Wednesday, February 10, 2010

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါဝင်ယှဉ်ပြိုင်ရန်၊ မယှဉ်ပြိုင်ရန် ဆိုသည်ကို ဆုံးဖြတ်ရန် အချိန်စောလွန်းသေးကြောင်း နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးဆိုတာ ဒီအချိန်မှာ ဆုံးဖြတ်လို့ မရသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေဟာ အများကြီးသိဖို့လိုသေးတယ်။ ဒါတွေ သိပြီးမှသာ စဉ်းစားဆုံးဖြတ်နိုင်မယ်လို့ ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင် မ၀င် ဆိုသည်ကို မဆုံးဖြတ်သေးကြောင်း ပြောကြားချက်သည် မှန်ကန်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

၎င်းက “ရှင်းနေတာပဲဗျာ။ ရွေးကောက်ပွဲကိစ္စဆိုတာ အစိုးရက စပြောရမယ့်တာဝန်၊ ကျနော်တို့က ဘာမှပြောစရာမလိုဘူး။ ခပ်ရိုင်းရိုင်း ပြောလိုက်မယ်ဗျာ။ ကျနော်တို့က အမြီးနှံ့နေစရာ အချိန်မဟုတ်ဘူးဗျ။ သွားရည်ယိုနေစရာ အချိန်လည်းမဟုတ်ဘူး။ စောသေးတယ်။ ဒေါ်စုပြောတာမှန်တယ်။ အစိုးရက သူတို့ပြောရမယ့်တာဝန်ဗျာ။ ၂၀၁၀ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သူတို့ ပြောထားတယ်။ ပြောထားတဲ့ကြားထဲက အခုထိ စကားတခွန်းမှ မဟဘဲနဲ့နေရင် ကျနော်တို့ဘက်က ရွေးကောက်ပွဲကို ပြောဖို့စောသေးတယ်ဆိုတဲ့ ဒေါ်စုရဲ့စကားဟာ မှန်တယ်လို့ထင်ပါတယ်” ဟု ပြောသည်။

“နောက်တချက်က ဒေါ်စုက ဒီလိုပြောတာဟာ တိုင်းသူပြည်သားတွေကိုလည်း ပြောတာလို့ထင်တယ်။ နောက်တခုက ကျနော်တို့ အန်အယ်လ်ဒီတွေ ဒါမှမဟုတ် တခြားသော နိုင်ငံရေးအဖွဲ့အစည်းများကို ပြောတယ်လို့ထင်တယ်။ ဒီလိုပြောမှသာလျှင် ပါတီအဖွဲ့အစည်းများအကြား ပြည်သူများအကြားမှာ ရှုပ်ထွေးတဲ့အမြင်တွေ၊ ဆန္ဒစောတဲ့အမြင်တွေ၊ နောက် မစားရ ၀ခမန်း ဘယ်အချိန်မှ စားရမယ်မှန်းမသိဘဲနဲ့ လျှောက်ပြောနေသူတွေရဲ့ အဆိုအပြောတွေကို နားမယောင်ဖို့ အခြေအနေတွေကို ပေါ်စေမယ်လို့ ကျနော်ထင်တယ်ဗျ” ဟု ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။

စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကို ကြေညာခြင်းမရှိသည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေများကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ စစ်အစိုးရက ကျင်းပမည့်ရွေးကောက်ပွဲသည် သက်ဆိုင်သူများအားလုံး ပါဝင်ပြီး တရားမျှတ လွတ်လပ်သည့်ရွေးကောက်အဖြစ် အသိအမှတ်ပြုခံရရေးနှင့် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုထားသည်။

မူရင်း ။ ။ NEJ/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ

ငါတို့ဗိုလ်ချုပ်

“ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ၊
တထောင်ကိုးရာတဆယ့်ငါး ရှေ့နေဦးဖာသား၊
ဇာတိနတ်မောက်မကွေးခရိုင် သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊ မိခင်ဒေါ်စုသား။

တထောင်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန်၊
မျက်ရည်ဖြိုင်လို့ဘ၀င်ညှိုး ဇူလိုင်တဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား။
ပြည်ထောင်စုရဲ့ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား’’

ငါတို့ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိမယ်ဆို၊ ခု ၂၀၁၀ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ အ သက် ၉၅ နှစ်ရှိပြီပေါ့၊ ငါတို့ဗိုလ်ချုပ်ဆိုတာလား အေးပေါ့ ငါတို့ရွယ်တူ ဒါမှမဟုတ် ငါတို့ ထက်ငယ်တဲ့ တချို့တချို့သူတွေ ဘယ်သိနိုင်ပါ့မလဲ၊ ဗမာပြည်ရဲ့ စစ်အာဏာရှင်တွေက ငါတို့ ဗိုလ်ချုပ်ကို မှေးမှိန်အောင် ဖျောက်ဖျက်ဖုံးကွယ် ထားကြတာကိုး ငါတို့ဗိုလ်ချုပ်ဆိုတာ ဗမာပြည်နယ်ချဲ့ ဆန့်ကျင်ရေးသမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ ဗိုလ်လရောင်ခေါ် ဗိုလ်မင်း ရောင်ရဲ့မြေး၊ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ရဲ့ ခင်ပွန်း၊ ဒီနေ့ခေတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ ဗမာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့သူ၊ ဗမာ ပြည်ကို ကျွန်ဘ၀က၊ နယ်ချဲ့လက်အောက် ဖက်စစ်လက်အောက်က လွတ်မြောက်ဘို့ စွမ်း စွမ်းတမံ ဦးဆောင်ကြိုးပမ်းခဲ့သူပေါ့။

ငါတို့ဗိုလ်ချုပ်ကို “အောင်ဆန်းဇာနည်“ ဆိုတဲ့ကဗျာထဲကလို၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သဲချောင်းကြီးအနောက်ဖက်ကမ်း တောင်ကုန်းပေါ်က၊ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ရွာလေးမှာ၊ ၁၉၁၅ ခု ဖေဖေါ်ဝါရီလ (၁၃) ရက်၊ ဗမာလို ၁၂၇၆ ခု တပေါင်းလဆန်း (၁) ရက်၊ စနေနေ့မှာ မွေးခဲ့တယ်၊ မွေး ဇာတာမှာ စနေသားမို့ “ထိန်လင်း“ လို့ရေးပေမဲ့၊ အထက်အကို “အောင်သန်း” နဲ့ လိုက်အောင် “အောင် ဆန်း” လို့ပဲ ခေါ်ခဲ့ကြတယ်။

မိဘတွေက ဆွံ့အနေလားထင်ရလောက်အောင် စကားပြောနောက်ကျခဲ့သလို ညီအကိုလေးယောက်မှာ အငယ်ဆုံးမို့အလိုလိုက်ထား တော့၊ အသက်(၇) နှစ်ကျော် (၈) နှစ်အထိ ကျောင်းမတက်ရသေးဘူး၊ အကို ကိုအောင်သန်းကို ရှင်ပြုပေးလို့ ရှင်လောင်းဆင်တာတွေ့ တော့ “ရှင်လောင်းလုပ်ချင်တယ်” ပူဆာ တာမှာ အမေဒေါ်စုက “ရှင်လောင်းဆိုတာ စာတတ်မှလုပ်လို့ရတာ” ပြောမှ၊ “ကျောင်းနေပါ တော့မယ်” ပြောပြီးကတိပေး ကျောင်းတက်ဖြစ်တာ၊ နတ်မောက်မြို့ ဆရာတော်ဦးသောဘိတကျောင်းမှာ ကျောင်းစတက်ပြီး ရေနံ ချောင်းမြို့၊ အမျိုးသားအထက်တန်းကျောင်းမှာ အထက်တန်းအောင်ခဲ့တယ်။ အင်္ဂလိပ် မြန်မာ သတ္တမတန်းစာမေးပွဲမှာ နဝမအဆင့်ရ လို့ ဦးရွှေရိုးဆုနဲ့ စကောလားရှစ်ဆု ရခဲ့တယ်၊ ရန်ကုန်တက္ကသိုလ်တက်နေတဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) ရဲ့ ဒု-ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲ့ ဥက္ကဋ္ဌ၊ “အိုးဝေ” မဂ္ဂဇင်းအယ်ဒီတာတာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။

၁၉၃၆ ခု ထုတ် အိုးဝေမဂ္ဂဇင်း ၊ အတွဲ ၆ အမှတ် ၁ မှာ ဝီလီယမ် အားနက်စ်ဟင်နလီ William Ernest Henley ရဲ့ “Invictus” ကဗျာ ကို “အနိုင်မခံ” လို့ ဘာသာပြန် ထုတ်ဝေခဲ့တယ်။

“ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်၊ ဤ အမှောင်တွင်းမှနေ၍ အနိုင်မခံ အရှိုးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို ဖန်ဆင်း ပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။ လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်အတွင်းသို့ ကျရောက် နေရငြားသော်လည်း ငါကား မတုန်လှုပ်၊ မငို ကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်၊ ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏၊ ညွှတ်ကားမညွှတ်၊ ဤလောဘဒေါသတို့ကြီးစိုးရာဌာန၏ အခြားမဲ့ကား၊ သေခြင်းတရားသည် ငံ့လင့်လျှက် ရှိ၏။ သို့သော် ငါ့ အား မတုန်လှုပ်သည်ကို တွေ့ရအံ့၊ သုဂတိသို့သွားရာတံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုရ်၌ ငါ့ အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည် ဖြစ်စေ၊ ငါ့ကားဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း” ။

အိုးဝေမဂ္ဂဇင်းမှာ ငရဲခွေးကြီးလွှတ်နေသည် ဆိုတဲ့ ဆောင်းပါးရေးတဲ့သူကို ထုတ်ဖော်မပြောလို့ ကျောင်း ထုတ်ခံခဲ့ရတာမှာ သမိုင်းတွင် မည့် ဒုတိယကျောင်းသားသပိတ် ဖြစ်စေတဲ့အထိ ဖြစ်ခဲ့တယ်။ စိတ်သန်ရာ နိုင်ငံရေးကို လိုက်စားခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်မှာ ခြောက်နှစ်ခွဲပဲနေခဲ့ပြီး၊ နိုင်ငံရေးထဲ ခြေစုံပစ်ဝင်၊ သခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးမှာ၊ “သခင်အောင်ဆန်း” ဖြစ် လာခဲ့တယ်။

ငါတို့ဗိုလ်ချုပ်က ထောင်လည်းကျဖူးတယ်၊ ၁၉၃၉ ဇန်နဝါရီလမှာ ရန်ကုန် အရေးတကြီး အက်ဥပဒေနဲ့ (၁၅) ရက် ဖမ်းဆီးထောင်ချ ခံ ရတယ်၊ ဗမာပြည် ကွန်မြူနစ်ပါတီဖွဲ့တော့လဲ အထွေထွေအတွင်းရေးမှုး တာဝန်ယူခဲ့တယ်၊ နယ်ချဲ့ဆန့်ကျင်ရေးအတွက် မြေအောက် တော်လှန်ရေး ဗဟိုအဖွဲ့ကို တည်ထောင်တော့ ငါတို့ဗိုလ်ချုပ်ကို ပြည်ပခေါင်း ဆောင်အဖြစ် တင်မြှောက်ကြတယ်။

ဟသာင်္တခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေးဗီးယားက ဇလွန်မှာ ချင်းတောင်းအကြောင်း ဟောပြောမှုနဲ့ ငါတို့ဗိုလ်ချုပ်ကိုဖမ်းဖို့ ငါးကျပ်တန် ဝရမ်းကို ထုတ်ခဲ့တယ်၊ ၁၉၄၀ ခု သြဂုတ်လ (၈) ရက်နေ့မှာ သခင် လှမြိုင်နဲ့အတူ ဟိုင်လီဆိုတဲ့ သဘောင်္နဲ့ တရုတ်ပြည်ကိုလျှို့ ဝှက် သွားခဲ့တာဟာ ငါတို့ဗိုလ်ချုပ်ရဲ့၊ ဗမာပြည်လွှတ်လပ်ရေးရဲ့၊ ဒီနေ့ခေတ် ဗမာတပ်မတော်ဖြစ်လာဖို့ရဲ့၊ သမိုင်းဝင်ခရီးစဉ် ဖြစ်လာခဲ့တယ်။

တရုတ်ပြည် အမွိုင်ကနေ ဂျပန်ပြည်တိုကျိုကို ဆက်သွားပြီး စစ်ပညာသင်ဖို့ ဆွေးနွေးခဲ့တယ်၊ ရဲဘော် သုံးကျိပ်ထဲက ပထမအသုတ် လူငယ်တချို့ကို ကိုယ်တိုင် ပြန်ခေါ်ခဲ့သေးတယ်၊ ဂျပန်ပြည်မှာ ကိုးလ စစ် ပညာသင်ပြီး (၁၉၄၁) ခု ဒီဇင်ဘာလ ၂၇ ရက် စနေနေ့ည တနာရီမှာ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့က မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ နေအိမ်မှာ၊ လက်မောင်းသွေး ဖောက်သောက် သစ္စာပြု ရင်း BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ အဲ့ဒီတုန်းက ငါတို့ဗိုလ်ချုပ်က ဗိုလ်တေဇ လို့ အမည်ခံ တယ်။

ငါတို့ ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက ၁၉၄၂ ခု ဇန်နဝါရီလ (၁) ၇က် နေ့မှာ ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရရဲ့ ရန်သူ တော်စာရင်းမှာ အမှတ်စဉ် ၅ အဖြစ် ကြေငြာခဲ့သေးတယ်။

BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော်ကနေ BDA ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ပြောင်းတော့ ငါတို့ဗိုလ်ချုပ်က ဗိုလ်မှူးကြီး ရာထူးနဲ့ သေနာပတိ ဖြစ်လာတယ်။ ၁၉၄၂ ခု စက်တင်ဘာလ ခြောက်ရက်နေ့မှာ ဒေါ်ခင်ကြည်နဲ့ လက်ထပ်တယ်၊ ၁၉၄၃ ခု မတ်လမှ ဗိုလ်ချုပ်ရာထူး၊ တိုးမြင့်ခြင်းခံရတယ်။

၁၉၄၄ ခု သြဂုတ်လ (၄) ရက် နေ့မှာ ပဲခူးမြို့ ဗမာ့တပ်မတော် တိုင်း ၄ စခန်းမှာ ဖက်စစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွှတ်လပ်ရေး အ ဖွဲ့ချုပ်ကြီး (ဖတပလ) ကို ငါတို့ ဗိုလ်ချုပ် ဦးဆောင်ပြီး လျှို့ဝှက်ဖွဲ့စည်းခဲ့ တာဖြစ်တယ်၊ သြဂုတ်လ နှစ်ဆယ့်သုံးရက် ဗုဒွဟုးနေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော် ပုံပါတီနဲ့ ဗမာ့တပ်မတော်ပေါင်းပြီး ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွှတ်လပ်ရေး အဖွဲ့ ချုပ်ကို ပြန်ဖွဲ့စည်း တော့လဲ ငါတို့ဗိုလ်ချုပ်အိမ်မှာပဲ။

၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့ (စစ်တပ်က သူတို့ဘာသူတို့ တပ်မတော်နေ့လို့ ဇွတ်သတ်မှတ်တဲ့ တော်လှန်ရေးနေ့ ဖြစ်လာမယ့်နေ့) မှာ ဖက်စစ်ဂျပန်တွေကို ငါတို့ဗိုလ်ချုပ် ဦးဆောင်တွန်းလှန် တိုက်ပွဲဝင်ခဲ့ တယ်။

၁၉၄၇ ခု ဖေဖော်ဝါရီလ (၁၂) ရက်က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ပင်လုံ စာချုပ် လတ်မှတ်ရေး ထိုးခဲ့တာကို ကြည့်ရင် ငါတို့ ဗိုလ်ချုပ်ဟာ မြန်မာလူမျိုးတွေသာမက တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ခေါင်းဆောင်ကောင်း တယောက်ဆိုတာပေါ်လွှင်ထင် ရှားခဲ့ တယ်။

၁၉၄၇ ခု ဇူလိုင်လ (၁၉) ရက် စနေနေ့မနက် ( ၁၀ နာရီ ၃၇ မိနစ် ) မနက်ဟာ ငါတို့ဗိုလ်ချုပ် ကံဆိုးမိုး မှောင်ကျတဲ့နေ့၊ ငါတို့ ဗမာ ပြည်ရဲ့အနာဂတ် ကံဆိုးမိုးမှောင်ကျ တဲ့အချိန်ပေါ့၊ အမျိုးသားသစ္စာဖောက် မသမာသူတစုရဲ့လုပ်ကြံမှုနဲ့ ငါတို့ဗိုလ်ချုပ် ကျဆုံးခဲ့တယ်၊ ငါတို့ဗိုလ်ချုပ်သာ အဲ့ဒီတုန်းက အဲ့ဒီလို လုပ် ကြံမခံခဲ့ရရင် တပ်မတော်မှာဒီနေ့လို ခေါင်းဆောင်ဆိုးတွေ အုပ်ချုပ်လို့ရပါ့မလား၊ ဘာသာ ကို စော်ကား၊ ပြည်သူကို အနိုင်ကျင့်၊ တိုင်းရင်းသားတွေကို လူမျိုးတုံးသတ် လုပ်လို့ရပါ့မလား၊ အခုလို သူများနိုင်ငံမှာ မျှော်လင့်ချက်မဲ့ မိတကွဲ ဖတကွဲ ငါတို့နေရပါ့မလား။

ဘယ်သူတွေ ဘယ်လိုပဲလုပ်ကြံခဲ့လုပ်ကြံခဲ့၊ ဘယ်သူတွေ ဘယ်လိုပဲ ဖျောက်ဖျက် ဖုံးဖုံး၊ ငါတို့ ရင်ထဲမှာ ငါတို့ဗိုလ်ချုပ်မသေ၊ ငါတို့ ပြည်သူတွေ ရင်ထဲမှာ ငါတို့ဗိုလ်ချုပ် ရှိနေမှာပဲ၊ ငါတို့ဗိုလ်ချုပ်က အောင်ဆန်း တွေအများကြီး မွေးထုတ်ပေးခဲ့တာပဲ၊ အဖေ့မျက်နှာ ဖျက်လောဘတက်တဲ့ ဦးအောင်ဆန်းဦးလို သားမျိုး မွေးခဲ့မိပေမဲ့၊ ဗမာရော ကမ္ဘာကပါ ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဖေ့စိတ်ဓာတ်၊ အဖေ့သတ္တိ၊ အဖေ့အမွေခံ သမီးမျိုး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို မျိုးဆက်မျိုး၊ ငါတို့ဗိုလ်ချုပ်ရဲ့သွေးတွေ၊ ငါတို့ ပြည်သူတွေအတွက် ခေတ်တိုင်းမှာ ရှိနေဦးမှာပဲ။

ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာမှာ ငါတို့ဗိုလ်ချုပ်ကို အောင်ဆန်းသို့မဟုတ် အရိုင်းလို့ ချစ်စနိုးနဲ့ခိုင်းနှိုင်းပြီး တခုတည်းသော ယုံကြည် ချက်နှင့် တခုတည်းကိုသာ မဲ၍လုပ်တတ်သော နိုင်ငံရေးသတ္တဝါတဲ့၊ ငါတို့ ဗိုလ်ချုပ်က ရိုင်းတယ်၊ ကြမ်းတမ်းတယ်၊ လူမှုရေးမရှိ၊ ဟန်ဆောင်ယဉ်ကျေးမှုတွေမလုပ်၊ ဒါပေမဲ့ ငါတို့ ဗိုလ်ချုပ်က ဖြူဖြောင့်တယ်၊ တည်ကြည်တယ်၊ ရိုးသားတယ်၊ ပြည်သူ့အတွက်ပဲ စဉ် စားတယ်၊ ငါတို့ကို ရှေ့ဆောင် လမ်းပြနိုင်ခဲ့တယ်၊ ငါတို့အတွက် ရဲရင့်ခြင်းအမွေတွေ ထားခဲ့တယ်၊ “ဟေ့ သေလည်းဗမာပီပီ ဇာတိ မာန်နဲ့ သေကြပါ၊ ရန်သူကမိရင် လက်အားရင် လက်နဲ့ထိုး၊ ခြေအားရင် ခြေနဲ့ကန်၊ နောက်ဆုံး ပါးစပ်အားနေရင် ပါးစပ်နဲ့ကိုက်ပြီးမှ ရဲရဲ သာ သေပြလိုက်တာပေါ့” လို့ ငါတို့ဗိုလ်ချုပ်ပြောခဲ့တဲ့စကား ငါတို့အားလုံး လက်ကိုင်ထားရမယ်။

“ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” တဲ့၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ သူရဲကောင်း ဖြစ်တယ်၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ အာဇာနည် အစစ်ဖြစ်တယ်။
ငါတို့ ဗိုလ်ချုပ်ကို ငါတို့ချစ်တယ် ။ ။

(၂၀၁၀ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်ပြည့် မွေးနေ့အ မှတ်တရ)။

ဇော်သက်အောင်
ဒဿမတန်း
S A W High School
Maesod, Thailand

ပန်းချီ သန်းဌေးမောင် ရဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပန်းချီကား
မူရင်း ။ ။ နေ့သစ်

လှိုင်သာယာဆန္ဒပြပွဲ( ယနေ့အခြေအနေ )

( ၈ . ၂ . ၂၀၁၀ ) ရက်နေ့  မှစတင်ဖြစ်ပွားခဲ့သော လှိုင်သာယာစက်မှု့ ဇုံအလုပ်သမားဆန္ဒပြပွဲကြီးသည်း ယနေ့  အထိဆက်လက်ဖြစ်ပွားနေခဲ့ပြီး ထူးခြားချက်အနေ ဖြင့် ယနေ့  တွင် ကျားမင်း ၊ တိုင်ရီ ၊ မြင်ဖက်ရှင် ၊ အိုပယ် 2 ၊ နှင့် YES စက်ရုံပေါင်း ( ၅ ) ရုံ အလုပ်သမားပေါင်း ၈၀၀၀ မှ ၁၀၀၀၀ ကြားရှိအလုပ်သမားများမှာ ၎င်းတို့  ၏တောင်းဆိုချက်များကို ဆက်လက်တောင်းဆိုနေခဲ့ကြပြီး ဆက်လက် တိုင်ပွဲဝင်နေခဲ့သည် ။အာဏာပိုင်များမှလဲ အချုပ်ကား(၂)စီး၊ သံစူးကြိုးတင်ကား ( ၁ )စီး ၊ မီးသတ်ကား( ၆ )စီး၊ရှေ့ပြေး POLICE ကား ကြီး( ၄)အပါအ၀င် စုစုပေါင်းကား ( ၃၇ )စီး ဖြင့်အင်အားပြပိတ်ဆို့ လျှက်ရှိနေပြီး ရဲချုပ်ခင်ရီ နှင့် အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူများပါရောက်ရှိနေခဲ့သည် ။ အာဏာပိုင်များဖက်မှနေ၍ ဆန္ဒပြနေသော အလုပ်သမားများထဲမှာခေါင်းဆောင်းများတဖက်လှည့်နည်းဖြင့်ညှိနိုင်းဆွေးနွေးရန်အတွက်ဟုအကြောင်းပြကာခေါ်ထုတ်ခဲ့သော်လည်း အလုပ်သမားများဖက်မှာ အားလုံး၏ဆန္ဒအရဆန္ဒပြတောင်းဆိုခြင်းဖြစ်ပြီး မိမိတို့ ထဲတွင်ခေါင်းဆောင်းဟူ၍ သီးသန့် မရှိဟူ၍ပြန်လည်တုန့် ပြန်ခဲ့သည့်အတွက် ဖမ်းဆီးအရေးယူရန်အခက်ခဲဖြစ်လျှက်ရှိသည် ။ ယနေ့ တွင် ရန်ကုန်မြို့ ရှိ အိုင်အယ်အို ဌာနေ ကိုယ်စားလှယ်များသည် အဆိုပါဆန္ဒပြမှု့ ဖြစ်ပွားရာနေရာများသို့  ရောက်ရှိလာခဲ့ပြီးကြားဝင်ညှိနိုင်းမှု့  များဆောင်ရွက်ပေးခဲ့သည် ။ ယင်းဆောင်ရွက်ပေးမှု့ ကြောင့်အိုပယ်စက်ရုံမှ အလုပ်သမားများမှာ လမ်းစရိတ် ( ၁၀၀၀၀ ) နှင့် ထောက်ပံ့ကြေး ( ၅၀၀၀ ) တိုးမြင့်ရှိခဲ့သော်လည်း အခြားစက်ရုံများမှ အလုပ်သမားများ၏တောင်းဆိုချက်များကို လိုက်လျှောခြင်းမရှိသေးသည်အတွက် အခြား စက်ရုံ မှာအလုပ်သမားများ နှင့်အတူပူးပေါင်းကာဆက်လက်ဆန္ဒပြခဲ့ကြသည်။

ထပ်မံရရှိသည့်သတင်းများအရ ဇုံအတွင်းရှိအခြားသော စက်ရုံများပါ ဆန္ဒပြမှု့ ကူးစက်မလာစေရန် အတွက် အာဏာပိုင်များမှနေ၍ စက်ရုံများကို ပြန်ထောင်စုနေ့  ပြီးသည်အထိ ပိတ်ထားရန်ညွှန်ကြား ချက်များ ရောက်ရှိလာခဲ့သည် ။ အဆိုပါပိတ်ရက်များအတွင်းဆန္ဒပြပွဲအား ဦးဆောင်ခဲ့သည်သူများအား လျိုဝှက် ထောက်လှမ်း ရန်လည်း ညွှန်ကြားချက်များပေးထားပြီး ဖြစ်သည်ဟုကြားသိရသည် ။

ယနေ့ တွင် အာဏာပိုင်များဖက်မှနေ ၍ ယခုဆန္ဒပြမှု့  သတင်းအား ထိမ်းချုပ်နှိုင်ရန်အတွက် သော် လည်းကောင်း၊သတင်းမှားများဖြစ်ပေါ်လာစေရန်အတွက်သော်လည်ကောင်း အီးမေးများ ၊ ဘလော့ စီဘောက် များမှ နေ ၍ သတင်းမှားများထုတ်လွှင့်ခဲ့သည် ။

ယခုနောက်ဆုံးရရှိသည့်သတင်းအရမနေ့ ညပိုင်းတွင်း အာဏာပိုင်များမှနေ၍ ယခုဆန္ဒပြပွဲတွင် ဦးဆောင်သည် ဟု သံသယရှိသူ ( ၆ ) ဦးအား ၎င်းတို့ နေထိုင်ရာ အဆောင်များနှင့် နေအိမ်များမှ လာရောက်ဖမ်းဆီးသွားသည်ဟုသိရပါသည်။ ထပ်မံရရှိမည့်သတင်းများကို ဆက်လက်တင်ရှိပေးသွားမည် ဖြစ်ပါကြောင်း…..

မူရင်း ။ ။ http://www.freeforcountry.blogspot.com/

ဆန္ဒပြမှု ကူးစက်မည်ကို စိုးရိမ်၍ လှိုင်သာယာစက်ရုံ အချို့ပိတ်


ရန်ကုန် (မဇ္ဈိမ)။ ။ လုပ်ခကြေးငွေ တိုးမြှင့်တောင်းဆိုသည့် ထိုင်သပိတ်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒခြင်းထပ်၍ ကူးစက်လာမည်ကို စိုးရိမ်နေသည့် စက်ရုံအချို့က ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း စက်မှုဇုန် အရာရှိ တဦးက ပြောသည်။

“ ပြည်ထောင်စုနေ့  အတွက်နဲ့ ရောပိတ်တာ ၊ အမှန်ဆိုရင်တော့ ပိတ်ရက် မဟုတ်သေးဘူး၊ အရင်နှစ်တွေက ပြည်ထောင်စုနေ့  ဆိုရင်လည်း အစိုးရ ရုံးပိတ်ရက်တော့ ဖြစ်တယ် ဆိုပေမယ့် စက်ရုံ လုပ်သားတွေ အတွက် အချိန်ပို ဆင်းကြရတယ် ၊ အခုတော့ နာမည် တပ်လိုက်ရတာပေါ့ဗျာ ၊ မဟုတ်ရင် မလွယ်ဘူး ၊ စက်ရုံတိုင်းက ဖြစ်လာနိုင်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ကိုရီးယား နိုင်ငံသားပိုင် အိုပယ် ၂ နှင့် မြဖက်ရှင် စက်ရုံတို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က လုပ်ခလစာ တိုးမြှင့်ရေးအတွက် လုပ်သား ၁၄ဝဝ ခန့်က စက်ရုံပြင်ပတွင် ဆန္ဒပြရာက ယမန်နေ့တွင် တိုင်ရီနှင့် ကျားလေး စက်ရုံတို့တွင်ပါ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း အာဏာပိုင်များ အပါအဝင် မြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးများ၊ မီးသတ်များ၊ ရဲများနှင့် အလုပ်သမား ဝန်ကြီးဌာနများကလည်း ယနေ့တွင်လည်း စက်မှုဇုံတွင် အဆင်သင့် နေရာယူ ပြင်ဆင်ထားရန် ညွှန်ကြားချက် တရပ်ကို စစ်အစိုးရက ထုတ်ပြန်ထားသည်။

ဦးစိန်ဦး (ခ) ဦးလော်ရိန်တြစ် ၅၅ နှစ်ပိုင် တိုင်ရီ ဖိနပ်စက်ရုံတွင် လုပ်သား ၁၇ဝဝ ကျော်ရှိပြီး အစိုးရ ရုံးပိတ်ရက်များတွင် ပိတ်ပေးရန်၊ အလုပ်သမား နားချိန်အပြည့် ပေးရန်၊ နေ့စဉ် လုပ်ခနှင့် အချိန်ပို လုပ်ခများ တိုးမြှင့်ဆောင်းပေးရန် အပါအဝင် လုပ်ခခံစားခွင့်ဆိုင်ရာ တောင်းဆိုဆန္ဒပြမှုများကို စက်ရုံရှေ့ရှိ ဦးရွှေအိုးလမ်းပေါ်တွင် ထိုင်ကာ ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။

အမှတ် ၃ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကိုကိုအောင်တို့က အလုပ်သမားများကို လူစုခွဲရန် ဖိအားပေး၍ လုပ်သားအချို့ စက်ရုံတွင်းဝင်ရောက်သွားပြီး အချို့နေရပ် နေအိမ်သို့ ပြန်သွားကြသည်။

ထို့နောက် အာဏာပိုင်များဘက်က စက်ရုံတွင်း ဝင်ရောက်လာခြင်း မရှိသူများအနေဖြင့် ၃ ရက် ဆက်တိုက် ပျက်ကွက်လျှင် အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်လိုက်သည်။

လှိုင်သာယာ စက်မှုဇုန်သည် မြန်မာနိုင်ငံဧ။် အကြီးဆုံး စက်မှုဇုန်ဖြစ်ပြီး အလုပ်သမား အင်အား ၅၀၀၀၀ မှ ၇၀၀၀၀ အတွင်းရှိပြီး အအေးခန်း စက်ရုံများ၊ အထည်ချုပ်၊ စားသောက်ကုန်၊ သစ်အချောထည်၊ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သော စက်ရုံများ ၊ အိမ်သုံးကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံများ စသည်ဖြင့် စက်ရုံ အမျိုးအစားပေါင်း ၈၀၀ ကျော် ရှိနေရာတွင် ၂၀၀၇ ခုနှစ်ကစ၍ စက်ရုံ ၄ဝဝ ကျော်သာ လည်ပတ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီက သိရသည်။

လှိုင်သာယာ စက်မှုဇုန်များတွင် ပြီးခဲ့သည့်လအတွင်း အလုပ်သမားများက လုပ်ခလစာနှင့် ခံစားခွင့်ဆိုင်ရာ ဆန္ဒပြပွဲ ၃ ကြိမ်ရပ် ဖြစ်ပွားခဲ့သေးသည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက စက်မှုဇုန် ၃ ရှိ ဆန်နီ ဖိနပ်စက်ရုံတွင် အလုပ်သမား ၁၀၀ ခန့်  ဆန္ဒပြမှု ၊ ဒီဇင်ဘာ (၁၄) ရက်တွင် လှိုင်သာယာ စက်မှုဇုန် (၃) က Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဖြစ်ပွါးသော ဆန္ဒပြမှုနှင့် စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံ အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် လည်းကောင်း ဖြစ်ကြသည်။
မင်းသက် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၅၆ မိနစ်
မူရင်း ။ ။ http://www.mizzimaburmese.com/news/inside-burma/4767-2010-02-10-05-49-51.html

ပြည်ထောင်စုနေ့နဲ့ ပင်လုံစိတ်ဓာတ်




အောင်ဇံ (ပြည်ထောင်စုနေ့ အထူးဆောင်းပါး)
၁၀/ ဖေဖော်ဝါရီ ၂၀၁၀



ဖေဖော်ဝါရီလကို ရောက်လာပြန်ပါပြီ။ ဖေဖော်ဝါရီ (၁၂) ရက်ဆိုရင် မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့ရယ်လို့ နအဖစစ်အစိုးရက ကြီးမှူးကျင်းပဦးမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးများနဲ့ သူတို့ရဲ့သတင်းစာများကလည်း ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ဆိုတဲ့ ဝေါဟာရတွေကို မိုးလုံးညံအောင် ပြောကြ၊ ရေးကြဦးမှာ ဖြစ်ပါတယ်။ ဒီလိုပြောကြ၊ ရေးကြတဲ့နေရာမှာ အသိရှိရှိနဲ့ လက်တွေ့ကျင့်သုံးဖို့အတွက်တော့ ဟုတ်မယ်မထင်ပါဘူး။ အစဉ်အလာတရပ်အနေနဲ့ လုပ်ရိုးလုပ်စဉ်အရ လုပ်နေကျ ပြောနေကျအတိုင်း ဒီနေ့၊ ဒီရက်ကို ရောက်လာပြီဆိုရင် ဒီလိုဝေါဟာရတွေနဲ့ ပြောကြ၊ ရေးကြရမယ်ဆိုတဲ့ အပေါ်ယံအသိနဲ့ ပြောနေကြ၊ ရေးနေကြပုံရပါတယ်။ သို့တည်းမဟုတ် ဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ပျားရည်နဲ့ ၀မ်းချလိုတဲ့ သဘောနဲ့ ပြောနေ၊ ရေးနေကြခြင်းလည်း ဖြစ်နိုင်ပါတယ်။

အမှန်တကယ်တော့ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဆိုပြီး နအဖဗိုလ်ချုပ်ကြီးတွေ သုံးနှုန်းပြောဆိုနေကြတာတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ပေါ်ထွန်းလာခဲ့တဲ့ ပင်လုံစာချုပ်အခြေခံမူကို လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲ ဝေါဟာရအနေနဲ့ မည်ကာမတ္တ သုံးနှုန်းပြောဆိုနေကြတယ်ဆိုတာ သေချာပါတယ်။ အကယ်၍ ပင်လုံစိတ်ဓာတ် သို့မဟုတ် ပင်လုံမူဖြင့်သာ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် ထူထောင်နိုင်မယ်ဆိုရင် အခုလတ်တလော ကြုံတွေ့နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ဖြုတ်သိမ်းဖို့၊ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးပမ်းရာမှာ အဆင်မပြေ တင်းမာမှုတွေ ဖြစ်နေရတဲ့ ပြဿနာတွေ အပါအ၀င် လက်နက်ကိုင်ပဋိပက္ခတွေ အားလုံးချုပ်ငြိမ်းပြီး ပြည်တွင်းစစ်ကိုလည်း ရပ်စဲနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းသာယာတဲ့ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ နအဖဗိုလ်ချုပ်များ ကျင့်သုံးနေတဲ့ တိုင်းရင်းသားများနဲ့ ပတ်သက်တဲ့ ဗျူဟာကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို လက်နက်ဖြုတ်သိမ်း၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း၊ ဒါတွေကို မလိုက်နာဘူးဆိုရင် တိုက်ခိုက်ချေမှုန်းပစ်ရမယ်ဆိုတဲ့ ဗျူဟာပါပဲ။ ဒီလို တိုင်းရင်းသားတွေအပေါ်မှာ ကျင့်သုံးလုပ်ဆောင်ချက်တွေဟာ ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်နဲ့တော့ ဆီနဲ့ရေလို ကွာခြားနေပါတယ်။ တကယ်တော့ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံပြီး တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်မယ်ဆိုရင် လက်ရှိပြဿနာအပါအ၀င် တိုင်းရင်းသားပေါင်းစုံနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ နအဖဗိုလ်ချုပ်တွေကတော့ ပင်လုံစိတ်ဓာတ်ဆိုတဲ့ အသုံးအနှုန်းဝေါဟာရတွေကို ဝေါဟာရအနေနဲ့သာ သုံးပြီး ခံယူလိုက်နာကျင့်သုံးမယ့် အနေအထားတွေကို လုံးဝမတွေ့ရပါဘူး။ နအဖဗိုလ်ချုပ်တွေက မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ခေါ်ဆိုသုံးနှုန်းနေကြတဲ့တိုင်အောင် လက်ရှိအခြေအနေမှာ ပြည်ထောင်စုရဲ့အသွင်သဏ္ဌာန်ရော အနှစ်သာရပါ မရှိပါဘူး။ စစ်တပ်က စိုးမိုးခြယ်လှယ်အုပ်ချုပ်နေတဲ့ စစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတနိုင်ငံမျှသာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမယ့် မြန်မာနိုင်ငံအခြေအနေကရော ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်နဲ့ ဖော်ဆောင်မယ့် ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ ဘာများကွာခြားနိုင်ပါသလဲ။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်လာမယ့် မြန်မာနိုင်ငံဟာလည်း ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်တကွ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကို ဖော်ဆောင်ပေးထားသယောင် ရှိပေမယ့် ပြည်နယ်တွေ၊ တိုင်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ တပ်မတော်က အဆင့်ဆင့် စိုးမိုးခြယ်လှယ်အုပ်ချုပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ဖော်ဆောင်မယ့် မြန်မာနိုင်ငံဟာလည်း တပ်မတော်က စိုးမိုးခြယ်လှယ်အုပ်ချုပ်မယ့် နိုင်ငံတနိုင်ငံမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖော်ဆောင်မယ့် မြန်မာနိုင်ငံဟာ ကုလားကြီးနှင့် အရာကြီး (မာမူကြီး) မျှသာ ကွဲပြားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁၂) ရက် ပြည်ထောင်စုနေ့ရောက်တိုင်း ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ရယ်လို့ ယေဘုယျ ပြောကြ၊ ရေးကြပေမယ့် အဲဒီပြည်ထောင်စုနေ့ရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ ပင်လုံစာချုပ်၊ ပင်လုံသဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်နဲ့ ပတ်သက်လို့ လေးလေးနက်နက် ခွဲခွဲခြားခြားသိသူ အလွန်နည်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုသိမြင်ဖို့ဆိုရင် တိုင်းရင်းသားလူမျိုးများရဲ့ သမိုင်းနဲ့တကွ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းကို အကျဉ်းမျှ သိဖို့လိုပါတယ်။

မြန်မာနိုင်ငံဟာ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးများအပြင် အခြားလူမျိုးစုများလည်း အများအပြား နေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီတိုင်းရင်းသားလူမျိုးတွေဟာ ရှေးပဝေသဏီခေတ်ကတည်းက တချို့က ကိုယ့်ထီးကိုယ်နန်းတွေနဲ့ ထီးပြိုင်နန်းပြိုင် (ဗမာ၊ ရခိုင်၊ မွန်) နေထိုင်ခဲ့ကြပြီး တချို့မှာ စော်ဘွား၊ စော်ဖျား၊ စော်ကဲတွေနဲ့ (ရှမ်း၊ ကယား၊ ကရင်) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။ တချို့မှာမူ ဒူးဝါး၊ တောင်ပိုင်၊ တောင်အုပ်တွေနဲ့ (ကချင်၊ ချင်း) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။

မွန်-ဗမာ အနှစ် (၄၀) စစ်ပွဲအပြီးမှာ ဗမာဘုရင်တွေက မွန်ဘုရင်အုပ်ချုပ်တဲ့ ဒေသကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာတော့ ဗမာဘုရင် ဘိုးတော်ဘုရားဟာ ရခိုင်ပြည်ကို သိမ်းယူနိုင်ခဲ့ပါတယ်။ ကျန်တိုင်းရင်းသား ဒေသတွေကတော့ တခါတရံမှာ ဗမာဘုရင်ကို လက်ဆောင်ပဏ္ဏာ ဆက်သလို့ဖြစ်စေ တခါတရံမှာ ကိုယ်နည်းကိုယ့်ဟန်နဲ့ သီးခြားလွတ်လွတ်လပ်လပ် အုပ်ချုပ်လို့ဖြစ်စေ နေထိုင်လာခဲ့ကြပါတယ်။ ၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲနဲ့အတူ ရခိုင်နဲ့တနင်္သာရီဒေသကို ဗြိတိသျှအစိုးရက သိမ်းပိုက်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ပဲခူးတိုင်းနဲ့ အောက်ဗမာပြည်ကို သိမ်းယူပြီးတော့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးမှာတော့ ဗမာတပြည်လုံးကို အင်္ဂလိပ်အစိုးရက သိမ်းယူခဲ့ပါတယ်။

ဒီလို သိမ်းပိုက်အုပ်ချုပ်စဉ်ကာလမှာ ဒေသအသီးသီးကို အမျိုးမျိုး ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ရခိုင်ပြည်၊ ဗမာပြည်နဲ့ မွန်ဘုရင်များ အုပ်ချုပ်တဲ့ ဒေသကို ပေါင်းပြီးတော့ ဗမာမြေပြန့်ဒေသအဖြစ် အုပ်ချုပ်ခဲ့သလို ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို သီးခြားခွဲခြားပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့် အခြေအနေကို ရောက်လာတဲ့အခါ ဗြိတိသျှအစိုးရရဲ့ သဘောထားကတော့ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားလိုပါတယ်။ အကယ်၍ ဗမာပြည်နဲ့ တောင်တန်းဒေသကို တပေါင်းတစည်းတည်း လွတ်လပ်ရေးရချင်ရင် တောင်တန်းသားများရဲ့ သဘောထားအရ ပေါင်းစည်းနိုင်မှသာလျှင် ဖြစ်နိုင်မယ်ဆိုပြီး အကျပ်ကိုင်ခဲ့တယ်။

ဒီအခြေအနေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တောင်တန်းဒေသနဲ့ ဗမာပြည်ကို ပေါင်းစည်းရေးအတွက် လှုပ်ရှားကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုပေါင်းစည်းရေးအတွက် ကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကတော့ “ဗမာပြည်ကို လွတ်လပ်ရေးပေးပြီးတော့ ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားခဲ့မယ်ဆိုရင် ဒီလွတ်လပ်ရေးဟာ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေးမဟုတ်ဘူး” လို့ ခံယူသလို ဗမာလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီဘ၀နဲ့ မနေချင်သလို တောင်တန်းသားများကိုလည်း ဗြိတိသျှကိုလိုနီလက်အောက်မှာ မနေစေလိုပါဘူး။ ဗမာတွေ လွတ်လပ်ရေးရသလို တောင်တန်းသားများကိုလည်း လွတ်လပ်ရေး ရစေချင်ပါတယ်။

ဒါ့အပြင် ရှမ်းက တမျိုး၊ ကချင်က တဖုံ၊ ဗမာက တခြား အကွဲကွဲအပြားပြား ကြိုးပမ်းဆောင်ရွက်နေကြမယ့်အစား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် တိုင်းပြည်ဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပြီး ရလာတဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးသာတူညီမျှ ခံစားကြရမှာဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များကလည်း အကယ်၍ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးခဲ့ပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို ချန်ထားခဲ့မယ်ဆိုရင် တောင်တန်းသားများအနေနဲ့ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်နိုင်ဖို့ အလှမ်းဝေးသွား လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ဗမာပြည်နဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ပင်လုံစာချုပ်ရဲ့ အချီးနိဒါန်းမှာလည်း “ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု ကန့်ကွက်သူမရှိဘဲ သဘောတူညီခဲ့ကြလေသည်” ဆိုပြီး တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် စောစောကပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်စိတ်ဓာတ်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်များရဲ့ သဘောထားတွေဟာ ပင်လုံစိတ်ဓာတ်ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ်ဆိုတာဟာ လွတ်လပ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေးပဲဖြစ်ပါတယ်။

ဒီလိုခံယူချက် စိတ်ဓာတ်တွေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဗမာပြည်နဲ့ တောင်တန်းဒေသများပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးညှိနှိုင်းရာမှာ ရှမ်းခေါင်းဆောင်များအနေနဲ့ …

၁။ တန်းတူညီတူ ပြည်ထောင်စုမူနှင့် ပေါင်းစည်းရေး၊

၂။ ပြည်နယ်တွင်းကိစ္စတွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရှိရေး၊

၃။ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရေး၊

… စတဲ့ အချက်တွေကို ဆွေးနွေးတင်ပြခဲ့သလို ကချင်ခေါင်းဆောင်များအနေနဲ့ကလည်း …

၁။ ကချင်ပြည်နယ်ဖွဲ့စည်းရေး၊

၂။ ကချင်ပြည်နယ်ဖွဲ့စည်းရာတွင် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ ပါဝင်ဖွဲ့စည်းရေးတို့ကို တင်ပြခဲ့ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ဒီလိုတင်ပြလာတဲ့ အချက်တွေကို မူအရ လက်ခံသဘောတူခဲ့ပါတယ်။ ဒီလိုသဘောတူညီခဲ့တဲ့ အချက်တွေဟာ တနည်းအားဖြင့် ပင်လုံသဘောတူညီချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ လမ်းညွှန်မူ (၇) ချက်ကို တင်ပြရာမှာ …

နံပါတ် (၁) မှာ ‘နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟူ၍လည်းကောင်း’၊ နံပါတ် (၂) မှာ ‘တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရရှိစေရမည်’ ဟူ၍ ပါရှိသလို နံပါတ် (၅) မှာလည်း ‘ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ပြဋ္ဌာန်းထားရှိစေရမည်’ ဟူ၍ ညွှန်ကြားဖော်ပြ ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုပင်လုံစိတ်ဓာတ်တွေ၊ ပင်လုံသဘောတူညီချက်တွေ ရယူပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပင်လုံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပင်လုံစာချုပ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ပင်လုံစာချုပ်မှာ အပိုဒ် (၉) ပိုဒ် ပါတာကို တွေ့ရမှာဖြစ်ပါတယ်။ အပိုဒ် (၁) ကနေ (၄) အထိမှာ တောင်တန်းဒေသများအရေးနဲ့ ပတ်သက်လို့ ကိုယ်စားလှယ် သို့မဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်တဦးနဲ့ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦး ခန့်ထားရေး ဒီပုဂ္ဂိုလ်များရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားတာဖြစ်ပါတယ်။ အပိုဒ် (၅) ကတော့ ‘တောင်တန်းဒေသ သို့မဟုတ် နယ်စပ်ဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ရာနှုန်းပြည့်ရှိစေရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၆) ကတော့ ‘ကချင်ပြည်နယ်ဖွဲ့စည်းရေးနှင့် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေး’ ကို ဖော်ပြထားပါတယ်။ အပိုဒ် (၇) မှာကတော့ ‘တောင်တန်းသားများသည် ဒီမိုကရေစီနိုင်ငံများတွင် ရရှိသော အခြေခံအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၈) နှင့် (၉) မှာတော့ ‘ရှမ်းပြည်နှင့် ကချင်ဒေသ၊ ချင်းဒေသများအတွက် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး’ အတွက် ထပ်လောင်း ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေဟာ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်နဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေပဲဖြစ်ပါတယ်။

ဒီနေ့အချိန်အခါမှာ နအဖစစ်ခေါင်းဆောင်များအနေနဲ့ ဒီစိတ်ဓာတ်တွေ၊ ဒီမူတွေကို ဖျောက်ဖျက်ပြီး မြန်မာနိုင်ငံကို တပြည်ထောင် စနစ် သို့မဟုတ် စစ်အုပ်ချုပ်ရေးစနစ်နဲ့ ဆက်လက်အုပ်ချုပ်သွားဖို့ ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မိမိစိတ်ကြိုက် စီမံဖန်တီးထားတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ အမည်ခံအားဖြင့် ပြည်ထောင်စုအဖြစ် ဖော်ပြထားတဲ့အပြင် ပြည်နယ်များ၊ အထူးအုပ်ချုပ်ခွင့်ရ တိုင်း၊ အထူးအုပ်ချုပ်ခွင့်ရ ဒေသရယ်လို့ ဖော်ပြထားသည့်တိုင်အောင် ဗဟိုနှင့် ပြည်နယ်၊ တိုင်း ဒေသတွေ အားလုံး စစ်တပ်ကသာ ကြိုးကိုင်စီမံအုပ်ချုပ်ဖို့ ကြိုတင်စီမံဖန်တီးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ပြည်ထောင်စုအနှစ်သာရ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံမူတွေကို လုံးဝပစ်ပယ်ထားပြီး တိုင်းရင်းသားရပိုင်ခွင့်တွေကိုလည်း လျစ်လျူရှုထားတာဖြစ်တယ်။ တကယ်တော့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ စစ်တပ်က ရာသက်ပန်စိုးမိုးခြယ်လှယ်အုပ်ချုပ်နိုင်မယ့် စစ်အုပ်ချုပ်ရေးဥပဒေသာ ဖြစ်တယ်။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းရင်းသားနိုင်ငံရေးပါတီများရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ လုံးဝလက်မခံနိုင်တဲ့အပြင် လက်ရှိအခြေအနေမှာ နအဖရဲ့ အစီအမံဖြစ်တဲ့ လက်နက်ဖြုတ်သိမ်းရေး သို့မဟုတ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြတဲ့အတွက်ကြောင့် တင်းမာမှုတွေဖြစ်နေသလို စစ်ရေးပြင်ဆင်မှုတွေပါ ရှိနေပါတယ်။ ပြည်တွင်းစစ်ဟာလည်း ပိုမိုကျယ်ပြန့်လာမယ့် အနေအထားကိုတွေ့မြင်နေရပါတယ်။

တကယ်တော့ ပြည်တွင်းစစ် သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာပြီးတော့ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့တောင် ခေါ်မယ်ဆိုရင်ခေါ်လို့ ရပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေဖို့ တခုတည်းသော နည်းလမ်းကတော့ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံမူတွေကို အခြေခံပြီး စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ကို ဖွဲ့စည်းဖို့ပါပဲ။ ဒီလိုသာ ဖွဲ့စည်းနိုင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိပြီး တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးတဲ့ သွေးစည်းညီညွတ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒီလိုညီညွတ်တဲ့အားနဲ့ အဘက်ဘက်က ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်မယ်ဆိုရင် မကြာမနှေးဆိုသလို ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

တကယ်တော့ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်ဆိုတဲ့ ပြည်ထောင်စုမူဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့တဲ့မူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုအစမှာ ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာကို ချစ်ပါ၊ ဗမာစကားကို မြတ်နိုးပါ’ ဆိုတဲ့ အမျိုးသားရေးဝါဒကို ချမှတ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးအကြိုကာလကို ရောက်တဲ့အခါမှာတော့ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊ ပူးပေါင်းနေထိုင်ရေးဆိုတဲ့ ပြည်ထောင်စုမူကိုချမှတ်ပြီးတော့ အမျိုးသားသွေးစည်းညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးဆိုတဲ့ အမျိုးသားရေးဝါဒဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ နအဖခေါင်းဆောင်များဟာ ဒီမူတွေ ဒီသဘောတူညီချက်တွေကို လုံးဝဖျောက်ဖျက်ပြီးတော့ တသွေး တသံ တမိန့်နဲ့ ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေကို စိုးမိုးချယ်လှယ်အုပ်ချုပ်ဖို့ စီမံပြင်ဆင်နေတာ တွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့ စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးက လွတ်မြောက်ရေး၊ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကို ဖော်ဆောင်ရေးအတွက် နည်းမျိုးစုံနဲ့ ဘက်ပေါင်းစုံက တိုက်ပွဲဝင်ကြဖို့လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါတယ်။ ။

မူရင်း ။ ။ http://www.khitpyaing.org/articles/2010/february/10210.php

လှိုင်သာယာ အလုပ်သမားဆန္ဒပြပွဲ သတင်းဓာတ်ပုံများ


(ဓာတ်ပုံများကို ခွပ်ဒေါင်းသွေးဘလော့ဂ်မှ ရယူပါသည်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် တပ်မတော်ကိုဦးစီးတည်ထောင်သူဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တို့ရဲ့မူလဆန္ဒရင်းမှန်




ဗမာ့တပ်မတော်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေ စတင် တည်ထောင် လာခဲ့ကြတာပါ။ ရဲဘော်သုံး ကျိပ်ဝင် သက်ရှိထင်ရှားဆိုလို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ဗိုလ်ရဲထွဋ်တို့သာ ကျန်ရှိပါတော့တယ်။ ဗမာ့တပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ (၂၆)ရက်နေ့က ဘန်ကောက်မြို့မှာ စတင်သန္ဓေတည် မွေးဖွားခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ ဗမာ့ လွတ်လပ်ရေးတပ်မတော် (ဘီအိုင် အေ)လို့ အမည်ပေး ခေါ်ဝေါ်သုံးစွဲပါတယ်။
မြန်မာပြည်ဟာ အဲဒီအချိန်ကာလတုန်းက ကိုလိုနီလက်အောက်ခံဘ၀ ကျရောက်နေတဲ့အတွက်ကို လိုနီဆန့်ကျင်ရေး အမျိုး သားလွတ်မြောက်ရေးအတွက် သမိုင်းလိုအပ်ချကအရ ဗမာ့တပ်မတော်ကို မဖြစ်မနေ ဖွဲ့စည်းခဲ့ရတာ ဖြစ်ပါတယ်။ ကိုလိုနီ လက်အောက်ခံဘ၀ကနေ မြန်မာတမျိုးသားလုံး လွတ်မြောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အမျိုးသား နိုင်ငံ ရေးအင်အားစု အားလုံးက ၀ိုင်းဝန်းကြိုးပမ်း အားထုတ်စိုင်းပြင်းနေတဲ့ အချိန်လည်းဖြစ်ပါတယ်။
ဗမာ့တပ်မတော်ကို စတင်တည်ထောင်တဲ့ ကနဦးမူလ ရည်ရွယ်ချက်က တိုင်းပြည်ရဲ့အချုပ်အချာနဲ့ တိုင်းသူပြည်သား လူမျိုး စုံ ပြည်သူတရပ်လုံးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် ကြောင့်လည်း ကျနော်တို့ သွေးသားရင်းချာ ညီအကိုမောင်နှမတွေဟာ တိုင်းပြည်နဲ့လူမျိုး အကျိုးအတွက် စစ်ဘက်ရေးရာ ကိစ္စတွေမှာ ၀င်ရောက် အမှုထမ်းကြတာ ဖြစ် ပါတယ်။ တပ်မတော်ထဲကို ၀င်ရောက်ကြတာ ဖြစ်ပါတယ်။ အချို့လည်း လက်နက်ကိုင် အမှုထမ်းအဖြစ် ၀င်ရောက်ကြပြီး အချို့ကတော့ နောက်တန်းစခန်းတွေမှာ ရုံးအမှုထမ်းတေအဖြစ် ၀င်ရောက်တာဝန် ထမ်းဆောင်ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့လိုလာအတောင့်တဆုံး ဖြစ်စေချင်တဲ့ ဆန္ဒကတော့ တပ်မတော်ကို ပြည်သူ့အ မှုထမ်း စစ်စစ် တပ်မ တော်မျိုး ဖြစ်စေချင်တာပါ။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော်၊ လူမျိုးစုံ ပြည်သူတရပ်လုံးရဲ့အသက် အိုး အိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်ပေးမယ့် ပြည်သူချစ်တဲ့ တပ်မတော်၊ အမျိုးသားရေးလက္ခဏာ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းစောင့် ရှောက်တဲ့ တပ်မတော်အဖြစ် ရည်ရွယ် ဦးစီးတည်ထောင်ခဲ့တာပါ။ တကယ့် တကယ်လည်း အဲဒီကာ လတုန်းက ဗမာ့တပ်မတော်ကို တိုင်းသူပြည်သား အားလုံးက လိုလိုချင်ချင်နဲ့ကို အားကိုးချစ်ခင် လေးစားယုံကြည် ခဲ့ကြတာပါ။
ဒီအစဉ်အလာ ကောင်းတွေ၊ ကျင့်ဝတ် ဂုဏ်သိက္ခာကောင်းတွေဟာ ဒီကနေ့ကာလမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တဲ့ အတွက် အင်မတန်မှကို ၀မ်းနည်းကြေကွဲစရာ ကောင်းလှပါတယ်။ ဒီကနေ့ဆို လို့ရှိရင် ပြည်သူချစ်တဲ့ တပ်မတောအဖြစ်က နေ ပြည်သူလူထုကို ဗိုလ်ကျရမ်းကား နှိပ်စက် သတ်ဖြတ်တဲ့ မုဒိမ်းကျင့် ပြည်သူသတ် တပ်မတော်အဖြစ် နာမည်တွင်ရစ်ပါ ပြီ။ အရင်က တပ်မတော်ရဲ့ဆောင် ပုဒ်ဟာ “ ပြည်သူသာ အမိ ပြည်သူသာ အဖ ” ကနေ အခုလက်ရှိ “ တပ်မတော်သာ အမိ တပ်မတော်သာ အဖ ”အဖြစ် ပြောင်းသွားခဲ့ရပါပြီ။ အကြောင်းကတော့ လက်တဆုပ်စာ စစ်ဗျူရိုကရက် လူတစုရဲ့ခါး ပိုက် ဆောင်တပအဖြစ် နာခံလုပ်ဆောင်ပေး နေရတာကြောင့် ဖြစ်ပါတယ်ဒါပေမဲ့လို့ တကယ်တန်း တိုင်းပြည်ကိုချစ်တဲ့၊ တိုင်းပြည်နဲ့လူမျိုးကို အလုပ်အကျွေးပြုချင်တဲ့ ပြည်ချစ် တပ်မတော်သာအများ တပ်မတောအတွင်းမှာ ကျန်ရှိနေသေးပါတယ်။ အောက်ခြေတပ်သား ရဲဘော်ကနေ အဆင့်ဆင့် အကြပ်တပ်သား အရာရှိ တပ်မှူးတွေအထိပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ လုံးဝ ပျက်စီးသွားပြီဆိုတာကို သူတို့တွေကလည်း ကောင်းကောင်းသိကြ မယ်လို့ ယူဆပါတယ်။ သူတို့အ တွက်ကလည်း လှုပ်လို့မရအောင်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရတာ ဖြစ်တအ တွက် နီးရာဓါးကို ကြည့်ရှောင်နေရတယ်လို့ ထင်ပါတယ်။ သူတို့ကို မှီခိုနေရတဲ့ မိသားစုကလည်း ရှိကြသေး တာကိုး။
နေ့စဉ် ထွက်ပြေးတဲ့ တပ်သား အရေအတွက်ကလည်း မနည်းလှပါဘူး။ လေးလပတ် စစ်ဆင်ရေး တခုဆို တပ်သား စုစု ပေါင်း (၇၀၀၀) ထောင်လောက် လျော့နည်းဆုံးရှုံး နေရတယ်လို့ စက်တင်ဘာလမှာ ပြုလုပ်လေ့ရှိတဲ့ တိုင်းမှူးများ လေးလ ပတ် အစည်းအဝေးအရ ကြားသိနေရပါတယ်။ (၇၀၀၀) ထောင် ဆိုတဲ့ အရေအတွက်ဟာ တပ်မတခုစာလောက် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အတင်း အဓမ္မ စစ်သားစုဆောင်းရေးကို ကျော်မကောင်း ကြားမကောင်း လုပ်နေတာ ဖြစ်ပါ တယ်။ Aသက် (၁၈)နှစ်အောက် ကလေးစစ်သား အရေအတွက်တင် (၇) သောင်းလောက် ရှိတယ်လို့ သိရပါတယ်။
ပြည်ပရေဒီယိုကလည်း ဒီကလေးစစ်သားနဲ့ပတ်သက်လို့ နေ့စဉ်လိုလို သတင်းထုတ်လွှင့်နေတာ ကြားနေသိနေရပါတယ်။ နေ့တိုင်းလိုလိုကို မကြားချင်အဆုံးပါပဲ။ အိမ်ကအမေက ဈေးသွားခိုင်းလိုက်တာ ပျောက်သွားတယ်၊ ပြန်မရောက်လာတော့ ဘူး၊ လိုက်မေးမြန်း စုံစမ်းကြည့်တော့မှ စစ်သားစုဆောင်း ရေးကို ရောက်သွားပြီ ဆိုတာမျိုး၊ ဘယ်တပ်ရင်းကို ပို့လိုက်ပြီ ဆိုတာမျိုး မိဘတွေက သိရပါတော့တယ်။ ရောက်သွားတဲ့နေရာထိ မိဘဆွေမျိုးတွေက လိုက်သွားပြီး ပြန်ခေါ်မယ်ဆိုတော့ လည်း ပြန်ခေါ် ခွင့်မရဘဲ ခြိမ်းခြောက် မောင်းထုတ်တာမျိုး၊ ပြန်ခေါ်ချင်ရင် ငွေဘယ်နှစ်သိန်း ပေးရမယ်ဆိုတာမျိုး၊ ထောင်ချ ပစ်မယ် ဆိုတာမျိုးတွေကိုသာ ကြားနေကြုံနေ ရင်ဆိုင်နေရပါတယ်။
တပ်မတော်တရပ်က ဒီလိုအပြုအမူမျိုး လုပ်လို့ရပါသလား။ အသက်ကလည်း မပြည့်သေး ကာယကံ ရှင်ကလည်း သဘော မတူတဲ့ဟာကို အတင်းအဓမ္မ ပြန်ပေးဆွဲသလို လုပ်နေတာဟာ နိုင်ငံသားတ ယောက်ရဲ့မွေးရာပါအခွင့်အရေးကို ဗြောင်ကျ ကျ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်သလို ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးရမယ်ဆို တဲ့ တပ်မတော်ရဲ့ ကျင့်ဝတ်ကတိ ဂုဏ်သိက္ခာနဲ့ကော ကိုက်ညီပါရဲ့လား။ တပ်မတော်တရပ်ရဲ့ လုပ်ငန်းစဉ်ကော ဟုတ်ပါရဲ့ လား။
တနည်း ဒါဟာ ပြန်ပေးဆွဲ အေးဓမြတိုက်တာပဲ မဟုတ်ပါလား။ ဒီလိုမျိုး တပ်မတော်က ခိုင်းစေထား တာလား၊ ဒါဆိုရင်တော့ တပ်မတော်မဟုတ်တော့ပါဘူး။ ပြန်ပေးဆွဲဂိုဏ်း ဓမြဂိုဏ်းအဆင့်သာ ဖြစ်သွားတော့မှာပါ။ တပ်မတော်အကြီးအကဲ ဆိုတာ လည်း ဓမြဗိုလ် အဆင့်သာသာပဲ ရှိတော့မှာပါ။ ဒီလိုဆိုရင်တော့ ဓမြဗိုလ်ကြီး အဆင့်လောက်သာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ တယောက်ဟာဖြင့် တပ်မတော် တရပ်လုံးကို စီမံကွပ်ကဲ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိ အဆင့်မမီတအတွက် တပ်မ တော် တရပ်ရဲ့ဂုဏ်သိက္ခာလည်း ထိခိုက်ကျဆင်းပါတယ်။ အစဉ်အလာအရ ကျင့်ဝတ်ပိုင်းအရ အင်မတန် ထိခိုက်ဆုံးရှုံး နစ် နာရပါတယ်။
ပြည်သူချစ်တဲ့ တပ်မတော်တရပ်ဟာ ဒီလိုမျိုး အောက်တန်းကျတဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်လေ့လုပ်ထ မရှိပါဘူး။ တပ်မတော်တရပ်ဟာ ပြည်သူ့ အမှုထမ်းစစ်စစ် တပ်မတော် ဖြစ်ရမယ်ဆိုတဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အလိုလားဆုံး အတောင့်တဆုံး ဆန္ဒနဲ့လည်း ဆန့်ကျင် ဖီလာ ဖြစ်နေသလို တပ်မတော်ရဲ့ဖခင်ရင်းကို လျစ်လျူပြု စော်ကား သလို အဖြစ်မျိုးလည်း ရောက်သွားပါတယ်။ ။အခုတလော စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းတွေလည်း ဟိုကဒီက အမျိုးမျိုးကြားနေရပါတယ်။ ဗိုလ်မှူးဟောင်း ၀င်းနိုင် ကျော် ကိစ္စမှာလည်း သက်သက်မဲ့ ဓါးစာခံရှာ သေဒဏ်ပေးတာဖြစ်ကြောင်းနဲ့ အဓိက ကတော့ န၀တခေတ် အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦး လုပ်ကြံခံရတဲ့ကိစ္စ အဖြစ်မှန် ပေါ် လာနိုင်တာကြောင့် အခုလိုမျိုး ဓါးစာခံရှာ သေဒဏ်ပေးတာ ဖြစ် တယ်လို့ မဇ္ဈိမသတင်းဌာနနဲ့ အင်တာဗျူးမှာ လုပ်ဖော်ကိုင်ဖက်ဟောင်း တဦးဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးမှာ ဌာန ခွဲ (၂) ရဲ့ဌာနခွဲမှူးအဖြစ် ၂၀၀၄ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ဦးစိန်လွင်က ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
တဆက်တည်းမှာပဲ နောင် ဒီလိုမျိုးဖြစ်ရပ်တွေ မပေါ်ပေါက်အောင် မလုပ်ရဲအောင် သေဒဏ် အပြစ် ပေးပြတာလို့ ဆက်လက် ပြောသွားခဲ့သလို ဒီလုပ်ရပ်မျိုးတွေကြောင့် မီဒီယာတွေမှာ သတင်းတွေ ဓါတ်ပုံတွေ နောက်ထပ် အနှေးနဲ့အမြန် ဆိုသလို တက်လာပါလိမ့်ဦးမယ်လို့ ဖြေကြားသွားပါတယ်။
ဗိုလ်မှူး ၀င်းနိုင်ကျော်ဟာ ၂၀၀၄/၂၀၀၅လောက်မှာ သူ့ရာထူးဖြစ်တဲ့ အမျိုးသားစီမံကိန်း ၀န်ကြီးဌာနက နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးက ထွက်လိုက်ပြီး ကုလသမဂ္ဂ အေဂျင်စီ တခုမှာ သွားအလုပ်လုပ်ရာကနေ ၂ဝဝ၉ ဒီ ဇင်ဘာ လဆန်းမှာ ပြန်လာတုန်း စရဖက သူ့ကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာဘဲ ဖမ်းလိုက်တာဖြစ်ပြီး သူ့ဆီက လှိုဏ်ခေါင်း ပုံတွေ စရဖက တွေ့တယ် ပြောတယ်။ ဒါပေမဲ့ တကယ့်အဖြစ်က အတွင်းရေးမှူး (၂) ရဲ့ပိုအရေးကြီးတဲ့ ပိုလျှို့ဝှက်တဲ့ ဖိုင်တွေ က သူ့ခရီးဆောင် ကွန်ပျူတာထဲမှာ ရှိနေတာ။ ဒါကိုပဲ ဗိုလ်ချုပ်ကြီးတွေက ဒီကိစ္စတွေကို ပြဿနာ ပိုမကြီးထွား လာစေချင် ဘူးလေ။ အဓိက က အတိတ်က ကိစ္စတွေ မီးခိုး ကြွက်လျှောက် ပေါ်လိုက်လာမှာကို ကြောက်လို့ ဖုံးကွယ် ဖျောက်ဖျက်ချင် တာပါ။
နောက်ပြီးတော့လည်း ဗိုလ်မှူးဝင်းနိုင်ကျော် ဒီမိုကရေစီအင်အားစုတွေဘက် ကူးပြောင်းရောက် သွား ရင် ဒီကိစ္စအဖြစ်မှန် ပြန် ပေါ်လာမှာကိုလည်း လက်စဖျောက်ပစ်ချင်တဲ့အတွက် “ တချက်တည်းနဲ့ နှစ် ကောင်ပစ်သလို ”လုပ် သေဒဏ်အမိန့်ချ လိုက် တာပါ။ လက်စတုံး ပစ်လိုက်တာပါ။ ဇာတ်တူသားချင်း စားမှ ကိုယ့်အသက် ရှင်သန်နိုင်မယ့် စစ်အာဏာရှင် စနစ်ဆိုးကြီး၊ အ မှောင်ကျနေတဲ့ ခေတ်ဆိုးကြီးပါ။ပြီးခဲ့တဲ့ ဇန်န၀ါရီ(၁၃)ရက်နေ့ ကလည်း တပ်မ(၆၆) လက်အောက်ခံ တပ်ရင်း ခမရ(၈၀)နဲ့ ခမရ(၅) တပ်ရင်းဆီ ရန်ကုန်က ရောက်လာတဲ့ ထောက်လှမ်းရေးတပ်တို့ တမြန်နေ့ တနင်္ဂနွေနေ့က ပစ်ခတ်မှု ဖြစ်ပွားကြလို့ ခမရ(၅)က ထောက်လှမ်းရေး တပ်ကြပ်ကြီး သေနတ်ဒဏ်ရာ ပြင်းထန်လို့ သေဆုံးသွားခဲ့ ရပါတယ်။ ဒါ့အပြင် “တပ်မ ၆၆ ရဲ့ ခမရ ၈၀၊ ၆၈၊ ၇၅ တပ်ရင်း တွေဟာ စားဝတ်နေရေး အဆင်မပြေတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ တတိယအပတ်ကတည်းက အာာဏာဖီဆန်လာခဲ့တာပါ” လို့ ဘီဘီ စီက လွှင့်ထုတ်ပြောကြားခဲ့ပါတယ်။
မြင်းခြံမှာလည်း လက်နက်တိုက် ဖောက်ထွင်းမှု ဖြစ်ခဲ့ပါသေးတယ်။ ခမရ(၈၀)တပ်ရင်းကို ထောက် လှမ်းရေးက မသင်္ကာလို့ ဆိုပြီး ၀င်စစ်တာ တပ်ရင်းမှူး ကိုယ်တိုင်က ၀င်စစ်ခွင့်မပြုတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားတာလို့ ရိုးမ(၃)သတင်း ၀က်ဘ် ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကိုကြည့်ရင် သူတို့ စစ်တပ်အတွင်းမှာလည်း ဒေသခံတပ်ရင်းမှူးနဲ့ အထက်အမိန့် ပေးတဲ့ သူတွေကြားမှာ အဆင်မပြေ တင်းမာမှုတွေရှိတယ်ဆိုတာ သိသာထင်ရှားပါတယ်။ပြည်ပရောက် စစ်တပ် အရာရှိဟောင်းတဦးကလည်း ခမရ ၈ဝ အပါအဝင် အမည်မသိ အခြား ယင်း ဒေသ အခြေစိုက် တပ်ရင်း (၂)ရင်းတို့မှာ ယခင်လ ၂ဝ ရက် ဝန်းကျင်ကတည်းက တပ်တွင်းလစာနှင့် ပတ်သက်၍ အာဏာဖီဆန်မှုများ ရှိခဲ့သ ဖြင့်အရာရှိများနှင့်တပ်သားများ အနည်းဆုံး ၅ဝ ဦးခန့် ဖမ်းဆီး ခံထားရကြောင်းနှင့် ၆၆ တပ်မမှူး ဗိုလ်မှူးကြီး စန်းမြင့်အား စစ်ခုံရုံးတင် စစ်ဆေးနေကြောင်း မဇ္ဈိမကို ပြောပြပါတယ်။
ဗမာ့တပ်မတော်အတွင်းမှာလည်း တိုက်ခိုက်ရေးနဲ့ ထောက်လှမ်းရေးတပ်များအကြား မသင့်မမြတ်ဖြစ် မှုမှာ နာတာရှည် ရော ဂါလို ဖြစ်နေပါတယ်။ အကြောင်းကတော့ ထောက်လှမ်းရေးတပ်များရဲ့ခံစားပိုင် ခွင့်၊ ရပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တို့မှာ ရိုးရိုး တိုက် ခိုက်ရေးတပ်များထက် အဆပေါင်းများစွာ သာလွန် ကောင်းမွန် နေတာကြောင့် ဖြစ်ပါတယ်။ မကြာသေးမီလေးတင်ကလည်း တပ်မ(၆၆)နဲ့ တပ်မ(၇၇)က အရာရှိတွေအပါအ၀င် တပ်သားအများစု စားဝတ်နေရေး အဆင်မပြေမှုကြောင့် အစုလိုက် အပြုံ လိုက် ထွက်ပြေးကြတယ်ဆိုတဲ့ သတင်းကို လေလှိုင်းကနေ ကြားမိလိုက်ပါသေးတယ်။
ဒီအခြေအနေတွေကို သုံးသပ်ကောက်ချက်ဆွဲ ကြည့်မယ်ဆိုရင် တပ်မတော်အတွင်းမှာ အထက်အောက် ကွာဟမှု ကြီးမား နေတာ၊ ရာထူးအဆင်အတန်း ခွဲခြားဆက်ဆံခံနေရတာ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသလို နောက်ခံအသိုင်းအ၀ိုင်း ကောင်းရင် ကောင်းသလို အကျိုးခံစားခွင့်၊ ရပိုင်ခွင့်တွေ၊ တာဝန်ပေး နေရာချထားမှု မတူကွဲပြားနေတာ၊ တာဝန်ကို ကျေပွန် စွာ ကြိုးစားထမ်းဆောင်ပေမဲ့ ရာထူး အဆင့်နေရာ မတက်နိုင်ဘဲ ဖြစ်နေရတာ၊ နောက်ဆုံး တပ်မတော်သားအခွင့်အရေး လုံး ၀မရှိ ဆုံးရှုံး နေရတာတွေဟာ (လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တသိုက်ကလွဲလို့) တပ်မတော်သားအားလုံးရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရုံသာမက တပ်မတော်ကြီးတခုလုံးကိုပါ ထိခိုက်ပျက်စီးစေတယ်ဆိုတာ အမှန်တကယ် တိုင်းပြည်နဲ့လူမျိုးကို အ လုပ်အကျွေးပြုချင်တဲ့ မျိုးချစ်ပြည်ချစ် တပ်မှူးတပ်သားအားလုံး နား လည် ခံစားမိကြမှာပါ။
ဒါကြောင့် အချိန်မနှောင်းသေးမီ စစ်အာဏာရှင်ဗိုလ်ချုပ်တစု အကျိုးစီးပွားအတွက် အမိန့်နာခံပေးနေတာကို ရပ်တန်းက ရပ် ပြီး လူမျိုးစုံ ပြည်သူတရပ်လုံးနဲ့အတူ ပူးပေါင်းလက်တွဲ၍ စည်းလုံးညီညွတ်စွာဖြင့် လက်တဆုပ်စာ စစ်အာဏာရှင် အပေါင်း အပါ တစုကို ချေမှုန်းသုတ်သင်ပစ်မှသာ တပ်မတော် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မူလဆန္ဒရင်းဖြစ်သော ပြည်သူ့တပ်မ တော် စစ်စစ်ကို ပြန်လည်ဖော်ဆောင် တည်ဆောက်နိုင်မည်ဖြစ်ပြီး မိမိတို့၏ မှားယွင်းစွာ အမိန့်အာဏာ ခံယူနေခဲ့မှုကိုလည်း ချေ ဖျက်ရာ ရောက်မည်ဖြစ်ကြောင်း အထူးသတိချပ်စေလိုပါတယ်။ ဘယ်သူမပြု မိမိမှုသာ ဖြစ်ကြောင်းပါ။
ဒီအတိုင်းသာဆိုရင် မကြာတော့တဲ့အချိန်အတွင်း တပ်တွင်းပုန်ကန်မှုတွေ ဖြစ်ပေါ်ဖို့ တာစူနေတဲ့ အရိပ်လက္ခဏာတွေပါပဲ။ လွတ်လပ်ရေးရပြီးစ အဦးပိုင်းကာလတုန်းက တပ်ရင်းလိုက် တသုတ်ပြီးတသုတ် တောခိုကြသလို နောက်ထပ် တပ်ရင်း လိုက် ထွက်ပြေးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ကြောင်းနဲ့ စစ်တပ်အတွင်း အနေအထားများကို မျက်ခြည်မပြတ် စောင့် ကြည့်လေ့လာရင်း ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ အပါအ၀င် တိုင်းရင်းသားအင်အားစု အားလုံး၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အားလုံး၊ အီမိုကရေစီအင်အားစုများအားလုံးက နိုင်ငံရေးအသိမြင့်မားစွာနဲ့ ဒီကနေ့ရဲ့ ရှေ့ဆောင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒေါင်းအလံတော်အောက်မှာ ညီညာ လက်တွဲ ပေါင်းစုစည်းကာ ၀န်းရံပံ့ပိုး အားဖြည့်သွားကြရန်မှာ ဒီကနေ့ရဲ့ လက်ငင်း သမိုင်းတာဝန်တရပ် ဖြစ်ကြောင်း ရေး သား တင်ပြလိုက်ရပါတယ်။
မင်းဆွေ (ပေါက်)
၂၀၁၀ခုနှစ် ဇန်န၀ါရီလ (၁၅)ရက်။