Tuesday, May 18, 2010

ဖြောင့်ချက်

          ကျနော် စစ်ထောက်လှမ်းရေးကို စစ်တရားရုံးမှာ ဘယ်လက်တဖက်နဲ့ ရှိခိုးခဲ့ရပါတယ်၊၊
ဒီလိုပါဗျာ  … ၁၉၉၆ ခုနှစ် ဒီဇဘာင်္လ ၁၂ ရက် ည ၁၂ နာရီ ထိုးမှာ ကျနော်တို့ကို လာဖမ်းသွားပါတယ်၊ အဖမ်းခံရတဲ့ နေရာက   သိင်္ဂါနဒီမြို့ပြ တောအုပ်ပျိုလေးထဲမှာ  ဒီနဒီက ရွှေရောင်ပျိုးပျက် စီးဆင်းဆဲ ၊၊
စစ်ကြောရေးဆိုတာ လူ့ငရဲတဲ့  … ကျနော် ၂ ပါတ်ကြာ တင်းခံနေပါတယ်၊ မင်္ဂလာသတင်းကို  ကြားရတဲ့နေ့က ကျနော် တခွန်းပဲ သူ့တို့ကို ပြောလိုက်ပါတယ်။
          “ရေမသောက်ရတာ ကြာပြီ။ ကျနော် အပေါ့ သွားချင်တယ်။ အလေး သွားချင်တယ်။ သူတို့ ချက်ချင်းပဲ လိုက်ပို့ပါတယ်။ အိမ်သာထဲမှာ လူတယောက် ရှိနေတယ်။ တံခါးကို ဟထားတယ်။ အထဲက ရဲဘော်က လှမ်းမေးတယ်။
“ဟေ့လူ … နေသာ ထိုင်သာ ရှိလား။ ကျနော် ဘီလူးပါ …”
ကျနော် တခွန်းပြောလိုက်တယ်။
“ကိုယ့်အသက်ကို ရှင်အောင် မွေး၊ ရသလောက် ရပ်တည်”
“ဟုတ်ကဲ့ အကို …”
ညနေပိုင်းလောက်မှာ ကျနော့်ကို ခေါင်းစွပ်စွပ်၍ အခန်းတခုကို ခေါ်သွားသည်။ လိုက်ပို့သူ စစ်သားလေးက ထိုအဆောင်တွင်ရှိသော လူများ၏ နံမည်ကို မေးသည်။ ကျနော်သိနေကြ နံမယ်တွေ။ သို့သော် မသိ ဟုသာ တခွန်းထဲ ဖြေလိုက်သည်၊၊ ကျနော်ထင်သည်၊ မှားရင်လည်း မှားလိမ့်မည်။ ထိုအဆောင်က သီဟဆောင်။ နိုင်ငံရေးအရ အမှုတွဲတင်စရာ မလိုအပ်သော သူများကို ထားသည့်နေရာ။ အင်္ဂလိပ်လို  Clear အဆောင်ဟု ခေါ်သည်၊၊ ကျနော် ၄၈ နာရီ ခန့် ထိုအဆောင်တွင် နေခဲ့ရသည်။
ဇန္နဝါရီလ ပထမပတ် … ဒုတိယပတ် ဟုထင်သည်။ ကျနော်နှင့် တခန်းထဲရှိသော အညာသား ကိုဗိုရင်၊ ဘေးအခန်းမှာ ရှိသော ရဲဘော် အပုလေး၊ ရေနံမြေအလုပ်သမားကြီးတယောက် တို့ ပါဝင်သည်။ ကျန်ရဲဘော်များအား ကျနော်မမှတ်မိ။ အင်းစိန်ထောင် ၂ တိုက်သို့ ရောက်ခဲ့ကြ လေသည်။
ကံအားလျော်စွာ ဘေးအခန်းမှ တောက် တောက် တောက် မေးလာသည်၊  ကျနော်ကလည်း အနေအထိုင်မတတ်စွာ
“ဟေ့ … ဘေးအခန်းက ရဲဘော်ရေ …။ ဘယ်သူတွေမှန်းတော့ မသိဘူးကွာ။ ငါ နောက်ဆုံးအမှုတွဲ ချိုစိမ့်ပါ …”
နောက်နေ့မှ စ၍ ရဲဘော်ဘိုကြည်က တခါစား-အသားတထုတ်နှင့် ထောင်တွင်းဆေးလိပ်၊ ကျွဲရိုင်းတလိပ် မီးညှိလျှက်နှင့် ပေးလာသည်။ ထိုအချိန်မှစ၍ ချိုစိမ့်သည် ထောင်တွင်း ပြစ်ဒဏ်တိုက် ပျော်သောသူ ဖြစ်သွားပြီ။ အခန်းကို သံပြားပတ်ထားသည်။ မနက်တန်း မဖွင့်ခင် ရေချိုးချသည်။ မိမိ ဆက်စပ်ကြည့်တော့မှ မိမိတို့ အမှုတွဲ ၁၆ ယောက် ကို  ၂ တိုက်က ရဲဘော်တွေ တင်ကြွေးထားရသည်။
နောက် မိမိတို့ အမှုတွဲကို ၂ ပိုင်း ပိုင်း၍ အမိန့်ချသည်။ ဗကပ က တတွဲ။ ကျောင်းသားလိုင်းက တတွဲ။
ခေါင်းစဉ်လေး ပြန်ကောက်ရအောင်။ ကျနော့် ဘယ်ဘက်လက်နဲ့ တခြားလူတယောက် လက်နဲ့ လက်ထိပ် တွဲခတ်ထားတယ်။ ကျနော်က ရုံးထွက်ရမယ်ဆိုရင် ပျော်တယ်။ ဆေးလိပ် ကောင်းကောင်း သောက်ရတယ်။ ကွမ်းယာ စားလို့ရတယ်။ ထောက်လှမ်းရေးက ဒါမှမဟုတ် အက်စ်ဘီ က ထမင်းကြွေးလေ့ရှိတယ်။ ဟင်းကောင်း ကြွေးကောင်းနဲ့ ပေါ့ဗျာ။
ကဲ … ကျနော်ပြောချင်တာ အခုမှ ရောက်တော့တယ်။ တော်လှန်ကဗျာစာအုပ်မှာ ပါခဲ့ဖူးတဲ့ တော်လှန်ကဗျာဆရာတယောက်ပေါ့ဗျာ … တန်းစီးတွေ့ရင်လည်း သူက လက်အုပ်ချီတယ်။ ထောင်က သုံးတန်း မအောင်တဲ့ ဝန်ထမ်းလေးတွေကို တွေ့ရင်လည်း လက်အုပ်ချီတယ်။ တရားရုံး ရောက်လို့ ခေါင်းစွပ်ချွတ်လိုက်ပြီလားဆိုရင် ဖြူဖြူ မည်းမည်း အက်စ်ဘီရော၊ ကကလှမ်းရော၊ တရားသူကြီး ဉာဏ်ထွန်းကိုရော … အဆုံးစွန် ရှေ့ဖတ်စာရေးနဲ့ လက်နှိပ်စက်ဆရာမတောင် မချန်ဘူး။ လက်အုပ်ချီလိုက်တာများဗျာ …။  သူ့လို ဒူးမပွန်းပေမဲ့ ကျနော့် လက်ကောက်ဝတ်တွေ ပွန်းတယ်။ ပြီးတော့ ကျနော့် ဦးနှောက်နဲ့ နှလုံးသားကိုပါ ပွန်းတယ်၊၊
အဲဒီလို လူတွေ ကဗျာဝိုင်း စာဝိုင်းတွေမှာ ပြန်တွေ့ နေရပြန်ပြီ။ ဒီတခါတော့ လက်ချောင်း သုံးချောင်းပဲ အပွန်းခံမယ်။
လက်တဖက်တည်းနဲ့ လက်အုပ်ချီခဲ့ရတဲ့ ချိုစိမ့် …။

ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment