Tuesday, March 9, 2010

ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော

ချင်းမိုင် (မဇ္ဈိမ) ။     ။ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

“ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရမယ်။ အဲဒီရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြု ဆောင်ရွက်ပေးရမယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး တောင်းဆိုချက်ကတော့ ဒီအတိုင်းပဲလို့ ပြောလို့ရမယ်” ဟု သူက ပြောသည်။

အဓိက အတိုက်အခံပါတီ အန်အယ်ဒီက နေအိမ်ချုပ်ကျခံနေရသော ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက တစုံတရာ အသိအမှတ်ပြုရန်၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဟူသော တောင်းဆိုချက်ကို ၂ဝဝ၉  ခုနှစ် ဧပြီလ ၂၉  ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းဟူ၍ အမည်ပေးထားသည်။

တောင်းဆိုချက်အပေါ် စိတ်ဝင်စားဟန်မပြသော စစ်အစိုးရက ယနေ့တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသေးစိတ်ကို ဖော်ပြပြီး နောက်ရက်များတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ဖော်ပြသွားမှာဖြစ်သည်။

ယခုထုတ်ပြန်သော ကော်မရှင်ဥပဒေက ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်သည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ တွင် အမတ်နေရာ ၄၈၅ နေရာအနက်မှ ၃၉၂ နေရာ အနိုင်ရရှိပြီး တနိုင်ငံလုံး မဲပေးခွင့် ရှိသူ၏ ၆ဝ ရာခိုင်နှုန်းကျော် ထောက်ခံမှုရသော အန်အယ်ဒီ၏ ရလဒ်မှာ ပျက်ပြယ်သွားခြင်း မရှိဟု ဦးဝင်းတင်က ပြောသည်။

အာဏာလွှဲပေးခြင်း မခံရသော အန်အယ်ဒီပါတီ၏ အမာခံခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးကြောင့် ထောင်ထဲတွင် ၁၉ နှစ် နေခဲ့ရသူ ဦးဝင်းတင်က ယခင်ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုရေး စစ်အစိုးရ၏ တုံ့ပြန်မှုကို မူတည်ရေး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်သွားမည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁ဝဝ ကျော်အနက် အန်အယ်ဒီပါတီဝင် ဦးရေမှာ ၄၃ဝ ကျော်ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက ကြိုတင်လက်ခံရရှိထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ စကားရပ်ကမူ အကျဉ်းကျနေသူသည် ပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ ထောင်တွင်းမှ ပါတီဝင်များအတွက်လည်း ညိစွန်းနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအတွင် ဥပဒေထွက်ရှိချိန်မှ ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလျှင် ပါတီဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေက အန်အယ်ဒီ၏ ၉ဝ ခုနှစ် ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်သည်ဟု ပြောလိုက်သူကတော့ ယခုနှစ်အတွင်း ပြုလုပ်မည်ဟု စစ်အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်တိုးတက်သောပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ ဖြစ်သည်။

“၁/၈၈ မှာ နဝတ ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ဥပေဒေကို ဒီဥပဒေသစ်နဲ့ ချေဖျက်လိုက်ပြီပေါ့။ အန်အယ်ဒီ တောင်းဆိုနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်နေတာပေါ့” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သော မွန်ဒီမိုကရေစီပါတီမှ ပြောခွင့်ရှိသူ နိုင်တင်အောင်ကမူ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ထွက်လာပြီမှန်သော်လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံဥပဒေကိုလည်း ပြန်သုံးသပ်ပြင်ဆင်ရန် လိုနေသေးကြောင်း တောင်းဆိုလိုက်သည်။

“လိုအပ်တဲ့ ပြင်ဆင်မှု လုပ်ပြီးမှသာလျှင် ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လေ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခြေခံဥပဒေကို ဒီမိုကရေစီ စံညွှန်းနဲ့အညီ မပြင်ဆင်ဘဲနဲ့ ဆက်သွားလို့ မဖြစ်ဘူး။ အများက လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် ဟန်ပြဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုခဲ့သော အခြေခံဥပဒေအပေါ် ပြည်တွင်းပြည်ပ အတိုက်အခံများက စစ်အုပ်စု၏ အုပ်ချုပ်မှုကို တရားဝင်မှုပြုရန်သာ ဖြစ်သည်ဟု ပြက်ရယ်ပြုကြသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဖနိဒါ 
Tuesday, 09 March 2010 18:06

ရွေးကောက်ပွဲ ဥပဒေ ပါရှိသည့် သတင်းစာ ဈေးတက်

စစ်အစိုးရက၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ကြေညာလိုက်သည့်အတွက် ယနေ့ထုတ် သတင်းစာများ ရောင်းဈေးမှာ နံနက်ပိုင်းတွင်ပင်၂ ဆခန့်တက်သွားခဲ့ပြီး ရောင်းအားလည်း ပုံမှန်ထက် တက်သွားခဲ့ ကြောင်းစုံစမ်းသိရှိရသည်။

ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံတို့မှ ရွေးကောက်ပွဲဥပဒေများကို မတ်လ ၉ ရက်နေ့မှ စ၍ နေ့စဉ်ထုတ်သတင်းစာများ၌ အချပ်ပိုအဖြစ် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယနေ့ထုတ်သတင်း စာများတွင် ဖော်ပြထားခြင်းဖြစ်သည်။

reading_newspaper
ရွေးကောက်ပွဲ ဥပဒေ ဖော်ပြထားသည့် ယနေ့ ထုတ် သတင်းစာကို စိတ်ဝင်တစားကြည့်နေသူ နှစ်ဦး (Photo: AP)
သတင်းစာများ၏ ပုံမှန်ရောင်းဈေးမှာ တစောင် ကျပ် ၁၀၀ နှုန်းဖြစ်သော်လည်း ယနေတွင် တစောင် ကျပ် ၂၀၀ ဈေးမှ ကျပ် ၃၀၀ ဈေးအထိ ရန်ကုန် သတင်းစာ ဈေးကွက်တွင် ရောင်းချခဲ့ကြောင်း သိရှိရသည်။

“မနက် ၇ နာရီ ထိုးတဲ့အချိန်ထိ အိမ်ကို သတင်းစာမရောက်သေးလို့ သတင်းစာဖြန့်တဲ့နေရာအထိ သွားဝယ်ရတယ်၊ ပုံမှန်ဈေးက တစောင်ကို ကျပ် ၁၀၀ ပဲကျတာ၊ ဒီနေ့တော့ ၂၀၀ နဲ့ဝယ်ခဲ့ရတယ်”ဟု ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

သတင်းစာ ဖြန့်ချိသူများမှာ ယနေ့သတင်းစာ ရောင်းကောင်းမည်ဟုမျှော်မှန်းထားပြီး ဈေးနှုန်းမြှင့်ရောင်းခဲ့ကြသော်လည်း နံနက်၁၁ နာရီခန့်အထိ ရောင်းအားအနည်းငယ် တက်လာသော်လည်း ပုံမှန်ဈေးနှုန်းသို့ ပြန်လည် ရောင်းချခဲ့ကြောင်း သတင်းစာဖြန့်ချိရေး သမား တဦးက ပြောသည်။

“ပုံမှန်ဆို အစောင် ၁၀၀ ယူရောင်းတာ၊ ဒီနေ့ပိုရောင်းရမယ်ထင်လို့ အစောင် ၁၀၀ ကျော်လောက်ပိုယူခဲ့တယ် စုစုပေါင်း ၂၀၀ ပေါ့၊၊ တစောင်၂၀၀ ကျပ်ဈေးနဲ့ရောင်းတာ နေ့လယ်ပိုင်းရောက်တော့ လက်ကျန် အစောင် ၅၀ လောက် ကျန်သေးလို့ ပုံမှန်အတိုင်း ၁၀၀ နဲ့ပဲ ပြန်ရောင်းရတယ်၊ မနက်ပိုင်းတော့ ဈေးတက်ရောင်းကြတာပဲ”ဟု သူက ဆိုသည်။

ရန်ကုန် ပန်းဆိုးတန်းထိပ်မှ သတင်းစာတင်ရောင်းသော ဂျာနယ်ဆိုင်ကလည်း ၄င်းဆိုင်မှ နေ့စဉ် သတင်းစာရောင်းအားမှာ စောင်ရေ ၃၀၀ ဖြစ်ပြီး ယနေ့ နေ့လယ်၂ နာရီခွဲအထိ စောင်ရေ ၃၀၀ ကျော်သာရောင်းရသောကြောင့် ပုံမှန်ထက် အနည်းငယ် ပိုရောင်းရကြောင်း ပြောသည်။

“သတင်းစာကို လူတွေက မ၀ယ်ခင် အရင်ယူကြည့်လိုက်တယ်၊ အဲဒီမှာ သတင်းစာမှာရွေးကောက်ပွဲ ကော်မရှင်ဥပဒေပဲ ပါတော့ တချို့က မ၀ယ်တော့ဘဲပြန်ချသွားကြတယ်၊ သူတို့က ရွေးကောက်ပွဲဥပဒေကို အသေအချာ ဖော်ပြပေးမယ်လို့ ထင်နေကြတာ”ဟု အဆိုပါ ဆိုင်ရှင်က ပြောသည်။

ယနေ့ထုတ်သတင်းစာတွင်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီးဥပဒေ သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည်တို့ကို အသေးစိတ် တွေ့မြင်ရလိမ့်မည်ဟု ယူဆကြပြီး သတင်းစာဝယ်ယူ သူများလိမ့် မည်ဟု ထင်မှတ်ထားကြကြောင်း သူက ဆိုသည်။

ယနေ့ သတင်းစာတွင် ပါရှိသည်မှာ ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ဥပဒေ ဖြစ်သည်။

လှည်းတန်းမှ ဂျာနယ်အရောင်းဆိုင်တဆိုင်က သတင်းစာ ရောင်းအားမှာ ပုံမှန် ဖြစ်ကြောင်းနှင့် ရောင်းဈေးမှာလည်း ပုံမှန်သာ ရောင်းနေကြောင်း ပြောဆိုသည်။

“ရွေးကောက်ပွဲ ဥပဒေကို  စိတ်ဝင်စားကြတယ်ဆိုတာက အားလုံးတော့ မဟုတ်ပါဘူး၊ နိုင်ငံရေးစိတ်ဝင်စားတဲ့ အသိုင်းအ၀ိုင်းရယ်၊ စာပေလောကက လူတွေရယ်ပေါ့၊ နောက်ပညာတတ် လူလတ်ပိုင်းတွေကတော့ သတင်းစာထဲက ထုတ်ပြန်ချက်ကို သေချာဖတ် နေကြတာ တွေ့ရတယ်”ဟု ပြည်တွင်းမှ ၀ါရင့်သတင်းထောက် တဦးကပြောသည်။

အစိုးရရုံးဝန်ထမ်းများ၊ အခြေခံလူတန်းစားများနှင့် သာမန်ပြည်သူများမှာမူ ရွေးကောက်ပွဲဥပအေပ်ါသို့ စိတ်ဝင်စားမှု နည်းပါး သည်ကိုတွေ့မြင်ရကြောင်း၊ ယမန်နေ့ညနေပိုင်းတွင် အစိုးရသတင်းဌာနများမှ ရွေးကောက်ပွဲဥပဒေနှင့်ပတ်သက်ပြီး ကြေညာ ခဲ့သော်လည်း အများစုက စိတ်ဝင်စားပုံမရသည်ကိုတွေ့မြင်ရကြောင်း သူက ဆိုသည်။

“မနေ့က ညနေ ၄ နာရီလောက်မှာ ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်မယ်လို့ ကြေညာတာပဲ။ ကျနော်တို့လို လူတွေပဲ စိတ်ဝင်စား သွားတာ၊ အခြားလူတွေကတော့ ဘာသိဘာသာပဲ၊ ဒီနေ့ မနက် ဘတ်စ်ကားပေါ်မှာ ဘေးကလူတွေကို မေးကြည့်တော့ သူတို့ဟာ သူတို့ထုတ်ကြတာပဲလို့ပဲ ပြန်ဖြေတယ်၊ ဘယ်သူကမှလည်း အဲဒါနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပုံ၊ ဆွေးနွေးချင်ပုံမရဘူး” ဟု သူက ဆိုသည်။

တွံ့တေးဘက်မှ ရန်ကုန်မြို့ ၃၃လမ်းထိပ်သို့ တို့ဟူးသုတ်လာရောင်းသော အထမ်းသမားတဦးကလည်း ရွေးကောက်ပွဲ ပြုလုပ် မည်ဟု သိထားသော်လည်း ဘယ်နေ့ပြုလုပ်မည်ကို မသိကြောင်း၊ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းကလိုပဲ ၄င်းတို့ ရယက ထည့် ခိုင်းသည့်အတိုင်း မဲထည့်မှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေကိုလည်း သိရန်လိုအပ်မည်ဟု မထင်ကြောင်း ပြောသည်။

“ရွေးကောက်ပွဲဥပဒေတို့ ဘာတို့ ဆိုတာလည်း နားမလည်ဘူး၊ သိလည်း မသိချင်ပါဘူး၊မဲပေးရမယ်လို့တော့ကြားတယ်၊ လူကြီး ခိုင်းတဲ့အတိုင်းပဲ လုပ်ရမှာပဲ၊ သူတို့နဲ့က သိပ်ကင်းလို့မရဘူး”ဟု အဆိုပါ တွံ့တေးဘက်မှ ရန်ကုန်သို့ လာသော အထမ်း သမား ဈေးသည်က ပြောသည်။

Tuesday, 09 March 2010 19:37 ခိုင်သွယ်  
ရင်းမြစ်။ ။ဧရာဝတီ

ရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြရန် ဝန်ကြီးချုပ်သိန်းစိန် ပြောဆို


မကြာမီကျင်းပတော့မည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြရန် စစ်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောကြားလိုက်သည်။

ယနေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြံ့ခိုင်ရေးအသင်းအမှုဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ်တွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတရပ်လုံးက ထောက်ခံခဲ့ပြီးဖြစ်၍ အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်နိုင်ရန် ၂ဝ၁ဝ ရွေးကောက်ပွဲအား ကျင်းပပေးတော့မည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ပါဝင်မဲပေးကြရန် လိုကြောင်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောဆိုခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “သူပြောတာကတော့ ခဏလေးပဲ။ အဓိကတော့ နိုင်ငံတော်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ထောက်ခံသွားရမယ်ပေါ့။ အဲဒါကို ပြသတဲ့အနေနဲ့ မဲပေးကြရမယ်ဆိုပြီး ပြောသွားတယ်။ ဘယ်လ၊ ဘယ်နေ့ ရွေးကောက်ပွဲ လုပ်မယ့်အချိန်ကို မပြောဘူး” ဟု ပြောသည်။

ယနေ့ နေ့လယ်ပိုင်းက ဝန်ကြီးချုပ် သိန်းစိန်နှင့်အဖွဲ့သည် နမ်းခမ်းမြို့ကို ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာပြီး (၁) နာရီခန့်သာ အစည်းအဝေးအချိန်ကြာခဲ့သော်လည်း ဒေသခံများအနေဖြင့် လူကြီးလာမည်ဖြစ်၍ အလုပ်ရှုပ်ခဲ့ရသည်ဟု နမ်းခမ်းဒေသခံတဦးက ပြောသည်။

၎င်းက “သူလာတာတော့ (၁) နာရီလောက်ပဲ ရှိမယ်။ ပြင်ဆင်လိုက်ကြတာတော့ (၁) ပတ်မကဘူး။ ဧည့်စာရင်းတွေ ပြီးခဲ့တဲ့ သုံး၊ လေးရက် ကတည်းကစလို့ စစ်တယ်။ ဒီမှာ တရုတ်နဲ့ အသွားလာ ကုန်သွယ်တာတွေ ရပ်ထားရတယ်။ မီတာဘောက်တွေကို ကျပ် (၅ဝ,ဝဝဝ) ပေးပြီး လဲနေရတယ်။ ရွှေလီရေအားလျှပ်စစ်က မီးပေးမှာမို့၊ ဓာတ်တိုင်တွေ စိုက်ဖို့ လုပ်အားပေးတွေ လုပ်ခဲ့ရတယ်။ အမှတ်အသားတခုတော့ ကျန်ခဲ့တာပေါ့။ သူလာမှပဲ ဒီရွှေလီ ရေအားလျှပ်စစ် မီးရတော့တယ်” ဟု ပြောသည်။

မူဆယ်နှင့် နမ်းခမ်းဒေသခံများသည် ယမန်နှစ်၊ မေလအတွင်းက ဖွင့်လှစ်ခဲ့သည့် ရွေလီ (၁) ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားကို အသုံးမပြုရဘဲ တရုတ်ပြည်ဘက်မှ ရောင်းပေးနေသည့် လျှပ်စစ်ဓာတ်အားကိုသာ အသုံးပြုနေကြရသည်။

ခိုင်လင်း/ ၉ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

ထောင်ကျအတိုက်အခံ ရွေးကောက်ပွဲ မဝင်ရန် စစ်အစိုးရ တားမြစ်

 
ချင်းမိုင် (မဇ္ဈိမ)။     ။ ကျင်းပမည့် ယခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်လိုက်ရာ နိုင်ငံရေးပါတီများ၏ အခွင့်အရေးကို ဆိုးရွားစွာ ပိတ်ပင်ထားသည်ကို တွေ့ရသည်။

ယနေ့နှောင်းပိုင်း သို့မဟုတ် မနက်ဖြန်တွင် ထုတ်ပြန်ဖွယ်ရှိသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ မိတ္တူကို မဇ္ဈိမက ကြိုတင်ရရှိထားသည့် အထဲတွင် ထိုသို့ တွေ့ရှိရခြင်း ဖြစ်သည်။

ထောင်ကျနေသူ မည်သူကိုမဆို နိုင်ငံရေးပါတီထူထောင်ခြင်း သို့မဟုတ် ပါတီဝင်အဖြစ် မသတ်ရန် ဥပဒေက တားမြစ်ထားသည်။ မြန်မာနိုင်ငံတဝှန်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိနေရာ ယခုတားမြစ်ချက်က ၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုအပြီး ဖမ်းဆီးခံရသူ အများအပြားဖြစ်သော စစ်အစိုးရ၏ အတိုက်အခံများကို ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ခြင်းမရှိရန် ကန့်သတ်ထားသည်။

ဥပဒေက နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်၍ သီးခြားဖော်ပြခြင်းတော့ မရှိပါ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် တရားရုံးက အမိန့်ချမှတ်ခံရသူဖြစ်ပြီး စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လျော့ပေါ့ပေးမှုဖြင့် နေအိမ်တွင် ၁၈ လ ချုပ်နှောင်ရန် ပြစ်ဒဏ်ခံနေရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကို လက်ထပ်ခဲ့သူဖြစ်သဖြင့် အခြေခံဥပဒေသစ်အရ အစိုးရရာထူး ရယူပိုင်ခွင့် ပိတ်ပင်ခံထားရသူ ဖြစ်နေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူဆိုလျှင် နိုင်ငံရေးပါတီဝင် မဖြစ်ရဟုလည်း ပိတ်ပင်ထားသည်။ မြန်မာနိုင်ငံသား ဥပဒေက ယာယီနိုင်ငံသားဆိုသည်မှာ မည်သို့ဖြစ်သည်ကို အထူးပြုဖော်ပြထားခြင်း မရှိပါ။ ယခုနှစ် အစောပိုင်းက ရခိုင်ပြည်နယ်ရှိ မူဆလင်ရိုဟင်ဂျာများကို စစ်အစိုးရက ယာယီနိုင်ငံသားကဒ်များ ထုတ်ပေးခဲ့ရာ အများက ရွေးကောက်ပွဲနှင့် ဆက်နွယ်သော လုပ်ရပ်ဟု ယူဆကြသည်။

နိုင်ငံပိုင် သတင်းစာများနှင့် စာအုပ်ထုတ်ဝေဖော်ပြမည်ဆိုသော ဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ယင်းအဖွဲ့များနှင့် ဆက်သွယ်အားပေးသောသူများ နိုင်ငံရေးပါတီဝင် မဖြစ်ရဟုလည်း ပိတ်ပင်ထားပြန်သည်။

မြန်မာ့ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းအများအပြား ပြည်ပတွင် အခြေစိုက်နေကြပြီး စစ်အစိုးရက တရားမဝင် အဖွဲ့အစည်းဟူ၍ သမုတ်ခြင်း ခံထားရသည်။ ပြည်တွင်းနှင့် ပြည်ပနေ ဒီမိုကရေစီလိုလားသော အတိုက်အခံအများအပြားလည်း ယခုစကားရပ်နှင့် အကျုံးဝင်နေနိုင်သည်။

မြန်မာနိုင်ငံ ပြည်ပရှိ အဖွဲ့အစည်းများထံမှ အကူအညီယူသူများကိုလည်း နိုင်ငံရေးပါတီတွင် ပါဝင်ခွင့် ပိတ်ပင်ထားသေးသည်။

ထို့ပြင် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ပစ္စည်းတို့ကို အသုံးပြုသော ပါတီများကို ဖျက်သိမ်းနိုင်သလို မတရားအသင်းနှင့် ဆက်သွယ်လျှင်လည်း ဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။

သာသနာ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများလည်း နိုင်ငံရေးပါတီဝင် မဖြစ်ရဟုလည်း ကန့်သတ်ထားသည်။

မဇ္ဈိမသတင်းဌာန 
Tuesday, 09 March 2010 15:47

အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါ

အမှတ်သည်းခြေနည်းပြီး မေ့လွယ်ပျောက်လွယ်တတ်တဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ (အားလုံးကို မဆိုလိုပါ) ရဲ့ စိတ်ဓာတ်ကို ဗိုလ်သန်းရွှေက အားနည်းချက်အနေနဲ့ ရှုမြင်ပြီး ကောင်းကောင်း အသုံးချတတ်လို့လား ဒါမှမဟုတ် ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ (ဤနေရာတွင်လည်း အားလုံးကို မဆိုလိုပါ) မှာ တန့်ကနဲဆို နန့်ကနဲ အမြီးနှန့်တတ်တဲ့ စရိုက်မျိုး ရှိတတ်တာကို ဗိုလ်သန်းရွှေက နောကြေနေလို့လား မပြောတတ်။ ရွှေဝါရောင်လက်သီး အချီကြီး မိပြီးကတည်းက ဗိုလ်သန်းရွှေတယောက် “ရွေးကောက်ပွဲ” ဆိုတဲ့ လေသံပစ်ပြီး သူတို့စစ်အုပ်စု ရင်ဆိုင်ရတဲ့ နိုင်ငံရေးအကျပ်အတည်းကို နည်းအမျိုးမျိုးနဲ့ ရှောင်ထွက် အလွတ်ရုန်းနေခဲ့တာ အခုအထိပဲ ဆိုပါတော့ …။

ရွှေဝါရောင်လက်သီးချက်သာ မမိခဲ့ရင် အခုအချိန်အထိ “ရွေးကောက်ပွဲ” ဆိုတာကို ဗိုလ်သန်းရွှေ လေသံတောင် ဟမှာ မဟုတ်သေးဘဲ အမျိုးသားညီလာခံဆိုတာကြီးကိုပဲ မေ့လောက်မှ တခါ ထထကျင်းပရင်း အရှိန်တက်နေတဲ့ သူ့ရဲ့ ဘုရင်ရူးရောဂါကို ဆက်လက်အကောင်အထည်ဖော်နေမှာ မုချပေပ။ ရွှေဝါရောင်မှာ ရုတ်တရက် အသက်ရှူကျပ်သွားလို့သာ (အသက်ပါ ပါသွားမှာစိုးတာနဲ့) အမျိုးသားညီလာခံကို တက်သုတ်ရိုက်ကျင်းပပြီး ရွေးကောက်ပွဲကျင်းပပေးပါမယ်လို့ ဗိုလ်သန်းရွှေ သွေးရူးသွေးတန်း ကတိပေးလိုက်တာပါ။

အဲဒီ ဗိုလ်သန်းရွှေပေးတဲ့ သွေးရူးသွေးတန်းကတိကို ကြားတာနဲ့ ရွေးကောက်ပွဲတော့ အမှန်တကယ် ကျင်းပတော့မှာပဲထင်ပြီး တန့်ကနဲဆို နန့်ကနဲ ဖြစ်တဲ့သူကဖြစ်၊ ၉၀ ရွေးကောက်ပွဲ မဲပေးခဲ့တာကို ကိုယ်နဲ့မဆိုင်တော့သလို အမှတ်သည်းခြေမရှိ မေ့လွယ်ပျောက်လွယ်သူက လွယ်နဲ့ ဖြစ်ကုန်ကြတာ စိတ်မကောင်းစရာပါပဲ။

မိုးဦးကျ ဖားတွေလို ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲ ဆိုင်းသံဗုံသံအောက်မှာ တအုံးအုံး တအွမ်အွမ်နဲ့ ဆူညံကခုန်နေလိုက်ကြတာ အခုဆိုရင် (မတ်လ ၈ ရက်၊ ညနေ ၄ နာရီမှာ) “ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော်ဥပဒေ၊ နိုင်ငံရေးပါတီဖွဲ့ခွင့်ဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော်ဥပဒေ” တွေကို စစ်အုပ်စုက ထုတ်ပြန်လိုက်ပြီဆိုတော့ ပိုလို့တောင် ဆူညံကြတော့မယ်ထင်ပါရဲ့။ အဲဒီလို တန့်ကနဲ့ဆို နန့်ကနဲဆိုတဲ့ အုပ်စုထဲမှာ လေလှိုင်းက ဆရာတွေလည်း ထိပ်ဆုံးက ပါတယ်ဆိုရင် ရွှေစိတ်တော်များ ဆိုးကြဦးလေမလား (ဆိုးလည်း တတ်နိုင်ပေဘူးပ)။

တကယ်တမ်းမှာလည်း ရွေးကောက်ပွဲမုန့်ဆီကြော် ဘယ်ဆီနေမှန်းမသိခင် ရွေးကောက်ပွဲဆိုတဲ့ အနံ့ကို ပေးထားရုံပဲရှိသေး လေလှိုင်းတွေမှာ ညံစီနေခဲ့တာကိုးလေ။ အဲဒီ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုတဲ့ ဆွေးနွေးသုံးသပ်ချက်တွေကို နားဆင်ရင်း ဗိုလ်သန်းရွှေတယောက် နေပြည်တော်မှာ ဒူးလေးနှန့်ပြီး ပြုံးစိစိ လုပ်နေခဲ့မှာကို မြင်ယောင်သေးတော့။ လေလှိုင်းက ဆရာတွေ “၂၀၁၀ ရွေးကောက်ပွဲ” ဆိုတဲ့ ဟင်းလျာကို အမျိုးမျိုး အဖုံဖုံ ချက်ပြုတ်စားသောက်နေကြပုံများ ကုလားချက်ကော၊ တရုတ်ချက်ကော၊ ဗမာချက်ကော၊ ယိုးဒယားချက်ကော၊ ကိုရီးယားချက်ကော၊ ဂျပန်ချက်ကော၊ အနောက်တိုင်းချက်ကော၊ အမေရိကန်ချက်ကော၊ တောင်အာဖရိကချက်ကော စုံလို့ စုံလို့ပါပဲလို့လည်း ပြောလိုက်ချင်ရဲ့။

အဲသလို နည်းမျိုးစုံ ချက်ပြုတ်စားသောက်ပြီး အမြီးနှန့်နေကြရုံတင် မကသေးဘူး၊ ပြည်တွင်းထဲမှာ စစ်အုပ်စုကို လျှာနဲ့လျက်ပြီး ရွေးကောက်ပွဲအတွက် အမြီးနှန့်နေကြတဲ့ ဗုံမဟုတ် ပတ်မဟုတ် လူတွေကိုပါ အတင့်ရဲစွာ စင်တင်ပွဲထုတ်လာကြတာကိုလည်း လက်ပိုက်ကြည့်နေရတော့တဲ့ အခြေအနေ။ “အင်းပေါ့ဗျာ … ခင်ဗျားတို့က မိုက်ခွက်ကြီးတွေ ကိုင်ထားကြတာကိုး၊ လုပ်ကြပေါ့ဗျာ” လို့ကို ဘေးမဲ့ ပေးထားရတော့တဲ့ အခြေအနေ။ အဲဒီလို ဘေးမဲ့ပေးခဲ့ရတဲ့ ဖြစ်အင်တွေက မကြာသေးမီက ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ မြန်မာ့သတင်းသမဂ္ဂ ညီလာခံစင်မြင့်အပေါ်အထိပဲ ဆိုပါတော့ …။

တကယ်ဆိုရင် ကျနော်တို့မှာ ၉၀ ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ခိုင်မာတဲ့ တိုက်ပွဲလက်နက်ကြီး ရှိနေခဲ့၊ ရှိနေဆဲပါ။ ဒီလက်နက်ကြီးဟာ မြေကြီးထဲ ကျင်းတူးမြှုပ်ပစ်ရတော့မယ့် အရာမဟုတ်ဘဲ ထိထိရောက်ရောက် အသုံးချ တိုက်ပွဲဝင်တတ်ရင် အချိန်မရွေး လိုရာပန်းတိုင်ကို ရောက်စေနိုင်တဲ့ အစွမ်းသတ္တိ အပြည့်ရှိနေဆဲပါ။ ဒီလက်နက်ကြီး အာနိသင် ထက်မြက်နေဆဲ ဆိုတာကို အထူးသဖြင့် နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိနေသူတွေ မသိကျိုးကျွန်မပြုဖို့၊ မမေ့ဖို့နဲ့ ဘယ်ပုံဘယ်နည်း အသုံးချ တိုက်ပွဲဝင်ရင်ကောင်းမလဲဆိုတာကို အမြဲကြံဆနေဖို့ လိုပါတယ်။ တည့်တည့်ပြောရရင်တော့ ၉၀ မန်းဒိတ်ဆိုတဲ့ လက်နက်ဟာ ပြည်သူက ရန်မှန်သမျှကို ရှေ့ကနေ မားမားမတ်မတ် ဖြိုခွင်းတိုက်ပွဲဝင်ဖို့ ပေးထားတဲ့ လက်နက်ပါ။ ကျင်းတူးမြေမြှုပ်ပြီး ဖင်ခုထိုင်ဖို့ ပေးထားတဲ့ လက်နက်မဟုတ်ပါဘူး။

ဒါ့အပြင် တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ဆိုရင် နအဖ စေလိုရာအတိုင်း အလျှော့ပေး လိုက်လျောလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ ထောင်ကျတန်းကျခံ၊ ဘ၀အပျက်ခံပြီး စွန့်လွှတ်အနစ်နာခံနေကြတဲ့သူတွေ ထောင်နဲ့ချီ ရှိနေဆဲပါ။ အသေခံသွားကြတဲ့သူတွေလည်း မနည်းတော့ပါဘူး။ အဲဒီလို လက်နက်ကောင်းနဲ့ အနာခံ တိုက်ပွဲဝင်နေသူတွေ ရှိနေတာကို မေ့လွယ်ပျောက်လွယ် သဘောထားပြီး ဗိုလ်သန်းရွှေ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုင်းသံမှာ အမြီးဝင်နှန့် ဘရိတ်ဒန့်စ် ကနေကြတာဟာ သင့်တော်၏ မသင့်တော်၏ အလေးအနက် စဉ်းစားသင့်ကြပါတယ်။

အမြီးမနှန့်သင့်တဲ့ နောက်အကြောင်းတချက်က ဗိုလ်သန်းရွှေ လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲ (လုပ်ဖြစ်တယ်ဆိုရင်ပေါ့) ပြီးတဲ့နောက်မှာ ပေါ်ပေါက်လာမယ့် လွှတ်တော်ဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ပြဿနာအ၀၀ကို ဖြေရှင်းဆောင်ရွက် ပေးနိုင်မယ့် ပြည်သူ့လွှတ်တော်စစ်စစ်မဟုတ်ဘဲ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုအလိုကျ လက်ညှိုးထောင်ခေါင်းညိတ် လုပ်ပေးရမယ့် ရုပ်သေးလွှတ်တော်ပဲ ဖြစ်မှာမို့လို့ပါ (ဒါပေမယ့် လက်ညှိုးထောင် ခေါင်းညိတ်ရကျိုးနပ်အောင် လွှတ်တော်ခန်းမနဲ့တွဲရက် အနှိပ်ခန်း၊ ဇိမ်ခန်းလေးတွေ လိုလေသေးမရှိ ထားပေးကောင်း ထားပေးထားနိုင်ပါတယ်။ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုက အဲလိုမျိုးတော့ သဘောမနောကောင်းတတ်ပါတယ်)။

တကယ့် ပြည်သူ့လွှတ်တော်စစ်စစ်ကိုတော့ ဗိုလ်သန်းရွှေရဲ့ ခါးမှာချိတ်ထားတဲ့ သော့တချောင်းတည်းနဲ့ ဖွင့်လို့မရတာ အသေအချာပါ။ ဗိုလ်သန်းရွှေအပြင် အခြားသော့ကိုင်တွေအားလုံး စုံညီပါမှ ပြည်သူ့လွှတ်တော်စစ်စစ်ရဲ့ တံခါးမကြီးကို ဖွင့်လှစ်နိုင်မှာပါ။ အဲဒီပြည်သူ့လွှတ်တော်စစ်စစ်ကို ဖွင့်နိုင်မယ့် သော့ကိုင်တချို့ လောလောဆယ် ထောင်ထဲမှာ ရှိနေကြပါတယ်။ သေချာတာတခုက အဲဒီသော့တွေဟာ ဦးအောင်ရွှေမှာ မရှိဘူး။ ဦးလွင်မှာ မရှိဘူး။ ဦးသုဝေမှာ မရှိဘူး။ ဒေါ်ချိုချိုကျော်ငြိမ်းမှာ မရှိဘူး၊ အေးလွင်မှာ မရှိဘူး။ နေမျိုးဝေမှာ မရှိဘူး။ အခါတော်ပေး သခင်တင်မြတို့၊ မောင်စူးစမ်းတို့၊ ကျော်ဝင်းတို့၊ ဒေါက်တာနေ၀င်းမောင်တို့မှာလည်း မရှိပါဘူး။

ဘယ်သူတွေဆီမှာ ရှိတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရှိတယ်။ ဦးတင်ဦး၊ ဦးဝင်းတင်တို့ဆီမှာ ရှိတယ်။ ဦးခွန်ထွန်းဦး အပါအ၀င် ညီညွတ်သော တိုင်းရင်းသားမဟာမိတ်များအဖွဲ့က ခေါင်းဆောင်တွေဆီမှာ ရှိတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဆီမှာ ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေ စုံလင်ပါမှ ပြည်သူ့လွှတ်တော်စစ်စစ်ရဲ့ တံခါးမကြီးကို အောင်အောင်မြင်မြင်ဖွင့်ပြီး ၀င်နိုင်မှာဖြစ်လို့ အဲဒီသော့ကိုင်တွေအားလုံး အပြင်ကို စုံစုံညီညီ ရောက်တဲ့အချိန်အထိ စောင့်ကြဖို့ အကြံပြုလိုပါတယ်။ မြန်မြန် အပြင်ရောက်စေချင်ရင် စုစုစည်းစည်း တိုက်ပွဲဝင်ကြဖို့ လိုပါမယ်။

အဲသလိုမဟုတ်ဘဲ သော့ကိုင်တွေကို ချန်လှပ်ပြီး ဗိုလ်သန်းရွှေခါးမှာ ချိတ်ထားတဲ့ သော့တချောင်းတည်းနဲ့ပဲ ဖွင့်ဝင်မယ် ဆိုရင်တော့ ပြည်သူ့လွှတ်တော်စစ်စစ်ထဲ မရောက်ဘဲ ထောင်သာသာ အချုပ်ခန်းသာသာ လွှတ်တော်ထဲကိုပဲ ရောက်ပြီး ထိပ်တုံးခတ်ခံရတဲ့ အမတ်တွေ၊ လူစင်စစ်က ပုတ်သင်ညိုဘ၀ (ကံမကောင်း အကြောင်းမလှရင် စစ်အုပ်စု နဖားကြိုးထိုးသမျှ ရုန်းရတဲ့ နွားဘ၀) တွေကို ရောက်ကြပြီး ပြည်သူတွေလည်း စစ်ကျွန်အဖြစ် ရာသက်ပန် နွံနစ်ကြရတော့မှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့ ဥပဒေလေးတွေ ထုတ်ပြန်ရုံနဲ့ ပါတီထောင်ဖို့ စိတ်မစောကြပါနဲ့။ ရွေးကောက်ပွဲဝင်ဖို့ စိတ်မလောကြပါနဲ့။ ဗိုလ်သန်းရွှေလည်း သူ့အခြေအနေ သူသိလို့ ရက်မကြေညာသေးပါဘူး။ စိတ်အေးအေးထားပြီး သော့ကိုင်တွေအားလုံး စုံစုံညီညီ အပြင်ရောက်ဖို့အတွက်သာ နည်းမျိုးစုံနဲ့ အကြံထုတ် တိုက်ပွဲဝင်ကြပါလို့ အမြီးနှန့်ချင်သူအပေါင်းအား စေတနာကောင်းနဲ့ ကြေညာမောင်းခတ်လိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
ရင်းမြစ်။ ။ခေတ်ပြိုင်

နအဖ၏ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥပဒေ ထုတ်ပြန်၊ မဲဆန္ဒရှင် အဓိပ္ပါယ်သတ်မှတ်ချက် မပါဝင်

   ယမန်နေ့က နအဖစစ်အစိုးရက ၎င်းတို့ကြိုတင်ပြောထားသည့်အတိုင်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥပဒေကို ထုတ်ပြန်ကြေညာလိုက်သည်။ နအဖ၏ ထုတ်ပြန်ချက် ၁/ ၂၀၁၀ တွင် ရွေးကော်ပွဲကော်မရှင်၏ အခြေခံ အဓိပ္ပါယ်သတ်မှတ်ချက်၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းစဉ်များကို သတ်မှတ်ခြင်းမျှသာဖြစ်ပြီး အသေးစိတ်အချက်အလက်၊ အချိန်သတ်မှတ်ချက် နှင့် အရေးယူကန့်သတ်ခြင်း သက်ရောက်မှုအတိုင်းအတာတို့ကို မဖော်ပြထားချေ။
          အဓိက လိုအပ်ချက်တခုမှာ - ဥပဒေ၏ ပထမအဆင့် အခြေခံအဓိပ္ပါယ်သတ်မှတ်ချက်များတွင် - အဓိကကျသော မဲဆန္ဒရှင် ဟူသော အဓိပ္ပါယ်ကို သတ်မှတ်ဖွင့်ဆိုထားခြင်းမရှိပဲ - မဲစာရင်းကိုသာ ဖွင့်ဆိုထားပြီး “မဲဆန္ဒနယ်များအတွက် ပြုစုထားသော ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်း” ဟုသာ ဖော်ပြထားသည်။
          သည်နေရာမှ ကြည့်နိုင်ပါသည်။ http://www.scribd.com/doc/28063921/Election-Law-2010-SPDC

မိုးမခအထောက်တော် ၀၀၃
မတ် ၉၊ ၂၀၁၀

လွပ်လပ်မှုနှင့်ညီမျှမှုကိုရှေးရှုလျှက်



ဟေး - ကျွန်တော်တို့အားလုံး တယောက်နဲ့တယောက်မယုံမကြည်ဖြစ်မှုနဲ့ စည်းစံနစ်ကင်းမဲ့မှုတွေအောက်မှာ အင်အားမရှိတဲ့ စက္ကူကျားတွေဖြစ်ခဲ့ကြတာကြာနေကြပြီ။ ဒီလိုဖြစ်နေအောင်လဲ အာဏာရှင်စံနစ်က ဖန်တီးထား တယ်။ မကြိုက်ကြပေမဲ့လဲ ကျွန်တော်တို့အားလုံး ခင်းပေးတဲ့ဇာတ်လမ်းထဲမှာပဲ ကနေခဲ့ကြရတယ်။
- လူသားဖြစ်တဲ့ကျွန်တော်တို့တတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဘို့၊ ကိုယ့်ဘဝဇာတ်ကို ရုပ်သေးရုပ်မဟုတ်ပဲ ကိုယ့်ဘာသာကိုယ်တည်ဆောက်နိုင်ဘို့ ဘယ်ကနေစပြီးလုပ်ရလုပ်ရ၊ ဘယ်လိုအခက်အခဲကိုကျော်လွှားရပစေ စ လုပ်သင့်ပြီမဟုတ်ဘူးလား။ မသိတဲ့ မနက်ဖြန်ကိုစောင့်စားမဲ့ လက်ထဲရှိနေတဲ့ဒီနေ့ကနေ စလုပ်ကြရင် သိပ်ပြီး နောက်ကျမှာမဟုတ်ပါဘူး။
ဟေး - ကျွန်တော်တို့ရှေ့က ရဲရဲတောက်တောက်အမှန်တရားအတွက် ရပ်တည်ပြသွားကြတဲ့
အကို၊ အမတွေကို ဘယ်လိုသတ္တိတွေနဲ့များလုပ်ခဲ့
ကပါလိမ့်ဆိုတာကိုပဲ အံ့သြရင်း၊ ငေးမောရင်း သူတို့ပေးဆပ်ခဲ့ကြတာတွေအားလုံး အတွက်နဲ့ သူတို့ရဲ့ပေးဆပ်မှုတွေ၊ နာကျင်ခံစားရမှုတွေကို နာကျင်စွာငေးမောရင်း၊ တွေးတောရင်း၊ တွေဝေတုန့် ဆိုင်းနေခဲ့ကြမိတယ်။
- တွေဝေတာတွေကိုမောင်းထုတ်ပြီး စိတ်ကူးယဉ်နေတာမျိုးလဲမဖြစ်စေပဲ လက်တွေ့ဆန်၊ စည်းကမ်းစီစဉ်မှုစံနစ် တကျရှိမှုတွေနဲ့ အားလုံးလုပ်သင့်လုပ်ထိုက်တာကို စလုပ်ကြရင်၊ ကိုယ့်သားသမီးတွေမိသားစုတွေရဲ့နောင်ရေး အတွက် ကျွန်တော်တို့အားလုံးတာဝန် ကျေပွန်အောင်လုပ်သင့်တာနဲ့လုပ်နိုင်တာတွေကို အားလုံးတူတူလုပ်ပြီး စုပေါင်းအား တည်ဆောက်ကြလို့ရလာမှာပါ.
ဟေး - တဖြည်းဖြည်းနိမ့်ကျလာတဲ့ ကိုယ်မိသားစုအခြေအနေတွေ၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံသားတွေအား လုံးရဲ့ ဘဝတွေ၊ အဖြစ်အပျက်တွေအားလုံးကို ရင်နာနာနဲ့၊ ဘာမှမလုပ်နိုင်ပဲလက်ပိုက်ကြည့်နေကြရ၊ တောက် ခေါက်နေခဲ့ကျရတယ်။ ငါတို့အလှည့်ကျရင်တော့လို့ ရင်တွင်းကြိတ်မှိတ်ကြိမ်းဝါးရင်း၊ ဘယ်တော့မှန်းမသိတဲ့၊ ဖြစ်လာစရာလမ်းမမြင်ရသေးတဲ့ ငါတို့အလှည့်ဆိုတာကို မဝံ့မရဲအိမ်မက်ထဲမုန့်ထုတ်ရနည်းမျိုးစောင့်နေမိဆဲပဲ။
- ထိုင်ငြီးညူနေကြတာထက်၊ ထိုင်စိတ်ဆင်းရဲနေကြတာထက်၊ လက်တွေ့ဒီအခြေအနေတွေကို ဘယ်လို ပြောင်းပြစ်လို့ရမလဲ စတွေးတောစဉ်းစားကြရင်း၊ နည်းလမ်းရှာတာကို အားလုံးလုပ်လာကြရင်၊ အားလုံး လက်တွဲပြီး နွံထဲ ကရုန်းကန်တက်ဘို့ အချင်းချင်းအားပေး၊ နွေးထွေးစွာနဲ့ စုပေါင်းကြိုးစားကြရင် အနဲ ဆုံးကျွန်တော်တို့ နွံအိုင်ထဲ ကလွတ်ပြီး လမ်းပြုပြင်နိုင်လာပါလိမ့်မယ်။ တယောက်တအားနဲ့စုထားတဲ့ အားတွေကို ညီညာရင်ဘယ်တခြား အင်အားကမှ လွယ်လွယ်နဲ့ချေဖျက်လို့ရမှာမဟုတ်ပါဘူး။
ဟေး - တခါလာပြောင်းလဲတော့နိုး၊ ကမ္ဘာကပဲမနေနိုင်ပဲ ကယ်လေနိုး၊ ဒီမိုကရေစီမြတ်နိုးတယ်ဆိုတဲ့နိုင်ငံကြီး တွေကပဲ အဆုံးစွန်တဲ့ဖိနှိပ်မှုတွေကို မခံမရပ်နိုင်တဲ့အဆုံး ဘာမှမရှိပဲချိနဲ့အားနဲနေတဲ့ လူထုကြီးဘက်ကဝင်ရပ်ပြီး ကယ်တင်နိုးနိုး၊ အပြင်ထွက်သွားပြီး အမျိုးမျိုးဖြစ်သွားကြတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်နေကြတယ်ဆိုတဲ့တော်လှန် သူတွေကပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ပြန်လာကယ်ကြသလို ကယ်ကြနိုးနဲ့စောင့်ရတာမျိုးကလဲ ဆယ်စုနှစ်၂ခုကို တောင်ကျော်လာခဲ့ပြီးပြီ။
- တကယ်က ကိုယ့်နိုင်ငံနဲ့ကိုယ့်အရေးကိစ္စက တခြားဘယ်သူ့အရေးမှမဟုတ်ပါဘူး။ သူတောင်းစား လိုကယ်ပါ ယူပါနဲ့တွေ့သမျှလူကို လိုက်အသနားခံနေကြရလောက်အောင် ပျော့ညံ့ကြတဲ့သူတွေလဲ မဟုတ်ကြဘူး ဟုတ်လား။ ဘယ်သူကမှလဲ ကိုယ့်အရေးကို သူတို့အကျိုးစီးပွါးမပါပဲနဲ့လုပ်ပေးကြ လိမ့်မယ်မဟုတ်ဘူး။ ကိုယ့်အရေးက ကျွန်တော်တို့အားလုံးရဲ့အရေးပါပဲ။ ကျွန်တော်တို့အားလုံး ကိုယ့်အားကိုကိုးကြမှ၊ ကိုယ့်ဘာသာကိုယ်စလုပ်ကြမှ ဖြစ်မှာပါ။ ဒါတွေလုပ်ဘို့လဲလုပ်နိုင်ဖြစ်နိုင်စေ တဲ့အားတွေ ကျွန်တော်တို့အားလုံးမှာရှိနေကြပါတယ်။ ကျွန်တော်တို့အားလုံး ဒီအားတွေကိုရှာဖွေ စုစည်းပြီး ကိုယ်လုပ်သင့်တာတွေကို လုပ်လာကြရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဘဝ၊ နောင် လာနောက်သားတွေရဲ့ ဘဝကောင်းတွေအတွက် ဖန်တီးရှင်တွေဖြစ်လာမှာပါ။ ရုပ်သေးရုပ်ဘဝက လွတ်မြောက်ပြီး ဖန်တီးနိုင်တဲ့သူတွေဖြစ်ဘို့ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲအားကိုးကြရ မှာပါ။
အခုအချိန်ကစပြီး ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဘဝကိုယ်ဖန်တီးတဲ့ - ကိုယ့်မျိုးဆက်တွေရဲ့နောင်ရေးကောင်းလာ အောင်ကြိုးစားကြတဲ့၊ စုစည်းညီညွတ်ကြတဲ့ ကမ္ဘာမှာမြန်မာဟေ့လို့ပြန်ကြွေးကြော်နိုင်ပြီး ဂုဏ်သိက္ခာနဲ့ပြန်နေ နိုင်စေမဲ့လူတွေဖြစ်ဘို့အတွက် နည်းလမ်းတွေ၊ အင်အားတွေစုရှာပြီး ညီညီညွတ်ညွတ်လုပ်ကြစို့ဗျာ။
အားလုံးညီညွတ်ကြရင်၊ အစီအစဉ်ကောင်းကောင်းနဲ့ နည်းလမ်းမှန်မှန်လုပ်ကြရင် ဘယ်လိုလက်နက်တွေကမှ ကျွန်တော်တို့ကို ဖိနှိပ်နေနိုင်မှာမဟုတ်ပါဘူး။ နောက်ဆုံးပြစ်တဲ့ကျည်ဆံထက် အားလုံးကိုပြောင်းလဲစေဘို့ အ စဆုံးစတဲ့ သူတွေဖြစ်ကြဘို့ကြိုးစားကြရအောင်။ 

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

     နယူးဒေလီ (မဇ္ဈိမ) ။     ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ ဦးခင်မောင်အေးအား တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

“သူက မမှန်မကန် လုပ်ထားတဲ့ ပေးကမ်းစာချုပ်နဲ့ ဒီအိမ်ကို ရောင်းဖို့ကြိုးစားတဲ့အတွက် သားသမီးအရင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဖို့ စီစဉ်တဲ့သဘောပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဦးခင်မောင်အေးသည် အဆိုပါ ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချထားပြီး ဖြစ်ကြောင်း သတင်းစာမှတဆင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ကြေညာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် နိုင်ငံသား ဂျွန်ယတ်တောကို နေအိမ်အတွင်း ၂ ရက်ကြာ လက်ခံထားမှုဖြင့်  တရား ရင်ဆိုင်နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် တစုံတရာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ ကာယကံရှင် (ဒေါ်စု) နဲ့ စွဲဖို့၊ မစွဲဖို့ တိုင်ပင်နေတဲ့အတွက် ခုမှ တရားစွဲဖို့ စီစဉ်ဖြစ်တာပါ။ တရားရုံးကို တင်ဖို့ စာကြမ်း ရေးပြီးသွားပါပြီ။ ဒေါ်စုကို တင်ပြပြီး သဘောတူရင် တရားစွဲမှု စတင်ပါမယ်”ဟု ဟု သူက ပြောသည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ နှင့် ၅၆ ရှိ နေအိမ်ကို ပိုင်ဆိုင်သူမှာ ဒေါ်ခင်ကြည်ဖြစ်ပြီး ကွယ်လွန်သည့် အချိန်တွင် ယင်းအိမ်တွင် နေထိုင်သွားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိခင်ဒေါ်ခင်ကြည်က ဟိုတုန်းက သူ့ကို ပေ ၁၇၀ ပေးတယ်လို့ ခင်မောင်အေးက ဆိုတယ်။ နောက်တော့ ဒေါ်ခင်ကြည်က အပိုင်ပေးတာ မဟုတ်ဘူး၊ နင်တို့ ခဏနေဖို့ ပေးတာလို့ပြောပြီး မောင်းထုတ်လိုက်တယ်လို့ ကြားမိတယ်။ အခု ဒေါ်ခင်ကြည် မရှိတော့ သူ့ကို ပေးခဲ့ပါတယ်ဆိုပြီး ရောင်းစားဖို့ လုပ်တဲ့သဘောပေါ့” ဟု ဦးကြည်ဝင်းက ဆိုသည်။

ဦးခင်မောင်အေးသည် ခြံမြေအတွက် ဝယ်သူထံမှ စရန်ငွေ အချို့တဝက် ရယူထားပြီး၊ ဝယ်သူမှာ စာပေအသိုင်းအဝိုင်းမှ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သူက ဆက်ပြောသည်။

ဒေါ်ခင်ကြည်သည် ၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် အဆိုပါ နေအိမ်နှင့် ခြံဝင်းကို ဒေါ်ခင်ကြည်အား ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်လာပြီးနောက် ယင်းနေအိမ်၌ပင် နေထိုင်လာခဲ့သည်။

ပြီးခဲ့သည့်နှစ် မေလဆန်းပိုင်းက အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် အင်းလျားကန်မှတဆင့် ယခု နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ် အကျယ်ချုပ် ထပ်မံချထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ်၌ပင် ၁၄ နှစ်ခန့် အကျယ်ချုပ် ချခံခဲ့ရပြီး ဖြစ်သည်။

ဆလိုင်း ဟံသာစန်း 
Monday, 08 March 2010 22:35

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

ချင်းမိုင်။     ။ စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။

ဥပဒေအရ ကော်မရှင်တွင် ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးကို ခန့်အပ်တာဝန်ပေးနိုင်ကြောင်း ဖော်ပြထားပြီး ကော်မရှင်လူကြီးများသည် အသက် ၅၀ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်၊ ထင်ပေါ်ကျော်ကြားပြီး ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် စစ်အစိုးရက ယူဆသူဖြစ်ရမည်၊ နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ကာ လစာ၊ စရိတ်ကြေးငွေရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်း မပြုသူဖြစ်ရမည်ဟူသော အချက်များလည်း ပါဝင်သည်။

ဥပဒေအရ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု တို့နှင့် လက်အောက်အဆင့်ဆင့်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်များ ဖွဲ့စည်းမည်ဖြစ်ကာ၊ နေပြည်တော် ကော်မရှင်အဖွဲ့ခွဲကိုလည်း သီးခြားထားရှိမည်ဖြစ်သည်။

ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရာတွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်ဆောင်ရွက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေးအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့ခွဲများအတွက် ရန်ပုံငွေ ခွဲဝေချထားပေးခြင်း၊ အသုံးစရိတ်များ ကြီးကြပ်ခြင်း၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းတို့ ပါဝင်သည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောကြားရာတွင် အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခြင်းအစီအစဉ် မအောင်မြင်လျှင် ထိုဒေသများကို ရွေးကောက်ပွဲမပြုလုပ်ဘဲ ချန်လှပ်ထားရန် စစ်အစိုးရက နည်းလမ်းတခုအဖြစ် စဉ်းစားထားကြောင်း ပါရှိသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အားအကောင်းဆုံး ငြိမ်းချမ်းရေးအဖွဲ့ဟု အများက သတ်မှတ်ထားသော ဝ' တို့လည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် ငြင်းဆန်ထားသော အဖွဲ့များတွင် ပါဝင်သည်။

ပြည်တွင်းပြည်ပတွင် လူအများက ကျယ်ပြန့်စွာ ကဲ့ရဲ့ခံနေရသော ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံ၍ စစ်အစိုးရသည် ရွေးကောက်ပွဲကို ကျင်းပရန် လုပ်ဆောင်လျက်ရှိသည်။

ရွေးကောက်ပွဲကို ဝေဖန်သူ အနောက်နိုင်ငံ အစိုးရများက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရရာထူး မယူနိုင်အောင် ပြုလုပ်ထားမှုကိုလည်း ထောက်ပြထားကြသည်။

ထို့ပြင် အခြေခံဥပဒေသည် စစ်တပ်ကို တိုင်းရေးပြည်ရာများတွင် ပါဝင်ချယ်လှယ်နိုင်ရန် အာမခံချက် ပေးထားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်စေရေးနှင့် ဘက်စုံပါဝင်နိုင်ရေး တောင်းဆိုထားကာ လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကိုလည်း လွှတ်ပေးရန် တောင်းဆိုထားသည်။

မဇ္ဈိမသတင်းဌာန  
Monday, 08 March 2010 21:12