Monday, January 25, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဌဗိုလ်ချူပ်ကြီးတင်ဦးနှင့်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကိုလွတ်မည်ဆိုခြင်းမှာတရားမဝင်ဟုအန်အယ်ဒီပြောကြား


ပည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိမြို့ဖများ၊ ကြံ့ဖွံ့များ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။

အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။

“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကားဖော်ပြထားသည်။

လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေးခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။

(ကိုဝိုင်း တည်းဖြတ်သည်။)

ရင်းမြစ်..မဇ္ဈိမ

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ဆို

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားကြောင်း ယနေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က အမေရိကန်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - AP)

ပြီးခဲ့သည့် ကြာသာပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ပန်းတောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမြင့်လွင်က ပြောသည်။

“အခု လာနားထောင် နေတဲ့ သူတွေထဲမှာ NLD ပါဝင်ကောင်း ပါဝင်လိမ့်မယ်၊ နားထောင် သွားကြလို့ ပြောတယ်။ NLDက ရွေး ကောက်ပွဲ ၀င်ချင်လည်း ၀င်နိုင်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသည့် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း လာမည့်ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဟု ပြောဆိုကြောင်း သိရသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုကြီး အပြီး အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကပြောသည်။

“မန္တလေးက ပြန်လာကတည်းကကြားတယ်၊ အပြစ်မရှိဘဲ ဖမ်းဆီးထားတဲ့သူကို လွှတ်ပေးတာဝမ်းသာတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မတိုင်မီ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လွှတ်ပေးရန်လိုအပ်ကြောင်း၊သို့သော် နိုဝင်ဘာလ ဆိုသည်မှာလည်း ရွေးကောက်ပွဲ ကျင်းပ ပြီးစီးသွားချိန်ဖြစ်မည်ဟု ထင်မြင်ကြောင်း ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ် သြဂုတ်လက နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောအား လက်ခံထားသည့်အမှုဖြင့် နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ချမှတ်ထားခြင်းဖြစ်သည်။ အဆိုပါ နေအိမ် အကျယ်ချုပ်သက်တမ်းကို မေလမှ စတင်သတ်မှတ်ရာ နိုဝင်ဘာလတွင် သက်တမ်းပြည့်မည်ဖြစ်သည်။

မကြာသေးမီက ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာတွင် စစ်အစိုးရက ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပလိမ့် မည်ဟု ရေးသားထားသည်။

မူရင်း။ ။ http://www.irrawaddy.org/bur/index.php/news/1-news/2474-2010-01-25-07-21-20

ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲက ဗုဒ္ဓဘာသာ


အခုတလော ဗုဒ္ဓ ဘာသာကို စော်ကားနေတဲ့ ဘလော့တစ်ခု ကြောင့် ကျနော်တို့ ဘာသာဟာ ကမ္ဘာ့ ပညာရှင်တွေရဲ့ အမြင်မှာ ဘယ်လိုရှိလဲ ဆိုတာသိရအောင် ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်.....
ပါရမီတော်အစုအဝေး
ဗုဒ္ဓဟူသည် ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့သည် ပါရမီတော်များ၏ အစုအဝေးဖြစ်သည်။ အောင်မြင် ထူးခြားသည်က သာသနာပြု သက်တမ်း ၄၅-နှစ် တာအတွင်း သူ့(ဟောပြောချက်) စကားလုံးအားလုံးကို လုပ်ငန်း အသွင်သို့ ပြောင်းလဲစေခဲ့သည်။ (သက်ဝင်လှုပ်ရှားစေခဲ့သည်) လူ့သမာဓိအားနည်းမှု (သို့မဟုတ်) ယုတ်ညံ့ သည့်တပ်မက်မှုကို ထွက်ပေါက်ပေးသည့် နေရာမရှိပေ ။ ဗုဒ္ဓ၏လူမှုကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်း (ဂီဟိဝိနယ) သည် ကမ္ဘာကပင် သိရှိထားသည့် အပြည်စုံဆုံး စည်းမျဉ်းဖြစ်သည်။
( ဂျာမန်ပညာရှင် ပါမောက္ခ မက်ခ်စ်မူလာ)
အမြင့်မြတ်ဆုံးလူသား
လူသားထုတစ်ရပ်လုံးတွင် အမြင့်မြတ်ဆုံးလူသားကို တွေ့မြင်လိုပါက ဖုန်းတောင်းယာစကာအ၀တ်အဆင် နှင့်ရှင်ဘုရင်တစ်ပါးကို ရှုကြည့် လိုက်ပါ။ သူသည် လူသားထု အတွင်းတွင် အမြင့်မားဆုံး စွန့်လွှတ်နိုင်သူ ဖြစ်သည်။
( မူစလင်ကဗျာဆရာ အဗ္ဗဒူအတဟိယ)
ဗုဒ္ဓ၏ အဆုံးအမ
ဗုဒ္ဓတွင် အားလုံးသော ဟောပြောချက်များ ၊ တရားသေ အယူဝါဒများထက် ပိုမိုမြင့်မြတ်သည့် အရာတစ်ခု ရှိပြီးဖြစ်သည်။ဗုဒ္ဓ၏ အဆုံးအမတော်သည် လူသားထုအတွက် တစ်သက်လုံး ရင်ကိုအေးမြစေသည် ။လူမှုဒုက္ခ သူက္ခ အရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ငြိမ်းချမ်းရေး ဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပိုပြီးလိုအပ် ပေသည်။ (နေရူး)
သမားတော် ဗုဒ္ဓ
ဗုဒ္ဓသည် သမားတော်တစ်ဦးနှင့်တူ၏။ သမားတော်သည် ရောဂါအမျိုးမျိုး၏ လက္ခဏာ၊ ရောဂါဇစ်မြစ်၊ ကုသရန် ဆေးဝါးနှင့် အသုံးချပုံတို့ကို သိသကဲ့သို့ ဗုဒ္ဓသည် ဆင်းရဲဒုက္ခ အဆင့်ဆင့်၊ ဒုက္ခ၏မူလဘူတ အကြာင်း၊ (သမုဒယ) ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ သွားရာလမ်းကြောင်းဟူသော အရိယသစ္စာ ၄-ပါးကိုဟောကြားတော် မူခဲ့သည်။ (ဒေါက်တာအက်ဒွပ်ကွန်ဇ်)
တောက်ပသည့် နေတစ်ဆူ
ကျူးကျော်တိုက်ခိုက်ခြင်း ၊ အမျက်သိုခြင်း၊ အကြမ်းဖက်ခြင်းတို့ လွှမ်းမိုးနေသည့် ဒီကမ္ဘာဝယ် ဗုဒ္ဓ၏အဆုံး အမသည် ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် နေတစ်ဆူကဲ့သို့ တောက်ပနေပေသည်။ ဗုဒ္ဓ၏အဆုံး အမတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ဟိုက်ဒရိုဂျင်ဗုံးများရှိနေသည်ထက်ပိုပြီး လိုအပ်သောအချိန် ဖြစ်သည်။ ထိုအဆုံးအမ၏မှန်ကန်မှုသည် နှစ်ပေါင်း ၂၅၀၀- အထိ သက်တမ်းရျည်ရှင်သန်နေခဲ့သည်။ ထာဝစဉ် တည်မြဲသည့် အဆုံးအမကို နှလုံးမူလျက် ယင်းဒေသနာတော် အလင်းရောင်ဖြင့် ကျွန်ုပ်တို့၏ အတွေးအကြံ အပြုအမူများကို ပြုပြင်ကြပါစို့။ အနုမြူခေတ်၏ အမှားများကိုပင် တည်ကြည်သောသမာဓိတရားဖြင့် ရင်ဆိုင်ပြီး ဟုတ်သောအကြံ မှန်သောအလုပ်တို့ကို တိုးမြှင့်ခြင်းဖြင့်အနည်းငယ်မျှ အကူအညီရနိုင်ကောင်းပေမည်။
(နေရူး)
ဗုဒ္ဓ၏မူလဒေသနာများ
တစ်ကိုယ်ကောင်းဆန်ခြင်း၊ ငြိကပ်တွယ်တာခြင်းမှ လွတ်မြောက်သောအားဖြင့် ဂုဏ်သရေရှိမှု၊ ငြိမ်သက် တည်ကြည်မှု ၊ ကရုဏာထားမှုမည်သည့်တို့ကား အရှေ့တိုင်းဗုဒ္ဓဘာသာ၏ မူလပင်မဖြစ်သော သင်ပြချက် ဒေသနာများဖြစ်သည်။ (အီးအေ-ဘာထ်)
ဗုဒ္ဓ၀ါဒသည် စိတ်ကူးယဉ်လောကသို့ဦးမတည်ပါ
ဗုဒ္ဓ၀ါဒသည် လောကနှင့်ဘ၀၏ တကယ့်ပကတိအဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝအတိုင်း ရှုမြင်သောဝါဒဟုဆိုရပေမည်။ ၄င်းဝါဒသည် အကြောင်းအရာ ဟူသမျှကို ယထာဘူတကျအောင် လေ့လာ သုံးသပ်သည်။ ဗုဒ္ဓ၀ါဒသည် စိတ်ကူးယဉ်လောကတွင်မေ့လျော့ပျော်ပါးနေစေရန် မှောက်မှားသော နှစ်သိမ့်မှုကို လည်းမပေး ၊ အပြစ်များအန္တရာယ်များကို တွေးတောပြီး စိုးရိမ်သောကရောက်နေအောင် ချောက်လှန့် နှိပ်စက် မှုလည်းမပြု ။ မိမိ၏ ပကတိအစစ်အမှန်၊ ပတ်ဝန်းကျင်လောက၏ အခြေအနေအဖြစ်သနစ်အမှန်ကို အတိအကျ ယထာဘူတကျကျပြောပြပြီး လွတ်လပ်ရေးတည်ငြိမ်ရေးနှင့်ချမ်းမြေ့ပျော်ရွင်ရေးကို ရရှိနိုင်ရန် လမ်းညွှန်ပြသပေး ပေသည်။
(ဆရာတော် ဒေါက်တာ ၀ါပိုလာရာဟုလာ)
စကြာဝဠာဘာသာတရား
အနာဂတ်ဘာသာရေးသည် စကြာဝဠာတစ်ခုလုံးနှင့် ဆိုင်သည့် ဘာသာတရား ဖြစ်လာလိမ့်မည်။ ပုဂ္ဂိုလ် ရေးဆိုင်ရာများကို ဖုံးကွယ်လျက် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစပ်မှုအဖြစ် စိတ်ပိုင်းဆိုင်ရာအရာအားလုံး ၏ အတွေ့အကြုံမှ ထွက်ပေါ်လာသည့် ဘာသာရေးအသိဥာဏ်ကို အခြေခံလိမ့်မည်။
(အဲလဘတ် အိန်စတိန်း)
ဗုဒ္ဓဘာသာတွင်ဟန်ဆောင်မှုမရှိ
အသိပညာအလင်းကို လွတ်မြောက်မှု၏ အနှစ်သာရ အဖြစ်အနေ ဆောင်ရွက်ပေးခြင်းသည် ဗုဒ္ဓဘာသာ၏ ဂုဏ်ကျက်သရေဖြစ်သည်။ ဗုဒ္ဓဘာသာတွင် သီလနှင့်ပညာကို တစ်ခုစီခွဲခြားလို့ မရပေ။ မြင့်မားသောဘ၀ အခြေခံကို သီလက ပြုပြင်ပေးလျှင် အသိပညာက ဘ၀ကို ပြီးပြည့်စုံစေသည်။ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်၀၀နားမလည်ဘဲ လိုအပ်သည့် ၀ိပသနာပညာကို မပိုင်ဆိုင်ခဲ့လျှင် မည်သူ့ကိုမျှအမှန်တကယ် စာရိတ္တ ပြည့်ဝသူဟု မဆိုနိုင်ပေ။ ယင်းနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာသည် အခြားဘာသာအားလုံးနှင့် ကွဲပြားသည်။ ဘုရားတစ်ဆူတည်းသာရှိ၏ဟု ယူဆကြသော ဘာသာတရားအားလုံးပင် တစ်စုံတစ်ရာသော ဟန်ဆောင်မှုဖြင့် အစပြုကြပေသည်။ ယင်းဟန်ဆောင်မှုများကို အသိပညာ တိုးတက်မှုက ဆန့်ကျင်မိသည့်အခါ ၀မ်းနည်းမှု(သောက) ဖြစ်ရပေတော့သည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည်ဟန်ဆောင်မှုဖြင့် အစမပျိုးပါ။ ကျောင်တောင်အလား ခိုင်မာသည့် အကြောင်းအရာပေါ်တါင် ရပ်တည်ပါသည် ။ ထို့ကြောင့်အသိပညာအလင်း သက်သက်ကို မည်သည့်အခါမျှ မရှောင်လွှဲနိုင်ပါပေ။ (ပါမောက္ခ လက်္ခရှ် နာရာဆု)
မှတ်ချက်။ ။ ကိုရွှေသောင်းဝင်း ၏ ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲက ဗုဒ္ဓဘာသာ စာအုပ်မှ တစ်ချို့ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။