Sunday, May 22, 2011

အငှားချထားတဲ့ စစ်တပ်ရန်ပုံငွေ ဆိုင်ခန်းတွေ ပြန်ပေးဖို့ ခြိမ်းခြောက်

မန္တလေး မဟာအောင်မြေမြို့နယ်၊ မန္တလေး တက္ကသိုလ်အနီ်း၊ ၇၃ လမ်း ၃၇-၃၈ လမ်းကြားက ငွေစာရင်းနဲ့ မှတ်တမ်းရုံး နံဘေးမှာ ၁၉၈၅ ခုနှစ် ကတည်းက တရားဝင် နေထိုင်လာကြတဲ့ လူနေ ဆိုင်ခန်း ၂ဝ ခန့်ကို တိုင်းစစ်ဌာနချုပ်က ၃ ရက် အတွင်း ပြောင်းရွှေ့ဖို့နဲ့ မပြောင်းရင် အင်အားသုံး အရေးယူမယ့်အကြောင်း ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

အခြိမ်းခြောက်ခံရသူ ကာယကံရှင် တဦးကတော့ ဒီဆိုင်ခန်းတွေမှာ နှစ်ပေါင်းများစွာ သူတို့ တရားဝင် နေထိုင်ခဲ့တာ ဖြစ်ကြောင်း RFA ကို ပြောပြပါတယ်။

“ကျနော်တို့ကလည်း ရန်ပုံငွေကို ပုံမှန် သွင်းပေးခဲ့တယ်။ နောက်ထပ် တကြိမ်လည်း တပ်ရန်ပုံငွေပြီးတော့ စစ်ဦးစီးချုပ်ရုံးကို ဘဏ်ကနေ ကျနော်တို့ရဲ့ လခတွေကို လွှဲပေးခဲ့ရတယ်။ စုဆောင်းရေးတပ် လက်ထက် ရောက်တဲ့အချိန်မှာ အဲဒီလိုဖြစ်သွားတာ။ အခု ဒီနှစ်ပိုင်းကျမှ ကျနော်တို့ကို ဖယ်ခိုင်းတယ်ပေါ့”

အဲဒီနေရာတွေဟာ အမှတ် (၇၆) ခြေလျင်တပ်ရင်း ရှိစဉ်က တပ်-စည်ပင်သာယာက တရားဝင် ခွင့်ပြုချက်နဲ့ အခွန်ဆောင် နေထိုင်လာတာ ဖြစ်ပြီး စစ်တပ်အဆက်ဆက်မှာ ဘာပြဿနာမှ မရှိဘဲ အခု မှတ်တမ်းရုံး ရောက်ရှိလာမှ စတင် ဖယ်ခိုင်းခဲ့တာလို့ သိရပါတယ်။ ကာယကံရှင် အိမ်ရှင် တဦးက အခုလို ပြောပြပါတယ်။

“၁၈ ရက်နေ့မှာ ဒု-တိုင်းမှူးက လာပြီး ဖယ်ခိုင်းတယ်။ ၁၉ ရက်နေ့ကျတော့ ဒု-တိုင်းမှူးကြီးက အကုန်လုံးကို တင်ပြပါလို့ ပြောပြီး ကျနော်တို့ကို နန်းတွင်းကို ခေါ်သွားတယ်။ ပြီးတော့ လပခ မြေစာရင်းဌာနက ဒုတိယဗိုလ်မှူးကြီး သက်ထွန်းက သူကိုယ်တိုင်ပြောတယ်။ ကျနော်တို့ကို သုံးရက်အတွင်း ဖယ်ပေးကြပေါ့။ မဖယ်ပေးရင် လူကို အရေးယူမယ်၊ အင်အားသုံးမယ်လို့ ပြောတယ်။ စစ်တပ်နဲ့ အမှု ရင်ဆိုင်မယ်ဆိုရင် မဖယ်နဲ့ လို့လည်း ပြောတယ်။ ပြီးတော့ ဥပဒေနဲ့ လုပ်လုပ် ဘာနဲ့ လုပ်လုပ် ခင်ဗျားတို့ ရှုံးမှာပဲ လို့လည်း ပြောတယ်။ မရွှေ့လို့ရှိရင် ဘူဒိုဇာနဲ့ ထိုးမယ်လို့ ခြိမ်းခြောက်တယ်”

အခုလို ရွှေ့ပြောင်းခိုင်းရာမှာ နေရာ အစားထိုး စီစဉ်ပေးတာလည်း မရှိဘူးလို့ သိရပါတယ်။

sources: :http://www.rfa.org/burmese/news/forced-eviction-in-mandalay-05212011115720.html

လွှတ်တော်အမတ် ဖြစ်လိုသည့် Hip Hop အဆိုတော် ရသ မြန်မာ့နိုင်ငံရေးကို လေ့လာနေ

 
ခေတ်ပေါ်အဆိုတော်များနှင့်အတူ တွေ့ရသည့် ရသ (စက်ဝိုင်းထဲမှ)။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထောင်မှ လွတ်လာသူ အဆိုတော်ကို ဇေယျာသော်ကို ကြိုဆိုနှုတ်ဆက်စဉ်က ရိုက်ကူးထားခြင်း ဖြစ်သည်။ (ဓာတ်ပုံ-ဧရာဝတီ)
စကားအဆက်မပြတ်ပြောဟန်ဖြင့် သီချင်းရွတ်ဆိုတတ်သည့် Hip Hop အဆိုတော်က စကားအဆက်မပြတ် ပြောဆိုရသည့် နိုင်ငံရေးသမားဘ၀ကိုလည်း နှစ်သက်နေသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် လေ့လာ ပြင်ဆင်နေသည်ဟူသော Hip Hop အဆိုတော် ရသ၏ ပြောဆိုချက်ကို ရန်ကုန်အခြေစိုက် Envoy ဂျာနယ်တွင် ကြာသပတေးနေ့က ဖော်ပြထားသည်။
"လိုအပ်ချက်ရှိလို့၊ လိုအပ်တယ် ထင်လို့၊ လူငယ်တွေ အလုပ်လုပ်သင့်တယ် ထင်လို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တာပါ" ဟု Hip Hop အဆိုတော် ရသက ပြောသည်။
လူငယ်အများစု ခပ်ကင်းကင်းနေတတ်သည့် မြန်မာ့နိုင်ငံရေးလောကသို့ ၀င်ရောက်မည့် အဆိုတော် ရသက သမိုင်း၊ အခြေခံဥပဒေတို့ကို လေ့လာနေသည်ဟု ဆိုသည်။
အဆိုတော် ရသသည် ယမန်နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ NDF ပါတီ ကိုယ်စားပြုပြီးဝင်ပြိုင်ခဲ့သည့် ဦးသိန်းညွန့်၏ လက်ထောက်တဦးအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ရသသည် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများတွင် မွန်ပြည်နယ်ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့သည်။ သူ၏ ခေတ်ပေါ် Hip Hop သီချင်းများကိုလည်း ယနေ့ခေတ် လူငယ်အများအပြားက နှစ်သက်နေကြသည်။ 
 sources: :မိုးမခ