ဗုံးပေါက်ကွဲမှု မဖြစ်ခင် သင်္ကြန်အကျနေ့က ရန်ကုန် ကန်တော်ကြီး ကန်ပတ်လမ်းထဲသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် လာရောက် လည်ပတ်သွားသည်ဆိုသည့် သတင်း ထွက်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ် အသိုင်းအ၀န်းမှ သိရသည်။

သင်္ကြန် အကြတ်နေ့က X2O မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အတက်နေ့တွင် ဤသို့ ဆက်လက် ရေကစား နေကြသည် (ဓာတ်ပုံ - ရိုက်တာ)
“အခု သေတဲ့ထဲမှာ လူကြီး သားသမီး၊ မြေးတယောက်မှ မပါဘူး။ သာမန် အရပ်သူ အရပ်သား တွေပါပဲ။ ဒါပေမယ့် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထားတဲ့ အထဲမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါတယ်။ စည်ပင်က အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သိန်း ကတော့ ပွဲချင်းပြီးပဲ” ဟု အခင်း ဖြစ်ပွားသည့် နေရာတွင် ရှိနေခဲ့သည့် မျက်မြင် တဦးက ဆိုသည်။
မဟာသင်္ကြန်မဏ္ဍပ် စစ်ဆေးရေးအဖွဲ့များ လာချိန်တွင် အချိန်ကိုက် ပေါက်ကွဲမှုဖြစ်ခဲ့သောကြောင့် လုံခြုံရေးအဖွဲ့ဝင် အများ အပြား ဒဏ်ရာရရှိခဲ့သည်။
ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များသည် နံနက် ၈ နာရီခန့်မှ စတင် ရေကစားပြီး နေ့လည် ၁ နာရီခန့်တွင် ခဏတာ အနားယူကာ ညနေ ၃ နာရီတွင် ပြန်လည် ကစားကြသည်။
“ဖိုးလပြည့်က ကမ္ဘာအေးဘုရားလမ်း ရှစ်မိုင်မြိုင်ဟေ၀န်ပန်းခြံနဲ့ မျက်စောင်းထိုး စစ်ရုံးရှေ့မှာ ရေကစားမဏ္ဍပ်ဆောက်ပြီး ရေကစားပြီးတော့ ကန်တော်ကြီးကန်ပတ်လမ်းကို ကားနဲ့လှည့်ကြည့်ခဲ့တယ်” ဟု စစ်ဘက် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တဦးက ပြောသည်။
လူစုလူဝေးဖြစ်နေသည့် နေရာတွင် ဗုံးဖောက်ခွဲခဲ့သည့်အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် စစ်ဘက်လုံခြုံရေးအဖွဲ့များမှာ ထိတ်လန့်သွားခဲ့ကြကြောင်း ၎င်းက ဆိုသည်။
“ဖိုးလပြည့် တကယ်ပဲ ကန်ပတ်လမ်းကို လာခဲ့သလား ဆိုတာ မသေချာပေမယ့် စစ်ဒေသမှူး ဦးဆောင်တဲ့အဖွဲ့ မဏ္ဍပ်ရှေ့ ရောက်ချိန်မှာ အဲဒီမဏ္ဍပ်က စီးကရက်တွေ ဝေတယ်။ အဲဒီအချိန်မှာ လူတွေ တော်တော် ရှုပ်ထွေးသွားခဲ့တယ် ” ဟု မဏ္ဍပ်အနီး လုံခြုံရေးတာဝန်ကျသူ တဦးကပြောသည်။
ချိန်ကိုက်ဗုံးမဟုတ်ဘဲ စီးကရက်ဗူးအရွယ် လက်ပစ်ဗုံးဖြစ်သောကြောင့် စီးကရက် ဝေသည်ကို အကြောင်းပြုကာ လက်ပစ်ဗုံးများ ခွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု စစ်ဘက်လုံခြုံရေးဆိုင်ရာ အရာရှိကြီးတဦးက သုံးသပ်သည်။
စစ်ဆေးရေးအဖွဲ့နောက်တွင် ဖိုးလပြည့်၏ ကားပါလာသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။
“အာဏာပိုင်တွေ များများစားစား ထိတယ် ဆိုကတည်းကိုက သူတို့ကို ရည်ရွယ်တာ သိပ်သေချာတယ်။ စီးကရက်သာ မဝေခဲ့ဘူးဆိုရင် ပြည်သူတွေ တော်တော်များများ မသေဘူး၊ မထိခိုက်နိုင်ဘူး” ဟု ရဲ အရာရှိ တဦးကသုံးသပ်ပြောဆိုသည်။
နောက်ဆုံး သိရသောစာရင်းအရ ဗုံးကွဲမှုတွင် ဒဏ်ရာရရှိသူ အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၂၉ ဦး ရန်ကုန်ဆေးရုံကြီး၌ ဆက်လက် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၂၀ ရှိနေသေးကြောင်း သိရသည်။
ရင်းမြစ်။ ။ဧရာဝတီ
0 comments:
Post a Comment