Tuesday, April 20, 2010

ဘေလာ့ဂ္ဂါ နေဘုန်းလတ် PEN ကလောင်အဖွဲ့ရဲ့ လွတ်လပ်စွာ ရေးသားခွင့်ဆု ချီးမြှင့်ခံရ

ဘားအံထောင်မှာ အကျဉ်းချခံနေရတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့ အခြေစိုက် PEN American သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေး ကလောင်ရှင်များ အဖွဲ့ကြီးက ၂၀၁၀ ခုနှစ်အတွက် Barbara Goldsmith လွတ်လပ်စွာ ရေးသားခွင့်ဆုကို ချီးမြှင့်လိုက်ပါတယ်။ သူ့ရဲ့ ရေးသားမှုတွေကို စစ်အစိုးရက မနှစ်သက်လို့ အကျဉ်းချထားပေမဲ့ ကမ္ဘာက နှစ်သက်တယ် ဆိုတာကို ဒီဆုချီးမြှင့်ခံရတာက သက်သေပြနေတယ်လို့ ကိုနေဘုန်းလတ်ရဲ့ မိသားစုဝင်တွေကလည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ စာပေရေးသားသူတွေရဲ့ အတွေးအခေါ်၊ အရေးအသားတွေကို လွတ်လပ်စွာ ခံစားနိုင်ခွင့်၊ လွတ်လပ်စွာ တင်ပြနိုင်ခွင့် ရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံပေါင်း ၁၀၁ နိုင်ငံ ပါဝင်တဲ့ PEN American အဖွဲ့ကြီးက ၂၀၁၀ အတွက် လွတ်လပ်စွာ ရေးသားခွင့်ဆုကို မြန်မာနိုင်ငံသား ကိုနေဘုန်းလတ်ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် စာပေသမားတွေအတွက် ဆောင်ရွက်နေတဲ့ ဒီ နိုင်ငံတကာ အဖွဲ့ကြီးက မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသားမိလို့ အကျဉ်းကျခံခဲ့ရတဲ့ ကိုနေဘုန်းလတ်ကို ရွေးချယ်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်လပ်စွာ ရေးသားခွင့်ဆိုင်ရာ Freedom of Write International Program အဖွဲ့ ညွှန်ကြားရေးမှူး လယ်ရီ ဆီယမ်က ပြောပါတယ်။

“သူဟာ တကယ်အရေးပါတဲ့ လူငယ် ဖန်တီးရှင် တယောက်မို့ ကျနော်တို့က ဆုပေးဖို့ ရွေးချယ်လိုက်တာပါ။ သူဟာ ကွန်ပျူတာ အင်တာနက်သုံး ရေးသားကြတဲ့ မြန်မာလူငယ်တွေကို ကိုယ်စားပြုနိုင်တဲ့ ကလောင်ရှင်တယောက် ဖြစ်တဲ့အပြင် သူကိုယ်တိုင် ရေးသားတင်ပြချက်တွေကလည်း လူထုအသံတခု ဖြစ်နေပါတယ်။ ဥပမာ မြန်မာနိုင်ငံထဲက ၂၀၀၇ ခုနှစ် လူထုအုံကြွမှုလိုမျိုး နိုင်ငံတကာက လက်လှမ်းမမီတဲ့ သတင်းတွေကို ရေးသားတာမျိုးပါ။”

ကိုနေဘုန်းလတ်ကို အခုလို PEN American အဖွဲ့ကြီးက ရွေးချယ်ခဲ့တာကို သင်္ကြန်အကျနေ့မှာ သိခဲ့ရတယ်လို့ ညီဖြစ်သူ ကိုသူရကျော်က ပြောပါတယ်။

“ဟုတ်ကဲ့၊ သင်္ကြန်အကျနေ့မှာ သူတို့ ကြေညာလိုက်တယ်ဆိုတာ သိတယ်။ သိတော့ ကျနော့်အကို အတွက်တော့ ဂုဏ်ယူပါတယ်။ သူက လူငယ်တယောက် အနေနဲ့ စာတွေရေးတယ်၊ သူ့စိတ်ထဲ ရှိတဲ့အတိုင်း၊ အမှန်အတိုင်း ရေးတာတွေ ရှိတယ်။ သူ စာပေရေးတာလည်း ၀ါသနာပါတယ်။ စာပေနဲ့ပတ်သက်ပြီး ဒီလို သူ့ကို မှတ်တမ်းတင် ဂုဏ်ပြုတယ်ဆိုတော့ ကျနော်တို့ ဂုဏ်ယူပါတယ်၊ ၀မ်းလည်း ၀မ်းသာတယ်၊ သူ့အတွက်။”

ထောင်အပြောင်းအရွှေ့ သတင်းရော ဘာကြားသေးလဲ။

“မကြားပါဘူး။ အမိန့်ချပြီးကတည်းက အင်းစိန်ထောင်ကနေ ဘားအံကိုပဲ ပို့လိုက်တာပါ။ အခုထိတော့ ထောင်အပြောင်းအရွှေ့ မရှိသေးပါဘူး။ လောလောဆယ်တော့ ဘားအံထောင်မှာပါ။”

သူ့ကျန်းမာရေးရော ကောင်းရဲ့လား။

“ကျန်းမာရေးတော့ ကောင်းပါတယ်။ သူက အပြင်မှာကတည်းက မျက်လုံးတွေ ဘာတွေ နည်းနည်း အားနည်းတဲ့သူဆိုတော့ တခါတလေ မျက်လုံးကိုက်တာတော့ ရှိတာပေါ့။ ကျန်တဲ့ ကျန်းမာရေးက လောလောဆယ်တော့ ကောင်းပါတယ်။ အခုလိုမျိုး သူ့ရဲ့ လုပ်ရပ်တွေအတွက် ဆုချီးမြှင့်တဲ့ ပုံစံမျိုးတွေ ကြားရတဲ့အတွက် ညီတယောက် အနေနဲ့တော့ ဂုဏ်ယူပါတယ်။

“သူ့ကို မြန်မာပြည်က လူတစုက သူ့လုပ်ရပ်တွေကို သဘောမကျလို့ ဒီလိုမျိုး အကျဉ်းချတဲ့ ပုံစံမျိုး ရှိတယ်ပေါ့။ ဒါပေမဲ့ နိုင်ငံတကာမှာ ရှိနေတဲ့ လူတွေက သူ့ရဲ့လုပ်ရပ်တွေကို လက်ခံတယ်၊ သဘောကျတယ်ဆိုတဲ့ ပုံစံမျိုး သိရတယ်လေ၊ ဒီလို ဆုပေးတဲ့အတွက်ကြောင့်။ အဲဒီအတွက်ကြောင့်လည်း ၀မ်းသာပါတယ်၊ ဂုဏ်ယူတယ်ပေါ့။”

ကိုသူရကျော် ပြောပြသွားတာ ဖြစ်ပါတယ်။ ကိုနေဘုန်းလတ်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းကလည်း သားဖြစ်သူအတွက် ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ဟာ ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် လူထု အုံကြွမှုမှာ တွေ့ကြုံခံစားရတဲ့ ဖြစ်ရပ်မှန်တွေကို သူ့ရဲ့ ဘလော့ဂ်ကတဆင့် ကမ္ဘာကသိအောင် ရေးသားခဲ့သူတဦး ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ မြန်မာစစ်အစိုးရက နိုင်ငံတော် အရေးပေါ် အက်ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ အကျဉ်းချထားရာက နှစ်ကုန်လောက်မှာ ၂၆ နှစ် ပြစ်ဒဏ် စီရင်ပြီး ဝေးလံလှတဲ့ ဘားအံထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ရန်ကုန်တရားရုံးက ပြစ်ဒဏ်ကို ၁၂ နှစ်အထိ လျှော့ချခဲ့ပါတယ်။

PEN American အဖွဲ့ကတော့ သူလွတ်မြောက်စေဖို့အတွက် တောင်းဆိုမယ်လို့ မစ္စတာ ဆီယမ်က ပြောပါတယ်။

“ကိုနေဘုန်းလတ် လွတ်မြောက်စေဖို့အတွက် ကျနော်တို့ အစိုးရကိုရော၊ မြန်မာစစ်အစိုးရကိုပါ ဖိအားပေး တောင်းဆိုကြမှာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုရော သမ္မတ အိုဘားမား (Obama) ကပါ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့လည်း တောင်းဆိုပါတယ်။”

PEN American ကလောင်ရှင်များ လွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့ကြီးက ၁၉၉၆ ခုနှစ်မှာ စာရေးဆရာမ မသီတာနဲ့ ၂၀၀၂ ခုနှစ်တုန်းက စာနယ်ဇင်းသမား တဦးဖြစ်တဲ့ ကဗျာဆရာ အောင်မြင့်တို့ကိုလည်း လွတ်လပ်စွာ ရေးသားခွင့်ဆုတွေ ပေးအပ်ခဲ့ပါတယ်။ ၂၀၁၀ အတွက် ဆုချီးမြှင့်ပွဲကိုတော့ ဧပြီလ ၂၇ ရက်နေ့မှာ နယူးယောက်ခ်မှာ ကျင်းပမှာ ဖြစ်ပေမဲ့ ကိုနေဘုန်းလတ်အတွက် ဆုလက်ခံယူမယ့်သူကို မသိသေးဘူးလို့လည်း ပြောပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-19-voa3.cfm

ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို

ရန်ကုန် (မဇ္ဈိမ)။      ။ ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် လက်ပစ်ဗုံးအမျိုးအစားဖြစ်သည်ဟု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူ စစ်အင်ဂျင်နီယာတပ်အရာရှိတဦးက ပြောသည်။

စစ်မြေပြင်အင်ဂျင်နီယာတပ်၊ မှုခင်းရဲတို့ပါဝင်သော အဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သော နေရာများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဒေသမှူးနှင့် ရဲတိုင်းမှူးတို့က ကွပ်ကဲမှုပေးခဲ့သည်။  မဏ္ဍပ်ရှေ့ ရှုပ်ထွေးနေသော လူအုပ်အကြားသို့  လက်ပစ်ဗုံးသုံးလုံးကို ကိုက်အနည်းငယ်အကွာမှ ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ပစ်ဗုံးစနက်တံ နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

"လူအုပ်ကြားထဲ ပစ်ထည့်လိုက်တာပါ။ Safety Pin နှစ်ခုကို ရှာတွေ့တယ်။ တွေ့တဲ့နေရာနှစ်ခုက ကိုက် ၂ဝ လောက်ခြားတယ်။" ဟု သူကပြောသည်။

ပေါက်ကွဲမှုတွင် ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုံးချို မှာ ပေါက်ကွဲမှုဖြစ်ပွားခါနီးအချိန်မှ X2O မဏ္ဍပ်အနီးရှိ လုံခြုံရေးတပ်ဖွဲ့များ စုဝေးရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုများကြောင့် ၉ ယောက်သေဆုံးခဲ့ပြီး ၁၇ဝ ယောက်အထိ ဒဏ်ရာရခဲ့ရသည်။ သို့သော် ဧပြီ (၁၈) တွင် ရန်ကုန်ဆေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ဗုံးလူနာ ၅ဝ ကျော်ပဲ ကျန်တော့ကာ အများစုမှာ ဦးနှောက်နှင့်အာရုံကြောကုသရေးဆောင်တွင်ဖြစ်သည်။

စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိက- " ဖြစ်တဲ့အချိန် မဏ္ဍပ်ရှေ့မှာ လူ ၃ဝဝ နဲ့ ၄ဝဝ ကြားလောက် ရှိနေခဲ့တယ်လို့ သိရတယ်။ ကားလမ်းပေါ်မှာ လူတွေကနေတဲ့အချိန်မို့လို့ ချိန်ကိုက်ဗုံး မဖြစ်နိုင်ဘူးလို့ အစကတည်းက တွက်မိပါတယ်။ နောက်မဏ္ဍပ် စပွန်ဆာပေးထားတဲ့ စီးကရက်ဘူးတွေကို မဏ္ဍပ်ပေါ်က ကြဲချနေတယ်၊ အဲ့ဒီစီးကရက်ဘူးတွေကို အောက်ကလူတွေလဲ ပြန်ပစ်တာမျိုးတွေ ရှိနေခဲ့တယ်လို့ သိရတယ်။ စီးကရက်ဘူးတွေနဲ့ တခြားပစ္စည်းတွေနဲ့အတူတူ Grenade ကို ရောပြီး ပစ်ထည့်တာလို့ ခန့်မှန်းရပါတယ်။"ဟု ဆိုသည်။

အစိုးရအရာရှိများ ရောက်ရှိချိန် အချိန်ကိုက်ဖြစ်ပွားခြင်းဖြစ်၍ ယင်းတို့အား ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းခဲ့ရာတွင် အတိအကျပြောဆိုနိုင်ခြင်းမရှိကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ အဆိုပါအရာရှိကဆိုသည်။

ခွပ်ဒေါင်းကြီးကို ခွပ်လို့ကြိုက်တယ်

စစ်အစိုးရရဲ့ မတရား၊ မမျှတတဲ့ ဥပဒေတွေကို ကျော်လွန်အာခံပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီကို မှတ်ပုံမတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၂၉၊ ၃၊ ၁၀) နေ့က ဆုံးဖြတ်ချက်ကို ကြားသိရပြီးနောက် အားရကျေနပ်မှုတွေနဲ့ စားကောင်းအိပ်ပျော်ဖြစ်ခဲ့ရပါတယ်။

၁၉၈၈ ခု လူထုအုံကြွမှုတွေအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်လို့ ပေါ်လာပြီးနောက်မှာ ဆုံးဖြတ်ချက်တွေ များစွာ ရှိခဲ့ပေမဲ့ ဒီတခါ ဆုံးဖြတ်ချက်ဟာ အခြေအနေအချိန်အခါနဲ့ လိုက်လျောညီစွာ ဆုံးဖြတ်နိုင်ခဲ့တဲ့ အမှန်ကန်ဆုံးနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်လို့တောင် ပြောရမယ်ထင်ပါတယ်။


ခွပ်ဒေါင်းကြီး ခွပ်လို့ကြိုက်တယ်ဒီလိုပြောနိုင်တဲ့ အကြောင်းတခုထဲမှာ ပထမဆုံးပြောနိုင်တာကတော့ ဒီဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီနည်းကျ ပါတီဝင်အများစုက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်နေလိုပါပဲ။ စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေပေါ်လာတဲ့အခါ ဒီဥပဒေတွေဟာ စစ်အာဏာရှင်တွေ စိတ်ကြိုက် တရားမျှတခြင်း မရှိဘဲ အချက်အလက်ပေါင်းများစွာ ထည့်သွင်းရေးဆွဲထားတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ်မထင်မိပါဘူး။

ဒါပေမယ့် အမှန်တကယ်အရေးကြီးတာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပေဒ တရားမျှတတယ်။ မတရား မမျှတဘူးဆိုတာထက်တောင် အနက်အဓိပ္ပါယ်က နက်ရှိုင်းနေပါတယ်။ တကယ်တော့ ဒီလိုမတရားသဖြင့် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ အင်အားအကောင်းဆုံး အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို ပြင်းပြင်းထန်ထန် တုန်ပြန်လိုက်တဲ့ စစ်အစိုးရရဲ့ သဘောထားဖြစ်နေတာက ပိုမိုအရေးကြီးမယ် ထင်ပါတယ်။

ရွှေဂုံတိုင်ကြေငြာချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့အနေနဲ့ ပါတီညီလာခံ ခေါ်ယူပြီး အားလုံးရဲ့ သဘောတူညီမှုအရ ဆုံးဖြတ်ခဲ့တောင်းဆိုမှုဖြစ်ပြီး ရည်ရွယ်ချက်က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို လုံးဝဆန့်ကျင်နေတဲ့ စစ်အစိုးရရဲ့ အကျိုးစီးပွားသက်သက်ကိုသာ ဖေါ်ကျူးမဲ့ ၂၀၀၈ ခု နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဆင်ရေး၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးဆီ ဦးတည်ပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေကတော့ ဒီမိုကရေစီသဘောတရားများနဲ့ အလှမ်းဝေးပြီး ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အတည်ပြုရေးကိုသာ ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးတွေနဲ့ လုံးဝဆန့်ကျင်နေပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ပွဲဥပဒေပေါ် ထွက်လာတာနဲ့ တပြိုင်နက် တိုင်းနဲ့ပြည်နယ်အသီးသီးက အောက်ခြေပါတီဝင်တွေထဲမှာ ပါတီမှတ်ပုံမတင်ရေးကို ပါတီဝင်အများစုက ပြောဆိုလာတာကို တွေ့ခဲ့ရပါတယ်။ သူတို့အနေနဲ့ ပါတီဗဟိုက သူတို့သဘောထားစစ်တမ်းမယူဘဲ မှတ်ပုံတင်သွားမှာကို စိုးရိမ်ကြောင့်ကျပြီး နယ်မြို့တွေက ချက်ခြင်းဆိုသလို ရန်ကုန်မြို့ကို ပြေးလာကြပါတယ်။

ရန်ကုန်ရောက်ချိန်မှာလည်း တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေဟာ တွေ့ကြ၊ ဆုံကြ ညှိနှိုင်းတိုင်ပင်ကြနဲ့ အတော်လေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြတာပါ။ သူတို့အဖို့တော့ ရွှေဂုံတိုင်ကြေငြာချက်ဟာ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို အကောင်းဆုံးသုံးသပ်တောင်းဆိုထားတာမို့ အသက်တမျှ အရေးကြီးတာ သေချာပါတယ်။

သူတို့ရဲ့ လေးနက်တဲ့ တောင်းဆိုချက်ကို တန်ဖိုးမထားတဲ့ စစ်အစိုးရဆီမှာ ဗဟိုအဖွဲ့ဝင်တွေက ပျော့ညံ့ယိမ်းယိုင်ပြီး မှတ်ပုံတင်သွားမှာကို စိုးရိမ်နေကြတာကတော့ ပြောနေဖို့ပင် မလိုတော့ပါဘူး။ သူတို့စိုးရိမ်မယ်ဆိုလည်း စိုးရိမ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူနဲစုပါတီဝင်တချို့က ပါတီရပ်တည်ရေး အကြောင်းပြချက်နဲ့ မှတ်ပုံတင်ရေးဘက်မှာရှိတဲ့ သဘောထားမျိုး ဖေါ်ပြနေကြလို့ပါဘဲ။ ဒီအချက်ကြောင့်လည်း တချို့သော ပြင်ပအကဲခတ်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ချမ်းကွဲမလိုလို ထင်မြင်ယူဆသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ပါတီနှစ်ချမ်းကွဲဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုနဲ့ ပါတီအများစုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ညီညီညွတ်ညွတ်နဲ့ တလုံးတစည်းထဲ ရှိနေသလို မှတ်ပုံတင်ရေးစကား ပြောဆိုနေသူက သိပ်ကိုနဲတဲ့ လူနည်းစုမို့ပါဘဲ။ အရှိကို အရှိအတိုင်းဝေဖန်ရရင် ပါတီမှတ်ပုံတင်လိုသူတွေရဲ့ အသံဟာ အများပိုင်ပါတီကို တဦးတယောက်ပိုင် ပါတီလို ပိုင်စိုးပိုင်နင်းပြောဆိုနေသလိုတောင် ဖြစ်နေလို့ နားထောင်ရတာ မောင်ပိုင်စီးနိုင်ငံရေးလား။ အလစ်သုတ်နိုင်ငံရေးလားလို့တောင် ထင်ရပါတယ်။

နောက်ပိုင်း အောက်ခြေပါတီဝင်ထုရဲ့ မှတ်ပုံမတင်ရေးသဘောထားဟာ ပိုမိုကျယ်လောင်လာပြီး (၂၉၊ ၃၊ ၁၀) နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သမိုင်းဝင်မဲ့ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်ကို ပါတီဝင်အများစုရဲ့ ထောက်ခံမှုနဲ့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ပါတီကို စတင်ဦးဆောင်တည်ထောင်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ တထပ်တည်းဖြစ်နေသလို ပြည်သူအများစုရဲ့ ဆန္ဒနဲ့လည်း တကယ်ကို ကိုက်ညီပါတယ်။

ပြည်သူလူထုဟာ ၁၉၈၈ ခု နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာပြည် ဒီမိုကရေစီရရှိရေးမှာ ဦးဆောင်ပါတီတခုအဖြစ် အသိအမှတ်ပြုခဲ့ပေမဲ့ တချို့သော ဆုံးဖြတ်ချက်တွေကို အားမလိုအားမရ ဖြစ်နေတတ်ပါတယ်။

ဥပမာတခု ပြောရရင် ၁၉၈၉ ခုနှစ်မှာ ဒေါ်စုက (၁၉၊ ၇၊ ၈၉) ခု အာဇာနည်နေ့ကို စစ်အစိုးရရဲ့ အစီအမံနဲ့ မတက်ဘဲ ပြည်သူလူထုနဲ့အတူ တက်မယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ ထိပ်ပိုင်းပါတီဝင်အချို့က လူထုနဲ့အတူ မတက်ရေးဘက်က မဲတင်းခဲ့ကြလို့ အစီအစဉ်ပျက်ခဲ့ပါတယ်။ အဲဒီတုန်းက ဒေါ်စုနဲ့အတူ ချီတက်ဖို့ ပြင်ဆင်ခဲ့တဲ့ သိန်းနဲ့ချီတဲ့ ပြည်သူလူထုဟာ တက္ကသိုလ်ရိပ်သာလမ်းက အာဇာနည်ကုန်းအထိ အင်နဲ့အားနဲ့ စောင့်ဆိုင်းနေခဲ့ပါတယ်။ စောင့်ခဲ့တာ စစ်အစိုးရရဲ့ (လူငါးယောက်ထက်ပို မစုရ၊ စုရင် သေဒဏ်) ဆိုတဲ့ ပြင်းထန်တဲ့ ဥပဒေကို အံတုပြီး စောင့်ဆိုင်းနေခဲ့ကြတာပါ။ ဒေါ်စုလည်း မတက်ဖြစ်ဘူးဆိုရော၊ (ဟင်ကနဲ၊ ဟာကနဲ) ဖြစ်သွားတဲ့ ပြည်သူလူထုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အားမလိုအားမရဖြစ်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း လူထုရဲ့ လမ်းမတွေပေါ် ချီတက်ပြီး ထောက်ခံအားပေးပါဝင်မှုတွေ တုံ့ဆိုင်းသွားခဲ့ရပါတယ်။ ဒီနေ့ ဒီအချိန်မှာ ပြည်တွေးကြည့်မယ်ဆိုရင် ၁၉၊ ၇၊ ၈၉ ခု အာဇာနည်နေ့ကသာ ဒေါ်စုရဲ့ သဘောဆန္ဒအတိုင်း ပြည်သူတွေနဲ့အတူ စစ်အစိုးရရဲ့မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ဖို့ ပါတီဝင်အများစုကသာ အားပေးခဲ့မယ်ဆိုရင် ထိပ်ပိုင်းခေါင်းဆောင် ပါတီဝင်အချို့ကသာ မကန့်ကွက်ခဲ့ဘူးဆိုရင် စစ်အစိုးရဆိုတာ ရှိပါဦးမလားလို့ တွေးမိပါတယ်။

ဒီတကြိမ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူတွေရှေ့က ရပ်တည်ပြီး သမိုင်းဝင်စေမယ့် (မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်) ဆုံးဖြတ်ချက်ကို အများသဘောဆန္ဒနဲ့အညီ ချထားနိုင်ခဲ့ပါပြီ။ ဒီဆုံးဖြတ်ချက်အတွက် ပါတီမှတ်ပုံတင်ရေးကို ပြောဆိုနေသူတချို့ရဲ့ မပြီးနိုင်မစီးနိုင် ငိုချင်းချသံတွေ၊  ပညာရှင်ယောင်ယောင်၊ နိုင်ငံရေးအကဲခတ်ယောင်ယောင် စစ်အစိုးရ လက်ပါးစေ လက်ကိုင်ဒုတ်တချို့ရဲ့ ဝေဖန်အပြစ်တင်သံတွေ၊ တတိယအင်အားစုဆိုသူတွေရဲ့ ကိုယ်လည်း ဘာမှ မစွမ်းဆောင်နိုင်ဘဲ လှည်းကျိုး လှေကွဲ ပျက်ရယ်ပြုသံတွေ၊ ပါတီကို နှစ်ချမ်းကွဲ၊ တချမ်းက မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်ပြီး စစ်အစိုးရရဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အတည်ဖြစ်သွားစေချင်သူ အလိုတော်ရိတွေရဲ့ ကလိတိတိ ရိတိတိ အသံတွေ၊ စစ်အစိုးရရဲ့ ငွေဝယ်ကျွန် သတင်းမီဒီယာသမားတချို့ရဲ့ မရဲတရဲ ခပ်ဖိဖိ တွန်းချသံတွေ ဘယ်လိုပင်ရှိနေစေတော့။ ပြည်သူလူထုကတော့ ဒီဆုံးဖြတ်ချက်ကို နှစ်ထောင်းအားရ ထောက်ခံနေကြတယ်ဆိုတာ သေချာပါတယ်။

ပြည်သူအုံကြွမှုကနေ ပြည်သူကို အခြေခံပြီး ထွက်ပေါ်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ ပါတီဖျက်သိမ်းခံရစေဦးတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့သဘောထားနဲ့ ထပ်တူကျနေလို့ အခိုက်အတန့် အခက်အခဲတွေရှိနိုင်သော်လည်း နိုင်ငံရေးအရ ရေရှည်မှာ အကျိုးရှိပြီး အချိန်တိုအတွင်းမှာ ပြည်လည်ရှင်သန်မယ်လို့ ယုံကြည်မိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဖွဲ့ချုပ်အလံတော်ပေါ်က ခွပ်ဒေါင်းကြီးလို ခွပ်အားကောင်းကောင်းနဲ့ စစ်အစိုးရကို ခွပ်ပြလိုက်နိုင်ပါပြီ။ စစ်အစိုးရဆိုတာ တောကျီးကန်းလိုပါပဲ။ ခွပ်မဲ့သူမရှိရင် တအာအာနဲ့၊ ပါးစပ်ထဲက ထင်ရာပြောပြီး စိတ်ထဲပေါ်တာ ဥပဒေလုပ်မဲ့သူတွေ၊ မြန်မာပြည်သူတိုင်း ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ရမှာက (သူတို့ထုတ်တိုင်း ဥပဒေတွေကို လိုက်နာစရာ လိုသလား) ဆိုတာပါဘဲ။
တချိန်တုန်းက အားမလို အားမရဖြစ်စရာတွေရှိခဲ့ပေမဲ့ ဒီတကြိမ်တော့ ခွပ်ဒေါင်းကြီးကို ခွပ်လို့ ကြိုက်ပါတယ်။ ရှေ့ဆက်ပြီးလည်း ခွပ်ဒေါင်းကြီးဟာ စစ်အစိုးရတောကျီးကန်းကို (သူသေကိုယ်ရှင်) ခွပ်နိုင်စေဖို့ ဆုတောင်းလိုက်ပါတယ်။
x x x x x
မမခင်
၁၃၊ ၄၊ ၁၀
(ခါသင်္ကြန်အကျနေ့)

ရင်းမြစ်။ ။www.yoma3.org

အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမားများ ဖမ်းဆီးခြင်း စိတ်မကောင်းစရာဖြစ် ဟံသာဝတီဦးဝင်းတင် ထုတ်ဖော်ပြောဆို

          အန်အယ်ဒီပါတီ၏ ပါတီခေါင်းဆောင်နှင့် ၀ါရင့်စာနယ်ဇင်းဆရာကြီးတဦးဖြစ်သူ ဆရာဦးဝင်းတင်က ဧပြီ ၁၅ ဗုံးပေါက်ကွဲမှုနှင့် ထိုနေ့က စာပေအနုပညာသမားများကို ဖမ်းဆီးထိန်းသိမ်းခြင်းတို့အပေါ် ၎င်းသဘောထားကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဧပြီလ ၁၅ - သင်္ကြန်အကြပ်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်း ရေပက်မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲပြီး လူအများ သေကျေဒဏ်ရာရသည့် အရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပတွင် ရှုပ်ထွေးသော တုန့်ပြန်မှုများ၊ ပြောဆိုဝေဖန်မှုများ ဖြစ်ပေါ်နေခဲ့ပါတယ်။
            စစ်အစိုးရသတင်းစာများ၏ ဆောင်းပါးများကတဆင့် တရားခံများအဖြစ် စွတ်စွဲချက်များကို ကြည့်ပါက  - ပြည်တွင်းမှ ရွေးကော်ပွဲမ၀င်ရသူများ၊ ပြည်ပ အဖွဲ့အစည်းများက လုပ်ကြံ တိုက်ခိုက်ကြတာလို့ စွတ်စွဲချက်များ ဖြစ်နေပါတယ်။ ဒါ့အပြင် လက်ရှိစစ်အစိုးရကို အမြင်မကြည်လင်သူ မွေးနေ့စာအုပ်ထုတ်ဝေသူ “လူကြီး” တဦးကလည်း စစ်အစိုးရကို အမိုက်ရိုင်းဆုံး ပြောနေတယ်လို့ ရေးသားထားတာတွေကို တွေ့နေရပါတယ်။
အဲသည်အချက်တွေကြောင့် ဆရာဦးဝင်းတင်ကို အဆိုပါ အရေးအခင်းနဲ့ ပတ်သက်ပြီး ၎င်းရဲ့သဘောထားကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဆရာဦးဝင်းတင်က ပြန်လည်ဖြေကြားရာမှာ -
“အင်န်အယ်ဒီပါတီမှာ အကြမ်းဖက်လုပ်ငန်းလုပ်ရပ်တွေအတွက် အစဉ်အလာ မရှိဘူး။ အခုတလောက မီဒီယာတွေက မေးလာတဲ့အခါမှာပြောခဲ့တဲ့ အချက်တွေပဲ ပြန်ပြီး ပြောပြပါ့မယ်။ အင်န်အယ်ဒီမှာ အခုလိုမျိုး အကြမ်းဖက်သမားတွေ မရှိဘူး။ ပါတီရဲ့ မူဝါဒမှာလည်းလဲ အကြမ်းဖက်ရေး မပါဝင်ဘူး။ ပါတီအဖြစ် ရပ်တည်နေစဉ်မှာကော၊ ပါတီတရပ် မဟုတ်တော့သည့်နောက်ပိုင်းမှာကော - “အင်န်အယ်ဒီ” ဆိုတာ အကြမ်းဖက်လမ်းစဉ်ကို မကိုင်စွဲဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်သေဆုံးရတာအတွက်လည်း ၀မ်နည်းရပါတယ်။ အများပြည်သူတွေနဲ့အတူ စိတ်မကောင်းဖြစ်ကြရပါတယ်။
နောက်အရေးကြီးတဲ့ အချက်ကတော့ - လက်ရှိစစ်အစိုးရမှာ အများပြည်သူရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့ တရားမျှတတဲ့ ဥပဒေနဲအညီ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲသည်လိုအချိန်မှာ ပြည်တွင်း ပြည်ပကို အရမ်းကာရော စွတ်စွဲတာတွေ၊ လက်ညှိုးထိုးနေတာတွေ လုပ်နေဖို့ မလိုဘူးလို့ ထင်ပါတယ်။
ပြီးတော့ အင်န်အယ်ဒီကို တရားဝင် စွတ်စွဲလာရင်တော့ အင်န်အယ်ဒီကလည်း တရားဝင် ပြန်လည် ဖြေရှင်းချက် ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်၊ ခုချိန်မှာတော့ ကျနော့်သဘောထားကတော့ သည်လောက်ပဲ ဖြစ်ပါတယ်”
လို့ ဖြေကြားပါတယ်။
၎င်းနောက် ကွယ်လွန်သူ စာရေးဆရာကြီးလင်းယုန်မောင်မောင်ရဲ့ သားဖြစ်သူ သားကြီးမောင်ဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ သားအဖနှစ်ဦးကို စစ်အစိုးရ က အကြောင်းတစုံတရာ ထုတ်ပြန်ခြင်း၊ မိသားစုများထံ ပြန်ကြားခြင်း မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသည့်အပေါ်မှာ ၎င်းသဘောထားကို ပြောကြားရာမှာ -
“ဟုတ်တယ်။ ကျနော်ကြားတယ်။ စာရေးဆရာလင်းယုန်မောင်မောင်ရဲ့ သားနဲ့ မြေးကို ဖမ်းသွားကြတယ်တဲ့။ ကျနော့်အမြင်ကတော့ သူတို့တွေက စာပေသမားတွေ၊ မီဒီယာတို့ ဓာတ်ပုံတို့ လုပ်ကြတယ်။ သင်္ကြန်တွင်းမှာလည်း အများနဲ့အတူ သူတို့လုပ်စရာ သူတို့ ပုံမှန်လုပ်နေကြတာ ဖြစ်တယ်။ အဲသည်မှာ ဗုံးပေါက်တဲ့ဆီမှာ သားကို ဓာတ်ပုံရိုက်လို့ဆိုပြီး ဖမ်းတယ်။ ပြီးတော့ အဖေကို နောက်တရက် အိမ်မှာသွားပြီး ဖမ်းတယ်ဆိုတာကတော့ အလွန်စိတ်မကောင်းစရာကောင်းတဲ့ အဖြစ်ပါပဲ။ စာပေနဲ့ စာနယ်ဇင်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ စာပေအသိုင်းအ၀ိုင်းတခုလုံးအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲသည်လိုပဲ ပြောချင်ပါတယ်”
လို့ ဖြေကြားပါတယ်။
          ဆရာက လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြိး လောလောဆယ် လုပ်ကိုင်နေသည်များအပေါ် အနည်းငယ် ရှင်းပြပေးဖို့ ပြောတဲ့ဆီမှာ ဆရာက အောက်ပါအတိုင်း ပြောကြားပါတယ်။
          “အခုချိန်မှာ အစုအဖွဲ့တွေကော၊ မိတ်ဆွေတွေ၊ ဘက်ဂရောင်းမျိုးစုံက သူတွေနဲ့ တွေ့ဆုံစကားပြောနေရတာတွေကတော့ အများကြီးပါပဲ။ အခုအချိန်မှာ ပြောနေရတဲ့ ကိစ္စတခုက လက်ရှိအခြေအနေမှာ ကျနော်တို့က လမ်းမမှားဘူး။ လမ်းမှားကိုလိုက်နေတာမဟုတ်ဘူး ဆိုတာကို ပြောပြရတယ်။ လမ်းမှန်လား မမှန်လားတော့ ကျနော်တဦးတည်းအနေနဲ့တော့ မပြောတတ်ပေမယ့် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးနောက်ကိုသာ လိုက်လို့ကတော့ ကျနော်တို့ လမ်းမပျောက်ဘူး ဆိုတာ သေချာတယ် ဆိုတာကို ပြောနေရတယ်။ နောက်ပြီးတော့လည်း လက်ရှိအခြေအနေမှာ တောလမ်းပဲဖြစ်ဖြစ်၊ ခြုံနွယ်ပိတ်ပေါင်းတွေပဲဖြစ်ဖြစ် လမ်းဆက်လျောက်နေဖို့ အရေးကြီးပါတယ်။ သံသယသားကောင်အဖြစ်ခံပြီးတော့ သစ်ပင်ကြီးအောက်မှာ ထိုင်နားနေတာမျိုး ကျနော့်အနေနဲ့ မဖြစ်ချင်ဘူး။ လမ်းမှန်ဆိုတာကတော့ အားလုံး ညှိနှိုင်းဆွေးနွေးပြီးတော့ ၀ိုင်းပြီးတော့ ဦးတည်သွားကြရမှာ ဖြစ်မယ်လို့ ပြောချင်ပါတယ်”
          လို့ ပြောလိုက်ပါတယ်။

ရင်းမြစ်။ ။မိုးမခ


သင်္ကြန် ဗုံးရဲ့ ပဟေဠိပုစ္ဆာများနဲ့ နောက်ဆက်တွဲ အဖြစ်အပျက်များ



သင်္ကြန် အတက်နေ့ ကန်တော်ကြီးစောင်းမှာ လက်ပစ်ဗုံး ၃လုံး ပေါက်ကွဲခဲ့တဲ့နောက် ခါတိုင်းပေါက်ကွဲတဲ့ ဗုံးနဲ့ မတူတာ ထူးခြားချက်တွေ အများအပြားပေါ်ထွက်လာပြီး ယခုအချိန်ထိတော့ နအဖအစိုးရ ကအဆိုပါမေးခွန်းနဲ့ ပတ်သက်တာတွေကို ဖေါ်ထုတ်ပြောဆိုခြင်း မရှိသေးပါဘူး။
နအဖ သတင်းစာရဲ့ ပေါ်လစီဆောင်းပါးကဏ္ဍမှာတော့ ပြည်ပရောက် နိုင်ငံရေး အဖွဲ့အစည်းတွေကို ခါတိုင်းစွပ်စွဲနေကြ အတိုင်းစွပ်စွဲလိုက်ပါတယ်။ အထောက်အထား ရရှိလို့ သက်သေသက္ကာယ ရှိလို့ပြောဆိုတာမျိုး မဟုတ်ပဲ အစဉ်အမြဲ အတိုက်အခံ အဖွဲ့အစည်းတွေကို အပြစ်ပုံချတဲ့သဘောမျိုးနဲ့ ရေးသားခြင်းလို့သာ လူအများက ယူဆကြပါတယ်။
ယခုဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူတွေထဲ မြို့နယ်အဆင့်အရာရှိတွေ၊ ရဲလုံခြုံရေးတွေ၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ရဲမှူး၊ မြို့နယ် မယက ဥက္ကဌ၊ နောက်ဆုံး အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အထိ ဒဏ်ရာရခဲ့တာကို အပတ်စဉ်ဂျာနယ်များမှာ ဖေါ်ပြချက်အရ သိရှိရပါတယ်။
စစ်ဒေသမှူးဟာ ဗိုက်မှာ လက်ပစ်ဗုံးဒဏ်ရာရခဲ့ပြီး အသဲမှာ ဗုံးစစိုက်ခဲ့တယ် လို့စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရပ်ကွက် ကပြောပါတယ်။ လောလောဆယ်မှာ စစ်ဆေးရုံမှာ ကုသမှုခံယူနေတာဖြစ်ပြီး ကျန်တဲ့ ရဲ၊ အရပ်ဘက် လုံခြုံရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေကတော့ ရန်ကုန်ဆေးရုံကြီးနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံ တွေမှာ ကုသမှုခံယူနေတယ်လို့ သတင်းဖေါ်ပြချက်များမှာ တွေ့ရပါတယ်။
အမှတ် ၄ စစ်ဒေသမှူး ရာထူးဟာ ရန်ကုန်မြို့လယ်မြို့နယ်များ ပါဝင်တဲ့ ရန်ကုန် တောင်ပိုင်းခရိုင်ရဲ့ လုံခြုံရေး အုပ်ချုပ်ရေးတွေမှာ တာဝန်ယူရသူဖြစ်ပြီး မြို့တော်ခန်းမမှာ အခြေစိုက်ပါတယ်။ အဆိုပါ စစ်ဘက်ရာထူးကြီးသူ၊ လုံခြုံရေး အရာရှိတွေပါ ဒဏ်ရာရလို့ ဒီအဖြစ်အပျက်ကို ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေရဲ့ လက်ချက်လို့ ရန်ကုန်လူထုက တထစ်ချ မမှတ်ယူပါဘူး။

လူထု၏ ကောက်ချက်များနဲ့ ဆက်စပ်တွေးခေါ်မှုများ
ရန်ကုန်လူထု အများစုဟာ အစိုးရကပဲ ခွဲတာလို့ ယုံကြည် ယူဆနေကြပါတယ်။ ဘာလို့အဲဒီလို ယူဆသလဲဆို အရင့်အရင် ဗုံးကွဲမှုတိုင်းမှာ အဖြေ မထုတ်၊ တရားခံကို မိမိရရ မရှာပဲ လျှောချသွားတာတွေ ကိုသာကြုံတွေ့ခဲ့ရလို့ အခုလိုကောက်ချက် ချတာဖြစ်ပါတယ်။
နောက်ယူဆချက် တခုကတော့ မဏ္ဍပ်လိုင်စင်ရဖို့ အတွက် လုပ်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးဖြစ်သူ ဖိုးလပြည့်ခေါ် နေရွှေသွေးအောင် ဖြစ်တဲ့အတွက် သူ့ကို ရန်ငြှိုးရှိသူ ပြည်တွင်း တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ကကြံစည်လုပ်ဆောင်တာ ဆိုတဲ့ ယူဆချက်ပါ။ ဒီအချက်ကြောင့်လည်း ရန်ကုန်နဲ့ မြန်မာပြည်က လူထုက သူတို့အချင်းချင်း ဖြစ်တဲ့ကိစ္စမှာ သာမန်အရပ်သားတွေက အသက်ဆုံးရှုံးရတယ်လို့ မခံချိမခံသာ ပြောဆိုနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
နအဖ အစိုးရအနေနဲ့  ဗုံးကွဲမယ့် အဖြစ်အပျက်ကို ကြိုသိနေသလိုမျိုး လူထုက ခံစားနေရတဲ့ အခြားသော အထောက်အထား တွေလည်း ရှိပါသေးတယ်။ အဲဒီအထောက်အထားတွေက ဘာလဲဆိုတော့ မဏ္ဍပ်နားမှာ လုံခြုံရေးကားတွေ အပြင် ကြက်ခြေနီ တံဆိပ်နဲ့ လူနာတင်ကားတွေပါ အဆင့်သင့်ရှိနေတာ၊ ပေါက်ကွဲပြီး ၁နာရီခွဲ ၀န်းကျင်မှာပဲ မန္တလေး အက်ဖ်အမ်၊ အမ်အာရ်တီဗီ ဖိုး၊ မြန်မာ့အသံစတဲ့ အစိုးရသတင်းမီဒီယာတွေကနေ ကြားဖြတ်သတင်း အနေနဲ့ ဗုံးပေါက်တဲ့ သတင်းကို ချက်ခြင်းကြေငြာတာ၊ သေဆုံးတဲ့ စာရင်းကို အတိအကျ ဖေါ်ပြကြေငြာတာ၊ ဒဏ်ရာရသူ အရေအတွက်ကို အတိအကျကြေငြာတာ၊ နောက်တနေ့ ထုတ်သတင်းစာမှာ ဆောင်းပါးရှင် ကျော်ရဲမင်းက ချက်ခြင်းပဲ ပေါ်လစီဆောင်းပါးရေးပြီး ရှုတ်ချတာတွေဟာ ယခင်တုန်းက ဖြစ်ပျက်တာတွေနဲ့ လုံးဝကွဲပြားခြားနားနေပါတယ်။ လူတွေအမြင်မှာ ဗုံးကွဲမှာသိလို့ အားလုံး အဆင်သင့်လုပ်ထား သလားလို့အောက်မေ့ကြ ရ အောင်ပဲ အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ်။
အထက်ပါ အချက်တွေဟာ သမရိုးကျပေါက်တဲ့ ဗုံးမဟုတ်ဘူးလို့လူတွေ ထင်မှတ်စေတဲ့ အချက်တွေဖြစ်ပါတယ်။ ဗုံးပေါက်တဲ့ မဏ္ဍပ်မှာလည်း စီစီတီဗီ ကင်မရာတပ်ဆင်ထားတာကိုလည်း အဆိုပါ ပုံတွေကို နောက်ပိုင်းသတင်းဓါတ်ပုံများနဲ့ ရုပ်ရှင်များကို သတင်းနဲ့ ၀ါဒဖြန့် ကြေငြာချက်တွေမှာ အသုံးပြုခဲ့လို့ သိရပါတယ်။

လုံခြုံရေး ရဲများရဲ့ ဗရမ်းဗတာ ကိုင်တွယ်မှု
ဗုံးပေါက်ကွဲတာနဲ့ လူအုပ်ကြီးက လွတ်ရာလွတ်ကြောင်း ထွက်ပြေးတာ၊ အန္တရာယ်နဲ့ လွတ်ကင်းအောင် ရှောင်ပြေးကြတာကို ရဲတွေက နံပါတ်ဒုတ်တွေနဲ့ ရိုက်နှက်ပြီး တားဆီးတာတွေ လုပ်ခဲ့တယ်လို့ အဆိုပါမဏ္ဍပ် မှာရေကစားသူ၊ ရှေ့မှာရှိနေသူတွေက ပြောဆိုကြပါတယ်။ ဗုံးကွဲတယ်ဆိုတာ သိသိချင်း ဝေးရာကို ပြေးဖို့ကြိုးစားတဲ့သူကို လုံထိန်းတွေက မပြေးနဲ့ မပြေးနဲ့ လို့ပြောပြီးနောက်ကနေ တုတ်နဲ့လိုက်ရိုက်တာ ကြုံခဲ့ရကြောင်း မဏ္ဍပ်ပေါ်မှာ ရှိနေခဲ့သူ တဦးကပြောပါတယ်။
ထို့အတူပဲ ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်း ကိုယ့်ဆွေမျိုးသားချင်း၊ သားသမီး၊ သူငယ်ချင်းကို ကူဖို့ရှာဖို့ လာတဲ့သူတွေကိုလည်း မပေးဝင်ပဲ တားဆီးရိုက်ထုတ်တာမျိုးလုပ်ပါတယ်။ လူတွေကို ကယ်ဆယ်ဖို့ ၊ အသက်ချမ်းသာရအောင် ဆေးရုံပို့ဖို့ထက်ကို အတွင်းအပြင် ပိတ်ထားပြီး ဗုံးလက်သည်ကို ဖမ်းဆီးရမိဖို့ ကြိုးစားတာမျိုး ကြားသိရပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီး မကြာခင် အနားမှာ လာရောက်ကြည့်ရှုတဲ့ လူအုပ်ကိုလည်း မောင်းထုတ်၊ ခြောက်ထုတ်၊ မနာခံတဲ့သူကို နံပါတ်တုတ်နဲ့ ရိုက်တာ၊ လက်သီးနဲ့ထိုးတာ ကန်တာတွေတွေ့ခဲ့ရတယ် လို့သွားကြည့်သူတဦးက သူမြင်ခဲ့ရတာကို ပြောပြပါတယ်။

သတင်းဓါတ်ပုံရိုက်သူကို ဖမ်းဆီး
ယခုနောက်ဆုံး ကြားသိရတဲ့ သတင်းအရဆို ကွယ်လွန်သူ စာရေးဆရာ လင်းယုန်မောင်မောင် ရဲ့သားကြီး ဖြစ်သူ သားကြီးဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ကို ရဲနဲ့ ထောက်လှမ်းရေးတွေက အဆိုပါ ဗုံးပေါက်တဲ့နေ့မှာပဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စည်သူဇေယျကို အခင်းဖြစ်ပွားတဲ့နေရာမှာ မှတ်တမ်း ဓါတ်ပုံရိုက်တဲ့အတွက် ချက်ခြင်းဖမ်းဆီးခဲ့ပြီး သူရဲ့ဖခင်ဖြစ်သူ သားကြီးဇေယျကိုတော့ နောက်ပိုင်းမှာ အိမ်မှာလာရောက် ခေါ်ဆောင်သွားတယ်လို့ ကြားသိရပါတယ်။ သားကြီးဇေယျဟာ ၁၉၉၀ ခုနှစ်များက နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းခံရဖူးသူ တဦးဖြစ်တယ်လို့လည်း သိရှိရပါတယ်။
နအဖ အစိုးရအနေနဲ့ အဖြစ်အပျက်မှာ သတင်းယူသူ၊ ဓါတ်ပုံရိုက်သူများကိုတွေ့လျင် ပြည်ပအခြေစိုက် မီဒီယာများအတွက် လုပ်ကိုင်ပေးနေသူများရယ်လို့ သင်္ကာမကင်းဖြစ်ကာ ဖမ်းဆီးမေးမြန်းလေ့ရှိတာလည်း ဖြစ်ပါတယ်။ (Photos - Daylife, Internet)
 
ရင်းမြစ်။ ။မိုးမခ

ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ

နယူးဒေလီ (မဇ္ဈိမ)။      ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူးတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှုးကြီးပြုံးချိုသည် လုံခြုံရေးအရ မဏ္ဍပ်များကို လိုက်လံစစ်ဆေးနေစဉ် X2O မဏ္ဍပ်အရောက် ဒုတိယဗုံး ပေါက်ကွဲသဖြင့် ဝမ်းဗိုက်တွင် ဗုံးဆံများ ထိမှန်သွားရာ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ဒဏ်ရာပြင်းထန်မှုရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုများကြောင့် လူ ၈ ဦး သေဆုံးပြီး လူဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သော်လည်း သေဆုံးသူဦးရေ တိုးလာသည်ဟု ရဲအချို့က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သိန်း၊ ရဲမှူးကြီးတဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူတဦးတို့လည်း သေဆုံးသွားပြီး မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူများအနက် ၄၄ ဦးသည် ဆက်လက်၍ ဆေးဝါးကုသမှု ခံယူနေရကာ၊ ဒဏ်ရာပြင်းထန်သူမှာ ဦးရေ ၂ဝ ခန့် ရှိနေသေးကြောင်း သိရသည်။

ဗုံးကွဲအပြီး ၂ ရက်အကြာတွင် စာရေးဆရာ လင်းယုန်မောင်မောင် (ကွယ်လွန်) ၏ သားဖြစ်သူ ဦးဇေယျနှင့် သူ၏ သားဖြစ်သူ စည်သူဇေယျအား ရဲက မေးမြန်းရန် ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။

“နှစ်ဆန်းတရက်နေ့က ညနေပိုင်းက သူတို့ သားအဖ နှစ်ယောက်ကို လာခေါ်သွားတယ်။ ရပ်ကွက်လူကြီးနဲ့ SB တွေ စုစုပေါင်း ၁ဝ ဦးလောက် ပါတယ်။ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ် ဆိုတာကိုတော့ ပြောမသွားဘူး” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။

အခင်းဖြစ်ပွားသောနေရာကို ဓာတ်ပုံရိုက်သည်ဟု ရဲက သံသယရှိမှုနှင့် ပတ်သက်ဖွယ်ရှိသည်ဟု ရန်ကုန်စာပေအသိုင်းအဝိုင်းက ယူဆနေကြသည်။

မြို့နယ်ရပ်ကွက်ရုံးအချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးရန်အတွက် ကူညီသတင်းပေးသူကို  ဆုငွေအဖြစ် ကျပ် ၁၀ သိန်း ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသည်။

ဖိုးလပြည့်ကို ရည်ရွယ်ဗုံးခွဲခဲ့ဟုဆို

သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုမှာ ဖိုးလပြည့်နှင့် အာဏာပိုင်များကို ရည်ရွယ်ဟန် ရှိကြောင်း သတင်းများ ထွက်ပေါ် နေသည်ဟု သိရသည်။

ဗုံးပေါက်ကွဲမှု မဖြစ်ခင် သင်္ကြန်အကျနေ့က ရန်ကုန် ကန်တော်ကြီး ကန်ပတ်လမ်းထဲသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် လာရောက် လည်ပတ်သွားသည်ဆိုသည့် သတင်း ထွက်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ် အသိုင်းအ၀န်းမှ သိရသည်။

သင်္ကြန် အကြတ်နေ့က X2O မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အတက်နေ့တွင် ဤသို့ ဆက်လက် ရေကစား နေကြသည် (ဓာတ်ပုံ - ရိုက်တာ)
သင်္ကြန် အကြတ်နေ့ တွင်လည်း ဖိုးလပြည့် ကန်တော်ကြီးသို့ ထပ်မံ လာရောက် မည်ဟု သတင်း ထွက်ပေါ်ခဲ့ရာ ရန်ကုန်မြို့တော် မဟာသင်္ကြန် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက မဏ္ဍပ်များအား စစ်ဆေး နေချိန်တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီး တဦးက ပြောဆိုသည်။

“အခု သေတဲ့ထဲမှာ လူကြီး သားသမီး၊ မြေးတယောက်မှ မပါဘူး။ သာမန် အရပ်သူ အရပ်သား တွေပါပဲ။ ဒါပေမယ့် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထားတဲ့ အထဲမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါတယ်။ စည်ပင်က အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သိန်း ကတော့ ပွဲချင်းပြီးပဲ” ဟု အခင်း ဖြစ်ပွားသည့် နေရာတွင် ရှိနေခဲ့သည့် မျက်မြင် တဦးက ဆိုသည်။

မဟာသင်္ကြန်မဏ္ဍပ် စစ်ဆေးရေးအဖွဲ့များ လာချိန်တွင် အချိန်ကိုက် ပေါက်ကွဲမှုဖြစ်ခဲ့သောကြောင့် လုံခြုံရေးအဖွဲ့ဝင် အများ အပြား ဒဏ်ရာရရှိခဲ့သည်။

ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များသည်  နံနက် ၈ နာရီခန့်မှ စတင် ရေကစားပြီး နေ့လည် ၁ နာရီခန့်တွင် ခဏတာ အနားယူကာ ညနေ ၃ နာရီတွင် ပြန်လည် ကစားကြသည်။ 

“ဖိုးလပြည့်က ကမ္ဘာအေးဘုရားလမ်း ရှစ်မိုင်မြိုင်ဟေ၀န်ပန်းခြံနဲ့ မျက်စောင်းထိုး စစ်ရုံးရှေ့မှာ ရေကစားမဏ္ဍပ်ဆောက်ပြီး ရေကစားပြီးတော့ ကန်တော်ကြီးကန်ပတ်လမ်းကို ကားနဲ့လှည့်ကြည့်ခဲ့တယ်” ဟု စစ်ဘက် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တဦးက ပြောသည်။ 

လူစုလူဝေးဖြစ်နေသည့် နေရာတွင် ဗုံးဖောက်ခွဲခဲ့သည့်အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် စစ်ဘက်လုံခြုံရေးအဖွဲ့များမှာ ထိတ်လန့်သွားခဲ့ကြကြောင်း ၎င်းက ဆိုသည်။

“ဖိုးလပြည့် တကယ်ပဲ ကန်ပတ်လမ်းကို လာခဲ့သလား ဆိုတာ မသေချာပေမယ့် စစ်ဒေသမှူး ဦးဆောင်တဲ့အဖွဲ့ မဏ္ဍပ်ရှေ့ ရောက်ချိန်မှာ အဲဒီမဏ္ဍပ်က စီးကရက်တွေ ဝေတယ်။ အဲဒီအချိန်မှာ လူတွေ တော်တော် ရှုပ်ထွေးသွားခဲ့တယ် ” ဟု မဏ္ဍပ်အနီး လုံခြုံရေးတာဝန်ကျသူ တဦးကပြောသည်။

ချိန်ကိုက်ဗုံးမဟုတ်ဘဲ စီးကရက်ဗူးအရွယ် လက်ပစ်ဗုံးဖြစ်သောကြောင့် စီးကရက် ဝေသည်ကို အကြောင်းပြုကာ  လက်ပစ်ဗုံးများ ခွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု စစ်ဘက်လုံခြုံရေးဆိုင်ရာ အရာရှိကြီးတဦးက သုံးသပ်သည်။

စစ်ဆေးရေးအဖွဲ့နောက်တွင် ဖိုးလပြည့်၏ ကားပါလာသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

“အာဏာပိုင်တွေ များများစားစား ထိတယ် ဆိုကတည်းကိုက သူတို့ကို ရည်ရွယ်တာ သိပ်သေချာတယ်။ စီးကရက်သာ မဝေခဲ့ဘူးဆိုရင် ပြည်သူတွေ တော်တော်များများ မသေဘူး၊ မထိခိုက်နိုင်ဘူး” ဟု ရဲ အရာရှိ တဦးကသုံးသပ်ပြောဆိုသည်။

နောက်ဆုံး သိရသောစာရင်းအရ ဗုံးကွဲမှုတွင် ဒဏ်ရာရရှိသူ အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၂၉ ဦး ရန်ကုန်ဆေးရုံကြီး၌ ဆက်လက် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၂၀ ရှိနေသေးကြောင်း သိရသည်။

ရင်းမြစ်။ ။ဧရာဝတီ