Monday, May 10, 2010

ပြည်ထဲရေးဝန်ကြီးပြောကြားချက် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်




ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က မတရားသည့် ပြောဆိုချက်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။

ယမန်နေ့က ရှေ့နေကြီး ဦးဉာဏ်ဝင်းနှင့် နေအိမ်တွင်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “နိုဝင်ဘာမှာ ဒေါ်စုကိုလွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားတာနဲ့ပတ်သက်ပြီး ဒေါ်စုက ဒါမတရားတဲ့ ပြောကြားချက်ပဲတဲ့။ ဘာလို့လည်းဆိုတော့ သူ့ကိုအပြစ်ချထားတဲ့ ပြစ်မှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်မချရသေးဘူး၊ မပြီးပြတ်သေးဘူး၊ မပြီးပြတ်ခင်အတွင်းမှာ ဒီလိုပြောတာဟာ တရားရုံးရဲ့ လုပ်ငန်းကို လွှမ်းမိုးပြောဆိုရာ ရောက်တယ်လို့ အဲလိုပြောပါတယ်” ဟု ပြောသည်။

ယခုလ (၂၁) ရက်တွင် ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေအနေတွင် နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ခံထားရပြီး အင်းစိန်အထူးတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့မှုအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံကို ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေများက ဇန်န၀ါရီ (၁၈) ရက်တွင် နိုင်ငံတော် ဗဟိုတရားရုံးချုပ်၌ တင်သွင်းထားပြီး အမိန့်ထွက်မည့်ရက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ယမန်နှစ် မေလတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့မှုကြောင့် စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးနောက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူုးကြီး သန်းရွှေ၏ အမိန့်စာဖြင့် ထိုချမှတ်သည့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ထားခြင်းဖြစ်သည်။

ယင်းသို့ ပြစ်ဒဏ်တ၀က်ကျခံနေရစဉ်အတွင်း ကောင်းမွန်စွာနေထိုင်မည်ဆိုပါက အကျယ်ချုပ်သက်တမ်းကာလမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးကောင်း လွှတ်ပေးမည့်သဘောလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်စာတွင် ပါရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စာအပေါ် လွှမ်းမိုးရာရောက်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဗိုလ်ချုပ်သန်းရွှေထုတ်တဲ့စာရဲ့ အဓိပ္ပာယ်ကိုလည်း နားလည်မှုလွဲစေတယ်တဲ့။ အဲဒီစာပေါ်မှာလည်း လွှမ်းမိုးရာ ရောက်တယ်တဲ့” ဟု ပြောကြားသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကမူ ယင်းသို့ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည့် ပြောကြားချက်သည် ဘာမှမထူးခြားကြောင်း ပြောသည်။

“ဒေါ်စုကို နိုဝင်ဘာမှာ လွှတ်ပေးမယ်ဆိုတာ နိုင်ငံရေးပြက်လုံးပဲ။ အစိုးရမှာ တာဝန်ရှိသူ ၀န်ကြီးတယောက်ကနေပြီးတော့ ပြောလိုက်တာဟာ ပြက်လုံးလို ဖြစ်နေတယ်။ သူ့လွတ်ရက် နိုဝင်ဘာမှာ လွှတ်မယ်လို့ပြောတာဟာ ဘာမှ မထူးခြားဘူး။ ဒါ့အပြင် ဒီနိုဝင်ဘာမှ လွတ်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်နိုင်မယ် ဆိုတာကလည်း ရွေးကောက်ပွဲက အောက်တိုဘာတောင် ကျင်းပမယ်ဆိုပြီးဖြစ်နေတော့ ဒီစကားမျိုးပြောတာ နိုင်ငံရေးပျက်လုံးလို ဖြစ်နေတယ်” ဟု ပြောသည်။

ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာတွင် လွှတ်မည်ဆိုခြင်းသည် နိုဝင်ဘာမတိုင်ခင် မလွှတ်ဘူးဆိုသည့် သဘောမျိုးလည်း အဓိပ္ပာယ်ကောက်ယူနိုင်သည့်အတွက် ယင်းစကားသည် ဆိုးဝါးသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။

“ဒီလို ၀န်ကြီးကိုယ်တိုင်က နိုဝင်ဘာထက် စောမလွှတ်ဘူးဆိုတဲ့ အဓိပ္ပယ်ကောက်လို့ရတဲ့ စကားကိုပြောတယ်ဆိုရင် တရားရုံးမှာ စစ်နေတဲ့ တရားသူကြီးအပေါ်မှာလည်း အလွန်ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်နိုင်တယ်။ တရားသူကြီးတွေ ကလည်း အခုလာမယ့်အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ဖို့တို့၊ ဆက်ချုပ်ထားဖို့တို့ပဲ ဆုံးဖြတ်မယ်လို့ ယူဆနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာမတိုင်ခင် စောပြီးလွှတ်သင့်ကြောင်း၊ ယင်းသို့လွှတ်သည့်အပေါ်အကြောင်းပြုပြီး နအဖအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများကို စီစဉ်လက်ခံသင့်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “ဒီလိုစကားပြောတာကို ၀မ်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ကျေနပ်ပါတယ်။ လွှတ်မယ်ဆိုတဲ့အသံထွက်တာ ကောင်းတယ်လို့ ယူဆပါတယ်။ သို့သော် အဲလိုစကားမျိုးပြောနေမယ့်အစား လွှတ်လိုက်ပါ။ စောစောလွှတ်လိုက်ပါ။ လွှတ်ပြီးရင် ကျနော်တို့တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ ကိစ္စမျိုးကို မဖြစ်မနေလုပ်ပါ။ ဘာလို့လည်းဆိုတော့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်က လာပြီးတော့တွေ့တယ်တို့ဆိုတာ ဆက်သားအဆင့်လောက်ပဲ သတင်းစကားပို့နေရတဲ့ အလုပ်လုပ်နေရတော့ ဘာမှလည်း အကျိုးသက်ရောက်မှုမရှိဘူး” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် လွန်ခဲ့သည့် အနှစ် (၂၀) ကျော်ကတည်းက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလာခဲ့ပြီး နအဖစစ်အစိုးရအနေဖြင့် ယခုတိုင် လက်ခံခြင်းမရှိသေးသည့်အပြင် ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည်ဆိုပါက အန်အယ်လ်ဒီအနေဖြင့် ဆွေးနွေးရန်အကြောင်းရှိမည် မထင်ဟုလည်း ဦးဝင်းတင်က ပြောသည်။

စစ်အစိုးရက ပြုလုပ်မည့်ရွေးကောက်ပွဲသည် ယခုနှစ် အောက်တိုဘာလထဲတွင် ဖြစ်နိုင်သည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ရွေးကောက်ပွဲအလွန်ကျမှ ဒေါ်စုနဲ့ ဆွေးနွေးမယ်ဆိုလည်း ဘာမှဖြစ်နိုင်ချေမရှိဘူး။ လိုမှမလိုတော့ဘဲ။ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲ လုပ်ပြီးမှတော့ ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ အကြောင်းမရှိဘူးလို့ ကျနော်တို့ ထင်တယ်။ ဆွေးနွေးရင်လည်း ကျနော်တို့ဘက်က ပြန်ကြည့်တော့ ဘာမှအဓိပ္ပာယ်မရှိဘူး။ အခြေခံဥပဒေ ပြဿနာတွေ၊ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေ စတဲ့ ပြဿနာ အားလုံးကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဖို့တောင်းနေတာကို အကြိုကာလမှာ မတွေ့ဆုံဘဲ ရွေးကောက်ပွဲအလွန်ကာလမှ တွေ့ရင်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး” ဟု ပြောကြားသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

ဒေါ်စုနှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

ချင်းမိုင်(မဇ္ဈိမ) ။     ။ အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် Mr. Kurt Campbell တို့ အစိုးရဧည့် ဂေဟာတွင် တွေ့ဆုံဆွေးနွေးနေကြသည်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် သူ၏ မြန်မာနိုင်ငံ ဒုတိယမြောက်ခရီးစဉ်အဖြစ် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိလာပြီးနောက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် ယခုသတင်းပေးပို့ချိန်တွင် ရောက်ရှိနေပြီဖြစ်သည်။

“ ၃ နာရီ ၅ဝ လောက်မှာ စတွေ့နေပြီ၊ ”ဟု ပြည်တွင်း အယ်ဒီတာ တဦးကပြောသည်။

အမေရိကန် သံရုံးက သတင်းထောက်များကို ဖိတ်ခေါ်ထားသော်လည်း ပြည်တွင်းသတင်းထောက်များ ဝင်ခွင့်မရခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနနှင့် ပတ်သက်၍ စိတ်ပျက်လက်ပျက်ဖြစ်ရကြောင်း စစ်အစိုးရနှင့် အတိုက်အခံကြား သဘောတူညီမှုတခုပြီး ဒီမိုကရေစီသို့ကူးပြောင်းရန် မျှော်မှန်းထားခဲ့သော မစ္စတာ ကမ့်ပ်ဘဲလ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁ဝ ဦးတို့နှင့် ယနေ့ နံနက် ၁၁ နာရီချိန်တွင် တွေ့ဆုံခဲ့ရာတွင်  ပြောကြားသွားသည်။

” သူ့ရဲ့ သုံးသပ်ချက်ကတော့ ဘာမှ မထူးခြားသေးပါဘူးတဲ့၊ စိတ်ပျက်ပါတယ်တဲ့။ သူအဲဒီလိုပြောပါတယ်။ ဒီမိုကရေစီအပြောင်းအလဲအတွက် အလားအလာ မတွေ့သေးပါဘူးတဲ့။ ကျနော်တို့ကလည်း ကျနော်တို့လက်ရှိ ပါတီမှတ်ပုံမတင်ဘူး။ ကျနော်တို့ဘက်ကတော့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တဲ့ လူမှုရေးဆက်လုပ်မယ်လို့ ရှင်းပြပါတယ်” ဟု အန်အယ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။

အန်အယ်ဒီ  ဒုက္ကဌ ဦးတင်ဦးခေါင်းဆောင်၍ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးမြင့်ဝေ၊ သခင်စိုးမြင့်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဟံသာမြင့်၊ ဒေါ်မေဝင်းမြင့်၊ ဦးအုန်းကြိုင်တို့ ရန်ကုန် ၆ မိုင်ခွဲရှိ အမေရိကန်သံအရာရှိ နေအိမ်တွင်ပြုလုပ်သော ၁ နာရီကျော်ကြာ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်သည် ယမန်နေ့က ရောက်လာပြီးနောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့် တွေ့ဆုံခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ NLD သည် မေလ ၆ ရက်နေ့သည် ပါတီ ပျက်ပယ်မည်ဖြစ်သည်။ သို့သော် စစ်အစိုးရအနေဖြင့် ပါတီပျက်ပယ်ကြောင်း တရားဝင် ကြေငြာခြင်း မရှိသေးပေ။

ရာသီဥတုပူပြင်း၍ အင်းလေး ဟဲယာရွာမ ရေပေါ်ဈေးနေရာ ခန်းခြောက်မှု ဖြစ်ပေါ်






 
ယခင်ရေရှိစဉ်က စည်ကားခဲ့သော အင်းလေးရေပေါ်ဈေး
        ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ၊ ဟဲယာရွာမကျေးရွာ၊ ရွာလယ်ရပ်တွင် တည်ရှိသည့် နာမည်ကျော် အင်းလေးရေပေါ်ဈေးနေရာမှာ ယခုနှစ်ရာသီဥတုပူပြင်း၍ မြေသားပေါ်ကာ အက်ကွဲသည်အထိ ရေခန်းခြောက်ရုံမက၊ ခြုံနွယ်ကိုင်းတောများ ပေါက်ရောက်ပိတ်ဖုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

         ဟဲယာရွာမရေပေါ်ဈေးကို လွန်ခဲ့သော နှစ်တစ်ရာခန့်ကတည်းက ရွာလယ်ရပ်၊ ရွာလည်ချောင်းနှင့် မြောက်ဘက်ရေပြင်တွင် ခင်းကျင်းရောင်းချလာရာမှ ရွာလယ်အောက် ဈေးညနေတွင် ရောင်းဝယ်စည်ကားတတ်သဖြင့် ''ညခင်းဈေး'' ဟုခေါ်ခဲ့ ပြီး ၁၉၇၀ခုနှစ်၊ ''အင်းလေးရေပေါ်ဈေး''ဟု ခေါ်ဝေါ်သုံးစွဲခဲ့လာခြင်းဖြစ်ကြောင်း နုန်းပို့ချမှုများ၍ ဈေးဧရိယာကျဉ်းလာခြင်း၊ ရေတိမ်ခန်းခြောက်လာခြင်းများကြောင့် ၂၀၀၂ ခုနှစ်က သက်ဆိုင်ရာမှ မူလနေရာအပြင် မြောက်ဘက်သို့ တိုးချဲ့တူးဖော်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

       သို့သော်လည်း ယခုအခါတိုးချဲ့ ရေပေါ်ဈေးနေရာအပါအ၀င်၊ ရေပေါ်ဈေး၏မြောက်ဘက်တစ်ခြမ်းလုံးမှာ ယခုနှစ်နွေရာသီတွင် မြေသားပေါ်ပြီး မြေသားအက်ကွဲသည့်အထိ ရေခန်းခြောက်ရုံမက ခြုံနွယ်ကိုင်းတော၊ မြက်တောများပေါက်ရောက် ပိတ်ဖုံးကာ ဈေးနေရာပျောက်ကွယ်သည်အထိ ဖြစ်နေကြောင်း သိရှိရပါ သည်။   
   
 
ယခုရေခန်းခြောက်ကာ ခြုံနွယ်ကိုင်းမြက်များပိတ်ဖုံးနေသော အင်းလေးရေပေါ်ဈေးနေရာ
       ယခုအခါ ဟဲယာရွာမရေပေါ်ဈေးကို (ရွာလယ်ရပ်) ရွာလယ်ချောင်းတွင် ငါးရက်တစ်ဈေးအဖြစ် ယာယီခင်းကျင်း ရောင်းချနေသော်လည်း ချောင်းဧရိယာကျဉ်းလွန်းခြင်း၊ ရေနက်တစ်ပေ၊ တစ်ပေခွဲ အထိရေတိမ်နေခြင်း၊ လှေများ၊ စက်လှေမော်တော်များသွားလာရန် ခက်ခဲကျပ်တည်းလွန်းခြင်းများကြောင့် ရွာမရေပေါ်ဈေးမှာ အရောင်းအ၀ယ် အသွားအလာစည်ကားမှု နည်းပါးသွားကြောင်း သိရသည်။ ဟဲယာရွာမရေပေါ်ဈေးမှ ဒေသခံများ၏ ရောင်းဝယ်ဖောက်ကားမှုအပြင်Tour Attraction ဈေးဖြစ်၍ နိုင်ငံခြား ဧည့်သည်များ၏နှစ်သက်မှုကိုထည့် သွင်းစဉ်းစားကာ စည်ကားသော ရေပေါ်ဈေးအဖြစ် ပြန်လည်ဖော်ထုတ် ဆောင်ရွက်ပေးသင့်ကြောင်း ဟဲယာရွာမနှင့်ပတ်ဝန်းကျင် ရွာသူရွာသားများထံမှ သိရှိရသည်။

ရင်းမြစ်။ ။http://www.first-11.com

အမေရိကန် ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ရောက်ရှိနေသော အမေရိကန် ၀န်ကြီးတဦးနှင့် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ယနေ့ နေ့လယ် ၁ နာရီ၌ တွေ့ဆုံမည်ဟု သိရသည်။

အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ်သည် တခြားသော NLD ခေါင်းဆောင်များနှင့်လည်း အမေရိကန်သံရုံး တာဝန်ခံ၏အိမ်တွင် နံနက် ၁၁ နာရီ၌ တွေ့ဆုံမည်ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။ 

မစ္စတာ ကမ်းဘဲလ်သည် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း အပါအ၀င် အစိုးရ အရာရှိများနှင့်လည်း ယမန်နေ့က  တွေ့ဆုံခဲ့ကြောင်း သိရသည်။