Friday, October 22, 2010

အိန္ဒိယ နိုဘယ်လ် စီးပွားရေးဆုရှင် မြန်မာရွေးကောက်ပွဲကို ဝေဖန်

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ အကြိုကာလ ပြင်ဆင် လုပ်ဆောင်မှုတွေဟာ ရွေးကောက်ပွဲအပြီး အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရှင် အမာတီယာ စန် (Amartya Sen) က ပြောသွားခဲ့ပါတယ်။ မိမိတိုင်းပြည် အကျိုးစီးပွားကိုပဲ ဇောင်းပေးလွန်းတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းအစိုးရတို့ရဲ့ မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း သူက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ရွေးကောက်ပွဲ ကျင်းပတော့မှာမို့ အများက အာရုံစိုက်နေတဲ့ အချိန်မှာ မနေ့ကပဲ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ ဂျွန်စ် ဟော့ပ်ကင်းစ် (Johns Hopkins) တက္ကသိုလ်မှာ မည်သူမဆို တက်ရောက်နိုင်တဲ့ မြန်မာ့အရေး ဟောပြောပွဲတခု ပြုလုပ်ရာမှာ စီးပွားရေး နိုဘယ်လ်ဆုရှင် ဒေါက်တာ အမာတီယာ စန်က မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲအကြို ပြင်ဆင်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝေဖန်သွားခဲ့ပါတယ်။

“ရွေးကောက်ပွဲပြီးရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ချက်တွေနဲ့ မကြာသေးခင် ကာလတွေအတွင်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲအကြို ပြင်ဆင် လုပ်ဆောင်မှုတွေနဲ့ ဆန့်ကျင်နေပါတယ်။ ဥပမာ စစ်အစိုးရက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်တာကို ကြည့်ပါဗျာ။”

တဆက်တည်းမှာပဲ ဒေါက်တာ အမာတီယာ စန်က စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ဟာ သူတို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဆောင်ကြဉ်းပေးလိုတာထက် သူတို့ရဲ့ အုပ်ချုပ်မှုအပေါ် နိုင်ငံတကာက ယုံကြည် လက်ခံလာအောင်လို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း သူက ကောက်ချက်ချသွားပါတယ်။

“ဘာ့ကြောင့်များ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပချင်ရတာလဲ။ ပြည်သူလူထု ကြည်ဖြူလာအောင် လုပ်တာတော့ မဖြစ်နိုင်ပါဘူး။ ပြည်သူက သူတို့ကို ဘယ်လိုသဘောထားတယ် ဆိုတာ ဘယ်တုန်းကမှ ဂရုစိုက်ခဲ့တာမှ မဟုတ်တာ။ သူတို့ လုပ်ခဲ့သမျှရဲ့ အကျိုးဆက်ကို ရှောင်ရှားဖို့ကလည်း မလွယ်ပါဘူး။ အဓိက အချက်ကတော့ ကမ္ဘာက သူတို့ကို မြင်တဲ့အမြင်ကို ပြောင်းလဲပစ်ဖို့ပါပဲ။

“မြန်မာစစ်အစိုးရက ၀ါဒဖြန့်ချိမှုတွေအပေါ် အချေအတင် ဖြစ်ရတာတွေနဲ့ပဲ ဒီအတုအယောင် ရွေးကောက်ပွဲကို ထောက်ခံသူတွေ အနေနဲ့ အကြီးအကျယ် စိတ်ရှုပ်စရာ ဖြစ်ကြရပါတယ်။ စစ်အစိုးရက အနိုင်ရဖို့ ကြိုတင် စီစဉ်ထားပြီးသား ရွေးကောက်ပွဲဟာ ဒီနေ့ မြန်မာနိုင်ငံက အခက်အခဲတွေကို ပိုပြီးတော့ ရှုပ်ထွေးစေမှာ ဖြစ်ပါတယ်။”
နိုင်ငံတကာ အနေနဲ့ အခုလို အချိန်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိ အခြေအနေတွေကို လူထုကြားမှာ ထဲထဲဝင်ဝင်၊ လေးလေးနက်နက် ဆွေးနွေးကြဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာ အမာတီယာ စန်က ပြောပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ရဲ့ စစ်အစိုးရနဲ့ ဆက်ဆံတဲ့ မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း သူက ပြင်းပြင်းထန်ထန် ရှုတ်ချ ဝေဖန်သွားခဲ့ပါတယ်။ စီးပွားရေး၊ လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အဲဒီနိုင်ငံတွေ အနေနဲ့ စစ်အစိုးရကို ပြေပြေလည်လည် ဆက်ဆံနေရတဲ့ အကြောင်းအရာတွေ ရှိတာ မှန်ပေမဲ့ မိမိတိုင်းပြည် အကျိုးစီးပွားအတွက် ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရည်ရွယ်ချက် တခုတည်းနဲ့ မြန်မာစစ်အစိုးရကို လိုလိုလားလား ဆက်ဆံတဲ့ အပေါ်မှာ သူက ပြစ်တင် ဝေဖန်သွားခဲ့တာပါ။

“မြန်မာ့အိမ်နီးချင်း နိုင်ငံတွေရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ချိုးဖောက်တဲ့ မူဝါဒကတော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။ အိန္ဒိယနိုင်ငံသားအဖြစ် ဂုဏ်ယူရတဲ့ ကျနော့်အနေနဲ့ ကျနော်လေးစားရတဲ့ ၀န်ကြီးချုပ် မြန်မာနိုင်ငံက လူသတ်သမားကို လက်ခံကြိုဆိုတာကို မြင်ရတာ အင်မတန်ကို ၀မ်းနည်း ကြေကွဲရပါတယ်။”

တဆက်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်မရောက် ကုလသမဂ္ဂက ကမကထပြုပြီးတော့ အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးအတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) အဆိုပြုထားတာကိုလည်း ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့လည်း ဒေါက်တာ အမာတီယာ စန်က ပြောသွားခဲ့ပါတယ်။

ဒေါက်တာ အမာတီယာ စန်ဟာ အသက် ၃ နှစ်ကနေ ၆ နှစ်အထိ သူ့ဖခင် မန္တလေးက စိုက်ပျိုးရေး တက္ကသိုလ်မှာ စာသင်နေတဲ့ အချိန်အတွင်း မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။


ရင်းမြစ်။ ။VOA

0 comments:

Post a Comment