Thursday, December 2, 2010

ရွေးကောက်ပွဲပြီးသော်လည်း မြန်မာများ ထိုင်းနယ်စပ်မှာ ခိုလှုံရာရှာနေရဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး မရတဲ့အပြင် မြန်မာပြည်သူတွေဟာ မကြာခင်က ဖြစ်ခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရင်း ခိုလှုံစရာ အမိုးအကာ ရှာဖွေနေရဆဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် နယ်စပ်ဒုက္ခသည် ကူညီရေး TBBC အဖွဲ့က ဒီဇင်ဘာ ၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ် ။

(Photo: AFP)
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က ယာယီ တဲစခန်းများတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
DKBA တပ်ဖွဲ့နဲ့ စစ်အစိုးရတပ်ကြား တလောက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ဒုက္ခသည် နှစ်သောင်းကျော် ထွက်ပြေးလာခဲ့ရပြီး ၊ အဲဒီထဲက ဒုက္ခသည် ၈၀၀ မှ ၁၀၀၀ နီးပါးဟာ အခုချိန်ထိ လုံခြုံစိတ်ချရမဲ့ ခိုလှုံစရာ နေရာကို ရှာဖွေနေဆဲဖြစ်တယ်လို့ TBBCအဖွဲ့က ဆိုပါတယ် ။
အဲဒီဒုက္ခသည်တွေဟာ မွန်ပြည်နယ် ဘုရားသုံးဆူဒေသနဲ့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ထဲက နေရာအမျိုးမျိုးမှာ ခိုလှုံစရာ ရှာဖွေနေကြတာ ဖြစ်ကြောင်း သိရပါတယ်။
နယ်စပ်အခြေအနေဟာ ရွေးကောက်ပွဲမတိုင်ခင်ထက် ပိုပြီး မတည်မငြိမ် ဖြစ်နေတယ်လို့ ပြောနိုင်ကြောင်း TBBCအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး Ms. Sally Thompson က RFA ကို ပြောပါတယ် ။ လတ်တလော ထိုင်း-မြန်မာ နယ်စပ်အခြေအနေဟာ တည်ငြိမ်မှု လုံးဝမရှိဘူးလို့ ထင်ပါတယ် ၊ ဒီလိုအခြေအနေတွေ ဖြစ်နေရတာဟာ စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေး ဆောင်ရွက်နေတဲ့အပေါ် မူတည်ပြီး ဖြစ်လာတယ် ထင်ပါတယ်လို့ Ms. Thompson ပြောဆိုသွားပါတယ်။
လက်ရှိ အခြေအနေမှာတော့ TBBC အဖွဲ့နဲ့ UNHCR အဖွဲ့တို့ ပူးပေါင်းပြီး စစ်ပြေးဒုက္ခသည်တွေအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ သောက်ရေသန့် ၊ အမိုးအကာ ရွက်ဖျင် ၊ စောင်နဲ့ ခြင်ထောင် ၊ အရေးပေါ်ဆေးဝါး စတာတွေကို ကူညီနေရကြောင်း သိရပါတယ် ။

ရင်းမြစ်။ ။RFA

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကြောင့် ဘဏ်က ငွေမချေး

စစ်အစိုးရ၏ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် အင်းဝဘဏ်လီမိတက်က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ မိသားစုကို ငွေထုတ်မချေးတော့ကြောင်း သတင်းရရှိသည်။

မကြာသေးမီ လပိုင်းအတွင်းက သခင်သိန်းဖေ၏ မိသားစုဝင်များသည် လုပ်ငန်းအတွက် ငွေချေးရန် နေအိမ်ပိုင်ဆိုင်မှု အထောက်အထားများ၊ မရမ်းကုန်းမြို့နယ်ရှိ ကြိုးထုတ်လုပ်သည့် စက်ရုံပိုင်ဆိုင်မှု အထောက်အထားများဖြင့် အင်းဝဘဏ်လီမီတက်တွင် ငွေကျပ်သိန်း ၂၀၀ ချေးငှားရန် တင်ပြခဲ့ကြောင်း၊ ဘဏ်မှ တာဝန်ရှိ စစ်အရာရှိများက နေအိမ်နှင့် စက်ရုံကို လာရောက်စစ်ဆေးရာ စက်ရုံရုံးခန်းအတွင်း ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို စစ်အရာရှိများက မြင်တွေ့သွားပြီး ချေးငွေ ယူမည်ဆိုပါက ဓာတ်ပုံကို ဖြုတ်ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သခင်သိန်းဖေနှင့် နီးစပ်သူ နိုင်ငံရေးသမားတဦးက ရှင်းပြသည်။

“ကျနော်က ၂၀၀၅ ခုနှစ် ထောင်ကလွတ်တော့ နေစရာမရှိလို့ သခင်သိန်းဖေအိမ်မှာ နေဖြစ်တော့ အိမ်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို သိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖြုတ်မပေးလို့ ချေးငွေ သိန်း ၂၀၀ မရခဲ့ဘူး။ ရုံးခန်းက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံက သိန်း ၂၀၀ တန်ဓာတ်ပုံ အလိုလိုနေရင်း ဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် သခင်သိန်းဖေ မိသားစု ချေးငွေ မရရှိခဲ့သည့် အကြောင်းကို သခင်သိန်းဖေ၏ နေအိမ်တွင် ယနေ့ ကျင်းပပြုလုပ်သော နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် အဆိုပါ နိုင်ငံရေးသမားက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သခင်သိန်းဖေ၏ မိသားစုဝင်များက ချေးငွေမရပါကလည်း ကိစ္စမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖြုတ်ပေးမည်မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

သခင်သိန်းဖေအိမ်တွင် ကျင်းပပြုလုပ်သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ပါတီဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ သတင်းမီဒီယာများ၊ နိုင်ငံရေးသမားများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး အရပ်ဝတ် ရဲသတင်းပေးများ၊ ရဲများက အိမ်တွင်းသို့ ၀င်ရောက် ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သည်။

ရင်းမြစ်။ ။ဧရာဝတီ