(က)
တနှစ်အတွင်း လွတ်လပ်ရေးရ၊ ရမည်ဟု ကြွေးကြော်ရင်း ဖဆပလသည် လုပ်ဆောင်၏။ အခြေအနေများသည်လည်း တနှစ်အတွင်း လွတ်လပ်ရေးရရန် ပေါင်းဆုံလာသည်။ ဤတွင် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့ အာသံ၊ မဏိပူနယ်သို့ သွား၏။ အာသံ၊ မဏိပူနယ်များက ဘကြီးတော် မင်းတရားကြီးလက်ထက်၌ မြန်မာပြည်ထောင်စုအတွင်း တည်ရှိခဲ့သည့် နယ်မြေများဖြစ်သည်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်၊ မြန်မာ ပထမစစ်ပွဲအပြီးတွင် ရခိုင်၊ တနင်္သာရီဒေသနှင့်အတူ ဗြိတိသျှတို့အား စစ်ရှုံး၍ ပေးလိုက်ရသည့်နယ်များ ......။ ယခုလွတ်လပ်ရေးပြန်လည်၍ ရရှိရန် အချိန်၌ ဖဆပလခေါင်းဆောင်တို့သည် အာသံ၊ မဏိပူစော်ဘွားများနှင့် သွားရောက်တွေ့ဆုံပြီး မြန်မာများနှင့်အတူ တပေါင်းတစည်းတည်း လွတ်လပ်ရေး ရယူရန် ဆွေးနွေး၏။ အာသံ၊ မဏိပူစော်ဘွားများက ဖဆပလ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်၏။ဤအခြေအနေအား ဗြိတိသျှအစိုးရသည် သိ၏။ ထိုကြောင့်ပင် လန်ဒန်၌ အောင်ဆန်း၊ အက်တလီစာချုပ်အား ချုပ်ဆိုသည့်အခါတွင် စာချုပ်၏ အပိုဒ်-၈ အပိုဒ်ခွဲ (ခ) ၌......
`နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒသဘောထားမေးမြန်းခြင်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင်ဖြစ်စေ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့်အချက်က တောင်တန်းဒေသ ပြည်နယ်များအနေနှင့် မြန်မာနိုင်ငံအစိုးရနှင့် ဆက်ဆံရေးကို မည်သည့်ပုံစံမျိုးဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင်ဖြစ်သည်။´
အဓိပ္ပာယ်ကား .... တောင်တန်းဒေသ တိုင်းရင်းသားများအနေနှင့် မြန်မာတို့နှင့်အတူ လွတ်လပ်ရေးကို ရယူမလား၊ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြားလွတ်လပ်ရေးမျိုး ရယူမလား၊ ဟူ၍ သဘောထားတောင်းခံရန် ဖြစ်၏။
(ခ)
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ တိုင်းရင်းသားသွေးစည်းရေး ညီလာခံတရပ် ကျင်းပ၏။ သမိုင်း၌ ပင်လုံညီလာခံဟူ၍ တွင်သည်။ ပထမပိုင်း အစည်းအဝေးများကို ၆-၇ ရက်များတွင် ပြုလုပ်ခဲ့၏။ ရှမ်း၊ ကချင်၊ ချင်း၊ တိုင်းရင်းသားခေါင်းဆောင်များ တတ်ရောက်ကြသည်။ သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြ၏။.... မြန်မာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်၊ ချင်းတို့၏ လွတ်လပ်ရေးသည် ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်သည်။
.... ဒီမိုကရေစီနည်းစနစ်အရ မြန်မာလူမျိုးတို့ ရရှိခံစားနေသည့် အဆင့်အတန်း အခွင့်အရေးများနှင့် အကျိုးစီးပွားများကဲ့သို့ ရှမ်း၊ ကချင်၊ ချင်းတို့လည်း ရရှိခံစားရန် လိုလားသည်။
.... ရှမ်း၊ ကချင်၊ ချင်း အမှုဆောင်ဝန်ကြီးများသည် မိမိတို့ သက်ဆိုင်ရာ ပြည်နယ်အတွင်း အရေးကိစ္စအဝဝတို့တွင် မိမိတို့သာလျှင် တာဝန်ခံ၍ ... ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည့် အများနှင့်သက်ဆိုင်ရာကိစ္စများကို မြန်မာများနှင့် ပူးပေါင်းတာဝန်ခံ ဆောင်ရွက်လိုသည်။
ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်က အောင်ဆန်း-အက်တလီ စာချုပ် အပိုဒ် ၈- အပိုဒ်ခွဲ (ခ) ကို အဖြေပေးပြီး ဖြစ်သည်။
(ဂ)
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ ပင်လုံသို့ ရောက်၏။ ဦးတင်ထွဋ်၊ ဆာမောင်ကြီး၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်သိန်းဆွေ၊ သခင်ဝတင်နှင့် ဦးဖေခင်တို့လည်း ပါသည်။ ဗြိတိသျှတို့မှ အတွင်းဝန် မစ္စတာ ဘောတွမ်လေနှင့် အရာရှိကြီးများ ......။ ဗြိတိသျှ နယ်ခြားဒေသ တောင်တန်းမင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်း တက်ရောက်ကြ၏။ ကရင်နှင့် ကရင်နီ ကိုယ်စားလှယ်တို့က လေ့လာသူများအဖြစ် တက်သည်။ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အစည်းအဝေးက အခက်အခဲ အကျပ်အတည်းများတော့ ရှိခဲ့၏။ လိပ်ခဲတည်းလည်း အခြေအနေများ ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံး၌ ပြည်ထောင်စုစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြ၏။ တိုင်းရင်းသား သွေးစည်းညီညွှတ်ရေးစာချုပ် .....။ ပင်လုံစာချုပ်......။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းကိုယ်စားလှယ် ၂၁ ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြ၏။
`တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုလက်ရှိ ခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်၊ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်´။ ဤကား ..... ပင်လုံစာချုပ်၏ အနှစ်သာရပင် .....။
စာချုပ်ကို အနှစ်ချုပ်ကြည့်ပါက .......
- ဒီမိုကရေစီအခွင့်အရေးနှင့် ရပိုင်ခွင့်များ ရှိစေရမည်။
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိစေရမည်။
ဤသည်ပင်... ပင်လုံ၏ သုံးဖြာသော အသက်သွေးကြော .....။ ဤသည်ပင်... ပင်လုံ၏ လမ်းညွှန်မြေပုံ.....။ ဤသည်ပင်... ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်လိုသည့် မြန်မာပြည်ထောင်စုသစ် .....။
(ဃ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ဖဆပလ ကဲ့သို့ပင် ရရှိသည့် အဖွဲု့အစည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဧပြီလ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ၌ ဖဆပလ သည် ၉၅.၃ % အနိုင်ရရှိခဲ့ပြီး၊ ၁၉၉ဝ ခုနှစ် မေလ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အန်အယ်လ်ဒီက ၈၂.၅ % အနိုင်ရရှိခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားအရေး၊ ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍ အစဉ်တစိုက်ပင် သဘောထားထုတ်ပြန်ခဲ့၏။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ၌ အဖွဲ့ချုပ်သည် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ကြေညာချက်အမှတ် ၉ ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ကြေညာချက်ကို ပင်လုံ၌ပင် ဒေါ်အောင်ဆန်းစုကြည်မှ လူထုကို ရှင်းလင်းပြောကြားခဲ့သည်။
ကြေညာချက်အမှတ် ၉ က မည်သို့နည်း .....။ မူသဘောထားအား ကောက်နုတ်၍ ဖော်ပြပါမည်။
`.....ပြည်ထောင်စုတခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍနယ်ပယ်အားလုံး၌ အပြည့်ဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်အမှန်ဆုံးသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးကို ဦးတည်ရှေးရှုမည်။´
`.... တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကဏ္ဍနယ်ပယ်အသီးသီး၌ ကိုင်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေးကို ဦးတည်ရှေးရှုမည်။´
မူသဘောထားများ အကောင်အထည်ဖော်နိုင်ရန် ယေဘုယျ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့သည်။ ကောက်နုတ်၍ ဖော်ပြရလျှင် .....
`ပင်လုံညီလာခံကြီး ကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ် ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်။ ထိုညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုး အားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့်၊ လူမျိုးနွယ်ကြီးတခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေ၊ ဒေသရှိသော လူမျိုးငယ်တို့ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စသည့်အရေးကိစ္စများနှင့် စပ်လျဉ်း၍ အများသဘောညီမျှသော ပြဌာန်းချက်များကို ချမှတ်မည်။ ´
ပင်လုံညီလာခံကြီးကဲ့သို့ဟူသည်က ထိုညီလာခံသည် ပြည်ထောင်စုစိတ်ဓာတ် လုံးဝလွှမ်းမိုးသော ညီလာခံကို ဆိုလိုခြင်း ဖြစ်သည်။ အာဏာစက်မရှိရ.... သေနတ်ပြောင်းဝများဖြင့် ချိန်မထားရဟူ၍ ဖြစ်သည်။ ညောင်နှစ်ပင်ကဲ့သို့မဟုတ် ။
၁၉၈၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် NLD တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့၏။ ပူးတွဲကြေညာချက်က ......
`တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူမှု၊ နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိစေမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသားအားလုံး သွေးစည်းညီညွှတ်စွာ ထူထောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က တညီတညွှတ်တည်း သဘောတူကြသည်´
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိစေရမည်ဟူသည်က ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၏ အနှစ်သာရ သဘောတရားပင် ဖြစ်သည်။
နိဂုံးချုပ်ပါမည်…နိဂုံးကို … ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံညီလာခံတွင် ပြောကြားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းဖြင့်ချုပ်ပါရစေ…
''မြန်မာများသည် ဗြိတိသျှ၏ ကျွန်မဖြစ်လို၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများလည်း ဗြိတိသျှကျွန်အဖြစ် မရောက်စေလို၊ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန်အဖြစ်လည်း မဖြစ်စေလို၊ တောင်တန်းနယ်ကို တောင်တန်းလူမျိုးများသာ အုပ်ချုပ်စိုးမိုးခြင်းကို မြန်မာများက ကြိုက်နှစ်သက်ပါကြောင်း ...."
မင်းဟန် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၇ မိနစ်
မူရင်း ။ ။ http://www.mizzimaburmese.com/edop/songpa/4775-2010-02-11-07-43-54.html
0 comments:
Post a Comment