Monday, April 26, 2010

ဗိုလ်ချုပ်မှူးကြီး ဆင်ဖြူတော်စီး

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦး အသုံးပြုသည့် သီးသန့် လေယာဉ် ၂ စီးကို ဗေဒင်အရ “ဆင်ဖြူတော်” ဟု အမည်သတ်မှတ် ခေါ်ဝေါ်နေရကြောင်း သတင်းရရှိသည်။

အဆိုပါ လေယာဉ် ၂ စီးကို ဆေးအဖြူရောင် ခြယ်ထားပြီး ATR 72-500 အမျိုးအစား လေယာဉ်များ ဖြစ်ကြောင်း၊ ထိုလေယာဉ် ၂ စီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးတို့ ၅ ဦးသာ စီးနင်းခွင့်ရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

thanshwe_flight
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့သို့ ၂၀၀၉ နိုဝင်ဘာ ၁၂ ရက်နေ့က အလည်အပတ် သွားစဉ် (ဓာတ်ပုံ - Reuters)
“လေယာဉ် ၂ စီးစလုံးကို ဆင်ဖြူတော် ဆိုတဲ့ နာမည်သုံးဖို့ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် အမိန့်ပေး ထားတာလို့ သိရတယ်။ ဒီလေယာဉ်တွေက ခေါင်းဆောင် ၅ ဦးနဲ့ ဗိုလ်ချုပ်မှူးကြီး မိသားစု ခရီးထွက်ဖို့ပဲ သုံးရတဲ့ လေယာဉ် အသစ်တွေပါ” ဟု မင်္ဂလာဒုံလေတပ်နယ်မှ စစ်အရာရှိကြီးများနှင့် နီးစပ်သူတဦးက ဆိုသည်။

အဆိုပါ လေယာဉ်များကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့လေကြောင်းက တာဝန်ခံ ၀ယ်ယူ ပေးထားရပြီး မင်္ဂလာဒုံလေတပ် အထူးလေယာဉ် ထိန်းသိမ်းဆောင်တွင် လုံခြုံရေး တင်းကျပ်စွာဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားရကြောင်း သိရသည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာနိုင်ငံသို့ သွားရောက်စဉ်ကမူ မြန်မာ့လေကြောင်းလိုင်းပိုင် MAI လေယာဉ်ဖြင့် သွားခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။

လေယာဉ်များကို “ဆင်ဖြူတော်” ဟု ခေါ်ဝေါ်သုံးစွဲရခြင်းသည် ယတြာချေခြင်းဖြစ်ပြီး အတိုက်အခံ ရန်စွယ် အပေါင်းကို အောင်နိုင်စေခြင်း အတိတ်ဖြင့် ခေါ်ဝေါ်အသုံးပြု ခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ နာမည်ကျော် ဗေဒင်ဆရာတဦးက သုံးသပ်သည်။

“ရှေးမြန်မာ ဘုရင်မင်းတွေ ဘုန်းတန်ခိုးကြီးလာရင် ဆင်ဖြူတော် အလိုလိုပေါ်ရတယ်။ ဒါမှမဟုတ် အိမ်နီးချင်းတိုင်းပြည်တွေက ဆင်ဖြူတော် ဆက်သရတယ်။ ဆင်ဖြူတော် စီးရတဲ့ ဘုရင်တွေက ရန်စွယ်အပေါင်းကို အောင်နိုင်တယ် ဆိုတဲ့ သက်သေ သာဓကတွေ မြန်မာရာဇ၀င် သမိုင်းတွေမှာ အထင်အရှားရှိတယ်။ ဒါကြောင့် ဒီနာမည်ကို ဗေဒင်သဘောနဲ့ ပေးထားတာ” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုသည် နက္ခတ်ဗေဒင်လက္ခဏာ ယုံကြည်မှုလွန်ကဲရုံမက မိသားစု ဆွေမျိုးများအကြား ထီးသုံး၊ နန်းသုံးစကားများကို ပြောဆို ခေါ်ဝေါ်သုံးစွဲကြသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

စစ်အစိုးရက ၂၀၀၉ ခုနှစ်အတွင်းတွင် ငါးထောင်တန်ငွေစက္ကူအသစ် ထုတ်ဝေခဲ့ရာ “ဆင်ဖြူ တော်” တံဆိပ်ကို ငွေစက္ကူသစ်၏ အမှတ်အသား အဖြစ်သုံးစွဲခဲ့ခြင်း၊ ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ အုပ်ချုပ်ရေးယန္တရားကို ပျဉ်းမနား၊ ကြပ်ပြေးသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ရာ၌ မြို့တော်သစ်ကို နေပြည်တော် ဟု တရားဝင် သတ်မှတ် သုံးစွဲစေခဲ့ခြင်းများတွင် ဗေဒင်နက္ခတ် သဘောတရားများ အဓိက ပါဝင်နေသည်ကို တွေ့မြင်နိုင်ကြောင်း ရန်ကုန် ဗေဒင်ဆရာ အသိုင်းအဝန်းက သုံးသပ်သည်။

စစ်အစိုးရ ခေါင်းဆောင်ကြီးများသည် ဗေဒင်နက္ခတ်ကျွမ်းကျင်သည့် ပုဏ္ဏားများကို ၎င်းတို့၏ နေအိမ်များသို့ခေါ်၍ အပတ်စဉ် ဗေဒင်တွက်ချက် ယတြာချေခိုင်းကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်ကလည်း ဆင်ဖြူတော် ရှာဖွေကာ ဘွဲ့များ ပေးအပ်ပြီး အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားသော လောကချမ်းသာ အဘယလာဘမုနိ ဘုရားကြီး ဘေးတွင် အဆောင် ဆောက်လုပ် မွေးမြူခဲ့သည်။

ရင်းမြစ်။ ။ဧရာဝတီ

ခြေနှစ်ဖက်မရှိသူတောင် ဧ၀ရတ်တောင်ရောက်အောင် တက်နိုင်သေးတာပဲ





Written by လူထုစိန်ဝင်း   
        တစ်နှစ်ကူးခဲ့ပြန်ပြီ။ ရိုးရာပြက္ခဒိန်အလိုအရ ကူးခဲ့ရပေမယ့် နှစ်သစ်ကူးပြောင်းခြင်းဆိုတဲ့ သင်္ကြန်ပွဲတော်ရဲ့ အမှတ်အသားသင်္ကေတဖြစ်တဲ့ သင်္ကြန်မိုးမရွာခဲ့လို့ ပိတောက်တွေမပွင့်နိုင်ကြဘူး။ ပိတောက်မဲ့ သင်္ကြန်ဆိုတဲ့ ထူးခြားချက်ကလွဲပြီး တခြားထူးခြားပြောင်းလဲမှုမျိုးတော့ ဘာတစ်ခုမှမတွေ့ရဘူး။ကြားမြဲတွေကြားရ
        မနက်မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ မင်္ဂလာမရှိတဲ့အသံတွေကို ကြားမြဲကြားရတယ်။ အီရတ်နဲ့အာဖဂန်နစ္စတန်မှာ ဗုံးဒဏ်စက်သေနတ်ဒဏ်ကြောင့် အရပ်သူအရပ်သားတွေ၊ ကလေးငယ်တွေ သေကျေကြရ တဲ့သတင်း၊တရုတ်ပြည်မှာ ငလျင်ကြီးလှုပ်လို့ အကြီးအကျယ်ပျက်စီးဆုံးရှုံးပြီး လူတွေသေကြရတဲ့သတင်း၊ အိန္ဒိယမှာမုန်တိုင်းဝင်မွှေလို့ ဒုက္ခရောက်ရတဲ့သတင်း၊ အိုက်စလန်နိုင်ငံ မီးတောင်ပေါက်ကွဲမှုကြောင့် ဥရောပလေကြောင်း ခရီးစဉ်အားလုံး ရပ်ခိုင်းထားရလို့ လူသန်းပေါင်းများစွာ သောင်တင်နေကြရတဲ့သတင်းစတဲ့စတဲ့ အမင်္ဂလာ သတင်းတွေချည့်ပါပဲ။
အနီးဆုံးနေရာက အနိဋ္ဌာရုံ
        ဒီကြားထဲကိုယ်နဲ့အနီးကပ်ဆုံး နေရာမှာ အနိဋ္ဌာရုံမြင်ကွင်းကြီးတစ်ခုက ဗြုန်းကနဲထပြီး ပေါ်ပေါက်လာခဲ့ရသေးတယ်။ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ရေကစားမဏ္ဍပ်တစ်ခုရှေ့ ဗုံးပေါက်ကွဲမှုကြီးပါ။ လူရှစ်ယောက် သေဆုံးပြီး ၁၇၀ ဦး ထိ ခိုက်ဒဏ်ရာရသွားခဲ့ကြတယ်လို့ သတင်းစာမှာဖတ်ရတယ်။ အကြတ်နေ့ နေ့ခင်းသုံးနာရီခွဲလောက်မှာ ပူလွန်းလို့ကြမ်းပြင်ပေါ်ဖျာခင်းပြီး လှဲရင်းနဲ့ ဟောဟဲလိုက်နေစဉ်မှာ မန္တလေးက ဖုန်းလှမ်းဆက်တယ်။ ဗုံးကွဲတာ သိပြီးပလားတဲ့။ မသိ သေးဘူးဆိုတော့ အယ်လ်ဂျာဇီးရာ မှာတင်နေတယ်၊ ဖွင့်ကြည့်လိုက်လို့ ပြောတာနဲ့ ဖွင့်ကြည့်လိုက်တယ်။ ဟုတ်တယ်။ စာတန်းထိုးပြတဲ့သတင်းမှာက လူပေါင်း ၂၄ ယောက် သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရတယ်လို့ ဖော်ပြထားတယ်။ တော်တော်ကြီး စိတ်ထဲမှာ နောက်ကျိသွားတယ်။

နှစ်သစ်ကိုမျှော်လင့်ချက်သစ်တွေ၊ အားမာန်သစ်တွေနဲ့ ကြိုဆိုလျက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အမှောင်မိုက်ဆုံးဆိုတဲ့ သန်းခေါင်အချိန် ကုန်ဆုံးလွန်မြောက်သွားတာနဲ့ တစ်ပြိုင်နက် နေ့သစ်တစ်ခုစတင်ဖို့အတွက် အမှောင်တိုက်ကြီးထဲကနေပြီး ရောင်နီကလေး စတင်ပေါ်ထွက်လာမြဲဖြစ် လို့ပါ။
ကမ်းကုန်အောင်ယုတ်မာ
        မြန်မာလူမျိုးတို့ရဲ့ ငြိမ်းချမ်းခြင်း၊ အေးမြခြင်းသင်္ကေတဖြစ်တဲ့ သင်္ကြန်ပွဲတော်လို အခါသမယမျိုးမှာ  အစဉ်အလာအတိုင်း ပျော်ပါးမြူးတူးနေကြတဲ့ လူငယ်လူရွယ်တွေကြားထဲမှာမှ ဗုံးခွဲရတယ်လို့။ ဒါဟာ ကမ်းကုန်အောင် ယုတ်မာတဲ့လုပ်ရပ် ဖြစ်တယ်။ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ တရားတယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်အဖွဲ့အစည်းနဲ့ဘယ်ပုဂ္ဂိုလ်မျိုးကပဲလုပ်လုပ် ဒီလုပ်ရပ်ဟာ ခွင့်မလွတ်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးပဲ ဖြစ်တယ်။ လုပ်သူတွေရဲ့ ရည်ရွယ်ချက်ကတော့ လူတွေ အထိတ်တလန့်နဲ့ ချောက်ချောက်ချားချားဖြစ်ကုန်အောင် လုပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။
ဘိန်းစားသတ္တိ
        သူတို့ရည်ရွယ်သလို ဖြစ်မလာပါဘူး။ နောက်ရက် သင်္ကြန်အတက်နေ့မှာ ရေပက်ကစားမြဲကစားနေကြတာပါပဲ။ ဗုံးခွဲသူတွေကို လူတွေက စက်ဆုပ်ရွံရှာ မုန်းတီးစိတ်တွေပဲ ဖြစ်နေကြပါတယ်။ ဒီလုပ်ရပ်မျိုးကို ဘယ်သူကမှတော်လိုက်တာလို့ ချီး ကျူးမှာမဟုတ်ပါဘူး။ ချီးကျူးရမယ့်ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ဆေးဖိုးပြတ်နေတဲ့ ဆေးသမားတစ်ယောက်ကို ပိုက်ဆံပေးခိုင်းရင် ဖြစ်နေတာမျိုးပဲ။ ဘာသတ္တိမှမလိုပါဘူး။ ဘိန်းစားသတ္တိလောက် ရှိရင်ဖြစ်ပါတယ်။ တရားခံဘယ်သူဘယ်ဝါ မသိပေမယ့် ဒီမိုကရေစီရဲ့ ရန်သူဖြစ်တယ်ဆိုတာတော့ အသေအချာပြောရဲတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ရပ်မျိုးတွေကြောင့် ဒီမိုကရေစီပန်းတိုင်နဲ့ ဝေးသထက်ဝေးသွားစရာ အကြောင်းသာရှိလို့ဖြစ်တယ်။
တောင့်တတဲ့ချိုးကူသံ
        ဒီနေ့ မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ အသံက ချိုးကူသံဖြစ်တယ်။ ဗုံးသံ၊ သေနတ်သံ မဟုတ်ဘူး။ နှစ်ပေါင်းခြောက်ဆယ်ကျော် ဗုံးသံ၊ သေနတ်သံတွေကြားနေရတာ စိတ်ပျက်လှပါပြီ။ ငြိမ်းချမ်းရေးကို လိုချင်လှပါပြီ။ ငြိမ်းချမ်းရေး သင်္ကေတ သင်္ကြန်ပွဲတော်အခါသမယမှာ အရပ်သူအရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်လိုက်တာဟာ ပြည်သူလူထုရဲ့ဆန္ဒစစ် ဆန္ဒမှန်တွေ ကိုရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်တယ်။ ပြည်သူကိုစော်ကားသူ၊ ပြည် သူကိုသတ်ဖြတ်သူဟာ ဘယ်တော့မှ သက်ဆိုးမရှည်ပါဘူး။တစ်နေ့မှာ ပြည်သူကဒဏ်ခတ်တာခံရမှာ မလွဲမသွေပါပဲ။
ပြည်သူကိုတန်ဖိုးထားလို့
        ဂျပန်တော်လှန်ရေးကာလတုန်းက တော်လှန်ရေးတပ်သားများ ရန်သူကိုတိုက်တဲ့အခါမှာ ဘယ်တော့မှ ရွာတွေထဲကနေပြီး တိုက်ခိုက်လေ့မရှိပါဘူး။ အရပ်သူ၊ အရပ်သားများ ထိခိုက်မှာစိုးတဲ့အတွက်နဲ့ ရန်သူဂျပန်တပ်ကရွာကို မီးလောင်တိုက်သွင်းပစ် မှာစိုးတဲ့အတွက်ကြောင့်ပါ။ တိုက်စရာရှိရင် ရွာနဲ့ဝေးတဲ့နေရာက စောင့်ပြီးတိုက်ပါတယ်။ ပြည်သူလူထုကို အဲဒီလိုတန်ဖိုးထားတဲ့အတွက် ပြည်သူလူထုကလည်း တော်လှန်ရေးတပ်သားတွေကို တန်ဖိုးထားပြီးကာကွယ်စောင့်ရှောက်ကြ၊ ၀ိုင်းဝန်းကူညီကြ တာဖြစ်တယ်။ ပြည်သူနဲ့တစ်သားတည်းရှိလို့ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲတွေနဲ့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ အဆင့်ဆင့်အောင်ပွဲခံပြီး လွတ်လပ်ရေးရယူနိုင်ခဲ့ကြတာ ဖြစ်တယ်။
မျှော်လင့်ချက်သစ်တွေနဲ့
        အခုတော့ ပြည်သူတွေရဲ့အသက်ကို ဖက်ရွက်တစ်ရွက်လောက်မှ တန်ဖိုးမထားကြတော့ပါလား။ စိတ်ပျက်စရာကောင်းလိုက်တာ။ အကြမ်းဖက် ရက်စက်ကြမ်းကြုတ်မှုတွေကို စိတ်ပျက်တာပါ။ အနာဂတ်မျှော်လင့်ချက်တွေ ပျက်သွားတာမဟုတ်ပါဘူး။ နှစ်သစ်ကို မျှော်လင့်ချက်သစ်တွေ၊ အားမာန်သစ်တွေနဲ့ ကြိုဆိုလျက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အမှောင်မိုက်ဆုံးဆိုတဲ့ သန်းခေါင်အချိန် ကုန်ဆုံးလွန်မြောက်သွားတာနဲ့ တစ်ပြိုင်နက် နေ့သစ်တစ်ခုစတင်ဖို့ အတွက် အမှောင်တိုက်ကြီးထဲကနေပြီး ရောင်နီကလေး စတင်ပေါ်ထွက်လာမြဲဖြစ်လို့ပါ။
ပြဿနာရှိမှနည်းလမ်းရှာ
        ဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် ရွှေပြည်တော်သို့သွားရာလမ်းခရီးမှာ အဖျက်အဆီးတွေရှိတယ်၊ ဒီမိုကရေစီကိုမလိုလားတဲ့ သူတွေရှိတယ်ဆိုတာကို မျက်ဝါးထင်ထင် သိမြင်လိုက်ကြရပြီဖြစ်တယ်။ အဲဒီတော့ ပြည်သူတစ်ရပ်လုံး သတိကြီးစွာထားနေကြ တော့မှာ သေချာတယ်။ လူ့သဘာဝက ဘာမှမဖြစ်ရင် ဘာမှဂရုမစိုက်ဘဲ ပေါ့ပေါ့လျော့လျော့နေလေ့ရှိတယ်။ ပြဿနာတစ်ခု၊ အခက်အခဲတစ်ခု ရင်ဆိုင်ကြုံတွေ့လိုက်ရမှ ပြဿနာဖြေရှင်းဖို့ တွေးတောကြံဆတတ်ကြတယ်။ သာမန်အသိဉာဏ် (common sense) လောက်ရှိသူဆိုရင်တောင်ရှေ့မှာ တားဆီးနေတဲ့ကျောက်တုံးကြီးကို ခေါင်းနဲ့ဝင်ဆောင့်မှာမဟုတ်ပါဘူး။ ကျောက်တုံးကြီးကိုဖယ်ရှားပစ်ဖို့ နည်းလမ်းရှာမှာသေချာပါတယ်။
        နည်းလမ်းဆိုတာ ရှာရင်တွေ့ပါတယ်။ မတွေ့ဘဲနေကိုမနေပါဘူး။ အရေးကြီးတာက ဦးတည်ချက်ပန်းတိုင် တိကျခိုင်မာပြတ်သားဖို့နဲ့ ရောက်အောင်သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်စွဲစွဲမြဲမြဲရှိဖို့သာ ဖြစ်တယ်။ဒီအချက်နှစ်ချက်နဲ့ ပြည့်စုံရင်ဘယ်လိုအတားအဆီး၊ အနှောင့်အယှက်မျိုးကိုမှ ကြောက်စရာ မလိုပါဘူး။အဖျက်အင်အားကြီးမားလေလေ သူ့ကိုတန်ပြန်တဲ့စွမ်းအားတွေလည်း ကြီးမားလာလေလေဖြစ်တယ် ဆိုတာနိယာမပဲ။ မကြောက်နဲ့၊ စိတ်မပျက်နဲ့၊ သန္နိဋ္ဌာန်စွဲမြဲခိုင်မာရင် မကျော်ဖြတ်နိုင်တဲ့အခက်အခဲ၊ အတား အဆီးဆိုတာမရှိဘူး။ ခြေနှစ်ဖက်စလုံးမရှိတဲ့သူတောင် ဧ၀ရတ်တောင်ထိပ်ကို ရောက်အောင်တက်နိုင်သေးတာ ပဲမဟုတ်ဘူးလား။

ရင်းမြစ်။ ။www.first-11.com

အကူညီလေးပေးစေချင်ပါတယ်

A Myanmar passport was picked up by a Myanmar girl named Poe Poe.
Passport Owner : Moe Thu Thu Win

Date of Birth: 7/11/1986
Passport No. A105895
Arrived to Singaproe as short visit on : 4/4/2010

Her myanmar IC card and White Card is still inside passport.

Pls contact to : 97249555 – Poe Poe and 97761462 – Aye Yu

Pls spread the message to all of your friends so that someone is able to
find the owner.

မိုးသူသူဝင်း ၏ ပတ်စ်ပို့ ကို ပို့ပို့ မှ ကောက်ရထားပါသည်။

ပတ်စ်ပို့နံပါတ် - A105895
မွေးနေ့သက္ကရာဇ် - 7/11/1986
စင်ကာပူသို့ 4/4/2010 တွင်ရောက်ရှိ။
၎င်း၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် White Card မှာ
ပတ်စ်ပို့အတွင်းတွင်ထည့်ထား၏။
ပတ်စ်ပို့ နှင့် White Card သည် နိုင်ငံခြားရောက်နေသူတစ်ဦးအဖို့ အသက်တမျှအရေးကြီးပါ၏။
မိတ်ဆွေ -
ဤmailကို သင့်မိတ်ဆွေများထံ ပို့ပေးပါလေ။
မိုးသူသူဝင်း နှင့် အဆက်အသွယ်ရလျှင် ဖုံးနံပါတ် - ပို့ပို့ - 97249555
သို့မဟုတ် အေးယု - 97761462 သို့ ဆက်သွယ်ပါ
မေလ်ပို့ ပေး ။လက်ဆင့်ကမ်း ကြော်ငြာပေးလိုက်ကြပါ ....

ဟတ်ကြီး ရေအား လျှပ်စစ်စီမံကိန်းအတွက် ထိုင်းနှင့် တရုတ်ကုမ္ပဏီ တို့နှင့်သဘောတူလက်မှတ်ထိုး

ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ်အနီး သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာကို မြန်မာ ထိုင်းနိုင်ငံနှင့် တရုတ်ရေအားလျှပ်စစ်ဆောက်လုပ်ရေး ကုမ္ပဏီတို့ စနေနေ့က လက်မှတ်ရေးထိုးကြသည်ဟု အစိုးရပိုင် သတင်းစာဖေါ်ပြချက် အရသိရှိရသည်။
မကြာမီစတင် ဆောက်လုပ်မည့် ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းအတွက် မြန်မာနိုင်ငံဘက်မှ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌါန ၀န်ကြီး၊ ထိုင်းနိုင်ငံ EGAT international Co.Ltd နှင့် တရုတ်နိုင်ငံမှ Sino Hydro Corporation Limited တို့ နေပြည်တော်တွင် သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာကိုလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
           အဆိုပါလက်မှတ်ရေး ထိုးသည့်သတင်းကိုသာ ဖေါ်ပြပြီး မည်မျှပမာဏရှိသည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မည်၊ ရင်းနှီးမြှပ်နှံမှု ပမာဏ ၊ ထွက်ရှိလာမည့် ဓါတ်အားကို ထိုင်းနိုင်ငံနှင့် မည်သို့ခွဲဝေသုံးစွဲမည် ဆိုသည့် အချက်အလက် တခုမျှ ဖေါ်ပြထားခြင်းမရှိသည်ကို တွေ့ရှိရသည်။
ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းလေ့လာ တိုင်းထွာမှုများကို ၂၀၀၅/ ၂၀၀၆ ခုနှစ်များဆီကတည်းက စတင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရှုထောင့်  ၊ အဆိုပါဒေသရှိဒေသခံများ၏ နေထိုင် အသက်မွေးဝမ်းကျောင်းမှု ပျက်စီးရမည့်အရေး၊ အဓမ္မအလုပ် စေခိုင်းမည့် အန္တရာယ်နှင့် ကျေးရွာများရွေ့ပြောင်းခိုင်းမည့် အန္တရာယ်တို့ကြောင့် ထိုင်းအခြေစိုက် မြန်မာ အဖွဲ့အစည်းအချို့နှင့် ထိုင်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များက ပြန်လည်စဉ်းစားရန် ထိုင်းအစိုးရသို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ပဲ ယခုကဲ့သို့ တည်ဆောက်ရေး လုပ်ငန်းစတင်ရန် လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်သည်။
ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ဓါတ်အား ၁.၃၅ ဂီဂါဝပ် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၁၅/ ၁၆ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။
            Sino Hydro Corporation Limited မှာ တရုတ်နိုင်ငံ  အကြီးဆုံး ရေအားလျှပ်စစ် ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခု အနက်တခုဖြစ်ပြီး ရေအားလျှပ်စစ် ဆောက်လုပ်ရေး လုပ်ငန်းများကို အိမ်နီးချင်း လာအို၊ ကမ္ဘောဒီယား နိုင်ငံများတွင်သာမက အာဖရိကနိုင်ငံအများအပြားတွင်လည်း လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။

ရင်းမြစ်။ ။မိုးမခ

နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး

ချင်းမိုင် (မဇ္ဈိမ)။     ။ ရန်ကုန်မြို့ လှည်းတန်း ဘူတာအနီးရှိ တိုက်ခန်းတခုထဲနေ လူငယ် ၇ ဦးကို နိုင်ငံရေး လှုပ်ရှားသည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးသွားသလို နောက်ထပ် ဖမ်းဆီးမှုများလုပ်ရန် ရှာဖွေနေသေးသည်ဟု အိမ်နီးချင်းများ အပြောအရ သိရသည်။

အမှတ် ၂၉ ၊ မြေညီထပ်၊ ၁ လမ်း၊ ကွမ်းခြံမြောက်ပိုင်း ၄ ရပ်ကွက်ကို သောကြာနေ့အလွန် စနေနေ့ နေ့ကူးပြီခါစ အချိန်တွင် ရဲများက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

လက်နက် တပ်ဆင်ထားသော ရဲ ၆၀ ခန့် ဖမ်းဆီးမှုတွင် ပါဝင်ပြီး မိုဘိုင်းတယ်လီဖုန်း ၃ လုံးကို သိမ်းယူသွားကာ အခန်းကိုလည်း ချိတ်ပိတ်လိုက်ကြသည်။

ရန်ကုန်တိုင်း ရဲနှင့် ကမာရွတ် မြို့နယ် ရဲစခန်းတို့က နိုင်ငံရေးမှုကြောင့် ဖမ်းဆီးရပါသည်ဟု အတည်ပြု ပြောကြားသော်လည်း အထက်လူကြီးများ အမှုကို ကိုင်တွယ်နေမှုနှင့် သတင်းထုတ်ပြန်ခွင့်မရှိ ဟုဆိုကာ အသေးစိတ် ဖြေကြားရန် ငြင်းဆန်သည်။

”အိပ်နေတဲ့ အချိန်ဆိုတော့ တချို့ကလည်း စွတ်ကျယ်နဲ့၊ တချို့ကလည်း ဘောင်းဘီတိုတွေနဲ့ ပါသွားတယ်” ဟု အိမ်နီးချင်း တဦးက မဇ္ဈိမသို့ ပြောသည်။

အဖမ်းခံရသူများမှာ ကိုဗိုလ်ဗိုလ်သိန်း၊ ကိုသောင်းထိုက်ဦး၊ ကိုတင်ထွန်း၊ ကိုစိုးမိုးကျော်၊ ကိုစောယဉ်ရှင်၊ ကိုသော်ဇင်နှင့် ကိုအောင်အောင်တို့ ဖြစ်ကြသည်။

ရဲက နောက်ထပ် လူဖမ်းပွဲအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုနေရာ အနည်းဆုံး တဦးကို သဲကြီးမဲကြီး ရှာနေသည်ဟု သိရသည်။ ရဲက ရှာဖွေနေသူတွင် ကိုကျော်မောင်ဦးဆိုသူ ပါဝင်သည်ဟု သိရသည်။

ရပ်ကွက် အာဏာပိုင်များနှင့် နီးစပ်သော အိမ်နီးချင်းများ ပြန်ပြောပြချက်အရ အဖမ်းခံရသူများမှာ အသက် ၂၀ ကျော်များနှင့် အသက် ၃၀ ပတ်ဝန်းကျင်များဖြစ်ကြပြီး  ယခင် သီတင်းပတ်ကတည်းက ရဲက စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

”သူတို့ ဒီရပ်ကွက်ထဲ နေတာကြာပြီး၊ ရပ်ကွကထဲ ခိုက်ရန် ဖြစ်ပွားတာတော့ မကြားဖူးဘူး”ဟု အိမ်နီးချင်းတဦးက ပြောသည်။

သင်္ကြန်တွင်း ရန်ကုန်မြို့ ကန်တော်ကြီး X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲမှုသုံးခု ဆက်တိုက် ဖြစ်ပွားပြီးနောက် ရဲ၏ ခေါ်ယူစစ်ဆေးမှုများနှင့် ဖမ်းဆီးမှုသတင်းများ ထွက်ပေါ်လာနေသည်။

သတင်းထောက် ဦးဇေယျနှင့် သူ၏သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ပေါက်ကွဲမှု ဖြစ်ပွားသော နေရာများကို ဓာတ်ပုံရိုက်မှုဖြင့် ဧပြီ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။

စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပါဝင်ခဲ့သော စစ်အင်ဂျင်နီယာ တဦး အပြောအရ လူအုပ်ထဲ လက်ပစ်ဗုံး သုံးလုံး ပစ်သွင်းခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသော ပေါက်ကွဲမှုများကြောင့် စစ်ဘက် အရာရှိများနှင့် ပြည်ထဲရေးအောက်ရှိ ရဲနှင့် လုံခြုံရေးဝန်ထမ်းများ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များ အပါအဝင် လူ ၁၀ ဦးသေဆုံးကာ ၁၇၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။

စစ်တပ်ရေးတဲ့ ဖွဲ့စည်းပုံကြောင့် ထိုင်းနိုင်ငံရေး မတည်ငြိမ်ဟု ဒေါ်စု ဝေဖန်

နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ကြည့်ပြီး စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်နေတာကြောင့် ရေရှည်မှာ ပြဿနာတွေ မပြေလည်နိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ မနေ့က တွေ့ဆုံချိန် အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရေရှည်မှာ တိုင်းပြည်ရဲ့ ပြဿနာကို မပြေလည်စေဘူးလို့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံချိန်မှာ မနေ့က ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်း ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လက်ရှိ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတာ ဖြစ်တဲ့အကြောင်း၊ ဒီပြဿနာရဲ့ အရင်းခံဟာ စစ်တပ်က ရေးဆွဲခဲ့တဲ့ မခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“သူက အဲဒါနဲ့ ပတ်သက်ပြီးတော့ အခု ဒီမှာလည်း စစ်တပ်က ကြီးကြပ် ဆောင်ရွက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ပြုလုပ်တော့မှာ။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း အခုဖြစ်နေတဲ့ အခြေအနေတွေရဲ့ အခြေခံက စစ်တပ်က ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲလို့ အဲဒီလိုသဘောနဲ့ သူ ပြောပြတယ်။”

မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပပေးမယ် ဆိုတဲ့ တရားဝင်ရက် အတိအကျကို စစ်အစိုးရဘက်က မသတ်မှတ်ရသေးပေမဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်ပြီးတော့ ရွေးကောက်ပွဲကို မကြာခင် ကျင်းပတော့မှာပါ။ ဒီလို ကျင်းပဖို့အတွက်လည်း ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီမှတ်ပုံတင်တာတွေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း သွင်းတာတွေနဲ့ ပါတီစည်းရုံးရေးအတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင်နေကြပါပြီ။ လောလောဆယ်မှာ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်တဲ့ အဖွဲ့ပေါင်း ၁၉ ဖွဲ့အထိရှိပြီး အဲဒီထဲက ၅ ဖွဲ့ကိုတော့ အသိအမှတ်ပြု လက်ခံထားပြီး ဖြစ်တယ်လို့ စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အမှန်တကယ် အဓိပ္ပာယ်ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ရာအတွက် မဲပေးကြမယ့် မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သေသေချာချာ ဂဃနဏ သိရှိအောင် ကြိုးစားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“သူက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မဲဆန္ဒရှင် တယောက်က ရွေးကောက်ပွဲ လုပ်ရတဲ့အကြောင်း၊ ရွေးကောက်ပွဲရဲ့ အခြေခံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အဲဒါတွေကို သိရှိအောင် ကြိုးစားသင့်တယ်။ အကယ်၍ သိရှိဖို့ အခွင့်အရေး မရဘူး၊ မသိရှိဘူးဆိုရင် အဲဒီမဲဆန္ဒရှင်ရဲ့ မဲပေးမှုဟာလည်း ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ တရားဝင် နိုင်ငံရေး ပါတီကြီး ဖြစ်ပေမဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံမတင်တာကြောင့် လက်ရှိ ပြဋ္ဌာန်းထားတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မေလ ၇ ရက်နေ့ နောက်ပိုင်း တရားဝင် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့ပါဘူး။ တကယ်လို့သာ ပါတီကို ဖျက်သိမ်းရမယ်ဆိုရင် မိမိတို့ဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်သလို ပါတီဆိုင်းဘုတ်တွေ၊ ပါတီအလံတွေကိုလည်း ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ပြောဆိုတဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြပါတယ်။

“ရုံးတွေက ဆိုင်းဘုတ်တွေ ဘာတွေကတော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် မချနိုင်ဘူး၊ ဒီလို ပါတီကို ပျက်ပြယ်စေတယ် ဆိုတာလည်း တပ်မတော် အစိုးရကလုပ်တဲ့ ဥပဒေပဲ၊ အဲတော့ သူ့အနေနဲ့တော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် ဖြုတ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ရုံးတွင်းပစ္စည်း ဘာညာကိစ္စကတော့ ကိုယ့်ဟာကိုယ် ထိန်းသိမ်းထားမယ်။ အဖွဲ့ချုပ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ပြန်လွတ်မြောက်လာမှ၊ ပြန်လွတ်မြောက်ဖို့ နိုဝင်ဘာကိုလည်း မျှော်လင့်တယ်ပေါ့ဗျာ၊ အဲဒီကျရင် သူ ပြန်လည် စိစစ်မယ်။ ဒီသဘော ပြောပါတယ်။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

NLD အနေနဲ့ အခုလာမယ့် မေလ ၇ ရက်နေ့ ကျော်သွားတာနဲ့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေ၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို တဘက်မှာလည်း နိုင်ငံရေးအရ NLD ရဲ့ မူနဲ့အညီ ဆက်လက်ရပ်တည်နေမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-25-voa3.cfm?rss=topstories