Friday, January 14, 2011

CPC ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်

Committee for Professional Conduct (CPC) ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ 'မနေ့က အဲဒီ အစည်းအဝေး ပြီးပြီးချင်းပဲ ကျွန်တော်တို့ Eleven Media Group အနေနဲ့တိုင်ပင်ပြီး နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နုတ်ထွက်စာကို အဲဒီနေ့က ချက်ချင်းပဲ စာပေစိစစ်ရေးကို ပို့လိုက်ပါတယ်'ဟု ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဒေါက်တာသိန်းမြင့် (Managing Editor) က ပြောပါသည်။
'ကျွန်တော်တို့ Eleven Media Group တည်ထောင်တာ ၁၀ နှစ်ကျော်ပါပြီ။ ဘယ်ဂျာနယ်လစ် အဖွဲ့အစည်းမှာမှ မပါခဲ့ပါဘူး။ ကျွန်တော်တို့ မူဝါဒ၊ ရပ်တည်ချက်နဲ့ တူညီမှု ရှိမှသာ ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။ ဒီအဖွဲ့ ဖွဲ့စည်းမယ်ဆိုတုန်းက စာနယ်ဇင်း ကျင့်ဝတ်တွေထိန်းဖို့၊ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တာဝန်ကို အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းဖြစ်ဖို့ စတုတ္ထမဏ္ဍိုင် ပီပြင်ဖို့ Independent Body ဖြစ်မယ်ဆိုလို့ ပါဝင်ခဲ့တာပါ။ အခု ဖွဲ့စည်းပုံအရ ဒီလိုမဖြစ်နိုင်တော့လို့ နုတ်ထွက်လိုက်တာပါ။ မနေ့က အစည်းအဝေးမှာ ကျွန်တော်တို့ Eleven Media Group က ဒီအဖွဲ့မှာ ပါတဲ့သူတွေ အနေနဲ့ အောက်ဖော်ပြပါ အချက်ခြောက်ချက်နဲ့ ညီဖို့ လိုပါတယ်။ မညီရင် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် စဉ်းစားကြဖို့ တင်ပြခဲ့ပါတယ်။ နေရာရလာရင် ကပ်ပါးရပ်ပါးလုပ်ပြီး အခွင့်အရေးယူဖို့ပဲ ကြည့်နေတဲ့သူတွေ၊ စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်ပြီး အကျင့်သိက္ခာဆိုးနဲ့ ကျော်ကြားတဲ့သူတွေ ဒီအဖွဲ့ထဲမှာ များနေရင် ဒီအဖွဲ့အပေါ် အစိုးရရော၊ ပြည်သူလူထုပါ ယုံကြည်လေးစားမှုရှိမှာ မဟုတ်သလို ဒီအဖွဲ့ရဲ့ ရည်မှန်းချက်တွေလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ Eleven Media Group ဟာ ဘာသားယိမ်းလိုက် ရောယိမ်းလိုက် လုပ်တဲ့ သတင်းမီဒီယာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံကို မပြင်ရင် ဒီအဖွဲ့မှာ ပါဝင်မှာ မဟုတ်သလို၊ ဒီအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး'ဟု Eleven Medi Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။
CPC ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ အတွင်းရေးမှူးအဖြစ် ဦးမျိုးမြင့်မောင် (ညွှန်ကြားရေးမှူး၊ စာပေစိစစ်ရေး)တို့ ဖြစ်ပြီး ဦးမြတ်ခိုင် အပါအ၀င် စာပေစာနယ်ဇင်းမှ ငါးဦး၊ ပြည်တွင်းဂျာနယ် ကိုယ်စားလှယ်များ အဖြစ် ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ်)၊ ဦးအောင်စိုးသူ(The First Music ဂျာနယ်)၊ ဦးယဉ်ကျော် (မှုခင်းသတင်းဂျာနယ်)၊ ဦးဇင်ယော်နီ (မနောမယ ဂျာနယ်)၊ ဒေါက်တာဇော်သန်း (Health Care ဂျာနယ်)၊ ဦးခင်မောင်ညို(ဘောဂဗေဒ) (ကမ္ဘာ့စီးပွားရေးဂျာနယ်)၊ ဦးကျော်မင်းဆွေ (The Voice ဂျာနယ်)၊ ဦးသန်းစိုး (အခွင့်အလမ်းဂျာနယ်)၊ ဦးဝေသာ (တတိုင်းမွှေးဂျာနယ်)၊ ဦးမြင့်ဆွေမြင့် (အင်အား အားကစားဂျာနယ်)၊ ဦးထွန်းထွန်းဦး (အိုလံပစ် အားကစားဂျာနယ်)၊ ဒေါ်ငြိမ်းငြိမ်းနိုင် (7 Day ဂျာနယ်)၊ ဦးချစ်မောင် (News Watch ဂျာနယ်)၊ ဒေါက်တာတင်ထွန်းဦး (ပြည်မြန်မာသတင်းဂျာနယ်)၊ ဒေါက်တာသိန်းမြင့် (Eleven Media Group)တို့ ဖြစ်ပါသည်။ ထို့ပြင် Freelance များထဲမှ ဦးကျော်ရင်မြင့်နှင့် ဦးရဲနိုင်မိုးတို့လည်း ပါဝင်သည်။
၎င်းကော်မတီတွင် ပါဝင်ရမည့် သူများ၏ အရည်အချင်းနှင့် ပတ်သက်၍ Eleven Media Group မှ CPC ကော်မတီသို့ တင်ပြချက်(၆)ချက်မှာ  .  .  .
  • စာနယ်ဇင်းကျင့်ဝတ်ကို နားလည်ပြီး ၎င်းကျင့်ဝတ်ကို အမှန်တကယ် လိုက်နာကျင့်သုံးခဲ့သော သမိုင်းကြောင်းရှိသူ ဖြစ်ရမည်။
  • ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နာမည်ပျက် မရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ဂုဏ်သတင်းရှိသူ ဖြစ်ရမည်။ ငွေကြေး အရှုပ်အရှင်း ကင်းသူ ဖြစ်ရမည်။
  • မိမိအလုပ်ပေါ် မိမိ မြတ်နိုးမှု ရှိပြီး မိမိတို့ စာနယ်ဇင်း လောကသားများ အပေါ် ကာကွယ်လိုစိတ် ရှိရမည်။
  • ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် သဘောထား ပျော့ပျောင်းမှုများ ရှိသူ ဖြစ်ပြီး စာနယ်ဇင်းတို့၏ ရပိုင်ခွင့်၊ ကျင့်ဝတ် (Principle)ပေါ်၌ နားလည်ကာ အခိုင်အမာ ရပ်တည်နိုင်သူ ဖြစ်ရမည်။
  • ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရ။
  • အစိုးရ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သံရုံး၊ NGOs မှ အမှီအခိုကင်းပြီး Sponsor အထောက်အပံ့ကို သွယ်ဝိုက် (သို့) တိုက်ရိုက်ရယူသူ မဖြစ်ရ။

Facebook ရပ်နားမည်ဆိုတဲ့သတင်း မဟုတ်ကြောင်း အတည်ပြုပြောကြား


Facebook ရဲ့ စီအီးအို မာ့(ခ်)ဇူကာဘာ့(ဂ်) က သူ့ရဲ့ စိတ်ဖိစီးရှုပ်ထွေးမှုတွေအားလုံး အဆုံးသတ်သွားပြီး အရင်မူလဘ၀ ပုံစံပြန်ရဖို့အတွက် Facebook ၀က်(ဘ်)ဆိုက်ကို မတ်လ ၁၅ ရက်နေ့မှာ ပိတ်လိုက်တော့မယ်ဆိုတဲ့ ကောလာဟလ သတင်း တစ်ခု ယခု ရက်သတ္တပတ်အကုန်မှ ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ ကောလာဟလသတင်း မှားယွင်းပါတယ်လို့ Facebook ရဲ့ ကော်ပိုရိတ်ဆက်သွယ်ရေးဒါရိုက်တာ လယ်ရီယုက CNN ကို တရားဝင်အတည်ပြုပြောကြားခဲ့ပါတယ်။ လယ်ရီယုကို CNN က မတ်လ ၁၅ ရက်နေ့ Facebook ပိတ်မယ့်သတင်းကို အီးမေးလ်နဲ့ မေးမြန်းတဲ့အခါမှာ” အဖြေကတော့ မဟုတ်ပါဘူးပေါ့။ ကျေးဇူးပြုပြီး ဒီရူးသွပ်မိုက်မဲမှုကို နိဂုံးချုပ်ပေးပြီး ကျွန်တော်တို့ကို ကူညီပေးပါ" လို့ပြန်ဖြေ ခဲ့တဲ့အကြောင်းကို ဇန်န၀ါရီ ၁၀ရက်နေ့ စီအင်အင် သတင်းမှာဖေါ်ပြထားပါတယ်။

sources: :Yatanarpon

Mc Will ဖုန်းလျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်ကြာမှ သုံးစွဲခွင့်ရမည်


မြို့ကြီးသုံးမြို့တွင် သုံးစွဲခွင့်ပေးမည့် ကျပ်ငါးသိန်းတန် အင်တာနက်ဖုန်းအမျိုးအစား Mc Will ဖုန်းလျှောက်လွှာများအား ရတနာပုံအိုင်စီတီပြပွဲတွင် စတင်ရောင်းချပေးခဲ့သော်လည်းလျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်အကြာမှ ဖုန်းလိုင်းများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 ၂ဝဝ၈ ဘေဂျင်းအိုလံပစ်ပွဲတော် ကာလက တရုတ်နိုင်ငံတွင် သုံးစွဲခဲ့သော Mc Will(Multi Carrier Wireless Local Loop)Broad Band Data Auess System ဖုန်းကို မြန်မာနိုင်ငံတွင် နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲသို့လာရောက်သည့် ကုန်သည်များအား စတင်ရောင်းချပေးခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ဖုန်းများအား ရတနာပုံအိုင်စီတီ ပြပွဲတွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရတနာပုံတယ်လီပို့ရုံးခွဲများတွင် လျှောက်ထားနိုင်ပြီး၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ထိုဖုန်းများကို ရယူနိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “လောလောဆယ်တော့ သုံးလို့ရတဲ့မြို့တွေကို ရောင်းပေးနေပြီး  ဖုန်းလိုင်းတွေကိုတော့ မဖွင့်ပေးရသေးဘူး။ နောက်နှစ်ပတ်လောက် နေမှစပြီး ဖွင့်ပေးမယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး ကပြောသည်။ Mc Will  ဖုန်းများအား စတင်ရောင်းချသည့် နေ့မှာပင် ပြပွဲအတွင်း လျှောက်လွှာ ၃ဝဝ ခန့် ရောင်းချခဲ့ရသည်။
 အဆိုပါ   ဖုန်းလျှောက်ထားသူများမှာ ဖုန်းလျှောက်ပြီးသည်နှင့် သုံးစွဲရမည်ဟု  ထင်ကြသဖြင့် မန္တလေးမှ ဒေသခံစီးပွားရေးလုပ်ငန်းရှင် အများအပြား လာရောက်လျှောက် ထားခဲ့ကြသည်။“လျှောက်လွှာတင်ပြီးမှပဲ သိရတယ်။ကျွန်တော်တို့ ဒီမှာရောက်နေတဲ့ လူအကုန်လုံးက ဒီဖုန်းကို ချက်ချင်းသုံးရမယ်ပဲ မှတ်နေကြတာ။အခုက ဘယ်လောက်နေမှ သုံးရမယ်ဆိုတာ သေချာမသိ ရဘူး”ဟု လာရောက်လျှောက်ထားသူ မန္တလေးမြို့မှ တည်းခိုခန်း ပိုင်ရှင်တစ်ဦးက ဆိုသည်။ထိုလျှောက်ထားသူများမှာ လျှောက်လွှာစိစစ်ပြီး ငွေတောင်းခံလွှာ ရသည့်အချိန်တွင် မိမိနေထိုင်ရာမြို့ရှိ ရတနာပုံတယ်လီပို့ရုံးခွဲများတွင် စက်ပစ္စည်းထုတ်ယူနိုင်ပြီး ကနဦးတပ်ဆင်ခ ကျပ်ငါးသိန်းနှင့်  အင်တာနက်အသုံးပြုခအတွက် တစ်နှစ်လျှင် ခြောက်သောင်းကျပ် ပေးသွင်းရမည်ဖြစ်သည်။ အင်တာနက်ဖုန်း၏ (Data Speed) တစ်စက္ကန့်လျှင် အချက်အလက် စီးဆင်းနှုန်းမှာ  512 Kbps မှ 2 Mbp အထိ အသုံးပြုနိုင်သည်ဟု ဆိုသည်။
သို့သော်  ဖုန်းရရှိသော ဧရိယာအတွင်း သုံးစွဲသူ အနည်းအများပေါ်မူတည်၍ မြန်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်Mc Will ကွန်ရက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သာမက ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမော်၊ ပင်လယ်ဘူး၊ ကလေးဝ အစရှိသည့် မြို့များတွင်ပါ ဖြန့်ကြက်နိုင်ပြီ ဖြစ်သည်။ရတနာပုံတယ်လီပို့မှ ရောင်းချပေးသည့် Mc Will ဖုန်းကို (၉)ကြိမ်မြောက် အိုင်စီတီရက်သတ္တပတ်ပွဲတော်တွင် စတင်ရောင်းချပေးခဲ့ရာ ဝယ်ယူလိုသူအနေဖြင့် ကိုယ်တိုင် လျှောက်ထားရပြီး မှတ်ပုံတင်(သို့) သက်ဆိုင်သော ကတ်တစ်ခုခု၏ မိတ္တူပါ မှ ရောင်းချပေးသည်။
ပြပွဲတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့များအတွက် Mc Will အသုံးပြုခွင့်လျှောက်လွှာများအား တစ်စောင်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် တစ်ထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ်ထားသည်။သို့သော်လည်း မှတ်ပုံတင်မိတ္တူ တောင်းသည့်အတွက် လာရောက်လျှောက်ထားသူများ အခက်အခဲကြုံတွေ့ရကြောင်း ဖုန်းလျှောက်ထားသူများက ပြောသည်။

sources: :7Day News Journal

စစ်တပ်အင်အား ပိုမိုကြီးမားရေး အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဌာန်း

၂၀၁၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ပြဌာန်းချက်မှာ အရန်တပ်ဖွဲ့ဥပဒေကိုပါ စစ်အစိုးရက ထည့်သွင်းထားတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဇန်နဝါရီ ၁၂ ရက် မနေ့က ပြောကြားလိုက်ပါတယ်။

(Photo: AFP)
မြန်မာ စစ်အစိုးရ၏ တပ်မတော်တံဆိပ်ကို စစ်ဦးထုပ်တွင် တပ်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: AFP)
အရန်တပ်ဖွဲ့ဥပဒေအရ အငြိမ်းစား စစ်မှုထမ်းတွေကို ခံစားခွင့်အပြည့်နဲ့ စစ်တပ်ရဲ့ အရန်တပ်ဖွဲ့မှာ ငါးနှစ် ဆက်လက် တာဝန် ပေးအပ်ထားတာပါ။ ဒါကြောင့် အရန်တပ်ဖွဲ့ဆိုတာထက် အမြဲတမ်း စစ်တပ် ပုံသဏ္ဍာန်မျိုး ပိုပြီး အင်အားကြီးမားအောင် စစ်အစိုးရက ရည်ရွယ်တာ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်ထူးက ဆိုပါတယ်။
“ဘာကြောင့်လဲဆိုတော့ အရန်တပ်ဖွဲ့ဝင်တွေ အကုန်လုံးက တပ်မတော်သားတိုင်း လိုက်နာရတဲ့ ၁၉၅၉ တပ်မတော် အက်ဥပဒေကို လိုက်နာရမယ်၊ နောက် အရန်တပ်ဖွဲ့ ကုန်ကျစရိတ်တွေ အကုန်လုံးကို တိုင်းပြည် ဘဏ္ဍာငွေက ကျခံရမယ်၊ နောက် လက်ရှိ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ လက်ရှိ တပ်မတော်က အငြိမ်းစားယူသည် ဖြစ်စေ၊ နုတ်ထွက်သွားသည် ဖြစ်စေ၊ အရန်တပ်ဖွဲ့မှာ ငါးနှစ် တာဝန်မထမ်းဆောင် မနေရ ထမ်းဆောင်ရမယ်။ အဲဒီ ငါးနှစ် ဟိုဖက်ကို ကျော်သွားဦးတော့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကနေပြီးတော့ အဲဒီ ပုဂ္ဂိုလ်တွေကို တပ်ကထွက်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ အငြိမ်းစား ယူသွားတဲ့ ပုဂ္ဂိုလ်တွေ အရန်တပ်ဖွဲ့ဝင်အဖြစ်နဲ့ ထပ်မံ ခန့်အပ်နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါရှိတာကြောင့်မို့လို့ ဒီ အရန်တပ်ဖွဲ့ ဆိုသော်ငြားလည်းပဲ ဒီတပ်ဖွဲ့က တကဲ့ အရန်သဘောမဆောင်ပဲနဲ့ ပင်မတပ်မတော်ကြီးကိုသာ ကြီးထွားသည်ထက် ကြီးထွားအောင် လုပ်မဲ့အနေအထားကို ဖန်တီးမဲ့ ဥပဒေ ဖြစ်နေတာကို တွေ့ရတယ်။”
လွှတ်တော်ခေါ်ယူပြီး နောက်ပိုင်း လက်ရှိ စစ်ခေါင်းဆောင်တွေအနေနဲ့ အုပ်ချုပ်ရေးကဏ္ဍကနေ အပြင်ကို ရောက်သွားမဲ့ အခြေအနေအတွက် ကြိုတင်ပြီး ပြင်ဆင်တဲ့ သဘောလို့လည်း ဦးအောင်ထူးက ယူဆပါတယ်။ ဒါအပြင် စစ်တပ်အတွင်း အသက် ၆၀ ပြည့် ပင်စင် မဖြစ်မနေ ယူရမယ် ဆိုတဲ့ ဥပဒေမျိုး လွှတ်တော်ကနေ ပြဌာန်းနိုင်တဲ့ အလားအလာကို စစ်ဗိုလ်ချုပ်ကြီးတွေ ကြိုတင် အကာအကွယ်ယူတဲ့ သဘော ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုပြဌာန်းလိုက်တဲ့ စစ်တပ်ပိုင်းဆိုင်ရာ ဥပဒေတွေဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၀ တပ်မတော်ရဲ့အခန်းကဏ္ဍ ခေါင်းစဉ်အောက်မှာ ပါတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

sources: : RFA 

အကယ်ဒမီပေးပွဲ ၂၃ ရက်နေ့ ကျင်းပမည်

 ၂ဝဝ၉  ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲခေါ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို နေပြည်တော်တွင် ယခုလ ၂၃ ရက်နေ့တွင် ကျင်းပရန် ပြန်ကြားရေး ဝန်ကြီးဌာနက သတ်မှတ်လိုက်သည်။

MNENP
အကယ်ဒမီဆုပေးပွဲတွင် ရွေးချယ်ထားသော “မိုးညအိပ်မက်မြူ”ဇာတ်ကား
ဆု ရွေးချယ်ရန်အတွက် စာရင်းဝင်သည့် ဇာတ်ကားပေါင်း ၁၆ ကားရှိသည်။  ယမန်နှစ်က ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ခုနှစ် ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်မူ ဇာတ်ကား ၁၂ ကား သာရှိခဲ့ပြီး ယင်းအနက် ၈ ကားမှာ ဟာသဇာတ်လမ်းများ ဖြစ်သည်။

ဇာတ်ကား ၁၆ ကားမှာ “ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ မိုးညအိပ်မက်မြူ၊ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ၊ ဟော့ရှော့ ၂၊ ချစ်လို့ စတာ၊ ဇော်က ကနေသည်၊ ချစ်ကံပွင့်နှင့် မချောလေးဆယ်၊ သူငယ်ချင်း ယောက္ခမ၊ မာမီရှိန်း၊ ပင်လယ်ကို ဖြတ်၍၊ ရှော့ခ်ရှိတဲ့ အချစ်များ၊ ဝါဆိုဖယောင်းတိုင်၊ အတည်ပေါက် နောက်တဲ့လူ၊ ကျောက်စက်ရေ၊ အတိတ်၏ အရိပ်၊ ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကား တို့ဖြစ်သည်။

ယခုနှစ် အမျိုးသားသရုပ်ဆောင်ဆုအတွက် နေတိုးနှင့် မြင့်မြတ်တို့ ရေပန်းစားနေပြီး အမျိုးသမီးသရုပ်ဆောင်ဆု အတွက် အိန္ဒြာကျော်ဇင်၊ စိုးမြတ်သူဇာ၊  မေသန်းနုနှင့် သင်ဇာဝင့်ကျော်တို့ တစ်ပြေးနေသည်။

နှစ်တနှစ်ချင်းစီအလိုက် ရုပ်ရှင်ထူးချွန်ဆုပေးသည့် စနစ်ကို ၁၉၅၂ ခုနှစ်တွင် စတင်ပေးအပ်လာခဲ့ခြင်း ဖြစ်ပြီး ဆုရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားသည့် ဆုအမျိုးအစားများမှာ ဓာတ်ပုံဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသမီး သရုပ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ တေးဂီတဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ ဇာတ်ကားဆု၊ အသံပိုင်းဆိုင်ရာဆု တို့ဖြစ်ပြီး စုစုပေါင်း ၁၁ ဆု ဖြစ်သည်။

သို့သော် အချို့နှစ်များတွင် ဆုအားလုံးပေးခဲ့ခြင်းမရှိသလို ဆုအမျိုးအစားတခုအတွက် တဦးထက်ပို၍ ပေးခဲ့သည်များလဲ ရှိသည်။ ပြီးခဲ့သည့်နှစ် ဆုပေးပွဲတွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး သရုပ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုနှင့် ဓာတ်ပုံဆု စသဖြင့် ၇ ဆု သာ ပေးခဲ့သည်။

ယခုနောက်ပိုင်းတွင် ထူးချွန်ဆုရွေးချယ်ရမည့် ကားများမှာ နည်းပါးသွားကြောင်း၊ ဇာတ်ကားများ၏ အရည်အသွေးပါ ကျဆင်းသွားကြောင်း ဝါရင့်ဒါရိုက်တာ အကယ်ဒမီပန်းချီစိုးမိုးက ပြောသည်။

“Best of the Year အနေနဲ့ပြောရင် ဘယ်လောက် မကောင်း၊ ကောင်းကောင်း မကောင်းတဲ့ထဲက အကောင်းဆုံး ရွေးပေးရမှာပဲ။ ဒါ Permanent Academic award မဟုတ်ဘူးလေ။ Permanent ဆိုတာက တကယ်ကောင်းခဲ့တဲ့ ကားမျိုးက Permanent ပေါ့။ အရင်က ဆရာဦးသုခတို့ ရတဲ့ကားမျိုးတွေ၊ ရွှေဒုံးဘီအောင် ရတဲ့ ကားမျိုးတွေ။ ဥပမာ ကိုယ်တို့ရတဲ့ “ငါ သူတပါး ယောကျာ်း” တို့ပေါ့။ အဲဒီလိုကားမျိုးတွေကျ တကယ့်ကို ပြိုင်လို့မရတော့ဘူးလေ။ ဒီဘက်ကျတော့ ကားတွေက Quality လည်း လျော့ကုန်တယ်လေ။ ပြီးတော့ သူက ကားထုတ်ကလည်း နည်းတယ်။ ကိုယ်တို့တုန်းက ကား ၁ဝဝ လောက် ပြိုင်ရတာကိုး” ဟု သူက မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာတွင် အဓိကအနေဖြင့် ယဉ်ကျေးမှုနှင့် ပြည်သူ့အကျိုးပြုသော အချက်ကို ကြည့်၍ ရွေးချယ်ကြောင်း ပန်းချီစိုးမိုးက ပြောသည်။

“ယဉ်ကျေးမှုရယ်၊ အကျိုးပြုတာရယ်ကိုတော့ အခြေခံပါတယ်။ ယဉ်ကျေးမှုဆိုတာက ဥပမာ မြန်မာ့တိုင်းရင်းသား ယဉ်ကျေးမှုရယ်၊ လူသားအကျိုးပြုတာ။ ဥပမာ မိခင်မေတ္တာလည်း ပေးတာပဲ။ ဒရမ်မာလည်း ပေးတာပဲ။ အခုကတော့ နောက်ပိုင်းတော့ ကားထုတ်မရှိတော့ ရယ်စရာကားလည်း ပေးတာပဲ” ဟု သူက ပြောဆိုသည်။

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ လာရောက်သတင်းယူမည့် ဂျာနယ်တိုက်များကို လျှောက်လွှာတင်သွင်းရန် အကြောင်းကြားခဲ့ပြီးဖြစ်သည်ဟု သိရသည်။

နေပြည်တော်ရှိ လဟာပြင်ဇာတ်ရုံ၌ ကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲကို သတင်းယူမည့် သူများအနေဖြင့် ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေးရုံး၌ စာရင်းပေးသွင်းရမည်ဖြစ်ပြီး သတင်းတိုက်တတိုက်ကို ၂ ဦး တက်ရောက်ခွင့် ရှိသည်။ 

“ဒီလူ တက်မယ်စာရင်းပေးရင် ဒီလူပဲ။ လူစားမထိုးရဘူး။ အမည်တို့၊ မိဘအမည်တို့၊ အသက်တို့၊ နိုင်ငံသား မှတ်ပုံတင်နံပါတ်တို့၊ ကိုယ် ကိုယ်စားပြုတဲ့ ဂျာနယ်တိုက်နာမည်တို့ ပေးရတယ်။ ကင်မရာပါမယ်ဆို ကင်မရာ အမျိုးအစား၊ နံပါတ် အကုန်အကုန် ပေးရတယ်။” ဟု အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

“ဒီကိုတင်တဲ့ လျှောက်လွှာတွေကို နေပြည်တော် စစ်ဒေသရုံးကို တင်ရမယ်။ အဲဒီကနေ ဝင်ရောက်မယ့် သူတွေကို ကဒ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဝန်ကြီးရုံးက ဒါကို လုပ်ပိုင်ခွင့် မရှိဘူး။ စစ်ဒေသရုံးက ကိုင်တာ” ဟု မြန်မာ့ရုပ်ရှင် မော်ကွန်းရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ထူးချွန်ဆု ချီးမြှင့်သည့် သမိုင်းတွင် မင်းသား ရန်အောင်က ၆ ဆုနှင့် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်က ၅ ဆု ဖြင့် အများဆုံး ရရှိထားကြသည်။

sources: : www.mazzimaburmese.com