Thursday, February 25, 2010

NLD ဗဟို ဦးစီးအဖွဲ့ဝင် အပြီးသတ်ရွေးချယ်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဗဟိုဦးစီး အဖွဲ့ဝင် ၁၀၀ နှင့် အရန် အဖွဲ့ဝင် ၈ ဦးကို ယနေ့ ရွေးချယ် လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်များမှ စတင်၍ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ရွေးချယ်လာသော လူစာရင်းများကို CEC အဖွဲ့သို့ တင်ပြ သော်လည်း ယနေ့မှသာ အပြီးသတ် ရွေးချယ်နိုင်ခဲ့ ကြောင်း NLD ဗဟိုကော်မတီ အဖွဲ့ဝင်(CEC) ဒေါက်တာ ၀င်းနိုင်က ပြောသည်။

bridge
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် အခမ်းအနားတွင် တွေ့ရသည့် ခေါင်းဆောင်တချို့ (ဓာတ်ပုံ - AP)
“နာမည် တွေကတော့ တရားဝင် မထုတ်ပြန် သေးဘူး၊ မကြာခင် ထုတ်ပြန် မှာပါ၊ ပြည်နယ်နဲ့ တိုင်းက တင်ပြတာကို အခြေခံပြီး ရွေးတာပါ၊ တချို့တင်ပြ ထားတဲ့ အထဲက CEC က ပယ်သင့်တဲ့ လူတွေကို ပယ်တယ်” ဟု ဒေါက်တာ ၀င်းနိုင်က ဆိုသည်။

ပြည်နယ်နှင့် တိုင်းအဆင့် ကိုယ်စားလှယ် ရွေးချယ်မှုနှင့် ပတ်သက်၍ မြို့နယ် အဆင့် NLD အဖွဲ့ဝင်များ အကြား မကျေနပ်မှုနှင့် ကွဲလွဲမှု များကို ပြေလည်အောင် ဖြေရှင်းနိုင် ခဲ့ကြောင်း၊ NLD ၏ မူအရ ပြည်နယ်နှင့်တိုင်း အကျယ် အ၀န်းကို မူတည်၍ ဦးစီးအဖွဲ့ကို ရွေးချယ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ပြည်နယ်နဲ့တိုင်း အငယ်တွေက ၅ ဦး အကြီးတွေက ၇ ဦး သတ်မှတ်ထားတယ်၊ အဲဒီမှာ အခြေခံပြီးတော့ လိုအပ်ရင်လိုအပ်သလို ထပ်တိုးတာပေါ့၊ လုပ်ငန်းလိုအပ်ချက်အရ ဗဟိုအလုပ် အမှုဆောင်နဲ့ အားလုံးသဘောတူရင် ထပ်ဖြည့်တာပေါ့” ဟု ဒေါက်တာ ၀င်းနိုင်က ပြောသည်။

NLD အနေဖြင့် ဗဟိုကော်မတီရွေးချယ်ရာ၌ ထားရှိသည့်မူများတွင် နိုင်ငံရေး အရည်အချင်းရှိရမည်၊ ပါတီအပေါ်တွင် သစ္စာ ရှိရမည်၊ အဖွဲ့ချုပ်၏ နိုင်ငံရေးလုပ်ငန်းများနှင့် မကင်းကွာဘဲ တဆက်တစပ်တည်း ရှိနေသူဖြစ်ရမည်၊ အဖွဲ့ချုပ်က ကိုင်စွဲထားသည့် နိုင်ငံရေး ရပ်တည်ချက်များနှင့် သဘောတူညီသည့် ပုဂ္ဂိုလ်ဖြစ်ရမည်၊ အဖွဲ့ချုပ် စည်းမျဉ်း စည်းကမ်းအရ အပြစ်ပေးအရေးယူခံ ထားရသည့် သူများ မဖြစ်ရဟု ပါရှိကြောင်း၊ သို့သော် အကျဉ်းကျနေသည့် အဖွဲ့ဝင်များကိုလည်း ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီလက အဖွဲ့ဝင် ၁၁ ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသော NLD၏ CECကို အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံ ရွေးချယ်ခဲ့သဖြင့် အဖွဲ့ဝင် ၂၀ ဖြစ်သွားပြီ ဖြစ်သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခဲ့ကြသည်။ ယင်းသို့ တွေ့ဆုံရာတွင် CEC ကို ပြန်လည် ဖွဲ့စည်းရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Thursday, 25 February 2010 18:17 ကိုထွေး  
ဧရာဝတီ

ရွေးကောက်ပွဲဝင်ကြရန် နိုင်ငံရေးသမား ၂ ဦး ပြည်ပတွင် တိုက်တွန်း


ရန်ကုန်အခြေစိုက် နိုင်ငံရေးသမား ၂ ဦးက ဒီမိုကရေစီ အင်အားစုများကို ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် စာနယ်ဇင်း ညီလာခံတခုသို့ ယနေ့ တက်ရောက်ပြီး တိုက်တွန်း ပြောကြားလိုက်သည်။


မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးနေသော ထင်ရှားသည့် နိုင်ငံရေးသမား ဦးသုဝေ (ဓာတ်ပုံ - ၀ါးရှီးဖော/ဧရာဝတီ)
မြန်မာ သတင်းသမဂ္ဂ၏ သတ္တမ အကြိမ်မြောက် ညီလာခံသို့ တက်ရောက်ပြီး ထိုသို့ ပြောလိုက်သူ ၂ ဦးမှာ ၀ါရင့် နိုင်ငံရေးသမား ဦးသုဝေနှင့် လူမှုကူညီရေး အဖွဲ့တခုတွင် ဆောင်ရွက်နေသူ ဒေါက်တာ ခင်ဇော်ဝင်းတို့ ဖြစ်သည်။

ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်ဟု အများက ယူဆထားကြ သော်လည်း လွှတ်တော်တခု ပေါ်ပေါက် လာမည် ဖြစ်သောကြောင့် တိုင်းရင်းသား အရေး အပါအ၀င် နိုင်ငံအတွက် လိုအပ်သည့် အရာမှန်သမျှကို ညှိနှိုင်းနိုင်မည်ဟု ဒေါက်တာ ခင်ဇော်ဝင်းက မြန်မာ့ နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြစဉ် ပြောကြားလိုက်သည်။

“ရထားတဲ့ အခွင့်အရေးကို ယူသင့်ပါတယ်။ နှစ်ပေါင်းများစွာ တမ်းတနေတဲ့ အရာကို ဒီနေရာမှာ ရှာသင့်ပါတယ်။  ဒီမိုကရေစီ အတွက် မဲပေးကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု သူက ပြောသည်။

ဝါရင့်နိုင်ငံရေးသမား ဦးသုဝေကလည်း အနှစ် ၂၀ အုပ်ချုပ်လာသည့် စစ်အစိုးရသည်  ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လိုသဖြင့် ရွေးကောက်ပွဲကို စီစဉ်နေကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် အရပ်သားအစိုးရ ပေါ်လာမည်ဖြစ်ကြောင်း ပြောသည်။

“မ၀င်ဘဲနေရင် ကိုယ်မလိုချင်တဲ့ အစိုးရကို ပိုပြီးတော့ အားပေးရာ ရောက်မယ်၊ မ၀င်ဘဲနေရင် ပိုဆိုးသွားမယ်။ ခင်ဗျားတို့ပဲ အစိုးရ ဆက်လုပ်ပါလို့ ပြောလိုက်သလို ဖြစ်သွားမယ်” ဟု ဦးသုဝေက ပြောသည်။


နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာခင်ဇော်ဝင်း။ ပေါ်ပေါက်လာမည့် လွှတ်တော်မှတဆင့်သာ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်လာနိုင်သည်ဟု သူက ပြောသည်။ တခြားနည်းလမ်းဖြင့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်မဟုတ်ဟု သူက ဆိုသည် (ဓာတ်ပုံ - ၀ါးရှီးဖော/ဧရာဝတီ)
စာနယ်ဇင်း သမားများနှင့် နိုင်ငံရေး သမားတချို့ တက်ရောက် နေသည့် ညီလာခံတွင် အနာဂတ်တွင် ပြုပြင်ရန် အတွက် ခက်ခဲလိမ့်မည်ဟု လူပြောများနေသော စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေး ကြသည် ကိုလည်း တွေ့မြင်ရသည်။

ဦးသုဝေက “မကြိုက်တဲ့ လူတွေ အများကြီး ရှိတဲ့ အခြေခံ ဥပဒေက ဘယ်လောက် ကြာကြာ ခံနိုင်မလဲ။ အချုပ်အခြာ အာဏာပိုင်တဲ့ လူထု လက်ထဲကို အာဏာ ရောက်သွားရင် (ပြုပြင်ဖို့) လွယ်လွယ် လေးပါ” ဟု ပြောသည်။

ဦးသုဝေသည်  ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန် အသင့်ရှိနေသည့် ရန်ကုန် အခြေစိုက် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။

အများကျေနပ်မှု မရှိသည့် ၂၀၀၈ အခြေခံဥပဒေသည် ရွေးကောက်ပွဲ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည် ပြင်ဆင်နိုင်မည်ဟု မျှော်လင့်သဖြင့် ယခုနှစ် ရွေးကောက်ပွဲမှတဆင့် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဒေါက်တာခင်ဇော်ဝင်းက ယူဆသည်။

“အမှောင်လွှမ်းနေပြီ၊ ဘေးထိုင်နေမယ် ဆိုရင် ပြည်သူလူထုက ပိုပြီးတော့ နာမယ်” ဟု သူက ပြောသည်။

သို့သော်လည်း ရွေးကောက်ပွဲကာလတွင် စစ်အစိုးရက သတင်းမီဒီယာကို လွတ်လပ်ခွင့်ပေးဦးမည် မဟုတ်ဟု ဒေါက်တာခင်ဇော်ဝင်းက ပြောသည်။

“အားလုံး ပြီးပြည့်စုံတဲ့ အခြေအနေကိုတော့ မမြင်သေးဘူး။ ဒီထက် ကျပ်ရင်တောင် ကျပ်လာမယ်” ဟု သူက ပြောသည်။

ပြည်တွင်း စာနယ်ဇင်းသမားများ ရွေးကောက်ပွဲကာလတွင် လွတ်လပ်ခွင့် မရပါက ပြည်ပ စာနယ်ဇင်းများက ကူညီပြီး ရေးသားဖော်ပြနိုင်မည်ဟု  နိုင်ငံရေးအကျဉ်းသားဟောင်း တဦး ဖြစ်သူ ဒေါက်တာခင်ဇော်ဝင်းက ပြောသည်။  ကုလသမဂ္ဂ အရာရှိအဖြစ် တာဝန် ထမ်းဆောင်စဉ် ဒေါက်တာခင်ဇော်ဝင်းသည် ၁၁ နှစ်ကြာ အကျဉ်းချခံရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာသည်။

ပြည်ပအခြေစိုက် နာမည်ကျော် နိုင်ငံရေးသမားတဦးဖြစ်သည့် ကိုမိုးသီးဇွန်က ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အပြောင်းအလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တို့ ဖြစ်လာမည် မဟုတ်ကြောင်း  ၀င်ရောက် ဆွေးနွေးသည်။


မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးနေကြသော ဦးသန်းလွင်ထွန်း၊ ဦးမောင်မောင်၊ ဦးသုဝေ၊ ဦးကျော်ဇံသာ၊ ဒေါက်တာခင်ဇော်ဝင်း၊ ဦးမောင်မောင်မြင့် (ဓာတ်ပုံ - ၀ါးရှီးဖော/ဧရာဝတီ)
“နအဖ အစိုးရက ပြုပြင် ပြောင်းလဲဖို့ စိတ်ဓာတ်က မရှိသေးဘူး။ အခုဆိုရင် ပိုဆိုးသွားတယ်” ဟု သူက ပြောသည်။

စစ်အစိုးရထံမှ ယုံကြည်ဖွယ်ရာ အပြုအမူများ မတွေ့ရသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ကာလ ကတည်းကပင် သူက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် အကြံပေးခဲ့ သော်လည်း NLD က ရွေးကောက်ပွဲ ၀င်ခဲ့သည်ဟု သူက ဆိုသည်။ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရခဲ့ သော်လည်း စစ်အစိုးရက အာဏာ အပ်နှင်းခြင်း မပြုခဲ့သည့် အချက်ကို သူက ထောက်ပြသည်။

“အခု ၂၀၁၀ ရွေးကောက်ပွဲ ၀င်မယ့် သူတွေဟာ NLD က နောင်တ ရသလိုမျိုး နောင်တ ရကြလိမ့်မယ်” ဟု ကိုမိုးသီးဇွန်က ပြောသည်။

ပြည်ပရောက် ထင်ရှားသည့် နိုင်ငံရေးသမားတဦးဖြစ်သည့် ဦးမောင်မောင်ကလည်း ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရ နှင့် ဒီမိုကရေစီ အင်အားစုတို့ စေ့စပ်ဆွေးနွေးရေး လုပ်သင့်သည်ဟု ဆိုသည်။

“ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲ ရှိသင့်တယ် ဆိုတာ လက်ခံတယ်။ ယုံကြည်မှုဆိုတာ မရှိသေးသရွေ့ ရွေးကောက်ပွဲကို လုပ်ရင်လည်း တိုင်းပြည်ရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူး” ဟု ပြည်ပရောက် နိုင်ငံရေးအဖွဲ့များဖြင့် စုစည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

Thursday, 25 February 2010 17:25 ဇာနည်ဝင်း 
ဧရာဝတီ

ဟာသကြက်ဥကြော်လား

       
            နွေရာသီရဲ့ ရှေ့ပြေးဖြစ်တဲ့ ဥသြတွန်သံမှ လှိုင်လှိုင်မကြားရသေးဘူး၊ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးအခြေအနေက အတော်ကလေး ဆိုးဆိုးရွားရွား ဖြစ်နေပြီဆိုတဲ့ အသံတွေ ကြားနေရတယ်။ တချို့မြို့နယ်တွေမှာဆိုရင် တရက်ကို မီးလာချိန် (၃) နာရီတောင် မပြည့်ဘူးလို့ သိရတယ်။ မြို့ငယ်ကလေးတွေ မပြောပါနဲ့လေ။ ရန်ကုန်မြို့တော်ကြီးမှာတောင် မြို့လယ်တခုလုံးဟာ မီးစက်မောင်းသံတွေနဲ့ နေ့စဉ် ငရဲပွက်နေသလိုပါပဲလို့ ပြောကြတယ် (တချို့ကတော့ အဲဒီမီးစက်သံတွေကို ဒီမိုကရေစီ တောင်းဆိုသံတွေလို့ တင်စားကြသတဲ့)။

နအဖက သူ့လက်ထက်မှာ ရေအားလျှပ်စစ် ကီလိုဝပ် ဘယ်လောက်ထုတ်လုပ်နိုင်တဲ့ ရေကာတာကြီး ဘယ်နှခု တည်ဆောက် ပြီးစီးခဲ့ပြီ၊ နောက်ထပ်လည်း ဘယ်နှခု တည်ဆောက်ဦးမယ်ဆိုပြီး အမြဲတမ်း ကြွားလုံးထုတ်လေ့ရှိတယ်။ ရုပ်ရှင်မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေကို ကခိုင်း ဆိုခိုင်း သရုပ်ဆောင်ခိုင်းပြီး အဲဒီဆည်မြောင်း တာတမံ ရေကာတာကြီးတွေကို ‘ပွဲထုတ်’ လေ့ရှိတယ်။

ဒါပေမယ့် သဘာဝဓာတ်ငွေ့တွေ အလျှံပယ်ထွက်ရှိလို့ ထိုင်းတို့၊ တရုတ်တို့ကိုတောင် ရောင်းချပြီး ဒေါ်လာ သန်းထောင်ပေါင်းများစွာရရှိနေတဲ့ ငါတို့နိုင်ငံ၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ဆည်မြောင်းတာတမံ ရေကာတာကြီးတွေ အဲသလောက်များများရှိနေတဲ့ ငါတို့နိုင်ငံဟာ နွေတောင်မရောက်သေးဘူး၊ တနေ့ (၃) နာရီတောင် မီးမရတော့တဲ့ အခြေအနေကို ဘာကြောင့်ရောက်နေရတာလဲဆိုတာကို ပြည်သူတွေ နားမလည်နိုင်ဖြစ်နေကြတယ်။

အဲသလိုပဲ တချိန်က အာရှရဲ့ ‘ဆန်အိုးကြီး’ ဖြစ်ခဲ့ဖူးတဲ့၊ အခုလက်ရှိမှာလည်း (နအဖရဲ့ ထုတ်ပြန်ပြောဆိုချက်တွေအရ) စပါးစိုက်ဧကတွေ တနှစ်ထက်တနှစ် ကြောက်ခမန်းလိလိ တိုးလာနေတဲ့ ဒီနိုင်ငံမှာ ပြည်သူတွေဟာ အနှစ်အသားသိပ်မပါတဲ့ ဆန်ကြမ်းကိုတောင် ဈေးသက်သက်သာသာနဲ့ ၀၀လင်လင် မစားနိုင်ကြဘူးဖြစ်နေတယ်။ မကြာသေးမီကလည်း ဆန်ဈေးတွေ ခုန်တက်သွားတယ်လို့ ကြားရတယ်။ အခြေခံလူတန်းစားက အိမ်ရှင်မတွေရဲ့ ချူသံပါအောင် ညည်းတဲ့ အသံတွေ ပိုမိုကျယ်လောင်လာတာကို သတိပြုမိတယ်။

မြန်မာပြည်သူတွေရဲ့ လူမှုဒုက္ခတွေအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲ။

ပြည်သူတွေ အဲသလို ‘ချဉ်သီးပင်အောက် ချဉ်သီးရှား’ နေကြချိန်မှာ နအဖကတော့ လူထုဆီက ‘တိုက်ရာပါပစ္စည်း’ ဖြစ်တဲ့ အာဏာကို ထာဝရသိမ်းပိုက်ထားနိုင်ဖို့ကိုပဲ ‘ဆင်ကြံကြံ’ နေတယ်။ သူတို့ရဲ့ လမ်းပြမြေပုံဆိုတာထဲက အဆင့်တဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ရပ်ကျော်ရွာကျော် ကြေညာထားပြီး ဖြစ်နေပြီမို့ ပြည်သူလူထုကလည်း လက်မခံ၊ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အသိအမှတ်ပြုဖွယ်မရှိတဲ့ အဲဒီ ‘ခဲမူးစေ့’ ကို ဘယ်လိုပွဲထုတ်ရမလဲဆိုတာ အကြံထုတ်ရင်း အခုဆိုရင် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ၂၀၁၀ ခုနှစ်ထဲကို တရက်ပြီးတရက် နက်သထက်နက်အောင် ၀င်ရောက်လာခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ထုတ်ပြန်သင့်တဲ့ အချိန်ထက် အများကြီးတောင် ကျော်လွန်လာခဲ့ပြီဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေ၊ ပါတီများမှတ်ပုံတင်ခြင်းဥပဒေ … စတာတွေကတော့ အခုအထိ ပေါ်မလာသေးဘူး။

ကြားဖြတ်ရုပ်သေးအစိုးရတခုဖွဲ့ပြီး ရွေးကောက်ပွဲကိစ္စ အဲဒီအစိုးရလက်ထဲကိုပဲ အလုံးစုံ လွှဲအပ်ပေးတော့မယ့်ပုံမျိုး လေသံလွှင့်ရင်း အဲဒီဥပဒေတွေ ထုတ်ပြန်ပေးဖို့ နောက်ကျနေမှုအတွက် ‘အလီဘိုင်’ ပြနိုင်ဖို့ ကြိုးစားနေတယ်။ တချိန်တည်းမှာ ဗိုလ်သန်းရွှေရဲ့ ‘လူပြက်အလီ’ ဗိုလ်ကျော်ဆန်းက အကယ်ဒမီပေးပွဲမှာ ဘာမှမဆီမဆိုင် ရွေးကောက်ပွဲအကြောင်း ကြော်ငြာဝင်ခဲ့တာကိုကြည့်ရင် ဘယ်လိုမှ မဆီလျော်မှန်းသိပေမယ့် အကြံကုန် ဂဠုန်ဆားချက်ဆိုသလို လမ်းတံတားတွေ၊ တက္ကသိုလ်တွေ၊ ဆည်မြောင်းတာတမံ ရေကာတာတွေလို ‘အနှစ်ဗလာ အကာပြဲ့ပြဲ့’ အဲဒီရွေးကောက်ပွဲကိုလည်း ရုပ်ရှင်မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေနဲ့တွဲပြီး ပွဲထုတ်ဖို့ ကြံစည်နေပုံရတယ်။

တချိန်တည်းမှာ နအဖရဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အသက်ဝင်ရေးလုပ်ငန်းစဉ်ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ သွယ်ဝိုက်တနည်း၊ တည့်တိုးတလမ်း ရှေ့နေလိုက်ပေးနေကြတဲ့ ‘နိုင်ငံပြုဂျာနယ်လစ်’ ကြီးများလည်း အခုတော့ နည်းနည်းမောသွားကြပုံရတယ်။ ‘လက်အားလုံး ထုတ်ပြခြင်းသည်သာ’ ဆရာလေးလည်း ခပ်စပ်စပ်ကလေး အတွယ်ခံလိုက်ရလို့ အခုနောက်ပိုင်း ကလောင်သိပ်မရမ်းရဲတော့တာပဲလား၊ စကားလုံးပဉ္စလက်ဆရာ ကွန်မြူနစ်လူထွက်ကြီးလည်း ပစ်လွှတ်စရာ ဝေါဟာရမီးရှူးမီးပန်းအသစ်တွေ ခန်းခြောက်သွားလို့ပဲလားမသိ၊ ဒါမှမဟုတ် သူတို့က ကန့်လန့်ကာရှေ့က ခွန်းထောက်တွေ၊ ဆိုင်းဆင့်တွေ၊ လေပြည်တွေ ဘယ်လိုဘယ်လောက်ပဲ ထိုးနေပေမယ့် ကန့်လန့်ကာနောက်က သူတို့မင်းသား နအဖက ထွက်ချိန်တွေ အများကြီးလွန်သွားတာတောင် မထွက်သေးတော့ သူတို့ကိုယ်တိုင် ကိုယ့်မင်းသားကိုယ် ဇဝေဇ၀ါ ဖြစ်နေကြလေသလားမသိ။ သူတို့ရဲ့ လိုင်စင်ရ စာမျက်နှာတွေပေါ်မှာ ရွှေဂုံတိုင်ကြေညာချက်ဘက်တော်သားတွေကို ချော့မြှူခြိမ်းခြောက် ကြိမ်းမောင်းတာတွေထက် ယေဘုယျ နိုင်ငံရေးသဘောတရားဆိုင်ရာ သြ၀ါဒတွေကိုပဲ ပိုပြီးအတွေ့များလာရတယ်။

ဗိုလ်သန်းရွှေကတော့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ မဖြစ်မနေ မပျက်မကွက် ကျင်းပမယ်ဆိုတဲ့ ဂါထာကို လွတ်လပ်ရေးနေ့မှာ တကြိမ်၊ ပြည်ထောင်စုနေ့မှာ တကြိမ် ရွတ်ဆိုပြီး ယောင်တောင်တောင်ဖြစ်နေတဲ့ သူ့လူတွေဘက်က မဲတင်းပေးနေတယ်။ မြန်မာပြည်သူလူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရွှေဂုံတိုင်ကြေညာချက် အကြောင်းကိုလည်း တခွန်းမဟ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ပထမဆုံး မဖြစ်မနေ လှမ်းရမယ့် ခြေလှမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားပျော့ပျောင်း ညွတ်နူးယဉ်ကျေးစွာ ကမ်းလှမ်းဖိတ်ခေါ်ထားမှုကိုလည်း အကြောင်းမပြန်ဘဲ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ စကားတခွန်းကိုပဲ မျက်စိမှိတ်ပြောနေပုံထောက်တော့ ဗိုလ်သန်းရွှေတယောက် မျက်ကန်းတစ္ဆေမကြောက် ကြမ်းတော့ရမ်းတော့မယ့်ပုံ ရှိနေတယ်။

ဆိုရိုးစကားတခု ကြားဖူးတယ်။ “ပညာရှိများသည် သူတပါး၏ အမှားမှ သင်ခန်းစာယူကြ၏။ သာမန်လူများသည် မိမိအမှားမှ သင်ခန်းစာယူကြ၏။ လူမိုက်များသည်ကား မည်သည့် သင်ခန်းစာမျှယူနိုင်ခြင်း မရှိကြကုန်” တဲ့။

ဗိုလ်သန်းရွှေဟာ ကျေးဇူးရှင် ဗိုလ်နေ၀င်းကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ သူ့ခေါင်းဆောင် သူ့အထက်အရာရှိ ဗိုလ်စောမောင်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ … စသည်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ ညာလက်ရုံး ဗိုလ်ခင်ညွန့်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ အဲသလို ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် တိုင်းပြည်က စည်ပင်ဝပြော ငြိမ်းချမ်းသာယာပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ဝင့်ဝင့်ကြွားကြွား ရပ်တည်နေနိုင်တယ် ဆိုရင်တော့ အဲဒီဖယ်ရှားရှင်းလင်းမှုတွေကို ရင်နာနာနဲ့ လုပ်ခဲ့ရတယ်ဆိုရင်တောင် ထိုက်တန်ပါသေးတယ်။ ရင်နာရကျိုး နပ်ပါသေးတယ်။

အခုတော့ တိုင်းပြည်အခြေအနေက အားလုံးသိကြတဲ့အတိုင်းပဲ။ ဗိုလ်သန်းရွှေတယောက် သူ့ရဲ့ ‘မှန်ပါ့ဘုရား’ အသိုင်းအ၀ိုင်း အပြင်ဘက်ကိုထွက်ပြီး ကြည့်ရဲ၊ နားထောင်ရဲမယ်ဆိုရင် ဗမာပြည်ရဲ့ ပကတိအခြေအနေကို မြင်ရကြားရမှာ ဧကန်ဖြစ်တယ်။ သူ့ရဲ့ကျေးဇူးရှင်ကြီး ဗိုလ်နေ၀င်း အပင်းသွင်း သင်ကြားပေးခဲ့တဲ့ ‘ငါနဲ့မတူ ငါ့ရန်သူ’ မျက်မှန်စိမ်းကို ရဲရဲချွတ်ပြီး ကြည့်မယ်ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အထွေထွေ ဘယ်လိုရှိသလဲဆိုတာကို ဗိုလ်သန်းရွှေ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မှာဖြစ်တယ်။

သူ့လူတွေ သူ့ကို တလျှောက်လုံး လိမ်ညာလာခဲ့တယ်ဆိုတာကို (၂၆) နှစ်ကြာမှ သိသွားခဲ့ရပါတယ်ဆိုတဲ့ ဗိုလ်နေ၀င်းဟာ အဲဒီအမှားကို ပြင်ဖို့ကြိုးစားခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် သူကျွေးမွေးပြုစု မြေတောင်မြှောက်ပေးခဲ့တဲ့ သရဲတွေရဲ့ဒဏ်ကို ‘ဖွတ်ကော့ ပတတ်ကော့’ ကော့အောင် ခံစားခဲ့ကြရပြီးဖြစ်တဲ့ ပြည်သူတွေအတွက် သူ့ရဲ့ ‘ပုံရိပ်ပြင်’ ကုသချက်တွေ ဆေးမမီတော့ဘူး။ နောက်ဆုံးတော့ သူဟာ သူ့ရဲ့နောက်ဆုံးခရီးကို အထီးကျန်စွာ ထွက်ခွာသွားခဲ့ရပြီး သမိုင်းမှာလည်း နာမည်ဆိုးနဲ့ တွင်ကျန်ရစ်ခဲ့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ်။ ဗိုလ်သန်းရွှေအနေနဲ့ ဒါတွေကို သင်ခန်းစာယူနိုင်ခဲ့မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ သိပ်ကောင်းမှာ သေချာတယ်။

နအဖလက်ထက် အနှစ်နှစ်ဆယ်နီးပါးကာလအတွင်းမှာရော ဗမာပြည်ရဲ့အခြေအနေဟာ ဘယ်လိုရှိခဲ့၊ ရှိနေသလဲ။ နအဖအစိုးရဟာ ဗမာ့သမိုင်းတလျှောက် ဘယ်အစိုးရမှ ရင်မဆိုင်ခဲ့ရဖူးတဲ့ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချ ဆန့်ကျင်ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတယ်။ မြန်မာအစိုးရကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံနယ်နိမိတ်အပြင်ကို ရောက်သွားတာနဲ့တပြိုင်နက် နိုင်ငံတကာဆက်ဆံရေးစစ်မျက်နှာမှာ လုံးလုံးလျားလျား ခံစစ်သမားတွေ ဖြစ်သွားကြတယ်။

ဒါဆိုရင် ပြည်တွင်းမှာရော အခြေအနေဘယ်လိုရှိသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးအဖွဲ့ (၁၇) ဖွဲ့တောင်ရှိတယ်ဆိုပြီး ကြုံတိုင်း ကြွားလုံးထုတ်လေ့ရှိပေမယ့် အဲဒီငြိမ်းချမ်းရေးဆိုတာတွေဟာ ‘လက်နက်အသင့် ငြိမ်းချမ်းရေး’ သာဖြစ်တယ်။ အဲဒီညီညွတ်ရေးဆိုတာတွေဟာ ‘တံတွေးနဲ့ ကပ်ထားတဲ့ ညီညွတ်ရေး’ သာဖြစ်တယ်ဆိုတာ ဗိုလ်သန်းရွှေရော သူ့ဗိုလ်ချုပ်တွေပါ အကုန်လုံးသိကြတယ်။

‘ပင်လုံခေတ်က ကုန်သွားပြီ’ လို့ ယူဆနေကြတဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်စွမ်း မရှိသူတွေ ဖြစ်တယ်ဆိုတာ တိုင်းရင်းသားတွေက ကောင်းကောင်းသိကြတယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့လည်း နအဖခေတ်ဟာ သမိုင်းတလျှောက် နိုင်ငံရေးအကျဉ်းသားအများဆုံးခေတ်ဖြစ်တယ်ဆိုတာ နအဖဗိုလ်ချုပ်တွေကိုယ်တိုင် မငြင်းနိုင်ဘူး။

နိုင်ငံရေးသမားတွေရဲ့ ဒုက္ခပရိဒေ၀နဲ့ သူတို့မိသားစုတွေရဲ့ သောကဗျာပါဒတွေဟာ မြန်မာပြည်သူလူထု အများစုကြီးရဲ့ဘ၀တွေနဲ့ တခြားစီပဲ၊ ဘာမှမဆိုင်ဘူးလို့ ခံယူရင် ပြောဆိုရင် ဆင်သေကောင်ပေါ်က ကျီးမိုက်လို အမှားကြီး မှားသွားလိမ့်မယ်။ အဲဒီ ဒုက္ခပရိဒေ၀သောကဗျာပါဒတွေဟာ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့ အဖျားပိုင်းကလေး တပိုင်းသာဖြစ်တယ်ဆိုတာ စိတ်ဓာတ်ပုံမှန်ရှိသူတိုင်း သိကြတယ်။ ဒါတွေအားလုံးဟာ နအဖရဲ့ မူဝါဒအမှားတွေရဲ့ အကျိုးဆက်ဖြစ်တယ်။ ဗိုလ်သန်းရွှေဟာ အဲဒီသူကိုယ်တိုင် မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး အခုအချိန်မှာ ဂငယ်ကွေ့ ကွေ့နိုင်မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အချိန်မီသေးတယ်။

ဒါပေမယ့် အခုအထိတော့ ကံမကောင်းအကြောင်းမလှစွာဘဲ ဗိုလ်သန်းရွှေဟာ သင်္ဘောကြီးကို ဧရာမကျောက်ဆောင်ကြီး တခုဆီ ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းနေတယ်။ ကျောက်ဆောင်ပေါ်မှာ မီးပြတိုက်ကြီး ထီးထီးမားမား ရှိနေတာကို ကျန်တဲ့သူအားလုံး မြင်နေကြပေမယ့် ဗိုလ်သန်းရွှေနဲ့ သူ့လူတသိုက်ကတော့ ‘အင်းသူကြီး ဘုရားမမြင်’ တဲ့ ကိန်းဆိုက်နေတယ်။

ဒီနေရာမှာ စကားမစပ် ‘သံခင်းတမန်ခင်း’ ဆိုတဲ့ ပရော်ဖက်ရှင်တခုအကြောင်း ပြောချင်တယ်။ အားလုံးသိကြတဲ့အတိုင်း အစိုးရအကြီးအကဲတွေဟာ အင်မတန် စိတ်ရှည်သည်းခံပြီး အပြောအဆိုအမူအရာမှာ အင်မတန့်ကို ထိန်းထိန်းသိမ်းသိမ်းရှိတဲ့ လူမျိုးတွေကိုမှ သံတမန်အဖြစ် ခန့်ထားလေ့ရှိကြတယ်။ အဲဒီသံတမန်တွေထဲမှာမှ နိုင်ငံခြားရေးဝန်ကြီးဆိုတာတော့ အခေါင်အချုပ် အခရာပဲ။ တချို့နိုင်ငံကြီးတွေဆိုရင် သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံရဲ့အဆင့်အမြင့်ဆုံး သံတမန်အဖြစ် တင်စားလေ့ရှိကြတယ်။

အများလက်ခံထားကြတဲ့ အဆိုတခုက အရှေ့ကမ္ဘာသား (အာရှသား) တွေဟာ အနောက်ကမ္ဘာသား (ဥရောပနဲ့ အမေရိကသား) တွေထက် အပြောအဆိုအပြုအမူမှာ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြတယ်ဆိုတဲ့ အဆိုဖြစ်တယ်။

ဒါပေမယ့် ခိုင်လုံ လုံလောက်တဲ့ အကြောင်းတွေကြောင့် ဖြစ်မယ်။ မကြာသေးမီကတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ သံတမန်ရေးအထိန်းအချုပ် အကန့်အသတ်တွေကို ခွာချပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ မပါဘဲလုပ်တဲ့ နအဖရဲ့ ရွေးကောက်ပွဲဟာ 'ဟာသ' ပဲ ဖြစ်လိမ့်မယ်” လို့ ခပ်ပြင်းပြင်း သတိပေးခဲ့တယ်။ သူ အဲဒီလိုပြောပြီး မကြာမီမှာပဲ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အလားတူသဘောမျိုးဆောင်တဲ့ စကားကို ပြောဆိုခဲ့တယ်။

အရပ်ကတော့ ကြည့်မနေနိုင်လို့ ပြောကုန်ကြပြီ။ နအဖ ဘာလုပ်မှာလဲ။

“ကြက်ဥကို မခွဲဘဲ ကြက်ဥကြော်လုပ်၍ မရနိုင်ပါ” ဆိုတဲ့ စကားတခုရှိတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဆိုတဲ့ ကြက်ဥကြော်လုပ်မယ်ဆိုရင် “နိုင်ငံတော်အချုပ်အခြာအာဏာသည် ပြည်သူလုထုထံမှ ဆင်းသက်သည်” ဆိုတဲ့ ကြက်ဥကို အရင်ခွဲရမှာဖြစ်တယ်။ အဲဒီသဘောတရားကို ၁၉၉၀ ရွေးကောက်ပွဲမှာ မြင်တွေ့ခဲ့ရပြီးဖြစ်တယ်။ အနှစ်နှစ်ဆယ် လွန်မြောက်ခဲ့ပြီးတဲ့နောက် အခုအချိန်မှာ အဲဒီသဘောတရားကို အနှစ်သာရအရ ဆက်လက်ကိုယ်စားပြုနေတာကတော့ အဲဒီတုန်းက အနိုင်ရပါတီဖြစ်ခဲ့သလို အခုအချိန်အထိလည်း ပြည်သူလူထုအများစုကြီးရဲ့ ထောက်ခံမှုကို ဆက်လက်ရရှိနေဆဲဖြစ်တဲ့ အန်အယ်လ်ဒီပါတီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာချက်ဖြစ်တယ်။

အဲဒီတော့ အဲဒီရွှေဂုံတိုင်ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဆိုတဲ့ ကြက်ဥကိုမခွဲဘဲ ရွေးကောက်ပွဲကြက်ဥကြော် လုပ်မယ်ဆိုရင်တော့ နအဖရဲ့ကြက်ဥကြော်ဟာ အလုံးလိုက်ကြော်ထားတဲ့ ကြက်ဥကြော်၊ တနည်းပြောရရင် မြန်မာပြည်သူလူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြက်ဥကြော်လို့ လက်မခံတဲ့ ကြက်ဥကြော်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး စကားကို ငှားပြီးပြောရရင် ‘ဟာသကြက်ဥကြော်’ ပဲ ဖြစ်လိမ့်မယ်။ ။

ဘွဲ့ဖြူ
၂၅/ ဖေဖော်ဝါရီ ၂၀၁၀
ခေတ်ပြိုင်

ရန်ကုန် ဝဋ်လည်ခြင်း

  

ccc

ဝဋ်ဆိုသည် လည်တတ်၏။ မကြုံဖူးတုန်းကတော့ မယုံ။ ခုတော့ဖြင့် ကိုယ်တွေ့ကြုံသောအခါ ယုံရလေပြီ။ ကိုယ်တိုင်ကြုံတွေ့ ဝဋ်လည်ခံနေရသည်က ရန်ကုန်လူထု ဖြစ်လေသည်။ ၂ဝဝ၅ ခုနှစ် မတိုင်ခင်က အထိ ရန်ကုန်သားတို့ အခြားမြို့သား နယ်ကလူများအပေါ် မော်ကြွားခဲ့လေသမျှ ခုတော့ ဝဋ်ပြန်ခံနေရလေပြီ။

ရွှေမြို့တော်ကြီးသားဟု သွေးနားထင် ရောက်ကာ နယ်က တောသားများအပေါ် အထင်အမြင်သေးခဲ့သမျှ ဗိုလ်ဂျုတ်ကြီးလုပ်လိုက်မှ ခံရချက်နာကြလေပြီ။ ဗိုလ်ဂျူတ်ကြီးဟူသည်ကား တိုင်းပြည်ဘဏ္ဍာတော်များကို ရိတ်ရာတွင် နာမည်ကျော်သူ သက်ကြားအိုပင် ဖြစ်တော့သည်။ သူ၏ အစွမ်းကား ရန်ကုန်သားတို့ ဝဋ်လည်အောင် လုပ်နိုင်စွမ်း ရှိ၏။ ယခုပင်ကြည့် နေပြည်တော်ဟု အမည်သညာတွင်လေသော မြို့တော်သစ်ကြီး ပေါ်ထွန်းလာသည်မှ စတင်ကာ မြို့ရန်ကုန်သည် ဇနပုဒ်လုံးလုံး ဖြစ်ချေပြီ။ မီးမလာ၊ ရေမရ နိမ့်ကျလာသည့် လူမှုဘဝများက နေပြည်တော် ပျဉ်းမနားသားတို့၏ ဘဝများထက် နောက်ဆုံးသို့ ရောက်သွားရသကဲ့သို့ ဖြစ်ပေသည်။

တချိန်က မြို့ရန်ကုန်သို့ နယ်မှလူများ ရောက်လာပါက အံ့ချီးဘနန်း ရင်သပ်ရှုမော အထင်ကြီးခဲ့ရလေသမျှ ခုများတော့ နေပြည်တော်ကြီးက အဆတရာမက သာသွားလေပြီ။ ဝန်ကြီးဌာနများ မြို့ရန်ကုန်ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားသည့်နောက် ဟိုတချိန်က ရွှေမြို့တော်ကြီးသည် တနေ့ထက်တနေ့ အဆင့်နိမ့်ကျလာခဲ့သည်မှာ ရန်ကုန်သူ၊ ရန်ကုန်သားတို့ ခံရချက်နာလှပေ၏။

လွန်ခဲ့ပြီးလေသော နှစ်များက အခြေအနေ မဆိုးလှသည့် လျှပ်စစ်မီးသည် ဌာနဆိုင်ရာများ သုံးစွဲမှုလျော့ကျသွားသည်တောင်မှ ကောင်းမလာဘဲ၊ ဆိုးသထက် ဆိုးလာသည်မှာ နားမလည်နိုင် ဖြစ်ကြရသည်။ သည်ရက်ပိုင်းအခြေအနေက အဆိုးဆုံးဖြစ်နေသည်။ ပို၍လည်း ဆိုးလာဦးမည်ဟု သိရပြန်သည်။ ဂက်စ်လိုင်းပေါက်သည်လည်း မကြား။ မိမိတို့ စစ်အစိုးရလက်ထက်တွင် ငြိမ်းချမ်းသာယာ ဝပြောလှပါပြီဆိုသည့် အကြားက သောင်းကျန်းသူဟု အမည်သညာ တပ်ခံရသူများကလည်း ဓာတ်အားတိုင်နားတောင် လာနိုင်ဟန် မတူသည့် အခြေအနေ ဖြစ်ပါလျက် ကိုယ်ရွှေလျှပ်စစ်မီးက မလာ။ လာပြန်ရင်လည်း ခဏ။ ဖြစ်ဟယ်၊ ပျက်ဟယ်၊ ပျက်ဟယ်နှင့် သံဝေဂတရားကို ထိုင်ရာမထ ရှုတတ်လျှင် ရအောင် စွမ်းသည်။

ဟိုတုန်းက မန္တလာသားတို့ကို “ချမ်းအေးပူအိုက်၊ ဖုန်ထူခြင်ကိုက်မြို့” ဟု ရန်ကုန်သားတို့ နှိမ့်ချပြောခဲ့လေသမျှ ခု ဝဋ်ပြန်လည်ခံနေရပြီ။ ရန်ကုန်သည်လည်း မီးနေသည် ရွှေပေါင်းဖို့ အဆင်သင့်လုပ်ထားပေးသလို ဖြစ်နေပြီ။ လမ်းများလည်း ဇရာထောင်း၊ “ပျက်မပြင် စည်ပင်ခင်ဗျ” ဟု ပြောရမလို မြို့တော်ဝန်ကြီးလည်း ဘယ်ဆီမှန်း မသိသော ရွေးကောက်ပွဲအတွက်သာ လုံးပမ်းနေတော့ဟန် ရှိသည်။ ရေသည်ပြဇာတ်ထဲမှ မိန်းမ၏ ထမီလို အပေါက်ဗရပွပေါ်က ကားများ ဖြတ်မောင်းလေသော ဖုန်တထောင်းထောင်း ထနေသော ရန်ကုန်လမ်းမများကား သန်းထွန်းလေး၏ မွေးဌာနီကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိပေတော့သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဆိုသည်ကြီးကလည်း အခွန်ကောက်ရာတွင် ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်လက်လို မြန်လှသော်လည်း ပြန်လည်ဆောင်ရွက်ပေးရန် ရှိသည်များကျတော့ ကျောက်ရုပ်ကို အဖေခေါ်ရမည့်နှယ် မတုန်မလှုပ် အိနြေ္ဒရလှသည်။

ရန်ကုန်က ရသမျှအခွန်အခတို့က ရန်ကုန်မြို့အတွက် ပြန်မသုံးရဘဲ ဗိုလ်ဂျုတ်ကြီး နန်းတည်လေရာ နေပူတော်မြို့ ခန့်သထက်ခန့်ငြား၊ ထည်သထက်ထည်ဝါစေရေး ပံ့ပိုးပေးရသည်ဟု ကြားသိရပေ၏။

“ကိုယ်ထူကိုယ်ထ” ဆိုသော အသုံးကို မည်သည့်ပညာရှိ ထွင်သွားသည် မသိသော်လည်း ရန်ကုန်သားတို့ကတော့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယဉ်ပါးကာနေသည်မှာ ကြာကြာချေပြီ။ မီးမလာ ရေမရလျှင်လည်း ကိုယ့်ဘာသာကြံဆ၊ ရေမရလည်း ကိုယ့်ဘာသာကြံဆ၊ လမ်းပျက်လျှင်လည်း ကိုယ့်ဘာသာကြံဆဖြင့် စခန်းသွားနေကြရသည်မှာ ကြာမြင့်လှပေပြီ။

လျှပ်စစ်မီးပျက်ချိန် များလာ၍ မီးစက်ကြီးများ အပြိုင်အဆိုင် နှိုးကြရပုံများကဖြင့် အီရတ်စစ်ပွဲထဲ ရောက်နေသလို အာဖဂန်မှာ တာလီဘန်နှင့် သူနိုင်ကိုယ်နိုင် ကြဲနေသလိုပင် ဆူပွက်လှ၏။ နားများပင် လေးလာသည်ဟု မိမိကိုယ်တိုင် ခံစားမိ၏။ လေထုညစ်ညမ်းမှုကတော့ ဘယ်လိုတိုင်းထွာရမှန်းပင် မသိသောကြောင့် ရန်ကုန်သားတို့ စိတ်မပူလှ။ အက်ဆစ်မိုး ရွာသွန်းရင်ဖြင့် ဇော်ဝင်းထွဋ် နိမိတ်ဖတ်သည်ဟူ၍ အာဏာပိုင်တို့က လမ်းလွှဲချဦးမည့်ဟန် ကြိုမြင်ရလေသည်။

အက်ဆစ်မိုး လာမလာ မသေချာသော်လည်း ရန်ကုန်သားများအကြား အဆုတ်နာကတော့ တိုးပွားလာနေသည်ကြောင့် 3D Fund လည်း အပြေးအလွှား ဝင်ရောက်လာရသည်ကတော့ သေချာလှသည်။

ရန်ကုန် ဘဝပျက်နေသော်လည်း နေပူတော်မြို့မှာကတော့ မနာလိုစရာ ကောင်းလောက်အောင် အလျှံတညီးညီးနှင့် ငရဲမီးများအလား ဝင်းဝင်းပပ၊ ထိန်ထိန်ပြောင်နေသည်။ ဗိုလ်ဂျူတ်ကြီး သေလွန်သော သွားရာလမ်းအတွက် ကြိုတင်ပြင်ဆင်ပြီး လျှပ်စစ်မီးနှင့် အပူချိန်ခံနိုင်အောင် ကျင့်ကြံအားထုတ်နေဟန်ရှိသည်။

မြို့တော်ဟောင်း ရန်ကုန်တွင် တချိန်က ချမ်းသာခဲ့သမျှကိုလည်း ရွှေမြို့တော်သစ် နေပြည်တော်သို့ ပုံပေးလိုက်ရသဖြင့် ရန်ကုန်မြို့မှာ အခွံဗလာချည်းသာ ကျန်ပေတော့သည်။ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်၊ အမျိုးသားယဉ်ကျေးမှု ပြတိုက်များမှ ပစ္စည်းအဖုံဖုံနှင့် နေပြည်တော် တိရစ္ဆာန်ရုံတို့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က အကောင်မျိုးစုံတို့အပြင် ရွှေ့ပြောင်းနိုင်သမျှ နေပြည်တော်သို့ သယ်မသွားကြလေသည်။ ရန်ကုန်မြို့မှ ရှေးဟောင်း အမွေအနှစ်လက်ရာ အဆောက်အအုံဟောင်းများကိုလည်း ထိန်းသိမ်းထားရမည်ကို လက်ညှိုးထိုး ရောင်းစားပစ်လေသည်မှာ မည်သူတွေ သပိတ်ဝင်အိတ်ဝင် ရသွားလေသည် မသိပေ။

ဗိုလ်ဂျုတ်ကြီးသည် မြို့တော်ဟောင်း ရန်ကုန်အပေါ် မည်သည့်အတွက်ကြောင့် အငြှိုးကြီးစွာ နှိပ်ကွပ်နေသည် မပြောတတ်တော့ပေ။ သူစိတ်ဆိုးရလေသည်ဟု ယူဆရလေသော အချက်မှာ ရန်ကုန်မြို့သားတို့က အာဏာရှင် စစ်အစိုးရ ဆင်းပေးရေး ဆန္ဒ ၄-၅ ခါလောက် ပြဖူးသည်သာ ရှိပါသည်။ ရန်ကုန်မြို့ကို စုတ်သထက် စုတ်၊ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်ကာ နေပြည်တော် ရွှေမြို့တော်ကို ပြောင်းနေချင်စိတ် ပေါက်အောင်များ စနစ်တကျ အကွက်ချစီမံနေသည်လား မပြောတတ်တော့ပေ။ နေပြည်တော် ဒေသဖွံ့ဖြိုးရေး ဗိုလ်ဂျူတ်ကြီး မားကတ်တင်း ဆင်းပုံကတော့ ပြောပြရင် အောချလောက်ပါသည်။ လမ်းနာမည် နှစ်ခု ဆက်တိုက်ကို မှန်မှန်ကန်ကန် ရွတ်ရခက်လောက်လေသော ပဝေသနီဗာရာဏသီခေတ်က အမည်နာမများဖြင့် မြို့ကွက်သစ်များ ထပ်မံဖော်ထုတ်ကာ မြို့တော်သစ် နေပြည်တော်ကို ဝန်းရံစေပြန်သည်။

ရွှေမြို့တော်သစ် နေပြည်တော်ကြီး စည်သထက် စည်ကား၊ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးကြရသည့် လုပ်ငန်းရှင်များဘဝကလည်း အရှုံးတော့ ရှိနိုင်မည် မဟုတ်ပါ။ နေပြည်တော် ရေပန်းဥယျာဉ်၊ နေပြည်တော် တိရစ္ဆာန်ရုံ၊ နေပြည်တော် အပန်းဖြေ စခန်းသာယာ၊ ရွှေတိဂုံပုံတူ စေတီတော်ကြီးနှင့် မကြာခင်ကမှ ဖွင့်ပြီးလေသော တိုင်းနှင့် ပြည်နယ်အနှံ့ရှိ အထင်ကရ နေရာအထိမ်းအမှတ် ပြကွက်များဖြင့် နေပြည်တော် Land Mark အပန်းဖြေဥယျာဉ်ကြီးတို့က ရန်ကုန်သားတို့အတွက် အလှမ်းဝေးသွားပေပြီ။

ရန်ကုန်သူ၊ ရန်ကုန်သားတို့ကို ယနေ့အချိန်တွင် “နယ်က လူတွေ” ဟု ကြပ်ပြေးနေပူတော်သားတို့က နှိမ့်ချခေါ်ဝေါ်နေလေပြီ။ သူတို့၏ နေပြည်တော် ရွှေမြို့တော်ကြီးမှာ ကမ္ဘာ့အလယ်တွင် မကောင်းသတင်းများနှင့် ပိုနာမည်ကျော်လေသော မြန်မာပြည်ကြီး၏ မြို့တော်ကြီး ဖြစ်လေသောကြောင့်ပင်။

နေပြည်တော်တွင် ခေတ်မီနိုင်ငံတကာ လေဆိပ်ကြီးလည်း ဆောက်နေပြန်ရာ ပြီးစီးပြီဆိုလျှင်ဖြင့် နိုင်ငံခြားခရီးသွားမည့်သူများ အဆိုပါလေဆိပ်ကနေများ ထွက်ရလေမည်လား မပြောတတ်။ မှန်းရခက်သော ဗိုလ်ဂျူတ်ကြီး၏ စိတ်က ထင်ရာမြင်ရာ စွတ်လုပ်တတ်၍ ဖြစ်မလာဘူး မပြောနိုင်။ နေပြည်တော်ထိ တူးမြောင်းဖောက်ကာ နိုင်ငံတကာ ဆိပ်ကမ်းတခုတော့ မတည်ဆောက်လောက်ဟုတော့ တွေးထင်မိပါသည်။ နေပျော်၊ သေပျော်စရာ ကောင်းလောက်အောင်တော့ နေပြည်တော်ကြီးကို ဖန်တီးတည်ဆောက်နေသည်မှာ မြင်သာလှပေ၏။ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ လူဖြစ်ခဲ့သမျှ သူတွေမှာတော့ ခုအခါ လူဖြစ်ရှုံးသော ဘဝနှင့် ရင်ဆိုင်နေကြရပေပြီ။

တချိန်က မော်ကြွားခဲ့လေသမျှ ရန်ကုန်သားတို့ ခံစားနေရလေပြီ။ ဝဋ်ဆိုသည် လည်တတ်၏

မင်းအောင်နိုင် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၂၃ မိနစ် 
www.mazzimaburmese.com