အဲဒီ မိန့်ခွန်း ဆောင်းပါးတွေကတော့…
၁။ "လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်" Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃
၂။ "ကျမတို့ လွတ်လပ်မှုကိုမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကို အသုံးချကြပါ" NewYorkTimes သတင်းစာ၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇ (ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံမိန့်ခွန်း)
၃။ နေရူးဆု လက်ခံမိန့်ခွန်း၊ နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃
(၁)
လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်
မြန်မာနိုင်ငံတဝန်း ခရီးသွားလာရင်း ကျမက လူတွေကို ဘာလို့ဒီမိုကရေစီ လိုချင်တာလဲ လို့ မေးကြည့်မိပါတယ်။ မကြာခဏဆိုသလို အကြားရဆုံးအဖြေကတော့ ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ဆိုတာ ပါပဲ။ သူတို့ အကျယ် ချဲ့ပြီးမပြောရဘဲ သူတို့ဘာပြော တယ်ဆိုတာ ကျမ နားလည်ပါတယ်။ သူတို့ရဲ့ကံကြမ္မာကို သူတို့ကိုယ်တိုင် ပုံဖော်ဆုံး ဖြတ်ခွင့်မရှိဘဲ ဖိနှိပ်ခံနေရတာကနေ လွတ်မြောက်ချင်ကြပါတယ်။ လက်နက်အင်အားပေါ် အခြေပြုတဲ့ အမိန့်တွေနဲ့ ထင်ရာစိုင်းမှုတွေအောက် ရောက်နေရတဲ့၊ သူတို့ရဲ့ နိစ္စဓူဝကြုံ တွေ့နေရတဲ့ အဖြစ်တွေကို မလိုချင်ကြတော့ပါဘူး။
လူငယ်တွေကို ကျမက လွတ်လပ်ခြင်းဆိုတာဘာလဲလို့ မေးကြည့်တဲ့အခါ သူတို့က သူတို့ စိတ်ထဲရှိတာတွေကို ရှိတဲ့အတိုင်း ရင်ဖွင့် ပြောပြချင်တာလို့ ဆိုပါတယ်။ သူတို့ အသိ ဉာဏ်ပညာစိန်ခေါ်မှုကို ဖြည့်ဆည်းမပေးနိုင်တဲ့ ပညာရေးစနစ်အပေါ် မကျေနပ်ချက်တွေ ကို သူတို့ ထုတ်ဖော်ပြောလိုကြပါတယ်။ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနိုင်သူတွေဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာပေးနိုင်ဖို့ ထောင်သောင်းသိန်းမက စုဝေးနိုင်သူတွေ ဖြစ်လို ကြပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ကျယ်ပြန့်လွန်းတဲ့ မျှော်လင့်ချက်တွေနဲ့ အံမ ခန်းမှုတွေပြည့်နေတဲ့ လူငယ်ဘဝရဲ့ နိုးကြားတက်ကြွတဲ့အရွယ်တွေကို အပြည့်အဝပိုင် ဆိုင်ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ်မှုတွေနဲ့ စိတ်ကူးယဉ်မှုတွေ၊ တောက်ပခမ်းနား မှုနဲ့ ဖီလာဆန့်ကျင်မှုတွေ ကြမ်းတမ်းခက်ထန်မှုနဲ့ သိမ်မွေ့မှုတွေ တန်းစီပြည့်နေတဲ့ လူငယ် ဘာဝကို အပြည့်အဝရယူလို ကြပါတယ်။
မြန်မာ အမျိုးသမီးတွေအနေနဲ့ရော ဘာတွေအလိုရှိပါသလဲ။ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဖိစီးမှုဒဏ်ကြောင့် အားဆုတ်ငြီးငွေ့လောက် အောင် အိမ်မှုထိန်းသိမ်းနေရတဲ့ဘဝက လွတ်မြောက်ချင်ကြပါတယ်။ လွတ်လပ်စွာတွေးတော ကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေးအ ရေးယူခံရမလား ဒါမှမဟုတ် ကလေးတွေများ ဘဝရဲ့အခွင့်အလမ်းတွေ ဆုံးပါးသွားမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက ကင်းလွတ် ချင်ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ဘဝက လွတ်မြောက်ဖို့ တောင့်တနေကြတဲ့ အမျိုးသမီးတွေ လည်း တော်တော်များများ (အများကြီးကို) ရှိပါတယ်။
ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမားယာသမားတွေဆိုရင် သူတို့ဆန္ဒအတိုင်း စိုက်ပျိုးထွန်ယက်ချင်ကြတယ်။ မတော်မတရားဈေးနှိမ်ခံရပြီး အစိုးရကို မရောင်းမနေရ ခြိမ်းခြောက်ခံရတာမျိုးတွေက ကင်းလွတ်ပြီး သူတို့ထွက်ကုန်တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက်တင်ရောင်း ချလိုကြပါတယ်။ သူတို့ဟာ နိစ္စဓူဝ မြေနဲ့ဖက်ပြီး ဘဝကို ရုန်းကန်ရပ်တည်သူ တွေပါ။ ဒီလိုကြမ်းတမ်းတဲ့ ဘဝတွေအပေါ်မှာ ကျိုး ကြောင်းမဆီလျော်တဲ့အမိန့်တွေနဲ့ နားလည်ရခက်တဲ့ အာဏာပိုင်တွေကြောင့် နောက်ထပ်ဝန်ထုပ်ဝန်ပိုး မလိုချင်ကြတော့ပါဘူး။
ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ကျမတို့ရောလို့မေးစရာရှိပါတယ်။ ဘာလို့ ကျမတို့တတွေ တိုင်းပြည်လွတ်မြောက်ဖို့ ခက် ခက်ခဲခဲလုပ်ကိုင်နေပါသလဲ။ ဒီလိုလုပ်ကိုင်နေတာဟာ ဒီမိုကရေစီအပေါ် မရေမရာနဲ့ အကောင်းမြင်မျှော်လင့်ပြီး ထင်ရာလုပ်ကိုင်နေ တာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ သူရဲ့တောက်ပမှုကို ကြာရှည်ထိန်းနိုင်အောင် အမြဲတစေအရောင်တင်ပေးရတဲ့ ရတနာတပါး ဖြစ်တယ်ဆိုတာ ကျမတို့သိပါတယ်။ ပျက်စီးဆုံးရှုံးတာ၊ အခိုးခံရတာတွေမဖြစ်အောင်ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည်မပြတ် စောင့် ကြပ်ကြည့်ရှုနေရပါလိမ့်မယ်။
လွတ်လပ်တဲ့ မြန်မာပြည်ကသာ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားလေးစားတဲ့နိုင်ငံ တည်ထောင်နိုင်မှာမို့ လွတ်မြောက်ရေးအတွက်ကို ကျမတို့တတွေ ပင်ပင်ပန်းပန်ကြိုးစားနေကြတာ ဖြစ်ပါတယ်။
တိုင်းပြည်တဝှန်း လှည့်လည်သွားတဲ့အခါ လူတွေက ကျမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်တွေ၊ ပထမအကြိမ် ခြောက်နှစ်နဲ့ ဒုတိ ယအကြိမ် ဆယ့်ကိုးလနေရတာမှာ ဘယ်လိုခံစားရသလဲလို့ မေးကြပါတယ်။ မိသားစု မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ခွဲခွာပြီး ကျမ ဘယ်လိုနေခဲ့သလဲပေါ့။ ဒီအာဏာရှင်နိုင်ငံမှာ ယုံကြည်ချက်အတွက် အကျဉ်းချခံရသူကသာ အမှန်တကယ်လွတ်လပ်သူဖြစ်နေတာ ဂွကျလှတယ်လို့ ကျမပြာချင်ပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့သာမန်ဘဝလွတ်လပ်ခွင့်တွေကို ပေးဆပ်ထားရတယ်။ ဒါပေ မဲ့ လူသားဘဝရဲ့ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ယုံကြည်ချက်အမှန်တရားအပေါ် ကျမတို့ ကြံ့ကြံ့ခံရပ်နေခဲ့ကြပါတယ်။
ဒီမှာ ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့လုံခြုံမှု အောက်မှာ လွတ်လွတ်လပ်လပ်နေနိုင်ဖို့ပါပဲ။ ကြောက်ရွံ့မှုရဲ့ နုံးချည့်သေးသိမ်စေတဲ့ အနှောင်အဖွဲ့တွေ ကိုဖယ်ရှားပြီး မြန်မာပြည် သူတွေဟာ လွတ်လပ်တဲ့လူသားတွေအဖြစ် ခေါင်းမော့ဂုဏ်ယူနိုင်သူတွေ ဖြစ်လာမှာကို ကျမတွေ့မြင် လိုပါတယ်။ ကျမတို့အားလုံး အ တွက် ပိုပြီးပျော်ဖို့ကောင်းတဲ့၊ လုံခြုံမှုလည်းပိုရှိတဲ့ လူ့ဘောင်ဘဝ တည်ဆောက်ဖို့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းကြတာ ကို ကျမတွေ့မြင်လိုပါတယ်။
အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အနာဂတ်ကိုတက်လှမ်းပြီး တန်ဖိုးရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့်မား မားနဲ့ စိန်ခေါ်မှုအားလုံးကိုရင်ဆိုင်တာ ကျမတွေ့မြင်လိုပါတယ်။ "ဒီတိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာသေခဲ့သူအား လုံးအတွက် ထိုက်တန်တဲ့တိုင်းပြည်အဖြစ် ဘိုးဘွားအမွေအနှစ်အတွက် ဂုဏ်ယူရပြီ" လို့လည်း ကျမပြောပြချင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ်အိပ်မက်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ ပြည်သူလူထုရဲ့ဆန္ဒသာ နောက်ဆုံးမှာ အောင်ပွဲမုချရရမယ်ဆိုတဲ့ ခိုင်မာတဲ့ယုံ ကြည်မှုနဲ့ ကျမတို့အားလုံး နှစ်နဲ့ချီကြိုးပမ်း လုပ်ဆောင်နေတာတွေရဲ့ ပကတိဦးတည်ရာပဲဖြစ်ပါတယ်။
(ဝါရှင်တန်ပို့စ် သတင်းစာနှင့်တွဲထွက်သည့် ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Parade သတင်းစုံမဂ္ဂဇင်းတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆို တင်ပြထားသည်။)
(၂)
ကျမတို့လွတ်လပ်မှုကို မြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကိုအသုံးချကြပါ
ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်နေသူတွေဟာ ဖိနှိပ်ချုပ် ချယ်မှုများလွန်းတဲ့ လူ့အဖွဲ့ အစည်းမှာ သူ့ကျွန်အဖြစ် အေးအေးဆေးဆေးနေမယ့်အစား အခြေခံလူ့အခွင့်အရေးအတွက် ရပ်တည်တိုက်ပွဲဝင်ဖို့ ကိုယ့်ဘဝကိုယ် ရွေးချယ်ကြပါ တယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာနားလည်မှုအပေါ် အရင်းခံတဲ့ ယုံကြည်မှုရှိမှသာလျှင်ဖြစ်မယ့် အကြမ်းမဖက်လှုပ် ရှားမှုတရပ်သာ ဖြစ်ပါတယ်။
လူဆိုတာ မိမိကောင်းစားရေးကိုသာ အဓိကထားတဲ့ စီးပွားရေးအကျိုးအမြတ်ကိုသာ ရှေး ရှုတတ်သူ သတ္တဝါသာ ဖြစ်တယ်လို့ တချို့က ဆိုကောင်းဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိ ယုံကြည်ချက်နဲ့ စိတ်ဓာတ်ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေးအရေး ယူမှုတွေ ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ဒုနဲ့ဒေး ရှိသေးတယ်ဆိုတာကိုကြည့်ယင် အဲဒီအဆိုဟာ သေးသိမ်ကျဉ်းမြောင်းလှတယ်ဆိုတာ သိ ပါလိမ့်မယ်။ ဒီလိုအမျိုးကောင်းသမီး၊ အမျိုးကောင်းသားတွေ ကျမတို့နိုင်ငံမှာ မြောက် များစွာရှိနေသေးတာကြောင့် ကျမ လွန်စွာအားတက်မိပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားမှုတွေကြောင့် တော်လှန်ပြောင်းလဲမှုတွေ ပေါ်ပေါက် လာတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတရပ်ရှိတယ်လို့ အများကလက်ခံထားကြပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ သူတို့ရဲ့ နိုင်ငံရေးဘဝ ကို အစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ငယ်ရွယ်နုနယ်တဲ့ ခေါင်းဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ် ရေးကြိုးပမ်းလှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။
ဒီလို ထူးထူးခြားခြား ရဲရင့်တက်ကြွတဲ့ ဆန့်ကျင်အာခံလိုစိတ်တွေနဲ့ သြဇာတိက္ကမကြီးမားလှတဲ့ အတိုက်အခံ အဖွဲ့အစည်းမျိုးကို ဘယ် လိုအာဏာရှင်အစိုးရမဆို ပစ်မှတ်ထားချေမှုန်းမှာ အသေအချာပါဘဲ။ ၁၉၆၂ ခုနှစ်ကတည်းက အာဏာရလာတဲ့ မြန်မာစစ်အစိုးရက တော့ အာဏာရပြီးသိပ်မကြာခင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အ သင်းအပင်းဖွဲ့စည်းခွင့်ကိုပါ တရားမ၀င်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရတပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အုပ်ချုပ်မှု ကို မြန်မာပြည်သူတွေ ဆန့်ကျင်အာခံခဲ့ပါတော့တယ်။ တတိုင်းတပြည်လုံးမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့သူတွေကတော့ ကျောင်းသား ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ အဓိကတောင်းဆိုချက် တွေထဲက တခုကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ပဲ ဖြစ်ပါ တယ်။
ဒီအတွက် စစ်အာဏာရှင်တွေတုံ့ပြန်လိုက်တဲ့အဖြေကတော့ သူတို့ကို ပစ်သတ်လိုက်ကြတာပါပဲ။ ရှစ်နှစ်ကျော် ကြာလာတဲ့အထိ မြန် မာပြည်ကကျောင်းသား ကျောင်းသူတွေဟာ မိမိတို့အကျိုးဖြည့်ဆီးပေးပြီး မိမိတို့ အမှန်တကယ်လိုချင်တောင့်တလှတဲ့ ကျောင်းသား အဖွဲ့အစည်းမျိုးကို မတည်ထောင်နိုင်သေးပါဘူး။
အခု သိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုတောင်းဆိုတဲ့ ကျောင်းသားဆန္ဒပြပွဲတရပ် ပေါ် ပေါက်ခဲ့ပြီး အဲဒီ ဆန္ဒပြပွဲတောင်းဆိုချက်တွေ လျစ်လျုရှုခံခဲ့ရပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေကို အင်အားသုံးဖြိုခွဲခဲ့ပြီး ကျမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပါတီဝင်တွေကို အဆိုပါဆန္ဒပြပွဲ စီစဉ်ရာမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပါ တယ်။ ကျမကိုလည်း ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။
နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေဆုံဆွေးနွေးတာဟာ အစိုးရကို ပုန်ကန်ခြားနားတယ်လို့ အမှန်တကယ်သာ ယူဆနေမယ် ဆိုယင် ကျမတို့နိုင်ငံမှာ ဝမ်းနည်းစိတ်မကောင်းစရာတွေ ထပ်ပြီးပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ကျမပါတီဟာ ကျောင်းသားတွေ ရဲ့မျှော်မှန်းချက်တွေကို စာနာထောက်ခံကြောင်း ဘယ်တုံးကမှာ လျှို့ဝှက် မထားခဲ့ပါဘူး။ ကျမတို့ဟာ မတူညီတဲ့မျိုးဆက်တွေအကြား နီးစပ်အောင် ကြိုးပမ်းနေပြီး ဒီလိုကြိုးပမ်းခြင်းအားဖြင့် ကျမတို့ရဲ့ရည်ရွယ်ချက်တွေနဲ့ အားထုတ်မှုတွေ ဆက်လက်ရှင်သန်တည်တန့်ပြီး ကျမတို့တိုင်းပြည်ရဲ့ အသွေးအသားထဲ ပေါင်းစည်းယှက်နွယ်သွားအောင် ဖြစ်ပါတယ်။
ကျမတို့ဟာ ကိုယ့်ထက်အဆမတန် သာလွန်တဲ့အင်အားတွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရဗျူရိုကရက်ယန္တရား ပေါင်းစည်းထား တဲ့အားကို ဆန့်ကျင်အာခံယင်း တခါတလေမှာ သံသယတွေ ဝင်လာတတ်ပါတယ်။ ဘယ်လို သံသယမျိုးလဲဆိုတော့ လက်ရှိအမိန့် အာဏာတွေဟာ အမြဲတမ်းမပျက်မသုဉ်း တည်ရှိမယ့်အရာတွေဘဲလို့ ယုံကြည်နေသူတွေရဲ့ သံသယတွေပါပဲ။ လက်ရှိအခြေအနေကို ပဲ လက်ခံလိုက်တာဟာ အသင့်လျှော်ဆုံးဖြစ်မယ်လို့ နားလည်ယုံကြည်ထားသူတွေ အများကြီးရှိနေတာ အံ့သြစရာပါပဲ။
ကျမတို့ဟာ ပြောင်းလဲဖို့လိုတဲ့ကိစ္စတွေကို ပြောင်းလဲဖို့စွမ်းအားအပေါ် ယုံကြည်မှုရှိပေမဲ့ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီ ကို ကူးပြောင်းဖို့သွားတဲ့ ခရီးလမ်းဟာ လွယ်လိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရလက်ထက်မှာ ကျမတို့ရဲ့ပြဿနာတွေအားလုံး ပြေပျောက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်ယောင်မှားခဲ့တာမျိုး မရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် တည်ထောင်ဖို့အတွက် ကျမတို့ရဲ့ လှုပ်ရှားရုန်း ကန်မှုဟာ ကျမတို့ရဲ့ ဘဝသက်တမ်းမက ကြာမြင့်ကောင်း ကြာမြင့်လိမ့်မယ်ဆိုတာ ကြိုတင်မှန်းဆထားပါတယ်။
ဒါပေမဲ့ ဒီလို လှုပ်ရှားရုန်းကန်ရာမှာ ကျမတို့ဟာ အထီးကျန်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှာဖွေရာ မှာ ကျမတို့ကိုဂရုဏာသက်သူတွေ ကမ္ဘာနဲ့အဝှန်း ရှိနေပါတယ်။ လူမျိုး၊ ဘာသာ၊ အသားအရောင်မရွေး နေရာတိုင်းက ခံစားတွေး တောတတ်တဲ့ လူသားတွေအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဖြစ်တည်မှုကို လိုလားတောင့်တတာဟာ ရုပ်ဝတ္ထုပစ္စည်းတပ်မက်မှု သက်သက် ထက် အဆပေါင်းများစွာသာလွန်ပါတယ်။ နိုင်ငံရေးအခွင့်အရေးတွေ အပြည့်အဝရှိတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်ရနေတဲ့ ကံ ကောင်းလှသူတွေအနေနဲ့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတဲ့ ကျမတို့ကမ္ဘာကြီးရဲ့ အခြားနေရာတွေက ကံမကောင်းအကြောင်းမလှသူ တွေကို ကူညီဖို့ အင်မတန်လိုအပ်လှပါတယ်။
ကျမတို့လှုပ်ရှားရုန်းကန်မှုရဲ့ တစိတ်တပိုင်းကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ကျမတို့ ဆင်းရဲမွဲတေနေရတာဟာ လုံလောက် တဲ့ ရင်းမြစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှားပါးလွန်းလို့မဟုတ်ဘဲ အုပ်ချုပ်မှုကောင်းကောင်း ပေါ်ထွန်းစေတဲ့ အခြေခံအဆောက်အအုံတွေနဲ့ အလေ့အကျင့်တွေ နည်းပါးလွန်းလို့သာဖြစ်တယ် ဆိုတာကို သိမြင်နားလည်စေခြင်း ပါပဲ။
ဖိနှိပ်လွန်းတဲ့ အစိုးရတွေနဲ့ဆက်ဆံဖို့ နောက်တွန့်စိုးရွံ့ခြင်းမရှိတဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးတွေ အများအပြား ရှိနေပါတယ်။ သူတို့ အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အကူအညီဖြစ်စေဖို့သာ ဖြစ်တယ်လို့ အ ကြောင်းပြလေ့ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအာဏာနဲ့စီးပွားရေးကို လက်ဝါးကြီးအုပ်၊ ချမ်းသာပြီးသားလူတစုကိုသာ ပိုမိုချမ်းသာစေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမို ကရေစီစနစ်အတွက် အခြေခံအုတ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့စိတ်ကူးစံတွေကို မြှင့်တင်ပေးနိုင်မယ့် စွမ်းအားဖြန့်ကျက်ဖို့ စိတ်ဝင်စားသူ ဘယ် သူမဆို မြန်မာစစ်အစိုးရနဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရပ်တည်သွားပါလို့ တိုက်တွန်း ချင်ပါတယ်။ ကျေးဇူးပြု၍ ကျမတို့ရဲ့လွတ်လပ်မှုကို မြှင့်တင်ဖို့ ရှင်တို့ရဲ့လွတ်လပ်မှုကို အသုံးချပေးပါလို့ တောင်းပန်ပါရစေ။
(ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့်ခွန်းကို အခြေခံသည့် New York Times နှင့်
International Herald Tribune သတင်းစာဆောင်းပါး၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇)
(၃)
ဂျာဝါဟာလားလ်နေရူး ဆုချီးမြှင့်ပွဲသို့ ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆုလက်ခံမိန့်ခွန်း နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃
သမတကြီး၊ ဒုသမတကြီး၊ ဝန်ကြီးချုပ်၊ နေရူးဆုကော်မတီဝင်များ၊ သံတမန်များ၊
ဂုဏ်သရေရှိဧည့်သည်တော်များနှင့် မိတ်ဆွေမျာရှင့် ...
ဒီဆုပေးပွဲ အခါသမယဟာ ခံစားချက်အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ ကျမကို အိန္ဒိယနိုင်ငံက လူပေါင်းများစွာနဲ့ သံယောဇဉ်တွယ်မိစေတဲ့၊ အားကောင်းတဲ့ ချစ်ကြည် ရင်းနှီးမှုနှောင်ကြိုးတွေ ဘုံနိုင်ငံရေးစိတ်ကူးစံတွေ ရှိပါတယ်။ ကျမဘဝမှာ အိန္ဒိယနိုင်ငံ အကြောင်း၊ "ပန်ဒစ်ကြီး" လို့ ကျမတို့မိသားစုကအမြဲခေါ်တဲ့ ပန်ဒစ်နေရူးအကြောင်း ရင်းနှီးကျွမ်းဝင်မဖြစ်ခဲ့တဲ့ အချိန်ကာလဆိုတာ မရှိခဲ့ပါဘူး။ သူ့ကိုအမှတ်တရနဲ့ ထူ ထောင်ထားတဲ့ နိုင်ငံတကာနားလည်မှု ဆုတံဆိပ်ချီးမြှင့်ခံရတာဟာ ကျမအတွက် ဂုဏ် ယူဝမ်းသာစရာ ဖြစ်ပါတယ်။
တဖက်ကကြည့်ရင် ဒီဆုကို ကျမ လူတဦးချင်းအနေနဲ့ ရတာမဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ကိုယ်စားလှယ်တယောက် အဖြစ်ရတာကို ကောင်းကောင်း သ ဘောပေါက်ပါတယ်။ အဲဒါကြောင့် ကျမမှာ လူသားပီသတဲ့ မေတ္တာကရုဏာစိတ်နဲ့ ကျေးဇူးတင်ဝမ်း မြောက်စိတ် ပြည့်လျှံသွားမိပါတယ်။ ကမ္ဘာတလွှားမှာ လူ့ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးအတွက် ထူးထူးချွန်ချွန် အကျိုးဆောင်ခဲ့သူတွေကို ချီးမြှင့်တဲ့ ဘွဲ့ ထူးဂုဏ်ထူးတွေလက်ခံဖို့ ကျမ အရွေးချယ်ခံရတိုင်း အဲသလိုစိတ်မျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကျမရဲ့ တိုင်းပြည်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု စောင့်ရှောက်မခံရဘဲ ကျမတို့ပြည်သူလူထုကို လုံခြုံပြီးသိက္ခာရှိတဲ့ ဘဝရပ်တည်မှု အာမခံချက်ပေးမယ့် အခြေခံမူတွေ ရပိုင်ခွင့်တွေရဖို့အတွက် မိမိတို့ရဲ့ဘဝနဲ့ မိမိတို့ရဲ့လွတ်လပ်မှုသာမက မိမိတို့အသက်တွေတောင် စွန့်လွှတ်စွန့်စားနေသူ အမျိုးသား အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။ ဒီသတ္တိပြောင်တဲ့ အမျိုးသား အမျိုးသမီးတွေရဲ့တိုက်ပွဲကို မီးမောင်းထိုးပြဖို့ အခွင့်အလမ်း ရတဲ့အတွက် ကျမကျေးဇူးတင်ပါတယ်။ လူသားနွယ်တရပ်လုံးအတွင်းမှာ သူတို့တတွေကိုယ်စား နိုင်ငံတကာနား လည်မှုဆိုင်ရာ နေရူး အမှတ်တရဆု လက်ခံခွင့်ရတဲ့အတွက်လည်း ကျမကျေးဇူးတင်ပါတယ်။
ကျမဟာ လွတ်လပ်တဲ့ ဒီမိုကရေစီမြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် အင်မတန့်ကို စွန့်လွှတ်စတေးခဲ့သူတွေကို ဦးညွတ်ဂုဏ်ပြုချင်တဲ့ ဆန္ဒ ပြင်းပြနေသလို အိန္ဒိယနိုင်ငံနဲ့ ကျမရဲ့နှောင်ကြိုးတွေကို တဖန်ပြန်ထူထောင် အချောကိုင်ဖို့လည်း ဆန္ဒပြင်းပြနေတဲ့အတွက် ဒီက နေ့ လူကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေမပေးလို့ မဖြစ်နိုင်တဲ့အတွက် ကျမရဲ့ကိုယ်စားအဖြစ် အင် မတန်ချစ်ခင်တဲ့ မိသားစုမိတ်ဆွေလည်းဖြစ်၊ "ဂုဏ်ထူးဆောင်" ဒေါ်လေးလည်းဖြစ်သူကို ထိုက်ထိုက်တန်တန် ရွေးချယ်ခဲ့ပါတယ်။ သူ မဟာ ကုလသမဂ္ဂအတွင်းရေးမှူးရုံးရဲ့ ပထမဆုံးမြန်မာလူမျိုး ရုံးအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတကာနားလည်ရေးအတွက် ထက်ထက်သန်သန် ဆော်သြခဲ့ လက်တွေ့ကျင့်သုံးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ကျမကိုယ်စား ဆုချီးမြှင့်ပွဲနဲ့ထိုက်သင့်တဲ့ ဂုဏ်ကြက်သရေအပြည့်နဲ့ ဆု လက်ခံမယ် ဆိုတာ ကျမ ယုံကြည်ပါတယ်။
နိုင်ငံတကာနားလည်မှုရှိရေးအတွက် ပန်ဒစ်နေရူးရဲ့ အကျိုးပြုချက်တွေက သူ့ဘဝတသက်တာအတွင်း ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူပါဝင် ကပြခဲ့တဲ့ အခန်းထက် ကျော်လွန်ပြီး ထွေပြားတဲ့ယဉ်ကျေးမှုဓလေ့တွေကြား၊ အမျိုးမျိုးအဖုံဖုံ သော သဘောတရားဝါဒရေးရာတွေကြား ကွာဟချက်ကို ကျဉ်းမြောင်းလျော့ကျစေခဲ့ပါတယ်။ ရုပ်ဝတ္ထုစွမ်းပကား ပိုလို့ ပိုလို့တွင်ကျယ်လာတဲ့ကမ္ဘာကြီးမှာ တလောကလုံးဆိုင်ရာ လူသားတန်ဖိုးစံတွေ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်ရုန်းကန်နေကြတဲ့ ပြည်သူလူအများကို နေရူးဝိညာဉ်က အားပေးအကျိုးပြုနေပါတယ်။
ကျမအချုပ်အနှောင်ခံနေရတဲ့ နှစ်ကာလတွေအတွင်းမှာ မဟတ္တမဂန်ဒီနဲ့ ပန်ဒစ်နေရူးတို့ရဲ့ စကားတွေ စာတွေဟာ အစဉ်တစိုက် စိတ် ဓာတ်မြှင့်တင် အားပေးနေခဲ့ပါတယ်။ ဒီကြီးကျယ်မြင့်မြတ်လှတဲ့ အိန္ဒိယအမျိုးသားနှစ်ယောက်ကို ကျမအလေးစားအကြည်ညိုဆုံး ရှေ့ဆောင်လမ်းပြတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေတွေစာရင်းထဲ ထည့်ထားပါတယ်။ ကျမ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရတဲ့ ခြောက် နှစ်တာကာလတလျှောက်လုံး ကျမအိမ်ရှေ့ခန်းမမှာ ပန်ဒစ်ကြီးကိုယ်တိုင်ရေး အထုပ္ပတ္တိထဲက ထာဝရရှင်သန်နေမယ့်စကားတွေကို ကောက်နှုတ်ပြီး ပိတ်ကားချပ်ပေါ် ရေးကူးချိတ်ဆွဲထားပါတယ်။ ဒီစကားတွေဟာ ကျမအပေါ် နက်နက်ရှိုင်းရှိုင်း စွဲထင်နေတဲ့အတွက် အဲဒီထဲကတပိုဒ်ကို ကိုးကားပါရစေ။
တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးတို့သည် အိန္ဒိယနိုင်ငံကို ဗြိတိသျှအုပ်စိုးမှု၏ ဂုဏ်ယူဖွယ်အောင်မြင်ချက်များထဲ ပါဝင်သည် ဟု ကျနော်တို့ကို သင်ကြားခဲ့သည်။ ကျနော်၏ကိုယ်ပိုင်အသိစိတ်အရ ယင်းတရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို လုံးဝလို လားထောက်ခံပါသည်။ ကျနော်သည် စည်းကမ်းရှိရှိနေထိုင်ခြင်းကို နှစ်သက်ပြီး မင်းမဲ့ဝါဒ၊ စည်းကမ်းမဲ့ ဗရုတ်သုက္ခဖြစ်မှုနှင့် စွမ်း ဆောင်ရည်မဲ့မှုကို မနှစ်ခြိုက်ပါ။ သို့ရာတွင် ခါးသီးသောအတွေ့အကြုံကြောင့် ပြည်သူလူထုအပေါ် နိုင်ငံတော်အစိုးရများက ချမှတ် သည့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၏ တန်ဖိုးကို ကျနော်သံသယဖြစ်မိပါသည်။ တခါတရံတွင် ယင်းတန်ဖိုးအတွက် ပေး ဆောင်ရသည့် စရိတ်မှာလွန်ကျူးလှပြီး တရားဥပဒေစိုးမိုးရေးဟူသည်မှာ ကြီးစိုးလွှမ်းမိုးနေသည့် ဂိုဏ်းတရပ်၏ ဆန္ဒသဘောထားသာ ဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေးဟူသည်မှာလည်း အသွေးအသားထဲအထိ စိမ့်ဝင်နေသည့် ကြောက်ရွံ့မှု၏လွန့်တုန့်ချက် reflex သာ ဖြစ် သည်။ တခါတရံတွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးဟု ခေါ်ဆိုကြသည့်အရာမှာ လက်တွေ့တွင် တရားဥပဒေနှင့်ငြိမ်ဝပ် ပိပြားခြင်း ကင်းမဲ့မှုဟု ပို၍သင့်တော်စွာခေါ်ဝေါ်နိုင်ပေသည်။ အပြန့်အနှံ့ဖြစ်နေသည့် ကြောက်ရွံ့မှုအပေါ် အခြေခံထားသော မည် သည့်အောင်မြင်မှုမဆို နှစ်လိုဖွယ်ရာဖြစ်နိုင်ရန်ခဲယဉ်းလှပြီး နိုင်ငံတော်အစိုးရ၏ အကြပ်ကိုင်ခြိမ်းခြောက်မှုယန္တရားပေါ် အခြေခံထား ကာ ယင်းယန္တရားနှင့် ခွဲခြားမတည်ရှိနိုင်သော 'ငြိမ်ဝပ်ပိပြားရေး' ဆိုသည်မှာလည်း အရပ်ဖက်အုပ်စိုးမှုထက် စစ်ဖက်သိမ်းပိုက်စိုးမိုးမှု နှင့် ပိုတူနေပါသည်။ ကဗျာဆရာကြီး ကဠဏ၏ သက်တမ်းထောင်ချီရှိပြီဖြစ်သည့် ရာဇတရံဂဏိ အမည်ရှိ ကက်ရှ်မီးယား ရာဇဝင် ဇာတ်တော်ကြီးထဲတွင် မင်းနှင့်နိုင်ငံတော်အစိုးရတို့က စောင့်ထိန်းရန်တာဝန်ရှိသော ဓမ္မ (မှန်သောတရား) နှင့် အဘယ (အကြောက် အရွံ့မဲ့မှု) တို့ကို တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး အဓိပ္ပာယ်ဖြင့် ထပ်တလဲလဲသုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ တရား ဥပဒေ စိုးမိုးရေးဆိုသည်မှာ တရားဥပဒေ မည်ကာမတ္တထက်သာလွန်သလို ငြိမ်ဝပ်ပိပြားရေး ဆိုသည်မှာလည်း ပြည်သူပြည်သားများ အနေဖြင့် အကြောက်အရွံ့မဲ့ခြင်းကို ဆိုလိုခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေသော ပြည်သူလူထုအပေါ် 'ငြိမ်ဝပ်ပိပြားမှု' သက်ရောက် စေခြင်းထက် အကြောက်အရွံ့မဲ့မှုကို ပျိုးထောင်စိမ့်ဝင်စေသည့်စိတ်ကူးက အများကြီးပို၍ နှစ်လိုဖွယ်ပါ တကား။
အဲဒီအပိုဒ်မှာ ပန်ဒစ်နေရူး ဖော်ပြထားတဲ့ ခံစားချက်တွေဟာ ကျမရဲ့ခံစားချက်တွေနဲ့ လုံးဝတထပ်တည်း ဖြစ်ပါတယ်။ သူနဲ့ကျမ တူ ညီတာတွေ အများကြီးရှိတယ်လို့ မကြာခဏဆိုသလို ကျမခံစားမိပြီး အမေနဲ့အတူ အိန္ဒိယမှာ ကျမနေတဲ့ကာလတွေတုံးက ပန် ဒစ်ကြီးနဲ့ ပိုရင်းနှီးအောင်လုပ်နိုင်တဲ့အခွင့်အလမ်း မယူမိခဲ့တာကို နောင်တရမိပါတယ်။ အဲဒီတုံးကတော့ သူ့ကို ကျမမိဖတွေရဲ့ မိတ် ဆွေတယောက်အဖြစ်လောက်ပဲ သဘောထားမိခဲ့ပြီး တနေ့ကျရင် ကျမကိုယ်တိုင်ရဲ့မိတ်ဆွေအဖြစ် သဘောထားမိမှာကို တခါမှ မစဉ်း စားမိခဲ့ပါဘူး။
ပန်ဒစ်နေရူးဟာ လူမျိုးရေးနဲ့ အသားအရောင်တံတိုင်းတွေ မျိုးဆက်တံတိုင်းတွေကို သူ့ရဲ့ နွေးထွေးတဲ့ လူသားဆန်မှု မေတ္တာကရုဏာ ဓာတ်နဲ့ မကြာခဏဖြတ်ကျော်ခဲ့ပါတယ်။ ကျမအဖေဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် လန်ဒန်ကိုသွားဆွေးနွေးတဲ့အခါ ဒေလီမှာ ခဏနားပြီး ပန်ဒစ်နေရူးနဲ့ တခြားအိန္ဒိယခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပန်ဒစ်ကြီးဟာ သူ့ထက် (၂၆) နှစ်ငယ်တဲ့ ကျမအဖေ အပေါ် ဖခင်စိတ် ချက်ချင်းပြခဲ့ပါတယ်။ အဖေ့ရဲ့ နွမ်းဖတ်ဖတ် ပါးလှပ်လှပ် ချည်ယူနီဖောင်းကို ကြင်နာတဲ့မျက်လုံးနဲ့ ဝေဖန်ပိုင်းခြားပြီး အဲဒီ အဝတ်အစားနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပန်ဒစ်ကြီးက အပ်ချုပ်ဆရာတွေကို ပုံစံကျကျ ထူထူထဲထဲ သိုး မွှေးယူနီဖောင်း လေး-ငါးထည် အမြန်ချုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဟာ အဲဒီတုံးက တသက်မှာမကြုံဖူးအောင်အေးတဲ့ ဆောင်းရာသီကိုတွေ့နေရတာ ကြားရတဲ့အတွက် ပန်ဒစ်ကြီးက အပေါ်ဝတ်ရုံအနွေးထည်ကြီး (ဂရိတ်ကုတ်) တထည်ကိုလည်း တနေ ရာကဆွဲပေးခဲ့ပါတယ်။ ကျမအဖေရဲ့ လူသိများတဲ့ဓာတ်ပုံတပုံမှာ သူ့အတွက်အတော်လေးကြီးနေတဲ့ အဲဒီ ဂရိတ်ကုတ်ကြီးထဲ မြုပ်ဝင် နေတာကို ပြထားပါတယ်။
၁၉၆၀ မှာ ကျမအမေ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ် ခန့်အပ်ခံရတဲ့အခါ ပန်ဒစ်နေရူးက ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး စောင့်ရှောက် ခဲ့ပါတယ်။ အများပြည်သူပွဲလမ်းသဘင်တွေမှာဆိုရင်လည်း အမေ့ကိုတမင်ရွေးပြီး နေကောင်း ကျန်းမာလား မေးလေ့ရှိခဲ့ပါတယ်။ ဒီလို လူသားဆန်တဲ့ နွေးထွေးမှုအမူအရာမျိုးတွေနဲ့ ပန်ဒစ်နေရူးဟာ လူမျိုးမရွေး ဘာသာမရွေး ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒီမိုကရေစီ ယုံကြည်ချက် နိုင်ငံတကာ့ဝါဒယုံကြည်ချက်တွေကို လက်မခံသူတွေကတောင် သူ့ ဉာဏ်ပညာနဲ့ ရိုးဖြောင့်မှုကြောင့် လေးစားသွားကြ ပါတယ်။
ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ကျမတို့ရဲ့ ခြောက်ပစ်မကင်းကမ္ဘာကြီးကို ဖိစီးနှိပ်စက်နေတဲ့ ပြဿနာတပုံတခေါင်းအတွက် အကောင်း ဆုံးဖြေရှင်းချက်တွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတဲ့ ကျမတို့အဖို့ ပန်ဒစ်နေရူးနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အောင်မြင်မှုတွေက အင်မတန့် ကို အားဖြစ်စေပါတယ်။ ဒီအိန္ဒိယတိုက်ငယ်ဟာ လူမျိုးတွေ၊ ဘာသာစကားတွေနဲ့ အယူဝါဒတွေ အများကြီးရှိနေတဲ့တိုက်ငယ် ဖြစ် တယ်၊ ဒီနိုင်ငံဟာ တုန်လှုပ်ခြောက်ခြားစရာကောင်းလှတဲ့ လူမျိုးရေး-ဘာသာရေးအဓိကရုဏ်း၊ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုတွေ ကြောင့် အနေအထားတွေ ဖရိုဖရဲဖြစ်သွားပြီး လပိုင်းအတွင်းမှာ ကံကြမ္မာနဲ့ချိန်းဆိုချက်အတိုင်း ရင်ကော့ခေါင်းမော့ပြီး ရှေ့တက်လှမ်း သွားခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ လူသားရဲ့ ဝမ်းတွင်းပါဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်ဖို့နဲ့ ကိုယ့်ဖာသာကိုယ်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့ သတ္တဝါအဖြစ် တန်ဖိုးထားတဲ့စနစ်က မထိန်းချုပ်နိုင်တဲ့ပြဿနာမရှိဘူးဆိုတာကို ဒီကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးက အကောင်း ဆုံး သက်သေပြနေ ပါတယ်။ ကျမတို့ နိုင်ငံလည်း မဝေးတော့တဲ့တနေ့မှာ ပြည်သူလူထုရဲ့ဆန္ဒသဘောထားက ရှေ့ဆောင်လမ်းပြပြီး ဓမ္မနဲ့ အဘယတို့စိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မြန်မာပြည်သူအများတကာ့ အများစုကြီးက နှစ်နှစ်ကာကာမျှော်လင့်နေ ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်မြေချင်းစပ်နေရုံမကပါဘူး။ မြန်မာ့ယဉ်ကျေးမှုရဲ့ ကျောရိုးဖြစ်တဲ့ ဗုဒ္ဓဘာသာဟာ အိန္ဒိယမြေပေါ် က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကျမတို့ခေတ်ကာလရဲ့ ဧရာမနည်းပညာတိုးတက်မှုတွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီးသေးငယ်လာ ပေမဲ့ ပိုရှုပ်ထွေးပြီး အင်မတန်အန္တရာယ်ကြီးနိုင်စရာ ဖြစ်လာပါတယ်။ ဒီလိုကမ္ဘာကြီးမှာ ဗုဒ္ဓဝါဒကသင်ကြားပေးတဲ့ မေတ္တာ၊ ကရုဏာ၊ သည်းခံခွင့်လွှတ်မှုနဲ့ မိမိကိုယ်မိမိထိန်းချုပ်မှုတို့ဟာ တန်ဖိုးရှိလှတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ လူမျိုးအားလုံး လူအားလုံးကို ဘုံ လူသားနွယ်ဖြစ်မှုက စည်းနှောင်ထားတာကို အသိအမှတ်ပြုဖို့၊ တယောက်ကိုတယောက် ပိုနားလည်စေတဲ့ အရည်အသွေးတွေကို မြေ တောင်မြှောက်ပေးဖို့ တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။ သူတို့ရဲ့အမြော်အမြင်ကျယ်ပြောမှုနဲ့ တစိမ်းတရံစာနှလုံးသားတွေကို သိမ်းကျုံးယူနိုင်ခဲ့တဲ့ မဟတ္တမဂန္ဒီနဲ့ ပန်ဒစ်နေရူးတို့လို ကြီးကျယ်မြင့်မားမှု တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။
ဒီကနေ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ဆက်လက်လျှောက်လှမ်းနေပါတယ်။ ကျမရဲ့ နှလုံးသားနဲ့ အင်မတန့်ကိုရင်းနှီးလှတဲ့ ဒီနိုင်ငံကနေ နိုင်ငံတကာ့နားလည်မှုဆိုင်ရာဆု လက်ခံယူဖို့ ရွေးချယ်ခံရတာဟာ တကယ့်ကို ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သမတကြီးနဲ့ နေရူးဆုကော်မတီဝင်များရှင့်၊ ကျမရဲ့တိုင်းပြည်၊ ကျမရဲ့ပြည်သူတွေနဲ့ ကျမကိုယ်တိုင်ကို ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင် ပါတယ်။
(ဒေါ်သန်းအေးက သမတကြီး ဒေါက်တာရှန်ကာဒါယားရှားမ ထံမှ ဒေါ်စုကိုယ်စား ဆုလက်ခံယူခဲ့သည်။)
ဘာသာပြန်... ဂါမဏိ၊ ထိုက်သူနိုင် နှင့် အမည်မသိသေးသူ တဦးဖြစ်ပါသည်။
ရင်းမြစ်။ ။နေ့သစ်