Sunday, June 6, 2010

တရားခံဘယ်သူလဲဟေ့

THIBAW'S QUEEN လို့ခေါ်တဲ့ စာအုပ်ကလေးကို ဖတ်လိုက်ရတော့ တကယ်ကို မြန်မာပြည်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အင်္ဂလိပ်စစ်တပ်ကြီးက မန္တလေးမြို့ကို သင်္ဘောတွေနဲ့ ဆိုက်ကပ်လာတော့ သီပေါဘုရင်ရဲ့ မိဖုရားဖြစ်တဲ့ စုဖုရားလတ်ဟာ မြေပြင်မှာ ဝမ်းလျှားမှောက်လို့ ငိုကြွေးမြည်တမ်းပြီးတော့ စိတ်မကောင်းစွာနဲ့ ပြောဆိုလိုက်ပုံကတော့ တကယ်ကို ကျေနပ်အားရလောက်အောင် ပါ။ သူ့စကားလေးက …
မောင်တော်မင်းတရား (သီပေါမင်း) နဲ့ တိုင်းသူပြည်သားတွေ အခုလိုဒုက္ခရောက်ခဲ့ရတာ အဓိကတရားခံကတော့ တခြားသူ မဟုတ်ပါ ဘူး ..
ငါ ..ငါ .. လို့
ဝန်ခံလိုက်တာလေ တကယ်ကို ကျေနပ်စရာကောင်းပါတယ် ကိုယ့်အပြစ်ကိုကိုယ်ဝန်ခံတတ်တဲ့ သဘောကိုဆောင်တာပေါ့။

အခုတော့ မြန်မာပြည်မှာရဟန်းသံဃာတွေနဲ့ တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေကြတယ်လေ ဘုရားသားတော်ဖြစ်တဲ့ ရဟန်းသံ ဃာတွေဆိုင်လျှင် ရှေးမင်း အဆက်ဆက်ကိုကြည့်လိုက်ပါက ဘယ်ဘုရင် ဘယ်မင်းလက်ထက်မှာမှမကြုံခဲ့ဖူးတဲ့ သတ်ဖြတ်မှုတွေကို အခုတော့ စစ်အာဏာရှင်ဖြစ်တဲ့ နအဖလက်ထက်မှာသေမင်းရဲ့ လက်တွင်းကိုကျရောက်ခဲ့ရတယ်။ တချို့သံဃာတွေဆိုလျှင် ပြည်ပ ကိုတောင် တိမ်းရှောင်ထွက်ပြေးခဲ့ရသေးတယ်လေ ဒါတွင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး စစ်အာဏာရှင် နအဖကတော့ ပြည်တွင်း က သံဃာတွေကိုလည်း နည်းအမျိုးမျိုးနဲ့ နှိပ်စက်ပါသေးတယ်ဒကာ/မတွေကိုတောင်မှ ဘယ်လိုတရားမျိုးကိုတော့ မဟောပါနဲ့ ဘယ် လို တရားကိုတော့ဟောပါ ဒီလိုနည်းမျိုးစုံနဲ့ အမိန့်ပေးနေတာ သူကတော့ ကောင်းတယ်ထင်နေတယ်ပေါ့ ဒါပေမယ့် သံဃာတော်တွေ မှာတော့ နည်းနည်းကလေးမှ စိတ်ချမ်းသာမှုမရခဲ့ပါဘူး။

အဲဒီလို ရဟန်းသံဃာတွေ ဒုက္ခရောက်အောင် ဗုဒ္ဓစာပေတွေကို ကောင်းကောင်းမသင်နိုင်အောင် ဖြစ်နေရတာ ငါ့ကြောင့်ပါလို့ နအဖ က ဘယ်တုန်းကမှဝန်မခံခဲ့ဘူး ဒါတွေကို စဉ်းစားကြည့်တော့ အဓိကတရားခံကတော့ ဘယ်သူလဲ (တရားခံဘယ်သူလဲဟေ့) လို့ တောင်မေးစရာမလိုတော့ပါဘူး နအဖ ပါလို့ ကလေးကတောင်သိနေပါတယ်။

အင်္ဂလိပ်တွေ မန္တလေးနန်းတော်ကြီးကို သိမ်းပိုက်ပြီးလို့ မင်းနဲ့မိဘုရားနှစ်ပါးကို ရတတနာဂီရိကိုမပို့မီ ရန်ကုန်ကိုပို့မည်လုပ်တော့ နွား လှည်းကလေးနဲ့ တင်ဆောင်ပြီးသွားလိုက်တာ မန္တလေးမှာလမ်းမှားလို့မဟာ မြတ်မုနိဘုရားလမ်းမှတဆင့် ဂေါဝိန်ဆိပ်ကမ်းကိုသွားရ တော့ ညနေစောင်းမှရောက်ကြတယ်။ သင်္ဘောဆိပ်ကမ်းရောက်တော့ သီပေါမင်းက တိုင်းသူပြည်သားတွေကို သတိရတာလား နန်း တော်ကြီးကို သတိရလို့လားတော့မသိဘူး မန္တလေးကိုငဲ့စောင်းလို့ သမင်လည်ပြန်လေးပြန်ကြည့်ပြီး နေလေတော့ နအဖ ကလည်း သူ့ အာဏာလေးကုန်ခါနီးမှာ မဆင်းနိုင်ပဲ ပေကပ်ကပ်လုပ်နေတာ တိုင်းသူပြည်သားတွေကို သနားလို့ပဲလား နှိပ်စက်လို့မဝသေးလို့ပဲလား ဆိုတာကိုတော့ ဘယ်သူမဆိုနားလည် သဘောပေါက်ကြမှာပါ။

၁၉၉ဝ လူထုရွေးကောက်ပွဲတုန်းကလည်း စစ်အာဏာရှင်ကရှုံးသွားတယ်လေ အဲဒီမှာ ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် တည် ထောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့က အနိုင်ရပေမဲ့ တကယ်တမ်းအနိုင်ယူသွားတာက ဗိုလ်ချုပ်တည်ထောင်ထားတဲ့ စစ်တပ်ကို အားကိုးပြီး နအဖ က ဗိုလ်ကျသွားတာဘယ်လောက်ထိအောင် အဓိပ္ပါယ်မဲ့လိုက်လေခြင်းလဲဆိုတာ သိသာပါတယ်။ အဲဒီအချိန်ကစ ပြီးတော့ သူတို့တတွေဟာ တိုင်းပြည်ကိုအုပ်ချုပ်ပြီး ပြည်သူလူထုကို နှိပ်စက်လာတာ ယနေ့ထိအောင်ပါပဲ ပြည်သူတွေမှာတော့ ခံ လိုက်ရတာ ဒုက္ခတွေမနည်းအောင်ပေါ့ သူတို့ နအဖ နဲ့လူတစ်စုကတော့ ကောင်းစားနေလိုက်ကြတာ တိုင်းသူပြည်သားတွေကိုတော့ နည်းနည်းလေးမှမသနား လုပ်ချင်တိုင်းလုပ်နေကြတော့ တကယ့်မီးကိုကိုင်ထားသလိုပဲလေ ကိုင်ထားတော့လည်းပူ ပစ်ချလိုက်ရင် လည်း ပတ်ဝန်းကျင်ကို သူကလောင်စာအဖြစ် အသုံးပြုတော့မှာဆိုတော့ လောကမှာမီးဆိုတာသုံးမျိုးရှိတယ်လေ …
၁. ရဟန်းတည်းဟူသောမီး
၂. မင်းတည်းဟူသောမီး
၃. ပကတိမီး
ဆိုပြီးတော့မီးကသုံးမျိုးရှိတယ်။

အဲဒီမီးတွေထဲမှာ ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုကတော့ မီးနှစ်မျိုးကိုခံစားနေရတယ်လေ မင်းပြစ်မင်းဒဏ်ကိုလည်း အလိုလိုနေ ရင်းကြောက်နေကြရတဲ့ ပြည်သူတွေ၊ ဒ်ီမင်းကတော့ ဘယ်လောက်ထိအောင် ဆိုးပါသလဲမေးရင် ပြောမပြတတ်အောင်ကို ဆိုးတယ်လို့ ဖြေကြမှာပါ ဒါဟာ တကယ်တွေးကြည့်တော့ ပြည်သူခိုင်းတဲ့ပြည်သူ့စစ်သားက ပြည်သူကိုပြန်ပြီး ဒုက္ခပေးနေတာပါ။ စစ်သား ဆိုတာ ပြည်သူကပေးတဲ့ လစာကိုယူပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ရမှာပါ အခုတော့ ပြည်သူကျွေးတဲ့ ထမင်းကိုစား ဘုရားသားတော်နဲ့ ပြည်သူပြည်သားတွေကို နှိပ်စက်နေတာ ဗိုလ်ချုပ်ဖွဲ့စည်းထားတဲ့ စစ်တပ်လို့တောင် ပြောရမှာအားနာပါတယ် ပြည် သူ့စစ်သားတဲ့ ဘာလုပ်မလဲမေးကြည့်လိုက်ပါ ပြည်သူကိုပဲ အားရပါးရနှိပ်စက်မယ်လို့ သူတို့ပြောမှာပါ စစ်သားတွေက ပြည်သူကို နှိပ် စက်လားဆိုတော့ သူတို့တွင်မက နောက်ကလိုက်လာကြတဲ့ အပေါင်းအပါတွေကလည်း ရှိသေးတယ်လေ အဲဒါတွေကတော့ ပြည်သူ့ ရဲတွေပါ။

ပြည်သူ့ရဲကတော့ MAY I HELP YOU တဲ့ ကူညီပါရစေပေါ့ တကယ်ကော ကူညီသေးရဲ့လား နံပါတ်တုတ်နဲ့ ကူညီမှာလား ပြီး တော့ ပိုက်ဆံရှိတဲ့လူတချို့ကို အကူအညီပေးပြီး မရှိတဲ့ဆင်းရဲသားတွေကိုတော့ အမျိုးမျိုးနှိပ်စက်နေတာပါ ဒါလည်းပြည်သူ့ရဲလို့ သူတို့က ဝန်ခံထားတာနားကြားလို့မှ မကောင်းပါဘူး။ ဟိုအရင်တုန်းကရဲဆိုတာ သူတို့တာဝန် သူတို့ကျေပွန် ကြပါတယ်။ အခုတော့ သူတို့တ တွေက သူတို့ကို ရဲမှန်းသိအောင် POLICE ဆိုတဲ့စာတန်းလေးနဲ့ မကြောက် ကြောက်အောင် လှန့်နေကြတယ်။ POLICE ဆိုတာ ဘာလဲ သူတို့ကအချောင်စားချင်လို့ ရဲအလုပ်ကိုလုပ်နေကြတာပါ POLICEဆိုတာဘာလဲ သူတို့မသိကြပါဘူး။ POLICE ဆိုတာ က
(၁) Polite ယဉ်ကျေးမှုရိခြင်း
(၂) Obedience အမိန့်ကိုနာခံခြင်း
(၃) Loyality သစ္စာရှိခြင်း
(၄) Intelligence ထထကြွကြွရှိခြင်း
(၅) Companionship ပူးပေါင်းဆောင်ရွက်ခြင်း
(၆) Efficiency လုပ်ရည်ကိုင်ရည်ကျွမ်းကျင်မှု
ဆိုတဲ့ အချက်ခြောက်ချက်နဲ့ ပြည့်စုံတဲ့သူကိုမှ ပြည်သူ့ရဲလို့ခေါ်တာပါ အခု နအဖ လက်ထက်မှာအမှုထမ်းနေတဲ့ ရဲတွေက တကယ် ပဲ ပြည်သူ့ရဲလား မေးနေစရာမလိုအောင်ကို အဖြေကတော့ ပေါ်နေပြီးသားပါ။ ပြည်သူတွေကလည်း နှိပ်စက်မှုဒဏ်ကို အမျိုးမျိုးခံရလေ တော့ တကယ်ကိုကြောက်နေရတဲ့ဘဝမို့ သူတို့တတွေကို တချို့နေရာတွေမှာ ရဲဆိုရင်အသံကြားရုံနဲ့ လန့်နေကြတယ် တကယ် တော့ ပြည်သူကိုဒုက္ခပေးနေတာ ဘယ်သူလဲဆိုတာကို မေးနေစရာမလိုလောက်အောင် ဖြစ်နေပေမယ့် သူတို့တတွေကတော့ ပြန် မေးနေပါတယ် တရားခံဘယ်သူလဲဟေ့လို့ မေးနေတာ သူတို့ကိုယ်သူတို့ မရှက်လို့ မေးနေရာရောက်ပါတယ်။

ငဒေါင်း
ရင်းမြစ်။ ။နေ့သစ်

သူခိုးက နွားကောင်းရွေးသော နိုင်ငံရေးစနစ်




နိုင်ငံရေးပါတီအများအပြား ပေါ်ထွက်လာပြီး စည်းမဲ့ကမ်းမဲ့ တာဝန်မဲ့ ပြုလုပ်မည်စိုးသဖြင့် လိုက်နာရမည့် စည်းကမ်းဥပဒေကို အစိုးရက ပြဋ္ဌာန်းလေ့ရှိ၏။ အထူးသဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးသောနိုင်ငံများ၌ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းကြသည်။ တင်းကျပ်သည့်ဥပဒေကို ပြဋ္ဌာန်းသောနိုင်ငံတွင် နိုင်ငံရေးပါတီအနေဖြင့် ပြည်သူ့အကျိုး ဆေင်ရွက်နိုင်မည့်အလားအလာ နည်းပါးသွားသည်ကို တွေ့ရ၏။ ဥပဒေမရှိပါက နိုင်ငံရေးပါတီများ တာဝန်မဲ့ပြုမူနိုင်မည့် အခွင့်အလမ်းရှိသဖြင့် မှန်ကန်သော နိုင်ငံရေးပါတီများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းရန် အလွန်အရေးကြီးသည်။

ဤနေရာတွင် “နိုင်ငံရေးပါတီများဆိုင်ရာဥပဒေ” နှင့် “နိုင်ငံရေးပါတီဥပဒေ” ကို ပြတ်သားစွာ ခွဲခြားသိမြင်နိုင်ရန်လိုသည်။ နိုင်ငံရေးပါတီဥပဒေဆိုသည်မှာ ပါတီအတွင်း၌ လိုက်နာကျင့်သုံးရမည့် ဥပဒေများပင်ဖြစ်သည်။ ဥပမာ ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီဝင်များ လိုက်နာရမည့်စည်းကမ်းသည် ပါတီဥပဒေဖြစ်သည်။ “နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေ” ဟူသည်မှာ နိုင်ငံရေးပါတီများအနေဖြင့် လိုက်နာရမည့် စည်းမျဉ်းဖြစ်သည်။ ဥပမာ ပါတီအချင်းချင်းဆက်ဆံရာ၌ လိုက်နာရမည့် စည်းကမ်းသည် နိုင်ငံရေးပါတီများ လိုက်နာရမည့်စည်းကမ်းဖြစ်သည်။ ဂျာမနီတွင် Law on Political Parties (နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေ) ဟု ခေါ်၍ တောင်ကိုရီုးယားတွင် Political Parties Act (နိုင်ငံရေးပါတီများအက်ဥပဒေ) ဟု အမည်တွင်သည်။

နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကိုလိုက်၍ နိုင်ငံရေပါတီပုံစံအမျိုးမျိုးပေါ်လာသည်။ သို့သော်လည်း အမေရိကန်နှင့် အနောက်ဥပဒေ၌မူ နိုင်ငံရေးပါတီမပေါ်မီကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေကြသဖြင့် နိုင်ငံရေးပါတီကိစ္စကို အခြေခံဥပဒေ၌ ဖော်ပြခြင်းမရှိပါ။ ဖွံ့ဖြိုးစနိုင်ငံအတော်များများတွင် အခြေခံဥပဒေအရ နိုင်ငံရေးပါတီဥပဒေ ရေးဆွဲကြ၏။ သို့သော်လည်း ပေါ်ထွက်လာသော နိုင်ငံရေးပါတီများတွင် လူပုဂ္ဂိုလ်များကသာ လွှမ်းမိုးသည်ကို တွေ့ရ၏။ အခြေခံဥပဒေ၌ ပြဋ္ဌာန်းခြင်းသည် ပြင်ဆင်ရန်ခက်ခဲသဖြင့် နိုင်ငံရေးပါတီများ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲသည်ဟုဆိုသည်။ လွှတ်တော်၌ ဥပဒေပြု၍ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခြင်းသည် ပြင်ဆင်ရန် လွယ်ကူသဖြင့် လုပ်ကိုင်ရသည်မှာ ပို၍ အဆင်ပြေသည်ကို တွေ့ရသည်။

၂၀၀၈ နအဖအခြေခံဥပဒေ အခန်း (၁၀) သည် နိုင်ငံရေးပါတီများနှင့်သက်ဆိုင်၏။ အခန်း (၁၀) ကိုအသုံးပြု၍ နိုင်ငံရေးပါတီများ၏ ရပ်တည်ခွင့်ကို အစိုးရက အချိန်မရွေးပိတ်ပင်နိုင်သည်။ အားကောင်းသောနိုင်ငံရေးပါတီကို အခန်း (၁၀) က ရိုက်ချိုးပစ်နိုင်၏။ အစိုးရကို ဆန့်ကျင်သော ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်သည် (သို့မဟုတ်) အားပေးကူညီသည်ဆိုပါက နိုင်ငံရေးပါတီအဖြစ် ရပ်တည်ပိုင်ခွင့်မရှိဟု အခန်း (၁၀) ၌ ဖော်ပြထားသည်။ နိုင်ငံခြားအစိုးရ (သို့မဟုတ်) နိုင်ငံခြားအဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံခြားပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်းနှင့်အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲပါက နိုင်ငံရေးပါတီအဖြစ်မှ ရပ်တည်ခွင့် ဆုံးရှုံးသည်ဟုဆိုသည်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးပြုသောအခါတွင်လည်း ပါတီအဖြစ် ဆုံးရှုံးသည်ဟုဆိုသည်။

နိုင်ငံခြားနှင့် ဆက်သွယ်မှုများပြားနေသော ယခုခေတ်တွင် အလွယ်တကူအကြောင်းရှာ၍ နိုင်ငံရေးပါတီကို ပယ်ဖျက်နိုင်သော နည်းပင်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်၍ နိုင်ရန် အလားအလာရှိပါက အခန်း (၁၀) နှင့် ထိပ်တိုက် တွေ့ဖွယ်ရှိတယ်။ အခြေခံဥပဒေအရ နိုင်ငံရေးပါတီကို ပယ်ဖျက်နိုင်စွမ်းရှိသည့်အပြင် ပြည်ထောင်စုလွှတ်တော်ကလည်း နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် ဥပဒေများကို လိုအပ်သလို ပြဋ္ဌာန်းနိုင်သည်ဟု ပုဒ်မ (၄၀၉) ကဆိုသည်။ စည်းကမ်းဥပဒေ စိတ်ကြိုက်သတ်မှတ်ပြီး နိုင်ငံရေးပါတီများ၏လည်ပင်းတွင် ကြိုးကွင်းစွပ်ထားသည့် အခြေခံဥပဒေပင်ဖြစ်၏။

နအဖဖန်တီးလိုက်သော နိုင်ငံရေးလောကသည် နအဖစီးပွားရေးလောကနှင့် အတူတူပင်ဖြစ်၏။ နအဖနှင့် ပုလင်းတူဘူးဆို့ ကျိတ်ဝိုင်းလုပ်သော စီးပွားရေးသမားများ ချမ်းသာလာသကဲ့သို့ နအဖနှင့် ကျိတ်ဝိုင်းလုပ်နိုင်သော နိုင်ငံရေးပါတီများ ကြီးပွားချမ်းသာကြမည်ဖြစ်သည်။ နအဖအခြေခံဥပဒေပုဒ်မ (၄၀၅) တွင် ဖော်ပြထားသော “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ” ဟူသည်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဘ၀တွင် နအဖအာဏာပိုင်တို့၏ ညွှန်ကြားချက်ကို နာခံခြင်းပင်ဖြစ်သည်။ နိုင်ငံရေးပါတီကို အလွယ်တကူအပြစ်ပေး၍ ပယ်ဖျက်နိုင်သော နအဖအခြေခံဥပဒေကြောင့် လွတ်လပ်သော နိုင်ငံရေးပါတီထွက်လာရန် ခက်ခဲမည်ဖြစ်သည်။ ကန့်သတ်ချုပ်ချယ်မှုနည်းလေလေ နိုင်ငံရေးပါတီအနေဖြင့် တာဝန်သိစွာ ရှင်သန်ကြီးထွားရန် အခွင့်အလမ်းများလေလေဖြစ်သည်။

နအဖပြဋ္ဌာန်းသော နိုင်ငံရေးစနစ်သည် အနှစ်သာရအားဖြင့် တရုတ်ကွန်မြူနစ်အစိုးရ၏ နိုင်ငံရေးပါတီစနစ်နှင့်တူသည်။ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်၌ နိုင်ငံရေးပါတီများ ဆွေးနွေးတိုင်ပင်၍ ပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ်ပြည်၌ ကျင့်သုံးသော ပါတီစုံစနစ်ဟုဆိုသည်။ ပါတီချင်း ပြိုင်ဆိုင်ကြသော အနောက်တိုင်းစနစ်နှင့် ကွဲပြားခြားနားသကဲ့သို့ တပါတီစနစ်နှင့်လည်း ကွဲပြားသည်ဟု တရုတ်စာတမ်းတွင် ဖော်ပြသည်။ ပါတီစုံတိုင်ပင်ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်သည့် နည်းသည် တရုတ်ပြည်နှင့် အသင့်တော်ဆုံးဖြစ်သည်ဟုဆို၏။ တရုတ်ပြည်တွင် ကွန်မြူနစ်ပါတီအပြင် အခြားပါတီ (၈) ပါတီ ရှိသေး၏။ ယဉ်ကျေးမှုတော်လှန်ရေးကာလ (၁၉၆၆-၁၉၇၆) ၌သာ ပါတီစုံစနစ် ရပ်ဆိုင်းခဲ့ပြီး ၁၉၇၈ တွင် ပြန်လည်ကျင့်သုံးသည်ဟု ဆို၏။ ၁၉၉၃ ၌ ကျင်းပသော (၈) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၌ ပါတီစုံပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံရေးဆွေးနွေးရေးမူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းလိုက်သည်ဟု ဆို၏။

ဗမာစစ်တပ်သည် တရုတ်ကွန်မြူနစ်ပါတီ၏ နေရာမျိုးကို ရယူထားခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ကဲ့သို့ပင် ဗမာစစ်တပ်သည် ရာသက်ပန်အာဏာရှင်ဖြစ်နေ၏။ ဥပဒေပြုလွှတ်တော်တွင် စစ်ဗိုလ် (၂၅) ရာခိုင်နှုန်းယူ၍ ကျန် (၇၅) ရာခိုင်နှုန်းကို စစ်ဗိုလ်ဟောင်းနှင့် အရပ်သားများ ပြိုင်ဆိုင်ရမည်ဖြစ်သည်။ စစ်တပ်က ဦးဆောင်သည်ကို အရပ်သားများက ပူးပေါင်းဆောင်ရွက်ရသည့် နိုင်ငံရေးစနစ်ပင်ဖြစ်သည်။ နအဖ မကျေနပ်သော နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ကြပ်ပြေးသန်းရွှေ စီစဉ်သော နိုင်ငံရေးစနစ်ပင်ဖြစ်၏။ ရွေးကောက်ပွဲသည် တဖက်သတ်အနိုင်ကျင့်သော လုပ်ရပ်ဖြစ်သဖြင့် နိုင်ငံခြားလေ့လာသူများကို ၀င်ခွင့်မပေးခြင်းပင်ဖြစ်သည်။

တရုတ်ဒီမိုကရေစီ စက္ကူဖြူစာတမ်းကို ၂၀၀၅ အောက်တိုဘာလ၌ ထုတ်ပြန်သည်။ အနှစ်သာရမှာ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်၌ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်၏။ ကွန်မြူပါတီ၏ အောင်မြင်မှုကို မှတ်တမ်းတင်သည့် စာတမ်းဖြစ်သဖြင့် ပြည်သူများ သိန်းချီသေဆုံးရသော အမှားမျိုးကို ကွယ်ဝှက်ထားသည်။ ဒီမိုကရေစီစနစ်မျိုးစုံတွင် တရုတ်ဒီမိုကရေစီသည် တရုတ်လူမျိုးနှင့် အသင့်တော်ဆုံးဟုဆိုသည်။ ဒီမိုကရေစီကိစ္စတွင် အတုယူစရာမလိုဟု တရုတ်ကွန်မြူနစ်က ယူဆသည်။ ဤပုံစံအတိုင်း နအဖကလည်း စစ်ဗိုလ်ဦးဆောင်မှုအောက်တွင် အားလုံးပူးပေါင်းဆောင်ရွက်သည်ကို ဒီမိုကရေစီအစစ်အမှန် ဖြစ်သည်ဟု အခြေခံဥပဒေ၌ ၀ါဒဖြန့်ထား၏။ တရုတ်ပြည်၏ ချို့ယွင်းချက်နှင့် အားနည်းချက်ကို ပါတီကေဒါများ သိကြသော်လည်း ကြားကာလပြဿနာအဖြစ် သဘောထားပြီး တိုးတက်ဖွံ့ဖြိုးလာပါက ဤပြဿနာများ ပျောက်သွားလိမ့်မယ်လို့ ယူဆကြ၏။ ခေါင်းဆောင်ကို အမှားကင်းသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်သည့် ပါတီကေဒါနှင့် ၀န်ထမ်းသည် ဆွေးနွေးမှုကို နားမလည်ပါ။ ဤနေရာ၌လည်း တရုတ်ပါတီကေဒါနှင့် ဗမာစစ်ဗိုလ်သည် အသွင်တူကြပေသည်။

အဂတိလိုက်စား၍ အာဏာအလွဲသုံးစားလုပ်ရာ၌လည်း တရုတ်ကေဒါနှင့် ဗမာစစ်ဗိုလ်အသွင်တူကြသည်။ တရုတ်ပြည်နှင့် မြန်မာပြည်တွင် စီးပွားရေးလုပ်ပါက ကေဒါနှင့် စစ်ဗိုလ်ကို လာဘ်ထိုးရသည်မှာ ထုံးစံဖြစ်၏။ ဗမာစစ်ဗိုလ်နှင့် ဆွေမျိုးသားချင်းများ စီးပွားရေးသောင်းကျန်းသည့်ကိစ္စ၌ စာရင်းအင်းမရှိပါ။ တရုတ်ပြည်၌ စာရင်းလုပ်ထားသည်။ ၂၀၀၃ မှ ၂၀၀၈ အထိ အဂတိလိုက်စားမှုပေါင်း (၈၅၂,၀၀၀) ရှိပြီး ပါတီနဲ့အစိုးရ၀န်ထမ်း (၈၈၁,၀၀၀) အပြစ်ဒဏ်ခံရ၏။ နိုင်ငံပိုင်လုပ်ငန်းကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရာ၌လည်း ပါတီဝင်နှင့် စစ်ဗိုလ်အသိုင်းအ၀ိုင်းသာ အမြတ်ထွက်ကြသည်။ ဤသို့သော သူခိုးများဖြင့် တည်ဆောက်ထားသော နိုင်ငံရေးလောကို သူခိုးက နွားကောင်းရွေးသော နိုင်ငံရေးစနစ်ဟု ခေါ်ရပေမည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

ကဗျာဆရာ စောဝေက သူ၏ နာမည်ကျော်ကဗျာအကြောင်း ပြောပြီ


 အထိန်းသိမ်းမခံရမီက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် အနုပညာတင်ဆက်မှု ပြုလုပ်နေသော စောဝေ
ကဗျာဆရာ စောဝေက ဗိုလ်ချုပ်မှူးကြီးကို သရော်သည့် သူ၏ နာမည်ကြီး ကဗျာသည် အမှန်တရားကို ဖော်ထုတ် တင်ပြလိုသဖြင့် ဖန်တီးခဲ့သော ကဗျာဖြစ်သည်ဟု ပြောလိုက်သည်။
ဧရာဝတီသတင်းဌာန အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသော ဆက်သွယ်မေးမြန်းခန်းတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
          “အမှန်တရားမှာ အခြေစိုက်ပြီးတော့ တကယ် အများပြည်သူ ခံစားရတဲ့ ခံစားမှုတွေကိုပဲ ကျနော် ဖော်ထုတ်တင်ပြတယ်၊ ဖန်တီးခဲ့တယ်” ဟု သူက ဆိုသည်။
          ၂ဝဝ၈ ခုနှစ်က ဂျာနယ်တစောင်တွင် “ဖေဖော်ဝါရီ ၁၄” ဟူသော သူ၏ ကဗျာကြောင့် အာဏာပိုင်တို့က သူ့ကို ထိန်းသိမ်းလိုက်သည်။
          ကဗျာတွင် ပါဝင်သော ထိပ်စီး စာလုံးများကို ပေါင်းစပ်လိုက်လျှင် “ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာရူး” ဟု အဓိပ္ပာယ် ရကြောင်း တွေ့ရသည်။
          မြန်မာပြည်၏ စစ်ခေါင်းဆောင်ကြီးကို ဝေဖန် လှောင်ပြောင်သည့် ကဗျာ ကြောင့် ကဗျာဆရာ စောဝေသည် ထောင် ၂ နှစ် ချမှတ်ခံရသည်။
          စစ်အစိုးရက ဒီမိုကရေစီအရေး ဆောင်ရွက်သူများကို ထိုထက် များပြားသည့် ထောင်ဒဏ်များ ချမှတ်လေ့ ရှိသည်။
          သို့သော်လည်း စစ်အစိုးရက ကဗျာဆရာကို ၂ နှစ် နှင့် ၄ လကြာ အကျဉ်းချခဲ့သည်။
          အင်းစိန်ထောင်တွင် ရှိနေစဉ်  စာဖတ်ခွင့်၊ စာရေးခွင့်များ ရရှိခဲ့သည်ဟု မကြာသေးခင်က ပြင်ပလောကသို့ ပြန်လည် ရောက်ရှိလာသူ ကဗျာဆရာက ဆိုသည်။
          ထို့ပြင် အင်းစိန်ဆေးရုံတွင် စာအုပ်ပေါင်း ၁ဝဝဝ ကျော် ပါဝင်သည့် စာကြည့်တိုက်တခု ဖွင့်ခွင့် ရခဲ့သည်ဟု ဆိုသည်။ ထိုဆေးရုံသည် အင်းစိန်ထောင်မှ အကျဉ်းသားများ ကျန်းမာရေး ချို့ယွင်းပါက ကုသမှု ခံယူသည့် နေရာဖြစ်သည်။
          နိုင်ငံရေးအကျဉ်းသားများ ယခင်က မရခဲ့သည့် ထိုအခွင့်အရေးကို ကဗျာဆရာက တရားဝင် စာရေး တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
          ရမည်းသင်းထောင်သို့ ကဗျာဆရာ ပြောင်းရွှေ့ခံရပြီးနောက် နေရာသစ်တွင် စာကြည့်တိုက် ထောင်ခွင့် ရခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ရမည်းသင်းထောင်တွင် စာဖတ်သူ အင်အား နည်းပါးသဖြင့် စာဖတ်အား ကောင်းစေရန် ဆောင်ရွက်ခဲ့ရသည်ဟု ကဗျာဆရာက ပြောသည်။
          “ပရဟိတ အလုပ်လို့ ပြောမလား၊ ဒါမှ မဟုတ် စာပေဒါနလို့ ပြောမလား အဲဒါတွေကို လုပ်ခဲ့ပါတယ်” ဟု ကဗျာဆရာက ဂုဏ်ယူစွာ ပြောလိုက်သည်။
          ရန်ကုန်မှ သတင်းထောက်တချို့နှင့်လည်း တွေ့ဆုံပြီးဖြစ်ကြောင်း၊ ၎င်းတို့ ရေးသား ဖော်ပြမှု အဆင်ပြေစေရန် ကောင်းသည့် အချက်များကို ရွေးချယ် ပြောဆိုခဲ့ကြောင်းလည်း ကဗျာဆရာက ရှင်းပြသည်။

ရင်းမြစ်။ ။မိုးမခ