Thursday, February 11, 2010

စုပေါင်းခြင်း၏ အောင်ပွဲ

မှောင်မိုက်တဲ့ကမ္ဘာမှာ၊ စောင့်ရှောက်မှုကင်းမဲ့စွာ
ပူးဆွေးသောက အပြည့်နှင့်၊ အနာဂတ်ပျောက်နေတယ်
ကံဆိုးလှတဲ့၊ မြန်မာပြည်သူ့တွေကို
ကျွန်ုပ်တို့ နိုင်သလောက် ဝိုင်းကာကူ …

မြန်မာ အချင်းချင်းတွေပါ
ရင်ထဲက ဂရုဏာကို
မွန်မြတ်သော စေတနာနဲ့
ကျွန်ုပ်တို့ ထမ်းဆောင်မယ် …

မြန်မာပြည်မှာ နေထိုင်သူ
အားလုံးပျော်ဖို့ ငြိမ်းချမ်းအောင်လို
လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ရရှိအောင်
ကျွန်ုပ်တို့ စွမ်းဆောင်မယ် …

ဤမြေကြီးမှာ နေထိုင်သူ၊ အားလုံးသူတို့
စစ်အာဏာရှင်စနစ်ကို၊ ချုပ်ငြိမ်းအောင်
ကျွန်ုပ်တို့ နှင့် ပူးပေါင်းဆောင်ရွက်ကြပါစို့ ။

ဖိနှိပ်မှုကို တွန်းလှန်းမည့်လူငယ်များ

အဖွဲ့ချုပ်၊ ပင်လုံလမ်းနှင့် လျှောက်လှမ်းသည့် ခရီး…

aa


(က)
တနှစ်အတွင်း လွတ်လပ်ရေးရ၊ ရမည်ဟု ကြွေးကြော်ရင်း ဖဆပလသည် လုပ်ဆောင်၏။ အခြေအနေများသည်လည်း တနှစ်အတွင်း လွတ်လပ်ရေးရရန် ပေါင်းဆုံလာသည်။ ဤတွင် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့ အာသံ၊ မဏိပူနယ်သို့ သွား၏။ အာသံ၊ မဏိပူနယ်များက ဘကြီးတော် မင်းတရားကြီးလက်ထက်၌ မြန်မာပြည်ထောင်စုအတွင်း တည်ရှိခဲ့သည့် နယ်မြေများဖြစ်သည်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်၊ မြန်မာ ပထမစစ်ပွဲအပြီးတွင် ရခိုင်၊ တနင်္သာရီဒေသနှင့်အတူ ဗြိတိသျှတို့အား စစ်ရှုံး၍ ပေးလိုက်ရသည့်နယ်များ ......။ ယခုလွတ်လပ်ရေးပြန်လည်၍ ရရှိရန် အချိန်၌ ဖဆပလခေါင်းဆောင်တို့သည် အာသံ၊ မဏိပူစော်ဘွားများနှင့် သွားရောက်တွေ့ဆုံပြီး မြန်မာများနှင့်အတူ တပေါင်းတစည်းတည်း လွတ်လပ်ရေး ရယူရန် ဆွေးနွေး၏။ အာသံ၊ မဏိပူစော်ဘွားများက ဖဆပလ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်၏။

ဤအခြေအနေအား ဗြိတိသျှအစိုးရသည် သိ၏။ ထိုကြောင့်ပင် လန်ဒန်၌ အောင်ဆန်း၊ အက်တလီစာချုပ်အား ချုပ်ဆိုသည့်အခါတွင် စာချုပ်၏ အပိုဒ်-၈ အပိုဒ်ခွဲ (ခ) ၌......

`နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒသဘောထားမေးမြန်းခြင်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင်ဖြစ်စေ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့်အချက်က တောင်တန်းဒေသ ပြည်နယ်များအနေနှင့် မြန်မာနိုင်ငံအစိုးရနှင့် ဆက်ဆံရေးကို မည်သည့်ပုံစံမျိုးဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင်ဖြစ်သည်။´

အဓိပ္ပာယ်ကား .... တောင်တန်းဒေသ တိုင်းရင်းသားများအနေနှင့် မြန်မာတို့နှင့်အတူ လွတ်လပ်ရေးကို ရယူမလား၊ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြားလွတ်လပ်ရေးမျိုး ရယူမလား၊ ဟူ၍ သဘောထားတောင်းခံရန် ဖြစ်၏။

(ခ)
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ တိုင်းရင်းသားသွေးစည်းရေး ညီလာခံတရပ် ကျင်းပ၏။ သမိုင်း၌ ပင်လုံညီလာခံဟူ၍ တွင်သည်။ ပထမပိုင်း အစည်းအဝေးများကို ၆-၇ ရက်များတွင် ပြုလုပ်ခဲ့၏။ ရှမ်း၊ ကချင်၊ ချင်း၊ တိုင်းရင်းသားခေါင်းဆောင်များ တတ်ရောက်ကြသည်။ သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြ၏။

.... မြန်မာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်၊ ချင်းတို့၏ လွတ်လပ်ရေးသည် ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်သည်။
.... ဒီမိုကရေစီနည်းစနစ်အရ မြန်မာလူမျိုးတို့ ရရှိခံစားနေသည့် အဆင့်အတန်း အခွင့်အရေးများနှင့် အကျိုးစီးပွားများကဲ့သို့ ရှမ်း၊ ကချင်၊ ချင်းတို့လည်း ရရှိခံစားရန် လိုလားသည်။
.... ရှမ်း၊ ကချင်၊ ချင်း အမှုဆောင်ဝန်ကြီးများသည် မိမိတို့ သက်ဆိုင်ရာ ပြည်နယ်အတွင်း အရေးကိစ္စအဝဝတို့တွင် မိမိတို့သာလျှင် တာဝန်ခံ၍ ... ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည့် အများနှင့်သက်ဆိုင်ရာကိစ္စများကို မြန်မာများနှင့် ပူးပေါင်းတာဝန်ခံ ဆောင်ရွက်လိုသည်။

ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်က အောင်ဆန်း-အက်တလီ စာချုပ် အပိုဒ် ၈- အပိုဒ်ခွဲ (ခ) ကို အဖြေပေးပြီး ဖြစ်သည်။

(ဂ)
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ ပင်လုံသို့ ရောက်၏။ ဦးတင်ထွဋ်၊ ဆာမောင်ကြီး၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်သိန်းဆွေ၊ သခင်ဝတင်နှင့် ဦးဖေခင်တို့လည်း ပါသည်။ ဗြိတိသျှတို့မှ အတွင်းဝန် မစ္စတာ ဘောတွမ်လေနှင့် အရာရှိကြီးများ ......။ ဗြိတိသျှ နယ်ခြားဒေသ တောင်တန်းမင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်း တက်ရောက်ကြ၏။ ကရင်နှင့် ကရင်နီ ကိုယ်စားလှယ်တို့က လေ့လာသူများအဖြစ် တက်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အစည်းအဝေးက အခက်အခဲ အကျပ်အတည်းများတော့ ရှိခဲ့၏။ လိပ်ခဲတည်းလည်း အခြေအနေများ ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံး၌ ပြည်ထောင်စုစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြ၏။ တိုင်းရင်းသား သွေးစည်းညီညွှတ်ရေးစာချုပ် .....။ ပင်လုံစာချုပ်......။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းကိုယ်စားလှယ် ၂၁ ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြ၏။

`တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုလက်ရှိ ခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်၊ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်´။ ဤကား ..... ပင်လုံစာချုပ်၏ အနှစ်သာရပင် .....။

စာချုပ်ကို အနှစ်ချုပ်ကြည့်ပါက .......

- ဒီမိုကရေစီအခွင့်အရေးနှင့် ရပိုင်ခွင့်များ ရှိစေရမည်။
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိစေရမည်။
ဤသည်ပင်... ပင်လုံ၏ သုံးဖြာသော အသက်သွေးကြော .....။ ဤသည်ပင်... ပင်လုံ၏ လမ်းညွှန်မြေပုံ.....။ ဤသည်ပင်... ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်လိုသည့် မြန်မာပြည်ထောင်စုသစ် .....။

(ဃ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ဖဆပလ ကဲ့သို့ပင် ရရှိသည့် အဖွဲု့အစည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဧပြီလ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ၌ ဖဆပလ သည် ၉၅.၃ % အနိုင်ရရှိခဲ့ပြီး၊ ၁၉၉ဝ ခုနှစ် မေလ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အန်အယ်လ်ဒီက ၈၂.၅ % အနိုင်ရရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားအရေး၊ ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍ အစဉ်တစိုက်ပင် သဘောထားထုတ်ပြန်ခဲ့၏။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ၌ အဖွဲ့ချုပ်သည် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ကြေညာချက်အမှတ် ၉ ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ကြေညာချက်ကို ပင်လုံ၌ပင် ဒေါ်အောင်ဆန်းစုကြည်မှ လူထုကို ရှင်းလင်းပြောကြားခဲ့သည်။

ကြေညာချက်အမှတ် ၉ က မည်သို့နည်း .....။ မူသဘောထားအား ကောက်နုတ်၍ ဖော်ပြပါမည်။

`.....ပြည်ထောင်စုတခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍနယ်ပယ်အားလုံး၌ အပြည့်ဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်အမှန်ဆုံးသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးကို ဦးတည်ရှေးရှုမည်။´

`.... တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကဏ္ဍနယ်ပယ်အသီးသီး၌ ကိုင်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေးကို ဦးတည်ရှေးရှုမည်။´

မူသဘောထားများ အကောင်အထည်ဖော်နိုင်ရန် ယေဘုယျ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့သည်။ ကောက်နုတ်၍ ဖော်ပြရလျှင် .....

`ပင်လုံညီလာခံကြီး ကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ် ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်။ ထိုညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုး အားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့်၊ လူမျိုးနွယ်ကြီးတခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေ၊ ဒေသရှိသော လူမျိုးငယ်တို့ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စသည့်အရေးကိစ္စများနှင့် စပ်လျဉ်း၍ အများသဘောညီမျှသော ပြဌာန်းချက်များကို ချမှတ်မည်။ ´

ပင်လုံညီလာခံကြီးကဲ့သို့ဟူသည်က ထိုညီလာခံသည် ပြည်ထောင်စုစိတ်ဓာတ် လုံးဝလွှမ်းမိုးသော ညီလာခံကို ဆိုလိုခြင်း ဖြစ်သည်။ အာဏာစက်မရှိရ.... သေနတ်ပြောင်းဝများဖြင့် ချိန်မထားရဟူ၍ ဖြစ်သည်။ ညောင်နှစ်ပင်ကဲ့သို့မဟုတ် ။

၁၉၈၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် NLD တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့၏။ ပူးတွဲကြေညာချက်က ......

`တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူမှု၊ နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိစေမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသားအားလုံး သွေးစည်းညီညွှတ်စွာ ထူထောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က တညီတညွှတ်တည်း သဘောတူကြသည်´

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိစေရမည်ဟူသည်က ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၏ အနှစ်သာရ သဘောတရားပင် ဖြစ်သည်။

နိဂုံးချုပ်ပါမည်…နိဂုံးကို … ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံညီလာခံတွင် ပြောကြားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းဖြင့်ချုပ်ပါရစေ…

''မြန်မာများသည် ဗြိတိသျှ၏ ကျွန်မဖြစ်လို၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများလည်း ဗြိတိသျှကျွန်အဖြစ် မရောက်စေလို၊ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန်အဖြစ်လည်း မဖြစ်စေလို၊ တောင်တန်းနယ်ကို တောင်တန်းလူမျိုးများသာ အုပ်ချုပ်စိုးမိုးခြင်းကို မြန်မာများက ကြိုက်နှစ်သက်ပါကြောင်း ...."
မင်းဟန် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၇ မိနစ်
မူရင်း ။ ။ http://www.mizzimaburmese.com/edop/songpa/4775-2010-02-11-07-43-54.html

ဗိုလ်ချုပ်ရဲ့ မမေ့နိုင်စရာ မိန့်ခွန်းများ



ယခုကမ္ဘာစစ်ကြီးပြီးသည်မှာ နှစ်နှစ်မျှပင် လွန်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံပေါင်း များစွာတို့မှာ ရာရှင်ပေးနည်းစနစ်ကို အသုံးပြုနေရတုန်းပင် ဖြစ်ပါသည်။ ထို့ပြင် အရေးကြီးသော ကုန်စည်များ ဝေငှရေးစနစ်ကိုလည်း ကောင်းသည်ထက် ကောင်းလာအောင် စီမံရန်လိုပါသည်။ ဖြုန်းတီးမှုများနှင့် တစိုးလက်ဆောင်စားမှုများကိုလည်း နှိပ်ကွပ်ပစ်ရပါလိမ့်မည်။

ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာဘဲ အရေးကြီးသည့် ကုန်စည်များကို စိုက်ပျိုးလုပ်ကိုင်ရန် စီမံကိန်းတရပ်လည်း ပြုလုပ်ရပါလိမ့်မည်။ ကျွန်တော်တို့ စီးပွားရေးအတွက် နိုင်ငံခြားများနှင့် ဆက်ဆံမှုနှင့် ပတ်သတ်၍ဆိုလျှင် ကျွန်တော်တို့ ထွက်ကုန်ဘက်က ငွေပိုရအောင် အားထုတ်ကြိုးပမ်းကြရပါလိမ့်မည်။ နိုင်ငံငြိမ်သက် သာယာရေး ကိစ္စကလည်း ရှိပါသေးသည်။ နေထိုင်ရေး စရိတ်လျော့ပေါ့သက်သာရေး ကိစ္စကြီးကို ရွက်ဆောင်ကြရာ၌ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်ဖြစ်သော အခြားကိစ္စများလည်း ဧကန်ပင် ပေါ်ပေါက်လာပါလိမ့်မည်။

နေထိုင်ရေး စရိတ်လျော့ပေါ့သက်သာရေးကိစ္စနှင့် စပ်လျဉ်း၍ ထည့်သွင်းပြောပြခဲ့ပြီး ဖြစ်သော အဆိုပါကိစ္စများကို ကျွန်တော် အကျယ်ချဲ့ပြောရမည်ဆိုလျှင် အရေးမကြီး မရှိလည်း ဖြစ်နိုင်သော ကုန်စည်များ သွင်းယူမှုဆိုလျှင် ကျွန်တော်တို့မှာ မရှိမဖြစ် အရေးကြီးသည့် ကုန်တွေ အကြီးအကျယ် ရှားပါးနေသည့်အချိန်တွင် စည်းစိမ်ခံကုန်၊ အရေးကြီးသည့် ကုန်များကို သွင်းယူ စည်းစိမ်ခံနေကြရန် မလိုဘူးဆိုသည့် အချက်ဖြစ်ပါသည်။ တိုင်းသူပြည်သားများမှ မရှိမဖြစ် အရင်းခံလိုအပ်သည့် ကုန်ပစ္စည်းများ ပြည့်စုံမှုလိုပါသည်။

အဆိုပါ ကုန်ပစ္စည်းမျိုးကိုသာ ကျွန်တော်တို့က ရအောင်စီမံပေး၍ စည်းစိမ်ခံ ကုန်များကို လုံးဝထုတ်ပစ်ဖို့ လိုပါသည်။ အစိုးရဌာနများနှင့် ပတ်သက်၍မူကား ကျွန်တော်ပြောခဲ့သည့်အတိုင်း အချို့ဌာနများမှ အမှုထမ်းများ အဆမတန် ရှိနေပါသည်။ ကျွန်တော်တို့က တစ်ဌာနစီ တစ်ဌာနစီခွဲ၍ ဌာနအသီးသီးမှာ ရှိသည့်အမှုထမ်းတွေ ရာထူးတွေဟာ တကယ်လိုသည် မလိုသည်ကို စစ်ဆေးကြည့်ရှုရပါလိမ့်မည်။ ရာထူးများရှိ အမှုထမ်းများ လုပ်ကိုင်နေသည့် အလုပ်များကို စစ်ဆေးကြည့်၍ ထိုအလုပ်များသည် တိုင်းပြည်၏ စီးပွားရေးနှင့် အခြားအရေးများအတွက် မည်မျှလောက် အကျိုးဖြစ်ထွန်းစေသည့် အလုပ်ဖြစ်သည်ကို ဝေဖန်ကြည့်ရပါလိမ့်မည်။ ရာရှင်ပေးရေးစနစ်နှင့် ပတ်သက်၍ဆိုလျှင် ရာရှင်ပေးရေးကို လူအများမနှစ်သက်ဖြစ်နေသည်။ အထူးအားဖြင့် စစ်အတွင်း တိုင်းပြည်အပေါ်တွင် အသားယူ၍ မတရား ချမ်းသာလိုသူတို့က သူခိုးဈေးဖွင့်ခြင်း၊ အဆမတန် အမြတ်ယူခြင်း၊ မတရားမှုများကို ပြုလုပ်ခြင်းကြောင့်ပင် ဖြစ်သညကို လူကြီးမင်းများလည်း သိရှိပါလိမ့်မည်။

ထို့အပြင် ကျွန်တော်တို့ တိုင်းပြည်အတွင်း အကြီးအကျယ် ဖြုန်းတီးမှုများကို လူကြီးမင်းများ ကိုယ်တွေ့မျက်မြင်ဖြစ်ပါလိမ့်မည်။ ရာရှင်စနစ်ကို အသုံးပြုနေသည့် အခြားအခြားသော တိုင်းပြည်များမှာ ဆိုခဲ့သည့် ဖြုန်းတီးမှုများ၊ အဟောသိကံဖြစ်မှုများ မရှိပါ။ ရာရှင်ပေးမှု၏ ရည်ရွယ်ချက်တရပ်မှာ တိုင်းသူပြည်သားအားလုံး ညီညီမျှမျှ ရကြစေရန် ဖြစ်ပါသည်။

ရာရှင်ပေးခြင်းအားဖြင့် နိုင်ငံခြားသို့ တင်ပို့ ရောင်းချရန်အတွက် အဖိုးတန်ပစ္စည်းများ ကုန်ခန်းခြင်းမှလည်း သက်သာစေပါသည်။ ကျွန်တော်တို့ တိုင်းပြည်နဂိုအခြေသို့ ပြန်လည်ရောက်ရှိရေးအတွက် တိုင်းပြည်၏ ဓနအင်အား၊ စီးပွားရေးအင်အား ပြန်လည်ဖြည့်တင်းစေရန်မှာ ထွက်ကုန်တခုသာလျှင် ရှိပါသည်။ စီးပွားရေး အခြေအနေမှာ မြန်မာပြည်ထက် များစွာကောင်းမွန် တောင့်တင်းသော တိုင်းပြည်ကြီးများစွာတို့မှာ ရာရှင်စနစ်ကို သုံးနေဆဲပင် ဖြစ်ပါသည်။

ထိုတိုင်းပြည်ကြီးများမှာ ခြိုးခြံချွေတာရတုန်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်မှာကား ခြိုးခြံခြင်းမရှိသလောက်ဖြစ်ရာ စီးပွားရေး တောင့်တင်းမှုအတွက် အနည်းငယ်မျှ ခြိုးခြံမှုကို မပြုနိုင်ရန် အကြောင်းမရှိပါ။ စုပေါင်းရောင်းဝယ်ရေး အဖွဲ့များလည်း ဖြစ်နိုင်သည့် နေရာတိုင်းမှာ ဖွဲ့စည်းထားရန် လိုပါသည်။ ရှေးက မြန်မာပြည်မှာ စုပေါင်းရောင်းဝယ်ရေး အသင်းများ ပျက်ပြားခဲ့ရသည်မှာ ထိုအဖွဲ့အသင်းများကို တိုင်းသူပြည်သားတို့က စေတနာဖြင့် ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် ခိုင်မြဲအောင် မ'တည် ခဲ့ကြခြင်းကြောင့် ဖြစ်ပါသည်။

တိုင်းသူပြည်သားတို့က ထိုအဖွဲ့များ၏ အကျိုးသည် ငါတို့၏ အကျိုးပင်ဖြစ်ပါတကားဟု သဘောပိုက်ကြသည့် အရပ်များတွင်ကား ထိုအဖွဲများမှ စည်ပင်ဖွံ့ဖြိုးလျက်ရှိကြပါသည်။ ကျွန်တော်တို့ တိုင်းပြည်မှာဆိုလျှင် စုပေါင်းရောင်းဝယ်ရေး မရှိသည့် အရပ်များ၌ ကုန်စည်များဝေငှရေးကို စီမံပေးမှုအတွက် အစည်းအရုံး အမျိုးမျိုးပါဝင်သည့် ပြည်သူပြည်သား ကော်မီတီများ ဖွဲ့စည်းထားရန် ဖြစ်နိုင်မည့် အရေးကို စဉ်းစားကြည့်ရန် လိုပါသည်။ စုပေါင်း ရောင်းဝယ်ရေး အဖွဲ့များအတွက် စစ်ဆေးကြည့်ရှုရေးအဖွဲ့များ လိုမည်ဖြစ်ရာ ထိုအဖွဲ့မျိုးထားရှိရေးကိစ္စကိုလည်း စုံစမ်းကြည့်ရန်လိုပါသည်။ အချင်းချင်း စုပေါင်းပြီး သတင်းအပြန်အလှန် ရယူရေးနှင့် စုံစမ်းရှာဖွေရေးသည်လည်း လိုပါသည်။ ဤကိစ္စအတွက် အသင်းအဖွဲ့များက လိုသောသတင်းများကို ပေးနိုင်ပါလိမ့်မည်။

ငွေရင်း နိုင်ငံပြင်ဖက်သို့ ထွက်မသွားစေရန် အချို့သော နိုင်ငံများ၌ တတ်နိုင်သမျှ ကာကွယ်ရန် ကြိုးစားကြပါသည်။ ငွေရင်း နိုင်ငံပြင်ပသို့ ထွက်သွားလျှင် ကျွန်တော်တို့၏ ဝယ်အားကို စွန့်ပစ်လိုက်သကဲ့သို့သာ ဖြစ်ပေမည်။ ကျွန်တော်တို့ နိုင်ငံခြားမှ ငွေချေးယူရခြင်းကို တတ်နိုင်သမျှ လျော့ပေါ့သက်သာသွားအောင် ငွေစုရေးကို အားပေးရပေလိမ့်မည်။

ဆီ၊ ငရုတ်၊ ကြက်သွန် အစရှိသည်တို့ကို ဝယ်ယူသုံးစွဲကြရသဖြင့် ကျွန်တော်တို့ ငွေအလွန်ကုန်ကျနေပါသည်။ ¤င်းကုန်ပစ္စည်းများမှာ မိမိတို့တိုင်းပြည်၌ မိမိတို့ စိုက်ပျိုးနိုင်ပါလျက် ဤကဲ့သို့ အခြားနိုင်ငံမှ မှာယူသုံးစွဲရမည်ဆိုသည်မှာ ကျွန်တော်တို့ ငြင်းဆိုခြင်းမပြုနိုင်သည့် စွပ်စွဲချက်ဖြစ်၍ များစွာရှက်ဖွယ်ကောင်းလှသည်။ ထိုနည်းတူစွာ လူတို့၏ အရေးကြီးလှသော အသုံးအဆောင်ဖြစ်သည့် နွားနို့ကိုလည်း သွင်းယူလျက်ရှိ၏။

ကျွန်တော်တို့ လုံ့လပြုလျှင် ထိုပစ္စည်းကိုလည်း နိုင်ငံတွင်းမှာပင် လိုသလောက် ရနိုင်ပါသည်။ ယခင်က စီးပွားရေး အခြေအနေကို ပြန်လည်ရရှိစေရန်အတွက် ကျွန်တော်တို့သည် ဤကဲ့သို့ ကြက်သွန်၊ ငြုတ်၊ ဆီ အစရှိသော ပစ္စည်းများ တန်ချိန်မည်ရွေ့မည်မျှသာ ဝင်လာစေသင့်သည်ကို ကြီးကြပ်အုပ်ချုပ်ရန် လို မလိုကို စဉ်းစားရန် လိုပေသည်။ ¤င်းကုန်များ ဝယ်ယူသုံးစွဲခြင်းကို မရပ်ဆိုင်းပဲနေခဲပါက ကျွန်တော်တို့သည် ¤င်းအသီးအနှံများကို လိုသလောက် ရအောင် စိုက်ပျိုးဖြစ်ကြတော့မည် မဟုတ်ပါ။

ထို့နောက် ငြိမ်ဝပ်ပိပြားရေးကို ပြောပြလိုပါသည်။ အဓိက ပြဿနာများတွင် ငြိမ်ဝပ်ပိပြားရေးအကြောင်းကို နောက်ဆုံးမှ ပြောရန် စီစဉ်ထားပါသည်။ ဤကဲ့သို့ နောက်ဆုံးထည့်ထားရာ ငြိမ်ဝပ်ပိပြားရေးသည် အရေးမကြီးသော ကိစ္စမဟုတ်ဟု မဆိုလို။ ကျွန်တော်၏ ရည်ရွယ်ချက်မှာ ငြိမ်ဝပ်ပိပြားရေး၏ အခြေခံအကြောင်းကား အားလုံးသော ကိစ္စအဝဝနှင့် သက်ဆိုင်သည့် အရင်းခံအကြောင်းကိစ္စဖြစ်သဖြင့် ဤကဲ့သို့ နောက်ဆုံးပြောဆိုရန် စီစဉ်ခြင်းဖြစ်ပါသည်။

သာမန်အချိန်မျိုးတွင် နိုင်ငံငြိမ်ဝပ်သာယာမှုသည် စီးပွားရေးအတွက် မည်မျှလောက် အရေးကြီးသည်ကို ကောင်းစွာ မထင်ရှားသော်လည်း ယခုကဲ့သို့ ရိုးရိုးမဟုတ်သော အချိန်မျိုးတွင်မူကား မည်မျှလောက် အရေးတကြီး သက်ဆိုင်နေသည်မှာ ထင်ရှားလှသောကြောင့် ပြောနေရန်ပင် မလိုပါ။ ဥပမာဆိုလျှင် တိုင်းပြည် မငြိမ်မဝပ်ဖြစ်သည့်အတွက် ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ စက်မှုလက်မှု လုပ်ကိုင်ရေးတို့တွင် လုံခြုံမှုများစွာ ချို့ယွင်းလျက် ရှိနေပေသည်။ နယ်များတွင် မငြိမ်သက်သဖြင့် မြို့များတွင် လာရောက်နေထိုင်၍ လူတွေ ပြည့်ကျပ်လျက် ရှိနေခြင်း ဖြစ်ရပါသည်။

အစိုးရကလည်း ဓါးပြလူဆိုးရန်ကို နှိမ်နင်းနိုင်စေရန် လက်နက်ကိုင် ပုလိပ်နှင့် အပိုပုလိပ်အမှုထမ်းများကို ယခင်က အမှုထမ်းဦးရေထက် များစွာချဲ့ထွင်ခန့်ထားခြင်းဖြင့် နှိမ်နင်းနေရပါသည်။ အားလုံး တခုနှင့်တခု ဆက်နေပါသည်။ သို့သော် ဤကဲ့သို့ ငြိမ်ဝပ်ပိပြားရေးကို စီမံဆောင်ရွက်ရာ၌ လူကြီးမင်းတို့သည် ဤငြိမ်ဝပ်သာယာရေးကိစ္စကို အခြားကိစ္စများနှင့်ခွဲ၍ စီမံခြင်းမပြုကြရန် ကျွန်တော်တို့က တိုက်တွန်းလိုပါသည်။ နည်းမှန်လမ်းမှန်မှာ ဤကိစ္စကို အခြားပြဿနာများနှင့် ပူးတွဲစီမံရန်ဖြစ်ပါသည်။
လူကြီးမင်းများ မည်သို့ ဆောင်ရွက်သင့်သည်ဆိုသည့် အချက်များနှင့် ပတ်သက်၍ ကျွန်တော် အကြံပေးစကား ဤမျှပဲ ပြောကြားလိုပါသည်။ ထို့နောက် တိုင်းပြည်အတွင်းမှာ ယခုမည်ကဲ့သို့ အဖြစ်အပျက် အကြောင်းကိစ္စများကို မည်သို့ ပြုပြင်ပေးသင့်သည် ဆိုသည်များကို အနည်းငယ် ဆက်လက်ပြောကြားလိုပါသည်။ ကျွန်တော့် စာတမ်းမှာလည်း ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်ဖော်ပြပြီး ဖြစ်သည်ကိုလည်း လူကြီးမင်းများ တွေ့ရှိရလိမ့်မည်။ ဤကိစ္စဟာ အလွန်ရှုပ်ထွေး ခက်ခဲသည် ဖြစ်သောကြောင့် ပေါ်ပေါက်သည့် ပြဿနာများကို သေသေချာချာ ဝေဖန်ရှင်းလင်း ကြည့်ရှုပြီး ထိုပြဿနာများကို ဖြေရှင်းရေးအတွက် မည်သို့သော နည်းများဖြင့် ပြုပြင်အပ်သည်ကို သေသေချာချာ ဝေဖန် သတ်မှတ်ပေးရန် လိုပါလိမ့်မည်။

စစ်ကြီးကြောင့် တိုင်းပြည်စီးပွားရေး မည်မျှပျက်စီးသွားသည်ဆိုသည်ကို ကျွန်တော်က အထူးပြောပြရန် မလိုပါ။ ကျွန်တော်တို့ ဘာကိုပဲလုပ်လုပ် စီးပွားရေးပျက်စီးနေသည့် တစ္ဆေ၊ သဘက်ကြီးနှင့် မျက်နှာချင်းဆိုင်တွေ့၍သာ နေရပါသည်။ ကျွန်တော်တို့ ဗမာတပြည်လုံး အပျက်အစီး လွတ်သည့်နေရာ ဟူ၍ မရှိပါဘူး။ ဗမာပြည်သည ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် ပိုမိုပျက်စီး ဆုံးရှုံးခြင်းခံရသည်မှာ ယုံမှားစရာမရှိပါ။ ကျွန်တော်က လူကြီးများ စိတ်ပျက်ဖွယ်ဖြစ်အောင် ဤစကားကို ပြောရခြင်း မဟုတ်ပါဘူး။ လူကြီးမင်းများ ဆောင်ရွက်ရမည့် ကိစ္စကြီး ဖြစ်သည်။ ကိုယ့်တိုင်းပြည်အကျိုးကို ကိုယ်ဆောင်ရွက်ရန် ရှေးက ကျွန်တော်တို့ အမျိုးသားများ မရခဲကြဖူးသော အခွင့်အရေးမျိုးကို လူကြီးမင်းများ ရရှိကြသည်ဆိုသည့်အချက်များကို လူကြီးမင်းများ သေသေချာချာ သိရှိကြဖို့ ကျွန်တော်ပြောရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ပထမဦးဆုံး လိုအပ်သည့်အချက်က စီးပွားရေးဘက်မှ အခြေခံကောင်းကောင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းစဉ်ရေးဆွဲထားဖို့ ဖြစ်ပါသည်။ အချို့က စီးပွားရေး အခြေခံကောင်းကောင်း ပြန်လည်ထူထောင်သလို၊ နိုင်ငံရေးဘက်ကလည်း အခြေခံကောင်းကောင်းနှင့် ပြန်လည်ထူထောင်ရန်လိုသည်ဟု ဆိုကောင်းဆိုကြပေလိမ့်မည်။ စီးပွားရေးနှင့် နိုင်ငံရေးဆိုသည်မှာ အချင်းချင်း အညမည ဆက်သွယ်နေသည့်အတွက် တခုနှင့် တခု သီးခြားခွဲခြားထား၍ မရနိုင်ပါ။ ယခုအစည်းအဝေးမှာ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကျွန်တော်ပြောဖို့ မကြံရွယ်ပါ။ သို့သော် လူကြီးများ ရွက်ဆောင်ရမည့်ကိစ္စတာဝန်နှင့် တမျိုးတမည် သက်ဆိုင်နေသည့် အချက်တချက်ကိုတော့ ပြောလိုပါသည်။

ထိုအချက်မှာ ယခုလို အခြေအနေမှာ နိုင်ငံချဲ့ဝါဒ တိုက်ခိုက် တွန်းလှန်တဲ့အလုပ်ကို လုပ်ရန် ကျွန်တော်တို့မှာ ရှိတဲ့ အချိန်နှင့် အင်အားကို အလဟဿ ဖြုန်းတီးပြစ်ရာရောက်လိမ့်မည် ဆိုသည့်အချက်ပါပဲ။ ရှေးကဆိုလျှင် တိုင်းပြည်မှာ တစုံတရာမကောင်းဖြစ်လျှင် နိုင်ငံချဲ့စနစ်ကြောင့် ဖြစ်သည်ဟုဝိုင်းပြီး အပြစ်တင်လေ့ ပြုခဲ့ကြပါသည်။ ကျွန်တော့်အတွက်ဆိုလျှင် ထိုကဲ့သို့ နိုင်ငံချဲ့စနစ်ကို အပြစ်တင်ခြင်းသည် မှန်သည့်အခါ မှန်ခဲ့ပါသည်။

အခြားတတိုင်းတနိုင်ငံက နိုင်ငံချဲ့စနစ်နှင့် လွှမ်းမိုးခြင်းခံရလျှင် မည်သည့်နိုင်ငံမျိုးမှမဟုတ် တကယ်မကြီးပွားနိုင်ပါဘူး။ သို့သော် ဤဗမာနိုင်ငံမှာဆိုလျှင် ခေတ်ကြီး ပြောင်းလာခဲ့ပါပြီ။ ကျွန်တော်တို့ အမျိုးသားများလက်သို့ အာဏာပြန်၍ ရောက်ရမည်မှာ ဧကန်ဖြစ်နေပါပြီ။ အိန္ဒိယပြည်မှာ ယခုဖြစ်ပျက်နေသည့် အကြောင်းတရားများကို ကြည့်လျှင် ဗြိတိသျှအစိုးရက အိန္ဒိယပြည်နှင့် မြန်မာပြည်တွင် အိန္ဒိယတိုင်းသားနှင့် မြန်မာလူမျိုးများလက်သို့ အာဏာကို လွှဲပြောင်းပေးအပ်ရတော့မှာ မကြာတော့ဘူးဆိုသည်ကို ကျွန်တော်သဘောရသလို လူကြီးမင်းများလည်း သဘောရကြပါလိမ့်မည်။

ဤအစည်းအဝေးမှာ ဤကိစ္စကို ကျွန်တော်က အကျယ်ချဲ့ပြီး ပြောရမည့်အခါ မဟုတ်ပါဘူး။ ရာဇဝင် အစဉ်အလာကိုလည်း ကျွန်တော်သိတန်သရွေ့ သိပါသည်။ လက်တွေ့နိုင်ငံရေးကိုလည်း လုပ်ခဲ့ဖူးပါသည်။ တရပ်တကျေးမှဖြစ်သော နိုင်ငံချဲ့စနစ်သည် ဖြူးဖြူးဖြောင့်ဖြောင့် သာသာယာယာနှင့် အာဏာကို လက်လွှတ်မည်၊ မလွှတ်မည် ဆိုသည်ကို ပြည်သူပြည်သားများသည် မိမိတို့ ကြီးပွားရေး၊ တိုးတက်ရေး လမ်းစကို တီထွင်ဖို့ ပျင်းရိနေကြလို့၊ စိတ်မပါကြလို့ မဟုတ်ပါဘူး။ ဤကဲ့သို့ ဖြစ်နေရခြင်းမှာ နောက်မှာပင် သိရှိရမည့်အရာ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ယခု ကျွန်တော်ပြောလိုသည်မှာကား ... ကျွန်တော်သည် လှေနံဓါးထစ် ဝါဒမျိုးရှိသူ မဟုတ်ကြောင်း ဖြစ်ပါသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ပြောရာ၌ ကျွန်တော်ဆိုလိုချက်မှာ စစ်ကြီးမဖြစ်မီက နိုင်ငံနယ်ချဲ့ဝါဒသည် တွန်းလှန်တိုက်ခိုက်ရမည့် အရာမည်မျှမှန်သော်လည်း ယခုမူကား အသစ်ပေါ်ပေါက်သော အကြောင်းခြင်းရာများကို ထောက်ချင့်၍ အခြေအါနေကို ဝေဖန်ရပါလိမ့်မည်။ ယခုခေတ်၌ တကယ် အချုပ်အခြာအာဏာသည် တိုင်းသူပြည်သားလူအများတို့လက်တွင် တည်ရှိသည် ဆိုသည့်အချက်ကို နေရာတကာတွင် ယူဆထားကြပြီး ဖြစ်ပါသည်။ ယခု ကျွန်တော်တို့ တွေ့ကြုံနေရသည့် လက်ငင်း ပြဿနာများနှင့် ပတ်သက်၍ ကျွန်တော်တို့ နိုင်ငံမှာ ပေါ်ပေါက်နေသည့် ပြဿနာများကို ထောက်ရှု၍ ဆိုရလျှင် ကျွန်တော်တို့ ချက်ခြင်းလက်ငင်းဖြေရှင်းရေး၊ ရှာကြ့ရမည့်ကိစ္စကြီး ရှစ်ရပ်ရှိသည်ဟု ဆိုနိုင်ပါသည်။

ထိုကိစ္စများမှာ ...

(၁) နေနိုင်ရေးစရိတ်လျော့ပေါ့ရန် တိုင်းသူပြည်သားများ၏ နေနိုင်ရေးစရိတ်ကို နဂိုအခြေသို့ ပြန်ရောက်အောင် ပြုပြင်ပေးရန်။

(၂) အလုပ်လက်မဲ့များ လျော့သွားအောင် တတ်နိုင်လျှင် အလုပ်လက်မဲ့ လုံးဝပပျောက်သွားအောင် ပြုပြင်ပေးရန်။

(၃) လမ်းပန်းအဆက်အသွယ်များကို ပြန်လည်ထူထောင်၍ တိုးချဲ့ပေးရန်။

(၄) အိုးခြေအိမ်ခြေ ထူထောင်နိုင်အောင် စီစဉ်ပေးရန်။

(၅) ပညာရေးပြန်လည်ထူထောင်ရန်။

(၆) ပြည်သူလူအများ ကျန်းမာရေးအတွက် စီစဉ်ပေးရန်။

(၇) နိုင်ငံအုပ်ချုပ်ရေးကို စေတနာ ကောင်းစွာနှင့် သန့်ရှင်းကျေပွန်စွာ ထမ်းရွက်ခြင်းရှိအောင် ပြုပြင်ပေးရန်။

(၈) နိုင်ငံငြိမ်းချမ်းသာယာလာအောင် ဆောင်ရွက်ပေးရန်။

အထက်ပါ ပြဿနာကြီးများကို ချက်ခြင်းလက်ငင်း ရှင်းလင်းရေးအတွက် ကျွန်တော်တို့ လက်ဦးပထမ အားသွန်ကြိုးပမ်းဆောင်ရွက်ကြရန် အဓိကဖြစ်သည်ဟု ထင်မြင်ပါသည်။

ဤကဲ့သို့ ကျွန်တော်တို့ ရွက်ဆောင်စရာရှိသည့် အချက်များ ထမြောက်အောင်မြင်စေရန် ကျွန်တော်တို့ ဘယ်အချက်အလက်များကို ဆောင်ရွက်သင့်သည်ဆိုသည်ကို ယခုစဉ်းစားကြည့်ဖို့ လိုပါသည်။ နေထုင်ရေးစရိတ်စက လျှော့ချဖို့ ကိစ္စနှင့် ပတ်သက်၍ဆိုလျှင် ယခုကဲ့သို့ စရိတ်ကြီးမြင့်နေရသည့် အကြောင်းရင်း ပထမ အချက်မှာ အရေးမကြီး၊ မရှိလည်း ဖြစ်နိုင်သော ကုန်စည်များကို ဈေးကြီးကြီးပေး၍ ဝယ်နေရခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့ အရေးကြီးလှသော ကုန်စည်များကို နိုင်ငံခြားမှ အတင်အသွင်းလျှော့ရန်၊ သို့မဟုတ် လုံးဝ ရပ်စဲပစ်ရန် လိုပါသည်။ နိုင်ငံခြားမှ အဆိုပါ ကုန်စည်ပစ္စည်းတွေကို ဝယ်ယူနေရသည်မှာ နိုင်ငံ၏ ငွေကြေးဘဏ္ဍာ မကုန်သင့်ဘဲ အလဟဿ ကုန်နေရပါသည်။

ဤကဲ့သို့စီးပွားရေးဘက်က ကျွန်တော်တို့ နစ်နာဆုံးရှုံးဖြုန်းတီးနေသည့်အချက်ကို ရပ်စဲဖြတ်တောက်ပစ်ရန် နည်းလမ်းများ ရှာကြံရပါလိမ့်မည်။ ကျွန်တော်တို့ ငွေတွေ ကျွန်တော်တို့ တိုင်းပြည်အပြင်ကို ထွက်နေရပါသည်။ ဤကဲ့သို့ ထွက်နေခြင်းကို ကျွန်တော်တို့ စစ်ဆေးကြည့်ရှုရပါလိမ့်မည်။ နေထိုင်ရေးစရိတ် လျှော့ပေါ့ ထားစေလိုလျှင် တိုင်းပြည် အုပ်ချုပ်ရေးဘက်တွင် တတ်နိုင်သမျှ ခြိုးခြံချွေတာရန် လိုပါလိမ့်မည်။ ယခု လက်ရှိအုပ်ချုပ်ရေးမှာ တိုင်းပြည်က စရိတ်မတတ်နိုင်လောက်သော အုပ်ချုပ်ရေး ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော်တို့က ချက်ခြင်း လက်ငင်းပင် အသုံးစရိတ်ကို လျှော့ချပစ်ရပါသည်။ ထို့နောက် နေထိုင်ရေးလျှော့ပေါ့သက်သာလာစေအောင် ရာရှင်ပေးနည်းကို သုံးသင့် မသုံးသင့် စဉ်းစားရပေလိမ့်မည်။¤င်းအပြင် လူကြီးမင်းတို့၏ ရှေ့မှောက်သို့ ရောက်လတံသော ပြဿနာ အရပ်ရပ်တို့ကို ကျွမ်းကျင်သူ အနေမျိုး မဟုတ်ပဲ သာမန်လူစား အနေမျိုးဖြင့် စစ်ဆေးစောကြော စေလိုပါသည်။ ကျွမ်းကျင်သူ၏ ထင်မြင်ချက်ဆိုလျှင် လူအများမှာ မလွန်ဆန်ဝံ့ ဖြစ်နေတတ်ကြပါသည်။ လုပ်ငန်းအမျိုးမျိုး ဆိုင်ရာဘက်က ကျွမ်းကျင်သူများစွာကို ကျွန်တော် တွေ့ဖူးပါသည်။ ထိုပုဂ္ဂိုလ်များဟာ များစွာပင် အသုံးကျပါသည်။

တိုင်ပင်လည်း တိုင်ပင်ထိုက်သည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါသည်။ သို့သော်လည်း လူကြီးမင်းတို့ကို သတိပေးလိုသည်မှာ ထိုပုဂ္ဂိုလ်တွေရဲ့ ထင်မြင်ယူဆချက်ဟာ အမှားမရှိနိုင်ဘူးဟု မထင်ကြစေရန် ဖြစ်ပါသည်။ လူထုကို စကားပြောတိုင်း ပြောတိုင်း ကျွန်တော် ဤကဲ့သို့ သတိပေးဖူးပါသည်။ ယခုလည်း ထပ်မံ သတိပေးရန် လိုပါသည်။

ထိုပုဂ္ဂိုလ်များဟာလဲ သာမန်လူပုဂ္ဂိုလ်တွေပါပဲ။ ထို့ကြောင့် သူတို့ ထင်မြင်ယူဆချက်တွေဟာ အမှားဖြစ်ချင် ဖြစ်မှာပဲ။ အမှန်ကတော့ အဆိုးအကောင်း ဝေခွဲတတ်သော သာမန်လူစားတို့၏ အတွေ့အကြုံ၊ အကြံဉာဏ် ဗဟုသုတများလဲ ကျွန်တော်တို့ လုပ်ရမည့် အမှုကိစ္စတွေအတွက် အရေးကြီးပါသည်။

နောက်တရပ် ကျွန်တော်တို့ သတိထားရမည့် အချက်မှာ၊ ကျွန်တော်တို့ဟာ အကြောင်းတခုကို စာရင်းအင်းနှင့် အမြင်အားဖြင့် အခိုင်အမာာ သဘောသက်ရောက်အောင် ပြောလာပြီဆိုရင် ယုံလွယ်တတ်ကြသည့် အန္တ့ရာယ်ဖြစ်ပါသည်။ စာရင်းအင်းများကို ကျွန်တော် များစွာလေ့လာခဲ့ဖူးသည်။ ကိုယ့်တွေ့ ဗဟုသုတအရ ပြောရမည်ဆိုလျှင် ¤င်းတို့ကို ကြည့်၍များစွာ နားလည်အကူအညီရသော်လည်း ပထမက ထင်မြင်စိတ်ကူးထားချက်တွေ အခိုင်အမာဖြစ်အောင် စုဆောင်းပြုလုပ်ထားသည့် စာရင်းအင်းမျိုးနှင့် တွေ့ကြုံနေကြရမည့် အချက်ကို သတိပြုထားကြဖို့ လိုပါသည်။ လီနင်ရဲ့ အတ္ထုပတ္တိကို ဖတ်ဖူးသူများ သိပါလိမ့်မည်။

လီနင်သည် စာရင်းအင်းကို ကောင်းစွာ တတ်ကျွမ်းတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ပါသည်။ သို့သော် လီနင်သည် အသက်ရှင်စဉ်က ပြောဖူးသည်မှာ၊ သူသည် စာရင်းအင်း ဂဏန်းသင်္ချာတွေပါရှိတဲ့ စာအုပ်များမှတပါး၊ အခြားစာအုပ်များကို ဖတ်လေ့ဖတ်ထ မရှိဟု ပြောပါသည်။ သို့သော် လီနင်သည် စာရင်းအင်း အထောက်အထားရှိတိုင်း အမှန်ဟူ၍ အရမ်းကာရော လက်မခံဖို့ မပြတ်သတိပေးစကား ပြောကြားခဲ့ပါသည်။

အထက်က ကျွန်တော်ပြောခဲ့သည့်အတိုင်း စာရင်းအင်း အထောက်အထားနှင့် ပြောဆိုခြင်းဟာ အကျိုးရှိသည့် အလေ့အထမျိုးဖြစ်သော်လည်း၊ ထိုစာရင်းအင်းအထောက်အထား ပြုလုပ်ထားသည့် ရည်ရွယ်ချက် သဘောလက္ခဏာများကို စောကြောစစ်ဆေးဖို့ရန် အလွန်အရေးကြီးပါသည်။ သို့သော်လည်း အရေးအကြီးဆုံးမှာကား ကျွန်တော်တို့သည် ¤င်းတို့ကို အထောက်အထားပြု၍ လမ်းမှန်အတိုင်း ထင်မြင်ယူဆနိုင်ဖို့ရန် အရေးကြီးပါသည်။

နောက်တချက်ပြောလိုသည်မှာ ရှေးဦးလုပ်သင့်သည့် လုပ်ငန်းကို ရှေးဦးလုပ်ကိုင်သွားသော နည်းစနစ်ကို လိုက်နာရန် အကြောင်းပင်ဖြစ်ပါသည်။ ကိစ္စအမြောက်အမြားကို တကြိမ်တည်း စဉ်းစားဆွေးနွေးသည့် အလုပ်ကို မပြုလုပ်ရန် သတိထားရပါလိမ့်မည်။ အရေးမကြီးလှသော ကိစ္စများကို အရေးကြီးသော ကိစ္စများအရင် တင်ကူး၍ဆောင်ရွက်ခြင်း မပြုအပ်ပါ။ မိမိကိုယ်တိုင် တင်ကူးနှစ်ခြိုက်လျက်ရှိနေသော အကြောင်းခြင်းရာများကို ပထမဦးစွာ အရေးယူလိုသော စိတ်ဆန္ဒများ ပေါ်ပေါက်လာတတ်ပါသည်။ သို့ရာတွင် ဤသို့ မဖြစ်စေရန် သတိမူရန် လိုပါသည်။ မည်သည့်ကိစ္စသည် ပထမဦးဆုံး ဆောင်ရွက်အပ်သည့် ကိစ္စဖြစ်သည်ကို သဘောတူညီချက်ရယူပြီးလျှင် ထိုကိစများကို ဆောင်ရွက်သွားရပေလိမ့်မည်။

အကိုးအစဉ် လုပ်နည်းကိုင်နည်း၊ အကိုးအစဉ် ယူနည်းဆနည်း တို့ကို လိုက်နာလိုသော စိတ်များလည်း ပယ်ဖျောက်ပစ်ကြစေလိုပါသည်။ တနေရာတွင် သုံးရန် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းစည်းကမ်းချက်မျိုးမှာ လုံးဝခေတ်နောက်ကျ နေသေးသော လုပ်ထုံးလုပ်နည်း ဖြစ်နေတတ်ပါသည်။ လုပ်ရိုးလုပ်စဉ် သတ်မှတ်ရခြင်းမှာ အလုပ်ကို လျင်မြန်တွင်ကျယ်စေရန် ဖြစ်ပါသည်။ သို့ဖြစ်ငြားသော်လည်း လုပ်ထုံးလုပ်နည်းသည် အကျိုးကျေးဇူးမဖြစ်ရုံမက အလုပ်မတွင်ကျယ်ပဲ အလုပ်ကို လေးလံနှောင့်နှေးစေမည်ဖြစ်လျှင် ထိုထုံးနည်းကို ဖျက်ပယ်ပစ်ရန်သာ သင့်တော့သည်။ အချို့သော အစိုးရဌာနရုံးများနှင့် ပတ်သက်၍လည်း ဤနည်းပင် ပြောရပေလိမ့်မည်။

အချို့အချို့သော အစိုးရဌာနတို့မှာ ရှေးအခါက အသုံးဝင်ခဲ့သည် ဖြစ်သော်လည်း ယခုအခါတွင် အသုံးဝင်ချင်မှ ဝင်ပေတော့မည်။ ¤င်းဌာနများသည် တိုင်းပြည်အုပ်ချုပ်ရာတွင် ဖေ့နှေးစေမည်ဖြစ်ပါ၍ ¤င်းတို့ကို လုံးဝဖျက်သိမ်းရန်အတွက် အကြံပေးပါက ထိုသို့ အကြံပေးချက်မှာ သင့်မြတ်သည်ဟု ဆိုရပေလိမ့်မည်။ အစိုးရဌာနရုံးရှိနေသည်ဟူသော အကြောင်းမျှဖြင့် ထိုဌာနများမှ ထင်မြင်ချက်များ၊ စီမံကိန်းများကို လက်ခံရန် မလိုပေ။ စိတ်ကူးရာတွင် အတူတူ၊ လုပ်ဆောင်ရာတွင် အတူတူ၊ ပြောဆိုရာတွင် အတူတူဆိုသော အလေ့အထမျိုးကို ဂရုဓမ္မစိုက်ထုတ်၍ ရှောင်ရှားရမည်။ ဆွေးနွေးကြံဆရာ၌ တမျိုးတည်း တနည်းတည်း ကြံဆလုပ်ကိုင်နေမည်ဆိုရင် အဟောသိကံ မဖြစ်သင့်ပဲ ဖြစ်ရခြင်းများ ပေါ်ပေါက်လာသည်ကို တွေ့ရတတ်ပါသည်။

ယခုလုပ်ဆောင်ရမည့် လုပ်ငန်းနှင့် စပ်လျဉ်း၍ ပြောကြားလိုသော အခြားအကြောင်းတရပ်မှာ တစ်ကြိမ်လျှင် ကိစ္စတစ်ခုကိုသာ ဆောင်ရွက်၍ ဆောင်ရွက်ရာ၌လည်း မကြောက်မရွံ့ ရဲဝံ့စွာဖြင့် လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ရေးဆွဲရာ၌ အရှုပ်အထွေးမရှိ၊ လုပ်ကိုင်၍ ဖြစ်နိုင်သော စီမံချက်တို့ကို ပြုလုပ်ရန် လိုပေသည်။ သို့ရာတွင် တကယ်ဖြစ်ထွန်းမည်ကို ရှေးရှုမြော်မြင်နိုင်သော စိတ်ကူးဉာဏ် ရှိရပေလိမ့်မည်။

အရေးကြီးသော ကိစ္စများတွင် တတ်စွမ်းနိုင်သမျှ တခုပြီးတခု လုပ်ရပေလိမ့်မည်။ တပြိုင်နက် အကြံအစည်းများလွန်းက ဘေးဥပါဒ်အန္တ့ရာယ်များ ဆိုက်ရောက်တတ်ပေသည်။ မိမိတို့ တိုင်းပြည်အတွင်း အစွမ်းကုန် ဆောင်ရွက်လိုသော စိတ်ဆန္ဒ ထက်သန်ခြင်းကြောင့် စီမံချက်များ ပြုလုပ်ရာတွင် လိုဘကြီးလွန်းသော စီမံကိန်းများ မပြုလုပ်မိရန်အတွက် ဂရုပြုရပေလိမ့်မည်။ အစီအမံကောင်းသူမှန်လျှင် တစခန်းပြီးမှ တစခန်းသို့ တက်လှမ်းကြမြဲဖြစ်သည်။ ဆိုလိုသော အချကမှာ တကြိမ်တခါတည်းတွင် တလှမ်းတည်းသာ လှမ်းရမည်ဟူ၍ မဟုတ်ပေ။ လိုအပ်၍ဖြစ်နိုင်လျှင် တကြိမ်တည်း တလှမ်းတင်မက နှစ်လှမ်းသုံးလှမ်း တက်လှမ်းရန် အသင့်ရှိရမည့် အပြင်၊ သို့ပြုလုပ်ရန် အရည်အချင်းလည်း ရှိရပေလိမ့်မည်။
မကျေနပ်လျှင် ထွက်ပေးမည်

(၁၉၄၇ ခုနှစ်၊ မေလ ၃ဝ ရက်နေ့၊ သတင်းစာ ဆရာများ အစည်းအဝေးတွင် ပြောကြားချက်များ)

လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ်နိုင်ငံရေး လုပ်ရဦးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်။ ကျုပ်လုပ်နေတဲ့ အချိန်အတွင်းမှာတော့ ကျွန်တော့်ရဲ့ ယုံကြည်ချက်အတိုင်း အနိုင်မခံ အရှုံးမပေးပဲ နောက်ဆုံးအချိန်အထိ လုပ်မှာပဲ။

ပြန်လည်ထူထောင်ရေး

ပြန်လည်ထူထောင်ရေး ကွန်ဖရင့် အစည်းအဝေးက မကြာမီ ခေါ်ယူပြီး လက်ငင်းချက်ခြင်း လုပ်စရာရှိသမျှကို အစီအစဉ်များ ရေးဆွဲမယ်။ အစိုးရတို့ ယခုလုပ်နေပုံမှာ ဆန်စင်ရာ ကျည်ပွေ့လိုက် ဆိုသလို ဟိုကဆူရင် ဟိုလိုက်လိုပ်၊ ဒီကဆူရင် ဒီလိုက်လုပ်ဆိုသလို ဖြစ်နေတဲ့ပြင် အလုပ်ကောင်းကောင်း လုပ်ဖို့လဲ အချိန်မရဘူး။ ဒါကြောင့် ခွေးဟောင်တိုင်း ထမကြည့်နဲ့ ပြောပြန်တော့လဲ မခံချင်ဘူး။

ဝန်ကြီးလခလျှော့ရေးကိစ္စ၊

လက်ရှိ အစိုးရအဖွဲ့ဝါဒ စည်းမျဉ်းအရလုပ်နေရာ အောင်မြင်တာလဲရှိတယ်။ မအောင်မြင်တာလဲ ရှိတယ်။ သို့သော် အစိုးရက မိမိတို့ မူလက ကျေညာခဲ့တဲ့အတိုင်း လုပ်ခဲ့တဲ့ အချက် အမြောက်အမြားရှိတယ်။ အစိုးရမှာ ဘဏ္ဍာရေးအခြေအနေ မကောင်းလှသည့် အကြောင်းကိုလဲ တိုင်းပြည်အား ရှင်းပြပြီးပါပြီ။ ချွေတာရေးနည်းလမ်း အမျိုးမျိုးကိုလည်း ဘိလပ်အစိုးရထံ အကြောင်းကြားပြီး ပြန်လည်ထူထောင်ရေး ကွန်ဖရင့် လုပ်ပြီးတာနဲ့ တပြိုင်နက် အစိုးရ ဌာနများမှ လျော့တန်တဲ့ နေရာလျှော့၊ ပိုတန်တဲ့နေရာမှာ ပိုလုပ်နိုင်မှာပဲ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို စနစ်တကျ လုပ်နိုင်မှ တိုင်းပြည် နလံထူမှာပဲ။

အားလုံးလုပ်ပေးမယ်

ကျောင်းဆရာ၊ အလုပ်သမား၊ အစိုးရ အမှုထမ်းများ အရေးကို သီးခြားမလုပ်ပဲ အားလုံးခြုံပြီး လုပ်ရမှာပဲ။ ဆိုင်ရာ အသင်းအဖွဲ့များက နည်းလမ်းတကျ တရားသဖြင့် တောင်းဆိုကြမယ်ဆိုလျှင် အစိုးရတို့က သေသေချာချာ စဉ်းစားပြီး ထိုက်သင့်သလို ဆောင်ရွက်ပေးမှာပဲ။ ဒီလိုပြောလို့လဲ တောင်းသမျှ ပေးမယ်လို့ မဆိုလိုဘူး။ ဘယ်အစိုးရမှလဲ တောင်းပေးနိုင်မှာ မဟုတ်ဘူး။

ဂျပန်ခေတ် လစာဟောင်း

ဂျပန်ခေတ်အတွက် လစာဟောင်းများ အရေးဟာလဲ ကျုပ်တို့နှင့် မဆိုင်၊ စစ်အတွင်း ဘုရင်ခံ ဒေါ်မန်စမစ်က စစ်နိုင်အောင် ဝါဒဖြန့်တာသာ ဖြစ်တယ်။ ဒါပေမဲ့ ကျုပ်တို့က လုပ်နိုင်သမျှ လုပ်ပေးမယ်ဆိုပြီး ယခုနဲနဲထုတ်ပေးတယ်။ ကျန်ငွေကို စာချုပ် ထုတ်ပေးမယ်လို့ စီစဥထားတယ်။ ထုတ်ပေးမဲ့ စာချုပ်ဟာ ဂျန်ပန်ခေတ်က စာချုပ်မျိုးမဟုတ်ဘူး။ တန်ဖိုးရှိမဲ့ စာချုပ်ပါပဲ။ အဲဒါကိုပဲ ကြံဖန် အပြစ်ပြောနေသူက ပြောသေးတယ်။

ပေးချင်ပေတဲ့မရှိ

လစာပြုပြင်ရေး ကော်မရှင်ကိစ္စလဲ စဉ်းစားရမယ်။ ခက်တာက အစိုးရမှာ ပေးချင်ပေတဲ့ ပိုက်ဆံကမရှိ၊ အစိုးရရဲ့ ဝါဒကတော့ အောက်လူတွေကို တိုးပေးဖို့ မူအားဖြင့် သဘောတူပြီး နိုင်ငံ့ဝန်တန်း ပထမတန်းတွေဆိုရင် အခု မလျှော့နိုင်သေးဘူး။ အဲဒီ ဘိလပ်အတွင်းဝန်က တိုက်ရိုက်ခန့်တဲ့ ရာထူးတွေ ဖျက်ပြီးမှ လျှော့နိုင်မယ်။ ဖျက်ဖို့လဲ စီစဉ်နေပြီ။ အဲဒီလူတွေကို မလျှော့နိုင်ခင် နိုင်ငံ့ဝန်ထမ်း ဒုတိယတန်းများရဲ့ လစာကိုလည်း မလျှော့ချင်သေးဘူး။

အားလုံးဆွေးနွေးလုပ်မယ်

အဲဒီလို အခက်အခဲမျိုးတွေ ရှိနေတော့ ပြန်လည်ထူထောင်ရေးကွန်ဖရင့်မှာ အားလုံး ဆွေးနွေးစဉ်းစားပြီး လုပ်မယ်။ ကွန်ဖရင့်ကို တက်ဖို့ အစိုးရဖက်ကလူတွေ အသင်းအဖွဲ့များနှင့် ကြားလူများကို ဖိတ်ခေါ်ပြီး နေ့စဉ်ရက်ဆက် ဆွေးနွေးတိုင်ပင်ပြီးတာနဲ့ တပြိုက်နက် အဲဒီအစီအစဉ်အတိုင်း ကောက်လုပ်မှာပဲ။

အလုပ်လုပ်ပါရစေဦး

အဲဒီလိုလုပ်တဲ့အခါမှာ သခွတ်ပင်က မီးတကျည်ကျည်လုပ်တာတော့လဲ မကောင်းဘူး။ မြှောက်ပေးတဲ့အထဲ သတင်းစာတွေလဲ ပါတယ်လို့ ကျွန်တော်က ပြောချင်တယ်။ အဲဒီလို ခင်ဗျားတို့ လုပ်နေရင် ကျုပ်တို့ကလည်း ဝတ္တရားအတိုင်း အရေးယူ လုပ်ရမှာပဲ။ အဲဒီလိုလုပ်ကြရင် မီးခိုးမဆုံး၊ မိုးမဆုံး ဖြစ်နေမှာပဲ။ အဲဒါတွေ ဖယ်ထားပြီး အလုပ်ကလေး ကောင်းကောင်းလဲ လုပ်ပါရစေဦး။

အစွန်းမထောင်ပါနှင့်

ကျွန်တော်တို့ကို မကြိုက်ဘူးဆိုရင် ထုံးစံအတိုင်း မကြိုက်တဲ့ အကြောင်းကို သေသေချာချာ ပြောကြပါ။ ကျုပ်တို့ ထွက်သွားရုံပဲ။ ဟိုဘက်က အစွန်းထောင်၊ ဒီဘက်က အစွန်းထောင်အောင်တော့ မလုပ်ကြပါနဲ့၊ ဦးစိန္တကို ဖမ်းဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ သူက တရားလက်လွတ်လျှောက်လုပ်နေလို့ ဖမ်းရတာပဲ။

တိုင်းပြည်နာမယ်

ကျွန်တော်တို့ ယခု အုပ်ချုပ်နေလို့ အခွင့်အရေး သိပ်ယူနေကြတယ်။ အင်္ဂလိပ်ဘုရင်ခံသာ တိုက်ရိုက်အုပ်ချုပ်နေမယ်ဆိုရင် ဒီလိုလုပ်မှာလဲ မဟုတ်ဘူး။ လုပ်ပြန်လဲ ဥပဒေအတိုင်း အရေးယူရင် ငြိမ်နေမှာပဲ။ အခု အခွင့်အရေးပေးထားတော့ ပါးစပ်ကတော့ နယ်ချဲ့သမားတိုက်တယ်၊ လုပ်တော့ ကျွန်တော်တို့ တိုက်တာပဲ။ ကျွန်တော်တို့ကို တိုက်တာက အရေးမကြီးဘူး။ တိုင်းပြည် နာတာက ခက်တယ်။

ထွက်ပေးဖို့ အသင့်

ဝတ္တရားအတိုင်း လုပ်တာကို မကျေနပ်လို့ရှိလျှင် တည့်တည့်လင်းလင်း ပြောကြပါ။ ထွက်ပေးဖို့ အဆင်သင့်ပဲ။ မထိတထိနှင့် ဟိုကပွက် ဒီကဆူနဲ့ဆိုရင် အရေးမယူပဲ မနေနိုင်ဘူး။ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ အချိန်မှာ ငြိမ်ဝပ်ပိပြားရေး ကိစ္စများကို လိုသမျှ စီစဉ်လုပ်ကိုင်ထားရမှာပဲ။ အဲဒီလိုအခါမှာ မကျေနပ်လျှင် နည်းလမ်း စည်းကမ်းရှိသမျှ သက်ဆိုင်ရာဌာနများမှ ပြောဆို လုပ်ကိုင်နိုင်တယ်။ အဲဒီလို အခွင့်အရေးပေးတိုင်း၊ တောင်းတိုင်း ပေးမယ် မဟုတ်ဘူး။

နွဲ့ဆိုး ဆိုးနေကြတယ်

ယခု ဘာပဲဖြစ်ဖြစ်၊ ဘာကိစ္စ ရှိရှိ ဗိုလ်ချုပ်ဆီ ရောက်လာကြတယ်။ ဗိုလ်ချုပ်လဲ အကုန်မတတ်နိုင်ဘူးဆိုတာ ယခု ကျေညာလိုက်ပါတယ်။ ယခု ကျွန်တော့်ထံမှာ ရိုးရိုးသားသား လုပ်မယ့်လူတွေကို ရွေးထားတယ်။ နောက်ငွေကိစ္စနှင့် ပတ်သက်လို့ ကျွန်တော်တို့ စေတနာက ဘယ်လောက်ပေးချင်ပေမဲ့ ငွေမရှိလျှင် မဖြစ်တဲ့အတွက် မလုပ်တတ်ဘူး၊ ယခု ကျွန်တော်တို့အပေါ်မှာ နွဲ့ဆိုးဆိုးပြီး စမ်းကြည့်နေကြတယ်။ အဲဒီတော့ ကျွန်တော်တို့ကလဲ နည်းလမ်းစည်းကမ်းအတိုင်း လုပ်ရမှာပဲ။

ဦးကျော်ငြိမ်းကိစ္စ၊

နောက်ပြီး ပြည်ထဲရေးဌာနနှင့် ပတ်သက်လို့ ကျွန်တော်တို့က ဦးကျော်ငြိမ်းကို တာဝန်အကုန် လွှဲထားတယ်။ အဲဒီတော့ ဦးကျော်ငြိမ်း လုပ်တာဟာလဲ ကျွန်တော်တို့ လုပ်တာပဲ၊ ဦးကျော်ငြိမ်းလုပ်တာကို မကြိုက်လျှင် ကျွန်တော် လုပ်တာကို မကြိုက်တာနှင့် အတူတူပဲ၊ အခု ဦးကျော်ငြိမ်းလုပ်သမျှဟာ မှန်တယ်လို့ ယူဆတယ်။ မှားတာလဲ နည်းနည်းပါးပါးတော့ ပါတာပဲ။ ဒါပေမဲ့ ယခု ဦးကျော်ငြိမ်းလုပ်တာဟာ ကျွန်တော့် သဘောဖြင့် ပျော့သေးတယ်၊ ဒီထက်မာဖို့ ကောင်းတယ်၊ ဘာ့ကြောင့်လဲဆိုရင် ကျွန်တော်တို့ ဘယ်သူဘာလုပ်မယ်ဆိုတာ ကြိုတင်သိရှိရတဲ့အတွက် အတွင်းရေးတွေ အကုန်ထုတ်ပြောလို့လဲ မသင့်ဘူး။ သိတာတွေမှာလဲ တချို့ကို မသိချင် ယောင်ဆောင်နေရတယ်။ အရေးမယူတဲ့ နေရာမှာလဲ တချို့ကို အရေးမယူဘဲ နေခဲ့ရတယ်။ ယခု ဦးကျော်ငြိမ်း ပုလိပ် ကိစ္စကို လုပ်တာ ကျွန်တော်တို့က လုံးဝသဘောတူတယ်။

ဦးကျော်ငြိမ်းကို ခင်ဗျားတို့ အပြုတ်လုပ်လဲ နောက်ဆုံးဌာန ပြောင်းရုံပဲရှိတယ်။ ဌာနပြောင်းဖို့ဟာလဲ ကျွန်တော်တို့က စိတ်ထဲမှာ ဒီလူဟာ ဌာနပြောင်းသင့်တယ်လို့ သဘောပေါက်လောက်မှ ပြောင်းမှာပဲ။ ယခု ဦးကျော်ငြိမ်းလုပ်သမျှကို ကျွန်တော်တို့ လုံးဝ ထောက်ခံတယ်။ အဲဒါကို ခင်ဗျားတို့ ပြောချင်တာပြော၊ ရေးချင်တာရေး ဦးကျော်ငြိမ်းလုပ်တာကို ကျုပ်လုံးဝ ထောက်ခံတယ်။

ကျွန်တော်ကတော့ ယုံကြည်တဲ့အတိုင်း လုပ်မှာပဲ။ ထိမ်းလို့ ရရင်ရ၊ မရလျှင် ကျွန်တော့်ရဲ့ ခေါင်းဆောင်မှု ရှုံးတာပဲ။ ကျွန်တော်လို လူမျိုးဟာ နိုင်ငံရေးသမားတော့ ဖြစ်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားဆိုတာက ဝမ်းထဲမှာ ဘယ်လောက်စိတ်ဆိုးပေမဲ့ ဖုံးထားနိုင်ရမယ်။ ကျွန်တော်တို့ စိတ်ဆိုးရင် ဆိုးတဲ့အလိုက် ဖုံးလို့ မရဘူး။

လွတ်လပ်ရေးစခန်းကို ဘယ်လိုလှမ်းမလဲ

အဲသလို အချက်တွေ စဉ်းစားပြီး ကျုပ်တို့ လွတ်လပ်ရေးစခန်းကို ဘယ်လိုလှမ်းရမလဲ။ ကျွန်တော့်အမြင်အရ ပြောရရင် ဗမာပြည်ရဲ့ တော်လှန်ရေးဟာ အရှေ့အာရှတောင်ပိုင်း တော်လှန်ရေးရဲ့ တစိတ်တဒေသအဖြစ် ပူးပေါင်းသွားနိုင်မှ လုံးဝအောင်မြင်မယ်။ အဲဒီ မတိုင်မီ ကျုပ်တို့ အရှေ့အာရှမှာရှိတဲ့ တိုင်းပြည်တွေ တသီးတခြားစီ ကိုယ့်လမ်းကိုယ်သွားတဲ့ အခြေအနေမျိုးတွေရှိနေဦးမှာပဲ။ အဲဒီအခြေအနေမျိုးမှာ လွတ်လပ်ရေးဆိုတာ ရသလောက်တော့ ရမှာပဲ။ လုံးဝပြည့်စုံမယ်လို့ တထစ်ချ မဆိုနိုင်ဘူး။ အရှေ့အာရှတောင်ပိုင်း ပြည်ထောင်စုသာလျှင် အဲဒီအပိုင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ အစွမ်းကုန် လွတ်လပ်ရေးကို ရယူနိုင်မယ်။ ထိန်းသိမ်းနိုင်မယ်။ တိုးချဲ့နိုင်မယ်။ ဒီအပိုင်းမှာ ကမ္ဘာရဲ့ နယ်ချဲ့နိုင်ငံတွေ အများဆုံးစုပြီး စိုးမိုးနေကြတယ်။ အဲသည် နယ်ချဲ့နိုင်ငံတွေဟာ တသီးတခြားစီအားဖြင့် အင်အားနဲပေမယ့် စုပေါင်းလိုက်ရင် အားမသေးဘူး။ သူတို့ဟာလဲ တဦးကိုတဦး အကူအညီ ပြုသလောက် ပြုနေကြတယ်။ ကျုပ်တို့နိုင်ငံ အချင်းချင်းကလဲ မိတ်တောင်မှ ကောင်းကြောင်း မဆက်နိုင်ကြသေးဘူး။ ကျုပ်တို့ရဲ့ အသီးသီး အင်အားတွေဟာလဲ လုံးဝခိုင်မာ တောင့်တင်းနေတယ်လို့ မဆိုနိုင်သေးဘူး။


ပြင်ဆင်မှုတွေ လုပ်ကြစို့

အဲဒီလို စကောစက ဖြစ်နေတဲ့ အခြေမျိုးမယ် ကျုပ်တို့ စကောစကဘဲ ရှိနေဦးမှာဘဲ။ ကျုပ်တို့ရဲ့ နိုင်ငံအသီးသီးဟာ အိန္ဒိယပြည်နှင့် မတူဘူး။ အိန္ဒိယပြည်မှာသာ ဟိန္ဒူနှင့် မူစလင် ညီညွတ်နိုင်ရင် အိန္ဒိယလွတ်လပ်ရေးဟာ ကျပ်ပြည့်တင်းပြည့် ဖြစ်နိုင်တယ်။ သို့သော်လည်း ဖြစ်သမျှထဲက အကောင်းဆုံးဖြစ်အောင် ကျုပ်တို့ တိုင်းပြုပြည်ပြုလွှတ်တော်က ဗမာပြည်ရဲ့ လွတ်လပ်ရေး ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ဆုံးဖြတ်လိုက်တဲ့အခါ၊ တိုင်းပြည်လူထု အုံကြွထောက်ခံမှုကို နိုင်ငံရေး၊ စည်းရုံးရေး၊ စီးပွားရေး ပြင်ဆင်မှုတွေက တစ်ဖက်၊ အိန္ဒိယ၊ တရုတ်ပြည်၊ အရှေ့အာရှတောင်ပိုင်း အခြားနိုင်ငံတွေနှင့် ဆက်သွယ်မှု အရပ်ရပ်လုပ်ပြီး ပြင်ဆင်မှုတွေက တစ်ဖက်၊ ကျုပ်တို့တိုင်းပြည်ရဲ့ ကာကွယ်ရေး အင်အားစုတွေကို စုနိုင်သမျှ ပြင်ဆင်မှုတွေကတစ်ဖက်၊ အစိုးရလုပ်ငန်းနှင့် ပြည်သူ့လုပ်ငန်းတွေကို တွဲဖက်ပြီး ပြင်ဆင်မှုတွေက တစ်ဖက်၊ အဲဒီလို အဖက်ဖက် ပြင်ဆင်မှုတွေ လုပ်ပြီးတော့ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးကို စကားသဘော အချုပ်အခြာအာဏာနှင့် ပြည့်စုံတဲ့ အဖွဲ့ကနေပြီး လက်တွေ့သဘော အချုပ်အခြာနှင့် ပြည့်စုံတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဖြစ်အောင် ကျုပ်တို့တိုင်းပြည် ကျုပ်တို့အခြေအနေအရ ကျုပ်တို့နည်းတွေနဲ့ ဖန်တီးရလိမ့်မယ်။ အဲဒီလို ဖန်တီးတဲ့နေရာမှာ ကျုပ်တို့ဘာတွေ လုပ်ရမလဲ။


သွေးပုပ်တွေ ဖောက်ပစ်ကြ

၁။ ဖဆပလနဲ့ ဆက်သွယ်တဲ့ လူထုစည်းရုံး (ပြည်သူ့ရဲ့ဘော်တပ်ဖွဲ့ပါ) တွေက မိမိတို့ အတွင်းအင်အားစုတွေ သန့်ရှင်းနိုင်သမျှ သန့်ရှင်းနိုင်အောင်၊ ကိုယ့်တပ်လုံနိုင်သမျှ လုံအောင်၊ သွေးပုပ်တွေ ဖောက်ပစ်တဲ့စနစ်ကို တနိုင်ငံလုံးချီပြီး လုပ်ရလိမ့်မယ်။

၂။ နိုင်ငံရေးသင်တန်းတွေ စနစ်တကျဖွင့်ပြီး နိုင်ငံရေးလုပ်နေတဲ့ လူငယ်တွေကို နိုင်ငံရေးထပ်ပြီး အပြင်းအထန် သင်တန်းပေးကြရလိမ့်မယ်။

၃။ သမဝါယမလုပ်ငန်းကို အစိုးရအကူအညီ ရသမျှယူပြီး အကောင်အထည် ဖြစ်သွားအောင် လုပ်ရလိမ့်မယ်။

၎။ ဖဆပလ လွတ်လပ်ရေး ရံပုံငွေကို ဆက်ပြီး ကောက်ခံကြရလိမ့်မယ်။

၅။ အစိုးရနဲ့ ပြည်သူပေါင်းပြီး တိုင်းပြည် ပြန်လည်ထူထောင်ရေးကို ဖဆပလက အင်တိုက်အားတိုက် ညွှန်ကြားခေါင်းဆောင်ပြီး လုပ်သွားရမယ်။


လွတ်လပ်ရေးသည် လမ်းဆုံး မဟုတ်

ဖဆပလ တိုင်းပြုပြည်ပြုလွှတ်တော် အမတ်တွေဟာ ဖဆပလအစိုးရကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အကြံပေးဉာဏ်ပေး ကူညီဆောင်ရွက် ချဲ့ထွင်ပေးရုံတင်မကပဲ၊ မိမိတို့ဆိုင်ရာ မဲဆန္ဒနယ်တွေနှင့် အဆက်မပြတ်ဘဲ လွတ်လပ်တဲ့ ဗမာပြည်အတွက် တိုင်းပြည်လူထုကို အမြင်မှန်အတိုင်း ပြင်ဆင်ထားဖို့လိုတယ်။ အထူးသဖြင့် တိုင်းပြည်လူထုဟာ လွတ်လပ်ရေးနှင့် တာဝန်များကိုလဲ ထမ်းဖို့ အဆင်သင့်ဖြစ်အောင် ဟောပြောပြင်ဆင်ထားဖို့လိုတယ်။ လွတ်လပ်ရေးရတယ်ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ လွတ်လပ်ရေးရရုံနဲ့ ကျုပ်တို့ ပြဿနာတွေ ဖြေရှင်းသွားကြရမှာ မဟုတ်ဘူး။ အဲဒီအခါကျမှ တကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေးဟာ လမ်းဆုံးမဟုတ်ပဲ လူတွေရဲ့ ကောင်းစားရေးကို ရောက်စေမဲ့ လမ်းကြောင်းသာဖြစ်တယ်။


ခြိုးခြံဇွဲသန်ကြပါ

တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ အခုရုရှားပြည်သစ်တည်စကလို အခုဘိလပ်မှာ ဖြစ်နေသလိလူတွေဟာ အင်မတန် ခြိုးခြံသည်းခံပြီး ဇွဲနဘဲနဲ့ စီစစ်ဆောင်ရွက် လုပ်ကိုင်မှု လောစာကျပြီး ပြာပုံအတိဖြစ်နေတဲ့ ဗမာပြည်ကြီးကို စည်ပင်သာယာ ဝပြောအောင် မနဲ ကျုပ်တို့ လုပ်ရလိမ့်မယ်ဆိုတာကို ကျုပ်တို့ဟာ လူထုခေါင်းဆောင်တွေဆိုလို့ရှိရင် လူထုနားလည်အောင် ရှေ့ဆောင်ဟောပြောညွှန်ပြပြီး သတ္တိ ရှိရှိ လုပ်ပြရလိမ့်မယ်။


လွတ်လပ်ရေးအတွက် ချသင့်ကချမယ်

အဲဒီတော့ကာ အင်္ဂလိပ်တွေနဲ့ စာရင်းရှင်းကြတဲ့နေရာမှာလဲ ဗမာပြည်လွတ်လပ်ရင် ဘယ်သူတွေနဲ့ ပေါင်းရမလဲ။ ဘယ်သူတွေနဲ့ ပေါင်းလို့ကောင်းမလဲ၊ ကျုပ်တို့ဟာ နိုင်ငံခြား အကူအညီကင်းလို့ မဖြစ်နိုင်ဘူး ဆိုတာတွေ ထောက်ပြီး အမြော်အမြင်ကြီးကြီးနဲ့ လုပ်တတ်ရလိမ့်မယ်။ အကြမ်းပတမ်းဖြစ်ရင်လဲ ဒီလောက်ပဲ၊ ဒီအတိုင်းသွားလဲ ဒီလောက်ပဲ ဆိုတဲ့ အခြေအနေမျိုးဆိုရင်တော့ ကျွန်တော်တို့အဖို့မှာ ဘယ်သူဘာဘဲပြောပြော၊ အကြမ်းမကိုင်ဘဲနဲ့ လွတ်လပ်ရေး အာဏာသိမ်းနိုင်အောင် လုပ်မှာပဲ။ သို့ပေမဲ့ ဒီလို မဖြစ်နိုင်ဘူးဆိုရင်တော့ ချရမှာပဲ။ ဒီလိုလုပ်ရမည့် ကိစ္စတွေမှာ၊ ဖဆပလမှာရှိတဲ့ လက်ဝဲသမားတွေရဲ့ ညီညွတ်မှုဟာ အခြေခံပင်မ အချက်ကြီးဖြစ်တယ်ဆိုတာကို တုမှေ၊ သင်တရားနာ ပရိတ်သတ် အပေါင်းတို့သည် ဂဏှာထ၊ မမေ့မလျော့ မပေါ့သတိနှင့် မှတ်သားသွားကြကုန်လော့ ဟူ၍ တိုက်တွန်း လိုက်ရပေတော့သတည်း။
တော်လှန်ရေးဆိုတာ ဘာလဲ

ဘာလဲတော်လှန်ရေး၊ အကြမ်းပတမ်း လုပ်တာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ အဖျက်လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား၊ မဟုတ်ဘူး။ လုပ်ချင်တိုင်း လုပ်လို့ရသလား၊ မဟုတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုလဲ၊ လဲ-လဲ-လဲ၊ အဲဒီလို လဲတွေ အမျိုးမျိုးနဲ့ ကျွန်တော်တို့ စဉ်းစားကြစို့။ တရံရောအခါက ဒီမေးခွန်းတွေကို ကျွန်တော်ဒီလို ဖြေခဲ့တယ်။


တော်လှန်ရေးဆိုတာ


တော်လှန်ရေးဆိုတာ လူထုကလူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုဘဲဖြစ်ဖြစ်ဆိုပြီး၊ လူထုကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြစ်တယ်။ ရာဇဝင်ကြောင်းအရ မလွှဲမရှောင်သာလို့ပဲလိုတယ်။ ဖြစ်ပျက် ပေါ်ပေါက်နေတဲ့ ရာဇဝင်အခြေအနေအချက်အလက်တွေနဲ့ အခြားတလမ်းဖြစ်တဲ့ အချောင်တိုက် စိတ်ကူးစီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိ စုံမှိတ်ပြီး အကန်းလိုရမ်းလို့ မဖြစ်ဘူး။ တဖက်တွင်သာ လုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမှု ပျက်စီးရုံအလုပ်ကိုလဲ လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သဘောရှိပါတယ်။ တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စားလူထုကြီး လွတ်လပ်မှုဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထု ပါဝင်အောင်ဆောင်ရွက်ရေးဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထြ<ွကမှုတနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ မိမိရဲ့ တာဝန်နှင့် တန်ခိုးအာဏာကို သိရှိနိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။ အဲဒီလို ကျွန်တော် ဖြေခဲ့တယ်။


ဒီနေ့လဲ ဒီလိုပဲ ဖြစ်ရမှာပဲ။ ကျုပ်တို့ အခုလုပ်နေတာ အားလုံးတွေဟာ ဘာကို လုပ်နေတာလဲ။ ကျုပ်တို့ တိုင်းပြည်ကြီးကို တော်လှန်ပြောင်းလဲနေကြတာပဲ မဟုတ်ဘား။ အဲဒီလို တော်လှန်ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်တဲ့အခါလဲ ကြမ်းခဲ့တယ်။ ကြမ်းစရာလိုသေးရင်လဲ ကြမ်းရဦးမှာပဲ။ သို့သော်လဲ ကြမ်းရမယ်ဆိုတာတော့ ကျွန်တော်နားလည်သလောက် တကယ့်တော်လှန်ရေးသဘောတရား မဟုတ်ဘူး။


အမိဝမ်းက ဖွားမြင်လာသော ခလေးဟာ မမွေးခင်က မဋိသန္ဓေ တည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လဲ သေမယ်။ လျှောရင်လဲလျှောမယ်။ ချည့်နဲ့ရင်လဲ ချည့်နဲ့မယ်။ အင်မတန်ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့အခါမှာလဲ ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သယ်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရပဲ ဖြစ်တာပဲ။


အခုလဲဘဲ အဲဒီအတိုင်း တော်လှန်ရေးကို စဉ်းစားမယ်ဆိုရင် တချို့လူတွေကကြမ်းမှ အာဏာသိမ်းရမယ်ဆိုပြီး ပြောကြတယ်။ ကိုင်း ... ရုရှားပြည်မှာ တော်လှန်ရေးဖြစ်တုန်းက အာဏာသိမ်းယူတဲ့အခါ ကြမ်းခဲ့ရသလား၊ ခြုံကြည့်ရင် မကြမ်းခဲ့ရဘူး။ သိမ်းပြီး အာဏာကို နောက်ကျတော့ကာ ပြန်ကာကွယ်တဲ့အခါမှာ ကြမ်းတာတွေ လုပ်ရတယ်။ ဘာဖြစ်လို့ အာဏာသိမ်းတဲ့နေရာမှာ မကြမ်းခဲ့ရသလဲ။


သူ့နည်းနဲ့သူ ကိုယ့်နည်းနဲ့ကိုယ်

အဲသလို တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက ပြောခဲ့တယ်မဟုတ်လား။ နောက်ပြီး စတာလင်က မတ်စ်ဝါဒ သမားတွေဟာ အရင်းရှင်စနစ်ကို တော်လှန်ပြောင်းလွှဲပြီး ဆိုရှယ်လစ်ဝါဒ ထူထောင်တဲ့နေရာမှာ တလမ်း တနည်းတည်းသာ ရှိတာလို့ မယူဆဘူး။ ရုရှားပြည်ရဲ့နည်းဟာ ရုရှားပြည်ရဲ့ အခြေအနေအရဖြစ်တယ်။ အင်္ဂလန်ပြည်မှာ အင်္ဂလန်ပြည်ရဲ့ အခြေအနေအရ အင်္ဂလိပ်နည်းအရဖြစ်တယ်။ ရုရှားနည်းက ပိုကြမ်းတယ်။ အင်္ဂလိပ်နည်း ပိုခရီးရှည်တယ်။ နောက်ပြီး စတာလင်ကပဲ တော်လှန်ရေးဆိုတာ အလိုအလျောက် မဖြစ်ဘူး။ ပြင်ဆင်ပြီးလုပ်မှ အောင်မြင်နိုင်မယ်လို့ ဆိုခဲ့တယ်။
ကရင်လူမျိုးရေး လူနည်းစု

ဒါပေမဲ့ ဥပမာ ကရင်လူမျိုးဆိုလို့ရှိရင် လူမျိုးရေး လူနည်းစုအဖြစ်နဲ့ အခွင့်အရေးတွေ ရသင့်သလောက်မရပဲ ရှိနေတယ်ဆိုတာ ငြင်းလို့ ကျုပ်တို့ရမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့တတွေဟာလဲ ဗမာတွေရဲ့ ဆယ်ပုံတပုံလောက် အဖျင်းဆုံးရှိဦးလိမ့်မယ်။ အဲဒါကြောင့် သူတို့ကိုတော့ လူမျိုးရေးလူနည်းစုအခွင့်အရေးတွေကို ပေးဖို့ကောင်းတယ်။ မွန်လူမျိုးကိစ္စဆိုရင်တော့ သူတို့မှာ အခု လူမျိုးရေး လူနည်းစုအဖြစ်နဲ့ မွန်စာပေ၊ မွန်ကျောင်းတွေ ကိစ္စလောက်ကလွဲရင် အခြားနစ်နာချက်တွေ မရှိပါဘူး။ မွန်ရယ် ဗမာရယ် ခွဲခြားပြီး ကရင်လို သဘောထားသလို ထားစေချင်လို့တော့ မဖြစ်နိုင်ဘူး။

ပြည်ထောင်စုနိုင်ငံ ထူထောင်ကြစို့

ဒီတော့ ... လူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်စုံစုံလင်လင် ပြောပြပြီးတဲ့နောက်၊ ကျွန်တော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘော တည်ထောင်မလား၊ လူမျိုးကြီးတမျိုးထဲပဲဆိုတဲ့ တိုင်းပြည်မျိုး တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုတယ်။ ကျွန်တော့် အမြင်အရဆိုရင်တော့ အထက်လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ် ပေးပြီးတော့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စု သဘောမျိုးပဲ ဖြစ်ရမှာပဲ။ ဒါပေမဲ့ ပေါငးကာမှ ဆေးအတွက်လေးတဲ့ ပြည်ထောင်စုမျိုး၊ လီနင်ပြောသလို တစိတ်တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ ပြည်ထောင်စုမျိုးဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားရေးတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျစီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်း ကောင်းကျိုးရှိအောင် ပေါင်းကြတာဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဒီလူမျိုးရေးပြဿနာနဲ့ ပတ်သက်ပြီး နောက်တကြောင်းပေါ်ရင် ပေါ်သလိုဆွေးနွေးသင့်ရင် ဆွေးနွေးပါဦးမယ်။ အခု ဒီမိန့်ခွန်းမှာတော့ ဒီလောက်နဲ့ပဲ တော်လောက်ပြီလို့ ကျွန်တော် ယူဆပါတယ်။

ကိုင်း .. ကျုပ်တို့ လာမယ့် တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဘယ်လို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေများ ရေးဆွဲ ဆုံးဖြတ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အခြေခံတရားတွေကို ကျွန်တော်ပြောပြခဲ့ပြီးပြီ။ ဒိပြင် ကျွန်တော်တို့ ဘာတွေ လုပ်ကြဦးမလဲ ဆိုတာတွေ စဉ်းစားကြဦးစို့။

ပထမ ကျုပ်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ကနေပြီး ဘယ်လို ဘယ်လို ဆုံးဖြတ်သင့်တယ်ဆိုတာတွေ စဉ်းစားတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ကျုပ်တို့ ဆုံးဖြတ်တာ အတည်ဖြစ်ပါ့မလား။ ကျုပ်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အချုပ်အခြာအာဏာရှိရဲ့လားဆိုတဲ့ မေးခွန်းကို ကျွန်တော်ဖြေပြလိုတယ်။ အိန္ဒိယပြည်မှာ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အချုပ်အခြာအာဏာပြည့်စုံတဲ့ အဖွဲ့လို့ယူဆပြီး စီစဉ်ကြတယ်။ ဘယ်လို စီစဉ်ကြသလဲဆိုရင် တိုင်းပြုပြည်ပြုလွှတ်တော်စတဲ့ နေ့ကစပြီး၊ တိုင်းပြုပြည်ပြုလွှတ်တော်နှင့် ဆိုင်သမျှ ကိစ္စမှန်သမျှ တိုင်းပြုပြည်ပြုလွှတ်တော်သာလျှင် အာဏာပိုင် ဆုံးဖြတ်နိုင်တယ်။ အစိုးရနဲ့ မဆိုင်ဘူးဆိုပြီး စီစဉ်ကြတယ်။ ကျုပ်တို့ ဘိလပ်အစိုးရနဲ့ သဘောတူထားတဲ့အတိုင်းကတော့ တိုင်းပြုပြည်ပြုလွှတ်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ဆုံးဖြတ်ပါဆိုတဲ့ အချက်ပါခဲ့တယ်။ သို့သော် အချုပ်အခြာအာဏာဆိုတာ ဥပဒေသဘော ပါးစပ်သဘောဖြစ်ရုံနှင့် မပြီးသေးဘူး။ ကျုပ်တို့တိုင်းပြည်နောက်က ကျုပ်တို့ တိုင်းပြုပြည်ပြုလွှတ်တော်နောက်က (Popular mass Sanction)ခေါ်တဲ့ တိုင်းပြည်လူထုရဲ့ အားပေးထောက်ခံမှုရမှု အချုပ်အခြာအာဏာဆိုတာ သေသေချာချာ အကောင်အထည်ဖော်နိုင်မယ်။

ကျွန်တော်တို့လို အခြေအနေမျိုးမပြောနဲ့၊ လွတ်လပ်နေတဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာတွေတောင် ကိုယ့်တိုင်းပြည်နောက်က (Sanction) အားမကောင်းလို့ရှိရင် အချုပ်အချယ်ခံရတယ်ဆိုတာ ကျွန်တော်တို့ သတိပြုကြရမယ်။ အဲဒါက ဥပဒေသဘော၊ ဥပဒေစကား မဟုတ်ဘူး။ နိုင်ငံရေးသဘော၊ နိုင်ငံရေးစကားပဲ။ ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော် ပေါ်ပေါက်လာရခြင်းဟာ တော်လှန်ထကြွပြီး အာဏာသိမ်းပိုက်ပြီးတဲ့နိုင်ငံ အခြေအနေမျိုးမှာ ပေါ်ပေါက်လာတာမျိုးမဟုတ်ပဲ၊ တဝက်တပျက် အခြေအနေ နှစ်ဦးနှစ်ဖက် စေ့စပ်ပြီးပေါ်ပေါက်လာရတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မျိုးဖြစ်တော့ သူ့အခြေအနေအတိုင်း ထူးဆန်းတဲ့ အကြောင်းချင်းရာတွေ တွေ့ရတယ်။ အမှန်ကတော့ တိုင်းပြုပြည်ပြုလွှတ်တော်ကို မကျင်းပမီ လွတ်လပ်တဲ့ ယာယီ အမျိုးသားအစိုးရ ပေါ်ပေါက်ပြီး၊ လုပ်နိုင်ရင်တော့ ပိုပြီးကောင်းတာပဲ။ ဒါပေမဲ့ ကျုပ်တို့ဟာ ဘဝအခြေအနေမှန်အတိုင်း ကောင်းတာကို စိတ်ကူးသန်းသလို ပြောမနေပဲနဲ့ ဖြစ်သလိုကနေပြီး ကိုယ်လိုရာ ကိုယ်ရောက်အောင် ဆွဲဆောင်သွားနိုင်မှ ခေါင်းဆောင်တွေ စစ်မယ်၊ တော်လှန်ရေးသမားစစ်မယ်။

နေပါဦး၊ တော်လှန်ရေးဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်ဖြေချင်သေးတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျုပ်တို့တိုင်းပြည်မှာ လူငယ်တွေ တော်လှန်ရေးစကား တော်တော်ပြောကြတယ်။ ဒါကြောင့် ဒီအရေးကို ကျွန်တော် အခုဆွေးနွေးရတာပဲ။

ယနေ့ တိုင်းရင်းသားပြည်သူတို့၏ သမိုင်းရေးတာဝန်

ပြည်ထောင်စုလသို့ ရောက်ပြန်ပြီ။ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့၊ ရှမ်းပြည်နယ် ‘ပင်လုံညီလာခံ’ ၌ ပြည်ထောင်စုခေါင်းဆောင် တိုင်းရင်းသားကိုယ်စားလှယ်တော်များ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် သမိုင်းဝင် အခါသမယဖြစ်ပေသည်။ ‘ပြည်ထောင်စုသွေးစည်းညီညွတ်ရေးစိတ်ဓာတ်’ သို့မဟုတ် ‘ပင်လုံစိတ်ဓာတ်’ ကို အခြေခံ၍ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍအသီးသီး၌ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူခံစားခွင့်ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး သဘောတူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြသည်မှာ (၆၃) နှစ်မြောက်ပေပြီ။

‘ပင်လုံစိတ်ဓာတ်’ ကို အခြေခံ၍ တိုင်းရင်းသားခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရယူခဲ့ကြသည့် ရည်ရွယ်ချက်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူခပ်သိမ်းတို့အား လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာ စည်းဝေးခွင့်၊ တရားမဲ့ ဖမ်းဆီးချုပ်နှောင်မှုများမှ ကင်းလွတ်ခွင့်၊ တန်းတူအခွင့်အရေး ရပိုင်ခွင့်၊ တန်းတူအလုပ်လုပ်ပိုင်ခွင့်၊ တရားဥပဒေ၏ အကာအကွယ်ပေးမှုကို တပြေးညီ ရပိုင်ခွင့် အစရှိသည့် ဒီမိုကရေစီအခွင့်အရေးများကို တန်းတူညီမျှ ခံစားနိုင်ကြစေရန်ဖြစ်သည်။

သို့သော် မျက်မှောက်တိုင်းရင်းသားများ၏ အခြေအနေအရပ်ရပ်ကို လေ့လာလျှင် ဗြိတိသျှလက်အောက်မှာထက် ပိုမိုခါးသီးစွာ အဖိနှိပ်ခံနေရပေသည်။ ၂၀၀၅ ဖေဖော်ဝါရီလ (၅၈) နှစ်မြောက် ပြည်ထောင်စုနေ့ဝန်းကျင်တွင် ရှမ်းခေါင်းဆောင်များကို ‘ရှမ်းပြည်နယ် အတိုင်ပင်ခံအဖွဲ့’ ဖွဲ့စည်းရန် ကြိုးပမ်း၍ စစ်အစိုးရက ဖမ်းဆီးပြီး ထိုနှစ် နိုဝင်ဘာတွင် နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် စွဲချက်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ထောင်ဒဏ် (၉၃) နှစ် အပြစ်ပေးခံရသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦးသည် ကချင်ပြည်နယ် ပူတာအိုထောင်တွင် အကျဉ်းကျခံနေရပြီး ကျန်ရှမ်းခေါင်းဆောင်များသည်လည်း နိုင်ငံအစွန်အဖျားရှိ အကျဉ်းထောင်များတွင် အသီးသီး အကျဉ်းကျခံနေရသည်။ ခွန်ထွန်းဦးနှင့်အတူ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသည့် ရှမ်းခေါင်းဆောင်များမှာ ‘ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ’ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင် (၁၀၆) နှစ်၊ SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် (၈၅) နှစ်၊ ရှမ်းပြည်မျိုးဆက်သစ်ကျောင်းသားလူငယ်များအဖွဲ့မှ ဦးမြင့်သန်း (၇၉) နှစ်၊ ဦးညီညီမိုး (၇၉) နှစ်၊ စိုင်းမျိုးဝင်းထွန်း (၇၉) နှစ်၊ ဦးထွန်းညို (၇၉) နှစ်၊ စိုင်းလှအောင် (၇၉) နှစ်နှင့် စပ်သာဦး (၁၂) နှစ်တို့ဖြစ်သည်။

လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကျင်းပနေစဉ်က အလားတူ ‘တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့ (Supreme Council of United Hill Peoples) ရှိခဲ့ဖူးသည်။ တောင်တန်းသားများအရေးကို တောင်တန်းသားများ ကိုယ်တိုင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုအဖွဲ့တွင် ဥက္ကဋ္ဌ စ၀်ရွှေသိုက်၊ ဒုတိယဥက္ကဋ္ဌ ဆမားဒူးဝါးဆင်ဝါးနောင်တို့ ဦးဆောင်ပြီး စ၀်ဟုန်ဖ (ရှမ်း)၊ စ၀်စံထွန်း (ရှမ်း)၊ စ၀်ဘွန်ဝှပ် (ရှမ်း)၊ ဦးထွန်းမြင့် (ရှမ်း)၊ ဦးကြာပု (ရှမ်း)၊ ဒူးဝါးဇော်ရစ် (ကချင်)၊ ဦးဒိန်ရတန် (ကချင်)၊ ဒူးဝါးဇော်လွန်း (ကချင်)၊ ဒူးဝါးဇော်လ (ကချင်)၊ ပဒစ်လတောင် (ကချင်)၊ ဦးပွန်ဇမန်း (ချင်း)၊ ဦးထောင်ကျင်ထန်း (ချင်း)၊ ဦးကီယိုမန်း (ချင်း)၊ ဦးစိန်လျံ (ချင်း)၊ ဦးလွှာမှုန်း (ချင်း)၊ ဦးမန်းလင်း (ချင်း) အစရှိသည့် ကိုယ်စားလှယ် (၁၈) ဦး ပါဝင်သည်။ လက်ရှိစစ်အစိုးရက အလားတူ အဖွဲ့မျိုးဖွဲ့ရန် ကြိုးစားသည့် ရှမ်းခေါင်းဆောင်များအား ကြီးလေးပြင်းထန်သော ထောင်ဒဏ်များ ချမှတ်သည်ကိုထောက်လျှင် စစ်အုပ်စုသည် တိုင်းရင်းသားတို့အား တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရန် လုံးဝသဘောထားမရှိကြောင်း ထင်ရှားသည်။

ပင်လုံစာချုပ်တွင် ̏ တောင်တန်းဒေသများအတွက် အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိကြောင်း မူအားဖြင့် သဘောတူကြသည်˝ ဟုလည်းကောင်း၊ ̏ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် သတ်မှတ်ထားသည့် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များအတိုင်း ရရှိခံစားစေရန်˝ ဟုလည်းကောင်း ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ထိုးခဲ့သည့် ပင်လုံစာချုပ်၌ အထူးအရေးပါသော အချက်မှာ “တိုင်းရင်းသားတို့၏ နယ်စပ်ဒေသများအုပ်ချုပ်ရေးတွင် ခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို လျော့ပါးသွားစေရန် မည်သည့်နည်းနှင့်မဆို ဗဟိုအစိုးရက ပြုလုပ်ခြင်းမရှိစေရ” ဟု ပြဋ္ဌာန်းထားသည်။

ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ၁၉၄၇ ခုနှစ်က သဘောတူထားသည့် တိုင်းရင်းသားဒေသ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ ဆိုသည်မှာ ယနေ့အချိန်အထိ အကောင်အထည် မပေါ်သေး။ ထိုအနှစ်သာရသဘောတို့ကို စစ်အာဏာရှင်အဆက်ဆက်သည် အသိအမှတ်မပြုရုံမက သမိုင်းစာမျက်နှာထက်မှ ပျောက်ကွယ်သွားရန်အထိ နည်းမျိုးစုံ ကျင့်သုံးဖျက်ဆီးပစ်လျက်ရှိကြသည်။ စစ်အာဏာရှင်တို့အကြံမှာ နောင်လာနောက်သား မျိုးဆက်သစ်များထံသို့ ‘ပင်လုံစိတ်ဓာတ်’ သက်ဝင်မှုမရှိစေရန်ဖြစ်သည်။

သို့သော် ဤဆိုးညစ်သည့်အကြံမှာ အချည်းနှီးသာဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ပင်လုံအမွေ၊ ပင်လုံစိတ်ဓာတ်သည် မြန်မာ့သမိုင်းတွင် အထင်ကရ ပင်မကျောက်တိုင်ကြီး ဖြစ်သည့်အလျောက် မတော်မတရား အာဏာရယူထားသူများက မည်သို့ပင် ဖယ်ရှားလိုသော်လည်း ဖယ်ရှား၍မရ၊ ပို၍သာ မားမတ်ခိုင်မြဲလာသည်ကို တွေ့ရသည်။ ၁၉၈၈ လူထုအရေးတော်ပုံကို ပြန်ကြည့်လျှင် လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေး တည်းဟူသော ဒီမိုကရေစီရပိုင်ခွင့် တောင်းဆိုသံများနှင့်အတူ ‘ပင်လုံစိတ်ဓာတ်’ ပြန်လည်နိုးထလာသည်ကို တွေ့နိုင်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် လူထုဆန္ဒမဲ (၈၀) ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး၏ သဘောဆန္ဒများကို ခံယူသွားရန်˝ ဟူသည့် မူဝါဒတရပ် ချမှတ်ခဲ့သည်။ ထိုမူဝါဒနှင့်အညီ တိုင်းရင်းသားနိုင်ငံရေးပါတီ (၂၁) ခု ပေါင်းစုထားသော “ပြည်ထောင်စုတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်” (UNLD) နှင့် ညှိနှိုင်းကာ ၁၉၉၀ သြဂုတ်လ (၂၉) ရက်နေ့တွင် “ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။

ရည်ရွယ်ချက်မှာ ပြည်သူ့လွှတ်တော် အမြန်ခေါ်ယူပေးရေးဖြစ်သည်။ ပြည်သူ့လွှတ်တော်က တိုင်းရင်းသားလူမျိုးစုံ ကိုယ်စားလှယ်များ၊ ပါတီအဖွဲ့အစည်းဆိုင်ရာ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ပါဝင်သည့် “အမျိုးသားအတိုင်ပင်ခံညီလာခံ” ခေါ်ယူ၍ တိုင်းရင်းသားလူမျိုးအားလုံး သဘောတူလက်ခံနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး မူဝါဒများ ချမှတ်ရန်ဖြစ်သည်။ သို့သော် စစ်အာဏာအလွဲသုံးသူတို့က ကလိမ်ဉာဏ်အမျိုးမျိုးသုံးကာ ပိတ်ပင်ဟန့်တားခဲ့သည်။

ဤနေရာတွင် ၁၉၈၉ ပင်လုံခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို ကိုးကားလိုသည်။

“ဒီမိုကရေစီအစိုးရတရပ် တက်လာတဲ့အခါကျရင် ကျမတို့ ပင်လုံလိုညီလာခံကြီး ထပ်ပြီးတော့ ခေါ်ရမယ်လို့ ယုံကြည်ပါတယ်။ ဒီလို ပင်လုံညီလာခံကြီး ထပ်ခေါ်ပြီးတော့ ကျမတို့ ပြည်ထောင်စုသစ်ကို ဘယ်ပုံဘယ်နည်း ထူထောင်မယ်ဆိုတာ တိုင်းရင်းသားလူမျိုးစုတွေအားလုံးနဲ့ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီလိုကိစ္စများဟာ အများပြည်သူလူထုကနေပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှတဆင့် တင်မြှောက်လိုက်တဲ့ အစိုးရများကသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ အများပြည်သူက တင်မြှောက်မထားတဲ့ အဖွဲ့အစည်းမျိုးက ဒီလိုညီလာခံမျိုးကို ဘာမှ ထိထိရောက်ရောက် လုပ်နိုင်မှာမဟုတ်ပါဘူး”

ထို့ကြောင့် စစ်အုပ်စုက ကျင်းပခဲ့သည့် အမျိုးသားညီလာခံ၊ လူထုဆန္ဒခံယူပွဲနှင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ စသည်တို့သည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ တရားဝင်မှုမရှိပေ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူလူထု၏ဆန္ဒကို မျက်နှာလွှဲခဲပစ် ချန်ထားခဲ့ရန် ကြံစည်မှုမျှသာဖြစ်သည်။ ဤနည်းဖြင့် လူထု Mandate ကို ဖျက်ဆီးရန် ဆောင်ရွက်ခဲ့သည့် စစ်အာဏာရှင်တို့သည် မဝေးတော့သော ကာလတွင် သမိုင်း၏ ဒဏ်ခတ်ခြင်းကို ခံကြရပေလိမ့်မည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့မှ အဓိက အတိုက်အခံခေါင်းဆောင်များကို အကျဉ်းချ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘေးဖယ်လျက် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် လုပ်နေခြင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့ရာကျသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးလမ်းစဉ်မှလည်း သွေဖည်နေပေသည်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ၏ အကြံပြုတိုက်တွန်းချက်များကိုလည်း ဆန့်ကျင်သည့်သဘောဖြစ်သည်။ ပြည်တွင်းပြည်ပမှ တိုင်းရင်းသားပြည်သူလူထု၏ ဆန္ဒသဘောထားကိုလည်း လျစ်လျူပြုခြင်းဖြစ်သည်။

စစ်အုပ်စုသည် “ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး”၊ “တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး” စသည်ဖြင့် ကြွေးကြော်နေသော်လည်း လက်တွေ့လုပ်ရပ်များမှာ ဆန့်ကျင်ဘက်များသာဖြစ်နေသည်။ ၂၀၀၈ ဖေဖော်ဝါရီ (၁၄) ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရသည်။ အရင်းခံအားဖြင့် ̏အကျပ်ကိုင် လက်နက်ချခိုင်းခြင်း˝ ကို လုံးဝလက်မခံဘဲ ̏ တွေ့ဆုံဆွေးနွေး အဖြေရှာရေး˝ နည်းလမ်းဖြင့်သာ လက်ရှိနိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟူသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံရေးခံယူချက်ကို ယိုင်နဲ့စေရန်၊ ကရင်အမျိုးသားအချင်းချင်းအကြား ပိုမိုသွေးကွဲစေရန် အကြံပက်စက်မှုဟု ဆိုရမည်။

၂၀၀၉ သြဂုတ်လတွင် စစ်အစိုးရ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် လက်မခံခဲ့သည့် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ နယ်မြေကို နအဖတပ်များက ထိုးစစ်ဆင်သိမ်းယူလိုက်သည်။ ကိုးကန့်တပ်ဖွဲ့များ (MNDAA) နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ယခင် ဖုန်ကြားရှင်၏ ကိုးကန့်နယ်မြေတွင် စိတ်ကြွမူးယစ်ဆေးပြား (၁) သိန်း (၅) သောင်းကျော်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ နအဖ၏ လိုတမျိုး မလိုတမျိုး လုပ်တတ်သည့် ကောက်ကျစ်မှုကို တိုင်းရင်းသားတို့ သတိထားရန် ဖြစ်သည်။

ယခု ဇန်န၀ါရီလ (၂၇) ရက်နေ့က အထူးဒေသ (၄) အပစ်ရပ် မိုင်းလားအဖွဲ့ခေါ် “အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်” NDAA-ESS တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံရပြန်သည်။ နောက်ကွယ်တွင် စစ်အုပ်စုလက် ရှိနေသည်မှာ သေချာသလောက်ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံရန် အခြားတိုင်းရင်းသားအဖွဲ့များအား ဖိအားပြင်းပြင်း ပေးလိုက်သည့်သဘောလည်းဖြစ်သည်။ ဤအတောအတွင်း အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ယခုဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး ပြုလုပ်ရန် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ဆက်လက်ဖိအားပေးနေသည်။

လက်ငင်း စစ်အုပ်စုလုပ်ဟန်များအရ မြန်မာစစ်အင်ပါယာက တိုင်းရင်းသားနယ်မြေဒေသများအား အတင်းအကျပ် ကိုလိုနီလက်အောက်ခံပြုရန် စီစဉ်နေကြောင်း ထင်ရှားသည်။ ပင်လုံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် သီးခြားပြည်ထောင် (၄) ခုကို “တန်းတူရည်တူ ပြည်ထောင်စု” ပြုရန် အမြော်အမြင်ရှိရှိ သဘောတူခဲ့ကြပြီးနောက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ထိုသဘောကို ၁၉၄၇ မေလ (၂၄) တွင် “ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ” တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းသော အခြေခံမူများကို ကြည့်လျှင်သိနိုင်သည်။ ယင်းအခြေခံမူများအရ မြန်မာနိုင်ငံအတွင်းရှိ (ဗမာလူမျိုး အပါအ၀င်) တိုင်းရင်းသားလူမျိုးအားလုံးသည် ပင်လုံစိတ်ဓာတ်အရ ‘အဆင့်အတန်းတူ’ ဖြစ်သည်။

ထိုညီလာခံတွင် ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတွင် “တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေးအဆင့်အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်”

“ဒီမိုကရေစီသစ်အရလုပ်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုရင် တိုင်းသူပြည်သား လူများစုတွေ အာဏာပိုင်အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေ ထိပ်အထိ တိုင်းပြည်အုပ်ချုပ်ရေး၊ တိုင်းပြည်အစိုးရအာဏာကို ကိုင်ထားရမယ်။ သူတို့ ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကို မကြိုက်လို့ရှိရင် ပြန်ခေါ်နိုင်ရမယ်”

“လူမျိုးရေးအရ ကွဲပြားနေတဲ့ လူများစု လူနည်းစုကိစ္စတွေမှာတော့ လူများစု လူမျိုးတွေက လူနည်းစု လူမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီမှန်မယ်။ လူမျိုးအရ၊ ဘာသာအရ၊ လိင်အရ အခွင့်အရေးခွဲခြားမှု၊ နှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး ဒီလို နှိမ်နင်းတာမျိုးတွေ တွေ့ရင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်”

ယနေ့ ပြည်သူလူထု အဓိကတောင်းဆိုနေသည်မှာ (ကြိုးကိုင် ဒီမိုကရေစီ) မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံတွင် လမ်းညွှန်ခဲ့သည့် “လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေး” အနှစ်သာရပါသည့် ဒီမိုကရေစီကို တောင်းဆိုနေခြင်းဖြစ်သည်။ သမိုင်းအတွေ့အကြုံ၊ နိုင်ငံတကာသမိုင်းအတွေ့အကြုံများအရ စစ်တပ်ဦးဆောင် လွှတ်တော်အမျိုးအစားကို လူထုက လုံးဝလိုလားသည်မဟုတ်။ လူထုစိတ်ကြိုက် ရွေးချယ်ထားသည့် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်စစ်စစ် အမျိုးအစားကို လူထုက လိုလားတောင်းဆိုနေခြင်း ဖြစ်သည်။

နအဖစစ်အုပ်စု၏ လက်ရှိလှမ်းနေသော ခြေလှမ်းများမှာ စစ်တပ်လက်ဝေခံ လွှတ်တော်ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းမည့် “စစ်လွှမ်းမိုးရေးလွှတ်တော်” ဖြစ်နေသည်ကို ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ သိမြင်နေကြရပြီဖြစ်သည်။ စစ်တပ်လွှတ်တော်တွင် စစ်တပ်က (၂၅) ရာခိုင်နှုန်း သပိတ်ဝင်အိပ်ဝင် ယူထားပြီးနောက် ကျန်မဲဆန္ဒနယ်များတွင်လည်း စစ်ပြန်နှင့် စစ်တပ်အလိုတော်ရိများ နေရာရရေးအတွက် စစ်တပ်က သေနတ်အားကိုးဖြင့် မလွဲမသွေ ကလိန်ကျဦးမည်ဖြစ်သည်။ ထို့ကြောင့် ပါလီမန်တွင် စစ်တပ်က အနည်းဆုံး (၅၀) ရာခိုင်နှုန်းကျော် ယူထားမည်မလွဲပါ။ ထို့ပြင် စစ်ဗိုလ်သမ္မတ၊ စစ်ဗိုလ်ဝန်ကြီးချုပ်၊ အရေးကြီးဝန်ကြီးဌာနအားလုံး စစ်ဗိုလ်ဝန်ကြီးများ ကြိုးကိုင်မည့် အစိုးရဖြစ်လာမည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်လာမည့် (ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်) ကို ပေါင်းစည်းထားသော စစ်တပ်ကြိုးကိုင် ပြည်ထောင်စုလွှတ်တော်သည် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အဖြစ် အချုပ်အခြာအာဏာ (၃) ရပ်ကို ကိုင်တွယ်ကျင့်သုံးရမည်ဖြစ်သည်။ သို့သော် အမှန်တကယ် ကျင့်သုံးခွင့်မရှိပါ။ စစ်တပ်အရေးအရာ ကိစ္စအ၀၀နှင့် စပ်လျဉ်းသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို စစ်ဦးစီးချုပ်နှင့် စစ်တပ်ကိုယ်စားလှယ်များကသာ စီမံကိုင်တွယ်မည်ဖြစ်သည်။ လိုရင်းကိုပြောရလျှင် စစ်တပ်နှင့် စစ်ဦးစီးချုပ်က အာဏာသုံးရပ် အထက်တွင် ရှိလိမ့်မည်။ စစ်ဦးစီးချုပ်၏ ဆုံးဖြတ်ချက်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့က အတည်ပြုပေးရမည်ဖြစ်မည်။ ထို့ကြောင့် Military-Monopolized Rubber-Stamp Parliament သာ ပေါ်လာမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတကိုလည်း စစ်ဦးစီးချုပ်က အဆိုပြု လက်ခံသူကိုသာ ခန့်ထားလိမ့်မည်။ အစိုးရအဖွဲ့အတွင်း အရေးကြီး ၀န်ကြီးရာထူးများကိုလည်း စစ်တပ်ကိုယ်စားလှယ်များကိုသာ ပေးမည်။ ရှေ့နေချုပ်နှင့် တရားသူကြီးချုပ်ရာထူးများကိုလည်း စစ်တပ်စိတ်တိုင်းကျသူများကိုသာ ခန့်ပေလိမ့်ဦးမည်။ သဘောမှာ စစ်ဦးစီးချုပ်က သမ္မတနှင့် ကက်ဘိနက်အဖွဲ့၏ အထက်တွင် ရှိမည်။ အဖွဲ့ဝင် (၁၁) ဦး ပါသော “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ဆိုသည်ကလည်း စစ်ဦးစီးချုပ် အလိုကျသူများနှင့် ဖွဲ့စည်းထား၍ အချိန်မရွေး စစ်ဦးစီးချုပ်က အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။ အာဏာသိမ်းနိုင်သည်။ စစ်ဦးစီးချုပ်သည် အချုပ်အခြာအာဏာ (၃) ရပ်၊ သမ္မတနှင့် အစိုးရအဖွဲ့တို့၏ အထက်တွင် ရှိနေပေတော့မည်။

ဤ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲရောက်မှ ပြင်မည်ဟု စဉ်းစားခြင်းမှာ နုံအလွန်းရာ ကျပေလိမ့်မည်။ တခုခု ပြင်ဆင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ ပြင်ဆင်ချက်မူကြမ်း တင်ရမည်ဖြစ်သည်။ စစ်တပ်၏ချော့လုံး၊ ခြောက်လုံးများကြားတွင် လွှတ်တော်ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်းရရန် လွယ်မည်ထင်လျှင် မှားပါလိမ့်မည်။ ထိုမျှမက လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်နှင့် လူထု Referendum က (၅၀) ရာခိုင်နှုန်းကျော် ထောက်ခံမဲရမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေး၊ တန်းတူရေး၊ တရားမျှတရေးဆိုသည့် ဒီမိုကရေစီအခွင့်အရေးများကို အိပ်မက်ပင် မက်ခွင့်ရှိမည်မဟုတ်ပါ။

ထိုအချင်းအရာများကို မြင်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စသည်တို့ကို လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများအဖြစ် ဖော်ပြလျက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုနေခြင်းဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားကြောင်းလည်း ဖော်ပြထားသည်။ သို့သော် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေးကိစ္စ၊ တွေ့ဆုံဆွေးနွေးရေးကိစ္စသည် ပြည်သူလူထုအများစု၏ ဆန္ဒအမှန်ဖြစ်သည်။ NLD က ထိုအချက်များ မီးမောင်းထိုးပြရခြင်းမှာ ပြည်တွင်းစစ် နောက်တကျော့ ပြန်လည်မလာစေလို၍ ဖြစ်သည်။ စိတ်ကူးယဉ်ကာ မဖြစ်နိုင်သည်ကို ဈေးဆစ်နေခြင်းမျိုး အလျဉ်းမဟုတ်။ မြော်မြင်ချိန်ဆ၍ ပြောသောစကားဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထု၏ ထောက်ခံမှုရှိ၍ လူထုကိုယ်စားပြောသော စကားလည်းဖြစ်သည်။

စင်စစ် တိုင်းရင်းသားပြည်သူလူထုဆန္ဒကို ပစ်ပယ်သူများ၊ ‘ပင်လုံကတိ’ ကို ပစ်ပယ်သူများမှာ စစ်ခေါင်းဆောင်များနှင့် သူတို့နောက်လိုက် နိုင်ငံရေးအချောင်လမ်းရှာသူများသာဖြစ်သည်။ ပင်လုံစာချုပ်အရ တိုင်းရင်းသားအားလုံးအား ‘တန်းတူညီမျှ အခွင့်အရေး’ နှင့်တကွ ‘ကိုယ်ပိုင်အုပ်ချုပ်ရေး’ ကို အာမခံသည့် ‘ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေး’ ကို အမှန်တကယ် လိုလားသဘောတူလျှင် Military-Monopolized Rubber-Stamp Parliament (တနည်း) ဒီမိုကရေစီအရေခြုံ စစ်ကောင်စီကို တရားဝင်ဖြစ်အောင် အကွက်ဆင်ထားသည့် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအတုနှင့် ၂၀၁၀ ရွေးကောက်ပွဲအတုတို့ကို တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှုရှိရှိ ဆန့်ကျင်ကြရန်သာရှိသည်။

ထို့ကြောင့် ပင်လုံစိတ်ဓာတ်အရင်းခံဖြင့် ပြည်ထောင်စုစစ်စစ် ထွန်းပေါ်ရေးအတွက် စစ်အာဏာရှင်၏ အလိုတော်ရိများ ကြွေးကြော်နေသော “ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိ” ဟူသော ၀ါဒဖြန့်ချိချက်ကို ညီညီညွတ်ညွတ် ၀ိုင်းဝန်းဆန့်ကျင်ကြရန်မှာ ယနေ့တိုင်းရင်းသားပြည်သူခပ်သိမ်း၏ သမိုင်းရေးတာဝန် ဖြစ်သည်ဟု နှလုံးသွင်းကြပါကုန်။
ဇင်လင်း (ပြည်ထောင်စုနေ့ အထူးဆောင်းပါး)
၁၁/ ဖေဖော်ဝါရီ ၂၀၁၀
ကိုးကား ။ ။

(၁) ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာန။
(၂) တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ (ဒုတိယတွဲ)၊ သမိုင်းဌာန (သုတေသန) ရန်ကုန်တက္ကသိုလ်။
(၃) အောင်သန်း၏ အောင်ဆန်း၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၄။

မူရင်း ။ ။ http://www.khitpyaing.org/articles/2010/february/11210.php