Monday, July 18, 2011

19 July General Aung San (Myanmar) Martyr's day

Sunday, July 17, 2011

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတက်မည်

မြန်မာအစိုးရ ကျင်းပမယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ သတင်းရရှိပါတယ်။

AFP
၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး အပြင်ဘက်တွင် ကျဆုံးလေပြီးသော လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများ ကိုင်ဆောင်ကာ ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့ ကြာသပတေးနေ့က အစိုးရဘက်က ဆက်ဆံရေး အရာရှိတဦး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို လာရောက် ဖိတ်ကြားခဲ့တာကို ကြားသိရကြောင်း NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်လုပ်တဲ့ သံအရာရှိ ပုဂ္ဂိုလ်တယောက် ဝင်သွားတယ်တဲ့။ အာဇာနည်နေ့အတွက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခါတိုင်းလို အစဉ်အလာအရ ဖိတ်တာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဖိတ်စာတော့ ရမယ်လို့ ထင်ပါတယ်”

NLD ပါတီဌာနချုပ်မှာလည်း အာဇာနည်နေ့ အခမ်းအနားကို သီးသန့် ကျင်းပဖို့ရှိပြီး အဲဒီ အခမ်းအနားအပြီးမှာ NLD လူငယ်အဖွဲ့ဝင်တွေ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရဝ ပြုကြမယ်လို့လည်း သိရပါတယ်။ အဲဒီ အစီအစဉ်မှာ NLD လူငယ်အဖွဲ့ဝင်တချို့က ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နဲ့ အတူ လိုက်ပါစေချင်ကြကြောင်း သိရပါတယ်။

sources: :http://www.rfa.org

Monday, July 4, 2011

ဒေါ်စု ပုဂံဘုရားဖူး ခရီးထွက်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။ ဇူလိုင် ၄၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် နယ်ခရီးစဉ် အဖြစ်နဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ ပုဂံ၊ ညောင်ဦးကို သွားရောက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေအတွင်း အသက်အန္တရာယ် ရှိမှာကို ကမ္ဘာ့ခေါင်းဆောင်တွေက ပူပန်ကြသလိုပဲ ပြည်တွင်းမှာလည်း စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ နိုင်ငံသားတဦး အနေနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ရှိရမှာ ဖြစ်သလို နိုင်ငံသားတိုင်းရဲ့ လုံခြုံရေးဟာလည်း အုပ်ချုပ်သူ အစိုးရမှာ တာဝန်ရှိတယ်လို့ သတ်မှတ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ် အခြေအနေနဲ့ ပတ်သက်ပြီး ဘန်ကောက်ရုံးကနေ ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးနောက် ၇ လနီးပါး ရန်ကုန်မှာပဲ နိုင်ငံရေးနဲ့ လူမှုရေး ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေရာက အခု ပုဂံ၊ ညောင်ဦးကို သွားရောက်ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။
“ပုဂံ၊ ညောင်ဦး ရောက်နေပါပြီ။ မနက်ခင်း ၈ နာရီ ၁၀ မိနစ်လောက်ကတည်းက ရောက်နေပါတယ်။ အခုဟာ နိုင်ငံရေး လှုပ်ရှားမှုနဲ့ မပတ်သက်ဘူး၊ စည်းရုံးရေးနဲ့လည်း မပတ်သက်ဘူး။ နှစ်ပေါင်း ၂၂ နှစ်ကြာ ကာလပတ်လုံး သူ့သားတွေကို လျစ်လျူရှုထားတာကို ပြန်ပြီးတော့ ထေတဲ့အနေနဲ့ သားငယ်ကို အချိန်ပေးပြီး ပုဂံကို ဘုရားဖူးသွားတာ။ သွားတဲ့အခါမှာ အဲဒီ မြို့နယ်တွေမှာရှိတဲ့ NLD တွေကို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကိစ္စတွေ မဆွေးနွေးပါနဲ့၊ လာမပြောပါနဲ့ ဆိုပြီးတော့ ကျနော်တို့ တားထားတယ်။”
သားငယ်ဖြစ်သူ ကိုထိန်လင်းကတော့ တနင်္ဂနွေနေ့ မနက်ကတည်းက NLD လူငယ်တချို့နဲ့အတူ ရန်ကုန်က ထွက်ခွာခဲ့ပြီး နေပြည်တော်ဘက်ကနေ ပုဂံကို ကားနဲ့ သွားရောက်ခဲ့ပါတယ်။ ဒီ ပုဂံ၊ ညောင်ဦး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အဓိက ဘုရား ၂ ဆူကို ဖူးတို့အတွက် ရည်ရွယ်ထားတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။
“သွားမှာ သိတာကတော့ ဘာသာရေးနဲ့လည်း ပတ်သက်တယ်၊ ပြီးတော့ တိုင်းရင်းသားတွေနဲ့လည်း ပတ်သက်တဲ့ဟာ၊ ရည်ရွယ်ထားတာ ဘုရား ၂ ဆူပဲ ဖူးမယ်လို့ ရည်ရွယ်တယ်။ တခုက မနူဟာ၊ အနော်ရထာမင်း လက်ထက်တုန်းက သုံ့ပန်းဖြစ်ခဲ့တဲ့ မနူဟာဘုရားပေါ့။ နောက်တခုက ကျန်စစ်သား တည်ခဲ့တဲ့ အာနန္ဒာဘုရား။ ပုဂံခေတ် ပုဂံရာဇ၀င်မှာဆို ကျန်စစ်သားက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဦးစားပေး လုပ်ခဲ့တဲ့ ဘုရင်ကိုး။ ဒီဘုရား ၂ ဆူကိုတော့ ဦးစားပေးပြီးတော့ သွားကန်တော့မယ်ဆိုတာ ကျနော်တို့ သိရပါတယ်။”
နိုင်ငံရေးမပါဘဲ ဘုရားဖူးသက်သက် သွားရောက်တာ ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ ဒီကနေ လူငယ် ၁၁ ယောက် ပါသွားတယ်။ မန္တလေးတိုင်းကလည်း လူငယ် ၂၀ ပါမယ်။ နောက်ပြီးတော့ ဟိုတယ်အနား တ၀ိုက်မှာရှိတဲ့ လုံခြုံရေးလည်း ရှိတယ်။ အဲဒီ လုံခြုံရေးက လူ လေးငါးဆယ်လောက်က နေ့ကင်း ညကင်း၊ နေ့ကင်း ညကင်းဆိုတာ ဘာလက်နက်မှ မပါဘူးနော်။ ကျနော်တို့လည်း စိတ်ပူတာပေါ့။”
နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် ပထမဆုံး ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် NLD ကသာမက ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကလည်း စိတ်ပူတာမို့ သူတို့အစီအစဉ်နဲ့ သူတို့ လိုက်ပါသွားကြပြီး အဖွဲ့သားတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပုဂံ၊ ညောင်ဦးက လုံခြုံရေး အနေအထားကို အခုလို ပြောပြပါတယ်။
“လုံခြုံရေး အခြေအနေကတော့ အခုထိ အေးအေးချမ်းချမ်း ရှိတာကို တွေ့ရပါတယ်။ အန်တီက မနက် ၈ နာရီ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာ လေယာဉ်ဆိုက်ပါတယ်။ နောက် လမ်းမှာလည်း အေးအေးချမ်းချမ်း ကြိုဆိုကြတာမျိုး ရှိပါတယ်။ ပြီးတော့ အစိုးရဘက်ကလည်း ယူနီဖောင်း မဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ ရဲအရာရှိတွေကနေပြီးတော့ အများကြီး လိုက်ပြီး ကူညီ ဆောင်ရွက်ပေးတာမျိုးတွေလည်း တွေ့ရပါတယ်။ ဟိုတယ်ကလည်း အားလုံးကို ပျူပျူငှာငှာပါပဲ။ အစစ အရာရာ လိုလေသေး မရှိအောင်လည်း ဟိုတယ်က ပြင်ဆင်ပေးပါတယ်။ လုံခြုံရေးကိစ္စအတွက် ဟိုတယ်နဲ့ ညှိနှိုင်းပြီးတော့ လုပ်ချင်တဲ့ ပုံသဏ္ဌာန်တွေ ပြောပြတဲ့ အခါမှာလည်း ဟိုတယ်ကနေပြီး အပြည့်အ၀ လိုက်ပါ ပူးပေါင်း ဆောင်ရွက်ပေးတာမျိုးတွေ အများကြီး ရှိပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံသားတဦး အနေနဲ့ ပြည်တွင်းမှာ ခရီးထွက်ခွင့် ရှိသလို လွတ်လပ်စွာ သွားလာခွင့်လည်း ရှိပြီး နိုင်ငံသားတဦးရဲ့ လုံခြုံရေးဟာ အုပ်ချုပ်သူ အစိုးရမှာ တာဝန်ရှိတယ်လို့ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။
“လွတ်လပ်စွာ သွားလာခွင့် ရှိရမှာပေါ့။ ဒီမိုကရေစီနိုင်ငံ သူတို့ ထူထောင်ထားပြီး ရွေးကောက်ပွဲလုပ်တယ်၊ ဘာလုပ်တယ်ဆိုတော့၊ အန္တရာယ်ရှိတာ မရှိတာကို၊ အမှန်ကတော့ သွားရမှာပဲလေ။ သို့သော်လည်း သတိထားသင့်တာက ညကို မသွားဘဲ နေ့ကိုပဲ သွားသင့်တယ်လို့ ဒီလိုပဲ တိုက်တွန်းချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂရုမစိုက်ဘူးဆိုပြီး ညကြီးသွားရင် ရန်သူဆိုတာ မမြင်နိုင်ဘူးလေ။ ညတော့ ရှောင်ဖို့ကောင်းတယ်။
“အရင်တခါ ကြံစည်တုန်းကလည်း ညကြီး ၈ နာရီမို့၊ ရွှေဘိုခရိုင် ဒီပဲယင်းမှာ ဖြစ်ခဲ့တာလည်း။ နေ့လယ်ဘက်ပဲ မနက် ၅ နာရီက ညနေ ၅ နာရီလောက်ပဲ မော်တော်ကားနဲ့ သွားဖို့ကောင်းတယ်လို့ ဒီလိုပဲ တွက်ပါတယ်။ အစိုးရ အနေနဲ့လည်း တကယ်လို့ ဖြစ်ရင် လုံးဝ တာဝန်က ကြီးသွားပြီ။ ပုဂံမြို့ဆိုတာ တကမ္ဘာလုံးက ဧည့်သည်တွေလာပြီး ကြည့်ရှုတဲ့ နေရာဒေသလေ။ အဲတော့ တစုံတခုဖြစ်ရင် အန္တရာယ်ပြုတာတွေ သူတို့က လုံးဝ တာဝန်ယူရမှာပဲ။”
ဒေါ်အောင်ဆန်းစုကြည် နယ်ကို အခုလို ခရီးစထွက်လာတာမို့ နယ်က ဒေသခံတွေက ၀မ်းမြောက်နေကြသလို သူတို့ဒေသတွေကို လာရောက်ဖို့ပါ စောင့်မျှော်နေကြပေမဲ့ အခုလို ဘုရားဖူး မဟုတ်ဘဲ နိုင်ငံရေးကိစ္စနဲ့ လာမယ် ဆိုရင်တော့ လုံခြုံရေးကို စိတ်ပူနေကြတယ်လို့ မုံရွာဒေသခံ တဦးက ပြောပါတယ်။
“လူတွေကတော့ မျှော်နေကြတာပေါ့။ ခါတိုင်းတော့ နည်းနည်း လှုပ်လှုပ်ရှားရှား ရှိတယ်လေ၊ ကြံ့ဖွံ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက။ အခုတော့ အဲဒီဟာ ဘာမှ လှုပ်လှုပ်ရှားရှား အသံတော့ မကြားသေးဘူးဗျ။ ငြိမ်နေတဲ့ သဘောပေါ့။ အရင်ကတော့ လှုပ်လှုပ်ရှားရှား ရှိတယ်ပေါ့။ အစိုးရဘက်ကရော၊ ဒေါ်စုတို့ဘက်ကရော။ အခုတော့ ဘာမှ လှုပ်လှုပ်ရှားရှား မရှိပါဘူး။ ဒီဘက်က ရှိထားတာ ဒီပဲယင်း အရေးအခင်း ရှိထားတာကိုး။ သေချာပေါက် ပြောလို့တော့ မရဘူး။ နည်းနည်း ဂရုစိုက်မှ၊ အာရုံထားမှပေါ့။ အဲဒီပုံစံမျိုး မ၀င်ဘူးလို့ မပြောနိုင်ဘူးလေ။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွက် အန္တရာယ် ကျရောက်မှာကို စိုးရိမ်ကြောင်း စနေနေ့ကမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ် (Kevin Rudd) က ထုတ်ဖော် ပြောကြားခဲ့သလို ရှေ့လာမယ့် နယ်စည်းရုံးရေး ခရီးစဉ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်အဖို့ လုံခြုံမှု ဘယ်လောက်ရှိတယ် ဆိုတာဟာ မြန်မာအစိုးရသစ်ကို စမ်းသပ်တာမျိုး ဖြစ်ပြီး လက်ရှိ အာဏာပိုင်တွေမှာ လုံးဝ တာဝန်ရှိတယ်လို့ တနင်္လာနေ့ မနက်ပိုင်းမှာ သြစတြေးလျ အသံလွှင့်ဌာနတွေကို ပြောကြားခဲ့ပါတယ်။

sources: :http://www.voanews.com/burmese/news/dassk-trip-bagan-124964954.html

Friday, July 1, 2011

ကျွန်တော်တို့ လူမျိုးတွေ ကိုယ်ခံအားကောင်းပါတယ်လို့ အယူမလွဲသင့်တဲ့ နေရာ (၇) ခု


ယနေ့ခေတ်မှာ လူအများစုဟာ ကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ အထိုက်အလျောက် ဗဟုသုတ ရှိနေကြပြီလို့ ဆိုနိုင်ပါတယ်။ အကြမ်းဖျင်းပြောရရင် အစာမစားခင်နဲ့ အိမ်သာက အထွက်မှာ လက်ဆေးရမယ်ဆိုတာမျိုး၊ အစားအသောက်တွေကို ယင်မနားအောင် ကာကွယ်ရမယ် ဆိုတာမျိုး၊ ရေကို တစ်နည်းနည်းနဲ့ သန့်ရှင်းအောင် ပြုပြင်စီရင်ပြီးမှ သောက်သုံးရမယ် ဆိုတာမျိုး ကလေးတွေကအစ သိရှိနားလည်ကြပါတယ်။ ရောဂါပိုးတွေ ကိုယ်ထဲဝင်ရောက် ကူးစက်ခြင်း မခံရအောင် သန့်ရှင်းမှုတွေနဲ့ ကာကွယ်တားဆီးတတ် လာကြပါပြီ။

ဒါပေမဲ့ တုပ်ကွေး မဖြစ်ချင်ရင် အပြင်က ပြန်လာပြီးတိုင်း လက်ဆေးပြီးမှ ပါးစပ်တွေ နှာခေါင်းတွေကို ထိကိုင်ရမယ် ဆိုတဲ့ ကျန်းမာရေး အသိပညာ နည်းနည်း အဆင့်မြင့်မြင့်မျိုး ရှိသူတွေတောင် မသိသေးတဲ့ (သို့) သိသော်လည်း သန့်ရှင်းမှု ဂရုမစိုက်မိတဲ့ ရောဂါကူးစက်ခံရနိုင်သော နေရာများ ရှိနေပြီး အဲဒီနေရာတွေကနေ လူတွေဟာ အမှုမဲ့ အမှတ်မဲ့ ရောဂါတွေ ရနေကြတာကို ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အညစ်အကြေးတွေ၊ အမှိုက်တွေ၊ မြေကြီးတွေမှာ ရောဂါပိုးတွေ ပါရှိနေတာ သိကြလို့ ကိုင်ပြီးရင် လက်ဆေးကြပေမယ့် အောက်ပါ နေရာ (၇) ခုကို ထိတွေ့ပြီးရင်တော့ လူအများစုက လက်မဆေးတတ်ကြကြောင်း သုတေသနများအရ သိရှိရပါတယ်။

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ နိုးထလှုပ်ရှားနေချိန် အတွင်း အချိန်တစ်မိနစ်တိုင်းမှာ ပျမ်းမျှ အရာဝတ္ထုမျက်နှာပြင် ၃၀ ခန့်ကို ကိုင်တွယ်ထိတွေ့ ဖြစ်နေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒီအရာတွေထဲမှာ ထိတွေ့မှု အကြိမ်အများဆုံး လုပ်လေ့ရှိပြီး သန့်ရှင်းအဆင့်မြင့်လို့ ရောဂါပိုးတွေ မရှိလောက်ဘူးလို့ လူတွေ ထင်နေကြသော်လည်း တကယ်လက်တွေ့ စစ်ဆေးကြည့်တဲ့အခါ ရောဂါပိုးတွေ ပြည့်ကြပ်ညပ်နေအောင် ပေါများလွန်းတဲ့ အရာဝတ္ထု (၇) ခုကို လွန်ခဲ့တဲ့ ရက်ပိုင်းထုတ် Medical Virology ဂျာနယ်မှာ စာရင်းပြုစု ဖော်ပြထားပါတယ်။ ၄င်းတို့ကတော့……………

(၁) Menu ခေါ် ရနိုင်သော အစားအစာများ စာရင်းကတ်
စားသောက်ဆိုင်တွေမှာ ထားတဲ့ ညစ်ပတ်ပေရေနေပြီး လောင်းထားတဲ့ ပလတ်စတစ်တွေပါ ကွာနေတဲ့ မီနူးကတ်တွေကို မြင်ဖူးမှာပါ။ ဒါတွေကို ကိုင်ကြည့်ကာ မှာယူပြီး လက်မဆေးတော့ဘဲ စားသောက်တဲ့ အကျင့်ဟာ စွဲနေပြီ ဖြစ်ပါတယ်။ ဒီလို ကတ်ပြားတွေ ပေါ်မှာ ရောဂါပိုးပေါင်းများစွာ တည်ရှိနေတာကို ဆိုင်ပေါင်းများစွာမှာ လိုက်လံ သုတေသန ပြုချက်များ အရ တွေ့ရှိရပါတယ်။ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ အဆိုပါ မီနူးကတ်ပြားတွေ အပေါ်မှာ ရောဂါရှိသူ ချောင်းဆိုးနှာချေခြင်းတွေ ကနေ ပျံ့လွင့်လာကာ ၁၈ နာရီကြာအောင် ရှင်သန်ပေါက်ပွားနေနိုင်သလို အခြား ရောဂါများ ဖြစ်စေတဲ့ ဘက်တီးရီးယား မျိုးစုံလည်း ရှိနေကြောင်း တွေ့ရပါတယ်။



ဒါတွေဟာ ဈေးချိုတဲ့ ပုံမှန်ဆိုင်တွေမှာမို့ ရှိနေတာလို့ သင်ထင်ပါလိမ့်မယ်။ ဈေးကြီးတဲ့ အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေမှာလည်း လူစည်ကားလေ၊ လက်တွေကနေ ပါလာတဲ့ ပိုးတွေ မီနူးကတ်ပေါ် ဖြန့်ဝေရာ ရောက်လေမို့ သိပ်မကွာခြားလှဘူးလို့ ဓာတ်ခွဲခန်း အခြေများအရ သိရပါတယ်။ ဒါကြောင့် မီနူးကိုင်ကာ မှာပြီးရင် လက်ဆေးပြီးမှ အစားစားဖို့ သတိပေးပါရစေ။ ဒါ့အပြင် မီနူးကို ပန်းကန်များ၊ ဇွန်းခက်ရင်းများနဲ့ မထိမိအောင်လည်း သတိနဲ့ ဝေးရာမှာ ထားရမှာ ဖြစ်ပါတယ်။

(၂) အအေးဖန်ခွက်နှုတ်ခမ်းက သစ်သီးစိတ်


ဖျော်ရည်ဖန်ခွက်တွေရဲ့ နှုတ်ခမ်းသားပေါ်မှာ အလှဆင်တဲ့ သဘောနဲ့ ချိတ်ပေးလိုက်တဲ့ သံပရာသီး၊ လိမ္မော်သီး စတဲ့ အသီးစိတ်လေး ဆယ်ခုမှာ ခုနစ်ခုဟာ ရောဂါပိုးတွေ ပါလာတတ်ကြောင်း စစ်ဆေးလေ့လာ တွေ့ရှိထားပါတယ်။ (ဒီ ၇၀% ဆိုတဲ့ အရေအတွက်ဟာ အစားအသောက်ဥပဒေ တင်းကြပ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တွေ့ရတဲ့ အရေအတွက် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဆိုရင်ေ
တာ့ ၇၀% ထက် များဖွယ် ရှိပါတယ်)

အဲဒီသစ်သီးစိတ်တွေပေါ်မှာ ၀မ်းလျှောဝမ်းပျက်ရောဂါ ဖြစ်စေတဲ့ အီးကိုလိုင် (E.coli) ပိုးနဲ့ အခြားပိုး ၂၅ မျိုးတောင် ပါလေ့ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ ဖန်ခွက်နှုတ်ခမ်းက အလှဆင်တဲ့ အသီးစိတ်ကို မသုံးဆောင်ဖို့ (သို့) စမှာကတည်းက မထည့်ပေးဖို့ မှာရန် လိုအပ်ပါတယ်။

(၃) အများသုံးကွန်ပျူတာ၏ ကီးဘုတ်
အင်တာနက်ကဖေး၊ ရုံးခန်း၊ လေဆိပ် စတဲ့ နေရာများမှာ ထားရှိတဲ့ အများသုံး ကွန်ပျူတာ ကီးဘုတ်များရဲ့ ခလုတ်တစ်ခုချင်းစီမှာ ရှိနေတဲ့ ရောဂါပိုးအရေအတွက်ဟာ အိမ်သာတံခါးလက်ကိုင်ပေါ်က ထက်တောင် ၅ ဆလောက် များနေတယ်လို့ လေ့လာမှုများ အရ တွေ့ရှိရလို့ ထိတွေ့သုံးစွဲပြီးတိုင်း လက်ဆေးသင့်ပါတယ်။ ဒါ့အပြင် အများသုံးခလုတ်တွေ ဖြစ်တဲ့ အလိုအလျောက်ငွေထုတ်စက်၊ ရုပ်ရှင်လက်မှတ် ကိုယ်တိုင် ရွေးချယ်ဝယ်ယူစက်၊ အများသုံး ဖုန်းခလုတ်များ စတာတွေဟာလည်း တူတူပဲလို့ ယူဆရပါမယ်။


ထိုသို့သော အန္တရာယ်ကို ကာကွယ်ရန် လေဆိပ်၊ ရုံး စသော နေရာများရှိ အများသုံး ကွန်ပျူတာများ၏ ကီးဘုတ်များကို ဆေးကြောနိုင်သော ကီးဘုတ်များဖြင့် အစားထိုး အသုံးပြုနိုင်နေပြီဟု သိရသည်။

(၄) စားသောက်ဆိုင် စားပွဲပေါ်က ပုလင်းများ
ဆား၊ ငရုပ်ကောင်း၊ ငန်ပြာရည်၊ ငရုတ်သီး၊ အချဉ်ရည်၊ သကြား စတာတွေ ထည့်ပြီး ချပေးထားတဲ့ ပုလင်းငယ်များ၊ ခွက်များရဲ့ လက်ကိုင်နေရာများဟာလည်း လူကိုင်များလွန်းလို့ ရောဂါပိုးတွေ စုဝေးရာ နေရာ (၈) ခုမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက လက်ဖက်ရည်ဆိုင်တွေ အတွက်ဆိုရင် ရေနွေးကြမ်း ထည့်တဲ့ ဓာတ်ဘူး/အိုး များရဲ့ လက်ကိုင်များကိုပါ ဒီစာရင်းထဲ ထည့်သွင်းသင့်ပါတယ်။ လက်ကိုင်ပုဝါ၊ လက်သုတ်ပုဝါ စတာတွေနဲ့ အုပ်ကိုင်ခြင်းဟာလည်း ဒီပစ္စည်းတွေပေါ်က ပိုးတွေကို ထိရောက်စွာ မကာကွယ်နိုင်လို့ အစာမစားခင် လက်ဆေးတာသာ အကောင်းဆုံး နည်းလမ်းလို့ ပညာရှင်များက ဆိုပါတယ်။



(၅) သန့်စင်ခန်း တံခါးလက်ကိုင်
ဒီအချက်ကတော့ ကြားဖူးကြပါလိမ့်မယ်။ အိမ်သာအတွင်းနံရံထက် အိမ်သာတံခါးလက်ကိုင်ဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး ပိုင်ဆိုင်မှုမှာ အဆပေါင်းများစွာ မြင့်မားပါတယ်။ ဘာလို့လဲဆိုတော့ အိမ်သာထဲ ၀င်ထွက်သမျှ သူတွေ အကုန်လုံး ထိကိုင်ကြလို့ ဖြစ်ပါတယ်။ ထို့အတူ တံခါးချက်များဟာလည်း တူတူပဲ ဖြစ်ပါတယ်။ ဒါတွေကို မထိမကိုင်ဘဲနဲ့ သင်ဟာ သန့်စင်ခန်း ထဲက ပြန်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ လှည့်ဖွင့်ရတဲ့ သော့ (Door Lock) ပါတဲ့ တံခါးမျိုး ဆိုရင်တော့ ပိုတောင် သေချာပါသေးတယ်။ အတွင်းမှာ လက်ဆေးပြီးမှ ပြန်ထွက်ရင် လက်ပြန်ညစ်ပေသွားမှာ ဖြစ်တဲ့အတွက် လက်ဆေးခြင်းကို သန့်စင်ခန်း အပြင် ထွက်လာပြီးမှ လုပ်နိုင်တဲ့ စနစ်မျိုး သုံးသင့်ပါတယ်။



အိမ်သာသုံးစက္ကူအသန့်၊ တစ်သျှူးစက္ကူ စတာတွေနဲ့ တံခါးလက်ကိုင်ကို အုပ်ကိုင်ပြီး ထွက်နိုင်ရင် အကောင်းဆုံး ဖြစ်ပြီး ဒီလို လုပ်ခြင်းအားဖြင့် သင့်ကို ပတ်ဝန်းကျင်က လူတွေက ဇီဇာကြောင်တယ်၊ အပိုလုပ်တယ်လို့ ထင်ကောင်းထင်နိုင် ပေမယ့် ဒီလို အကျင့်ကောင်းတစ်ခုဟာ သင့်ကို တုပ်ကွေးမိခြင်း၊ ၀မ်းပျက်ခြင်း၊ ယားနာပေါက်ခြင်း တို့လို မကြာခဏ နာမကျန်း ဖြစ်မှုလေးတွေကနေ သိသိသာသာ အကာအကွယ်ပေးတယ် ဆိုတာ တကယ်လုပ်ကြည့်ရင် သိရပါမယ်။

(၆) ဈေးဝယ်ခြင်း/လှည်း လက်ကိုင်


ဈေးဝယ်စင်တာတွေမှာ ရှိတဲ့ ဈေးဝယ်ခြင်းတွေ၊ လှည်းတွေရဲ့ လက်ကိုင်တွေ အားလုံးရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ရောဂါဖြစ်စေတဲ့ ပိုးတွေ ပေါက်ပွား တည်ရှိနေတတ်တယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာတစ်ဝန်း သုတေသနများ အရ သိရပါတယ်။ အဲဒီပိုးတွေရဲ့ အရေအတွက်ဟာ အများသုံး သန့်စင်ခန်းတွေထက်တောင် များနေတယ်လို့ စမ်းသပ်တွေ့ရှိရပါတယ်။ ဒီသုတေသနကို ၂၀၀၇ က ပြုလုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ဒီလို ရလဒ်တွေကြောင့် ကမ္ဘာ့နိုင်ငံအများစုမှာ ရှိတဲ့ ဈေးဝယ်စင်တာတွေမှာ လှည်းနဲ့ ခြင်းတောင်းတွေရဲ့ လက်ကိုင်တွေကို ဈေးဝယ်သူကိုယ်တိုင် မကိုင်ခင်မှာ ဆေးကြောနိုင်အောင် ပိုးသတ်လက်ဆေးရည်တွေ ထားပေးနေပြီလို့ သိရပါတယ်။ စားသုံးသူတွေမှာ သန့်ရှင်းရေး၊ ရောဂါကာကွယ်ရေး ဆိုင်ရာ အမူအကျင့်တွေ ရှိနေဖို့ စီးပွားရေး လုပ်ငန်းရှင်တွေက ဒါမျိုးတွေ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။

(၇) ဆေးခန်း
ဒီလို ဆိုလိုက်လို့ ရုတ်တရက် အံ့သြစရာ အချက်တစ်ချက်လို့ ထင်ရပေမယ့် တကယ် တွေးကြည့်ရင်တော့ အံ့သြစရာ မကောင်းလှပါဘူး။ ဆေးခန်းဆိုတာ နေမကောင်းသူတွေ စုဝေးရောက်ရှိရာ အရပ်မို့ ရောဂါပိုးမျိုးစုံ ပျံ့နှံ့တည်နေရာ အရပ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် တီဘီ၊ နမိုးနီးယား၊ တုပ်ကွေးလို အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါမျိုးတွေပေါ့။ လေလုံတဲ့ ဆေးခန်းလို အခန်းတစ်ခုထဲမှာ ဒီလိုလူနာ တစ်ယောက် ချောင်းဆိုး (သို့) နှာချေလိုက်ရင် ဒီပိုးတွေဟာ ကြမ်းပြင်ပေါ် မကျခင် အနည်းဆုံး ၃ ပေအကွာအဝေးတော့ သွားပါတယ်။ ဒါကြောင့် ရောဂါတစ်ခုဖြစ်လို့ ဆေးခန်းလာတာ ပြတဲ့ ရောဂါ မပျောက်ခင် နောက်တစ်ခုပါ ကူးစက်ခံရနိုင်တာမို့ ဆေးခန်းသွားရင် အောက်ပါ အချက်လေးတွေကို သတိထား လိုက်နာစေလိုပါတယ်။

(၁) ရောဂါဖြစ်နေတဲ့သူနဲ့ အဖော်ကလွဲလို့ ကျန်တဲ့လူပို တတ်နိုင်သမျှ မခေါ်လာပါနဲ့။ အထူးသဖြင့် ၁၂ နှစ်အောက် ကလေးတွေပေါ့။

(၂) စောင့်ရင်းဖတ်ဖို့ ချပေးထားတဲ့ စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာ ဆေးခန်း လာပြသွားသူတွေရဲ့ ပိုးတွေ ရှိနေမှာ အသေအချာမို့ စောင့်ရင်း ဖတ်ချင်ရင် ကိုယ့်အိမ်က စာအုပ်တွေပဲ ယူလာခဲ့ပါ။ ကလေးလူနာဆိုရင်လည်း ကလေးရဲ့ အရုပ်တွေပါ အိမ်ကပဲ ယူလာပါ။ အများအတွက် ချပေးထားတဲ့ အရာတွေကို ကလေးငယ်တွေ မထိကိုင်ပါစေနဲ့။

(၃) ဆေးရုံဆေးခန်း တစ်ခုခု သွားပြီးလို့ ပြန်လာရင် ပိုးသတ်ဆပ်ပြာ တစ်ခုခု (သို့) အယ်လ်ကိုဟော ၆၀% လောက် ပါဝင်တဲ့ ပိုးသတ်လက်ဆေးရည် (Hand Gel) တစ်ခုခုနဲ့ လက်ကို စင်ကြယ်စွာ ဆေးပါ။

(၄) လူအရမ်းများပြီး စောင့်ရတတ်တဲ့ ဆေးခန်းမျိုးဆိုရင် ပါးစပ်နဲ့ နှာခေါင်းစည်း မျက်နှာဖုံး ၀တ်ဆင်သင့်ပါတယ်။ ၀တ်ပြီးရင် လိုအပ်တဲ့ အချိန်အထိ မချွတ်ဖို့၊ ချွတ်ပြီးရင်လည်း ပြန်မသုံးဘဲ အသစ်တစ်ခု သုံးဖို့ လိုအပ်ပါတယ်။




အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ ကျွန်တော်တို့ လူမျိုးတွေရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံ အကျင့်နဲ့ မကိုက်ညီတာ တွေ့ရပါတယ်။ ဒါကြောင့် ပိုလွန်းတယ် ထင်ပြီး မလိုက်နာဘဲ မနေကြပါနဲ့လို့ ပြောလိုပါတယ်။ အများစု ပြောတတ်ကြတဲ့ စကားတစ်ခွန်း ရှိပါတယ်။ မြန်မာလူမျိုးတွေက တခြားလူမျိုးတွေထက် စာရင် သာမန်လူနေမှု အနေအထားမှာ ထိတွေ့နေထိုင်မှု ပိုများလို့ (ဥပမာ လမ်းဘေးဆိုင်တွေမှာ လူဦးရေ အားလုံးရဲ့ ၉၀% လောက်က စားဖူးသူတွေချည်းပဲ၊ မြစ်ရေ ကန်ရေသောက်လည်း ဘာမှ မဖြစ်ဘူး စသဖြင့်ပေါ့) တခြားလူမျိုးတွေထက် ကိုယ်ခံအား ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ လုံးဝ မှားတယ်လို့ မဆိုလိုပါဘူး။ တစ်ခုပဲ ရှင်းပြချင်ပါတယ်။ ရောဂါပိုးတစ်ခုဟာ ကိုယ်ထဲကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ၀င်ရောက်လာတဲ့ အခါမှာ ရောဂါပေးနိုင်သော အနိမ့်ဆုံး ပိုးကောင်ရေ (Minimal Infective Dose) ဆိုတဲ့ အရေအတွက်ကို ရောက်မှ ရောဂါ ဖြစ်စေတာ ဖြစ်ပါတယ်။ ပိုးတစ်မျိုးနဲ့ တစ်မျိုးလဲ မတူကြပါဘူး။

သာဓကဆောင်ရရင် ရောဂါပိုး A ရဲ့ Minimal Infective Dose က အကောင်ရေ ငါးသိန်းဆိုရင် ကိုယ်ထဲကို လေးသိန်းခွဲလောက် ရောက်လာရုံနဲ့ ရောဂါမပေါ်ပါဘူး။ ငါးသိန်းပြည့်မှ ရောဂါဖြစ်စေတာပေါ့။ ဒါကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အစာရေစာ သန့်ရှင်းမှုတွေ အားနည်းသော်လည်း တို့ကတော့ အကျင့်ဖြစ်လို့ ကိုယ်ခံအားက ခံနိုင်နေပြီ မထင်ပါနဲ့။ ကံအားလျော်စွာ Minimal Infective Dose မပြည့်ခဲ့လို့သာ ဖြစ်ပါလိမ့်မယ်။ ကိုယ်ထဲ ရောက်လာတဲ့ ပိုးအရေအတွက်ဟာ အဲဒီ အနိမ့်ဆုံး အရေအတွက်လေး ကျော်သွားတာနဲ့ ရောဂါဖြစ်မှာ ဖြစ်လို့ သန့်ရှင်းရေးဟာ မပေါ့ဆသင့်တဲ့ အချက်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
ဒေါက်တာသီဟသစ် 

sources: :http://www.mmdailynews.com

နိုင်ငံရေးမကစားဖို့ အစိုးရသတင်းစာ သတိပေး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက် တွေကို ဝေဖန် သတိပေးထားတဲ့ ဆောင်းပါးတပုဒ်ကို ဒီကနေ့ မြန်မာအစိုးရ သတင်းစာတွေ ဒုတိယနေ့အဖြစ် ဖော်ပြထားပါတယ်။
ဒီလို ဖော်ပြထားရာမှာ ဥပဒေလမ်းကြောင်းထဲက နိုင်ငံရေး လုပ်ကိုင်ဖို့၊ NLD ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ နဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ထောက်ပြထားပြီး တနိုင်ငံလုံးနဲ့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အစိုးရ အဖွဲ့ကို အသိအမှတ် မပြုသလိုလိုနဲ့ နိုင်ငံရေး မကစားဖို့ သတိပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သွားဖို့ရှိတဲ့ နယ်ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက သတိပေးစာ ပို့အပြီး တရက် အကြာမှာ အခုလို သတင်းစာ ဆောင်းပါးက သတိပေးထားတာ ဖြစ်ပါတယ်။ ဒီနေ့ သတင်းစာပါ ဝေဖန် သတိပေးချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီအကြောင်းအရာတွေဟာ ပါတီက စဉ်းစား လုပ်ဆောင်ရမယ့် ကိစ္စတွေသာ ဖြစ်တယ်လို့ တုံ့ပြန် ပြောကြား ပါတယ်။ "ကျနော်တို့ကလေ အစိုးရသတင်းစာ ဆောင်းပါးထဲမှာပါတာကို ပြန်ပီးတော့ မတုံ့ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာမှာ ဆောင်းပါးရှင်ဘယ်သူမှန်းလည်း မသိဘူး။ အဲဒါကြောင့် အန်ကယ်တို့ ဘယ်တော့မှ မတုံ့ပြန်ဘူး။ ဒါပေမယ့်လို့ ဒီကိစ္စမှာတော့ မနေ့ကတည်းက အန်ကယ်ပြောနေတယ်။ ဒီနေ့လည်းထပ်ပါတယ်။ သဘောတော့ အတူတူပါပဲ။ အဲဒီတော့ ဒီဟာတွေက ကျနော်တို့ဘာသာ ကျနော်တို့ စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စကို သူတို့ရေးနေကြတာလေ။ အဲဒီတော့ ဘာမှထွေထွေထူးထူးတော့ အန်ကယ်တို့ မတုံ့ပြန်နိုင်ဘူး။ ဒါကို အန်ကယ်တို့တွေ့တယ်။ ဒါဟာအန်ကယ်တို့လဲ စဉ်းစားဆုံးဖြတ်နေတဲ့ ကိစ္စတွေထဲမှာ အကျုံးဝင်တဲ့ကိစ္စ ဒီလောက်ပဲ ပြောနိုင်တယ်။" ဒီကနေ့ထုတ် အစိုးရသတင်းစာတွေထဲက ကိုမြန်မာ ကလောင်အမည်နဲ့ ရေးသားထားတဲ့ ရန်ဖြစ်မှာလား၊ ပြန်ချစ်မှာလား ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေး လူမှုရေးကိစ္စတွေ ဆောင်ရွက်ရာမှာ လမ်းကြောင်းမှန်ဖို့ လိုတယ်လို့လည်း ဝေဖန်ထားပါတယ်။

sources: :http://www.rfa.org