Saturday, March 27, 2010

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို

နယူးဒေလီ (မဇ္ဈိမ)။     ။ ၁၉၆၂ နှစ်ကတည်းက စစ်တပ်ကြီးစိုးလာခဲ့သော မြန်မာနိုင်ငံတွင် မနက်ဖြန်ဆိုလျှင် ၆၅ နှစ်မြောက် တပ်မတော်နေ့ ကျရောက်တော့မည်ဖြစ်ပြီး နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

လက်ရှိ စစ်အစိုးရလက်အောက်တွင် တပ်မတော်နေ့ အခမ်းအနားသည် နိုင်ငံ၏ အကြီးကျယ်ဆုံး၊ ငွေကုန်ကြေးကျ အများဆုံး အခမ်းအနား ဖြစ်လာနေသည်။

မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ စစ်သားဘဝကို မြတ်နိုးသူ၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ယနေ့ တပ်မတော်အပေါ် သုံးသပ်ချက်များကို ဖတ်ရှုရမည်ဖြစ်သည်။


မေး။ မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လားဆိုတာ တချက်လောက် ရှင်းပြပေးပါ။ တပ်မှူးဟောင်းတယောက်အနေနဲ့ ဘယ်လို ခံယူထားလဲဆိုတာ သိချင်လို့ပါ။

''စပြီးတော့ ဖြစ်လာတာက ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဟိုတုန်းက တပ်တွေ ဖွဲ့ကာစကတော့ မထင်ရှားသေးဘူးပေါ့။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေးဆိုပြီးတော့ ကျင်းပလာတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်းရေးနေ့ တပ်တွေထွက်တဲ့ အသွင်သဏ္ဍာန်ကို ဆောင်ပြီးတော့ကာ၊ မီးဒုတ်တွေဘာတွေနဲ့  စစ်ကြောင်းတွေက လှည့်ပြီးတော့ကာ ရွှေတိဂုံ အနောက်ဘက်မှာ ရှိတဲ့ ကျူးကျော်အိမ်တွေကို ဖျက်ပြီးတော့၊ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က အဲဒီနေရာကို ရှင်းပြီးတော့ အဲဒီနေရာကို တော်လှန်ရေးပန်းခြံဆိုပြီး လုပ်တယ်။ ဟိုတုန်းက တော်လှန်ရေးပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြီးတဲ့နောက်၊ အဲဒီကနေပြီးတော့ စပြီးချီတက်တာကို အမှတ်အသားအနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကြောင်းတွေက မြို့ထဲကနေ တော်လှန်ရေး တိုင်းတွေ၊ ပြည်နယ်တွေက တပ်တွေလို နာမည်တပ်ပြီးတော့၊ စစ်ကြောင်းတွေလုပ်ပြီး ချီတက်လာကြတယ်။ နောက်နှစ်မှာကျ မီးဒုတ်တွေ မပါတော့ဘူးပေါ့။ မီးဒုတ်တွေပါရင် မီးအန္တရာယ်  ရှိတယ်ဆိုပြီးတော့ မပါတော့ဘဲ နောက်ပိုင်းမှာ စစ်ရေးပြ အခမ်းအနားတွေ ဖြစ်ပေါ်လာတယ်။ အဲဒီတုန်းက ဖက်ဆစ်တော်လှန်းရေးပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျတော့ ဖက်ဆစ်တော်လှန်ရေးနေ မဟုတ်တော့ဘူးပေါ့။ ဒီဟာကို ၂၇ ရက်နေ့က စစ်သည်တွေ ချီတာကို အကြောင်းပြုပြီး တပ်မတော်နေ့လို့ ပြောင်းလိုက်တယ်။ အဲဒီကျလို့ရှိရင် တပ်ထဲမှာ  စစ်ရေးပြ အခမ်းအနားတွေ ကျင်းပပြီး၊ တပ်မတော်နေ့ဆိုပြီး လုပ်လာတာတွေ ရှိတယ်''

''ကျနော် မှတ်မိသေးတယ်၊ တော်လှန်ရေးကောင်စီ တက်လာတဲ့အချိန်မှာ တပ်မတော်သားတွေဆီ ဆန္ဒတွေဘာတွေ မေးတော့ကာ ကျနော့်အနေနဲ့ ဆန္ဒပြုခဲ့တာတွေ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ တပ်မတော်နေ့ အခမ်းအနား လုပ်တာကတော့ လုပ်ပါ။ တပ်မတော်နေ့ဆိုတာက ရှိရမှာပဲ။ တပ်မတော်သားတွေ ဂုဏ်ပြုတဲ့နေ့။ သို့သော် အဲဒီနေ့ဟာ တပ်မတော်ထဲမှာ အခမ်းအနား ကျင်းပတာလောက်ပဲ ကောင်းတယ်။ တကယ့် နေ့ထူးနေ့မြတ်က လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးနေ့ဟာ အထွဋ်အမြတ်နေ့ ဖြစ်တယ်။ အထွဋ်အမြတ်နေ့မှာ တပ်မတော်သားတွေအနေနဲ့ စစ်ရေးပြ အခမ်းအနားလည်း လုပ်၊ ပြည်သူပြည်သားတွေ ဘက်ကလည်းပဲ၊ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်းပဲ ပြည်သူနဲ့ တပ်မတော် အတူတကွ ချီတက်တဲ့ အခမ်းအနားတွေ လုပ်ပါဆိုပြီးတော့ အကြံဥာဏ်တွေလည်း ကျနော်တို့ ပေးခဲ့ဖူးတယ်''

''အဲဒါက မထိရောက်ဘဲ နောက်ပိုင်းမှာ တပ်မတော်နေ့ဆိုပြီး ဒီနေ့အထိ လုပ်လာတာပဲ။ အဲဒီနေ့မှာ အခမ်းအနား ကျင်းပပြီး တပ်ထဲမှာရှိတဲ့ စစ်သည်တော်များ အားလုံးအတွက် စစ်သွေးစစ်မာန်၊ ဇာတိသွေးဇာတိမာန် တက်ကြွဖို့ အခမ်းအနား လုပ်တာပါ။ ဟိုတုန်းက အကြံပေးခဲ့ဖူးတာက လွတ်လပ်ရေးနေ့မှာပဲ အဓိက ထားပြီးတော့ကာ တပ်မတော်သားတွေ အားလုံး ပါဝင်ဆင်နွှဲဖို့ ပြောခဲ့ပေမယ့်၊ တချို့က တပ်မတော်နေ့လို့ သတ်မှတ်ပါ။ အဲဒီနေ့မှာ တပ်ထဲမှာ သူတို့ဘာသာသူတို့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်ပွဲတွေ လုပ်လို့ရှိရင် ဖြစ်နိုင်ပါတယ်ဆိုပြီး သဘောတူညီမှုတွေ ရှိခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ရေးပြ အခန်းအနားတွေနဲ့ပဲ လုပ်လာခဲ့တာ အခုထိပဲ။ အခုကျ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ အကြီးကျယ်ဆုံးလုပ်တဲ့ သဘော ရှိတဲ့အတွက် စစ်ရေးပြ အခမ်းအနားကို အကြောင်းပြုပြီး လုပ်လာတဲ့အတွက် တပ်မတော်နေ့ဆိုပြီး တွင်ကျယ်လာတာပါပဲ''

''တကယ်စင်စစ်က မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်နေ့ကို အားလုံး ချီတက်ပြီး ထွက်ကြတဲ့ အတွက်ကြောင့်မို့၊  ထွက်တဲ့တပ်တွေကလည်း သူတို့ဟာသူတို့ အမှတ်တရအနေနဲ့ ကျင်းပတဲ့ အတွက်ကြောင့်မို့လို့ ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဖက်ဆစ်တော်လှန်နေ့က အမည်နာမအနေနဲ့က အမှန်အကန်ပါပဲ။ သို့သော် စစ်သည်တော်သားများ အားလုံးအနေနဲ့ တပ်မှူးအကြီး အငယ်တွေအနေနဲ့ အားလုံး အဆင့်ဆင့်က အစဉ်အလာလိုဖြစ်ပြီး ပြောဆိုလုပ်ကိုင်လာတာကတော့ ဒီနေ့အချိန်ထိ အခမ်းအနားတွေကို အကြီးအကျယ် လုပ်ပြီးတော့ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာပေါ့''

မေး။ ဖက်ဆစ်တော်လှန်ရေးခေတ် နောက်ပိုင်းကာလ တပ်မတော်သားတွေနဲ့ လက်ရှိ တပ်မတော်သားတွေ ဘယ်လို ကွာခြားတာမျိုးတွေ ရှိလဲခင်ဗျ။

“သိပ်ပြီးတော့ ကွာခြားတာပေါ့ကွာ၊ ဟိုတုန်းက တပ်မတော်ဆိုတာက  ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အင်မတန် ကောင်းမြတ်တဲ့ စံနမူနာကောင်းတွေ ပြသွားခဲ့တယ်။ သူ ဖက်ဆစ်တော်လှန်ရေး ပြီးတဲ့အခါကျ တပ်ကို ပြန်ဖွဲ့တဲ့အခါမှာ ဂန္ဓီစာချုပ်အရ တပ်ကို ပြန်ဖွဲ့စည်းတယ်။ အရာရှိတွေနဲ့ ပတ်သက်လို့ ရွေးချယ်ခန့်ထားပြီး နောက်ပိုင်းမှာ  သူကိုယ်တိုင်က တပ်မတော်ထဲမှာ မနေတော့ဘဲနဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ဖဆပလ ပါတီ အဖွဲကြီးထဲမှာ သွားပြီးတော့ ဗမာ့လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ဆက်လက်ကြိုးပမ်းတဲ့ ဥစ္စာက တပ်မတော်နဲ့ နိုင်ငံရေး (နိုင်ငံရေးဆိုတာက ပါတီ နိုင်ငံရေးကို ပြောတာပေါ့လေ)၊ နိုင်ငံရေးဆိုတာက ပြည်သူလူထုအားလုံးနဲ့ တပ်မတော်သားတွေက နိုင်ငံရေးရဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်။ နိုင်ငံရေးရဲ့ သတ္တဝါတွေဖြစ်တော့ နိုင်ငံရေးဆိုတာက ရှိရမှာပဲ၊ ကင်းမှာ မဟုတ်ဘူး”

“သို့သော်လည်း တပ်မတော်ဟာ ပါတီနိုင်ငံရေးနဲ့ တပ်မတော် ကင်းကင်းရှင်းရှင်း နေရမယ်ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက ပြခဲ့တယ်လေ။ ဒီအစဉ်အလာကို ထိန်းဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက် အသက်စွန့်ပြီး နောက်ပိုင်းမှာလည်း တပ်မတော်ကို ဆက်လက်တာဝန်ယူတဲ့ ပုဂ္ဂိုလ် အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ပေါ့ဗျာ။  အဲဒီအခါမှာလည်းပဲ ဒီအရှိန်အဝါနဲ့ ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့အတွက် တပ်မတော် ညီလာခံတခုကို ပထမဆုံးအကြိမ် ကျင်းပတယ်။ တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်းကို ရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို တို့တတွေက အသက်ပေးပြီး ကာကွယ်ကြရမယ်။ အဲဒီဟာကို ကာကွယ်ဖို့ အကြောင်းချင်းရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတယ်''

''အဲဒီမှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ကာကွယ်ရေး ဦးစီချုပ် စာတမ်းတစောင်ကို ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့ စာတမ်းက ဘာလဲဆိုတော့ - တို့တပ်မတော်အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ အခုရှိနေတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အသက်ပေးပြီး တို့တတွေ ကာကွယ်ကြရမယ်။ နောင်သောအခါမှာ အခြေခံဥပဒေအပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ နိုင်ငံတော် တည်ဆောက်ရေး တို့တတွေ လုံးပမ်းကြရမယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ဥပဒေအချက်အလက်တွေကို ဖောက်ဖျက်ကျူးလွန်တာရှိသော် ငါကိုယ်တိုင် မထောက်မညှာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမယ်။ ဒါကြောင့်မို့ ဒါကို မင်းတို့အားလုံး ဆွေးနွေးပြီးရင် ဒီဟာကို လက်မှတ်ထိုးကြပါ ဆိုတဲ့အတွက် ဒီဟာကို ၁၉၄၇ ခုနှစ် နိုင်ငံတော် အခြေခံဥပဒကို ကျနော်တို့ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ထောက်ခံအားပေးပြီး လက်မှတ်ထိုးခဲ့တယ်။ အဲဒါက ဗမာ့တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်း ထုတ်ခဲ့တာ''

''ပထမဦးဆုံး ရွေးကောက်ပွဲတုန်းက ပါတီနိုင်ငံရေးနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ဖြစ်အောင်ဆိုပြီးတော့ ရွေးကောက်ပွဲတို့ဘာတို့ လုပ်တဲ့အခါမှာလည်း ပါတီပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်သည်စစ်သားများက ပါဝင်မှု မရှိဘဲနဲ့၊ မိမိတပ်နဲ့ ပတ်သက်တဲ့  အသုံးအဆောင် ပစ္စည်းများကို မပတ်သက်ဘဲနဲ့၊ နောက်ပြီး သွားရောက်ပြီးတော့ သူတို့အတွက် ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆော်သြပေးခြင်း၊ လိုက်လံပြီး ကူညီဆောင်ရွက်ပေးခြင်း စသဖြင့် ပါဝင်ဆက်နွယ်ပြီးတော့ လုပ်လို့မရအောင် ကင်းကင်းရှင်းရှင်း ဖြစ်အောင် အမိန့်တွေ ထုတ်ထားတဲ့အတွက် တိတိကျကျပဲ လိုက်နာခဲ့ကြရတယ်''

''အခုကျတော့ တဖြည်းဖြည်း ပတ်သက်ပြီး သံယောဇဉ်တွေက ရှိခဲ့တာကိုး။ သံယောဇဉ်ရှိတဲ့အပေါ် မူတည်ပြီး၊ လိုက်နာပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့် နောက်ဆုံး တပ်က နိုင်ငံရေးထဲမှာ တဖြည်းဖြည်း အထူးသဖြင့် ပါတီနိုင်ငံရေးထဲမှာ တပါတီ၊ တဖွဲ့၊ လူတဦး အကျိုးစီးပွား အကျိုးငှာ အသုံးချခံလိုက်ရတဲ့ ဘဝကို ရောက်သွားတဲ့ဟာမျိုး ဖြစ်ခဲ့တာပေါ့။ အခုတော့ ဒီအခြေအနေအတိုင်းပဲ ဖြစ်သွားတာပေါ့လေ။ နိုင်ငံတော်မှာ နဂိုမူလက ဆောင်ပုဒ်က ရှိပြီးသား “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ” ၊ “ပြည်သူသာလျှင် မိမိတို့၏ အင်အားစု” ဖြစ်တယ်။ ဒီပြည်သူတွေမှာလည်း တပ်မတော်သားတွေ ပါဝင်ခဲ့တာပဲ။  အဓိကဖြစ်တဲ့၊ မိဘတွေဖြစ်တဲ့ ပြည်သူတွေဟာ တကယ်ပဲ တပ်မတော်သားတွေရဲ့ အမိအဖ ဖြစ်ရမယ်ဆိုတာ တပ်မတော်သားတွေရဲ့ ဦးနှောက်ထဲမှာ ကိန်းအောင်းအောင် လုပ်ခဲ့တာပဲ''

''အခု ဒီလိုမဟုတ်တော့ဘူး၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ၊ အားလုံးက ဘယ်လို အတွေးအခေါ် ဖြစ်သွားလဲဆိုတော့ ညောင်ညိုပင်ကြီးရဲ့ အရိပ်ဟာ ပြည်သူလူထု တရပ်လုံးရဲ့ အရိပ်ပဲလေ။ ဒါပေမဲ့ အဲဒီ အရိပ်ကြီးကို  ဝင်ရောက်ပြီးတော့ လာတဲ့ တပ်မတော်က သူတို့အနေနဲ့လည်း သူတို့ကိုယ် သူတို့၊ သူတို့အရိပ်လို့ ထင်ပြီးတော့ ဒီအရိပ်အာဝါသအောက်မှာ နေရတာကို မေ့လျော့နေပြီး သူတို့ဟာသူတို့ သီးခြားရပ်တည်တဲ့ အရိပ်ဖြစ်တယ်ဆိုတဲ့အနေနဲ့ လုပ်ကိုင်သွားနေတဲ့ သဘောတွေကတော့ မှန်ကန်လှတယ်တော့ မဟုတ်ဘူး။ အဲဒီဟာရဲ့ သဘောကတော့ ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံး တွေ့မြင်နေရတဲ့ အတိုင်းပါပဲ။ အဲဒီလို ဖြစ်သွားတဲ့ သဘောရှိနေတော့ တကယ်စစ်မှန်တဲ့ အရင်တုန်းက တွေးခေါ်ခဲ့တဲ့၊  ပြည်သူတို့ရဲ့ ကြားထဲမှာ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်သွားရမယ်ဆိုတဲ့ ဟာကိုတော့  ပြန်ရောက်လာအောင် လုံပမ်းကြိုးစားဖို့ အကုန်လုံးမှာ တာဝန်ရှိကြတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်''

မေး။ တပ်မတော်သားတွေ လိုက်နာရမယ့် စစ်သည်တော်များ ကျင့်ဝတ်ကို ဒီကနေ့ခေတ် စစ်သည်တော်တွေ လိုက်နာဆောင်ရွက်မှု ရှိမရှိနဲ့ပတ်သက်ပြီး ပြောပြပါဦးခင်ဗျ။

“အဓိက တပ်မတော်သားတွေက ''ပြည်သူတွေအပေါ်မှာ ရေလိုလလို ကျင့်ရမယ်'' ဆိုတဲ့ဟာက တပ်မတော်သားတွေက ပြည်သူလူထုအပေါ်မှာ အေးမြတဲ့ သဘော ပေးရမှာ ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ ပတ်သက်လို့ ဖြစ်လာတဲ့ ''ရန်သူအပေါ်မှာတော့ နေလိုမီးလို ကျင့်ရမယ်'' ဆိုတာတွေ ရှိတယ်။ ပြည်သူလူထုဟာ ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲ။ အမိအဖတွေက ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲနဲ့ သေသေချာချာ အမြင်ကောင်းတွေ မြင်ပြီးတော့ သွားဖို့တော့ လိုတာပေါ့’'

''ဟိုအရင်တုန်းက စစ်သည်တော် ကျင့်ဝတ် ၆ဝ ဆိုပြီး ရေးထားတာ ရှိတယ်။ ရဲဘော်တယောက်ချင်း ကျင့်ရမယ့် ကျင့်ဝတ်၊ ရဲဘော် အချင်းချင်းအပေါ် ကျင့်ရမယ့် ကျင့်ဝတ်၊ ပြည်သူပြည်သားတွေအပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်၊ ရန်သူပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်ဆိုတာတွေ ရှိတယ်။  ဒါတွေက ၆ဝ ရှိခဲ့တာပဲ။ ဒီနောက်ပိုင်းကျတော့ကာ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်မယ် ဆိုတော့ကာ တချို့အချက်အလက်တွေကို ဖြည့်ပြီးတော့ ရေးတာတွေလည်း ရှိတယ်။ တချို့နေရာတွေမှာလည်း ထပ်ဖြည့်တာတွေ ရှိတယ်။ ဆိုတော့ကာ စစ်သည်တော် ကျင့်ဝတ်က အရင်တုန်းက စစ်သည်တော် ၆ဝ မဟုတ်တော့ဘဲ တော်တော်များများ ဖြစ်ကုန်ကြမယ် ထင်ပါတယ်။ ဒီကြားထဲမှာလည်း ကြွေးကြော်သံတွေကလည်း အများကြီး ရှိတယ်။ အားမာန် ၁ဝ ချက်၊ ခွန်အား ၁ဝ ချက်တို့ ဘာတို့ဆိုတဲ့ ကြွေးကြော်သံတွေက တော်တော်ကို များတယ်။ နှစ်လည်း ကြာလာပြီဖြစ်တဲ့အတွက် တော်တော်များများ အသေးစိတ် မသိတော့ဘူး''

''အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဟာတွေကတော့ ပြည်သူတွေနဲ့ တသားတည်း၊ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ ဖြစ်တဲ့အတွက် မိဘသဖွယ် ထားရတဲ့ ပြည်သူတွေအပေါ်မှာ သားကောင်းတယောက် စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဖို့ဆိုတဲ့  အဓိကဟာကို ရေးထားတဲ့ ကိစ္စဖြစ်တယ်။ အခုဟာက အဲဒီလို မဟုတ်တော့ဘူး။ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဆိုတာတွေကို  တချို့နေရာမှာ ကြားတယ်။ အပေါ်ကနေပြီးတော့ တပ်မှူးကြီးများက လုပ်ဆောင်ပေးနေတဲ့အတွက် စစ်သည်တော်များက အောက်မှာ စားရသောက်ရနေရ ဖွံ့ဖြိုးနိုင်ပြီးတော့ အပြင်က လူထုနဲ့ မတူဘဲနဲ့  ပိုပြီးတော့ စားရသောက်ရ ပြည့်စုံအောင် စားရသောက်ရ ဖြစ်တဲ့အတွက် အထက်အဆင့်ဆင့်သော ဗိုလ်ကြီးတွေအပေါ်မှာ အင်မတန် အားကိုးစရာ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောဆိုသုံးစွဲလာတာတွေ ရှိလာတယ်။ အဲဒီ အတွေးအခေါ်တွေကတော့ မကောင်းတဲ့ အတွေးအခေါ်တွေ ဖြစ်တယ်။ ဒါက အရင်တုန်းက ထားရှိခဲ့တဲ့ သဘောသဘာဝတွေနဲ့ ပြောင်းပြန်ဖြစ်လာတဲ့ အနေအထားတွေ ဖြစ်လာပါတယ်''

မေး။ တပ်မတော်သားတွေအတွက်  ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်တဲ့ အခွင့်အရေးတွေကို တပ်မတော်တွင်းမှာ ဘယ်လို ဆောင်ရွက်ပေးတာမျိုးတွေ ရှိခဲ့ပါသလဲ။

''တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းကောင်းအနေနဲ့ ဝန်ထမ်းကောင်းအဖြစ် တာဝန်ထမ်းဆောင်ရမှာပေါ့။ ကျွမ်းကျင်တဲ့သူတွေက ကျွမ်းကျင်သလို၊ စစ်သည်တော်လည်း စစ်သည်တော်အလျောက်၊ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကောင်းအလျောက်ပေါ့။ တပ်မတော်သားတွေအနေနဲ့ ဝန်ထမ်းကောင်းပဲ။ သူလည်း ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကို ဆောင့်ရွက်ရမှာပေါ့။ အလားတူပဲ ဟို .. ထိပ်ပိုင်းရောက်နေတဲ့ သူတွေကလည်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အတိုင်းအတာ ကြီးမားတဲ့အတွက် ကာကွယ်စောင့်ရှောက်မှာ ဖြစ်တာပဲ။ အဲဒီလို ကာကွယ်စောင့်ရှောက်တဲ့အတွက် သူကျွမ်းကျင်တဲ့ ကာယ၊ ဥာဏ၊ ဝီရိယအားအတွက် နိုင်ငံတော်ကရတဲ့ အခွန်အတုတ်တွေထဲက သူတို့အတွက် လုံလောက်တဲ့၊ နေနိုင်ထိုင်နိုင်တဲ့ အခြေအနေဖြစ်အောင် ထိုက်သင့်အားလျှော်စွာ နေနိုင်ထိုင်နိုင်အောင် နိုင်ငံတော်က ထောက်ပံ့ကူညီပေးဖို့ လိုတယ်။ စစ်သည်တော်တွေနဲ့ ပတ်သက်တဲ့ ဇနီးသားမယား မိသားစုလည်း သူတို့ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်တဲ့အတွက် ထိုက်သင့်အားလျော်စွာ ခံစားစံစားနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကနေ အချိုးကျ ပေးထားတာ ရှိတယ်။ စစ်မြေပြင်မှာ ထိမှု၊ ခိုက်မှု၊ ရှမှု အားလုံးကိုလည်း သူတို့ကို ထိုက်ထိုက်တန်တန် လုံးဝ ခံစားဖို့အတွက် ဆောင်ရွက်ပေးထားတာပဲ”

''ထိုက်သင့်အားလျော်စွာ သုံးဆောင်ပြီးရင် နောက်ဆုံး တပ်မတော်က အနားယူပြီး အပြင်ရောက်တဲ့ အခါမှာလည်း သူတို့ရဲ့ နေထိုင်စားရေး သောက်ရေး၊ ရှင်သန်ရေးအတွက်ကိုလည်းပဲ တိုင်းပြည်ကနေ ပြန်လည် ထောက်ပံ့နိုင်တဲ့ အစီအမံကောင်းတွေ ရှိထားတာပဲ။ အဲဒီ ရှိထားတဲ့ အတိုင်းအတာအလျောက်မှာပဲ  ခံစားစံစား သွားတာက အမှန်ပဲ။ ဒီလိုမှ မဟုတ်ဘဲ၊ မိမိ ရသင့်ရထိုက်တာ မဟုတ်ဘဲ ပိုလျှံပြီးတော့ ကိုယ်ကျိုးအတွက်၊ တဦးတယောက်အတွက်၊  မိသားစုအတွက် ရှိသင့်ရှိထိုက်တဲ့ အထောက်အပံ့နဲ့ ပိုပြီးတော့ လောဘတက်ပြီး ယူဆောင်နေတာ ဖြစ်လာရင်တော့ အင်မတန်မှ မကောင်းတဲ့ အယူအဆ၊ အလေ့အထ၊ အကျင့်အကြံတခု ဖြစ်လာမယ်။ ဖြစ်လာတယ်ဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေ သုံးရစွဲရတဲ့အပိုင်းမှာ သူတို့ကို ပိုမိုပြီး အများအစားပေးပြီးတော့ လူမှုရေးဖြစ်တဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားရရှိတဲ့ အခွင့်အရေးက နည်းပါးပြီးတော့ အထောက်အပံ့ နည်းလာမယ်။ အားအင်နည်းလာလို့ရှိရင် နောင်တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမယ့် အင်အားကို ပြန်ဖြည့်ဖို့ အတိုင်းအတာကျရင် အားအင်ချိနဲ့တာ ဖြစ်လာမယ့် အတိုင်းအတာ ဖြစ်တယ်''

''အဲဒါကို မြင်ပြီးတော့ အရှည်ကို စဉ်းစားတဲ့အနေနဲ့ တပ်မတော်မှာ ဝင်လာပြီးရင် သူတို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကူညီထောက်ပံ့ပေးပြီး သူတို့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ စစ်ဘက်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ နောက်ပြီး စစ်ဘက်မှာ အနားယူချိန်အတွင်း ဒါတွေကို ကောင်းကောင်းမွန်မွန် သတ်မှတ်ထားတဲ့ အတွင်းမှာသာလျှင် ဖြည့်ဆည်းအောင် ဆောင်ရွက်ကြဖို့ လိုတယ်။ သူတို့ အပြင်ရောက်တဲ့ အခါမှာလည်း နိုင်ငံတော်အတွင်းမှာရှိတဲ့ အစားအသောက်၊ ကုန်ပစ္စည်းဈေးနှုန်း စတဲ့ ဒါတွေကလည်းပဲ အားလုံး ညီမျှအောင် ဆောင်ရွက်ပေးမှု လုပ်ဆောင်မယ်ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်စရာတွေ ရှိတာပေါ့”

မေး။ တပ်မတော်သားအတွင်းမှာ အထက်အောက် ကွာဟမှုတွေ များလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

''အတိုင်းအတာတခုထိ ခွဲခြားသတ်မှတ်ပေးထားတွေ ရှိတာပေါ့။ သို့သော်လည်းပဲ အရာရှိရယ်လို့ ဖြစ်လာရင်  အပေါ်ပိုင်း၊ ထိပ်ပိုင်းကိုး။ အခု အခြေအနေကို ကြည့်ရတာက အခွင့်ထူးခံချင်တဲ့ အနေအထား ရှိလာတာတွေ များတယ်။ သို့သော်လည်းပဲ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှုနဲ့ တပ်မတော်သားတခုလုံး  ညီညီညာညာ ဖြစ်ရမယ်ဆိုလို့ရှိရင်တော့ သူ့ဟာသူ ပေးထားတဲ့ အခွင့်အရေးကောင်းတွေ မျှမျှတတ အချိုးအစားနဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတဲ့ စစ်သည်တော်နဲ့ အထက်ဆုံးမှာ ရှိနေတဲ့ စစ်သည်တော်များ ရတဲ့ လစာနဲ့တကွ ရရှိမှု နှုန်းထားက သိပ်ပြီးတော့ ကွာခြားမှုမျိုး မဖြစ်သင့်ဘူးဆိုတာကိုတော့ အရင်တုန်းက အတွေးအခေါ် ရှိခဲ့ဖူးတာပေါ့။ အဲဒီလို ဖြစ်ဖို့တော့ ကြိုးစားဖို့ လိုတာပေါ့''

မေး။ တပ်သားအဆင့်မှာ ရှိတဲ့ မိသားစုတွေက ရတဲ့ လစာနဲ့ မလောက်ငလို့ တခြားလုပ်ငန်းတွေ လုပ်နေရတယ်။ တပ်မတော်သား ဇနီးသည်တချို့ ခန္ဓာကိုယ်ရောင်းစားရတဲ့ အဖြစ်မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကျ ချမ်းသာနေကြတယ်။ အဲဒီလို တပ်တွင်းမှာ ကွာခြားမှုတွေ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လို ထိန်းသိမ်းကာကွယ်သင့်တယ်လို့ ထင်လဲခင်ဗျ။

''အခုဟာက ပြောဆိုသံတွေ ကြားလည်း ကြားနေရတယ်။  မြင်လည်း မြင်နေရတယ်။ တွေ့လည်း တွေ့နေရတယ်။ ကွာခြားတာတွေ ရှိနေတယ်။ အမှန်က ဘယ်လိုဖြစ်ရမလဲဆိုတော့  အပြင်မှာ ပင်စင်ယူသွားပြီးလို့ရှိရင်၊ အငြိမ်းစား ယူသွားပြီးလို့ရှိရင် သူတို့ဟာသူတို့ ထိုက်သင့်အားလျော်စွာ ရပ်တည်နိုင်အောင် ဆိုလို့ရှိရင် အပြင် စီးပွားရေး အနေအထားက ကောင်းဖို့လိုတယ်။ စီးပွားရေး အနေအထားက အားလုံး မျှမျှတတ စားနိုင်တဲ့ အနေအထား ဖြစ်ဖို့လိုတယ်။ အခုဟာက ဒီလိုမဟုတ်တော့ဘဲနဲ့ အပြင်မှာ စားရေးသောက်ရေးနဲ့ ပတ်သက်ပြီး အင်မတန် ကျပ်တည်းနေတဲ့ ဟာကို အကြောင်းပြုပြီးတော့ကာ အောက်ခြေ အောက်လက်မှာရှိတဲ့ ဝင်ငွေနဲ့ မလုံလောက်လို့၊ မညီမျှလို့၊ မမျှတလို့တွေ ရှိနေတယ်။ ဒါပေမဲ့ အစိုးရက လစာတွေကို တိုးပြီးပေးတာက ၄ နှစ် တခါလောက် လုပ်တယ်။ သို့သော် အဲဒီလို လုပ်ပင်လုပ်ငြားသော်လည်းပဲ မပြည့်မီဘူး''

''ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစစအရာရာရော၊ စီးပွားရေး အခြေအနေအရရော ပိုမိုကောင်းမွန်လာတဲ့ အခြေအနေအထားမှာ မရှိတဲ့အတွက်ကြောင့် ဒီလိုပြဿနာတွေက တောက်လျောက် ဖြစ်နေမှာပဲ။ အထက်ပိုင်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီဟာကို ကြည့်ပြီးတော့ - တို့ အပြင်ကို ရောက်ခဲ့လို့ရှိရင် တို့ လက်ရှိနေရတဲ့ အခြေအနေကနေ ပိုမိုဆုတ်ယုတ်ပြီး နေရမလားဆိုပြီး၊ အကုန်လုံးကိုတော့ မဆိုလိုဘူး၊ တချို့ပုဂ္ဂိုလ်တွေက လုံးပမ်းရင်းနဲ့ ချမ်းသာတဲ့အပိုင်းက သိပ်ပြီး ချမ်းသာ၊ မချမ်းသာတဲ့ အပိုင်းက မချမ်းသာ၊ သိပ်ပြီး ဒုက္ခရောက်တဲ့ အပိုင်းက ဒုက္ခရောက်၊ အဲဒီလိုပဲ မညီမညာ ဖြစ်ကုန်တဲ့အပိုင်း ဖြစ်တယ်။ အပြင်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်တဲ့ အရာအားလုံး၊ စစ်သည်တော်တွေ ရရှိမယ့် အခွင့်အရေးတွေ အားလုံး၊ တတ်နိုင်သမျှ  တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမယ်ဆိုရင် ဒီကွာဟမှုက တဖြည်းဖြည်း အခြေအနေကောင်းကို ဦးတည်သွားလိမ့်မယ်လို့တော့ ထင်တာပေါ့။ ဒါပေမဲ့ ဒီပုံစံအတိုင်းက  ဒီလမ်းကို မမြင်သေးဘူးဆိုတဲ့ သဘောရှိတယ်''

မေး။ တပ်မှူးဟောင်းတယောက်အနေနဲ့ တပ်မတော်သားတွေနဲ့ ပြည်သူတွေကို ဘယ်လို ပြောပြချင်တာတွေ ရှိပါသလဲ။

''စစ်မှူးထမ်းလုပ်တယ်ဆိုတာ အင်မတန်ကို တိုင်းပြည်အတွက်၊ တိုင်းသူပြည်သားတွေအတွက် အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ မူတွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာ ဖြစ်တယ်။ မွန်မြတ်တဲ့ အလုပ်လုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာပဲ ကောင်းတယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့၊ စစ်သည်တော်များ လုပ်ရမယ့် အပိုင်းတွေမှာ ဒီလိုအခြေအနေမျိုး မဟုတ်ဘဲနဲ့  ကျန်တဲ့ တခြားကိစ္စအဝဝတွေမှာ စိတ်ပါဝင်စားမှု ရှိလို့ရှိရင် မူလ ရည်ရွယ်ချက်တွေကတော့ အထမြောက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်လာတာပေါ့။ အဲဒါကြောင့် စစ်သည်လုပ်ငန်းကို မိမိကြိုက်နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက်၊ ကြိုက်နှစ်သက်တဲ့ လုပ်ငန်းအောင်မြင်အောင် သီးခြားဝန်ထမ်းကောင်းဖြစ်ဖို့၊ လုပ်ဖို့တော့ လိုတာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ လာတယ်ဆိုကတည်းက ရည်ရွယ်ချက်ကိုက မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုရင် မကောင်းဘူး''

''ဒီဝန်ထမ်းလုပ်ငန်းဟာ တခြားတခြားသော အဖွဲ့အစည်းတွေနဲ့ မတူဘဲနဲ့ ထူးခြားတဲ့ အဖွဲ့အစည်းဖြစ်လို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိငြားသော်လည်းပဲ  ကိုယ်ရသင့်ရထိုက်တဲ့ အတိုင်းအတာ ရပြီးတော့၊ အနစ်နာခံပြီးတော့ လုပ်ဆောင်သင့်တယ်။ တပ်ထဲမှာ ဝင်ကတည်းက ဆင်းရဲမယ်၊ အနစ်နာခံမယ်၊ ဒါတွေက နဂိုမူလအရ လုပ်ငန်းသဘောသဘာဝ ပါလာပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး အနစ်နာခံမယ်၊ ကိုယ်ကျိုးစွန့်မယ်ဆိုတဲ့ စသဖြင့် ဟာတွေက ပြန်လည်ပြီး ရှိလာဖို့အတွက် လုပ်ကိုင်သွားကြဖို့ လိုတယ်။ အဲဒီကျမှာသာလျှင် တဖြည်းဖြည်း အားကိုးရာ ဖြစ်မယ်။ အခုကြည့်ရတာက လူအင်အားတွေ သိပ်ပြီး တိုးပြုနေတာထက် အရည်အချင်း အင်အား ထပ်တိုးဖို့လိုတဲ့ သဘောသဘာဝတော့ ရှိတယ်''

တရားခံက တပ်မတော်

    ၆၅ နှစ်မြောက် တပ်မတော်နေ့ အကြိုတွင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှသည် ၁၉၉ဝ ခုနှစ် အစောပိုင်း ကာလများထိအောင် အဓိက နိုင်ငံရေးပြိုင်ဘက် အင်အားစုများဖြစ်သော ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့၏ အမြင်များကိုလည်း စုစည်းတင်ပြထားရာ ယခု အင်တာဗျူးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်း၏ တပ်မတော်အပေါ် အမြင်ကို ဆက်သွယ်မေးမြန်း တင်ပြထားသည်။

မေး။ မနက်ဖြန်မှာ မြန်မာအစိုးရက တပ်မတော်နေ့ဆိုတဲ့ အမည်နဲ့ ကျင်းပမှာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို တုံ့ပြန်ပြောဆိုချင်လဲခင်ဗျ။

''မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်းရေးနေ့ဆိုတာ လူတိုင်း သိကြပါတယ်။ အဲဒါကို စစ်အစိုးရတွေကနေ စပြီးတော့၊ ဗိုလ်နေဝင်း လက်ထက်ကနေ စပြီးတော့ သူ့တို့ တပ်မတော်နေ့အဖြစ် လုယူထားတာ ဖြစ်တယ်။ တကယ်ကျတော့ ဒီတပ်မတော်ဟာ ဖက်ဆစ်ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်နဲ့၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ဆိုလို့ရှိရင် အများကြီး ကွာသွားပြီ။ အဲဒီတုန်းက မျိုးဆက်တွေနဲ့လည်း အများကြီး ကွာသွားပြီ။ အစဉ်အလာတွေလည်း လုံးလုံးစွန့်လွှတ်လိုက်ပြီလို့လည်း ပြောလို့ရပါတယ်''

''မောင်ပိုင်စီးပြီးတော့ ပြည်သူလူထု အထွဋ်အမြတ်ထားတဲ့ နေ့တနေ့ကို ပြည်သူတွေအပေါ်မှာ သတ်ဖြတ်နေတဲ့၊ ညှဉ်းဆဲနေတဲ့  တပ်မတော်ကို ဂုဏ်ပြုတဲ့နေ့အဖြစ် ပြောင်းလဲလိုက်တာဟာ မြန်မာပြည်သူလူထုတွေနဲ့ ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်သားတွေ၊ ပြည်သူတွေကို စော်ကားလိုက်တာလို့ ကျနော် ပြောချင်ပါတယ်။ ဒီဟာလိုပဲ တခြားသမိုင်းနဲ့ ပတ်သက်ပြီးတော့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစ၊ နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က သူတို့ ကပြောင်းကပြန် လုပ်ထားခဲ့တဲ့ ဟာတွေက အများကြီး ရှိတယ်။ တနေ့ကျရင် အားလုံး လှန်ပစ်ရမယ်။ အားလုံး တည့်မတ်ယူရမယ်လို့တော့ ကျနော် မြင်ပါတယ်''

မေး။ တပ်မတော်ကို စပြီး သန္ဓေတည်ခဲ့တဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ဒီကနေ့ တပ်မတော်ရဲ့ အခြေအနေဟာ ဘယ်လိုကွာဟချက်တွေ၊ ကွာခြားချက်တွေ ဖြစ်နေတယ်လို့ ပြောနိုင်မလဲခင်ဗျ။

''အရင်တုန်းက တပ်မတော်က ပြည်သူလူထုကို ကယ်တင်ဖို့အတွက်၊ ပြည်သူလူထုကို ဖိနှိပ်တဲ့ ဖက်ဆစ်နယ်ချဲ့ကို  မောင်းထုတ်ဖို့အတွက်၊ လိုအပ်ရင် ချေမှုန်းပစ်ဖို့အတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဟာက အဲဒါနဲ့ ပြောင်းပြန်။ နယ်ချဲ့ဖက်ဆစ်ကို တိုက်တာလည်း မရှိ၊ ကိုယ့်ပြည်သူလူထုကို နှိပ်စက်နေတဲ့ တပ်မတော် ဖြစ်နေပါတယ်။ အရင်တုန်းက တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုကြီးက သွေးစည်းညီညွတ်ခဲ့ကြတယ်။ တိုင်းပြည် စည်းလုံးညီညွတ်ရေးအတွက် တပ်မတော်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ အခုကျတော့ တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုက မရှိတော့ဘူး။ ဒီတပ်မတော်လည်း ပြည်သူလူထု သွေးစည်းညီညွတ်မှုကို ဖျက်ဆီးနေတဲ့၊ သွေးခွဲပေးနေတဲ့ တပ်မတော် ဖြစ်နေပါတယ်''

မေး။ တပ်မတော်ဟာ နိုင်ငံတော်အာဏာကို ဒီကနေ့ ထိန်းသိမ်းထားရတဲ့ အဖြစ်ဟာ ဘယ်လိုလုပ်ပြီး ပေါ်ပေါက်လာတာလဲခင်ဗျ။ နိုင်ငံရေးနောက်ခံလေး ပြောပြစေချင်ပါတယ်။

“ဒီတပ်မတော်ဟာ ပြည်တွင်းစစ် ဖြစ်လာတဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး) ထဲက ဆိုရှယ်လစ်တွေကို တပ်ထဲမှာရှိတဲ့ ဗိုလ်နေဝင်းတို့ အုပ်စုတို့ကနေပြီးတော့ ပြည်တွင်းစစ်ကို မဖြစ်ဖြစ်အောင် လုပ်ပြီးတော့ တောထဲကို မောင်းပို့လိုက်တဲ့ အခါကျတော့၊ ဒီကနေ့ ကျောင်းသားတွေ တောခိုရတဲ့ အဖြစ်မျိုးရောက်အောင်၊  ဒီလမ်း ရောက်အောင် တမင်တွန်းပို့လိုက်တာ ဖြစ်တယ်။ ဖြစ်လာတဲ့အခါ ပြည်တွင်းစစ်ဆိုတော့ ပြည်သူတွေကြားထဲမှာ ပစ်ရတဲ့အတွက် တပ်မတော်ဟာ ပြည်သူတွေကို နှိမ်နှင်းတာတွေ ဖြစ်လာတယ်။ အဲဒီလိုနဲ့ ဖဆပလ အစိုးရလက်ထက်မှာ စစ်တပ်နဲ့ စစ်အုပ်စု၊ ဆိုလိုတာကတော့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုရဲ့ အင်အားက တဖြည်းဖြည်း တန်ခိုးထွားလာတယ်။ သူတို့က လက်နက်ကိုင်ထားတာ ဖြစ်နေတော့ ကျန်တဲ့ ဖဆပလ ထဲက ခေါင်းဆောင်တွေဟာ တဖြည်းဖြည်းနဲ့ သူတို့ကို မယှဉ်နိုင်ဘူးဖြစ်လာတယ်။ စစ်အုပ်စုက တဖြည်းဖြည်းနဲ့ အင်အားကြီးလာပြီး ၁၉၅၈ ခုနှစ်မှာ ပထမဆုံး အာဏာသိမ်းတာ လုပ်လာခဲ့တယ်။ အဲဒီကစပြီးတော့ သူတို့က အာဏာရဲ့ အရသာကို သိသွားပြီးတော့ ချက်ချင်းပဲ ၁၉၆ဝ ခုနှစ်မှာ အာဏာပြန်အပ်ပေးတယ်။ ဘာမှ မကြာဘူး တနှစ်၊ ၂ နှစ်အတွင်းဖြစ်တဲ့ ၁၉၆၂ ခုနှစ်မှာ အာဏာပြန်သိမ်းယူခဲ့တာ ဒီနေ့အထိပဲ။ အာဏာကို သူတို့က အုပ်စီးမယ်။ တိုင်းပြည်ရဲ့ အကောင်းဆုံးဖြစ်တဲ့ ဘဏ္ဍာအရင်းအမြစ်၊ သဘာဝ သယံဇာတ အရင်းအမြစ် အားလုံးကို သူတို့ပဲ ခံစားမယ်။ သူတို့ပဲ အဓိက ခွဲဝေသုံးစွဲမယ်ဆိုတဲ့ ပေါ်လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်''

မေး။ နိုင်ငံတကာမှာတော့ တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍအတွက်ပဲ တပ်မတော်ကို ထားချင်ကြပါတယ်။ အဲဒီအမြင်တွေနဲ့ မြန်မာပြည်ရဲ့ အနေအထားကရော ကိုက်ညီမှု ရှိပါရဲ့လားဗျ။

“တပ်မတော်ဆိုတာက လက်နက်ကိုင်ထားတဲ့ သူတွေဟာ နိုင်ငံရေး အဆောက်အအုံနဲ့ ကင်းအောင်နေတာ ကောင်းပါတယ်။ အဲဒီ ၂ ခု ရောထွေးသွားလို့ရှိရင် ဘယ်တိုင်းပြည်မဆို ဒုက္ခရောက်တတ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု ဒုက္ခရောက်တတ်ပါတယ်။ ဒါမျိုးတွေက တချို့တိုင်းပြည်တွေမှာ တွေ့တတ်ပါတယ်။ ဒါမျိုးတွေက ကြာရှည်မရှိပါဘူး။ ကာလတိုတခု ဖြစ်တယ်။ ဗမာပြည်မှာသာ ကမ္ဘာ့သမိုင်း စံချိန်တင်လောက်တဲ့  ရာစုနှစ်တဝက် ကျိုးတော့မယ်။ တပ်မတော်ရဲ့ အာဏာသိမ်းခဲ့တဲ့ သက်တမ်း နောက်နှစ်ဆို ကျိုးတော့မယ်။ ဒါမျိုးက မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာ။  တိုင်းပြည်နာဖို့၊ လူထုနာဖို့၊ အိမ်နီးနားချင်းနိုင်ငံတွေ  နစ်နာတဲ့အဖြစ်လည်း ရောက်ပါတယ်''

မေး။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ စစ်တပ်က နိုင်ငံတော် အာဏာကို ဆက်ထိန်းထားရအောင်လို့ ရေးဆွဲထားတာလို့ ပြောကြပါတယ်။ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

“ဟုတ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ထိန်းထားတာက အလွယ်တကူ မဟုတ်ဘူး။ သူက တရားဝင် ဖြစ်သွားမယ်။ ဆွေစဉ်မျိုးဆက်နဲ့ ဖြစ်နိုင်လို့ရှိရင် ကမ္ဘာတိုင် ထိန်းသွားဖို့လုပ်တာ ဖြစ်ပါတယ်။ သူတို့ ဒီဟာကို လုပ်တဲ့ဟာက သာမန် မဟုတ်ဘူး။ ပြင်ဆင်ပြီးလို့။ ပြင်ဆင်တာက ဗိုလ်ခင်ညွန့် လက်ထက်ကတည်းက လမ်းပြမြေပုံချပြီး ပြင်ဆင်လာတာက အကြာကြီးပဲ။ အနှစ် ၂၀ နီးပါး ပြင်ဆင်ပြီးတော့ လုပ်လာတဲ့ ကိစ္စဖြစ်တယ်။ ဒီလိုလုပ်တဲ့ဟာက သူတို့ ပိုင်ပြီဆိုပြီး လုပ်တာဖြစ်တယ်။ သူတို့ အားနည်းလို့ နောက်ဆုတ်တာ မဟုတ်ဘူး။ (တချို့က အဲဒီလို လျှောက်ပြောနေတာရှိလို့)။ သူတို့အားနည်းလို့ နောက်ဆုတ်လိုက်တာ မဟုတ်ဘူး။ သူတို့ ပြင်ဆင်ပြီးလို့ အပြတ်လုပ်တာ ဖြစ်တယ်။ အပြတ်လုပ်တာက အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုလုံးကို အညွန့်ချိုးဖို့၊ နိုင်ငံရေးအညွန့်ချိုးဖို့ ကြိုးစားတာ ဖြစ်တယ်။ ဒီ ၂ ခု အညွန့်ကျိုးလို့ရှိရင် ဗမာပြည် ပြည်သူလူထုကြီးရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေလည်း အညွန့်ကျိုးသွားမယ် ဆိုတာကို မျှော်လင့်ပြီးတော့၊ ယူဆပြီးတော့ စီမံကိန်းကျကျ လုပ်လာတာ ဖြစ်တယ်'

မေး။ တပ်တော်ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်တွေကို ဘာများ မှာကြားချင်ပါသလဲ။

“တပ်မတော် ခေါင်းဆောင်ဆိုတာကလည်း တပ်မတော်တွင်းမှာရှိတဲ့၊ ရိုးသားတဲ့၊ ပြည်သူလူထုအပေါ်မှာ သံယောဇဉ်ရှိတဲ့ အဆင့်အသီးသီးက တပ်မှူးတပ်သား အားလုံးကို ပြောချင်တာကတော့ ဒီနေ့ ဗမာပြည်ကြီးဟာ သူတို့လည်း သိတယ်၊ သူတို့လည်း မြင်နေတယ်၊ အင်မတန်ကိုမှ အခြေအနေ ဆိုးနေပါပြီ။ နိုင်ငံတကာမှာ ဆင်းရဲရုံတင်မက ဂုဏ်သိက္ခာလည်း ကျနေပါပြီ။ အဲဒါအတွက် တရားခံက တပ်မတော်လို့ လုံးလုံးလျားလျား ဖြစ်နေပါတယ်။ အဲဒီအခြေအနေကနေ ပြန်လည်ပြောင်းလဲနိုင်ဖို့ ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်''             

မြင့်မောင်   
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=5021:2010-03-27-09-39-08&catid=7&Itemid=5

ရန်ကုန်သင်္ကြန်မဏ္ဍပ်နှင့် ပတ်သက်၍ စည်းကမ်းတင်းကျပ်

နယူးဒေလီ (မဇ္ဈိမ)။     ။ ရန်ကုန် သင်္ကြန်မဏ္ဍပ်များအား ယခုနှစ်တွင် စည်းကမ်း တင်းကျပ်မှုများ ပြုလုပ်နေကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်သူများထံမှ သိရှိရသည်။ 

ရေကစားမဏ္ဍပ်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ပေါ်လွင်စေမည့် ဒီဇိုင်းများ ဖော်ပြခိုင်းခြင်း၊ မဏ္ဍပ်တခုစီတွင် ယိမ်းအကအဖွဲ့၊ အလှပြယာဉ်ဖြင့် မြို့တော်မဏ္ဍပ်သို့ သွားရောက်ကပြယှဉ်ပြိုင်ရမည်ဟု ဒေသအာဏာပိုင်များက စည်းကမ်းချက်များ ထုတ်ပြန်နေခြင်း ဖြစ်သည်။ 

“အရက်ကြော်ငြာ၊ ဘီယာကြော်ငြာ သုံးခွင့်ပိတ်တဲ့အပြင် မဏ္ဍပ်တွေမှာ  ယိမ်းအကနဲ့ အလှပြယာဉ် လုပ်ရမယ်။ ပြီးတော့ မြို့တော်ခန်းမမှာ ပိတ်ပွဲဖွင့်ပွဲတွေမှာ သွားပြိုင်ရမယ်လို့ ခရိုင် ခယက ရုံးမှာ မဏ္ဍပ်သွားလျှောက်တဲ့အခါ ပြောတယ်ဗျ။ အရင်တုန်းက လွတ်လွတ်လပ်လပ် လုပ်ခဲ့တော့ ဒီလိုမျိုး လုပ်ရမယ်ဆိုတော့ စိတ်ညစ်တယ်ဗျာ။ အရင်နှစ်တွေက ဒီလောက် စည်းကမ်းမများဘူး” ဟု မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသည့် ရန်ကုန် လူငယ်တဦးက ပြောသည်။ 

မဏ္ဍပ်ဆောက်လုပ်ခွင့်နှင့် ပတ်သက်၍ ရန်ကုန်ရှိ ခရိုင်အုပ်ချုပ်ရေးရုံးတရုံးသို့ မေးမြန်းကြည့်ရာ တာဝန်ရှိသူ တဦးက “မဏ္ဍပ်ဆောက်ချင်ရင် အလျား ပေ ၄ဝ အထက်ကို ယိမ်းအကအဖွဲ့နဲ့ အလှပြယာဉ်တစီး လုပ်ပေးရမယ်။ မြို့တော်ခန်းမ ပိတ်ပွဲနဲ့ ဖွင့်ပွဲမှာ သွားပြိုင်ပေးရမယ်။ ပေ ၄ဝ အောက်ဆိုရင်တော့ မလိုပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာနှင့်အတူ ပါရှိသော စည်းကမ်းချက်များတွင် အရက်ဘီယာကြော်ငြာများ မပြုလုပ်ရ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသော ကြော်ငြာများသာ ထားရှိရမည်၊ မဏ္ဍပ်အမည်သည် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသော အမည်ဖြစ်ရမည်၊ အင်္ဂလိပ်အမည်များ မဖြစ်စေရ၊ သီချင်းဖွင့်ပါက DJ မဖွင့်ရ၊ DJ တီးဝိုင်း မရှိရ စသည့် အချက်များ ပါရှိသည်။

သင်္ကြန်ရေကစားမည့် လူငယ်တဦးက “ကျနော်တို့က မြူးတဲ့ သီချင်းတွေနဲ့  လွတ်လွတ်လပ်လပ် ကချင်တာ။ ဒိလိုမျိုး မြန်မာသီချင်းတွေပဲ ဖွင့်ရမယ်ဆိုတော့ဗျာ၊ ကသိကအောက် ဖြစ်တာပေါ့။ ဒါပေမဲ့ ရေကစားတာတော့ ပျက်မှာမဟုတ်ပါဘူး” ဟု ပြောသည်။ 

တင်းကျပ်သည့် စည်းကမ်းချက်များအပြင် စပွန်ဆာကြော်ငြာများ ကန့်သတ်ခြင်းနှင့် ကြော်ငြာ စပွန်ဆာများလည်း နေပြည်တော်သင်္ကြန်၌သာ စပွန်ဆာပေးလိုသဖြင့် ငွေကြေးအခက်အခဲ ဖြစ်ပေါ်လာရာ ယခင်နှစ်ထက် မဏ္ဍပ်များ လျော့နည်းသွားနိုင်ကြောင်း မဏ္ဍပ်ဆောက်လုပ်သူ လူငယ်များက ပြောဆိုကြသည်။

“ဒီနှစ် စပွန်ဆာရှာတော့ အတော်လေး ခက်တယ်ဗျာ။ သူတို့က နေပြည်တော်ကို ပေးချင်တယ်။ နေပြည်တော်ကို သိန်း ၁ဝဝ လောက် ပေးတယ်။ ကျနော်တို့က အရင်နှစ်က သိန်း ၅ဝ ရတယ်ဆိုပါတော့၊ ဒီနှစ်တော့ ၂ဝ ပဲ ရတော့တယ်။ မနှစ်ကတောင် သိန်းချီရှုံးတယ်။ ဒီနှစ်လည်း ရှုံးမှာပဲ။ နာမည်ရှိပြီးသား မဏ္ဍပ်ဆိုတော့ နာမည်ထိန်းတဲ့အနေနဲ့ လုပ်နေတာပါ။ စပပွန်ဆာနည်းတဲ့အပြင် အင်းယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းတို့ မရဘူး။ ပြီးတော့ ယိမ်းအဖွဲ့နဲ့ အလှပြယာဉ် လုပ်ပေးရမယ်ဆိုတော့ စရိတ်ပိုကုန်တယ်။ အလုပ်ရှုတ်လို့ တချို့က လုံးဝ လက်လျှော့လိုက်ကြတယ်” ဟု လူငယ်တဦးက ပြောသည်။ 

ထို့အပြင် ယခုနှစ် သင်္ကြန်တွင် အင်းယားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုဘဲ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ဆရာစံလမ်းနှင့် အခြားလမ်းမကြီးများတွင်သာ ဆောက်လုပ်ခွင့် ပြုသည်ဟု သိရသည်။

နှစ်စဉ်နှစ်တိုင်း အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း၌သာ မဏ္ဍပ်များနှင့် ရေပက်ခံကားများ အစည်ကားဆုံး ဖြစ်သောကြောင့် ယခုကဲ့သို့ နေရာသတ်မှတ်တားမြစ်ခြင်းသည်  ရန်ကုန်သင်္ကြန်ထက် နေပြည်တော်သင်္ကြန် ပိုမိုစည်ကားစေရန် စည်းကမ်းတင်းကျပ်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်တွင် ထင်ကြေးပေး ပြောဆိုမှုများ ရှိသည်။ 

လူငယ်အမျိုးသမီးတဦးက “ညီမတို့က နှစ်တိုင်းမှာ အင်းယားလမ်းမှာ ထိုင်နေကျ။ အခုတော့ မဏ္ဍပ်မလုပ်ရ ဆိုတော့ တော်တော်လေးကို feel အောက်တယ်။ ဒါက သက်သက်မဲ့ ရန်ကုန်ကို မစည်အောင်၊ နေပြည်တော်ကို စည်အောင် လုပ်တာ။ အင်းယားမှာပဲ ရေပေါတာ။ ကျန်တဲ့ နေရာမှာ ရေမပေါဘူး။ ပြီးတော့ မဏ္ဍပ်တွေ အဝေးကြီးတွေ ဖြစ်သွားမှာ” ဟု မဇ္ဈိမကို ပြောသည်။ 

ရန်ကုန်ရှိ အင်ပါယာ အပါအဝင် တီးဝိုင်းများနှင့် နာမည်ကြီး အဆိုတော်များကို နေပြည်တော် ဌာနဆိုင်ရာ မဏ္ဍပ်များသို့ ဖိတ်ကြားထားသကဲ့သို့၊ MAX Myanmar ကဲ့သို့ နာမည်ကြီး ကုမ္ပဏီအချို့မှာလည်း နေပြည်တော်၌ မဏ္ဍပ်များ ဆောက်လုပ်နေပြီဖြစ်သည်။ 

ရန်ကုန်ရှိ လူငယ်အချို့ကို မဇ္ဈိမက ဆက်သွယ်မေမြန်းမှုများ ပြုလုပ်ကြည့်ရာ အများစုမှာ တရားစခန်း ဝင်လိုပြီး၊ အချို့မှာ ရွှေစက်တော်ကဲ့သို့ ဘုရားဖူးနေရာများသို့ သွားရောက်လိုကာ နေပြည်တော် သင်္ကြန်ကို စိတ်ဝင်စားမှု မရှိလှကြောင်း ဖြေကြားကြသည်။

“ကျနော်တို့ သူငယ်ချင်းတွေတော့ မသွားဘူး။ အဆိုတော်တွေ ဒီမှာမရှိလည်း ရတယ်။ သင်္ကြန်မှာ ဘယ်နေရာမဆို ပျော်ပါတယ်။ ဟိုသွားရင်လည်း ဒီမှာထက် ပိုက်ဆံကုန်ဦးမှာ။ ဟိုမှာက နေလည်း အရမ်းပူမှာ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် လူငယ်တဦးက ပြောသည်။

နေပြည်တော်သင်္ကြန် စည်ကားစေရန်အတွက် ဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာ ဌာနမှူးများက အသက် ၃၅ နှစ်အောက်  ဝန်ထမ်းများကို နေရပ်သို့ ပြန်ခွင့်မပြုကြောင်း  သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနမှူးတဦး၏ ညီတော်စပ်သူက “ကျနော့်အကိုတော့ ပြန်ရတယ်။ ၃၅ နှစ်အောက် လူငယ်တွေ မပြန်ခိုင်းဘူးလို့ အကိုက ပြောတယ်” ဟု ပြောသည်။ 

နေပြည်တော်တွင် နေထိုင်သည့် တည်းခိုခန်းပိုင်ရှင် တဦးကလည်း “ဟုတ်တယ်၊ လူငယ်ဝန်ထမ်းတွေကို မပြန်ခိုင်းတာ။ ရန်ကုန်မှာနေတဲ့ ကျနော့်ညီမတောင် မပြန်ရဘူး။ သူတို့က စွမ်းအင်ကလေ။ ယိမ်းကရမယ်တဲ့” ဟု ပြောသည်။ 

နေပြည်တော်ရှိ အမျိုးသမီးတဦးက “ကျနော်တို့က နေပြည်တော်မှာ သင်္ကြန်မကျဖြစ်ဘူး။ ရန်ကုန်သွားမယ်။ ဒီမှာက အရမ်းပူတယ်။ ပြီးတော့ မြို့တော်ကြီးဆိုပေမယ့် သိပ်ကဲလို့ မကောင်းဘူး။ ဒီက လူငယ်အချို့ကတော့  အဆိုတော်တွေ လာမယ်ဆိုလို့ စိတ်ဝင်းစားနေကြတယ်။ နေပြည်တော်တို့၊ လယ်ဝေးတို့ကပေါ့” ဟု ပြောသည်။ 

ရန်ကုန်တွင် မဏ္ဍပ်ဆောက်လုပ်မှု အရိပ်အယောင် မတွေ့ရသေးသော်လည်း နေပြည်တော်ရှိ ဟိုတယ်ဇုန်နှင့် Junction တို့တွင် မဏ္ဍပ်ကြီးများ ဆောက်လုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

(၆၅) နှစ်မြောက် တော်လှန်ရေးနေ့


“တော်လှန်ရေးရဲ့ အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စား ကိုင်စား လူထုကြီး လွတ်လပ်မှုဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်”
ဗိုလ်ချုပ်အောင်ဆန်း

ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးအရ ပါဝင်သင့်သူအားလုံး ပါဝင်ပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ယမန်နေ့က ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် မတ်လ (၂၅) ရက်၌ ကျင်းပသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံရာတွင် မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုရွေးကောက်ပွဲဟာ မြန်မာပြည်သူအားလုံးအတွက် တည်ငြိမ်ရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လုပ်ဆောင်ရမှာဖြစ်တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို လေးစားဖို့ပါပဲ” ဟု မစ္စတာဘန်ကီမွန်းက ပြောကြားလိုက်ပြီး ရွေးကောက်ပွဲတွင် လွတ်လပ်စွာပါဝင်နိုင်ခွင့် အခြေအနေများကို အစိုးရက ဖန်တီးပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် (၆) နှစ် ပြည့်တော့မည့် ယမန်နှစ် မေလတွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲဆိုခြင်းခံခဲ့ရပြီး နေအိမ်အကျယ်ချုပ် နောက်ထပ် (၁၈) လ ချမှတ်ခံနေရခြင်းဖြစ်သည်။

စစ်အစိုးရက ယခု ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေသစ်နှင့် နိုင်ငံရေးအခင်းအကျင်းများတွင် သက်ဆိုင်သည့် နိုင်ငံရေးအင်အားစုများ အားလုံး မပါဝင်နိုင်သည့်အတွက် စိုးရိမ်ပူပန် ဖြစ်မိသည်ဟုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတင်းထောက်များကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်မတ်လ (၈) ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊ ထောင်ဒဏ်ကျခံနေရသူ များသည်လည်း ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေများ သိသိသာသာ တိုးတက်ဖြစ်ထွန်းမှုများ မရှိသည့်အတွက် ၎င်းအနေဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ရသည်ဟုလည်း ယမန်နေ့သတင်းစာရှင်းလင်းပွဲတွင် မစ္စတာဘန်ကီမွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့သွားရောက်ခဲ့စဉ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအပါအ၀င် နိုင်ငံရေးအရ ထင်သာမြင်သာရှိသည့် လုပ်ဆောင်ချက်များ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း၊ သို့သော် လက်တွေ့တွင် ကတိပေးပြောဆိုချက်များကို အကောင်အထည်ဖော်ရာတွင် အလွန်နှေးကွေးလွန်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပါဝင်နိုင်မှုမရှိသည့် ရွေးကောက်ပွဲသည် အများယုံကြည် လက်ခံနိုင်မှု ရရှိလိမ့်မည်မဟုတ်ဟုလည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုလိုက်သည်။

ယမန်နေ့ကပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများနှင့် အစည်းအဝေးတွင် မြန်မာပြည်သူလူထု၏ လူနေမှုဘ၀ မြင့်မားတိုးတက်စေရေးအတွက် အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြကြကြောင်း၊ အဆိုပါကိစ္စသည်
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးမှု စတဲ့ စိမ်ခေါ်မှုတွေကို တန်းတူအနေနဲ့ အထူးအလေးထား ရင်ဆိုင်ဖြေရှင်းသင့်တယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

အမေရိကန်စစ်တပ်က မြန်မာစစ်တပ်နှင့် ညှိနှိုင်းလို

အမေရိကန် အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ ရှိလာပါက စစ်ဘက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်းလိုကြောင်း အမေရိကန် ထိပ်တန်း စစ်အရာရှိတဦးက အမေရိကန် လွှတ်တော်အမတ်များကို ယခုတပတ်အတွင်း ပြောကြားလိုက်သည်။

ကြာသပတေးနှင့် သောကြာနေ့များက အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့၏ လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ အစည်းအဝေးပွဲများ တက်ရောက်စဉ် အမေရိကန်ပစိဖိတ်ဒေသ ရေတပ် ဗိုလ်ချုပ် Robert Willard က နှစ်နိုင်ငံ စစ်ဘက်ဆက်နွယ်မှုများ မရှိကြောင်း၊ သို့သော်လည်း အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြောင်းလဲပါက စစ်ဘက်ဆက်နွယ်မှုသည်လည်း ပြောင်းလဲနိုင်ကြောင်း ပြောကြားသွားသည်။

robert_willard“စစ်ဘက်ရေးရာပုဂ္ဂိုလ်ချင်း  တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အမေရိကန်ပစိဖိတ်ဒေသ စစ်ဌာနချုပ်က ပြင်ဆင်နေပါတယ်” ဟု ဗိုလ်ချုပ်   Willard က ပြောလိုက်သည်။

မြန်မာစစ်အစိုးရနှင့် မည်သို့သော ဆက်ဆံမှု ပြုလုပ်လိုကြောင်း အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ဗိုလ်ချုပ်  Willard က နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည့် အကြောင်းအချက်တချို့ကို ထုတ်ဖော် ပြောကြားခဲ့သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ရေပိုင်နက် အငြင်းပွားမှု၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု၊ ကူးစက်ရောဂါ ပျံ့ပွားမှု စသဖြင့် မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်” ဟု သူက ရှင်းပြသည်။

အမေရိကန်နှင့် မြန်မာတို့ နောက်ဆုံးအကြိမ် စစ်ဘက်ရေးရာ ဆက်ဆံမှုကို နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး တွေ့ခဲ့ရသည်။ မုန်တိုင်းသင့်ဒေသသို့  အမေရိကန် လေယာဉ်တင် သင်္ဘောများ စေလွှတ်ပြီး ဒေါ်လာ ၁ သန်းကျော်တန် အကူအညီများ ပေးအပ်ရေး ကမ်းလှမ်းချက်ကို မြန်မာအစိုးရက ပယ်ချခဲ့သည်။

ဤအတောအတွင်း မြန်မာပြည်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။

“ဒီဥပဒေတွေကြောင့် ကျနော်တို့ စိတ်ပျက်မိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ P J Crowley က ပြောသည်။

“မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသား အင်အားစုတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာသင့်ပါပြီ။ ဒါပေမယ့် ဒီဥပဒေတွေက ဆွေးနွေးပွဲလမ်းတွေကို ပိတ်ဆို့နေပါတယ်” ဟု မစ္စတာCrowleyက ပြောလိုက်သည်။

ရင်းမြစ်။ ။ဧရာဝတီ