြစ်သည်။ ဇွန်လ ၂၀ ရက် မနက် ၁၀ နာရီ ခွဲက စတင်ပြီး “မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း”၊ လာပွန်းတေးအရပ်တွင် ကျင်းပမည်ဟု ဆိုသည်။ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်အတွင်းရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်အနက် ယခုပွဲတော်က တဆင့် ဦးရေ ၂၀ ကို လူမှုရေး၊ ကျန်းမာရေး ထောက်ပံ့မှုများ ပြုလုပ်ရန် စီစဉ်မည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံ၏ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားခြင်းကို ထုတ်ဖော်သည့်သဘောဟု ဆိုသည်။
          အဆိုပါ မွေးနေ့အခမ်းအနားကဲ့သို့ အခြား မြို့ရွာများကလည်း ကျင်းပကြမည် ဖြစ်ရာ ဆန်ဖရန်စစ္စကို၊ နယူးယောက်နှင့် ၀ါရှင်တန်ဒီစီ ဧရိယာတို့ရှိ မြန်မာမိသားစုများ၊ မြန်မာ့အရေး စိတ်ဝင်စားသူများ၊ မြန်မာပြည်ချစ်သူများက စီစဉ်နေကြပြီဟု သတင်းများ ကြားနေရပြီ ဖြစ်သည်။
          မိုးမခသို့ ဒင်းဗားအရပ်နေ မြန်မာတဦးက သဘောထားကို ထုတ်ဖော်ပြောကြားရာတွင် -
         ၂၀၁၀ မေလ ၂၇ ရက်နေ့သည် ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် အနှစ် ၂၀ မြောက် နေ့ ဖြစ်ကြောင်း၊ ယခု အနှစ် ၂၀ ကြာသည်အထိ စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ဖြစ်သည့် အနိုင်ရ အင်န်အယ်ဒီပါတီနှင့် အခြားတိုင်းရင်းသားပါတီများကို ငြင်းပယ်နေဆဲ် ဖြစ်ကြောင်း၊ သို့သော်လည်း ယခု ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက အဓမ္မဆောင်ရွက်ရန် ကြိုးစားနေချိန်တွင် မြန်မာပြည်သူအားလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီကို ထောက်ခံ ယုံကြည်ဆဲပင် ဖြစ်ကြောင်း၊ ယခုနှစ်တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရှိနေသာ ပြည်ပရောက် မြန်မာတို့က ပြည်တွင်းက အချုပ်နှောင်ခံ၊ အဖိနှိပ်ခံ၊ ဆင်းရဲဒုက္ခမျိုးစုံ ရောက်နေသော မြန်မာပြည်သူတို့ကိုယ်စား အခမ်းအနားများ၊ လှုပ်ရှားမှုများ၊ အားပေး ထောက်ခံမှုများ ပြုလုပ်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
 
ရင်းမြစ်။ ။မိုးမခ

အန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် ဦးစိုးမြင့် ကွယ်လွန်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သခင်စိုးမြင့် (၈၇ နှစ်) သည် လူကြီးရောဂါဖြင့် ယနေ့ နေ့လည်ပိုင်း ၁ နာရီခွဲတွင် ရန်ကုန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။

ရန်ကုန်တိုင်း အန်အယ်ဒီ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ သခင်စိုးမြင့်သည် တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ဆုံးပါးသွားခြင်း ဖြစ်သည်။

''တနာရီခွဲမှာ အိမ်မှာ ရိုးရိုးတန်းတန်း အိပ်နေရင်းကနေ ဆုံးသွားတာ။ နှလုံးကြောင့်မို့တော့ ထင်ပါတယ်။ အိမ်နားက ဆရာဝန်ကတော့ လာပြီးတော့ သေဆုံးကြောင်း အတည်ပြုပါတယ်။ သူ့မှာ ရင်ကျပ်တဲ့ ရောဂါတော့ ရှိတယ်။ နှလုံး အားနည်းတာလည်း ရှိတယ်။ ခဏခဏ မူးလဲတတ်ပါတယ်။ အခုဟာက သက်တောင့်သက်သာပဲ ဆုံးသွားတာပါ'' ဟု မြေးတဦးဖြစ်သူ မခိုင်ဝင့်ရည်က မဇ္ဈိမကို ပြောသည်။

သေဆုံးချိန်တွင် သားသမီး ၅ ဦးနှင့် မြေး ၁၁ ဦး ကျန်ရစ်ခဲ့သည်။

ဦးစိုးမြင့် (ခ) သခင်စိုးမြင့်

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

၁၉၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးရှိန်ဖြစ်သည်။ မြောင်းမြမြို့၌ အင်္ဂလိပ်-မြန်မာ ၆ တန်းအထိ ပညာသင်ကြားခဲ့သည်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နှင့် ဖက်ဆစ်တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်၊ ပြည်သူ့အရေးတော်ပုံပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ၌ မြောင်းမြခရိုင် ဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗတလစ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဆိုရှယ်နီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၁၉၅၃ ခုနှစ် ဗီယင်နာ ကမ္ဘာ့လူငယ်ညီလာခံ ကိုယ်စားလှယ်ဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။

အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စသဖြင့် ဘဝများစွာ ကျင်လည်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုလယ်သမားများအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဂန္ဓီခန်းမ ဆုံးဖြတ်ချက်အတိုင်း နဝတ က လွှတ်တော်ခေါ်ယူခွင့်မပေးလျှင် လုပ်ဆောင်သင့်သည့် နည်းလမ်းသုံးသွယ် စာတမ်းကို ရေးသားပြုစုရာတွင် ပါဝင်ခဲ့သဖြင့် ခေတ္တ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ် စက်တင်္ဘာ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၌ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားသော ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရာမှ ၂ဝဝ၃ ခုနှစ်၊ နိုဝင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လွတ်သည်။

ဇနီးမှာ ဒေါ်အေးကြွယ်ဖြစ်ပြီး သားသမီးများမှာ ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်ချိုချိုမြင့်နှင့် ဒေါ်သင်းသင်းမြင့်တို့ ဖြစ်ကြသည်။

Wednesday, May 19, 2010

စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများကို မီးဖြတ် ကုန်ဈေးနှုန်း မြင့်တက်လာဖွယ်ရှိ


ရန်ကုန်တိုင်းအတွင်းမှ စက်မှုဇုန်များ၊ မြို့တွင်းမှ လျှပ်စစ်မီးအသုံးပြု စက်မှုလက်မှု လုပ်ငန်းများ၊ ကုန်တိုက်၊ စူပါမားကက်၊ ဟိုတယ်၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း အားလုံးကို လျှပ်စစ်မီးပေးမှု လုံးဝ ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်မတီက အတည်ပြုပြောဆိုသည်။

ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးဌာနမှ တယ်လီဖုန်း ဖြေကြားသူတဦးက “ပြည်သူတွေကို မီးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလ (၁၅) ရက်က စပြီး စီးပွားရေးလုပ်ငန်းတွေကို ဖြတ်လိုက်တာပါ။ နေအိမ်တွေ မီးမရတော့ ရေတင်ရခက်ခဲတာ၊ အဲကွန်း၊ ပန်ကာ မသုံးနိုင်တော့ သက်ကြီးရွယ်အိုတွေ ခံနိုင်ရည်မရှိတော့ဘဲ သေဆုံးတာ အဲဒါတွေကို လူကြီးတွေ ပူပန်လို့ ခုလို လုပ်တာပါ။ နေအိမ်တွေကို အုပ်စုခွဲပြီး အခု တရက်ကို မီး (၆) နာရီ ပေးပါမယ်” ဟု ယနေ့ ရှင်းပြသည်။

ထို့ကြောင့် စက်မှုလက်မှု လုပ်ငန်းများသည် အချိန်ပြည့် မီးစက်များကို အသုံးပြုရတော့မည်ဖြစ်ပြီး ကုန်ဈေးနှုန်းများလည်း ကြီးမြင့်လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

ရာသီဥတု ပူပြင်းလွန်းခြင်း၊ လျှပ်စစ်ဓာတ်အားမရ၍ ရေမတင်နိုင်ခြင်း၊ နေအိမ်တွင်း မနေနိုင်ခြင်း စသည့် အခက်အခဲပေါင်းများစွာ ကြုံနေရသည့် ရန်ကုန်ပြည်သူများအကြား ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့များ ပုံမှန် ကင်းလှည့်နေရကြောင်းလည်း ပန်းဆိုးတန်း လဝကရုံးမှ ရဲအရာရှိတဦးက ပြောသည်။

လှိုင်သာယာ စက်မှုဇုန်တွင် ရေခဲစက်တည်ထားသူတဦးက ၎င်းတို့အနေဖြင့် အချိန်ပြည့် မီးစက်ကြီးလည်ပြီး အလုပ်လုပ်နေရခြင်းကြောင့် ကုန်ကျစရိတ် များလာသည့်အပြင် ရေခဲကို အလျဉ်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိတော့ကြောင်း ပြောသည်။

ယခုကဲ့သို့ မီးပျက်နေသည့်အတွက် အလတ်တန်းစား စားသောက်ဆိုင်တဆိုင်တွင် တရက်လျှင် ဒီဇယ် (၁၅) ဂါလန်ခန့် အသုံးပြုနေရပြီး ကုန်ကျစရိတ် (၅) သောင်းနီးပါး၊ တလလျှင် ကျပ်(၁၅) သိန်းခန့်ရှိပြီး ရန်ကုန်မြို့ (၅၅) လမ်းရှိ ပုံနှိပ်စက်တို့မှာ တရက်ပျမ်းမျှ ဂါလန် (၈ဝ)၊ ကုန်ကျစရိတ် (၂) သိန်းခွဲ၊ တလလျင် (၇၅) သိန်းခန့် အပိုကုန်ကျကာ လှိုင်သာဘက်မှ အအေးခန်းစက်ရုံများအပါအဝင် စက်ရုံကြီးတို့တွင် တနေ့ ဒီဇယ်ဂါလန် (၂ဝဝ) အထက်သုံးရပြီး တရက် ကျပ် (၆) သိန်း၊ တလ ကျပ်သိန်း (၁၈ဝ) ခန့် အပိုကုန်ကျနေရကြောင်း သိရသည်။

လုပ်ငန်းသုံးပါဝါမီတာများ မသုံးရတော့သည့်အတွက် လုပ်ငန်းရှင်များက ဒီဇယ်ဆီများ ၀ယ်ယူ အသုံးပြုရမည်ဖြစ်ရာ ဒီဇယ် တဂါလန်လျှင် (၃,၂၀၀) ကျပ်မှ (၃,၃၀၀) ကျပ်ထိ ဈေးမြင့်တက်လာနေကြောင်း ဆီကုန်သည်များက ပြောသည်။

အစိုးရက စီးပွားရေးသမားများရော၊ ပြည်သူများကိုပါ လျှပ်စစ်မီးရရှိရေး မဆောင်ရွက်ပေးနိုင်သည့်အတွက် ပြည်သူများမှာ ကိုယ့်ဘာသာကိုယ် ငွေကုန်ကြေးကျခံနေကြရကြောင်း စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

၎င်းက “ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ မလာတဲ့အထဲမှာ လျှပ်စစ်မီးကိစ္စလည်း ပါဝင်တယ်။ မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ ခုလို လျှပ်စစ်မီး မရရှိမှု၊ တယ်လီဖုန်း၊ ကား ဈေးနှုန်းတွေ မတန်တဆ ကြီးမြင့်မှု စတဲ့ အခြေအနေတွေကြောင့် ဘယ် အာဆီယံနိုင်ငံတွေကိုမှ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး” ဟု ပြောဆိုသည်။

အစိုးရက ရန်ကုန်မြို့နေ ပြည်သူများကို တရက် လျှပ်စစ်မီး (၆) နာရီ ပေးမည်ဟု ကြေညာထားသော်လည်း မီးပေးနေသည့် အချိန်အတွင်း အကြိမ်ကြိမ်ပြတ်တောက်ခြင်း၊ အချိန်အနည်းငယ်သာ မီးရခြင်းမျိုးလည်း ကြုံရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ထိုသို့ ပြည်သူများ မီးပုံမှန်မရရှိချိန်တွင် နေပြည်တော် အစိုးရရုံး အဆောက်အဦတို့တွင်မူ မီးထိန်ထိန်လင်းပြီး အဲကွန်းများ သုံးနေကြဆဲဖြစ်ကြောင်း၊ ရေပန်းဥယျာဉ်မှာလည်း ညဘက်တွင် ထိန်လင်းနေပြီး လျှပ်စစ်မီး အခက်အခဲ လုံးဝမရှိကြောင်း နေပြည်တော် ပြည်တွင်းအခွန်ဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတဦးက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက ၂ဝဝ၈ ခုနှစ်တွင် တနိုင်ငံလုံး လျှပ်စစ်မီး (၂၄) နာရီ ရရှိစေရမည်ဟု ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်အတွင်းက ကတိပေး ပြောဆိုခဲ့ဖူးသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

မြန်မာစစ်အစိုးရက လျှပ်စစ်ဓာတ်အားလိုင်းများကို နယူကလီးယားစမ်းသပ်စက်ရုံများအတွက် သုံးစွဲနေဟု သတင်းထွက်ပေါ်



          မြန်မာပြည် တ၀ှမ်းလုံးတွင် လျှပ်စစ်ဓာတ်အားများ အကြီးအကျယ်ပြတ်တောက်နေသည့်အပြင် ရန်ကုန်ရှိ စက်မှုဇုံများက ပါဝါမီတာလိုင်းများကိုပါ ယာယီဖြတ်တောက်သည့် ဆောင်ရွက်ချက်များကြောင့် ရန်ကုန်မြို့နေ နည်းပညာပညာရှင်အချို့က သုံးသပ်ရာတွင် ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားများကို စစ်အစိုးရ၏ လျို့ဝှက် နယူကလီယားစမ်းသပ် စက်ရုံများအတွက် ဆွဲယူ သုံးစွဲနေသည်ဟု ခန့်မှန်းချက် ထွက်ပေါ်လာသည်။
“မြန်မာပြည်မှာ စွမ်းအင်သယံဇာတ အမြောက်အများရှိတယ်။ သဘာဝဓာတ်ငွေ့တွေကို ပြည်ပကို ရောင်းချနိုင်တဲ့အထိ သူတို့ စီမံခန့်ခွဲနိုင်တယ်။ ပြည်တွင်းမှာ ရေအားလျှပ်စစ်သာမက၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စွမ်းအင်ကို ထုတ်နိုင်တဲ့ အခြေအနေလည်း ရှိတယ်။ နေပြည်တော်မှာ မီးထိန်ထိန်သာတယ်။ ရန်ကုန်နဲ့ မြို့ကြီးတွေကို မီး မပေးချင်လို့ကို မပေးဘဲ ထားတာ။ သည်လိုမျိုး ပြောချင်တယ်” ဟု မိုးမခသို့ လုပ်ငန်းရှင်တဦးက မှတ်ချက်ပေးသည်။
၂၀၀၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်မြို့အနီးတွင် နူကလီယားစီမံကိန်းတခုကို ရုရှားအကူအညီဖြင့် အကောင်အထည်ဖော်နေကြောင်း သတင်းပို့ခဲ့ဖူးသည်။ နယူးကလီးယားစီမံကိန်းဆိုသည်မှာ ယူရေနီယံများကို အသုံးပြုပြီး စွမ်းအင်အဖြစ် အသွင်ပြောင်းခြင်း သို့မဟုတ် ပျက်စီးစေနိုင်သည့် လက်နက်သဖွယ် အသုံးပြုခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။ ထိုစက်ရုံများတွင် လည်ပတ်ရန် စွမ်းအင် အမြောက်အများ လိုအပ်ကြောင်း၊ အင်အားမြင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများကို အများအပြား သွယ်တန်း ချိတ်ဆက်နေရကြောင်း၊ ယခုလက်ရှိ အခြေအနေများကို စောင့်ကြည့်ရန်လိုကြောင်း သုံးသပ်သူ တဦးက မှတ်ချက်ပေးသည်။
(http://www.bangkokpost.com/news/investigation/21362/burma-s-nuclear-bomb-alive-and-ticking ) ဘန်ကောက်ပို့စ်သတင်းပါ အကြောင်းအရာ
၎င်းက သူ့အမြင်ကို ပြောကြားရာတွင် -
“တကယ်တမ်းမှာတော့ သူတို့ တည်ဆောက်နေတဲ့ နူကလီးယား ဓာတ်ပေါင်းဖိုတွေက မြိုင်မှာ တခု၊ နောင်လိုင်မှာ တခု ရှိတယ်လို့ အေဂျင်စီသတင်းတွေအရ သိရတယ်။ အဲသည်မှာ မြေအောက်လှိုင်ခေါင်းတွေ ရှိတယ်လို့လည်း သတင်းတွေက ဆိုတယ်။ အနောက်က အစိုးရတွေ သိရင်တောင်မှ ဒါကို သူတို့က ဖွင့်မပြောဘဲ စောင့်ကြည့်နေသလား မပြောတတ်ဘူး။ လျှပ်စစ်မီးတွေကတော့ ပျက်နေတာက ထုံးစံလို ဖြစ်နေပြီ။ လူတွေကို တမင် ဖိနှိပ်တဲ့အနေနဲ့ မီးကို မပေးတာ ဖြစ်နိုင်သလို၊ သူတို့ဖက်မှာ လိုအပ်တဲ့နေရာတွေကို စွမ်းအင်တွေ ဆွဲယူ သုံးစွဲနေသလားတော့ အတိအကျ မပြောနိုင်ဘူး။ သေချာတာကတော့ စစ်အစိုးရက ရုရှားမှာ နည်းပညာတွေ သွားယူတယ်။ မြောက်ကိုရီးယားကနေ လက်နက်တွေ ၀ယ်ယူတယ်။ နူကလီးယားနည်းပညာကို ဖော်ထုတ်နေတာကတော့ လွန်ခဲ့တဲ့ ၂၀၀၂ လောက်ကတည်းက ဖြစ်တယ်”
ဟု ပြောသည်။
ယခုလက်ရှိအချိန်တွင် သောက်သုံးရေ ခမ်းခြောက်မှုများ၊ မိုးခေါင်မှုများ၊ ရာသီဥတုကပ်ဘေးများ ဆိုးဝါးမှုတို့ ကြောင့် မြန်မာနိုင်ငံသားများ ဒုက္ခများ ရင်ဆိုင်နေရချိန်၊ အသေအပျောက်များ ရှိနေချိန်တွင် လျှပ်စစ်စွမ်းအင်များကို စစ်အစိုးရက ပိုမိုဖြတ်တောက်ထားခြင်းမှာ ရိုးသားမှုမရှိဟု ရန်ကုန်မြို့နေသူတို့က မိုးမခသို့ ပြောကြားကြသည်။
 
ရင်းမြစ်။ ။မိုးမခ

Tuesday, May 18, 2010

နိုင်ငံရေးပါတီနှင့် နိုင်ငံရေးလွတ်လပ်မှု



အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ် မေ (၉) ရက်နေ့၌ နေပြည်တော်သို့ ရောက်ရှိသောအခါတွင် ဒီမိုကရေစီစနစ်ကျင့်သုံးရန် ဆောင်ရွက်နေပုံများကို နအဖပြန်ကြားရေးဝန်ကြီးက ရှင်းပြသည်။ နအဖပြဋ္ဌာန်းထားသည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများသည် နိုင်ငံရေးပါတီများ လွတ်လပ်တရားမျှတစွာ၊ ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ရအောာင် အာမခံချက်ပေးထားကြောင်း” အသံကောင်းဟစ်လိုက်၏။ အသံသာရှိ၍ အဆန်မရှိသော သင်္ကြန်အမြောက်ကို နအဖပြန်ကြားရေးဝန်ကြီးက မစ္စတာကာ့တ်ကမ်ဘဲလ်ရှေ့တွင် ဖောက်ပြလိုက်ခြင်းဖြစ်၏။

နိုင်ငံရေးပါတီများကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်စေလိုပါက ပါတီမှတ်ပုံတင်ဥပဒေ ထုတ်နေစရာမလိုပါ။ မည်သို့ပင်ဖြစ်စေ နအဖကြီးစိုးသော တိုင်းပြည်တွင် နိုင်ငံရေးလုပ်မယ်ဆိုပါက နအဖဥပဒေကို လက်ခံရန်သာ ရှိတော့၏။ ယခုအချိန်အထိ နိုင်ငံရေးပါတီပေါင်း (၃၆) ပါတီ တည်ထောင်ခွင့် လျှောက်လွှာတင်သည့်အနက် (၃၁) ပါတီကို တည်ထောင်ခွင့် ပြုပြီးဖြစ်၏။ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ကို မတ်လ (၈) ရက်က နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထုတ်ပြန်ကြေညာပြီး “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးက မတ်လ (၁၇) ရက်နေ့၌ ကြေညာ၏။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအပေါ် လွှမ်းမိုးနိုင်ပုံကို ယင်းအမိန့်ဥပဒေ (၂) ခု၏ အထွေထွေကဏ္ဍ အခန်း (၅) ၌ ဖော်ပြ၏။

နိုင်ငံရေးပါတီတခုသည် ပါတီအခြေခံဥပဒေနှင့်အညီ မိမိ၏ ပါတီစည်းမျဉ်း (သို့မဟုတ်) နိုင်ငံရေးသဘောတရားကို ပြင်ဆင်သည်ဆိုပါက ယင်းပြင်ဆင်ချက်သည် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ရမှသာ အတည်ဖြစ်သည်ဟု ဆို၏။ ဆိုလိုသည်မှာ ပါတီတခုသည် မိမိဘာသာ ပါတီ -platform ကို ပြောင်းပိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ရမှသာ ပြောင်းနိုင်သည်။ နိုင်ငံရေးပါတီ၌ platform ရှိသည်။ ပါတီ၏ အခြေခံမူဝါဒ၊ ရည်ရွယ်ချက်နှင့် ရပ်တည်ချက်ကို ဖော်ပြသော ပါတီကြေညာစာတမ်းပင်ဖြစ်၏။ ပါတီကြေညာစာတမ်းတွင် ပါတီဝင်များ၏ ခံယူချက်လည်း ပါဝင်ပါသည်။ ပါတီဝင်များ၏ သဘောတူချက်မပါဘဲ အထက်ကချပေးသော ပါတီ platform သည် မခိုင်မြဲပါ။ ပြဿနာကို ဆုံးဖြတ်ရာတွင်လည်း သက်ဆိုင်ရာပါတီဝင်များ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိရပါလိမ့်မည်။ အာဏာရပြီးမှ တည်ထောင်သောပါတီတွင် ပါတီ platform ကို အထက်က ချပေးသည့်အတွက် လက်တွေ့ဘ၀နှင့် သဟဇာတ မဖြစ်သည်ကများ၏။

‘မဆလ’ ဟု လူသိများသော ဗိုလ်နေ၀င်းတည်ထောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် အာဏာရပြီးမှ တည်ထောင်သော ပါတီဖြစ်သည့်အတွက် ပြည်သူ့ဘ၀နှင့်ကင်းဝေးသော ပါတီအဖြစ် ဇာတ်သိမ်းသွားရသည်။ မဆလခြေရာကို လိုက်နင်းနေသူမှာ ကြံ့ဖွံ့ပါတီပင်ဖြစ်သည်။ ကွာခြားသည်မှာ ‘မဆလ’ သည် ပြိုင်ဘက်မရှိသော တပါတီစနစ်ဖြစ်၍ ကြံ့ဖွံ့သည် ပါတီစုံစနစ်ပြိုင်ဆိုင်ရမည်ဖြစ်သဖြင့် အခြားပါတီများကို မလှုပ်နိုင်အောင် ချုပ်ကိုင်နိုင်မှသာ ကြံ့ဖွံ့အနိုင်ရမည်ဖြစ်၏။ နိုင်ငံရေးပါတီခေါင်းဆောင်ပိုင်းကို ကော်မရှင်က အချိန်မရွေးခေါ်ယူ၍ ညွှန်ကြားနိုင်သည်ဟု ဆိုသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများကို စီမံအုပ်ချုပ်သော ကြီးကြပ်ရေးအဖွဲ့ဖြစ်နေ၏။

ရွေးကောက်ပွဲကော်မရှင်ကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းသူသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်၏။ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပိုင်ဖြစ်စေရမည်၊ ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲဆိုပိုင်ခွင့်မရှိ၊ ကော်မရှင်သည် ပါတီများကို ညွှန်ကြားနိုင်သည်၊ ကြီးကြပ်နိုင်သည်၊ (၃) နှစ်အထိ ယာယီရပ်ထားနိုင်ပြီး နောက်ဆုံး၌ ပါတီမှတ်ပုံတင်ကို ပယ်ဖျက်ပြီး ပါတီကိုပါ ဖျက်သိမ်းနိုင်ခွင့်ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ်ပြန်ထား၏။ ပါတီဥပဒေကို သုံး၍ ရွေးကောက်ပွဲ အနိုင်ယူမည့်သဘောဖြစ်၍ နိုင်ငံခြားမှ လေ့လာသူကို အလာမခံခြင်းဖြစ်၏။

အနည်းဆုံး မဲဆန္ဒနယ် (၃) နယ်၌ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိဟု ဆိုသဖြင့် ရွေးကောက်ပွဲမ၀င်ပါက ပါတီအဖြစ် ရပ်တည်ပိုင်ခွင့်မရှိကြောင်း အတိအလင်း ဖော်ပြထားခြင်းဖြစ်သည်။ နအဖကျင်းပသော ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများက အဖြည့်ခံအဖြစ် ပါဝင်နေရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ မပေါ်မီကတည်းက နိုင်ငံရေးပါတီ ပေါ်လာသည်ကို သတိပြုသင့်သည်။ နိုင်ငံရေးပါတီဆိုသည်မှာ ယုံကြည်ချက်တူသူများစုဝေး၍ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ရန် တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်သည်ဟု (၁၈) ရာစု အင်္ဂလန်နိုင်ငံ၌ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ဤအဓိပ္ပာယ်၏ အနှစ်သာရသည် ယနေ့အထိ ရှင်သန်နေဆဲဖြစ်၏။

ယခုခေတ်တွင် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်၍ အာဏာရရန် ကြိုးစားသော အဖွဲ့အစည်းကို နိုင်ငံရေးပါတီဟု ခေါ်ကြသည်။ ရွေးကောက်ပွဲ မ၀င်သောပါတီနှင့် ရွေးကောက်ပွဲမနိုင်သော ပါတီသည် ၎င်းတို့ကို ထောက်ခံသော ပြည်သူလူထုဘက်မှာ ထုတ်ဖော်ပြောဆို၍ အကျိုးဆောင်နိုင်ပါသည်။ အစိုးရသည် တာဝန်သိ/မသိ၊ ပြည်သူ့အကျိုးဆောင်/မဆောင် ဆိုသည်ကိုလည်း စောင့်ကြည့်နိုင်ပါသည်။ ရွေးကောက်ပွဲမ၀င်သော နိုင်ငံရေးပါတီ (သို့မဟုတ်) အဖွဲ့အစည်းသည်လည်း ပြည်သူ့အကျိုး ဆောင်ရွက်နိုင်ပါသည်။ ပြည်သူ့ဆန္ဒကို ပါတီကတဆင့် ထုတ်ဖော်နိုင်သည်။ ပါတီမရှိပါက ပြည်သူ့ဆန္ဒကို ထုတ်ဖော်ရန် မလွယ်ကူပါ။ ပါတီများလေလေ တိုင်းသူပြည်သားအတွက် ရွေးချယ်စရာ များလေလေဖြစ်သည့်အတွက် ကိုယ်ကြိုက်သော နိုင်ငံရေးအစီအစဉ်ကို ကိုယ်တိုင်ရွေးချယ်နိုင်ပေသည်။

နိုင်ငံရေးသဘောတရား အယူအဆတရပ် ပျံ့နှံ့ပြီး သြဇာညောင်းစေရန် ပါတီက လုပ်ဆောင်ပေးနိုင်သည်ကို မြန်မာ့နိုင်ငံရေးသမိုင်းတွင် အထင်အရှား တွေ့မြင်နိုင်ပေသည်။ ဆိုရှယ်လစ် အယူအဆ သဘောတရားများ မြန်မာပြည်တွင် ခေတ်စားခဲ့သည်မှာ ကွန်မြူနစ်ပါတီ၏ ဆောင်ရွက်ချက်ပင်ဖြစ်သည်။ ကွန်မြူနစ်ပါတီသည် နိုင်ငံရေးအာဏာမရသော်လည်း သဘောတရားရေးတွင် အနိုင်ရခဲ့သည်ဟု ပြောနိုင်သည်။ ကွန်မြူနစ်များနှင့် လက်ပွန်းတတီးရှိခဲ့သော ဗမာ့တပ်မတော်ပင်လျှင် ဆိုရှယ်လစ်အစာမကြေရောဂါကို (၂၅) နှစ်ကျော် ခံစားလိုက်ရသဖြင့် အဆင်းရဲဆုံးနိုင်ငံစာရင်းတွင် မြန်မာပြည် ပါဝင်သွားတော့၏။ နိုင်ငံရေးအယူအဆကို နိုင်ငံရေးပါတီကသာ ပြန့်ပွားအောင် လုပ်နိုင်ပေသည်။

နိုင်ငံရေးယုံကြည်ချက်အပေါ်၌ အခြေခံလေလေ ပါတီအားကောင်းလေလေဟု ဆိုရိုးရှိသည်။ နိုင်ငံရေးအယူအဆသည် လူပုဂ္ဂိုလ်ထက်ပိုပြီး ကြာရှည်ခံသဖြင့် ခေါင်းဆောင်ပြောင်းသော်လည်း နိုင်ငံရေးယုံကြည်ချက်ချင်းတူသူများသည် တစည်းတလုံးတည်း ဆက်လက်လှုပ်ရှားနိုင်ကြ၏။ လူပုဂ္ဂိုလ်၌ အခြေခံသောပါတီသည် ခေါင်းဆောင်အသက်ထင်ရှားရှိစဉ်သာ လှုပ်ရှားတက်ကြွကြ၏။ သို့သော်လည်း ပါတီတခု၏ စွမ်းဆောင်နိုင်မှုသည် ခေါင်းဆောင်ပိုင်း၏ အရည်အချင်း၊ ယုံကြည်ချက်နှင့် ပါတီအစဉ်အလာပေါ်၌ မူတည်သည်ဟုဆို၏။ သို့သော်လည်း မြန်မာနိုင်ငံတွင်မူ ပါတီ၏ လုပ်နိုင်မှုစွမ်းအားသည် ပါတီအပြင်က အခြေအနေ၌ မူတည်နေသည်။ ဥပမာ ရွေးကောက်ပွဲစနစ်နှင့် ဥပဒေစည်းမျဉ်းများသည် ပါတီ၏ လုပ်နိုင်မှုစွမ်းရည်ကို ကန့်သတ်ထားသည်။

အမြစ်သန်မှ သစ်ပင်ကြီးထွားနိုင်သကဲ့သို့ နိုင်ငံရးပါတီသည် အောက်ခြေမှ ပါတီဝင်များ အင်အားကောင်းမှသာ ရှင်သန်ကြီးထွားနိုင်သည်။ အောက်ခြေ၌ ပါတီတည်ဆောက်ရမည်ဆိုသည်ကို ပါတီခေါင်းဆောင်ပိုင်းက နားလည်သော်လည်း လက်တွေ့တွင် ကိုယ်ကျိုးကိုသာ ကြည့်တတ်သဖြင့် ပြိုင်ဆိုင်နိုင်မှုစွမ်းရည် ကျဆင်းသွားတတ်သည်။ ပါတီဝင်များ အရေးပါသည်ကို သတိမထားမိသော ခေါင်းဆောင်သည် အရေးပါအရာရောက်မည်မဟုတ်ပါ။ ပါတီ၏ နိုင်ငံရေးအာဏာပိုင်သည် ပါတီဝင်များသာဖြစ်၍ ရွေးကောက်ပွဲကော်မရှင် မဟုတ်သည်ကို ပါတီခေါင်းဆောင်များ မမေ့သင့်ပါ။

ဒီမိုကရေစီမြှင့်တင်ရန် ပြဋ္ဌာန်းသော နိုင်ငံရေးပါတီဥပဒေကို ဂျာမနီနိုင်ငံ၌လည်း တွေ့နိုင်၏။ ၁၉၆၇ ၌ ထုတ်ပြန်ကြေညာ၍ ၁၉၉၄ တွင် ပြင်ဆင်သော ဂျာမနီနိုင်ငံရေးပါတီများ ဥပဒေသည် နတ်သုဒ္ဓါဖြစ်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးပါတီသည် မစင်ဖြစ်နေ၏။ ပြည်သူ့ဆန္ဒကို ဖော်ပြရာနှင့် ပြည်သူကို ပညာပေးရာ၌ နိုင်ငံရေးပါတီများ အရေးကြီးပုံကို ဂျာမန်ပါတီဥပဒေ ပုဒ်မ (၁) ၌ ဖော်ပြသည်။ ရွေးကောက်ပွဲကို (၆) နှစ်တိတိ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုသော အဖွဲ့အစည်းသည်သာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ဆုံးရှုံးသည်ဟု ပုဒ်မ (၂) တွင် ဖော်ပြသည်။ နိုင်ငံရေးပါတီသည် တရားစွဲခွင့် ရှိသကဲ့သို့ တရားစွဲခံနိုင်ရမည်ဖြစ်သည်။ စုစုပေါင်း ပုဒ်မ (၄၁) ခုရှိသည်။ နာဇီပါတီကဲ့သို့ အနိုင်မကျင့်ဘဲ ဒီမိုကရေစီ သဘောတရားကို ကျင့်သုံးရန် ညွှန်ကြားထားသော ဥပဒေပင်ဖြစ်သည်။ နအဖပါတီဥပဒေထက် အဆပေါင်းများစွာ အသေးစိတ်ကျသော ဂျာမနီ၏ ပါတီဥပဒေသည် ပါတီစုံဒီမိုကရေစီစနစ်ကို အဟန့်အတားမပြုပါ။ အဘယ်ကြောင့်မူ ဂျာမနီ၏ ပါတီဥပဒေသည် စစ်မှန်၍ တာဝန်သိသော ဒီမိုကရေစီစနစ် တည်ထောင်ရေးနှင့် ရှင်သန်ရေးကို အဓိကထားသောကြောင့်ပင် ဖြစ်ပေသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

ဖြောင့်ချက်

          ကျနော် စစ်ထောက်လှမ်းရေးကို စစ်တရားရုံးမှာ ဘယ်လက်တဖက်နဲ့ ရှိခိုးခဲ့ရပါတယ်၊၊
ဒီလိုပါဗျာ  … ၁၉၉၆ ခုနှစ် ဒီဇဘာင်္လ ၁၂ ရက် ည ၁၂ နာရီ ထိုးမှာ ကျနော်တို့ကို လာဖမ်းသွားပါတယ်၊ အဖမ်းခံရတဲ့ နေရာက   သိင်္ဂါနဒီမြို့ပြ တောအုပ်ပျိုလေးထဲမှာ  ဒီနဒီက ရွှေရောင်ပျိုးပျက် စီးဆင်းဆဲ ၊၊
စစ်ကြောရေးဆိုတာ လူ့ငရဲတဲ့  … ကျနော် ၂ ပါတ်ကြာ တင်းခံနေပါတယ်၊ မင်္ဂလာသတင်းကို  ကြားရတဲ့နေ့က ကျနော် တခွန်းပဲ သူ့တို့ကို ပြောလိုက်ပါတယ်။
          “ရေမသောက်ရတာ ကြာပြီ။ ကျနော် အပေါ့ သွားချင်တယ်။ အလေး သွားချင်တယ်။ သူတို့ ချက်ချင်းပဲ လိုက်ပို့ပါတယ်။ အိမ်သာထဲမှာ လူတယောက် ရှိနေတယ်။ တံခါးကို ဟထားတယ်။ အထဲက ရဲဘော်က လှမ်းမေးတယ်။
“ဟေ့လူ … နေသာ ထိုင်သာ ရှိလား။ ကျနော် ဘီလူးပါ …”
ကျနော် တခွန်းပြောလိုက်တယ်။
“ကိုယ့်အသက်ကို ရှင်အောင် မွေး၊ ရသလောက် ရပ်တည်”
“ဟုတ်ကဲ့ အကို …”
ညနေပိုင်းလောက်မှာ ကျနော့်ကို ခေါင်းစွပ်စွပ်၍ အခန်းတခုကို ခေါ်သွားသည်။ လိုက်ပို့သူ စစ်သားလေးက ထိုအဆောင်တွင်ရှိသော လူများ၏ နံမည်ကို မေးသည်။ ကျနော်သိနေကြ နံမယ်တွေ။ သို့သော် မသိ ဟုသာ တခွန်းထဲ ဖြေလိုက်သည်၊၊ ကျနော်ထင်သည်၊ မှားရင်လည်း မှားလိမ့်မည်။ ထိုအဆောင်က သီဟဆောင်။ နိုင်ငံရေးအရ အမှုတွဲတင်စရာ မလိုအပ်သော သူများကို ထားသည့်နေရာ။ အင်္ဂလိပ်လို  Clear အဆောင်ဟု ခေါ်သည်၊၊ ကျနော် ၄၈ နာရီ ခန့် ထိုအဆောင်တွင် နေခဲ့ရသည်။
ဇန္နဝါရီလ ပထမပတ် … ဒုတိယပတ် ဟုထင်သည်။ ကျနော်နှင့် တခန်းထဲရှိသော အညာသား ကိုဗိုရင်၊ ဘေးအခန်းမှာ ရှိသော ရဲဘော် အပုလေး၊ ရေနံမြေအလုပ်သမားကြီးတယောက် တို့ ပါဝင်သည်။ ကျန်ရဲဘော်များအား ကျနော်မမှတ်မိ။ အင်းစိန်ထောင် ၂ တိုက်သို့ ရောက်ခဲ့ကြ လေသည်။
ကံအားလျော်စွာ ဘေးအခန်းမှ တောက် တောက် တောက် မေးလာသည်၊  ကျနော်ကလည်း အနေအထိုင်မတတ်စွာ
“ဟေ့ … ဘေးအခန်းက ရဲဘော်ရေ …။ ဘယ်သူတွေမှန်းတော့ မသိဘူးကွာ။ ငါ နောက်ဆုံးအမှုတွဲ ချိုစိမ့်ပါ …”
နောက်နေ့မှ စ၍ ရဲဘော်ဘိုကြည်က တခါစား-အသားတထုတ်နှင့် ထောင်တွင်းဆေးလိပ်၊ ကျွဲရိုင်းတလိပ် မီးညှိလျှက်နှင့် ပေးလာသည်။ ထိုအချိန်မှစ၍ ချိုစိမ့်သည် ထောင်တွင်း ပြစ်ဒဏ်တိုက် ပျော်သောသူ ဖြစ်သွားပြီ။ အခန်းကို သံပြားပတ်ထားသည်။ မနက်တန်း မဖွင့်ခင် ရေချိုးချသည်။ မိမိ ဆက်စပ်ကြည့်တော့မှ မိမိတို့ အမှုတွဲ ၁၆ ယောက် ကို  ၂ တိုက်က ရဲဘော်တွေ တင်ကြွေးထားရသည်။
နောက် မိမိတို့ အမှုတွဲကို ၂ ပိုင်း ပိုင်း၍ အမိန့်ချသည်။ ဗကပ က တတွဲ။ ကျောင်းသားလိုင်းက တတွဲ။
ခေါင်းစဉ်လေး ပြန်ကောက်ရအောင်။ ကျနော့် ဘယ်ဘက်လက်နဲ့ တခြားလူတယောက် လက်နဲ့ လက်ထိပ် တွဲခတ်ထားတယ်။ ကျနော်က ရုံးထွက်ရမယ်ဆိုရင် ပျော်တယ်။ ဆေးလိပ် ကောင်းကောင်း သောက်ရတယ်။ ကွမ်းယာ စားလို့ရတယ်။ ထောက်လှမ်းရေးက ဒါမှမဟုတ် အက်စ်ဘီ က ထမင်းကြွေးလေ့ရှိတယ်။ ဟင်းကောင်း ကြွေးကောင်းနဲ့ ပေါ့ဗျာ။
ကဲ … ကျနော်ပြောချင်တာ အခုမှ ရောက်တော့တယ်။ တော်လှန်ကဗျာစာအုပ်မှာ ပါခဲ့ဖူးတဲ့ တော်လှန်ကဗျာဆရာတယောက်ပေါ့ဗျာ … တန်းစီးတွေ့ရင်လည်း သူက လက်အုပ်ချီတယ်။ ထောင်က သုံးတန်း မအောင်တဲ့ ဝန်ထမ်းလေးတွေကို တွေ့ရင်လည်း လက်အုပ်ချီတယ်။ တရားရုံး ရောက်လို့ ခေါင်းစွပ်ချွတ်လိုက်ပြီလားဆိုရင် ဖြူဖြူ မည်းမည်း အက်စ်ဘီရော၊ ကကလှမ်းရော၊ တရားသူကြီး ဉာဏ်ထွန်းကိုရော … အဆုံးစွန် ရှေ့ဖတ်စာရေးနဲ့ လက်နှိပ်စက်ဆရာမတောင် မချန်ဘူး။ လက်အုပ်ချီလိုက်တာများဗျာ …။  သူ့လို ဒူးမပွန်းပေမဲ့ ကျနော့် လက်ကောက်ဝတ်တွေ ပွန်းတယ်။ ပြီးတော့ ကျနော့် ဦးနှောက်နဲ့ နှလုံးသားကိုပါ ပွန်းတယ်၊၊
အဲဒီလို လူတွေ ကဗျာဝိုင်း စာဝိုင်းတွေမှာ ပြန်တွေ့ နေရပြန်ပြီ။ ဒီတခါတော့ လက်ချောင်း သုံးချောင်းပဲ အပွန်းခံမယ်။
လက်တဖက်တည်းနဲ့ လက်အုပ်ချီခဲ့ရတဲ့ ချိုစိမ့် …။

ရင်းမြစ်။ ။မိုးမခ

Friday, May 14, 2010

မလွယ်တာတွေ့ရင် ပိုခက်တဲ့အခြားဘ၀တွေကို သတိရပါအုံး

ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များတွင် ရေကန်များ ရေများခမ်းခြောက်ကာ ပြည်သူများရေဒုက္ခ္ခ္ခ္ခ္ခ္ခ အကြီးအကျယ်ရောက်နေသော်လည်း အာဏာပိုင်များ ကူညီမှုမရှိသလောက် ဖြစ်နေသည်။ပြည်သူများအတွက် အကူညီလိုနေချိန်တွင် မီးသတ်ကားများဖြင့်ရေလိုက်ဝေလျှင် ဘယ်လောက်ကောင်းမည်နည်း..။ မသိချင်ယောင်ဆောင်နေတာ သနားစာနာမှုမရှိတာ ၀မ်းနည်းစရာ ကောင်းလှပါသည်။
( ရေများခမ်းခြောက်နေသော သောက်သုံးရေကန်များအားတွေ့ရစဉ်)

လူမှုရေး အသင်းအဖွဲ့များက ရေအခက်အခဲကို ဖြေရှင်းပြီးမှ နအဖအစိုးရ နောက်ကလိုက်လာ



သီတင်းပတ် ၆ပတ်ကျော် ဆက်တိုက် အပူရှိန် ပြင်းထန်ခြင်းနှင့် မိုးခေါင်ခြင်းကြောင့် မြန်မာပြည် အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် သောက်သုံးရေ ပြတ်လတ်ခြင်း ပြဿနာကို လူမှုရေး အသင်းအဖွဲ့များ ၊ စေတနာရှင်များက ၀ိုင်းဝန်းကူညီ ပြီးနောက် ရက်ပိုင်းအကြာတွင်မှ နအဖ အစိုးရအနေဖြင့် အကူအညီပေးသည့် လုပ်ဆောင်မှုများ ထွက်ပေါ်လာသည်ဟု ရန်ကုန်မြို့တချို့က ဝေဘန်ပြောဆိုကြသည်။
ရန်ကုန်မြို့နှင့် အနီးဆုံး ဒလမြို့နယ်တွင် ရေပြတ်လတ်ခြင်း၊ ဆင်ခြေဖုံး ဒဂုံမြို့သစ်တောင်ပိုင်း ရပ်ကွက်အချို့ရေပြတ်လတ်ခြင်း၊ ပဲခူးတိုင်း ပဲခူးမြို့အနီးအနားနှင့် ဝေါမြို့နယ်များတွင် သောက်သုံးရေ ပြတ်လတ်မှု ရင်ဆိုင်နေရသည့် သတင်းများကို နအဖ အစိုးရက ဖုံးကွယ်ထားခဲ့ပြီး စေတနာရှင်များနှင့် လူမှုရေး အသင်းအဖွဲ့များက မိမိတို့ အစီအစဉ်ဖြင့် သွားရောက်ကူညီမှုများ ပြုလုပ်ပြီးနောက်တွင်မှ အစိုးရ၏ ကူညီပေးရေး လုပ်ဆောင်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယနေ့ထုတ် သတင်းစာတွင် ``ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် သောက်သုံးရေရှားပါးမှု နှင့် ရင်ဆိုင်နေရသည့် အတွက် ဒေသအာဏာပိုင်များ၊ ဌါနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်း၍ လှူဒါန်း´´အစရှိသည့် သတင်း ပထမဆုံး အနေဖြင့် ဖေါ်ပြသည်ကို တွေ့ရပြီး ပဲခူးတိုင်းတွင် အန်အယ်လဒီ အဖွဲ့ဝင်များက ရေလှူဒါန်းသည့် ကိစ္စတွင် ပါဝင်ဆောင်ရွက်နေသည့် သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ အစိုးရ၏ လုပ်ဆောင်မှုများ စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။
ရန်ကုန် အခြေစိုက် အယ်ဒီတာတစ်ဦးက
“တိုင်းပြည်အာဏာ ရယူထားတဲ့ နအဖ အစိုးရ အနေနဲ့ လူထုရဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးဖို့တာဝန်ရှိပြီး ချက်ခြင်းတုံ့ပြန်မဆောင်ရွက်တာဟာ လူထုကို ဂရုမထားတာ ပေါ်လွင်နေပါတယ်။ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို သူတို့ မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ နေ့စဉ် ရဲ၊ စရဖ၊ စသုံးလုံး အသီးသီးအောက်ခြေက အဖြစ်အပျက်တွေကို သတင်းပို့နေတာ မဟုတ်လား၊ နိုင်ငံရေး အတိုက်အခံနဲ့ ပတ်သက်ရင် ဒီနေ့ဘာဖြစ်လဲ ဆိုတာစောင့်ကြည့်နေပြီး ချက်ခြင်း လုပ်စရာတွေကို လုပ်တယ်။ အခုလို လူထုကိစ္စကျတော့ အထက်က အမိန့်မလာသေးလို့ မလုပ်သေးတာပါ ဆိုတာမျိုး ဆင်ခြေပေးကြတယ်။ တကယ်ဆို ကြံ့ဖွံ့အဖွဲ့ဟာ လူထုကို စေတနာရှိတယ်ဆိုရင် ဒီကိစ္စတွေမှာ ကူညီ ရမှာပေါ့။”
ဟု ပြောသည်။
ရန်ကုန်မြို့ အပါအ၀င် နယ်မြို့များ၊ ဧရာဝတီတိုင်း ကျေးရွာများတွင် သောက်သုံးရေ အရေးတကြီး လိုအပ်လျက်ရှိပြီး သန့်ရှင်းသည့် သောက်သုံးရေ မရရှိလျင် နေ့စဉ် အသက်ရှင်နေထိုင်မှုနှင့် ကျန်းမာရေး တို့ကို ထိခိုက်လာမည့် အန္တရာယ်လည်းရှိနေသည်။
ယခုလက်ရှိ အခြေအနေတွင် သောက်သုံးရေ ပြတ်လတ်မှု ဆိုးရွားစွာ ခံစားနေရသည့်
ဒေသများ စာရင်းတွင် ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်၊ သဲကုန်းမြို့နယ်၊ ပဲခူးမြို့နယ်နှင့် မွန်ပြည်နယ်တွင် ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ရန်ကုန်တိုင်းတွင် ကျောက်တန်းမြို့နယ်၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဧရာဝတီတိုင်းတွင် ဟိုင်းကြီးကျွန်းမြို့နယ်တို့ ဖြစ်သည်ဟု ယနေ့ထုတ် နအဖ သတင်းစာများ၏ ဖေါ်ပြချက်အရ သိရှိရသည်။
ယခုနှစ်နွေရာသီတွင် ဖြစ်ပေါ်လျက်ရှိသည့် အပူရှိန်ဒဏ်နှင့် မိုးခေါင်သည့် ဒဏ်ကြောင့် ရေရှားပါးမှု ၀မ်းနှင့် ပတ်သက်သည့် ရောဂါများအပြင် အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်ခြင်း၊ အသက်အရွယ်ကြီး ရင့်သူများ သေဆုံးခြင်း စသည့် အကျိုးဆက်များ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိသည်ကို ဆေးရုံဆေးခန်းများမှ ပြောဆိုချက် အရသိရှိရသည်။
(ဧပြီ ၂၅၊ ၂၀၁၀ - ဒေးဒရဲမြို့နယ်က မြင်ကွင်းတခု - ဓာတ်ပုံ အင်တာနက်)
ရင်းမြစ်။ ။မိုးမခ

ဆန္ဒပြသမားကြီးက ဒေါ်စုနှင့် အန်အယ်ဒီကို ထောက်ခံ

  နယူးဒေလီ (မဇ္ဈိမ)။     ။ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသဖြင့် ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံနေရသည့်  ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်သည်။

၂ဝဝ၇ ခုနှစ်အတွင်း ရန်ကုန်၌ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများကို ဦးဆောင်ပါဝင်ခဲ့သည့် ဦးထင်ကျော်ရှိရာ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ယခုလ ၄ ရက်နေ့တွင် မိနစ် ၃ဝ ကြာ ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် ဇနီးဖြစ်သူထံ သူက ယခုလို မှာကြားလိုက်ခြင်း ဖြစ်သည်။

“ကိုထင်ကျော်က မှာလိုက်တာ ရှိတယ်။ သူ့ရဲ့ သဘောထားက ရွေးကောက်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို ထောက်ခံကြောင်း ပြောဆိုလိုက်တယ်” ဟု ဒေါ်သန်းသန်းမော်က ပြောသည်။

ဦးထင်ကျော်၏ ကျန်းမာရေး ကောင်းမွန်သော်လည်း သွားကိုက်နေသဖြင့် ကုသခွင့်ရရန် ထောင်အာဏာပိုင်များထံ စာတင်ထားကြောင်း သိရသည်။

ဦးထင်ကျော်သည် ၂ဝဝ၇ ခုနှစ်အတွင်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲ ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာမှ သူတပါးထံမှ ခြိမ်းခြောက်ကာ ငွေတောင်းယူမှု၊ ဗုဒ္ဓသာသနာကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု၊ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားအောင် လုပ်ဆောင်မှုများဖြင့် အင်းစိန်ထောင်တွင်း တရားရုံးက ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့သည်။

ပြည်သူများ အဓိက ခံစားနေရသည့် လျှပ်စစ်မီးပြဿနာ၊  ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများ ပါဝင်သည့် ပြည်သူ့ရပိုင်ခွင့် ၁၇ ချက်ကို အာဏာပိုင်များထံ ဦးထင်ကျော်က တောင်းဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကိုယ်ပွားပါတီမဟုတ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ကြောင်း မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီအစည်းအဝေးတွင် (အမြင်ကွဲလွဲသူအချို့ရှိသော်လည်း) ကန့်ကွက်သူမရှိ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ အပေါ် အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း ပြသလိုက်သည်။ ပြည်တွင်းပြည်ပတွင် အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စသည်တို့ကို လက်ငင်းဖြေရှင်းရမည့် ပြဿနာများအဖြစ် ဖော်ပြလျက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုထားသည်။

ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားလျက် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ဆင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ သို့သော် စစ်အာဏာရှင်အုပ်စုက လူထုကိုယ်စားပြု NLD ပါတီ၏ တောင်းဆိုမှုကို ကျောခိုင်းထားခဲ့သဖြင့် NLD ကလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ NLD ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပ အဓိကနိုင်ငံရေးအင်အားစုများက ကြိုဆိုထောက်ခံခဲ့ကြသည်။ ပြည်သူလူထုအများစုကလည်း ထောက်ခံခဲ့ကြသည်။

စစ်အစိုးရ၏ ၂၀၁၀ ပါတီမှတ်ပုံတင်ဥပဒေအရ ဆက်လက်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် NLD က ငြင်းဆိုခဲ့သဖြင့် မေလ (၆) ရက်တွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်သက်တမ်းကုန်သည်။ မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ခဲ့သော်လည်း မေလ (၇) ရက်နေ့တွင် NLD နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ‘အမျိုးသားဒီမိုကရေစီအင်အားစု’ အမည်ဖြင့် ပါတီမှတ်ပုံတင်လိုက်သည့်ကိစ္စ ပေါ်လာခဲ့သည်။ ထိုအုပ်စုကို ဦးဆောင်သူများမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဦးစိုးဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်နှင့် ဦးတိုးပို … စသူတို့ အပါအ၀င် (၂၈) ဦးဖြစ်သည်။  ထိုအုပ်စုက မေလ (၆) ရက်နေ့ ကုန်ဆုံးချိန်အထိ ဒေါ်စုနှင့် NLD အပေါ် သစ္စာရှိမည်။ မေလ (၇) ရက်တွင် NLD မရှိတော့သဖြင့် သီးခြားပါတီထောင်၍ ရွေးကောက်ပွဲဝင်မည်ဟု ဆိုခဲ့ကြသည်။ ထိုအုပ်စု၏ စကားနှင့်လုပ်ရပ်မှာ ရှင်းလင်းမြင်သာပါသည်။ မေလ (၆) ရက်နောက်ပိုင်းတွင် သူတို့အနေဖြင့် NLD အား သစ္စာစောင့်သိတော့မည်မဟုတ်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

NLD က ရွေးကောက်ပွဲမ၀င်သည့် အဓိကအကြောင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာမခံနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ Splinter Group က ရွေးကောက်ပွဲဝင်ရန် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် ပါတီ မှတ်ပုံတင်လိုက်သည့်အတွက် ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ပစ်ပယ်၍ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် NLD ၏ နိုင်ငံရေးရည်မှန်းချက်နှင့် တိုက်ရိုက်ဆန့်ကျင်နေကြောင်း ထင်ရှားလှသည်။
အထူးသဖြင့် လက်ငင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ဖန်တီးလိုက်သည့် ပြဿနာမှာ လူထုအား အမြင်ရှုပ်ထွေးေ၀၀ါးစေရန် မလျော်မကန် လုပ်သကဲ့သို့ ဖြစ်နေသည်။ အမှန်တော့ ယင်းသို့သော အခြေအနေမျိုး ပေါ်ပေါက်လာဖွယ်ရှိသည်ကို ၂၀၁၀ နှစ်ဆန်းစ ကတည်းက ကြားနေ သိနေရပါသည်။ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု တွင်တွင်ဝါဒဖြန့်ချိနေသည့် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာ့အရေး ဆောင်ရွက်နေကြပါသည်ဆိုသော NGO အချို့၏ ပယောဂများလည်း မကင်းဟု ဆိုရပါမည်။ ထို NGO အဖွဲ့ဝင် ပုဂ္ဂိုလ်တချို့တွင် ကိုယ်ပိုင်မီဒီယာလုပ်ငန်းများ ရှိသည့်အလျောက် နအဖ၏ အတုအယောင်ရွေးကောက်ပွဲ အထမြောက်စေရန် တက်ကြွစွာ ၀ါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုထိုသော ပုဂ္ဂိုလ်တို့အနက်မှ တဦးကဆိုလျှင် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံသည် ‘အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ’ ကို စံနမူနာယူ ရေးဆွဲထားသည်ဟု မရှက်မရွံ့ ၀ါဒဖြန့်ခဲ့ပုံကို ကိုယ်တိုင်ကြားခဲ့ရဖူးသည်။ ထို NGO အဖွဲ့များမှ တာဝန်ရှိသူအချို့ကပင် NLD မှ တွေဝေယိမ်းယိုင်သူများအား မက်လုံးပေး ဖဲ့ထုတ်စည်းရုံးခဲ့ကြသည်။ NLD အစိတ်အပိုင်းတရပ် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါခဲ့လျှင် နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုမိုရရှိမည်။ ထိုသို့ဖြစ်ခဲ့လျှင် ရွေးကောက်ပွဲ အလှည့်အပြောင်းသည် နိုင်ငံနှင့်ပြည်သူ အတိုင်းအဆမရှိ နစ်နာမည်ဖြစ်သော်လည်း  စစ်တပ်ကျောထောက်နောက်ခံဖြင့် NGO လုပ်စားနေသူများ (အရိုးခံ NGO များကို မဆိုလို) အဖို့ စားပေါက်ပိုချောင်လာမည်ဟု တွက်ဆကာ စစ်အစိုးရအကြိုက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု ကျယ်ကျယ်လောင်လောင် ၀ါဒဖြန့်နေကြခြင်းလားဟု ထင်မြင်စရာဖြစ်သည်။

ဤနေရာ၌ ဧပြီလ (၇) ရက်စွဲဖြင့် ဒေါက်တာခင်ဇော်ဝင်းထံမှ ထွက်ပေါ်လာသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာတစောင်ပါ အချက်အလက်များကို ကိုးကားလိုပါသည်။ စာတမ်းခေါင်းစဉ်က “NLD အဆင့်မြင့်ခေါင်းဆောင်များ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” ဟု ဆိုပါသည်။ မတ်လ (၂၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မှတ်ပုံမတင်ရေးသဘောထားကို ဦးဉာဏ်ဝင်းက သတင်းမီဒီယာမှတဆင့် ဖော်ထုတ်လိုက်ခြင်းကြောင့် မတ်လ (၂၉) NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပေါ် သြဇာသက်ရောက်မှုဖြစ်စေခဲ့သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် ဝေဖန်ထားသည်။

ထိုနေ့က အစည်းအဝေးဆုံးဖြတ်ချက်အား ဥက္ကဋ္ဌ ဦးအောင်ရွှေက ဒေါ်စုသဘောထားကို မဆန့်ကျင်လို၍ ထောက်ခံခဲ့သည်။ လူငယ်အဖွဲ့ကလည်း မဲမခွဲဘဲ ညှိနှိုင်းဆုံးဖြတ်ရန် စုပေါင်းလက်မှတ်ရေးထိုးထားသော စာတစောင်တင်ခဲ့သည်ဟု ဆွေးနွေးချက်စာတမ်းတွင် ဖော်ပြသည်။ ထို့ကြောင့် NLD ခေါင်းဆောင်ပိုင်းသည် လက်တွေ့ကျကျ အလေးအနက် စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စကို၊ စိတ်လှုပ်ရှားခံစားမှု ဦးစားပေး၍ ဆုံးဖြတ်ခဲ့ကြသည်ဟု ဝေဖန်ထားသည်။ နှစ်ပေါင်း (၂၀) ကျော် ဆင်းရဲဒုက္ခကြီးစွာခံလုပ်ခဲ့ကြရပြီးနောက် ယခုအခါ ခေါင်းဆောင်မှု ကင်းမဲ့သွားခဲ့ပြီ။ ဤသို့ဖြစ်ရခြင်းမှာ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဟံသာမြင့်တို့ (လေးဦးဂိုဏ်း) က (ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသည်ဟု ကြွေးကြော်ကာ) အထက်စီး ရယူခဲ့သောကြောင့် ဖြစ်သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် သုံးသပ်ထားသည်။

ထို့ပြင် ဒေါ်စုသည် ဦးဉာဏ်ဝင်း၏ ခြယ်လှယ်အမြတ်ထုတ်မှုကို ခံနေသည်။ ဒေါ်စု၏ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်သည် မိမိတို့ (အဖွဲ့ချုပ်ဝင်များ) အား ပစ်ပယ်လိုက်သည့်သဘောလည်းဖြစ်သည်။ ယခုအခါ ဒေါ်စုတွင် ရပ်တည်စရာ စင်မြင့် လုံးဝမရှိ ဖြစ်သွားပြီ။ မိမိတို့အနေဖြင့် ယခုအခါ ရေစီးကြောင်းကို ဆန်တက်ကြရမည်။ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသားများအား လူရင်းများအဖြစ် သဘောထားနေသည်။ ဒေါ်စုသည် နအဖ၏ ထောင်ချောက်အတွင်း ပြန်ဝင်နေသည် … စသည်ဖြင့် ထိုဆွေးနွေးချက်စာတမ်းတွင် ဖော်ပြထားသည်။

ဒေါက်တာခင်ဇော်ဝင်း၏ ကိုယ်ပိုင်ဝေဖန်ချက်တွင် အသစ်ပေါ်လာမည့် ပါတီ သို့မဟုတ် ပြုပြင်ပြောင်းလဲထားသည့် NLD ပါတီသည် နိုင်ငံရေးဘ၀ဖြစ်စဉ်၌ တနေရာ ရသင့်ရထိုက်သည်။ ထိုပါတီသည် NLD အမည်ကို သုံးဖြစ်ကောင်းမှ သုံးဖြစ်မည်ဖြစ်သော်လည်း စင်စစ် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” ဖြစ်လာမည်။ “ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆန္ဒသဘောထားများကို လေးစားကြသကဲ့သို့ အသစ်ပေါ်လာမည့် ပါတီ၏ ဆန္ဒသဘောထားများကိုလည်း လေးစားအသိအမှတ်ပြုသင့်သည်။ မည်သည့်အကြောင်းကြောင့်မျှ ပါတီအသစ်တွင် ပါဝင်သူများအား NLD ကို သစ္စာဖောက်သူများဟု တံဆိပ်မကပ်သင့်” ဟု ဖော်ပြထားသည်။

နိုင်ငံရေးအချိုးအကွေ့တခုနှင့် ကြုံတွေ့တိုင်း သဘောထားအယူအဆ ကွဲလွဲတတ်ကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်တခုဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးပါတီတခု၏ ထီးရိပ်အောက်တွင် ရှိနေကြသူတို့အနေဖြင့် သဘောကွဲလွဲခွင့်ရှိခြင်းမှာ ဒီမိုကရေစီပိုင်ခွင့်ဖြစ်သည်။ သို့သော် ပါတီဝင်တဦးချင်းသည် ပါတီတွင်း၌ အကျေအလည် ဆွေးနွေး ငြင်းခုန်ပြီးနောက် အများစု၏ ဆုံးဖြတ်ချက်ကို သဘောမတူသော်လည်း လိုက်နာရန် တာဝန်ရှိသည်။ အများစု သဘောတူဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ရုံမက အများစုက ပြည်သူလူထုနှင့် ပါတီ၏အကျိုး ထိခိုက်နစ်နာမည်ဖြစ်၍ ပယ်ချထားသော လမ်းကြောင်းကို ဖုန်ခါပွဲထုတ်လိုက်လျှင်မူ ပါတီကိုဆန့်ကျင်ခြင်းဖြစ်သည်။ သစ္စာဖောက်ခြင်းဖြစ်သည်။

ဒေါက်တာခင်ဇော်ဝင်း၏ ဧပြီလ (၇) ရက်စွဲဖြင့် “NLD အဆင့်မြင့်ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” စာတမ်းထွက်ပေါ်လာချိန်သည် NLD တရားဝင်ပါတီအဖြစ် တည်နေဆဲကာလဖြစ်သည်ကို သတိပြုရပါမည်။ ထိုစဉ်က NLD ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့၏ စာတမ်းပါ ဆွေးနွေးချက်သဘောထားများအရ ဂိုဏ်းဂဏစိတ်ဖြင့် ပါတီကို ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်လွင်နေသည်။ “(လေးဦးဂိုဏ်း) ဟူသော အသုံးအနှုန်း” “ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်” စသည့် သဘောထားများက ထိုစဉ်ကပင် ပါတီဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်နေခဲ့ကြောင်း ထင်ရှားနေသည်။

သို့သော် မီဒီယာများအား ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောပုံဆိုပုံမှာ မရိုးသားဟု ဆိုရမလိုဖြစ်နေပြန်သည်။  ဒေါ်အောင်ဆန်းစုကြည်သည် သူတို့၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟု စကားနှစ်ခွဆိုမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲစည်းပုံဖြင့် စစ်အုပ်စုက သစ္စာခံခိုင်းသည်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီးဖြစ်သည်။ NDF က စစ်အုပ်စု၏ ၂၀၀၈ ဖွဲစည်းပုံကို သစ္စာခံရမည့် (ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး) လမ်းကို လိုက်သွားခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များက သစ္စာစောင့်သိမှု ရှိ မရှိ ဆိုသည်ကို ပြသခဲ့ပြီးဖြစ်သည်။

NLD မှ နှုတ်ထွက်၍ သီးခြားပါတီထောင်ခြင်းမှာ ပြဿနာမဟုတ်။ ၁၉၉ဝ ခုနှစ်တွင် ဒီမိုကရေစီနိုင်ငံ တည်ထောင်ပေးမည်ဟု NLD က ပြည်သူကို ကတိပေးခဲ့သည်။ ထိုကတိကို ဆက်လက် အကောင်အထည်ဖော်ရန် တရားဝင်ပါတီအဖြစ် ရပ်တည်ကာ နိုင်ငံရေးကို တရားဝင်လုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ကြောင်း ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောဆိုလာပုံမှာလည်း မရိုးသားရာရောက်သည်။ NLD တာဝန်ကို ဆက်လက်ထမ်းဆောင်နေသယောင် ပြောသလိုဖြစ်နေသည်။

ထိုကိစ္စများနှင့် စပ်လျဉ်း၍ ဆရာဦးဝင်းတင်က သတင်းမီဒီယာများတဆင့် ရှင်းပြခဲ့ပြီးဖြစ်သည်။ ဦးဝင်းတင်က NLD သည် ပြည်သူလူထုကို လှည့်စား၍ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်ပွားပါတီ ထူထောင်၍သော်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည်မဟုတ်ဟု အတိအလင်း ပြောပါသည်။ ထို့ပြင် ပါတီပြိုကွဲပျက်စီးစေမည့် အလုပ်မျိုးလည်းမလုပ်၊ ပြည်သူကိုလည်း သစ္စာမဖောက်ဟုဆိုပါသည်။ မိုးမခမီဒီယာ၏ မေးခွန်းများကို ဖြေဆိုရာ၌ ဦးဝင်းတင်က NLD နှင့် NDF ခြားနားပုံကို ယခုကဲ့သို့ ရှင်းလင်းစွာ ပြောကြားခဲ့သည်။

“အခုကိစ္စမှာက ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာရှိတာတို့၊ ပါတီအပေါ် သစ္စာရှိတာတို့ထက် အရေးကြီးတဲ့ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ ပေးအပ်ခဲ့တဲ့ Mandate အပေါ်မှာ သစ္စာစောင့်သိခြင်းမရှိတာက အဓိက ဖြစ်သွားပြီ။ NLD ပါတီကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲမှ ပြည်သူလူထုရဲ့အပ်နှံမှု၊ လွှဲအပ်မှု (Mandate) နဲ့ တိုင်းပြည်ဒီမိုကရေစီရေးကို အကောင်အထည် မဖော်နိုင်ခဲ့တာကို အနှစ် (၂၀) လုံးလုံးအတွက် လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ အနှစ် (၂၀) လုံးလုံးတောင် ပြည်သူ့ရဲ့ Mandate နဲ့ မဆောင်ရွက်နိုင်ခဲ့တာကို အမှန်အတိုင်း ၀န်မခံလိုဘဲ၊ လက်မခံဘဲနဲ့  နောက်ရွေးကောက်ပွဲကို ဆက်သွားတာ၊ ပြည်သူတွေအပေါ်မှာ သစ္စာမရှိတာပဲလို့ ပြောချင်တယ်။ NLD ပါတီက တောင်းပန်တယ်။ ၉၀ ရွေးကောက်ပွဲရဲ့ Mandate နဲ့ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ သို့သော် ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ ကန့်ကွက်တယ်။ NLD ဟာ ပြည်သူနဲ့ လက်တွဲပြီး ဆက်လက်ရပ်တည်သွားမယ်။ ဆက်လက်လှုပ်ရှားသွားမယ်ဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။”

NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်။ အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ် မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်ပေသည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience)  ဖြစ်သည်။ NLD ၏ အမြင့်ဆုံး တိုက်ပွဲပုံသဏ္ဍာန်လည်းဖြစ်သည်။ NLD သည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ မြန်မာနိုင်ငံခရီးစဉ်အပြီး မေလ (၁၀) ရက် နေ့စွဲဖြင့်  အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ်၏ သတင်းထုတ်ပြန်ချက်တွင် ဆယ်စုနှစ် (၂) ခုကြာ မြန်မာပြည်သူလူထု၏ လူမှုဘ၀ တိုးတက်ကောင်းမွန်လာရေးအတွက် ရုန်းကန်အားထုတ်ခဲ့သော NLD ၏ အခန်းကဏ္ဍကို ချီးကျူးကြောင်း၊ စစ်အစိုးရ၏ မတရားသည့် ဥပဒေစည်းမျဉ်းဘောင်အတွင်း၌ NLD အား တရားဝင်အဖွဲ့အစည်းအဖြစ် ငြင်းပယ်ထားသော်လည်း NLD သည် မြန်မာပြည်သူလူထုအား ကိုယ်စားပြုလျက် လူထုအကျိုးကို စွဲစွဲမြဲမြဲ ဆက်လက်ဆောင်ရွက်နေသည့်အတွက် အမေရိကန်ပြည်ထောင်စုက NLD အား ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ဧရာဝတီနှင့် အင်တာဗျူးတွင် “ပြည်သူလူထုကို ဘယ်တော့မှ (ဘယ်တော့မှ) ကျောခိုင်းမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ဆောင်ရွက်ရတဲ့ ကိစ္စအရပ်ရပ်အားလုံးကို တစိုက်မတ်မတ် အေးချမ်းစွာ ဆောင်ရွက်သွားပါမယ်” ဟု ကတိပြုခဲ့သည်။ တနည်းအားဖြင့် စစ်အစိုးရက အသိအမှတ် မပြုသော်လည်း NLD သည် လူထုအကြား၌ ဆက်လက်လှုပ်ရှား တည်ရှိနေမည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် NDF အစုက NLD မရှိတော့ဟု ယူဆပြောဆိုနေသည်။ တနည်းအားဖြင့် NLD ၏ တိုက်ပွဲခွင်ထဲမှ ထွက်သွားခြင်းဖြစ်သည်။ ထိုမျှမက စစ်အာဏာအောက် ခေါင်းလျှိုဝင်လိုက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ယူဆသကဲ့သို့ NLD ၏ အခန်းကဏ္ဍ မရှိတော့ဟူသော အမြင်မှာ ပကတိအခြေအနေနှင့် လွဲချော်နေသည်။ ဒေါက်တာခင်ဇော်ဝင်း မျှော်မှန်းသည့် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” (သို့မဟုတ်) NDF ၏ အခန်းကဏ္ဍ ဆိုသည်မှာလည်း စိတ်ကူးယဉ်မှုသက်သက် ဖြစ်သည်။ NDF လျှောက်သောလမ်းမှာ လူထုဆန္ဒနှင့် ကင်းကွာသော၊ ၉၀ ရလဒ်ကို ကျောခိုင်းသော၊ စစ်အာဏာ အဓွန့်ရှည်ရေးကို ထောက်ကူသော လမ်းကြောင်းဖြစ်နေသည်။ ထို့ကြောင့် NDF သည် စစ်အာဏာတည်တံ့ရေးစီမံချက်တွင် နယ်ရုပ်တရုပ် ဖြစ်မှန်းမသိ ဖြစ်ရဖို့သာရှိသည်။

သို့ဖြစ်၍ ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့၏ NDF သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် လုံးဝဆက်စပ်ပတ်သက်မှု မရှိသည်မှာ ထင်ရှားပေသည်။ ထို့ပြင် NDF သည် NLD ၏ ကိုယ်ပွားပါတီ သို့မဟုတ် Lifeboat Party သဘောလည်း လုံးဝမဟုတ်။ အဘယ်ကြောင့်ဆိုသော် NLD ၏ မူဝါဒ ဆုံးဖြတ်ချက်များကို လိုက်နာပါမည်ဟု သဘောတူခဲ့ပြီးမှ NDF က ဆန့်ကျင်ငြင်းဆန်ခဲ့၍ ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD က လုံးဝလက်မခံနိုင်သည့် နာဂစ်ဖွဲ့စည်းပုံအောက်၌ NDF ပါတီသစ်ကို ဖွဲ့ခဲ့ခြင်းမှာလည်း စစ်အာဏာလွှမ်းမိုးရေးကို အားပေးရာရောက်နေ၍ ဖြစ်သည်။

ထို့ကြောင် ဒေါ်အောင်ဆန်းစုကြည်သည် NDF ၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟုလည်းကောင်း၊ NLD ၏ မပြီးဆုံးသေးသည့် တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟုလည်းကောင်း၊ NDF က လူထုကိုေ၀၀ါးအောင် မပြောသင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောထားချင်း ဖြောင့်ဖြောင့်ဆန့်ကျင်နေသည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု’ ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမှုကို မည်သည့်နည်းနှင့်မျှ လက်ခံလိမ့်မည်မဟုတ်ပါ။ ဖြစ်သင့်သည်မှာ ‘အမျိုးသားဒီမိုကရေစီအင်အားစု’ (NDF) ခေါင်းဆောင်များအနေဖြင့် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် သဘောမတူ၍ သီးခြားပါတီထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ္တိရှိရှိ ရိုးရိုးသားသား ဖြောင့်ချက်ပေးကာ ရှေ့ခရီးကို ဆက်သင့်ပေသည်။ လူထုက ရိုးသားမှုကို အားပေးထောက်ခံလေ့ရှိကြောင်း သတိချပ်သင့်ပါသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်