Thursday, December 2, 2010

ရွေးကောက်ပွဲပြီးသော်လည်း မြန်မာများ ထိုင်းနယ်စပ်မှာ ခိုလှုံရာရှာနေရဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး မရတဲ့အပြင် မြန်မာပြည်သူတွေဟာ မကြာခင်က ဖြစ်ခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရင်း ခိုလှုံစရာ အမိုးအကာ ရှာဖွေနေရဆဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် နယ်စပ်ဒုက္ခသည် ကူညီရေး TBBC အဖွဲ့က ဒီဇင်ဘာ ၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ် ။

(Photo: AFP)
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က ယာယီ တဲစခန်းများတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
DKBA တပ်ဖွဲ့နဲ့ စစ်အစိုးရတပ်ကြား တလောက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ဒုက္ခသည် နှစ်သောင်းကျော် ထွက်ပြေးလာခဲ့ရပြီး ၊ အဲဒီထဲက ဒုက္ခသည် ၈၀၀ မှ ၁၀၀၀ နီးပါးဟာ အခုချိန်ထိ လုံခြုံစိတ်ချရမဲ့ ခိုလှုံစရာ နေရာကို ရှာဖွေနေဆဲဖြစ်တယ်လို့ TBBCအဖွဲ့က ဆိုပါတယ် ။
အဲဒီဒုက္ခသည်တွေဟာ မွန်ပြည်နယ် ဘုရားသုံးဆူဒေသနဲ့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ထဲက နေရာအမျိုးမျိုးမှာ ခိုလှုံစရာ ရှာဖွေနေကြတာ ဖြစ်ကြောင်း သိရပါတယ်။
နယ်စပ်အခြေအနေဟာ ရွေးကောက်ပွဲမတိုင်ခင်ထက် ပိုပြီး မတည်မငြိမ် ဖြစ်နေတယ်လို့ ပြောနိုင်ကြောင်း TBBCအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး Ms. Sally Thompson က RFA ကို ပြောပါတယ် ။ လတ်တလော ထိုင်း-မြန်မာ နယ်စပ်အခြေအနေဟာ တည်ငြိမ်မှု လုံးဝမရှိဘူးလို့ ထင်ပါတယ် ၊ ဒီလိုအခြေအနေတွေ ဖြစ်နေရတာဟာ စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေး ဆောင်ရွက်နေတဲ့အပေါ် မူတည်ပြီး ဖြစ်လာတယ် ထင်ပါတယ်လို့ Ms. Thompson ပြောဆိုသွားပါတယ်။
လက်ရှိ အခြေအနေမှာတော့ TBBC အဖွဲ့နဲ့ UNHCR အဖွဲ့တို့ ပူးပေါင်းပြီး စစ်ပြေးဒုက္ခသည်တွေအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ သောက်ရေသန့် ၊ အမိုးအကာ ရွက်ဖျင် ၊ စောင်နဲ့ ခြင်ထောင် ၊ အရေးပေါ်ဆေးဝါး စတာတွေကို ကူညီနေရကြောင်း သိရပါတယ် ။

ရင်းမြစ်။ ။RFA

0 comments:

Post a Comment