Monday, March 29, 2010

အင်န်အယ်ဒီပါတီ ၂၉ အစည်းအဝေးက ရွေးကောက်ပွဲ မ၀င်ဟု ဆုံးဖြတ်


ယနေ့ အင်န်အယ်ဒီပါတီ ခေါင်းဆောင် ၁၀၀ ကျော်နှင့် ပါတီဝင်များ၊ လူငယ်များ၏ အရေးကြီးသော ပါတီရပ်တည်ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ သဘောထားကို ဆုံးဖြတ် ထုတ်ပြန်ရာတွင် အားလုံး၏ ဆန္ဒဖြင့် ပါတီကို ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်သည်ဟု ဆိုသည်။

ထို့ကြောင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အင်န်အယ်ဒီပါတီက ၀င်ရောက်မည်မဟုတ်ဟူသော သဘောထားဖြစ်သည်။ ယနေ့ အင်န်အယ်ဒီင်္၏ ရပ်တည်ချက်မှာ - “လူထုရှိလျင် ပါတီ ရှိသည်” ဟူသော သဘောဖြစ်ကြောင်း မျက်မြင်တဦးက ပြောကြားသည်။ 
နောက်တရက်တွင် အင်န်အယ်ဒီပါတီ၏ ထုတ်ပြန်ချက်သဘောထားများ တရားဝင်ပြန်ကြားမည်ဟု သိရပြီး ရန်ကုန်တမြို့လုံး လက်နက်ကိုင်လုံခြုံရေးများ၊ ထောက်လှမ်းရေးများအပြင် စွမ်းအားရှင်များကိုပါ တိုးမြှင့်ချထား အင်အားပြလျက်ရှိသည် ဆိုသည်။

(ဓာတ်ပုံများ - ၂၉ အစည်းအဝေး မြင်ကွင်း)
 
မိုးမခအထောက်တော် ၀၀၃

တောင့်ထား အန်အယ်လ်ဒီ

နအဖရဲ့ နောက်ဆုံးခြေလှမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စမ်းသပ်လိုက်တာပဲလို့ အလွယ်တကူပြောရင် ရပါတယ်။ ဒါပေမယ့် နအဖရဲ့ဒီထိုးစစ်ဟာ မမျှော်လင့်ဘဲပေါ်လာတာမဟုတ်ပါဘူး။ ဒင်းတို့တတွေ ဒီအတွက် ကြိတ်ကြံနေတယ်။
တချိန်ကျရင်၊ အထူးသဖြင့် ရွေးကောက်ပွဲကာလတ၀ိုက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို “ကိုင်” တော့မယ်ဆိုတာ
အစောကြီးကတည်းက အများက တွက်ထားကြတာပါ။ ဘယ်ပုံဘယ်နည်းဆိုတာကိုသာ စောင့်ကြည့်နေကြတာ ဖြစ်ပါ
တယ်။

အခုတော့ အဖြေက ထွက်လာပါပြီ။ တွက်ထားတဲ့အတိုင်းပဲ ကောင်းဘွိုင်ကားထဲက လူဆိုးလို သေနတ်တ၀င့်ဝင့်နဲ့
အဲဒီသေနတ်ကိုင်လူဆိုးက အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဖြိုခွဲခံမလား၊ သူတို့ခွင့်ပြုတဲ့ ဥပဒေဘောင်
ထဲကနေ အပြင်ကိုထွက်သွားမလား၊ သူတို့ဖွင့်ပေးထားတဲ့ ပုံစံတံခါးပေါက်ကနေ ခေါင်းငုံ့ဝင်မလားလို့ ရွေးစရာတွေ
ပေးနေပါတယ်။ ဒါဟာ နအဖဘက်က သွေးတိုးစမ်းတာ မကတော့ပါဘူး။ စိန်ခေါ်တာ၊ စစ်ကြေညာတာဖြစ်ပါတယ်။
ဒီချုပ်အနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရင်ဆိုင်ဖြေရှင်းရပါတော့မယ်။ လွန်ခဲ့တဲ့အနှစ် (၂၀) တုန်းက
ကြံ့ခိုင်မှုမျိုး ရှိသေးသလားဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သက်သေပြရပါတော့မယ်။

သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နအဖက
အခုလို တမင်အညွန့်ချိုးဖို့ လုပ်တာဟာ ဒီနေ့ ပြည်သူလူထုရဲ့ လှုပ်ရှားမှုနဲ့ စိတ်ဓာတ်အရှိန်ကို ချိုးနှိမ်ဖို့လုပ်တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဦးတည်တယ်လို့ ဆိုပေမယ့် ဦးတည်ထားတာ ဖြစ်တယ်ဆိုတာကို
သတိပြုရပါမယ်။

ဒီတပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးကျိုးသွားရင် ပြည်သူလူထုရဲ့လှုပ်ရှားမှုကြီးကိုလည်း အများကြီးထိခိုက်မယ်ဆိုတာ သေချာပါတယ်။ ဒါကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တဦးတည်း ရင်ဆိုင်နေရတဲ့ပြဿနာလို့ အသာလက်ပိုက်ကြည့်နေရင် ဒီတကွေ့ရဲ့ အချောင်သမားဖြစ်သွားပါမယ်။

ဖိနှိပ်တဲ့ အုပ်စိုးသူတွေနဲ့ အဖိနှိပ်ခံ ပြည်သူတို့အကြားက ပဋိပက္ခမှာ အဖိနှိပ်ခံ ပြည်သူတို့ဘက်က တိုက်ပွဲကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြီး ဆင်နွှဲနိုင်တာ အင်မတန်မှ နည်းပါတယ်။ တိုက်ပွဲအချိန်၊ တိုက်ပွဲနေရာဌာန၊ တိုက်ပွဲသဏ္ဌာန် စတာတွေကိုလည်း ကိုယ်သဘောကျတာ ရွေးချယ်ခွင့် မရတတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူလူထုဘက်က ခုခံစစ်ဆင်နွှဲရတာဖြစ်တယ်လို့ ပြောလေ့ရှိကြတာပါ။ အခုလည်းပဲ နအဖရွေးချယ်တဲ့အချိန်၊ နအဖရွေးချယ်တဲ့နေရာမှာ သူတွန်းပို့လာတဲ့နည်းနာနဲ့ ပြန်လည်တုံ့ပြန်ရတော့မှာဖြစ်ပါတယ်။ အလှည့်မို့ နွဲ့လို့မရတော့ပါဘူး။ မြင့်တဲ့အပင်ဟာ လေတိုက်တဲ့ဒဏ်ကို ဒီနေ့အတိုက်အခံအင်အားစုတွေထဲမှာ ထိပ်ဆုံးကရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ နအဖရဲ့အပြင်းထန်ဆုံး တိုက်ခိုက်တာကို ခံရတာပဲ ဖြစ်ပါတယ်။

တပါတည်းမှာ ထောက်ပြဖို့လိုတာက ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းတာဟာ ၁၉၅၈-၆၀ အတွင်း (၂) နှစ်လောက်
နန်းထိုင်လိုက်ရလို့ အာဏာရဲ့အရသာကို မောင်ကျန်တတို့ဖြစ်သွားပြီး တသက်လုံး နန်းစံဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။ စစ်
အုပ်စုတွေဆိုတာ အဲဒီလိုအာဏာကလေး (၂) နှစ်လောက် ရလိုက်တာနဲ့ပဲ သံသရာဆုံးတိုင် အာဏာကိုင်ထားဖို့ စိတ်ကူးကြ
တယ်ဆိုရင် အနှစ် (၂၀) ကျော် အာဏာအရသာကို မြိန်မြိန်ကြီးစားသုံးခဲ့တဲ့ ဗိုလ်သန်းရွှေတို့တတွေ ဘယ်လိုစိတ်ကူး
ကြမယ်ဆိုတာ အလွယ်နဲ့မှန်းကြည့်နိုင်ပါတယ်။ ဒီတော့ လာမယ့် သူတို့ရဲ့လွှတ်တော်ထဲမှာ သူတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ
ဥပဒေဆိုတာနဲ့ လုယူထားတဲ့ (၂၅) ရာခိုင်နှုန်းသော ကိုယ်စားလှယ်အရေအတွက်လောက်နဲ့ တင်းတိမ်ရောင့်ရဲမယ်လို့ထင်ရင် ညံ့လွန်းရာကျပါလိမ့်မယ်။ ဆန္ဒခံယူပွဲတုန်းက (၉၂.၂) ရာခိုင်နှုန်းထက်မနည်း ရအောင်ယူမယ်ဆိုတာကို မယုံမရှိပါနဲ့။ အဲဒီလို လွှတ်တော်မျိုးထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ (၇၅) ရာခိုင်နှုန်းအထက် ကိုယ်စားလှယ်ဦးရေရအောင် စည်းရုံးမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုတော့ စောင့်သာကြည့်ချင်ပါသေးတော့တယ်လို့ ဆိုရမှာပါပဲ။

နအဖရဲ့ ဒီရွေးကောက်ပွဲဟာ ဗြုန်းစားပေါ်လာတာမဟုတ်ပါဘူး။ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ဆွဲကတည်းက ပေါ်လာတာ ဖြစ်ပါတယ်။ လမ်းပြမြေပုံ (၇) ချက်အရဆိုရင် ဒါဟာနောက်ဆုံးအဆင့်၊ ဒါကိုဖြတ်သန်းပြီးရင် ဗိုလ်ချုပ်တွေ ရေသင်ဖြူးမှာ လှေယာဉ်နဲ့မြူးဖို့သာ ရှိတော့တယ်လို့ တွက်ထားတာဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ ဒါဆိုရင် မြန်မာပြည်ကြီးကို စစ်အုပ်စု အဆက်ဆက် ရာစုနှစ်နဲ့ချီပြီး အုပ်စိုးလို့ရသွားပြီလို့ စိတ်ချရတော့မှာပါ။ အနှစ် (၂၀) နီးပါး ပြင်ဆင်လာပြီးနောက်
အခုအခါမှာ ပိုင်ပြီထင်လို့ ဖော်ထုတ်လာတာ ဖြစ်ပါတယ်။ နှယ်နှယ့်အကြံအစည်မဟုတ်ပါဘူး။ ဒီတော့ သဘောဝကျစွာပဲ တိုက်ပွဲဟာ အခက်အခဲတွေ ရှိမှာပါ။ ကတုတ်ကျင်းတွေ စနစ်တကျ တူးပြီးသားအသင့်ဖြစ်နေတဲ့ ရန်သူနဲ့ လမ်းပေါ်မှာ ချီတက်နေတဲ့လူတို့ တိုက်ရတယ်ဆိုရင် ကတုတ်ကျင်းထဲကလူက တပန်းသာတာကတော့ အမှန်ပါပဲ။

ရွေးကောက်ပွဲမတိုင်မီ ဒီကာလပိုင်းဟာ နအဖအနေနဲ့ ရေနှောက်ငါးဖမ်းသလို အတိုက်အခံတွေကို ဆန်ခါတင် စစ်နေတယ်လို့ဆိုရင် မမှားပါဘူး။ သူတို့ရဲ့ပေါ်ပေါက်လာမယ့် စည်းကမ်းရှိတဲ့ ဒီမိုကရေစီကာလကြီးမှာ ဘယ်သူတွေကို ဘယ်လိုနှိပ်ထားရမယ်ဆိုတာ ဒီတချီမှာ တပါတည်း စာရင်းပြုနေတာ ဖြစ်ပါတယ်။ သူတို့ဘက်ကနေ ဘီလူးစည်း လူ့စည်းခွဲနေတာလို့ ဆိုနိုင်ပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖစစ်အစိုးရကို ပိုတွက်ဖို့မလိုပါဘူး။ သူတို့တတွေ အာဏာရလေလေ၊ ဥစ္စာဓနတွေ တိုးပွားလေလေ သူတို့ချင်းပြဿနာတွေ ပိုတက်လေလေ ဖြစ်ပါလိမ့်မယ်။ ဒါတရားပါ။ အရင်ကလည်းဒီလိုပဲဖြစ်ခဲ့တယ်။ နောင်လည်း ဒီလိုပဲဖြစ်ပါလိမ့်မယ်။ တဖက်မှာလည်း ဒီလိုဆိုတဲ့အတွက် ဒင်းတို့တတွေ သူတို့ချင်းချကုန်ပြီး အလိုလိုပျက်စီးသွားမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ကိုယ်က (ပြည်သူလူထုက) တွန်းမချရင် ပြိုမကျပါဘူး။

အဲဒီအတွက် အင်အားစုစည်းပါ။ ကျစ်လစ်အောင်၊ ကျယ်ပြန့်အောင်လုပ်ပါ။ နည်းနာရှာပါ။ ကိုယ့်ဘက်မှာ ပြည်သူလူထု ရှိနေရင် မရှိရာကနေ ရှိလာ၊ အားနည်းရာကနေ အားကြီးလာရမှာပါ။

ရဲဘော်ဖိုးသံချောင်း
ရင်းမြစ်။ ။ခေတ်ပြိုင်

ကျယ်ပြန့်လာနိုင်တဲ့ ပြည်တွင်းစစ်အန္တရာယ်

လက်ရှိ မြန်မာပြည်သူတွေရဲ့ဘ၀ဟာ န၀တ၊ နအဖ ခေါင်းဆောင်များ မိုက်မိုက်ကန်းကန်း တူးထားတဲ့ တွင်းနက်ကြီးထဲမှာ မလူးသာ မလွန့်သာ ယက်ကန်ယက်ကန် ကျရောက်နေရတဲ့ အခြေအနေပါ။ ဒီအခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အနေအထားဟာလည်း စိုးရိမ်အမှတ်ကို ရောက်နေပါတယ်။

နအဖအနေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ လူသိရှင်ကြား အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

ဒီလိုရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထွက်လာတဲ့အခါမှာ အထူးသဖြင့် ကြိုတင်ထွက်ဆခဲ့သလို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ အချက်ပါလာသလို လုံးဝမျှော်လင့်မထားခဲ့တဲ့ နိုင်ငံရေးပါတီတွေကို ချုပ်ကိုင်ဖို့၊ ကန့်သတ်ဖို့ ပါတီတွင်းရေးရာတွေကိုပါ ၀င်ရောက်စွက်ဖက်နိုင်တဲ့ ဥပဒေတွေပါ ပါလာတာကို တွေ့ရပါတယ်။ တနည်းအားဖြင့် ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲကို ကြီးကြပ်မယ့်အပြင် နိုင်ငံရေးပါတီများကိုပါ ကွပ်ကဲမယ်ဆိုတဲ့ အပိုဒ်တွေပါလာသလို အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တယောက်ဟာ နိုင်ငံရေးပါတီခေါင်းဆောင်ဖြစ်ခွင့်မရှိသလို ပါတီဝင်တောင် ဖြစ်ခွင့်မရှိဆိုတာမျိုး၊ ဒါ့အပြင် နိုင်ငံရေးပါတီများမှာ အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်များရှိခဲ့ရင် ပါတီက ထုတ်ပယ်ပစ်ရမယ်၊ မထုတ်ပယ်ဘူးဆိုရင် ပါတီကိုပါ ဖျက်သိမ်းနိုင်တယ်ဆိုတဲ့ အပိုဒ်တွေကိုပါ တွေ့ရပါတယ်။ ဒါတွေကြည့်ခြင်းအားဖြင့် ဒီဥပဒေတွေဟာ မတရားတဲ့ ဥပဒေတွေ နိုင်ငံရေးပါတီတွေကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်နိုင်ဖို့ ၀င်ရောက်စွက်ဖက်နိုင်ဖို့ တမင်ရည်ရွယ်ချက်နဲ့ ရေးဆွဲထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။

ဒီလို ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ အကန့်အသတ်တွေ အတားအဆီးတွေအောက်မှာ နိုင်ငံရေးပါတီတရပ် ရပ်တည်ဖို့ ရှင်သန်ဖို့အတွက် မှတ်ပုံတင်မယ်ဆိုရင် နိုင်ငံရေးပါတီများဟာ ကော်မရှင်ရဲ့ နည်းမျိုးစုံနဲ့ ကွပ်ကဲထိန်းချုပ်မှုအောက်ကို ရောက်သွားမှာဖြစ်ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်မယ့် ပြည်သူတွေကို ဦးဆောင်မယ့် နိုင်ငံရေးပါတီတရပ်ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထိန်းကွပ်မှုအောက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ရမယ်ဆိုရင် ဒါက လုံးဝမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ကျနော်အမြင်ပြောရရင် တရားဝင်နိုင်ငံရေးပါတီများဟာ မူလက ချမှတ်ထားတဲ့ မိမိပါတီရဲ့မူ၊ မိမိပါတီရဲ့ဆုံးဖြတ်ချက်တွေကို အမိအရ ဆုပ်ကိုင်ပြီးတော့ ပါတီကို ဆက်လက်ရပ်တည်သွားသင့်တယ်လို့ ထင်ပါတယ်။

အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တခဲနက်ထောက်ခံမှုကို ရထားတဲ့ ပါတီဖြစ်ပါတယ်။ ဒါကြောင့် ၉၀ ရွေးကောက်ပွဲ အကောင်အထည်ဖော်ရေးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒဖြစ်သလို မကြာသေးခင်က ပါတီဝင်အများစုနဲ့ ဆုံးဖြတ်ချမှတ်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာလည်း ပါတီရဲ့ အဓိက ကိုင်စွဲရမယ့် မူဝါဒတရပ်ဖြစ်ပါတယ်။ ဒီမူဝါဒတွေကို အကြောင်းမဲ့ စွန့်ပြီးတော့ ပါတီရှင်သန်ရေးအတွက် မှတ်ပုံမတင်သင့်ဘူးလို့ ထင်မြင်ပါတယ်။ အထူးသဖြင့် အန်အယ်လ်ဒီဟာ စီအာပီပီအဖွဲ့ဝင် ပါတီတရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် စီအာပီပီမှာ အများသဘောတူ ဆုံးဖြတ်ချမှတ်ထားတဲ့ စီအာပီပီရဲ့ မူတွေကိုလည်း မသိကျိုးကျွန်ပြုပြီး စွန့်ခွာသွေဖည်မသွားသင့်ဘူးလို့ ထင်ပါတယ်။

ဒီလို နအဖ ချမှတ်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို အကြောင်းပြုပြီး အန်အယ်လ်ဒီအတွင်းမှာ ပါတီမှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး စသည်ဖြင့် ပြင်းပြင်းထန်ထန် ငြင်းခုံဆွေးနွေးမှုတွေ ရှိသလို ပြည်သူ့အကျိုး တိုင်းပြည်အကျိုးထက် ပါတီရှင်သန်ရေးအတွက် ဦးစားပေးပြီး ပါတီမှတ်ပုံတင်ဖို့ ကြိုးပမ်းအားထုတ်နေတဲ့ လူတချို့ရှိနေတယ်ဆိုတာလည်း ကြားသိရတဲ့အတွက် အလွန်မှစိတ်မကောင်းဖြစ်ပြီး ပါတီရဲ့ အနာဂတ်အတွက်ရော တိုင်းပြည်အတွက်ပါ စိုးရိမ်ပူပန်စိတ်တွေဖြစ်ရပါတယ်။ အကယ်၍ အန်အယ်လ်ဒီဟာ (၂၉၊ ၃၀) ရက်မှာ ကျင်းပတဲ့ အစည်းအဝေးက ပါတီမှတ်ပုံတင်မယ်လို့ ဆုံးဖြတ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရမှာ ဖြစ်သလိုပဲ အဲသလို ထုတ်ပယ်မှုကို မလိုလားတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ပါတီက ခွဲထွက်သွားနိုင်တယ်။ အကယ်၍ ပါတီကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ခဲ့ရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် ပါတီမှတ်ပုံတင်မယ်ဆိုတဲ့ လူတချို့က ပါတီက ခွဲထွက်ပြီး သီးခြားပါတီထောင်မယ့် အရိပ်လက္ခဏာတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါတွေဟာ ပါတီအတွက်သာမကပဲ တိုင်းပြည်အတွက်ပါ စိုးရိမ်စရာဖြစ်ပါတယ်။ နောက်တချက်က အကယ်၍ ပါတီမှတ်ပုံမတင်ခဲ့ဘူးဆိုရင် နအဖရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ ပါတီကို တရားမ၀င်ပါတီအဖြစ် ကြေညာနိုင်တဲ့ အနေအထားမှာလည်း ရှိပါတယ်။

ဒီလိုသာကြေညာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံတနိုင်ငံလုံးကို လွှမ်းခြုံဖွဲ့စည်းထားတဲ့ ပါတီ၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပိုင်ရှင် တိုင်းရင်းသားပြည်သူတရပ်လုံး လေးစားကြည်ညို ချစ်ခင်မှုရှိတဲ့ နိုင်ငံတကာကလည်း အသိအမှတ်ပြုလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီ၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တခဲနက်မဲဆန္ဒနဲ့ အပြတ်အသတ် အနိုင်ရထားတဲ့ ပါတီတရပ်ကို နအဖ ခေါင်းဆောင်များအနေနဲ့ ထင်တိုင်းကျဲပြီး ကြေညာချက်ထုတ်လိုက်ရုံနဲ့ ပျက်ပြယ်သွားမှာလား။ ပါတီဝင်များနဲ့ ပြည်သူကရော ဒီအတိုင်းငုတ်တုတ်ခံမှာလား။

ကျနော့်အထင်ကတော့ နအဖအနေနဲ့ ဒီလိုရမ်းရမ်းကားကား ပြုလုပ်ခဲ့မယ်ဆိုရင် ယခင်က နအဖ ပြုသမျှ အကြိမ်ကြိမ်နုခဲ့ကြတဲ့ ပါတီဝင်တွေနဲ့ ပြည်သူတွေဟာ ဒီတကြိမ်မှာတော့ တနည်းနည်းနှင့် တုံ့ပြန်ကြလိမ့်မယ်လို့ ထင်မြင်ယူဆရပါတယ်။ ဒီနေရာမှာ အချို့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပါတီဝင်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ဘယ်လိုပဲဖျက်ဖျက်၊ ဘယ်လိုပဲကြေညာကြေညာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက်လုပ်ပိုင်ခွင့်ပေးထားတဲ့ ပါတီဖြစ်တယ်။ ဒါ့ကြောင့် ဒီလို အခြေအနေမျိုးကို မလွဲမရှောင်သာ ကြုံတွေ့လာမယ်ဆိုရင် ၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပါတီရဲ့အလံကို ငွားငွားစွင့်စွင့် စွဲကိုင်ပြီး ဒီမိုကရေစီရေး လူ့အခွင့်အရေး အာဏာရှင်စနစ်ဆန့်ကျင်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်ကြမှာ ဖြစ်ပါတယ်။ တချို့လွှတ်တော်ကိုယ်စားလှယ်များနဲ့ အဖွဲ့ဝင်များကတော့ ပြည်ပကိုထွက်ပြီး အဝေးရောက် အဖွဲ့ချုပ်ဝင်များနှင့်ပူးပေါင်းကာ ကျရာကြုံရာအခန်းက ဆက်လက်ကြိုးပမ်းကြမှာဖြစ်ပါတယ်။ အဖွဲ့ဝင်အများစုကတော့ ကိုယ်ယောင်ဖျောက်ပြီး လျှို့ဝှက်နည်းလမ်းတွေနဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေအတွက် နည်းလမ်းပေါင်းစုံသုံးပြီးတော့ ဆက်လက်တိုက်ပွဲဝင်ကြမှာဖြစ်ပါတယ်။

ဒီလိုသာဆိုရင် မြန်မာနိုင်ငံရဲ့ပြဿနာတွေ၊ ပဋိပက္ခတွေဟာ ပိုမိုပြင်းထန်လာမှာဖြစ်ပါတယ်။ ဒီလို ပါတီ ဖျက်သိမ်းခံရမယ်။ ရွေးကောက်ပွဲမှာလည်း ပါဝင်ခွင့်မရဘူးဆိုရင် အမေရိကန်နဲ့ ဥရောပနိုင်ငံများ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း နအဖက ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာမဟုတ်သလို ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် ရလဒ်တွေကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါ့အပြင် နအဖအစိုးရကို စီးပွားရေးပိတ်ဆို့မှု အပါအ၀င် အထွေထွေသော ဖိအားတွေကို ပိုမိုပြင်းထန်စွာ ချမှတ်ကျင့်သုံးလာမှာဖြစ်ပါတယ်။ ဒီလိုသာဆိုရင် စီးပွားရေး၊ လူမှုရေးအစစ ယိုယွင်းကျဆင်းမှုဒဏ်ကို ခါးကော့အောင် ခံနေကြရတဲ့ ပြည်သူများအနေနဲ့ ပိုမိုဆိုးရွားကျပ်တည်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

ဒီလိုဒုက္ခတွေအတွက် နအဖ အာဏာပိုင်များကို ပြည်သူတွေရဲ့ဒုက္ခကို စာနာပါ၊ တိုင်းပြည်မျက်နှာကို ထောက်ထားပါလို့ စာရေးသူအနေနဲ့ကတော့ ပြောကြားလိုတဲ့ ဆန္ဒမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် နအဖ ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ ဒုက္ခတွေကို၊ တိုင်းပြည်ရဲ့မျက်နှာကို ထောက်ထားညှာတာခဲ့တာ နအဖ သက်တမ်း တလျှောက်မှာ တကြိမ်တခါ တစိုးတစိမျှ ပြသခဲ့တာ မရှိပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံပြည်သူတွေဟာ နာဂစ်မုန်တိုင်းဒဏ်ခံရလို့ အကြီးအကျယ် သေကြေပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရချိန်မှာတောင် နအဖ ခေါင်းဆောင်များအနေနဲ့ စာနာထောက်ထားမှု၊ ငဲ့ညှာသနားမှုကို မပြခဲ့သလို သူတပါးရဲ့ တိုင်းတပါးရဲ့ စာနာထောက်ထားမှုနဲ့ ပေးအပ်လာတဲ့ အကူအညီများကိုတောင် ပိတ်ပင်တားဆီးခဲ့တာ သာဓကပါပဲ။

ဒါပေမယ့် နအဖ ခေါင်းဆောင်များကို ပြောကြားလိုတာက အခုလက်ရှိအခြေအနေမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေမယ့်အပြင် သေလွန်သွားပြီးတဲ့နောက်မှာလည်း သမိုင်းနောက်ကြောင်းမလှဘဲ သမိုင်းတရားခံများ ဖြစ်ကြမယ့်အရေး တွေးတောစဉ်းစားဖို့ လိုလိမ့်မယ်လို့ ပြောကြားလိုပါတယ်။ အထူးသဖြင့် ဗိုလ်နေ၀င်း၊ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်တို့ရဲ့ ဘ၀နိဂုံးကို သံဝေဂယူပြီး ပြောင်းလဲပြုပြင်ဖို့ အချိန်မနှောင်းသေးပါဘူးလို့တော့ ပြောကြားလိုပါတယ်။

အခြားတဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ လက်နက်ကိုင်ပဋိပက္ခ အသွင်ကိုဆောင်ပြီး ပြည်တွင်းစစ်ကို ဦးတည်နေပါတယ်။ ဒါကြောင့် တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ နအဖအနေနဲ့ ငြိမ်းချမ်းရေးစယူခဲ့စဉ်တုန်းက မြန်မာနိုင်ငံမှာ ဘယ်ခေတ် ဘယ်အခါမှ မတည်ဆောက်နိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့ပြီး လက်နက်ကိုင် ဘယ်ရွေ့ဘယ်မျှနဲ့ ငြိမ်းချမ်းရေးကို ရယူပြီး လက်တွဲဆောင်ရွက် နိုင်ခဲ့ပြီရယ်လို့ မိုးလုံးပြည့် ကြွားဝါခဲ့တဲ့ စကားတွေဟာ ထိုစဉ်ကတည်းက ကေအန်ယူ၊ ကေအန်ပီပီ၊ အက်စ်ယူအာအေ တို့နဲ့ တိုက်နေတဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ်တွေရဲ့ အသံတွေက ပျက်ရယ်ပြုနေသလို ရှိခဲ့ပါတယ်။ မကြာသေးမီကာလမှာ ကိုးကန့်အဖွဲ့အစည်းနဲ့ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခဟာလည်း နအဖရဲ့ ကြွားလုံးတွေကို သရော်နေသလို ရှိနေပါတယ်။ အခုလည်းပဲ ငြိမ်းချမ်းရေးရယူထားပါပြီ၊ လက်တွဲဆောင်ရွက်နေပါပြီဆိုတဲ့ အဖွဲ့အစည်းများနဲ့ မပြေမလည်မှုကနေ စစ်ပြင်ဆင်မှုအထိ ဖြစ်ပေါ်နေတာတွေဟာ နအဖရဲ့ တချိန်က ကြွားလုံးတွေနဲ့ ပြဒါးတလမ်း သံတလမ်းလို ဖြစ်နေပါတယ်။

လက်တလောအခြေအနေမှာ နအဖအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ဖြုတ်သိမ်းရေး၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် တဖက်သတ် ဖိအားပေးကြိုးပမ်းနေပေမယ့် တိုင်းရင်းသား အဖွဲ့အစည်းများဘက်က ဒါကိုလက်မခံဘဲ ပြေလည်ရာပြေလည်ကြောင်း အကျိုးသင့်အကြောင်းသင့် တင်ပြဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါတွေကိုလည်း နအဖ ဘက်က လက်ခံမယ့်သဘောမရှိဘဲ တဖက်သတ် ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်းသာ ဆောင်ရွက်သွားမယ့် သဘောရှိပါတယ်။ ဒီလိုသာဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဒေသအလိုက်ဖြစ်နေတဲ့ စစ်ပွဲတွေကနေ တပြည်လုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်မီး တောက်လောင်လာမယ့် သဘောရှိပါတယ်။ ဒါဟာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အလွန်စိုးရိမ်စရာဖြစ်ပါတယ်။

တကယ်တော့ ဒီအဖွဲ့အစည်းများအနေနဲ့ နအဖရဲ့တောင်းဆိုချက်တွေကို မလိုက်လျောတာဟာ လက်နက်ကိုင်တိုက်ပွဲတွေကို ၀ါသနာထုံလို့၊ စစ်ကိုလိုလားလို့ မဟုတ်ကြပါဘူး။ တကယ်တမ်း ငြိမ်းချမ်းရေးကို လိုလားကြသူတွေဟာ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တိုင်းရင်းသားပြည်သူများသာ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် အနှစ် (၆၀) ကျော် ဖြစ်ပွားလာခဲ့တဲ့ ပြည်တွင်းစစ်ရဲ့အနိဋ္ဌာရုံတွေ ခါးသီးတဲ့ အတွေ့အကြုံတွေကို မျက်ဝါးထင်ထင် တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်ပါတယ်။ ယခုတိုင်လည်းပဲ ကျေးရွာစွန့်ခွာ ထွက်ပြေးပြီးတော့ ခိုကိုးရာမဲ့ ဖြစ်နေကြရတဲ့ ဘ၀အတွေ့အကြုံတွေအရ စစ်ကို မလိုလားကြပါဘူး။ စစ်ကို မုန်းတီးကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို အလိုလားဆုံးပုဂ္ဂိုလ်များဟာ တိုင်းရင်းသား ပြည်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးများအရေး ပြည်နယ်အရေး ပြည်ထောင်စုအရေးအတွက် မလွဲသာမရှောင်သာ တိုက်ပွဲဝင် နေကြရတာသာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးယူစဉ်ကလည်း ကြည်ကြည်ဖြူဖြူ လိုလိုလားလား ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒါဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးယူစဉ်က သဘောထားအမှန်ပါ။ အပစ်အခတ်ရပ်စဲပြီးရင် တိုင်းရင်းသားများအရေးအတွက် ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့် နအဖ အာဏာပိုင်တွေက မလိမ့်တပတ် ဉာဏ်နီဉာဏ်နက်တွေနဲ့ နိုင်ငံရေးကိစ္စတွေ၊ တိုင်းရင်းသားအရေးတွေကို ညီလာခံမှာ ဆွေးနွေးပါဆိုပြီး ရွှန်းရွှန်းဝေအောင် အယုံသွင်းပြောကြားခဲ့ကြပါတယ်။ ဒါပေမယ့် အမျိုးသားညီလာခံကို တက်ရောက်ပြီး တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တွေက တိုင်းရင်းသားလူမျိုးများအရေး ပြည်ထောင်စုအရေးတွေကို တင်ပြခဲ့တဲ့အခါမှာတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးခွင့်တောင်မရဘဲ မှတ်တမ်းတင်ရုံတင်ထားပါမယ်ဆိုပြီး ပယ်ချခဲ့တာကို ခံခဲ့ရပါတယ်။ ဒီလိုအလားတူ နအဖရဲ့ လိမ်ညာလှည့်ဖြားမှုတွေကို ငြိမ်းချမ်းရေးယူပြီး ကာလတလျှောက်မှာ အကြိမ်ကြိမ် ကြုံတွေ့ရလာဖန်များတော့ နအဖအပေါ်မှာ ယုံကြည်မှုမရှိသလို တိုင်းရင်းသားလူမျိုးများရဲ့ ရပိုင်ခွင့်အတွက်လည်း မည်သည့်အာမခံချက်မှ မရရှိသေးတာကို တွေ့မြင်လာရတယ်။ အထူးသဖြင့် နအဖက ရေးဆွဲပြီး အတင်းအကျပ် အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာလည်း တိုင်းရင်းသားလူမျိုးများရဲ့ ရပိုင်ခွင့်ကို လျစ်လျူရှုထားတဲ့အပြင် စစ်တပ်ကသာ ပြည်နယ်တွေနဲ့ တိုင်းရင်းသားဒေသတွေကို ထာဝရစိုးမိုးအုပ်ချုပ်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသာ ဖြစ်တယ်လို့ သိမြင်ထားကြတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ နအဖ တောင်းဆိုနေတဲ့ လက်နက်ဖြုတ်သိမ်းရေး၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဆိုတာတွေကို လက်မခံကြတာဖြစ်ပါတယ်။ အထူးသဖြင့် နအဖအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးယူခဲ့တုန်းက အကြံအစည်များဟာလည်း ဘူးပေါ်သလိုပေါ် လာခဲ့ပါတယ်။ နအဖအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်ပိုင်းမှာ ဒီအဖွဲ့အစည်းတွေကို စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုးသော အခွင့်အရေးတွေနဲ့ မြူဆွယ်ဖြားယောင်းပြီး ဖျက်ဆီးဖို့ အကြံအစည်တွေ ပြီးတော့ ဒီအဖွဲ့အစည်းတွေကို သွေးခွဲပြီးတော့ အင်အားချိနဲ့အောင်လုပ်မယ့် အကြံအစည်တွေဟာ နောက်ဆုံးမှာတော့ ခြိမ်းခြောက်အနိုင်ကျင့်ပြီး လက်နက်ဖြုတ်သိမ်း သို့မဟုတ် တပ်မတော်လက်အောက်ကို သွတ်သွင်းပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေကို ချုပ်ငြိမ်းစေအောင် ကြံစည်လုပ်ဆောင်ခဲ့တာသာ ဖြစ်ပါတယ်။

ဒီလိုအကြံအစည်တွေကို မလိုက်လျောနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို နအဖအနေနဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်မှာလား။ ဒီလိုသာဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းများအနေနဲ့ မလွဲမရှောင်သာ ပြန်လည်ခုခံစစ်ကို ဆင်နွှဲရမှာဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ လက်နက်အင်အား၊ လူအင်အား မမျှတတဲ့ န၀တရဲ့တပ်တွေကို တိုက်ခိုက်ဖို့ ဆန္ဒမရှိကြပါဘူး။ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ပြဿနာတွေကို ဖြေရှင်းချင်ကြပါတယ်။ ဒါပေမယ့် နအဖက တိုက်ခိုက်လာမယ်ဆိုရင်လည်း ခုခံကြရမှာသာ ဖြစ်ပါတယ်။

ဒီနေရာမှာ အနှစ် (၆၀) ကျော်ဖြစ်လာတဲ့ ပြည်တွင်းစစ်အတွေ့အကြုံတွေအရ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ဘဲ သုံးသပ်ရမှာဖြစ်ပါတယ်။ အကယ်၍ ပြည်တွင်းစစ်မီးသာ ကျယ်ကျယ်ပြန့်ပြန့် တောက်လာမယ်ဆိုရင်တော့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အလွန်စိုးရိမ်စရာကောင်းပါတယ်။ ပြည်သူတွေအနေနဲ့ ပြည်တွင်းစစ်ရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို အနှစ် (၆၀) ကျော် ခံစားခဲ့ရပြီး ပြည်တွင်းစစ်ဒဏ်ကြောင့် သေကျေပျက်စီး ဆုံးရှုံးခဲ့ရတဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ မရေတွက်နိုင်သလို တိုင်းပြည်အတွက် ဆုံးရှုံးမှုတွေလည်း ဖြစ်ပါတယ်။ နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ကျဆုံးသွားတာဟာလည်း နိုင်ငံသားတွေပဲဖြစ်ပါတယ်။ နှစ်ဘက်စလုံးက ၀ယ်ယူခဲ့ကြတဲ့ လက်နက်တွေ၊ အမြောက်ကြီးတွေ၊ ကျည်ဆန်တွေ၊ ဒုံးကျည်တွေ၊ ဗုံးဆန်တွေအတွက် ကုန်ကျတဲ့ငွေတွေဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်၊ ပြည်သူတွေရဲ့စားဝတ်နေရေးအတွက် ဖန်တီးရမယ့် တိုင်းပြည်ရဲ့ဘဏ္ဍာတော်တွေပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်တွင်းစစ်မီးသာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာမယ်ဆိုပါက နောက်ထပ်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ၊ တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ ဘယ်၍ဘယ်မျှ ဆုံးရှုံးမယ်ဆိုတာ မခန့်မှန်းနိုင်သလို ပြည်သူတွေရဲ့ ဒုက္ခတွေဟာလည်း အတိုင်းအဆမဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါတယ်။ နအဖအနေနဲ့ကတော့ စစ်ပွဲကို အကြောင်းပြုပြီး စစ်တပ်တွေကို တိုးချဲ့လာနိုင်သလို တိုင်းပြည်ရဲ့ဘဏ္ဍာတွေကိုလည်း အမြောက်အမြား သုံးစွဲပြီးတော့ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် ပြည်တွင်းစစ်ကို ဖန်တီးကောင်းဖန်တီးနိုင်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့ ပြည်တွင်းစစ်မဖြစ်ပွားအောင် အဘက်ဘက်က ၀ိုင်းဝန်းကြိုးစားကြဖို့လိုပါတယ်။ ။

အောင်ဇံ
ရင်းမြစ်။ ။ခေတ်ပြိုင်

မြန်မာကို အင်တာနက် ထောက်လှမ်းရေး မကူညီဟု ပြင်သစ်ကုမ္ပဏီ ပြော

မြန်မာနိုင်ငံက အင်တာနက် သုံးစွဲသူတွေအပေါ် စောင့်ကြည့်တဲ့ နည်းပညာတွေကို မြန်မာစစ်အစိုးရကို ပေးအပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Alcatel-Lucent က ငြင်းဆန်လိုက်ပါတယ်။

တယ်လီဖုန်းလိုင်းတွေကို ကြားဖြတ်နားထောင်တာ၊ အင်တာနက်ကို စိစစ်တဲ့ လုပ်ငန်းတွေအတွက် မြန်မာစစ်အစိုးရကို ကူညီနေတယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ဘူးလို့ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေက ပူးတွဲထူထောင်ထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးက ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ပြင်သစ်အခြေစိုက် ကုမ္ပဏီက ဥရောပသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ချိုးဖောက်ပြီး မြန်မာစစ်အစိုးရကို ဆက်သွယ်ရေးဆိုင်ရာ အကူအညီတွေ ပေးအပ်နေတယ် ဆိုတဲ့အကြောင်း ပြင်သစ် ရုပ်မြင်သံကြားဌာန တခုဖြစ်တဲ့ ကန်နယ်လ် ပလပ်စ် (Canal Plus) နဲ့ ပြင်သစ်မဂ္ဂဇင်း လေဇွန် ရောပ်တေးလ် (Les Inrockuptibles) တို့က ဖော်ပြခဲ့တဲ့နောက် အခုလို တုံ့ပြန်မှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က တရုတ်အစိုးရရဲ့ ငွေကြေး မတည်မှုနဲ့ Alcatel-Lucent Shanghai Bell ကုမ္ပဏီခွဲကတော့ မြန်မာနိုင်ငံက စာတိုက်နဲ့ ဆက်သွယ်ရေး လုပ်ငန်းအတွက် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း အခြေခံ တည်ဆောက်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

အဓိကအားဖြင့် GSM တယ်လီဖုန်း ဆက်သွယ်မှုတွေ ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသ ဆက်သွယ်ရေး လုပ်ငန်းတွေထဲက စီမံကိန်းတခုအဖြစ် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ကုမ္ပဏီအနေနဲ့ လက်ခံသဘောပေါက်သလို ပြည်တွင်း၊ ပြည်ပ ဆက်သွယ်မှု ဆိုတာဟာ အခြေခံ လူ့အခွင့်အရေးတခု အဖြစ် ယုံကြည်ထားကြောင်းလည်း ကုမ္ပဏီရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-28-voa4.cfm

အန်အယ်လ်ဒီ ရုံးရှေ့ တ၀ိုက် ဒီဒေး (Dicision Day) မြင်ကွင်း


NLD ရုံးရှေ့တွင် တွေ့ရသော လူငယ်အဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AP)
ပူလောင်လှသည့် မတ်လနောက်ဆုံး သီတင်းပတ်၏ နေရောင်ထဲ ရွှေဂုံတိုင် NLD ရုံးရှေ့တွင် ရှပ်အကျီ ဖြူများ ပင်နီတိုက်ပုံဝတ် ပါတီဝင်များ၊ စီစီ (ဗဟိုကော်မီတီ) များ ဖြင့်စည်ကားနေသလို အဆိုပါ ရွှေဂုံတိုင် အုတ်လမ်းမှတ်တိုင်နှင့် လင့်ခ်လမ်းမှတ်တိုင် တ၀ိုက်ကို ရဲများ၊ အရပ်ဝတ်ရဲများ၊ စရဖ၊  သတင်းပေးနှင့် ဒိုင်နာကားနှင့် အတူ စွမ်းအားရှင်များ အနည်းဆုံး ၃၊ ၄ရာမျှ စောင့်ကြည့်နေကြသည်ကို တွေ့ရသည်။

ယနေ့သည် NLD အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် မပြိုင်နှင့် ပါတီ မှတ်ပုံ တင်မတင်ကို ဆွေးနွေး ဆုံးဖြတ်ကြမည့်နေ့ ဖြစ်သဖြင့် နိုင်ငံရေး သမားများ၊ နိုင်ငံရေး စိတ်ဝင်စားသည့် ပြည်သူများ အပါအ၀င် နအဖကပါ စောင့်ကြည့်နေသည့် နေ့ဖြစ်သည်။ ယခုလ ၁၅ ရက်နေ့ တွင် ပါတီမှတ်ပုံတင်ရေး မတင်ရေးကို ဆွေးနွေးကြရာ မပြီးပြတ်သဖြင့် ယနေ့ ၂၉ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ရုံးအရှေ့ လမ်းတဖက်ခြမ်းရှိ တာယာ လေထိုးကျွတ်ဖာဆိုင်တွင် ထောက်လှမ်းရေး ၃၊ ၄ဒါဇင်မျှ ထိုင်သူထိုင် ရုံးဘက်သို့ ကင်မရာဖြင့် ဓါတ်ပုံရိုက်သူရိုက်၊ ဗီဒီယို ရိုက်သူရိုက် ဖုန်းဆက်သူ ဆက်ဖြင့် စည်ကားလျက်ရှိသည်။ ဗဟန်း ရေတာရှည်လမ်းဟောင်းထိပ် တွင်လည်း ရဲကား၊ ဒိုင်နာကား၊ ရိုးရိုးအရပ်သုံးကားများဖြင့် စည်ကားနေပြီး အနီးအနားရှိ ထမင်းဆိုင်၊ ကြံရည်ဆိုင်၊ လက်ဘက်ရည်ဆိုင် ထဲတွင် ဝေါ်ကီတော်ကီကို ဘေးလွယ်အိတ်ထဲတွင် ထည့်ထားသည့် အရပ်ဝတ် ရဲများ၊ စရဖများလည်း ၀ိုင်းတိုင်း ၀ိုင်းတိုင်းတွင် ထိုင်လျက်ရှိကြသည်။
NLD ရုံးအ၀နှင့် မျက်နှာစာ သစ်ပင်ရိပ်အောက်တွင် စောင့်ဆိုင်းနေသည့် ပါတီဝင်များ ၁၅၀ ၀န်းကျင်မျှ ရှိသည်။ သူတို့မျက်နှာပေါ်တွင် ပါတီ၏ ရှေ့ရေးကို အဆုံးအဖြတ်ပေးမည့် အချိန်ကို စောင့်စားနေသည့် အသွင်နှင့် စိုးရိမ်ပူပန်နေသည့် မျက်နှာအသွင်ရှိသူများလည်း တွေ့မြင်ရသည်။
လင့်ခ်လမ်း မှတ်တိုင် အနီးရှိ စာသင်ကျောင်းထဲတွင်တော့ ဒိုင်နာကား ၄ စီး နှင့် သူတို့အားကွပ်ကဲသည့် မာဇဒါဂျစ်တစီး ရပ်ထားကာ စွမ်းအားရှင် ဟု ယူဆရသည့် အရပ်သား အယောက် ၂၀ ခန့်နှင့် သူတို့အား ကြည့်ကြပ်သည့် အရပ်ဝတ်ရဲ၊ ယူနီဖောင်းဝတ်ရဲတို့ကိုပါ ကျောင်းရှေ့ သစ်ပင်ရိပ်အောက်တွင် မြင်တွေ့ရသည်။ အချို့သော စွမ်းအားရှင်များက စာသင်ကျောင်းမှ ကလေးစီး ဒန်းပေါ်တွင် ထိုင်စောင့်နေသလို အချို့ ဒိုင်နာကားသမားတွေက ခြင်းလုံး ခတ်နေကြသည်ကို တွေ့ရသည်။
နေ့လည် ၁၂နာရီ မထိုးတထိုးတွင်တော့ အဆိုပါ ကျောင်းဝင်းထဲမှ စွမ်းအားရှင်နှင့် ရဲများအတွက် မှာထားဟန် တူသည့် ထမင်းအိုးဟင်း အိုးတွေကို သစ်ပင်ရိပ်အောက်ချကာ ဖော့ဘူးများနှင့် ထည့်ပေးနေသည် ကိုလည်း မြင်ရသည်။ သူတို့၏ နေ့လည်စာ ဖြစ်သည့် ကြက်သားအစပ်ဟင်း ကိုပင် တွေ့မြင်ရသည်။
NLD ပါတီဝင်တွေမှာတော့ စိတ်လှုပ်ရှားခြင်းနှင့် အတူ လွန်ခဲ့သည့် အနှစ် ၂၀ ၀န်းကျင်က ရွေးကောက်ပွဲ လုပ်စဉ်က မြင်ကွင်းများ၊ ရွေးကောက်ပွဲ အနိုင်ရစဉ် အောင်ပွဲရသည့် ပျော်ရွှင်ခြင်းများ၊ ထို့နောက် အစိုးရဖွဲ့ခွင့်မရသည့် အဖြစ်၊ ဂန္ဒီကြေငြာချက်၊ စင်ပြိုင်အစိုးရ ဖွဲ့ရန် စည်းဝေးသည့် အစည်းအဝေး၊ ပြည်ပသို့ တိမ်းရှောင်သွားသည့် လုပ်ဖေါ် ကိုင်ဘက်များ၊ အကျဉ်းထောင်ထဲ ရောက်ပြီး ကွယ်လွန်သွားသည့် NLD ပါတီဝင် ပြည့်သူ့ ကိုယ်စားလှယ်များ၊ ယခုလက်ရှိ အကျဉ်းထောင်ထဲတွင် ရှိနေသေးသည့် လုပ်ဖေါ်ကိုင်ဘက်များ၏ မျက်နှာများ စသည့်ပုံရိပ်များ တလှည့်စီ ပေါ်နေလိမ့်မည်ဟု တွေးဆကြည့်မိသည်။

ရင်းမြစ်။ ။မိုးမခ

ဟောပြောပွဲများ စိစစ်မှုများ တိုးမြှင့်

ချင်းမိုင် (မဇ္ဈိမ) ။     ။ ရန်ကုန်တိုင်းအတွင်း ကျင်းပမည့် စာပေနှင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ခွင့်ကို ယခင်ကထက် စိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးက ပြောသည်။

“ဟောပြောပွဲမှာ ဟောပြောကြမယ့် အကြောင်းအရာ၊ ဟောပြောပွဲကို လူဘယ်လောက်လောက် တက်မလဲ။ စတာတွေကို စိစစ်နေတာမျိုး ရှိပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

စိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် ညွှန်ကြားချက်ကို မတ်လ ၂၇ ရက် တပ်မတော်နေ့ မတိုင်ခင်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ညွှန်ကြားချက်အသစ်အရ ဟောပြောမည့်သူများ၏ စာရင်းများသာမက ဟောပြောပွဲ တက်ရောက်မည့် လူဦးရေစာရင်း၊ ဟောပြောပွဲကို တာဝန်ခံသူကပါ ဝန်ခံလက်မှတ် ထိုးရမည်ဖြစ်သည်။

စာပေဟောပြောပွဲများကို ကမကထပြု စီစဉ်နေသော Knowledge Bank Library မှ ဝန်ထမ်းတဦးက “ပြီးခဲ့တဲ့ ၂၇ ရက်နေ့မှာ လုပ်သွားတုန်းကတော့ တော်တော်ကို စစ်တယ်။ အဲဒီမတိုင်ခင် အရင်တုန်းကတော့ ဘာမှ သိပ်မေးမနေဘူး။ ပွဲမိန့်သွားတောင်းတယ်ဆိုရင် ဟောပြောတဲ့သူက ဘယ်သူလဲ ဆိုတာလောက်ပဲ မေးတယ်။ ပြီးတော့ တံဆိပ်တုံး ထုပေးလိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။

စီးပွားရေးနှင့် ပတ်သက်သော ဟောပြောပွဲများ၊ ဆွေးနွေးပွဲများတွင်လည်း စိစစ်မှုများကို ယခင်ကထက် တိုးပြီး လုပ်ဆောင်လာသည်ဟု မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်တို့ဆီမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေဆိုရင် ခွင့်ပြုမိန့်တွေ တောင်းခံရတာမျိုး မရှိပါဘူး။ ဒီနောက်ပိုင်းမှာတော့ စီးပွားရေး ဆွေးနွေးပွဲပဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် တော်တော်ကို စစ်နေတယ်လို့တော့ ကျနော်လည်း ကြားတယ်” ဟု သူက ပြောသည်။

ဟောပြောပွဲအများအပြားကို ဟိုတယ်များတွင် ပြုလုပ်လေ့ရှိရာ အာဏာပိုင်များ၏ ထောက်ခံချက်၊ ပွဲမိန့်များ မပါလျှင် ဟောပြောခန်းမများ ငှားရမ်းပေးလိမ့်မည် မဟုတ်ဟု ရန်ကုန်မြို့ရှိ Sedona Hotel မှ ဝန်ထမ်းတဦးက ပြောသည်။

စာပေလောက အတွေ့အကြုံများ၊ လူငယ်ပညာပေး စာတမ်းများ မကြာခဏ ဟောပြောလေ့ရှိသော စာရေးဆရာ ဆရာဖေမြင့်က စည်းမျဉ်းသစ်ကြောင့် စာရေးဆရာများကို ထိခိုက်စေနိုင်သည်ဟု ပြောသည်။

“ဒီလိုမျိုး တင်းကျပ်လာတယ်ဆိုရင်တော့ စာရေးဆရာတွေအတွက် မလွတ်လပ်တော့ဘူးပေါ့ဗျာ။ စာရေးဆရာတွေ အကျဉ်းအကျပ်ထဲ ရောက်နေတဲ့ ကိစ္စတွေကနေ လွတ်မြောက်နိုင်ပါစေလို့ ကျနော် ဆန္ဒပြုလိုက်ပါတယ်” ဟု ဆရာဖေမြင့်က မဇ္ဈိမကို ပြောသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

စိုင်းဇွမ်ဆိုင်း  

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ



၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။

အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အစည်းအဝေးကို ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမကောင်းသဖြင့် မတက်ရောက်နိုင်သည့်အတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိဆောင်ရွက်ပြီး ပြည်နယ်တိုင်းအသီးသီးမှ တက်ရောက်ရန်ရှိသည့် ဗဟိုဦးစီးအဖွဲ့ဝင် (၁၂၈) ဦးအနက် ထောင်ကျနေသည့် သူများမှအပ၊ ကျန်းမာရေးမကောင်း၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၁၁၃) ဦး အစည်းအဝေးတက်ရောက်ကြကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

“ဥက္ကဋ္ဌက ကျန်းမာရေးမကောင်းလို့ သူမလာနိုင်ဘူးတဲ့။ သူ့သဘောထားကို စာပေးလိုက်ပါတယ်။ ဦးတင်ဦးက ဖတ်ကြားပါတယ်။ သူ့သဘောထားက ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ နည်းဥပဒေတွေနဲ့ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့်မို့ ပါတီမှတ်ပုံတင်တော့မှာ မဟုတ်ဘူးလို့ သူသဘောထားကြောင်း ဦးဉာဏ်ဝင်းကတဆင့် သိရတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်တယ်တဲ့၊ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သဘောထားအတိုင်းပဲ သူလည်းရပ်တည်တယ်တဲ့” ဟု ဦးအောင်ရွှေ၏ စာပါအကြောင်းအရာများကို ဦးအုန်းကြိုင်က ပြန်လည်ပြောကြားသည်။

အစည်းအဝေးကို နေ့လယ် (၁၂) နာရီနှင့် မွန်းလွဲ (၂) နာရီတွင် နှစ်ပိုင်းခွဲလုပ်ပြီး ပထမပိုင်းအစည်းအဝေးတွင်ပင် အစည်းအဝေးတက်ရောက်သူများက ပါတီမှတ်ပုံမတင်ရေးအတွက် တသံတည်း သဘောထားဆန္ဒပေးကြသည့်အတွက်
မဲခွဲဆုံးဖြတ်စရာမလိုဘဲ အားလုံးတညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအပြီး ညနေပိုင်းတွင် အစည်းအဝေးဆုံးဖြတ်ချက်များကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်ကြသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

အန်အယ်လ်ဒီအနေဖြင့် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သော်လည်း ပါတီကြီး ပျက်စီးသွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဖွဲ့ချုပ်ဆိုတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားပြီး ကိုယ်ကျိုးစွန့် တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့အတွက် ဥပဒေနဲ့ဖျက်လို့တော့ အဖွဲ့ချုပ်ကြီးက ပျက်သွားမယ်လို့ မယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် ကျနော်တို့က ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြီးခဲ့သည့်မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ်အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ပါတီမှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်မတ်လ (၈) ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊ ထောင်ဒဏ်ကျခံနေရသူများသည်လည်း ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

“၂ဝ၁ဝ ရွေးကောက်ပွဲ (သို့) စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆုံးမိုက်တွင်းဖြစ်စေ”

ဒီအချိန်မှာ စစ်အစိုးရက တဘက်သတ်စိတ်ကြိုက်ရေးဆွဲခဲ့ပြီး အတင်း ကသောကမျော အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘယ်လိုဘာညာ စတာတွေ ရှည်ရှည်ဝေးဝေးထပ်ပြီး ဝေ ဖန်သုံးသပ်ပြောဆို နေစရာအကြောင်း မရှိတော့ဘူးလို့ ထင်ပါတယ်။ မြန်မာစာနယ်ဇင်းသမားတွေ ဝေဖန်သုံးသပ်သူတွေသာမက နိုင်ငံရပ် ခြားက ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တွေ ဝေဖန်သုံး သပ်သူတွေကလည်း ရေးသားဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အစိုးရဲ့ပြင်ဆင်မှုတွေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို စစ်အစိုးရက တုန့်ပြန်ပြသပြောကြားခဲ့တဲ့ အပြောအပြတွေ အားလုံးကိုလည်း မြန်မာ့ အရေးစိတ်ဝင်စားသူတွေအားလုံး သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ သေချာ တာတခုက စစ်အစိုးရဟာ စစ်အာဏာရှင်စနစ်နဲ့ မြန်မာနိုင်ငံကို ထာ ဝရအုပ်ချုပ် ချယ်လှယ်ဖို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအတိုင်းဖြစ်အောင် လုပ်ဖို့ ဆေးမြီးတို ဆေးမြီးရှည် ရေတိုရေရှည် နည်းနာတွေ အားလုံး ကိုအသုံးပြုပြီး ပြင်ဆင်နေခဲ့တာပါ။ ကုလသမဂ္ဂ အပါအဝင် ဘယ်နိုင် ငံက ဘာပြောပြော ဘယ်လိုဝေဖန်ဝေဖန် နကမ္ပတိ ပါပဲ။

ဟောအခုတချို့တချို့သောသူတွေ စောင့်စားမျှော်လင့်နေကြတဲ့ ရွေးကောက်ပွဲဥပဒေ ပြည်သူ့လွှတ်တော်ဥပဒေ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ စတဲ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ဥပဒေတွေကိုထုတ်ပြန်ပေးလိုက်ပါပြီ။ ရွေးကောက်ပွဲမှာ သူတို့အပါမခံချင်တဲ့ သူတွေကို ဖယ်ရှားရှင်းလင်းပစ်လိုက်သလို သူတို့ကမပါစေချင် မရှိစေချင်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း အကျဉ်းအကျပ်ဖြစ်အောင် ချောင်ပိတ်ပစ်လိုက်ပါတယ်။ သူတို့ထုတ်ပြန်ကြေငြာလိုက်တဲ့ ရွေးကောက်ပွဲဥပဒေဟာ ဘာဆိုတာလည်း ခုချိန်မှာ ရှင်းရှင်းလင်းလင်း သိပြီးလောက်ကြပါပြီ။ နိုင်ငံတကာက မြန်မာ့အရေးးစိတ်ဝင်စားကြ၊ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ ကျင်းပမှာလဲလို့ စောင့်ကြည့်လို ကြတဲ့ နိုင်ငံခြားသားလေ့လာသူတွေ အတွက်ကတော့ ရွေးကောက်ပွဲဥပဒေကို အင်္ဂလိပ်မူ မထုတ်ဘဲ မြန်မာဘာသာ တခုတည်းနဲ့ ထုတ်ဝေလိုက်တဲ့အတွက် သူတို့ကတော့ သိပ်မရှင်းလှဘဲ ရှုပ်ထွေးနေကြရှာပါတယ်။

ဒီအချိန်မှာ စစ်အစိုးရက ခုလို ၂ဝ၁ဝ ခုရွေးကောက်ပွဲလုပ်ပေးတာဟာ စစ်အစိုးရက နောက်တလှမ်းဆုတ်ပေးလိုက်တာပဲလို့ အံ့သြစ ရာကောင်းလောက်အောင် ယုံကြည်နေကြတဲ့(ဒါမှမဟုတ် ယုံကြည်ချင်ယောင်ဆောင်တာ ဖြစ်ပါလိမ့်မယ်) နိုင်ငံရေးသမားကြီးတွေ၊ နိုင်ငံ ရေးမှုပ်ရှားသူတွေနဲ့ အနည်းဆုံးအမတ်တော့ ဖြစ်နိုင်သေးတာပဲဆိုပြီး ရွေးကောက်ပွဲဝင်လိုကြသူတွေကတော့ စစ်ရွေးကောက်ပွဲ ဥပဒေပါ စည်းမျဉ်းဥပဒေတွေနဲ့အညီ မှတ်ပုံတင်ဖို့ မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေကြပါပြီ။

နိုင်ငံတကာကတော့ စစ်အစိုးရရဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူး၊ အလုံးစုံသဘောမဆောင်သလို လွတ်လပ်တရားမျှတ နိုင်ခြေမရှိဘူးလို့ ကန့်ကွက်ပြောဆိုနေကြပြီး ခုဆိုဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့အထိ လက်ခံလိုက်ကြပါပြီ။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ဆွေးနွေးမှာဖြစ်ပေမယ့် ဆွေးနွေးပွဲအပြီးမှာ တစုံတရာ ဆုံးဖြတ်ချက်ချနိုင် စရာ မမြင်ဘူးလို့ပြောထားပါတယ်။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာကွင်တာနာ ကတော့ မ ကြာခင်က သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ၂ဝ၁ဝ ခုရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတစရာ အလားအလာမရှိဘူးလို့ ထုတ် ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ သူက မြန်မာစစ်အစိုးရဟာ ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ကျူးလွန်မြဲကျူးလွန်နေဆဲဖြစ်တဲ့ အ တွက် မြန်မာစစ်အစိုးရကို နိုင်ငံတကာရာဇဝတ်ခုံရုံးတင် တရားစွဲဆိုနိုင်ရေးအတွက် ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင် တခုဖွဲ့စည်းစေ လွှတ်စုံစမ်းစေသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်အစိုးရထုတ်ပြန်ကြေငြာခဲ့တဲ့ ရွေးကောက်ပွဲဥပဒေဟာ တဦးတ ယောက်တည်းကို ရည်ရွယ်ရေးဆွဲထားခဲ့တာ ပေါ်လွင်ထင်ရှားနေတဲ့အတွက် အလွန်ရှက်စရာကောင်းကြောင်း အဲဒီဥပဒေအတိုင်း လက်ခံလိုက်နာစရာအကြောင်းမရှိတဲ့အတွက် ဆန့်ကျင်ကန့်ကွက်ရန်သာရှိကြောင်း သူ့ပါတီနဲ့ ပြည်သူလူထုက ထုတ်ဖော်ပြောကြား ထားပြီးဖြစ်ပါတယ်။ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်တဲ့အတွက် အဖက်ဖက်က ပြင်ဆင်အားယူရင်ဆိုင်ဆန့်ကျင်ကြဖို့လည်း တိုက်တွန်းအား ပေးလိုက်ပါတယ်။ ခုမကြာခင်လေးကမှ ကြားခဲ့ရတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်က သူမကိုသွားရောက်တွေ့ဆုံကြတဲ့ ပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ သူ့ပါတီရဲ့ဗဟိုအမျိုးသမီးအဖွဲ့ကို သူ့ခြံထွက်ဗူးသီးကြီးတလုံး လက်ဆောင်ပေးလိုက်တယ်။ အဲဒါကိုလည်း ပါတီ ဗဟိုအမျိုးသမီးအဖွဲ့က သူတို့ကို ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့သဘောထားကို နိမိတ်ပုံသင်္ကေတပြု ပြသလိုက်တာ ဖြစ်တယ်လို့ ယူဆ သဘောထားကြတယ်လို့သိရပါတယ်။ အဲဒီသတင်းဟာ အမှန်ပဲဆိုရင်တော့ ကျနော်တို့ရဲ့ လူထုဒီမိုကရေစီခေါင်းဆောင်ဟာ နိုင်ငံရေးသာအားကောင်းတာမဟုတ်ဘဲ အနုပညာအားလည်းရှိတယ်ဆိုတာ ပြသလိုက်တာပါပဲ။

လူ့အခွင့်အရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသူ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီတပွဲမှာ အဆုံးအ ဖြတ်မမှားကြဖို့ အရေးကြီးပါတယ်။ အဆုံးအဖြတ်မှန်ကန်ရဲရင့်ဖို့ လိုအပ်သလို မိမိတို့ဆုံးဖြတ်လိုက်တဲ့အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်မှုပ်ရှားကြဖို့၊ ဖြစ်လာနိုင်တဲ့အန္တရယ်တွေကို ကြိုတင်စဉ်းစားပြီး ရင်ဆိုင်တုန့်ပြန်နိုင်အောင် ပြင်ဆင်ထားကြဖို့လည်း လိုအပ် ပါလိမ့်မယ်။ ခြိမ်းခြောက်တိုင်းမကြောက်ကြဖို့၊ ဖိနှိပ်တိုင်းပိပြား ပျပ်ဝပ်မသွားကြဖို့ အားမာန်သတ္တိတွေ မွေးမြူကြရပါလိမ့်မယ်။

ဒီနေရာမှာ ကမ္ဘာကျော် တရုတ်တော်လှန်ရေး ကဗျာဆရာ စာရေးဆရာကြီးဖြစ်တဲ့ လူရွှန်း ပြောခဲ့တဲ့ စကားတခုကို ကိုယ်းကားဖော်ပြ ချင်ပါတယ်။ လူရွှန်းက “ဒီကမ္ဘာလောကကြီးအတွင်းမှာ ဆက်လက်အသက်ရှင်နေတဲ့ ဆန္ဒတကယ်ရှိနေတဲ့လူတွေ ရှိနေသေးတယ်ဆို ရင် သူတို့တတွေဟာ ပထမဦးဆုံးပြောရဲရမယ်၊ ရယ်ရဲရမယ်၊ ငိုရဲရမယ်၊ ဒီကြိမ်ဆဲခံနေရသလို ဆိုးဝါးလှတဲ့ခေတ်ကြီးကို ဒေါသထွက် ရဲရမယ်၊ ရှုံ့ချရဲရမယ်၊ တိုက်ခိုက်ရဲရမယ်၊ ခြေမှုန်းနိုင်ရဲရမယ်” လို့ အဖိနှိပ်ခံပြည်သူလူထုကို အားပေးပြောကြားသွားခဲ့ဖူးပါတယ်။

အမှန်တရားဟာ ပြည်သူလူထုနဲ့အတူ ရှိနေပါတယ်။ အဲဒီအမှန်တရားနဲ့ ပြည်သူလူထုကိုဘယ်လို အာဏာရှင်မျိုးကမှ ထာဝရအနိုင်ယူ ထားနိုင်ခဲ့တာမျိုး ကမ္ဘာ့သမိုင်းစာမျက်နှာတွေပေါ်မှာ လုံးဝမရှိခဲ့ပါဘူး။ ကျနော်တို့ တညီတညွတ်တည်း စစ်အာဏာရှင်စနစ်ကို တွန်း လှန်ဖြိုဖျက်ပစ်လိုက်ကြရအောင်ပါ။ ။

စိုးနေလင်း

Photo by: http://sittnyeinaye.blogspot.com
ရင်းမြစ်။ ။နေ့သစ်

ရွေးကောက်ပွဲ ဒေါ်စုပါဝင်ခွင့် မရှိရင် ဂျပန်က စီးပွားရေးကူညီမှု ရပ်ဆိုင်းမည်



Japanese Foreign Minister Katsuya Okada, March 9,
 2010-AP
ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ကတ်ဆုယာ အိုကာဒါ။
မတ် ၉၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ပါဝင်ယှဉ်ပြိုင်ထိုက်တဲ့ သူတွေ ပါဝင်ခွင့် မပေးဘူးဆိုရင် မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီငွေတွေ ထပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) က ပြောခဲ့ပါတယ်။ ဂျပန်အစိုးရက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ အကူအညီပေးမယ်၊ မပေးဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ဆက်ဆံလေ့ ရှိတာမို့ အခုလို ပြောလိုက်တာဟာ ပြီးခဲ့တဲ့ ဩဂုတ်လကမှ အာဏာရလာတဲ့ လက်ရှိ ဂျပန်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် တကယ်ပဲ အလေးအနက်ထား ပြောဆိုတယ်လို့ ပြောနိုင်ပါသလား။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား ပါသင့်ပါထိုက်သူတွေကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးဘူးဆိုရင် လက်ရှိ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို ဆက်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့် အပြင် တခြား သတင်းထောက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့တယ်လို့ ကျိုတို သတင်းဌာနမှာ ရေးသားထားတာပါ။ နောက်အပတ် ကနေဒါနိုင်ငံမှာ ကျင်းပမယ့် G-8 စက်မှုအင်အားကြီး ၈ နိုင်ငံ အစည်းအဝေးမှာလည်း မြန်မာ့အရေးကို တင်ပြ ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။
အရင်နှစ် နိုဝင်ဘာတုန်းကလည်း လက်ရှိ ဂျပန်ဝန်ကြီးချုပ် အာကီယို ဟတိုယာမ (Akio Hatoyama) က အာဏာရပြီး ၂ လ အကြာမှာပဲ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံကို အကူအညီတွေ ပိုပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတုန်းကလည်း ဂျပန် သတင်းထောက်တဦး နအဖ စစ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပြီးနောက် ဂျပန် အစိုးရက မြန်မာနိုင်ငံကို အကူအညီ ပေးတာတွေ ရပ်ဆိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ဒီတော့ အာဏာရ ဂျပန်အစိုးရ အဆက်ဆက် အနေနဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလတွင်းမှာ အခုလို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အကူအညီတွေ တိုးပေးမယ်၊ မတိုးပေးတော့ဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ပြောလာတာကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိ အစိုးရသစ်တွင်းမှာ ဦးဆောင်နေသူတွေက အရင်ကတည်းက မြန်မာ့ဒီမိုကရေစီ အရေးအတွက် စိတ်အားထက်သန်သူတွေ ဖြစ်တာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အရင် ဂျပန်အစိုးရတွေထက် ပိုပြီး ပြတ်ပြတ်သားသား ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက ဒေါက်တာမင်းညိုက သုံးသပ်ပါတယ်။
“အခု လက်ရှိ အစိုးရက ဒီမိုကရက်ပါတီက တက်လာတာကြောင့်မို့ အရင်တုန်းက လစ်ဘရယ် ဒီမိုကရက်ပါတီထက် စာရင် ပိုပြီးတော့ ပြတ်ပြတ်သားသား ရှိလာလိမ့်မယ်လို့ မျှော်လင့်ပြီး တောင့်တနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့တွေ လုပ်ကိုင်နေတဲ့ ဂျပန်မှာရှိတဲ့ ဂျပန် အလုပ်သမားသမဂ္ဂများက နေပြီး အဓိက ကူညီထောက်ပံ့တဲ့ ဒီမိုကရက်ပါတီက အာဏာရလာတာကြောင့်၊ ပြောရရင် လက်ရှိဝန်ကြီးချုပ် မစ္စတာ ဟတိုယာမ ဆိုတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကို အကူအညီပေးတဲ့ အမတ်သမဂ္ဂများမှာ သူက ဒုတိယဥက္ကဋ္ဌလည်း လုပ်ခဲ့တယ်၊ နောက်တခါ နာယကလည်း လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ဖူးတာ ရှိတာကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အပြည့်အ၀ ထောက်ခံတဲ့ ၀န်ကြီးချုပ် ဖြစ်တယ်။
“ပြီးတော့ သူတို့တွေက မနှစ် သြဂုတ်လမှာ တက်လာပြီးနောက်ပိုင်း မြန်မာပြည်က ၀န်ကြီးချုပ်နဲ့ တွေ့ကြတဲ့အချိန်မှာ အရင်တုန်းက ၀န်ကြီးချုပ်တွေ ပြောတဲ့ စကားနဲ့စာရင် တော်တော် ပြင်းပြင်းထန်ထန် ပြောတယ်လို့ ကျနော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကတော့ ဒီမိုကရေစီ လုပ်ပါ၊ ဒီမိုကရေစီ လုပ်တယ်ဆိုရင် ခင်ဗျားတို့ကို အကူအညီပေးမယ်၊ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ ဖြတ်လိမ့်မယ်။ ဖြတ်လိမ့်မယ်လို့ပဲ ပြောတယ်။ မပေးနိုင်ဘူးဆိုတာ မပြောကြဘူး။
“နောက်ပြီးတော့လည်း မြန်မာပြည်မှာ ဖြစ်တဲ့ အတွင်းရေး ကိစ္စတွေကို သူတို့မှာ ပြောဆိုပိုင်ခွင့် မရှိဘူး ဆိုပြီးတော့၊ ပြောရင်တော့ နှုတ်ဆိတ်ပြီး နေတဲ့ ဓလေ့ရှိတယ်။ ဒါပေမဲ့ အခု မစ္စတာ ဟတိုယာမ တက်လာပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောတာတင် မကဘဲနဲ့ နယ်မှာရှိတဲ့ NLD ရုံးအဖွဲ့တွေကို ဖွင့်ပေးဖို့၊ ဒီမိုကရေစီ နည်းကျကျ လုပ်ကိုင်ပေးဖို့ တောင်းဆိုခဲ့တာ တွေ့သလို အခု နိုင်ငံခြားရေးဝန်ကြီး ဖြစ်တာလည်း သူက အရင်တုန်းက ဒီမိုကရက်ပါတီက ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ပြီးတော့ ထင်ရှားတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်တာကြောင့်မို့ သူကလည်း ဒီမိုကရေစီနဲ့ ပတ်သက်ရင် ပွင့်ပွင့်လင်းလင်း မြန်မာပြည် အရေးကို ထောက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်နေတာကြောင့် ပြောရရင်တော့ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း လုပ်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။”
မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်တုန်းကလည်း လက်ရှိဝန်ကြီးချုပ် ဟတိုယာမက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ ဂျပန်အစိုးရရဲ့ မူကို လိုအပ်ရင် ပြန်လည် သုံးသပ်ရလိမ့်မယ်လို့ ပြောခဲ့တဲ့အကြောင်းကိုလည်း ဒေါက်တာမင်းညိုက ထောက်ပြပါတယ်။
“ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်ကလေးမှာ အဆာဟိ သတင်းစာနဲ့ အင်တာဗျူးလုပ်တဲ့ အချိန်မှာ သူက ဘယ်လိုပြောခဲ့လဲဆိုတော့ အားလုံးပါလို့ မပါနိုင်တဲ့ အနေအထားမျိုး ရောက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို မပါနိုင်အောင် လုပ်မယ်ဆိုရင်တော့ သူတို့တွေ အခုလက်ရှိ လုပ်ကိုင်နေတဲ့ မြန်မာပြည်အပေါ်မှာ ထားခဲ့တဲ့ ပေါ်လစီကို သူတို့ စဉ်းစားရလိမ့်မယ်ဆိုပြီး သတင်းစာထဲမှာ တရားဝင် ပါထားတယ်။ ပါထားတာကို သောကြာနေ့မှာ သူက ဒါကို ပိုပြီးတော့ တရားဝင် ပြောလိုက်တာပဲ။”
ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ စီးပွားရေး အကူအညီတွေကို ရပ်ဆိုင်းခဲ့ပြီး လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကိုပဲ ဆက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-28-voa3.cfm?rss=topstories