Sunday, June 6, 2010

ကဗျာဆရာ စောဝေက သူ၏ နာမည်ကျော်ကဗျာအကြောင်း ပြောပြီ


 အထိန်းသိမ်းမခံရမီက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် အနုပညာတင်ဆက်မှု ပြုလုပ်နေသော စောဝေ
ကဗျာဆရာ စောဝေက ဗိုလ်ချုပ်မှူးကြီးကို သရော်သည့် သူ၏ နာမည်ကြီး ကဗျာသည် အမှန်တရားကို ဖော်ထုတ် တင်ပြလိုသဖြင့် ဖန်တီးခဲ့သော ကဗျာဖြစ်သည်ဟု ပြောလိုက်သည်။
ဧရာဝတီသတင်းဌာန အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသော ဆက်သွယ်မေးမြန်းခန်းတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
          “အမှန်တရားမှာ အခြေစိုက်ပြီးတော့ တကယ် အများပြည်သူ ခံစားရတဲ့ ခံစားမှုတွေကိုပဲ ကျနော် ဖော်ထုတ်တင်ပြတယ်၊ ဖန်တီးခဲ့တယ်” ဟု သူက ဆိုသည်။
          ၂ဝဝ၈ ခုနှစ်က ဂျာနယ်တစောင်တွင် “ဖေဖော်ဝါရီ ၁၄” ဟူသော သူ၏ ကဗျာကြောင့် အာဏာပိုင်တို့က သူ့ကို ထိန်းသိမ်းလိုက်သည်။
          ကဗျာတွင် ပါဝင်သော ထိပ်စီး စာလုံးများကို ပေါင်းစပ်လိုက်လျှင် “ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာရူး” ဟု အဓိပ္ပာယ် ရကြောင်း တွေ့ရသည်။
          မြန်မာပြည်၏ စစ်ခေါင်းဆောင်ကြီးကို ဝေဖန် လှောင်ပြောင်သည့် ကဗျာ ကြောင့် ကဗျာဆရာ စောဝေသည် ထောင် ၂ နှစ် ချမှတ်ခံရသည်။
          စစ်အစိုးရက ဒီမိုကရေစီအရေး ဆောင်ရွက်သူများကို ထိုထက် များပြားသည့် ထောင်ဒဏ်များ ချမှတ်လေ့ ရှိသည်။
          သို့သော်လည်း စစ်အစိုးရက ကဗျာဆရာကို ၂ နှစ် နှင့် ၄ လကြာ အကျဉ်းချခဲ့သည်။
          အင်းစိန်ထောင်တွင် ရှိနေစဉ်  စာဖတ်ခွင့်၊ စာရေးခွင့်များ ရရှိခဲ့သည်ဟု မကြာသေးခင်က ပြင်ပလောကသို့ ပြန်လည် ရောက်ရှိလာသူ ကဗျာဆရာက ဆိုသည်။
          ထို့ပြင် အင်းစိန်ဆေးရုံတွင် စာအုပ်ပေါင်း ၁ဝဝဝ ကျော် ပါဝင်သည့် စာကြည့်တိုက်တခု ဖွင့်ခွင့် ရခဲ့သည်ဟု ဆိုသည်။ ထိုဆေးရုံသည် အင်းစိန်ထောင်မှ အကျဉ်းသားများ ကျန်းမာရေး ချို့ယွင်းပါက ကုသမှု ခံယူသည့် နေရာဖြစ်သည်။
          နိုင်ငံရေးအကျဉ်းသားများ ယခင်က မရခဲ့သည့် ထိုအခွင့်အရေးကို ကဗျာဆရာက တရားဝင် စာရေး တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
          ရမည်းသင်းထောင်သို့ ကဗျာဆရာ ပြောင်းရွှေ့ခံရပြီးနောက် နေရာသစ်တွင် စာကြည့်တိုက် ထောင်ခွင့် ရခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ရမည်းသင်းထောင်တွင် စာဖတ်သူ အင်အား နည်းပါးသဖြင့် စာဖတ်အား ကောင်းစေရန် ဆောင်ရွက်ခဲ့ရသည်ဟု ကဗျာဆရာက ပြောသည်။
          “ပရဟိတ အလုပ်လို့ ပြောမလား၊ ဒါမှ မဟုတ် စာပေဒါနလို့ ပြောမလား အဲဒါတွေကို လုပ်ခဲ့ပါတယ်” ဟု ကဗျာဆရာက ဂုဏ်ယူစွာ ပြောလိုက်သည်။
          ရန်ကုန်မှ သတင်းထောက်တချို့နှင့်လည်း တွေ့ဆုံပြီးဖြစ်ကြောင်း၊ ၎င်းတို့ ရေးသား ဖော်ပြမှု အဆင်ပြေစေရန် ကောင်းသည့် အချက်များကို ရွေးချယ် ပြောဆိုခဲ့ကြောင်းလည်း ကဗျာဆရာက ရှင်းပြသည်။

ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment