Friday, February 5, 2010

မေးချင်ရာမေး... အဖြေရှိသည်





မေး။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် အနိုင်ရလို့တက်လာမယ့်အစိုးရလက်ထက်မှာ
ခိုးတာ ၀ှက်တာတွေ ရှိဦးမလား?
ဖြေ။ မရှိတော့ဘူး။
မေး။ ဘာဖြစ်လို့ပါလဲ။
ဖြေ။ ၂၀၁၀ မတိုင်ခင်ကတည်းက စစ်အစိုးရခိုးလို့ ကုန်သွားပြီ။


-----------------------------------------------------------------------

မေး။ သဘာဝနဲ့ ဆန့်ကျင်တဲ့ အချစ် ဘယ်နှစ်မျိုးရှိပါသလဲ?
ဖြေ။ သုံးမျိုးရှိပါတယ်။ ယောက်ျားက ယောက်ျားကို ချစ်တာ။ မိန်းမက
မိန်းမကိုချစ်တာ။ မြန်မာပြည်သူက မြန်မာ့တပ်မတော်ကို ချစ်တာ။


-----------------------------------------------------------------------

မေး။ အနာဂတ် မြန်မာနိုင်ငံတော်မှာ ဘာလို့ တပ်မတော် တစ်ခုတည်း ထားရှိမှာဖြစ်ပါသလဲ?
ဖြေ။ တစ်ခုထက်ပိုများရင် မြန်မာပြည်သူတွေက ကျွေးမထားနိုင်လို့ပါ။



----------------------------------------------------------------------

မေး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံကိုပြောပြပါ။
ဖြေ။ မြန်မာနိုင်ငံဖြစ်ပါတယ်။
မေး။ ဘယ်လိုသက်သေပြနိုင်ပါသလဲ။
ဖြေ။ နှစ် ၅၀ နီးပါး ခိုးလို့ရတာအကုန်ခိုးတာတောင် အခုထိမကုန်သေးလို့ပါ။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဝင်ပန်းတိုင် သတ်မှတ်ချက်




ကမ္ဘာတဝှမ်းမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်သွားတဲ့ လှုပ်ရှားမှုတွေ ရှိသလို မအောင်မြင်သေးပဲ နိုင်ငံရေး အကျပ်အတည်းဆိုက်မှု ပြဿနာနဲ့ ကြုံတွေ့နေရတဲ့ လှုပ်ရှားမှုတွေလဲ အများကြီးပါပဲ။ အောင်မြင်တဲ့ လှုပ်ရှားမှုတွေဆီကနေ လိုက်နာကျင့်သုံးဖွယ်ရာ သင်ခန်းစာတွေ ရရှိနိုင်သလို၊ မအောင်မြင်သေးတဲ့ လှုပ်ရှားမှုတွေဆီကနေလဲ ရှောင် ရှားသတိထားဖွယ်ရာ သင်ခန်းစာတွေ ရရှိနိုင်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လှုပ်ရှားမှုအဆင့်ဆင့်ကို စနစ်တ ကျ အကောင်အထည်ဖော်မှု၊ တိကျတဲ့ တိုက်ပွဲဝင်ပန်းတိုင် သတ်မှတ်နိုင်မှုနဲ့ လှုပ်ရှားမှု အဂါင်္ရပ်တွေ ပြည့်ဝစေရေးက အရေးကြီးပါ တယ်။

လှုပ်ရှားမှု အဆင့်ဆင့်
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ သမဂ္ဂတွေ၊ အသင်းအဖွဲ့တွေ ဖော်ဆောင်ရေးကို ပထမအဆင့်၊ ကွန်ယက်ချိတ်ဆက်ပြီး တပ်ပေါင်းစုသဏ္ဌာန်ချိတ်ဆက်ရေးက ဒုတိယအဆင့်၊ ကျစ်လျစ် ခိုင်မာအောင် တည်ဆောက်ရေးက တတိယအဆင့်၊ အခြေအနေနဲ့ အချိန်ကာလပေါ် မူတည်ပြီး ချိန်ကိုက်လှုပ်ရှားမှုက စတုတ္ထအဆင့် စပြီး အဆင့်ဆင့် လှုပ်ရှားအကောင်အထည်ဖော်ဆောင်တဲ့ လှုပ်ရှား မှုတွေက ပိုပြီး အောင်မြင်တတ်လေ့ရှိတယ်လို့ နိုင်ငံရေး ပညာရှင်များက လေ့လာဖော်ပြခဲ့ကြပါတယ်။

ပထမအဆင့်ဖြစ်တဲ့ အသင်းအဖွဲ့တွေ၊ အာဏာရှင်ဆန့်ကျင်ရေး အုပ်စုတွေ ဖော်ဆောင်ရေးမှာလဲ ပျောက်ကျားတိုက်ပွဲဖော်ဆောင်ရေး အုပ်စုငယ်လေးတွေကို သီးခြားစီ ဖွဲ့စည်းထားသင့်ပါတယ်။ ဒုတိယအဆင့်ကို တက်လှမ်းပြီး တပ်ပေါင်းစုထဲမှာ ပါဝင်လာရမယ့် အုပ်စု တွေကို ပျောက်ကျားတိုက်ပွဲ ဖော်ဆောင်ရေးမှာ တာဝန်ပေးမိရင် တပ်ကျွံသွားတတ်ပါတယ်။ သတင်းလုံခြုံရေးကို ထိခိုက်မှု ရှိလာနိုင် တာကြောင့် တပ်ပေါင်းစုသဏ္ဌာန် ချိတ်ဆက်ရေးမှာ အခက်အခဲ ဖြစ်စေတတ်ပါတယ်။ တပ်ပေါင်းစု သဏ္ဌာန်ချိတ်ဆက်ရေးမှာလဲ သ တင်းလုံခြုံမှုရှိရေးနဲ့ လျှို့ဝှက်ရေးက အဓိကအရေးကြီး ပါတယ်။ ဒီနှစ်ချက်ကို မထိန်းနိုင်ရင် တတိယအဆင့်ဖြစ်တဲ့ ကျစ်လျစ်ခိုင်မာ အောင် စည်းရုံးရေးနဲ့ တည်ဆောက်ရေးကို ထိခိုက်စေနိုင်ပါတယ်။

တတိယအဆင့်မှာ ဟာကွက်တွေ၊ လိုအပ်ချက်တွေ ရှိနေရင်လဲ စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တောင်မှ မအောင်မြင်တဲ့အခါ နိုင်ငံရေး ခါးဆက်ပြတ်သွားတတ်ပါတယ်။ တတိယအဆင့်ကို ပြန်ဆင်းပြီး နောက်တကြိမ် ထိုးစစ်ကို ပြန်မဖော်ဆောင်နိုင်ပဲ ပထမ အ ဆင့်ကနေ ပြန်စရတာကြောင့် အချိန်နှောင့်နှေးသွားပါတယ်။ စဉ်ဆက်မပြတ် လှုပ်ရှားမှုကို မဖော်ဆောင်နိုင်တော့တာကြောင့် လူထုရဲ့ နိုင်ငံရေး ရေချိန် ပြန်ကျသွားတတ်ပါတယ်။ ရန်သူ စစ်အာဏာရှင်တွေဘက်က ထိုးစစ်၊ ခံစစ် ဆင်ဖို့ အချိန်တွေ ပိုရသွားပါတယ်။ နောက်တကြိမ် ထပ်ပြီး လူထုရဲ့ နိုင်ငံရေး ရေချိန်နဲ့ ချိန်ကိုက်လှုပ်ရှားဖို့ ပြန်စောင့်ရတဲ့အတွက် အချိန်တွေ ပိုကြာသွားတတ်ပါတယ်။

တိုက်ပွဲဝင် ပန်းတိုင်သတ်မှတ်ချက်
တိုက်ပွဲဝင် ရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက်ပြီး အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းတွေမှာ အယူအဆက နှစ်မျိုးကွဲပြားပါတယ်။ တချို့ အဖွဲ့အစည်းတွေက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အာဏာရှင်တွေဘက်က ညှိနှိုင်းလာအောင် တွန်းအားပေးတာလို့ ယူဆကြပါ တယ်။ တချို့အဖွဲ့အစည်းတွေကကျတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို ရပ်တန့်စေပြီး၊ ကြားဖြတ်အစိုးရ အနေနဲ့ အာဏာလွှဲပြောင်း ရယူပြီးမှ ညှိနှိုင်းဆွေးနွေးပွဲတွေ ပြုလုပ်တာလို့ ယူဆကြပါတယ်။ ဒီယူ ဆ ချက် နှစ်မျိုးမှာ ပထမအယူအဆနဲ့ အောင်မြင်သွားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေလဲ ရှိသလို၊ ဒုတိယအယူအဆနဲ့ အောင်မြင် သွားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေလဲ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အယူအဆ နှစ်မျိုးလုံးမှာ အားနည်းချက်တွေ ရှိပါတယ်။

ပထမအယူအဆမှာ အာဏာရှင်ဘက်ကနေ ဆွေးနွေးပွဲလုပ်မယောင် ဟန်ပြပြ၊ အင်အားကို ပြန်စုစည်းယူပြီးမှ အာဏာရှင် အုပ်ချုပ် ရေး ယန္တရားကို အသက်ပြန်သွင်းသွားနိုင်တဲ့ အားနည်းချက် ရှိပါတယ်။ အဲဒီအခြေအနေမျိုးဖြစ်လာခဲ့ရင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေဘက်က ဆွေးနွေးပွဲဖြစ်လာမလားလို့ မျှော်လင့်စောင့်စားနေကြရင်းနဲ့ အချိန်တွေကြာလာပြီး လှုပ်ရှားမှုအရှိန် ပြုတ်ကျ သွားပါတယ်။

ဒုတိယ အယူအဆမှာကျတော့ ပြင်ဆင်မှုအားနည်းချက်တွေ ရှိတာကြောင့် အောင်မြင်မှုမရတာမျိုးတွေ ရှိနိုင်ပါတယ်။ နိုင်ငံတနိုင်ငံမှာ အစိုးရအုပ်ချုပ်ရေးယန္တရား အသက်ဝင်မှုဟာ အရေးကြီးပါတယ်။ ယန္တရားတခုကို ရပ်စဲပြီးတဲ့အခါ နောက်ထပ်ယန္တရားတခုက အချိန်မ ဆိုင်းပဲ အသက်ဝင်လာရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် အာဏာရှင်စနစ် အသက်ပြန်ဝင်လာဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ သို့ပေမယ့် လူတွေဆိုတာက လူအမျိုးမျိုး၊ စိတ်အထွေထွေရှိပါတယ်။ မင်းသားကြီးလုပ်ချင်သူတွေ၊ မလုပ်ရလို့ ပတ်မကြီး ထိုးဖောက် ချင်သူတွေ၊ အရေးပေါ်အခြေအနေကျမှ တွေဝေနေသူတွေ၊ အတိတ်က နာကျည်းချက်တွေပြန်ဖော်ပြီး ရန်ဖြစ်ငြင်းခုံနေချင်သူတွေက နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု ကာလတွေမှာ ထွက်ပေါ်လာတတ်ပါတယ်။

ပမာဆိုရရင် ရွာထဲကို ကျားဆိုးဝင်လာတဲ့အခါ တချို့က ကျားဆိုးကို သူနှိမ်နင်းလိုက်တယ်ဆိုတာ နာမည်ကြီးချင်လို့ သူများတွေကို နှိမ်နင်းမှာကို ရှေ့ကနေ ပိတ်ပင်တားဆီးမှုတွေ လုပ်တာမျိုး၊ တချို့ကျတော့လဲ ကိုယ့်ကို ရွာရဲ့ သူရဲကောင်းလို့ သတ်မှတ်ခံထားရတာ မို့ သူရဲကောင်းဂုဏ်ကို ကိုင်တွယ်ပြီး သူပဲ နှိမ်နင်းမယ်လို့ ရှေ့ကနေ ဆိုတာမျိုး၊ တချို့က ကျတော့လဲ ဓားနဲ့ခုတ်ရင်ကောင်းမလား၊ လှံ နဲ့ ထိုးသတ်ရင် ကောင်းမလားဆိုတာ အရင် ညှိနှိုင်းဆွေးနွေးကြရအောင်လို့ ဆိုနေတာမျိုး ဖြစ်နေတာနဲ့ တူပါတယ်။ ဘယ်သူသတ် သတ်၊ မသတ်သတ် ကျားဆိုးကြီး သေသွားဖို့က အရေးကြီးပါတယ်။ ဘယ်သူချောက်ချောက်၊ မချောက်ချောက် ကျားဆိုးကြီး ကြောက်ပြီး ပြေးဖို့က အရေးကြီးပါတယ်။ မဟုတ်ရင် ကျားဆိုးက လူတွေကို ကိုက်သတ်သွားတာပဲ အဖတ်တင် ကျန်ခဲ့ပါလိမ့်မယ်။

နိုင်ငံရေးအကူးအပြောင်း ကာလတခုမှာ ဒီလို အရေးမပါတဲ့ ကိစ္စတွေနဲ့ အချိန်မကုန်ဖို့ အရေးကြီးပါတယ်။ ကြားဖြတ်အစိုးရတခု လို အပ်ချက်အရပေါ်ထွက်လာခဲ့ရင်လဲ ဒီကြားဖြတ်အစိုးရဟာ အုပ်ချုပ်ရေးယန္တရားကို ယာယီဝင်ရောက်ထိန်းသိမ်းမှု ဆိုတာကို သဘော ပေါက်နေဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပြီး ဝန်းရံဖို့ လိုအပ်ပါတယ်။ ကြားဖြတ်အစိုးရကာလအတွက် လိုအပ်မယ့် လုပ်ငန်းဆောင်တာတွေကို ကြိုတင်ပြင်ဆင်ထားဖို့လဲ လိုအပ်ပါတယ်။ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ရေးဆိုတာမှာ လူထုတိုက်ပွဲတွင်းကာလအတွက် ပြင်ဆင်မှုတွေသာမက၊ ကြားဖြတ်အစိုးရ ကာလအတွက် လိုအပ်မယ့် လုပ်ငန်းဆောင်တာတွေမှာ ကြိုတင်ပြင်ဆင် တည်ဆောက်ရေးတွေပါ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ အားနည်းချက်ရှိရင် လူထုတိုက်ပွဲထွက်ပေါ်လာ ပြီးမှ အရှိန်သေပြီး ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်သွားတတ်ပါတယ်။

အမှန်တကယ် လူထုတိုက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါမှာ ပထမအယူအဆဖြစ်တဲ့ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲတွေအတွက် တွန်းအား ပေးသလို ဖြစ်သွားမလား၊ အာဏာရှင်ယန္တရားပြိုကျတဲ့အထိ တိုက်ပွဲဝင်ပြီး ကြားဖြတ်အစိုးရအထိ တက်လှမ်းသွားမလား ဆိုတာက တော့ တဘက်ရန်သူ စစ်အာဏာရှင်တွေအပေါ်မှာ ဘယ်လောက်အထိ ယုံကြည်မှု ပေးမှာလဲ ဆိုတာပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အာဏာရှင်တွေရဲ့ စိတ်နေသဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေ၊ လူထုရဲ့ နိုင်ငံရေး ရေချိန် အတက်အ ကျတွေ၊ ရေရှည်တောင့်ခံနိုင်မှု စတာတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်တဲ့အတွက် အချိန်အခါနဲ့ ကိုက်ညီပြီး လက်တွေ့ကျတဲ့ ဆုံး ဖြတ်ချက်ကို ချမှတ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ သို့ပေမယ့် ကြိုတင်ပြင်ဆင်မှုကတော့ ရည်မှန်းချက် ပန်းတိုင် နှစ်မျိုးလုံးအတွက် ပြင် ဆင်ထားသင့်ပြီး၊ အယူအဆမတူတဲ့ အဖွဲ့အစည်းတွေက ငါ့အယူအဆ ကောင်းတယ်၊ သူ့အယူအဆကောင်းတယ်လို့ မျက်စိမှတ် ဇွတ် မငြင်းပဲ ညှိယူနိုင်ဖို့ အရေးကြီးဆုံးပါပဲ။ ငါ့စကားနွားရဆိုပြီး စွတ်ငြင်းနေရင်တော့ ဘာအကျိုးကျေးဇူးမှ မရှိပဲ စစ်အာဏာရှင်စနစ် သက် ဆိုးရှည်ရေးကို အကောင်အထည် ဖော်ပေးလိုက်သလိုပဲ ဖြစ်ပါလိမ့်မယ်။

ဒိုင်ယာလော့တကယ် ဖြစ်သွားနိုင်တဲ့ အခြေအနေ၊ အချိန်အခါမှာ ကြားဖြတ်အစိုးရဖွဲ့ရေးကိုပဲ အားသန်နေရင်လဲ ယုံကြည်မှု တည် ဆောက်ရေး ပျက်တတ်ပါတယ်။ ကြားဖြတ်အစိုးရဖွဲ့ပြီး လုပ်ရမယ့် အချိန်မှာ ရန်သူအယောင်ပြတဲ့ ရွှေသမင် ဒိုင်ယာလော့ခ်နောက် အ လိုက်မှားပြန်လာရင် ဒဿဂီရိဘီလူးလက်ထဲ မယ်သီတာရောက်ကိန်းကို ဆိုက်ပါလိမ့်မယ်။ အခြေအနေရဲ့ တောင်းဆိုမှုကို ချိန်ကိုက် လှုပ်ရှားနိုင်မှုက အရေးကြီးဆုံးပါ။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အင်္ဂါရပ်များ
အာဏာရှင်တွေဟာ လူထုလှုပ်ရှားမှုတွေကို အလွန်ကြောက်ပါတယ်။ ဒါကြောင့်လဲ လူ့အဖွဲ့အစည်းအတွင်းမှာ လူတွေ စုဝေးလို့ မရ အောင် နည်းမျိုးစုံနဲ့ အကောင်အထည်ဖော်တတ်လေ့ ရှိပါတယ်။ ကျောင်းသားတွေ စုဝေးလို့ မရအောင်၊ လူငယ်တွေ စုဝေးလို့ မရ အောင်၊ လူထုနဲ့ နိုင်ငံရေး ဆက်စပ်လို့ မရအောင် နည်းမျိုးစုံနဲ့ အကောင်အထည်ဖော်လေ့ ရှိကြပါတယ်။ ရှိနေပြီးသား အဖွဲ့အစည်း၊ အသင်းအပင်းတွေကို ရေရှည်ရပ်တည်လို့ မရအောင်၊ အဖွဲ့အစည်းသစ်တွေ မပေါ်ထွက်လာအောင် ဘက်ပေါင်းစုံကနေ နှိပ်ကွပ်တား ဆီးမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

ဒီလို အခြေအနေမျိုးတွေမှာ အဖွဲ့အစည်းအသင်းအဖွဲ့တွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပေါ်ထွက်နိုင်အောင် မြေအောက်လှုပ်ရှားမှု သဏ္ဌာန်နဲ့ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ ရေရှည်မြှုပ်နှံပြီး အချိန်အခါကို စောင့်ခိုင်းတဲ့ အဖွဲ့တွေ၊ လေ့ လာရေးအုပ်စုတွေရှိဖို့ လိုသလို ပြောက်ကျားလှုပ်ရှားတဲ့ အဖွဲ့ငယ်လေးတွေလဲ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရေရှည်မြှုပ်နှံရေး အုပ်စုတွေ၊ လေ့လာရေးအုပ်စုတွေနဲ့ လှုပ်ရှားရေး အဖွဲ့တွေကို လိုင်းမပူးသွားစေဖို့ အထူးသတိထားရပါမယ်။ ပျောက်ကျားလှုပ်ရှားမှု တွေ အကောင်အထည်ဖော်ရာမှာလဲ လုံခြုံရေးသာ ပထမ၊ လုံခြုံရေးသာ ဒုတိယ၊ လုံခြုံရေးသာ တတိယ ဆိုတာကို သတိပေးထားပြီး မှ တိုက်ပွဲဖော်သင့်ပါတယ်။

အာဏာရှင်တွေဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာ ဆန့်ကျင်ရေး ပျောက်ကျားလှုပ်ရှားမှုတွေ ဟို တစ၊ ဒီတစ ပေါ်ထွက်နေမှုဟာ အဆုံးသတ်အောင်ပွဲကို ရရှိစေတာ မဟုတ်ပေမယ့် အာဏာရှင်တွေရဲ့ အလုံးစုံဖိနှိပ်မှုဟာ အရာမ ရောက်ပဲ တက်ကြွလှုပ်ရှားသူတွေကတော့ ပေါ်ထွက်နေဆဲပဲဆိုတာကို လူထုကို တပ်လှန့်ပေးလိုက်နိုင်ပါတယ်။ ဒါကြောင့် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ စဉ်ဆက်မပြတ် ပျောက်ကျားတိုက်ပွဲများ ပေါ်ထွက်နေခြင်းဟာ အင်္ဂါရပ် တခုပါ။

ဒုတိယအင်္ဂါရပ်တခုကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ ဖြစ်နိုင်ချေနဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ အစုအဖွဲ့၊ အသင်း အပင်းတွေ ဖွဲ့စည်းတဲ့အဆင့်၊ ချိတ်ဆက်လှုပ်ရှားမှု အဆင့်၊ ကျစ်လျစ်အောင် တည်ဆောက်ရေး အဆင့်တွေကို အဆင့်ဆင့် ဖော် ဆောင်ပြီး တိုက်ပွဲဝင်အဆင့်ကို စတင် အကောင်အထည်ဖော်တဲ့အချိန်မှာ တည်ဆောက်ထားတဲ့ အင်အားစုအားလုံးကို ထုတ်နှုတ် သုံးဖို့ မလိုအပ်ပါဘူး။ တိုက်ပွဲဝင်စစ်ကြောင်း၊ အကူစစ်ကြောင်း၊ ခြေကုပ်ယူပြီး အင်အားပြန်ဖြည့်ရမယ့် စစ်ကြောင်းတွေကို ခွဲထားဖို့ လို အပ်ပါတယ်။ ပထမဦးဆုံး လူထုလှုပ်ရှားမှု တိုက်ပွဲမှာ အလုံးစုံ ချေမှုန်းမခံရအောင် သတိထားရပါမယ်။ ပွဲဦးထွက် လှုပ်ရှားမှု တခု တည်းနဲ့ အာဏာရှင်စနစ်ကို ချက်ချင်း မဖြုတ်ချနိုင်ပါဘူး။ ရေရှည်တောင့်ခံနိုင်ဖို့အတွက် အလှည့်ကျ တာဝန်ယူစနစ်တွေ ရှိဖို့ လိုအပ် ပါတယ်။

အာဏာရှင်စနစ်ကို ဖြုတ်ချပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်လာနိုင်ဖို့မှာ နိုင်ငံရေးဦးဆောင်မှုနဲ့ စည်းရုံးလှုပ်ရှားနိုင်မှုက အရေး ကြီးဆုံးပါ။ နိုင်ငံရေးဦးဆောင်မှုဟာ အဲဒီအချိန်မှာ ဘယ်လောက်အထိ အောင်မြင်မှုရနိုင်မလဲ ဆိုတာကတော့ လှုပ်ရှားမှု အကောင်အ ထည်ဖော်တဲ့ အခါတွေမှာတုန်းက ချိတ်ဆက်မှုကွန်ယက်ကို ဘယ်လောက်အထိ နက်နက်နဲနဲ ဖော်ဆောင်ထားတယ် ဆိုတာပေါ်မှာ မူတည်ပါတယ်။ ပွဲဦးထွက် လှုပ်ရှားမှု စတင်ပြီးတာနဲ့ နိုင်ငံရေးဦးဆောင်မှုတရပ် ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်။ အာဏာရှင်ကို ဆန့် ကျင်တဲ့ အင်အားစုတွေအားလုံး လမ်းကြောင်းတခုပေါ်မှာ လာပြီးဆုံနိုင်စေဖို့ ကြိုးပမ်းမှုက အရေးကြီးပါတယ်။ လူထုနဲ့ ဆက်ဆံလှုပ် ရှားနေတဲ့ ခေါင်းဆောင်တွေ ရှေ့မှာရှိနေဖို့ လိုအပ်သလို နောက်ကွယ်ကနေ အင်အားစုတွေအားလုံး လမ်းကြောင်းတခုပေါ် လာဆုံ စေဖို့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်တွေလဲ ရှိရပါမယ်။

ဒီနေရာမှာ အင်အားစုတွေအကြားက ကြားခံ ဆက်သွယ်ရေး တာဝန်ယူရသူတွေရဲ့ ကဏ္ဍဟာ အရေးကြီးပါတယ်။ ဒီလိုဆက်သွယ် ရေး တာဝန်ယူမယ့် သူတွေကို ပျောက်ကျားတိုက်ပွဲတွေ၊ ပွဲဦးထွက် လူထု တိုက်ပွဲတွေမှာ ဘာတာဝန်မှ မပေးသင့်ပါဘူး။ ရန်သူက လုံးဝ မသိထားတဲ့ လူတွေ ဖြစ်သင့်ပါတယ်။ ကွင်းဆက်ကို ရန်သူက သိနေရင် ကွင်းဆက်ဖြတ်ဖို့ လွယ်ပါတယ်။ ဒီအချက်ကို အထူး ဂရုစိုက်သင့်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲတွေမှာ မိုက်ရူးရဲဆန်တာတွေ၊ စိတ်ခံစားမှုကို ဦးစားပေးဆုံးဖြတ်တာတွေ ကိုလဲ အထူးရှောင်ကြဉ်သင့်ပါတယ်။

တတိယအင်္ဂါရပ်တခုကတော့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တိကျပြတ်သားတဲ့ နိုင်ငံရေး ကြွေးကြော်သံ ရှိဖို့ပဲ ဖြစ်ပါ တယ်။ ဥပမာ- ဒီမိုကရေစီ ရရှိရေး ဆိုရုံနဲ့ မပြီးပါ။ စစ်အစိုးရ ပြုတ်ကျရေး၊ ကြားဖြတ်အစိုးရ ပေါ်ပေါက်ရေး စသဖြင့် တိကျတဲ့ နိုင်ငံရေး ကြွေးကြော်သံ ရှိဖို့ လိုအပ်ပါတယ်။ လူထုတိုက်ပွဲကြီး ရေချိန်တက်နေတုန်းမှာ နိုင်ငံရေး အင်အားစုတွေအကြားက ကြွေးကြော်သံတွေ မညီရင် အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ လူထုတရပ်လုံး ပါဝင်နေတဲ့ တော်လှန်ရေးတိုက်ပွဲကြီး မပြီးခင်ကာလမှာ အင်အားစုတွေ အကြား ပြိုကွဲစေနိုင်တဲ့ ကိစ္စရေးရာတွေကို အာရုံစိုက်ဖော်ဆောင်မှု မလုပ်မိစေဖို့ကလဲ အရေးကြီးပါသေးတယ်။ တအိမ်လုံးကို ဓားပြ ဝင်စီးပြီး၊ ကြိုးတုပ် အငတ်ထားနေတဲ့ အချိန်မှာ တရုတ်စာ စားချင်တယ်၊ ကုလားစာ စားချင်တယ်၊ ပြင်သစ်စာ စားချင်တယ်၊ ဘိုစာ စားချင်တယ်ပြောပြီး ရန်ဖြစ်နေလို့လဲ ဘာမှ မထူးပါ။ ငတ်ပြီး သေမှာက သေမှာပါပဲ။ ငတ်ပြီး မသေချင်ရင် ပထမဆုံး ဓားပြကို မောင်း ထုတ်ရပါမယ်။ ပြီးမှ ဘယ်လိုအစာ စားမယ်ဆိုတာ ညှိနှိုင်းသင့်ပါတယ်။

နောက်ဆုံးတချက်ကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဆိုတာမှာ ရည်မှန်းချက် ပန်းတိုင် ရှိရပါမယ်။ တတိုင်းပြည်လုံးက လူ တွေ လမ်းမပေါ် ထွက်လာရုံနဲ့လဲ ပြီးတာ မဟုတ်ပါ။ အာဏာရှင်တွေ တယောက်ပြီးတယောက် နှုတ်ထွက်ပြီး နာမည်ပြောင်းသွား ရုံ နဲ့လဲ အောင်မြင်တယ် မဆိုနိုင်ပါ။ အာဏာရှင်တွေဘက်မှာ ယုံကြည်ဖွယ်ရာ တစုံတရာမှ မရှိဘူးဆိုရင် အစိုးရအုပ်ချုပ်ရေးယန္တရားကို ဖြိုချပြီး ကြားဖြတ်အစိုးရနဲ့ အစားထိုးရပါမယ်။ ဒီလိုကြားဖြတ်အစိုးရမှာ အတိုက်အခံနဲ့ အာဏာရှင်ဘက်ကနေ လူထုနဲ့ ပူးပေါင်းလာတဲ့ ခေါင်းဆောင်တချို့ ပူးတွဲပါဝင်ရင် နိုင်ငံရေးတည်ငြိမ်မှုကို အမြန်ဆုံး ပြန်ပြီး ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒီအတွက် ကြိုတင် လမ်းခင်း ပေးထားမှုတွေ လိုပါတယ်။ ဒီလိုလမ်းခင်းမှုတွေမှာလဲ လျှို့ဝှက်မှုက အရေးကြီးပါတယ်။ အချိန်မတန်ခင်မှာ သတင်းထုတ်လိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများစေနိုင်ပါတယ်။

ဒီလိုမဟုတ်ပဲ လူထုတိုက်ပွဲတွေ ဖော်ဆောင်ပြီးမှ အဆုံးသတ်မှာ လူထုခေါင်းဆောင်နဲ့ အာဏာရှင်တွေ တွေ့ဆုံဆွေးနွေးမှုကို ဦးတည် သွားစေလိုတဲ့ ပန်းတိုင်ဆိုရင်တော့ တော်လှန်ရေးသမားတွေဘက်မှာ အမှန်တကယ် ဖိအားပေးနိုင်မယ့် နိုင်ငံတကာ ကူညီပံ့ပိုးမှု လို အပ်ပါတယ်။ မထိရောက်တဲ့ ယောင်ပြ ဖိအားကို ဆိုလိုတာ မဟုတ်ပါဘူး။ အာဏာရှင်တွေဘက်က အမှန်တကယ် ကမ်းလှမ်းမှုလား၊ အချိန်ဆွဲကမ်းလှမ်းမှုလား ဆိုတာကို ခွဲခြားနိုင်မယ့် သတ်မှတ်ချက်တွေလဲ ရှိဖို့ လိုပါတယ်။

လူမှုဗေဒ ပရော်ဖက်ဆာ Manuel Antonio Garretón ကတော့ ကမ္ဘာတဝှမ်းက တော်လှန်ရေး လှုပ်ရှားမှုတွေမှာ စိတ်ကူးယဉ် မိုက် ရူးရဲတော်လှန်ရေးတွေလဲ ရှိနိုင်ကြောင်းကို ထောက်ပြခဲ့ပါတယ်။ လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်ပြီး အဆုံးသတ်ပန်းတိုင်အတွက် ပြင်ဆင်မှု အားနည်းချက်ရှိတဲ့ တော်လှန်ရေးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ လူထုခေါင်းဆောင်တွေနဲ့ အာဏာရှင်တွေအကြား တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မြောက်သွားစေဖို့ ဆိုတာမှာ အာဏာရှင်တွေဘက်က မတွေ့ဆုံရင် မဖြစ်တော့ဘူးဆိုတဲ့ အခြေအနေကို သိလာတော့မှ အကောင်အထည်ပေါ်ပါတယ်။ တွေ့ပါလို့ ထိုင်ပြောနေရုံနဲ့ ပြီးတဲ့အရာ မဟုတ်ပါ။ ဒီလိုသိလာစေဖို့မှာကလဲ မြင်သာထင်သာတဲ့ ဖိအား လိုပါတယ်။ လူထုလှုပ်ရှားမှုတွေကို ဒီလိုဖိအားအဖြစ် အသုံးပြု ဖော်ဆောင်တဲ့အခါ ဘယ်အချိန်မှာ တိုက်စစ်တိုးမြှင့်ရမယ်၊ ဘယ်အချိန် မှာ ဆုတ်ပေးရမယ် ဆိုတာတွေကို စနစ်တကျ ဖော်ဆောင်နိုင်မယ့် စီမံချက် လိုအပ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေက ဒီလို အချက်တွေမှာ အားနည်းနေရင် အာဏာရှင်တွေဘက်က တွေ့ဆုံဆွေးနွေးပွဲကို ဟန်ပြ အကောင်အထည်ဖော်ပြပြီး၊ နောက်ဆုံးမှာ အာဏာရှင်လက်ထဲကိုပဲ ပြန်ပြီး အာဏာရောက် သွားနိုင်ကြောင်း ပညာရှင်တွေက ဆိုထားကြပါတယ်။ ဒါကြောင့် အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှုတွေမှာ အဆုံးသတ် ရည်မှန်းချက် ပန်းတိုင်အတွက် ကြိုတင်ပြင်ဆင် ထားမှုတွေဟာ အင်္ဂါရပ် တခုအနေနဲ့ လိုအပ် တာ ဖြစ်ပါတယ်။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အာဏာရှင်တွေဆိုတာ အာဏာကို တပ်မက်ရူးသွပ် ခုံမင်လွန်းတာအတွက်ကြောင့် လူ့အရိုးပုံမှာ အားရပါးရထိုင်ရင်း အာဏာရှင်ဘဝကို ခံယူထားသူတွေ ဖြစ်ပါတယ်။ အာဏာရှင်စနစ် အဆောက်အအုံ တည်တံ့ခိုင်မြဲရေးကို ရှေးရှုပြီး ဘက်စုံ ထောင့်စုံမှာ ဒေါက်တိုင်တွေ ဖန်တီးပြီး၊ အုပ်ချုပ်ရေးယန္တရားကို ထောက်မထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီယန္တရားကြီးတခုလုံး ပြိုလဲဖို့အတွက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အဆင့်ဆင့်ကို စနစ်တကျ ဖော်ဆောင်မှုတွေနဲ့ တိကျတဲ့ ရည်မှန်းချက် ပန်းတိုင် တွေကို သတ်မှတ်နိုင်မှု၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လိုအပ်တဲ့ အင်္ဂါရပ်တွေ ပြည့်စုံမှုတွေက အလွန်ပဲ အရေးကြီးလှပါ ကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး
(၇၊ ၁၊ ၂ဝ၁ဝ)



ဧရာဝတီ မြစ်ဆုံအား ဖျက်ဆီးခြင်း

dammingtheirrawaddy burmese

မြန်မာနိုင်ငံနှင့် လျှပ်စစ်ဖူလုံရေး အလားအလာ

ရေအားလျှပ်စစ်စီမံကိန်းများစွာ လုပ်ဆောင်လာသည့် နအဖစစ်အစိုးရလက်ထက် နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်း လျှပ်စစ်ရရှိမှု၊ ထုတ်လုပ်မှုတို့ကို လေ့လာပါက ပြည်တွင်းလျှပ်စစ် ဖူလုံအောင်ရရှိရေးမှာ မဖြစ်နိုင်သေးသည်ကို တွေ့ရသည်။

ရေအားလျှပ်စစ်စက်ရုံများနှင့် လျှပ်စစ်စွမ်းအင်

နအဖစစ်အစိုးရက အုပ်ချုပ်ရေးကာလ နှစ်ပေါင်း (၂၀) ကျော်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းပေါင်း (၃၆) ခုမှ (၃၅) ခုကို ပြည်တွင်း မဟာဓာတ်အားလိုင်းထဲသို့ ပို့လွှတ်ခဲ့သည်။

နိုင်ငံတွင်း အသုံးပြုနေသည့် မဟာဓာတ်အားလိုင်းထဲသို့ ပို့လွှတ်သည့် ရေအားလျှပ်စစ်စက်ရုံ စုစုပေါင်း (၅၃) ရုံတွင် လက်ရှိ နအဖစစ်အစိုးရလက်ထက် တည်ဆောက်သည့် စက်ရုံ (၃၅) ရုံ ပါရှိသည်။ ယင်းစက်ရုံ (၃၅) ရုံမှ ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အားမှာ (၅၉၅.၀၄၃) မဂ္ဂါဝပ်သာရှိသည်။ တည်ဆောက်ပြီး ရေအားလျှပ်စစ်စက်ရုံ (၃၆) ခုတွင် ပြည်တွင်း မဟာဓာတ်အားလိုင်းထဲ မပို့လွှတ်သည့် ရွှေလီရေအားလျှပ်စစ်စက်ရုံ တရုံစာပင် ထုတ်လုပ်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

ရွှေလီရေအားလျှပ်စစ်စက်ရုံက စက်တပ်ဆင်အား မဂ္ဂါဝပ် (၆၀၀) ရှိနေပြီး နအဖစစ်အစိုးရအနေဖြင့် ယင်းစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ကို ပြည်တွင်း၌ အသုံးမပြုဘဲ မည်သို့ခွဲဝေသုံးစွဲသည်ကိုလည်း တိတိကျကျ မထုတ်ပြန်။

ပြီးခဲ့သည့် နှစ်ပေါင်း (၂၀) ကျော်အတွင်း တည်ဆောက်ခဲ့သည့် ရေအားလျှပ်စစ်စက်ရုံ (၃၅) ရုံမှာ အများစုက (၁) မဂ္ဂါဝပ်အောက် ထုတ်လုပ်နိုင်သည့် အသေးစား ရေအားလျှပ်စစ်စက်ရုံများ ဖြစ်နေခြင်းကလည်း စက်ရုံများပြီး လျှပ်စစ်မထုတ်လုပ်နိုင်သည့် အဓိကအချက်ဖြစ်သည်။ အဆိုပါ စက်ရုံများတွင် စက်တပ်ဆင်အား (၁) မဂ္ဂါဝပ်အောက်ရှိ အသေးစား ရေအားလျှပ်စစ်စက်ရုံ (၁၈) ခု၊ မဂ္ဂါဝပ် (၁) မှ (၅) ရှိ အလတ်စား စက်ရုံ (၈) ခု၊ မဂ္ဂါဝပ် (၁၀) အထက်ရှိ အကြီးစား ရေအားလျှပ်စစ်စက်ရုံ (၉) ရုံဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ (၁၀) ရုံမှ ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်း၌ မဂ္ဂါဝပ် (၁,၆၄၆) ဖြန့်ဖြူးပေးနိုင်မည်ဟု ကတိပေးထားသည်။ လက်ရှိ လျှပ်စစ်ရရှိမှု၊ ခွဲဝေသုံးစွဲမှု လက်ရှိ ပြည်တွင်း၌ ရရှိနေသည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၂၂၅၅.၉၀) သာရှိပြီး ယင်းမှာ ရေအားလျှပ်စစ်စက်ရုံများ၊ သဘာဝဓာတ်ငွေ့၊ စွန့်ပစ်အပူသုံးလျှပ်စစ် … စသည့် မျိုးစုံ တိုလီမိုလီ စက်ရုံပေါက်စလေးများမှ ထုတ်လုပ်မှုဖြစ်သည်။ ယင်းမှာ တနိုင်ငံလုံးသို့ ပို့လွှတ်ပေးသည့် ပမာဏလည်း ဖြစ်သည်။

ရန်ကုန်မြို့တခုတည်းအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားပမာဏက မဂ္ဂါဝပ် (၁,၀၀၀) ကျော်ရှိနေပြီး ယခုရရှိနေသည့် လျှပ်စစ်ဓာတ်အား၏ ထက်ဝက်ခန့် ဖြစ်သည်။ လက်ရှိ နိုင်ငံတွင်း လျှပ်စစ်သုံးစွဲနိုင်မှုတွင် စက်မှုဇုန်အားလုံး၌ တရက် (၅) နာရီခန့်ပင် ပုံမှန်မရ၊ ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်က တရက် (၆) နာရီ ရရှိသော်လည်း အချိန်မှန်မရှိ၊ နယ်ဒေသများတွင် (၁) ရက်ခြား၊ (၂) ရက်ခြား (၈) နာရီခန့်သာ ရရှိသည်။ နအဖရုံးစိုက်ရာ နေပြည်တော်နှင့် နိုင်ငံတွင်း လျှပ်စစ်မရှိမဖြစ်လိုအပ်သည့် ဌာနအချို့သာ လျှပ်စစ် (၂၄) နာရီ အပြည့်ရနေသည်။

စက်မှုလုပ်ငန်းများစွာမရှိသေးသည့် ယခုကာလတွင်ပင် တနိုင်ငံလုံး လျှပ်စစ်လိုအပ်ချက် ယခုထက် (၆) ဆခန့် တိုးတက်ရရှိရန် လိုအပ်နေဆဲဖြစ်သည်။ အကယ်၍ ဓာတ်အား (၆) ဆ တိုးတက်ရရှိလာသည့်တိုင် တနိုင်ငံလုံးအတိုင်းအတာ လျှပ်စစ်ရမည် မဟုတ်။ အကြောင်းမှာ လျှပ်စစ်မီးကြိုး သွယ်တန်းထားသည့် ကွန်ရက်က နိုင်ငံအ၀ှမ်း မလွှမ်းခြုံနိုင်ခြင်းကြောင့်ဖြစ်သည်။

လျှပ်စစ်အိပ်မက်

လက်ရှိ နအဖစစ်အစိုးရက ရေအားလျှပ်စစ်စီမံကိန်းများကို လာမည့် ၂၀၃၁ ခုနှစ်အထိ စီမံကိန်း ချမှတ်ထားသည်ဟု ၂၀၀၉ ခု နှစ်ကုန်တွင် ပြောဆိုလိုက်သည်။ တည်ဆောက်နေဆဲ လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ (၂၇) ရုံရှိပြီး ယင်းထဲမှ စက်ရုံ (၁၀) ခုမှာ ၂၀၁၂ ခုနှစ်တွင် လျှပ်စစ်ထုတ်လုပ်နိုင်မည်ဟုသာ ခန့်မှန်းထားသည်။ လက်တွေ့တွင်မူ မြစ်ငယ်မြစ်ပေါ် တည်ဆောက်နေသည့် ရဲရွာရေအားလျှပ်စစ်စက်ရုံပင် သတ်မှတ်ချိန်တွင် လည်ပတ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

တည်ဆောက်ဆဲ စီမံကိန်းများထဲမှ မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်သည့် တာဆန်း၊ ထမံသီ၊ ရွှေစာရေး၊ မြစ်ဆုံ၊ ချီဗွေ စက်ရုံများကိုလည်း တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းမှ ထွက်ရှိသည့် လျှပ်စစ်က ပြည်တွင်းသုံးရန်အတွက်ဟုလည်း ပြောကြားထားခြင်းမရှိရာ ယင်းစက်ရုံများ လျှပ်စစ်ထုတ်လုပ်ပါကလည်း ပြည်တွင်းလျှပ်စစ်လိုအပ်ချက် တစိတ်တပိုင်း ဖြည့်ဆည်းပေးနိုင်မည်ဟု မမျှော်လင့်နိုင်ပေ။

တည်ဆောက်ဆဲ စီမံကိန်းများအပြင် ထပ်မံတည်ဆောက်မည့် ရေအားလျှပ်စစ်စက်ရုံ (၂၅) ရုံ ရှိနေပြီး အချို့ကို တည်ဆောက် မောင်းနှင် လွှဲပြောင်းစနစ်ဖြင့် နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တရုတ်ကုမ္ပဏီများကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစပြီး ကန်ထရိုက်ချပေးနေသည်။

နအဖစစ်အစိုးရကမူ ယခု သူတို့တည်ဆောက်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများအပြင် နိုင်ငံတွင်း ထပ်မံတည်ဆောက် နိုင်သည့် ရေအရင်းအမြစ် များစွာရှိသေးကြောင်း ထုတ်ဖော်ပြောကြားသည်။ သို့သော် နိုင်ငံ၏ အဓိက မြစ်၊ ချောင်းများ အားလုံးတွင် တည်ဆောက်ပြီး တည်ဆောက်ဆဲ တည်ဆောက်ရန် စီစဉ်ထားပြီးဖြစ်သည်။ ယင်းစီမံကိန်းများ ပြည့်စုံပြီးစီးရန် နောက်ထပ် နှစ် (၂၀) စီမံကိန်း ဖြစ်သည်ဟုဆိုသည်။

နအဖ စီမံကိန်းအရမူ မြန်မာလူထုအနေဖြင့် လာမည့် နှစ်ပေါင်း (၂၀) ကြာကာလအထိ လျှပ်စစ်မလုံလောက်မှုကို ရင်ဆိုင်ရဦးမည် ဖြစ်သည့်အပြင် လျှပ်စစ်ရရှိနိုင်သည့် အရင်းအမြစ်များ ဆုံးရှုံးခြင်း၊ နိုင်ငံတွင်း အဓိက မြစ်ချောင်းများကို ပိတ်ပြီး ဆည်ဖို့ထားခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရာသီဥတု အပြောင်းအလဲများကိုပါ ခါးစည်းခံကြရဖွယ်ရှိနေသည်။ ။
စိုးမိုး (သတင်းသုံးသပ်ချက်)
၃/ ဖေဖော်ဝါရီ ၂၀၁၀
မူရင်း ။ ။ ခေတ်ပြိုင်

အပြန်အလှန် ထောက်ခံကြ၊ အပြန်အလှန် ပေါင်းစပ်လှုပ်ရှားကြ



ပြည်တွင်း ပြည်ပ၊ ပါတီတွင်း ပါတီပ အကြောင်းအချက်များအရ ၁၉၈၉ ခုနှစ်မှာ န၀တစစ်အုပ်စုရဲ့ ဗကပ ဖြိုခွဲရေးလုပ်ကြံမှု အောင်မြင်သွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ဗမာပြည် လက်နက်ကိုင်တော်လှန်ရေး ဒီရေဟာ နိမ့်ဆင်းသွားခဲ့တယ်။ အဲဒီအခြေအနေမှာ မိုးဦးကျ မှိုတွေ၊ မျှစ်တွေ အလျှိုအလျှို ပေါက်လာသလို အပစ်ရပ်အဖွဲ့တွေ ပေါ်လာကြတယ်။
န၀တစစ်အုပ်စုဟာ အပစ်ရပ်အဖွဲ့တွေကို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လက်နက်ကိုင်ဆောင်ခွင့်၊ စီးပွားရေး လုပ်ကိုင်ခွင့်တွေ ပေးခဲ့တယ်။ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခွင့်ကိုတောင် ပေးခဲ့တယ်။ ရည်ရွယ်ချက်က အပစ်ရပ်အဖွဲ့တွေကို အမျိုးသားတန်းတူရေး နိုင်ငံရေးအင်အားစုများအဖြစ်မှ စီးပွားရေးအင်အားစုများအဖြစ် ပြောင်းလဲဖျက်ဆီးပစ်ဖို့ဖြစ်တယ်။ သူတို့အလိုကျမဖြစ်ရင် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတဲ့ အဖွဲ့အစည်းများ အဖြစ် တရားခံရှာဖို့ဖြစ်တယ်။ ဒီနည်းနဲ့ အပစ်ရပ်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလက္ခဏာ လုံးပါးပါးစေပြီး၊ အဲဒီအဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင်တပ်တွေကို အပိုင်စီးဖို့ ဒါမှမဟုတ် ဖျက်သိမ်းပစ်ဖို့ဖြစ်တယ်။ တပြည်လုံးဆိုင်ရာ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုကြီးနဲ့ ကင်းကွာသွားစေဖို့ဖြစ်တယ်။
၁၉၈၉ ကာလနဲ့ အဲဒီမတိုင်မီကာလများက န၀တစစ်အုပ်စုရဲ့ အဓိက ဦးတည်ရန်သူဟာ ဗကပ ဖြစ်တယ်။ တပြည်လုံးလက္ခဏာနဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ အဓိကနိုင်ငံရေးအင်အားစု ဗကပ ပြိုကွဲသွားပြီလို့ ယူဆပြီးတဲ့နောက် နအဖရဲ့ အဓိက ဦးတည်ရန်သူဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ အပြတ်အောင်ပွဲရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဖြစ်လာတယ်။ အန်အယ်လ်ဒီကို ဦးတည်ချေမှုန်းနိုင်ဖို့ အန်အယ်လ်ဒီက သပိတ်မှောက်ထားတဲ့ ညောင်နှစ်ပင်ညီလာခံကို ‘အပစ်ရပ်အဖွဲ့’ တွေ တက်လာအောင် နအဖ က အကွက်ဆင်ခဲ့တယ်။ အပစ်ရပ်အဖွဲ့တွေ အန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီအင်အားစု မှန်သမျှအကြား အပြန်အလှန် ဆက်စပ်ခွင့်မရအောင်လည်း နအဖက နည်းမျိုးစုံနဲ့ ချုပ်ချယ်ကန့်သတ်ခဲ့တယ်။ ဒါဟာ ဒီမိုကရေစီရေးနဲ့ အမျိုးသားတန်းတူရေးလှုပ်ရှားမှုကို မပေါင်းစည်းမိအောင် ရည်ရွယ်တာပဲဖြစ်တယ်။
အပစ်အခတ်စရပ်စဉ်က အပစ်ရပ်အဖွဲ့တွေရဲ့ အမျိုးသားတန်းတူရေးဆိုင်ရာ နိုင်ငံရေးတောင်းဆိုချက်တွေကို နအဖက ထမင်းရည်ပူလာ လျှာလွှဲလုပ်ခဲ့တယ်။ သူတို့ (နအဖ) ဟာ တပ်မတော်အစိုးရဖြစ်တဲ့အတွက် နောင်တက်လာမယ့် အရပ်သားအစိုးရနဲ့ကျမှ ဆွေးနွေးပါဆိုပြီး ပယ်ချခဲ့တယ်။ အန်အယ်လ်ဒီကို ဦးတည်တိုက်ခိုက်ဖို့ လိုအပ်လာမှ အပစ်ရပ် အဖွဲ့တွေကို ညောင်နှစ်ပင်ညီလာခံထဲ ဆွဲသွင်းလာတာဖြစ်တယ်။ အပစ်ရပ်အဖွဲ့တွေဟာ သူတို့ရဲ့အမျိုးသားတန်းတူရေးဆိုင်ရာ နိုင်ငံရေးတောင်းဆိုချက်တွေကို တင်ပြတောင်းဆိုခဲ့ပေမယ့် ဘာတခုမှ အသိအမှတ်ပြုမခံခဲ့ကြရဘူး။
၁၉၉၈ တုန်းက န၀တရဲ့ လက်တွေ့နိုင်ငံရေးစီမံချက်ဟာ ဗကပ ဖြိုခွဲရေး၊ ဒီမိုကရေစီအင်အားစုများ၊ တောခို ၈၈ မျိုးဆက် ကျောင်းသားများနဲ့ ဗကပ အကြား အဆက်ဖြတ်ရေး၊ ၁၉၆၆ ခုနှစ်က တရုတ်-ဗမာအရေးအခင်း ဖန်တီးမိခဲ့လို့ မျက်နှာပျက်ခဲ့ရတဲ့ တရုတ်အစိုးရနဲ့ ပြန်လည်ရင်ကြားစေ့ရေးဖြစ်တယ်။
လက်ရှိ နအဖရဲ့ လက်တွေ့နိုင်ငံရေးစီမံချက်က ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေး၊ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီကို အပြတ်ချေမှုန်းရေး၊ နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ဒီမိုကရေစီအင်အားစုများအား အညံ့ခံ ပြည်တော်ပြန်လာစေရေး၊ ၎င်းတို့အကျိုးစီးပွားအတွက် အမေရိကန်နဲ့ ပြန်လည်ရင်ကြားစေ့ရေးဖြစ်တယ်။
ဖော်ပြပါ လက်တွေ့နိုင်ငံရေးစီမံချက်ရဲ့ အရေးကြီး အစိတ်အပိုင်းအဖြစ် နအဖဟာ အပစ်ရပ်အဖွဲ့တွေရဲ့ လက်နက်ကိုင်တပ် တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အသွင်ပြောင်းဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်။ အဖွဲ့အစည်းတွေကိုတော့ အဆိပ်မရှိတဲ့ မြွေဖြစ်အောင်လုပ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သနပ်ခါးလိမ်း ပန်းပန်ပေးရေးမှာ အသုံးချနိုင်ဖို့ ကြံစည်နေတယ်။
လက်တွေ့မှာ အပစ်ရပ်အဖွဲ့အများစုဟာ နယ်ခြားစောင့်တပ်လုပ်ရေး၊ ပြည့်သူ့စစ်လုပ်ရေးကို ငြင်းဆန်နေကြတယ်။ နယ်ခြားစောင့်တပ်လုပ်ရေး လက်ခံတဲ့ အဖွဲ့အစည်းတွေရဲ့ တပ်မှူး၊ တပ်သားတွေဟာလည်း စုဖွဲ့မှုကာလအတွင်းမှာပဲ ထွက်ပြေးနေကြတယ်။ ဒီဖြစ်ရပ်တွေကတဆင့် သိနိုင်တာက ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရာမှာ အန်အယ်လ်ဒီနဲ့ အပစ်ရပ်အဖွဲ့တွေဟာ ရပ်တည်ချက် တူနေကြပြီဆိုတာပဲဖြစ်တယ်။ လက်ရှိအခြေအနေ၊ အချက်အလက်တွေကို ကြည့်ရင် အန်အယ်လ်ဒီအပါအ၀င် ဒီမိုကရေစီအင်အားစုများနဲ့ အပစ်ရပ်အဖွဲ့တွေဟာ ကံတူအကျိုးပေးဆိုတာ ထင်ရှားနေပြီ ဖြစ်တယ်။
တလျှောက်လုံး နအဖစစ်အုပ်စုရဲ့ အပိုင်စီးအသုံးချခံနေရတဲ့ တပ်မတော်တွင်းမှာလည်း အထက်အောက် ခံစားခွင့်အကျိုးစီးပွား ကွာဟာချက်ကြီးမားတာကြောင့် တပ်တွင်းမကျေနပ်မှုတွေ တနေ့တခြား ကြီးထွားလာနေပြီဖြစ်တယ်။ အမိန့်နာခံမှု ကောင်းတယ်ဆိုတဲ့ တိုက်ခိုက်ရေးတပ်မတွေအတွင်းမှာတောင် ဆန္ဒပြမှုတွေပေါ်တဲ့အတွက် ဖမ်းတာဆီးတာတွေ လုပ်ပြီး ကြိုးစားထိန်းသိမ်းနေရတယ်။ တပ်ပြေးတွေ တနေ့တခြား ပိုများလာပြီး ဖွဲ့စည်းပုံပြည့်ရေးအတွက် ပြည်တွင်းပြည်ပက ဆန့်ကျင်နေတဲ့ကြားက ကလေးစစ်သားစုဆောင်းရေးကို မျက်နှာပြောင်တိုက် လုပ်နေရတယ်။ လတ်တလောမှာ လစာ (၁) သိန်းအောက်ဝန်ထမ်းတွေကို လစာ (၂) သောင်း ထပ်တိုးပေးမယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ဒီသတင်းသာ အတည်ဖြစ်ရင် တပ်တွင်းမငြိမ်သက်မှုကို အကြောင်းပြုပြီး ပေါ်လာတဲ့ စီမံချက်လို့ ယူဆနိုင်တယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်မှုမျိုးဟာ ဆေးမြီးတိုသာဖြစ်ပြီး တပ်ကို တကယ်တမ်းတည်ငြိမ်အောင် ထိန်းနိုင်တဲ့ နည်းလမ်းမဟုတ်ဘူး။
တပ်ကို တကယ်တမ်းတည်ငြိမ်အောင် ထိန်းနိုင်ဖို့ဆိုရင် တပ်ပြုပြင်ပြောင်းလဲရေးကို အခြေခံကစပြီး လုပ်ရမယ်။ ဆိုလိုတာက တပ်မတော်ကို အသုံးချပြီး စီးပွားရေးမှန်သမျှ စစ်အုပ်စုက လက်ဝါးကြီးအုပ်ခြယ်လှယ်နေတာတွေကို ရပ်ဆိုင်းပစ်ရမယ်။ တပ်တွင်း အထက်အောက် ရပိုင်ခွင့်ကွာဟမှု ကြီးမားနေတာကို တရားမျှတမှုရှိအောင် ပြုပြင်ပစ်ရမယ်။ လွတ်လပ်တဲ့ တပ်တွင်း ဒါဘာဆွေးနွေးပွဲများကို ပုံမှန်ပြုလုပ်ပြီး အောက်ခြေအကြပ်တပ်သားများရဲ့ တရားမျှတတဲ့ တင်ပြချက်များကို ဖြေရှင်းပေးရမယ်။ ဒါတွေကို အမှန်တကယ် ဆောင်ရွက်နိုင်ဖို့ဆိုရင် စစ်အုပ်စုရဲ့ အမိန့်ပေးဌာနအောက်မှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တပ်မတော်ဟာ ပြည်သူတွေ လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခွင့်အရ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီအစိုးရအပေါ် သစ္စာခံမှ၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက်ယန္တရားကို ဖျက်သိမ်းပစ်မှသာဖြစ်နိုင်မယ်။
အထက်ပါအချက်က တဆင့်သိနိုင်တာက တပ်မတော်တွင်း အောက်ခြေတပ်မှူး အကြပ်တပ်သားများရဲ့ ဘ၀ တိုးတက်ကောင်းမွန်ရေးဟာ လစာတိုးပေးတာ၊ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် စစ်အုပ်စုရဲ့အရပ်ဝတ် ရုပ်သေးအစိုးရတရပ် တည်ရှိရေး … စတာတွေ မဟုတ်ဘူး ဆိုတာပဲဖြစ်တယ်။
အချုပ်အားဖြင့်ဆိုရင် ဒီမိုကရေစီအင်အားစုတွေ၊ အပစ်ရပ်အဖွဲ့တွေ၊ တပ်မတော်တွင်း အောက်ခြေတပ်မှူး၊ တပ်သားတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို ခံနေကြရတဲ့ ဘ၀တူတွေဖြစ်တယ်။ ဒါကြောင့် ဒီအင်အားစုသုံးခုဟာ အပြန်အလှန် ထောက်ခံ၊ အပြန်အလှန် ပေါင်းစပ်လှုပ်ရှားမှသာ မိမိတို့အသီးသီးရဲ့ ရည်မှန်းချက်တွေ အထမြောက်နိုင်မှာဖြစ်တယ်။ ပြည်သူတရပ်လုံးရဲ့ အားပေးထောက်ခံပါဝင်မှုကို ရရှိနိုင်မှာဖြစ်တယ်။ အကြောင်းကတော့ ဒီအင်အားစုသုံးခုရဲ့အရေးဟာ လူမျိုးစုံပြည်သူတရပ်လုံးရဲ့ အရေးတော်ပုံနဲ့ ပေါင်းစည်းနေလို့ဖြစ်တယ်။ ပေါင်းစပ်မှုမရှိဘဲ တကွဲတပြား လှုပ်ရှားရင် ရောက်ချင်တာက နိဗ္ဗာန်၊ ရောက်ရတာက ငရဲဖြစ်လိမ့်မယ်။
ဘယ်လိုအပြန်အလှန်ပေါင်းစပ်ကြမလဲ။ ဥပမာတခုအနေနဲ့ ထုတ်ပြရရင် အပစ်ရပ်အဖွဲ့တွေကို နအဖက အကြမ်းဖက် စစ်ဆင်လာခဲ့ရင် ဒီမိုကရေစီအင်အားစုမှန်သမျှက လူထုကြီးကို စည်းရုံးပြီး ပြည်တွင်းစစ်ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လူထုလှုပ်ရှားမှုကြီးနဲ့ နအဖလုပ်ရပ်ကို ဆန့်ကျင်ဖို့ဖြစ်တယ်။ ဒီမိုကရေစီ အင်အားစုများရဲ့ လူထုလှုပ်ရှားမှုများကို နအဖက အကြမ်းဖက်ဖြိုခွဲလာခဲ့ရင် အပစ်ရပ်အဖွဲ့များအနေနဲ့ လူထုဆန္ဒပြဖော်ထုတ်မှုကို ထောက်ခံရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို ဆန့်ကျင်ကန့်ကွက်ရေး စတဲ့ လှုပ်ရှားမှုများနဲ့ နအဖကို ဆန့်ကျင်ဖို့ဖြစ်တယ်။
တပ်မတော်တွင်းရှိ အောက်ခြေတပ်မှူး၊ အကြပ်တပ်သားများ၊ မျိုးချစ်ပြည်ချစ်အင်အားစုများကလည်း အထက်ဖော်ပြပါ အရေးအခင်းမျိုး ရင်ဆိုင်လာရတဲ့အခါ ဒီမိုကရေစီအင်အားစုများ၊ အပစ်ရပ်အဖွဲ့များ၊ ပြည်သူများရဲ့ တောင်းဆိုလှုပ်ရှားမှုများ ဘက်က ရပ်တည်ရေး၊ ပြည်တွင်းစစ်ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ လူထုအား အကြမ်းဖက် ပစ်ခတ်ရန် ပေးတဲ့ အမိန့်မှန်သမျှ မနာခံရေး စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ထောက်ခံပါဝင်ဖို့ဖြစ်တယ်။
တချိန်တည်းမှာ တပ်မတော်သားများရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အပစ်ရပ်အဖွဲ့များ၊ ဒီမိုကရေစီ အင်အားစုများ အပါအ၀င် လူမျိုးစုံပြည်သူတရပ်လုံးက အုံကြွထောက်ခံရေး၊ တပ်မတော်သားများကို နည်းမျိုးစုံဖြင့် ကူညီရေး၊ ကာကွယ်စောင့်ရှောက်ရေးဖြစ်တယ်။ ဒီနည်းနဲ့သာ ဒီမိုကရေစီအင်အားစုများ၊ အပစ်ရပ်အင်အားစုများ၊ တပ်မတော်တွင်းရှိ အောက်ခြေတပ်မှူး၊ အကြပ်တပ်သား မျိုးချစ် ပြည်ချစ်အင်အားစုများရဲ့ အရေးတော်ပုံ (၀ါ) လူမျိုးစုံပြည်သူတရပ်လုံးရဲ့ အရေးတော်ပုံဟာ အောင်ပွဲရနိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။ ။
တပ်မတော်သားဟောင်းတဦး

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်


head_and_brain.jpg

၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။

၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။

၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။