Friday, February 26, 2010

မ “ဟ” ရင် မနေနိုင်တာကလွဲလို့


အိမ်သူသက်ထား ဇနီးမယား ကရားရေလွှတ် တတွတ်တွတ် မလုပ်အားသေးမီ အိမ်သာမှာ အချိန်ကြာနေတုန်း သူမ၏ ဈေးပြန်ကြွပ်ကြွပ်အိတ်ထဲက ဘိန်းမုန့်တချပ်ကို ရွှေဂျိုးတယောက် ပါးစပ်ထဲသို့ ပလုတ်ပလောင်း ကောက်သွတ်လိုက်သည်။ ပြီးသည်နှင့် “မိန်းမရေ ကိုယ် လက်ဖက်ရည်ဆိုင် ခဏသွားလိုက်ဦးမယ်ကွာ” ဟု ချိုချိုသာသာ လှမ်းအော်နှုတ်ဆက်ကာ စက်ဘီးစုတ်လေးကို အလျင်အမြန် ကောက်ဆွဲလိုက်သည်။ ထို့နောက် လှုပ်လီလှုပ်လဲ့ ဖင်ထိုင်ခုံလေးပေါ် ရွရွလေး တက်ခွကာ လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်လေးဆီ ဖြည်းဖြည်းငြိမ့်ငြိမ့်လေး နင်းလာခဲ့သည်။

လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ဒီနေ့လည်း ထူးခြားပြန်သည်ဟု ရွှေဂျိုးစိတ်ထဲ ရေရွတ်မိလိုက်သည်။ ခါတိုင်း ရွှေဂျိုးတို့ဝိုင်းဘေးတွင် အဖွဲ့ကျတတ်သည့် သတင်းသမား၊ အေအေပီပီ၊ အေဘီ၊ ဆေးဆရာပါ ပါသည့်အုပ်စုကို တယောက်တလေမျှ မတွေ့ရဘဲ လေအိုးတယောက်သာ ထိုင်နေကျဝိုင်းတွင် စာရွက်လိပ်ကလေးကိုင်ရင်း ပြုံးဖြီးဖြီး ဆီးကြိုနေသည်ကို တွေ့ရ၍ဖြစ်သည်။ ရွှေဂျိုးတယောက် စက်ဘီးဒေါက်ထောက်နေရင်းမှ မအောင့်နိုင်မအည်းနိုင် လေအိုးကို လှမ်းမေးလိုက်သည်။

ရွှေဂျိုး ။ ။ ဗျို့ … ကိုလေအိုး၊ ဟိုဘက်ဝိုင်းက ဆရာသမားတွေ ဒီနေ့ တယောက်မှ မတွေ့ပါလားဗျ။ တယ်ထူးဆန်းနေပါပေါ့လား။

လေအိုး ။ ။ မတွေ့ရတော့ နားမငြီးဘူးပေါ့ဗျာ။ ရှိနေရင် သူတို့အသံတွေချည်းပဲဥစ္စာ။ အခုတော့ လေအိုးနဲ့ ရွှေဂျိုးနှစ်ယောက်တည်း ဖရီးဒစ်စကတ်ရှင် လုပ်လို့ရတာပေါ့ဗျာ။ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ပြီး ရယ်)။

ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး၏ အသံ ကြားဖြတ်ဝင်လာသည်။

ပိုက်ထွေး ။ ။ မဟုတ်ဘူး အစ်ကိုရွှေဂျိုးရေ၊ သတင်းဆရာတွေက သတင်းညီလာခံရှိလို့တဲ့၊ ဆေးဆရာတွေကတော့ ဆေးညီလာခံရှိလို့တဲ့။ ညီလာခံနှစ်ခုက ရက်တထပ်တည်းကျနေတယ်ဆိုလား ပြောနေသံကြားတယ်။ အဲဒါကြောင့် ပျောက်နေကြတာဖြစ်မယ်။

ပိုက်ထွေးပြောပြီးနောက် လေအိုးက အတည်ပေါက်နှင့် ပိုက်ထွေးဘက် လှည့်အော်သည်။

လေအိုး ။ ။ အေး … ပိုက်ထွေး မင်းချည်းပဲ ပြောတော့ကွာ။ ငါ မပြောတော့ဘူး။

ပိုက်ထွေးက လက်ဖက်ရည်ဖျော်ရင်းမှ ထွန်းအိန္ဒြာဗိုအလိုက်လေးနှင့် လေအိုးကို ပြန်နောက်နေသည်။

ပိုက်ထွေး ။ ။ ဟား ဟား ဟား အစ်ကိုလေအိုးကလည်းဗျာ စိတ်ကြီးလှချည်လား။ “မပြောရင် မနေနိုင်တာကလွဲလို့ … မပြောရင် မနေနိုင်တာက လွဲ…လို့ အို ဟို ဟို့”

ရွှေဂျိုးက ထိုင်နေကျခုံမှာ ၀င်ထိုင်ရင်း ပိုက်ထွေးကို တောင်းတောင်းပန်ပန် လှမ်းပြောလိုက်သည်။

ရွှေဂျိုး ။ ။ တော်ပါတော့ ပိုက်ထွေးရာ၊ ကျက်သရေ မင်္ဂလာရှိတဲ့ မနက်ခင်းလေးကို မင်းအသံကြီးနဲ့ မဖျက်ဆီးစမ်းပါနဲ့။ လုပ်စမ်းပါဦး ရေနွေး (အဲ …) လက်ဖက်ရည်တခွက်လောက်ကွာ။

ထို့နောက် ဘေးဝိုင်းက ဆရာသမားတွေ ပျောက်ဆုံးနေမှုကို အတိအကျ သိနိုင်ရန် လေအိုးဘက်သို့ ရွှေဂျိုး ပြန်လှည့်လိုက်သည်။

ရွှေဂျိုး ။ ။ လုပ်စမ်းပါဦး ကိုလေအိုး၊ ခင်ဗျားက ပိုသိမှာပေါ့။ ဒီနယ်မြေမှာ ကိုလေအိုး မသိတာ မရှိသလောက်ပဲဟာ၊ အကျယ်တ၀င့်လေး လင်းစမ်းပါဦးဗျ။

လေအိုး ။ ။ ဘာကို လင်းရဦးမှာလဲ၊ ခုနက ပိုက်ထွေးပြောတာ ဟုတ်နေတာပဲ။ ဒီထက် ဘာပိုသိချင်သေးလို့လဲ။

ရွှေဂျိုး ။ ။ ဒီလိုလေ ကိုလေအိုးရာ၊ သတင်းသမားတွေ၊ ဆေးဆရာတွေက ညီလာခံတွေ ကိုယ်စီရှိလို့ ပျောက်နေကြတာ ဟုတ်ပါပြီ။ ဒါနဲ့ အေအေပီပီနဲ့ အေဘီတွေကရောဗျ။

လေအိုး ။ ။ ဟ … ကိုရွှေဂျိုးနဲ့တော့ ခက်နေပါပြီ၊ ဒီမှာက သတင်းသမားရယ်၊ အေအေပီပီရယ်၊ အေဘီရယ်၊ ဆေးဆရာရယ်ဆိုပေမယ့် တယောက်ကို အတွင်းခံ (အဲ …) ဦးထုပ်နှစ်လုံး၊ သုံးလုံးစွပ်ထားကြတဲ့ ရောသမမွှေတွေချည်းပဲဟာ။ အေအေပီပီနဲ့ အေဘီတွေလည်း ညီလာခံထဲ ရောက်ချင်ရောက်နေကြမှာပေါ့ဗျ။ ဒါတွေ ထားလိုက်စမ်းပါဗျာ။ အရေးကြီးတာက နားအေးပါးအေးရှိဖို့ပဲမဟုတ်လားဗျ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ဟား ဟား ဟုတ်ပါပြီ ကိုလေအိုး၊ ခင်ဗျားလင်းမှပဲ ပိုရှင်းသွားပါပြီ။ ဒါနဲ့ ခင်ဗျားလက်ထဲ ဘာအလိပ်ကြီး ကိုင်ထားတာလဲဗျ။

လေအိုး ။ ။ အေး … ကျုပ်ကလည်း ဒီအလိပ်ထဲက သတင်းထူး သတင်းဦးအကြောင်း ခင်ဗျားနဲ့ ဆွေးနွေးဖို့ အိမ်ကနေ ပရင့်အောက်ထုတ်လာတာဗျ။ သတင်းက ပျောက်နေတဲ့ ဟိုဘက်ဝိုင်းက ဆရာသမားတွေနဲ့လည်း ပတ်သက်နေတယ်ဗျ။

ရွှေဂျိုး ။ ။ ဟာ ဟုတ်လား၊ ဘယ်လိုပတ်သက်တာလဲ၊ ဘာသတင်းမို့လဲဗျ။ လုပ်စမ်းပါဦး၊ မြန်မြန်လေး ဖတ်ပြစမ်းပါဦးဗျ။

လေအိုး ။ ။ ဟိုတနေ့က ခင်ဗျားကို ကျုပ်ပြောသလို တတုံးစားလည်း မမှတ်၊ နှစ်တုံးစားလည်း မမှတ်ဆိုတဲ့သူတွေ အကြောင်းပေါ့ ကိုရွှေဂျိုးရာ။ အခုဟာက သန်းရွှေကြီး ကျွေးမယ့်အတုံးကို စားချင်လွန်းနေတဲ့ ပြည်တွင်းက ဦးသုဝေနဲ့ ဒေါက်တာ ခင်ဇော်ဝင်းတို့က ပြည်ပက လူတွေပါ အတူတကွ သုံးဆောင်ကြပါဆိုတဲ့ အထာနဲ့ မြန်မာသတင်းသမဂ္ဂညီလာခံမှာ သေဖော်လာညှိတဲ့ သတင်းဗျ။ ခေတ်ပြိုင်မှာက အဲဒီသတင်းကို “ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်” ဆိုတဲ့ ခေါင်းစီးနဲ့ ဖော်ပြထားတယ်။ အဲ … ဧရာဝတီမှာကတော့ “ရွေးကောက်ပွဲဝင်ကြရန် နိုင်ငံရေးသမား (၂) ဦး ပြည်ပတွင် တိုက်တွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားသဗျ။

ရွှေဂျိုး ။ ။ ဟ … သူတို့က ပိုင်လှချည်လားဗျ။ မြန်မာ့သတင်းသမဂ္ဂညီလာခံ စင်မြင့်ပေါ်တောင် တက်ပြောရဲရလောက်အောင် ဒီပုဂ္ဂိုလ် (၂) ဦးက ဘယ်လိုသတ္တိထူးတွေများ ပိုင်ဆိုင်နေလို့လဲ။ ပြန်သွားရင် ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး အဖမ်းမခံရနိုင်ဘူးလားဗျ ကိုလေအိုး။

လေအိုး ။ ။ ဘာပိုင်ရမှာလဲဗျာ။ သန်းရွှေတို့က လွှတ်ပြီး သူတို့လုပ်မယ့် ရွေးကောက်ပွဲအတွက် ပွဲစားလုပ်ခိုင်းလို့နေမှာပေါ့။ မဟုတ်ရင်တော့လား မင်္ဂလာဒုံလေဆိပ်မှာတင် ဒင်းတို့ ဆွဲစေ့ခံရတာ ကြာလှနေမှာပေါ့။ နွားတွေလုပ်မယ့် ရွေးကောက်ပွဲအတွက် လော်ဘီလာလုပ်တာဆိုတော့ နွားပွဲစားတွေလို့ ပြောရင်လည်း ရသပေါ့ဗျာ။ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ အိုကေ သူတို့နှစ်ယောက်က သန်းရွှေတို့ လွှတ်လို့ လာတာတော့ ဟုတ်ပါပြီ။ ဒီဘက် သတင်းသမဂ္ဂက အမောင်ယောင်တောင်တောင် (အဲ …) ကိုယ်တော်ချောတွေကရော ဘာဖြစ်လို့ စင်မြင့်ပေါ် ပေးတက်ရတာလဲဗျ။ သူတို့ကပါ အလိုတူ အလိုပါ ဖြစ်နေလို့လား။ သူတို့ရော စားချင်နေကြပြီလား။ ရှုပ်ရှုပ်ယှက်ယှက် တော်တော်လုပ်တဲ့ လူတွေဗျာ။

လေအိုး ။ ။ ဟိုးထား ဟိုးထား အဲဒီကိစ္စကတော့ အပြောမစောနဲ့ဦးဗျို့။ အသေးစိတ်ကို ဟိုဘက်ဝိုင်းက ပျောက်စေဆရာတွေ ပြန်ရောက်လာမှ စပ်စုကြည့်ရမယ်ဗျ။ ခေတ်ပြိုင်မှာ ဖတ်ရသလောက်ကတော့ “ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်” လို့ ရေးထားသဗျ။

ရွှေဂျိုး ။ ။ အော် ဒါဆို ကိုကျော်ဇံသာတို့ ဗွီအိုအေက ပွဲဆူအောင် မြန်မာသတင်းသမဂ္ဂညီလာခံကို ခုတုံးဝင်လုပ်တဲ့ သဘောပေါ့ဗျ။

လေအိုး ။ ။ ပွဲဆူအောင် လုပ်မလုပ် ဒီမှာ ဓာတ်ပုံကြည့်ဗျို့။ စင်ပေါ်မှာ မိန့်မိန့်ကြီးတွေ ထိုင်နေလိုက်ကြတာ၊ ပုံကြီးတွေကို ပြူးနေတာပဲ။ ဟား ဟား ဟား ဟား။

လေအိုးလက်ထဲမှ စာရွက်ကို ရွှေဂျိုး အလျင်အမြန် ယူကြည့်လိုက်သည်။

ရွှေဂျိုး ။ ။ ဟုတ်ပါရဲ့ဗျာ။ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့က ငါတို့တော့ ပွဲပဲဆိုတဲ့ မျက်နှာပေါက်တွေနဲ့ ထိုင်နေကြပါလားဗျ။ အံမယ် အံမယ် အန်စီယူဘီက ကိုမောင်မောင်ရော ပါတာကိုးဗျ။ ဟိုဘက်က ထိပ်ပြောင်ပြောင် မျက်မှန်နဲ့က ကိုမောင်မောင်မြင့် မဟုတ်လားဗျာ။ သန်းရွှေကြီးကတောင် ရွေးကောက်ပွဲလုပ်မယ့်နေ့ကို မကြေညာရဲသေးဘူး။ ဒီလူတွေက ဘယ်လိုဖြစ်လို့ ရွပိုးထိုးနေကြတာလဲဗျ။ ကျုပ်တို့ပြည်သူတွေ ခေါင်းထဲ ရှင်းနေပြီးသားကိစ္စကို ဒီလူတွေက ရှုပ်အောင် လုပ်ချင်နေတဲ့ သဘောလားဗျာ။ ဟိုတလောလေးကတင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးလို့ ပြောပြီးပြီပဲဥစ္စာ။ အန်အယ်လ်ဒီလို ပါတီကြီးကတောင် ဘာသံမှမဟသေးတာ ငမြောက်ငခြောက်တွေ လာအော်တာကို အရေးလုပ်စရာလားဗျ။ ခက်တယ်ဗျာ ဒီလူတွေနဲ့တော့ ခက်တယ် ခက်တယ်။

လေအိုး ။ ။ ဒီလိုနေမှာပေါ့ ကိုရွှေဂျိုး၊ ခုနက ပိုက်ထွေး ဆိုပြတဲ့ ထွန်းအိန္ဒြာဗိုအလိုက်လေးလို နေမှာပေါ့။ ဦးသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းတို့က “မဟရင် မနေနိုင်တာကလွဲလို့” ပေါ့၊ ပါးစပ်လေ ပါးစပ် အဟဲ သန်းရွှေကျွေးမယ့် အတုံးကို အဆင်သင့် စားဖို့ ၀ါးဖို့၊ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့ကတော့ “မဖွရင် မနေနိုင်တာကလွဲလို့” ဖြစ်မှာပေါ့၊ ပွဲဆူအောင်လို့လေ။ ဟား ဟား ဟား ဟား တကယ့်အီးမရှင်းတွေပါပဲဗျာ။

ပြောပြောဆိုဆို လေအိုးက “မဟရင် မနေနိုင်တာက လွဲလို့ … မဖွရင် မနေနိုင်တာကလွဲလို့” ဟူသည့် သီချင်းစာသားလေးကို ပါးစပ်က ညည်းဆိုရင်း စက်ဘီးပေါ်တက်ကာ ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးကတော့ ကြောင်ပြေးသည့်အလား ဆိုင်နောက်ဖေးသို့ ဖော့ဖော့ကလေး သုတ်ခြေတင်သွားလေသည်တကား။ ။

ခေတ်ပြိုင်

“ နိုင်ငံရေး သီလ”

 

နိုင်ငံရေးဆောင်ရွက်ခြင်းသည် အတ္တဟိတ မဟုတ်၊ အများအကျိုးဆောင်သော  ပရဟိတ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး ဆောင် ရွက်ခြင်းသည် မွန်မြတ်သော အလုပ်ဖြစ်သည်။ နိုင်ငံရေးဆောင်ရွက်သူများအား နိုင်ငံရေးသမားဟု ခေါ်ဝေါ်ခြင်းသည် တွင်ကျယ် သော အများသိဝေါဟာရ ဖြစ်လျှက်ရှိသည်။
`“ပညတ်သွားရာ ဓါတ်သက်ပါ ”ဆိုသကဲ့သို့ နိုင်ငံရေးသမားဆိုလျှင် သတိထားဆက်ဆံရမည့် သူဟူ၍ နားလည်မှုလွဲနေသူ များ စွာရှိနေသည်။ နိုင်ငံရေးသမားနှင့် ဆက်ဆံရသည့်အခါများတွင် ကြောက်သလိုလို၊စိတ်မချသလိုလို ၊မိမိအပေါ် တစုံတရာ အမြတ်
ထုတ်သွားတော့မလိုလို၊ မသိုးမသန့် ဖြစ်တတ်ကြသည်။ တိုသို့ ဖြစ်နေအောင်လည်း  နိုင်ငံရေးသမား ဆန့် ကျင်သူတို့က“အဆင်း ဘီးတပ်ပေးပေးခဲ့ ကြသည်။ရေ နစ်သူကို ၀ါးလုံးဖြင့်ထိုး၍ပင် နှစ်ခဲ့ကြသေးသည်။ နိုင်ငံရေးသမားဆိုတာ ကိုယ်ကျိုးရှာ သမား တွေဟု အများပြည်သူ ထင်မြင်ချက် ဖြစ်ပေါ်လာအောင် နည်းမျိုးစုံသုံးကာ နာမည်ဖျက်ခဲ့ကြသည်။ ”
 
သို့ဖြစ်ရာ နိုင်ငံရေးသမား ဟူသော အသုံးအနှုန်းကို `“နိုင်ငံရေး အကျိုးတော်ဆောင်” ဟုပြောင်းလဲခေါ်ဝေါ်ပါက ဆက်ဆံရန် စိုးကြောက်မှုများ လျော့နည်း သွားလေမည်လား ယူဆမိပေသည်။
နိုင်ငံရေး ဆောင်ရွက်သူများသည် တဦးနှင့်တဦး အယူအဆ၊ မူဝါဒ အားလုံးတူနိုင်မည်မဟုတ်ပေ။ အယူအဆ မတူတိုင်း ရန်သူ များ မဖြစ်သင့်ပေ။ မိမိတို့ မူဝါဒနှင့် လမ်းစဉ်ကောင်းကြောင်း၊ လူထုထံတင်ပြခြင်းနှင့် တချိန်တည်းတွင် မိမိပြိုင်ဘက်များ၏ မူဝါဒ နှင့်လုပ်ငန်းစဉ်များ လွဲမှား ချွတ်ချော်နေကြောင်း ကိုလည်း တင်ပြကြမည်သာ ဖြစ်သည်။ထိုသို့ တင်ပြရာတွင် ရန်စွယ်ငေါငေါ အ မျက်စောက်မန် ကြီးစွာဖြငသ့် မိမိပြိုင်ဘက်ကို တိုက်ခိုက်နှိပ်ကွပ်ခြင်းသည် မလိုလားအပ်သော အပြူအမူဖြစ်၍ နိုင်ငံရေး အကျိုး ဆောင်များ ရှောင်ရှား အပ်ပေသည်။
 
အတိတ်ကာကတွင်ယင်းသို့ အပြန်အလှန် လက်ညှိုးထိုး အပုပ်ချမှုများကြောင့်  နိုင်ငံရေးသမားများ နာမည်ဖျက်ခြင်းဟုဆိုနိုင် ပေသည်။ တဦးနှင့် တဦး ငယ်ကျိုး ငယ်နာမျာများ ဖော်ထုတ်တိုက်ခိုက်ခြင်းကို အဓိက ထားခဲ့ကြရာ ယင်းတို့၏ ကောင်းကွက် များကို လူထုက လုံးဝ မသိရပဲ မကောင်းကွက်များကိုချည်း ထပ်ဖန်တလဲလဲ ကြားသိနေရသည်ဖြစ်၍ နိုင်ငံရေးသမားများသည် လူထုအမြင်တွင် အထင်သေးစရာ ဖြစ်ခဲ့ရပေသည်။
သို့ဖြစ်ရာ နိုင်ငံရး အကျိုးဆောင်လိုသူများသည် အပြန်အလှန် လက်ညှိုးထိုး အပုပ်ချမှုများကို မပြုမိအောင်စောင့်စည်းခြင်းနှင့် ပြိုင်ဘက်ကို လေးစားခြင်းတည်းဟူသော နိုင်ငံရေးသီလ မြဲစေရန် ကြိုးစားသင့်ကြသည်။
 
နိုင်ငံရေးသီလ မြဲခြင်းနှင့် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်မှု ဖြစ်ထွန်းကာ တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းသော ရလာဒ်များပေါ်ထွက် လာမည် ဖြစ်ပေသည်။
 
အတွေးအမြင် အမှတ်--(၂၀၇)မှ ကူးယူဖော်ပြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ဗဟိုတရားရုံးချုပ်မှ ပယ်ချ

        နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုကို အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ယနေ့ ပယ်ချလိုက်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ မနက် (၁၀) နာရီက စီရင်ချက်ချလိုက်ပါတယ်။ ဒေါ်စုတင်သွင်းထားတဲ့ သူရဲ့အမှုရယ်၊ သူ့ရဲ့ လက်ထောက် (၂) ဦးရဲ့ အမှုရယ် (၂) မှုစလုံးကို ပယ်လိုက်ပါတယ်။ အဲဒီမှာကတော့ ရန်ကုန်တိုင်းတရားရုံးက သုံးသပ်ခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အချက်အလက်တွေဟာ ဒီအမှုမှာ မလိုအပ်ဘူးတဲ့။ ဒါကြောင့် အဲဒါကို ပယ်ဖျက်တယ်တဲ့။ အဲလိုအမိန့်ချတယ်။ အဲဒီမှာ အစိုးရဘက်က တင်တဲ့ ပြင်ဆင်မှု တမှုရှိတယ်။ ဒေါ်စုတို့အပေါ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ချမှတ်ခဲ့သော အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ်အမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့အပေါ် အလားတူပြစ်ဒဏ်များ ချမှတ်မှုနှင့် အစိုးရဘက်မှ တင်သည့်အမှုတခု စုစုပေါင်း (၃) မှုကို ဗဟိုတရားရုံးချုပ်တွင် ပြီးခဲ့သည့် ဇန်န၀ါရီ (၁၈) ရက်၌ နှစ်ဘက်လျှောက်လဲချက် အပြီးသတ်တင်သွင်းပြီးဖြစ်ကာ ယနေ့ စီရင်ချက် ချမှတ်ခြင်းဖြစ်သည်။

ယင်းသို့ စီရင်ချက်ချမှတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းသည့်အယူခံ (၂) မှုကို ပယ်ချခဲ့ခြင်းဖြစ်သည်။
ဗဟိုတရားရုံးချုပ်မှ ချမှတ်လိုက်သည့် စီရင်ချက်အပေါ် ဆက်လက်၍ အထူးအယူခံတင်သွင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ပယ်ရတဲ့အကြောင်းက မသိရသေးဘူး။ တရားရုံးချုပ် တရားသူကြီးက စီရင်ချက်ရဲ့အောက်ဆုံးအပိုဒ် အမိန့်ကိုပဲ ဖတ်တာ၊ အပေါ်မှာ ဆွေးနွေးချက်တွေ မဖတ်ဘူး။ အဲဒါ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ အမှုကို ကော်ပီကူးနေပါတယ်။ ကော်ပီရမှ သူတို့ ကျိုးကြောင်း ဖော်ပြချက် သိရမှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော တရားမ၀င် ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

အင်းစိန်ခရိုင်အထူးတရားရုံးက ယင်းသို့ ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံအမှုကို ပယ်ချခဲ့သည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးချုပ်သို့ အယူခံပြင်ဆင်ခွင့်ကို တင်သွင်းခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းတရားရုံးတွင် အယူခံအတွက် လျှောက်လဲချက်တင်သွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ အခြေခံဥပဒေ မရှိတော့ကြောင်း တင်ပြချက်ကို တိုင်းတရားရုံးက မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုသို့ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ အစိုးရဘက်မှလည်း အမှု (၁) မှု တင်သွင်းထားခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်သည်ဟု တရားစွဲဆိုထားမှုသည် ၁၉၇၄ အခြေခံဥပဒေပါ ပုဒ်မများကို ယူသုံး၍ ကန့်သတ်ထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ ခုနှစ် အခြေခံဥပဒေ မရှိတော့သည့်အတွက် အဆိုပါ ကန့်သတ်မိန့်များ တရားမ၀င်သကဲ့သို့ ယခု တရားစွဲဆိုချက်သည်လည်း တရားမ၀င်ကြောင်း လျှောက်ထားတင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မူလတရားရုံးမှ ချမှတ်ခဲ့သော ထောင်ဒဏ် (၃) နှစ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့ အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
အဆိုပါ နေအိမ်အကျယ်ချုပ်သက်တမ်းကို ပြီးခဲ့သည့်မေလမှ စတင်သတ်မှတ်ရာ လာမည့်နိုဝင်ဘာလတွင် သက်တမ်းပြည့်မည် ဖြစ်သည်

 NEJ/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ

ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်



ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

(ဓာတ်ပုံ - ဧရာဝတီ)
အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “အစိုးရက တက်တဲ့ ပြင်ဆင်မှုကို လက်ခံတယ်၊ ကျနော်တို့ ဘက်က တက်တဲ့ ပြင်ဆင်မှု ၂ ခုလုံးကို ပယ်လိုက် ပါတယ်၊ အထူး အယူခံဝင်ဖို့ ကျနော်တို့ စပြီးတော့ ဆောင်ရွက် တော့မှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကိုလည်း ငြင်းပယ် လိုက်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် တရားရုံးက စီရင်ချက်ချမှုကိုရန်ကုန်အခြေစိုက် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊  သြစတြေးလျနိုင်ငံတို့မှ သံအမတ်ကြီးများက တက်ရောက် နားထောင်ကြသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် စီရင်ချက်သည် အခြေခံဥပဒေနှင့် ကိုက်ညီခြင်းမရှိဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိဒါန်းအရ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ရပ်ဆိုင်းသွားသည့် အတွက် မည်သူတဦးတယောက်မှ သုံးခွင့်မရှိတော့ကြောင်း အကိုး အကားများဖြင့် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများက လျှောက်လဲကြသည်။

အစိုးရ ရှေ့နေများက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တရားဝင် ဖျက်သိမ်းကြောင်း မကြေညာသေးသည့် အတွက် သုံးခွင့် ရှိသည်ဟု လျှောက်လဲချက် ပေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အယူခံကို ကိုယ်တိုင် တက်ရောက် ကြားနာခွင့် မရပေ။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားတဦးကြောင့် တရားစွဲ ခံရပြီး နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်မံ တိုးမြှင့်ခံထားရသည်။

Friday, 26 February 2010 12:04 ကိုထွေး 
ဧရာဝတီ

အိမ်တွင်းလူနာရဲ့ နာတာရှည်ရောဂါ


အချိန်တွေက
တိုင်းရေးပြည်ရေး သတင်းကောင်းတပုဒ်လို
ရှားရှား ပါးပါး
မိသားစု ထမင်းလက်ဆုံစားရတယ်ကို မရှိဘူး ...
တယောက်က ကောင်းကင်ဘုံမှာ
တယောက်က နယ်ခြားမြို့လေးတမြို့ မှာ
ကျန်တယောက်က မော်စကိုမှာ ဘွဲ့လွန်တက်နေရလို့........
အသေးအဖွဲကအစ ကြီးကြီးမားမားအဆုံး
အဆုံးအစမဲ့ ပြဿနာတွေက
နေ့တဓူဝတွင်းနှုတ်ခမ်းဝမှာ မီးခိုးကြွက်လျှောက်
အင်ဒိုနီးရှားတောမီးလို ဟုန်းဟုန်းတောက်တယ်...
နောက်ကျောကို ဓားနဲ့ထိုးနေတဲ့ ကြမ္မာဆိုးကလည်း
ရွှေဖိနပ်ပိုင်ရှင် ဈာန်နဲ့ကန်သွင်းတဲ့ ရွှေဂိုးလို
အိမ်ဦးခန်းကိုမှ တန်းတန်းမတ်မတ်ဝင်ရတယ်လို့...
 ဒုက္ခလှလှက
အိမ်ပေါက်ဝမှာ ကျကျနန ခြေချိတ်ထိုင်ပြီး
စာနာမှုတရားတွေက
ငွေပင်ငွေရင်းကြီးရင့်တဲ့နေရာမှာ သီးပွင့်လွယ်တုန်းပဲ ...
ခဏတဖြုတ်ခရီးထွက်သွားတဲ့ မျှော်လင့်ခြင်း
အိမ်ရိပ်ကိုပြန်မနင်းခဲ့တာ ၂၂နှစ် တောင်ကြာခဲ့ပြီ။     ။


ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၀

အမျိုးသား အကျိုးစီးပွားဆိုရာဝယ်


နိဒါန်း

နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ပုံတွေကို လေ့လာဆန်းစစ်တဲ့အခါမှာ အမျိုးသားအကျိုးစီးပွား ဆိုတဲ့ သဘောတရားဟာ အလွန် အရေးကြီးလှပါတယ်။ ဒီသဘောတရားကို အသုံးပြုပြီး စစ်ဘုရင်တွေက သွေးချောင်းစီး စစ်ပွဲတွေ ဆင်နွှဲခဲ့ကြဖူးပါတယ်။ အာဏာရှင်တွေက အုပ်ချုပ်ခံပြည်သူလူထုကြီးကို ညှဉ်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာနဲ့အ၀ှမ်းမှာ ပဋ္ဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီသဘောတရားကို အသုံးပြုပြီး တနိုင်ငံရဲ့ အကျိုးစီးပွားကို တခြားနိုင်ငံက ထိခိုက်စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ရှားရေး၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကလဲ ထွက်ပေါ်လာပါတယ်။ Hans Morgenthau က ကမ္ဘာကြီးတခုလုံးကို နိုင်ငံရေးအားဖြင့် တိုင်းနိုင်ငံတွေအနေနဲ့ ခွဲခြမ်း စိတ်ဖြာထားတာဖြစ်တဲ့အတွက် ဒီတိုင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကသာလျှင် ကမ္ဘာ့နိုင်ငံရေးအပေါ်မှာ လွှမ်းမိုးမှုရှိမယ်လို့ ဆိုထားခဲ့ပါတယ်။ (၁၈၄၈) ခုနှစ်မှာ Lord Palmerston ကလဲ “ငါတို့ဆီမှာ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး။ ရေရှည်တည်တံ့နေတဲ့ ရန်သူဆိုတာလဲ မရှိဘူး။ ငါတို့ရဲ့ အကျိုး စီးပွားတွေကသာလျှင် ထာဝရရေရှည်တည်တံ့နေတဲ့ အရာတွေ ဖြစ်တဲ့အတွက် ဒီအကျိုး စီးပွားတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့ကသာ ငါတို့ရဲ့ တာဝန်ဖြစ်တယ်” လို့ အဆိုရှိခဲ့ဖူးပါတယ်။

တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားဟာ အနက်အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခဲယဉ်းပြီး၊ ဒီသဘောတရားကို နိုင်ငံခေါင်းဆောင်တွေက နည်းမျိုးစုံနဲ့ သဘောပေါက်နားလည်မှုတွေ ကွဲပြားကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာအပေါ်မှာ အခြေခံပြီးမှ နိုင်ငံတော်က ကျင့်သုံး ရတဲ့ အမျိုးသားရေးမူဝါဒတွေနဲ့ ဒီမူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ့် စစ်ရေးအင်အား၊ စီးပွားရေးအင်အား စတာတွေကို တွက်ချက်ရမှာ ဖြစ်တဲ့အတွက် ဒီသဘောတရားကို နားလည်နိုင် မှုတွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသဏ္ဍာန်တွေနဲ့ ဟန်ချက်ညီ အသုံးပြုနိုင်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။ အမျိုးသားအကျိုးစီးပွားရဲ့ အနက်အဓိပ္ပာယ်တွေနဲ့ တွေးမြင်ယူဆပုံတွေ၊ အမျိုးအစား ကွဲပြားမှုတွေ၊ သဘောတရား နားလည်မှုအပေါ်ကို လွှမ်းမိုးနိုင်တဲ့ အကြောင်းအချက်တွေကို ကွဲကွဲ ပြားပြား သိမြင်မှသာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါလှတဲ့ ဒီသဘောတရားကို ကောင်းမွန် ထိရောက်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုရာဝယ်

စစ်ဘုရင်နပိုလီယံက ရုရှားကို ဆင်နွှဲခဲ့တဲ့ စစ်ပွဲဟာ ပြင်သစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဟစ်တလာကလဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားစေခဲ့တာတွေနဲ့ ဂျူးလူမျိုးတွေကို သုတ်သင်ရှင်းလင်းခဲ့မှုတွေကို ဂျာမဏီရဲ့ အကျိုးစီးပွားအတွက် ပြုလုပ်တာလို့ ဆိုပြန်ပါတယ်။ စတာလင်ကလဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ သြဇာခံ အစိုးရတွေကို ပိုလန်နဲ့ ဥရောပ အရှေ့ပိုင်းနိုင်ငံတွေမှာ အာဏာရအောင် ကြိုးပမ်းခဲ့မှုတွေကို ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာလို့ ဆိုပြန်ပါတယ်။ အီရတ်က ကူဝိတ်ကို ကျူးကျော်ခဲ့ တုန်းက အီရတ်အစိုးရကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ စီနီယာဘွတ်ခ်ျကလဲ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပွားအတွက် စစ်ပွဲဆင်နွှဲခဲ့တာလို့ ဆိုခဲ့ပါတယ်။ ပါကစ္စတန် သမ္မတ Benazir Bhutto ကလဲ အိန္ဒိယ ကက်စ်မီးယားဒေသ နိုင်ငံရေး မတည်ငြိမ်မှုဟာ ပါကစ္စတန်ရဲ့ အမျိုးသားအကျိုးစီးပွားလို့ ယူဆတယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။ မြန်မာ စစ်အာဏာရှင်တွေကလဲ အာဏာတည်မြဲရေးအတွက် သွေးချောင်းစီး လူသတ်ပွဲပြုလုပ်တာ၊ တိုင်းရင်းသား လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တာလို့ ဆိုကြပြန်ပါတယ်။

တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို ဓားတချောင်းဘ၀ကို ရောက်နေတာနဲ့ တူပါတယ်။ စားဖိုမှူးလက်ထဲ ရောက်ပြီး၊ ဟင်းချက်ဖို့ အသုံးပြုခံရတဲ့အခါကျတော့ အရသာရှိတဲ့ ဟင်းကောင်းတခွက်အတွက် အထောက်အကူပြုပါတယ်။ ထင်းခုတ်သမားလက်ထဲရောက်ပြီး ညမီးလှုံ့ဖို့ လိုအပ်မယ့် ထင်းတွေကို ခုတ်ဖို့ အသုံးပြုခံရတဲ့ အခါကျတော့ လူတွေကို အနွေးဓာတ်ပေးမယ့် မီးဖိုလေးတခုဖြစ်လာစေပြန်ပါတယ်။ အဲလိုမဟုတ်ပဲ ဓားပြလက်ထဲရောက်တော့ လူတွေရဲ့ စည်းစိမ် ဥစ္စာကို ခြိမ်းချောက်တဲ့ လက်နက်ကိရိယာဖြစ်လာပါတယ်။ လူသတ်သမားလက်ထဲ ရောက်တော့ လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ လက်နက်ပစ္စည်း ဖြစ်လာပါတော့တယ်။

ဒါကြောင့် အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရား တခုတည်းနဲ့ ကောင်းမွန်တဲ့ သဘောတရားလား၊ ဆိုးရွားတဲ့ သဘောတရားလားဆိုတာကို ဘယ်သူမှ မဆိုနိုင်ပါဘူး။ ကိုင်စွဲအသုံးပြုသူရယ်၊ အသုံးပြုခံရတဲ့ ပစ္စည်းရယ်၊ အသုံးပြုလိုက်တဲ့ အချိန်၊ နေရာနဲ့ အခြေအနေတွေရယ်၊ အသုံးပြုပုံနည်းလမ်းရယ်၊ နောက်ဆက်တွဲ သက်ရောက်စေမှုရယ်ကသာ ကောင်းခြင်း၊ ဆိုးခြင်းကို ဖော်ကျူးပေးနိုင်တာ ဖြစ်ပါတယ်။ ဘယ်အရာကိုမှ တရားသေသတ်မှတ်ထားလို့ မရပါ။ အပြည့်အ၀ မှန်ကန်တဲ့ အမှန်တရားလို့ သတ်မှတ်လို့ မရပါ။ တိကျတဲ့ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဖော်ဆောင်လို့မရပါ။ အခြေအနေ၊ အချိန်အခါအရ အနက်အဓိပ္ပာယ် များစွာကို လူပေါင်းများစွာက ဖော်ထုတ်ခဲ့ကြပါတယ်။ ဘယ်သူတွေက ဘယ်လို အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်ဆိုတာကို လေ့လာဖို့ ဆိုသလို၊ ဒီဖွင့်ဆိုခဲ့မှုဟာလဲ လက်ရှိ အခြေအနေ၊ အချိန်အခါနဲ့ ထင်ဟပ်မှုရှိရဲ့လား ဆိုတာကို စဉ်ဆက်မပြတ်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

လေ့လာဆန်းစစ်မှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေမှာ ဘယ်သူက ဒါကို ပြောခဲ့တာမို့ မှန်တယ်ဆိုပြီး ပြောဆိုတတ်တာတွေ ရှိပါတယ်။ ဒါတွေဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေများပြီး၊ တိုးတက်တဲ့ အတွေးအခေါ် နည်းပါးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အဖြစ်များပါတယ်။ အဲဒီကနေ အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးငြင်းခုံမှု မဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေကြတဲ့ တောင်စဉ်ရေမရ အရက်သမား စကားဝိုင်းတွေ ဖြစ်သွားတတ်တာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေ ရေးသားခဲ့တဲ့ ကျမ်းဂန်စာပေတွေ၊ ခေါင်းဆောင်တွေရဲ့ အဆိုအမိန့် စကားလုံးတွေကို ကိုးကားတဲ့အခါမှာ သူပြောခဲ့တဲ့ ဆိုတာထက် သူပြောခဲ့တဲ့ အကြောင်းအရာဟာ လက်ရှိအခြေအနေ၊ အချိန်အခါနဲ့ သင့်လျော်နိုင်စေမှု၊ အသုံးဝင်မှုတွေကို အဓိကထားပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ပဲ စကားပြောနေရင်း “ဒါကို ဦးတောက်တဲ့က ပြောခဲ့တာ၊ ဒေါ်ဘုမက ပြောခဲ့တာ။ မင်းက သူတို့လောက်ပဲ တတ်ဦးမတဲ့လား။ မင်းကဘာမို့လို့လဲ” ဆိုတာမျိုးတွေ၊ “ငါဆိုတဲ့ ရွှေဇီးကွက်က ပြောတာ။ ငါဘာလဲ ဆိုတာ မင်းတို့ သိတယ်မလား။ ငါပြောတာမှန်တယ်” ဆိုတာမျိုးတွေ ပါလာပြီဆိုရင်တော့ အဲလိုလူမျိုးဟာ အဝေးဆုံး ကနေ ရှောင်ရှားသင့်သူတွေ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ရင် မိမိရဲ့ အတွေးအခေါ်တွေကို တိုးတက်မှု မရှိစေတော့ပဲ သင်းကွပ်ခံရနိုင်လို့ပဲ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီးတော့လဲ ပညာရှင်ပေါင်းများစွာ၊ ခေါင်းဆောင်ပေါင်းများစွာက အနက်အဓိပ္ပာယ်များစွာကို ဖွင့်ဆိုခဲ့ကြပါတယ်။ Padleford နဲ့ Lincoln တို့က အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတော် အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူ့အဖွဲ့ အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံတော်ရဲ့ မြေပြင်ပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက် စတာတွေအပေါ်မှာ ဗဟိုပြုတယ်လို့ ဆိုထားခဲ့ပါတယ်။ Robert Osgood ဆိုသူကလဲ အမျိုးသားအကျိုးစီးပွားဆိုတာ တိုင်းပြည်အကျိုးအတွက် တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် နိုင်ငံတော်ရေးရာကိစ္စတွေလို့ ဆိုခဲ့ပါတယ်။ Morgenthau ကတော့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာ နိုင်ငံတော်ရဲ့ နိုင်ငံရေး identity နဲ့ ယဉ်ကျေးမှုရေးရာ identity ကို အခြားနိုင်ငံတွေက ထိပါးစော်ကားလို့ မရအောင် ကာကွယ်စောင့်ရှောက်ခြင်းလို့ ဆိုခဲ့ပါတယ်။

ဒီအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို လေ့လာခြုံငုံကြည့်ရင် အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတနိုင်ငံရဲ့ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ၊ political identity cultural identity စတာတွေနဲ့ ဆက်စပ်ကြောင်း ယေဘုယျ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆက်စပ်မှုတွေမှာမှ ဘယ်လို အချက်တွေကို ဦးစားပေးရမယ်၊ ဘယ်လိုအကြောင်းတရားတွေက ယာယီဖြစ်တယ်၊ ဘယ်လိုအချက်တွေက ရေရှည် အရေးဖြစ်တယ် ဆိုတာတွေကို ထပ်မံပြီး ခွဲခြားစိတ်ဖြာကြည့်ဖို့ လိုအပ်ပါမယ်။ ဒီလို မစိတ်ဖြာခင်မှာ အမျိုးသားအကျိုးစီးပွားကို ဒဿနိကဗေဒရှုထောင့်ကနေ ဘယ်လို သုံးသပ်ခဲ့ကြသလဲဆိုတာကို ရေးသားတင်ပြလိုပါတယ်။

ဒဿနိကဗေဒရှုထောင့်မှ လေ့လာခြင်း

အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားရဲ့ အခြေခံစဉ်းစားတွေးခေါ်မှုတွေကို ဆယ့်ငါးရာစုခေတ် တွေးခေါ်ပညာရှင် Machiavelli ရေးသားခဲ့တဲ့ စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ အီတလီနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုဆိုတာ မရှိနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ အဲဒီခေတ်အချိန်ကာလမှာ အီတလီနိုင်ငံ ပေါင်းစည်းရေး၊ ပြည်ပအင်အားကြီးနိုင်ငံများရဲ့ ခြိမ်းချောက်မှုမှ လွတ်ကင်းရေးစတာတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် ဒီလိုရေးသားချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
medieval ခေတ်က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များရဲ့ အဆိုအမိန့်တွေမှာလဲ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ တွေးခေါ်စဉ်းစားမှုတွေကို တွေ့မြင်နိုင်ပါတယ်။ လူတွေမှာ ၀ိညာဉ်တွေ ရှိပြီး၊ သေဆုံးပြီးနောက်ပိုင်းမှာ ပြန်လည်ဆန်းစစ်ခံရမှာ ဖြစ်တဲ့အတွက် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စံချိန်စံညွှန်းတွေ ရှိတယ် လို့ သူတို့က ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာကျတော့ ၀ိညာဉ်နဲ့ သေဆုံးပြီး နောက်ပိုင်း ကာလဆိုတာ မရှိတဲ့အတွက် နိုင်ငံတွေဟာ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ဖို့နဲ့ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကို မဆို အကောင်အထည်ဖော်နိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် Thomas Aquinas တင်သွင်းခဲ့တဲ့ jus ad bellum နဲ့ jus in bello သီအိုရီတွေထဲမှာ ဒီသဘောတရားတွေကို ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။ ဒီသီအိုရီသဘောတရားတွေဟာ နိုင်ငံတော်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ realism ၀ါဒရဲ့ အခြေခံတွေ ဖြစ်လာခဲ့ပါတယ်။

စစ်ရေးပါရဂူ ကလော့ဝတ်စ်ကလဲ အမျိုးသားအကျိုးစီးပွား သဘောတရားနဲ့ ပတ်သက်ပြီး ဆိုထားခဲ့ဖူးပါတယ်။ သူက နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက်တွေကို နိုင်ငံတနိုင်ငံအဖြစ် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေက တွန်းအားပေးတာ ဖြစ်တာကြောင့် နိုင်ငံတနိုင်ငံဟာ သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် စစ်ဖြစ်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေတွေ ရှိနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါမှာ အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတဲ့ တခြားဘယ်အကြောင်းအရာကိုမှ ဦးစားပေး မစဉ်းစားသင့်ကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့်လဲ အောင်ပွဲ၊ အချိန်အတိုင်းအတာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်မရှိတဲ့ စစ်ပွဲတွေကကျတော့ အမျိုးသားအကျိုးစီးပွားအတွက် ကောင်းကျိုး မဖြစ်စေ တဲ့အတွက် မိုက်မဲရူးသွပ်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်ကာလတွေရဲ့ ဥရောပ နိုင်ငံရေးနဲ့ သံတမန်ရေးအတွေးအခေါ်တွေမှာ raison d’etat (သို့မဟုတ်) Staatsraison သဘောတရားတွေက လွှမ်းမိုးပျံ့နှံ့နေခဲ့ပါတော့တယ်။

(၂၀) ရာစု ကာလထဲမှာတော့ Hans Morgenthau ရဲ့အတွေးအခေါ်တွေက အမေရိကန်နဲ့ ကမ္ဘာတ၀ှမ်းမှာ ပျံ့နှံ့လာပါတယ်။ နိုင်ငံတွေဟာ စနစ်တကျ သုံးသပ်လေ့လာမှုမရှိပဲ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားကိုပဲ အကောင်အထည်ဖော်မယ်ဆိုရင် အနည်းဆုံး တခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နိုင်စေတတ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။ ဒီလို ထိခိုက်မှုဖြစ်စေတဲ့အခါ ဖြစ်ရပ်တော်တော် များမှာတော့ သံတမန်နည်းလမ်းတွေကို အသုံးပြုပြီး အပေးအယူလုပ်လို့ ရနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေဟာ အပေးအယူလုပ်လိုစိတ်မရှိပဲ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်မှု တခုတည်းကိုသာ ဦးစားပေးလာပြီဆိုရင်တော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးတွေ အတွက် အန္တရာယ်ရှိလာပါပြီ။ နိုင်ငံတွေဟာ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွားကို အကြောင်းပြုပြီး၊ နယ်ချဲ့ စနစ်ကို ကျင့်သုံးလာတဲ့အခါ စစ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေအနေနဲ့ တကမ္ဘာလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေတာတွေထက်စာရင် ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားကိုသာ ပထမဦးစားပေး စဉ်းစားလေ့ ရှိကြပါတယ်လို့ သူက ဆိုခဲ့ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေချမှတ်ရာမှာ အမျိုးသားအကျိုးစီးပွားဆိုတာက အလွန်အရေးပါတာမှန်ပေမယ့် ပါဝါပေါ်အခြေတည်ပြီး ထည့်သွင်းစဉ်းစားမှု လုပ်ဖို့ လိုတယ်လို့ သူက အကြံပြုထားခဲ့ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး မူဝါဒတရပ်မချမှတ်ခင်မှာ ဒီမူဝါဒကို ကျင့်သုံးအကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ National Power ကို တိုးမြင့်စေတာလား၊ အားလျော့စေတာလားဆိုတာကို ထည့်သွင်းမှုတွေ ပြုလုပ်လို့ရှိရင် နိုင်ငံတော်အနာဂတ်အတွက် ကောင်းမွန်တဲ့ မူဝါဒတွေ ပေါ်ထွက်လာနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။

သူ့ရဲ့ အယူအဆတွေကို ကန့်ကွက်သူတွေ အမြောက်အမြား ပေါ်ထွက်ခဲ့ပေမယ့်၊ ဒီအယူအဆတွေထဲမှာ rational ဖြစ်တဲ့ အချက်အလက်တွေလဲ အများအပြား ပါဝင်နေပါတယ်။ တိုင်းပြည်တပြည်ရဲ့ National Power ဆိုတာက လူဦးရေ၊ တည်နေရာ အနေအထား၊ ရာသီဥတုအခြေအနေ၊ သဘာဝသယံဇာတ၊ ထုတ်လုပ်မှုစွမ်းအား၊ စီးပွားရေးအင်အား၊ စစ်အင်အား စတဲ့ tangible elements တွေသာမက ဦးဆောင်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အစိုးရအမျိုးအစား၊ လူ့အဖွဲ့အစည်း ညီညွတ်မှု စတဲ့ intangible elements တွေနဲ့ပါ တိုင်းတာရတာဖြစ်ပါတယ်။ တချို့အစိုးရတွေက အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အသုံးပြုပြီး စစ်အင်အားကြီးထွားလာအောင် ဦးစားပေး ဆောင်ရွက်တတ်ကြပါတယ်။ အဲဒီအခါမှာ စစ်အသုံးစရိတ် ကြီးမားတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတော့တယ်။ စီးပွားရေးအင်အားမှာ ယုတ်လျော့အားနည်းလာပါတယ်။ ဒါကြောင့် Hans Morgenthau ဆိုထားခဲ့သလိုပဲ နိုင်ငံတွေဟာ အမျိုးသားအကျိုးစီးပွားကို အသုံးပြုပြီး မူဝါဒတွေချမှတ်တဲ့အခါ National Power ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ဟာ လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ အခင်းအကျင်းတွေမှာ အသုံးဝင်တဲ့ အယူအဆတရပ်ဖြစ်ပါတယ်။

စစ်အင်အား ကြီးထွားလာအောင် ပြုလုပ်တာ၊ ခေတ်မီဖွံ့ဖြိုးသော တပ်မတော်တရပ်ပေါ်ထွက်လာအောင် ပြုလုပ်တာတွေဟာ စီးပွားရေး ခိုင်မာတောင့်တင်းမှ တိုင်းပြည်ရဲ့ ဂျီဒီပီများလာမှ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ငွေတမတ်နဲ့ ငါးကြင်းခေါင်း ကိုင်ချင်လို့ မရပါ။ အိမ်တအိမ်မှာရှိတဲ့ အိမ်ထောင်ဦးစီးဟာ အိမ်တအိမ်လုံးရဲ့ ၀င်ငွေ ဆယ်သိန်းရှိနေချိန်မှာ အိမ်ကို ကာကွယ်ဖို့ဆိုပြီး တသောင်းတန် ဓားတလက်ဝယ်တာက အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ၀င်ငွေ နှစ်သောင်းရှိနေချိန်မှာ တသောင်းတန်ဓားဝယ်မယ်ဆိုရင်တော့ အိမ်ကလူတွေ အစာရေစာ မ၀ပဲ ငတ်ဖို့ များပါတယ်။ ဒီလိုအိမ်ထောင်ဦးစီးမျိုးက အိမ်ရဲ့ အကျိုးစီးပွားအတွက် ဒီဓားကို ၀ယ်ရတာပါလို့ ဘယ်လောက်ပဲ လူကြားကောင်းအောင် ဟစ်နေနေ၊ ဒါကို ရူးသွပ်မှု လို့ပဲ လူအများက သုံးသပ်ပါလိမ့်မယ်။ ပိုပြီး ဆိုးတာက အဲဒီဓားကြီးကို ကိုင်ပြီး အိမ်က လူတွေကို ခုတ်မယ်တကဲကဲ ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ အိမ်တအိမ်မှာ အဲလိုအရူးက အိမ်ထောင်ဦးစီး လုပ်နေလို့ မရတာကတော့ အသေအချာပါပဲ။ အရူးကို မဖယ်ရှားနိုင်ရင်တော့ အဲဒီအိမ်တအိမ်လုံး ဒုက္ခဆင်းရဲ ကြုံကြရမှာပါ။

နိုင်ငံတွေမှာလဲ ဒီလိုပဲ ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေတိုင်းမှာ စစ်အသုံးစရိတ်ကို တိုင်းပြည်ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းပဲ သုံးစွဲကြတာ ဖြစ်ပါတယ်။ တိုင်းပြည်ဂျီဒီပီများလေ စစ်အသုံးစရိတ်ကလဲ ကြီးလာလေလေပါပဲ။ နိုင်ငံရဲ့ National Power ကလဲ တိုးလာလေလေပါပဲ။ ရေမြင့်လို့ ကြာတင့်တာဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ တိုင်းပြည်စီးပွားရေးကလဲ ဆုတ်ယုတ်၊ စစ်အသုံးစရိတ်ကလဲ ကြီး၊ စစ်အသုံးစရိတ်ကြီးလာလို့ စီးပွားရေးက ပိုဆုတ်ယုတ်နဲ့ သံသရာလည်နေတဲ့ နိုင်ငံတွေကတော့ ဘယ်လောက်ပဲ ကြိုးစားပေမယ့်လဲ နိုင်ငံတကာ စစ်အင်အား အဆင့်အတန်းကလဲ မမှီနိုင်၊ စီးပွားရေးအင်အား အဆင့်အတန်းကလဲ ဆုတ်ယုတ်ပျက်စီး၊ အုပ်ချုပ်သူတွေကို အဖိနှိပ်ခံပြည်သူတွေက တော်လှန်လာကြတဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှုကလဲ မရ၊ နိုင်ငံတော်အုပ်ချုပ်သူများ အတွက်ကလဲ ဘယ်အရာကို ဘယ်အချိန်မှာ ဦးစားပေးရမှန်း မသိပဲ ၀မရှိပဲ ၀ိလုပ်ချင်တဲ့ မိုက်မဲရူးသွပ်နေသူများအဖြစ်သာ ကမ္ဘာက သတ်မှတ်ခံရနဲ့ national power လဲ မရ၊ တိုင်းပြည်သိက္ခာကျတာပဲ အဖတ်တင်ကျန်ရစ်တတ်ပါတယ်။ ရေမမြင့်တဲ့အတွက် ကြာလဲ မတင့်ပါ။ ဖွတ်မရ၊ ဓားမဆုံးပြီး၊ နိုင်ငံသူ၊ နိုင်ငံသားတွေမှာသာ ရေနည်းငါး ဘ၀လို မျက်နှာငယ်ကြရပါတော့တယ်။

အမျိုးအစားကွဲပြားမှုများ

Realists တွေက နိုင်ငံတနိုင်ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာကို အမျိုးအစားလေးမျိုး ခွဲခြားပြီး ဖော်ပြလေ့ရှိကြပါတယ်။ ပထမအမျိုးအစားကတော့ အရေးကြီးမှုအပေါ်မှာ အခြေခံပြီး အမျိုးသားအကျိုးစီးပွားဆိုတာကို vital interests နဲ့ secondary interests ဆိုပြီး ခွဲခြားဖော်ပြပါတယ်။ ဥပမာ- စစ်အေးကာလတုန်းက ကျူးဘားမှာ ဘယ်လို missiles မှ မရှိစေရဘူးဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ vital interest ဖြစ်ပါတယ်။ စစ်အေးကာလနှောင်းပိုင်းမှ ကမ္ဘာ့ ရေနံရောင်းလိုအားကို ဘယ်နိုင်ငံကမှ ထိန်းချုပ်ခြင်း မရှိစေရဆိုတာက အမေရိကန်ရဲ့ secondary interest ဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားကတော့ ရေတိုရေရှည် အချိန်ကာလအပေါ်မှာ အခြေခံပြီး temporary interests နဲ့ permanent interests ဆိုပြီး ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ ဥပမာ- အီရန်ကို ဆန့်ကျင်ဖို့ အီရတ်ကို ကူညီတာ စတာမျိုးက temporary interests ဖြစ်ပါတယ်။ Western Hemisphere မှာ hostile power မရှိရဘူးဆိုတာက အမေရိကန်ရဲ့ permanent interest ဖြစ်ပါတယ်။

တတိယအမျိုးအစားကတော့ တိကျသောသတ်မှတ်ချက်ပေါ်မှာ အခြေခံပြီး specific interests နဲ့ general interests ခွဲခြားသတ်မှတ်ချက်ဖြစ်ပါတယ်။ ဥပမာ- ဂျပန် ကုန်သွယ်မှု အတားအဆီးတွေ မရှိရဘူးဆိုတာက specific interest ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ general interest ပဲ ဖြစ်ပါတယ်။ စတုတ္ထအမျိုးအစားကတော့ compatibility ပေါ်မှာ အခြေခံပြီး complementary interests နဲ့ conflicting interests ဆိုပြီး ခွဲခြားသတ်မှတ်မှု ဖြစ်ပါတယ်။ ဥပမာ- ကိုဆိုဗိုအရေးမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုက complementary interest ဖြစ်ပြီး၊ ဆာဗ့်တွေကို ရုရှားတွေက ကူညီမှုကကျတော့ conflicting interest ဖြစ်ပါတယ်။ နိုင်ငံခြားရေးမူဝါဒတွေမှာ ဒီလိုအမျိုးအစား ကွဲပြားမှုတွေက အလွန်အရေးကြီးပါတယ်။ ဥပမာ- တခြားနိုင်ငံတခုရဲ့ လူ့အခွင့်အရေးကိစ္စတွေဆိုတာက Permanent, general, secondary interests ဖြစ်ပါတယ်။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေဟာ လူ့အခွင့်အရေးကို အကြောင်းပြုပြီး နိုင်ငံငယ်တွေ အပေါ်မှာသာ အရေးယူမှုတွေ ပြုလုပ်တတ်ပေမယ့် နိုင်ငံကြီးတွေအပေါ် ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာကျတော့ ရှေ့တန်းတင်လေ့ မရှိတတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူသင့်သလားဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေမှာ ဒီအချက်ကို ထည့်သွင်းပြီး ဆွေးနွေးလေ့ရှိကြပါတယ်။ တရုတ်ပြည်ကို စီးပွားရေးပိတ်ဆို့အရေးယူခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်စေနိုင်မှု၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမှာ ဆိုးဝါးတဲ့ အကျိုးသက်ရောက်စေမှု၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားနည်းချက်ရှိစေမှု စတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ပညာရှင်တွေက ရေးသား တင်ပြထားကြပါတယ်။ အထူးသဖြင့် မြောက်ကိုးရီးယားရဲ့ နယူးကလီးယားအရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု လျော့နည်းသွားစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ မြောက်ကိုးရီးယားအရေးဟာ အမေရိကန် ပြည်ထောင်စုရဲ့ specific interests ဖြစ်ပြီး၊ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကကျတော့ general interestsပဲ ဖြစ်တဲ့ အတွက် ပိုပြီး အရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီလို competing interests တွေဖြစ်လာတဲ့အခါ ဘယ်လိုအကျိုးစီးပွားကို ဘယ်လိုအချိန်အတွက် ပိုပြီး ဦးစားပေးသင့်သလဲ ဆိုတာကို နိုင်ငံတွေအနေနဲ့ လေ့လာသုံးသပ်ပြီး ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အကြောင်းအရာ တခုတည်းပေါ်မှာတင် မူတည်ပြီး တနိုင်ငံနဲ့ တခြားတနိုင်ငံတို့ရဲ့ အကျိုးစီးပွားတွေက ထပ်တူမကျနိုင်ပါဘူး။ ဥပမာ- ဆားဗီးယားတွေက ကိုဆိုဗာ အယ်ဘေးနီးယားတွေကို ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား သတ်မှတ်ချက်က general, temporary and secondary interests ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားရဲ့ အမျိုးသားအကျိုး စီးပွားသတ်မှတ်ချက်ကကျတော့ specific, permanent and vital interests ဖြစ်သွားပါပြီ။ ဒီလိုပါပဲ။ မြန်မာ့အရေးနဲ့ ပတ်သက်ရင်လဲ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အကျိုးစီးပွားတွေက မတူညီပါဘူး။ လူ့အခွင့်အရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး စတာတွေနဲ့ ဆိုင်တဲ့အတွက် general and temporary interests ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒေသတွင်းသြဇာအာဏာလွှမ်းမိုးမှုကို ထိန်းချုပ်ရေးနဲ့ ဆိုင်တာဖြစ်ပေမယ့် ဒေသတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ သြဇာအာဏာ ကြီးထွားလာရေးကိုပါ တွဲစပ်ထားတာဖြစ်တဲ့အတွက် secondary interests အဆင့်မှာပဲ ရှိပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွက်ကျတော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတာကတကြောင်း၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုမှာ အရေးကြီးဆုံးဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အမေရိကန် ရေတပ်ထိန်းချုပ်ထားတဲ့ မလက်ကာရေလက်ကြားကနေ တဆင့် ဖြတ်စရာမလိုပဲ မြန်မာနိုင်ငံကနေ တဆင့် ဖြတ်သန်းတင်သွင်းနိုင်မယ့် အလားအလာ ရှိနေတာ၊ မဟာဗျူဟာ စီမံကိန်းတွေလဲ ရှိနေတာတွေက တကြောင်း၊ စစ်ရေး၊ နိုင်ငံရေးအချက်အချာ ဒေသ တခုဖြစ်နေတာက တကြောင်း စတာတွေကြောင့် မြန်မာ့အရေးဟာ specific, permanent and vital interests ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ထိပ်တိုက် ဖြစ်လာနိုင်စရာ အကြောင်း မရှိပါ။ အမျိုးသားအကျိုးစီးပွားနှစ်ခု ထပ်တူ မကျနေတဲ့အတွက် vital interests အဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ နယ်မြေဒေသကို secondary interests အဖြစ် သတ်မှတ်ထားတဲ့ အမေရိကန်က စစ်အင်အားသုံးပြီး ၀င်လာနိုင်စရာ အကြောင်း မရှိရခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ ဒီအချက်ကို သတိမမူတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာ- မြန်မာအတိုက်အခံတွေအနေနဲ့ အမေရိကန်တွေကပဲ အီရတ်ကို ၀င်သလို မြန်မာပြည်ကို ၀င်လာလေမလားဆိုပြီး စိတ်ကူးယဉ်မိသွားတတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အီရတ်က အမေရိကန်အတွက် vital interests ဆိုတာကို သတိပြုမိဖို့ လိုအပ်လှပါတယ်။ ဒီလို သတိမမူ၊ ဂူမမြင်တာတွေ များလာတဲ့အခါကျရင် “အမောင်၊ တောင်မှန်း၊ မြောက်မှန်း မသိ” ဖြစ်ကိန်း ဆိုက်တတ်တာကြောင့်ပါ။

နာဂစ်ကာလတုန်းက အမေရိကန်တပ်တွေ မြန်မာပြည်ကို ၀င်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် Responsibility to Protect ထဲမှာ ပြဌာန်းထားတဲ့ အချက်တွေထဲမှာ သဘာဝဘေးအန္တရာယ်ဆိုတဲ့ စကားလုံး မပါဝင်ပါဘူး။ ဆွဲယူအသုံးပြုမှသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒီလိုဆွဲယူအသုံးပြုပြီးမှ ပြင်သစ်က ဦးဆောင်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တင်ပါတယ်။ လုံခြုံရေးကောင်စီဆိုတာကလဲ log-rolling problem ရှိတဲ့အတွက် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မကျလာပါဘူး။ အဲဒီအခါမှာ ကမ္ဘာ့ကုလသမဂ္ဂက authorised လုပ်တဲ့ multilateral intervention မဟုတ်တဲ့ coalition အသွင်သဏ္ဍာန်နဲ့ multilateral intervention တွေ၊ unilateral intervention စတာတွေကို ထပ်မံတောင်းဆိုကြပါတယ်။ ဒါပေမယ့် ၀င်ရောက်ခြင်း မပြုခဲ့ကြပါဘူး။ အဓိကကတော့ ဖြစ်တဲ့ ကိစ္စရပ်ဟာ သဘာဝဘေးအန္တရာယ်အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ အစိုးရရဲ့ လျစ်လျူရှုမှု ဖြစ်တဲ့ အတွက် တခြားနိုင်ငံတွေအတွက် general, temporary, secondary interests ဖြစ်နေရခြင်းကြောင့်ပါပဲ။ နိုင်ငံတကာ ဥပဒေအရမှာလဲ legitimized intervention မဖြစ်နိုင်တဲ့အတွက် နောက်ဆက်တွဲပြဿနာတွေ အများအပြား ရှိလာနိုင်လို့ဖြစ်ပါတယ်။ ဒီလို အမျိုးသားအကျိုးစီးပွား သဘောတရားကို သတိမမူတဲ့ အတိုက်အခံတွေက ဒါကို နိုင်ငံတကာက ပါးစပ်နဲ့ပဲ ပြောတယ်၊ ဘာရယ်နဲ့ အပြစ်တင်ဝေဖန်ကြပြန်ပါတယ်။ အာဏာရှင်ဘက်တော်သားတွေကလဲ အမေရိကန်နဲ့ ဥရောပတို့ကပဲ သူတို့ရဲ့ စစ်အင်အားကို ကြောက်လန့်လို့ မ၀င်ရဲသလိုလို ဆိုကြပြန်ပါတယ်။ ဒါကို အကြောင်းပြုပြီး တဘက်နဲ့ တဘက် အင်တာနက်ပေါ်မှာ ငြင်းခုန်ရန်ဖြစ်နေကြသူတွေကလဲ ရှိပြန်ပါသေးတယ်။ တောထဲမှာ အလေ့ကျပေါက်တဲ့ အရွက်ကို ခုမှ စမြင်သူအချင်းချင်း တယောက်က အေ အရွက်လို့ပြော၊ နောက်တယောက်က ဘီ အရွက်လို့ ပြောပြီး ငြင်းနေကြတာနဲ့ အတူတူပါပဲ။ အချိန်ကုန်၊ လူပမ်းပြီး ဘာမှလဲ အကျိုးရှိတာ မဟုတ်ပါ။

ဒီကြားထဲ ကိုးကိုးကျွန်းကို အမေရိကန်ရေတပ်ကို နှစ်တရာတပ်စွဲခွင့်ပေးပြီး၊ မြန်မာကို အမေရိကန် ၀င်ပေးပါလို့ ပြောပေးကြပါ ဆိုတဲ့ စာတွေကလဲ ထွက်လာပြန်ပါသေးတယ်။ ဒီထက် ပိုဆိုးတာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေပိုင်နက် အငြင်းပွားတာကို စစ်ဖြစ်လာရင်တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အမေရိကန်က ၀င်ကူညီပေးပြီး မြန်မာအာဏာရှင်စစ်တပ်ကို တိုက်လိမ့်မယ် ဆိုတာမျိုးတွေ ပြောပြီး မြန်မာလူထုကို မဆက်စပ်၊ မသက်ဆိုင်တဲ့ အတွေးမှား၊ မျှော်လင့်ချက်မှားတွေ ပေးတာမျိုးဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတနိုင်ငံရဲ့ permanent and vital interests နဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ” ဆိုတာ မရှိနိုင်ကြောင်း ပြောဆိုထားခဲ့ဘူးပါတယ်။ နိုင်ငံ ခေါင်းဆောင်များစွာကလဲ အမြဲတမ်း မဟာမိတ်၊ အမြဲတမ်း ရန်ဘက် ဆိုတာ မရှိနိုင်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ဖြစ်ပါတယ်။
အခုလက်ရှိအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို မြန်မာတမျိုးသားလုံး ဆန့်ကျင်ဖို့ လိုအပ်တဲ့ အဓိက အချက်ကတော့ စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို မဆောင်ကျဉ်းပေးနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ National Power ကို လျော့ကျစေနိုင်တယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ကနေ မြန်မာတမျိုးသားလုံးကို တောင်းဆိုလာတဲ့ temporary interests ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွက် permanent and vital interests ဖြစ်တဲ့ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ စတာတွေကို ဘယ်သူကမှ ဘာအကြောင်းကြောင့်မှ compromise လုပ်လို့ မရပါဘူး။

ကိုယ့်ရန်သူရဲ့ ရန်သူတိုင်းကို မိတ်ဆွေဖွဲ့လို့ မရပါဘူး။ ကိုယ့်ရန်သူရဲ့ မိတ်ဆွေတိုင်းကို ရန်သူသတ်မှတ်လို့ မရပါဘူး။ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ လက်လွတ် စပယ် လုပ်ကိုင်ဆုံးဖြတ်လို့ မရပါဘူး။ ဒီလိုပါပဲ။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာလဲ အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးစနစ် မှန်ကန်ကောင်းမွန် လာချိန်ကျမှ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲတွေ၊ ပြည်သူ့ဆန္ဒခံယူပွဲတွေနဲ့ စဉ်းစားသတ်မှတ်ကြရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။ လူမျိုးစုသတ်မှတ်ရေး၊ နယ်မြေပိုင်နက် ခွဲဝေသတ်မှတ်ရေး ကိစ္စရပ်တွေ အားလုံးကို ဘယ်လိုလူတွေက ဘယ်လိုကတိတွေပဲ ပေးထားခဲ့သည်ဖြစ်စေ၊ ဘယ်လိုနိုင်ငံတွေက ထောက်ခံမှုပြုသည်ဖြစ်စေ ဒါတွေဟာ အကျုံးမ၀င်ပါဘူး။

ဘာတွေပဲ ပြောနေနေ လက်တွေ့မှာကျတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး မြန်မာတမျိုးသားလုံးရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး၊ လူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေမှာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ သွေးခွဲအုပ်ချုပ်မှုတွေ၊ အိမ်ကြက်ချင်း အိုးမဲသုပ်ပြီး ခွပ်ခိုင်းမှုတွေ ရှိနေသမျှကာလပတ်လုံး အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ တန်းတူညီမျှရေး ကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေတာက စစ်အာဏာရှင်စနစ်သာ ဖြစ်ပါတယ်။ တပ်မတော်မဟုတ်ဘူး။ ဒါပေမယ့် တပ်မတော်ဟာ စစ်အာဏာရှင်စနစ်ရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့အတွက် ဖျက်ဆီးသူတွေထဲမှာ ပါဝင်နေတယ်။ ရဲတပ်ဖွဲ့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ မတရားတဲ့ ဥပဒေတွေကို ရဲတပ်ဖွဲ့က အသုံးပြုနေကြရတယ်။ ကြံ့ဖွံ့တွေ မဟုတ်ဘူး။ ဒါပေမယ့် အာဏာရှင်ဒေါက်တိုင်အဖြစ် စနစ်ကို ထောက်မထားသလို ဖြစ်နေတယ်။ ဒါကြောင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်ထဲ၊ ရဲတပ်ဖွဲ့ထဲ၊ ကြံ့ဖွံ့ထဲ ၀င်ရောက်ခဲ့သူတွေဟာ ပြည်သူ့ ရင်ခွင်ကို ခိုလှုံပြီး အာဏာရှင်စနစ်ကို ဖီဆန်ဆန့်ကျင်ဖို့ လိုအပ်လှပါတယ်။ ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေမှာ စစ်အာဏာရှင်စနစ်ဆိုး အောက်ကနေ လွတ်မြောက်ရေးအတွက် တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ အပါအ၀င် မြန်မာ တမျိုးသားလုံး လက်တွဲပြီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ဖော်ဆောင်နိုင်ဖို့က လက်တွေ့ကျသော လုပ်ငန်းစဉ် တိုက်ပွဲဝင်လမ်းကြောင်း တရပ်အဖြစ် လိုအပ်နေပြီ ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုဆိုတာကို အချို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေးတို့နဲ့ ယှဉ်ပြီး ပေါ်ထွက်လာတယ်လို့ ထင်တတ်ကြတယ်။ ဒါတွေဟာ strategy framework သဘောတရားအပေါ်မှာ ကွဲလွဲစွာ နားလည်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ငန်းဆောင်တာမှာမဆို ends (အဆုံးသတ် ပန်းတိုင်)၊ ways (သွားမယ်လမ်းကြောင်း) နဲ့ means (resources) သုံးမျိုး ဟန်ချက်ညီမှ အောင်မြင်နိုင်တာ ဖြစ်တယ်။ ကျောင်းသားတယောက်က ဘ၀မှာ ဘွဲ့တခုရဖို့ လိုအပ်တယ်လို့ ယူဆတယ်။ အဲဒီအခါမှာ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ကို ထားတယ်။ ဘွဲ့ရဖို့ ကြိုးစားမယ်ဆိုပြီးတော့လဲ မိဘဆွေမျိုး အသိုင်းအ၀ိုင်းကို ကြေညာတယ်။ ဒါက ends ဖြစ်တယ်။ ဒါပေမယ့် ဒါတခုတည်းနဲ့တင် မပြီးသေးဘူး။ ဒီလိုဘွဲ့ရဖို့အတွက် ဆယ်တန်းအောင်ရမယ်၊ တက္ကသိုလ် တက်ရမယ်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စာမေးပွဲတွေ အဆင့်ဆင့် ဖြေရမယ်။ ဒါက ways ဖြစ်တယ်။ ဒီလိုရှိရုံလောက်နဲ့လဲ မရသေးဘူး။ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်မယ့် လမ်းကြောင်း အဆင့်ဆင့်မှာ အချိန်ကုန်မယ်၊ ငွေကုန်မယ်၊ လူရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှိမယ်။ ဒါတွေက means တွေပဲ ဖြစ်တယ်။

မြန်မာပြည်အရေးမှာဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ဆိုတာတွေက မြန်မာနိုင်ငံ အနာဂတ်အတွက် လိုအပ်တဲ့ အမျိုးသားအကျိုးစီးပွားတွေ ဖြစ်တယ်။ တမျိုးသားလုံး ဦးတည်ရမယ့် ပန်းတိုင် ends ဖြစ်တယ်။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုဆိုတာက ဒီပန်းတိုင်ကို ရောက်အောင်သွားဖို့ လမ်းကြောင်းအဆင့်ဆင့်ထဲက အဆင့် တဆင့်သာပဲ ဖြစ်ပါတယ်။ ways တွေထဲက တဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းဖော်ဆောင်မှုတွေမှာ strategic picture တခုလုံးကို ခြုံငုံကြည့်ပြီးမှ complementary interests လား၊ competing interests လားဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုအပ်လှပါတယ်။ ဒီလိုမဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေလို့ကတော့ ဟင်္သာကိုးသိန်း ပျက်ကိန်း ကြုံပါလိမ့်မယ်။ ပင်လယ်ထဲ သင်္ဘောပျက်နေချိန်မှာ အသက်ကယ်လှေတွေပေါ် လူတွေရောက်ဖို့က အရေးကြီးပါတယ်။ သင်္ဘောပျက်နေမှ သင်္ဘောဆောက်ပြီး ကယ်ဖို့ လုပ်နေလို့မရပါဘူး။ သင်္ဘောဆောက်တာကတော့ ရေရှည်အတွက် ဆောက်ဖို့ လိုမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီသင်္ဘောနဲ့ပဲ ကယ်မယ်လုပ်နေလို့တော့ မရပါဘူး။ ရေတို၊ ရေရှည် လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ရေရှည်ပဲ အာရုံစိုက်နေရင် နောက်တွန့်ပါတယ်။ ရေတိုပဲ အာရုံစိုက်နေရင် ရှေ့ကျွံပါတယ်။ ဟန်ချက်မညီရင် အောင်မြင်မှု ရမှာလဲ မဟုတ်ပါ။ ပြည်တွင်းပဋ္ဋိပက္ခမှာပဲ ဖြစ်ဖြစ်၊ ပြည်ပ ပဋ္ဋိပက္ခတွေမှာပဲ ဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာက မူဝါဒတွေ၊ မဟာဗျူဟာတွေကို အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားရဲ့ အမျိုးအစားကွဲပြားမှုတွေ အပေါ်မှာ အခြေခံပြီးမှ strategy framework ကို ချမှတ်မယ်ဆိုရင် အောင်မြင်ဖို့ အလားအလာတွေ ပိုရှိမှာ ဖြစ်ပါတယ်။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အတိုချုပ်အနေနဲ့ ရေးသားတင်ပြပြီး မြန်မာပြည်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာအချို့ကို ယေဘုယျဥပမာအနေနဲ့ ထည့်သွင်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို သီးသန့်ရေးသားထားတဲ့ ဆောင်းပါး မဟုတ်ပါဘူး။ ရေးသားထုတ်ဝေဖို့ လိုအပ်သော အချိန်ကာလ မဟုတ်သေးပါ။ ကုလားစာ၊ ဘိုစာ၊ တရုတ်စာ ချက်စားဖို့ နေနေသာသာ မီးဖိုထဲ ဝေးလို့ အိမ်ထဲ တောင် ရောက်သေးတာ မဟုတ်ပဲ ဘိုစာကောင်းတယ်၊ တရုတ်စာ ကောင်းတယ်နဲ့ ငြင်းခုန်ဆွေးနွေးမှုတွေကိုလဲ စိတ်ပါဝင်စားမှု မရှိလှပါ။ ကုလားစာ ချက်လိုသူက တကယ်ချက်ရမယ့်အချိန်မှာ မှန်မှန်ကန်ကန် ချက်တတ်အောင် ပြင်ဆင်လေ့လာထားဖို့၊ ဘိုစာ ချက်လိုသူက မီးဖိုထဲရောက်မှ ဟိုဟာမသိ၊ ဒီဟာမသိနဲ့ အင်္ဂလန်မှ စားဖိုမှူးများ ပြန်ပင့်နေရတဲ့ ဘ၀ မရောက်ဖို့၊ တရုတ်စာ ချက်လိုသူကလဲ မီးဖိုထဲရောက်မှ ရွာရိုးကိုးပေါက် ပြန်ထွက်လျှောက်ပြီး သားလှီးဓား လိုက်ရှာနေရတဲ့ ဘ၀မရောက်ဖို့ကိုသာ ကိုယ့်အသိနှင့်ကိုယ် ၀ိုင်းဝန်းကြိုးပမ်း ပြင်ဆင်ထားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၂၅၊ ၂၊ ၂၀၁၀)

ရည်ညွှန်းကိုးကား-

St. Thomas Aquinas, Summa Theologica, 2-2ae, Quest. 40, Art. 1 in Aquinas, Selected Political Writings, trans. J. G. Dawson (Oxford: Blackwell, 1948).

Hans J. Morgenthau, Politics Among Nations (6th ed.; New York: Knopf, 1985).

Niccolo Machiavelli, The Prince and the Discourses (New York: Random House, 1940).

Morgenthau, “Alliances in Theory and Practice,” in Arnold Wolfers, ed., Alliance Policy in the Cold War (Baltimore: Johns Hopkins Univ. Press, 1959).

Donald E. Nuechterlein, America Overcommitted: United States National Interests in the 1980s (Lexington: Univ. of Kentucky Press, 1985)

K. J. Holsti, International Politics: A Framework for Analysis, 5th ed. (Englewood Cliffs, N.J.: Prentice Hall, 1988)

Paul M. Kennedy, The Rise and Fall of the Great Powers: Economic Change and Military Conflict from 1500-2000 (New York: Random House, 1987)

Barry O’Neill, “Power and Satisfaction in the United Nations Security Council,” Journal of Conflict Resolution, 40 (June 1996), 219-37;

Stephen M. Wait, “The Search for a Science of Strategy, A Review Essay,” International Security, Summer 1987, Vol. 12, No. 1, pp. 142-143

ဒေါ်စုအမှု မနက်ဖြန် စီရင်ချက်ချမည်


   ချင်းမိုင် (မဇ္ဈိမ)။    ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ထားမှုကို ပြစ်ဒဏ် ပြင်ဆင်မှု တင်သွင်းထားခြင်း အပေါ် မနက်ဖြန်တွင် ဗဟိုတရားရုံးချုပ်က အမိန့်ချမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုသည်။

“မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှာဖြစ်တယ်။ ကျနော့်ကို လုပ်ဖော်ကိုင်ဘက်တယောက်က အကြောင်းကြားတာပါ။ မနက်ဖြန် ၁ဝ နာရီ တရားရုံး တက်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

နေအိမ်အချုပ်ဒဏ် ၁ နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုပြင်ဆင်ချက်ကို ရှေ့နေများက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ပြီး၊ နှစ်ဖက်လျှောက်လဲချက်များလည်း ပေးခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နှစ်ဦးက အမှုနိုင်ပြီး လွတ်မြောက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

အမေရိကန်နိုင်ငံသား ဂျွန်ယက်တော အိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့၌ မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုင်းငံ့ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ၁၈ လ အဖြစ် နေအိမ်အကျယ်ချုပ်ရန် တရားရုံးကို ညွှန်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေမှာ ပျက်ပြယ်ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အခြေခံဥပဒေအပေါ် တည်၍ တရားစီရင်ခြင်းမှာ မလျော်ကန်ဟု အမှုပြင်ဆင်ချက်တွင် တင်ပြထားသည်။



ဖနိဒါ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၃ မိနစ်
(ကိုဝိုင်း တည်းဖြတ်သည်။)

မြန်မာ့အားကစား ကမ္ဘာကို ရှုံးစေရမည်...


မြန်မာအသင်း အာရှဖလားဝင်ခွင့် ဆုံးရှုံး
  
နယူးဒေလီ (မဇ္ဈိမ) ။     ။ AFC Challenge Cup – 2010 အကြိုဗိုလ်လုပွဲစဉ်တွင် မြောက်ကိုရီးယား အသင်းကို ယမန်နေ့က ဂိုးပြတ် ရှုံးနိမ့်ခဲ့သဖြင့် မြန်မာအသင်း၏ ၂ဝ၁၁ ခုနှစ် အာရှဖလားဝင်ခွင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းသည် ၂ဝ၁၁ ခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် အာရှဖလား ဘောလုံး ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သော်လည်း သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ မြောက်ကိုရီးယား အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

“မြောက်ကိုရီးယားက ကမ္ဘာ့ဖလားတောင် ခြေစစ်ပွဲအောင်ထားတဲ့ နိုင်ငံဆိုတော့ ဘောလုံး အဆင့်အတန်းချင်းက သိပ်ကွာပါတယ်။ ကိုယ့်ထက် သမ္ဘာရော၊ ကစားအားရော ပိုကောင်းတဲ့ အသင်းကို ရှုံးရတဲ့အတွက် အရမ်းတော့ ဝမ်းမနည်းမိပါဘူး။ အုပ်စုတက်ပြီး ဆီမီး (အကြိုဗိုလ်လုပွဲ) ရောက်တာကိုပဲ ကျေနပ်ရမှာပါပဲ” ဟု ဂိုးလ် အားကစားဂျာနယ် အယ်ဒီတာ ဦးကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

သီရိလင်္ကာ ကိုလံဘိုမြို့ရှိ ဆူဂါသာဒါဆာ (Sugathadasa) ကွင်း၌ မြောက်ကိုရီးယားက မြန်မာဘက်သို့ ပထမပိုင်း ၆ မိနစ်၊ ၁၂ မိနစ်နှင့် ၁၃ မိနစ်တို့တွင် ၃ ဂိုး၊ ဒုတိယပိုင်း ၇၃ မိနစ်နှင့် ၈၅ မိနစ်တွင် ၂ ဂိုး သွင်းယူခဲ့သည်။ ဂိုးများကို ချိုးချိုလ်မန်းက ၂ ဂိုး၊ ချိုမြောင်ဟို၊ ပတ်ဆောင်ချိုနှင့် ကင်ဆောင်ယောင်တို့က ၁ ဂိုးစီ သွင်းယူခဲ့ကြသည်။

“ဖလားတော့ ရစေချင်တာပေါ့။ ရှုံးသွားတော့လည်း ဘာတတ်နိုင်မလဲ။ ဒါပေမဲ့ အရှက်ပြေ ချေပဂိုးလေး ၁ ဂိုးလောက်တော့ ရသင့်တယ် ထင်တယ်ဗျာ” ဟု ရန်ကုန်မြို့ရှိ မြန်မာ ဘောလုံးပရိသတ်တဦးက ပြောသည်။

၂ဝဝ၉ ခုနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ် ပေါ်ပေါက်လာသော်လည်း ကလပ်အသင်းများသည် နိုင်ငံ့လက်ရွေးစင် အသင်းကို အထောက်အကူ မပြုနိုင်သေးကြောင်း ဝါရင့် အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က ဆိုသည်။

“ခုခေတ်က ပါဝါ (ခွန်အား) ရော၊ အမြန်နှုန်းရော သုံးပြီး ကစားရတဲ့ခေတ်။ သူများနိုင်ငံက ကစားသမားတွေက ဘောလုံးသမားပုံ ပေါက်တယ်။ ဒီက ကလေးတွေက မိနစ် ၇ဝ ကျော်ရင် မဆော့နိုင်တော့ဘူး။ ကစားအား ကျပြီ” ဟု သူက ပြောသည်။

AFC Challenge Cup - 2010 ကို ကိုလံဘိုတွင် ယခုလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပနေပြီး မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု - က တွင် အိမ်ရှင် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ခ်ျ၊ တာဂျကစ္စတန် နိုင်ငံတို့နှင့် တအုပ်စုတည်း ကျရောက်ခဲ့သည်။

အုပ်စုအဆင့် ပွဲစဉ်များတွင် အိမ်ရှင် သီရိလင်္ကာကို ၄ ဂိုး ဂိုးမရှိ၊ ဘင်္ဂလားဒေ့ခ်ျကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ တာဂျစ်ကစ္စတန်ကို ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ အုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။

“ဒီပြိုင်ပွဲမှာ ထူးခြားတာတခု တွေ့ရတာကတော့ အရင်တုန်းက ပွဲတွေလို ရန်ဖြစ်တာတို့၊ အနီကဒ်နဲ့ အထုတ်ခံရတာတို့ မတွေ့ရဘူး။ အရှုံးကို လက်ခံတတ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုတော့ တွေ့လာရတယ်” ဟု ခင်မောင်ထွေး (ပျဉ်းမနား) က ပြောသည်။

မြန်မာလက်ရွေးစင် အသင်းသည် ယခုလ ၂၇ ရက်နေ့ နေ့လည် ၃ နာရီခွဲ (သီရိလင်္ကာစံတော်ချိန်) တွင် ဆူဂါသာဒါဆာ (Sugathadasa) ကွင်း၌ အုပ်စုပွဲစဉ်တွင် ရှုံးနိမ့်ထားသည့် တာဂျစ်ကစ္စတန် လက်ရွေးစင် အသင်းနှင့် တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်။

ထိုပွဲစဉ်အပြီးတွင် မြောက်ကိုရီးယားအသင်းနှင့် အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်တွင် တာဂျစ်ကစ္စတန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် တာမင်နစ္စတန်အသင်းတို့ ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာအသင်းသည် အာရှဖလား ဘောလုံးပြိုင်ပွဲသို့ ၁၉၆၈ ခုနှစ်တွင် တကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယင်းနှစ်တွင် ဒုတိယဆု ရရှိခဲ့သည်။

မြန်မာအသင်း၏ နည်းပြချုပ်မှာ ဦးတင်မြင့်အောင်ဖြစ်ပြီး လက်ထောက်နည်းပြများမှာ ဦးမျိုးလှိုင်ဝင်းနှင့် ဦးစိုးမိုး၊ ဂိုးနည်းပြမှာ ဦးအောင်ကျော်ကျော်ဖြစ်ကာ အသင်းခေါင်းဆောင်မှာ မျိုးမင်းထွန်း ဖြစ်သည်။

ယခုလ ၃ ရက်နေ့တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့် ရပ်တည်ချက်၌ မြန်မာအသင်းသည် အဆင့် ၁၄၁ တွင် ရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ဘောလုံးအဆင့်အတန်းကို အမီလိုက်ရန်နှင့် လက်ရွေးစင် အသင်း အောင်မြင်ရန် ထွားကျိုင်းကာ အရပ်အမောင်းကောင်းမွန်သည့် ခန္ဓာကိုယ် ဖွံ့ဖြိုးဆဲ လူငယ်များကို ဘောလုံးအကယ်ဒမီကျောင်းများတွင် စနစ်တကျ ကျွေးမွေးပြုစုပျိုးထောင်ရန် လိုအပ်ကြောင်း အားကစား ကလောင်ရှင်က ဆိုသည်။

“၃ နှစ်လောက် အားလုံးဝိုင်းပြီး လူငယ်သွေးသစ် မွေးမြူတာကို တွန်းလုပ်လိုက်ရင် မြန်မာအသင်း ရလဒ်တွေ ပြန်တက်လာမယ်လို့ ကျနော် ယုံတယ်။ ဒါကတော့ ကလပ်ပိုင်ရှင် သူဋ္ဌေးတွေရဲ့ ကလပ်အသင်းတွေနဲ့ ဘောလုံး အကယ်ဒမီတွေကိုပဲ အားကိုးရမှာပဲ”  ဟု သူက ပြောသည်။

ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၆ မိနစ် 
www.mazzimaburmese.com