Friday, October 22, 2010

စစ်အုပ်စု အကြံမုန်တိုင်းလက်မခံ (ဆိုင်ကလုန်းမုန်တိုင်း ဂီရိ ပိုမိုအားကောင်းလာ၊ နာဂစ်မုန်တိုင်းနီးပါး အားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးအစီအစဉ်များ စတင်လုပ်ဆောင်သင့်)


 Giri
    ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန် တိုင်းဂီရိသည် လက်ရှိတွင် အနီရောင်အဆင့်ကို ရောက်ရှိလာပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း သတင်းရရှိပါသည်။
    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည်    အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ အချိန် တိုင်းထွာချက်များအရ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ယနေ့နံနက်မှ နောက် ၁၈ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဒေသကို ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

    ဆိုင်ကလုန်းဂီရိသည် Category ၁ အဖြစ် အားကောင်းသွားပြီး မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းကို ဦးတည်နေကာ တစ်နာရီ ၈၁ မိုင်နှုန်းအထိ အားကောင်းခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့အနီး ကမ်းရိုးတန်းကို ၀င်ရောက်တိုက်ခတ်ပြီး တစ်နာရီ ၉၁ မိုင် (၁၄၈ ကီလိုမီတာ)အထိအင်အားပြင်းလာနိုင်သည်ဟု အမေရိကန်နိုင်ငံ မုန်တိုင်းသတိပေးရေးစင်တာမှ ထုတ်ပြန်ထားပါသည်။

    လက်ရှိအနေအထားထက် ပိုမိုအားကောင်းလာပါက နာဂစ်မုန်တိုင်းနီးပါး အားကောင်း လာနိုင်ဖွယ်ရာရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယခုကတည်းက စတင်လုပ်ဆောင်သင့်ကြောင်းလည်း ခန့်မှန်းပြောကြားမှုများ အရသိရသည်။
   မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် ကုန်းမြေကို ၀င်ရောက်မတိုက်ခတ်မီ ၂၀၀၈ ခုနှစ် မေလ ၁ ရက်နေ့တွင် Category ၂ ရှိခဲ့ပြီး နောက်တစ်ရက်တွင် Category ၄ အဆင့်ဖြင့် ၀င်ရောက်ခဲ့ကြောင်း၊ ယခုမုန်တိုင်းမှာ ကုန်းမြေ မ၀င်ရောက်မီ Category ၁ ဖြစ်နေပြီး ပိုမိုအားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုပြင်ဆင်သင့်ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

တပ်တွင်းစစ်ရာထူး လျှို့ဝှက်ထား

မကြာသေးမီက စစ်တပ်အတွင်း ထိပ်ပိုင်းရာထူးရှိသူများကို အနားပေးခြင်း၊ ရာထူးအသစ် ခန့်အပ်ခဲ့ခြင်းများ ရှိခဲ့သော်လည်း အချို့စစ်ရာထူးများကို တပ်တွင်းလျှို့ဝှက်ထားဆဲ ဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောကြားသည်။

“မူလက ထိပ်ပိုင်း စစ်ကောင်စီ အစည်းအဝေးလုပ်တယ်။ အဲဒီမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် အသက် (၅၅) နှစ်အထက် ထိပ်ပိုင်းတာဝန် ယူထားတဲ့ စစ်ခေါင်းဆောင်တွေကို စစ်ဘက်ရာထူးကနေ အနားယူပါ၊ သူနဲ့ ဒုဗိုလ်ချုပ်ကြီး မောင်အေးကတော့ တပ်မတော်ကို ထိန်းဖို့ စစ်ဘက်ရာထူးတွေကို ဆက်ပြီး ယူထားမှာ ဖြစ်ပေမယ့် ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ်ရာထူးတွေကိုတော့ လွှဲပေးလိုက်မှာ ဖြစ်တယ်ဆိုပြီး ပြောဆိုညှိနှိုင်း အကောင်အထည် ဖော်ခဲ့ကြတယ်။ တရားဝင် ပြန်တမ်းတွေလည်း ထွက်ထားတယ်” ဟု အမည်မဖော်လိုသူ ယင်း စစ်အရာရှိက ပြောသည်။

၎င်းက “အဲဒီ ပြန်တမ်းတွေထဲမှာ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ကိုကို ကို ဒုကာကွယ်ရေး ဦးစီးချုပ် ဆိုပြီး အဲလို ပြန်တမ်း ထုတ်ထားတယ်။ ဒါပေမယ့် နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်က ပြန်လာတဲ့အခါ စိတ်ပြောင်းသွားပြီး ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဗိုလ်ချုပ်ကြီးကိုကို တို့ကို အရံအင်အား (စစ်ရာထူးဆက်ခံမယ့်သူ) အဖြစ် ပြန်တမ်း ပြန်ထုတ်ပြီး နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှာပဲ ရုံးထိုင် ထားခိုင်းလိုက်တယ်။ ဒါကြောင့် အဲဒီ နှစ်ယောက်ရဲ့ ရာထူးအမှန်ကို ထုတ်ပြန်ခြင်း မရှိတော့ဘဲ လျှို့ဝှက်ထားလိုက်တာ ဖြစ်တယ်” ဟု ရှင်းပြသည်။

အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဗိုလ်ချုပ်မောင်အေးတို့က စစ်ရာထူး တပ်ရာထူးများမှ အနားမယူဘဲ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် အခြား ဗိုလ်ချုပ်ကြီးများကို အနားပေးလိုက်ခြင်းကြောင့် အနားပေးခံရသည့် ကာယကံရှင်များကရော၊ မိသားစုဝင်များကပါ အတော်လေး မကျေမနပ် ဖြစ်နေကြကြောင်း၊ နောက်မျိုးဆက်များကို ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ် ရာထူးကိုပါ လွှဲပေးမည် ဆိုခြင်းကြောင့် မကြိုက်သော်လည်း လက်သင့်ခံခဲ့ကြခြင်း ဖြစ်ကြောင်း ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးတို့က ကာကွယ်ရေး ဦးစီးချုပ်ရာထူးများကို ပြန်လည် ရယူထားလိုက်သည့် အပေါ် မကျေမနပ် ဖြစ်နေကြောင်း အခြားသော တပ်မတော်အရာရှိ အချို့ထံမှလည်း စုံစမ်း သိရှိရသည်။

ရွေးကောက်ပွဲအပြီး မကြာမီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်လုပ်မည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ၏ ကိုယ်ရေးအရာရှိ အဖွဲ့ဝင်တဦးကမူ ယခုနောက်ဆုံး အစီအစဉ်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော် သမ္မတ ရာထူးကို လက်ခံပြီးမှသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကိုရော ဗိုလ်ချုပ်မှူးကြီး ရာထူးမှပါ အငြိမ်းစားယူမည် ဖြစ်ကြောင်း၊ အကြောင်းမှာ ဖွဲ့စည်းပုံအရ လာမည့် လွှတ်တော်နှင့် အစိုးရဖွဲ့စည်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခန်းကဏ္ဍ အလွန်အရေးပါသည့်အတွက် ယခုအချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို စွန့်လွှတ်ထားရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းပြောဆိုသည်။

ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လာမည့် လွှတ်တော် အသီးသီးတွင် (၂၅) ရာခိုင်နှုန်း အရေအတွက်ရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းတင်သွင်းခြင်းအပြင် ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး နေရာများအတွက် တပ်မတော်သား ဝန်ကြီးများကိုလည်း အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။

အဆိုပါ တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော်တွင် ကာကွယ်ရေးဦးစီးချုပ်ကို ဒု-သမ္မတ လောင်းတဦးအဖြစ် အမည်စာရင်း တင်သွင်းနိုင်ပြီး သမ္မတ ဖြစ်လာသည့်အခါ တပ်တွင်းမှ မိမိစိတ်ချရသည့်သူကို ကာကွယ်ရေးဦးစီးချုပ် အဖြစ် ခန့်ထားနိုင်မည် ဖြစ်သည်။

ခေတ်ပြိုင်မှ လက်လှမ်းမီသမျှ တပ်မတော် အရာရှိများထံ စုံစမ်းကြည့်ရာတွင် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဗိုလ်ချုပ်ကြီး ကိုကိုတို့ မည်သည့်တာဝန်များ ထမ်းဆောင်နေသည်ကို မည်သူမှ မသိရှိကြောင်း တုန့်ပြန် ဖြေကြားကြသည်။

 ခေတ်ပြိုင်

အိန္ဒိယ နိုဘယ်လ် စီးပွားရေးဆုရှင် မြန်မာရွေးကောက်ပွဲကို ဝေဖန်

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ အကြိုကာလ ပြင်ဆင် လုပ်ဆောင်မှုတွေဟာ ရွေးကောက်ပွဲအပြီး အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရှင် အမာတီယာ စန် (Amartya Sen) က ပြောသွားခဲ့ပါတယ်။ မိမိတိုင်းပြည် အကျိုးစီးပွားကိုပဲ ဇောင်းပေးလွန်းတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းအစိုးရတို့ရဲ့ မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း သူက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ရွေးကောက်ပွဲ ကျင်းပတော့မှာမို့ အများက အာရုံစိုက်နေတဲ့ အချိန်မှာ မနေ့ကပဲ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ ဂျွန်စ် ဟော့ပ်ကင်းစ် (Johns Hopkins) တက္ကသိုလ်မှာ မည်သူမဆို တက်ရောက်နိုင်တဲ့ မြန်မာ့အရေး ဟောပြောပွဲတခု ပြုလုပ်ရာမှာ စီးပွားရေး နိုဘယ်လ်ဆုရှင် ဒေါက်တာ အမာတီယာ စန်က မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲအကြို ပြင်ဆင်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝေဖန်သွားခဲ့ပါတယ်။

“ရွေးကောက်ပွဲပြီးရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ချက်တွေနဲ့ မကြာသေးခင် ကာလတွေအတွင်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲအကြို ပြင်ဆင် လုပ်ဆောင်မှုတွေနဲ့ ဆန့်ကျင်နေပါတယ်။ ဥပမာ စစ်အစိုးရက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်တာကို ကြည့်ပါဗျာ။”

တဆက်တည်းမှာပဲ ဒေါက်တာ အမာတီယာ စန်က စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ဟာ သူတို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဆောင်ကြဉ်းပေးလိုတာထက် သူတို့ရဲ့ အုပ်ချုပ်မှုအပေါ် နိုင်ငံတကာက ယုံကြည် လက်ခံလာအောင်လို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း သူက ကောက်ချက်ချသွားပါတယ်။

“ဘာ့ကြောင့်များ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပချင်ရတာလဲ။ ပြည်သူလူထု ကြည်ဖြူလာအောင် လုပ်တာတော့ မဖြစ်နိုင်ပါဘူး။ ပြည်သူက သူတို့ကို ဘယ်လိုသဘောထားတယ် ဆိုတာ ဘယ်တုန်းကမှ ဂရုစိုက်ခဲ့တာမှ မဟုတ်တာ။ သူတို့ လုပ်ခဲ့သမျှရဲ့ အကျိုးဆက်ကို ရှောင်ရှားဖို့ကလည်း မလွယ်ပါဘူး။ အဓိက အချက်ကတော့ ကမ္ဘာက သူတို့ကို မြင်တဲ့အမြင်ကို ပြောင်းလဲပစ်ဖို့ပါပဲ။

“မြန်မာစစ်အစိုးရက ၀ါဒဖြန့်ချိမှုတွေအပေါ် အချေအတင် ဖြစ်ရတာတွေနဲ့ပဲ ဒီအတုအယောင် ရွေးကောက်ပွဲကို ထောက်ခံသူတွေ အနေနဲ့ အကြီးအကျယ် စိတ်ရှုပ်စရာ ဖြစ်ကြရပါတယ်။ စစ်အစိုးရက အနိုင်ရဖို့ ကြိုတင် စီစဉ်ထားပြီးသား ရွေးကောက်ပွဲဟာ ဒီနေ့ မြန်မာနိုင်ငံက အခက်အခဲတွေကို ပိုပြီးတော့ ရှုပ်ထွေးစေမှာ ဖြစ်ပါတယ်။”
နိုင်ငံတကာ အနေနဲ့ အခုလို အချိန်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိ အခြေအနေတွေကို လူထုကြားမှာ ထဲထဲဝင်ဝင်၊ လေးလေးနက်နက် ဆွေးနွေးကြဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာ အမာတီယာ စန်က ပြောပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ရဲ့ စစ်အစိုးရနဲ့ ဆက်ဆံတဲ့ မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း သူက ပြင်းပြင်းထန်ထန် ရှုတ်ချ ဝေဖန်သွားခဲ့ပါတယ်။ စီးပွားရေး၊ လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အဲဒီနိုင်ငံတွေ အနေနဲ့ စစ်အစိုးရကို ပြေပြေလည်လည် ဆက်ဆံနေရတဲ့ အကြောင်းအရာတွေ ရှိတာ မှန်ပေမဲ့ မိမိတိုင်းပြည် အကျိုးစီးပွားအတွက် ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရည်ရွယ်ချက် တခုတည်းနဲ့ မြန်မာစစ်အစိုးရကို လိုလိုလားလား ဆက်ဆံတဲ့ အပေါ်မှာ သူက ပြစ်တင် ဝေဖန်သွားခဲ့တာပါ။

“မြန်မာ့အိမ်နီးချင်း နိုင်ငံတွေရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ချိုးဖောက်တဲ့ မူဝါဒကတော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။ အိန္ဒိယနိုင်ငံသားအဖြစ် ဂုဏ်ယူရတဲ့ ကျနော့်အနေနဲ့ ကျနော်လေးစားရတဲ့ ၀န်ကြီးချုပ် မြန်မာနိုင်ငံက လူသတ်သမားကို လက်ခံကြိုဆိုတာကို မြင်ရတာ အင်မတန်ကို ၀မ်းနည်း ကြေကွဲရပါတယ်။”

တဆက်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်မရောက် ကုလသမဂ္ဂက ကမကထပြုပြီးတော့ အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးအတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) အဆိုပြုထားတာကိုလည်း ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့လည်း ဒေါက်တာ အမာတီယာ စန်က ပြောသွားခဲ့ပါတယ်။

ဒေါက်တာ အမာတီယာ စန်ဟာ အသက် ၃ နှစ်ကနေ ၆ နှစ်အထိ သူ့ဖခင် မန္တလေးက စိုက်ပျိုးရေး တက္ကသိုလ်မှာ စာသင်နေတဲ့ အချိန်အတွင်း မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။


ရင်းမြစ်။ ။VOA

တစညနဲ့ ပေါင်းကြမှာလား

အရင် နှစ် ၂၀ က နောက်ဆုံးကျင်းပသော ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် လူထုစိတ်ဝင်စားမှု အင်မတန် လျော့နည်းမည် ဖြစ်သော်လည်း နိုဝင်ဘာ ၇ ရက် နီးလာသည်နှင့်အမျှ ၀င်ပြိုင်မည့် ပါတီများ၏ လှုပ်ရှားယှဉ်ပြိုင်နိုင်စွမ်းက ပိုပြီး သိသာလာသည်။

သြဇာကြီးလှသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ချိန်တွင် အာဏာသိမ်းစစ်အုပ်စု၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်နေရာ အများဆုံး ၀င်ပြိုင်နိုင်သည့် ပါတီဖြစ်လာသည်။

သို့သော် ကြံ့ဖွံ့အနေဖြင့် အများဆုံး အနိုင်ရမည့်ပါတီဟု ယူဆ၍မရသေးသည့် အလားအလာ မကောင်းသည့် အချက်များလည်း ရှိနေပါသည်။  အာဏာကို မတရားရယူထားခြင်းနှင့် အတိုက်အခံများအပေါ် ရက်စက်စွာ ဖိနှိပ်ထားခြင်း၊ တိုင်းပြည်ဖွံ့ဖြိုးအောင် မလုပ်နိုင်ခြင်းတို့ကြောင့် လူထုအမြင်တွင် ကြံ့ဖွံ့ပုံရိပ်က မကောင်းလှပေ။

ကြံ့ဖွံ့တွင် စည်းရုံးရေးမှူးကောင်း ရှားသည်။ ခေါင်းဆောင်များမှာ လူထုနှင့် ထိတွေ့မှုက ပေါ်လာသူများ မဟုတ်ကြ။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ထောက်ခံသူများကို အကွက်ချ တိုက်ခိုက်ခဲ့သည့် ဒီပဲယင်းအရေးအခင်းနှင့် ၂၀၀၇ သံဃာ့အရေးအခင်း စစ်တပ်က ဖြိုခွဲရာတွင် လူမိုက်အဖြစ် အသုံးချခံထားရသည့်အတွက် နာမည်ဆိုးအမည်းရိပ်ကို မဖျက်နိုင်သေးချိန်လည်း ဖြစ်သည်။ သို့အတွက် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများ လူထုအကြား စည်းရုံးရေးဆင်းရာမှာ ရဲရဲဝံ့ဝံ့ မရှိဘဲ ကိုယ့်အ၀န်းအ၀ိုင်းတွင်သာ ကျင်လည်နေကြရသည်။

ကြံ့ဖွံ့၏ စည်းရုံးရေးမှာ နိုင်ငံယန္တရားကို အသုံးချ၊ ၀န်ကြီးဌာန လုပ်ငန်းများကို တံဆိပ်ကပ်ပြီး ဖွံဖြိုးရေးလုပ်ငန်း ဗန်းပြလုပ်နေကြသည်။

စစ်အုပ်စုက ပြိုင်ဘက်များကို အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေများနှင့် ကန့်သတ်ချုပ်ကိုင်ပေးထားချိန်၊ သန္ဓေသားပါတီ ပြိုင်ဘက်ကင်းကင်းနှင့် နိုင်မည် အပိုင်တွက်ထားချိန်တွင် အငယ်တန်းခေါင်းဆောင်များကား စစ်အုပ်စုက ပါတီအနိုင်ရရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးလိမ့်မည်ဟု စိတ်ကူးအိပ်မက် တသီကြီး မက်နေကြသည်။

ထိုအချိန်တွင် စစ်အုပ်စုအတွက် အနီးကပ်ဆုံး စိန်ခေါ်လာနေသူက ”စစ်အုပ်စု၏ မဟာဗျူဟာမြောက် မိတ်ဆွေ” ဖြစ်နိုင်သော  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဖြစ်သည်။ ကြံ့ဖွံ့က လွှတ်တော်စုံမှာ အမတ်လောင်း ၁,၁၃၄ ဦး ၀င်ပြိုင်နေချိန်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတဖြစ်လဲ တစညက ၉၈၀ ဦး ၀င်ပြိုင်ပြီး ဒုတိယလိုက်နေသည်။ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွ၍ ပျက်ပြားသွားရသော်လည်း ၂၆ နှစ် အုပ်စိုးခဲ့သည့် နိုင်ငံရေးကျားဆိုသည်ကို သက်သေပြနေသေးသည်။ ထို့အပြင် ပါတီနှစ်ခု၏ စည်းရုံးဟောပြောမှုများကို ယှဉ်ထိုးကြည့်လျှင် ကြံ့ဖွံ့က  တစည၏ မူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်နားလည်မှုကို မယှဉ်နိုင်ကြောင်း ထင်ရှားလှသည်။

ပြည်သူအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်း ဆိုးရွားလွန်းလှသော စစ်အုပ်စု၏ အမွေခံ ကြံ့ဖွံ့က လူ့အခွင့်အရေးဆိုသော စကားလုံးကို မသုံးရဲချိန်တွင်  တစညက ”အခြေခံလူ့အခွင့်အရေးဆိုရာမှာ နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ လူမှုရေးတရားမျှတမှုများ အကျုံးဝင်ပါရှိမှာပါ။ ဒါ့အပြင် အခြေခံဥပဒေနဲ့အညီ လွတ်လပ်စွာ ဖွင့်ဟပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးနိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ခွင့်၊ နိုင်ငံအတွင်း လွတ်လပ်စွာ မှီတင်းနေထိုင်နိုင်ခွင့်နဲ့ လွတ်လပ်စွာ ဝမ်းစာရှာမှီးနိုင်ခွင့် စသည်တို့လည်း ပါရှိစေရပါမယ်။ အခွင့်အလမ်းလည်း ညီမျှစေရပါမယ်၊ တရားဥပဒေအရာမှာလည်း ညီမျှစေရပါမယ်” ဟု အာမခံထားသည်။

တစည ပေါ်လစီများမှာ ၂၆ နှစ်ကြာ မဆလမူဝါဒများနှင့် ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီးဆိုသည့် အငွေ့များ မကုန်နိုင်သေးဘဲ လူမှုတန်းတူအခွင့်အရေး၊ ဖွံ့ဖြိုးမှုဆိုသည့် အသံများလွှမ်းနေသဖြင့်  ဗိုလ်ချုပ်ကြီး နေဝင်းခေတ်က သမိုင်းအမှားများကို သင်ခန်းစာ ပြန်ယူနိုင်၊ မယူနိုင်ကိုဘဲ စောင့်ကြည့်ကြရမည်။

”နိုင်မှဖြစ်မယ်၊ နိုင်ရမယ်” ဟု ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ကိုယ်စားလှယ်လောင်းများကို နေပြည်တော်တွင် ရက်တိုသင်တန်းပေးစဉ် အလေးအနက် ပြောသွားခြင်းကို ထောက်၍ အကြိတ်အနယ် ယှဉ်ပြိုင်မှုများ မြင်တွေ့ရတော့မည်ဖြစ်သည်။ သို့သော်လည်း လွှတ်တော်တွင်း မဲအများစုရရေးတွင် ဒီမိုကရက်ပါတီ ဆိုသူများအစား တစညနှင့် ကြံ့ဖွံ့တို့ အပြိုင်ကြိုးစားကြမှာ ဖြစ်သောကြောင့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အတိုက်အခံ ဒီမိုကရက်များအနေဖြင့် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အမွေခံ တစညနှင့် မဟာမိတ် ဖွဲ့နိုင်မလားဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေတော့သည်။

မဇ္ဈိမသတင်းဌာန

ဒေါ်စုအမှု ၂၉ ရက်နေ့ ဟိုက်ကုတ်မှာ လျှောက်လဲမည်

ချင်းမိုင်(မဇ္စျိမ) ။       ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ ဒေါ်ခင်ခင်ဝင်း သားအမိတို့ အထူးအယူခံ လျှောက်ထားချက်ကို လာမည့် ၂၉ ရက်တွင် နေပြည်တော်ရှိ ဗဟိုတရားရုံးချုပ်၌ နှစ်ဖက်ရှေ့နေများ ကြားနာမည်ဖြစ်သည်။

ယခုလ ၁၈ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ပြင်ဆင်ခွင့် အယူခံအား ရန်ကုန် ဗဟိုတရားရုံးချုပ်တွင် တရားသူကြီး ၃ ဦးထိုင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ကြားနာခဲ့ရာမှ မနေ့က လက်ခံခဲ့သည်။

assk
ဒေါ်အောင်ဆန်းစုကြည်တို့ အထူးအယူခံ လျှောက်ထားချက်ကို လာမည့် ၂၉ ရက်တွင် တရားရုံးချုပ် နှစ်ဘက်ရှေ့နေများ ကြားနာ
“မနေ့က နှစ်ဘက်လျှောက်လဲချက်ပေးဖို့ လက်ခံလိုက်တယ်။ ဒီလ ၂၉ ရက်မှာ  လျှောက်လဲမယ်။ အပြင် notice မှာ ရေးထားတယ်။  အရင်လျှောက်လဲချက်အပေါ် ထပ်ဖြည့်ပြီး ဒီရက်ပိုင်းမှာ လျှောက်လဲချက်တွေကို ပြင်ဆင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဒေါ်ခင်ဌေးကြွယ်က မဇ္ဈိမကို ပြောသည်။

“နေပြည်တော်မှာ လျှောက်လဲချက်ပေးပြီးရင် နောက်ဆုံး အမိန့်ချမှာကတော့ တချို့လဲ တပတ်အတွင်းချတယ်။ တချို့လဲ ၂ ပတ်အတွင်းချတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

နေပြည်တော် ဗဟိုတရားရုံးချုပ် တရားသူကြီး ၅ ဦးထိုင်ဖြင့် ကြားနာမည်ဟု ရှေ့နေ ဦးကြည်ဝင်းကလည်း ပြောသည်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နိုဝင်ဘာ ၇ ရက် ပြုလုပ်မည့် ရွေးကောက်ပွဲပြီးနောက် ၁၃ ရက်တွင် လွှတ်မြောက်ရမည်ဖြစ်သည်။ သို့သော် စစ်အစိုးရက မည်သို့မှ မပြောဆို၍ ရှေ့နေများက အယူခံ ဆက်တင်သွင်းခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၃ တွင် ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်မှု အခြေအနေများကြောင့်   ၁၉၇၄ အခြေခံ ဥပဒေ ရပ်ဆိုင်းသွားပြီဟု ကြေညာ ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော  ကန့်သတ်ချက်များ ပျက်ပြယ်သွားပြီဟု ရှေ့နေများက ပြင်ဆင်ချက် တင်သွင်းခဲ့သည်။

အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော သူ့အိမ်တွင်းကို မခေါ်ဘဲ ဝင်ခဲ့သဖြင့် သူ့ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ် လ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့ကိုလည်း နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူကို ကူညီမှု ပုဒ်မ ၂၂/၁ဝ၉ ဖြင့် ပြစ်ဒဏ်တူ ချမှတ်ခဲ့သည်။ သို့သော် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လသို့ လျှော့ချပေးခဲ့သည်။

ထိုပြစ်ဒဏ် အယူခံကို မနှစ် စက်တင်ဘာ ၄ ရက်က အင်းစိန်ခရိုင် တရားရုံးသို့ တင်သွင်းရာ အောက်တိုဘာ ၂ ရက်တွင် ပလပ်ခဲ့သည်။ ထို့နောက် အမှုပြင်ဆင်ချက်အား တရားရုံးချုပ်သို့ မနှစ် နိုဝင်ဘာက တင်သွင်းခဲ့ရာ ၃ လကျော်ကြာ ၂ဝ၁ဝ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပယ်ချခဲ့သည်။

ပြီးခဲ့သည့် ၂၁ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ ၁၅ နှစ်ခန့် ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်နှင့် မျိုးဆက်သစ် လူငယ်များနှင့် ထိတွေ့နိုင်ရန် Twetter အင်တာနက် ကွန်ရက်ကို အသုံးပြုရန် ဆန္ဒရှိကြောင်း သူ့ ရှေ့နေ ဦးဉာဏ်ဝင်းမှတဆင့် ပြောဆိုခဲ့သည်။

သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသပိတ်မှောက်ရေးနှင့် မဲမထည့်၍လည်း ရနိုင်ကြောင်း လှုပ်ရှားမှုများကို ပြည်နယ်နှင့် တိုင်းများတွင် သွားရောက် ဟောပြောလျက် ရှိသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် NLD တရားဝင် ရပ်တည်မှုကို ပျက်ပြယ်စေမည့် အချက်ပါရှိသဖြင့် ဆက်လက် ရပ်တည်ခွင့်ရှိရေး ကြားနာမှု လျှောက်လဲချက်ကိုလည်း ယခုလ ၆ ရက်က ဗဟိုတရားရုံးချုပ်က လက်ခံခဲ့ပြီး ဖြစ်သည်။