Monday, April 5, 2010

NLD မပါသည့် ရွေးကောက်ပွဲ မဲပေးကြမည်လော

ခိုင်သွယ် Monday, April 05, 2010

ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မပါဝင်ပါက မဲပေး၊ မပေးကို လူ ၅၀၀ ကျော်အား မေးမြန်းခဲ့ရာ ၂၅၀ ကျော်က မဲမပေးလိုဟု ပြောဆိုသည်။

ဧရာဝတီ မဂ္ဂဇင်းက ရန်ကုန်မြို့နေ အသက် ၂၀ ၀န်းကျင်မှ အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား၊ အမျိုးသမီး ၅၂၀ ကို မကြာသေးမီက မေးမြန်းရာ ၂၅၂ ဦးက ရွေးကောက်ပွဲတွင် NLD မပါဝင်လျှင် မဲမပေးလိုဟု ဖြေဆိုပြီး ၁၉၈ ဦးက NLD မပါလည်း မဲပေးသင့်သည်ဟု ဖြေဆိုကြသည်။ ကျန် ၇၀ ကမူ နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်ကာ စဉ်းစားဆုံးဖြတ်သွားမည်
ဖြစ်သောကြောင့် မဖြေဆိုနိုင်သေးကြောင်း ပြောသည်။

မတ်လ ၂၉ ရက်နေ့က NLD ရုံးချုပ်တွင် စုဝေးနေကြသော NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - ရိုက်တာ
မဲမပေးဟု ဖြေဆိုခဲ့သူ ၂၅၂ ဦးထဲမှ အသက် ၅၄ နှစ် ၀န်းကျင် အရွယ်ရှိ ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက “NLD ပါတီကိုပဲ
ထောက်ခံတယ်၊ ကြိုက်တယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလည်း NLD ကိုပဲ မဲပေးခဲ့တာ။ အခု အဲဒီပါတီ မပါတော့ဘူး ဆိုရင် ရွေးကောက်ပွဲမှာ မဲပေးစရာလည်း မရှိဘူး၊ မဲလည်း သွားမပေး တော့ဘူး” ဟု ဆိုသည်။

အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တဦးကလည်း NLD ပါတီ တခုကိုသာ သိကြောင်း၊ တခြားသော ပါတီများကို လုံးဝ မသိကြောင်း၊ စိတ်လည်း မဝင်စား သောကြောင့် NLD မပါလျှင် ရွေးကောက်ပွဲတွင် မဲထည့်မည် မဟုတ်ကြောင်း ပြောသည်။

GTC ကျောင်းသားတဦးကလည်း “NLD မပါရင်တော့ ရွေးကောက်ပွဲက အနှစ်သာရ မရှိတော့ဘူး။ ရွေးကောက်ပွဲ ၀င်ကြတဲ့ ပါတီတွေ အားလုံးကလည်း သူတို့ လူတွေချည်းပဲ ဆိုတော့ ကျနော်ကတော့ ရှင်းရှင်းပဲ၊ မဲကို မပေးတော့ဘူး” ဟု
ဆိုသည်။

NLD မပါလျှင် မဲမပေးဟု ဖြေဆိုထားသူ အများစုမှာ ရွေးကောက်ပွဲဝင်ရန် NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု
အမြင်ရှိသူများဖြစ်ပြီး ၎င်းတို့ထဲမှ တချို့မှာ NLD ၏ သဘောထားနှင့် ဆုံးဖြတ်ချက်ကို လေးစားသောကြောင့် ရွေးကောက်ပွဲကို
ဆန့်ကျင်သည့် သဘောဖြင့် မဲသွားမပေးရန် ဆုံးဖြတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

“လူအများညီမယ်၊ လူတိုင်းဟာ ကျနော်တို့လိုပဲ ရွေးကောက်ပွဲမှာ မဲသွားမပေးဘူး ဆိုရင် ဒီရွေးကောက်ပွဲဟာ မအောင်မြင် နိုင်ဘူးလို့ မြင်တယ်။ လူတွေညီဖို့ လိုတယ်၊ အားလုံး မဲရုံတွေကို မသွားဘဲနဲ့ နေသင့်တယ်။ အဲဒါမျိုးနဲ့ ဆန့်ကျင်သင့်တယ်” ဟု အသက် ၂၈ နှစ်အရွယ် အငှား ယာဉ်မောင်းတဦးက သူ့သဘောထားကို ပြောသည်။

NLD မပါဝင်သော်လည်း မဲပေးသင့်သည်ဟု ဖြေဆိုခဲ့သူ အသက် ၅၃ နှစ်အရွယ်၊ ဆက်သွယ်ရေး ၀န်ထမ်းတဦးက “၀န်ထမ်း ဖြစ်တဲ့အတွက် မဲပေးကို ပေးရမယ့် အခြေအနေမှာ ရှိတယ်။ NLD မပါဝင်ဘူး ဆိုရင်တော့ စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် သင့်တော်တဲ့ ပါတီ တခုခုကိုတော့ ရွေးပြီး မဲပေးပါမယ်၊ ကြံ့ဖွံ့လို အဖွဲ့မျိုးက လွဲရင်ပေါ့” ဟု ဆိုသည်။

အစိုးရအနေဖြင့် အစိုးရ ၀န်ထမ်းများနှင့် စစ်တပ်များကို မဲ မဖြစ်မနေပေးခိုင်းမည် ဖြစ်ပြီး ထိုမဲများကိုလည်း ၎င်းတို့ စိတ်တိုင်းကျ ဖြစ်စေရန် စီစဉ်သွားနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

“ကိုယ်က မဲသွားမပေးဘူး ဆိုရင်လည်း သူတို့က ကိုယ့်ကိုယ်စား မဲတပြားကို အသုံးချဖို့ အခွင့်အရေး ပိုရသွားလိမ့်မယ်။ အဲဒီလို အဖြစ်မခံနိုင်တဲ့ အတွက် မဲကတော့ ပေးကို ပေးရမယ်။ ပါတီကတော့ ရွေးရဦးမှာပဲ” ဟု အသက် ၃၈ နှစ်အရွယ် ကုန်သည် အမျိုးသမီးတဦးက ဆိုသည်။

NLDမပါသော်လည်း မဲပေးသင့်သည်ဟု ဖြေဆိုခဲ့သော အသက် ၆၀ အရွယ် ကျူရှင်ဆရာ တဦးကလည်း “ဘာဖြစ်လို့ မဲပေး သင့်တာလဲ ဆိုရင် မဲပေးခွင့်က ကိုယ့်အခွင့်အရေးပဲ။ ဒါကို ဖော်ထုတ်ပြရမှာပဲ။ နောက်တချက်က ကိုယ့်မဲကို သူ့မဲဖြစ်အောင် လုပ်ကြလိမ့်မယ်။ ဒါကို ထည့်စဉ်းစားသင့်တဲ့အတွက် မဲပေးသင့်တယ်” ဟု ပြောသည်။

NLD မပါသော်လည်း ရွေးကောက်ပွဲတွင် မဲပေးသင့်သည်ဟု ဖြေဆိုသူအများစုမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒ ခံယူပွဲက မဲလွတ်များနှင့် ကြိုတင်မဲများကို အာဏာပိုင်များက ထောက်ခံမဲများအဖြစ် ပြုလုပ်ခဲ့ကြသည့် သာဓကများ ရှိသည့်အတွက် မဲထည့်သင့်ကြောင်း၊ NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု မယူဆသူများဖြစ်ကြောင်း
တွေ့ရသည်။

“NLD မပါရင်လည်း ရွေးကောက်ပွဲကတော့ ဖြစ်သွားမှာပဲလို့ မြင်တယ်။ အစိုးရကလည်း သူ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်သွားမှာပဲ။ လူတွေကတော့ NLD မပါတဲ့အတွက် ရွေးစရာမရှိဖြစ်သွားတယ်။ ပါတီကြီးတခု ပြိုကွဲသွားတယ် ဆိုပြီး စိတ်မကောင်းကြဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ပျက်တဲ့အထိလည်း ဖြစ်မသွားနိုင်ပါဘူး” ဟု အသက် ၃၆ နှစ်အရွယ်
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးတဦးက ပြောသည်။

NLD ပါတီရွေးကောက်ပွဲ မ၀င်ပါက မဲပေးသင့် မသင့်ကို မစဉ်းစားရသေးကြောင်း အသက် ၄၀ ၀န်းကျင်အရွယ် စီးပွားရေး လုပ်ငန်းရှင်တဦးကပြောသည်။ ၎င်းအနေနှင့် နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်ပြီး စဉ်းစားဆုံးဖြတ်သွားမည် ဖြစ်သောကြောင့်
လက်ရှိ အခြေအနေတွင် မဖြေဆိုနိုင်သေးဟု ဆိုသည်။

သမ၀ါယမ ဦးစီးဌာနတွင် အကြီးတန်း စာရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသော အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား တဦးက “နိုင်ငံရေး အခြေအနေက တချိန်နဲ့ တချိန်မတူဘူး၊ ပြောင်းနေတာ။ ပြောင်းလည်း ပြောင်းဦးမှာ ဆိုတော့ အခု မပြောနိုင်သေးဘူး။ NLD မပါဘူးလို့လည်း တရားဝင်ပြောသေးတာ မဟုတ်တော့ ကျနော်တို့အနေနဲ့ ဘာမှ မပြောနိုင်သေးဘူး” ဟု ပြောသည်။

၎င်းအနေဖြင့် NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု မြင်သော်လည်း ထိုသို့ မှတ်ပုံမတင်သောကြောင့် ပါတီ ဖျက်သိမ်းခံရပြီး ပါတီဝင်များ နိုင်ငံရေးလောကမှ ပျောက်ကွယ်သွားလျှင် လူထုအတွက် ဆုံးရှုံးနစ်နာမှုကြီးတခု ဖြစ်သည်ဟု ထင်ကြောင်း သုံးသပ်သည်။

အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ် ဆရာမ တဦးကမူ “ဒီပါတီက လူတွေ ရွေးချယ်ခဲ့ကြတဲ့ အတိုက်အခံ ပါတီကြီးပါ။ အဲဒါကို သူတို့ သဘောနဲ့ သူတို့ မှတ်ပုံမတင်ကြဘူး ဆိုတာကို ကျမတော့ မကြိုက်ဘူး။ လူတွေရဲ့ သဘောထားတွေကို မကြည့်ဘူးလို့ မြင်တယ်။ လူတွေက ပါတီကို ရွေးကောက်ပွဲ ၀င်စေချင်ကြတယ်။ ရွေးကောက်ပွဲ ၀င်ရင် သူတို့ မဲထည့်ကြဦးမှာပဲ။ မှန်မှန်ကန်ကန်သာ ဖြစ်ခဲ့ရင် NLD က ပြန်ရဦးမှာပါ” ဟု ပြောသည်။

ရင်းမြစ်။ ။ဧရာဝတီ

ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး

မတ်လ (၂၇) ရက်နေ့က ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သူတို့စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးကို လုပ်သွားမယ်လို့ ထပ်မံ အတည်ပြုပြောသွားတာ ကြားလိုက်ကြရပါတယ်။ ပြောရရင် မြန်မာပြည်နိုင်ငံရေးမှာ အတော်လေးကြားကြရတဲ့ အသုံး အနှုန်းတွေထဲမှာ ဒီ “အမျိုးသားနိုင်ငံရေး” ဆိုတာလည်း ပါဝင်ပါတယ်။ ဒီအသုံးအနှုန်းနဲ့တွဲပြီး ကြားရလေ့ရှိတဲ့ နောက်အသုံး အနှုန်းတခုကတော့ ပါတီနိုင်ငံရေးဆိုတာပဲ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနှစ်ခုကို တနေရာစီသုံးကြတာကတော့ ကြာပါပြီ။ ဒါပေမယ့် အခုလို ဒီနှစ်ခုတွဲပြီး သုံးနှုန်းတာကတော့ စစ်အစိုးရများ၊ အထူးသဖြင့် န၀တ-နအဖ လက်ထက်ကျမှ ခေတ်စား လာတယ်ဆိုရင် မမှားဘူးထင်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးကို ကိုလိုနီလက်ထက်၊ သူ့ကျွန်ဘ၀တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန်လှုပ်ရှားမှုတွေမှာ စသုံးခဲ့တာပါ။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ၊ ပါတီအဖွဲ့အစည်းတွေက တီထွင်ခဲ့တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ စစ်တပ်ကတီထွင်တဲ့ စကားလုံးမဟုတ်ပါဘူး။ ဒါပေမယ့် အခု န၀တ-နအဖတို့လက်ထက်ကျတော့ ဒီအသုံးအနှုန်းနဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို့ အမွှန်းတင်ပြီး ကျန်တဲ့နိုင်ငံရေး အင်အားစုတွေကိုတော့ ကိုယ်ကျိုး၊ ကိုယ့်ပါတီအကျိုးသာကြည့်သူလို့ အပုပ်ချတိုက်ခိုက်တဲ့ အဓိပ္ပာယ်နဲ့ တွင်တွင်သုံးနေတာ တွေ့ရပါတယ်။ သူတို့ရဲ့သဘောက ပါတီနိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ပဲ မသန့်ရှင်းတဲ့နိုင်ငံရေးလို့ အဓိပ္ပာယ်ထွက်သယောင်ယောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တချို့ကျောင်းသားတွေ၊ သာမန်လူတွေကတောင် မိမိတို့ လုပ်တာဟာ ပါတီနိုင်ငံရေးမဟုတ်ဘူး၊ အမျိုးသားနိုင်ငံရေးဖြစ်တယ်လို့ အင်မတန်သတိကြီးစွာနဲ့ ပြောကြားသံတွေ ကြားရပါတယ်။ ဒီလိုဖြစ်တာဟာ နအဖ လုပ်လိုက်လို့ ရှုပ်ထွေးကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီနေရာမှာ ထောက်ပြချင်တာတခုရှိပါတယ်။ ၁၉၉၀ ခုနှစ်ဆီတုန်းက “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” ဆိုတဲ့ စာအုပ်ကို န၀တအစိုးရက ပြန်ထုတ်ခဲ့ပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ မြ၀တီစာအုပ်တိုက်က ၁၉၅၉ ခုနှစ်မှာ (ဗိုလ်နေ၀င်းတို့ ပထမအကြိမ် အာဏာသိမ်းထားစဉ်ကာလ) ပထမဆုံးအကြိမ် ထုတ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖောင်းကားစားသမ္မတ ဒေါက်တာမောင်မောင်က စာမျက်နှာ (၅၀) လောက်ရှိတဲ့ အမှာစာကိုရေးတော့ အမျိုးသားနိုင်ငံရေး ဆိုတာကို တင်ပြတဲ့အနေနဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက်ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းကို အသားလွတ် အမွှန်းတင်ပြီး တခြားနိုင်ငံရေးအင်အားစုမှန်သမျှကို တိုက်ခိုက်တာပါပဲ။ ဆိုလိုတာ ဒီပြောနည်းဆိုဟန်ဟာ စစ်အုပ်စုပထမ မျိုးဆက်ကနေ အခု ဗိုလ်သန်းရွှေတို့မျိုးဆက်အထိ ဆက်ခံစေခဲ့တဲ့ ၀ါဒဖြန့်နည်းဖြစ်တယ်ဆိုတာပါပဲ။ မသိနားမလည်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက်ပေးဖို့အတွက် တီထွင်ထားတဲ့ လှည့်ကွက်ဖြစ်ပါတယ်။

ဒါနဲ့တဆက်တည်း ထောက်ပြဖို့လိုတာက ဒီနေ့ နအဖခေါင်းဆောင်အားလုံးလိုလိုဟာ တချိန်က မဆလပါတီ ပါတီဝင်တွေ၊ တချို့ဆိုရင် ဗဟိုကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလတုန်းကတော့ ဗိုလ်နေ၀င်းရော၊ ဗိုလ်သန်းရွှေတို့ရော ဘယ်သူကမှ ပါတီနိုင်ငံရေးဟာ မကောင်းဘူးလို့ မပြောခဲ့ကြပါဘူး။ ပြောလိုက်ရင် အဲဒီတုန်းက တခုတည်းသောပါတီဖြစ်တဲ့ မဆလ ပါတီကို တိုက်ရိုက်ထိခိုက်တော့မှာ မဟုတ်ပါလား။ ဒါကြောင့် အခု နအဖထိပ်သီးတွေကို သူတို့ကော ပါတီနိုင်ငံရေး မလုပ်ခဲ့ဖူးဘူးလားလို့ မေးလိုက်သင့်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတာကို လူတဦးတယောက်၊ ဒါမှမဟုတ် ပါတီတခုက ငါ (တို့) သာလျှင် လုပ်ခွင့်ရှိတယ်ဆိုပြီး ကိုယ်ပိုင်ပစ္စည်းလို လုပ်လို့မရပါဘူး။ အလားတူပဲ အမျိုးသားနိုင်ငံရေးကို ငါတို့သာလုပ်ခွင့်ရှိတယ်၊ တခြား ဘယ်သူ၊ ဘယ်ပါတီမှ လုပ်ခွင့်မရှိဘူးလို့ လက်ဝါးကြီးအုပ်လို့လည်းမရပါဘူး၊ လူတိုင်း၊ ပါတီတိုင်းမှာ လုပ်ခွင့်ရှိပါတယ်။

မှန်တာပြောရရင် လူတဦးချင်းပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်းတခုပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်တယ်ဆိုရင် ကိုယ်စားပြုမှုရှိတာချည်း ဖြစ်ပါတယ်။ လူသားအားလုံး၊ တယောက်မကျန်ကို ကိုယ်စားပြုတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို အနီးဆုံးဥပမာပြရရင် ဒီနေ့အခါမှာ ပြည်သူလူထု အများတကာ့အများစုကြီးကို ကိုယ်စားပြုတဲ့လူတယောက်ဟာ စစ်အုပ်စုကို ကိုယ်စားပြုလို့မရပါဘူး။ အလားတူပဲ စစ်အုပ်စုဝင်တွေဟာ ဘယ်နည်းနဲ့မှ ပြည်သူလူထုအများစုကြီးကို ကိုယ်စားမပြုနိုင်ပါဘူး။ ဒင်းတို့ဟာ တတိုင်းတပြည်လုံးက ပြည်သူတွေကိုမဆိုထားနဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရသူတွေကိုတောင် ကိုယ်စားမပြုနိုင်ဘူးဆိုတာ လက်တွေ့မြင်ခဲ့ကြရပြီမဟုတ်ပါလား။

တကယ်က ဒီလိုနိုင်ငံရေးပါတီတွေကို အပုပ်ချပြီး စစ်တပ်ကို အမွှန်းတင်တဲ့လုပ်ထုံးဟာ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ် စစ်အုပ်စုလက်ထက်က စခဲ့တာလို့ဆိုရင် မမှားပါဘူး။ သူတို့ဟာ သူတို့နဲ့အနီးဆုံး လုပ်ကိုင်နေတဲ့ ဖဆပလခေါင်းဆောင်တွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကိုတွေ့မြင်ပြီး အဲဒီလူတွေကို အထင်သေး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ ဖြစ်လာတာပါပဲ။ ဒီလိုကနေ သူတို့ခေါင်းထဲမှာ အာဏာသိမ်းဖို့ အတွေးအခေါ်၊ အကြံဉာဏ်တွေ ပေါ်လာတာဖြစ်ပါတယ်။ ဒီလိုအာဏာသိမ်းမှုကို တရားပြုပေးတဲ့ စဉ်းစားနည်းနဲ့ ရှင်းပြနည်းကို စစ်အုပ်စုအဆက်ဆက် လက်ဆင့်ကမ်းသယ်ခဲ့ကြတာ မြန်မာပြည်မှာ ရာစုနှစ်တ၀က်နီးပါးရှိခဲ့ပါပြီ။

ဒီနေ့ နအဖချုပ်ကိုင်ထားတဲ့ စစ်တပ်ဟာ ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့တဲ့ မြန်မာပြည်ရဲ့အမျိုးသားနိုင်ငံရေး အစဉ်အလာ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့အစဉ်အလာကို အမျိုးသားနိုင်ငံရေး အစဉ်အလာကို ထိန်းသိမ်းထားသလားလို့ မေးကောင်းမေးလာနိုင်ပါတယ်။ အဖြေက ဒီတပ်ကို ချုပ်ကိုင်တဲ့လက်တွေ ပြောင်းသွားတာနဲ့အမျှ တပ်ရဲ့လက္ခဏာဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ဒီတပ်ကို ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေက ချုပ်ကိုင်ခဲ့တဲ့ အချိန်ကစလို့ ဒီတပ်ဟာ လူတစု၊ ပိုတိကျအောင်ပြောရရင် စစ်အုပ်စုတစုရဲ့ လက်ကိုင်တုတ်တပ်၊ ခါးပိုက်ဆောင်တပ်ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီတပ်ကြီးဟာ ပြည်သူလူထုရဲ့ ချုပ်ကိုင်မှုအောက်မှာ လုံးဝမရှိတော့တဲ့ အပြင် စစ်အုပ်စုတွေက ဒီတပ်ကြီးကိုအသုံးပြုပြီး ပြည်သူလူထုကိုချုပ်ကိုင်ဖို့ လုပ်နေတာချည်း တွေ့ခဲ့ရတာ နှစ်ပေါင်း (၅၀) လောက် ရှိခဲ့ပါပြီ။ ဒါကြောင့်မို့ ဒီတပ်ကြီးဟာ စစ်အုပ်စုကိုကာကွယ်တဲ့ နိုင်ငံရေးကိုပဲ လုပ်နေတယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

ဒါဖြင့် အမျိုးသားနိုင်ငံရေးဆိုတာ ဘာလဲ။ လူပြောသာများနေတယ်၊ အကောင်အထည်နဲ့ပြစရာ ရှိလို့လားလို့ မေးချင် မေးလာပါလိမ့်မယ်။ အမျိုးသားနိုင်ငံရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ သက်ဆိုင်ရာကာလတခုအတွင်း အဲဒီနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအများစုကြီးနဲ့ တိုက်ရိုက်ပတ်သက်ပြီး အရေးတကြီးဖြေရှင်းဖို့ လက်ငင်းလိုအပ်နေတဲ့ ဘုံအရေးတော်ပုံ၊ ဒါမှမဟုတ် ဘုံကိစ္စရပ်ကြီးတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီလိုအရေးတော်ပုံကြီးတွေကို ဖြေရှင်းရာမှာ ပြည်သူလူထုအများစုကြီးဘက်က ပါဝင်လုပ်ကိုင်တာဟာ အမျိုးသားနိုင်ငံရေးလုပ်တာပါပဲ။ သာမန် ဆွမ်းကြီးလောင်း အသင်းအတွက် လုပ်တာလောက်ကို အမျိုးသားနိုင်ငံရေးလို့ မခေါ်ပါဘူး။ တတိုင်းတပြည်လုံးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဖက်ဆစ်တော်လှန်ရေးလို ဘုံအရေးတော်ပုံကြီးတွေကိုမှ ခေါ်ဆိုနိုင်တာပါ။ နောက်တချက်က သက်ဆိုင်ရာ ကာလတခုအတွင်းလို့ အထက်မှာ ရေးခဲ့ပါတယ်။ ဆိုလိုတာ အမျိုးသားနိုင်ငံရေးဆိုတာ အချိန်ကာလအလိုက် ပြောင်းလဲ တတ်တယ်ဆိုတာပါပဲ။ မြန်မာပြည်ထဲမှာကိုပဲ ကိုလိုနီခေတ်က အမျိုးသားနိုင်ငံရေးဆိုတာနဲ့ ဒီနေ့အမျိုးသားနိုင်ငံရေးတို့ဟာ မတူတော့ပါဘူး။ ကိုလိုနီခေတ်တုန်းက အမျိုးသားနိုင်ငံရေးဟာ ကိုလိုနီဘ၀ကလွတ်မြောက်ရေး၊ တနိုင်ငံလုံးလွတ်လပ် ရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို စစ်အစိုးရတွေက အုပ်ချုပ်လာတဲ့နောက်မှာတော့ မြန်မာပြည်အမျိုးသားနိုင်ငံရေးရဲ့ အဓိကလက္ခဏာဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးဖြစ်လာပါတယ်။

ဒီအမျိုးသားနိုင်ငံရေး ရေစီးကြောင်းကို ဆန့်ကျင်သလား၊ အတူချီတက်တိုက်ပွဲဝင်သလားဆိုတာဟာ ဒီနေ့ နိုင်ငံရေးသမားတွေ၊ ပါတီအဖွဲ့အစည်းတွေကို တိုင်းတဲ့စံဖြစ်ပါတယ်။ နအဖအပါအ၀င် စစ်အုပ်စုအဆက်ဆက်ဟာ ဒီရေစီးကြောင်းကြီးကို ဆန့်ကျင်ဖျက်ဆီးကြသူတွေဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးကို လုပ်နေသူတွေမဟုတ်ဘဲ ဖျက်ဆီးနေသူတွေ ဖြစ်တယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း
  ရင်းမြစ်။ ။ခေတ်ပြိုင်

လူကိုလူလိုလေးစားခြင်းဟာ ယဉ်ကျေးမှု





စာနယ်ဇင်းတွေဖတ်ရင်းနဲ့ အနယ်နယ်အရပ်ရပ်မှာ စာပေဟောပြောပွဲနဲ့ စာပေဆွေးနွေးဝိုင်းတွေလုပ်ကြတဲ့ သတင်းတွေမပြတ်တွေ့နေရတယ်။ ဟိုရှေးကတော့ နတ်တော်လဆန်း တစ်ရက်နေ့ တစ်ရက်တည်းပဲ စာပေဟောပြောပွဲနဲ့ စာဆိုတော်နေ့ ကျင်းပကြတယ်။ နောက်တော့ မန္တလေးက ဦးလေးလူထုဦးလှက နတ်တော်လတစ်လလုံးကို စာဆိုတော်လလို့ သတ်မှတ်ပြီး စာပေဟောပြောပွဲတွေ လုပ်ကြပါလို့ စတင်လှုံ့ဆော်ခဲ့တာကြောင့် စာဆိုတော် နေ့ကျော်လွန်သွားလည်း ဟော ပြောပွဲတွေ ဆက်လုပ်ကြတယ်။ဆရာတွေဖောင်းပွနေ
        အခုတော့ နတ်တော်လတစ်လတည်း သာမကတော့ဘူး။ တစ်နှစ်ပတ်လုံး စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ တောရောမြို့ပါမကျန် ကျင်းပနေကြတာကို ၀မ်းသာစရာတွေ့ရတယ်။ ဦးလေးလှသာရှိရင် သိပ်ဝမ်းသာမှာ။ စာပေ လှုပ်ရှားမှု သတင်းမှန်သမျှ မလွတ်တမ်းဖတ်ရင်းနဲ့ သတိထားမိတာ လေးတစ်ခုရှိပါတယ်။ နယ်တစ် နယ်မှာ စာပေလှုပ်ရှားမှုတစ်ခုလုပ်တဲ့ သတင်းကိုရေးကြရာမှာ ဥက္ကဋ္ဌ ဆရာမောင်ဘယ်သူကသဘာပတိ လုပ်ပြီး အတွင်းရေးမှူးဆရာ မောင်ဘယ်ဝါက အခမ်းအနားမှူး လုပ်တယ်။ ဆရာမောင်ဖြူ၊ ဆရာမောင်နီ၊ ဆရာမောင်နက်၊ ဆရာမောင်ပြာ၊ ဆရာမောင်ဝါ၊ ဆရာမောင်ညို၊ ဆရာမောင်စိမ်းတို့က စာတမ်းဖတ်ကြ၊ဆွေးနွေးကြတယ်။ ဆရာမောင်ခရမ်းရောင်နဲ့ဆရာမောင် ပန်းရောင်တို့က ကဗျာရွတ်ကြတယ်စတဲ့ အရေးအသားမျိုးတွေ ကိုချည်းတွေ့ရတယ်။ သတင်းတစ် ပုဒ်အနေနဲ့'လိုတိုရှင်း'မဖြစ်သလို ဆရာဆိုတဲ့ အသုံးအနှုန်းကလည်း ဖောင်းပွနေသလို ထင်မိတယ်။
ခြေသည်းလှီးတဲ့ ဆရာကတော်
        ပြောရတာအားနာပါတယ်။ ကိုယ်ကစာဖတ်မနှံ့စပ်တော့ ဖော်ပြထားတဲ့ နာမည်တွေအားလုံးလောက် နီးပါးဟာကိုယ်မကြားဖူးတဲ့နာမည်တွေချည့် ဖြစ်နေတတ်တယ်။ ရှေ့လျောက်ကြိုးစားပြီး စာကိုနှံ့စပ် အောင်ဖတ်မှဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးရတယ်။ တစ်ဆက်တည်းပြောချင်တာလေးတစ်ခု ကြုံတုန်းပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများက ယဉ်ကျေးလွန်းတာလား၊ နိဝါတတရား ထားလွန်းတာလားတော့ မသိဘူး။ ဆရာအခေါ် သိပ်ကိုရက်ရောလွန်း တယ်လို့စိတ်ထဲစွဲထင်နေတဲ့ အကြောင်းပါ။ ကားဆရာ၊ ဆိုက်ကားဆရာ၊ ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆံပင်ညှပ် ဆရာစသဖြင့် လူတွေ့ တိုင်း ဆရာခေါ်တာ အကျင့်ကြီး တစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော် တို့ငယ်ငယ်က မန္တလေးမှာရပ်ကွက် ထဲလှည့်ပြီးခြေသည်းလက်သည်းလှီး၊ နဖာကလော်လုပ်တဲ့ ပုဏ္ဏေးမတွေ ရှိပါတယ်။သူတို့ကိုဘာကြောင့်မှန်း မသိ'ဆရာကတော်'လို့ခေါ်ကြတယ်။
သခင်ခေါ်ရာက ကူးစက်တာလား
        အသက်ကြီးလာတော့သူများတွေက ဆရာကတော်၊ ဆရာကတော် နဲ့ခေါ်တာကြားတိုင်း ခြေသည်းလှီးတဲ့ ဆရာကတော်တွေကို မျက်စိထဲမြင်ပြီး ကျိတ်ပြုံးမိတာချည့်ပါပဲ။ လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့် ဟာ ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုလား၊ သူ့ကျွန်ဘ၀မှာ မျက်နှာဖြူတွေကိုသခင်ခေါ်ရာက ကူးစက်သွားတာလား။ ဖက်ဆစ်တွေကို မာစတာခေါ်ရာက နှုတ်အကျင့်ဖြစ်သွားတာလား သေသေချာချာ လေ့ကျင့်ကြည့်ဖို့တော့ ကောင်းတယ်။ ဆရာ၊ ဆရာနဲ့ ပြောကြရေးကြတာတွေ တွေ့တိုင်းစိတ်ထဲမှာ ဘ၀င်မကျဖြစ်မိတယ်။ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးလို့လည်း စိတ်မှာထင်မိတယ်။
သွေးနထင်ရောက်ဖြစ်တတ်တယ်
        အချက်နှစ်ချက်ပေါ်မူတည်ပြီး ကောင်းတဲ့အကျင့်မဟုတ်ဘူးလို့ထင်တာပါ။ ပထမအချက်ကတော့ဆရာ၊  ဆရာနဲ့အခေါ်ခံရပါများတော့ အခေါ်ခံရသူဟာ အလိုလိုနေရင်း သွေးနထင်ရောက်ပြီး မြောက်ကြွမြောက်ကြွဖြစ် သွားတတ်ပါတယ်။ ရုံးတစ်ရုံးကို ကိစ္စရှိလို့သွားတဲ့အခါတွေ့တဲ့ ပြာတာကိုဖြစ်ဖြစ်၊ စာရေးလေးကိုဖြစ်ဖြစ်၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာနဲ့ ဆရာချင်းထပ်အောင်ခေါ်တဲ့ အခါကျတော့ပင်ကို ရိုးသားတဲ့လူတောင် ဆရာဆိုတဲ့အခေါ်နဲ့လိုက်အောင် အာ ဏာပါဝါပြချင်တဲ့ စိတ်တွေဝင်လာပြီး ဟိန်းတာဟောက်တာတွေ လုပ်တတ်သွားပါတယ်။  ဆေးရုံပေါက်စောင့်တဲ့ ဒရ၀မ်တောင် ခပ်တည်တည်နဲ့ ရင်ကော့ပြီး တံခါးဝမှာရပ်လိုက်ရင် အလိုလိုရှိန်ပြီး ရိုရိုကျိုးကျိုးနဲ့ တံခါးဖွင့်ပေးလေ့ရှိပါတယ်။ ကြောက်သ လိုလို၊ ရွံ့သလိုလိုနဲ့သူ့ကို ဆရာခေါ်ပြီး ၀င်ပါရစေလို့ သွားပြောရင်တော့ ''ဒါလူနာတွေ့ချိန်မဟုတ်ဘူး'' ဆိုပြီး မာန်မဲလွှတ်လိုက်မှာ သေချာတယ်။ ထပ်ပြီးမျက်နှာငယ်လေးနဲ့ တောင်းပန်ရင်လည်း ''ဆရာဝန်ကြီးရောင်း လှည့်နေတယ်။ ဘယ်သူမှမ၀င်ရ ဘူး''လို့ ဟောက်ဦးမှာပါပဲ။
လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံ ပကာသန အဆောင်အယောင်တွေကိုကြည့်ပြီး 'ခယ၀ပ်တွား' ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။
ကျွန်စိတ်
        လူတွေ့တိုင်း ဆရာခေါ်တဲ့ အကျင့်ဖြစ်နေသူနဲ့ပတ်သက်တာက ဒုတိယအချက်ပါ။ ဆေးရုံက ဒရ၀မ် ကိုတောင် ဆရာခေါ်တဲ့အကျင့်ဖြစ် နေသူဟာ ဘယ်သူ့တွေ့တွေ့ ဆရာခေါ်လိုက်မှာပဲ။ ကြာရင်လူတိုင်းဟာ ကြောက်ရမယ့်လူ၊ 'ခယ၀ယ' လုပ် ရမယ့်လူလို့ချည်း ထင်မှတ်ပြီးအလိုလိုနေရင်း 'သိမ်ငယ်စိတ်' (inferiorty complex)တွေ ၀င်လာတတ်ပါ တယ်။ သိမ်ငယ်စိတ်ဝင်လာတာနဲ့ တစ်ပြိုင်နက် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေပါ အလိုလို ကျဆင်းသွားလေ့ရှိပါတယ်။ ကျွန် စိတ်ဆိုတာ သိမ်ငယ်စိတ်က ပေါက်ဖွားလာတာဖြစ်ပါတယ်။
သခင်
        စိတ်နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့ သားစဉ်မြေးဆက် နှစ်ပေါင်းရာကျော်နေခဲ့ရလေတော့။ လူတွေမှာ အနည်းနဲ့အများဆိုသလို ကျွန်စိတ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် တို့ဗမာအစည်းအရုံးခေတ်မှာ၊ မြန်မာဆိုတာ ကျွန်လူမျိုး မဟုတ်ဘူး။ ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းနဲ့ အဆင့်မြင့်တဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့နေခဲ့ကြတဲ့ သခင်လူမျိုးဖြစ်တယ်ဆိုတာကို သတိပေးဖို့ အတွက်အဖွဲ့ ၀င်တိုင်းရဲ့နာမည်ရှေ့ မှာ 'သခင်'တပ် ပြီး၊ သခင်နု၊ သခင် အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင် သန်းထွန်းလို့ ခေါ်ခဲ့ကြတာဖြစ် တယ်။ ''မင်းတို့ဆရာကိုလေ စာရင်း တို့ကာသာ ထားလိုက်ပေတော့''လို့ ဆိုခဲ့တဲ့ဆရာကြီး ဦးလွန်းတောင် တပည့်တွေဆင်နွှဲတဲ့ တိုက်ပွဲတိုင်း ရှေ့က မားမားမတ်မတ်နဲ့ ပါမြဲဖြစ် တဲ့အတိုင်း ''သခင်ကိုယ်တော်မှိုင်း'' ဖြစ်သွားခဲ့ရပါတယ်။
ဇွတ်ရိုက်မသွင်းသင့်
        ယဉ်ကျေးတယ်ဆိုတာ အင်မတန်လိုလားအပ်တဲ့အရာဖြစ်တယ်။  လူအတော်များများက အောက်ကျို့တာနှိမ့်ချတာကို ယဉ်ကျေးမှုလို့ထင် မှတ်မှားနေကြပြီး၊ အောက်ကျို့နှိမ့်ချ စိတ်ထားဖို့ သွန်သင်ဆုံးမလေ့ရှိကြ တယ်။ ''လူ့အောက်ကျို့လို့မသေ ပါဘူး''ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့ တယ်။ အောက်ကျို့လွန်း နှိမ့်ချလွန်း တဲ့စိတ်ကနေပြီး'ကျွန်စိတ်'ပေါက်ဖွား လာရတာလို့ ယုံကြည်တဲ့အတွက် သဘောမကျပါဘူး။ ပလွှားဝင့်ဝါ မရှိတာ၊ မောက်မာစော်ကားမရှိတာ အင်မတန်ကောင်းတယ်။ ဒါမျိုးကို အားပေးရမှာ။ဒီစိတ်ဓာတ်မျိုးမွေးရမှာ။အောက်ကျို့တာနှိမ့်ချတာတော့ အားမပေးသင့်ဘူး။ ကလေးတွေ ခေါင်းထဲ ဇွတ်ရိုက်မသွင်းသင့်ဘူး။
ထိုက်တန်တဲ့လေးစားမှု
        လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။တစ်ဖက်သားရဲ့ အပေါ်ယံပကာသနအဆောင်အယောင် တွေကိုကြည့်ပြီး'ခယ၀ပ်တွား'ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ဆိုက်ကားသမားပဲ ဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတောင်းစားပဲ ဖြစ်ဖြစ်၊ လူသားအနေနဲ့ ကြည့်မြင်ပြီး၊လူသားအနေနဲ့ ထိုက်သင့်တဲ့ အလျောက် လေးစားမှုပေးဆက်ဆံတာဟာ ယဉ်ကျေးခြင်းဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့ မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာလိုတယ်။
ဆင်းရဲရင်မကန်တော့ချင်
        မှန်တာပြောရရင်လူအချင်းချင်းလူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတာမျိုး တွေ့ရခဲတယ်။ ပိုက်ဆံငွေကြေးလို၊ ရာထူးအာဏာလို၊ အပေါ်ယံပကာသနတွေကို ကြည့်ပြီးဆက်ဆံကြတာပဲ အတွေ့ရများတယ်။ သွေးမတော်သားမစပ်တဲ့ ငွေရှိသူ ဂုဏ်ဒြပ်နဲ့ရာထူး အာဏာရှိသူကို အခါကြီးရက်ကြီး ရောက်တိုင်း မမေ့မလျော့နှစ်စဉ် ယဉ်ကျေးမှုအရဆိုပြီး သွားကန့်တော့ တတ်ကြပေမယ့် ငွေမရှိ၊ ရာထူးအာဏာမရှိ ဆင်းရဲမွဲတေတဲ့ ဆွေမျိုးရင်းချာများကိုတော့ ကန် တော့ဖို့ မေ့လျော့နေတတ်ကြတာများတယ်။ယဉ်ကျေးမှုဆိုတာ လူအချင်းချင်းလူလိုမြင်ပြီး လူလိုလေးစား တန်ဖိုးထားတတ်ခြင်းကိုခေါ်တာ ဖြစ်ပါတယ်။ အဲဒီလိုယဉ်ကျေးမှုထွန်း ကားစေဖို့ကိုပဲ မျော်လင့်ရပါတယ်။

Written by လူထုစိန်ဝင်း